အခန်း ၁၉၆-၁၉၈
Vol. 14 Ch. 196-198
အခန်း (၁၉၆)
ယမ်းလက်နက် ပထမအသုတ်
လဝက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
မြောက်ပိုင်းမြို့တော် ထျန်းကောင်းမြို့တွင် လုချန်းသည် အညိုရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး မြို့ရိုးပေါ်တွင် ရပ် နေကာ ကောင်းကင်မှ ကျဆင်းနေသော နှင်းများကို ကြည့်နေ၏။ မြောက်ပိုင်းဒေသမှ ကင်းထောက်တပ်ဖွဲ့ဝင် အတော်များများ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး ထိုသူများထဲတွင် လွင်ပြင်ဒေသခံစစ်သည်များ များစွာပါဝင်သည်။
...
ပြောရမည်ဆိုလျှင် လွင်ပြင်ဒေသခံများသည် လွင်ပြင်ဒေသတွင် သိသာထင်ရှားသော အားသာချက်များ ရှိသည်။ အထူးသဖြင့် ရန်သူ၏လှုပ်ရှားမှုများကို ထောက်လှမ်းရာတွင် ဖြစ်သည်။ ထိုအချိန်တွင် ရှောင်ပင်တိန်က မြို့တံတိုင်းအောက်မှ ခုန်တက်လာပြီး လုချန်းဘေးတွင် ဆင်းသက်လိုက်ကာ
“မင်းသား။ မြောက်ပိုင်းက မျိုးနွယ်စုတွေ စုစည်းနေတဲ့နှုန်းကို ကြည့်ရတာ သူတို့တောင်ဘက်ကို ချီတက်ဖို့ နောက်ထပ်တစ်လခန့် ကြာမယ်လို့ ခန့်မှန်းရပါတယ်။”
“ နောက်ပြီး ကျွန်တော်ခန့်မှန်းထားတာက မြောက်ပိုင်းဖရီဘုရင်က စစ်မူထမ်းဖို့ ဆင့်ခေါ်ထားပေမဲ့ လွင်ပြင်ဒေသခံ စစ်သည်တစ်သိန်းခွဲထက် ပိုပြီးစုစည်းနိုင်မှာ မဟုတ်ပါဘူး။”
ထိုစကားကို ကြားလိုက်ရပြီးနောက် လုချန်းကြာမြင့်စွာ စဉ်းစားနေမိသည်။ လွင်ပြင်ဒေသခံ စစ်သည်တစ်သိန်းခွဲဟာ ဆောင်းရာသီမှာ တောင်ဘက်ကို ချီတက်ပြီး မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရဲလား။
မြောက်ပိုင်းဖရီဘုရင် ဘာတွေတွေးနေတာလဲ။
ထိုအချိန်တွင် လုချန်းက မေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ ကင်းထောက်တပ်ဖွဲ့ဝင်တွေက မြောက်ပိုင်းဖရီဘုရင် ဘာကြောင့် ဆောင်းရာသီမှာ တောင်ဘက် ချီတက်ဖို့ ရွေးချယ်ရသလဲဆိုတာ တွေ့ရှိပြီးပြီလား”
ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် ရှောင်ပင်တိန်က
“ မြောက်ပိုင်းဖရီဘုရင် တောင်ဘက်ကို ချီတက်ရတဲ့ အကြောင်းရင်းကို မျိုးနွယ်စုငယ်တွေဆီက တချို့စစ်သည်တွေ ပြန်ကြားထားတာ ရှိပါတယ်။ ဒါပမဲ့ ဒါဟာ မျိုးနွယ်စုငယ်တွေဆီက ကြားတာဖြစ်ပြီး အမှန်ဖြစ်တယ်လို့ အာမမခံနိုင်ပါဘူး”
ဟု ချက်ချင်းပြန်ပြောလိုက်သည်။
သူတို့စေလွှတ်ခဲ့သော ကင်းထောက်တပ်ဖွဲ့ဝင်များတွင် ယခင်ကောင်းကင်ဝံပုလွေဘုရင်၏ လွင်ပြင်ဒေသခံစစ်သည်များစွာ ပါဝင်သည်။ သူတို့သည် လွင်ပြင်ဒေသနှင့် ရင်းနှီးသည့်အပြင် သူတို့တွင် အခြားသိသာထင်ရှားသော အားသာချက်တစ်ခုရှိသည်။ ထိုအားသာချက်မှာ သူတို့သည် အခြားလွင်ပြင်ဒေသခံမျိုးနွယ်စုများနှင့် ဆက်သွယ်ပြောဆိုနိုင်ပြီး လွင်ပြင်ဒေသရှိ မျိုးနွယ်စုများအကြောင်း ပိုမိုသိရှိနိုင်ခြင်းဖြစ်သည်။
“အမှန်ဟုတ်မဟုတ် ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ပါမယ်။ ခင်ဗျားတို့ သိခဲ့သမျှကို ပြောပြပါ” ရှောင်ပင်တိန်၏စကားကို ကြားလိုက်ပြီးနောက် လုချန်းက ချက်ချင်းပြန်ပြောလိုက်သည်။
ရှောင်ပင်တိန်ကချက်ချင်းပြောလိုက်သည်။
“ပြန်လာတဲ့စစ်သည်တွေရဲ့အဆိုအရ မြောက်ပိုင်းဖရီဘုရင် ဆောင်းရာသီမှာ ချီတက်ရခြင်းဟာ မင်းသားက သူ့ရဲ့မိဖုရားဖြစ်လာမယ့်သူကို ခိုးယူသွားလို့ပါတဲ့။ သူဟာ ဒီအရှက်ကွဲမှုကို မခံနိုင်ဘူးတဲ့”
ထိုစကားက လုချန်းကို ခဏခန့် အံ့အားသင့်သွားစေသည်။
အကယ်၍ သူသာ ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်းကို မနိုင်ခဲ့ပါက ရှောင်ဝမ်ယောင်သည် တကယ်ပင် မြောက်ပိုင်းဖရီဘုရင်အား လက်ထပ်ရမည်ဖြစ်သည်။ သို့သော် အမျိုးသမီးတစ်ယောက်အတွက် မြောက်ပိုင်းမြို့တော်ကို စစ်ကြေညာခြင်းက တော့ အကြောင်းပြချက် မလုံလောက်ဟု လုချန်းထင်မိသည်။
လုချန်းက ဆက်မေးလိုက်သည်။
“တခြားအကြောင်းပြချက်ရှိသေးလား။”
“နောက်ထပ်အကြောင်းပြချက်တစ်ခုရှိပါတယ်။ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုရဲ့ စစ်သည်သုံးသိန်းဟာ မြောက်ပိုင်းမြို့တော်ကို အလွန်အားနည်းသွားစေပြီး မြောက်ပိုင်းမြို့တော်ဟာ သူတို့ရဲ့တောင်ဘက် ကျူးကျော်မှုကို ခုခံနိုင်စွမ်း မရှိတော့ဘူးလို့ မြောက်ပိုင်းဖရီဘုရင်က ယုံကြည်နေတယ်”ရှောင်ပင်တိန်က ပြောလိုက်သည်။
ထိုစကားများကို ပြောနေစဉ် ရှောင်ပင်တိန်၏ စိတ်ခံစားမှုများ ရှုပ်ထွေးလာသည်။ သူသည် ယခင်က မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ခဲ့ဖူးပြီး မြောက်ပိုင်းနယ်စားမင်းသား၏ ဗိုလ်ချုပ်တစ်ဦးထံတွင် အဖမ်းခံခဲ့ရသည်။
ထို့နောက် လုချန်းသည် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဒါကတော့ မြောက်ပိုင်းဖရီးဘုရင်ရဲ့ စိတ်ထဲက အကြောင်းရင်း အမှန်ဖြစ်မယ်။ သူတို့ ဆောင်းရာသီမှာ တောင်ပိုင်း ချီတက်လာမှာ အံ့သြစရာ မရှိတော့ဘူး။”
