အခန်း ၁၉၉-၂၀၁
Vol. 14 Ch. 199-201
အခန်း (၁၉၉)
ဝူကျန်းဝမ်
ဝန်ကြီးချုပ် ချိုင်ကျိလျှံ၏ စကားများ ပြီးဆုံးသွားသောအခါ ဝူနိုင်ငံတော်၏ နန်းတွင်းသည် အလွန်တိတ်ဆိတ်သွားခဲ့သည်။ အရာရှိများ အားလုံးသည် ရှေ့တန်းတွင် ရပ်နေသော ချိုင်ကျိလျှံကို မယုံကြည်နိုင်သော မျက်နှာများဖြင့် ကြည့်နေကြသည်။ ချိုင်ကျိလျှံသည် စစ်ဘုရင်ကို စစ်အဆုံးသတ်ရန် အကြံပြုမည်ဟု ဘယ်သူမှ မမျှော်လင့်ခဲ့ပါ။
စစ်ဘုရင် နန်းတက်လာသည့်အချိန်မှစ၍ သူသည် အဆက်မပြတ် စစ်ပွဲများ ဆင်နွှဲနေခဲ့သည်။ ယခုအခါ ဝူနိုင်ငံတော်၏ နယ်မြေသည် သုံးဆတိုးလာခဲ့ပြီး ထိုအောင်မြင်မှုများအားလုံးသည် စစ်ဘုရင်၏ ကျေးဇူးကြောင့်ဖြစ်၏။ သူကလည်း ထိုအောင်မြင်မှုများကို အမြဲဂုဏ်ယူဝင့်ကြွားလေ့ရှိသည်။
သို့သော် တစ်စုံတစ်ဦးက ရဲရဲတင်းတင်း ထွက်ပေါ်လာပြီး စစ်ဘုရင်ကို စစ်ပွဲစတင်ခြင်း မပြုရန် အကြံပြုကာ ဝူနိုင်ငံတော် ပြိုလဲနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးလိုက်သည်။ ဤသည်မှာ သေချင်နေသောသူ၏ အပြုအမူနှင့် အတူတူပင် မဟုတ်ပါလား။
...
ချိုင်ကျိလျှံသည် ဝန်ကြီးချုပ်ဖြစ်သော်လည်း ဝူနိုင်ငံတော်တွင် ထိုရာထူးသည် လုံခြုံစိတ်ချရသောရာထူး မဟုတ်ပါ။ စစ်ဘုရင် နန်းတက်လာသည့်အချိန်မှစ၍ ဝန်ကြီးချုပ် ဘယ်နှစ်ယောက်ကို ဖြုတ်ချခဲ့သည်ကို ဘယ်သူမှ မသိပါ။ အချို့က စစ်ဘုရင်သည် ဝန်ကြီးချုပ်ရာထူးကို ဖျက်သိမ်းပြီး နောက်ထပ် ဝန်ကြီးချုပ်ခန့်အပ်ခြင်းကို ရပ်တန့်ရန် စီစဉ်နေသည်ဟု သံသယရှိကြသည်။
ချိုင်ကျိလျှံ၏ ခေါင်းသည် တကယ်ပင် သံဖြင့် ပြုလုပ်ထားသည်နှင့် တူသည်။ ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်ကြား စစ်ပွဲသည် စတင်ခါစဖြစ်၏။ ထိုအချိန်တွင် သူသည် ရဲရဲတင်းတင်း ထွက်ပေါ်လာကာ စစ်ဘုရင်ကို စစ်ပွဲရပ်ရန် အကြံပြုလိုက်သည်။
စစ်ဘုရင်က စစ်ပွဲရပ်မည့်ကိစ္စကို ဘယ်လိုလက်ခံနိုင်မှာလဲ။ ပဋိပက္ခသည် စတင်ခါစဖြစ်ပြီး ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်၏ ခရိုင်နှစ်ခုကို သိမ်းပိုက်လိုက်ပြီးဖြစ်သည်။
ရှနိုင်ငံတော်သည် ဝူနိုင်ငံတော်နှင့် မယှဉ်နိုင်ကြောင်း ထင်ရှားသည်။ နယ်မြေချဲ့ထွင်ခြင်းကို စွဲလမ်းနေသော ဘုရင်တစ်ပါးအတွက် ဤသည်မှာ မဟာအခွင့်အလမ်းတစ်ခုဖြစ်သည်။ သူသည် ဘယ်လိုလက်ရှောင်နိုင်မည်နည်း။
ထိုအချိန်တွင် ရွှေနဂါးပုံပါသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် စစ်ဘုရင်သည် သူ၏ ပလ္လင်ပေါ်မှနေ၍ ချိုင်ကျိလျှံကို အာရုံစိုက်ကြည့်လိုက်သည်။
ခန်းမအတွင်း စိတ်ခံစားမှု လေထုသည် အလွန်ဖိအားများနေပြီး ပလ္လင်အောက်ရှိ အရာရှိများ၏ ခန္ဓာကိုယ်များမှ ချွေးများ အဆက်မပြတ် ကျဆင်းနေသည်။ ထိုလေထုက လူများကို အသက်ရှူရန်ပင် ခက်ခဲစေသည်။
အချိန်အတော်ကြာပြီးနောက် စစ်ဘုရင်က နောက်ဆုံးတွင် ပြုံးရင်း ပြောလိုက်သည်။
“ချိုင်ကျိလျှံ။ ဝန်ကြီးချုပ်ဖြစ်ပြီး နှစ်နည်းနည်းကြာလာတော့ ခင်ဗျားက ခင်ဗျားရဲ့ နေရာကို မေ့သွားတယ်ထင်တယ်။”
“ကျုပ် နန်းတက်လာတည်းက ကျုပ်တို့ရဲ့ နောက်လာမယ့်မျိုးဆက်တွေအတွက် ဒီလောက်များပြားတဲ့ နယ်မြေတွေတွေကို သိမ်းပိုက်ခဲ့တယ်။ ချိုင်ကျိလျှံ။ ခင်ဗျားရဲ့ မျက်လုံးထဲမှာ ကျုပ်ဟာ ပြည်သူတွေရဲ့ အသက်ကို ဂရုမစိုက်ပဲ စစ်ပဲတိုက်ချင်တဲ့အာဏာရှင်တစ်ယောက် ဖြစ်သွားပြီလား။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချိုင်ကျိလျှံက မာန်တက်ခြင်း နှိမ့်ချခြင်း မရှိပဲ ဆက်လက်ပြောလိုက်သည်။
“မင်းကြီးဟာ နောင်လာနောက်သားများအတွက် နယ်မြေများစွာကို သိမ်းပိုက်ခဲ့ပြီးပါပြီ။ အစတုန်းက ပြည်သူလူထုက မင်းကြီးကို အလွန်ချီးမွမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်ပွဲများကြောင့် အခုဆိုရင် ဝူနိုင်ငံတော်ရဲ့ ပြည်သူများဟာ ပင်ပန်းနွမ်းနယ်နေကြပါပြီ။ မင်းကြီး နယ်မြေဘယ်လောက်များများသိမ်းပိုက်သိမ်းပိုက် ပြည်သူတွေရဲ့ မျက်နှာပေါ်မှာ ပြုံးရယ်မှုတွေ မရှိတော့ပါဘူး။ မင်းကြီးဟာ အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ပြည်သူလူထုကတော့ မင်းကြီးနှင့်အတူ မလိုက်နိုင်တော့ပါဘူး။”
“မင်းကြီး အနားယူဖို့ အချိန်တန်ပါပြီ။”
“မင်းကြီး အနားယူဖို့ လိုအပ်သလို ဝူနိုင်ငံတော်လည်း အနားယူဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုက ပိုပြီးလိုအပ်နေပါတယ်။”
ချိုင်ကျိလျှံ၏ ထိုစကားများကို ကြားလိုက်ရသည်နှင့် ဝူဧကရာဇ်က ရယ်မောလိုက်သည်။ ဝူဧကရာဇ်၏ မျက်နှာ ပို၍မည်းမှောင်လာသည်နှင့်အမျှ ယဉ်ကျေးမှုဝန်ကြီး ကန်းချန်ကောင်းက ချက်ချင်းဝင်ပြောလိုက်သည်။
“ဝန်ကြီးချုပ် ချိုင်။ မင်းကြီးကို စစ်ပွဲရပ်ခိုင်းဖို့ ခင်ဗျားကို ရှနိုင်ငံတော်က လာဘ်ထိုးထားတာမျိုး ရှိနေလား။”
