အခန်း ၁၄၅-၁၄၇
Vol. 10 Ch. 145-147
အခန်း (၁၄၅)
သုံ့ပန်းတစ်သိန်းထဲက တစ်ယောက်ကိုတောင် မြောက်ပိုင်းနယ်စားမင်းသားက လွှတ်ပေးမှာ မဟုတ်ဘူး (၁)
လုချန်း အကျဉ်းထောင်မှ ထွက်ခွာသွားပြီးနောက် ရှောင်ပင်တိန်လည်း သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ယခု သူတို့တွင် ရွေးချယ်စရာ လမ်းကြောင်းများ လုံးဝကုန်သွားပြီဖြစ်သည်။ အသက်ရှင်ရန်နှင့် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ရန်အတွက် သူတို့တွင် တစ်ခုတည်းသော ရွေးချယ်စရာ ရှိနိုင်သည်။
မြောက်ပိုင်းနယ်စားမင်းသားထံ သစ္စာခံရန်ဖြစ်သည်။ သို့သော်…မြောက်ပိုင်းနယ်စားမင်းသား ဦးဆောင်သော စစ်သည်တော်များမှ သူတို့၏ ဆွေမျိုးသားချင်း နှစ်သိန်းကို သတ်ခဲ့သည်။
မျိုးနွယ်စုအတွင်း မည်သူကမှ မြောက်ပိုင်းနယ်စားမင်းသားထံ သစ္စာခံလိုကြမည် မဟုတ်ပေ။
အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားသည် လှည့်စားမှုများ မရှိပဲ အမှန်တကယ်ပင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်သို့ ရွှေ့ပြောင်းရန် စီစဉ်ထားလျှင်တောင် သူက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးကို ခွဲ၍နေထိုင်ခိုင်းမည်ဖြစ်သည်။ သူတို့အားလုံးကို အတူတကွ နေထိုင်ခွင့် ပြုမည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု ဖြစ်နေပါဦး တော့မလား။ သူတို့၏လူများသည် မြောက်ပိုင်းမြို့တော်ရှိ အမျိုးမျိုးသော နေရာများတွင် ဖြန့်ကျက်သွားပါက သူတို့၏မျိုးနွယ်စုသည် အခြေခံအားဖြင့် ပျောက်ကွယ်သွားမည်ဖြစ်သည်။
ထိုအချိန်တွင် သူ၏ ကောင်းကင်ဝံပုလွေဘုရင် ဘွဲ့သည် ဘွဲ့တစ်ခုသာ ဖြစ်လာမည်ဖြစ်ပြီး ပိုင်နက်နယ်မြေနှင့် နောက်လိုက်များ ရှိတော့မည် မဟုတ်ပေ။ ရှောင်ပင်တိန်သည် ကြာမြင့်စွာ တွေးတောပြီးသော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိခဲ့ပေ။ မိဖုရားနှင့် မြောက်ပိုင်းနယ်စားမင်းသား ညှိနှိုင်းဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက်ချရန် သူဆုံးဖြတ်လိုက်သည်။
အချိန်တစ်လသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။ ဝူယွမ် အသွားအပြန်ခရီးများစွာ ပြုလုပ်ပြီး နောက်ဆုံးတွင် လုချန်း နှင့် ရဲလိနန်ရန် တို့ကြား ညှိနှိုင်းဆွေးနွေးမှုရန်အတွက် အချိန်နှင့် နေရာကို သတ်မှတ်လိုက်နိုင်သည်။
မကြာမီ လုချန်းသည် သူ၏လူများကို ဦးဆောင်ကာ မြောက်ဘက်သို့ မြောက်ပိုင်းဒေသ၏ မြက်ခင်းပြင်များဆီသို့ ချီတက်လာသည်။ လုချန်းသည် အမှားလုပ်မည့် သူမဟုတ်ပေ။ သူသည် မြက်ခင်းလွင်ပြင် ဒေသအတွင်းသို့ နက်ရှိုင်းစွာ မဝင်ရောက်ပေ။ ညှိနှိုင်းဆွေးနွေးရန် နေရာသည် ဝန်နင်းမြစ်၏ မြစ်လက်တက်တစ်ခုဘေးတွင် တည်ရှိသည်။
သဘောတူညီချက်အရ တစ်ဖက်လျှင် လူငါးရာသာ ခေါ်ဆောင်ခွင့်ရှိသည်။ လုချန်းသည်လည်း အနက်ရောင် မြင်းတပ်သား ငါးရာကိုသာ မြောက်ပိုင်းဒေသသို့ ခေါ်ဆောင်လာခဲ့သည်။ ဟုတ်ပါသည်။ မုချန်တိန်၊ ချင်ယူရှန် နှင့် ဝမ်ရန်လီ တို့သည်လည်း လိုက်ပါလာခဲ့သည်။
ရဲလိနန်ရန်သည်လည်း အလားတူပင်။ သူတို့၏မျိုးနွယ်စုတွင် ယောက်ျားများ မရှိသလောက်ဖြစ်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားက သူတို့၏ဆိုးရွားသော အခြေအနေကို မတွေ့မြင်နိုင်စေရန် သူတို့သည် ငါးရာသော အရွယ်ကောင်း ယောက်ျားများကို ရအောင်စုစည်းခဲ့၏။ အပြင်ပန်းအားဖြင့် ထိုသူတို့သည် အတော်အတန် အင်အားကြီးမားပုံရသော်လည်း သူတို့ထဲတွင် စွမ်းအားရှိသော စစ်သည်တစ်ဦးမှ မရှိပေ။
သတ်မှတ်ထားသော နေရာသို့ လုချန်း ရောက်ရှိလာချိန်တွင် မြစ်ကမ်းဘေးတွင် စောင့်ဆိုင်းနေသော မြင်းတပ်တစ်ခုကို မြင်လိုက်ရပြီး စားပွဲများနှင့် သိုးမွေးထိုင်ခုံများစီစဉ်ထားသည်ကို တွေ့ရှိလိုက်ရသည်။
ဆွေးနွေးညှိနှိုင်းမည့်နေရာသို့ လုချန်းတို့အဖွဲ့ ချဉ်းကပ်လာစဉ် သူ၏ မျက်လုံးများကို လှပသော ပုံရိပ်နှစ်ခုက ဖမ်းစားလိုက်ရသည်။
ထိုအမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးမှာ အမျိုးမျိုးသော အဆင်တန်ဆာများနှင့် သားမွေးများဖြင့် ပြုလုပ်ထားသော ခြုံပုဝါကို ဝတ်ဆင်ထားပြီး ဆံထုံးထုံးထား၏။ သူမသည် ပြည့်ဖြိုးပြီး စွဲမက်ဖွယ်ကောင်းသဖြင့် လုချန်း၏ အကြည့်များကို ဆွဲဆောင်သွားသည်။
