အခန်း ၁၉၀-၁၉၂
Vol. 13 Ch. 190-192
အခန်း (၁၉၀)
စစ်ဖြစ်ပြီ (၁)
မိုးသောက်ချိန်
နံနက်စောစော။
ကောင်းကင်သည် မီးခိုးရောင်အဆင်းဖြင့် မှောင်နေဆဲဖြစ်သည်။ လုချန်းသည် မြင်းစီးကာ လက်မှုပညာသည်များနေထိုင်ရာ အိမ်ရာသို့ တိုက်ရိုက်သွားရောက်ပြီး ကျောက်မီးသွေးတူးဖော်ခြင်းနှင့် ထုပ်လုပ်မှုဆိုင်ရာ ပစ္စည်းအချို့ကို မိုးဖေးထံ သုတေသနပြုရန် လွှဲအပ်လိုက်သည်။
ထို့နောက် လုချန်းသည် မိုးဖေးနှင့်အတူ မီးဖိုပါသော အိပ်ခန်းများနှင့် အခန်းများ တည်ဆောက်ခြင်းအကြောင်း ဆွေးနွေးခဲ့ပြီး လက်မှုပညာသည်များနှင့် တစ်နေကုန် အချိန်ကုန်ဆုံးခဲ့သည်။
ထိုအပြုအမူက ယူမြို့တော်၏ လက်မှုပညာသည်များ၏ စိတ်ထဲတွင် မြောက်ပိုင်းနယ်စားမင်းသား၏ ရိုးသားမှုကို ထပ်မံ ထင်ဟပ်ခံစားရစေခဲ့သည်။ ပုံမှန်အားဖြင့် မြောက်ပိုင်းနယ်စားမင်းသားသည် သူတို့နှင့် တစ်စုံတစ်ရာဆွေးနွေးလိုပါက သူတို့ကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ လာရောက်စေမည်ဖြစ်သည်။ သို့သော် ယနေ့မနက်စောစောတွင် သူသည် အေးစက်လေပြင်းများကို ရင်ဆိုင်ကာ သူတို့နေထိုင်ရာနေရာသို့ သွားရောက်ပြီး အကြောင်းကိစ္စများကို ဆွေးနွေးခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
လုချန်းသည် သူ၏စာကြည့်ခန်းတွင် အထူးကိုယ်ရံတော်များမှ စုဆောင်းထားသော သတင်းအချက်အလက်များကို ဖတ်ရှုနေစဉ် တံခါးဝမှ အစေခံတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“မင်းသား။ တပ်မှူးချင်က လာရောက်တွေ့ဆုံလိုပါတယ်။”
လုချန်းသည် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“ဝင်လာပါ။”
ထို့နောက် ချင်ယူရှန်သည် နှင်းများဖြင့် ဖုံးလွှမ်းနေသော အဝတ်အစားများဖြင့် ဝင်ရောက်လာခဲ့သည်။ ယနေ့တွင် အအေးဓာတ်က ပိုမိုပြင်းထန်လာပြီး နှင်းများလည်းထူထပ်စွာ ကျဆင်းနေသည်။
အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ချင်ယူရှန်သည် ရိုးရှင်းစွာ ဦးညွှတ်လိုက်သည်။
“မင်းသားကို နှုတ်ဆက်ပါတယ်။”
ဦးညွှတ်ပြီးနောက် ချင်ယူရှန်သည် ချက်ချင်းပင် သတင်းအချက်အလက်များပါသော ဝါးပြွန်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
“မင်းသား။ နေပြည်တော်က အရေးပေါ်စာတစ်စောင် ရောက်လာပါတယ်။”
ထိုစကားကို ကြားသောအခါ ထောက်လှမ်းရေး သတင်းအချက်အလက်များကို ကြည့်ရှုနေသော လုချန်းလည်း ခဏတာမျှ ငိုင်သွားခဲ့သည်။
ထို့နောက် လုချန်းသည် စားပွဲပေါ်ရှိ အခြားအစီရင်ခံစာများကို ဘေးဖယ်လိုက်ပြီး ချက်ချင်းပင် ဝါးပြွန်ကို ဖွင့်ကာ အတွင်းရှိ သတင်းအချက်အလက်ကို ထုတ်ယူလိုက်သည်။
ချင်ယူရှန်က ဆက်ပြောလိုက်သည်။
“ဆောင်းရာသီရောက်ရှိလာပြီဖြစ်တာကြောင့် နေပြည်တော်က ခိုတွေဟာ ရန်ခရိုင်ကို မရောက်ရှိနိုင်တော့ပါဘူး။ ဒါ့ကြောင့်အထူးကိုယ်ရံတော်တွေဟာ မြင်းနှင့်လာရောက် သတင်းပို့ရတာကြောင့် နေပြည်တော်က သတင်းတွေဟာ ရက်ပေါင်းများစွာ နောက်ကျသွားခဲ့ပါတယ်။”
ဝါးပြွန်ထဲမှ သတင်းအချက်အလက်ကို ထုတ်ယူပြီးနောက် အကြောင်းအရာကို လုချန်း သေချာစွာ ကြည့်ရှုလိုက်သည်။ သူ၏မျက်လုံးများ စာရွက်ပေါ်တွင် ရွေ့လျားလာသည်နှင့်အမျှ သူ၏မျက်နှာသည်လည်း ပိုမိုတင်းမာလာသည်။
သတင်းပို့လာသော အကြောင်းအရာကို ဖတ်ရှုပြီးနောက် လုချန်းက ခဏတွေးလိုက်ပြီး ပြောလိုက်သည်။
“လိယုရိနှင့် အခြားသူတွေကို အရေးပေါ်ကိစ္စများ ဆွေးနွေးဖို့ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို ချက်ချင်းလာရောက်ဖို့ အကြောင်းကြားလိုက်ပါ။”
“ဟုတ်ကဲ့ မင်းသား။”
တစ်နာရီခန့် ကြာပြီးနောက်။
လိယုရိီ၊ အခြားအရာရှိများနှင့် မြောက်ပိုင်းမြို့တော်မှ စစ်ဗိုလ်ချုပ်များစွာသည် လုချန်း၏ စာကြည့်ခန်းထဲတွင် ပေါ်ထွက်လာခဲ့သည်။
သူတို့အားလုံး အနည်းငယ် သိလိုစိတ် ပြင်းပြနေကြသည်။ ယနေ့သည် အစည်းဝေးပွဲကျင်းပရန် သတ်မှတ်ထားသောနေ့ မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို မည်သည့် အတွက်ကြောင့် ခေါ်ယူသနည်း။ မြောက်ပိုင်းဖရီဘုရင် တောင်ဘက်ကို ချီတက်လာပြီလား။
လူအားလုံး ရောက်ရှိလာပြီးနောက် လုချန်းက ချက်ချင်းစကားမပြောသေးပေ။ သူ၏မျက်လုံးများသည် စားပွဲပေါ်ရှိ မြေပုံကို စိုက်ကြည့်နေဆဲဖြစ်ပြီး တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ထင်ရသည်။
လုချန်း၏ မျက်နှာအမူအယာကို မြင်ရပြီး သူတို့အားလုံးလည်း တိတ်ဆိတ်စွာနေကြကာ လုချန်း စကားစပြောလာမည်ကို စောင့်နေကြသည်။
ခဏအကြာတွင် လူအားလုံး စုံနေပြီဖြစ်ကြောင်း လုချန်း သတိထားမိသွားသည်။ သူက အားလုံးကို ကြည့်လိုက်ပြီး
“ကျွန်တော် ခုနကရလိုက်တဲ့ ထောက်လှမ်းရေးအချက်အလက်အရ ရှနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်တို့ စစ်ဖြစ်နေကြပြီ” ဟု ပြောလိုက်သည်။
လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် လူအားလုံး အံ့အားသင့်သွားကြသည်။
ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။
အင်ပါယာကြီးများသည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသည်။ ပဋိပက္ခများ အမြဲတမ်းရှိနေခဲ့သော်လည်း စစ်ပွဲကြီးကြီးမားမား တစ်ခုမှ မဖြစ်ပွားခဲ့ဖူးပေ။
ဘာကြောင့် ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့က ဒီအချိန်တွင် ရုတ်တရက် စစ်ထဖြစ်ရတာလဲ။
မုချန်တိန်က ချက်ချင်းမေးလိုက်သည်၊ “မင်းသား။ ဝူနိုင်ငံတော်က စတင်တိုက်ခိုက်တာလား။”
ဆွမ်ဧကရာဇ်၏ နောက်ထပ် ခြေလှမ်းတစ်ခုမှာ ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိမိသားစုများကို ကိုင်တွယ် ဖြေရှင်းရန်ဖြစ်ကြောင်းမျက်စိရှိသူတိုင်း မြင်နိုင်သည်။ ထို့ကြောင့် ဆွမ်ဧကရာဇ်သည် အခုလို အချိန်တွင် စစ်ပွဲစတင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်ဝူနိုင်ငံတော်ကသာ ရှနိုင်ငံတော်ကို စတင်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်။
မုချန်တိန်၏မေးခွန်းကို ကြားလိုက်ရသည်နှင့် လုချန်းသည် ခေါင်းငြိမ့်လိုက်ပြီး
“ထူးဆန်းစွာပဲ ရှနိုင်ငံတော်က စစ်ကိုစတင်ခဲ့တာပါ။ နေပြည်တော်ကပို့လိုက်တဲ့ ထောက်လှမ်းရေးအချက်အလက်ကို ကျွန်တော် ခဏလောက် စဉ်းစားနေရတယ်” ဟု ပြောလိုက်သည်။
ဒါက…
စာကြည့်ခန်းထဲရှိ လူအားလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး ဘာပြောရမည်ကို မသိကြပေ။
ရှနိုင်ငံတော်က အခုလို အချိန်မှာ စစ်ကိုစတင်မည်ဟု သူတို့လည်း ယုံကြည်ရန် ခက်ခဲနေသည်။ ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများကို အရင်ဖြေရှင်းရဦးမည် ဖြစ်သည်။
ထိုအချိန်တွင် လိယုရီက စကားစပြောလိုက်သည်။
“မင်းသား။ ထောက်လှမ်းရေးအချက်အလက်မှာ အမှားတစ်ခုခု ရှိနိုင်ပါလား။ ရှနိုင်ငံတော်အတွင်း ပြည်တွင်းပဋိပက္ခတွေ စတင်နေတဲ့ အချိန်မှာ ဧကရာဇ်က ဝူနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိမ့်မယ်လို့ ထင်ပါလား။”
လုချန်းက
“ထောက်လှမ်းရေးအချက်အလက်က မှန်နိုင်ပါတယ်။ ပြဿနာက စစ်မီးကို စတင်ခဲ့တဲ့ သူပဲ။”
“ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အင်ပါယာကြီးတွေဟာ သူတို့ရဲ့ စစ်တပ်တွေကို လျှို့ဝှက်စွာ နေရာရွှေ့ နေခဲ့ကြတယ်။ ကျူးနိုင်ငံဟာ မြောက်ပိုင်းမြို့တော်နှင့် နယ်စပ်မှာ စစ်သည်နှစ်သိန်းကို တပ်စွဲထားခဲ့တယ်။”
“ တစ်ယောက်ယောက်က ဝူနိုင်ငံနှင့် ပူးပေါင်းပြီး ရည်ရွယ်ချက်ရှိရှိ စစ်ပွဲကို စတင်ခဲ့တာလို့ ကျွန်တော်သံသယရှိတယ်။ ရှနိုင်ငံကို တိုက်ခိုက်ဖို့ ဝူနိုင်ငံကို အကြောင်းပြချက်ပေးခဲ့တယ်” ဟု ပြောလိုက်သည်။
လုချန်း၏ရှင်းလင်းချက်နှင့်အတူ အားလုံးနားလည်သွားကြသည်။
ဆွမ်ဧကရာဇ် အနေနှင့် ဤအချိန်တွင် စစ်မဖြစ်စေလိုသည်က အမှန်ပင်ဖြစ်သည်။ သူသည် သူ၏နယ်မြေအတွင်းရှိ အာဏာရှိမိသားစုများကို ရှင်းလင်းရန် ရည်ရွယ်ထားပြီးဖြစ်သည်။ ယခုအချိန်တွင် စစ်ဖြစ်ပွားပါက ထိုမိသားစုများကို မည်သို့ဖြေရှင်းနိုင်မည်နည်း။
ထို့ကြောင့် အာဏာရှိမိသားစုတစ်စုက ဝူနိုင်ငံတော်နှင့် ပူးပေါင်းကာ စစ်ကို စတင်ခဲ့ခြင်းဖြစ်နိုင်သည်။
ဝူနိုင်ငံကလည်း ရှနိုင်ငံတော်ကို အနိုင်ရယူရန် မရည်ရွယ်လောက်ပါ။ သို့သော် ရှနိုင်ငံတော်အပေါ် ဖိအားများစွာပေးနိုင်ပါက ထိုအာဏာရှိမိသားစုများသည် ဝူနိုင်ငံတော်အား အကျိုးကျေးဇူးများစွာ ပေးအပ်မည်ဖြစ်သည်။
အပြင်ဘက်မှ ဖိအားများနှင့် ရင်ဆိုင်ရပါက ဆွမ်ဧကရာဇ်သည် နောက်ဆုံးတွင် ထိုမိသားစုများနှင့် သဘောတူညီမှုရရန် လိုအပ်လာမည်ဖြစ်ပြီး သူ၏ အာဏာရှိ မိသားစုများကို ရှင်းလင်းလိုသည့် အတွေးအခေါ်ကို စွန့်လွှတ်ရမည်ဖြစ်သည်။
သို့သော် ဒီလောက် ရိုးရှင်းလိမ့်မည်ဟု လုချန်း မယုံကြည်ပါ။
ထိုအချိန်တွင် လုချန်းက မုချန်တိန်ဘက်သို့ လှည့်လိုက်ပြီး
“ဗိုလ်ချုပ်မုဟာ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေမဲ့ နေပြည်တော်မှာ နှစ်ပေါင်းများစွာ အရာရှိအဖြစ် အမှုထမ်းခဲ့ပြီး နိုင်ငံရေးနှင့်ရင်းနှီးပါတယ်။ ခင်ဗျားရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ ဝူနိုင်ငံနဲ့ ရှနိုင်ငံကြားက စစ်ကို အာဏာရှိမိသားစုတွေက စတင်ခဲ့တယ်ဆိုရင် သူတို့ရဲ့ နောက်ဆုံးရည်မှန်းချက်က ဘာဖြစ်နိုင်မလဲ” ဟု မေးလိုက်သည်။
ထိုမေးခွန်းကို ကြားလိုက်ရပြီး မုချန်တိန်က ဖြေလိုက်သည်။
“ကျွန်တော်ထင်တာက ဖြစ်နိုင်ခြေ သုံးမျိုးရှိပါတယ်။”
“ပထမဖြစ်နိုင်ခြေကတော့ ဧကရာဇ်ကို ပြင်ပဖိအားတွေပေးပြီး အာဏာရှိမိသားစုတွေကို ထိခိုက်စေမဲ့ လှုပ်ရှားမှုတွေ ဆက်မလုပ်နိုင် အောင်ဖို့ တားဆီးဖို့ပါ။”
