အခန်း ၂၀၅-၂၀၇
Vol. 14 Ch. 205-207
အခန်း (၂၀၅)
မြောက်ပိုင်းနယ်စားမင်းသားသည် စစ်ရေးကျင့်ဝတ်ကို ဂရုမစိုက်ပါ (၂)
“အကယ်၍ ကျုပ်က မြောက်ပိုင်းမြို့တော်ကို တကယ်သိမ်းပိုက်လိုက်ရင် ရှနန်းတွင်းက မလွဲမသွေ နိုင်ငံရဲ့ စစ်အင်အားကို အသုံးပြုပြီး တိုက်ခိုက်လာလိမ့်မယ်။ ကျုပ်မြောက်ပိုင်းမြို့တော်ကို လာတာက ကောင်းကင်ဝံပုလွေဘုရင် ကျုပ်ကို ကတိပေးထားတာ တွေ ပြန်လည်ရယူဖို့ သက်သက်ပဲ။”
ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူတို့သည် နှစ်စဉ် တောင်ဘက်သို့ လာရောက်တိုက်ခိုက်လေ့ရှိသော်လည်း မြောက်ပိုင်းမြို့တော်ကို မည်သည့်အခါကမှ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။
ရှနိုင်ငံတော်က မြေနေရာကို အလွန်တန်ဖိုးထားကြောင်း မြောက်ပိုင်းဖရီဘုရင် သိရှိထားသောကြောင့် မြောက်ပိုင်းမြို့တော်ကို သူထာဝရ သိမ်းပိုက်ထားနိုင်မည်ဟု မယုံကြည်ပေ။ ရှနိုင်ငံတော်၏ အာဏာပိုင်များက မြောက်ပိုင်းသို့ ကြီးမားသော စစ်တပ်ကြီးကို စေလွှတ်မည်မှာ မလွဲဧကန်ဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းဖရီဘုရင်၏ ဤစစ်ချီခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းသည်။ အမျိုးသမီးများ၊ စားနပ်ရိက္ခာနှင့် ပစ္စည်းများကို လုယူရန် ဖြစ်သည်။
သူ၏ ရည်မှန်းချက်များ ပြည့်မီသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ဆုတ်ခွာသွားမည်ဖြစ်၏။ မြောက်ပိုင်းမြို့တော်တွင် ကြာရှည်စွာ နေထိုင်ရန် သူမရည်ရွယ်ပေ။
...
သူတို့ မြောက်ပိုင်းဒေသသို့ ပြန်ရောက်သည်နှင့် ရှနိုင်ငံတော်၏ စစ်တပ်က သူတို့ကို ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် လွင်ပြင်ဒေသ စစ်သည်တစ်ဦးက မြောက်ပိုင်းဖရီဘုရင်ထံ ချဉ်းကပ်လာပြီး
“ ဘုရင်ကြီး။ ထျန်းကောင်းမြို့ထဲမှာ မြင်းတွေ တွေ့ရှိပါတယ်။၊ သူတို့ရဲ့ မြင်းတွေကိုတောင် ယူမသွားပါဘူး။”
ထိုစကားကို ကြားလိုက်ရသည်နှင့် မြောက်ပိုင်းဖရီဘုရင်လည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ဟားဟား။ ရှနိုင်ငံသားတွေက တကယ့် အမှိုက်သရိုက်တွေပဲ။”
“သူတို့ အလျင်စလို ထွက်ပြေးသွားတာထင်ရှားတယ်။ ထျန်းကောင်းမြို့ထဲ့မှာ ရိက္ခာပစ္စည်းတွေအားလုံးကို ကျုပ်တို့အတွက် ချန်ထားခဲ့တယ်။”
“ကျုပ်ကို သူတို့ရဲ့ စစ်စခန်းဆိီ ခေါ်သွားပါ။ သူတို့ ဘာပစ္စည်းကောင်းတွေ ချန်ထားခဲ့လဲ ကြည့်ကြရအောင်။”
