အခန်း ၁၆၉-၁၇၁
Vol. 12 Ch. 169-171
အခန်း (၁၆၉)
မြောက်ပိုင်းမြို့တော်မှ ယောက်ျားများအတွက် ဇနီးများ (၁)
လွင်ပြင်ဒေသ မျိုးနွယ်စုများ မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့လာပြီးနောက် ရှနိုင်ငံတော်၏ လူထုနှင့် တိုက်ရိုက်ရောထွေးနေထိုင်ပါက လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် ရှလူထုကြား ပဋိပက္ခများ အလွယ်တကူ ဖြစ်ပွားနိုင်သည်။
သို့သော် နှစ်ဖွဲ့ကြား အပြန်အလှန် ဆက်ဆံမှု လုံးဝမရှိပါက လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ရှနိုင်ငံတော်၏ ယဉ်ကျေးမှုကို အပြည့်အဝ လက်ခံလာနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လုချန်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများအတွက် မြောက်ပိုင်းမြို့တော်တွင် သီးသန့်ခရိုင်များ ထူထောင်ပေးရန် အဆိုပြုခဲ့သည်။ သို့သော် အိမ်ထောင်စုတိုင်းကို မှတ်ပုံတင်ပြီး စည်းကမ်းတင်းကြပ်စွာ ထိန်းချုပ်ရမည်။ ခွင့်ပြုချက်ရရှိပါက ရှနိုင်ငံတော်၏ လူများနေထိုင်သော မြို့များသို့လည်း ဝင်ရောက်နိုင်သည်။
အရေးအကြီးဆုံးအချက်မှာ ဖမ်းဆီးခံထားရသော လွင်ပြင်ဒေသ မျိုးနွယ်စုဝင်များ၏ မိသားစုဝင်များသည် သူတို့ကို တိုက်ရိုက်သွားရောက်တွေ့ဆုံနိုင်ခြင်းဖြစ်သည်။ ဤအချက်က မြောက်ပိုင်းမြို့တော်သို့ လတ်တလောပြောင်းရွှေ့လာသည့် လွင်ပြင်ဒေသသူ အမျိုးသမီးများကို အလွန်ပျော်ရွှင်စေခဲ့သည်။
သို့သော် ပျော်ရွှင်မှုရှိရာတွင် ဝမ်းနည်းမှုလည်း ရှိတတ်သည်။ ယောက်ျားများ သေဆုံးသွားပြီဖြစ်သော လွင်ပြင်ဒေသသူ အမျိုးသမီးများကတော့ သူတို့၏ ယောက်ျားများကို နောက်တစ်ဖန် မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။
ထိုကဲ့သို့သော အမျိုးသမီးများလည်း အများအပြားရှိသည်။ လွင်ပြင်ဒေသ လူမျိုးများသည် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်းမဟုတ်ပဲ တစ်ယောက်ထက် ပိုသော အိမ်ထောင်ဖက်ရှိခြင်းကို ခွင့်ပြုထားသည်။ ရုတ်တရက် ယောက်ျား နှစ်သိန်းခန့် သေဆုံးသွားခဲ့သည်။ ထိုအထဲတွင် မြောက်ပိုင်းဖရီးဘုရင်၏ မျိုးနွယ်စုဝင်များလည်း ပါဝင်သော်လည်း ကောင်းကင်ဝံပုလွေဘုရင်မျိုးနွယ်စုဝင် ယောက်ျားသိန်းပေါင်းများစွာ ပါဝင်သွားခဲ့သည်။ ထို့ကြောင့် မုဆိုးမများ မည်မျှများမည်ကို စဉ်းစားကြည့်ရန်ပင် မလိုပါ။
မြောက်ပိုင်းမြို့တော်တွင် လွင်ပြင်ဒေသမှ မုဆိုးမများ ရုတ်တရက်များပြားလာခြင်းသည် ဒေသအတွက် ကောင်းသည့်အရာ မဟုတ်ပေ။
မိုးသောက်ချိန်တွင် လုချန်းသည် အိပ်ရာထလာပြီး မနက်စာကို မြန်မြန်စားကာ သူ၏စာကြည့်ခန်းသို့ သွားခဲ့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက သူသည် ရဲလိနန်ရန်၏ အခန်းသို့ နေ့တိုင်းနီးပါး သွားရောက်လည်ပတ်ခဲ့သည်။ သို့သော် လုချန်းသည် ရဲလိနန်ရန်၏ နွေးထွေးသော အခန်းထဲတွင် စိတ်အလိုလိုက်ပြီး အချိန်ကုန်ဆုံးသွားရန် မရည်ရွယ်ပေ။ သူသည် မင်းသားတစ်ဦးဖြစ်ပြီး နေ့စဉ်တာဝန်များကို ထမ်းဆောင်နေရသည်။
အပြင်ဆောင်ရှိ စာကြည့်ခန်းသည် ယခုအခါ သူအလုပ်လုပ်ရာ နေရာဖြစ်လာသည်။ ပုံမှန်အားဖြင့် မနက်အိပ်ရာထပြီးတာနှင့် စာကြည့်ခန်းသို့သွားကာ နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသည်။
လုချန်း မြောက်ပိုင်းမြို့တော်သို့ စတင်ရောက်ရှိချိန်တုန်းတွင် အလုပ်မများခဲ့ပါ။ သို့သော် ရုတ်တရက် မြောက်ပိုင်းမြို့တော်တွင် ကိစ္စများ များပြားလာပြီး လုချန်းလည်း မနက်မှ ညအထိ စာကြည့်ခန်းထဲတွင် အချိန်ကုန်ဆုံးနေရသည်။ ထမင်းကိုလည်း မကြာခဏ စာကြည့်ခန်းထဲတွင်ပင် စားနေရသည်။
ဒါက လုချန်းကို တစ်စုံတစ်ခုအား သတိရ စေလိုက်သည်။ သူ့တွင် လုပ်သားအင်အား အလွန်နည်းပါးနေသည်ဟူသော အချက်ဖြစ်သည်။ တိတိကျကျဆိုရလျှင် အုပ်ချုပ်ရေးအရာရှိများ အလွန်နည်းပါးနေသည်။
မြောက်ပိုင်းမြို့တော်တွင် အုပ်ချုပ်ရေးအခြေခံအုတ်မြစ်ရှိသော်လည်း ယခင်တုန်းကတော့ ပြုပြင်ပြောင်းလဲမှုများ မလိုအပ်ခဲ့ပေ။ အများအားဖြင့် အုပ်ချုပ်ရေးကို ပုံမှန်အတိုင်းထားရှိပြီး မြောက်ပိုင်းမြို့တော်၏ အရာရှိများသည် ဘာမျှမလုပ်ပဲ တရားဝင်ထောက်ပံ့ငွေနှင့် လစာများကို စောင့်မျှော်နေကြသည်။