“ဒုတိယဖြစ်နိုင်ခြေကတော့ အာဏာရှိမိသားစုတွေဟာ ဒီအခွင့်အရေးကို အသုံးချပြီး အခြားမင်းသားတွေနဲ့ ပူးပေါင်းမယ်။ ပြီးရင် ဧကရာဇ်ကို နန်းချပြီး ပိုမိုနာခံလွယ်တဲ့ ဧကရာဇ်တစ်ပါးကို တင်မြှောက်ဖို့ပါပဲ။ ဒါပေမဲ့ ဒီဖြစ်နိုင်ခြေက အလွန်နည်းပါးပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ မင်းသားအသီးသီး ဦးဆောင်တဲ့ အုပ်စုတွေကသည် ရှိနေဆဲဖြစ်ပါတယ်။ ဘယ်သူကမှ တစ်ယောက်တည်းကို ရွေးချယ်အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ မင်းသားတစ်ယောက်ယောက်ကို ထီးနန်းအရိုက်အရာလွှဲပြောင်းပေးဖို့ ရွေးလိုက်ရင် ရှနိုင်ငံတော် ပြိုကွဲသွားနိုင်ပါတယ်။”
“တတိယဖြစ်နိုင်ခြေကတော့…”
ဤနေရာတွင် မုချန်တိန်သည် အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူဆက်ပြောလိုက်သည်။
“မကြာသေးခင်က ကျွန်တော်ကြားရတဲ့ လူပြောများနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲ့ဒါက မင်းသားကို ဧကရာဇ်ကိုယ်တိုင်က မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခဲ့တာဖြစ်ပြီး သံချပ်ကာမြင်းတပ်ငါးသောင်းဟာ အမှန်တကယ်တော့ မင်းသားပိုင်တာ မဟုတ်ပဲ ဧကရာဇ်ပဲ ပိုင်တာဆိုတဲ့ အကြောင်းပါ။”
“မြောက်ပိုင်းမြို့တော်က သာမန်ပြည်သူတွေတောင် အဲ့ဒီလို ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် အာဏာရှိမိသားစုတွေကလည်း အဲ့ဒီလိုပဲ တွေးထင်ကြမှာ သေချာပါတယ်။”
“ဒါ့ကြောင့် ကျွန်တော်ထင်တာက အာဏာရှိမိသားစုတွေဟာ ဒီအခွင့်အရေးကို အသုံးချပြီး ဧကရာဇ်ကို သံချပ်ကာမြင်းတပ် ငါးသောင်းကို စစ်မျက်နှာကိုပို့ဖို့ ဖိအားပေးနိုင်ပါတယ်။ အဲ့ဒီလိုဆိုရင် ဝူနိုင်ငံတော်နှင့် စစ်ပွဲမှာ သံချပ်ကာမြင်းတပ် ငါးသောင်း လုံးဝပျက်စီးသွားနိုင်ပါတယ်။”
“ဝူနိုင်ငံတော်ဟာ စစ်ရေးကို အားပေးပြီး တစ်နှစ်ပတ်လုံး စစ်သားသန်းပေါင်းများစွာကို ထိန်းသိမ်းထားပါတယ်။ သူတို့ရဲ့ အင်အားဟာ မြောက်ပိုင်းက လွင်ပြင်ဒေသ မျိုးနွယ်စု တွေထက် မနိမ့်ပါဘူး။ နောက်ပြီး သူတို့ကို ကိုင်တွယ်ဖို့က ပိုမိုခက်ခဲနိုင်ပါတယ်။”
“သံချပ်ကာမြင်းတပ်ဖွဲ့ ငါးသောင်းဟာ စွမ်းရည်မြင့်မားပေမဲ့ ဝူနိုင်ငံတော်နှင့် စစ်ပွဲမှာ ထိပ်တိုက်ရင်ဆိုင်ခိုင်းရင်တော့ တစ်နှစ်အတွင်းလုံးဝပျက်စီးသွားနိုင်ပါတယ်။”
အမှန်စင်စစ် သာမန်ပြည်သူများနှင့် အာဏာရှိမိသားစုများသာမက မုချန်တိန်သည်ပင် လုချန်းသည် ဆွမ်ဧကရာဇ်က မြောက်ပိုင်းမြို့တော်သို့ အထူးစေလွှတ်ထားသော နယ်ရုပ်တစ်ရုပ်များလားဟု တစ်ချိန်က တွေးခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် လုချန်းထံတွင် သံချပ်ကာမြင်းတပ် ငါးသောင်းကိုတိုတောင်းသော ကာလအတွင်း တည်ဆောက်နိုင်စွမ်း မရှိပေ။
သို့သော် မုချန်တိန်သည် ယူမြို့တော်၏တည်ရှိမှုကို သိရှိပြီးနောက် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
သို့သော် ရှနိုင်ငံတော်ရှိ အခြားသူများကတော့ ယူမြို့တော်၏တည်ရှိမှုကို မသိရှိကြပါ။ ထို့ကြောင့် သူတို့၏မျက်လုံးများထဲတွင် ဆွမ်ဧကရာဇ်သာလျှင် မြောက်ပိုင်းမြို့တော်ကို သံချပ်ကာမြင်းတပ် ငါးသောင်း တပ်ဆင်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် အခြားသူများအတွက် သံချပ်ကာမြင်းတပ် ငါးသောင်းသည် ဆွမ်ဧကရာဇ်၏ ကိုယ်ပိုင်စစ်တပ်ဖြစ်သည်။
.......
အခန်း (၁၉၁)
မင်းသားရဲ့ လှုပ်ရှားမှုက မှန်းဆ၍မရပါ
ရှနိုင်ငံတော်တွင် မူလက သံချပ်ကာ မြင်းတပ် နှစ်သောင်းကျော် ရှိခဲ့ပြီး စစ်အင်အားသည် ဆွမ်ဧကရာဇ်၏ လက်ထဲတွင် စုစည်းထားပြီး ဖြစ်သည်။ ယခုဆိုလျှင် ဆွမ်ဧကရာဇ်သည် နောက်ထပ် သံချပ်ကာ မြင်းတပ် ငါးသောင်းကို အသုံးပြုနိုင်သည်။ အဓိက အချက်မှာ အာဏာရှိ မိသားစုများ၏ အမြင်တွင် ထိုသံချပ်ကာ မြင်းတပ် ငါးသောင်းသည် ဆွမ်ဧကရာဇ်၏ လက်ထဲတွင် လုံးဝရှိနေပြီး အခြားမည်သူမှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ထိုအခြေအနေက ရှနိုင်ငံတော်၏ အာဏာရှိ မိသားစုများကို ကောင်းမွန်စွာ အိပ်မပျော်နိုင်စေပါ။
ထို့ကြောင့် မုချန်တိန်သည် ယုံကြည်သည်။ အကယ်၍ ဝူနှင့် ရှနိုင်ငံတော်တို့ကြား စစ်ပွဲကို အာဏာရှိ မိသားစုများက စတင် မီးမွှေးခဲ့သည်ဆိုပါက သူတို့၏ နောက်ဆုံးရည်မှန်းချက်မှာ ထိုသံချပ်ကာ မြင်းတပ် ငါးသောင်းကို ဖျက်သိမ်းရန် ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။
မုချန်တိန်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် လုချန်း နက်နက်နဲနဲ တွေးတောသွားသည်။
မုချန်တိန် ဆွေးနွေးခဲ့သော ရည်မှန်းချက်သုံးခုအနက် ဒုတိယအချက်သည် ဖြစ်နိုင်ခြေ အလွန်နည်းပြီး တတိယအချက်သည် ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။