ထိုအမျိုးသမီးသည် ဂုဏ်သိက္ခာရှိပြီး တင့်တယ်သည့်အသွင်အပြင်ရှိပြီး လွင်ပြင်ဒေသ မျိုးနွယ်စုမှ အမျိုးသမီးတစ်ဦးနှင့် မတူပဲ ရှနိုင်ငံ၏ အမျိုးသမီးတစ်ဦးနှင့် ပိုတူနေသည်။ ထိုအချိန်တွင် လုချန်းသည် သူ၏စနစ်ကို အသုံးပြု၍ ထိုအမျိုးသမီး၏ အချက်အလက်များကို ကြည့်ရှုလိုက်သည်။
[အမည် - ရဲလိနန်ရန်]
[အဆင့်အတန်း - ယခင်ကောင်းကင်ဝံပုလွေဘုရင်၏ မိဖုရား၊ အသက် ၃၂ နှစ်၊ အဆင့်ကိုး သိုင်းပညာရှင်၊ သူမ၏ မိခင်ဖြစ်သူမှာ ရှားနိုင်ငံမှ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ငယ်စဉ်က လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ဖမ်းဆီးခံခဲ့ရပြီး လွင်ပြင်ဒေသတွင် ရဲလိနန်ရန်ကို မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက မိခင်၏ လွှမ်းမိုးမှုကြောင့် ရှနိုင်ငံကို သဘောကျ စိတ်ဝင်စားမှုရှိသည်။ ကောင်းကင်ဝံပုလွေဘုရင်နှင့် အိမ်ထောင်ပြုချိန်တွင် ဘုရင်သည် အသက်ကြီးနေပြီဖြစ်သောကြောင့် သူမသည် အပျိုစင်အဖြစ်ရှိနေဆဲဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုအတွင်း၌ ဩဇာကြီးမားပြီး ယခင်ကောင်းကင်ဝံပုလွေဘုရင်ကို ပြုစုစောင့်ရှောက်ရင်း မျိုးနွယ်စုကို ပိုမိုကြီးထွားအင်အားကောင်းမွန်လာစေရန် ဦးဆောင်ခဲ့သည်။]
[အဆင့် - ၉၆]
[သဘောကျမှု - ၄၅]
ရဲလိနန်ရန်၏ အချက်အလက်များကို ဖတ်ပြီးနောက် လုချန်း အံ့အားသင့်ခြင်း မရှိလှပါ။ ထိုအချက်အလက်များသည် အထူးကိုယ်ရံတော်များမှ စုဆောင်းထားသော အချက်အလက်များနှင့် အတူတူပင်ဖြစ်သည်။
ထို့နောက် လုချန်း၏ မျက်လုံးများသည် ရဲလိနန်ရန်၏ ဘေးနားရှိ အမျိုးသမီးပေါ်သို့ ရွေ့လျားသွားသည်။ ထိုအမျိုးသမီးသည် လည်း သားမွေးဖြင့် ပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားကာ အနည်းငယ်ငယ်ရွယ်ပြီး ရိုးသားပုံရသည်။
[အမည် - ရှောင်ဝမ်ယောင်]
[အဆင့်အတန်း - ကောင်းကင်ဝံပုလွေဘုရင်၏ သမီး၊ လွင်ပြင်ဒေသ မင်းသမီး၊ အဆင့် ခုနှစ်သိုင်းပညာရှင်၊ ရှောင်ပင်တိန်၏ တူမ၊ ယခုနှစ်တွင် အသက် ၁၈ နှစ်၊ သူမသည် မြောက်ပိုင်းဖရီဘုရင်နှင့် လက်ထပ်ရန် မလိုလားပါ။ ထို့ကြောင့်ရှနိုင်ငံသို့ ထွက်ပြေးပြီး နေထိုင်ရန် ကြိုးစားနေခဲ့သည်။ ရှောင်ပင်တိန်သည် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးနောက် ရှောင်ဝမ်ယောင်ကို ရှနိုင်ငံတွင် နေထိုင်စေရန် တိတ်တဆိတ် စီစဉ်ထားခဲ့သည်။ လွင်ပြင်ဒေသ စစ်တပ်ရှုံးနိမ့်ကြောင်း သိရှိပြီးနောက် ရှောင်ဝမ်ယောင်သည် ရှောင်ပင်တိန်နှင့် သူမကိုယ်သူမ လဲလှယ်ရန် ရည်ရွယ်ထားသည်။]
[အဆင့် - ၉၄]
[သဘောကျမှု - ၅၀...၅၁-၅၅ (တဖြည်းဖြည်း တက်လာနေ)]
ရှောင်ဝမ်ယောင်၏ အချက်အလက်များကို ကြည့်ရှုလိုက်ရသောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ကောင်းကင်ဝံပုလွေဘုရင်၏ သမီးဖြစ်သူအနေနဲ့ သူမ၏ ဖခင်ကို သတ်ဖြတ်ခဲ့သော်လည်း သူ့အပေါ် မကျေမနပ်ဖြစ်မှု မရှိပဲ သဘောကျမှုအဆင့်မှာ ၅၀ ကျော်နေပြီး ဆက်လက်တိုးပွားနေဆဲဖြစ်သည်။
စိတ်ဝင်စားစရာပင်ဖြစ်သည်။ ထိုအချိန်တွင် ရှောင်ဝမ်ယောင်နှင့် ရဲလိနန်ရန်တို့သည်လည်း ခပ်ဝေးဝေးနေရာမှ သူတို့ဆီသို့ လာနေသော လုချန်းကို သေချာစွာ ကြည့်ရှုနေကြသည်။
လုချန်းသည် အသက် ၁၆ ၊၁၇ နှစ်သာရှိ သေးသော လူငယ်တစ်ယောက်ဖြစ်ကြောင်းရဲလိနန်ရန် သိထားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူမရရှိထားသော သတင်းအချက်အလက်အားလုံးသည် သူ့ကို မကောင်းသောဘက်မှ ဖော်ပြထားသည်။ ဥပမာ သူသည် မင်းသားစံအိမ်တွင် မိန်းမလှများစွာကို ထားရှိပြီး တစ်နေကုန် ပျော်ပါးဇိမ်ခံ နေသောကြောင့် အားအင်ကုန်ခမ်းနေသူဟု သိရှိထားသည်။
သို့သော် ယခု ထိုသတင်းအချက်အလက်အားလုံး မှားယွင်းနေသည်ဟု ထင်ရသည်။ သူတို့ဘက်သို့ မြင်းစီးလာနေသော ထိုလူငယ်သည် စိမ်းပြာရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန့်ညားလှပသော ပုံပန်းသဏ္ဍာန်ရှိ၏။ သူ၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်မာနေသည်။ သူသည် ဇိမ်ခံမှုကြောင့် အားအင်ကုန်ခမ်းနေသူတစ်ယောက်နှင့် လုံးဝမတူပေ။