ယခု သူမြောက်ပိုင်းမြို့တော်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ထားသည့် အချိန်တွင် ပထမဆုံး ရင်ဆိုင်ရသော ပြဿနာမှာ အရာရှိများ လုံလောက်မှုမရှိခြင်းဖြစ်သည်။ ထို့အပြင် အရာရှိအများစုသည် အလုပ်လုပ်ရန် စိတ်အားထက်သန်မှု မရှိကြသဖြင့် လုပ်ငန်းများစွာကို အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ခက်ခဲနေသည်။
ထိုအချိန်တွင် လုချန်းသည် အရာရှိများနှင့်ပတ်သက်သော အချက်အလက်များကို ကြည့်ရှုရင်း နဖူးတွန့်လိုက်သည်။
အကျင့်ပျက်ခြစားမှုများက ပုံမှန်ဖြစ်နေသည်။ မြောက်ပိုင်းမြို့တော်သည် ဆင်းရဲနေကောင်းဆင်းရဲနေမည်။ သို့သော် ထိုအရာရှိများသည် သူတို့၏အိတ်များ ဖောင်းဖို့နည်းလမ်းများ ရှာဖွေနေကြဆဲဖြစ်သည်။
သူတို့သည် အကျင့်ပျက်ခြစားရုံသာမက ပျင်းရိပြီး အလုပ်မလုပ်သော သူများလည်းဖြစ်သည်။ ထိုအရာရှိများသည် အသုံးမကျသော လူပျင်းများနှင့် မခြားနားပေ။
သန့်စင်ရေး လုပ်ငန်းစဉ်တစ်ခုက လိုအပ်နေပြီဖြစ်သည်။
ထိုအချိန်တွင် စာကြည့်ခန်း အပြင်ဘက်မှ အစေခံမိန်းကလေးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“မင်းသား။ လိလူကြီးမင်းနဲ့ မိုးလူကြီးမင်းတို့ ရောက်ရှိလာပါပြီ”
ဟု သူမက ပြောလိုက်သည်။
လုချန်းက အေးဆေးစွာဖြင့်
“အားလုံးကို ဝင်ခွင့်ပြုလိုက်ပါ” ဟု ပြန်ပြောလိုက်သည်။
လုချန်း၏စကားသံ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် စာကြည့်ခန်း၏တံခါး ဖြည်းဖြည်းချင်းဖွင့်လာပြီး လိယုရိနှင့် အခြားလူနှစ်ဆယ်ကျော်တို့သည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာကြသည်။
စာကြည့်ခန်းသည် ယခုအခါတွင် အနည်းငယ်ကျဉ်းမြောင်းနေသကဲ့သို့ ခံစားရသည်။
ပုံမှန်အားဖြင့် မင်းသားတစ်ဦးတွင် အလုပ်ကိစ္စရပ်များ ဆွေးနွေးရန် သီးသန့်နေရာတစ်ခု ရှိလေ့ရှိသည်။ သို့သော် လုချန်းမြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာပြီး အစပိုင်းတွင် နိုင်ငံရေးကိစ္စများကို မဆောင်ရွက်ပဲ မင်းသားစံအိမ်တွင်သာ နေထိုင်လေ့ရှိသဖြင့် အစည်းအဝေးခန်းမကို တည်ဆောက်ခြင်း မပြုရသေးပေ။
အစပိုင်းတွင် လိယုရိသည် မြောက်ပိုင်းနယ်စားမင်းသားက အလုပ်ကိစ္စရပ်များကို ကိုင်တွယ်မည် မဟုတ်ဟု ယူဆထား၏။
သူ့အတွက် အစည်းအဝေးခန်းမတစ်ခု တည်ဆောက်ရန် ငွေကြေးအမြောက်အမြား ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် စရိတ်ချွေတာလိုစိတ်ဖြင့် မြောက်ပိုင်းနယ်စားမင်းသားအတွက် အစည်းအဝေးခန်းမတစ်ခု ထည်သွင်းတည်ဆောက်ခြင်း မပြုလုပ်ခဲ့ပေ။
သို့သော် အခုတော့ မြောက်ပိုင်းနယ်စားမင်းသားသည် အလုပ်ကိစ္စရပ်များတွင် မပါဝင်ခြင်း မဟုတ်ပဲ အချိန်မတန်သေးခြင်းသာဖြစ်ကြောင်း လိယုရိ သိရှိလာသည်။ မကြာမီ မြောက်ပိုင်းနယ်စားမင်းသားသည် ကြီးမားသော လုပ်ဆောင်ချက်များ ပြုလုပ်လိမ့်မည်။
လိယုရိ ယခင်ကကဲ့သို့ ပေါ့ပေါ့တန်တန် သဘောထားမျိုးဖြင့် မနေနိုင်တော့ပေ။ မဟုတ်ပါက မကြာမီ မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို ခရိုင်အုပ်ချုပ်ရေးမှူးရာထူးမှ ဖယ်ရှားလိမ့်မည်ဖြစ်သည်။
စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီးနောက် လူအားလုံးက လုချန်းကို ချက်ချင်း ဂါရဝ ပြုလိုက်ကြသည်။
“မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား နှစ်ထောင်ပေါင်းများစွာ အသက်ရှည်ပါစေ” ဟု ပြောဆိုကြသည်။
လုချန်းသည် ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး
“တစ်ခုခုပြောစရာရှိရင် တစ်ယောက်ပြီးမှ တစ်ယောက် ပြောပါ ” ဟု ပြောလိုက်သည်။
နေပြည်တော်ရှိ နန်းတွင်းနှင့်မတူပဲ လုချန်း၏ “သေးငယ်သောနန်းတွင်း” သည် လောလောဆယ်တွင် အတော်အတန် စနစ်ကျနေဆဲဖြစ်သည်။ ကိစ္စရပ်များကို လိုအပ်သည့်အခါတွင်သာ ဆွေးနွေးပြောဆိုကြပြီး အစပိုင်းကတည်းက ယင်ကောင်များကဲ့သို့ ဆူညံမနေပေ။
ထိုအချိန်တွင် လိယုရိက ရှေ့သို့တက်လာပြီး