အာဏာရှိ မိသားစုများသည် ဆွမ်ဧကရာဇ်ကို အစားထိုးလိုသည်မှာ သေချာသည်။ ဤအချက်ကို သံသယဝင်စရာ မလိုပေ။ အထူးသဖြင့် လက်ရှိ ဆွမ်ဧကရာဇ်သည် လုံးဝနာခံမှု မရှိပဲ ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိ မိသားစုများကို အမြစ်ဖြုတ်ရန် ရည်ရွယ်နေသောကြောင့်ဖြစ်သည်။
သို့သော် ဧကရာဇ်ကို အစားထိုးခြင်းကို ယခုအချိန်တွင် လုပ်ဆောင်ရမည် မဟုတ်ပေ။ အမျိုးမျိုးသော ဂိုဏ်းဂဏများ ကွဲပြားနေစဉ်တွင် သူတို့ ဧကရာဇ်အသစ်တစ်ယောက်ကို အစားထိုးပါက မည်သူ့ကို ဧကရာဇ်အသစ်အဖြစ် ရွေးချယ်မည်နည်း။
မည်သည့်မင်းသားကိုမဆို နန်းတင်ရန် ရွေးချယ်လိုက်ပါက များစွာသော မကျေနပ်မှုများ ဖြစ်လာစေနိုင်သည်ကို ကြောက်ရွံ့ကြသည်။ နောက်ဆုံးတွင် ရှနိုင်ငံတော် ပြိုကွဲသွားပြီး ပြည်တွင်းစစ် ဖြစ်ပွားမည် ဖြစ်သည်။
အာဏာရှိ မိသားစုများအတွက် ရှနိုင်ငံတော် ပြိုကွဲသွားခြင်းသည် သူတို့၏ အကျိုးစီးပွားနှင့် မကိုက်ညီပါ။ ထို့ကြောင့် သူတို့သည် ဆွမ်ဧကရာဇ်ကို ထိုနေရာတွင် ဆက်လက်ထိုင်နေခွင့်ပြုရမည် ဖြစ်သည်။
အာဏာရှိမိသားစုများ လက်ရှိလုပ်ဆောင်ရမည့်အရာမှာ အင်အားစု အမျိုးမျိုးနှင့် အကျိုးစီးပွားဖလှယ်မှုများ ပြုလုပ်ပြီး နောက်ထပ် ဧကရာဇ်သစ်ကို သတ်မှတ်ရန်ဖြစ်သည်။ နောက်ထပ် ဧကရာဇ်ကို မသတ်မှတ်မီ ဆွမ်ဧကရာဇ်၏ ရာထူးကို ထိပါးကြမည် မဟုတ်ပါ။
နှစ်နိုင်ငံကြား စစ်ပွဲကို သူတို့ ဤမျှမြန်မြန်ဖန်တီးရခြင်း၏ အကြောင်းရင်းမှာ ဆွမ်ဧကရာဇ်ကို ဖိအားပေးရန်နှင့် တစ်ဖက်က ဆွမ်ဧကရာဇ်၏ လက်အောက်ရှိ အင်အားစုများကို ဖယ်ရှားရန်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ၏ စစ်တပ်အာဏာကို ဖယ်ရှားရန်ဖြစ်သည်။
နှစ်နိုင်ငံကြား စစ်ပွဲစတင်သည်နှင့် ဆွမ်ဧကရာဇ်သည် အစပိုင်းတွင် သူကိုယ်တိုင်တပ်များကို ဦးဆောင်မည် မဟုတ်ပါ။ ထိုအခါ ဆွမ်ဧကရာဇ်၏ လက်ထဲမှ စစ်အင်အား၏ တစ်စိတ်တစ်ပိုင်းကို လွှဲအပ်လိုက်ရမည် ဖြစ်၏။ ယခင်က စစ်အာဏာကို ဆုပ်ကိုင်ထားဖို့ ကြိုးစားခဲ့သည်များက အချည်းနှီးဖြစ်သွားလိမ့်မည် ဖြစ်သည်။
အနည်းငယ်စဉ်းစားပြီးနောက် လုချန်းက မုချန်တိန်ကို ဆက်မေးလိုက်သည်။
“ဗိုလ်ချုပ်မု။ အကယ်၍ နန်းတွင်းက မြောက်ပိုင်းမြို့တော်ကို စစ်တပ်စေလွှတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ရင် ကျွန်တော်ဘာလုပ်သင့်လဲ။”
မြောက်ပိုင်းမြို့တော်သည် လုချန်း၏ နယ်မြေဖြစ်သော်လည်း ရှနိုင်ငံတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လုချန်းသည် ရှနိုင်ငံတော်၏ မင်းသားတစ်ပါးဖြစ်သည်။ အကယ်၍ နန်းတော်က တပ်စေလွှတ်ရန် အမိန့်ထုတ်ပြန်ပါက သူ့အနေဖြင့် တပ်စေလွှတ်ရန် တာဝန်ရှိသည်။
သို့သော် လုချန်းသည် သူ၏ အနက်ရောင် မြင်းတပ်ကို စစ်မြေပြင်သို့ စေလွှတ်ပြီး စစ်ပွဲတွင် ပျက်စီးစေမည် မဟုတ်တာက သေချာသည်။
မုချန်တိန်က လုချန်းဘာလုပ်သင့်သည်ကို တိုက်ရိုက်မပြောပဲ သတိပေးလိုက်သည်။
“မင်းသား။ မြောက်ပိုင်းမြို့တော်ဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အစပိုင်းမှာပဲ ရှိပါသေးတယ်။ မင်းသားဟာ မြောက်ပိုင်းမြို့တော်မှာ အခြေစိုက်ဖို့ စတင်နေတုန်းဖြစ်ပါတယ်။ အကယ်၍ နန်းတော်က အမိန့်ထုတ်ပြန်လာလို့ မြောက်ပိုင်းမြို့တော်က စစ်တပ် စေလွှတ်ခြင်း မပြုရင်လည်း ပုန်ကန်တာနဲ့ အတူတူဖြစ်သွားမှာပါ။ အဲ့ဒီအချိန်မှာ စစ်သည် စုဆောင်းရင်လည်း မြောက်ပိုင်းမြို့တော်အတွက် ဘာအကျိုးကျေးဇူးမှ ရှိမှာမဟုတ်သလို မင်းသားအတွက်လည်း အကျိုးမရှိပါဘူး။”
မုချန်တိန်က လုချန်း၏ အတွေးများကို သိမြင်၏။ အနက်ရောင် မြင်းတပ်သည် မြောက်ပိုင်းမြို့တော်၏ အရေးပါဆုံး စစ်အင်အားဖြစ်သည်။ လုချန်းသည် အနက်ရောင် မြင်းတပ်ကို စစ်မြေပြင်သို့ စေလွှတ်ပြီး ရန်သူ၏ လက်ချက်ဖြင့် ပျက်စီးစေမည့် အနေအထားကိုတော့ လက်သင့်ခံမည် မဟုတ်ပါ။
သို့သော် အကယ်၍ နန်းတွင်းက အမိန့်ထုတ်ပြန်လာပြီး လုချန်းက စစ်တပ် မစေလွှတ်ပါက ပုန်ကန်သည်နှင့် အတူတူပင် ဖြစ်သွားမည်။ မြောက်ပိုင်းမြို့တော် ပုန်ကန်လိုက်ပါက နောက်ပိုင်းတွင် မြောက်ပိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပို၍ခက်ခဲသွားမည်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်၏ အရင်းအမြစ်အများစုသည် ရှနိုင်ငံတော်၏ အခြားနေရာများမှ သယ်ယူပို့ဆောင်လာခြင်းဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် စားသုံးသည့် ဆန်များပင် ရှနိုင်ငံတော်အတွင်းမှ ဝယ်ယူထားခြင်းဖြစ်သည်။ ထိုအချိန်တွင် ပုန်ကန်ပါက အရင်းအမြစ်များ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်သွားမည်ဖြစ်ပြီး မြောက်ပိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဖြစ်သည်။