မြောက်ပိုင်းဖရီဘုရင် ဆောင်းရာသီတွင် ချီတက်ရန် ဆုံးဖြတ်ရသည့် အကြောင်းရင်းကို လုချန်း အစက နားမလည်ခဲ့ပေ။ လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ယခင်က ထိုသို့လုပ်ဆောင်လေ့ မရှိခဲ့သောကြောင့်ဖြစ်သည်။
ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုလည်း နှင်းမုန်တိုင်းအတွင်း လွင်ပြင်ဒေသကို ဖြတ်ကျော်ချီတက်ခြင်း မပြုခဲ့ဖူးပေ။ မြောက်ပိုင်းဖရီးဘုရင်၏ ဆုံးဖြတ်ချက်သည် အမှန်တကယ်ပင် ရဲရင့်လှသည်။
အကယ်၍ သူတို့သည် ဆောင်းရာသီတွင် ချီတက်ပါက မြောက်ပိုင်းမြို့တော်သို့ မရောက်မီ စစ်သည်များစွာ သေဆုံးသွားနိုင်သည်။ ဒါက သူတို့အတွက် အားသာချက် မဖြစ်စေပါ။ လုချန်း စကားစပြောမည့်အချိန်တွင် အမည်းနှင့်အနီရောင် အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင် ဝတ်စုံဝတ်ဆင်ထားသူ တစ်ယောက်က သူ့ထံသို့ ချဉ်းကပ်လာသည်။
“မင်းသားကို ဂါရဝ ပြုပါတယ်။”
ထိုအထူးကိုယ်ရံတော်တပ်ဖွဲ့ဝင်ကို မြင်လိုက်ရပြီးနောက် ရှောင်ပင်တိန်၏ မျက်နှာ ချက်ချင်းမှောင်သွား၏။ သူသည် သူ၏ဓားကို ဆွဲထုတ်လိုစိတ်များပင် ဖြစ်ပေါ်လာသည်။
သူ့ရှေ့တွင် ရပ်နေသော အထူးကိုယ်ရံတော်တပ်ဖွဲ့ဝင်မှာ အခြားသူ မဟုတ်ပါ။ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုအတွင်း လျှို့ဝှက်ဝင်ရောက်ခဲ့သော ကုန်သည် ဝူယွမ် ဖြစ်နေသောကြောင့်ဖြစ်သည်။
ယခုအခါတွင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုအားလုံးသည် မြောက်ပိုင်းမြို့တော်သို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စု မရှိတော့ပါ။ အထူးကိုယ်ရံတော်တပ်ဖွဲ့သည် မကြာသေးမီက လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့၏။ လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့်ပတ်သက်သော အချက်အလက်များ စုဆောင်းခဲ့သည့် အကျိုးဆောင်မှုကြောင့် ဝူယွမ်ကို အထူးကိုယ်ရံတော်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးအဖြစ် ရာထူးတိုးပေးခဲ့သည်။
ရှောင်ပင်တိန်သည် လုချန်းထံ အညံ့ခံပြီး ဖြစ်သဖြင့် သူနှင့် ဝူယွမ်သည် လုချန်း၏ လက်အောက်တွင် တစ်ဖွဲ့တည်း ဖြစ်နေပြီ ဖြစ်သော်လည်း ယခင်က အဖြစ်အပျက်များကို တွေးမိသည့်အခါတိုင်း ရှောင်ပင်တိန်သည် ဝူယွမ်ကို ချက်ချင်းသတ်ပစ်လိုစိတ်များ ဖြစ်ပေါ်လာသည်။
လုချန်းက မေးလိုက်သည်။
“ဘာကိစ္စလဲ။”
ဝူယွမ်က ပြန်ပြောလိုက်သည်။
“မင်းသား။ လက်မှုပညာသည်တွေက မင်းသားလိုအပ်တဲ့ ပစ္စည်း ပထမအသုတ်ကို ပြုလုပ်ပြီးပါပြီ။ ကျွန်တော်တို့ ရန်ခရိုင်ကနေ လျှို့ဝှက်သယ်ဆောင်လာပြီးပါပြီ။”
ထိုစကားကို ကြားလိုက်ရပြီး လုချန်း၏ မျက်လုံးများ လင်းလက်လာသည်။ ယူမြို့တော်မှ လက်မှုပညာသည်များ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း သူတို့သည် လုချန်းလိုအပ်သော ပစ္စည်းများကို ပြီးစီးအောင် ပြုလုပ်ခဲ့သည်။
လုချန်းသည် ချက်ချင်းထပ်မေးလိုက်သည်၊ “အထူးကိုယ်ရံတော်တပ်ဖွဲ့က သူတို့ရဲ့စွမ်းအားကို စမ်းသပ်ပြီးပြီလား။”
ဝူယွမ်က ဖြေလိုက်သည်။
“ဟုတ်ကဲ့။ စမ်းသပ်ပြီးပါပြီ။ စွမ်းအားက အမြောက်ဆံတွေလောက် မကြီးမားပေမဲ့ သိပ်မကွာပါဘူး။ မင်းသားအကြံပြုထားတဲ့အတိုင်း အဖျက်စွမ်းအား ပိုကောင်းလာ အောင် ကျွန်တော်တို့က လက်နက်အတွင်းမှာ သတ္တုအစအနတွေ အများကြီးထည့်ထားပါတယ်။
“အမြောက်ဆံ” ဟူသော စကားလုံးကို ကြားလိုက်ရပြီး အနားတွင်ရှိနေသော ရှောင်ပင်တိန် တောင့်တင်းသွားသည်။
သူမြောက်ပိုင်းမြို့တော်သို့ ဝင်ရောက်ပြီးတာ အချိန်တစ်ခု ကြာခဲ့ပြီ ဖြစ်သောကြောင့်
“ အမြောက်ဆံ” ဆိုသည်ကြားဖူးပြီးဖြစ်သည်။ သူအမြောက်များကို အသုံးပြုခွင့် မရသေးသော်လည်း ယခင်က သူတို့ကို တိုက်ခိုက်ခဲ့သည့် ကြောက်စရာကောင်းသည့် လက်နက်၏အမည်ကို သူသိသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် အမြောက်ဆံများနှင့် မကွာသော လက်နက်များကို ပြုလုပ်နိုင်သည်ကို ကြားလိုက်ရပြီး ရှောင်ပင်တိန် ကျောချမ်းသွားသည်။
သိုင်းပညာရှင်များရဲ့ ခေတ်က အမှန်တကယ် ကုန်ဆုံးသွားပြီလား။ မြောက်ပိုင်းနယ်စားမင်းသားသည် ထိုကဲ့သို့သော အဖျက်စွမ်းအားကြီးသော လက်နက်များကို မည်သည့်နေရာမှ ရရှိတာလဲဟု သူတွေးမိသည်။
မြောက်ပိုင်းမြို့တော်တွင် ထိုကဲ့သို့သော လက်နက်များ ရှိသည်ကို သိရှိပါကကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ခဲ့မည် မဟုတ်ပါ။ ထို့အခါ မြောက်ပိုင်းမြို့တော်၏ သိမ်းပိုက်ခြင်းကိုလည်း ခံရမည် မဟုတ်ပေ။
