အခန်း ၁၅၄-၁၅၆
Vol. 11 Ch. 154-156
အခန်း (၁၅၄)
နိုင်ငံတော် ပညာရှိကြီး မြောက်ပိုင်းမြို့တော်သို့ ဘာကြောင့်ရောက်လာပါသလဲ (၃)
ထိုအတောအတွင်း
မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင်
မင်းသားစံအိမ်သို့ ပြန်ရောက်ပြီးနောက် လုချန်းသည် သူ၏ ဇနီးများနှင့် အချိန်ဖြုန်းရန် အလျင်လိုခြင်း မရှိပဲ အပြင်အဆောင်ထဲရှိ သစ်သားခုံ တစ်ခုတွင် ထိုင်ကာ အထူးကိုယ်ရံတော်များမှ မကြာသေးမီက ရေးဆွဲထားပြီးသည့် မြောက်ပိုင်းဒေသ၏ မြေပုံအသစ်ကို အာရုံစိုက်လျက် လေ့လာနေသည်။
သူသည် မြောက်ပိုင်းဒေသကို သူ၏ နယ်မြေအဖြစ် လုံးဝ ပြောင်းလဲရန် ရည်ရွယ်ထားသည့်အတွက် မြောက်ပိုင်းဒေသ၏ နယ်နိမိတ်နှင့် မြေမျက်နှာသွင်ပြင်ကို နားလည်ရန် လိုအပ်သည်။
ထိုအချိန်တွင် ပါးပြင်နီရဲနေသည့် အစေခံမိန်းကလေးတစ်ဦး အပြင်အဆောင်ထဲသို့ ဝင်လာပြီး
“မင်းသား။ ဆံပင်ဖြူဖြူနဲ့ လူကြီးတစ်ယောက် စံအိမ်တံခါးဝမှာ ရောက်နေပါတယ်။ သူက မင်းသားကို တွေ့ချင်တယ်လို့ ပြောပါတယ်” ဟု လျှောက်ထားသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်းမှာ ခဏမျှ အံ့သြသွားသည်။
“ဆံဖြူလူကြီးတစ်ဦး ဟုတ်လား။ သူတစ်ယောက်တည်းလား။”
ပုံမှန်အားဖြင့် လုချန်းသည် လူတိုင်းကအလွယ်တကူ တွေ့ဆုံနိုင်သည့် သူမဟုတ်ပေ။
လုချန်းသာ စံအိမ်တံခါးဝတွင် ရောက်လာနေသည့် လူတိုင်းကို ကိုယ်တိုင် ကြိုဆိုနေရမည်ဆိုပါက တစ်နေ့လုံး လူတွေကို ကြိုဆိုခြင်းဖြင့် အချိန်ကုန်သွားမည်ဖြစ်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်သုံးသိန်းကို အနိုင်ရပြီးကတည်းက စံအိမ်သို့ လက်ဆောင်များ ယူဆောင်လာပြီး သူ့ကို တွေ့ဆုံခွင့်ရရန် ကြိုးစားနေသူများ အမြဲရှိနေသည်။ ထိုသူများထဲတွင် ရှနိုင်ငံတော်မှ အာဏာရှိသူများ ပါဝင်သည်။
ဥပမာ - အာဏာရှိ မိသားစုများ၏ အဖွဲ့ဝင်များ သို့မဟုတ် အချို့သော နယ်စားများ၏ သံတမန်များဖြစ်သည်။
သို့သော် လုချန်းသည် ထိုသူများကို အခြေအနေအရ လျစ်လျူရှုထားသည်။ သူသည် လက်ဆောင်များကို လက်ခံနိုင်သော်လည်း လက်ဆောင်ယူဆောင်လာသူများနှင့် တွေ့ဆုံရန် မလိုအပ်ပေ။ သူ့အားမြောက်ပင့် မျက်နှာလုပ်မည့်သူများအတွက် အချိန်မရှိပေ။
တစ်စုံတစ်ယောက်က သူ့ကို ရှာနေသည်ဟု ကြားလိုက်ရသည့်အခါ လုချန်း၏ ပထမဆုံး အတွေးမှာ အာဏာရှိသူတစ်ဦးက သူ့ကို မြှောက်ပင့်စည်းရုံးရန် လူစေလိုက်ပြန်ပြီဟူ၍ ဖြစ်သည်။ သို့သော် သူ၏ အာရုံက
“ဆံဖြူနဲ့လူကြီး” ဆိုသည့် စကားလုံးပေါ်သို့ ရောက်သွားသည်။
အာဏာရှိသူတစ်ဦးက လက်ဆောင်ယူဆောင်လာပေးရန် သို့မဟုတ် သူ့အားစည်းရုံးရန် လူလွှတ်လိုက်ပါက လူအိုတစ်ဦးကို စေလွှတ်မည် မဟုတ်ပေ။
ထို့နောက် အစေခံမိန်းကလေးက
“ဟုတ်ကဲ့။ သူတစ်ယောက်တည်းပါ” ဟု ပြန်ပြောလိုက်သည်။
လုချန်းက ဆက်မေးလိုက်သည်။
“သူ့မှာ တံဆိပ်တစ်ခုခု ယူလာတာမျိုး မရှိဘူးလား။”
သာမန်လူတစ်ဦးသည် တံဆိပ်မပါဘဲ သို့မဟုတ် သူ၏ ကိုယ်ပိုင်အမှတ်အသားနှင့် ရည်ရွယ်ချက်ကို ဖော်ပြခြင်းမရှိပဲ စံအိမ်သို့ လာပါက စံအိမ်မှ အစေခံများက လုချန်းထံ အကြောင်းမကြားဘဲ ပြန်လွှတ်လိုက်မည်သာ ဖြစ်သည်။
အစေခံမိန်းကလေးက “မရှိပါဘူး” ဟု ဖြေလိုက်သည်။
ထိုအချိန်တွင် အစေခံ မိန်းကလေးသည် သူမ၏အမှားကို ရုတ်တရက်သိလိုက်ရပြီး “မင်းသား။ကျွန်မကို ဒီကိုလာပြီး အစီရင်ခံခိုင်းတာက တပ်မှူးပိုင်ချင်းချင်းပါ” ဟု အလျင်အမြန် ဖြည့်စွက်ပြောလိုက်သည်။
အသစ်ရောက်ရှိလာသော အစေခံ မိန်းက လေးသည် အတွေ့အကြုံ မပြည့်ဝသေးသူဖြစ်၏။ သာမန်လူများက မင်းသားကို မြင် တွေ့ခွင့်မရှိကြောင်း ယခုမှ သူမသတိရလိုက်သဖြင့် ပိုင်ချင်းချင်းက သူမအား အစီရင်ခံရန် စေလွှတ်ခဲ့ကြောင်း မြန်မြန် ပြောပြလိုက်သည်။
ပိုင်ချင်းချင်း၏ ရာထူးကို ဖယ်ရှားခြင်းမပြုရသေးပေ။ သူမသည် အတွင်းဆောင် လုံခြုံရေးမှူး ဖြစ်နေဆဲဖြစ်သော်လည်း အတွင်းဆောင်ကိစ္စများကို နေ့စဉ်စီမံခန့်ခွဲမှု မပြုတော့ပေ။
