အခန်း ၁၄၂-၁၄၄
Vol. 10 Ch. 142-144
အခန်း (၁၄၂)
လူချင်းတွေ့ပြီး ညှိနှိုင်းမယ် (၁)
ဝူယွမ်၏ နောက်ဆုံးစကားများကို ကြားလိုက်ရပြီး ရှောင်ဝမ်ယောင်၏ နှလုံးသားတွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူမ အရင်က ဘာကြောင့် ဒါကို မတွေးမိခဲ့တာလဲ။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားက မိန်းမလှတွေကို ကြိုက်နှစ်သက်ပြီး သူမကလည်း သူ့စိတ်ကြိုက်ဖြစ်နေမယ်ဆိုရင် သူမ၏ဦးလေးကို ပြန်လည်ရယူဖို့ သူမကိုယ်သူမ အသုံးပြုလို့ မရနိုင်ဘူးလား။
သို့သော် ဝူယွမ်က သူမအား သတိပေးခဲ့သည့် အကြောင်းကို ရှောင်ဝမ်ယောင် သတိရလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ကာမဂုဏ်စွဲလမ်းသူဖြစ်ပြီး သူမကိုယ်တိုင်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုမှ မိန်းမတစ်ဦးဖြစ်သည်။
အကယ်၍ သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏စံအိမ်သို့ သွားပါက သူမလည်း မြောက်ပိုင်းနယ်စားမင်းသား၏ အစေခံတစ်ဦးသာ ဖြစ်လာမည်ဖြစ်ပြီး သူက သူမကို မည်သို့ညှဉ်းပန်းနှိပ်စက်မည်ကို မည်သူမှ မသိနိုင်ပေ။
သူမ သိရသည်မှာ သူမ၏ဖခင်သည် မိဖုရားကြီး၏ နောက်ကွယ်တွင် ရှနိုင်ငံတော်မှ မိန်းမများကို သူ၏တဲထဲသို့ လျှို့ဝှက်စွာခေါ်ဆောင်သွားတတ်ပြီး သူတို့ကို အမျိုးမျိုးသော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်လေ့ရှိ၏။ ထိုမိန်းမများသည် များသောအားဖြင့် နာကျင်မှုကြောင့် အော်ဟစ်ငိုယိုကာ သေလိုစိတ်များ ဖြစ်ပေါ်လာကြသည်။
သူမ၏ဖခင်ကိုယ်တိုင်က ရှနိုင်ငံတော်မှ မိန်းမများကို ပုံမှန်ညှဉ်းပန်းနှိပ်စက်လေ့ရှိပါက မြောက်ပိုင်းနယ်စားမင်းသားက ကောင်းကင်ဝံပုလွေဘုရင်၏ သမီးကို မည်သို့ ကြင်နာစွာ ဆက်ဆံမည်နည်း။ ထိုအတွေးများနှင့်အတူ ရှောင်ဝမ်ယောင်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လည်း မထိန်းချုပ်နိုင်အောင် တုန်ယင်မှုများ ဖြစ်ပေါ်လာသည်။
သို့သော် သူမ၏ဦးလေးသည် သူမငယ်စဉ်ကတည်းက သူမကို မည်မျှကြင်နာစွာ ဆက်ဆံခဲ့သည်ကို သတိရလိုက်၏။ အကယ်၍ သူမက သူ့ကို ကယ်တင်ရန် မကြိုးစားပါက သူသည် မြောက်ပိုင်းမြို့တော်ရှိ အကျဉ်းထောင်ထဲတွင် သေဆုံးသွားနိုင်သည်ကို တွေးမိလိုက်သည်ပြီး သူမ၏ ဆုံးဖြတ်ချက်များကို ပိုမိုအားကောင်းလာ စေသည်။
ယခုအချိန်တွင် သူသည် သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်၏။ နောက်ဆုံးကျန်ရစ်နေသော သွေးသားရင်းချာတစ်ယောက်ကို သူမ မဆုံးရှုံးလိုပေ။ ထို့ပြင် သူမ မြောက်ပိုင်းမြို့တော်သို့ မသွားပါက မြောက်ပိုင်းဖရီဘုရင်က သူမကို ခေါ်ဆောင်သွားမည့် ဖြစ်နိုင်ချေက အလွန်မြင့်မားသည်။
သူမ၏ဖခင်သည် အစကတည်းက သူမကို မြောက်ပိုင်းဖရီဘုရင်ထံ ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီးဖြစ်၏။ ယခုအခါတွင် သူမဖခင် ရှုံးနိမ့်သွားပြီဖြစ်သဖြင့် မြောက်ပိုင်းဖရီးဘုရင်သာ ထိုအကြောင်းကို သိသွားပါက သူတို့၏ နန်းတော်သို့ လာရောက်ကာ သူမကို အတင်းအကျပ် ခေါ်ဆောင်သွားမည်မှာ သေချာသည်။
မြောက်ပိုင်းဖရီးဘုရင်နှင့် နှိုင်းယှဉ်ပါက မြောက်ပိုင်းနယ်စားမင်းသားဆီ သွားတာက ပို၍သက်သာမည်ဟု ရှောင်ဝမ်ယောင် ယူဆသည်။
