← Chapters

အခန်း ၁၉၃-၁၉၅

Vol. 13 Ch. 193-195

အခန်း ၁၉၃-၁၉၅

Vol. 13 Ch. 193-195

အခန်း (၁၉၃)

အမိန့်စာထုတ်ရန် ပြင်ဆင်ခြင်း

မြောက်ပိုင်းနယ်စားမင်းသားသည် ရဲရင့်ပြီး စစ်ရေးကျွမ်းကျင်သည်…

ရှနိုင်ငံတော်၊ နေပြည်တော်။ ချွန်ကျင်ခန်းမအတွင်း။

ဝန်ကြီးများသည် တစ်ယောက်နှင့်‌တစ်ယောက် စကားပြော‌နေကြပြီး တစ်ခန်းလုံးလည်း ဈေးကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုအချိန်တွင် မိန်းမစိုးတစ်ဦး၏ အသံက လေထဲတွင် ပဲ့တင်ထပ်လာသည်။

“မင်းကြီး ရောက်ရှိလာပါပြီ။”

ခန်းမအတွင်းရှိ ဆူညံသံများ ချက်ချင်းပျောက်ကွယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်အစားထိုးလာသည်။

အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ဆွမ်ဧကရာဇ်သည် ဖြည်းဖြည်းချင်း စင်မြင့်ပေါ်သို့ တက်လာသည်။ သူကလက်မောင်းကို လှုပ်ခတ်လိုက်ပြီး နောက်မှ နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။ သူ၏ စူးရှသောမျက်လုံးများသည် အောက်ရှိ ဝန်ကြီးများကို စိုက်ကြည့်လိုက်သည်။ အထူးသဖြင့် အာဏာရှိမိသားစုမှ သူများကို ပို၍ကြည့်သည်။

ခဏကြာပြီးနောက် ဆွမ်ဧကရာဇ်က စပြောလိုက်သည်။

“ဝူနိုင်ငံနှင့် ရှနိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲနှင့်ပတ်သက်ပြီး ကျုပ်ရဲ့ လေးစားအပ်သော ဝန်ကြီးများမှာ ဘယ်လိုအမြင်တွေများ ရှိကြလဲ။”

ဒုတိယဝန်ကြီး ဝမ်ချန်ရှိုသည် မတွန့်မဆုတ်ပဲ ထရပ်လိုက်ပြီး တိုက်ရိုက်ပြောလိုက်သည်။

“မင်းကြီး။ ဝူနိုင်ငံရဲ့ စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်ပါတယ်။ အခုအချိန်မှာ ရှေ့တန်းစစ်မြေပြင် အခြေအနေက တင်းမာနေပြီး နန်းတွင်းစစ်တပ်ဟာ မရေမတွက်နိုင်တဲ့ အကျအဆုံးတွေကို ခံစားနေရပါတယ်။ ဒီအတိုင်း ဆက်တိုက်ခိုက်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စစ်သည်အင်အားဟာ အလွန်လျော့နည်းသွားမှာကို စိုးရိမ်မိပါတယ်။ နယ်စားမင်းသားတွေရဲ့ စစ်တပ်‌တွေကို စစ်‌မြေပြင်စေလွှတ်ပြီး ဝူနိုင်ငံရဲ့ ကျူးကျော်မှုကို ခုခံသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။”

ဝမ်ချန်ရှို၏ စကားကို ကြားသောအခါ ဆွမ်ဧကရာဇ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းသွားသည်။ သူသည် အရူးမဟုတ်ပေ။ ဝမ်ချန်ရှိုသည် နယ်စားမင်းသားများဟုသာ ပြောပြီး မည်သည့်နယ်စားမင်းသားဟု ထုတ်ဖော်မပြောသော်လည်း ဆွမ်ဧကရာဇ်သည် ချက်ချင်းပင် ဝမ်ချန်ရှို၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသည်။

ထိုအချိန်တွင် ညာလက်ရုံး ဝန်ကြီး ကျောင်းဝမ်ဟန်ကလည်း ထရပ်လိုက်ပြီး ပြောလိုက်သည်။

“မင်းကြီး ဒုတိယဝန်ကြီးဝမ် ပြောတာဟာ အကျိုးအကြောင်းသင့်တယ်လို့ ကျွန်ုတော်ထင်ပါတယ်။”

“စစ်မြေပြင်က အစီရင်ခံစာအရ လဝက်အတွင်း နန်းတွင်းစစ်တပ်ရဲ့ စစ်သည်တစ်သိန်းနီးပါး ဆုံးရှုံးခဲ့ရပါတယ်။ ဝူနိုင်ငံဟာ ပြင်ဆင်မှုများပြုလုပ်ပြီး လာရောက်တယ်ဆိုတာ ထင်ရှားပါတယ်။ သူတို့ဘက်ကလည်း စစ်ကူအင်အားတွေ ထပ်ပို့‌နေပါတယ်။ ဒါဟာ တိုက်ပွဲငယ်တစ်ခု မဟုတ်တော့တာ ထင်ရှားပါတယ်။”

“ကျွန်ုပ်တို့ဘက်က စစ်ပွဲကို စတင်ခဲ့တဲ့ပုံ ပေါ်ပေမဲ့ ဝူနိုင်ငံဟာ တိုတောင်းတဲ့ အချိန်အတွင်း စစ်သည်များစွာကို စုဆောင်းနိုင်ပြီး ကျွန်တော်တို့ရဲ့ ခရိုင်နှစ်ခုကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူတို့က ဒီ စစ်ပွဲကို မျှော်လင့်ထားပြီးဖြစ်တာ ထင်ရှားပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်ထင်ပါတယ်။ ယခု နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ရတာဟာ ရှနိုင်ငံတော်အတွင်းက တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့ခြင်းကြောင့်ပါ။”

ကျောင်းဝမ်ဟန်၏ စကားကို ကြားသောအခါ ဆွမ်ဧကရာဇ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဤစစ်ပွဲကို လှုံ့ဆော်သူက ရှနိုင်ငံတော်ဘက်မှဆိုသည့်အချက်ကို သူ ကောင်းစွာသိသည်။ အာဏာရှိမိသားစုမှ သူများဖြစ်သည်ဆိုတာကလည်း ထင်ရှားသည်။

သူ၏ အရိပ်ကိုယ်ရံတော်များက ချူးမိသားစုနှင့် ဝူနိုင်ငံ တော်ဝင်မိသားစုဝင်များကြား နီးစပ်သော ဆက်ဆံရေးရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ ဤစစ်ပွဲသည် ချူးမိသားစုနှင့် အခြားတောင်ပိုင်း အာဏာရှိမိသားစုများက စတင်ခဲ့ခြင်း ဖြစ်နိုင်သည်။

သူတို့၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သူအလျင်စလို မှန်းဆရန် မလိုအပ်ပေ။ မကြာမီ သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုကြမည် ဖြစ်သည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်က အေးစက်စွာဖြင့်

“ဆက်ပြောပါ” ဟု ပြောလိုက်သည်။

ကျောင်းဝမ်ဟန်က ဆက်လက်ပြောသည်။ “ရှနိုင်ငံတော်အတွင်းက မင်းသားတစ်ဦးက ဒီစစ်ပွဲကို စတင်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ ထိုသူ ဟာ ရှနိုင်ငံတော် နန်းတွင်းရဲ့ ထိပ်တန်းတပ် တွေ ဝူနိုင်ငံနှင့် တိုက်ခိုက်ရင်း ကုန်သွား‌စေချင်တာ ဖြစ်နိုင်ပါတယ်။ နန်းတွင်း တပ်တွေ သိသိသာသာ လျော့နည်းသွားရင် ထိုသူဟာတိုက်ရိုက် ပုန်ကန်လာမှာ ဖြစ်ပါတယ်။အဲ့ဒီအချိန်ကျရင် နန်းတွင်းက ထိုသူကို တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး။”

“ဒါ့ကြောင့် စစ်ပွဲပြီးအပြီးမှာ မင်းသားတွေ ထကြွပုန်ကန်ခြင်းလာမည့် အန္တရယ်ကိုရှောင်ရှားဖို့ သူတို့ရဲ့ နယ်မြေတွေက တပ်တွေကို ရှေ့တန်း စေလွှတ်သင့်ပါတယ်။”

ကျောင်းဝမ်ဟန်၏ စကားကို ကြားလိုက်ရပြီး‌နောက် ဆွမ်ဧကရာဇ် ပြုံးရိပ်သန်းသွားပြီး

“ကျောင်းဝန်ကြီးပြောတာ အလွန်ကောင်းပါတယ်။ ကျုပ်လည်းဒါကို စဉ်းစားနေတာ။ ဒါမေဲ့ မင်းသား နယ်မြေတွေက စစ်သည်‌တွေကိုရွေ့ပြောင်းခိုင်းရင် သူတိုဘက်က မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်။”