မြောက်ပိုင်းဖရီဘုရင် သူ၏ ကြီးမားသော စစ်တပ်ကို ဦးဆောင်ပြီး ထျန်းကောင်းမြို့၏ အတွင်းပိုင်းသို့ ချီတက်လာသည်နှင့် တစ်ပြိုင်နက် ထျန်းကောင်းမြို့၏ မြို့တံခါးကြီးများ ပိတ်သွားသည်။
လွင်ပြင်ဒေသ စစ်သည်များသည် မြို့တံခါးတွင် မြောက်ပိုင်းမြို့တော်၏ စစ်သည်များကို မြင်တွေ့လိုက်ရပြီး ချက်ချင်းပင် တစ်ခုခု မှားယွင်းနေသည်ကို သိရှိလိုက်ကာ စစ်ခရာများကို မှုတ်လိုက်ကြသည်။
အနောက်ဘက်မှ စစ်ခရာသံ များကို ကြားလိုက်ရသည်နှင့် မြောက်ပိုင်းဖရီဘုရင်လည်း ခဏတန့်သွားပြီး မြင်းကို လှည့်ကာ
“ဘာတွေဖြစ်နေတာလဲ”
ဟု မေးလိုက်သည်။
မြောက်ပိုင်းဖရီဘုရင်၏ မေးခွန်းကို မည်သူမျှ မဖြေနိုင်မီ သံလုံးများသည် မိုးပေါ်မှ ကျလာတော့သည်။
လွင်ပြင်ဒေသ စစ်သည်များသည် ဖြစ်ပျက်နေသည်ကို ချက်ချင်း သိရှိလိုက်ကြသည်။
“ရန်သူတိုက်လာပြီ”
“ကျွန်တော်တို့ လှည့်စားခံလိုက်ရပြီ။ ရှ စစ်သည်တွေ ထွက်မပြေးသေးဘူး”
“ခေါင်းတွေကို သတိထားပါ”
ခဏအတွင်းမှာပင် မြောက်ပိုင်းဖရီဘုရင်၏ စစ်သည် သိန်းချီလည်း ရှုပ်ထွေးသွားသည်။
ထိုအချိန်တွင် မြောက်ပိုင်းဖရီဘုရင် သတိဝင်လာ၏။ ရှစစ်တပ်က ထွက်ပြေးမသွားပဲ သူတို့ကို ဝိုင်းရံထားကြောင်း သူနားလည်လိုက်သည်။
ထို့နောက် သူက
“သရဲဘောကြောင်တတ်သူတွေက သရဲဘောကြောင်တဲ့ လုပ်ရပ်ကို လုပ်တာပဲ။ ဒီလိုလှည့်စားမှုလေးနဲ့ ကျုပ်တို့ရဲ့ စစ်တပ်ကြီးကို အနိုင်ရနိုင်မယ်လို့ ထင်နေကြတာလား”
ဟု ပြက်ရယ်ပြုလိုက်သည်။
ထို့နောက် မြောက်ပိုင်းဖရီဘုရင်က ဟစ်အော်လိုက်သည်။
“စစ်သည်အားလုံး သတိထားကြ။ ကျုပ်နဲ့အတူ ချီတက်ကြ”
မြောက်ပိုင်းဖရီဘုရင် အမိန့်ပေးလိုက်သည်နှင့် သူ၏ဘေးမှ သတင်းပို့စစ်သားက စစ်ခရာကို ထုတ်ယူကာ မှုတ်လိုက်သည်။
ဝူးဝူး
ဝူးဝူး
စစ်ခရာသံများသည် ထျန်းကောင်းမြို့၏ ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်နေသည်။ မကြာမီပင် မြောက်ပိုင်းဖရီဘုရင်၏ စစ်သည်များသည် စုစည်းလာကြသည်။ သို့သော်ရန်သူကို မရှာဖွေနိုင်မီ သူတို့ကြားထဲသို့ ကျဆင်းလာသော သံလုံးများက များက မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။
ထိုပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော သံစများကလည်း လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များ၏ သားမွေးအဝတ်အစားများကို ဖောက်ထွင်းသွားသည်။ ပေါက်ကွဲမှုတစ်ခုတိုင်းတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်တော်များ အစုလိုက်အပြုံလိုက် လဲကျသွားကြသည်။
