← Chapters

အခန်း ၁၅၇-၁၅၉

Vol. 11 Ch. 157-159

အခန်း ၁၅၇-၁၅၉

Vol. 11 Ch. 157-159

အခန်း (၁၅၇)

အင်ပါယာကြီးများတွင် မငြိမ်သက်မှုများ (၂)

ထို့နောက် လုချန်းသည် ရှောင်ဝမ်ယောင်ကို ကြည့်လိုက်သည်။ သူမသည် အတွင်းခံ အဖြူရောင် ဝတ်ရုံတစ်ထည်နှင့် အပေါ်တွင် အစိမ်းရင့်ရောင် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင် ဆံပင်များသည် ပြောင်လက်နေကာ ခါးတွင် ဖြန့်ကျက်နေသည်။ သူမ၏ ခေါင်းတွင် ဆံထိုးတစ်ချောင်းသာ တပ်ဆင်ထားသည်။ သူမသည် ရှနိုင်ငံတော်မှ အိမ်တွင်းပုန်း ဗိုင်းကောင်း‌ကျောက်ဖိ မိန်းကလေးတစ်ယောက်နှင့် ဘာမှမကွာခြားပေ။

ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် အတူရပ်နေသည်ကို ကြည့်ရတာ သားအမိနှစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သတိဝင်လာပြီး‌နောက် လုချန်းက အနည်းငယ် ပြုံးရယ်၍ ပြောလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် ဝတ်စားပြင်ဆင်ထားပြီး ပိုလှလာမယ် မျှော်လင့်မထားမိဘူး။ ကျွန်တော် တကယ်ကို ကံကောင်းတာပဲ။”

ထိုစကားကို ကြားလိုက်ရသောအခါ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့၏ မျက်နှာများ အနီရောင် သန်းသွားသည်။ ဒါက သူတို့ ရှနိုင်ငံတော်၏ ဝတ်စားဆင်ယင်မှုပုံစံဖြင့် ပထမဆုံးအကြိမ် ဝတ်ဆင်ခြင်း ဖြစ်ပြီး ရှနိုင်ငံတော်၏ ဝတ်စားဆင်ယင်မှုဖြင့် ပိုမိုလှပလာမည်ကို မျှော်လင့်မထားမိပေ။

ကြေးမုံရှေ့တွင် သူတို့ကိုယ်သူတို့ ကြည့်ရှုလိုက်သောအခါ သူတို့၏ ကိုယ်ပိုင်အလှအပကို တွေ့ရပြီး ချက်ချင်းပင် အံ့အားသင့်သွားခဲ့ကြသည်။

ယခင်က သူတို့သည် သားမွေးအင်္ကျီများကို ကျပ်ကျပ်ထုပ်ထုပ် ဝတ်ဆင်ပြီး တစ်ခါတစ်ရံ သားမွေးဦးထုပ်များကိုလည်း‌ ဆောင်းကြသည်။ ထိုအဝတ်များသည် သူတို့၏ ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်နှင့် အလှအပကို လုံးဝဖုံးကွယ်ထားသည်။

ထိုအချိန်တွင် ခြံစည်းရိုးပေါ်တွင် ထိုင်နေသော ဝမ်ချင်းစီသည် ရယ်မောနေရင်း ပြောလိုက်သည်။

“မင်းသား။ မိန်းမလှ နှစ်ယောက် ရရှိရဲ့အတွက် ဂုဏ်ယူပါတယ်။ ”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည် ခြံစည်းရိုးပေါ်တွင် ထိုင်နေသော ဝမ်ချင်းစီကို လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။

“မင်းက မိုးသံလေသံကြားရဲတိုက်ရဲ့ ကိစ္စတွေကို စီမံခန့်ခွဲနေရမယ့်အစား ဒီမှာလာ ပျော်နေတာလား။”

‌ရေနွေးပူနှင့် အပက်ခံလိုက်ရသလို မျက်နှာဖြင့် ဝမ်ချင်းစီက

“မင်းသားက ဒီလောက်တောင် ကြမ်းတမ်းနေပြီလား။ ကျွန်မ အရမ်းကြောက်နေပါပြီ” ဟု ပြောလိုက်သည်။

“မင်းသားက အမျိုးသမီး အစေခံနှစ်ယောက်ထပ်‌ ခေါ်ထားတယ်လို့ ကြားလိုက်ရလို့ ကျွန်မရဲ့ညီအစ်မတွေကို ကြည့်ချင်လို့ လာတာပါ” ဟု ဆိုလိုက်သည်။

ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့သည် ဝမ်ချင်းစီနှင့် လုချန်းတို့ကြား ပြောဆိုနေမှုများကို ကြားလိုက်ရပြီး အနည်းငယ်အံ့အားသင့်သွားသည်။

အနီရောင် ဝတ်စုံဝတ်ဆင်ထားသော အဆောင်တံတိုင်းပေါ်တွင် ပေါ့ပေါ့ပါးပါးထိုင်နေသည့် အမျိုးသမီးကလည်း မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီး အစေခံတစ်ဦးလား။

မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ရှိ အမျိုးသမီး အစေခံများသည် သူတို့၏သခင်ဖြစ်သူ မြောက်ပိုင်းနယ်စားမင်းသားနှင့် ဤသို့ပြောဆိုရန် ရဲရင့်ကြလား။

ရှောင်ဝမ်ယောင်သည် သူမ၏မိသားစု နန်းတွင်းရှိ အစေခံများကို စဉ်းစားမိသည်။ မည်သည့် အစေခံမဆို သူမနှင့် ဒိီလိုပုံစံ ပြောဆိုပါက သူမကိုယ်တိုင်ပင် လုပ်စရာမလိုပဲ အခြား အ‌စေခံများက ထိုမရိုမသာပြုမှုသော အစေခံကို သေလုနီးပါးရိုက်နှက်ကြမည်ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချင်းစီက ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို လှမ်းကြည့်လိုက်ပြီး

“မင်းသားက ကျွန်မအရင်က ပြောခဲ့သည့် လွင်ပြင်ဒေသ မျိုးနွယ်စု နန်းတွင်းမှာ မိန်းမလှတွေ ရှိတယ်ဆိုတဲ့အကြောင်းကို မှတ်မိနေသေးပုံရပါတယ်”

ဟု ပြုံးရင်း ဆက်လက်ပြောလိုက်သည်။

လုချန်း မြောက်ပိုင်းမြို့တော်သို့ ပထမဆုံးရောက်ရှိစဉ်က မြောက်ပိုင်းမြို့တော်တွင် မိန်းမလှများ ရှိမရှိ မေးမြန်းခဲ့ဖူးသည်။ ထိုအခါ ဝမ်ချင်းစီက လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နန်းတွင်းတွင် မိန်းမလှများရှိကြောင်း ပြောပြခဲ့ဖူးသည်။

ထိုအချိန်က ဝမ်ချင်းစီသည် ပန်းတစ်ရာ ဂေဟာ၏ သခင်မဖြစ်ပြီး မြူကျောင်းတော်၏ သူ‌တော်စင်မဖြစ်သောကြောင့် နေ့စဉ်အချက်အလက်များစွာကို ကြားသိကိုင်တွယ်နေရသဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နန်းတွင်းအကြောင်းကို အနည်းငယ်သိရှိထားပြီး ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးသည် အလှပဆုံးဖြစ်ကြောင်း သိထားသည်။

ဒီနေ့ ရဲလိနန်ရန်၏ အလှကို မြင်လိုက်ရ တော့ ဝမ်ချင်းစီလည်း အံ့အားသင့်သွားခဲ့၏။သူမ ရဲလိနန်ရန်ကို လုံးဝမနှိုင်းယှဉ်နိုင်ဟု ခံစားရသည်။

ရဲလိနန်ရန်ဆီမှ ထုတ်လွတ်နေသော ရင့်ကျက်တည်ငြိမ်‌သော အလှမျိုး သူမဆီမှာမရှိပေ။ ထို့ပြင် လုချန်းသည် ရဲလိနန်ရန်နှင့် ချူးယုချင်ကဲ့သို့သော အလှမျိုးကို အထူးသဘောကျကြောင်း သူမကောင်းစွာသိထားသည်။

ချူးယုချင်အကြောင်း လုချန်းရှေ့တွင် ပြောလိုက်သည်နှင့် သူသည် ကြက်ဖသွေးသွင်းခံလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားလာပြီး အလွန်ကြမ်းတမ်းလာတတ်သည်။

ထို့နောက် ဝမ်ချင်းစီက အုတ်တံတိုင်းပေါ်မှ ခုန်ချလိုက်၏။ သူမ၏ပေါ့ပါးသောကိုယ်ခန္ဓာသည် မြေပြင်ပေါ်သို့ ကျက်သရေရှိစွာ ကျသွားပြီးနောက် လုချန်းထံချဉ်းကပ်ကာ နားနားကပ်၍

“မင်းသား။ အထူးကိုယ်ရံတော်တွေက ကျူးနိုင်ငံအကြောင်း သတင်းတစ်ခုခု ရထားလား။ မကြာသေးခင်က ကျူးနိုင်ငံမှာ လှုပ်ရှားမှုတွေရှိနေပါတယ်။”

ဝမ်ချင်းစီသည် လုချန်းနှင့် သာမန် ထွေရာလေးပါးစကားများပြောရန် ဤနေရာသို့ လာခြင်းမဟုတ်ပေ။ မိုးသံ လေသံကြားရဲတိုက်မှူးအဖြစ် သူမသည် လုချန်းအတွက် နိုင်ငံအသီးသီးမှ ထောက်လှမ်းရေးအချက်အလက်များကို စုဆောင်းရန် တာဝန်ရှိသည်။ သူမတွင် လုချန်းနှင့် အမျိုးသမီးများအကြောင်း စကားပြောရန် အချိန်မရှိပေ။