ပိုင်ချင်းချင်းက သူမအား စေလွှတ်ခဲ့ကြောင်း ပြောသည်ကို ကြားလိုက်ရသည်နှင့်ဧည့်သည်သည် သာမန်လူမဟုတ်ကြောင်း လုချန်း ချက်ချင်းနားလည်လိုက်သည်။ သာမန်လူဖြစ်ပါက ပိုင်ချင်းချင်းက အစေခံ မိန်းက လေးအား သူ့ထံသို့ အစီရင်ခံရန် လွှတ်လိုက်မည်မဟုတ်ပေ။
သူ့ရှေ့တွင်ရှိသော အစေခံအမျိုးသမီးငယ်လေးကို ကြည့်လိုက်ပြီး လုချန်းက
“သူ့ကို ငါ့ဆီခေါ်လာခဲ့”
ဟု ပြောလိုက်သည်။
အစေခံ မိန်းကလေးက
“ဟုတ်ကဲ့ မင်းသား” ဟု ချက်ချင်းပြန်ပြောလိုက်သည်။
ထို့နောက် သူမသည် မြန်မြန်လှည့်ထွက်သွားလိုက်သည်။
အစေခံ မိန်းကလေး ထွက်သွားတာကို ကြည့်ရင်း လုချန်းသည် စဉ်းစားလိုက်မိသည်။ နေပြည်တော်တွင် ရှိစဉ်က သူ၏နေအိမ်တွင် အစေခံ မိန်းကလေး အနည်းငယ်သာရှိခဲ့သည်။
ယခုတွင် သူ၏နေအိမ်တွင် အစေခံ မိန်းမ ယောင်္ကျားများ မရေမတွက်နိုင်အောင် ရှိနေပြီဖြစ်သည်။ လူတစ်ဦး၏ ရာထူးမြင့်တက်လာသည်နှင့်အမျှ အရာရာသည် ရယူရလွယ်ကူလာသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစေခံ အမျိုးသမီးငယ်လေးသည် အသစ်ရောက်ရှိလာသူဖြစ်ပြီး သာမန်လူတန်းစားမှ လာသူမဟုတ်ပေ။
မကြာသေးမီက မိသားစုများစွာသည် အစေခံအမျိုးသမီးများကို မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ပို့လာကြပြီး သူ၏အိပ်ရာထဲသို့ ရောက်အောင်ကြိုးစားနေကြသည်။
သို့သော် သူ၏အိပ်ရာက အလွယ်တကူတက်ရောက်နိုင်သည့်နေရာမဟုတ်ပါ။ သူ၏မိဖုရားနှင့် သေချာစွာပြောဆိုရန် လိုအပ်နေသည်။ ထို့ကြောင့် ယခုမှစ၍ မည်သည့်အစေခံအမျိုးသမီးကိုမျှ လက်ခံခြင်း မပြုသင့်တော့ပေ။
ထိုအစေခံအမျိုးသမီးများ၏ ရမှတ်က ကိုးဆယ်ရှိမရှိကို ထည့်မတွက်လျှင်တောင် သူတို့၏ ရိုးသားနေသည့် အသွင်အပြင်ကို ကြည့်လိုက်သည်နှင့် လုချန်း လုံးဝစိတ်မဝင်စားတော့ပေ။ ချူးယုချင်နှင့် ရဲလိနန်ရန်တို့ ကဲ့သို့သော ရင့်ကျက်သည့်အလှမျိုးကို သူပိုနှစ်သက်သည်။
.......
အခန်း( ၁၅၅ )
ဘယ်လောက်တောင်ကြီးတဲ့ မုန့်ကြီးလဲ
လုချန်းသည် အပြင်ဆောင်ထဲတွင် စောင့်ဆိုင်းနေစဉ် ဖျင်ကြမ်းအဝတ်အစားများကို ဝတ်ဆင်ထားသော ဆံပင်ဖြူနေသော လူကြီးတစ်ဦး အစေခံမိန်းကလေးတစ်ဦးနောက်မှ အဆောင်ထဲသို့ ဝင်ရောက်လာသည်။ ဆံဖြူလူကြီးကို မြင်လိုက်ရသောအခါ လုချန်းသည် ခဏမျှ အံဩသွားသည်။
ထိုလူကြီးသည် သာမန်လူတန်းစားတစ်ဦးနှင့် တူနေပြီး အထူးအဆင့်အတန်းရှိသူတစ်ဦးဟု မထင်ရပေ။ သို့သော် လုချန်းသည် အရူးတစ်ယောက် မဟုတ်ပေ။ ပိုင်ချင်းချင်းက အစေခံမိန်းကလေးကို စေလွှတ်၍ ထိုလူကြီး၏ ရောက်ရှိလာမှုကို အသိပေးခဲ့သည်။ ထိုလူကြီးသည် သာမန်မဟုတ်ကြောင်း ထင်ရှားနေသည်။
ထို့နောက် လုချန်းသည် သူ၏ စနစ်ကို အသုံးပြု၍ လူကြီး၏ အချက်အလက်ကို စစ်ဆေးလိုက်သည်။
[အမည် - စစ်တူစီ]
[အဆင့်အတန်း - ရှနိုင်ငံတော်၏ နိုင်ငံတော် ပညာရှိ၊ နိုင်ငံတော်၏ ထောက်တိုင်တစ်ခု၊ လက်ရှိတွင် မြောက်ပိုင်းမြို့တော်တွင် ရောက်နေပြီး မြောက်ပိုင်းနယ်စားမင်းသားကို စမ်းသပ်ရန်နှင့် ဆွမ်ဧကရာဇ်ထံမှ သတင်းစကားကို ပို့ဆောင်ရန်]
[စွမ်းအား - ထိပ်သီးပညာရှင်]
[သစ္စာစောင့်သိမှု - ၅၀]
စနစ်မှ မိတ်ဆက်ချက်ကို မြင်လိုက်ရသောအခါ လုချန်းသည် မျက်ခုံးတွန့်သွားသည်။
နိုင်ငံတော် ပညာရှိ
နိုင်ငံတော်၏ ထောက်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံတော် ပညာရှိတစ်ဦးသည် နေပြည်တော်တွင် အေးချမ်းစွာ နေထိုင်ရမည့်အစား မြောက်ပိုင်းမြို့တော်တွင် လှည့်လည်သွားလာနေခြင်းမှာ အဘယ်ကြောင့်နည်း။
ထိုအချိန်တွင် စစ်တူစီက လုချန်းကို စပြောလိုက်သည်။
“ မင်းသားကို ဂါရဝပြုပါတယ်။ မင်းသားနှစ် ထောင်ပေါင်းများစွာ အသက်ရှည်စွာဖြင့် စိုးစံနိုင်ပါစေ။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည် ပြုံးရယ်လျက် ပြန်ပြောလိုက်သည်။