ထိုမြင်ကွင်းကို မြင်ရသောအခါ မြောက်ပိုင်းဖရီဘုရင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ သူ့၏ တပ်ကြီးလည်း ပြန်လည်ပြီး ရှုပ်ထွေးသွားသည်။
“မိုးနတ်မင်း။ဒါက ဘယ်လိုလက်နက်မျိုးလဲ။”
“မိုးကြိုးပဲ။ မိုးကြိုးပစ်တာ။ မြောက်ပိုင်းမြို့တော်မှာ ထာဝရတန်ခိုးရှင် ရှိတယ်။”
“အသက်ဘေးကလွတ်အောင် ထွက်ပြေးကြ။”
“ငါ မသေချင်ဘူး။”
သူ့တပ်များ ရှုပ်ထွေးနေပုံနှင့် လွင့်စင်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြည့်ရင်း မြောက်ပိုင်းဖရီဘုရင်၏ စိတ်နှလုံး လုံးဝ ဗလာဖြစ်သွားသည်။
ဒီသံလုံးလက်နက်က ဘာလဲ။ ဘာကြောင့် ဒီလောက်တောင် ပြင်းထန်ရတာလဲ။
အခြေအနေဆိုးဝါးနေကြောင်း နားလည်သွားပြီး မြောက်ပိုင်းဖရီဘုရင်က ချက်ချင်း အမိန့်ပေးလိုက်သည်။
“ကျုပ်နဲ့အတူ ဖောက်ထွက်ကြ။”
ထို့နောက် မြောက်ပိုင်းဖရီဘုရင်၏ တပ်များသည် ဦးတည်ရာ ပြောင်းလိုက်ပြီး ထျန်းကောင်းမြို့မှ ထွက်ပြေးရန် မြို့တံခါးဆီသို့ ဦးတည်တိုက်ခိုက်လာသည်။
မြောက်ပိုင်းဖရီဘုရင်သည် အခြေအနေကို နောက်ကျစွာ နားလည်ခဲ့ခြင်းဖြစ်၏။ ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်း မြောက်ပိုင်းမြို့တော်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ လက်ချက်ဖြင့် ပျက်စီးခဲ့ရသည့် အကြောင်းရင်းကို အခုသူ သဘောပေါက်သွားပြီဖြစ်သည်။
ထိုလက်နက်မျိုးကို လူ့အားဖြင့် မည်သို့မျှ မတိုက်ခိုက်နိုင်ပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် စစ်ရေးကျင့်ဝတ်ကို လုံးဝမလိုက်နာပေ။
ထိုအချိန်တွင် စစ်ခရာသံများသည် ထျန်းကောင်းမြို့၏ ကောင်းကင်တစ်ခွင်တွင် ဆက်လက်ပဲ့တင်နေဆဲဖြစ်ပြီး မြေကြီးတုန်အောင် ကျယ်လောင်လှသော စည်တီးသံများနှင့် မိုးကြိုးလက်နက်များ၏ ပေါက်ကွဲသံများကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်တော်များသည် သူတို့၏နားများကန်းသွားသည်ဟု ခံစားနေရသည်။
သူတို့၏ နားများအူနေပြီး အခြားအသံများကို မကြားနိုင်တော့ပေ။
ထိတ်လန့်သွားသော လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များသည် မြို့တံခါးဝတွင် ရှိနေသော မြောက်ပိုင်းမြို့တော်၏ စစ်သည်များနှင့် ကစဉ့်ကလျား တိုက်မိကြသည်။ ကံမကောင်းစွာပင် မိုးကြိုးလက်နက် ပေါက်ကွဲမှုများ အများဆုံးဖြစ်ပွားသော နေရာသည် မြို့တံခါးဝတွင်ဖြစ်ပြီး လုချန်း ယခင်က အသုံးမပြုခဲ့သော အမြောက်များလည်း ရှိနေသေးသည်။