ဝမ်ချင်းစီ၏ စကားများကြောင့် လုချန်းလည်း အံ့သြသွားကာ ခဏခန့် ငေးငိုင်သွားခဲ့သည်။

လက်ရှိတွင် အထူးကိုယ်ရံတော်အများစုသည် ရှနိုင်ငံ၏ နယ်မြေအတွင်းတွင်သာ ဖြန့်ကျက်ထားပြီး အခြားနိုင်ငံများတွင် အဖွဲ့ဝင်အနည်းငယ်သာ ရှိသည်။ ထို့အပြင် သူသည် ကျူးနိုင်ငံမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများအကြောင်း သတင်းမရထားသေးပါ။

ကျူးနိုင်ငံသည် မြောက်ပိုင်းမြို့တော်နှင့် နီးကပ်စွာတည်ရှိပြီး မြို့တော်၏ အနောက်တောင်ထောင့်အရပ်တွင် တည်ရှိသည်။ သူတို့သည် မကြာသေးမီကမှ တည်ထောင်ခဲ့သော နိုင်ငံဖြစ်ပြီး ဆင်းရဲချို့တဲ့သော်လည်း မြောက်ပိုင်းမြို့တော်၏ အိမ်နီးချင်း ဖြစ်နေသေးသည်။ သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လုချန်းတွင် မလွဲမသွေ တာဝန်ရှိသည်။

အခုတလော လုချန်းသည် မြောက်ပိုင်းမြို့တော်ရှိ အရေးကိစ္စများကိုသာ ကိုင်တွယ်နေခဲ့ပြီး ကျုးနိုင်ငံကို လုံးဝဂရုမစိုက်ခဲ့ပေ။ မျှော်လင့်မထားသည်မှာ မိုးသံ လေသံကြား ရဲတိုက်သည် ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် ကျူးနိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ဤသည်မှာ ဝမ်ချင်းစီ၏ မြင့်မားသော စွမ်းဆောင်ရည်ကို ထင်ဟပ်စေသည်။

ထို့နောက် လုချန်းက

“ ကျူးနိုင်ငံကို အထူးကိုယ်ရံတော်တွေ မလွှတ်ရသေးဘူး။ သူတို့ဘက်မှာ ဘယ်လိုလှုပ်ရှားမှုတွေ ရှိနေလို့လဲ။”

ဝမ်ချင်းစီက ပြန်ပြောလိုက်သည်။

“ကျူးနိုင်ငံက တပ်တွေ စုစည်းနေတာ လဝက်လောက်ရှိပြီ။ အခုရှနယ်စပ်နှင့် မြောက်ပိုင်းမြို့တော်ကြား တပ်သား နှစ်သိန်း စခန်းချထားပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက ရယ် မောလိုက်ပြီး

“ကျူးနိုင်ငံက တို့ကို တိုက်ခိုက်မယ်လို့ ထင်လား။

ကျူးနိုင်ငံသည် ယခုလို အချိန်တွင် ရှနိုင်ငံကို ကျူးကျော်ဝင်ရောက်မည်ဟု လုချန်းမယုံကြည်ပေ။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တပ်သား သုံးသိန်းသည် မကြာသေးမီက မြောက်ပိုင်းမြို့တော်မှာ ဖျက်ဆီးခံခဲ့ရသည်။ မကြာသေးမီကမှ တည်ထောင်ခဲ့သော နိုင်ငံတစ်ခုဖြစ်သည့် ကျူးနိုင်ငံသည် ရှနိုင်ငံကို ရုတ်တရက် ထိုးစစ်ဆင်ဝံ့မည်တော့မဟုတ်ပေ။

ကျူးနိုင်ငံ၏ လှုပ်ရှားမှုများသည် မြောက်ပိုင်းမြို့တော်မှ ကာကွယ်ရန် ဖြစ်နိုင်ခြေ ပိုများသည်။

မြောက်ဘက်တွင် ထိုမျှကြီးမားသော အင်အားတစ်ခု ပေါ်ထွန်းလာခြင်းကြောင့် သူတို့အနေဖြင့် လုံးဝစိုးရိမ်မှု မရှိပဲ မနေနိုင်ပေ။

ကျူးနိုင်ငံသာ တပ်သား နှစ်သိန်း စခန်းချထားခြင်းမဟုတ်ပါ။ ရှအတွင်း၌ပင် မြောက်ပိုင်းမြို့တော်နှင့် ဆက်စပ်နေသော နယ်မြေများတွင် မင်းညီမင်းသားများသည် သူတို့၏တပ်များ စခန်းချထားကြသည်။