သူတို့သည် လှည့်စားခံခဲ့ပြီဆိုတာ ထင်ရှားသည်။ မဟုတ်ပါ။ ပိုမိုတိကျစွာပြောရလျှင် လူတိုင်းသည် မြောက်ပိုင်းနယ်စားမင်းသား၏ လှည့်စားမှုကို ခံခဲ့ရသည်။ ရဲလိနန်ရန်သည် ချက်ချင်းပင် လုချန်းကို ပြန်လည်သုံးသပ် အကဲခတ်လိုက်ပြီး သူ့ကို ရည်မှန်းချက် ကြီးမားသူတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။
ထိုအခါ ရဲလိနန်ရန် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ ဒီနေ့ ညှိနှိုင်းဆွေးနွေးမှုသည် မချောမွေ့နိုင်ဟု ထင်ရသည်။ ထို့အပြင် ရဲလိနန်ရန်သည် လုချန်း၏ အနောက်မှ လိုက်ပါလာသော အနက်ရောင် မြင်းတပ်သားများကိုလည်း သတိပြုမိသည်။ သူတို့သည် ငါးရာသာရှိသော်လည်း ထိုအနက်ရောင် မြင်းတပ်သားများသည် ရက်စက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူတို့သည် အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ လွင်ပြင်ဒေသ မျိုးနွယ်စုသား သုံးသိန်းကို အနိုင်ရယူခဲ့ခြင်းတွင် ထိုအထူးတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့မည်မှာ ထင်ရှားသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ယခု ထိုအထူးတပ်ဖွဲ့ဝင် အင်အားငါးရာကိုသာ ခေါ်ဆောင်လာခဲ့သော်လည်း မြောက်ပိုင်းမြို့တော်တွင် ထိုငါးရာထက် ပိုမိုသော အထူးတပ်ဖွဲ့ဝင်များ ရှိနေမည်ကို ရဲလိနန်ရန် သိလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ထိုအထူးတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်လာခြင်းသည် သူ၏ စစ်အင်အားကို ပြသလိုက်သော အပြုအမူတစ်ခုဖြစ်သည်။
........
အခန်း (၁၄၆)
သုံ့ပန်းတစ်သိန်းထဲက တစ်ယောက်ကိုတောင် မြောက်ပိုင်းနယ်စားမင်းသားက လွှတ်ပေးမှာ မဟုတ်ဘူး (၂)
ထိုအချိန်တွင် ရှောင်ဝမ်ယောင်၏ မျက်လုံးများသည် လုချန်းကို အာရုံစိုက်ကြည့်နေသည်။ အစပိုင်းတွင် သူမ အလွန်စိတ်လှုပ်ရှားနေသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် အစေခံအဖြစ် နေ့စဉ်နှင့်အမျှ ညှင်းပန်းနှိပ်စက်မှုများကို ခံစားရမည်ကို စဉ်းစားမိသည်နှင့် သူမ ထိတ်လန့်နေခဲ့သည်။
သို့သော် လုချန်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လုချန်း၏ ပုံပန်းသဏ္ဍန်က သူမ၏စိတ်ကို ဆွဲဆောင်သွားသည်။
လွင်ပြင်ဒေသမျိုးနွယ်စုမှ ကြမ်းတမ်းသော ယောက်ျားများနှင့် နှိုင်းယှဉ်ပါက ရှောင်ဝမ်ယောင်သည် ရှနိုင်ငံတော်မှ လူများကို ပိုမိုနှစ်သက်သည်။ ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် တင့်တယ်ခန့်ညားသည်ဟူသော ဂုဏ်သတင်းကို သူမကြားဖူးနေသည်မှာ ကြာပြီဖြစ်သည်။ ဝူယွမ်၏ လွှမ်းမိုးမှုကြောင့် ရှောင်ဝမ်ယောင်သည် လုချန်းအကြောင်း စိတ်ကူးယဉ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူမ၏ဖခင် မြောက်ပိုင်းမြို့တော်ကို သိမ်းပိုက်ပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားကို သူမ၏အစေခံအဖြစ် ပေးအပ်ရန် တောင်းဆိုမည်ဟု သူမ ကြံစည်ထားဖူးခဲ့သည်။
သို့သော် ယခုအခါ ထိုအတွေးအကြံများ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူမ၏အစေခံ မဖြစ်နိုင်တော့ပဲ သူမသည်သာ မြောက်ပိုင်းနယ်စားမင်းသား၏ အစေခံငယ်လေး ဖြစ်လာနိုင်သည်။
သို့သော် သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီးဖြစ်လာပါက သူမ၏ဖခင်ကျဆုံးသွားခြင်းကြောင့် ဖြစ်သည့် ဝမ်းနည်းမှုက မထင်မရှား ဖြစ်သွားနိုင်သည်။ ရှောင်ဝမ်ယောင် လုချန်းကို ငေးကြည့်နေပြီး စိတ်ကူးယဉ်နေစဉ် ရုတ်တရက် မြောက်ပိုင်းနယ်စားမင်းသား၏ နောက်တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုအရပ်ရှည်ရှည် ပုံရိပ်သည် မြင်းတစ်စီးပေါ်တွင် ရှိနေ၏။ သူသည် မသပ်မရပ်နှင့် အလွန်ပင်ပန်းနေပုံရသည်။
လုချန်းက ရှောင်ပင်တိန်ကိုပါ ခေါ်လာသည်ကို မြင်ရသောအခါ လွင်ပြင်ဒေသမျိုးနွယ်စုမှ လူတိုင်း စိတ်မသက်မသာ ဖြစ်သွားသည်။ နတ်ဆရာ အကြီးအကဲက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဗိုလ်ချုပ် ....ရှောင်...”
ရှောင်ဝမ်ယောင်သည် သူမ၏ အတွေးများထဲမှ ချက်ချင်း နိုးထလာခဲ့၏။ ရှောင်ပင်တိန်အသက်ရှင်နေသည်ကို မြင်ရသောအခါ သူမ အလွန်စိတ်လှုပ်ရှားသွားသည်။ သူမ ပြေးသွားပြီး နှုတ်ဆက်မလိုပြုလိုက်၏။ “ဦးလေး… ဦးလေး...”