အကြောင်းမှာ မြောက်ပိုင်းနယ်စားမင်းသားသည် ရှနိုင်ငံမှ ယောက်ျားတစ်ဦးဖြစ်ပြီး လူသားစားသည့် အလေ့အထမရှိသလို ရေလည်းချိုးလေ့ရှိသည်။ အကယ်၍ သူမညှဉ်းပန်းနှိပ်စက်ခံရသည့်တိုင် ယဉ်ကျေးမှု မရှိသေးသော မြောက်ပိုင်းဖရီးမျိုးနွယ်စုနှင့် ဆက်ဆံရသည်ထက် ပိုကောင်းမည်ဖြစ်သည်။
ထိုအတွေးများနှင့်အတူ ရှောင်ဝမ်ယောင်သည် တိတ်ဆိတ်စွာပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ထိုအတောအတွင်း ဝူယွမ်သည် ရဲလိနန်ရန်၏ တဲသို့ ရောက်ရှိလာသည်။ ဝူယွမ် ဝင်လာပြီး စကားပြောမည်ပြုသည့်အချိန်တွင် ရဲလိနန်ရန်က
“ဝူယွမ်။ ရှင့်ကို အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခု ပေးမယ်။ ရှင်ကျွန်မကို စိတ်မပျက်ပါစေနဲ့။ အကယ်၍ ရှင်ဒီတာဝန်ကို ပြီးအောင်လုပ်နိုင်ရင် ကျွန်မ ငွေတစ်သိန်းပေးမယ်”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရပြီး ဝူယွမ်က ချက်ချင်း ဒူးထောက်လိုက်ကာ
“မိဖုရား ခိုင်းတာလုပ်ရမှာ ကျွန်တော့်ရဲ့တာဝန်ပါ။ ငွေကို ယူဖို့ မဝံ့ပါဘူး” ဟု ပြောလိုက်သည်။
“အကယ်၍ ရှင်ဒီတာဝန်ကို ပြီးအောင်လုပ်နိုင်ရင် ရှင်က ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးအတွက် ကြီးမားတဲ့ ကျေးဇူးပြုမှုတစ်ခု လုပ်ပြီးသား ဖြစ်သွားမယ်။ ငွေတစ်သိန်းက ရှင်နဲ့ ထိုက်တန်တဲ့ ဆုလာဘ်ပါပဲ” ရဲလိနန်ရန်က ပြောလိုက်သည်။
ဝူယွမ်က ချက်ချင်းပြောလိုက်သည်၊ “ကျေးဇူးပြုပြီး ပြောပါမိဖုရား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အကောင်းဆုံးကြိုးစားပြီး အောင်မြင်အောင် လုပ်ပါမယ်။ ကျွန်တော့်ဘဝကို မိဖုရားအတွက် ပေးဆပ်ပါမယ်။ တာဝန်တွေ မပြီးမချင်း မသေပါဘူး။”
“ရှင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သွားပြီး သူနဲ့ ညှိနှိုင်းဖို့ လုပ်ရမယ်။ ကျွန်မတို့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက မြင်းတွေ၊ နွားတွေ၊ သိုးတွေနဲ့ ကျွန်မတို့ရဲ့ စစ်သည်တွေကို လဲလှယ်ဖို့ စီစဉ်ထားတယ်” ရဲလိနန်ရန်က ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝူယွမ် ခဏတာ ငေးငိုင်သွားပြီး
“မိဖုရား ဒီကိစ္စမှာ ကျွန်တော် အရေးပါတဲ့ အခန်းကဏ္ဍက မပါနိုင်ဘူးလို့ စိုးရိမ်မိပါတယ်” ဟု ပြောလိုက်သည်။
ရဲလိနန်ရန်က
“ဘာကြောင့်လဲ။ ရှင်လွင်ပြင်ဒေသ မျိုးနွယ်စုအတွက် အလုပ်လုပ်နေတာကို မြောက်ပိုင်းနယ်စားမင်းသား သိသွားပြီး ရှင့်ကို ဖမ်းပြီး ချက်ချင်းသတ်ပစ်မှာကို စိုးရိမ်နေတာလား” ဟု မေးလိုက်သည်။
“အဲဒါဆိုရင်တော့ ရှင်စိုးရိမ်စရာ မလိုပါဘူး။ ရှင့်ရဲ့ ပါဝင်ပတ်သက်မှုကို မြောက်ပိုင်းနယ်စားမင်းသားကို ကျွန်မတို့ ဘာမှ မပြောပြပါဘူး။ ရှင့်ရဲ့ ကုန်သည်အဖွဲ့က ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုနဲ့ နွားတွေ၊ သိုးတွေ ကုန်ကူးဖူးတယ်လို့ပဲ ပြောလိုက်ပါ။ မြောက်ပိုင်းနယ်စားမင်းသားက ရှင့်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။”
မြောက်ပိုင်းမြို့တော်မှ ကုန်သည်အဖွဲ့များစွာသည် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ယခုလို ကုန်ကူးမှုများ ပြုလုပ်ဖူးကြသည်။ နွား၊သိုး နှင့် သားမွေးများ ကုန်ကူးခြင်းမျိုးဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ကုန်ကူးခြင်းကြောင့် အသတ်ခံရမည် ဆိုပါက ကုန်သည်အဖွဲ့များ မြောက်ပိုင်းမြို့တော်ကို လာကြတော့မည် မဟုတ်ပေ။ ထိုအခါ မြို့တော်က ပိုပြီး ဆင်းရဲသွားမည်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်သည် ဆင်းရဲလွန်း သော ဒေသဖြစ်ပြီး ကုန်သည်အဖွဲ့များ ဒီမြို့ကို လာရခြင်း၏ အဓိက ရည်ရွယ်ချက်က မြောက်ပိုင်း လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ ကုန်ကူးဖို့သာဖြစ်၏။