“နိုင်ငံတော်ပညာရှိကြီးက ဘာကြောင့် မြောက်ပိုင်းမြို့တော်မှာ သာမန်လူတစ် ယောက်လို လှည့်လည် သွားလာနေတာပါလဲ။ ကျွန်တော်က ခင်ဗျားကို မမှတ်မိနိုင်ဘူးလို့ ထင်နေတာလား။”
လုချန်းက သူ့ကို တစ်ချက်ကြည့်တာနဲ့ မှတ်မိသွားသည်ကို မြင်လိုက်ရသောအခါ စစ်တူစီသည် အနည်းငယ် အံ့အားသင့်သွားသည်။ ဆွမ်ဧကရာဇ်၏ မင်းသားများအနက် လုချန်းမှလွဲ၍ အခြားမင်းသားများသည် သူ့ကို မမြင်ဖူးကြသဖြင့် သဘောတရားအရ မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို နိုင်ငံတော် ပညာရှိဖြစ်ကြောင်း မသိသင့်ပေ။
စစ်တူစီက ပြုံးလိုက်ပြီး ထပ်မေးလိုက်သည်။
“မင်းသားက ကျွန်တော့်ကို ဘယ်လိုမှတ်မိသွားတာလဲ။”
လုချန်းက အေးဆေးစွာဖြင့် ပြန်ပြောလိုက်သည်။
“ခင်ဗျားက ခင်ဗျားရဲ့တည်ရှိမှုကို ဖုံးကွယ်ထားပေမယ့် ကျွန်တော်ကတော့ မာန်လည်းမရှိ နှိမ့်လည်းမနှိမ့်ချတဲ့ ပညာရှင် တစ်ယောက်ကို ပိုပြီးသတိထားတယ်။ ဒီလိုလူမျိုးဟာ ရှနိုင်ငံတော်တစ်ခုလုံးမှာ ခင်ဗျားတစ်ယောက်တည်းပဲ ရှိတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ စစ်တူစီသည် တစ်ဖန် အံ့အားသင့်သွားပြန်သည်။
ပညာရှင်။မြောက်ပိုင်းနယ်စားမင်းသား ပညာရှင်အဆင့်ကို ရောက်သွားပြီလား။
ဒါ ဘယ်လိုဖြစ်နိုင်မလဲ။
သူသည် မှတ်မိသည်။ မြောက်ပိုင်းနယ်စားမင်းသား နေပြည်တော်မှ ထွက်ခွာစဉ်က သူ့တွင် အတွင်းအား လုံးဝမရှိပဲ သာမန်လူတစ်ဦးသာ ဖြစ်ခဲ့သည်။
နိုင်ငံရေးလှည့်ကွက်များတွင် ပါဝင်နေသော လူတစ်ဦးသည် သူ၏အတွေးများကို ဖုံးကွယ်ထားနိုင်သော်လည်း သိုင်းပညာကမူ မတူညီပါ။ အတွင်းအားရှိသူ သို့မဟုတ် သိုင်းပညာကို လေ့ကျင့်ထားသူတစ်ဦးကို အခြားသူများက သိမြင်နိုင်ရန် လွယ်ကူသည်။
အထူးသဖြင့် သိုင်းပညာရှင်တစ်ဦးသည် သူ့ထက် အဆင့်မြင့်သော ပညာရှင်တစ်ဦးရှေ့တွင် သူ၏စွမ်းအားအမှန်ကို ဖုံးကွယ်ရန် ခက်ခဲသည်။ သူနားကြားမှားခဲ့သလားဟု သံသယဝင်နေစဉ် လုချန်းမှ ထွက်ပေါ်လာသော သိုင်းပညာစွမ်းအားကို စစ်တူစီသည် သတိထားမိလိုက်သည်။
လုချန်းပေါ်ရှိ သိုင်းပညာစွမ်းအားသည် အလွန်ပါးလွှာနေသည်။ သာမန်လူတစ်ဦး သို့မဟုတ် လုချန်းနှင့် တူညီသော အဆင့်ရှိသူတစ်ဦးသည် လုချန်း၏ အဆင့်ကို သတိထားမိမည် မဟုတ်ပေ။
သို့သော် စစ်တူစီမှာမူ ကွဲပြားသည်။ သူသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်။ လုချန်းသည် သူ၏ အငွေ့အသက်နှင့် အတွင်းအားကို ဝှက်ထားပြီး ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း စစ်တူစီကမူ သတိထားမိမည်သာ ဖြစ်သည်။
ထို့ကြောင့် လုချန်းက သူပညာရှင်တစ်ဦးဖြစ်ကြောင်း ချက်ချင်းပင် ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ ထိပ်သီးပညာရှင် စစ်တူစီ၏ ရှေ့တွင် ဖုံးကွယ်စရာမလိုပေ။ ထို့အပြင် ထိပ်သီးပညာရှင်တစ်ဦးရှေ့တွင် သူ၏စွမ်းအားကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
စစ်တူစီသည် ချက်ချင်းပင် စိတ်ငြိမ်သက်မှုကို ပြန်လည်ရရှိသွားပြီး
“လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်းကို အနိုင်ယူခဲ့တဲ့ မြောက်ပိုင်းနယ်စားမင်းသား ဖြစ်ဖို့ ထိုက်တန်ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာပဲ ပညာရှင်အဆင့်ကို ရောက်ရှိနိုင်ခဲ့တယ်။ မကြာခင်မှာ ရှနိုင်ငံတော်မှာ တန်ခိုးရှင်တစ်ဦး ပေါ်ထွန်းလာမယ်လို့ ထင်ရပါတယ်” ဟု ချီးကျူးလိုက်သည်။
လွန်ခဲ့သော နှစ်နာရိီခန့်က စစ်တူစီသည် မြို့တံခါးဝတွင် ရပ်နေစဉ် မြောက်ပိုင်းနယ်စားမင်းသား၏ ကိုယ်ပိုင်စွမ်းအားက သူရဲ့ ရည်မှန်းချက်ကို ထောက်ပံ့နိုင်ပါ့မလားဟု မေးခွန်းထုတ်နေခဲ့သည်။
ဟုတ်ပါသည်။ သူထည့်သွင်းစဉ်းစားခဲ့သည့် ‘စွမ်းအား’ ဆိုသည်မှာ မြောက်ပိုင်းမြို့တော် တစ်ခုလုံး၏ စစ်အင်အားနှင့် မြောက်ပိုင်းနယ်စားမင်းသား၏ ကိုယ်ပိုင်စွမ်းအား နှစ်ခုလုံးဖြစ်သည်။