သို့သော် ရဲလိနန်ရန်က ရှောင်ဝမ်ယောင်၏ လက်ကို အမြန်ဆွဲကာ တားမြစ်လိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ရှောင်ပင်တိန်ကို ညှိနှိုင်းဆွေးနွေးမှုအတွင် အသာစီးရစေရန် အနေအထားတစ်ခုအဖြစ် ခေါ်ဆောင်လာခြင်းဖြစ် သည်။ ထိုအချိန်တွင် သူတို့အချင်းချင်း ထိတွေ့ဆက်ဆံရန် အဆင်မပြေပေ။ အကြောင်းမှာ သူတို့၏ လုပ်ရပ်တိုင်းသည် စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်သည်။
မကြာမီ လုချန်း မြစ်ကမ်းဘေးသို့ ရောက်ရှိလာသည်။ သူက မြင်းပေါ်မှ ဆင်းလာပြီး လှပသော ရဲလိနန်ရန်ကို ကြည့်လိုက်ကာ ပြုံးပြလိုက်၏။
“ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မိဖုရားက အလွန်လှပပြီး သူ့ကို မြင်ရသူ မည်သူမဆို မျက်နှာလွှဲလို့ မရနိုင်ဘူးလို့ ပြောကြတယ်။ အစတုန်းက ကျွန်တော် မယုံခဲ့ပေမယ့် ဒီနေ့ ခင်ဗျားကို မြင်လိုက်ရတော့ ဒီဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်တယ်ဆိုတာ သိလိုက်ရတာ်” ဟု ပြောလိုက်သည်။
သူ၏ချီးမွမ်းစကားကို ရဲလိနန်ရန် စိတ်မဆိုးပါ။ သူမက
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါ” ဟု ပြုံး၍ ပြန်ပြောလိုက်သည်။
လုချန်းသည် တွန့်ဆုတ်မှု မရှိပဲ စားပွဲဘက်သို့ ချဉ်းကပ်လာပြီး ထိုင်ချလိုက်သည်။ သူသည် ဒူးထောက်ထိုင်ရခြင်းကို မနှစ်သက်သလို တင်ပျဉ်ခွေ ထိုင်ရခြင်းကလည်း သက် သောင့်သက်သာ မရှိပေ။ ထို့ကြောင့် ဆွေးနွေးမှုကို အမြန်ပြီးပြီး အိမ်ပြန်နိုင်ရန်သာ လုချန်း စိတ်အားထက်သန်နေသည်။
ထိုအချိန်တွင် ရဲလိနန်ရန်က
“မြောက်ပိုင်းနယ်စားမင်းသား အနေနှင့် ကျွန်မတို့ အစက အဆိုပြုခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ” ဟု မေးလိုက်သည်။
လုချန်းက ပြုံးရ၍
“မြင်းတစ်သိန်း၊ သိုးတစ်သိန်း၊ နွားနှစ်သောင်းက ပုံမှန်အခြေအနေမျိုးဆိုရင် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တော် တစ်သိန်းကို လွှတ်ပေးဖို့ လုံလောက်ပါတယ်။
ဒါပေမဲ့…”
‘ဒါပေမဲ့’ ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန်၏ မျက်ခုံးများ အနည်းငယ်တွန့်သွား၏။ ထို့နောက်တရားဝင် ညှိနှိုင်းဆွေးနွေးမှုများကို စတင်လိုက်တော့သည်။
လုချန်းသည် ရဲလိနန်ရန်၏ လှပသော မျက်လုံးများကို ကြည့်ကာ
“ဒါပေမဲ့ ကျွန်တော်က ဒီလွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တော် တစ်သိန်းလုံးကို လွှတ်ပေးလိုက်ရင် ဒါက ကျွန်တော့်ကိုယ် ကျွန်တော် ဒုက္ခပေးသလို ဖြစ်သွားမှာလား။ အကယ်၍ ခင်ဗျားတို့က မြက်ခင်းလွင်ပြင်မှာ နေလို့မရတော့ဘူးလို့ ဆုံးဖြတ်ပြီး တစ်နေ့မှာ မြောက်ပိုင်းမြို့တော်ကို ထပ်မံတိုက်ခိုက်လာမယ်ဆိုရင်ရော” ဟု ပြောလိုက်သည်။
လုချန်း ထိုသို့ပြောမည်ကို ရဲလိနန်ရန် ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။
“ကျွန်မတို့ စာချုပ်တစ်ခု ချုပ်ဆိုနိုင်ပါတယ်။ နှစ်ပေါင်းတစ်ရာအတွင်း ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက တောင်ဘက်ကို ထပ်မံမကျူးကျော်တော့ပါဘူးလို့ ကတိပြုပါမယ်” ဟု ချက်ချင်းပြန်ပြောလိုက်သည်။
လုချန်းက
“စာချုပ်ဆိုတာ ကောင်းတယ်။ ဒါပေမယ့် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဟာ ရှနိုင်ငံတော်နဲ့ စာချုပ်တွေ ချုပ်ဆိုခဲ့တာ တစ်ကြိမ်တည်း မဟုတ်တော့ဘူးဆိုတာ ကျွန်တော် ဘာလို့မှတ်မိနေရတာလဲ။”
“ခင်ဗျားတို့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေအတွက်တော့ စာချုပ်ဆိုတာ ဘယ်အချိန်မဆို ဆုတ်ဖြဲပစ်လို့ရတဲ့ အရာတစ်ခုပဲ ထင်ရပါတယ်။”
“ခင်ဗျားက စာချုပ်ကို လိုက်နာရင်တောင် ခင်ဗျားရဲ့ ဆက်ခံသူ ဒါမှမဟုတ် နောက်ထပ် ကောင်းကင်ဝံပုလွေဘုရင်က ဒါကို လိုက်နာမယ်ဆိုတာ ဘယ်လိုအာမခံနိုင်မှာလဲ” ဟု ပြောလိုက်သည်။
လုချန်း၏ စကားကို ကြားလိုက်ရပြီးနောက် ရဲလိနန်ရန် မျက်နှာအမူအရာ ပျက်သွားသည်။ လုချန်း ပြောသည့်အတိုင်း ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် ရှနိုင်ငံတော်နှင့် စာချုပ်များစွာ ချုပ်ဆိုခဲ့ဖူးပြီး အမြဲတမ်းလိုလို ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကသာ အရင်ဆုံး ချိုးဖောက်ခဲ့သည်။
ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားက အရေးကြီးသော အချက်တစ်ခုကို ထောက်ပြလိုက်သည်။ ဟုတ်ပါသည်။ ကောင်းကင်ဝံပုလွေဘုရင် နောက်တစ်ဦးက ထိုစာချုပ်ကို လေးစားမည်မဟုတ်ပါ။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားကို မဟာမိတ်စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်းရန် အင်မတန် ခက်ခဲလိမ့်မည်။
ထိုအချိန်တွင် ရဲလိနန်ရန်က ပွင့်ပွင့်လင်းလင်း စမေးလိုက်သည်။
“မြောက်ပိုင်းမင်းသားက ဘယ်လိုစည်းကမ်းချက်တွေ လိုချင်လဲဆိုတာ သိချင်ပါတယ် ပွင့်ပွင့်လင်းလင်း ပြောပြပါ။”
“ဒါပေမယ့် မြောက်ပိုင်းနယ်စားမင်းသားကို သတိပေးချင်တာက စစ်သည်တစ်သိန်းမရှိရင်တောင် ကျွန်မတို့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက မြက်ခင်းလွင်ပြင်ဒေသမှာ ဆက်လက်ရပ်တည်နိုင်ဆဲပါပဲ။”
“အကယ်၍ ကျွန်မတို့ မဟာမိတ်စာချုပ် မချုပ်ဆိုဘူးဆိုရင် အချို့စစ်သည်တွေက တောင်ဘက်ကို ချီတက်လုယက်ဖို့ ဖြစ်လာရင် ဒါဟာ ကျွန်မတို့ နန်းတော်နဲ့ မသက်ဆိုင်တော့ပါဘူး။”
လုချန်းက ပြုံးရယ်ပြီး
“မိဖုရား ရဲလိနန်ရန်။ အကယ်၍ ခင်ဗျားသာ ဒီစစ်သည်တစ်သိန်းကို စွန့်လွှတ်လို့ရတယ်လို့ ယုံကြည်ခဲ့ရင် ကျွန်တော်နဲ့ ညှိနှိုင်းဖို့ ဒီကို လာမှာ မဟုတ်ပါဘူး။”
“မိဖုရားက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုရဲ့ လက်ရှိအခြေအနေကို ကောင်းကောင်းသိထားမှာပါ” ဟု သူက ဆက်ပြောသည်။
“လူအင်အားမရှိရင် ဒီဆောင်းအကုန်မှာ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု ရှိနေဦးမှာလားဆိုတာက မေးခွန်းထုတ်စရာပါပဲ။ အထူးသဖြင့် မြောက်ဘက်မှာ မြောက်ပိုင်းဖရီဘုရင် ရှိနေတဲ့အခါမှာပေါ့။”
“လူနှစ်သိန်းကျော် ရုတ်တရက် ဆုံးရှုံးသွားတာကို မြောက်ပိုင်းဖရီဘုရင် သိသွားရင် သူက ဒီအခွင့်အရေးကို လက်လွတ်မခံဘူးဆိုတာ သေချာပါတယ်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို ဖယ်ရှားပစ်လိုက်ရင် မြောက်ပိုင်းဒေသဟာ မြောက်ပိုင်းဖရီဘုရင်တစ်ဦးတည်းရဲ့ လက်အောက်ခံဖြစ်သွားမှာပါ။ သူတို့အတွက် ဒီလိုမလုပ်စရာ အကြောင်းမရှိပါဘူး။”
လုချန်း၏ စကားကို ကြားလိုက်ပြီးနောက် ရဲလိနန်ရန်၏ လက်များ မထိန်းချုပ်နိုင်အောင် တုန်ယင်သွားသည်။ ထိုစကားကို မျှော်လင့်ထားသော်လည်း သင့်တော်သော အဖြေကို သူမ ဘယ်တော့မှ မတွေးနိုင်ခဲ့ပါ။
သူမလုပ်နိုင်တာက အင်အားရှိဟန်ဆောင်နေရန်သာ ဖြစ်သည်။ ထို့နောက် ရဲလိနန်ရန်က ပြောလိုက်သည်။ “မြောက်ပိုင်းနယ်စားမင်းသား။ ရှင်နည်းနည်းတော့ ရိုးအနေတယ်လို့ မထင်ဘူးလား။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက မြောက်ပိုင်းဒေသမှာ ရာစုနှစ်တစ်ခုကြာ ရှိနေခဲ့ပြီး မျိုးဆက်ပေါင်းများစွာ မွေးဖွားခဲ့ပြီးပြီ။ လူနှစ်သိန်းကျော် ဆုံးရှုံးတာနဲ့ ကျွန်မတို့ကို ဖြုတ်ချနိုင်မယ်လို့ တကယ်ထင်သလား။”
လုချန်းက အေးဆေးစွာ ပြန်ပြောလိုက်သည်။
“မိဖုရား ရဲလိနန်ရန်။ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက အင်အားကောင်းနေဆဲလို့ ဟန်ဆောင်နေဖို့ မလိုတော့ပါဘူး။ ကျွန်တော် မြောက်ပိုင်းမြို့တော်ကို ရောက်တဲ့ ပထမဆုံးနေ့ကတည်းက မိဖုရားရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့တယ်။ မိဖုရားရဲ့ မျိုးနွယ်စုမှာ လူဦးရေ ဘယ်လောက်ရှိလဲ။ မြင်းတွေ၊ နွားတွေ၊ သိုးတွေ ဘယ်လောက်ရှိလဲ၊ ရှနိုင်ငံတော်က ကုန်သည်တွေနဲ့ ဘယ်လိုပေါင်းပြီး အာဏာရှိ မိသားစုတွေ ပြီးတော့မင်းသား လုရှုယွမ်တို့နဲ့ ဘယ်လိုဆက်ဆံနေလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိထားပါတယ်။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများ၏ မျက်နှာများလည်း ရုတ်တရက် ပြောင်းလဲသွားသည်။
သူတို့ မင်းသားလုရှုယွမ် အပါအဝင် ရှနိုင်ငံတော်ရှိ အာဏာရှိ မိသားစုများတို့နှင့် လုပ်ဆောင်ခဲ့သော လျှို့ဝှက်ဆက်ဆံရေးများသည် လွင်ပြင်ဒေသ မျိုးနွယ်စုခေါင်းဆောင်များသာ သိရှိသင့်သည့် လျှို့ဝှက်ချက် ဖြစ်၏။ ယခု မြောက်ပိုင်းနယ်စားမင်းသားက ထိုအရာကို ဖော်ထုတ်လိုက်ခြင်းက ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုအကြောင်း သူနက်နက်နဲနဲ သိရှိထားကြောင်း ဖော်ပြနေသည်။