“အခု ရှနိုင်ငံတော် အတွင်းပိုင်းမှာ ပဋိပက္ခ တွေနဲ့ ပြည့်နှက်နေပြီး အတော်အတန် အားနည်းနေတယ်ဆိုတာကို မသိဘူးလား။ ကျွန်တော်တို့က သူတို့ကို ယခုအချိန်မှာ မဖျက်ဆီးရင် နောင်အခါကျရင် ဒီလိုအခွင့်အရေးကို ရတော့မှာ မဟုတ်ဘူး။”
ချိုင်ကျိလျှံက အေးစက်စွာဖြင့်
“ဝန်ကြီး ကန်း။ ခင်ဗျားကိုသာ ပိုက်ဆံနဲ့ ဝယ်ထားတာ ဖြစ်နိုင်တယ်။ ခင်ဗျားဟာ ရှနိုင်ငံတော်က ချူးမိသားစုနှင့် နီးနီးစပ်စပ် ဆက်ဆံနေပြီး နှစ်စဉ် လက်ဆောင်အမြောက်အမြား ရနေတယ်ဆိုတာကို ကျွန် တော်သိထားတာ ကြာပြီ။ ရှနိုင်ငံတော် ဧကရာဇ်ဟာ ချူးမိသားစုကို ဖယ်ရှားဖို့ ရည်ရွယ်ထားတာကြာပြီ။”
“ခင်ဗျားဟာ ဝူနိုင်ငံတော် ပြည်သူတွေရဲ့ အသက်ကို မထောက်ထားပဲ ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ မင်းကြီးကို ထပ်ခါထပ်ခါ တိုက်တွန်းနေတယ်။ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ခင်ဗျားကိုယ်တိုင် အသိဆုံး နေမှာပါ။”
ကန်းချန်ကောင်းက ချက်ချင်း ပြန်ပြောလိုက်သည်။
“ဝန်ကြီးချုပ် ချိုင်။ လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ပေါ့ပေါ့တန်တန် မပျက်စီးပါစေနဲ့။ အရာရာတိုင်းမှာ သက်သေအထောက်အထား လိုအပ်ပါတယ်။”
ချိုင်ကျိလျှံ ပြန်ပြောမည့်အချိန်တွင် ပလ္လင်ပေါ်ရှိ ဝူဧကရာဇ်က ကျယ်လောင်သော အသံဖြင့်
“လုံလောက်ပြီ။”
ထို့နောက် ဝူဧကရာဇ်သည် ချိုင်ကျိလျှံကို ကြည့်ပြီး
“ဝန်ကြီးချုပ် ချိုင်က ကျန်းမာရေး မကောင်းဘူး။ ဒီနေ့ကစ အိမ်တွင်နေပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ ဝန်ကြီးချုပ်ရာထူးကို ယာယီအားဖြင့် ကန်းချန်ကောင်းက ထမ်းဆောင်လိမ့်မယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချိုင်ကျိလျှံသည် ချက်ချင်း ဦးညွှတ်ပြီး
“ ကျေးဇူးတင်ပါတယ် မင်းကြီး။”
ဝူဧကရာဇ်သည် စကားများပြီး ထပ်မံအချိန်ဖြုန်းရန် မလိုလားတော့ပဲထရပ်လိုက်ကာ
“နန်းတွင်းအစည်းအဝေး ပြီးဆုံးပါပြီ။”
ထို့နောက် ဝူဧကရာဇ်သည် လိကျန်းနန်းတော်မှ ထွက်ခွာသွားခဲ့သည်။ သူထွက်ခွာပြီးနောက် မကြာမီ အချို့သော အရာရှိများသည် ချိုင်ကျိလျှံ၏ ကံဆိုးမှုကို ဝမ်းသာပြီး ဝေဖန်ရေးမှတ်ချက်များကို ပြောဆိုလာကြသည်။
“ချိုင် လူကြီးမင်း။ ဒါက ဘာအကျိုးရှိလို့လဲ။ အခုကြည့်လေ။ ဒါကြောင့် ခင်ဗျားရဲ့ ရာထူးပါ ဆုံးရှုံးသွားတယ်။”
“ချိုင်လူကြီးမင်း။ ကျွန်တော်ထင်တာက မင်းကြီးမှန်တယ်။ ခင်ဗျားက ဝန်ကြီးချုပ်အဖြစ် နှစ်အနည်းငယ်နေပြီး ခင်ဗျားရဲ့နေရာကို မေ့သွားတယ်။”
“ကျွန်တော်တို့ ဝူနိုင်ငံတော် တပ်မတော်က ရှနိုင်ငံတော်ရဲ့ နေပြည်တော်ကို ရောက်တော့မယ်။ ချိုင်လူကြီးမင်းက မင်းကြီးကို ဆန့်ကျင်ရဲနေတာ ရှနိုင်ငံတော်က ခင်ဗျားကို ပိုက်ဆံပေးထားလို့ မဟုတ်ဘူးပြောရင် ကျွန် တော်တော့ မယုံဘူး။”
“ချိုင်လူကြီးမင်း အိမ်ပြန်ပြီး အနားယူလိုက်ပါ။ ပိုကောင်းတာက ခေါင်းကို သမားတော်ပြကြည့်ပါ။ ဟားဟားဟား။”
အရာရှိများ၏ လှောင်ပြောင်သံများကို စိတ်ထဲတွင် မထားပဲ ချိုင်ကျိလျှံ ခန်းမကြီး၏ ထွက်ပေါက်သို့ တိုက်ရိုက်သွားလိုက်သည်။ ဝူနိုင်ငံတော်၏ ဝန်ကြီးချုပ်သည် အလုပ်လုပ်ရုံ သက်သက်သာဖြစ်၏။ အာဏာအနည်းငယ်ရှိသော်လည်း ထိုအာဏာသည် တကယ်တော့ ကန့်သတ်ချက်ရှိသည်။
ထိုအာဏာ၏ အတိုင်းအတာကို ချိုင်ကျိလျှံ လတ်တလော ကြုံတွေ့ခဲ့ရသော လှောင်ပြောင်မှုများမှ သိနိုင်သည်။ သူ၏ဩဇာသည် ပြောပလောက်အောင် မရှိပေ။ သူ၏အာဏာကို မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းခံရနိုင်သည်။ ထို့ကြောင့် နန်းတော်အရာရှိအနည်းငယ်သာ ဝန်ကြီးချုပ် ဖြစ်သောသူ့ကို ကြောက်ရွံ့ကြသည်။
ဝူနိုင်ငံတော်။ နန်းတော် စိမ်းလန်းသော မိုးတိမ်ခန်းမ။ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏ခြေထောက်များကို ချိတ်၍ ခုံပေါ်တွင် ထိုင်နေသည်။
သူမသည် အလွန်လှပပြီး နိုင်ငံများကို ပြောင်းပြန်လှန်နိုင်သော မျက်နှာနှင့် ရေခဲနှင့်ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွေ့သော အသားအရေရှိပြီး သူမထံမှ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်ဟု ထင်ရသည်။
သူမသည် လက်ထဲတွင် စာချွန်လွှာတစ်ခုကို ကိုင်ထားပြီး စူးစိုက်ကြည့်နေသည်။ ထိုအချိန်တွင် အစေခံတစ်ဦးက ခန်းမထဲသို့ ဝင်လာကာ ပြောလိုက်သည်။
“မင်းသမီး။ ဝန်ကြီးချုပ်ချိုင် လာပါတယ်။”
အမျိုးသမီးက နူးညံ့စွာဖြင် ပြန်ပြောလိုက်သည်။
“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။”
သူမ၏ ရင့်ကျက်၍ သာယာသောအသံသည် ကြားရသူ၏ နားထဲတွင် နွေဦးလေညှင်းကဲ့သို့ ဖြစ်နေသည်။ မကြာမီ ချိုင်ကျိလျှံသည် ခန်းမထဲသို့ ဝင်ရောက်လာသည်။
“ကျွန်တော် မင်းသမီး ဂါရဝပြုပါတယ်။”
ဝူကျန်းဝမ်က အသိအမှတ်ပြုလိုက်ပြီး မေးလိုက်သည်။
“ဝန်ကြီးချုပ် ချိုင်က ကျွန်မရဲ့ စိမ်းလန်းသောမိုးတိမ်ခန်းမကို ဘာလို့လာတာလဲ။”