ကျောင်းဝမ်ဟန်က

“ရှနိုင်ငံတော်၏ မင်းသားများအနေဖြင့် ရှနိုင်ငံတော်ကို ကာကွယ်ရမှာ သူတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ မင်းကြီးက ကရုဏာရှိပြီး သူတို့ နယ်မြေ‌တွေမှာ တပ်‌တွေထားရှိခွင့်ပေးထားခြင်းကတောင် ကျေးဇူးတင်စရာ ဖြစ်ပါတယ်။ အကယ်၍ ဒီအချိန်မှာ သူတို့ဘက်က တပ်တွေစေလွှတ်ပေးလိုခြင်း မရှိခဲ့ရင် ဒါဟာ ပုန်ကန်ခြင်းနှင့် အတူတူပဲ ဖြစ်ပါတယ်။”

ထိုအချိန်တွင် ဝမ်ချန်ရှိုက

“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားဟာ ရဲရင့်ပြီး စစ်ရေးမှာ ကျွမ်းကျင်သူဖြစ်ပါတယ်။ ပြီးတော့ သူ့လက်ထဲမှာ သံချပ်ကာမြင်းတပ် ငါးသောင်းရှိပါတယ်။ သူဟာ နယ်စားမင်းသားတွေအားလုံးထဲမှာ စစ်အင်အား အရှိဆုံး သူဖြစ်ပါတယ်။ သူသာလျှင် ရှေ့တန်းထွက်ပြီး ဝူနိုင်ငံက တပ်‌တွေကို ရှနိုင်ငံတော်အတွင်းက မောင်းထုတ်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။”

“ နောက်ပြီး မြောက်ပိုင်းနယ်စားမင်းသားရဲ့တပ်တွေစေလွှတ်ခြင်းဟာ အခြားမင်းသားတွေအတွက် စံနမူနာ ဖြစ်လာမှာပါ။ အဲ့ဒါဆိုရင် အခြားမင်းသား‌ကတွေလည်း လိုက်လံပြီး တပ်တွေကို စေလွှတ်‌ပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။”

ဝမ်ချန်ရှို၏ စကားကို ကြားလိုက်ရသည်နှင့် ဆွမ်ဧကရာဇ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ အာဏာရှိမိသားစုများ၏ လက်တွေ့ရည်ရွယ်ချက်က ပေါ်လွင်သွားပြီဖြစ်သည်။ သူမှန်းဆရန် မလိုအပ်တော့ပေ။

ဒီလိုနေ့ရက်တစ်ရက် ရောက်လာမည်ကို ဆွမ်ဧကရာဇ် မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

အာဏာရှိမိသားစုများ၏ အမြင်တွင် သံချပ်ကာမြင်းတပ် ငါးသောင်းက သူ၏ကိုယ်ပိုင်တပ်ဖြစ်သည်။ ထိုအချက်က အာဏာရှိ မိသားစုများအား အိပ်မပျော် ဖြစ်စေခဲ့၏။ သူတို့သည် ထိုသံချပ်ကာမြင်းတပ် ငါးသောင်းကို မဖျက်သိမ်းနိုင်သည်အထိ အနားယူမည် မဟုတ်ပေ။ တကယ်တော့ ထိုမိသားစုများသာမက သူကိုယ်တိုင်လည်း သံချပ်ကာမြင်းတပ် ငါးသောင်းကို ကြောက်ရွံ့နေခဲ့ပြီး ထိုတပ်များကို မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားနေခဲ့သည်။

သို့သော် ယခုအချိန်တွင် ထိုသံချပ်ကာမြင်းတပ် ငါးသောင်းကို ဖျက်သိမ်းရန် သူမလိုလားပေ။ အဆုံးတွင် သူသည် ပုန်ကန်ရန် စဉ်းစားနေသော အာဏာရှိမိသားစုများကို ခြိမ်းခြောက်ရန်အတွက် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် ငါးသောင်းကို အသုံးပြုရန် လိုအပ်နေသေးသည်။

သို့သော် အာဏာရှိမိသားစုများ၏ လှုပ်ရှားမှူများအရ သူတို့နောက်ထပ် မစောင့်ဆိုင်းနိုင်တော့ဟု ထင်ရသည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်၏ မျက်လုံးသည် လင်ကောင်းယွမ်အပေါ်သို့ ကျရောက်လာသည်။ လင်‌ကောင်းယွမ်သည် ဆွမ်ဧကရာဇ်၏ အကြည့်ကို သဘောပေါက်သော်လည်း ဘာမှ ထမပြောပါ။

သူ၏သား လင်ရှုမင်သည် မြောက်ပိုင်းမြို့တော်မှ ပြန်လာပြီးနောက် မြောက်ပိုင်းမြို့တော်၏ အခြေအနေကို အသေးစိတ် ပြောပြခဲ့သည်။ ထို့ကြောင့် လင်‌ကောင်းယွမ်သည် နန်းတွင်းတစ်ခုလုံးတွင် မြောက်ပိုင်းမြို့တော်၏ အကြောင်းကို အသိဆုံးဖြစ်လာသည်။

လင်ကောင်းယွမ်သည် မြောက်ပိုင်းနယ်စားမင်းသားကို စိတ်ဆိုးအောင် မလုပ်လိုပါ။ လက်ရှိအရေးကိစ္စတွင်လည်း သူမပါဝင်လိုပါ။ အဘယ့်ကြောင့်ဆိုသော် ညာလက်ရုံးဝန်ကြီးနှင့် အာဏာရှိအုပ်စုမိသားစုဘက်မှ အရာရှိများက မင်းသားများ ပုန်ကန်နိုင်သည်ဟု အကြံပြုထားသောကြောင့်ဖြစ်သည်။ အကယ်၍ သူကထပြီး မြောက်ပိုင်းနယ်စားမင်းသားကို စစ်‌မြေပြင် မလွှတ်သင့်‌ကြောင်း ပြောလိုက်ပါက သူနှင့် မြောက်ပိုင်းနယ်စားမင်းသား ပူးပေါင်းနေသည်ဟု အထင်ခံရမည် မဟုတ်ပါလား။

လင်ကောင်းယွမ် စကားမပြောသည်ကို မြင်လိုက်ရသောအခါ ဆွမ်ဧကရာဇ်၏ မျက်ခုံးများ အနည်းငယ်တွန့်သွား၏။ လင်ကောင်းယွမ်၏ တိတ်ဆိတ်နေမှုကို သူမနှစ်သက်ကြောင်း ထင်ရှားသည်။

ထိုအချိန်တွင် ဘဏ္ဍာရေးဝန်ကြီး ဝမ်ဟိုင်က ထလိုက်ပြီး ပြောလိုက်သည်။

“မင်းကြီး ကျွန်တော်သိရသလောက်ဆိုရင် မြောက်ပိုင်းမြို့တော်ဟာ ဆင်းရဲပြီး စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က စစ်သား ငါးသောင်းအတွက် ခြောက်လစာ ထောက်ပံ့ရေးပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားပါတယ်။ ဒါဆို မြောက်ပိုင်းနယ်စားမင်းသားရဲ့ သံချပ်ကာ မြင်းတပ် ငါးသောင်းအတွက် ခြောက်လစာ စားနပ်ရိက္ခာ လုံလောက်ပါတယ်။ ဒါကြောင့် မြောက်ပိုင်းနယ်စားမင်းသားအနေနဲ့ စားနပ်ရိက္ခာ ကုန်ခန်းမှာကို စိုးရိမ်စရာ မလိုပါဘူး။”

ဆွမ်ဧကရာဇ်က ဘဏ္ဍာရေးဝန်ကြီးကို အေးစက်စွာ ကြည့်လိုက်၏။ သူ၏မျက်နှာပေါ်တွင်တော့ မည်သည့်အမူအယာမှ ဖော်ပြ‌နေခြင်းမရှိပါ။

ထိုလူများက တကယ်ပင် သေချာပြင်ဆင်ထားကြသည်။ လွန်ခဲ့သော လအနည်းငယ်က လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်း တောင်ဘက်သို့ ချီတက်လာစဉ်ကဘဏ္ဍာရေးဝန်ကြီးဌာနသည် တပ်သား ခုနှစ်သောင်းအတွက် ထောက်ပံ့ရေးပစ္စည်းများ ပြင်ဆင်ရန် တစ်လကျော် ကြာခဲ့သည်။

ယခု နန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသားကို စစ်မြေပြင်သို့ စေလွှတ်ရန် မဆုံးဖြတ်ရသေးသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြောက်ပိုင်းနယ်စားမင်းသား၏ တပ်များအတွက် ခြောက်လစာ ထောက်ပံ့ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်က ဘာမှမပြောသေးသော စစ်ဝန်ကြီးကို ကြည့်လိုက်သည်။