ယခုတွင် မြောက်ပိုင်းနယ်စားမင်းသားက ပညာရှင်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရှိသွားသောအခါ မြောက်ပိုင်းနယ်စားမင်းသား၏ မြောက်ပိုင်းဒေသကို သူပိုင်နယ်မြေအဖြစ် ရည်ရွယ်ထားရဲသည့် ယုံကြည်မှုကို စစ်တူစီချက်ချင်းပင် နားလည်သွားခဲ့သည်။
အသက် ၁၇ နှစ်အရွယ် ပညာရှင်တစ်ဦး။
ဒါက လောကတွင်တွင် ရှားပါးသော အဖြစ်အပျက်တစ်ခုဖြစ်သည်။ ပိုမိုတိကျစွာပြောရလျှင် မည်သည့်အခါကမှ မဖြစ်ပွားခဲ့ဖူးပါ။ အသက် ၂၀ မတိုင်မီ ပညာရှင်ဖြစ်လာသော သိုင်းပညာရှင် တစ်ဦးတစ်လေမှ မရှိခဲ့ပေ။ အနည်းဆုံး လူသိရှင်ကြားတော့ မရှိခဲ့ပေ။
အသက် ၁၇ နှစ်အရွယ်တွင် ပညာရှင်ဖြစ်လာခြင်းသည် မြောက်ပိုင်းနယ်စားမင်းသားတွင် အလွန်ထိတ်လန့်ဖွယ်ကောင်းသော သိုင်းပညာစွမ်းရည် ရှိကြောင်း ဖော်ပြနေသည်။ သူ၏ အဆင့်တက်လာသည့်နှုန်းကို ကြည့်ခြင်းအားဖြင့် သူသည် အသက် ၂၅ နှစ်မတိုင်မီ ထိပ်သီးပညာရှင် ဖြစ်လာနိုင်သည်။ သူသည် သိုင်းပညာလောကတွင် တန်ခိုးရှင်အဆင့်ဖြစ်လာနိုင်သည့် အလားအလာ ရှိသည်။
ဒါက စစ်တူစီ အမြဲအထင်ကြီးထားသည့် ဆွမ်ဧကရာဇ်၏ သိုင်းပညာစွမ်းရည်ထက် ပိုမိုထိတ်လန့်ဖွယ်ကောင်းသည်။ စစ်တူစီသည် ဆွမ်ဧကရာဇ်ကို သူမြင်ဖူးသမျှထဲတွင် အတော်ဆုံး သိုင်းပညာရှင်ဟု ယုံကြည်ထားသော်လည်း ဆွမ်ဧကရာဇ်၏သားသည် သူ့ထက် ပိုတော်လာမည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
သတိပြုရမည့်အချက်မှာ မြောက်ပိုင်းနယ်စားမင်းသား နေပြည်တော်တွင် ရှိနေစဉ်က သူသိုင်းပညာ လေ့လာနေသည်ကို မည်သူမှ မသိခဲ့ကြခြင်းဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် နေပြည်တော်တွင် သိုင်းပညာကို မလေ့ကျင့်ခဲ့ပဲ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးမှသာ သိုင်းပညာကို စတင်လေ့လာခဲ့ပါက သူသည် သိုင်းလောကတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း တွေ့ခဲ့ရသည့် အတော်ဆုံး သိုင်းပညာရှင်ဖြစ်သည်ဟု ဆိုနိုင်သည်။
သူ့ကို “ပါရမီရှင်” ဟုသာ ရိုးရိုးသတ်မှတ်လို့မရပေ။
သူသည် အံ့ဖွယ်ပါရမီရှင်တစ်ဦးဖြစ်သည်။
စစ်တူစီ၏ စကားကို ကြားလိုက်ရပြီးနောက် လုချန်းက
“နိုင်ငံတော် ပညာရှိကြီးက မြောက်ပိုင်းမြို့တော်အထိ ခရီးဝေးနှင် လာခဲ့တာဟာ ကျွန်တော့်ကို ချီးကျူးဖို့ သက်သက်တော့ မဟုတ်ဘူးထင်ပါတယ်” ဟု ပြုံးရင်း ပြန်ပြောလိုက်သည်။
“နိုင်ငံတော် ပညာရှိကြီး တစ်ခုခု ပြောချင်တယ်ဆိုရင် တိုက်ရိုက်ပြောပါ” ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် စစ်တူစီက
“တရားဝင်ကိစ္စများကို မဆွေးနွေးခင် မင်းသားလက်ရှိ ကမ္ဘာ့အခြေအနေကို ဘယ်လိုမြင်လဲဆိုတာကို သိလိုပါတယ်”
ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် စစ်တူစီက သူ့ကို စမ်းသပ်နေကြောင်း လုချန်း ချက်ချင်းသိလိုက်သည်။ စစ်တူစီသည် နိုင်ငံတော် ပညာရှိ ဖြစ်ပြီး ရှနိုင်ငံတော်၏ အားကိုးအားထားပြုရာလည်းဖြစ်သည်။ ဆွမ်ဧကရာဇ်ပင် သူ့ကို အလေးအမြတ်ထားသည်။
သူ့မှာ မည်သည့်မင်းသားကိုမဆို စမ်းသပ်နိုင်သည့် အရည်အချင်းရှိသည်။
လုချန်းက
“နိုင်ငံတော် ပညာရှိ ဆိုလိုတဲ့ ‘ကမ္ဘာ’ ဆိုတာ ရှနိုင်ငံတော်ကိုသာ ဆိုလိုတာပါလား။ ဒါမှမဟုတ် အခြားနိုင်ငံတွေကိုပါ ထည့်သွင်းဆိုလိုပါသလား”
ဟု ပြန်လည်မေးလိုက်သည်။
ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် စစ်တူစီ၏ အတွေးများ ခဏရပ်တန့်သွားသည်။ သူဆိုလိုသည်မှာ ရှနိုင်ငံတော်ကိုသာဖြစ်သည်။ မည်သူမှ သူ၏မေးခွန်းကို ရှနိုင်ငံအပြင်သို့ထွက်ပြီး စဉ်းစားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ရှနိုင်ငံမှ လူတွေက “ကမ္ဘာ” ဟုပြောလိုက်လျှင် ရှနိုင်ငံတော်ကိုသာ ဆိုလိုလေ့ရှိပြီး အခြားမင်းဆက်များ သို့မဟုတ် နိုင်ငံများကို မဆိုလိုပေ။
ခဏကြာပြီးနောက် စစ်တူစီက