ဥပမာအားဖြင့် ချိမင်းသားသည် လွန်ခဲ့သော တစ်လကျော်က မုကျိရွှမ်းတို့ကို ခေါ်ဆောင်ရန် လုချန်း စေလွှတ်လိုက်သော သံချပ်ကာ မြင်းတပ် ငါးထောင် အန်းပင်မြို့မှ ထွက်ခွာပြီးနောက် သူ၏နယ်မြေမှ စစ်သား ငါးသောင်းကို ညတွင်းချင်းတွင် မြောက်ပိုင်းနယ်စပ်သို့ ချက်ချင်း ရွှေ့ပြောင်းလိုက်သည်။

အခန်း (၁၅၈)

အင်ပါယာကြီးများတွင် မငြိမ်သက်မှုများ (၃)

ချိီမင်းသား၏ စစ်သည်အင်အား ငါးသောင်းသည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပဲ အန်းပင်မြို့၏ မျက်နှာချင်းဆိုင်တွင် စခန်းချကာ မြောက်ပိုင်းမြို့တော်ကို စောင့်ကြည့်နေသည်။

သံချပ်ကာမြင်းတပ်သားငါသောင်း ပေါ်ထွက်လာမှုသည် နိုင်ငံအားလုံးကို ခြိမ်းခြောက်လိုက်၏။ အထူးသဖြင့် မြောက်ပိုင်းမြို့တော်ကို ဝန်းရံထားသော အင်အားစုများကို ဖြစ်သည်။ လုချန်းက ရုတ်တရက် စစ်ချီ၍ သူတို့ကို တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြပြီး မြောက်ပိုင်းမြို့တော်၏ ရန်မှကာကွယ်ရန် မြောက်ဘက်သို့ စစ်သည်များ စေလွှတ်လိုက်ကြသည်။

လုချန်းသည် စိတ်မပူသည့်ပုံကို မြင်လိုက်ရသောအခါ ဝမ်ချင်းစီက ပြောလိုက်သည်။ “မင်းသား။ ကျွန်မထင်တာက ကျူးနိုင်ငံက မြောက်ဘက်ကို စစ်သည်တွေ စေလွှတ်တာဟာ မြောက်ပိုင်းမြို့တော်ရဲ့ရန်က ကာကွယ်ဖို့သက်သက် မဟုတ်ပါဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းသည် အံ့သြသွားသည်။ သူ၏အမြင်တွင် မြောက်ပိုင်းမြို့တော်၏ ငါးသောင်းသော သံချပ်ကာမြင်းတပ်ကို စေလွှတ်လိုက်ပြီဆိုပါက အနီးအနားရှိ မည်သည့်အင်အားစုကမှ သူ့ကို ဒုက္ခပေးရဲလိမ့်မည် မဟုတ်ပါ။

သို့သော် ကျူးနိုင်ငံ၏ မြောက်ဘက်သို့ စစ်သည်များ စေလွှတ်မှု မြောက်ပိုင်းမြို့တော်မှ ကာကွယ်ရန် မဟုတ်ပါက သူတို့၏ ရည်ရွယ်ချက်က ဘာလဲ။

မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ဖို့ ရည်ရွယ်တာလား။

ထို့နောက် လုချန်းက ပြောလိုက်သည်

“မင်းအမြင်ကို ပြောပါဦး။”

ဝမ်ချင်းစီက ချက်ချင်းပြန်ပြောလိုက်သည်။

“ကျွန်မသိသလောက်ဆိုရင် ကျူးနိုင်ငံတစ်ခုတည်း စစ်သည်တွေ စေလွှတ်နေတာ မဟုတ်ပါဘူး။ အခြား နိုင်ငံကြီးတွေကလည်း တိတ်တဆိတ် စစ်သည်တွေ စေလွှတ်နေကြပါတယ်။ သူတို့အားလုံးဟာ ရှနိုင်ငံတော်နဲ့ ကပ်နေတဲ့ ‌နယ်စပ်နေရာတွေမှာ စစ်သည်တွေ ချထားနေကြပါတယ်။”

“ဒါကြောင့် ကျွန်မထင်ပါတယ်။ ကျူးနိုင်ငံရဲ့ လှုပ်ရှားမှူဟာ မြောက်ပိုင်းမြို့တော်ရဲ့ရန်က ကာကွယ်ဖို့ပဲ မဟုတ်ပါဘူး။ နိုင်ငံကြီးတွေဟာ သဘောတူညီချက်တစ်ခုကို ရရှိထားပြီး ရှနိုင်ငံတော်ကို လုပ်ကြံတိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်နိုင်ပါတယ်။”

ထိုအခါ လုချန်း နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားသည်။ ရှနိုင်ငံတော်အတွင်း ဖြစ်ပျက်နေသော အရာများကိုသာ သူအာရုံစိုက်နေခဲ့ပြီး အဓိက အင်ပါယာများက စစ်သည်များ စေလွှတ်နေသည့် သတင်းကို လုံးဝမသိရှိခဲ့ပေ။

မြောက်ပိုင်းဒေသသို့ တစ်ပတ်ကြာ သွားရောက်ခဲ့သောကြောင့် ထောက်လှမ်းရေးအစီရင်ခံစာများသည် သူ၏စာကြည့်ခန်းတွင် စုပုံနေခဲ့သည်။