ထိုအချိန်တွင် မုချန်တိန်က ပြောလိုက်သည်။ “မင်းသား ကျွန်တော်ထင်တာကတော့ အကယ်၍ နန်းတော်က တပ်စေလွှတ်ဖို့ အမိန့်ထုတ်ပြန်လာရင် မင်းသားဟာ သံချပ်ကာ မြင်းတပ် ငါးသောင်းလုံးကို မစေလွှတ်ပဲ တပ်သားအချို့ကိုသာ စေလွှတ်လိုက်ပါ။ သံချပ်ကာ မြင်းတပ်အများစုဟာ စစ် မြေပြင် သွားရောက်စဉ်လမ်းမှာ ရန်သူရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီး ထိုတပ်သားများသာ ကျန်ရှိပါတယ်လို့ ဆိုလိုက်ပါ။”
“ဒီနည်းလမ်းဟာ နန်းတွင်းရဲ့စစ်ရေးညွှန်ကြားချက်တွေနှင့် ကိုက်ညီပြီး ပုန်ကန်မှုလည်း မမြောက်တော့ပါဘူး။ နောက်ပြီး အနက်ရောင် မြင်းတပ်တွေ အလွန်အကျွံ ဆုံးရှုံးရမဲ့ ဘေးအန္တရာယ်ကိုလည်း ရှောင်ရှားနိုင်ပါမယ်။”
မုချန်တိန်၏ အကြံပြုချက်ကို ကြားလိုက်ရပြီးနောက် စာကြည့်ခန်းထဲရှိ အခြားသူများလည်း ထိုနည်းလမ်းက အလုပ်ဖြစ်နိုင်သည်ဟု ယူဆလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ပုန်ကန်ခြင်းက လုံးဝမလုပ်သင့်သော အရာဖြစ်သည်။ ယခုပုန်ကန်ပါက ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းနှင့် အတူတူပင်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ်သား ငါးသောင်းရှိသော်လည်း မည်သူကမှ အနိုင်ယူ၍ မရနိုင်သည့် အခြေအနေတော့ မဟုတ်သေးပါ။
လက်တွေ့အားဖြင့် ယမ်းနှင့် စစ်သုံးလက်နက်ကြီးများ ထုတ်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများအားလုံးသည် ရှနိုင်ငံတော်၏ အခြားနေရာများမှ သယ်ယူပို့ဆောင်လာခြင်း ဖြစ်သည်။ ယခုအချိန်တွင်ပုန်ကန်လိုက်ပါက ယမ်းထုတ်လုပ်ခြင်း အတွက်ပင် ပြဿနာဖြစ်လာနိုင်သည်။
ခဏတာ တွေးတောပြီးနောက် လုချန်းက ချင်ယူရှန်ဘက်သို့ လှည့်ပြီး
“တပ်မှူး ချင်။ ချက်ချင်း အနီရောင် ဖဲကြိုးတပ် သတင်းပို့သူကို စေလွှတ်ပြီး နန်းတွင်းကို အကူအညီတောင်းပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် စာကြည့်ခန်းထဲရှိ လူတိုင်း အံ့အားသင့်သွားခဲ့သည်။
အကူအညီတောင်းမယ်။
ဘာအကူအညီကို တောင်းမှာလဲ။
နန်းတွင်းက စစ်သည်တွေကို စေလွှတ်ခိုင်းလာမှာ မဟုတ်ဘူးလား။ ဘာကြောင့် မြောက်ပိုင်းနယ်စားမင်းသားက နေပြည်တော်ကို အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို စေလွှတ်နေတာလဲ။
ဘာကိစ္စ အတွက်လဲ။
ထိုအချိန်တွင် ချင်ယူရှန်ပင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
လုချန်းက ဆက်ပြောလိုက်သည်။
“မြောက်ပိုင်းဖရီဘုရင်ရဲ့ ကြီးမားတဲ့ တပ်ကြီးတစ်ခုဟာ နယ်စပ်ကို ဖိအားပေးနေပါတယ်။ နောက်ဆုံးအခေါက်က ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို ရင်ဆိုင်ခဲ့ရာမှာ မြောက်ပိုင်းမြို့တော်မှ တပ်များ အမြောက်အမြားဆုံးရှုံးခဲ့ရပြီး မြောက်ပိုင်းမြို့မှာ စစ်တိုက်နိုင်စွမ်း မရှိတော့ပါဘူး။ နန်းတွင်းက ယခုအကြိမ်မှာ ပိုမိုများပြားတဲ့ တပ်အင်အားကို စေလွှတ်ပြီး မြောက်ပိုင်းမြို့တော်ကို မြောက်ပိုင်းဖရီဘုရင်ရဲ့ ကျူးကျော်မှ ခုခံရန် အကူအညီပေးပါ။”
ဒါက…
လူတိုင်းလည်း ဖြစ်ပျက်နေသည့်အရာကို နားလည်သွားခဲ့သည်။
မုချန်တိန်၏ မျက်နှာပေါ်ရှိ စိုးရိမ်နေသော အသွင်အပြင်က ချက်ချင်းပျောက်ကွယ်သွားပြီး
“ ကောင်းတယ်… တကယ်ကို ကောင်းတယ်။ မင်းသားရဲ့ ဗျူဟာက တကယ့်ကို ပြောင်မြောက်ပါတယ်”
“အဲ့ဒီလိုဆိုရင် မြောက်ပိုင်းမြို့တော်က ကျွန်တော်တို့ရဲ့ တပ်အားလုံးက မြောက်ပိုင်းဖရီဘုရင်ကို ရင်ဆိုင်နေရပြီး နန်းတွင်းကိုထောက်ပံ့ဖို့ အင်အားလုံးဝ မကျန်တော့ဘူး။ ဒီလိုအချိန်မှာ နန်းတွင်းက ကျွန်တော်တို့ကို ဘာမှ ပြောလို့မရတော့ဘူး။ မင်းသားရဲ့ ရွှေ့ကွက်က တကယ့်ကို စကားလုံးရှာမရအောင် ပြောင်မြောက်လွန်းပါတယ်။”
လုချန်းက ဆက်ပြောလိုက်သည်။
“ကောင်းပါပြီ။ အချိန်ဖြုန်းတာကိုရပ်ပြီး နန်းတွင်းကို အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို ချက်ချင်းစေလွှတ်လိုက်ပါ။ နန်းတွင်းရဲ့ စစ်ရေးညွှန်ကြားချက်တွေ ရန်ခရိုင် မရောက်ခင် ပို့ရမယ်။”
“နောက်ပြီး ကျွန်တော်ကလည်း မြောက်ဘက်ကို သွားပြီး လွင်ပြင်ဒေသ မျိုးနွယ်စု တွေရဲ့ ကျူးကျော်မှုကို ခုခံနေပြီ။ တစ်ယောက်တစ်ယောက်က ကျွန်တော့်ကို ရှာဖွေလာရင် ကျွန်တော် မရှိကြောင်း ပြောလိုက်ပါ။”
လူတိုင်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားခဲ့သည်။ အကယ်၍ နန်းတွင်းမှ သံတမန်တစ်ဦး ရောက်ရှိလာပြီး လုချန်းကို မတွေ့ပါက သူတို့သည် စစ်ရေးညွှန်ကြားချက်ကို သူ့လက်ထဲသို့ ပေးနိုင်မည် မဟုတ်ပေ။
“ဒီနေ့အတွက်တော့ ဒီလောက်ပဲထားလိုက်ပါ။ ခင်ဗျားတို့အားလုံး ထွက်ခွာနိုင်ပါပြီ။ ကျွန်တော့်စကားကို မှတ်ထားပါ။ မြောက်ပိုင်းနယ်စားမင်းသားဟာ သူ့ရဲ့ စံအိမ်မှာ မရှိတော့ပါဘူး” ဟု လုချန်းက ထပ်ပြောလိုက်သည်။