သို့သော် ထိုသတင်းအချက်အလက်သည် သူတို့၏ အတွင်းသူလျှိုများထံမှ ရရှိခြင်းလား သို့မဟုတ် ရှောင်ပင်တိန်၏ သစ္စာဖောက်မှုကြောင့် ရရှိခြင်းလားဆိုတာကို သူတို့ သေချာမသိရပေ။
သူတို့ ယခုသိထားသော တစ်ခုတည်းသော အချက်မှာ သူတို့ အနေအထားသည် ညှိနှိုင်းဆွေးနွေးရာတွင် အလွန်အမင်း အားနည်းနေပြီဆိုတာဖြစ်သည်။ အပေးအယူ လုပ်နိုင်သည့် အခြေအနေများ မရှိသလောက်ဖြစ်နေသည်။
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ရဲလိနန်ရန်က နှာခေါင်းရှုံ့လိုက်ကာ ဆက်ပြောလိုက်သည်။
“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ကို ရောက်လာကတည်းက ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို ဖျက်ဆီးဖို့ စီစဉ်နေတာလား။”
လုချန်းက ပြန်ဖြေလိုက်သည်။
“ဖျက်ဆီးမယ်။ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဒီလိုရည်ရွယ်ချက် မရှိပါဘူး။”
ထိုစကားကို ကြားလိုက်ရသောအခါ ရဲလိနန်ရန် နားမလည်နိုင် ဖြစ်သွားသည်။ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို ဖျက်ဆီးဖို့ မဟုတ်ရင် ရည်ရွယ်ချက်က ဘာလဲ။
လုချန်းက ဆက်ပြောလိုက်သည်။
“မြောက်ပိုင်းဒေသမှာ မျိုးနွယ်စုတွေ အများကြီးရှိတယ်။ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုတစ်ခုတည်း မဟုတ်ဘူး။ အနောက်ဘက်မှာ ပိုများတဲ့ မျိုးနွယ်စုတွေ ရှိသေးတယ်။ မျိုးနွယ်စုတစ်ခု ဖျက်ဆီးခံရရင်တောင် အခြားလွင်ပြင်ဒေသ မျိုးနွယ်စုတွေက မြောက်ပိုင်းဒေသကို ရွှေ့ပြောင်းလာကြမှာပါ။”
ရဲလိနန်ရန်က ဆက်မေးလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မတို့မျိုးနွယ်စုကို ဖျက်ဆီးဖို့ မရည်ရွယ်ဘူးဆိုရင် ရှင့်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ သိပါရစေ။”
ခြေထောက်များ အနည်းငယ်ကျဉ်လာသဖြင့် လုချန်းက ထရပ်လိုက်ကာ ဝန်နင်းမြစ်ဘက်သို့ ငေးကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောမယ်။ ကျွန်တော့်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုသား တစ်သိန်းထဲက တစ်ယောက်ကိုမှ လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး။”
ထိုစကားကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စု အကြီးအကဲများ ခဏတာမျှ ငေးငိုင်သွားကြသည်။ ရဲလိနန်ရန်၏ မျက်နှာသည်လည်း အနည်းငယ် ဖြူလျော်သွားသည်။ ဤသည်မှာ သူမ မျှော်လင့်ထားသော အဆိုးဆုံးရလဒ်ဖြစ်သည်။
သူတို့ပြောနေကြသည်က လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သား အရေအတွက် ပမာဏ တစ်သိန်း ဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုကို ဖျက်ဆီးရန် ထို့ကဲ့သို့ မဟာအခွင့်အရေးကို မြောက်ပိုင်းနယ်စားမင်းသားကဲ့သို့ လိမ္မာပါးနပ်သူတစ်ယောက်က လက်လွတ်ခံမည် မဟုတ်ပေ။
ထိုအချိန်တွင် ရဲလိနန်ရန်က ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မတို့လူတွေကို လွှတ်ပေးဖို့ မရည်ရွယ်ဘူးဆိုရင် ဒါဆို ဘာလို့ ညှိနှိုင်းဆွေးနွေးဖို့ သဘောတူတာလဲ။ မြောက်ပိုင်းနယ်စားမင်းသားက ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်မတို့ကိုပါ ရှင်းလင်းပစ်ဖို့ ရည်ရွယ်နေတာလား။”
ထိုဖြစ်နိုင်ချေကို စဉ်းစားမိသဖြင့် ရဲလိနန်ရန်သည် အစကတည်းက လွင်ပြင်ဒေသ မျိုးနွယ်စု၏ မြင်းတပ်သားများကို ခပ်ဝေးဝေးနေရာတွင် စောင့်ဆိုင်းခိုင်းထားခဲ့သည်။ ယခုလိုမျိုး ညှိနှိုင်းဆွေးနွေးမှုများတွင် နှစ်ဖက်စလုံးမှ လူအနည်းငယ်သာ ခေါ်လာမည်ဆိုသည်က ဖြစ်နိုင်ခြေမရှိပေ။
ရဲလိနန်ရန်၏ စကားဆုံးသွား ပြီးနောက် အခြေအနေက အလွန်တင်းမာလာသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု၏ စစ်သားများသည် ဓားများကို တင်းတင်းကျပ်ကျပ် ကိုင်ထားကြပြီး အနက်ရောင် မြင်းတပ်သားများသည်လည်း တစ်ချက်အမိန့်ရသည်နှင့် ချီတက်တိုက်ခိုက်ရန် အသင့်ရှိနေကြသည်။
........