ချိုင်ကျိလျှံက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“မင်းသမီး။ ဒီနေ့ ကျွန်တော်က မင်းကြီးကို ရှနိုင်ငံတော်နဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဒေါသထွက်စေခဲ့တယ်။ ရလဒ်အနေနဲ့ သူက ကျွန်တော့်ကို ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက်ပြီ။ ကျွန်တော်က ဝန်ကြီးချုပ်မဟုတ်တော့ပါဘူး။”
ချိုင်ကျိလျှံ၏စကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်လုံးများ အနည်းငယ်ကျယ်သွားပြီး နူးညံ့သောရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“စစ်ပွဲ အဆုံးသတ်ဖို့လား။ ချိုင်လူကြီးမင်း။ ရှင်က တကယ် ရယ်စရာကောင်းတဲ့သူပဲ။”
ထို့နောက် ဝူကျန်းဝမ်သည် ချိုင်ကျိလျှံကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ပြောပါ။ ကျွန်မဆီကို ဘာလို့လာတာလဲ။ ကျွန်မရဲ့ ဖခင်ကို စစ်ပွဲအဆုံးသတ်ဖို့ စည်းရုံးပေး စေချင်လို့ လာတာလား။”
“အဲ့ဒါဆိုရင်တော့ ချိုင်လူကြီးမင်း ပြန်သွားလိုက်ပါ။”
ချိုင်ကျိလျှံက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“မင်းသမီး နားလည်မှုလွဲနေပါတယ်။ ကျွန်တော်က မင်းသမီးကို ယွဲ့ဧကရာဇ်နဲ့ ဆက်သွယ်ပြီး မြောက်ပိုင်းကို အမြဲသတိထားခိုင်းဖို့ လာတောင်းဆိုတာပါ။”
ချိုင်ကျိလျှံ၏ တောင်းဆိုချက်ကို ကြားသောအခါ ဝူကျန်းဝမ် ရှုပ်ထွေးသွားသည်။
“မြောက်ပိုင်းလား။”
“ကျွန်မတို့နဲ့ ယွဲ့ဧကရာဇ်ရဲ့ ဆက်ဆံရေးက တကယ်ကောင်းပါတယ်။ ဒါပေမယ့် ယွဲ့ဧကရာဇ်ကို မြောက်ပိုင်းကို သတိထားဖို့ ဘာလို့ ကျွန်မက ပြောရမှာလဲ။”
ချိုင်ကျိလျှံက ရှင်းပြလိုက်သည်။
“မြောက်ပိုင်းမှာ ရှနိုင်ငံတော်ရဲ့ သံချပ်ကာမြင်းတပ် ငါးသောင်းရှိပါတယ်။ အဲ့ဒီစစ်တပ်ဟာ ကျူးနိုင်ငံတော်ကို ဖြတ်သန်းသွားပြီး ဝူနိုင်ငံတော်ရဲ့ ထောက်ပို့ရေးလမ်းကြောင်း တွေကို ဖြတ်တောက်နိုင်ပါတယ်။”
ချိုင်ကျိလျှံ၏စကားကို ကြားလိုက်ရသည်နှင့် ဝူကျန်းဝမ်က ပြုံးလိုက်သည်။
“ချိုင်လူကြီးမင်းက ရှနိုင်ငံတော်က မြောက်ပိုင်းနယ်စားမင်းသားရဲ့ သံချပ်ကာမြင်းတပ် ငါးသောင်းကို ရည်ညွှန်းနေတာလား။”
ဝူကျန်းဝမ်သည် သာမန်မင်းသမီးတစ်ဦးမဟုတ်ပါ။ သူမတွင် အာဏာအရှိန်အဝါများစွာရှိပြီး အင်ပါယာကြီးများနှင့် မင်းဆက်များ၏ ကိစ္စရပ်များကို ကောင်းစွာနားလည်သည်။ ချိုင်ကျိလျှံပြောသည့် သံချပ်ကာမြင်းတပ် ငါးသောင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသည်ကို သူမသိသည်။
ချိုင်ကျိလျှံက အတည်ပြုလိုက်သည်။
“ဟုတ်ပါတယ်”
ထို့နောက် ဝူကျန်းဝမ်သည် စိုးရိမ်စရာမလိုကြောင်း ပယ်ချလိုက်သည်။
“စိုးရိမ်စရာမလိုပါဘူး ချိုင်လူကြီးမင်း။ ဒီသံချပ်ကာမြင်းတပ် ငါးသောင်းဟာ ကျူးနိုင်ငံတော်ကို ဖြတ်သန်းလာနိုင်မှာ မဟုတ်ပါဘူး။ လွင်ပြင်ဒေသခံမျိုးနွယ်စုတပ်တွေတောင်ဘက်ကို မရွေ့လျားစေနိုင်ဖို့ ကျူးနိုင်ငံတော်က မြောက်ပိုင်းမှာ စစ်သည်နှစ်သိန်းကို စေလွှတ်ထားပါတယ်။”
“ကျူးနိုင်ငံတော်ရဲ့ ယွဲ့ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားကို ဖြတ်သန်းခွင့် ပြုမှာမဟုတ်လောက်ပါဘူး။ အကယ်၍ သူတို့က ကျူးနိုင်ငံတော်ကို လျှို့ဝှက်ဖြတ်သန်းဖို့ ကြိုးစားရင်လည်း စစ်သည်နှစ်သိန်းက သူတို့ကို ရပ်တန့်စေမှာပါ။”
.......
အခန်း (၂၀၀)
ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားကို အတော်စိတ်ဝင်စားနေတယ်
ဝူကျန်းဝမ်၏ စကားကို ကြားလိုက်ရသည်နှင့် ချိုင်ကျိလျှံက
“မင်းသမီးပြောတာ ကျွန်ုတော့်ကိုစိတ်သက်သာရာရစေပါတယ်” ဟု ပြောလိုက်သည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က ချိုင်ကျိလျှံကို တစ်ချက်ကြည့်လိုက်ပြီး ဆက်လက်၍
“ချိုင်လူကြီးမင်းက ဘာ့ကြောင့် ကျွန်မရဲ့ ဖခင်ကို စစ်ပွဲရပ်ဖို့ တိုက်တွန်းရတာလဲဆိုတာ ကျွန်မစိတ်ဝင်စားမိတယ်။ ချိုင်လူကြီးမင်းက ရှနိုင်ငံတော်က ငွေတွေများ လက်ခံထားလို့လား” ဟု မေးလိုက်သည်။
ချိုင်ကျိလျှံက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
“ဝူနိုင်ငံတော်ဟာ စစ်ပွဲရဲ့ ဆိုးဝါးတဲ့အကျိုးဆက်တွေကို ခံနိုင်ရည် မရှိတော့တာကြောင့် ကျွန်တော်က မင်းကြီးကို စစ်ပွဲရပ်စေချင်တာပါ။”
“ဝူနိုင်ငံတော်ရဲ့ ပြည်သူတွေဟာ ယခုအခါမှာ အသက်ရှင်ဖို့အတွက် ရုန်းကန်နေရပါတယ်။ တစ်နှစ်ပတ်လုံး သန်းနှင့်ချီတဲ့ စစ်သည်တွေကို ထိန်းသိမ်းထားရသည့်အတွက် လယ်ယာလုပ်ကိုင်နိုင်တဲ့ လယ်သမားဦးရေဟာ နည်းပါးလာပါတယ်။ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရင် ပြည်သူတွေကြားထဲမှာ ပုန်ကန်မှုတွေ ဖြစ်လာနိုင်တဲ့အပြင် ဝူနိုင်ငံတော်ဟာလည်း မကြာခင်မှာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ရနိုင်ပါတယ်။”
“ပြည်သူတွေဟာ စစ်ပွဲကို ငြီးငွေ့လာကြပါပြီ။ စစ်သည်တွေဟာလည်း စစ်ပွဲကို ငြီးငွေ့လာကြပါပြီ။ မြေနေရာတွေ ပိုမိုရရှိလာပေမဲ့ သူတို့ရဲ့ မျက်နှာတွေအပေါ်မှာ ဝမ်းသာမှု တွေမရှိပဲ ပင်ပန်းနွမ်းနယ်မှုတွေပဲ ရှိနေပါတယ်။”
...