မြောက်ပိုင်းနယ်စားမင်းသားက စီးပွားရေးကို နားမလည်ဘူးဆိုရင်တောင် သူ့အောက်က တစ်စုံတစ်ယောက်က ဒီအချက်ကို နားလည်လိမ့်မည်ဟု ရဲလိနန်ရန် ယူဆ၏။ ထို့ကြောင့် သူတို့ ဝူယွမ်လို ကုန်သည်တစ် ယောက်ကို ဒုက္ခပေးမည် မဟုတ်ပါ။
ဝူယွမ်က
“မိဖုရား။ ကျွန်တော် ဆိုလိုတာက အဲ့ဒါမဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက မြောက်ပိုင်းနယ်စားမင်းသားဟာ တကယ်ပဲ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုနဲ့ ညှိနှိုင်းချင်တယ်ဆိုရင် သူက မိဖုရားကို ကိုယ်တိုင် စကားပြောချင်မှာပါ။ ကျွန်တော်က ကုန်သည်တစ်ယောက်ပါ။ အများဆုံး သတင်းပို့ပေးနိုင်တာပါပဲ” ဟု ပြောလိုက်သည်။
ဝူယွမ်၏ စကားကို ကြားပြီးနောက် ရဲလိနန်ရန် သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ အခု ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် လူအင်အား နည်းနေပြီ ဖြစ်သောကြောင့် မြောက်ပိုင်းနယ်စားမင်းသားက သူတို့မျိုးနွယ်စု၏ အခြေအနေကို ခန့်မှန်းမိမှာဖြစ်သည်။ သူတို့သာ စစ်သုံ့ပန်းတွေကို လဲလှယ်ဖို့ အဆိုပြုလိုပါက လိုအပ်သည့် စည်းကမ်းသတ်မှတ်ချက်များကို ဆွေးနွေးဖို့ လိုအပ်မည်ဖြစ်၏။
သူမကိုယ်တိုင် မထွက်ပါက မြောက်ပိုင်းနယ်စားမင်းသားက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ ရည်ရွယ်ချက်ကို သံသယ ဝင်သွားနိုင်သည်။ ထို့ပြင် စစ်သုံ့ပန်းအရေအတွက်ကလည်း မနည်းပါ။ တစ်ကြိမ် နှစ်ကြိမ်လောက် ဆွေးနွေးရုံနဲ့ ပြီးသွားမည့် ကိစ္စမျိုး မဟုတ်ပါ။ မြောက်ပိုင်းနယ်စားမင်းသားဘက်က မမျှမတ တောင်းဆိုချက်များ ပြုလုပ်နိုင်၏။
ဝူယွမ်လို ကုန်သည်တစ်ယောက်ကို ညှိနှိုင်းခိုင်းပါက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု လက်ခံနိုင်သည့် စည်းကမ်းသတ်မှတ်ချက်များ ရရှိနိုင်မည် မဟုတ်ပါ။ ထိုအတွေးများနှင့်အတူ ရဲလိနန်ရန်၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားသည်။ သူမကိုယ်တိုင် မြောက်ပိုင်းနယ်စားမင်းသားနဲ့ တွေ့ဆုံဖို့ လိုအပ်နေပြီလား။
ကြာမြင့်စွာ တွေးတောပြီးနောက် ရဲလိနန်ရန်သည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို ကိုယ်စားပြုပြီး မြောက်ပိုင်းနယ်စားမင်းသားနှင့် ညှိနှိုင်းဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူမက ပြောလိုက်သည်။
“ဒီလိုလုပ်ကြစို့။ ရှင်က အရင်ဆုံး ကျွန်မတို့ရဲ့ ညှိနှိုင်းလိုတဲ့ ရည်ရွယ်ချက်ကို မြောက်ပိုင်းနယ်စားမင်းသားဆီ ပို့ပြီး သူ့မှာ ဘာစည်းကမ်းသတ်မှတ်ချက်တွေ ရှိလဲဆိုတာ ကြည့်ရအောင်။ အကယ်၍ သူက ကျွန်မတို့ရဲ့ စစ်သည်တွေကို လွှတ်ပေးမယ်ဆိုရင် ကျွန်မကိုယ်တိုင် တွေ့ဆုံပြီး ညှိနှိုင်းမယ်လို့ အဆိုပြုလိုက်ပါ။”
“ဟုတ်ကဲ့ မင်းသမီး။ ကျွန်တော် မြောက်ပိုင်းမြို့တော်ကို အခုပဲ သွားပြီး မိဖုရားရဲ့ ရည်ရွယ်ချက်ကို မြောက်ပိုင်းနယ်စားမင်းသားဆီ တင်ပြပေးပါမယ်” ဝူယွမ်က ပြောလိုက်သည်။
ထိုစကားကို ပြောရင်း ဝူယွမ်သည် တဲထဲမှ ထွက်ခွာရန် အသင့်ပြင်လိုက်သည်။ ထိုအချိန်တွင် ရဲလိနန်ရန်သည် တစ်စုံတစ်ခု သတိရသွားပြီး ဆက်ပြောလိုက်သည်။