“စစ်ရေးဝန်ကြီးဌာနမှာ ဝန်ကြီးက ဆုံးဖြတ်ရတာ မဟုတ်ဘူးလား။ ချူးစစ်ရေးဝန်ကြီးမှာ အခြားအမြင် မရှိဘူးလား။”

ဒုစစ်ဝန်ကြီး ဝမ်ချန်ရှိုသည် ဝမ်မိသားစုမှဖြစ်ပြီး အသစ်ခန့်ထားသော စစ်ရေးဝန်ကြီး ချူးချင်ဝူသည် ချူးမိသားစုမှဖြစ်သည်။ သူတို့မိသားစုနှစ်ခုသည် လုံးဝပူး‌ပေါင်းနေပြီဖြစ်ပြီး အကျိုးစီးပွားများလည်း ဆက်စပ်နေသည်မှာ ထင်ရှားသည်။

ထိုအခါမှ ချူးချင်ဝူက ထလိုက်ပြီး ပြောလိုက်သည်။

“မင်းကြီး။ ကျွန်တော်ထင်တာကတော့ ဒုဝန်ကြီးဝမ်နဲ့ ညာလက်ရုံး ဝန်ကြီးတို့ ပြောတာတွေက သင့်တော်ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားမှာ နန်းတော်ထက် များစွာသာလွန်တဲ့ သံချပ်ကာ မြင်းတပ်အင်အား ရှိနေပါတယ်။ ရှနိုင်ငံတော် ပြည်ပကျူးကျော်မှုကို ခံနေရတဲ့အချိန်မှာ သူ့အနေနဲ့ ရှေ့ထွက်သင့်ပါတယ်။”

“ဒါက ကျွန်တော့်ရဲ့အမြင်သက်သက် မဟုတ်ပါဘူး။ နန်းတွင်း အရာရှိတွေရဲ့ အမြင်လည်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ပြည်သူတွေထဲမှာ နန်းတော်က မြောက်ပိုင်းနယ်စားမင်းသားကို စစ်မြေပြင် စေလွှတ်ပြီး ကျူးကျော်သူတွေကို သင်ခန်းစာ ကောင်းကောင်းပေးသင့်တယ်လို့ ယူဆကြတဲ့သူ‌‌တွေ ရှိပါတယ်။”

“စစ်မြေပြင်က စစ်သည်တွေရဲ့ စိတ်ဓာတ်မြှင့်တင်ဖို့ ကြီးမားတဲ့ အောင်ပွဲတစ်ခု လိုအပ်နေပါတယ်။”

ချူးချင်ဝူ၏ စကားကို ကြားလိုက်ရပြီးနောက် ဆွမ်ဧကရာဇ်က ခန်းမတစ်ခုလုံးကို ခြုံကြည့်လိုက်ပြီး မေးလိုက်သည်။

“အခြား လေးစားရတဲ့ ဝန်ကြီးတွေမှာ မတူတဲ့ အတွေးအမြင်တွေ ရှိပါသလား။”

ထိုအချိန်တွင် ခန်းမကြီးသည် အလွန်တိတ်ဆိတ်နေသည်။ မည်သူမှ စကားမပြောကြပေ။ လုရှုယွမ်မင်းသား၏ အဖွဲ့မှဖြစ်စေ၊ အခြားမင်းသားများ၏ အဖွဲ့မှဖြစ်‌စေ မည်သူကမှ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိနေမှုကို မလိုလားကြပေ။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသား၏ တပ်များ ရှေ့တန်းသို့ စေလွှတ်ခံရမည့် အလားအလာကို သူတို့အားလုံး ကျေနပ်နေကြသည်။

မည်သည့်ဝန်ကြီးမှ နောက်ထပ် စကားမပြောတော့သည်ကို မြင်လိုက်ရသောအခါ ဆွမ်ဧကရာဇ်က ရယ်မောလိုက်ပြီး ဆက်လက်လုပ်ဆောင်ရန် စဉ်းစားနေစဉ် ရုတ်တရက် ခန်းမအပြင်ဘက်မှ စစ်သားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“မြောက်ပိုင်းဒေသမှ အရေးပေါ်သတင်း”

......

အခန်း (၁၉၄)

လွင်ပြင်ဒေသ မျိုးနွယ်စုတွေက ဆောင်းတွင်းမှာ တောင်ဘက်လာတတ်လို့လား

“မြောက်ပိုင်းဒေသမှ အရေးပေါ်သတင်း” ဟူသော စကားလုံးကို ချွန်ကျင်ခန်းမအပြင်ဘက်မှ ကြားလိုက်ရသောအခါ ခန်းမကြီးအတွင်းရှိ လူအားလုံးသည် ခဏခန့် တုန်လှုပ်သွားကြသည်။

အထူးသဖြင့် လုရှုယွမ်မင်းသားနှင့် မဟာမိတ်ဖြစ်သော တောင်ပိုင်း အာဏာရှိ မိသားစုများမှ အရာရှိများဖြစ်သည်။ သူတို့၏ နှလုံးများတစ်ချက်တုန်သွားပြီး ချက်ချင်းပင် မကောင်းသော ခံစားချက်တစ်ခု ရရှိလာကြသည်။

မြောက်ပိုင်းဒေသမှ အရေးပေါ်သတင်း။ ဤအချိန်တွင် မြောက်ပိုင်းဒေသမှာ မည်သည့်အရာများ ဖြစ်ပွားနိုင်သနည်း။

မကြာသေးမီက ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်း ရန်ခရိုင်တွင် ရှုံးနိမ့်ခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသားသည် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်သိမ်းပြီးဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။

မြောက်ပိုင်းဒေသမှ အကြီးမားဆုံးသော ခြိမ်းခြောက်မှုက ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းဒေသမှာ အရေးပေါ်သတင်းတွေ ရှိနေတုန်းဆိုတာ ဖြစ်နိုင်ပါသလား။

ဖြစ်နိုင်သည်မှာ… မြောက်ပိုင်းနယ်စားမင်းသား ပုန်ကန်လိုက်ပြီလား။

လူများသည် မြောက်ပိုင်းဒေသတွင် မည်သည့်အရာများ ဖြစ်ပွားနိုင်သည်ကို စဉ်းစားနေစဉ် အနီရောင် ဖဲကြိုးတပ် သတင်းပို့သူတစ်ဦးသည် ခန်းမကြီးအတွင်းသို့ ဝင်လာပြီး

“မြောက်ပိုင်းဖရီဘုရင်ဟာ စစ်သည်နှစ်သိန်းနီးပါးဖြင့် တောင်ဘက်သို့ ချီတက်လာနေပါပြီ။ မြောက်ပိုင်းမြို့တော် အန္တရာယ်ကျရောက်နေပါပြီ။”

အနီရောင် ဖဲကြိုးတပ် သတင်းပို့သူ၏ စကားကို ကြားလိုက်ရသောအခါ ခန်းမကြီးအတွင်းရှိ လူအားလုံးသည် အံ့အားသင့်သွားကြသည်။ ဆွမ်ဧကရာဇ်ပင် ခဏခန့် တုန်လှုပ်သွားသည်။

ဒါက အလွန်အံ့အားသင့်စရာ ကောင်းသည် မဟုတ်ပါလား။

နန်းတွင်းက မြောက်ပိုင်းနယ်စားမင်းသား၏ သံချပ်ကာ မြင်းတပ် ငါးသောင်းကို ရှေ့တန်းသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်မှာ မကြာသေးပေ။ ရုတ်တရက် မြောက်ပိုင်းတွင် ပြဿနာများ ပေါ်ပေါက်လာသည်။

ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်းသည် မြောက်ပိုင်းမြို့တော်တွင် ရှုံးနိမ့်ခဲ့ပြီး မကြာခင်မှာပင် မြောက်ပိုင်းဖရိီဘုရင်သည် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် ချီတက်လာခဲ့သည်။

မြောက်ပိုင်းဖရီဘုရင်ရဲ့ခေါင်းက ဒီလောက်မာကျောလား။ မြောက်ပိုင်းမြို့တော်မှာ သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိနေတာကို သူမသိဘူးလား။ ဒါမှမဟုတ် သူက ထိုသံချပ်ကာ မြင်းတပ် ငါးသောင်းကို လုံးဝမကြောက်ရွံ့ဘူးလား။

နဂါးပလ္လင်အောက်ရှိ မိန်းမစိုးက သတိဝင်လာပြီး အနီရောင် ဖဲကြိုးတပ် သတင်းပို့သူထံမှ စာကို အလျင်အမြန် ယူပြီးဆွမ်ဧကရာဇ်ထံသို့ ချဉ်းကပ်ကာ ပေးအပ်လိုက်သည်။