ချိုင်ကျိလျှံ၏ စကားကို ကြားလိုက်ရပြီး ဝူကျန်းဝမ်က ကြည်လင်သောအသံဖြင့် ရယ်မောလိုက်သည်။
“ချိုင်လူကြီးမင်းက တကယ်ပဲ နိုင်ငံနှင့် ပြည်သူတွေအတွက် စိုးရိမ်နေတာပဲ။ ရှင့်ရဲ့အသက်က ကျွန်မထက် သိပ်မကြီးပဲနဲ့ ရှင့်ခေါင်းပေါ်က ဆံပင်တွေ ဖြူနေတာ အံ့သြစရာမရှိဘူး။”
“ဒါပေမဲ့ ကျွန်မရဲ့ဖခင်ကို မဆန့်ကျင်သင့်ဘူးလို့ ချိုင်လူကြီးမင်းကို ကျွန်မ အကြံပေးချင်တယ်။ အခုလောလောဆယ်တော့ ဖခင်က ရှင့်ကို သည်းခံနေသေးတယ်။ ရှင်ဆက်ပြီး သူ့ကို ဆန့်ကျင်နေရင်တော့ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားတာက အသေးအဖွဲ ပြဿနာတစ်ခုပဲ ဖြစ်သွားနိုင်တယ်။”
“သူနန်းတက်လာတဲ့ အချိန်ကစပြီး ဝန်ကြီးချုပ်ငါးဦး ရှိခဲ့ဖူးပြီ။ သူတို့ထဲက တစ် ယောက်မှ ကံမကောင်းခဲ့ဘူး။ သူတို့ရဲ့ ခြေရာကို ရှင်လိုက်နင်းချင်လို့လား ချိုင်လူကြီးမင်း။”
သေချာ ဦးညွှတ်လိုက်ပြီးနောက် ချိုင်ကျိလျှံက ပြောလိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး။ ကျွန်တော် နောက်ပိုင်းမှာ သတိထားပါ့မယ်။”
ထိုအချိန်တွင် ဝူကျန်းဝမ်က ခုနက ပြောနေသည့် အကြောင်းကို ပြန်တွေးမိပြီး ဆက်ပြောလိုက်သည်။
“ မြောက်ပိုင်းဒေသက ရှနိုင်ငံတော်ရဲ့ သံချပ်ကာ မြင်းတပ် ငါးသောင်းကိစ္စ ရှင်ဘယ်လိုမြင်လဲ။ နန်းတော်အတွင်းက အရာရှိ အများစုကတော့ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းဟာ ဆွမ်ဧကရာဇ်ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့လို့ ယုံကြည်နေကြတယ်။ ဒါပေမဲ့ ကျွန်မစုဆောင်းထားတဲ့ အချက်အလက်တွေ အရတော့ ဆွမ်ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားကို နှစ်သက်ပုံ မရဘူး။ သူမနှစ်သက်တာကလည်း မင်းသားရဲ့ မိခင်နှင့် ဆိုင်ပုံရတယ်။ ဒါက ဟန်ဆောင်ထားတာ ဟုတ်ပုံမရဘူး။”
“ဆွမ်ဧကရာဇ်က သူမနှစ်သက်တဲ့ သားတစ် ယောက်ဆီမှာ ဒီလောက်အရေးပါတဲ့ သံချပ်ကာ မြင်းတပ်ကို လွှဲထားမယ်ဆိုတာ ကျွန်မအတွက်တော့ ယုံကြည်ဖို့ ခက်ခဲတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ချိုင်ကျိလျှံက ခဏခန့် တွေးတောလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်လည်း ဒီသံချပ်ကာ မြင်းတပ် ငါးသောင်း ပေါ်လာတာဟာ နည်းနည်းရုတ်တရက် ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ဆွမ်ဧကရာဇ်ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့ ဖြစ်နေရင်တောင် ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းအတွက် သံချပ်ကာတွေ ထုတ်လုပ်ရင် ရှနိုင်ငံတော်အတွင်းက အာဏာရှိ မိသားစုတွေရဲ့ အာရုံကို ဖမ်းစားသွားမှာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်သိသလောက်ဆိုရင် ဒီသံချပ်ကာ မြင်းတပ် ငါးသောင်း မြောက်ပိုင်းမြို့တော်မှာ မပေါ်ထွက်လာခင်အထိ ရှနိုင်ငံတော်အတွင်းက အာဏာရှိ မိသားစုတွေ လုံးဝမသိကြပါဘူး။”
“ နောက်ပြီး မြောက်ပိုင်းမြို့တော်မှာလည်းသံချပ်ကာ မြင်းတပ် ငါးသောင်းအတွက် သံချပ်ကာများ ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ အနည်ဆုံးတော့ မြောက်ပိုင်းနယ်စားမင်းသားဟာ သူရဲ့ အပိုင်စားနယ်မြေကိုရောက်ပြီး တစ်နှစ်အတွင်းမှာတော့ ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး။”
ချိုင်ကျိလျှံ၏ အမြင်အရ ဆွမ်ဧကရာဇ်၏ လှုပ်ရှားမှုတိုင်းသည် အာဏာရှိ မိသားစုများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။ အကယ်၍ သံချပ်ကာ အနည်းငယ်သာ ထုတ်လုပ်ပါက အာဏာရှိ မိသားစုများသည် မသိလိုက်တာ ဖြစ်နိုင်သည်။
သို့သော် သံချပ်ကာ မြင်းတပ် ငါးသောင်းအတွက် လိုအပ်သော သံချပ်ကာများ ထုတ်လုပ်ရန်ကတော့ ကွဲပြားသည်။ ထိုသို့လုပ်ရန်အတွက် လက်မှုပညာသည်နှင့် ပစ္စည်းများ အမြောက်အမြား လိုအပ်သည်။
ရှနိုင်ငံတော်၏ အာဏာရှိ မိသားစုများသည် နိုင်ငံ၏ စီးပွားရေးအသက်သွေးကြောကို ထိန်းချုပ်ထားပြီး နိုင်ငံ၏ အရင်းအမြစ်များစွာကို လက်ဝါးကြီးအုပ်ထားသည်။ ဆွမ်ဧကရာဇ်က သံချပ်ကာ မြင်းတပ် ငါးသောင်းအတွက် သံချပ်ကာများ ထုတ်လုပ်နေတာကို သူတို့ မသိရှိပဲ နေကြမည် မဟုတ်ပေ။
သူတို့ တိတိကျကျ မသိလျှင်တောင် ခြေရာလက်ရာများက အမြဲရှိနေမည် ဖြစ်သည်။
သို့သော် ဝူနိုင်ငံမှ စုဆောင်းထားသော ထောက်လှမ်းရေးအချက်အလက်များအရ
ဆွမ်ဧကရာဇ်၏ ကွပ်ကဲမှုအောက်တွင် သံချပ်ကာ မြင်းတပ် ငါးသောင်းရှိနေကြောင်း သိသွားသောအခါ ရှနိုင်ငံတော်၏ အာဏာရှိ မိသားစုများ လုံးဝ အံ့အားသင့်သွားခဲ့ကြသည်။
ချိုင်ကျိလျှံ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသောအခါ ဝူကျန်းဝမ်သည် သူမ ကိုင်ထားသော စာချွန်ကို စားပွဲပေါ်တွင် ချထားလိုက်ပြီး ထလိုက်သည်။ ထိုအချိန်တွင် လေတိုက်လာပြီး သူမ၏ ခရမ်းရောင် ဝတ်ရုံသည် လေထဲတွင် လှုပ်ယမ်းနေသည်။
ဝူကျန်းဝမ်က စဉ်းစားနေသည့် မျက်နှာဖြင့် မေးလိုက်သည်။
“ဒါဆို ရှင်လည်း ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းက ဆွမ်ဧကရာဇ်ရဲ့ ကိုယ်ပိုင်တပ်တွေ မဟုတ်ပဲ မြောက်ပိုင်းနယ်စားမင်းသားရဲ့ လက်အောက်က တပ်တွေလို့ ယုံကြည်နေတာလား။”
ချိုင်ကျိလျှံက ပြန်ပြောလိုက်သည်။
“ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းဟာ မြေက်ပိုင်းနယ်စားမင်းသားရဲ့ ကိုယ်ပိုင်တပ်လို့လည်း ကျွန်တော်မထင်ပါဘူး။ အကယ်၍ ဆွမ်ဧကရာဇ်က သံချပ်ကာ မြင်းတပ်အတွက် သံချပ်ကာတွေ ထုတ်လုပ်နေရင် အာဏာရှိမိသားစုတွေက သိသွားမှာပါ။ မြောက်ပိုင်းနယ်စားမင်းသားကလည်း သံချပ်ကာ မြင်းတပ်အတွက် သံချပ်ကာအစုံ ငါးသောင်းကို အာဏာရှိမိသားစုတွေ မသိပဲ ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ထင်တာက မြောက်ပိုင်းနယ်စားမင်းသားရဲ့ လက်အောက်က သံချပ်ကာ မြင်းတပ် ငါးသောင်းဟာ အခြားနိုင်ငံတော်တစ်ခုကနေ လာနိုင်တယ်လို့ ယုံကြည်ပါတယ်။”
ဝူကျန်းဝမ်က ပြုံးရင်း ပြောလိုက်သည်။