“ခဏလေး။ ရှင်ဒီတစ်ခါ မြောက်ပိုင်းမြို့တော်ကို သွားတဲ့အခါ ကျွန်မတို့ လွင်ပြင်ဒေသ မျိုးနွယ်စု ဗိုလ်ချုပ်တွေ အသက်ရှင်နေသေးလားဆိုတာပါ စုံစမ်းခဲ့ပါ။”
အခန်း (၁၄၃)
လူချင်းတွေ့ပြီး ညှိနှိုင်းမယ် (၂)
ဝူယွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
“ ကျွန်တော်သိထားတာက ဗိုလ်ချုပ်ရှောင်ဟာ အသက်ရှင်နေသေးပြီး ရန်ခရိုင်ရဲ့ အကျဉ်းထောင်ထဲမှာ ထောင်ချခံထားရပါတယ်။ ပြီးတော့ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ရှနိုင်ငံတော်ရဲ့ နန်းတွင်းမှာ အကျဉ်းသားအဖြစ် တင်ပြဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ထင်ပါတယ်။”
ဝူယွမ်၏ အဖြေကို ကြားလိုက်ရပြီး ရဲလိနန်ရန် အနည်းငယ် စိတ်လှုပ်ရှားသွားကာချက်ချင်း ပြန်မေးလိုက်သည်။
“ဗိုလ်ချုပ်ရှောင် အသက်ရှင်နေသေးတယ်ဆိုတာ သေချာလား။”
ဝူယွမ်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်က ကြားပဲကြားတာပါ။ လုံးဝသေချာတယ်လို့တော့ မပြောနိုင်ပါဘူး။ ဒါ့အပြင် ဒီသတင်းက လူတော်တော်များများ သိနေသလိုပါပဲ။ ကျွန်တော်က မြောက်ပိုင်းမြို့တော်က စစ်သားတစ်ယောက်ဆီက ဒီသတင်းကို ဝယ်ယူခဲ့တာပါ။”
“မြောက်ပိုင်းမြို့တော်က စစ်သားပြောတဲ့အတိုင်းဆိုရင် စစ်ပွဲပြီးသွားတဲ့နောက် မြောက်ပိုင်းမြို့တော်ရဲ့ စစ်သားတွေက လွင်ပြင်ဒေသ မျိုးနွယ်စုက ဗိုလ်ချုပ်တစ်ယောက်ကို ရန်နယ်ရဲ့ အကျဉ်းထောင်ထဲ ပို့ခဲ့တယ်။ ပြီးတော့ မြောက်ပိုင်းနယ်စားမင်းသားက သမားတော်တစ်ယောက်ကို ခေါ်ပြီး သူ့ကို ကုသခိုင်းတယ်။ ဒီစစ်သားပြောတဲ့ ဖော်ပြချက်အရ သူပြောတဲ့ ဗိုလ်ချုပ်ဟာ ဗိုလ်ချုပ်ရှောင်ပဲလို့ ကျွန်တော်ကောက်ချက်ချလိုက်တာပါ။”
ရဲလိနန်ရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ အခုအချိန်တွင် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၌ ထိပ်သီးပညာရှင်များ မရှိတော့ပါ။ ထို့ကြောင့် ရှောင်ပင်တိန်သာ အသက်ရှင်နေသေးပါက သူတို့အနေနဲ့ ဘယ်လောက်ပဲပေးရပေးရ သူ့ကို ပြန်လည် ရွေးယူနိုင်ဖို့ လိုအပ်၏။
ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုတွင် စွမ်းအားကြီးသော စစ်သူကြီးတစ်ယောက် မရှိလျှင် သူတို့အနေနှင့် မြောက်ပိုင်းဒေသ၏ မြက်ခင်းလွင်ပြင်များပေါ်တွင် ရှင်သန်ဖို့ ခက်ခဲလာမည်ဖြစ်သည်။
စိတ်ခံစားမှုများတွေကို ထိန်းချုပ်ပြီး ရဲလိနန်ရန်က ဆက်ပြောလိုက်သည်။
“ရှင်ဒီတစ်ခါ မြောက်ပိုင်းမြို့တော်ကို သွားတဲ့အခါ ဗိုလ်ချုပ်ရှောင်အကြောင်း သတင်းတွေ ပိုစုဆောင်းပါ။ ဗိုလ်ချုပ်ရှောင် အသက်ရှင်နေသေးတယ်ဆိုတာ အတည်ပြုပြီးတာနဲ့ ချက်ချင်းပဲ ကျွန်မတို့ကို သတင်းပို့ပါ။”
ဝူယွမ်က “ဟုတ်ကဲ့။ မိဖုရား” ဟု ပြန်ဖြေလိုက်သည်။
ရဲလိနန်ရန်က ဆက်ပြောလိုက်သည်။
“ကောင်းပြီ။ ပြင်ဆင်မှုတွေ မြန်မြန်လုပ်ပြီး မြောက်ပိုင်းမြို့တော်ကို ချက်ချင်းထွက်ခွာပါ။”
ဝူယွမ်က ဦးညွှတ်ကာ
“ကျွန်တော့်ကို ခွင့်ပြုပါဦး” ဟု ပြောလိုက်သည်။
ထို့နောက် ဝူယွမ်လည်း တဲကြီးထဲမှ ထွက်ခွာသွားသည်။ ဝူယွမ်၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း ရဲလိနန်ရန်သည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၏ နန်းတော်ကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့၏။ သူမသည်လည်း ကောင်းကင်ဝံပုလွေဘုရင်၏ နန်းတော်နှင့်အတူ အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ရသည်။ နောက်ဆုံးတွင် သူတို့သည် ဤမြစ်နားရှိ နေရာတစ်ခုကို ရွေးချယ်ခဲ့ကြသည်။