ဆွမ်ဧကရာဇက အစီရင်ခံစာကို လေးနက်သော မျက်နှာအမူအရာဖြင့် ဖတ်ရှုလိုက်သည်။

ထိုအချိန်တွင် ခန်းမကြီးအတွင်းရှိ ဝန်ကြီးအားလုံးသည် ဆွမ်ဧကရာဇ်ကို စောင့်ကြည့်နေကြပြီး အစီရင်ခံစာတွင် မည်သည့်အရာများ တိတိကျကျ ရေးသားထားသည်ကို သိချင်နေကြသည်။

အစီရင်ခံစာကို ပြီးအောင်ဖတ်ပြီးနောက် ဆွမ်ဧကရာဇ်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။

“ထပ်ခါထပ်ခါ လာတိုက်ခိုက်နေတာက အလွန် ရိုင်းစိုင်းလှတယ်။”

ထို့နောက် ဆွမ်ဧကရာဇ်သည် ဝန်ကြီးများကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက အစီရင်ခံစာထဲမှာတွင် သူ့ကိုကူညီဖို့ တောင်းဆိုထားတယ်။ ရန်ခရိုင်မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မြောက်ပိုင်းမြို့တော်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားထားရတော့ သူ့မှာ မြောက်ဖရီးဘုရင်ရဲ့ စစ်သည်နှစ်သိန်းကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး။ နန်းတွင်းက ကြီးမားတဲ့ စစ်တပ်တစ်တပ်ကို စေလွှတ်ပြီး မြောက်ပိုင်းမြို့တော်ကို လွင်ပြင်ဒေသ မျိုးနွယ်စုများရဲ့ ကျူးကျော်မှုက ကာကွယ်ပေးဖို့ မျှော်လင့်နေတယ်။ ချစ်ခင်ရပါသော ဝန်ကြီးများ ကျုပ်ခင်ဗျားတို့ရဲ့ အမြင်တွေကို သိချင်ပါတယ်။”

ဒါက…

ခန်းမအတွင်းတွင် ဝန်ကြီးများသည် တစ် ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား၏ မြင်းတပ် ငါးသောင်းကို စစ် မြေပြင်သို့ စေလွှတ်ပြီး ဝူနိုင်ငံတော်နှင့် တိုက်ခိုက်ရန် စဉ်းစားနေကြသည်။ ယခု‌ တော့ မြောက်ပိုင်းနယ်စားမင်းသားက နန်းတွင်းမှ ပြန်ပြီး အကူအညီတောင်းနေသည်။

တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ဆောင်းရာသီတွင် တောင်ပိုင်းသို့ ချီလာတတ်ကြောင်း မကြားဖူးပေ။

သူတို့သည် ပုံမှန်အားဖြင့် ဆောင်းရာသီအတွက် အစားအစာများ လုယက်ရန်နှင့် အမျိုးသမီးအချို့ကို ဖမ်းဆီးရန် တောင်ဘက်သို့ ချီလာတတ်ကြ၏။ ထိုချီတက် ကျူးကျော်မှုများကလည်း များသောအားဖြင့် ဆောင်းဦးပေါက်တွင်ဖြစ်စေ ဆောင်းရာသီ အစပိုင်းတွင်ဖြစ်‌စေ ဖြစ်ပွားတတ်သည်။

ယခုအခါတွင် မြောက်ပိုင်းဒေသသည် ရေခဲနှင့် နှင်းများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ ယခုအချိန်တွင် တောင်ပိုင်းသို့ ချီတက်ပါက သူတို့ကိုယ်သူတို့ ဒုက္ခပေးသလို ဖြစ်နေမည် မဟုတ်ပါလား။

မြောက်ဖရီးဘုရင်က အိုမင်းလာပြီး ဦးနှောက်မကောင်းတော့ဘူးလား။ သို့မဟုတ် ထိုအရာနောက်ကွယ်တွင် အခြားအကြောင်းရင်းတစ်ခုခု ရှိနေသလား။

နန်းတွင်းက မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ်ကို ဝူနိုင်ငံတော်နှင့် တိုက်ခိုက်ရန် စေလွှတ်မည်ကို မြောက်ပိုင်းနယ်စားမင်းသားသည် သိရှိပြီး မြောက်ဖရီးဘုရင်နှင့် ပူးပေါင်းကာ မြောက်ဖရီးဘုရင်၏ တောင်ပိုင်းသို့ ကျူးကျော်မှုကို ဖန်တီးထားခြင်း ဖြစ်နိုင်သလား။

သို့သော် နန်းတွင်းသည် မြောက်ပိုင်းနယ်စားမင်းသားကို စစ်မြေပြင်သို့ စေလွှတ်ရန် ဆုံးဖြတ်ချက်ချပြီးရုံသာဖြစ်ပြီး ဆွမ်ဧကရာဇ်၏ အမိန့်စာကိုပင် မရေးရသေးပေ။ နန်းတွင်းသည် သူ့ကို ဝူနိုင်ငံတော်နှင့် တိုက်ခိုက်ရန် စေလွှတ်မည်ကို မြောက်ပိုင်းနယ်စားမင်းသားက ကြိုတင်သိရှိနိုင်ခဲ့တာလား။

ခဏကြာပြီးနောက် စစ်‌ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဝမ်ချန်ရှိုက ထလာပြီး ပြောလိုက်သည်။

“ကျွန်တော် မကြားဖူးပါဘူး မင်းကြီး။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေဟာ ဆောင်းရာသီမှာ တောင်ပိုင်းကို ကျူးကျော်‌ လေ့ မရှိပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ထောက်လှမ်းရေးအချက်အလက်မှာ ပြဿနာတစ်ခုခု ရှိနေနိုင်သလား။”

ရှနိုင်ငံတော်၏သမိုင်းတစ်လျှောက်တွင် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် နွေဦးရာသီတွင်သာ တောင်ပိုင်းသို့ ကျူးကျော်ခဲ့သည်။ နွေရာသီနှင့် ဆောင်းဦးရာသီများတွင်လည်း ကျူးကျော်လုယက်ခဲ့သည်။ သို့သော် သူတို့သည် ဆောင်းရာသီအတွင်း ထိုသို့မလုပ်ဖူးပါ။

ထို့ကြောင့် ထိုစစ်‌ရေးအစီရင်ခံစာက တိကျမှန်ကန်သည်ဟု ယုံကြည်ရန် ခက်ခဲသည်။

အဓိကပြဿနာမှာ မကြာသေးမီက ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် မြောက်ပိုင်းမြို့တော်တွင် ရှုံးနိမ့်ခဲ့ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုဝင် နှစ်သိန်းနီးပါး သေဆုံးခဲ့သည်။ မြောက်ဖရီဘုရင်သည် မြောက်ပိုင်းမြို့တော်တွင် ထိုကံဆိုးမှုမျိုး ထပ်မံကြုံတွေ့ရမှာကို အနည်းငယ်မှ မကြောက်ရွံ့ဘူးလား။

ထို့အပြင် ဒီတစ်ခေါက်တွင် မြောက်ဖရီဘုရင်တွင် စစ်သားနှစ်သိန်းသာရှိပြီး ကောင်းကင်ဝံပုလွေဘုရင် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်စဉ်ကထက်ပင် တစ်သိန်း‌ခန့်လျော့နေသည်။

ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်းပင် ရှုံးနိမ့်ခဲ့ပါက မြောက်ပိုင်းဖရီဘုရင်က စစ်သည်နှစ်သိန်းဖြင့် ဆောင်းရာသီမှာ မြောက်ပိုင်းမြို့တော်ကို ဘယ်လိုတိုက်ခိုက်ရဲမှာလဲ။ မြောက်ဖရီးဘုရင်ကို ဒီလို သတ္တိမျိုး ဘယ်သူကပေးနေတာလဲ။

ဝမ်ချန်ရှို၏စကားကို ကြားလိုက်ရပြီး ဆွမ်ဧကရာဇ်က မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။

“အစီရင်ခံစာရဲ့ မှန်ကန်တိကျမှုကို အတည်ပြုရမှာက အရိပ်ကိုယ်ရံတော် အဖွဲ့ရဲ့ တာဝန်ပဲ။ ခင်ဗျားတို့ အခုဆွေးနွေးရမယ့် ကိစ္စက မြောက်ပိုင်းနယ်စားမင်းသားကို ကူညီဖို့အတွက် မြောက်ပိုင်းကို စစ်တပ်စေလွှတ်ဖို့ လိုအပ်လား ဆိုတာကိုပဲ။”

ထိုစကားများ ပြောလိုက်ပြီးနောက် ဝန်ကြီး ချူးချင်ဝူက ချက်ချင်းပြန်ပြောလိုက်သည်။

“မင်းကြီး။ စစ်မြေပြင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး နန်းတွင်းမှာ ထပ်ပြီးခွဲပေးဖို့ စစ်တပ်အင်အား မရှိ‌တော့ပါဘူး။ အခုချိန်မှာ မြောက်ပိုင်းကို စစ်တပ်စေလွှတ်လိုက်ရင်ဝူနိုင်ငံတော်ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်တော့ပါဘူး။”