“မင်းသား။ မြောက်ပိုင်းမြို့တော်က ကိစ္စရပ် တွေ တဖြည်းဖြည်းများပြားလာတာနှင့်အမျှမင်းသားစံအိမ်က စာကြည့်ခန်းဟာ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့ နေရာအဖြစ် မသင့်တော်တော့ပါဘူး။ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် ခန်းမတစ်ခု တည်ဆောက်ဖို့ အချိန်တန်ပါပြီ”
ဟု ပြောလိုက်သည်။
ရှနိုင်ငံတော်တွင် မင်းညီမင်းသားများသည် အာဏာအရှိန်အဝါကြီးမားကြသည်။ သူတို့၏နယ်မြေများသည် ရှနိုင်ငံတော်၏အစိတ်အပိုင်းဟု အမည်ခံထားသော်လည်း သူတို့တွင် အာဏာအမျိုးမျိုးရှိကြသည်။
မင်းညီမင်းသားများ အုပ်ချုပ်သော နယ်မြေများကို မင်းသားပိုင်နယ်များဟုလည်း ခေါ်ဆိုကြပြီး မင်းညီမင်းသားတိုင်းတွင် သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် နိုင်ငံရေးကိစ္စများ ဆွေးနွေးရန် ခန်းမတစ်ခုရှိကြသည်။
ယခင်ကတော့ လုချန်း အလုပ်ကိစ္စများ စီမံခန့်ခွဲမှု ပြုလုပ်ခြင်း မလုပ်ခြင်းက ကိစ္စမရှိသော်လည်း ယခုတော့ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။
သူတို့၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကိစ္စရပ်များ တဖြည်းဖြည်းများပြားလာသည်နှင့်အမျှ နိုင်ငံရေးကိစ္စများကို စာကြည့်ခန်းကဲ့သို့သော နေရာကျဉ်းကျဉ်းလေးတွင် ဆွေးနွေးရန် မသင့်တော်တော့ပေ။
စာကြည့်ခန်းသည် လူနှစ်ဆယ်ကျော်အတွက်ဆိုလျှင်တောင် ကျဉ်းမြောင်းနေပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ အဖွဲ့ဝင်များ သို့မဟုတ် လက်အောက်ခံအရာရှိများ ဆက်လက်တိုးပွားလာပါက နိုင်ငံရေးကိစ္စများကို အခန်းပြင်ထွက်၍ ဆွေးနွေးရတော့မည်ဖြစ်သည်။
ဒါကတော့ လက်ခံနိုင်စရာ မရှိပါ။
လိယုရိ၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်းက အေးဆေးစွာဖြင့်
“ကောင်းပါပြီ။ လိလူကြီးမင်းက ဒီကိစ္စကို စီမံဆောင်ရွက်လိုက်ပါ” ဟု ပြောလိုက်သည်။
လိယုရိကဦးညွတ်ပြီး
“မင်းသားရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါမယ်” ဟု ပြန်ပြောလိုက်သည်။
.......
အခန်း (၁၇၀)
မြောက်ပိုင်းမြို့တော်မှ ယောက်ျားများအတွက် ဇနီးများ (၂)
ထို့နောက် လိယုရီလည်း သူ၏နေရာသို့ ပြန်သွားလိုက်သည်။
လုချန်းက ဆက်ပြောလိုက်သည်။
“ဒါနဲ့ နိုင်ငံရေးရာကောင်စီခန်းမကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ဘေးမှာ တည်ဆောက်ပါ။ အရမ်းဝေးတဲ့နေရာမှာ မထားပါနဲ့။”
လိယုရိီက ပြန်ပြောလိုက်သည်
“ စိတ်ချပါ မင်းသား။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ် တည်ဆောက်တုန်းက နိုင်ငံရေးရာကောင်စီခန်းမအတွက် နေရာကို ကြိုတင်ချန်လှပ်ထားပြီးသားပါ။”
ထိုစကားကို ကြားလိုက်ရသော်လည်း နိုင်ငံရေးရာကောင်စီခန်းမကို အစကတည်းက မတည်ဆောက်ရသည့် အကြောင်းရင်းကို လိယုရိကို မေးမြန်းခြင်း မပြုတော့ပေ။ မြောက်ပိုင်းမြို့တော်ရှိ လိယုရိ ကဲ့သို့သော အရာရှိများသည် လုချန်းအတွက် နိုင်ငံရေးရာများ ဆွေးနွေးရန် နေရာတစ်ခု မလိုအပ်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် သူ့အတွက် ခန်းမ မပြင်ဆင်ခဲ့ကြခြင်း ဖြစ်နိုင်သည်။
လုချန်းက ထိုကိစ္စများကို ဆက်လက် စဉ်းစားခြင်း မပြုတော့ပဲ
“အခြားတင်ပြစရာ ရှိတဲ့သူ ကျန်သေးလား။” ဟု ဆက်မေးလိုက်သည်။
ထိုအခါ မုချန်တိန်က ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည်။
“မင်းသား။ အမြောက်တွေရဲ့ အရေအတွက်က သိပ်မများတော့ပါဘူး။ အမြောက်တပ်ရင်းထဲက စစ်သားအများစုဟာ ဘာမှလုပ်စရာ မရှိတော့ပါဘူး။ လေ့ကျင့်ရေးတောင် မလုပ်နိုင်တော့ပါဘူး။ အမြောက်တပ်ရင်းကို ဖျက်သိမ်းပြီး နောက်ပိုင်းမှာ အမြောက်တွေကို ပုံမှန်တပ်ဖွဲ့တွေထဲ ခွဲဝေပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။”
အမြောက်များအတွက် ကျည်ဆန်များ ထောင်ဂဏန်းသာ ကျန်တော့သည်။ ဝန်နင်းတောင်ကြားတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် တိုက်ပွဲပြီးနောက် ကျည်ဆန်များ လုံးဝနီးပါး ကုန်သွားခဲ့သည်။