ထို့နောက် အားလုံးက
“ကျွန်တော်တို့ကို ခွင့်ပြုပါ။”
ဟု ပြောလိုက်ကြသည်။
ထို့နောက် ချင်ယူရှန်သည် အနီရောင်ဖဲကြိုးတပ် သတင်းပို့သူကို စေလွှတ်ခဲ့သည်။ အခြေအနေက အရေးကြီးနေကြောင်း ပိုမိုပေါ်လွင်စေရန် လုချန်းကိုယ်တိုင် စစ်ရေးအစီရင်ခံစာကို ရေးသားခဲ့သည်။ အစီရင်ခံစာတွင် သူသည် ငိုပြနေပြီး “မျက်ရည်များ စီးဆင်းလျက်” နန်းတွင်းက မြောက်ပိုင်းမြို့တော်ကို ထောက်ပံ့ရန် တပ်များစေလွှတ်ပေးပါရန် မျှော်လင့်ကြောင်းပင် ဖော်ပြခဲ့သည်။
ထိုအချိန်တွင်။
လျှို့ဝှက်လဝန်း စားသောက်ဆိုင်၏ သီးသန့်ခန်း တစ်ခုတွင်။
ချမ်ဝမ်ရွန်သည် ထိုင်ခုံတစ်ခုတွင် ထိုင်နေပြီးသူမ၏ အေးစက်နေပြီး အလွန်လှပသော မျက်နှာသည် လတ်တလော ရရှိထားသော ထောက်လှမ်းရေးသတင်းကို ကြည့်ရှုနေစဉ် အနည်းငယ် ပို၍ စိုးရိမ်သွားခဲ့သည်။
အချိန်ကို တွက်ကြည့်လျှင် သူမနှင့် လင်ဝမ်ရွန်တို့သည် မြောက်ပိုင်းမြို့တော်တွင် လပေါင်းများစွာ နေထိုင်ခဲ့ပြီး လင်ဝမ်ရွန်သည် မင်းသားစံအိမ်၏ အတွင်းဆောင် ဒုလုံခြုံရေးမှူး ဖြစ်လာခဲ့သော်လည်း သူတို့သည် လုချန်းနှင့် နီးစပ်ရန် နည်းလမ်းမရှိသေးပေ။
လုချန်း၏ နေ့စဉ်ဘဝသည် အလွန်ပုံမှန်ဖြစ် နေသည်။ စားခြင်း၊ အိပ်ခြင်း၊ စာကြည့်ခန်းတွင် နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ခြင်း၊ ထို့နောက် သူ၏ အမျိုးသမီးများနှင့် အိပ်ခန်းထဲတွင် သားသမီးများ ဖန်တီးခြင်း စသည်တို့သာဖြစ်သည်။
လုချန်းက လျှို့ဝှက်လဝန်းနန်းတော်ကို လက်ခံထားသည်ဟု ထင်ရသော်လည်း နန်းတော်သည် သူ့အတွက် မည်သည့်ကိစ္စတွင်မှ အကူအညီမပေးနိုင်ခဲ့ပေ။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သည် လျှို့ဝှက်လဝန်းနန်းတော်၏ အကူအညီကို လုံးဝမလိုအပ်ဟု ထင်ရပြီး ချမ်ဝမ်ရွန်လည်း ချစ်ခြင်းပိုးကောင်ကို အသုံးပြုရန် အခွင့်အရေး တစ်ကြိမ်တစ်ခါမှ မရခဲ့ပေ။
ထိုအချိန်တွင် အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော လင်ဝမ်ရွန် အခန်းထဲ ညင်သာစွာ ဝင်ရောက်လာခဲ့သည်။
ချမ်ဝမ်ရွန်က ညင်သာသော အသံဖြင့် ပြောလိုက်သည်။
“ ဒေါ်လေးလင် ရှနိုင်ငံနဲ့ ဝူနိုင်ငံ စစ်ဖြစ်ပြီ။”
ထိုသို့ကြားလိုက်ရပြီးနောက် လင်ဝမ်ရွန် အနည်းငယ် အံ့ဩသွားသည်။
ဒါကချန်ဝမ်ရွန်အတွက် အမှန်တကယ်ပင် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ ဆွမ်နိုင်ငံ၏ စစ်ရေးအင်အား နည်းလေလေ ဆွမ်ဧကရာဇ်အပေါ် သူတို့တိုက်ရိုက်လှုပ်ရှားဖို့ အခွင့်သာလေလေ ဖြစ်သည်။
ချန်နိုင်ငံ ပြန်လည်ထူထောင်ခြင်းသည်ပင် ပြဿနာ ရှိနိုင်တော့မည် မဟုတ်ပေ။
.......
အခန်း (၁၉၂)
ချန်ဝမ်ရွန်၏ ပြဿနာ (၁)
ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်သည့်နေ့မှစ၍ သူမ၏နိုင်ငံကို ပြန်လည်ထူထောင်ရန် စဉ်းစားနေခဲ့သည်။ သို့သော် ရှနိုင်ငံတော်၏ အင်အားကြီးမားသော စစ်တပ်ကြောင့် နိုင်ငံကို ပြန်လည်ထူထောင်ရန် မလွယ်ကူပေ။
သို့သော် ယခု အခွင့်အရေးရောက်လာပြီဖြစ်သည်။
ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်တို့၏ စစ်ပွဲကို နှစ်အနည်းငယ်ကြာအောင် ဆွဲဆန့်ထားနိုင်ပါက ရှနိုင်ငံတော်၏ စစ်အင်အား ကုန်ခမ်းသွားလိမ့်မည်။ ထိုအခါ ယခင် ချန်နိုင်ငံတော်၏ အင်အားစုများကို စုစည်းနိုင်ပါက နိုင်ငံပြန်လည်ထူထောင်ရေး ကိစ္စက အောင်မြင်နိုင်ခြေ မြင့်မားလာမည်ဖြစ်သည်။
လင်ဝမ်ရွန်သည် ချန်ဝမ်ရွန်၏ ရည်ရွယ်ချက်ကို သိမြင်နေသော်လည်း သူမကို သတိပေးလိုက်သည်
“နန်းတော်သခင်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတွေက ကျွန်မတို့ကို လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်လာဖို့ အကြိမ်ကြိမ်သတိပေးနေပါတယ်။ ကျွန်မတို့ မပြန်ရင် …”
ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော် သခင်ဖြစ်သော်လည်း နန်းတော်ကို သူမတစ်ဦးတည်း ထိန်းချုပ်ထားခြင်းမဟုတ်ပေ။ တကယ့်အာဏာက နောက်ကွယ်ရှိ အကြီးအကဲများ၏ လက်ထဲတွင်ရှိသည်။
သူမ၏ သိုင်းပညာစွမ်းရည် အလွန်မြင့်မားသောကြောင့် ချန်ဝမ်ရွန် နန်းတော်သခင် ဖြစ်လာသော်လည်း အားလုံးကို သူမ စိတ်ကြိုက်လုပ်ကိုင်နိုင်သည်ဟု မဆိုလိုပါ။
အကြီးအကဲများ အကြောင်းကို လင်ဝမ်ရွန် ထည့်ပြောလိုက်ခြင်းမှာ ချန်ဝမ်ရွန် နိုင်ငံပြန်လည်ထူထောင်ရန် ရည်ရွယ်နေပါကအကြီးအကဲများက ကန့်ကွက်နိုင်ခြေ မြင့်မားကြောင်း သတိပေးရန်ဖြစ်သည်။
လျှို့ဝှက်လနန်းတော်၏ နန်းတော်ရှင်တစ်ဦးအနေဖြင့် နိုင်ငံပြန်လည်ထူထောင်ရန် လှုပ်ရှားနေပြီး အထူးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားကို အသုံးပြုနေပါက ထိုအကြီးအကဲများအတွက် လက်ခံနိုင်စရာ မရှိပေ။