“မင်းသားက ကမ္ဘာပေါ်က မင်းဆက်နှင့် နိုင်ငံအားလုံးပေါင်းစပ်ထားတာကို ‘ကမ္ဘာ’ လို့ထင်ပါသလား”
ဟု ဆက်လက်မေးလိုက်သည်။
စစ်တူစီ၏ ထိုမေးခွန်းကို ကြားလိုက်ရပြီး လုချန်းသည် အနည်းငယ်အံ့အားသင့်သွားသည်။
ရှနိုင်ငံတော်ရှိ လူတိုင်းက ‘ကမ္ဘာ’ ဆိုသည်မှာ “ရှနိုင်ငံတော်” ကိုသာ ဆိုလိုသည်ဟု ဘာကြောင့်ထင်ကြတာလဲ။
သာမန်လူများ ထိုသို့ထင်မြင်ခြင်းမှာ နားလည်နိုင်သော်လည်း စစ်တူစီသည် ရှနိုင်ငံတော်၏ နိုင်ငံတော် ပညာရှိ ဖြစ်ပြီး ရှနိုင်ငံတော်အပြင်ဘက်တွင် အခြားမင်းဆက်နှင့် နိုင်ငံများစွာရှိကြောင်း သူသိထားသည်။
လုချန်းက
“နိုင်ငံတော် ပညာရှိကြီးက ဒီမေးခွန်းကို ဘာကြောင့်မေးလဲဆိုတာ ကျွန်တော်နားလည်ဖို့ အနည်းငယ် ခက်ခဲပါတယ်။ အခြား နိုင်ငံတွေနှင့် ရှနိုင်ငံတော်တို့ဟာ တစ်ကမ္ဘာတည်း ကောင်းကင်တစ်ခုတည်းရဲ့ အောက်မှာပါတယ်။ ‘ကမ္ဘာ’ ဆိုတာ မင်းဆက်များနှင့် နိုင်ငံအားလုံးကို ထည့်သွင်းသင့်ပါတယ်” ဟု ပြောလိုက်သည်။
လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် စစ်တူစီက ပြုံးရင်း လုချန်းထံ ရုတ်တရက်ဦးညွှတ်ကာ
“အသက်ကြီးပြီဖြစ်တဲ့ ကျွန်တော် သင်ခန်းစာတစ်ခု ရလိုက်ပါသည်” ဟု ပြောလိုက်သည်။
ဒါက…
လုချန်းသည် အံ့သြသွားသည်။ သူသင်ခန်းစာရလိုက်တာလား။ ‘ကမ္ဘာ’ နှင့်ပတ်သက်သည့် သူ၏ကိုယ်ပိုင်နားလည်မှုကို ရှင်းပြခဲ့ခြင်းသာဖြစ်သည်။
စစ်တူစီက ဆက်ပြောလိုက်သည်။
“မင်းသားရဲ့ အတွေးအခေါ်တွေက ကျွန်တော့်လို လူအိုကြီးရဲ့ စိတ်ကူးထက်ကို ကျော်လွန်နေပါပြီ။”
မြောက်ပိုင်းနယ်စားမင်းသား၏ ‘ကမ္ဘာ’ အမြင်သည် ရှနိုင်ငံတော်တစ်ခုတည်းမဟုတ်ပဲ တစ်ကမ္ဘာလုံးဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက်သည် သူမျှော်လင့်ထားသည်ထက် ပိုမိုကြီးမားသည်။ ယခင်ဆွမ်ဧကရာဇ်တောင်မှ ထိုကဲ့သို့သော ရည်မှန်းချက် မရှိခဲ့ပေ။
လုချန်းသည် စစ်တူစီ၏ စကားများကို အနည်းငယ် နားမလည်နိုင်သလို ခံစားရသည်။ စစ်တူစီသည် အသက်အရွယ်ကြီးရင့်နေသောကြောင့် သူ၏ စကားများသည် နားလည်ရန် ခက်ခဲနေသည်ဟု ထင်ရသည်။
ထိုအချိန်တွင် စစ်တူစီက နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
“ကျွန်တော့်မှာ မင်းသားကို မေးချင်တဲ့ နောက်ထပ်မေးခွန်းတစ်ခု ရှိပါတယ်။ မင်းသားမှာ ဒီလောက်ထိ ထိုးထွင်းသိမြင်မှုတွေ သိုင်းပညာစွမ်းရည်တွေရှိနေပြီး နေပြည်တော်မှာ ရှိနေစဉ်တုန်းက ထီးနန်းအတွက် ပြိုင်ဆိုင်မှုမှာ ဘာကြောင့် ပါဝင်ခဲ့တာမျိုး မရှိခဲ့တာလဲ။ မင်းသားရဲ့ ထိုးထွင်းသိမြင်မှု၊ သိုင်းပညာစွမ်းရည်တွေနဲ့ဆိုရင်ထီးနန်းအရိုက်အရာကို ရယူဖို့ သိပ်မခက်ခဲပါဘူး။”
တကယ်တော့ လုချန်း၏ ကိုယ်ခံပညာစွမ်းရည်၊ ထိုးထွင်းသိမြင်မှု၊ ချူးမိသားစု၏ ထောက်ခံမှုတို့နှင့် သူသည် ထီးနန်းအရိုက်အရာကို အလွယ်တကူ ရယူနိုင်သည်။ အေးစက်ပြီး ကြမ်းတမ်းသော မြောက်ပိုင်းမြို့တော်သို့ လာရောက်ပြီး သူ၏ ဩဇာအာဏာကို တည်ဆောက်ရန် မလိုအပ်ပေ။
စစ်တူစီ၏ စကားကို ကြားလိုက်ရသောအခါ လုချန်းက ပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။
“နိုင်ငံတော် ပညာရှိကြီး။ ပန်းချီဆရာတစ်ယောက်အတွက် ပိတ်ကားအလွတ်ပေါ်မှာ သူလိုချင်တဲ့ ပုံကိုဖော်ရတာ ပိုလွယ်လား ဒါမှမဟုတ် အခြားသူတစ်ယောက်ရဲ့ ပန်းချီကားကို ပြုပြင်ပြီး ပုံဖော်ရတာ ပိုလွယ်လား။”
လုချန်း၏ ဥပမာကို ကြားလိုက်ရသောအခါ စစ်တူစီသည် ချက်ချင်းပင် သူ၏ အဓိပ္ပာယ်ကို နားလည်သွားသည်။
ထို့နောက် စစ်တူစီက ဆက်ပြောလိုက်သည်။
“ဒါဆို အကြောင်းပြချက်က ဒါပါပဲ။ မင်းသားကို မင်းကြီးက မြောက်ပိုင်းမြို့တော်ကို လာဖို့ အမိန့်ပေးတဲ့အခါမှာ မတွန့်မဆုတ်ပဲ သဘောတူခဲ့တာ အံ့သြစရာမရှိဘူး။”