လက်နက်ကြီးတပ်ရင်းကို တာဝန်ယူထားသူ မုကျင်းဝူလည်း လုချန်းထံတွင် ကျည်ဆန်များ ရှိမရှိကို မသေချာပေ။ လေ့ကျင့်ရေးအတွက် ကျည်အစစ်များကို အသုံးပြုရန် မဝံ့မရဲ ဖြစ်နေသည်။ ကျည်ဆန်များ ကုန်သွားပါက လုံးဝအကူအညီမဲ့သွားမည်ကို စိုးရိမ်နေသည်။
ကျည်ဆန်များ လုံးဝကုန်သွားပါက လူတစ်သောင်းပါဝင်သော အမြောက်တပ်ရင်းကို ထိန်းသိမ်းထားရန် မလိုအပ်တော့ဟု မုကျင်းဝူ ယူဆသည်။ ထိုစစ်သားများကို အခြားတပ်ဖွဲ့များထဲသို့ ခွဲဝေပေးလိုက်ခြင်းက ပိုကောင်းမည်ဟု ထင်သည်။ ထို့ကြောင့် သူက မုချန်တိန်ကို လုချန်းထံ အမြောက်တပ်ရင်းအကြောင်း တင်ပြစေခဲ့သည်။
မုချန်တိန်၏စကားကို ကြားပြီးနောက် လုချန်း ခဏမျှ တွေးတောလိုက်သည်။
ဒီပြဿနာက တကယ်ပင်ရှိသည်။
သူတို့တွင် အမြောက်များ ထုတ်လုပ်နိုင်သည့် အစွမ်းအစ မရှိပေ။ စနစ်မှ အမြောက်များကို ဆုအဖြစ် ပေးခဲ့သဖြင့် မြောက်ပိုင်းမြို့တော်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့သော်လည်း ကျည်ဆန်များ ကုန်သွားပြီး စနစ်မှ ကျည်ဆန်များ ဆုအဖြစ် ထပ်မပေးပါက ထိုအမြောက်များ ဖုန်တက်နေမည်သာ ဖြစ်သည်။
ထိုအတွေးနှင့်အတူ လုချန်း၏ နဖူးတွင် အရေးအကြောင်း အနည်းငယ်ပေါ်လာသည်။ ထိုအခါမှသာ သူ၏ဇနီးများ ကလေးမရသည်မှာ ကြာပြီဖြစ်ကြောင်း သူသတိရလိုက်သည်။ သူ၏ စနစ်သည် သားသမီးများစွာ ဘုန်းကံများစွာ စနစ်ဖြစ်သည်။ သူတို့ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် ကလေးမွေးဖွားခြင်းပြုမှသာ ပိုမိုများပြားသော ဆုလာဘ်များ ရရှိနိုင်သည်။
အမှန်မှာ သူလည်း မကြာသေးမီ ကာလများအတွင်း ပျင်းရိနေ ခြင်း မရှိခဲ့ပါ။ ညတိုင်းလိုလို ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် မူကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့ မြန်မြန် ကိုယ်ဝန်မဆောင်နိုင်ခြင်းမှာ သူတို့သည် မကြာသေးမီကမှ ကလေးမွေးဖွားခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လုချန်းက သူတို့သုံးဦး၏ ကျန်းမာရေးကို ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ကိုယ်ဝန်မဆောင်စေရန် တမင်တကာ ကာကွယ်ထားခဲ့သည်။
သူ၏ ပြန်လည်သန်စွမ်းစေသော စွမ်းအားသည် ဒဏ်ရာများကို ပြန်လည်ကောင်းမွန်စေနိုင်သော်လည်း ကလေးမွေးဖွားခြင်းနှင့်ပတ်သက်လာလျှင် မည်သည့် ဆုံးရှုံးမှုများ ဖြစ်လာနိုင်မည်ကို ဘယ်သူမှ ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။ ထို့ကြောင့် လုချန်းက အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝမ်ချင်းစီ၊ ပိုင်ချင်းချင်းနှင့် မကြာသေးမီက ရောက်ရှိလာသော ရဲလိနန်ရန်တို့အတွက်မူ အခြေအနေက ကွဲပြားသည်။ သူသည် ထိုအမျိုးသမီးသုံးဦးကို အထူးဂရုစိုက်ခဲ့သည်။ ဥပမာအားဖြင့် ရဲလိနန်ရန် မင်းသား၏ စံအိမ်သို့ ရောက်ရှိလာပြီးကတည်းက လုချန်း သူမအတွက် နေ့စဉ် နာရီပေါင်းများစွာ အချိန်ပေးခဲ့သည်။
လုချန်း၏ မျက်နှာအမူအရာ ဆက်တိုက်ပြောင်းလဲနေကာ ကြာရှည်စွာ တွေးတောနေ၏။ ဒီအတိုင်း ဆက်သွား၍ မရနိုင်တော့ဟု သူခံစားရသည်။ ဝမ်ချင်းစီ၊ ပိုင်ချင်းချင်းနှင့် ရဲလိနန်ရန်တို့သည် သိုင်းပညာရှင်များ ဖြစ်ကြ၏။ ပထမဦးစွာ သိုင်းပညာရှင်များအတွက် ကိုယ်ဝန်ရရန် မလွယ်ကူပေ။ နောက်ထပ်ပြဿနာတစ်ခုမှာ သိုင်းပညာရှင်များသည် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားရန် စွမ်းအားများကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ထိုသုံးဦးသည် သူ၏ ကလေးကို မလိုချင်ပါက သူတို့ကို ကိုယ်ဝန်ဆောင်စေရန် သူမည်သို့မှ တွန်းအားမပေးနိုင်ပေ။ ထို့ကြောင့် မုကျိရွှမ်းတို့ကိုသာ ပြန်လည်အာရုံစိုက်ရန် လိုအပ်လာပြီလား။
လုချန်း ကြာမြင့်စွာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ မုချန်တိန်က ဆက်ပြောလိုက်သည်။
“မင်းသားမှာ ကျည်ဆန်တွေ ရှိနေသေးတယ် ဆိုရင်တော့ အမြောက်တပ်ဖွဲ့ကို ဖျက်သိမ်းဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သူတို့ကို နေ့တိုင်း အလုပ်မရှိပဲ ထားဖို့မသင့်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။”