သို့သော် ဤသည်မှာ မိုးစက်ရဲတိုက်၏ သတင်းအချက်အလက်စုဆောင်းနိုင်စွမ်းကို စမ်းသပ်ရန် ကောင်းသောအခွင့်အရေးတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချင်းစီက ဆက်ပြောလိုက်သည်။

“မြောက်ပိုင်းမြို့တော်မှာ သံချပ်ကာမြင်းတပ်ငါးသောင်း ပေါ်ထွက်လာပြီးနောက်ပိုင်း အဓိကနိုင်ငံကြီးတွေက ဒီသံချပ်ကာမြင်းတပ်ကို ဆွမ်ဧကရာဇ်က ပိုင်တယ်လို့ယုံကြည်လာကြပါတယ်။ နန်းတွင်းမှာ ရှိနေတဲ့ သံချပ်ကာမြင်းတပ်နှင့် ပေါင်းလိုက်ရင် ရှနိုင်ငံတော်မှာ သံချပ်ကာမြင်းတပ် ရှစ်သောင်းနီးပါး ရှိနေပါပြီ။ ဒါ့ကြောင့် ဆွမ်ဧကရာဇ်မှာ နယ်မြေချဲ့ထွင်ဖို့ ရည်ရွယ်ချက်တယ်လို့အခြားနိုင်ငံ‌တွေက မြင်‌နေကြပါတယ်။”

လုချန်း ခဏခန့် စဉ်းစားပြီးနောက် ဝမ်ချင်းစီ၏ စကားကို သဘောတူလိုက်သည်။ သံချပ်ကာမြင်းတပ်သည် စနစ်မှ ခေါ်ယူထားသော ယူနိုင်ငံ၏ အကြွင်းအကျန်များ ဖြစ်သော်လည်း အခြားသူများက ထိုကိစ္စများကို မသိကြပေ။

အခြားနိုင်ငံများမြင်သည်မှာ ရှနိုင်ငံတော်တွင် ယခုအခါ သံချပ်ကာ မြင်းတပ် ရှစ်သောင်းနီးပါး ရှိနေပြီဖြစ်သည်။ ရှနိုင်ငံတော်မှ သံချပ်ကာ မြင်းတပ် ငါးသောင်း ရုတ်တရက် ထပ်မံတိုးချဲ့လိုက်ခြင်းသည် သိသာထင်ရှားသော အရာတစ်ခုကို ညွှန်ပြနေသည်။

အဓိက နိုင်ငံကြီးများ အင်အားညီမျှနေချိန်တွင် နိုင်ငံတစ်နိုင်ငံက ရုတ်တရက် စစ်အင်အားကို ကြီးမားစွာ တိုးချဲ့လိုက်ပါက ကျန်နိုင်ငံကြီးများက စစ်အတွက် ပြင်ဆင်နေသည်ဟု ယူဆကြမည်သာ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံကြီးများသည် အားအကြီးဆုံးနိုင်ငံကို ဦးစွာဖယ်ရှားရန် စဉ်းစားကြမည်။

ထိုအတွေးဖြင့် လုချန်းသည် အနည်းငယ် ရယ်မောလိုက်မိသည်။ ထို့နောက် ဝမ်ချင်းစီကို ပြောလိုက်သည်။

“ဝမ်မိန်းလေးက ထောက်လှမ်းရေးလုပ်ငန်းတွေကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တယ်။ နောက်ပိုင်းမှာလည်း နိုင်ငံကြီးတွေရဲ့ လှုပ်ရှားမှုတွေကို ပိုဂရုစိုက်ပါ။”

ဝမ်ချင်းစီက ချက်ချင်း တုံ့ပြန်လိုက်သည်။ “ဟုတ်ကဲ့ မင်းသား။”

ထိုအချိန်တွင် ဝမ်ချင်းစီသည် အနည်းငယ် ခုန်လိုက်ပြီး ချက်ချင်းပင် ခြံစည်းရိုးအုတ်တံတိုင်းပေါ်သို့ ရောက်ရှိသွားသည်။

“မင်းသား။ အခြားကိစ္စ‌တွေမရှိရင် ကျွန်မသွားတော့မယ်။”

လုချန်းက

“အင်း။ ကောင်းပြီ” ဟု ပြောလိုက်သည်။

ထို့နောက် ဝမ်ချင်းစီ၏ ပုံရိပ်သည် မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လုချန်း သတိပြန်ဝင်လာပြီး ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို ကြည့်လိုက်သည်။ ထို့နောက် ရဲလိနန်ရန်က မောက်မာခြင်း နှိမ့်ချခြင်း မရှိပဲ ပြောလိုက်သည်။

“မင်းသား။ ကျေးဇူးပြုပြီး ကျွန်မတို့ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တွေကို သွားကြည့်ရှုခွင့် ပြုပါလား။”

လုချန်းက

“ပြဿနာမရှိပါဘူး။ ကျွန်တော်နှင့်အတူလိုက်လာပါ” ဟု ပြောလိုက်သည်။

လုချန်းသည် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို ထိုလွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များနှင့် တွေ့ဆုံဖို့ ခေါ်ဆောင်သွားရန် ရည်ရွယ်ထားပြီးဖြစ်သည်။ သူတို့ လုံးဝ စိတ်ချသွားပြီး မသင့်လျော်သော အတွေးများ မရှိစေရန် ဖြစ်သည်။

......