ဒီတစ်ကြိမ် နန်းတော်ကို ပြောင်းရွှေ့ပါက မြောက်ပိုင်းမြို့တော်သို့ တိုက်ရိုက်သွားမည်ဖြစ်ပြီး ရေကြည်ရာမြက်နုရာကို လိုက်လံရှာဖွေရသော နေထိုင်မှုဘဝကို ဆက်လက်မနေထိုင်ရတော့ဟု သူမ ယုံကြည်ထားခဲ့သည်။
သို့သော် သူတို့သည် နေရာအတည်တကျမရှိသော ဘဝကို နောက်တစ်ကြိမ် စတင်တော့မည်ဟု သူမမျှော်လင့်မထားခဲ့ပါ။ ထိုသို့တွေးမိသောအခါ သူမငယ်စဉ်က သူမ၏မိခင်ပြောပြခဲ့သော ဘဝပုံရိပ်များ သူမ၏စိတ်ထဲတွင် ပေါ်လာသည်။
ဆာလောင်မွတ်သိပ်မှုနှင့် အအေးဒဏ်ကို မစိုးရိမ်ရသော၊ ဝံပုလွေနှင့် သားရဲတိရစ္ဆာန်များကို မကြောက်ရွံ့ရသော၊ ညဘက်တွင် အိမ်တိုင်း၌ မီးအလင်းရောင်များ ထွန်းညှိထားသော၊ လမ်းများနှင့် လမ်းသွယ်များတွင် အစားအစာရောင်းချသူများ ပြည့်နှက်နေသော၊ လမ်းလျှောက်ရင်း အရသာရှိသော အစားအစာများကို မြည်းစမ်းနိုင်သော၊ ညဘက်တွင် အိမ်ပြန်ရောက်သောအခါ အစေခံများက ရေချိုးရန် ပြင်ဆင်ပေးထားသော၊ ရေချိုးပြီး နွေးထွေး၍ အနံ့အသက်ကောင်းသော အိပ်ရာထဲတွင် အိပ်ပျော်သွားပြီး လှပ၍ စိတ်ပူပန်မှုကင်းသည့် နောက်နေ့တစ်ရက်ကို နိုးထလာနိုင်သည့် ဘဝပုံရိပ်များ ဖြစ်သည်။
သို့သော် သူမ ထိုသို့သော ဘဝကို ဘယ်တော့မှ မနေထိုင်ရနိုင်ပေ။ သူမ၏မိခင်သည် တစ်ချိန်က ရှနိုင်ငံတော်သားတစ်ဦးဖြစ်ခဲ့ပြီး လွင်ပြင်ဒေသမျိုးနွယ်စုများထံသို့ ခေါ်ဆောင်လာခံရပြီးနောက် ထိုသို့သော ဘဝပုံစံကို မနေထိုင်ရတော့ပဲ သေဆုံးသွားခဲ့သည်။ သူမကော ထိုသို့ တည်ငြိမ်ကောင်းမွန်သည့် ဘဝကို ဘယ်လိုနေထိုင်နိုင်မည်နည်း။
ရဲလိနန်ရန်သည် သူမ၏စိတ်ကို အေးဆေးတည်ငြိမ်အောင် လုပ်လိုက်ပြီး အများကြီးမတွေးမိစေရန် ကြိုးစားသည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ လွင်ပြင်ဒေသမျိုးနွယ်စု၏ လူရွယ်များနှင့် ရှောင်ပင်တိန်ကို ရွေးယူရန်ဖြစ်သည်။
ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို အရင်ကာကွယ်ရမည်ဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု ပျက်စီးသွားပါက သူမ၏ကံကြမ္မာသည် ပို၍ပင်ဆိုးရွားလာမည်။ သူမ ငယ်စဉ်က ကြုံတွေ့ခဲ့ရသည့် ဝမ်းနည်းဖွယ်ဘဝကို ထပ်မံ၍ သူမ မခံစား နိုင်တော့ပါ။
ရက်အနည်းငယ်ကြာပြီးနောက် မြောက်ပိုင်းနယ်စားမင်းသား၏ နေအိမ်။
လုချန်းသည် သူ၏စာကြည့်ခန်းထဲတွင် အထူးကိုယ်ရံတော်များထံမှ သတင်းအချက်အလက်များကို စစ်ဆေးနေစဉ် တံခါးကို ခေါက်သံကြားလိုက်ရသည်။
လုချန်းက
“ဝင်ခဲ့ပါ” ဟု အေးစက်စွာ ပြောလိုက်သည်။
ချက်ချင်းပင် တံခါးဖွင့်သံကြားလိုက်ရပြီး ချင်ယူရှန် စာကြည့်ခန်းထဲသို့ ဝင်လာသည်။
“မင်းသား” ဟု သူက နှုတ်ဆက်လိုက်သည်။
လုချန်းက သူ၏လက်ထဲရှိ သတင်းအချက်အလက်ကို ကြည့်ရင်း
“ဘာကိစ္စရှိလို့လဲ”
ဟု မေးလိုက်သည်။
ချင်ယူရှန်သည် သူ၏လက်ထဲရှိ သတင်းအချက်အလက်ကို လုချန်း၏ စားပွဲပေါ်တွင် တင်လိုက်သည်။
“မင်းသား။ ဝူယွမ် ပြန်လာပါပြီ။ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မိဖုရားက မင်းသားနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးလိုကြောင်း သတင်းယူလာပါတယ်။ သူတို့က လွင်ပြင်ဒေသမျိုးနွယ်စု အကျဉ်းသားတွေနဲ့ ရှောင်ပင်တိန်ကို မြင်းတွေ ဒါမှမဟုတ် မွေးမြူရေးတိရစ္ဆာန်များဖြင့် ရွေးယူဖို့ အစီအစဉ်ရှိပါတယ်။”