မုချန်တိန်က စဉ်းစားမိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အမြောက်ကျည်ဆန်များကို တမင်တကာ ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုကြောက်မက်ဖွယ် လက်နက်ကြီးများ၏ အဖျက်စွမ်းအားက အလွန်ကြီးမားသည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ကို ပစ်ခတ်မိပါက ရလဒ်က သိသာထင်ရှားသွားမည်ဖြစ်သည်။
ထိုကဲ့သို့သော လက်နက်ကြီးများက မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲတွင်သာ ရှိနေရန် လိုအပ်သည်။
လုချန်းက ပြောလိုက်၏။
“ လက်နက်ကြီးတပ်ဖွဲ့ကိစ္စကို အခုချိန်မှာ ခဏဘေးဖယ်ထားလိုက်ပါဦး။ တစ်ခြားတစ်ယောက်ယောက်မှာ အခြားကိစ္စတွေ ရှိသေးလား။”
လုချန်းက ဒီလောက်ပြောလိုက်တော့ မုချန်တိန်က နောက်ထပ် မပြောတော့ပေ။
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် မုချန်တိန်က သူ၏နေရာကို ပြန်သွားလိုက်၏။
ထိုအချိန်တွင် ချင်ယူရှန်ထွက်လာပြီး “မင်းသား။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွေက မြောက်ပိုင်းမြို့တော်ကို ဝင်လာပါပြီ။ မင်းသားရဲ့ အစီအစဉ်အတိုင်း ဗိုလ်ချုပ်ရှောင်က သူတို့ကို မြောက်ပိုင်းမြို့တော်ရဲ့ ခရိုင်ခြောက်ခုမှာ နေရာချဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရှောင်က သူ့လက်အောက်ငယ်သားတွေအတွက် မင်းသားကို မေးခွန်းတစ်ခု မေးဖို့ ပြောလိုက်တယ်။”
“လွင်ပြင်ဒေသက ယောက်ျားပေါင်း တစ်သိန်းကျော် ရုတ်တရက် သေဆုံးသွားတော့ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုထဲမှာ မုဆိုးမတွေ တော်တော်များလာပါတယ်။ မုဆိုးမတစ်ယောက်ကို အိမ်တစ်လုံးစီ ဆောက်ပေးမယ်ဆိုရင် အရင်ကထက် နှစ်ဆအိမ်တွေ ပိုဆောက်ရပါမယ်။”
“နောက်ပြီး ဒီလွင်ပြင်ဒေသသူ အမျိုးသမီးတွေက မြောက်ပိုင်းမြို့တော်ကို ရောက်လာပြီး ရှနိုင်ငံတော်ရဲ့ နေထိုင်မှုဘဝနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို သိပ်မရင်းနှီးကြပါဘူး။ ဒါကြောင့် သူတို့အတွက် ရှင်သန်ဖို့ ခက်ခဲနေပါတယ်။”
“ဗိုလ်ချုပ်ရှောင်က လွင်ပြင်ဒေသက မုဆိုးမတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု မင်းသား စဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်။”
ထိုအခါ လုချန်းက ချက်ချင်း ပြန်ပြောလိုက်၏။
“ကျွန်တော်လည်း ဒီပြဿနာကို ဖြေရှင်းဖို့ စဉ်းစားနေခဲ့တာ။ ခင်ဗျားတို့အားလုံး ဒီနေရာမှာ ရှိနေကြတော့ အားလုံးဆွေးနွေးကြည့်ပြီး ကောင်းတဲ့ နည်းလမ်းတစ်ခုခု ရှာကြည့်ကြရအောင်။”
လုချန်းစကားပြောပြီးတော့ မြေခွေးအိုကြီးကဲ့သို့ ပါးနပ်သော လိယုရိက ချက်ချင်း ဝင်ပြောလိုက်၏။
“မင်းသား။ မြောက်ပိုင်းမြို့တော်ရဲ့ ပြည်သူတွေက ဆင်းရဲကြတယ်။ တစ်ချို့လူပျိုယောက်ျားတွေက ဇနီးမယား မရှာနိုင်ကြဘူး။ လွင်ပြင်ဒေသက အမျိုးသမီးတွေက အလုပ်ကြိုးစား လုပ်တတ်ကြတယ်။ သည်းခံတတ်ကြတယ်။ ကျွန်ထင်တာက ဒီလူပျိုယောက်ျားတွေက သူတို့ကို အလွန် သဘောကျကြ လိမ့်မယ်။”
“ကျွန်တော်တို့ ဒီလွင်ပြင်ဒေသက မုဆိုးမတွေကို ရှနိုင်ငံတော်ရဲ့ လူပျိုယောက်ျားတွေဆီ ခွဲဝေပေးလိုက်ရင် မကောင်းဘူးလား။ ဒီလိုလုပ်ရင် မြောက်ပိုင်းမြို့တော်ရဲ့ ဆင်းရဲသားတွေ ဇနီးမရှာနိုင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်သလို လွင်ပြင်ဒေသက မုဆိုးမတွေ ရှင်သန်နိုင်ဖို့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မယ်။”
လိယုရီ၏ စကားမဆုံးမီ မုရှင်းပင်က ဘေးကနေ ဝင်ပြောလိုက်၏။
“လိလူကြီးမင်းရဲ့ အကြံက တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ရှနိုင်ငံတော်ရဲ့ ပြည်သူတွေက လွင်ပြင်ဒေသက မျိုးနွယ်စုတွေကို မုန်းနေကြတာကြာပြီ။ ရှနိုင်ငံတော်သားတွေက လွင်ပြင်ဒေသက မုဆိုးမတွေကို တကယ်လက်ခံကြမှာလား။”
ထိုစကားကို ကြားတော့ လိယုရိီက ရယ်မောပြီး ပြောလိုက်၏။
“ဗိုလ်ကြီးမိုး။ ခင်ဗျားက ဗိုက်ပြည့်နေတဲ့သူပဲ။ ဆာနေတဲ့သူရဲ့ ဒုက္ခကို မသိနိုင်ဘူး။ အချိန်အကြာကြီး လူပျိုဖြစ်နေတဲ့ သူတွေက နွားမကိုတောင် လှတယ်ထင်ကြတယ်။ သူတို့ဇနီးက လွင်ပြင်ဒေသက အမျိုးသမီးဖြစ်နေတာလောက်ကို အရေးမထားဘူး။”