သို့သော် ထိုကိစ္စများသည် အခုအရေးမကြီးတော့ပါ။ အတွေးသက်သက် အနေနှင့်သာ ရှောင်ပင်တိန် ပြန်တွေးနေခြင်းဖြစ်သည်။ ထိုအချိန်တွင် လုချန်းက ပြောလိုက်သည်။
“ဗိုလ်ချုပ် ရှောင်။ ကျွန်တော်နဲ့အတူ လက်နက်အသစ်တွေကို သွားကြည့်ရအောင်။”
ထိုသို့ပြောရင်း လုချန်းသည် မြို့ရိုးပေါ်မှ ခုန်ချလိုက်သည်။ ထိုအချိန်တွင် ရှောင်ပင်တိန်သည် ဝူယွမ်ကို ကြည့်ရှုနေစဉ် သူ၏မျက်လုံးများ ကျယ်လာသည်။ ရှောင်ပင်တိန်က သူ့ကိုအရေခွံခွာလိုသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပြီး ဝူယွမ်က ပြုံးလိုက်ပြီး
“ဗိုလ်ချုပ် ရှောင်။ ကျွန်တော်တို့က အခု တစ်ဖွဲ့ထဲ ဖြစ်သွားပါပြီ။ ကျွန်တော့်ကို ဒီလောက်မုန်းတီးတဲ့ အကြည့်နဲ့ ကြည့်ဖို့ မလိုတော့ဘူး မဟုတ်လား။”
ရှောင်ပင်တိန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
“လက်ပါးစေ။”
ထို့နောက် ရှောင်ပင်တိန်လည်း မြို့ရိုးပေါ်မှ ခုန်ချလိုက်ပြီး လုချန်းနှင့်အတူ လက်နက်အသစ်များကို ကြည့်ရှုရန် လိုက်သွားသည်။
ဝူယွမ်က ပခုံးတွန့်လိုက်၏။ သူလုံးဝ မနာပါ။ အထူးကိုယ်ရံတော်တပ်ဖွဲ့သည် အမှန်တကယ်ပင် မြောက်ပိုင်းနယ်စားမင်းသား၏ လက်ပါးစေများ ဖြစ်သည်။ ရှောင်ပင်တိန်၏ စကားက မမှားပါ။ ထိုစကားကြောင့် ဝူယွမ် စိတ်ထိခိုက်ခြင်း မရှိပါ။
အထူးကိုယ်ရံတော်များ အနေနှင့် မြောက်ပိုင်းနယ်စားမင်းသား၏ လက်ပါးစေဟု အခေါ်ခံရခြင်းသည် စော်ကားမှုထက် ချီးကျူးမှုတစ်ခု ဖြစ်သည်။ မကြာမီ လုချန်းနှင့် သူ၏အဖော်များသည် စလက်နက်ပစ္စည်းများ သယ်ယူလာသော ကုန်တင်လှည်းတန်းနှင့် နီးကပ်လာသည်။
လုချန်းက ချက်ချင်းပင် သေတ္တာများကို ဖွင့်ရန် အမိန့်ပေးလိုက်ပြီး အထူးကိုယ်ရံတော်များ ယူဆောင်လာသော ယမ်းမှုန့်များကို စစ်ဆေးလိုက်သည်။
ဤလက်နက်များသည် လက်မှုပညာသည်များက ပထမဆုံးအသုတ်အဖြစ် ပြုလုပ်ထားသောကြောင့် အနည်းငယ် လက်ရာ ကြမ်းတမ်းနေသည်။ အခြေခံအားဖြင့် ယမ်းမှုန့်များ ထည့်ထားသော သံလုံးတစ်လုံးဖြစ်သည်။ ဗုံးတစ်လုံးကဲ့သို့ ဖြစ်သည်။
အမြောက်ပြောင်းများလည်း မရှိသေးပေ။ ပစ်လွှတ်ရန်အတွက် ကျောက်မောင်းလက်နက်ကို အသုံးပြုရမည် ဖြစ်သည်။
အမြောက်ပြောင်းများ ပြုလုပ်ရန်အတွက် နောက်ထပ် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ လိုအပ်သေးသည်။ ဒါမျိုးက အလျင်စလို လုပ်၍မရပေ။ လုချန်း ထိုအချက်ကို ကောင်းကောင်းသိသည်။
ထို့နောက် လုချန်းက ပြောလိုက်သည်
“နှစ်ခုကို မြက်ခင်းပြင်ဘက် ယူသွားပါ။ ကျွန်တော်ကိုယ်တိုင် သက်ရောက်မှုကို စမ်းသပ်ချင်တယ်။”
ထျန်းကောင်းမြို့သည် ယခုအခါတွင် ခံတပ်မြို့တစ်ခုသာ ဖြစ်နေသဖြင့် ပြည်သူများ မရှိတော့ပေ။ မြို့တစ်ခုလုံးတွင် စစ်သည်များသာ တပ်စွဲထားသည်။ ထျန်းကောင်းမြို့၏ အပြင်ဘက်တွင် ကျယ်ပြန့်သော မြက်ခင်းပြင်များ ရှိသည်။ ထို့ကြောင့် ထိုယမ်းလက်နက်များကို စမ်းသပ်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။
လုချန်း၏ အမိန့်ကို ကြားလိုက်ရသောအခါ အထူးကိုယ်ရံတော်အချို့က ချက်ချင်း ဗုံးနစ်လုံးကို သစ်သားလှည်းပေါ်သို့ တင်ပြီး မြက်ခင်းပြင်သို့ ဆွဲယူသွားကြသည်။
ထိုဝိုင်းဝန်းသော သံလုံးများကို မြင်လိုက်ရသောအခါ ရှောင်ပင်တိန်သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ ဤသံလုံး များသည် ဝန်နင်းတောင်ကြားတွင် လွင်ပြင်ဒေသ မျိုးနွယ်စု၏ စစ်သည်သုံးသိန်းကို ရှုံးနိမ့်စေခဲ့တဲ့ အရာများလား။
ဒါက သံလုံးတစ်လုံးပဲ မဟုတ်ဘူးလား။
ထိုသံလုံးထဲတွင် ထိပ်သီးပညာရှင်၏ စွမ်းအားမျိုး ပါရှိသလား။
......
အခန်း (၁၉၇)
မိုးကြိုးလက်နက်
အထူးကိုယ်ရံတော်တစ်ယောက်ကသည် ဗုံးတစ်လုံးကို မြင်းခင်းလွင်ပြင်ပေါ်သို့ သယ်ဆောင်လာပြီး နွားနှင့်သိုးများကို ခေါ်ဆောင်လာကာ သံချပ်ကာများဖြင့် ပတ်ပေးလိုက်သည်။ စမ်းသပ်မှုအတွက် အသုံးပြုရန်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက သေတ္တာထဲမှ နှစ်ကိီလို သုံးကီလိုဂရမ်ခန့်လေးသော ဗုံးတစ်လုံးကို ထုတ်ယူပြီး ထိပ်မှ မီးစာကို တစ်ချက်ကြည့်လိုက်သည်။
လက်ရှိဗုံးများတွင် စနက်တံ မပါဝင်ပါ။ လက်ဖြင့် မီးရှို့ရန် လိုအပ်သည်။ ထိုဗုံးများသည် စိုထိုင်းမှုကို အလွယ်တကူ ခံရနိုင်ပြီး စိုစွတ်သွားပါက အသုံးမပြု၍ မနိုင်တော့ပါ။
သို့သော် ထိုဗုံးများသည် ပထမဆုံးအသုတ်ဖြစ်ပြီး လောလောဆယ်တော့ ဒီအတိုင်းသာ အသုံးပြုရမည်ဖြစ်သည်။ နောင်တွင် စနက်တံပါသော ဗုံးများကို ထုတ်လုပ်နိုင်မည်ဟု သူယုံကြည်သည်။
ထိုအချိန်တွင် ဝူယွမ်က သတိပေးလိုက်သည်။
“မင်းသား။ လက်မှုပညာရှင်တွေက ဒါဟာ ယမ်းမှုန့်နဲ့ ပြုလုပ်ထားတဲ့ အရိုးရှင်းဆုံး ဗုံးအမျိုးအစားလို့ ပြောပါတယ်။ စွမ်းအားက တော့ မင်းသားမျှော်လင့်ထားတာနဲ့ မကိုက်ညီနိုင်ပါဘူး။”
...