ထိုစကားများကို ကြားလိုက်ရသောအခါ လုချန်း ခဏတာမျှ တုန်လှုပ်သွားပြီး သူ၏လက်ထဲရှိ သတင်းအချက်အလက်ကို ချကာ ချင်ယူရှန် တင်ထားသော အစီရင်ခံစာကို လှမ်းကြည့်လိုက်သည်။
အစက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု လက်နက်ချမည်ဟု လုချန်းမျှော်လင့်ထား၏။ ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရားသည် သူနှင့် တိုက်ရိုက်ညှိနှိုင်းရန် ရည်ရွယ်ထားသည်ကို လုချန်း မမျှော်လင့်ခဲ့ပေ။
အမှန်မှာ ညှိနှိုင်းဆွေးနွေးခြင်းသည် အန္တရာယ်များသော ကိစ္စတစ်ခုဖြစ်သည်။ ညှိနှိုင်းရန် လာရောက်သူများ ပြန်မသွားနိုင်တော့သည့် အလားအလာကလည်း များသည်။ ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရားသည် သူမျှော်မှန်းထားသည်ထက် ပိုမိုရဲရင့်သူဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင်း အာဏာကို ကိုင်တွယ်နိုင်သော မိန်းမတစ်ဦးဖြစ်ထိုက်သည်။
လုချန်းသည် အစတွင် ရှောင်ပင်တိန်ကို ကောင်းကင်ဝံပုလွေဘုရင်အဖြစ် ခန့်အပ်ကာ မျိုးနွယ်စုကို သွေးခွဲရန် စဉ်းစားခဲ့သော်လည်း ယခုအခါတွင် ထိုသို့လုပ်စရာ မလိုတော့ပေ။
ထောက်လှမ်းရေးအချက်အလက်များမှ လုချန်းသည် ကောင်းကင်ဝံပုလွေဘုရင်၏ နန်း တော် စတင်ရွေ့လျားနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။ ဤသည်မှာ မြောက်ပိုင်းဖရီဘုရင်နှင့် အခြားသော လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ရန်မှ ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်သည်။
မကြာသေးမီက စစ်ရှုံးနိမ့်မှုသည် သူတို့အား ကြီးမားသော အကျပ်အတည်းတစ်ခုထဲ ရောက်ရှိစေခဲ့ပြီးဖြစ်၏။ ရှောင်ပင်တိန်အား အသုံးပြုသူပြီး သူတို့ကို ထပ်မံဒုက္ခပေးရန် မလိုအပ်တော့ပေ။
ရှောင်ပင်တိန်သည် ပြန်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတို့၏ မျက်လုံးများတွင် သူသည် နောက်ထပ် ကောင်းကင်ဝံပုလွေဘုရင် ဖြစ်လာမည်ဖြစ်သည်။
ယခုအခါတွင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးတွင် စွမ်းအားရှိသော စစ်သည်တော်များ မရှိတော့သဖြင့် သူတို့မနှစ်သက်လျှင်တောင် ရှောင်ပင်တိန်ကို နောက်ထပ် ကောင်းကင်ဝံပုလွေဘုရင်အဖြစ် အသိအမှတ်ပြုရန် လိုအပ်သည်။
ထို့ကြောင့် သူတို့အတွက် ရှောင်ပင်တိန်ကို ကောင်းကင်ဝံပုလွေဘုရင်အဖြစ် အသိအမှတ်ပြုခြင်းသည် သူတို့ကို သွေးကွဲစေမည် မဟုတ်တော့ပါ။ ယခု သူတို့သည် ရှောင်ပင်တိန်ကို ပြန်ရွေးရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြမည်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းသည် စားပွဲပေါ်ရှိ ထောက်လှမ်းရေးအစီရင်ခံစာကို ချထားလိုက်ပြီး ထိုင်ခုံမှ ထလိုက်သည်။
“ရှောင်ပင်တိန်ကို သွားကြည့်ရအောင်” ဟု သူပြောလိုက်သည်။
ထိုစကားများနှင့်အတူ လုချန်းသည် စာကြည့်ခန်းမှ ထွက်ခွာသွားပြီး ရှောင်ပင်တိန်ကို ချုပ်နှောင်ထားသော အကျဉ်းထောင်သို့ ဦးတည်သွားသည်။
ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရားနှင့် လာမည့်ညှိနှိုင်းဆွေးနွေးမှုတွင် လုချန်းက ရှောင်ပင်တိန်ကို ခေါ်ဆောင်သွားရန် စီစဉ်ထားပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးကို မြောက်ပိုင်းမြို့တော်၏ ထိန်းချုပ်မှုအောက်သို့ ယူဆောင်ရန် ရည်ရွယ်ထားသည်။
.........