“နောက်ပြီး အသွင်အပြင်အရ လွင်ပြင်ဒေသသူ အမျိုးသမီးတွေက ရှနိုင်ငံတော်က အမျိုးသမီးများနှင့် ဘာမှမကွာခြားဘူး။ သူတို့ကို ဘာကြောင့် လက်ထပ်မပေးနိုင်ရမှာလဲ။”
လိယုရိီ၏အဆိုကို မည်သို့ပြန်ပြောရမည်မသိသဖြင့် မုရှင်းပင် တိတ်ဆိတ်စွာနေလိုက်သည်။
ထိုအချိန်တွင် လုချန်းက စကားပြန်စလိုက်သည်။
“လိလူကြီးမင်းရဲ့ နည်းလမ်းက ကောင်းပါတယ်။ ကျွန်တော်လည်း အဲ့ဒီလိုမျိုး တွေးနေတာ။ အခြားအကြံပြုစရာရှိတဲ့သူ ရှိသေးလား။”
ထိုစကားနှင့်အတူ လုချန်းသည် စာကြည့်ခန်းထဲရှိ အခြားသူများကို လှမ်းကြည့်လိုက်သည်။ သို့သော် တစ်ယောက်မှ စကားမပြောကြပေ။ လုချန်းသည် အတန်ငယ် အံ့သြသွားမိသည်။
စာကြည့်ခန်းထဲတွင် လူနှစ်ဆယ်ကျော်ရှိသော်လည်း လိယုရိနှင့် သူ၏လက်အောက်ငယ်သား နှစ်ယောက်သာ အုပ်ချုပ်ရေးအရာရှိများ ဖြစ်ကြသည်။ ကျန်သူများအားလုံးမှာ စစ်ဗိုလ်ချုပ်များသာ ဖြစ်ကြသည်။
စစ်ဗိုလ်ချုပ်များကို မြောက်ပိုင်းမြို့တော်ကို အုပ်ချုပ်စေရန် မဖြစ်နိုင်ပေ။
လုချန်းက ဆက်ပြောလိုက်သည်။
“ဘယ်သူမှ အခြားအကြံပြုစရာမရှိတော့ဘူးဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြရအောင်။”
“စကားမစပ် မြောက်ပိုင်းမြို့တော်က ပြည်သူတွေကို လွင်ပြင်ဒေသသူ မုဆိုးမတွေနဲ့ လက်ထပ်ဖို့ အားပေးတဲ့ အနေနှင့် ကျွန်တော်က ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ကို မကြာခင် မောင်းမအဖြစ် သိမ်းပိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။”
ထိုစကားကို ကြားလိုက်ရပြီး မုချန်တိန်က စိုးရိမ်စိတ်ဖြင့် ဝင်ပြောလိုက်သည်။
“မင်းသား။ လွင်ပြင်ဒေသမျိုးနွယ်စုဝင် အမျိုးသမီးတွေကို မောင်းမအဖြစ် သိမ်းပိုက်မယ်ဆိုရင် နန်းတွင်းမှာ ဝေဖန်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။”
နေပြည်တော်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ မုချန်တိန်သည် နန်းတွင်း၏အခြေအနေကို ကောင်းစွာသိသည်။ လုချန်းသည် ထိုသို့ပြုလုပ်ပါက သူ့ကို ကန့်ကွက်မည့် ဝန်ကြီးများ အများအပြားရှိလိမ့်မည်။
မြောက်ပိုင်းနယ်စားမင်းသားသည် မင်းသားတစ်ပါးဖြစ်ပြီး လွင်ပြင်ဒေသမျိုးနွယ်စုဝင် အမျိုးသမီးကို မောင်းမအဖြစ် သိမ်းပိုက်ခြင်းက မင်းမျိုးမင်းနွယ်ကို ညစ်နွမ်းစေသည်ဟု နေပြည်တော်ရှိ ဝန်ကြီးများက ပြောကြမည်မှာ သေချာသည်။ ထို့အပြင် ထိုအမျိုးသမီးသည် မုဆိုးမတစ်ဦးဖြစ်နေသည်။
မုချန်တိန်၏ စကားကို ကြားလိုက်ရပြီး လုချန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“နန်းတွင်းက ကျွန်တော် မြောက်ပိုင်းမြို့တော်မှာ လုပ်နေတာတွေကို သေချာပေါက် ကျေနပ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လာမယ့်လအနည်းငယ်အတွင်း သူတို့လည်း ကျွန်တော် မြောက်ပိုင်းမြို့တော်မှာ လုပ်နေတာတွေကို ဂရုစိုက်ဖို့ အချိန်ရှိကြ တော့မှာ မဟုတ်ပါဘူး။”
မုချန်တိန်သည် ချက်ချင်းနားလည်သွားသည်။ ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများကို ကိုင်တွယ်ရန် ပြင်ဆင်နေသည်။ နန်းတွင်းရှိ ဝန်ကြီးအများစုသည် အာဏာရှိမိသားစုများနှင့် အနည်းနှင့်အများ ဆက်နွယ်နေကြသည်။ ရှနိုင်ငံတော်တွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်နှင့်အမျှ နေပြည်တော်ရှိ အရာရှိများသည် မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းမြို့တော်တွင် လုပ် ဆောင်နေသည်များကို အလွန်အမင်း ဂရုစိုက်ကြတော့မည် မဟုတ်ပါ။
လုချန်းက ဆက်ပြောလိုက်သည်။
“ကောင်းပါပြီ။ ဒီကိစ္စကို ဒီအတိုင်း ဆုံးဖြတ်လိုက်ကြပါစို့။ နောက်ကိစ္စကို ဆက်လုပ်ကြရအောင်။”
ထိုသို့ပြောရင်း လုချန်းသည် အခန်းထဲရှိ လူများကို ထပ်မံကြည့်လိုက်၏။ ထို့နောက် သူ၏မျက်လုံးများသည် နောက်ဆုံးတွင် ဝမ်ရန်လီနှင့် ရွှမ်ယွမ်ချန်းတို့အပေါ်တွင် အာရုံစိုက်သွားသည်။
“ဗိုလ်ချုပ် ရွှမ်။ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တုန်းက ဆွေးနွေးခဲ့တာတွေကို ယူမြို့တော်ကို ပြန်ပြောပြ ပြီးပြီလား။ ယူမြို့တော်ကပြည်သူတွေက မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ဖို့ သဘောတူကြလား။”
.....