“မြောက်ပိုင်းမြို့တော်မှာ သံချပ်ကာမြင်းတပ်ငါးသောင်းရှိပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားဟာလည်း ရဲရင့်ပြီး တိုက်ခိုက်ရေးမှာ ကျွမ်းကျင်ပါတယ်။ ယခင်က ကောင်းကင်ဝံပုလွေဘုရင် စစ်သည်သုံးသိန်းနှင့် တောင်ပိုင်းကို ချီတက်လာစဉ်တုန်းကလည်း မြောက်ပိုင်းနယ်စားမင်းသားဟာ ဂုဏ်ယူစရာ အောင်ပွဲရခဲ့ပါတယ်။ ဒီတစ်ကြိမ် မြောက်ဖရီဘုရင်ရဲ့ စစ်သားနှစ်သိန်းကို ရင်ဆိုင်ရရင်လည်း ပြဿနာကြီးကြီးမားမား မရှိလောက်ပါဘူး။”

ချူးချင်ဝူ စကားပြီးသွားပြီးနောက် ကြာမြင့်စွာ တိတ်ဆိတ်နေသော ဘယ်လက်ရုံး ဝန်ကြီးလင်ကောင်းယွမ်က နောက်ဆုံးတွင် ထလာပြီး ပြောလိုက်သည်။

“မင်းကြီး။ မြောက်ပိုင်းမြို့တော်ဟာ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ စစ်သည်သုံးသိန်းကို ခုခံတိုက်ခိုက်စဉ်က မြောက်ပိုင်းမြို့တော်ဘက်ကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဝန်နင်းတောင်ကြား တိုက်ပွဲမှာ မြောက်ပိုင်းနယ်စားမင်းသားအောင်ပွဲခံနိုင်ခဲ့ခြင်းက မြေမျက်နှာသွင်ပြင်အ‌နေအထားကြောင့်သာ ဖြစ်ပါတယ်။”

“လွင်ပြင်ဒေသ မျိုးနွယ်စုတွေဟာ တစ်ကြိမ်လှည့်စားခံရပြီးပြီ ဖြစ်ပါတယ်။ သူတို့ဟာ တူညီတဲ့အမှားမျိုးကို ထပ်ပြီးလုပ်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စစ်သည်အချို့ကို မြောက်ပိုင်း စေလွှတ်ပြီး မြောက်ပိုင်းနယ်စားမင်းသားနှင့်အတူ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ခုခံတိုက်ခိုက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အကယ်၍ စစ်တပ်မစေလွှတ်နိုင်ရင်‌တောင် အနည်းဆုံး မြောက်ပိုင်းနယ်စားမင်းသားဆီကို ထောက်ပံ့ရေးပစ္စည်းအချို့ ပို့ဆောင်သင့်ပါတယ်။”

“မြောက်ပိုင်းမြို့တော် ပြိုလဲသွားရင် ရှနိုင်ငံတော်ဟာ ဝူနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုကြားမှာ ပိတ်မိသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အခြေအနေဟာ ပိုမိုအန္တရာယ်များလာပါလိမ့်မယ်။”

ထိုစကားကို ကြားလိုက်ရပြီး ဝန်ကြီး ချူးချင်ဝူ ငြင်းခုန်ရန် စဉ်းစားနေစဉ် ညာလက်ရုံးဝန်ကြီး ကျောင်းဝမ်ဟန်က ရှေ့သို့တက်လာပြီး ပြောလိုက်သည်။

“မင်းကြီး။ ကျွန်တော်လည်း ဝန်ကြီးချုပ် လင်ရဲ့ အမြင်ကို သဘောတူပါတယ်။ မြောက်ပိုင်းမြို့တော်ဟာ တောင်ထူထပ်တဲ့ နေရာဖြစ်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ခုခံဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ အကယ်၍ မြောက်ပိုင်းမြို့တော် ကျဆုံးခဲ့ရင် ရှနိုင်ငံတော်တစ်ခုလုံးဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ဓားသွားအောက်မှာ ရှိနေတော့မှာ ဖြစ်ပါတယ်။”

ဒါက…

ကျောင်းဝမ်ဟန်၏ စကားကို ကြားလိုက်ရသောအခါ လုရှုယွမ်မင်းသား၏ အဖွဲ့မှ အရာရှိများ အံ့အားသင့်သွားကြသည်။ ကျောင်းဝမ်ဟန်က သူတို့ဘက်က မဟုတ်ဘူးလား။ သူက မြောက်ပိုင်းနယ်စားမင်းသားဘက်က ဘာလို့ ပြောနေရတာလဲ။

သူတို့က မြောက်ပိုင်းနယ်စားမင်းသား၏ သံချပ်ကာ မြင်းတပ်ကို မြောက်ပိုင်းဖရိီဘုရင်က ဖျက်ဆီးပစ်ရန် မျှော်လင့်နေကြသည်။

အခုလို အချိန်မှာ မြောက်ပိုင်းကို ဘာလို့စစ်တပ်စေလွှတ် ပေးရမှာလဲ။

ထိုအချိန်တွင် ကျောင်းဝမ်ဟန်က ဆက်ပြောလိုက်သည်။

“ဒါ‌ပေမဲ့ ကျွန်တော်ထင်တာကတော့ မြောက်ပိုင်းမြို့တော်ထက် ဝူနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။ စစ်အင်အား ခွဲဝေပေးတာက နန်းတွင်းအတွက် အလွန်အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်က စစ်သည်သုံးသောင်းနှင့် ထောက်ပံ့ရေးပစ္စည်းအချို့ကို မြောက်ပိုင်း စေလွှတ်ဖို့ အကြံပြုပါတယ်။ မြောက်ပိုင်းမြို့တော်ဟာ မြေမျက်နှာသွင်ပြင်အရ စစ်ရေးမှာ သာလွန်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ ရဲရင့်မှု၊ စစ်ရေးကျွမ်းကျင်မှုတို့နှင့် ပေါင်းစပ်ပါက မြောက်ပိုင်းမြို့တော်ကို ခုခံကာကွယ်ဖို့က ပြဿနာမရှိသင့်ပါဘူး။”

ခဏတာ တွေးတောပြီးနောက် ဆွမ်ဧကရာဇ်က ဆက်ပြောလိုက်သည်

“ဝန်ကြီး ဝမ်၊ ဝန်ကြီး ချူး၊ ဝန်ကြီးချုပ် လင်းနှင့် ဝန်ကြီးချုပ်ကျောင်းတို့ နေခဲ့ကြပါ။ ကျန်တဲ့သူတွေကို ထွက်ခွာခွင့်ပြုတယ်။”

စကားပြောပြီးသွားသောအခါ ဆွမ်ဧကရာဇ်သည် နဂါးပလ္လင်မှ ထလာပြီး သူ၏ဝတ်ရုံကို လှုပ်ခတ်လိုက်ကာ ထွက်ခွာသွားသည်။

ဆွမ်ဧကရာဇ် ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ချွန်ကျင်ခန်းမအတွင်း ချက်ချင်းပင် ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာသည်။ မြောက်ပိုင်းမြို့တော်မှ သတင်း၏ မှန်ကန်မှုကို သံသယဝင်နေသူများ ရှိနေဆဲဖြစ်သည်။ မြောက်ပိုင်းဖရိီဘုရင်က ယခင်က တောင်ဘက်သို့ ကျူးကျော်ရာမှာ ကောင်းကင်ဝံပုလွေဘုရင်နှင့် ပူးပေါင်းခြင်း မရှိပဲ ကောင်းကင်ဝံပုလွေဘုရင်အား စစ်သည်အချို့သာ ပေးပို့ခဲ့သည်။ ထို့ကြောင့် အခု သူကဦးဆောင်ပြီး တောင်ဘက်ကို ကျူးကျော်လာမှာက ဘယ်လိုဖြစ်နိုင်မှာလဲ။

အထူးသဖြင့် ဆောင်းတွင်း၏ အအေးဆုံးအချိန်တွင်ဖြစ်သည်။ ထို့ပြင် ဤဖြစ်ရပ်သည် အချိန်ကိုက်လွန်း နေသည်။ နန်းတွင်းသည် မူလက မြောက်ပိုင်းနယ်စားမင်းသားကို ဝူနိုင်ငံနှင့် တိုက်ခိုက်ခိုင်းရန် ရှေ့တန်းသို့ စေလွှတ်ဖို့ စီစဉ်နေခဲ့သည်။ အခု မြောက်ပိုင်းဖရီဘုရင်၏ လှုပ်ရှားမှုကြောင့် မြောက်ပိုင်းနယ်စားမင်းသားသည် ဝူနိုင်ငံနှင့် တိုက်ခိုက်ရန် မလိုတော့ပေ။