ယနေ့ခေတ်တွင် ရှနိုင်ငံတော်ကို အာဏာရှိ မိသားစုကြီးများက ထိန်းချုပ်ထားသည်။ ဆွမ်ဧကရာဇ်၏ မည်သည့်ပြုပြင်ပြောင်းလဲမှု သို့မဟုတ် အမိန့်တစ်ခုကိုမဆို သူတို့က ကန့်ကွက်ဟန့်တားကြသည်။ သို့သော် မြောက်ပိုင်းမြို့တော်က ကွဲပြားသည်။ မြောက်ပိုင်းမြို့တော်သည် ဆင်းရဲလွန်းသောကြောင့် အာဏာရှိ မိသားစုကြီးများ မရှိပေ။ အများဆုံး မိသားစုငယ်လေးများသာ ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ အမိန့်များသည် မြောက်ပိုင်းမြို့တော်တွင် အဟန့်အတားမရှိ သက်ရောက်နိုင်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်တွင် စိတ်ကြိုက်လုပ်ဆောင်နိုင်သည်။ ပိတ်ကားအလွတ်ပေါ်တွင် ပန်းချီဆွဲသကဲ့သို့ ဖြစ်သည်။
လုချန်းက ပြောလိုက်သည်။
“ခင်ဗျားရဲ့ စကားက သိပ်မမှန်ဘူး။ မြောက်ပိုင်းမြို့တော်ကို လာခြင်း မလာခြင်းက ကျွန်တော် ဆုံးဖြတ်တာ မဟုတ်ပါဘူး။ မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပါ။”
စစ်တူစီက ဝန်ခံလိုက်သည်။
“မင်းသားပြောတာ မှန်ပါတယ်။”
လုချန်းက ဆက်ပြောလိုက်သည်။
“ကောင်းပါပြီ။ ထွေရာလေးပါး စကားတွေကို ဒီမှာပဲ ရပ်လိုက်ရအောင်။ နိုင်ငံတော် ပညာရှိကြီးဟာ မင်းကြီးကို ကိုယ်စားပြုပြီး ဒီကို ရောက်လာတာပါ။ မင်းကြီးရဲ့ အမိန့်က ဘာလဲဆိုတာ ကျွန်တော့်ကို တိုက်ရိုက်ပြောပါ။”
စစ်တူစီက ပြောလိုက်သည်။
“မင်းကြီးက မင်းသားသိစေဖို့ ကျွန်တော့်ကို ပြောခိုင်းတာ ရှိပါတယ်။ မင်းကြီးဟာ မင်းသားကို ထီးနန်းအရိုက်အရာကို လွှဲအပ်ဖို့ ရည်ရွယ်ထားပါတယ်။ မင်းသားဟာ မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို မပျက်ပြားစေဖို့ ကြိုးစားလုပ်ဆောင်သင့်ပါတယ်။”
စစ်တူစီ၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်း ရယ်မောလိုက်သည်။ တစ်ကယ့်ကမ်းလှမ်းမှုကြီးတစ်ခုဖြစ်သည်။ သူလက်မခံနိုင်မှာပဲ စိုးရိမ်ရသည်။
သို့သော် လုချန်း ထိုအတွေးကို စစ်တူစီရှေ့တွင် မဖော်ပြပဲ
“မင်းကြီးရဲ့ စကားကို မြောက်ပိုင်းမြို့တော်အထိ လာရောက်ပြောပြခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ ပိုကြိုးစားပြီး မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို မပျက်ပြားစေရန် လုပ်ဆောင်ပါမယ်လို့ ပြန်ပြောပေးပါ။”
စစ်တူစီက ပြုံးရင်း ပြောလိုက်သည်။ “ဟုတ်ကဲ့။ မင်းသားရဲ့ စကားကို မင်းကြီးဆီ မုချပြန်ပြောပြပါမယ်။”
“ဒါပေမဲ့။ မြောက်ပိုင်းမြို့တော်ကနေ မထွက်ခွာခင် မင်းသားကို စိတ်ထဲက စကားတစ်ခု ပြောချင်ပါတယ်။”
လုချန်းက ပြောလိုက်သည်။
“နိုင်ငံတော် ပညာရှိကြီး ပြောပါ။”
စစ်တူစီက ပြောလိုက်သည်။
“သူများ ပန်းချီကားပေါ်မှာ ပန်းချီဆွဲရတာက လိုချင်တဲ့ ပုံထွက်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က မင်းသားကို ပိုကြီးတဲ့ ပန်းချီကား အလွတ်တစ်ခု ပေးမယ်ဆိုရင်တော့ မင်းသား စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါမှ မင်းသားရဲ့ စုတ်တံဟာ ကိုယ်လိုချင်တဲ့ စိတ်ကူးထဲက ‘ကမ္ဘာ’ကို ပိုပြီးလွယ်လွယ်ကူကူ ပုံဖော်နိုင်ပါလိမ့်မယ်။”
စစ်တူစီ၏ အရိပ်အမြွက် စကားကို ကြားလိုက်ရသည်နှင့် လုချန်းသည် သူ၏ သစ္စာရှိမှုကို ကြည့်လိုက်သည်။ ရှစ်ဆယ့်ငါးအထိ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချက်မှာ အတော်လေး အံ့သြစရာကောင်းသည်။ စကားအနည်းငယ်ပြောပြီးနောက် ထိပ်သီးပညာရှင်တစ်ဦး၏ သစ္စာရှိမှုသည် သူ့ဘက်သို့ ဤမျှတိုးလာခဲ့သည်။
လုချန်းက ဆက်လက်ပြောသည်။
“နိုင်ငံတော် ပညာရှိကြီးရဲ့ အကြံပေးချက်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်သတိထားပါမယ်။”
အစက စစ်တူစီသည် မြေကျင်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို စုံစမ်းရန် ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် သူစိတ်ပြောင်းလိုက်သည်။ လုချန်း၏ အဖြေများကို ကြားပြီးနောက် ထို မြေကျင်းများကို ဖြစ်စေသည့် အကြောင်းရင်းမှာ အရေးမကြီးတော့ပေ။
.........