အခန်း (၁၇၁ )
ငါများ စိုးရိမ်နေမိတာလား (၁)
လက်ရှိတွင် ယူနိုင်ငံတော်မှ လက်ကျန်များက ယူမြို့တော်တွင် ခန့်မှန်းခြေ ငါးသိန်းခန့် နေထိုင်ကြသည်။ ထိုလူများသည် စနစ်မှ လုချန်းအား ပေးအပ်ထားသော လက်အောက်ခံများ ဖြစ်သည်။ သို့သော် ထိုလက်အောက်ခံများတွင်လည်း သူတို့၏ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြသည်။ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသားဖြစ်သူ လုချန်းအား အပြည့်အဝသစ္စာရှိသော်လည်း သူတို့၏ဘိုးဘွားများ နေထိုင်ခဲ့ကြသော မြေကို စွန့်ခွာရန် လိုလားကြမည် မဟုတ်ပေ။
ကောင်းကင်ဝံပုလွေဘုရင်ကို အနိုင်ရပြီးနောက် လုချန်းက သူ၏အတွေးအခေါ်များကို ရွှမ်ယွမ်ချန်းနှင့် ဝမ်ရန်လီတို့ထံ ပြောပြခဲ့သည်။ သူသည် ထိုဗိုလ်ချုပ်နှစ်ဦးအား ယူမြို့တော်ရှိ ပြည်သူများထံ သူ၏အစီအစဉ်များကို ပြန်လည်ပြောပြရန် မျှော်လင့်ခဲ့သည်။
ထိုငါးသိန်းသော လူများသည် မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ရန် သဘောတူပါက မြောက်ပိုင်းမြို့တော်၏ လူသူနည်းပါးသော ဒေသများကို ဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။
လုချန်း၏မေးခွန်းကို ကြားလိုက်ရပြီးနောက်ရွှမ်ယွမ်ချန်းက ရှေ့သို့ထွက်လာကာ ပြောလိုက်သည်။
“မင်းသား။ ကျွန်တော် မင်းသားရဲ့ သဘောထားကို ယူမြို့တော်က ပြည်သူများကို ပြန်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်သိသလောက်ဆိုရင် ပြည်သူအများစုက ယူမြို့တော်က ထွက်ခွာဖို့ မလိုလားကြပါဘူး။”
“ နောက်ပြီး ကျွန်တော်ထင်ပါတယ်မင်းသား။ ယူမြို့တော်က ပြည်သူတွေကို မြောက်ပိုင်းမြို့တော် ပြောင်းရွှေ့ခိုင်းဖို့ မလိုအပ်ပါဘူး။ နောက်ပိုင်းမှာ မင်းသားရဲ့ နယ်မြေဟာ မြောက်ပိုင်းဒေသဘက်ကို ပိုမိုကျယ်ပြန့်လာမှာဖြစ်ပြီး ယူမြို့တော်ဟာ မြောက်ပိုင်းဒေသ တစ်လျှောက်လုံးကို စောင့်ရှောက်ပေးနိုင်မှာပါ။”
ရွှမ်ယွမ်ချန်း၏အဖြေကို ကြားလိုက်ရပြီး လုချန်း ခဏတာမျှ တွေးတောလိုက်သည်။
ရွှမ်ယွမ်ချန်း၏ စကားက အဓိပ္ပာယ်ရှိသည်။ လုချန်းသည် မြောက်ပိုင်းဒေသကို သူ၏နယ်မြေအဖြစ် သိမ်းပိုက်ရန် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ ယူမြို့တော်သည် သူ၏နယ်မြေတွင် နယ်စပ်မြို့တစ်မြို့ဖြစ်လာမည်။
ထိုနယ်မြေကို စောင့်ရှောက်ရန် လိုအပ်သည်။ ယူမြို့တော်တည်ရှိရာ ရန်အန်းတောင်တန်းဒေသ၏ မြေမျက်နှာသွင်ပြင်သည် ကာကွယ်ရလွယ်ကူပြီး တိုက်ခိုက်ရခက်ခဲသော နေရာဖြစ်သည်။ ထို့ကြောင့် စစ်သည်များကို နေရာချထားရန် အကောင်းဆုံးနေရာဖြစ်သည်။
ထို့ပြင် လူဦးရေ ဆယ်သန်းကျော်ရှိသော ရှနိုင်ငံတော်သည် သံချပ်ကာမြင်းတပ် နှစ်သောင်းကိုသာ လေ့ကျင့်နိုင်သည်။ သို့သော် လူဦးရေ ငါးသိန်းသာရှိသော ယူမြို့တော်သည် သံချပ်ကာမြင်းတပ် ငါးသောင်းကို ထိန်းသိမ်းထားနိုင်သည်။
ဟုတ်ပါသည်။ ရှနိုင်ငံတော်သည် စစ်သည်ပေါင်း သိန်းနှင့်ချီ၍ ထိန်းသိမ်းထားရ၏။ ယူမြို့တော်က ထိုနေရာတွင်တော့ နှိုင်းယှဉ်၍ မရပါ။ သို့သော် သူတို့သံချပ်ကာမြင်းတပ် ငါးသောင်းကို လေ့ကျင့်နိုင်သည့်အချက်မှာ စစ်ရေးအတွက် များစွာအထောက်အကူပြုနိုင်ကြောင်း ဖော်ပြနေသည်။
အနည်းငယ်စဉ်းစားပြီးနောက် လုချန်းသည် ထိုငါးသိန်းသော လူများကို မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့ရန် မစဉ်းစားတော့ပေ။ သူတို့ကို ယူမြို့တော်၌ပင် ထားရှိပြီး နောက်ပိုင်းတွင် စစ်သည်များကို ချထားကာ မြောက်ပိုင်းဒေသကို ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။
လုချန်း တွေးတောနေစဉ် ဝမ်ရန်လီက ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။
“မင်းသား။ မင်းသားက ရန်ခရိုင်နှင့် မြောက်ပိုင်းမြို့တော်က ခရိုင်နှင့် မြို့အားလုံးကို တိုက်ရိုက်ဆက်သွယ်မည့် လမ်းတစ်လမ်း ဖောက်လုပ်ရန် စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ယူမြို့တော်ဟာ မင်းသားရဲ့ နယ်မြေအဖြစ် ပါဝင်လာပြီးနောက်ပိုင်း ယူမြို့တော်ကို တိုက်ရိုက်ဆက်သွယ်မည့် လမ်းတစ်လမ်းလည်း ဖောက်လုပ်သင့်ပါတယ်။”
“ယူမြို့တော်ကို လမ်းမကြီးနှင့် ဆက်သွယ်လိုက်ရင် မြောက်ပိုင်းမြို့တော်က စစ်သည် တွေဟာ ယူမြို့တော်သို့ လျင်လျင်မြန်မြန် ရောက်ရှိနိုင်မှာပါ။ အဲ့ဒါဆို မြောက်ပိုင်းဒေသတစ်ခုလုံးဟာ မင်းသားရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာမှာပါ။”
အနည်းငယ် စဉ်းစားပြီးနောက် လုချန်းက ဆက်ပြောလိုက်သည်။
“ဗိုလ်ဝမ်ရဲ့ အကြံပြုချက်က ကောင်းပါတယ်။ ကျွန်တော် လက်ခံပါတယ်။”