အခန်း (၁၄၄)
လူချင်းတွေ့ပြီး ညှိနှိုင်းမယ် (၃)
အရာအားလုံးသည် ရှောင်ပင်တိန်၏ စိတ်ထဲတွင် မည်သို့ရှိနေသည့် အပေါ်တွင် မူတည်နေသည်။ ရှောင်ပင်တိန်က သဘောတူပါက မြောက်ပိုင်းမြို့တော်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုသားများ ပိုမိုရရှိလာမည်။ မြက်ခင်းလွင်ပြင် ဒေသကို တိုက်ခိုက်ရာတွင် အခြားလွင်ပြင်ဒေသ မျိုးနွယ်စုများကို ရှာဖွေရန် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။
မကြာမီ လုချန်းသည် ရှောင်ပင်တိန်၏ အရှေ့တွင် ပေါ်လာသည်။ ထိုအချိန်တွင် ရှောင်ပင်တိန် ယခင်ကထက် စိတ်ဓာတ်ပိုမိုမြင့်တက်နေသည်ကို ထင်ရှားစွာ မြင်တွေ့ရသည်။ သူ၏ ဆံပင်များက ရှုပ်ပွနေဆဲဖြစ်သော်လည်း သူသည် ယခင်ကထက် ပိုမိုသန့်ရှင်းနေသည်။
အကျဉ်းထောင်မှူးက သူ့ကို အကျဉ်းထောင်ထဲတွင် ရနိုင်သော အကောင်းဆုံး ပြုစုစောင့်ရှောက်မှုများ ပေးထားသည်။ ထိုအခွင့်အရေးမျိုးကို အခြား လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသားများ မခံစားရပေ။
လုချန်း ရောက်ရှိလာသောအခါ ရှောင်ပင်တိန်က ခေါင်းကို မော့ကြည့်လိုက်ကာ သူ့ဘက်သို့ စောင်းကြည့်လိုက်သည်။ ထို့နောက် သူက အိပ်ရာမှ မထပဲ ခေါင်းကို ငုံ့ကာ ဘေးတစောင်း ဆက်အိပ်နေသည်။ သူ၏ မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး အိပ်ပျော်နေသကဲ့သို့ ဖြစ်နေသည်။
လုချန်းက အေးဆေးစွာ မေးလိုက်သည်။
“ဗိုလ်ချုပ် ရှောင်။ ခင်ဗျား ဘာဆုံးဖြတ်ချက်ချလိုက်ပြီလဲ။”
ရှောင်ပင်တိန်က တိုက်ရိုက်မဖြေပဲပြောလိုက်သည်။
“ခင်ဗျားပြောသမျှအားလုံး အမှန်ဖြစ်မယ်လို့ အာမမခံနိုင်ဘူး။ ခင်ဗျားက ကတိအတိုင်း လုပ်မယ်လို့လည်း အာမမခံနိုင်ဘူး”
အကယ်၍ ရှနိုင်ငံတော်မှ အခြားမည်သူမဆို ထိုအခြေအနေကို တင်ပြခဲ့လျှင် သူက ယုံကြည်နိုင်ကောင်း ယုံကြည်နိုင်သည်။ သို့သော် သူ့ကို ကောင်းကင်ဝံပုလွေဘုရင်အဖြစ် ခန့်အပ်မည်ဟု ကမ်းလှမ်းခဲ့သူမှာ မြောက်ပိုင်းနယ်စားမင်းသားဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများကို လှည့်စားရန်အတွက် အားနည်းဟန်ဆောင်ခဲ့ပြီး သုံးသိန်းသော လွင်ပြင်ဒေသ မျိုးနွယ်စုတပ်မတော်ကို ထောင်ချောက်ဆင်ခဲ့သော မြောက်ပိုင်းနယ်စားမင်းသားကို သူမည်သို့ ယုံကြည်နိုင်မည်နည်း။ မြောက်ပိုင်းနယ်စားမင်းသား၏ အကြံအစည်များသည် အလွန်နက်ရှိုင်းလွန်းသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် အသက် ၁၆ သို့မဟုတ် ၁၇ နှစ်သာရှိသော်လည်း ရှောင်ပင်တိန်သည် လက်ရှိတွင် သူ့ကို ကလေးတစ်ယောက်အဖြစ် သဘောမထားနိုင်တော့ပေ။ အကယ်၍ သူက မြောက်ပိုင်းနယ်စားမင်းသားကို ယခင်ကကဲ့သို့ ကလေးတစ်ယောက်အဖြစ် သဘောထားပါက သူ၏ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုလည်း ကြီးမားသော ပျက်စီးမှုကို ကြုံတွေ့ရနိုင်သည်။
ရှောင်ပင်တိန်သည် သူ၏ အဆိုပြုချက်ကို ငြင်းပယ်သည်ဟု ထင်ရသော်လည်း လုချန်းသည် ရှောင်ပင်တိန်၏ သစ္စာရှိမှုအဆင့်ကိုကြည့်ကာ ရှောင်ပင်တိန်၏ စိတ်တွင်းမပြတ်သားနေမှုများကို သိမြင်လိုက်သည်။
အမည် - ရှောင်ပင်တိန်
အဆင့်အတန်း - လွင်ပြင်ဒေသ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု၏ ဗိုလ်ချုပ်ကြီး၊ မြောက်ပိုင်းမြို့တော်၏ အကျဉ်းသား။
စွမ်းအား - ထိပ်သီးပညာရှင်အဆင့် (ပိတ်ပင်ထားသော အခြေအနေ)
သစ္စာရှိမှု - ၆၀
ရှောင်ပင်တိန်၏ သစ္စာရှိမှုသည် အသုံးပြုနိုင်သော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ၏ အဆိုပြုချက်ကို သဘောတူရန် လိုလားနေသည်မှာ သေချာသည်။ အကြောင်းမှာ တည်ငြိမ်သော ဘဝသည် ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စု အမြဲတမ်း လိုလားခဲ့သော အရာတစ်ခုဖြစ်သည်။
ဆာလောင်မွတ်သိပ်မှုနှင့် အအေးဒဏ်တို့ကို ရှောင်ရှားရန်နှင့် တည်ငြိမ်သော ဘဝကို ရရှိရန်မဟုတ်ပါက သူတို့သည် စစ်သည်သုံးသိန်းဖြင့် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်မည် မဟုတ်ပေ။ ထိုအရာသည် သူတို့၏ အဓိက ရည်မှန်းချက်ဖြစ်သည်။