အခန်း (၁၅၆)
အင်ပါယာကြီးများတွင် မငြိမ်သက်မှုများ (၁)
စစ်တူစီသည် မင်းသားစံအိမ်တွင် လုချန်းနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ချက်ချင်းထွက်ခွာသွားသည်။ သူသည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် အချိန်ကြာမြင့်စွာ မနေပဲ ထွက်ခွာသွားခြင်း ဖြစ်သည်။
စစ်တူစီ၏ မြောက်ပိုင်းမြို့တော် ခရီးစဉ်သည် သတင်းစကားများ ပေးပို့ရန် ရည်ရွယ်ချက်သက်သက်သာ မဟုတ်ပဲ သူ့ကို စမ်းသပ်ရန် ရည်ရွယ်ချက်လည်း ပါဝင်နေသည်ဟု လုချန်း သံသယရှိလာသည်။ စနစ်မှပြောသော စစ်တူစီ၏ အချက်အလက်ထဲတွင် ထိုခရီးစဉ်၏ နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ သူ့ကို စမ်းသပ်ရန်ဖြစ်ကြောင်း သူဖတ်လိုက်ရသည်။
စကားအနည်းငယ် မေးမြန်းပြီး သူ၏ လျှို့ဝှက်ချက်များကို မည်သို့ သိရှိနိုင်မည်နည်း။ စစ်တူစီသည် သူမသိပဲ မြောက်ပိုင်းမြို့တော်တွင် အတော်ကြာကြာ ရှိနေခဲ့သည်ဟု လုချန်း သံသယရှိလာသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ပိုင်ချင်းချင်းကို အဆောင်သို့ ခေါ်ယူလိုက်သည်။
ပိုင်ချင်းချင်းသည် အရိပ်ကိုယ်ရံတော်၏ ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး ရန်ခရိုင်သို့ ပြန်ရောက်သည်နှင့် အခြားသော အရိပ်ကိုယ်ရံတော်များထံမှ သတင်းအချက်အလက်များ ရရှိမည်မှာ သေချာသည်။ သူမကို မေးမြန်းပါက စစ်တူစီ မြောက်ပိုင်းမြို့တော်တွင် မည်မျှကြာကြာ ရှိနေခဲ့သည်ကို သိရှိနိုင်မည်။
ခဏအကြာတွင် ပိုင်ချင်းချင်းသည် ဆောင်သို့ ရောက်ရှိလာပြီး နှုတ်ဆက်လိုက်သည်။ “မင်းသားကို ဂါရဝပြုပါတယ်။”
လုချန်းက ပိုင်ချင်းချင်း၏ လက်ကိုဆွဲ၍ ထူလိုက်ပြီး
“ပိုင် နိုင်ငံတော် ပညာရှိကြီး မြောက်ပိုင်းမြို့တော် ရောက်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာ မင်းသိလား” ဟု မေးလိုက်သည်။
ပိုင်ချင်းချင်းက မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“လဝက်လောက် ရှိပါပြီ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် သူထင်ထားသည့်အတိုင်း စစ်တူစီ မြောက်ပိုင်းမြို့တော်သို့ စောစောကတည်းက ရောက်နေခဲ့ကြောင်း လုချန်း သိလိုက်ရသည်။
သို့သော် သူစစ်တူစီကို အပြစ်တင်လို့မရပေ။ အကြောင်းမှာ သူကိုယ်တိုင်လည်း မြောက်ပိုင်းမြက်ခင်းလွင်ပြင်မှ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုနှင့် ညှိနှိုင်းဆွေးနွေးရန် ခရီးထွက်ခဲ့သဖြင့် လဝက်လောက် အိမ်မှာ မရှိခဲ့ပေ။
ထို့နောက် လုချန်းက ဆက်လက်မေးမြန်းလိုက်သည်။
“သူ ရန်ခရိုင်ကို ရောက်လာပြီဆိုတော့ မင်းကိုလည်း တာဝန်အသစ်တစ်ခု ပေးခဲ့မှာပဲ။”
ထိုစကားကို ပြောရင်း လုချန်းသည် ပိုင်ချင်းချင်း၏ သွယ်လျသော ခါးကို ပွေ့ဖက်ပြီး သူမ၏ အနောက်မှာ ရပ်လိုက်၏။ သူ၏ လက်သည် သူမ၏ ခန္ဓာကိုယ်ပေါ် တွင် ရွေ့လျားနေသည်။
လုချန်း၏ ပွေ့ဖက်မှုကို ခံလိုက်ရသည်နှင့် ပိုင်ချင်းချင်း၏ ခန္ဓာကိုယ်လည်း တုန်ယင်လာပြီး သူမ၏ အေးစက်သော မျက်နှာက နီရဲလာသည်။
“နိုင်ငံတော် ပညာရှိကြီးက ကျွန်မကို မင်းသားလုရှုယွမ် လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ ပေါင်းသင်းနေတဲ့ အထောက်အထားတွေကို စုံစမ်းစေခဲ့ပါတယ်။ ပြီးရင် စုဆောင်းထားတဲ့ အထောက်အထားတွေကို နေပြည်တော်ကို ပြန်ပို့ဖို့ ပြောခဲ့ပါတယ်။”
ထိုစကားကို ကြားလိုက်ရပြီးနောက် လုချန်းသည် အနည်းငယ် ပြုံးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မြောက်ပိုင်းလွင်ပြင်ဒေသ မျိုးနွယ်စုတို့၏ ခြိမ်းခြောက်မှု ပြီးဆုံးသွားပြီးနောက် သူ၏ ဖခင်ဖြစ်သူ ဆွမ်ဧကရာဇ်သည် အာဏာရှိ မိသားစုများကို စတင် ကိုင်တွယ်တော့မည်ဖြစ်သည်။
ထိုမိသားစုများ လွင်ပြင်ဒေသ မျိုးနွယ်စုတို့နှင့် ဆက်ဆံနေသည့် အထောက်အထားများ ရရှိပြီးသည်နှင့် သူ၏ ဖခင်သည် ထိုအထောက်အထားများကို အကြောင်းပြ၍ နန်းတွင်းရှိ သူတို့၏ ဩဇာလွှမ်းမိုးမှုကို တိုက်ရိုက် ရှင်းလင်းတော့မည်ဖြစ်သည်။
စစ်တူစီကလည်း သူ့ကို အရိပ်အမြွက် ပြောခဲ့သည်။ စစ်တူစီ၏ ရည်ရွယ်ချက်မှာ ရှင်းနေသည်။ ဆွမ်ဧကရာဇ်က အာဏာရှိ မိသားစုများကို ကိုင်တွယ်သည့်အချိန်တွင် လုချန်း ပုန်ကန်မှု မပြုလုပ်စေရန် ဖြစ်သည်။ အကြောင်းမှာ နောင်တွင် ထီးနန်းအရိုက်အရာသည် သူ့အတွက် ဖြစ်လာမည်ဖြစ်သဖြင့် အာဏာရှိ မိသားစုများကို သုတ်သင်ရှင်းလင်းခြင်းသည် သူ့အတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း သတိပေးနေခြင်း ဖြစ်သည်။
တကယ်တော့ စစ်တူစီ သီးသန့်သတိပေး နေစရာ မလိုပါ။ ဆွမ်ဧကရာဇ် အာဏာရှိ မိသားစုတွေကို ရှင်းလင်းနေအချိန်မှာ လုချန်းက ပုန်ကန်ဖို့ စိတ်ကူးပင် မရှိခဲ့ပါ။
အချိန်တွေက သူရဲကောင်းများကို ဖန်တီး၏။ ရှနိုင်ငံတော်သည် အပေါ်ယံ မျက်နှာပြင်၌ လှိုင်းထနေသော်လည်း လုံးဝကြီးတော့ ကမောက်ကမ မဖြစ်သေးပါ။ အခုလို အချိန်မှာ ပုန်ကန်မည် ဆိုပါက ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်သွားမည်သာဖြစ်သည်။