၁၂၂ မီလီမီတာ အမြောက်ဆံ၏ စွမ်းအားသည် မိုးကြိုးလက်နက်၏ ပေါက်ကွဲမှုထက် ပိုမိုပြင်းထန်သည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်သည်တော်များ မည်မျှပင် ထိုးဖောက်တိုက်ခိုက်လာစေကာမူ အစုလိုက်အပြုံလိုက် လဲကျသွားကြရ၏။ မကြာမီ သူတို့၏ အလောင်းများသည် တောင်ကုန်းငယ်တစ်ခုလို စုပုံလာသည်။
မိုးကြိုးလက်နက်၏ ပေါက်ကွဲသံများကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ မြင်းများသည် အလွန်လန့်သွားပြီး ထိန်းချုပ်၍ မရတော့ပေ။ မကြာမီ မြင်းတပ်ဖွဲ့စည်းပုံ ရှုပ်ထွေးသွားသည်။ ထို့နောက် မြင်းများ ကမူးရှူးထိုး ပြေးလွှားနေသည့် အဖြစ်အပျက်ကြီးတစ်ခု ထျန်းကောင်းမြို့အတွင်း ဖြစ်ပွားလာသည်။ ကောင်းကင်ဝံပုလွေဘုရင် မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်စဉ်က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်နှင့် ဆင်တူသည်။
လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များစွာလည်း သူတို့၏ မြင်းများကြောင့် မြေပေါ်သို့ ပြုတ်ကျသွားပြီး အခြားစစ်သည်များ၏ စစ်မြင်းများ တက်နင်းခြင်းကို ခံနေရသည်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များစွာလည်း သူတို့၏ မြင်းများကြောင့် မမှတ်မိနိုင် လောက်အောင် ပုံပျက်သွားကြသည်။
ခန္ဓာကိုယ်အစိတ်အပိုင်းများ လွင့်စင်နေသည်ကို မြင်ရသောအခါ မြောက်ပိုင်းဖရီဘုရင် ကြက်သေသေသွား၏။ ရှနိုင်ငံတော်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော လက်နက်များ ရှိနေသည့် အကြောင်းရင်းကို သူနားမလည်နိုင်တော့ပေ။
ရှနိုင်ငံတော်တွင် ဤမျှ အဖျက်စွမ်းအား ကြီးမားသည့် လက်နက်များ ရှိသည်ဟု သူတစ်ခါမှ မကြားဖူးပါ။ ထိုအချိန်တွင် သူ့ရှေ့တွင် ဖြစ်ပျက်နေသော အရာအားလုံးကို လုချန်းက မြို့ရိုးပေါ်မှနေ၍ အေးဆေးစွာ ကြည့်နေသည်။
လုချန်း၏ နံဘေးမှ ရှောင်ပင်တိန်သည်လည်း သူ့ရှေ့တွင် ဖြစ်ပျက်နေသော စစ်မြေပြင်ကို အာရုံစိုက်ကြည့်နေသော်လည်း သူ၏ စိတ်ထဲတွင် ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်တော် သုံးသိန်း ရန်ခရိုင်ကို တိုက်ခိုက်စဉ်က အဖြစ်အပျက်များကို အဆက်မပြတ် ပေါ်ထွက်လာနေသည်။
.......