အခန်း (၁၅၉)

ရက်စက်ကြမ်းကြုတ်သော ကောင်းကင်ဝံပုလွေဘုရင်နှင့် ကရုဏာရှင်မြောက်ပိုင်းနယ်စားမင်းသား (၁)

လုချန်းသည် ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့နှင့်အတူ လွင်ပြင်ဒေသ မျိုးနွယ်စုအကျဉ်းသားများကို ထိန်းသိမ်းထားသော စခန်းသို့ ရောက်ရှိလာခဲ့သည်။ လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသားက သိန်းနှင့်ချီရှိသဖြင့် ထိုအကျဉ်းသားများကို စီမံခန့်ခွဲရန် မြောက်ပိုင်းမြို့တော်က အားထုတ်မှု များစွာ ပြုလုပ်ခဲ့ရသည်။

အကျဉ်းသားများကို စောင့်ကြပ်ရန် စခန်းတွင် သံချပ်ကာမြင်းတပ်သား တစ်သောင်းကို တပ်စွဲထားသည်။ ထို့အပြင် အကျဉ်းသားများကို စီမံခန့်ခွဲရန် စစ်သားများလည်း ရှိသည်။

အခြေခံအားဖြင့် မြောက်ပိုင်းမြို့တော်၏ စစ်သားတစ်ဦးသည် လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသား ရာနှင့်ချီကို တာဝန်ယူရသဖြင့် မြောက်ပိုင်းမြို့တော်၏ စစ်သားများအပေါ်တွင် ဖိအားများစွာရှိသည်။

မြောက်ပိုင်းမြို့တော်၏ အရာရှိများနှင့် စစ်သားအများစုကတော့ ထိုလွင်ပြင်ဒေသ မျိုးနွယ်စုအကျဉ်းသားများကို သတ်ပစ်လိုက်ခြင်းသည်သာ အရှင်းဆုံး ဖြေရှင်းနည်းဖြစ်မည်ဟု ယုံကြည်ထားသည်။

သို့သော် ထိုအကျဉ်းသားများကို ထိန်းသိမ်းထားရန်မှာ မြောက်ပိုင်းနယ်စားမင်းသား၏ အမိန့်ဖြစ်သဖြင့် အရာရှိနှင့် စစ်သားများလည်း ထပ်မံ စောဒကတက်ခြင်း မပြုတော့ပေ။ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ လှည်းမှဆင်းလိုက်သည်နှင့် အလုပ်လုပ်နေသော လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသားများက သူတို့ကိုမြင်သွားကြပြီး ဆူဆူညံညံဖြစ်သွားသည်။

“မိဖုရား… မိဖုရား”

“ကြည့်ကြစမ်း။ မိဖုရားပါ”

“ဘာဖြစ်နေတာလဲ။ ဘာကြောင့် မိဖုရားက ရန်ခရိုင်မှာ ရောက်နေရတာလဲ။”

“ငါတို့မျိုးနွယ်စုကို မြောက်ပိုင်းနယ်စားမင်းသားက ဖျက်ဆီးပစ်လိုက်ပြီး မိဖုရားတောင် သူဖမ်းတာ ခံလိုက်ရပြီလား။”

“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး။ မိဖုရားက အရမ်းဉာဏ်ကောင်းတဲ့သူပဲ။ ငါတို့ရှုံးသွားတာကို သိတာနှင့် နန်းတော်ကို ချက်ချင်းပြောင်းရွှေ့သွားမှာပဲ။ မြောက်ပိုင်းနယ်စားမင်းသားက ငါတို့ရဲ့ မျိုးနွယ်စုရဲ့ တည်နေရာကို အလွယ်တကူ ရှာဖွေနိုင်မှာ မဟုတ်ဘူး။”

“သူက မိဖုရာကြီး မဖြစ်နိုင်ဘူး။”

မိဖုရားကိုယ်တိုင် လှည်းထဲမှ ဆင်းလာသည်ကို မြင်ရပြီးတောင် မယုံကြည်နိုင် ဖြစ်‌နေကြသည့် မျိုးနွယ်စု အကျဉ်းသားများကို မြောက်ပိုင်းမြို့တော်မှ စစ်သားတစ်ဦးက လှောင်ပြောင်လိုက်သည်။

“ခင်ဗျားတို့ မသိသေးဘူးထင်တယ်။ ခင်ဗျားတို့ရဲ့ မိဖုရားက ကျွန်တော်တို့ မင်းသားနဲ့ လက်ထပ်ဖို့ သဘောတူသွားပြီ။ အခုဆို သူက ကျွန်တော်တို့ မင်းသားရဲ့ မိန်းမပဲ။”