ထို့ပြင် လုချန်းသည် လူမိုက်တစ်ယောက် မဟုတ်ပါ။ ဆွမ်ဧကရာဇ်က အာဏာရှိ မိသားစုများကို မြန်မြန်ဆန်ဆန် ဖြေရှင်းပစ်နိုင်ဖို့ကို သူတကယ်ကို မျှော်လင့်နေခြင်းဖြစ်သည်။ မဖြေရှင်းပဲ ထားထားပါကတစ်နေ့ သူရှနိုင်ငံတော်တစ်ခုလုံးကို ထိန်းချုပ်မိသွားချိန်တွင် ထိုမိသားစုတွေက အရှုပ်တော်ပုံများ ဖန်တီးလာလိမ့်မည်ဖြစ်သည်။
မင်းဆက်တိုင်းတွင် အာဏာရှိ မိသားစုများ ပေါ်ထွန်းလာတတ်၏။ သို့သော် ရှနိုင်ငံတော်ထဲက အာဏာရှိ မိသားစုတွေကတော့ သာမန်မဟုတ်ပါ။ သူတို့က နန်းတွင်းကို ထိန်းချုပ်ထားပြီး အရင်းအမြစ်ကြီးကြီးမားမား ပိုင်ဆိုင်ထားကြသည်။
ရှနိုင်ငံတော်၏ အသက်သွေးကြောကို ထိန်းချုပ်ထားတယ်လို့တောင် ပြောလို့ရ၏။ ထိုမိသားစုများသည် အသစ်ပေါ်ထွန်းလာသော အာဏာရှိ အုပ်စုများနှင့် နှိုင်းယှဉ်၍ မရပါ။
ဆွမ်ဧကရာဇ် ဖယ်ရှားဖို့ ရည်ရွယ်ထားတဲ့ မိသားစုများသည် နန်းတွင်းထဲမှာ ဩဇာကြီးမားနေသော မိသားစုများဖြစ်ပြီး အသစ်ပေါ်ထွန်းလာသော အာဏာရှိ အုပ်စုများနှင့် မသက်ဆိုင်ပါ။ ဆန့်ကျင်ဘက်အနေနဲ့ ဆွမ်ဧကရာဇ်က ထိုအုပ်စုအသစ်များကို ဖိနှိပ်မမည် မဟုတ်ပဲ ထောက်ပံ့ပေးမှာဖြစ်၏။ နန်းတွင်းမှ အာဏာရှိ မိသားစုဟောင်းများကို ထိန်းချုပ်ဖို့ အင်အားတစ်ရပ်အဖြစ် ပေါ်ထွန်းလာစေရန်ဖြစ်သည်။
ခဏစဉ်းစားပြီးနောက် လုချန်းသည် နေပြည်တော်ရှိ ကိစ္စများကို ခဏဖယ်ထားပြီး မြောက်ပိုင်းမြို့တော် ဖွံ့ဖြိုးရေးကို အရင်ဆုံး အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
လွင်ပြင်ဒေသ မျိုးနွယ်စုမှ သုံ့ပန်း တစ်သိန်းနှင့် ဘိလပ်မြေ ပြုလုပ်နည်းအသစ်ကို အသုံးပြုပြီး မြောက်ပိုင်းမြို့တော်ရှိ အဓိက လမ်းမကြီးများ၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကို စတင်နိုင်ပြီဖြစ်သည်။
ထိုအချိန်တွင် အစေခံမိန်းမတစ်ဦး အဆောင်ထဲသို့ ဝင်လာသည်။
“မင်းသား။ အမျိုးသမီးနှစ်ဦး ရေချိုးပြီးသွားပါပြီ။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်းမှာ သတိပြန်ဝင်လာသည်။ အစေခံမိန်းမပြောသော အမျိုးသမီးနှစ်ဦးမှာ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ ရောက်ရှိလာသည့် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ဖြစ်သည်။
လုချန်းက ပိုင်ချင်းချင်းကို လွှတ်လိုက်ပြီး သူမ၏ တင်ပါးကို ပုတ်လိုက်သည်။
“ပိုင်။ မင်းသွားပြီး မင်းအလုပ်တွေကို ဆက်လုပ်ပါ။”
ပိုင်ချင်းချင်း ရုတ်တရက် ရှက်ရွံ့စိတ်တစ်ခု ဖြစ်ပေါ်သွား၏။ လုချန်းက သူမ၏ တင်ပါးကို အမြဲလိုလို ထိတွေ့ချင်သည့် အကြောင်းရင်းကို သူမ နားမလည်နိုင်ခဲ့ပေ။
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် ပိုင်ချင်းချင်း လျင်မြန်စွာ ထွက်ခွာသွားသည်။
ထိုအချိန်တွင် လုချန်းက အစေခံမိန်းမကို ပြောလိုက်သည်။
“သူတို့က ဘယ်အဆောင်မှာလဲ။ ငါ့ကို ခေါ်သွားပါ။”
အစေခံမိန်းမက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ မင်းသား။ ကျွန်မနောက် လိုက်ခဲ့ပါ။”
ထို့နောက် အစေခံမိန်းမသည် လုချန်းကို ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ အဆောင်သို့ ခေါ်ဆောင်သွားသည်။ သူတို့၏ အခန်းနှစ်ခန်းမှာ အဆောင်တစ်ဆောင်ထဲတွင် တည်ရှိ၏။ အဆောင်ကလေးမှာ သိပ်မကြီးလှပေ။ အခန်းနှစ်ခန်းသာ ပါဝင်ပြီး အနီးတွင် ဝမ်ချင်းစီ၏ အဆောင်တည်ရှိသည်။
ထိုအချိန်တွင် ဝမ်ချင်းစီက ခြံသည်းရိုးတံတိုင်းပေါ်တွင် ထိုင်နေပြီး လုချန်းခေါ်လာသည့် လွင်ပြင်ဒေသ အလှမယ်နှစ်ဦးကို ပေါ်ပေါ်တင်တင်ပင် ကြည့်ရှုနေသည်။ ထို့နောက် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့လည်း အဆောင်ထဲ၌ ယောက်ျားတစ်ဦး၏ ပုံရိပ်ပေါ်လာသည့်အခါ နှစ်ဦးစလုံး ထလာကြသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
ရဲလိန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ အဝတ်အစားအသစ်များကို မြင်လိုက်ရသည့်အခါ လုချန်း ခဏမျှ မျက်စိပသာဒ ဖြစ်သွားသည်။
သူတို့သည် ရှနိုင်ငံတော်၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားပြီး အစေခံမိန်းမများက ဂရုတစိုက် ပြင်ဆင်ပေးထားသည့်အတွက် ယခင်ကထက် သိသိသာသာ ကွဲပြားနေသည်။
ရဲလိန်ရန်မှာ ကြာပန်းပုံစံများ ခြယ်သထားသည့် ပါးလွှာ ရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ခါးပတ်ကို တင်းတင်းကျပ်ကျပ် စည်းထားပြီး သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ပိုမိုထင်ရှား နေစေသည်။ ပါးလွှာသော အဝတ်စက သူမ၏ အသားကို ကပ်နေသည့်အတွက် မြင်ရသည်နှင့် စွဲမက်ဖွယ်ဖြစ်နေသည်။ အဝတ်စက ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပတ်ထားသည့်အတွက် သူမ၏ တင်ပါးမှာ ပိုမိုထင်ရှားလာပြီး လှပသော မိခင်လောင်းတစ်ဦး၏ ဆွဲဆောင်မှုရှိပြီး ကျက်သရေရှိသည့် ပုံစံကိုဖြစ်နေစေသည်။
........