အခန်း( ၁၄၇ )
ကျွန်တော့်အနားမှာ ဓားစာခံအဖြစ် နေရမယ် (၁)
လုချန်းသည် သူ့ပတ်ဝန်းကျင်ရှိ တင်းမာနေသော အခြေအနေကို လုံးဝဂရုမစိုက်ပဲ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဝန်နင်းမြစ်ကို ငေးကြည့်နေသည်။ ထို့နောက်သူက
“မိဖုရား ရဲလိန်ရန်။ ကျွန်တော်မှာ မေးခွန်းတစ်ခု ရှိပါတယ်။ ခင်ဗျားတို့ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရခြင်းရဲ့ပင်မ အကြောင်းရင်းက ဘာလဲ။”
လုချန်း၏ မေးခွန်းကို ရုတ်တရက် ကြားလိုက်ရသောအခါ ရဲလိန်ရန်သည် ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည်။ ယခုလို အချိန်တွင် ဒီမေးခွန်းမျိုးကို မေးနေခြင်းက အဓိပ္ပာယ်မရှိပေ။ သူမသည် သူမထက် ဆယ်စုနှစ်တစ်ခုကျော် ငယ်ရွယ်သော လူငယ်၏ အတွေးကို ဘယ်လိုမှ မှန်းဆ၍ မရနိုင် ဖြစ်နေသည်။
သို့သော် ရဲလိန်ရန်သည် နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။
“မြောက်ပိုင်းမြို့တော်က တောင်တန်းတွေဝန်းရံထားပြီး မြောက်ဘက်လေကို တားဆီးပေးတယ်။ မြစ်ချောင်း အင်းအိုင်တွေပေါတဲ့ နေရာကောင်းတစ်ခုဖြစ်တယ်။ ရှနိုင်ငံတော်က မြောက်ပိုင်းဒေသကို လျစ်လျူရှုထားသည့်အတွက် ကျွန်မတို့က ယူလိုက်ရင် ဘာမှမဖြစ်ပါဘူး” ဟု ပြန်ဖြေလိုက်သည်။
လုချန်းက အေးဆေးတည်ငြိမ်သော မျက်နှာဖြင့်
“ခင်ဗျားရဲ့အဖြေက မပြည့်စုံဘူး။ ခင်ဗျားက မြောက်ပိုင်းမြို့တော်ကို မြေနေရာအတွက် တိုက်ခိုက်တယ်လို့ ပြောနေသလိုပဲ” ဟု ပြောလိုက်သည်။
ဒါက…
လုချန်းက ထိုသို့ပြောသောအခါ မျိုးနွယ်စုမှ အကြီးအကဲအချို့လည်း ရှုပ်ထွေးသွားကြသည်။ သူတို့သည် မြေနေရာအတွက် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်နေခြင်း မဟုတ်ပါလား။ မြောက်ပိုင်းနယ်စားမင်းသားက သူတို့၏ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်သည် တစ်နည်းနည်းနှင့် ပြောင်းလဲသွားသည်ဟု ဘာ့ကြောင့်ပြောနေရတာလဲ။
ထိုအချိန်တွင် ရဲလိန်ရန်က
“အိုး။ ဒါဆို မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မတို့ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို ဘယ်လိုထင်ပါသလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“ခင်ဗျားတို့ဟာ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပတ်ဝန်းကျင်အတွက်၊ ရှနိုင်ငံသားတွေ လို သာယာလှပတဲ့ဘဝကို ရရှိဖို့အတွက် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်တာပါ”
ဒါက…
ရဲလိန်ရန် ပြန်လည်ငြင်းဆိုခြင်း မပြုပေ။ အဘယ်ကြောင့်ဆိုသော် လုချန်းပြောတာက မှန်ကန်နေသည်။ ယခင်ကဆိုလျှင် လွင်ပြင်ဒေသမျိုးနွယ်စုများသည် အဓိကအားဖြင့် အစားအစာနှင့် အမျိုးသမီးများအတွက် တောင်ပိုင်းသို့ ဆင်းကာ လုယက်ကြသည်။ သို့သော် ယခုအကြိမ်က ကွဲပြားသည်။ ယခုအကြိမ်တွင် သူတို့သည် ရှနိုင်ငံတော်ကဲ့သို့ လှပသော နိုင်ငံတစ်နိုင်ငံကို တည်ထောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့နောက် လုချန်းက ပြောလိုက်သည်။
“ကျွန်တော်က ခင်ဗျားတို့ရဲ့ ဘဝနေထိုင်မှုကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးတစ်ခု ပေးနိုင်တယ်”
ဟမ်။
ရဲလိန်ရန်သည် လုချန်းထံမှ ထိုမျှော်လင့်မထားသော အဆိုပြုချက်ကို ကြားလိုက်ရသောအခါ ထိုလူငယ်၏ အတွေးများကို လိုက်မှီရန် ခက်ခဲသည်ဟု ခံစားလိုက်ရသည်။
ရဲလိန်ရန်က
“မြောက်ပိုင်းနယ်စားမင်းသားက ဒီလောက် ကြင်နာတတ်မှာလား” ဟု မေးလိုက်သည်။
လုချန်းက ဆက်ပြောသည်
“ကျွန်တော် ကြားတာက မိဖုရား ရဲလိနန်ရန်ရဲ့ ဦးဆောင်မှုအောက်မှာ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဟာ ရှနိုင်ငံတော်ကို အတုယူနေတယ်လို့ သိရတယ်။ လူအတော်များများက ရှားနိုင်ငံတော်က လူတွေရဲ့ နေထိုင်မှုပုံစံတွေကို လိုက်နာလာကြပြီး အများစုက ရှနိုင်ငံတော်ရဲ့ ဘာသာစကားကိုတောင် သင်ယူလာကြပါတယ်။”
“ ရက်ရက်ရောရော တွေးကြည့်ပေးရင်တော့ ခင်ဗျားတို့ဟာ ရှနိုင်ငံတော်ရဲ့ နိုင်ငံသားတွေ ဖြစ်ထိုက်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်မှာ အခြေချ နေထိုင်ခွင့် ပေးပါမယ်။”
သူ၏စကားများသည် ဗုံးပေါက်ကွဲသကဲ့သို့ ဖြစ်သွားသည်။ ရဲလိနန်ရန်၏ အနောက်ရှိ မျိုးနွယ်စုဝင်များလည်း ချက်ချင်း မငြိမ်မသက်ဖြစ်သွားပြီး ဆူဆူညံညံ ဆွေးနွေးမှုများ စတင်လာကြသည်။
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော်တို့ကို မြောက်ပိုင်းမြို့တော်ထဲ ဝင်ခွင့်ပေးမှာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဒါက အလိမ်အညာပဲ။ ကျိန်းသေ အလိမ်အညာပဲ။ သူက ကျွန်တော်တို့ကို တစ်ခါတည်း သုတ်သင်ပစ်ဖို့ အကြံအစည်ရှိနေတာပဲ။”
“မြောက်ပိုင်းနယ်စားမင်းသားက ဒီလောက် ကြင်နာတတ်နိုင်မှာလား။”
“ဟုတ်တယ်။ ကျွန်တော်တို့က မြောက်ပိုင်းမြို့တော်နဲ့ စစ်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။ လူအများကြီး သေဆုံးခဲ့တယ်။ သူက ဒီလောက် ကြင်နာတတ်နိုင်မှာ မဟုတ်ဘူး။”