“ဒါ့အပြင် မကြာခင်မှာ ခင်ဗျားတို့ရဲ့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်မှာ ပြန်လည်နေရာချထားမယ်။ ဒါက ကျွန်တော်တို့ မင်းသားရဲ့ ကရုဏာကြောင့်ပဲ။ အခြားသူတစ်ယောက်ဆိုရင် ခင်ဗျားတို့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို အရင်ကတည်းက သတ်ပစ်ပြီးပြီ။”

စစ်သား၏ စကားကို ကြားလိုက်ရသည့်အခါ မျိုးနွယ်စု အကျဉ်းသားများ လန့်သွားကြသည်။

သူတို့ရဲ့ မိဖုရားက မြောက်ပိုင်းနယ်စားမင်းသားနဲ့ လက်ထပ်ဖို့ ရွေးချယ်လိုက်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ရဲ့ နန်းတော်ကို မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ ရှာဖွေတွေ့ရှိသွားပြီလား။

မိဖုရား မပါတဲ့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှာ အနာဂတ်ဆိုတာ ရှိသေးရဲ့လား။ ခဏအတွင်းပင် မျိုးနွယ်စု အကျဉ်းသားများ အလွန်စိတ်ဓာတ်ကျသွားပုံ ပေါ်သွားကြသည်။ ထိုအချိန်တွင် မင်းသားစံအိမ်မှ ကိုယ်ရံတော်တစ်ဦးက မျိုးနွယ်စု အကျဉ်းသားများရှေ့သို့ ရောက်လာသည်။

“ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက လူတွေ ဒီမှာပဲ နေကြ။ မြောက်ပိုင်းဖရီဘုရင်မျိုးနွယ်စုက လူတွေကတော့ ထွက်သွားလို့ရပြီ။”

ဖမ်းဆီးခံထားရသူ တစ်သိန်းအနက် တစ်ချို့မှာ မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုမှ စစ်သားများဖြစ်သည်။ ကိုယ်ရံတော်၏ စကားကို ကြားလိုက်ရသည့်အခါ မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုမှ ဖမ်းဆီးခံထားရသူ အများအပြား ထွက်သွားကြပြီး မကြာမီပင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ လူများသာ ကျန်ရှိတော့သည်။

ထိုအချိန်တွင် ရဲလိနန်ရန်သည် အေးဆေးတည်ငြိမ်စွာဖြင့် စစ်သားများထံသို့ ချဉ်းကပ်လာသည်။ မိဖုရားတစ်ပါးတည်း မဟုတ်ပဲ ကောင်းကင်ဝံပုလွေဘုရင်၏ သမီးဖြစ်သူ ရှောင်ဝမ်ယောင်ပါ ပါလာသည်ကို တွေ့မြင်ရသည်နှင့် စစ်သားများလည်း အဖြစ်မှန်ကို လက်ခံလိုက်ရသည်။

ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု၏ နန်းတော်ကို မြောက်ပိုင်းနယ်စားမင်းသား တွေ့ရှိခဲ့သည်မှာ သေချာနေပြီဖြစ်သည်။ မဟုတ်လျှင် သူတို့၏ မိဖုရားနှင့် မင်းသမီးတို့ ဤနေရာတွင် အတူရှိနေမည် မဟုတ်ပေ။

ထိုအချိန်တွင် မျိုးနွယ်စု အကျဉ်းသားများသည် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်သွားကြပြီး

“မိဖုရားကို ဂါရဝပြုပါတယ်” ဟု ပြောကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရပြီး လုချန်းသည် အတန်ငယ် စိတ်လှုပ်ရှားသွားမိသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသားများ၏ ရဲလိနန်ရန်အပေါ် ထားရှိသော မြင့်မားသည့် လေးစားမှုကို တွေ့မြင်လိုက်ရတော့ သူမကို ဖမ်းဆီးခဲ့သည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း လုချန်းသိလိုက်ရသည်။

ရဲလိနန်ရန်သည် လှပခြင်းမရှိသူ အမှတ်ကိုးဆယ် မရသူ ဖြစ်နေလျှင်တောင် သူမ၏ မြင့်မားသည့် နိုင်ငံရေးတန်ဖိုးကြောင့် သူမကို ဖမ်းဆီးခြင်းသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတစ်ခုလုံးကို ထိန်းချုပ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

သို့သော် သူကံကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။ ရဲလိနန်ရန်သည် တကယ်ပင် လှပပြီး အမှတ်ကိုးဆယ် ကျော်လွန်၏။ အရေးအကြီးဆုံးမှာ ရဲလိနန်ရန်သည် သန့်ရှင်းစင်ကြယ်နေဆဲဖြစ်ပြီး သူ၏ စိတ်ကြိုက်အမျိုးအစားလည်း ဖြစ်နေသည်။