ဤအချိန်ကိုက်မှုက မြောက်ပိုင်းဖရီဘုရင်၏ တောင်ဘက် ချီတက်မှုဟာ ရိုးရိုးသားသား တိုက်ဆိုင်မှုတစ်ခု ဟုတ်ရဲ့လားဟု သံသယ ဝင်စေသည်။

ထိုအချိန်တွင် ချူးချင်ဝူက ကျောင်းဝမ်ဟန်ကို ကြည့်ပြီး မေးလိုက်သည်။

“ဝန်ကြီးချုပ် ကျောင်း။ ခင်ဗျားက ဘာကြောင့် မင်းကြီးကို မြောက်ပိုင်းကို စစ်တပ်စေလွှတ်ဖို့ အကြံပေးနေတာလဲ။”

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ဝန်ကြီးများစွာ၏ မျက်လုံးများက ကျောင်းဝမ်ဟန်ပေါ်သို့ စုပြုံလာကြသည်။ ကျောင်းဝမ်ဟန်က အေးဆေးစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“မြောက်ပိုင်းမြို့တော်ဟာ ရှနိုင်ငံတော်ရဲ့ တံခါးပေါက်ဖြစ်ပါတယ်။ အဲ့ဒီနေရာ ကျသွားရင် တစ်နိုင်ငံလုံးဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမှာပါ။ ကျွန်တော်က မင်းကြီးကို စစ်တပ်စေလွှတ်ဖို့ အကြံမပေးခဲ့ရင်တောင် မင်းကြီးက စစ်တပ်ကို မြောက်ပိုင်းစေလွှတ်မှာ သေချာတယ်။”

ဒါက…

.......

အခန်း (၁၉၅)

လင်ကောင်းယွမ်၏ အကြံ (၁)

ကျောင်းဝမ်ဟန်၏ စကားကို ကြားလိုက်ရသောအခါ အရာရှိများနှင့် ဝန်ကြီးများလည်းစဉ်းစားသွားပြီး ထိုစကားတွင် အမှန်တရားများ ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။

မြောက်ပိုင်းမြို့တော်သည် ရှနိုင်ငံတော်အတွက် အရေးကြီး၏။ ထို့ကြောင့် ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းမြို့တော် ပြိုလဲသွားသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ ထို့ကြောင့် မြောက်ဘက်သို့ စစ်တပ်စေလွှတ်ခြင်းက မလွဲမသွေ ဖြစ်လာမည် ဖြစ်သည်။

ဆွမ်ဧကရာဇ်သည် ယခင်ကလည်း စစ်သား ခုနှစ်သောင်းကို မြောက်ဘက်သို့ စေလွှတ်ခဲ့သည် မဟုတ်ပါလား။

ထိုအချိန်တွင် ကျောင်းဝမ်ဟန်က ချူးချင်ဝူနှင့် ဝမ်ဟိုင်တို့ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

“သွားကြရအောင်။ မင်းကြီးက အရေးကြီးကိစ္စတွေကို ဆွေးနွေးဖို့ ကျွန်တော်တို့ကို စောင့်နေတယ်။”

ထိုသို့ပြောပြီးသည်နှင့် ကျောင်းဝမ်ဟန်သည် ဘေးမှခန်းမဆီသို့ လျှောက်သွား၏။ ချူးချင်ဝူနှင့် ဝမ်ဟိုင်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခပ်မြန်မြန်လိုက်သွားကြသည်။

ထိုအချိန်တွင် ဝမ်ချန်ရှိုက လုရှုယွမ်ထံသို့ ချဉ်းကပ်လာ၏။ လုရှုယွမ်က ကျောင်းဝမ်ဟန်၏ ထွက်ခွာသွား‌သော ပုံရိပ်ကိုကြည့်ရင်း မျက်‌မှောင်ကုတ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ချန်ရှိုက တိုးတိုးလေး ပြောလိုက်သည်။

“မင်းသား။ ကျွန်တော်ထင်တာကတော့ ဝန်ကြီးချုပ် ကျောင်းရဲ့ ချဉ်းကပ်မှုက မှန်ပါတယ်။ မင်းကြီး မြောက်ဘက်ကို တပ်စေလွှတ်မှာကို မတားဆီးနိုင်မယ့် အတူတူ မြောက်ပိုင်းမြို့တော်ကို ထောက်ပံ့ဖို့ အကြံပေးလိုက်တာပါ။ အဲ့ဒါဆို မြောက်ဘက်ကို စေလွှတ်မယ့် စစ်သားအရေအတွက်ကို စစ်ရေးဝန်ကြီးဌာနက ဆွေးနွေးရမှာပါ။”

ဝမ်ချန်ရှို၏ သဘောထားကို ကြားလိုက်ရသောအခါ လုရှုယွမ် ခဏစဉ်းစားလိုက်ပြီး ထိုအကြံတွင် အကျိုးကျေးဇူးအနည်းငယ် ရှိသည်ကို သဘောပေါက်လိုက်သည်။

ဝန်ကြီးချုပ်ကျောင်းက အမှန်တကယ် ပါးနပ်ပုံရသည်။ အကယ်၍ ကျောင်းဝမ်ဟန် နေရာတွင် သူဖြစ်ခဲ့ပါက ဧကရာဇ်ကို မြောက်ဘက်သို့ စစ်တပ်စေလွှတ်ခြင်းမှ တားဆီးဖို့ နည်းလမ်းရှာလိမ့်မည်ဖြစ်သည်။

မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာ မြင်းတပ် ငါးသောင်းရှိနေပြီ ဖြစ်သောကြောင့် နောက်ထပ် တပ်တွေကို စေလွှတ်စရာ အ‌ကြောင်းမရှိပါ။ သူတို့သည် ထိုသံချပ်ကာ မြင်းတပ် ငါးသောင်းကို ဖျက်သိမ်းစေလိုကြသည်။

သို့သော် ထိုကဲ့သို့သော တွေးခေါ်မှုမျိုးက သူတို့၏ အလောတကြီး အောင်မြင်ချင်စိတ်ကို ဖော်ပြနေပြီး မစဉ်းစား မတွေးခေါ်ပဲ ဆုံးဖြတ်ချက် ချမှတ်ခြင်းများကို ဖြစ်စေနိုင်သည်။

ထိုမြေခွေးအိုကြီး ကျောင်းဝမ်ဟန် သူ့ဘက်တွင်ရှိနေသည့်အတွက် လုရှုယွမ် စိတ်သက်သာရာရလိုက်သည်။

ယခု‌တော့ ဆွေးနွေးမှုများ၏ ရလဒ်ကို စောင့်ဆိုင်းရုံသာ ရှိသည်။

နှစ်နာရီခန့်အကြာတွင် လင်ကောင်းယွမ်သည် ဆွမ်ဧကရာဇ်၏ စာကြည့်ခန်းမှ ပထမဆုံး ထွက်ခွာလာခဲ့သည်။ သူသည် ပထမတစ်ခေါက်က မြောက်ပိုင်းသို့ တပ်များစေလွှတ်ရန် ဆွေးနွေးခဲ့စဉ် စိတ်ပျက်ခဲ့ရသည်။ သို့သော် ယနေ့တော့ သူများစွာ ပို၍ အေးဆေးတည်ငြိမ်နေပုံရသည်။

လင်ကောင်းယွမ်သည် ခပ်မြန်မြန်ပင် အိမ်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် လင်ရှုမင်သည်လည်း အိမ်တွင် ရှိနေခဲ့သည်။ လင်ကောင်းယွမ် ပြန်လာသည်ကို မြင်လိုက်ရသည်နှင့် လင်ရှုမင်က တက်တက်ကြွကြွ မေးလိုက်သည်။

“ဖခင်။ ကျွန်တော် ရှေ့တန်းကို ဘယ်တော့ သွားနိုင်မလဲ။”

လင်ရှုမင်နှင့် စစ်သား ခုနှစ်သောင်းသည် မကြာသေးမီကမှ မြောက်ပိုင်းမြို့တော်မှ ပြန်လာခဲ့ခြင်းဖြစ်သည်။ ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်အကြား ပဋိပက္ခဖြစ်ပွားသည့်အခါ လင်ရှုမင်နှင့် ထိုစစ်သား ခုနှစ်သောင်းတို့သည် နေပြည်တော်တွင် ပြန်လည်အားဖြည့်နေပြီး ဝူနိုင်ငံတော် တိုက်ခိုက်ရန် ရှေ့တန်းသို့ စေလွှတ်ခံရခြင်း မရှိသေးပေ။ ထိုအရာက လင်ရှုမင်အား ပို၍ စိတ်ပူလာစေခဲ့သည်။