“ချိုင်လူကြီးမင်းရဲ့ မှန်းဆချက်က တကယ် စိတ်ဝင်စားစရာကောင်းပါတယ်။”
“ဒါပေမဲ့ ရှင်စဉ်းစားမိလား ချိုင်လူကြီးမင်း။ အကယ်၍ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းက အခြားနိုင်ငံတော်တစ်ခုကနေ လာတာဆိုရင် သူတို့ မြောက်ပိုင်းဒေသကို ဘယ်လိုရောက်လာတာလဲ။”
“မြောက်ပိုင်းမြို့တော်ရဲ့ မြောက်ဘက်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေပဲ ရှိတယ်။ အရှေ့တောင်ဘက်ထောင့်မှာ ကျူးနိုင်ငံတော် ရှိတယ်။ အရှေ့ဘက်မှာ ပင်လယ်ပြင်ကြီး ရှိတယ်။ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းက မြောက်ပိုင်းမြို့တော်ကို သတင်းမထွက်ပဲ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။”
ချိုင်ကျိလျှံက ပြောလိုက်သည်။
“ကျွန်တော်လည်း ဒီမေးခွန်းကို စဉ်းစားနေခဲ့တာပါ။ ကျွန်တော့်ရဲ့ အမြင်အရ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းက မြောက်ပိုင်းဒေသရဲ့ မြောက်ဘက်က တစ်နေရာရာကနေ လာနိုင်ပါတယ်။”
“မြောက်ပိုင်းဒေသမှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေပဲ ရှိတယ်။ မြောက်ပိုင်းဒေသရဲ့ မြောက်ဘက်မှာ ဘာရှိလဲဆိုတာ အင်ပါယာကြီးတွေတောင် မသိကြပါဘူး။ ကျွန်တော်တို့လည်း ဘယ်တော့ကမှ စူးစမ်းဖူးတာ မဟုတ်ပါဘူး။ ဒါကြောင့် မြောက်ပိုင်းဒေသရဲ့ မြောက်ဘက်မှာ ကျွန်တော်တို့မသိတဲ့ နိုင်ငံတော်တစ်ခု ရှိနေနိုင်တယ်လို့ သံသယရှိပါတယ်။”
ချိုင်ကျိလျှံ၏ စကားကို ကြားလိုက်ရသောအခါ ဝူကျန်းဝမ် နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားပြီး
“မြောက်ပိုင်းဒေသရဲ့ မြောက်ဘက်က နေရာ…”
“ဒါက တကယ်ပဲ အာရုံစိုက်သင့်တဲ့ နေရာတစ်ခုပဲ။”
“မြောက်ပိုင်းဒေသရဲ့ ဆောင်းရာသီက လွင်ပြင်ဒေသ မျိုးနွယ်စုတွေကိုတောင် ထွက်ပြေးစေတယ်။ ဒါကြောင့် မြောက်ပိုင်းဒေသရဲ့ မြောက်ဘက်မှာ ဘယ်လိုလူမျိုးတွေ ရှင်သန်နေနိုင်မလဲ။ ပြီးတော့ နိုင်ငံတစ်ခုတောင် တည်ထောင်နိုင်မလဲဆိုတာ ကျွန်မတော်တော်လေး စိတ်ဝင်စားမိတယ်။”
“ဒါပေမဲ့ ချိုင်လူကြီးမင်း။ ကျွန်မတို့နှစ်ယောက်စလုံးရဲ့ အယူအဆအရ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းက ရှနိုင်ငံတော်ရဲ့ လက်အောက်က တပ်တွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းစစ်မြေပြင်မှာ ပေါ်လာမှာကို စိုးရိမ်စရာ မလိုပါဘူး။”
ချိုင်ကျိလျှံက ပြန်ပြောလိုက်သည်။
“မင်းသမီး။ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းက ရှနိုင်ငံတော်ရဲ့ လက်အောက်မှာ အပြည့်အဝ မရှိဘူးလို့ ယုံကြည်ရပေမဲ့ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းဟာ မြောက်ပိုင်းမြို့တော်ကို လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ စစ်သည်သုံးသိန်းကို အနိုင်ရအောင် ကူညီပေးခဲ့တာကြောင့် ဒီသံချပ်ကာ မြင်းတပ်ရဲ့ နောက်ကွယ်က ပိုင်ရှင်က ရှနိုင်ငံတော်ဘက်ကို ယိမ်းနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းဟာ စစ်မြေပြင်မှာ ပေါ်လာမှာပါ။ ရှနိုင်ငံတော်ရဲ့ အာဏာရှိမိသားစုတွေကလည်း ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းကို
စစ်မြေပြင်ကို ပို့ဖို့ နည်းလမ်းရှာမှာပါ။”
ထိုအချိန်တွင် အစေခံတစ်ယောက် ဝင်လာပြီး ဝူကျန်းဝမ်ထံသို့ တိုက်ရိုက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
“မင်းသမီး။ ရှနိုင်ငံတော်မှ ထောက်လှမ်းရေးသတင်းရောက်လာပါပြီ။”
ထို့နောက် အစေခံက သတင်းကို ဝူကျန်းဝမ်ထံ ပေးလိုက်သည်။
ဝူကျန်းဝမ်သည် ချက်ချင်းပင် သတင်းကို ယူပြီး သေချာစွာ ကြည့်လိုက်သည်။ ထို့နောက် ချိုင်ကျိလျှံကို ပြုံးရင်း ပြောလိုက်သည်။
“အခုတော့ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းက စစ်မြေပြင်မှာ ပေါ်လာမှာကို ရှင်စိုးရိမ်စရာ မလိုတော့ဘူး။ ကျွန်မတို့ လူတွေက သတင်းပို့လာတယ်။ မြောက်ပိုင်းဖရီဘုရင်က စစ်သည်နှစ်သိန်းကို ဦးဆောင်ပြီး တောင်ဘက်ကို ချီတက်နေပြီ။ မြောက်ပိုင်းနယ်စားမင်းသားအတွက် မြောက်ပိုင်းဖရီဘုရင်ရဲ့ တပ်ကို ခုခံဖို့ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်းကို လိုအပ်နေသေးတယ်။”
ဒါက…
ချိုင်ကျိလျှံ ခဏခန့် ငေးငိုင်သွားခဲ့သည်။
ထို့နောက် သံသယစိတ်ဖြင့် မေးလိုက်သည်။ “ မြောက်ပိုင်းဖရီဘုရင်က ဆောင်းရာသီမှာ တောင်ဘက်သို့ ဘယ်လိုလုပ် ချီနိုင်မှာလဲ မင်းသမီး။”
ဝူကျန်းဝမ်က အေးစက်စွာဖြင့်
“ဒါကိုတော့ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ ရှနိုင်ငံတော်ရဲ့ နန်းတွင်းက မြောက်ပိုင်းမြို့တော်ကို ထောက်ပံ့ဖို့ မြင်းတပ်နှစ်သောင်းနှင့် ရိက္ခာပစ္စည်းတွေကို မြောက်ဘက် စေလွှတ်လိုက်ပြီ။ ဒီသတင်းကို အရင်းအမြစ်များစွာက အတည်ပြုထားပါတယ်။”
ဝူကျန်းဝမ်က ထိုသို့ပြောသောအခါ ချိုင်ကျိလျှံ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က
“ဒါပေမဲ့ ပြောရရင် ကျွန်မက အဲ့ဒီမြောက်ပိုင်းနယ်စားမင်းသားကို အတော်လေး စိတ်ဝင်စားမိတယ်။”
“လူတိုင်းက သူ့ကို အသုံးမကျသူလို့ မြင်ခဲ့ကြပေမဲ့ သူက လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်။”
“ကျွန်မ သိသလောက်ဆိုရင် ဒီသံချပ်ကာမြင်းတပ် ငါးသောင်းအပြင် လျှို့ဝှက်လဝန်းနန်းတော်က တစ်ယောက်ယောက်ကလည်း မြောက်ပိုင်းမြို့တော်သို့ သွားခဲ့တယ်။ အဲ့ဒီ တစ်ယောက်က အခြားသူ မဟုတ်ဘူး။ လျှို့ဝှက်လဝန်းနန်းတော်သခင် ကိုယ်တိုင်ပဲ။”
“အကယ်၍ သူမှာ့ ထူးထူးခြားခြား တန်ဖိုးမရှိဘူးဆိုရင် နောက်ကွယ်က နိုင်ငံဟာ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်းကို ခုခံနိုင်အောင်လို့ မြောက်ပိုင်းမြို့တော်ကို သံချပ်ကာမြင်းတပ် ငါးသောင်းကို စေလွှတ်မှာ မဟုတ်ဘူး။”
“နောက်ပြီး လျှို့ဝှက်လဝန်းနန်းတော်သခင် ကိုယ်တိုင်သွားရောက်ဖို့ကလည်း ဖြစ်နိုင်ခြေ ပိုနည်းတယ်။”
“သူ့မှာ ဘာတန်ဖိုးတွေ ရှိတယ်ဆိုတာ ကျွန်မ တကယ်သိချင်တယ်။”
........