စနစ်က လုချန်းကို ပေးထားသော ပုံစံက တစ်ခုတည်းမဟုတ်ပါ။ ပုံစံမျိုးစုံ ပါဝင်သည်။ ယမ်းမှုန့်အမျိုးအစားလည်း ဆယ်မျိုးကျော် ရှိသည်။ ထိုယမ်းမှုန့်အမျိုးအစားများထဲတွင် လက်ရှိအခြေအနေတွင် ထုတ်လို့မရနိုင်သည့် အမျိုးအစားများလည်း ပါဝင်သည်။
ယူမြို့တော်မှ လက်မှုပညာရှင်များသည် ရှနိုင်ငံတော်မှ လက်မှုပညာရှင်များထက် ပိုပြီး တီထွင်ကြံဆနိုင်သော်လည်း ခေတ်သစ်ဓာတုဗေဒ အသိပညာ ကင်းမဲ့နေဆဲဖြစ်သည်။ သူတို့နားမလည်နိုင်သော အရာများလည်း ပါဝင်နေသည်။ ပုံစံများ လက်ထဲရှိနေသော်လည်း သူတို့ ချက်ချင်းနားလည်နိုင်မည်တော့ မဟုတ်ပါ။
ဝူယွမ်က အရိုးရှင်းဆုံး လက်နက်ဟု ပြောလိုက်သဖြင့် ထိုဗုံးများထဲတွင် အနက်ရောင်ယမ်းမှုန့်များ ထည့်ထားမည်ဟု လုချန်း ချက်ချင်းခန့်မှန်းမိလိုက်သည်။ အနက်ရောင်ယမ်းမှုန့်ဖြစ်နေလျှင်လည်း ပြဿနာ မရှိပါ။ ထိုယမ်းမှုန့်သည် အသုံးမပြုနိုင်သည့် ယမ်းမှုန့်မျိုး မဟုတ်ပါ။
လုချန်းက ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ဒီအတိုင်းပဲ သုံးတာ ပေါ့။”
ထိုအချိန်တွင် ဝူယွမ်က ချက်ချင်းပင် မီးစာသစ်သားဘူးတစ်ဘူးကို ထုတ်ယူပြီး လုချန်းထံ ပေးလိုက်သည်။ လုချန်းက မတွန့်ဆုတ်ပဲ ဗုံး၏ မီးစာကို ချက်ချင်းမီးရှို့ပြီး ဗုံးကို စမ်းသပ်မည့် နေရာသို့ ပစ်လိုက်သည်။
ဗုံးတွင် မီးစာပါသောကြောင့် ချက်ချင်းမပေါက်ကွဲဘဲ ခဏကြာမှ “ဗုံး” ဟူသော အသံကြီးဖြင့် ပေါက်ကွဲသွားသည်။
ထိုအသံကြီးကို ကြားလိုက်ရပြီး ခပ်ဝေးဝေးနေရာမှ သွေးများဖြင့် စိုရွှဲနေသော နွားနှင့်သိုးများကို မြင်လိုက်ရသောအခါ ရှောင်ပင်တိန်အလွန်တုန်လှုပ်သွားခဲ့သည်။ ဝန်နင်းတောင်ကြားတွင် လွင်ပြင်ဒေသ မျိုးနွယ်စုစစ်သည်များ၏ ခြေလက်များ ဗုံးဒဏ်ကြောင့် ကြေမွနေခဲ့သည့် မြင်ကွင်းကို ရုတ်တရက် သူသတိရလိုက်သည်။
ပေါက်ကွဲပြီးနောက် အဖြူရောင် မီးခိုးများ အများအပြား ထွက်လာသည်။ ဤမျှလောက် မီးခိုးဖြူများ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ဗုံး၏စွမ်းအား သိပ်မကောင်းကြောင်း လုချန်းသိလိုက်သည်။
သူချက်ချင်း သွားရောက်စစ်ဆေးလိုက်သည်။ လူအားလုံးလည်း လိုက်လာကြသည်။
နွားနှင့်သိုးတို့၏ အလောင်းများနားသို့ ရောက်ရှိသောအခါ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် သတ္တုစများက သံချပ်ကာကို တိုက်ရိုက်ဖောက်ထွင်းသွားကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် မြေပြင်ပေါ်တွင် ကြီးမားသော ကျင်းတစ်ခုမှ မရှိပေ။ ထိုမျှအလေးချိန်ရှိသော ဗုံးတစ်လုံး အနေဖြင့်ကျင်းကြီးတစ်ခုကို ကျန်ရစ်စေနိုင်သည်။ သူအခု အသုံးပြုသော သုံးကီလိုဂရမ် ဗုံးသည် မြေကြီးပေါ်တွင် သေးငယ်သော ကျင်းငယ်တစ်ခုကိုသာ ဖြစ်စေခဲ့ပြီး ပေါက်ကွဲမှု ဧရိယာကလည်း သိပ်မကြီးပါ။
တကယ်တော့ သူတို့သည် ထိုလက်နက်ကို ကျင်းများဖန်တီးရန် အသုံးပြုခြင်းတော့ မဟုတ်ပါ။ ပေါက်ကွဲပြီးနောက် အတွင်းရှိ သတ္တုစများက ရန်သူများကို ထိရောက်စွာ သတ်နိုင်ပါက ပြဿနာမရှိပေ။
ပေါက်ကွဲမှုကြောက့် ဖြစ်ပေါ်လာသည့် မြေကျင်းအရွယ်အစားနှင့် ပတ်သက်၍ စိတ်ပူစရာမလိုပေ။
“ကောင်းပြီ။ စွမ်းအားက ကောင်းပါတယ်။ မြောက်ပိုင်းဖရီဘုရင်ရဲ့တပ်တွေ ရောက်လာတဲ့အခါ ဒီပထမအသုတ် ဗုံးတွေရဲ့ စွမ်းအားကို စနစ်တကျ စမ်းသပ်ကြည့်ရမယ်” ထိုအရာကို တွေးမိသည်နှင့် လုချန်းကပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရပြီး ရှောင်ပင်တိန်လည်း မြောက်ပိုင်းဖရီဘုရင်ကို အနည်းငယ် သနားသွားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားကို ဘာကြောင့် စိန်ခေါ်ရတာလဲ။ ဒါက သေခြင်းကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင်ဖြစ်သည်။
မကြာသေးမီက သူတို့၏ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု မြောက်ပိုင်းမြို့တော်တွင် ရှုံးနိမ့်ခဲ့မှုကို မြောက်ပိုင်းဖရီဘုရင်က သင်ခန်းစာယူခြင်း မရှိပဲ ဆောင်းရာသီတွင် တောင်ဘက်သို့ ချီတက်ပြီး မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် ကြိုးစားနေသည်။
ထိုအချိန်တွင် ရှောင်ပင်တိန်သည် မြောက်ပိုင်းဖရီဘုရင်၏ မလွဲမသွေ ဖြစ်လာမည့် နိဂုံးကို မြင်ယောင်မိသလို ခံစားရသည်။