ရဲလိနန်ရန်သည် ဒူးထောက်နေသော အကျဉ်းသားများကို ကြည့်ရင်း စိတ်ခံစားမှုများ ရောထွေးသွားပြီး သက်ပြင်းချလိုက်သည်။

“ကျွန်မ မိဖုရား မဟုတ်တော့ပါဘူး။ အားလုံး ထလိုက်ပါ။ ရှင်တို့လို ကျွန်မလည်း အကျဉ်းသားတစ်ယောက်ပါပဲ။”

ရဲလိနန်ရန်၏ စကားကို ကြားပြီးသော်လည်း လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသားများက မထကြသေးပေ။ ထိုအချိန်တွင် အကျဉ်းသားတစ်ဦးက ခေါင်းမော့ပြီး မေးလိုက်သည်။

“မိဖုရား။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဟာ မြောက်ပိုင်းနယ်စားမင်းသား ဖျက်ဆီးတာကို တကယ်ပဲ ခံလိုက်ရတာလား။”

ရဲလိနန်ရန်က ပြန်လည်ဖြေကြားလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားဟာ ကရုဏာကြိီပါတယ်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်မှာ အခြေချခွင့် ပေးထားပါတယ်။ ရှင်တို့ရဲ့ ဆွေမျိုးမိသားစုတွေဟာ ရှနိုင်ငံတော်ရဲ့ နိုင်ငံသားတွေအဖြစ် မြောက်ပိုင်းမြို့တော်မှာ နေထိုင်ကြမှာပါ။ တစ်နည်းအားဖြင့် အခုချိန်ကစပြီး ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆိုတာ မရှိတော့ပါဘူး။”

ရဲလိနန်ရန်၏ စကားများကို မျိုးနွယ်စုအကျဉ်းသားများ ယုံကြည်ရန် ခက်ခဲနေကြသည်။ သူတို့မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရသည်မှာ မြေနေရာများကို သိမ်းယူရန်မဟုတ်ပါလား။

ယခု မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို အနိုင်ရပြီးနောက် သူတို့၏ နန်းတော်ကို ဖျက်ဆီးခြင်းမပြုပဲ သူတို့၏ မျိုးနွယ်စုကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ခွင့်ပေးပြီး ရှနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ခွင့်ပေးမှာလား။

ထိုအခါ သူတို့၏ မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာဖြစ်သွားမှာလဲ။ သူတို့၏ လူပေါင်းများစွာ သေဆုံးခဲ့ရသည်သာမက ယခု သူတို့ကိုယ်တိုင်လည်း အကျဉ်းသားဘဝ ရောက်နေပြီဖြစ်သည်။၊ သူတို့၏ မျိုးနွယ်စုလည်း မရှိတော့ပေ။

အဓိပ္ပာယ်မရှိသော စစ်ပွဲတစ်ခုအတွက် လူပေါင်းနှစ်သိန်း သွေးမြေကျခဲ့ရသည်။ ထိုအချိန်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုအကျဉ်းသားများသည် တိတ်ဆိတ်နေကြပြီးဘာပြောရမည်ကို မသိကြပေ။

ရဲလိနန်ရန်က ဆက်ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက ရှင်တို့ကို မြောက်ပိုင်းမြို့တော်မှာ ဆယ်နှစ်ကြာ အလုပ်လုပ်စေမယ်လို့ ကျွန်မကို ပြောခိုင်းထားပါတယ်။ ရှင်တို့ကောင်းကောင်းမွန်မွန်နေထိုင်မယ်ဆိုရင် မြောက်ပိုင်းနယ်စားမင်းသားက ရှင်တို့ကို အိမ်ပြန်ခွင့်ပေးမှာပါ။ အလုပ်လုပ်ရမယ့် နှစ်‌တွေလျှော့ပေးမယ့်အခွင့်အရေးကိုလည်း ပေးမှာပါ။”

“အလုပ်လုပ်ရမယ့်နှစ်ကာလ ပြီးဆုံးသွားရင် ရှင်တို့ဟာ ရှနိုင်ငံတော်ရဲ့ နိုင်ငံသားများအဖြစ် မြောက်ပိုင်းမြို့တော်မှာ ဆက်လက်နေထိုင်ခွင့်ရှိတယ်။ လွင်ပြင်ဒေသကို ပြန်သွားပြီး နေထိုင်ဖို့လည်း ရွေးချယ်ခွင့်ရှိတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လွင်ပြင်ဒေသ မျိုးနွယ်စု အကျဉ်းသားများ၏ ဦးခေါင်းများ မော့လာကြပြီး စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။

အကျဉ်းသား တစ်ဦးက မေးလိုက်သည်။ “မိဖုရားပြောနေတာက တကယ်ပဲလား။ ကျွန်တော်တို့ တကယ်ပဲ အိမ်ပြန်ပြီး မိသားစုတွေကို ပြန်တွေ့နိုင်မှာလား။”

..........

All Chapters