အခန်း (၂၀၁)
စစ်မြေပြင်က အပျော်ရှာဖို့နေရာ မဟုတ်ပါ
ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ ချိုင်ကျိလျှံသည်လည်း သူမ၏စကားတွင် အမှန်တရားအချို့ပါ ရှိသည်ဟု ခံစားမိပြီး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“မင်းသမီးရဲ့ မှန်းဆချက်က အကြောင်းပြချက်မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့မြောက်ပိုင်းနယ်စားမင်းသားဟာ
လျှို့ဝှက်လဝန်းနန်းတော်က နတ်သမီးရဲ့ သားတော်ဖြစ်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင် မြောက်ပိုင်းမြို့တော်သို့ သွားရောက်ခဲ့တာ ဒီအကြောင်းကြောင့် ဖြစ်နိုင်ခြေ များပါတယ်။”
ဝူကျန်းဝမ်သည် ခန်းမကြီး၏ အလယ်သို့ လျှောက်သွားပြီး ခန်းမအပြင်ဘက်မှ တဖွဲဖွဲကျနေသော မိုးစက်များကို ကြည့်ပြီး ပြောလိုက်သည်။
“ချိုင်လူကြီးမင်း။ နတ်သမီးရဲ့ သားတော်က လျှို့ဝှက်လဝန်းနန်းတော်အတွက် အရေးကြီးတယ်လို့ ရှင်တကယ်ထင်နေတာလား။ ကျွန်မအမြင်အရ ချူးယွဲ့ နတ်သမီးအသက်ရှင် နေသရွေ့ မြောက်ပိုင်းနယ်စားမင်းသားကို နတ်သမီးရဲ့ သားတော်အဖြစ် သတ်မှတ်နိုင်တယ်။ ချူးယွဲ့ သေဆုံးသွားရင်တော့ မြောက်ပိုင်းနယ်စားမင်းသားဟာလျှို့ဝှက်လဝန်းနန်းတော်အတွက် သာမန်မင်းသားတစ်ပါးပဲ ဖြစ်လိမ့်မယ်။”
“လျှို့ဝှက်လဝန်းနန်းတော်က မြောက်ပိုင်းနယ်စားမင်းသားကို နတ်သမီးရဲ့ သားတော်အဖြစ် အသိအမှတ်ပြုနေဆဲပဲဆိုရင် မြောက်ပိုင်းနယ်စားမင်းသားမှာ လျှို့ဝှက်လဝန်းနန်းတော်က လိုချင်တဲ့ အရာတစ်ခုခု ရှိနေတယ်လို့ ဆိုလိုတယ်။”
“မဟာအင်အားကြီး နိုင်ငံတစ်ခုနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့ နှစ်ဖွဲ့ စလုံး လိုချင်တဲ့ အရာတစ်ခုက ဘာဖြစ်မလဲဆိုတာ ချိုင်လူကြီးမင်း မသိချင်ဘူးလား။”
ဝူကျန်းဝမ် ရည်ညွှန်းနေသော မဟာအင်အားကြီးနိုင်ငံ ဆိုသည်မှာ မြောက်ပိုင်းမြို့တော်သို့ သံချပ်ကာမြင်းတပ် ငါးသောင်းကို ထောက်ပံ့ပေးခဲ့သော လျှို့ဝှက်နိုင်ငံဖြစ်သည်။ သံချပ်ကာမြင်းတပ် ငါးသောင်းကို ချက်ချင်းထုတ်လုပ်နိုင်ပြီး မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ပံ့ပေးနိုင်သော နိုင်ငံသည် အင်အားကြီးမားမည်မှာ မလွဲပေ။
...
စစ်အင်အားကြီးမားသော ဝူနိုင်ငံတော်ကြီးတွင်ပင် သံချပ်ကာမြင်းတပ် ငါးသောင်းမရှိသည့်အတွက် ထိုလျှို့ဝှက်နိုင်ငံကို မဟာအင်အားကြီးနိုင်ငံဟု ခေါ်ဆိုခြင်းက မမှားနိုင်ပေ။ ဝူကျန်းဝမ်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရပြီးနောက် ချိုင်ကျိလျှံလည်း ကြာမြင့်စွာ နက်နက်နဲနဲ စဉ်းစားနေမိသည်။
ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားမှာ ဘယ်လိုတန်ဖိုးတွေ ရှိလဲဆိုတာ ကျွန်မပိုပြီးစိတ်ဝင်စားလာပြီ။ ကျွန်မရဲ့ လူတချို့ကို မြောက်ပိုင်းမြို့တော် စေလွှတ်ဖို့ စီစဉ်ရမယ်ထင်တယ်။”
သူမပြောနေစဉ်တွင် ဝူကျန်းဝမ်က ချိုင်ကျိလျှံကို တစ်ချက်ကြည့်လိုက်ပြီး
“ချိုင်လူကြီးမင်း။ နောက်ထပ်ဘာများ ရှိသေးလဲ” ဟု မေးလိုက်သည်။
ဝူကျန်းဝမ်၏ ရင့်ကျက်၍ သာယာသောအသံကို ကြားလိုက်ရသည်နှင့် ချိုင်ကျိလျှံလည်း ချက်ချင်းပင် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီး
“နောက်ထပ်ဘာမှ ပြောစရာ မရှိတော့ပါဘူး” ဟု အမြန်ပြန်ပြောလိုက်သည်။
“ကျွန်တော့်ကို ခွင့်ပြုပါ။”
ထို့နောက် ချိုင်ကျိလျှံ လှည့်ထွက်သွားခဲ့သည်။ ချိုင်ကျိလျှံ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း အတွေးထဲတွင် ဝူကျန်းဝမ် နစ်မြောနေပုံရသည်။
ချိုင်ကျိလျှံ ခန်းမကြီးမှ ထွက်ခွာသွားပြီးနောက် ဝူကျန်းဝမ်၏ ဘေးနားရှိ အစေခံမိန်းကလေးတစ်ဦးက
“မင်းသမီး ကျန်းဝမ်။ ကျွန်မ ကြားရတာက ချိုင်လူကြီးမင်းဟာ မကြာသေးခင်ကပဲ လက်ထပ်ဖို့ ကမ်းလှမ်းချက် တစ်ခုကိုထပ်ပြီး ငြင်းပယ်ခဲ့ပါတယ်”
ဟု ပြောလိုက်သည်။
ဝူကျန်းဝမ်က မထူခြားသလိုဖြင့် “နင်စကားများလွန်းတယ်” ဟု ပြောလိုက်သည်။ ဝူကျန်းဝမ် ဒေါသထွက်နေသကဲ့သို့ ဖြစ်နေသည် မြင်လိုက်ရသည်နှင့် အစေခံမိန်းကလေးလည်း ချက်ချင်းပင် နှုတ်ဆိတ်သွားခဲ့သည်။
ထိုအချိန်တွင် ဝူကျန်းဝမ်သည်
“ငါ တကယ်ပဲ ယွဲ့ဧကရာဇ်ကို အားကျမိတယ်။ ငါဘယ်တော့မှ သူမလို ဖြစ်နိုင်မလဲ” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။
မျက်လုံးတစ်မှိတ်အတွင်း တစ်လဟူသော အချိန်က ကုန်လွန်သွားခဲ့သည်။ ထျန်းကောင်းမြို့တွင် တစ်လကြာ စောင့်ဆိုင်းနေခဲ့ပြီး လုချန်းလည်း ဆယ်ပေါင်ကျော် အလေးချိန် ကျသွားခဲ့သည်။ သူသည် အရင်က မည်သူ့ကိုမှ ဤမျှကြာမြင့်အောင် စောင့်ဆိုင်းခဲ့ဖူးခြင်း မရှိပေ။