ယူမြို့တော်ကို စစ်အခြေစိုက်စခန်းတစ်ခုအဖြစ် သတ်မှတ်ပါက ထိုမြို့သို့ တိုက်ရိုက်ဆက်သွယ်မည့် လမ်းတစ်လမ်း ဖောက်လုပ်ရန် လိုအပ်သည်။ ထိုအခါ မြောက်ပိုင်းဒေသကို စစ်သည်များ လျင်မြန်စွာ စေလွှတ်နိုင်မည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ထိုလမ်းမကြီးသည် ယူမြို့တော်နှင့် မြောက်ပိုင်းမြို့တော်ရှိ ပြည်သူများအကြား ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် ယူမြို့တော်သည် သီးသန့်နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိမည် မဟုတ်တော့ပေ။
လုချန်းက ဆက်ပြောလိုက်သည်။
“ကောင်းပါပြီ။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရအောင်။ အခြားတင်ပြစရာရှိသူ ရှိသေးလား။”
ထိုအခါ ချင်ယူရှန်က ထွက်လာပြီး ပြောလိုက်သည်။
“မင်းသား။ လက်ရှိအချိန်မှာ နိုင်ငံအသီးသီးက သူတို့ရဲ့ စစ်သည်တွေကို မကြာခဏ အပြောင်းအရွှေ့ လုပ်နေကြပါတယ်။ ကျူးနိုင်ငံတော်ဟာ မြောက်ပိုင်းမြို့တော်နဲ့ နယ်စပ်မှာ စစ်သည်နှစ်သိန်းကို ချထားထားပါတယ်။ ဒါပေမဲ့ အထူးကိုယ်ရံတော်တပ်ဖွဲ့မှ ရရှိတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကနောက်ကျနေပါတယ်။ အခြားနိုင်ငံတွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း မရှိပါဘူး။ အထူးကိုယ်ရံတော်တပ်ဖွဲ့ကို ချဲ့ထွင်ဖို့ အချိန်တန်ပါပြီလို့ ကျွန်တော်ထင်ပါတယ်။ အခြားနိုင်ငံ တွေကို ထိုးဖောက်ဝင်ရောက်ပြီး ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းဖို့ သူလျှိုတွေ ပိုခန့်ထားသင့်ပါတယ်။”
အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင် ငါးထောင်သည် ရှနိုင်ငံတော်အတွင်း ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန် တာဝန်ပေးပါက ပြဿနာမရှိပေ။ သို့သော် အခြားနိုင်ငံများမှ ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန်မှာမူ ခက်ခဲ၏။
အရေးအကြီးဆုံးပြဿနာမှာ နိုင်ငံတိုင်း၏ ဘာသာစကားနှင့် စာပေများက အမြဲတစေ မတူညီကြခြင်းဖြစ်သည်။ ရှနိုင်ငံတော်မှ အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင်များသည် အခြားနိုင်ငံသို့ ရောက်ရှိပါက သူတို့၏ ဘာသာစကားကို နားမလည်နိုင်ကြပေ။ ထို့ကြောင့် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန်က ပို၍မဖြစ်နိုင်ပေ။
လုချန်းက ပြန်ပြောလိုက်သည်။
“တပ်မှုးချင်။ ဒီအစည်းအဝေးပြီးရင် ခင်ဗျား နေခဲ့ပါ။ ဒီကိစ္စကို ကျွန်တော်နဲ့ သီးသန့်ဆွေးနွေးကြမယ်။ အခုအချိန်မှာ ဒီကိစ္စကို ဆက်မဆွေးနွေးတော့ဘူး။”
အထူးကိုယ်ရံတော်တပ်ဖွဲ့သည် လုချန်း၏ လက်ထဲရှိ ဓားမြှောင်တစ်ချောင်းဖြစ်သည်။ လုချန်းသည် အထူးကိုယ်ရံတော်တပ်ဖွဲ့နှင့်ပတ်သက်သော ကိစ္စများကို လူအများရှေ့တွင် ဆွေးနွေးရန် မရည်ရွယ်ပေ။ မဟုတ်ပါက အခြားသူများ အထူးသဖြင့် စနစ်မှ မခေါ်ယူခဲ့သော လိယုရိီတို့ကဲ့သို့သော သူများကို သတိထားမိသွားစေနိုင်သည်။
လုချန်း၏စကားကို ကြားလိုက်ရပြီး ချင်ယူရှန်က ချက်ချင်းပြန်ပြောလိုက်သည်၊ “ဟုတ်ကဲ့ မင်းသား။”
ထို့နောက် ချင်ယူရှန် သူ၏နေရာသို့ ပြန်သွားလိုက်သည်။
လုချန်းက ထပ်မေးလိုက်သည်။
“အခြားကိစ္စ ရှိသေးလား။ မရှိရင် ဒီနေ့အစည်းအဝေးကို ဒီမှာပဲ ရပ်လိုက်ကြရအောင်။ အားလုံး ပြန်သွားနိုင်ပါပြီ။”
ထို့နောက် လူအားလုံးက တစ်ပြေးညီပြောလိုက်သည်။
“ကျွန်တော်တို့ ထွက်ခွာပါမယ်။ မင်းသားနှစ် ထောင်ချီ အသက်ရှည်ပါစေ။”
ထို့နောက် လူအားလုံးသည် စာကြည့်ခန်းမှ ထွက်ခွာသွားကြပြီး ချင်ယူရှန်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ထို့နောက် လုချန်းနှင့် ချင်ယူရှန်တို့သည် အထူးကိုယ်ရံတော်တပ်ဖွဲ့ ချဲ့ထွင်ရေးကိစ္စကို နာရီဝက်ခန့် ဆွေးနွေးကြသည်။
ထိုအတောအတွင်း အခြားတစ်နေရာတွင်။
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်၏ ဆောင်တစ်ဆောင်။
အလွန်လှပသော အမျိုးသမီးနှစ်ဦးသည် အဆောင်ငယ်တစ်ခုထဲတွင် ထိုင်နေကြပြီး မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ ထွက်ခွာတော့မည့် လူများကို ကြည့်ရှုနေကြသည်။
ဤနေရာသည် အတွင်းဆောင်ထဲ မပါဝင်ပါ။ လုချန်း၏ စာကြည့်ခန်းမှ ထွက်လာပြီး ဖြတ်သန်းသွားကြသော မြောက်ပိုင်းမြို့တော်ရှိ အရာရှိများကို ကြည့်ရှုရန် အကောင်းဆုံးနေရာဖြစ်သည်။
လျို့ဝှက်လဝန်းနန်းတော်သည် မြောက်ပိုင်းမြို့တော်တွင် မရှိသလို ဖြစ်နေသည်။ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် မြောက်ပိုင်းမြို့တော်တွင် အတော်ကြာနေထိုင်ခဲ့သော်လည်း ချန်ဝမ်ရွန်သည် လုချန်းအား ချစ်ခြင်းပိုးကောင်ကို ထည့်သွင်းမည့်ကိစ္စ မအောင်မြင်သေးပေ။
ထိုအချိန်တွင် လင်ဝမ်ရွန်က ပြောလိုက်သည်။
“နန်းတော်သခင် မြောက်ပိုင်းနယ်စားမင်းသားက တို့နှစ်ယောက်ကို လုံးဝမေ့သွားသလို ဖြစ်နေတယ်။”
သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြပြီး အစပိုင်းတွင် စကားအနည်းငယ်ပြောခဲ့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့နှင့် နောက်ထပ်ဆက်သွယ်မှု မပြုတော့ပေ။
......