ယောက်ျားတိုင်း ကြီးကျယ်သော စွမ်းဆောင်မှုများ ပြုလုပ်ပြီး ဂုဏ်ထူးဆောင်ချင်ကြသည်။ အထူးသဖြင့် မြောက်ပိုင်းမြို့တော်ရှိ တိုက်ပွဲငယ်များကဲ့သို့ မဟုတ်ပဲ နိုင်ငံတော်အဆင့် စစ်ပွဲကြီးတွင် ဂုဏ်သိက္ခာတစ်ရပ် ထူထောင်လိုကြသည်။ ယခုစစ်ပွဲ၏ အတိုင်းအတာသည် အလွန်ကြီးမားသည်။ ဝူနိုင်ငံတော်သည် စစ်သည်ရှစ်သိန်းနီးပါးကို စုစည်းထားပြီး ရှနိုင်ငံတော်ကလည်း စစ်သည်လေးသိန်းကျော်ကို စေလွှတ်ထားသည်။

အကယ်၍ လင်ရှုမင်သည် ဤစစ်ပွဲကြီးတွင် ထူးချွန်စွာ စွမ်းဆောင်မှုပြုပြီး သူ၏ဂုဏ်သတင်းကို မြှင့်တင်နိုင်ပါက စစ်တပ်အတွင်း သူ၏ဩဇာလွှမ်းမိုးမှုက အလွန်ကြီးထွားလာမည်ဖြစ်ပြီး သူ၏အဆင့်အတန်းသည်လည်း သိသိသာသာ မြင့်မားလာမည် ဖြစ်သည်။ ထို့ကြောင့် လင်ရှုမင်သည် နန်းတွင်းက သူ့ကို ရှေ့တန်းသို့ စေလွှတ်ရန် အလွန်မျှော်လင့်နေခဲ့သည်။

လင်ရှုမင်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် လင်ကောင်းယွမ်က အနည်းငယ် ရယ်မောလိုက်ပြီး သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။

“မင်း မကြာခင်မှာ ရှေ့တန်းကို သွားရတော့မယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ရှုမင်သည် ခဏခန့် ငေးသွားခဲ့၏။ ထို့နောက် အလွန်ဝမ်းသာသွားခဲ့သည်။

“တကယ်လား။ မင်းကြီးက ကျွန်တော့်ကို စစ်သည်ဘယ်နှစ်ယောက် ပေးမှာလဲ။”

လင်ကောင်းယွမ်က

“အရမ်း ဝမ်းမသာနဲ့ဦး။ မင်းကြီးက မင်းကို စစ်သည်နှစ်သောင်းပဲ ပေးဖို့ စီစဉ်နေတယ်။ ပြီးတော့ မင်းရဲ့ အဓိကတာဝန်က တိုက်ပွဲဝင်ဖို့ မဟုတ်ဘူး။ ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ပဲ။”

လင်ရှုမင်သည် ငေးသွားခဲ့သည်။ ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော သူသည် တပ်များကို ဦးဆောင်တိုက်ပွဲ မဝင်ရပဲ နောက်ဆုံးတွင် ထောက်ပို့ကိစ္စများကို ကိုင်တွယ်ရမှာလား။

လင်ရှုမင်၏ အံ့အားသင့်မှုကို မြင်လိုက်ပြီးနောက် လင်ကောင်းယွမ်က ဆက်ပြောလိုက်သည်။

“နောက်ပြီး ငါပြောနေတဲ့ ရှေ့တန်းက အနောက်ဘက်က ပဋိပက္ခ မဟုတ်ဘူး။ မြောက်ဘက်က ပဋိပက္ခ ဖြစ်တယ်။”

“မြောက်ဘက်… မြောက်ဘက်လား။”

လင်ရှုမင်သည် လုံးဝရှုပ်ထွေးသွားသည်။

မြောက်ဘက်က ပဋိပက္ခက ပြီးသွားပြီ မဟုတ်လား။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို မြောက်ပိုင်းနယ်စားမင်းသားက ဖျက်သိမ်းလိုက်ဖြစ်ပြီး သူတောင် မကြာသေးမီကမှ မြောက်ပိုင်းမြို့တော်မှ ပြန်လာခဲ့ခြင်းဖြစ်သည်။ ဘာကြောင့် မြောက်ဘက်မှာ ပဋိပက္ခ ထပ်ဖြစ်နေတာလဲ။ သံချပ်ကာမြင်းတပ် ငါးသောင်းကို အမိန့်ပေးနိုင်သူ မြောက်ပိုင်းနယ်စားမင်းသားကို အခုအချိန်မှာ ဘယ်သူက စိန်ခေါ်ရဲတာလဲ။

လင်ကောင်းယွမ်က ဆက်လက်ပြောသည်။

“ငါတို့ နန်းတွင်းအစည်းအဝေးလုပ်‌နေတုန်းစစ်ရေးအစီရင်ခံစာ ရောက်လာခဲ့တယ်။ မြောက်ပိုင်းဖရီဘုရင်က စစ်သည်နှစ်သိန်းနှင့် တောင်ဘက် ချီတက်လာနေပြီ။ မြောက်ပိုင်းနယ်စားမင်းသားက အနီရောင် ဖဲကြိုးတပ် သတင်းပို့သူကို စေလွှတ်ပြီး နန်းတွင်းက စစ်ကူတောင်းနေတယ်။ ကျောင်းဝမ်ဟန်တို့က ဝူနိုင်ငံတော်နှင့် ရင်ဆိုင်ရတာက ပိုအရေးကြီးတယ်လို့ ယူဆကြပြီး သူတို့က မင်းကို မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ပြီး ထောက်ပံ့ရေး ပစ္စည်းအချို့အတူ မြောက်ပိုင်းဖရီဘုရင်ရဲ့ တောင်ဘက် ချီတက်မှုကို ခုခံရာမှာ မြောက်ပိုင်းနယ်စားမင်းသားကို အကူအညီပေးခိုင်းဖို့ စီစဉ်နေကြတယ်။”

သူ့ဖခင်၏ စကားကို ကြားလိုက်ရပြီး လင်ရှုမင်သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

သူက မြောက်ပိုင်းမြို့တော်မှ မကြာသေးမီက ပြန်လာခြင်းဖြစ်ပြီး အခု ထိုနေရာကို ထပ်မံသွားရမှာလား။ သူက မြောက်ပိုင်းမြို့တော်မှာ ဘာသွားလုပ်ရမှာလဲ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ စစ်မြေပြင်ကို သန့်ရှင်း‌ရေး လုပ်ပေးဖို့လား။

မြောက်ပိုင်းမြို့တော်မှ စစ်သည်များဖြင့် မြောက်ပိုင်းနယ်စားမင်းသားသည် ကောင်းကင်ဝံပုလွေဘုရင် ဦးဆောင်သော စစ်သည်သုံးသိန်းကို အနိုင်ရခဲ့သည်။ နန်းတွင်းက စေလွှတ်လိုက်‌သော တပ်များကို မလိုအပ်ခဲ့ပေ။

လင်ရှုမင် အနည်းငယ် မလိုလားဟန်ရှိသည်ကို မြင်လိုက်ရပြီး လင်ကောင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။

“ဘာဖြစ်သွားတာလဲ။ မင်းက မသွားချင်ဘူးလား။”

လင်ရှုမင်သည် သတိပြန်ဝင်လာပြီး

“ဖခင်။ မြောက်ပိုင်းမြို့တော်မှာ သံချပ်ကာမြင်းတပ် ငါးသောင်းရှိနေတယ်။ နန်းတွင်းက နောက်ထပ် တပ်တွေ စေလွှတ်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ထင်တယ်။”

လင်ကောင်းယွမ်က

“မင်းကို မြောက်ဘက်သို့ လွှတ်ရတာက မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်သည်နှစ်သောင်းကို ခုခံဖို့ မဟုတ်ဘူး။ နန်းတွင်းက မင်းကို စေလွှတ်တာက မြောက်ပိုင်းနယ်စားမင်းသားရဲ့ အနေအထားကို တည်ငြိမ်စေဖို့။ မြောက်ပိုင်းနယ်စားမင်းသားက အနီရောင် ဖဲကြိုးတပ် သတင်းပို့သူကို စေလွှတ်ပြီး အကူအညီတောင်းခံထားတယ်။ မြောက်ပိုင်းနယ်စားမင်းသား၏ ထူးခြားတဲ့ နည်းဗျူဟာတွေ အကြောင်း ဘယ်သူမသိပဲ နေမလဲ။ နန်းတွင်းရဲ့ အကူအညီကို သူမလိုအပ်ဘူး။ မင်းရဲ့ စစ်သည်နှစ်သောင်းကလည်း ထောက်ပို့လယ်သမားတပ်နဲ့ အတူတူပဲ။”