လုချန်းက ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုတစ်ခုလုံးကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပေးပြီး သူတို့ကို လယ်ယာစိုက်ပျိုးနည်းများ သင်ပေးမည်ဟု တကယ်ပင် သဘောတူပါက သူကျိန်းသေသဘောတူမည်ဖြစ်သည်။
သို့သော် အဓိက အချက်မှာ သူကမြောက်ပိုင်းနယ်စားမင်းသားကို မယုံကြည်ခြင်းပင် ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ လှည့်ကွက်သည် အလွန်နက်ရှိုင်းသည်။ ယခင်က တစ်ကြိမ် လှည့်စားခံခဲ့ရဖူးသောကြောင့် ရှောင်ပင်တိန် အလွန်သတိထားနေသည်။
ထိုအချိန်တွင် လုချန်းက
“ကျွန်တော်ဒီနေ့ လာတာက ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို မေးဖို့တင်မကဘူး သတင်းတစ်ခုကိုလည်း မျှဝေဖို့လည်း လာတာပါ” ဟု ပြောလိုက်သည်။
ရှောင်ပင်တိန်က
“ဘာသတင်းလဲ” ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ခင်ဗျားတို့ရဲ့ မိဖုရားက ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိနေပါတယ်။ သူက မြင်းတွေ၊ နွားတွေ၊ သိုးတွေနဲ့ လဲလှယ်ပြီး ခင်ဗျားတို့ မျိုးနွယ်စုရဲ့ စစ်သားတွေနဲ့ ခင်ဗျားကို လွှတ်ပေးစေဖို့ ဆန္ဒရှိနေပါတယ်။”
“ဗိုလ်ချုပ်ရှောင်။ ကျွန်တော် သဘောတူမယ်လို့ ခင်ဗျားထင်ပါသလား။”
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ပင်တိန် စိတ်ခဏ လွတ်သွား၏။ သို့သော် သူ၏စိတ်ကို ငြိမ်သက်အောင် အမြန်ပြန်ထိန်းချုပ်လိုပ်၏။ အဘယ်ကြောင့်ဆိုသော် မိဖုရား ယခုလိုလုပ်မည်ကို သူ ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ ယခုအခြေအနေတွင် ညှိနှိုင်းဆွေးနွေးမှုမှလွဲ၍ သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့ပါ။
ရှနိုင်ငံတော်မှ အခြားမည်သူ့ကိုမဆို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အခွင့်အလမ်းများစွာရှိပြီး မျိုးနွယ်စု၏ စစ်သားအချို့ကို မြင်းများ၊ မွေးမြူရေးတိရစ္ဆာန်များဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။
သို့သော် သူတို့ရင်ဆိုင်နေရသည်မှာ မြောက်ပိုင်းနယ်စားမင်းသား ဖြစ်သည်။ ထိုလူငယ်၏ မျက်လုံးများတွင် ကြီးမားသော ရည်မှန်းချက်များ ရှိနေသည်ကို ရှောင်ပင်တိန် သိမြင်နိုင်သည်။ သူသဘောတူနိုင်မည် မဟုတ်ပေ။
မဟုတ်ပါ။ သူသည် ကျိန်းသေ သဘောတူမည် မဟုတ်ပါ။ မြောက်ပိုင်းနယ်စားမင်းသားသာ ညှိနှိုင်းဆွေးနွေးရန် ဆန္ဒရှိပါက ရှောင်ပင်တိန်အား နောက်ထပ်ကောင်းကင်ဝံပုလွေဘုရင်အဖြစ် တင်မြှောက်ရန် ကမ်းလှမ်းမည် မဟုတ်ပေ။
ရှောင်ပင်တိန် တိတ်ဆိတ်နေသည်ကို မြင်တွေ့ရသောအခါ လုချန်းက
“ဒီညှိနှိုင်းဆွေးနွေးမှုမှာ ကျွန်တော်က ဗိုလ်ချုပ်ရှောင်ကို ခေါ်သွားမှာပါ။ ညှိနှိုင်းဆွေးနွေးမှုပြီးသွားရင် ဗိုလ်ချုပ်ရှောင် ချက်ချင်း ဆုံးဖြတ်ချက်ချမယ်လို့ ကျွန်တော်ယုံတယ်” ဟု ဆက်လက်ပြောကြားလိုက်သည်။
ရှောင်ပင်တိန် မျက်ခုံးကြုတ်သွားသည်။
သူ့ကို ခေါ်သွားမယ်။ ရည်ရွယ်ချက်က ဘာလဲ။ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို ခြိမ်းခြောက်ဖို့ သူ့ကို အသုံးပြုမလို့လား။ ရှောင်ပင်တိန် စကားပြန်ပြောတော့မည့်အချိန်တွင် လုချန်းသည် လှည့်ပြီး ထွက်ခွာသွားပြီဖြစ်သည်။
အကျဉ်းထောင်သို့ လာရောက်ခြင်း၏ လုချန်း၏ အဓိကရည်ရွယ်ချက်မှာ ထိုသတင်းကို ရှောင်ပင်တိန်ထံ တိုက်ရိုက်ပေးပို့ရန်ဖြစ်ပြီး သူနှင့် စကားများစွာ ပြောဆိုရန် ရည်ရွယ်ချက်မရှိပေ။
ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုကို သိမ်းပိုက်ခြင်းသည် ကြိုတင်သတ်မှတ်ထားပြီးသား ကိစ္စဖြစ်သည်။ အခြားလွင်ပြင်ဒေသမျိုးနွယ်စုများထံ ခိုလှုံရုံမှလွဲ၍ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုတွင် အခြားရွေးချယ်စရာမရှိတော့ပေ။ ညှိနှိုင်းဆွေးနွေးမှုများ ပြီးဆုံးသွားပါက ရှောင်ပင်တိန်အနေနှင့် လက်ခံသဘောတူရုံမှလွဲ၍ ရွေးချယ်စရာ ရှိတော့မည် မဟုတ်ပါ။
........