သူ အတော်အတန် စိတ်လှုပ်ရှားသွားမိသည်။ လွင်ပြင်ဒေသ၏ မျိုးနွယ်စုကြီး နောက်ထပ်တစ်စု ပျောက်ကွယ်တော့မည်ဟု ထင်ရပြီး နောက်ပိုင်းတွင် မြောက်ပိုင်းဒေသသည် မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲသို့ လုံးဝ ရောက်ရှိသွားမည် ဖြစ်သည်။
ထိုအချိန်တွင် အထူးကိုယ်ရံတော်တစ်ဦး လုချန်းရှေ့သို့ လာရောက်ပြီး သတင်းပို့ဆောင်ရာတွင် အသုံးပြုသော ဝါးပြွန်တစ်ခုကို လက်ထဲသို့ ပေးလိုက်သည်။
“မင်းသား။ နေပြည်တော်က ထောက်လှမ်းရေးသတင်းပါ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းသည် အထူးကိုယ်ရံတော်၏ လက်ထဲမှ ဝါးပြွန်ကို ချက်ချင်းယူလိုက်ပြီးထောက်လှမ်းရေးသတင်းကို ထုတ်ယူကာ သေချာစွာ ဖတ်ကြည့်လိုက်သည်။ နေပြည်တော်မှ ထောက်လှမ်းရေးသတင်းကို ဖတ်ပြီးနောက် လုချန်း ရယ်မောလိုက်၏။
သူ၏ တုံ့ပြန်မှု လျင်မြန်ခဲ့ကြောင်း သိလိုက်ပြီး စိတ်သက်သာရာလည်း ရသွားခဲ့သည်။ အာဏာရှိမိသားစုများက သူ့ကို ရှေ့တန်းသို့ စေလွှတ်ကာ ဝူနိုင်ငံတော်နှင့် စစ်တိုက်စေပြီး မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်အားလုံးကို ဖျက်သိမ်းရန် ရည်ရွယ်ထားကြောင်း သိလိုက်ရသည်။
မြောက်ပိုင်းဖရီဘုရင် တောင်ဘက်မှ ချီတက်လာခြင်း မရှိပါက သူတကယ်ပင် ဆင်ခြေရှာရန် ခက်ခဲခဲ့လိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် ထောက်လှမ်းရေးသတင်း လာပို့သော အထူးကိုယ်ရံတော်က ပြောလိုက်သည်။
“မင်းသား။ နန်းတွင်းက စေလွှတ်လိုက်တဲ့ နန်းတွင်းတပ် နှစ်သောင်းဟာ မြောက်ပိုင်းမြို့တော်ကို ရောက်ရှိလာပါပြီ။ ခန့်မှန်းခြေအားဖြင့် ထျန်းကောင်းမြို့ကို ဆယ်ရက်အတွင်း ရောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။”
လုချန်းက အံ့သြစွာဖြင့်
“ဒီလောက်မြန်သလား။”
“ကျွန်တော်က သူတို့နဲ့အတူ နေပြည်တော်ကနေ ထွက်လာခဲ့တာ။ သူတို့က ထောက်ပံ့ရေးပစ္စည်းအချို့ကိုပါ သယ်ဆောင်လာပါတယ်။ ဒီစစ်သည်နှစ်သောင်းလုံးက မြင်းတပ်သားတွေပါ” ဟု ဖြေလိုက်သည်။
ထိုစကား ကြားလိုက်ရပြီး လုချန်း တိတ်ဆိတ်သွားခဲ့သည်။ နန်းတွင်းသည် မြောက်ပိုင်းမြို့တော်ကို မြောက်ပိုင်းဖရီဘုရင်၏ တိုက်ခိုက်မှုမှ ခုခံရန် တပ်များစေလွှတ်ပေးခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ သူ့တွင် သံချပ်ကာမြင်းတပ် ငါးသောင်း ရှိနေသောကြောင့် သူတို့က တပ်များစေလွှတ်ရန် မလိုလားခြင်းမှာလည်း သဘာဝကျသည်။
သို့သော် နန်းတွင်းမှ ပစ္စည်းအချို့ ပေးပို့လာခြင်းကတော့ အနည်းငယ် အကူအညီဖြစ်စေသည်။ မြောက်ပိုင်းမြို့တော်သည် ဆင်းရဲပြီး အရာအားလုံး ချို့တဲ့နေသည်။ ခြင်တစ်ကောင်စာလောက် အသားသည်လည်း အသားပင် ဖြစ်သည်။
ထိုအချိန်တွင် နံဘေးမှ ရှောင်ပင်တိန်က သတိပေးလိုက်သည်။
“မင်းသား။ အကယ်၍ ကျွန်တော်တို့က နန်းတွင်းတပ်ကို ထျန်းကောင်းမြို့ လာခွင့်ပေးလိုက်ရင် ဒီလက်နက်တွေအကြောင်း သိမသွားနိုင်ဘူးလား။”
ရှောင်ပင်တိန် နားလည်သလောက် ရှနိုင်ငံတော်တစ်ခုလုံးတွင် မြောက်ပိုင်းနယ်စားမင်းသား တစ်ဦးတည်းသာ ထိုကဲ့သို့သော အဖျက်စွမ်းအား ကြီးမားသည့် လူသတ်လက်နက်များ ပိုင်ဆိုင်ထားသည်ဟု ထင်ရသည်။ မြောက်ပိုင်းနယ်စားမင်းသားဆီမှာလည်း သူ၏ကိုယ်ပိုင် အကြံအစည်များ ရှိနေသည်။ သူက ထိုလက်နက်များကို ရှနိုင်ငံတော် နန်းတွင်းသို့ လွှဲအပ်လိမ့်မည် မဟုတ်ပေ။
ရှောင်ပင်တိန်၏ သတိပေးချက်ကို ကြားလိုက်ရပြီးနောက် လုချန်း ခဏခန့် တွေးတောလိုက်သည်။
နန်းတွင်း စစ်တပ်သည် တကယ်ပင် ပြဿနာတစ်ခု ဖြစ်သည်။
မြောက်ပိုင်းဖရီဘုရင်၏ တပ်များ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိရန် အနည်းဆုံး တစ်လခန့် ကြာမြင့်မည်ဖြစ်သည်။ ထို့ပြင် လမ်းတွင် နှင်းမုန်တိုင်းများ ကဲ့သို့သော အန္တရာယ်များ ကြုံတွေ့ရပါက မြောက်ပိုင်းဖရီဘုရင်၏ တပ်များသည် မြောက်ပိုင်းမြို့တော်သို့ ပို၍ နောက်ကျမှ ရောက်ရှိလာနိုင်သည်။ အကယ်၍ နန်းတွင်းတပ်သည် စစ်မဖြစ်မီ ထျန်းကောင်းမြို့သို့ ရောက်ရှိလာပါ မြောက်ပိုင်းဖရီဘုရင်၏ တပ်များကို ထိုဗုံးများဖြင့် တိုက်ခိုက်သည့်အခါ မြောက်ပိုင်းမြို့တော်၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်မိသွားမည် မဟုတ်ပါလား။