ထို့ပြင် လျှို့ဝှက်လနန်းတော်သည် အင်ပါယာကြီးများ၏ ကိစ္စရပ်များကို မကြာခဏ ဝင်ရောက်စွက်ဖက်လေ့မရှိပါ။ သူတို့၏ ရှုပ်ထွေးသောကိစ္စများနှင့် မပတ်သက်လိုပေ။ လျှို့ဝှက်လနန်းတော်အတွင်း ချန်ဝမ်ရွန်၏ ရည်ရွယ်ချက်ကို သိသူ အလွန်နည်းပါးသည်။
လင်ဝမ်ရွန်၏ သတိပေးချက်ကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်က
“ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားကို ချစ်ခြင်းပိုးကောင် ထည့်ပြီးရင် လျှို့ဝှက်လနန်းတော်ကို ပြန်သွားမယ်။ ပြီးရင် နောက်တစ်ခါ ပြန်ဆင်းလာမယ်” ဟု အေးဆေးစွာ ပြောလိုက်သည်။
သူမသာ လုချန်းကိုယ်ထဲ ချစ်ခြင်းပိုးကောင် ထည့်နိုင်ပါက ထိုအချိန်မှစ၍ လုချန်းသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်ပြီး မြောက်ပိုင်းမြို့တော်တွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။
သူမ မြောက်ပိုင်းမြို့တော်တွင် ဆက်လက်နေထိုင်ရခြင်းမှာ ချစ်ခြင်းပိုးကောင်ကို လုချန်းအပေါ် အသုံးပြုရန် အခွင့်အရေးမရသေးသောကြောင့်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လုချန်းတွင် အမျိုးသမီးများစွာရှိပြီး ထိုအမျိုးသမီးအားလုံးသည် အလွန်လှပကြသည်။ ထို့ကြောင့် လုချန်းက သူမအပေါ် စိတ်ဝင်စားမှု မရှိခြင်းမှာ ပုံမှန်ဖြစ်သည်။
သူမ ပိုမိုတက်တက်ကြွကြွ လုပ်ဆောင်ရန် လိုအပ်သည်။
သို့သော် ယောက်ျားတစ်ဦးကို မည်သို့ဖမ်းစားရမည်ကို သူမ မသိပါ။ သူမသွားရာနေရာတိုင်းတွင် သူမ၏အလှကို စွဲလမ်းသော ယောက်ျားများသည် သူမဖမ်းစားရန် မလိုပဲ ချစ်ကြိုက်သွားကြသည်။
လုချန်းတွင် သူမအပေါ် ခံစားချက်ရှိသည်ဟု ချန်ဝမ်ရွန် ယုံကြည်နေသည်။ သို့သော် လုချန်းသည် သူ၏ဆန္ဒများကို ထိန်းချုပ်ရာတွင် အလွန်ကျွမ်းကျင်သည်။
ပိုမိုတိကျစွာပြောရလျှင် လုချန်းသည် သူ၏ဆန္ဒများကို ထိန်းချုပ်နေခြင်းမဟုတ်ပါ။ သူသည် သူ၏ဆန္ဒများ လိုချင်သည့်အချိန်တွင် ဖြေလျှော့နိုင်သည်။
ထို့ကြောင့် သူသည် သူ့အပေါ် ရည်ရွယ်ချက်ရှိနိုင်သော ချန်ဝမ်ရွန်ကို ကြိုးစားနေရန် မလိုအပ်ပေ။
ထိုအတွေးများဖြင့် ချန်ဝမ်ရွန်က လင်ဝမ်ရွန်ကို ကြည့်လိုက်ပြီး
“ဒေါ်လေ လင်။ ယောက်ျားတစ်ယောက်က ကိုယ့်ကို ချစ်ကြိုက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလား” ဟု မေးလိုက်သည်။
ချန်ဝမ်ရွန်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်သည် ရုတ်တရက် အံ့အားသင့်သွားသည်။
ယောက်ျားတစ်ယောက်က ချစ်ကြိုက်လာအောင် လုပ်တဲ့နည်းသိလား။
သူမသည် အသက်သုံးဆယ်ကျော်ပြီ ဖြစ်ပြီး မည်သည့်ယောက်ျားနှင့်မှ ရင်းနှီးသော သို့မဟုတ် မရေရာသော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။ သူမက ယောက်ျားတစ်ယောက် ချစ်ကြိုက်လာအောင် မည်သို့လုပ်ရမည်ကို ဘယ်လိုသိနိုင်မှာလဲ။
သို့သော် ချန်ဝမ်ရွန် ထိုမေးခွန်းကို မေးရခြင်း၏ အကြောင်းရင်းကို လင်ဝမ်ရွန် ခန့်မှန်းမိသည်။ သူမက
“နန်းတော် သခင်ရဲ့အလှနဲ့ဆိုရင် ဘာမှမလုပ်ရင်တောင် မြောက်ပိုင်းနယ်စားမင်းသားက နန်းတော်သခင်ကို ချစ်မိသွားမှာပါ” ဟု ပြောလိုက်သည်။
ချန်ဝမ်ရွန်က
“သူမြန်မြန်ချစ်မိလာအောင် လုပ်ချင်တယ်” ဟု နူးညံ့စွာ ပြောလိုက်သည်။
ဒါက…
လင်ဝမ်ရွမ်က
“ ကျွန်မ ယောက်ျားတွေအကြောင်း သိပ်မသိပါဘူး နန်းတော်သခင်” ဟု ပြောလိုက်သည်။
လင်ဝမ်ရွန်၏ စကားကို ကြားလိုက်ရပြီးနောက် ချန်ဝမ်ရွန် နောက်ထပ် မပြောတော့ပေ။ သူမလည်း သတိထားမိလိုက်သည်။ လင်ဝမ်ရွန်သည်လည်း ယောက်ျားတစ်ယောက်ကို တမင်တကာ ဖမ်းစားရန် အတွေ့အကြုံမရှိသူဖြစ်သည်။ ထို့ကြောင့် သူမကို မေးမြန်းခြင်းက အကျိုးမရှိပေ။
လုချန်းက သူမကို ချစ်မိလာအောင် မည်သို့လုပ်ရမည်ကို စဉ်းစားနေစဉ်
လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်တစ်ဦးက တံခါးကို ခေါက်လာကာ
“နန်းတော်သခင်။ မြောက်ပိုင်းနယ်စားမင်းသား၏စံအိမ်မှာ လှုပ်ရှားမှုအသစ်တွေ ရှိနေပါတယ်” ဟု ပြောလိုက်သည်။
ချန်ဝမ်ရွန်က
“ဝင်လာခဲ့” ဟု အေးစက်စွာ ပြောလိုက်သည်။
နောက်ခဏတွင် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်တစ်ဦး အခန်းထဲသို့ ဝင်ရောက်လာသည်။
ချန်ဝမ်ရွန်က
“ဘာကိစ္စလဲ”
ဟု မေးလိုက်သည်။
တပည့်က
“မြောက်ပိုင်းနယ်စားမင်းသားဟာ အခုမြောက်ပိုင်းဒေသကို သွားနေပါတယ်။ မြောက်ပိုင်းဖရီဘုရင်ရဲ့ တောင်ဘက်ချီတက်လာမှုကို ခုခံဖို့ပါ။၊ နန်းတွင်းကို အကူအညီတောင်းဖို့ အနီရောင် ဖဲကြိုးတပ် သတင်းပို့သူတစ်ဦးကိုလည်း စေလွှတ်ထားပါတယ်။ မြောက်ပိုင်းမြို့တော်မှာ နောက်ထပ်စစ်ပွဲတစ်ပွဲ ဖြစ်ပွားတော့မယ့်ပုံရပါတယ်”
ဟု အလျင်အမြန် သတင်းပို့လိုက်သည်။