လင်ရှုမင်က မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် ဘယ်သူ့ကို လွှတ်လွှတ် အတူတူပဲလေ။ ဘာလို့ ကျွန်တော်ပဲ ဖြစ်ရတာလဲ။ ကျွန်တော်က ဝူနိုင်ငံနဲ့ စစ်တိုက်ပြီး စစ်အောင်ပွဲတွေ ထပ်ရချင်သေးတယ်။”

လင်ကောင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။

“မင်းဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ။ စစ်အောင်ပွဲတွေ ရဖို့ ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။ ကျောင်းဝမ်တိန်နဲ့ မုချန်တိန်ကို ကြည့်လေ။ သူတို့နှစ်ယောက် ကံကောင်းခဲ့ကြရဲ့လား။”

လင်ကောင်းယွမ် ထိုသို့ပြောသည်ကို ကြားသောအခါ လင်ရှုမင်သည် ခဏတာမျှ ငေးငိုင်သွားခဲ့ပြီး စစ်အောင်ပွဲများလွန်းခြင်းကလည်း ကောင်းသည်ဟု မဆိုနိုင်ကြောင်း သတိထားမိလိုက်သည်။

လင်ကောင်းယွမ်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“အခု နန်းတော်ဝန်ကြီးတွေနှင့် အာဏာရှိမိသားစုတွေ သံချပ်ကာမြင်းတပ် ငါးသောင်းဟာ ဧကရာဇ်ရဲ့ စစ်တပ်လို့ ယေဘုယျအားဖြင့် ယုံကြည်နေကြတယ်။ ဒါပေမဲ့ မင်း မြောက်ပိုင်းမြို့တော်က ယူလာတဲ့ အချက်အလက်တွေအရ ငါနားလည်ထားတာက နိုင်ငံတော် ပညာရှိကိုယ်တိုင် မြောက်ပိုင်းမြို့တော်သို့ သွားရောက်ခဲ့တယ်၊ ပြီး‌ တော့ မင်းကို လည်း မေးခွန်း‌တွေ အများကြီး မေးမြန်းခဲ့တယ်။ ဒါတွေကို ထောက်ရှုရင် ဧကရာဇ်ဟာ မြောက်ပိုင်းမြို့တော်က ကိစ္စကို အမှန်တကယ် မသိကြောင်း ဖော်ပြ‌ နေတယ်။”

“ဒီသံချပ်ကာမြင်းတပ် ငါးသောင်းဟာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမိန့်ကိုသာ လိုက်နာမှာ။ မြောက်ပိုင်းနယ်စားမင်းသားဟာ သာမန်တော့ မဟုတ်ဘူး။ သူနှင့် ထိတွေ့ဆက်ဆံမှုရှိတာက မင်းအတွက် ဘာမှမထိခိုက်ဘူး။”

ထိုစကားကို ကြားသောအခါ လင်ရှုမင် ရုတ်တရက် နှလုံးတုန်လှုပ်သွားခဲ့သည်။

သူ၏ဖခင်သည် နန်းလျာဆက်ခံ‌ရေးကိစ္စနှင့်ပတ်သက်၍ အလွန်သတိထားပြီး သူ့ကိုလာရောက်တွေ့ဆုံသော မင်းသားတိုင်းကိုလည်း တူညီသောသဘောထားဖြင့် ဆက်ဆံခဲ့သည်။ ဆိုလိုသည်မှာ မည်သူ့ဘက်ကမှ မရပ်တည်ပဲ ထိုကိစ္စများနှင့် ကင်းကင်းကွာကွာနေသည့် သဘောထားကို ကျင့်သုံးခြင်းဖြစ်သည်။

သို့သော် ယနေ့တွင် သူ၏ဖခင်သည် မြောက်ပိုင်းနယ်စားမင်းသားနှင့် ပိုမိုထိတွေ့ဆက်ဆံရန် အကြံပြုခဲ့သည်။ ဤသည်မှာ သူ၏ဖခင်သည် မြောက်ပိုင်းနယ်စားမင်းသားကို နှစ်သက်နေပုံရသည့် သဘောဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူ၏ဖခင်ရွေးချယ်ထားတဲ့ ထီးနန်းအရိုက်အရာကို ဆက်ခံမည့်သူလို့ ဆိုလိုခြင်းလား။

လင်ရှုမင်က အံ့အားသင့်နေသော မျက်နှာဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့သောအခါ လင်ကောင်းယွမ်က ပြောလိုက်သည်။

“ဘာကြည့်နေတာလဲ။ ငါ့မျက်နှာမှာ တစ်ခုခုရှိ နေလို့လား။”

လင်ရှုမင်သည် စိတ်အေးလက်အေးပြန်ဖြစ်သွားပြီး ပြောလိုက်သည်။

“ဖခင်။ တကယ်ပဲ မြောက်ပိုင်းနယ်စားမင်းသားဟာ နောက်ဆုံးမှာ…”

လင်ရှုမင်သည် ဆက်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမျိုးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် မသင့်တော်ပေ။

လင်ကောင်းယွမ်က ပြောလိုက်သည်။

“ဘယ်သူက သေချာပြောနိုင်မှာလဲ။ စကားမစပ် မင်းမြောက်ပိုင်းမြို့တော်ကို နောက်ဆုံးသွားတုန်းက ရွန်ကို တွေ့ခဲ့တယ်လို့ မင်းပြောခဲ့တာ မဟုတ်လား။”

မြောက်ပိုင်းမြို့တော်တွင် အတော်ကြာနေထိုင်ခဲ့သော လင်ရှုမင်သည် လျှိုဝှက်လဝန်းနန်းတော်က မြောက်ပိုင်းမြို့တော်တွင် စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ထားကြောင်း ကြားသိခဲ့ရသည်။ သူသည် လင်ဝမ်ရွန်နှင့် တွေ့ဆုံခဲ့ပြီး စကားပြောခဲ့ဖူးသည်။

လင်ရှုမင်က ပြောသည်။

“ဟုတ်တယ်။ သူက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ နေနေတယ်လို့ ကြားရတယ်။”

လင်ကောင်းယွမ် ခဏတာ တွေးတောပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“လျှို့ဝှက်လဝန်းနန်းတော်က မြောက်ပိုင်းနယ်စားမင်းသားဆီကမှ ဘာလိုချင်နေတာလဲဆိုတာ ငါမသိ‌ပေမဲ့ မင်းရဲ့ညီမ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ဇနီးဖြစ်လာရင် မင်းအတွက် ကောင်းလိမ့်မယ်။”

ဒါက…

လင်ရှုမင်က သတိပေးလိုက်သည်။

“ဖခင် ကျွန်တော် မှတ်တာ မမှားဘူးဆိုရင် ဝရွန်က ဒီနှစ် အသက်သုံးဆယ်ကျော်နေပြီ။ သူ့လို အသက်အရွယ်ရှိတဲ့ မိန်းမ‌တစ်ချိုရဲ့က‌လေးတွေက မြောက်ပိုင်းနယ်စားမင်းသားနဲ့ ရွယ်တူလောက် ရှိနေပြီ…”

သူသည် ရှင်းလင်းစွာမပြောသော်လည်း လင်ဝမ်ရွန်သည် မြောက်ပိုင်းနယ်စားမင်းသား၏ မိခင်ဖြစ်နိုင်သည့် အသက်အရွယ်ရှိပြီဖြစ်သည်ဟု လင်ရှုမင်က ဆိုလိုချင်ခြင်းဖြစ်သည်။

လင်ကောင်းယွမ်က လင်ရှုမင်ကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းဘာသိလို့လဲ။ မြောက်ပိုင်းနယ်စားမင်းသားဟာ ငယ်ငယ်ကတည်းက သူ့မိခင်ကို ဆုံးရှုံးခဲ့ရတယ်။ သူ့လိုလူတွေဟာ သူတို့ထက် အသက်ကြီးတဲ့ အမျိုးသမီးတွေကို ပိုနှစ်သက်တတ်ကြတယ်။ ချူးယုချင်ကိုပဲ ကြည့်လေ။ ပြိီး‌တော့ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ ဇနီးကလည်း အသက်အတော်ကြီးနေပြီ မဟုတ်လား။”

“စကား‌ပြောတာတော်ပြီ။ မြန်မြန် အဆင်သင့် ပြင်ထားပါ။”

“စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အိမ်ထောင်စုဆိုင်ရာ ဝန်ကြီးဌာနက ပြင်ဆင်ထာပြီးပြီ။ ငါးရက်ထက် မပိုတဲ့ အချိန်အတွင်း မြောက်ဘက်ကို ထွက်ခွာရလိမ့်မယ်။”

လင်ရှုမင် သက်ပြင်းချလိုက်ပြီး နောက်ထပ်မပြောတော့ပေ။

...

All Chapters