ဝူနိုင်ငံနှင့် စစ်ဖြစ်နိုင်ခြေကြောင့် နန်းတွင်းက မြောက်ပိုင်းမြို့တော်ကို စစ်တပ်များ စေလွှတ်ပေးရန် ငြင်းဆန်မည်ဟု အစက လုချန်းသည် ထင်ခဲ့၏။ နန်းတွင်းက သဘောအဖြစ် မြင်းတပ်နှစ်သောင်းကို စေလွှတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အနည်းငယ် တွေးလိုက်ပြီးနောက် လုချန်းက သတင်းလာပို့သော အထူးကိုယ်ရံတော်ကို ပြောလိုက်သည်။
“ချက်ချင်း ရန်ခရိုင်ကို သွားပြီး ချင်ယူရှန်နှင့် လိယုရီတို့ကို နန်းတွင်းက မြင်းတပ်နှစ်သောင်းကို အဲ့ဒီမှာပဲ ထိန်းထားဖို့ နည်းလမ်းရှာခိုင်းလိုက်ပါ။ သူတို့ကို ဒုတိယခံစစ်မျဉ်းအဖြစ် ထားခိုင်းလိုက်ပါ။ သူတို့ ထျန်းကောင်းမြို့ကို လာဖို့ မလိုဘူး။”
နန်းတွင်းမှ ဒီတကြိမ်စေလွှတ်သူမှာလည်း ဝန်ကြီးချုပ်၏သား လင်ရှုမင် ဖြစ်သည်။ လင်ရှုမင်သည် ယခင်က မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိခဲ့ဖူးပြီး နန်းတွင်းမှ စစ်သည်ခုနစ်သောင်းကို မလိုအပ်ပဲ လှုပ်ရှားသွားလာခြင်းမှ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသားနှင့် ထိပ်တိုက်တွေ့ခြင်းကို လင်ရှုမင် မလိုလားကြောင်း ထင်ရှားသည်။ ရန်ခရိုင်တွင် နေထိုင်ရန် သူ၏အမိန့်ကို ကြားသောအခါ သူ၏ရည်ရွယ်ချက်ကို လင်ရှုမင် နားလည်သွားမည်ဟု လုချန်းယုံကြည်၏။ သူနှင့် ထိပ်တိုက်မတွေ့လိုသောကြောင့် လင်ရှုမင်သည် ရန်ခရိုင်တွင်ပင် နေထိုင်လိမ့်မည် ဖြစ်သည်။
မြောက်ပိုင်းဖရီဘုရင်နှင့် စစ်ပွဲအတွက် နန်းတွင်း၏ မြင်းတပ်နှစ်သောင်းကို မလိုအပ်ပေ။ လုချန်း၏စကားကို ကြားသောအခါ သတင်းပို့သူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့ မင်းသား။”
“ကောင်းပြီ။ အခု ချက်ချင်းပဲ ရန်ခရိုင်ကို ပြန်သွားပါ။”
“ကျွန်တော့်ကို ခွင့်ပြုပါ။”
ထိုသို့ပြောပြီးနောက် အထူကိုယ်ရံတော်လည်း လှည့်၍ မြန်မြန်ထွက်ခွာသွားသည်။
လုချန်းလည်း လှည့်ထွက်တော့မည့်အချိန်တွင် ဝူယွမ်က ပြောလိုက်သည်။
“မင်းသား။ ဒီလက်နက်တွေမှာ နာမည် မရှိသေးပါဘူး။ မင်းသား နာမည်ပေးပေးပါလား။”
ဝူယွမ်၏ အကြံပြုချက်ကို ကြားပြီးနောက် လုချန်းက ခဏတာမျှ တွေးတောလိုက်ကာ
“ကျွန်တော်တို့ရဲ့ ရန်သူတွေက ကောင်းကင်ကနေ မိုးကြိုးပစ်တာလို့ မကြာခဏ အထင်မှားကြတယ်။ ဒါ့ကြောင့် အခုကစပြီး ဒီဗုံးတွေအားလုံးကို မိုးကြိုးလက်နက်လို့ အမည်ပေးမယ်။”
“ဒိီနေ့ စမ်းသပ်မှုကတော့ ဒီလောက်ပါပဲ။ ဒီမိုးကြိုးလက်နက်တွေကို လက်နက်သိုလှောင်ရုံထဲ ယူသွားပါ။ စိုထိုင်းမှု မခံရအောင်လည်း သေချာဂရုစိုက်ပါ။”
ထိုဗုံးများ၏ စွမ်းအားကို လုချန်း အလွန်ကျေနပ်နေသည်။ နောက်ထပ်စမ်းသပ်မှုများ မလိုအပ်တော့ဟု သူခံစားရသည်။ အခု ကောင်းကင်ဝံပုလွေဘုရင် ရောက်ရှိလာရန်သာ စောင့်ဖို့လိုတော့သည်။ သူပြင်ဆင်ထားသော အရာများကို ကောင်းကင်ဝံပုလွေဘုရင် မျက်ရည်ကျလောက်အောင် အံ့ဩသွားမည်မှာ သေချာသည်။
......
အခန်း (၁၉၈)
ကျုပ်တို့မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမိန့်ကို နာခံရမှာပေါ့
လင်ရှုမင်သည် မြင်းတပ်နှစ်သောင်းကို ဦးဆောင်ကာ တစ်လအတွင်း ရန်ခရိုင်သို့ ရောက်ရှိလာခဲ့သည်။ ယခင်ကဲ့သို့မဟုတ်ဘဲ သူတို့၏ချီတက်နှုန်းက သိသိသာသာ ပိုမိုမြန်ဆန်လာခဲ့သည်။
ရန်ခရိုင်၏ တောင်ဘက် မြို့တံခါးဝသို့ ရောက်သောအခါ လင်ရှုမင်ထံ၌ စိတ်ခံစားမှုမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။ ယခင်က သူတို့သည် ရန်ခရိုင်သို့ အလျင်အမြန်ချီတက်ခဲ့ပြီး ရှုံးနိမ့်မှုအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။
သို့သော် မြို့တွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မြောက်ပိုင်းနယ်စားမင်းသားသည် လွင်ပြင်ဒေသခံ စစ်သည်သုံးသိန်းကို အနိုင်ယူလိုက်ပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူခေါ်ဆောင်လာသော စစ်သည်ခုနစ်သောင်းလည်း ရုပ်အလောင်း သယ်ဆောင်သူများသာ ဖြစ်ခဲ့သည်။
ရန်ခရိုင်၏ တောင်ဘက်မြို့တံခါးဝ ဖွင့်ထားပုံနှင့် လမ်းပေါ်တွင် လူများ အသွားအလာများနေပုံကို ကြည့်ရင်း လင်ရှုမင်၏ ဘေးနားရှိ စစ်သည်တစ်ဦးက
“ဗိုလ်ချုပ်။ မြောက်ပိုင်းမြို့တော်မှာ စစ်ပွဲတစ်ခုမှ မဖြစ်နေသလို ခံစားရပါတယ်” ဟု ပြောလိုက်သည်။
စစ်သည်၏စကားကို ကြားလိုက်ရပြီး လင်ရှုမင် တိတ်ဆိတ်သွားသည်။
...