လုချန်းသည် မင်းသားတစ်ပါးဖြစ် သောကြောင့် သူနေထိုင်ရပုံက သာမန်စစ်သည်တစ်ဦးထက် ပိုမိုကောင်းမွန်သော်လည်း ထျန်းကောင်းမြို့ကို ရန်ခရိုင်နှင့် နှိုင်းယှဉ်၍မရပါ။ ထို့ပြင် ထျန်းကောင်းမြို့နှင့် ရန်ခရိုင်ကြားရှိ လမ်းသည် သွားလာရ ခက်ခဲ၏။ နှင်းကျပြီးနောက် ပစ္စည်းများသယ်ဆောင်ရန် ပို၍ခက်ခဲလာခဲ့သည်။
ထျန်းကောင်းမြို့ရှိ အစားအစာ၊ အဆောင်အယောင်နှင့် နေထိုင်မှုအခြေအနေများသည် ရန်ခရိုင်နှင့် နှိုင်းယှဉ်၍မရပေ။ သို့သော် ကံကောင်းသည်က လုချန်းသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေတတ်သူဖြစ်သည်။
ထို့အပြင် သူသည် မင်းသားတစ်ပါးဖြစ်ပြီး တပ်များကို ဦးဆောင်နေသူတစ်ဦးလည်းဖြစ်သည်။ အကယ်၍ သူက ဆင်းရဲသည့် နေထိုင်မှု ပုံစံကို ညည်းညူနေပါက အနာဂတ်စစ်ပွဲတွေကို သူဘယ်လိုတိုက်မှာလဲ။
ထိုအချိန်တွင် လုချန်းသည် မီးဖိုတစ်ခု၏ နံဘေးတွင် မီးလှုံနေရင်း ရန်ခရိုင်မှ ပို့လိုက်သော မီးဖိုကို စစ်ဆေးနေသည်။
မုကျင်းဝူက
“မင်းသား။ ကျွန်တော် ကြားတာက တချို့သောပြည်သူတွေဟာ ထင်းအစား ကျောက်မီးသွေးကို မီးရှို့ကြပေမဲ့ နောက်တစ်နေ့ရောက်တော့ သူတို့အိမ်မှာ အဆိပ်သင့်ပြီး သေဆုံးနေတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့ ဒီကျောက်မီးသွေးကို ထင်းအစားထိုးအဖြစ် တကယ်အသုံးပြုမှာလား” ဟု ပြောလိုက်သည်။
မီးဖိုထဲတွင် လောင်ကျွမ်းနေသောအရာမှာ လက်မှုပညာသည်များ ပြုပြင်ထားသော ကျောက်မီးသွေးဖြစ်သည်။ လုချန်းသည် ရန်ခရိုင်တွင် မရှိတော့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် သူ၏လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် စီစဉ်ထားခဲ့သည်။
မီးဖိုများ ပြုလုပ်ခြင်းနှင့် ကျောက်မီးသွေးတူးဖော်ခြင်းတို့သည် လုချန်း ရန်ခရိုင်မှ ထွက်ခွာသွားပြီးနောက် စတင်ခဲ့သော လုပ်ငန်းများ ဖြစ်သည်။
ကျောက်မီးသွေး အကြောင်းကို ဤခောတ်ကမ္ဘာရှိ လူများ နားမလည်သေးပါ။ ကျောက်တုံးများဟုပင် ထင်မြင်နေဆဲဖြစ်သည်။ ယခုအခါ ရန်ခရိုင်တွင် နေထိုင်သူများက ကျောက်မီးသွေးကို အနက်ရောင် ကျောက်တုံးဟု ခေါ်ဝေါ်ကြသည်။
အစပိုင်းတွင် သာမန်ပြည်သူများသည် အနက်ရောင် ကျောက်တုံးများကို မီးရှို့နိုင်သည်ကို မသိကြပေ။
လွန်ခဲ့သော တစ်ပတ်က မင်းသားစံအိမ်မှ “ကျောက်မီးသွေး” ဟုခေါ်သော လောင်စာနှင့် မီးဖိုတစ်မျိုးကို မိတ်ဆက်ခဲ့သည်။ ၎င်းတို့ကို မီးရှို့လိုက်ပါက တစ်ညလုံး လောင်ကျွမ်းနိုင်သည်။
ထိုသို့ အထူးပြုလုပ်ထားသည့် မီးဖိုများနှင့် ကျောက်မီးသွေးများ ရရှိလာသည့် အချိန်မှစ၍ လူများသည် ညဘက်တွင် မီးဖိုထဲသို့ ထင်းထည့်ရန် မလိုအပ်တော့ပေ။ မြောက်ပိုင်းမင်းသား၏ စံအိမ်မှ ကျောက်မီးသွေးနှင့် မီးဖိုများသည် မြောက်ပိုင်းမြို့တော်တစ်ဝှမ်းတွင် လျှင်မြန်စွာ ရေပန်းစားလာခဲ့သည်။ ထို့နောက် သာမန်ပြည်သူအချို့က ကျောက်မီးသွေးပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းမှာ အနက်ရောင် ကျောက်တုံးဖြစ်ကြောင်း သိရှိလာကြသည်။
တတ်နိုင်သမျှ စရိတ်စကကို ချွေတာရန် စဉ်းစားနေသည့် သာမန်ပြည်သူအချို့က အနက်ရောင် ကျောက်တုံးများကို လောင်စာအဖြစ် တိတ်တဆိတ် အသုံးပြုလာကြသည်။ သို့သော် ကျောက်တုံးများ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော အခိုးအငွေ့များကြောင့် သူတို့ထဲမှ အများအပြား အဆိပ်သင့်သေဆုံးခဲ့ကြသည်။
ထိုအဖြစ်အပျက်ကြောင့် ကျောက်မီးသွေးသည်လည်း အဆိပ်သင့်စေနိုင်သလားဟု သာမန်ပြည်သူအချို့ စိုးရိမ်လာကြသည်။
ကျောက်မီးသွေးမှ အဆိပ်ဖြစ်စေသော ပစ္စည်းများကို ဖယ်ရှားပြီးဖြစ်ကြောင်း သာမန်ပြည်သူများအား ရှင်းလင်းပြောကြားထားသည့် အသိပေးစာများကို မင်းသားစံအိမ်မှ ကပ်ထားပေးပြီး အသုံးပြုသည့်အခါ လေဝင်လေထွက် ကောင်းမွန်စေရန် သတိပေးထားသော်လည်း ကျောက်မီးသွေးကို အသုံးမပြုရဲသူများ ရှိနေဆဲဖြစ်သည်။
သာမန်ပြည်သူများသာမက မြောက်ပိုင်းမြို့တော်ရှိ အရာရှိအချို့လည်း ကျောက်မီးသွေးကို အသုံးပြုရန် ကြောက်ရွံ့နေကြသည်။ ထိုသူများထဲတွင် သူ၏အရှေ့တွင် ရပ်နေသော မုကျင်းဝူလည်း ပါဝင်သည်။
မုကျင်းဝူ၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်းက
“ဗိုလ်ကြီး မု။ မင်းသားစံအိမ်က ကျောက်မီးသွေး အသုံးပြုရာမှာ သတိပြုရမယ် အချက်တွေကို အသိပေးစာတွေ ထုတ်ပြန်ထားပြီးပြီ မဟုတ်ဘူးလား။ သို့ပါလျက် ဘာ့ကြောင် ကျောက်မီးသွေးကို စိုးရိမ်နေသေးတာလဲ” ဟု မေးလိုက်သည်။
မုကျင်းဝူက