သူမ၏နောက်ကွယ်ရှိ မျိုးနွယ်စုဝင်များကဲ့သို့ စိတ်လှုပ်ရှား နေခြင်းမရှိပဲ ရဲလိနန်ရန်ကတော့ နက်နက်ရှိုင်းရှိုင်း တွေးတောသွား၏။ အကြာကြီး တိတ်ဆိတ်နေပြီးနောက် ရဲလိနန်ရန်သည် နောက်ဆုံးတွင် စကားပြောလိုက်သည်။
“ရှနိုင်ငံတော်ရဲ့ လူတွေက အခမဲ့နေ့လယ်စာ ဆိုတာ မရှိဘူးလို့ ပြောလေ့ရှိတယ်။ မြောက်ပိုင်းနယ်စားမင်းသားက ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်ထဲ ရွှေ့ပြောင်းခွင့်ပေးတာနဲ့အတူ ဘယ်လိုအခြေအနေတွေ ပါလာမလဲ။”
အခြားအကြံအစည်များ ရှိနိုင်သည့် အလားအလာကို ဘေးဖယ်ထားလိုက်ပြီး ရဲလိနန်ရန်သည် မြောက်ပိုင်းနယ်စားမင်းသား တောင်းဆိုမည့် အခြေအနေများကို အရင်နားထောင်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားသာ သူတောင်းဆိုမည့် အခြေအနေများကို ကြိုတင်စဉ်းစားထားပြီးဖြစ်ပါက ထို တောင်းဆိုချက်များကို နားထောင်ကြည့်ပြီး သူတွင် မည်သည့်လျှို့ဝှက်ရည်ရွယ်ချက်များ ရှိနေသည်ကို သူတို့ ခန့်မှန်း သိရှိနိုင်မည်ဖြစ်သည်။
ရဲလိနန်ရန်၏ မေးခွန်းကို ကြားပြီးနောက် လုချန်းသည် ခေါင်းကို လှည့်ကာ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်ကို ကြည့်ပြီး
“ဟုတ်ပါတယ်။ မိုးပေါ်ကနေ မုန့်တွေအလကား ကျလာတာမျိုးဆိုတာ မရှိပါဘူး။”
“ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်ထဲ ရွှေ့ပြောင်းခွင့်ပေးရင် ကျွန်တော့်မှာ တောင်းဆိုရမယ့် အခြေအနေတချို့ ရှိပါတယ်။”
“ပထမတစ်ခုက ခင်ဗျားနဲ့ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ သမီးတို့နဲ့ သက်ဆိုင်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် နှစ်ဦးစလုံး အံ့အားသင့်သွားပြီး သူတို့၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်များသည် အနည်းငယ် တုန်ယင်သွားကြသည်။ သူတို့သည် သူတို့ကြားနေရသည်ကို မယုံကြည်နိုင်ပဲ လုချန်း၏ မျက်လုံးများကို မယုံကြည်သကဲ့သို့ စိုက်ကြည့်နေကြသည်။
စိတ်ငြိမ်သက်မှုကို ပြန်လည်ရရှိပြီးနောက် ရဲလိနန်ရန်က
“မြောက်ပိုင်းနယ်စားမင်းသားက ပြက်လုံးထုတ်နေတာလား” ဟု ပြုံးရယ်ကာ မေးလိုက်သည်။
လုချန်းက
“ကျွန်တော် ဘယ်လိုလူစားမျိုးလဲဆိုတာ မိဖုရား ရဲလိနန်ရန် ကောင်းကောင်းသိပါတယ်။ ကျွန်တော်က မိန်းမလှတွေကို ကြိုက်နှစ်သက်တယ်။ ဒါက အားလုံး အသိအမှတ်ပြုထားတဲ့ အချက်ပါ။ ကျေးဇူးတင်စရာကောင်းတာက မိဖုရား ရဲလိနန်ရန်နဲ့ ခင်ဗျားဘေးက ကောင်မလေးကလည်း ကျွန်တော့်စိတ်ကြိုက်ပါပဲ” ဟု ပြောလိုက်သည်။
“တကယ်တော့ ဒါက အရေးအကြီးဆုံးအချက် မဟုတ်သေးပါဘူး။ အရေးအကြီးဆုံးအချက်က မိဖုရားက ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မိဖုရားဖြစ်ပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုအတွင်းမှာ ဩဇာကြီးမားသူ ဖြစ်ပါတယ်။ မိဖုရားဟာ မျိုးနွယ်စုအတွက် အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ကျွန်တော်နဲ့အတူ ဓားစာခံအဖြစ် နေဖို့လိုပါတယ်။”
လုချန်း စကားပြောပြီးသည်နှင့် တပြိုင်နက် ရဲလိနန်ရန်၏ နောက်က အကြီးအကဲများက ကန့်ကွက်လာကြသည်။
“မိဖုရား လုံးဝမသဘောတူပါနဲ့။”
“ဟုတ်ပါတယ် မိဖုရား။ မိဖုရား မျိုးနွယ်စုထဲမှာ မရှိရင် ကျွန်တော်တို့ မျိုးနွယ်စုဟာ တကယ်ပဲ ပျက်စီးသွားမှာပါ။”
“မိဖုရား။ မြောက်ပိုင်းမင်းသားရဲ့ လှည့်ကွက်ကို မယုံပါနဲ့။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာပါ။”
ရဲလိနန်ရန်၏ အရေးပါမှုက ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု ယခုလို ဖွံ့ဖြိုးတိုးတက်လာခြင်းက ရဲလိနန်ရန်နှင့် မကင်းပါ။ သို့သော် မြောက်ပိုင်းမြို့တော်တွင် လွင်ပြင်ဒေသ စစ်သည်သုံးသိန်း ရှုံးနိမ့်ခဲ့ရခြင်းသည်လည်း သူမ၏ ဆုံးဖြတ်ချက်များနှင့် များစွာသက်ဆိုင်နေသည်။
သို့သော် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ လူများသည် ရဲလိနန်ရန်ကို အပြစ်တင်ရန် ရည်ရွယ်ချက်မရှိပါ။ အပြစ်တင်ခံရမည့်အစား ရဲလိနန်ရန်သည် သူတို့အတွက် ပို၍ပင် အရေးပါလာခဲ့သည်။ သူမသည် သူတို့ မျိုးနွယ်စုတစ်ခုလုံး၏ မျှော်လင့်ချက်ဖြစ်သည်။
အကယ်၍ ရဲလိနန်ရန် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ ထွက်ခွာသွားပြီး သူတို့ စစ်တပ်ရှုံးနိမ့်ကြောင်း အခြားမျိုးနွယ်စုသားများ သိသွားပါက မျိုးနွယ်စုတစ်ခုလုံး၏ စိတ်ဓာတ်သည် ပြိုလဲသွားမည်ဖြစ်ပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုလည်း ကြာရှည်မတည်တံ့နိုင်တော့ပါ။
ရဲလိနန်ရန်က သူမ၏ အနောက်မှ အကြီးအကဲများ၏ စကားကို နားမထောင်ပဲ လုချန်းစကား၏ အဓိပ္ပာယ်ကို စဉ်းစားနေသည်။
ခဏကြာပြီးနောက် ရဲလိနန်ရန်က စကားစပြုလိုက်သည်။
“ပထမအချက်ကလွဲရင် အခြားစည်းကမ်းချက်တွေက ဘာတွေရှိလဲဆိုတာ သိချင်ပါတယ်။”
.......