ယခင်က သူတို့ ရန်ခရိုင်သို့ ရောက်ရှိခဲ့သည့်အခါက မြို့တံခါးများကို ခိုင်ခံ့စွာပိတ်ထားပြီး လမ်းပေါ်တွင်လည်း လူများကို မမြင်ရသလောက်ဖြစ်သည်။ အခုတော့ ရန်ခရိုင်က ဘာကြောင့် ဒီလောက်အေးဆေးနေရတာလဲ။ စစ်ပွဲ၏ ကြီးမားသော ဖိအားများ မတွေ့ရှိရပေ။
သူတို့သည် နောက်ကျပြန်ပြီး စစ်ပွဲက ပြီးဆုံးသွားပြီလား။ သူ၏စစ်သည်နှစ်သောင်းက ရုပ်အလောင်းများ သယ်ဆောင်ရန် တပ်ဖွဲ့ဖြစ်သွားပြန်ပြီလား။
ထိုအချိန်တွင် အနီအနက်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်နှင့် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်တို့ မြို့တံခါးဝတွင် ပေါ်ထွက်လာသည်။
ထိုအချိန်တွင် အနီအနက်ဝတ်စုံဝတ်ဆင်ထားသော လူက
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမိန့်အရ ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ကို ရန်ခရိုင်မှာ စောင့်မျှော်နေတာပါ” ဟု ပြောလိုက်သည်။
ထိုလူ၏စကားကို ကြားလိုက်ရပြီးနောက် လင်ရှုမင်လည်း ချက်ချင်းမြင်းပေါ်မှ ဆင်းလိုက်ပြီး ချင်ယူရှန်နှင့် လိယုရီတို့ နှစ်ဦးနားသို့ သွားလိုက်သည်။ ယခင်က လင်ရှုမင် ရန်ခရိုင် လာရောက်စဉ်က သူတို့နှစ်ဦးကို တွေ့ဆုံခဲ့ဖူးသည်။
ချင်ယူရှန်သည် မြောက်ပိုင်းနယ်စားမင်းသားအတွက် စာပို့သူအဖြစ် မကြာခဏလုပ်ဆောင်လေ့ရှိသဖြင့် လင်ရှုမင်သည် သူ့ကို အနည်းငယ်ရင်းနှီးပြီးဖြစ်သည်။ ချင်ယူရှန်သည် မြောက်ပိုင်းနယ်စားမင်းသား၏ ဘေးမှ အလွန်အရေးပါသော ထိပ်သီးပညာရှင်တစ်ဦးဖြစ်ကြောင်းလည်း လင်ရှုမင် သိရှိထားသည်။
လင်ရှုမင်က ယဉ်ကျေးစွာ ပြောလိုက်သည်။
“လိလူကြီးမင်း။ ထိပ်သီးပညာရှင် ချင်။ မြောက်ပိုင်းဖရီဘုရင်က စစ်သည်နှစ်သိန်းနဲ့ တောင်ဘက် ချီတက်လာနေတာ မဟုတ်လား။ ဘာလို့ မြောက်ပိုင်းမြို့တော်တစ်ခုလုံးက အေးဆေးနေရတာလဲ။ ဘာမှ ဖြစ်မနေသလို ခံစားရတယ်”
လိယုရီက
“ဗိုလ်ချုပ်လင်။ မြောက်ပိုင်းဖရီဘုရင်က တကယ်ပဲ စစ်သည်နှစ်သိန်းကို ဦးဆောင်ပြီး တောင်ဘက်ကို ချီတက်ဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ မင်းသားက စစ်မြေပြင်ကို ထျန်းကောင်းမြို့မှာ သတ်မှတ်လိုက်တာကြောင့် ရန်ခရိုင် အေးချမ်းနေရတာပါ” ဟု ပြုံးရင်း ပြောလိုက်သည်။
လင်ရှုမင်ကပြောလိုက်သည်။
“ဒီလိုကိုး။ ကျွန်တော်က စစ်ပွဲပြီးသွားပြီလို့ ထင်နေတာ။”
“ပြီးတော့ ကျွန်တော်က နန်းတွင်းရဲ့အမိန့်နဲ့ ရိက္ခာအချို့ရယ် အအေးဒဏ်အတွက် အ ထောက်အပံ့ပစ္စည်းတွေရယ် ယူလာပါတယ်။ ဒါက ပစ္စည်းစာရင်းပါ။ စစ်ဆေးပေးပါ။”
“ပစ္စည်းတွေကို စစ်ဆေးပြီး ပြဿနာမရှိရင် ကျွန်တော့်နောက်က မြင်းတပ်နှစ်သောင်းကို ခေါ်ပြီး ထျန်းကောင်းမြို့ကို တိုက်ရိုက်သွားမယ်။ မြောက်ပိုင်းဖရီဘုရင်ရဲ့ တပ်တွေကို ခုခံဖို့ မင်းသားကို ကူညီမယ်”
လင်ရှုမင်၏စကားကို ကြားလိုက်ရသည်နှင့် လီယုရီက ဘေးနားရှိ ချင်ယူရှန်ကို ကြည့်လိုက်သည်။ ချင်ယူရှန် စကားပြောမှာကို သူစောင့်နေသည်မှာ သိသာထင်ရှားသည်။
ချင်ယူရှန်က
“ဗိုလ်ချုပ်လင်။ မင်းသားက နန်းတွင်းစစ်သည်နှစ်သောင်းကို ရန်ခရိုင်မှာ နေရမယ်လို့ မှာထားပါတယ်။ ရန်ခရိုင်ဟာ လွင်ပြင်ဒေသက ကျူးကျော်သူတွေကိ ခုခံဖို့ ဒုတိယခံစစ်ကြောင်းဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ သတ္တိ၊ အင်အား၊ နည်းဗျူဟာ၊ ပြီးတော့…”
ချင်ယူရှန်၏ စကားမဆုံးမီ လင်ရှုမင်က
“ရပါပြီ။ ရပါပြီ ထိပ်သီးပညာရှင် ချင်။ မင်းသားရဲ့ဆန္ဒကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့် နောက်က မြင်းတပ်နှစ်သောင်းကို ဦးဆောင်ပြီး အရင်တုန်းက ရန်ခရိုင်မှာ နေခဲ့စဉ်က အသုံးပြုခဲ့တဲ့ တပ်စခန်းကို သွားပါမယ်” ဟု ချက်ချင်းပြောလိုက်သည်။
လင်ရှုမင်၏ နားလည်မှုကို မြင်လိုက်ရသည်နှင့် ချင်ယူရှန် နောက်ထပ်စကားများ မပြောတော့ပေ။ ထိုအချိန်တွင် လိယုရီကပြုံးရင်း ပြောလိုက်သည်။
“ဗိုလ်ချုပ်လင် ဘာပဲလိုအပ်လိုအပ် ကျွန်တော့်ကို ပြောပါ။ ကျွန်တော် ကြိုးစားပြီး ဖြည့်ဆည်းပေးပါမယ်”
လင်ရှုမင်က
“ဒါဆိုရင်လည်း လိလူကြီးမင်းကို ဒုက္ခပေးရတော့မယ်။”
ထို့နောက် စကားများများမပြောပဲ လင်ရှုမင်သည် သူ၏စစ်တပ်ကို ယခင်က ရန်ခရိုင်တွင် နေခဲ့သည့် စစ်စခန်းသို့ ပြန်လည်ခေါ်ဆောင်သွားသည်။ ယခင်က စစ်စခန်းချခဲ့သည့် နေရာများကို မြင်လိုက်ရပြီး လင်ရှုမင် စိတ်လှုပ်ရှားသွားသည်။
သူသိသည်။ မြောက်ပိုင်းမြို့တော် ရောက်ရှိပြီး သူလုပ်စရာဘာမှ ရှိတော့မည် မဟုတ်ပါ။ နန်းတွင်းက သူ့ကို ဝူနိုင်ငံတော်နှင့် တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်မှာ ပိုကောင်းမည်။ မြောက်ပိုင်းမြို့တော်တွင် စစ်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်မှုများ သူမရနိုင်ပေ။ နေ့စဉ် စစ်စခန်းတွင်သာ နေထိုင်ရမည်ဖြစ်သည်။
ထိုအချိန်တွင် လင်ရှုမင်၏ လူယုံတစ်ဦးက အသံနိမ့်ဖြင့် မေးလိုက်သည်။
“ဗိုလ်ချုပ် ကျွန်တော်တို့ ဒီမှာပဲ တကယ် နေရမှာလား။ နန်းတွင်းက ကျွန်တော်တို့ကို မြောက်ပိုင်းနယ်စားမင်းသားကို ကူညီ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်။ နန်းတွင်းက ကျွန်တော်တို့ ရန်ခရိုင်မှာနေပြီး လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သားတစ်ယောက်တောင် မမြင်ခဲ့ရတာ သိသွားရင် ဝန်ကြီးအချို့က ဗိုလ်ချုပ်ကို ကဲ့ရဲ့ကြမှာ စိုးရိမ်မိပါတယ်။”