ထိုသတင်းကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် ခဏခန့် အံ့အားသင့်သွားကြသည်။ လုချန်းကို မည်သို့ဖမ်းစားရမည်ကို ချန်ဝမ်ရွန် စဉ်းစားနေတုန်း နောက်တစ်မိနစ်တွင်ပင် လုချန်းသည် မြောက်ပိုင်းဒေသသို့ ထွက်ပြေးသွားခဲ့သည်။
အချိန်အများကြီး ထပ်ဖြုန်းတီးရဦးမှာလား။ သို့မဟုတ် သူမလည်း မြောက်ပိုင်းဒေသသို့ လိုက်သွားသင့်လား။ ထိုသို့လုပ်လိုက်လျှင်တော့သူမ၏ရည်ရွယ်ချက်များက အလွန်သိသာထင်ရှား သွားမည်ဖြစ်ပြီး လုချန်းလည်း သူမအပေါ် ပို၍ပင် သတိထားလာမည်ဖြစ်သည်။
လုချန်းကို သူမ မဖမ်းစားနိုင်ခြင်း၏ အကြီးမားဆုံးပြဿနာမှာ သူက အလွန်သတိကြီးမားနေခြင်းကြောင့် ဖြစ်သည်။ လုချန်းသည် သူမကို အမြဲတမ်း သတိထားနေပြီး သူ၏နှလုံးသားထဲသို့ ဝင်ရောက်ရန် နည်းလမ်းမရှိပေ။
မလိုအပ်သော အရာများ သူမလုပ်ဆောင်လာပါက လုချန်း သူမအပေါ် ပို၍ပင် သတိထားလာမည်ဖြစ်သည်။ ထို့ကြောင့် သူမ မြောက်ပိုင်းဒေသသို့ လိုက်သွားရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော်…
လုချန်းအပေါ် ချစ်ခြင်းပိုးကောင် အသုံးပြုဖို့ အခွင့်အရေးရရှိရန်အတွက် မြောက်ပိုင်းမြို့တော်တွင် ကြာမြင့်စွာစောင့်ဆိုင်းရမည်ကို သူမ စိုးရိမ်နေသည်။
သူမသည် စောင့်ဆိုင်းနိုင်သော်လည်းလျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာလာသည်မှာ ကြာပြီဖြစ်သဖြင့် နန်းတော်ရှိ အကြီးအကဲများက သူမအပေါ် ပို၍မကျေနပ် ဖြစ်လာကြမည်ဖြစ်သည်။ ထိုအတွေးများဖြင့် ချန်ဝမ်ရွန်သည် နောက်ဆုံးတွင် အစီအစဉ်တစ်ခု ရေးဆွဲလိုက်သည်။
“ဒေါ်လေးလင်းက မြောက်ပိုင်းမြို့တော်မှာ နေခဲ့ပါ။ ကျွန်မ လျှို့ဝှက်လဝန်းနန်းတော် ခဏပြန်သွားမယ်။”
ချန်ဝမ်ရွန်၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ပြီး လင်ဝမ်ရွန်က
“အင်း။ကောင်းပါပြီ” ဟု ပြောလိုက်သည်။
လင်ဝမ်ရွန်သည် ချန်ဝမ်ရွန်၏ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွားရန် ဆုံးဖြတ်ချက်ကို သဘောတူသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လပေါင်းများစွာ အပြင်တွင် နေထိုင်ခဲ့ပြီး မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။
သူတို့သည် လုချန်း၏ စရိုက်လက္ခဏာကို မှားယွင်းစွာ ခန့်မှန်းခဲ့ကြသည်။ လုချန်းနှင့် နီးစပ်လာပါက လုချန်းက ချန်ဝမ်ရွန်ကို ချစ်မိသွားမည်ဟု ထင်မှတ်ခဲ့ကြသည်။
လုချန်းသည် အလှအပကို နှစ်သက်သော်လည်း အလွန်သတိကြီးသော ယောက်ျားတစ်ယောက်ဖြစ်ကြောင်း သူတို့ မသိခဲ့ကြပေ။ မြောက်ပိုင်းမြို့တော်တွင် သူတို့အချိန်အများကြီး ဖြုန်းတီးခဲ့ကြသည်။
နောက်ဆုံးတွင် ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်အချို့နှင့်အတူ နန်းတော်သို့ ပြန်သွားခဲ့ပြီး လင်ဝမ်ရွန်ကို လုချန်း၏ အတွင်းဆောင် လုံခြုံရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်။ ရှနိုင်ငံတော်
နေပြည်တော်။ ချွန်ကျင်ခန်းမသို့ သွားရာလမ်းတွင် ဝန်ကြီးများသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး ဝူနိုင်ငံ နှင့် ဖြစ်ပွားနေသော စစ်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်။
ထိုအချိန်တွင် စစ်ဌာနချုပ်မှ ဒုတိယဝန်ကြီး ဝမ်ချန်ရှိုနှင့် နံပါတ်ရှစ် မင်းသား၏ အုပ်စုမှ လူအုပ်စုတစ်စုသည် မင်းသားလုရှုယွမ်ထံ ချဉ်းကပ်လာကာ တိုးတိုးတိတ်တိတ်ဖြင့် တစ်စုံတစ်ရာကို ဆွေးနွေးနေကြသည်။
အရာရှိတစ်ဦးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စစ်မြေပြင် ရှေ့တန်းအခြေအနေက တင်းမာနေပြီ။ မင်းကြီးရဲ့ သံချပ်ကာမြင်းတပ် ငါးသောင်းကို စေလွှတ်ဖို့ အချိန်တန်ပြီ။”
အခြားအရာရှိတစ်ဦးက ပြောလိုက်သည်။
“အခု ဝူနိုင်ငံက ရှနိုင်ငံတော်ကို စစ်ကြေညာလိုက်ပြီးနောက်ပိုင်း အခြားနိုင်ငံတွေကလည်း ရှနိုင်ငံတော်ကို အမဲဖျက်ချင်နေကြပြီ။ အခုအချိန်မှာ ကျွန်တော်တို့က ရန်သူ တွေကို ကြီးမားတဲ့ အောင်ပွဲတစ်ခုနှင့် မကြောက်လန့်စေနိုင်ရင် အနာဂတ်မှာ ကျွန် တော်တို့ရဲ့ အခြေအနေက ပိုဆိုးလာနိုင်တယ်။”
ထို့နောက် စစ်ဌာနမှ ဒုတိယဝန်ကြီး ဝမ်ချန်ရှိုက ပြောသည်။
“ကျွန်ုတော်ကတော့ မင်းကြီးကို မြောက်ပိုင်းမြို့တော်က သံချပ်ကာမြင်းတပ် ငါးသောင်းကို တိုက်ရိုက်စေလွှတ်ဖို့ အကြံပြုမယ်။ အဲ့ဒါဆိုရင် နန်းတွင်စစ်တပ်အပေါ်က ဖိအားကို လျှော့ချနိုင်မယ်။”
အရာရှိများ ဆွေးနွေးနေသော အကြောင်းအရာများကို ကြားသောအခါ လုရှုယွမ်က နှုတ်ခမ်းကို အနည်းငယ်ကွေးလိုက်ပြီး စစ်ပွဲဖြစ်ဖို့ ဒီထက်ပိုကောင်းတဲ့ အချိန်မရှိတော့ဟု တွေးမိလိုက်သည်။
သူသည် ဝမ်မိသားစုနှင့် ထိုသံချပ်ကာမြင်းတပ် ငါးသောင်းကို မည်သို့ဖျက်သိမ်းရမည်ကို အတော်ကြာကြာဆွေးနွေးနေခဲ့သော်လည်း အခွင့်အရေး မရခဲ့ပေ။ မျှော်လင့်မထားသည်မှာ အခွင့်အရေးက ဤမျှမြန်မြန်ဆန်ဆန် ပေါ်ထွက်လာခြင်းဖြစ်သည်။
......