“ကျောက်မီးသွေးလောင်သောအခါ ထွက်လာတဲ့ အခိုးအငွေ့တွေက နှာခေါင်းကို နှိုးဆွပြီး ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ထင်မိပါတယ်”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
လုချန်းက အေးဆေးစွာပင်
“ဒါက ပုံမှန်ပါပဲ။ ကျွန်ုပ်တို့ အသုံးပြုနေတဲ့ကျောက်မီးသွေးခဲတွေက သာမန် အနက်ရောင် ကျောက်တုံးတွေနဲ့ လုံးဝကွဲပြားခြားနားတယ်။ ဒီကျောက်မီးသွေးခဲတွေ လောင်ကျွမ်းတဲ့အခါ ထွက်လာတဲ့ အဆိပ်ဓာတ်ငွေ့တွေက အလွန်နည်းပါးသွားပြီ။ လေဝင်လေထွက်ကောင်းအောင် သတိထားရင် ပြဿနာမရှိပါဘူး” ဟု ပြောလိုက်သည်။
“ ခင်ဗျားတို့ခေါ်နေတဲ့ အနက်ရောင် ကျောက်တုံးတွေကို အားကိုးပြီး မြောက်ပိုင်းမြို့တော်က ဆောင်းရာသီကို ကျော်လွှားရမှာ ဖြစ်တယ်။ ခင်ဗျားတို့အားလုံး ဒါကိုအသုံးပြုတတ်အောင် လေ့ကျင့်ရထားရမယ်။ အကယ်၍ ခင်ဗျားတို့လို အရာရှိတွေကတောင် ကျောက်မီးသွေးကို အသုံးပြုဖို့ ကြောက်ရွံ့နေရင် သာမန်ပြည်သူတွေက ဘယ်လိုလုပ် အသုံးပြုရဲမှာလဲ”
ဟု ဆက်ပြောလိုက်သည်။
မုကျင်းဝူက ရှက်ရှက်နှင့် ပြောလိုက်သည်။
“မင်းသားပြောတာ မှန်ပါတယ်”
ထိုအချိန်တွင် ရှောင်ပင်တိန်က အခန်းထဲသို့ ဝင်လာပြီး ပြောလိုက်သည်။
“မင်းသား။ ရန်ခရိုင်က အစေခံ မိန်းကလေး အချို့ကို စေလွှတ်လိုက်ပါတယ်။ သူတို့က မင်းသားကို ပြုစုစောင့်ရှောက်ဖို့ လာကြတာလို့ ဆိုပါတယ်”
လုချန်းသည် မင်းသားတစ်ပါးဖြစ်သည့်အတွက် သာမန်လူများနှင့် မတူပဲ အဆင့်အတန်းမြင့်မားသူဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ရှိ အချို့သူများက လုချန်း ထျန်းကောင်းမြို့တွင် ဒုက္ခရောက်နိုင်သည်ကို စိုးရိမ်မိပြီး သူ၏ နေ့စဉ်လိုအပ်ချက်များကို စောင့်ရှောက်ရန် အစေခံ မိန်းမပျိုများကို အထူးစေလွှတ်လိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်း၏ မျက်ခုံးများ တွန့်သွားသည်။ သူတို့၏ စိုးရိမ်မှုသည် ကောင်းမွန်သော အရာတစ်ခုဖြစ်သော်လည်း သူသည် လက်ရှိတွင် စစ်တပ်ကို ဦးဆောင်နေသည့် အချိန်ဖြစ်သည်။ ထိုသို့သော အထူးအခွင့်အရေးမျိုးကို မည်သို့ ခံစားနိုင်မည်နည်း။
သူက ချက်ချင်းပင်
“သူတို့ကို ပြန်လွှတ်လိုက်ပါ။ မင်းသားကို ပြုစုစောင့်ရှောက်ဖို့ မလိုအပ်ကြောင်း ပြောလိုက်ပါ” ဟု အမိန့်ပေးလိုက်သည်။
ဒါက...
မုချန်တိန်က ဘေးမှ စကားဝင်ပြောလိုက်သည်။
“မင်းသား။ မင်းသားဟာ မင်းသားတစ်ပါးဖြစ်ပြီး ထျန်းကောင်းမြို့က အခြေအနေများက ကြမ်းတမ်းပါတယ်။ မင်းသားကို စောင့်ရှောက်မည့်သူ မရှိပဲ ဘယ်လိုနေနိုင်မှာလဲ။”
လုချန်းက တင်းတင်းကျပ်ကျပ်ပင်
“ဒီနေရာက စစ်မြေပြင်ပါ။ ပျော်စရာရှာရမယ့် နေရာမဟုတ်ပါဘူး။ ဘယ်သူတစ်ဦးတစ်ယောက်မှ အထူးအခွင့်အရေး မရှိစေရဘူး။ မင်းသားလည်း အပါအဝင်ပဲ” ဟု ပြောလိုက်သည်။
ပိုင်ချင်းချင်းသည် တစ်လတာလုံး လုချန်း၏ ဘေးတွင် ရှိနေသော်လည်း သူမကို လုချန်းက တစ်ခါမှ မထိခဲ့ပေ။
သူနောက်တန်းတွင် ရှိနေပါက သို့မဟုတ် ရန်ခရိုင်တွင် ရှိနေပါက သူအလိုရှိသလို ပြုမူနိုင်သော်လည်း စစ်မြေပြင်တွင်မူ မဖြစ်နိုင်ပါ။ အနာဂတ်တွင် စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် အစီအစဉ်များ လုချန်းတွင် ရှိသည်။ အကယ်၍ မင်းသားကိုယ်တိုင် ရှေ့တန်းတွင် မသင့်လျော်သော အပြုအမူများ ပြုမူပါက အခြားအရာရှိများလည်း ထိုနည်းတူ လိုက်လုပ်ကြမည် ဖြစ်သည်။
စစ်သည်များ သူ့ကို အတုယူပါက လမ်း ကြောင်းသွေဖယ် သွားနိုင်သည်ကို လုချန်း သိသဖြင့် သူ မည်မျှပင် ထိန်းချုပ်ရစေကာမူပိုင်ချင်းချင်းကို ထိမည် မဟုတ်ပေ။ လုချန်း၏ တည်နေသော မျက်နှာအမူအရာကို မြင်ရသောအခါ မုချန်တိန်၏ စိတ်ထဲတွင် လေးစားမှုများ ဖြစ်လာခဲ့သည်။
လုချန်းကဲ့သို့ ပျော်ပျော်နေတတ်သူအတွက် ဤမျှကာလကြာရှည်စွာ အမျိုးသမီးများကို ရှောင်ရှားနိုင်ခြင်းမှာ သာမန်မဟုတ်ပေ။ ဆွမ်နိုင်ငံတော်၏ စစ်တပ်တွင် စည်းကမ်းများက အမြဲလိုလို ပျော့ညံ့တတ်ပြီး အခြားနိုင်ငံကြီးများ၏ စစ်တပ်များလည်း ထိုနည်းအတိုင်း ဖြစ်နေသည်။
အံ့အားသင့်သွားပြီးနောက် ရှောင်ပင်တိန် ချက်ချင်းပင် ပြောလိုက်သည်
“ကျွန်တော် သူတို့ကို ပြန်ပို့လိုက်ပါမယ်။”
ထို့နောက် ရှောင်ပင်တိန်လည်း လှည့်ထွက်သွားလိုက်သည်။ ထိုအချိန်တွင် လုချန်းက အခန်းထဲရှိ လူများကို ပြောလိုက်သည်
။
“ကျွန်တော်ပြောတဲ့စကားကို မှတ်ထားပါ။ ဒီနေ့ကစပြီး ရှေ့တန်းစစ်စခန်းတွေမှာ စစ်ဖက်ဆိုင်ရာ ပြည့်တန်ဆာလိုမျိုးတွေ လုံးဝမရှိစေရဘူး။ စစ်ပြီးလို့ စစ်သားတွေ နောက်တန်းကို ပြန်ရောက်တဲ့အခါ သူတို့စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ရှေ့တန်းမှာတော့ လူတိုင်း စည်းကမ်းရှိရမယ်။”
......