ထိုစကားကို ကြားလိုက်ရပြီးနောက် လင်ရှုမင်က ရယ်မောရင်း
“နန်းတွင်းက ကျုပ်တို့ကို မြောက်ပိုင်းနယ်စားမင်းသားကို ကူညီပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ခုခံဖို့ အမိန့်ပေးခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ စစ်ရေးအမိန့်မှာ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမိန့်ကို လိုက်နာရမယ်လို့ ဖော်ပြထားတယ်။ မြောက်ပိုင်းနယ်စားမင်းသားက ကျုပ်တို့ကို ရန်ခရိုင်မှာနေဖို့ အမိန့်ပေးရင် ကျုပ်တို့က သူ့အမိန့်ကို လိုက်နာရမှာပဲ။”
ထိုစကားကို ကြားလိုက်ရပြီး လင်ရှုမင်၏ လူယုံ စစ်သားလည်း စဉ်းစားကြည့်ပြီး ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သို့သော် စစ်စခန်းတွင် အမြဲတမ်းပိတ်မိနေခြင်းက သူတို့အတွက် သည်းမခံနိုင်စရာဖြစ်သည်။ နန်းတွင်းက လင်ရှုမင်အား ယခုအကြိမ် စေလွှတ်ခဲ့သော စစ်သားနှစ်သောင်းသည် ယခင်က စစ်သားခုနှစ်သောင်းအုပ်စုထဲမှ မြင်းတပ်ဖြစ်သည်။ သူတို့သည် ပထမ တစ်ခေါက်ကလည်း မြောက်ပိုင်းမြို့တော်တွင် ကြာမြင့်စွာနေထိုင်ခဲ့ရပြီး နေ့စဉ် စစ်စခန်းတွင်သာ အချိန်ကုန်ခဲ့ကြသည်။
မြောက်ပိုင်းနယ်စားမင်းသားနှင့် ပဋိပက္ခဖြစ်ခြင်းမှ ရှောင်ရှားရန်အတွက် သူတို့အား လွတ်လပ်စွာ လှည့်လည်သွားလာခွင့် မပေးခဲ့ပေ။ စစ်သားများသည် တိုက်ပွဲတွင်ပင် ဤကဲ့သို့သော ပျင်းရိမှုကို မခံစားရဖူးပေ။ သူတို့သည် စစ်စခန်းတွင် အကျဉ်းချခံထားရသည်ဟု ခံစားရသည်။
ယခင်က ကြာမြင့်စွာ အကျဉ်းချခံပြီးနောက် သူတို့သည် နေပြည်တော်သို့ ခဏသာ ပြန်သွားခဲ့ရပြီး အခုလည်း စစ်စခန်းတွင် ပြန်လည်အကျဉ်းချခံရပြန်ပြီဖြစ်သည်။ အမှန်တော့ ဒါမျိုးက စစ်သားများ၏ စိတ်ထဲတွင် လက်ခံရန် ခက်ခဲသည်။ သူတို့သည် စစ်မြေပြင်သို့ သွားပြီး ရန်သူများကို သတ်ကာ ဂုဏ်ဆောင်ရန် ပိုမိုနှစ်သက်ကြသည်။
လူအများစုသည် စစ်ပွဲကို မနှစ်သက်သော်လည်း လူတိုင်းကတော့ သေခြင်းကို မကြောက်ရွံ့ကြပေ။ လင်ရှုမင် ခေါ်လာသော စစ်သားနှစ်သောင်းသည် ရှားနိုင်ငံတော်၏ ထိပ်တန်းစစ်သည်များဖြစ်သည်။
သူတို့သည် စစ်သည်ဟောင်းများဖြစ်ပြီး ချန်နိုင်ငံတော်ကို သိမ်းပိုက်ခဲ့သည့် စစ်ပွဲတွင် ပါဝင်ခဲ့သူများလည်း ရှိသည်။ ထိုသို့သော လူများကို စစ်စခန်းတွင် ပိတ်မိနေစေပြီး ဘာမှမလုပ်ပဲ နေစေခြင်းက သူတို့ကို ပို၍စိတ်ဆိုးစေမည်သာ ဖြစ်သည်။
ထိုအချိန်တွင် လင်ရှုမင်၏ လူယုံတစ်ဦးက မခံမရပ်နိုင်တော့ပဲ ပြောလိုက်သည်။ “ဗိုလ်ချုပ်။ ဗိုလ်ချုပ်က ကျွန်တော်တို့ကို စစ်စခန်းမှာပဲ နေခိုင်းတော့မှာလား။”
လင်ရှုမင်သည် စဉ်းစားကြည့်လိုက်သည်။ စစ်သားများကို အမြဲတမ်းပိတ်မိနေစေခြင်းက မကောင်းဟု သူခံစားရသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
“ရန်ခရိုင်မှာ နေထိုင်စဉ် ကာလအတွင်း လေ့ကျင့်ရေးပြီးရင် ရန်ခရိုင်ထဲ ဝင်ရောက်ပြီး အနားယူနိုင်တယ်။ ဒါပေမဲ့ ကျုပ် သတိပေးမယ်။ အကယ်၍ ဘယ်သူမဆို ရန်ခရိုင်မှာ ပြဿနာဖြစ်ခဲ့ရင် ကျုပ်က အဲ့ဒီလူကို အပြစ်ပေးဖို့ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ပို့ရလိမ့်မယ်။”
လင်ရှုမင်က သူတို့အား ရန်ခရိုင်တွင် အနားယူခွင့်ပြုသည်ကို သိလိုက်ရပြီးနောက် စစ်သားများလည်း ချက်ချင်းအသံမြှင့်ကာ ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ ဗိုလ်ချုပ်။”
သူတို့သည် စစ်မြေပြင်သို့ သွားပြီး ရန်သူများကို သတ်ကာ ဂုဏ်ဆောင်နိုင်ခြင်း မရှိသော်လည်း ရန်ခရိုင်သို့ ဝင်ရောက်ပြီးသောက်စားနိုင်ခြင်းက နေ့စဉ် စစ်စခန်းထဲမှာ ပိတ်မိနေခြင်းထက် ပိုကောင်းသည်။
စစ်သားများ အလွန်ပျော်ရွှင်သွားကြသည်။ နောက်ဆုံးတွင် အရင်တုန်းကလို နေ့စဉ် စစ်စခန်းထဲ ပိတ်မိနေတော့မည် မဟုတ်ပေ။
ထိုအတောအတွင်း ဝူနိုင်ငံတော်၊ လိကျန်းနန်းတော်တွင်။
ဆံပင်ဖြူနေသော်လည်း အသက်သုံးဆယ်မှ လေးဆယ်ကြားသာ ရှိပုံရသော လူလတ်ပိုင်းတစ်ဦးသည် ဝန်ကြီးများအားလုံးရှေ့တွင် ရပ်နေပြီး ဝူဧကရာဇ်ကို စကားပြောနေသည်။ ထိုအချိန်တွင် ခန်းမတစ်ခုလုံးတွင် သူ၏အသံတစ်ခုတည်းသာ မပြတ်တမ်း ပဲ့တင်ထပ်နေသည်။
“မင်းကြီး။ နှစ်နှစ်ဆယ်ကြာ ပြည်ပစစ်ပွဲများဟာ ပြည်သူများစွာကို အိမ်မှခွဲခွာရစေပြီးမိသားစုများကိုလည်း ကွဲကွာစေခဲ့ပါတယ်။ အခု ပြည်သူတွေကြားမှာ မကျေနပ်မှုတွေ များနေပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင်ဝူနိုင်ငံတော် ပြိုလဲသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။”
“အရင်က ဝူနိုင်ငံတော်ရဲ့ ပြည်ပစစ်ပွဲများဟာ နိုင်ငံငယ်များကိုသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရှနိုင်ငံတော်ဟာ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိတဲ့ အင်ပါယာတစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ပြည်တွင်းရေးမငြိမ်သက်မှုတွေ ရှိနေပေမဲ့ ရှနိုင်ငံတော်ရဲ့ စစ်အင်အားဟာ ဝူနိုင်တော်နဲ့ မကွာလှပါဘူး။ ကျားနာတစ်ကောင်ဖြစ်နေပေမဲ့ သူ့ရဲ့သွားတွေ ချွန်ထက်နေသရွေ့ ကျွန် တော်တို့က မဆွပေးသင့်ပါဘူး။”
“မင်းကြီးရဲ့ စစ်တိုက်လိုစိတ်ကို ထိန်းချုပ်ပြီးရှနိုင်ငံတော်ကို သံတမန်များ အမြန်စေလွှတ်ဖို့လျှောက်ထားပါတယ်။ ရှနိုင်ငံတော်နှင့် စာချုပ်ချုပ်ဆိုပြီး စစ်ပွဲကို အဆုံးသတ်ပါ။”
........