အခန်း (၂၀၆ )
မြောက်ပိုင်းနယ်စားမင်းသားသည် စစ်ရေးကျင့်ဝတ်ကို ဂရုမစိုက်ပါ (၃)
ထိုညနေခင်းတွင် လွင်ပြင်ဒေသ စစ်သည်တော်များ တစ်စစီဖြစ်အောင် ဖောက်ခွဲခံခဲ့ရသည်။ ထိုမြင်ကွင်းကို ပြန်လည်တွေးတောမိသည်နှင့် ရှောင်ပင်တိန်၏ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ် တုန်ယင်သွားပြီး နဖူးပေါ်မှပင် ချွေးစေများ အဆက်မပြတ် ထွက်လာသည်။
သူတို့ မြောက်ပိုင်းမင်းသားကို အဘယ်ကြောင့် ဒုက္ခပေးမိကြသနည်း။
ဒါက တကယ်ပဲ စစ်ပွဲတစ်ခုလား။
ဒါက စစ်ပွဲဟု မခေါ်ထိုက်ပါ။
အနည်းဆုံးတော့ သူစိတ်ကူးထားသည့် စစ်ပွဲမျိုး မဟုတ်ပါ။
...
ဤသည်မှာ တစ်ဖက်သတ် သတ်ဖြတ်မှုတစ်ခုသာ ဖြစ်သည်။ မိုးကြိုးလက်နက်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းကို ခံနေရသော လွင်ပြင်ဒေသ စစ်တပ်သည် ခုခံတိုက်ခိုက်ရန် အင်အားမရှိတော့ပဲ ကြောက်လန့်နေသော ကြက်ငှက်များကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးနေရသည်။
ထို့နောက် လုချန်းက သူ့ဘေးရှိ ရှောင်ပင်တိန်ကို လှည့်ကြည့်လိုက်၏။ ရှောင်ပင်တိန်၏ သစ္စာစောင့်သိမှုသည် ၉၅ အထိ တက်လာသည်ကို သတိပြုမိသည်။ ရှောင်ပင်တိန်က ဖြူဖတ်ဖြူလျော်ဖြစ်နေသော မျက်နှာဖြင့် စစ်မြေပြင်ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ လုချန်းက
“ဗိုလ်ချုပ် ရှောင်။ ခင်ဗျားချမ်းနေတာလား။ ဘာ့ကြောင့် အဆက်မပြတ် တုန်နေရတာလဲ” ဟု မေးလိုက်သည်။
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် ရှောင်ပင်တိန် သတိဝင်လာပြီး ချက်ချင်းပင်
“ကျွန်တော်မချမ်းပါဘူး မင်းသား”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
လုချန်းက
“ဟုတ်ပါတယ်။ ဗိုလ်ချုပ်ရှောင်ရဲ့ နဖူးမှာ ချွေးတွေ ထွက်နေတယ်။ ဗိုလ်ချုပ် ရှောင်က ချမ်းနေတာတော့ မဟုတ်လောက်ဘူး။ ဗိုလ်ချုပ်က ထိပ်သီးပညာရှင်ဆိုတော့အတွင်းအားကို အသုံးပြုပြီး အအေးဒဏ်ကို ကာကွယ်နိုင်တာပဲ”
ဟု မထူးခြားသလို ပြောလိုက်သည်။
ရှောင်ပင်တိန်သည် လည်ချောင်းတစ်ခုလုံး ခြောက်သွေ့သွားပြီး
“မင်းသား ပြောတာ မှန်ပါတယ်” ဟု ပြောလိုက်သည်။
ရုတ်တရက် ရှောင်ပင်တိန်သည် တစ်စုံတစ်ခုကို သတိရသွားပြီး ချက်ချင်းပင် ဒူးတစ်ဖက်ထောက်လိုက်ကာ
“မင်းသား။ ကျွန်တော့်ကို စစ်ပွဲထဲ ဝင်ရောက်တိုက်ခိုက် ခွင့်ပြုပါ။ ကျွန်တော် မြောက်ပိုင်းဖရီဘုရင်ရဲ့ ခေါင်းကို ဖြတ်ပြီး မင်းသားထံ ဆက်သပါမယ်” ဟု လျှောက်တင်လိုက်သည်။
ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုများ မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိလာသည့်အချိန်မှစ၍ ရှောင်ပင်တိန်သည် သူ၏ သစ္စာစောင့်သိမှုကို သက်သေပြရန် အခွင့်လမ်းများ ရှာဖွေနေခဲ့သည်။ သူသည် မိုးကြိုးလက်နက်ကဲ့သို့သော လက်နက်များ၏ဒဏ်ကို ထပ်မံမခံစားလိုပေ။
ယခင်က မြောက်ပိုင်းမြို့တော်တွင် အရေးကြီးသည့် အဖြစ်အပျက်များ မဖြစ်ပွားသောကြောင့် သူ၏ သစ္စာစောင့်သိမှုကို ပြသရန် အခွင့်အရေး မရှိခဲ့ပေ။ ယခုအခါ အခွင့်အရေး ရောက်လာပြီဖြစ်သည်။ မြောက်ပိုင်းဖရီဘုရင်ကို သတ်ပြီး မြောက်ပိုင်းနယ်စားမင်းသားအား သူ၏ သစ္စာစောင့်သိမှုကို ပြသနိုင်တော့မည် ဖြစ်သည်။
ရှောင်ပင်တိန်၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာပြီး
“ဗိုလ်ချုပ် ရှောင်ရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလို ဒုက္ခခံဖို့ မလိုအပ်ပါဘူး။”
ထိုသို့ပြောပြီးနောက် လုချန်းသည် ချက်ချင်း အနီးအနားရှိ အမြောက်လက်နက်များဖြင့် အလုပ်များနေသော မုကျင်းဝူဘက်သို့ လှည့်ပြီး
“ဗိုလ်ကြီး မိုး။ မြောက်ပိုင်းဖရီဘုရင်ကို ချိန်လိုက်ပါ။”
မုကျင်းဝူက ချက်ချင်းပင်
“ဟုတ်ကဲ့”
ဟု အော်ဟစ်လိုက်သည်။
ချက်ချင်းပင် မုကျင်းဝူသည် သူ၏စစ်သည်များကို ပစ်မှတ်ချိန်ညှိရန် ညွှန်ကြားလိုက်ပြီး အမြောက်ကို မြောက်ပိုင်းဖရီဘုရင်၏ တည်နေရာဘက်သို့ ဦးတည်လိုက်သည်။
ထိုအချိန်တွင် လုချန်းက လေထဲမှ ဘာရတ်သေနတ်ကို ထုတ်ယူလိုက်ပြီး မြောက်ပိုင်းဖရီဘုရင်ကို ချိန်လိုက်သည်။
ဘာမှမရှိသည့်နေရာမှ တစ်စုံတစ်ခုကို ဆွဲယူလိုက်သည်ကို မြင်လိုက်ရပြီး ရှောင်ပင်တိန်သည် ထပ်မံငေးငိုင်သွားခဲ့၏။ လုချန်း၏လက်ထဲတွင် ရှိသော အနက်ရောင် တုတ်ကဲ့သို့သော အရာကို မြင်လိုက်ရသည်နှင့် သူ၏ဝိညာဉ်ပင် တုန်လှုပ်သွားသလို ခံစားရသည်။
ထိုလက်နက်သည် အမြောင်လက်နက်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခုဖြစ်တာက ထင်ရှားသည်။ မည်သည့်လက်နက်မျိုးဖြစ်သည်ကိုတော့ သူသေချာမသိပါ။
ထိုအချိန်တွင် မုကျင်းဝူကလည်း မြောက်ပိုင်းဖရီဘုရင်၏ တည်နေရာကို ပစ်မှတ်ထားပြီး ပစ်ခတ်ရန် ခလုတ်ကို ဆွဲလိုက်သည်။ နောက်တစ်စက္ကန့်တွင် သတ္တုလုံးတစ်လုံးသည် မြောက်ပိုင်းဖရီဘုရင်၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။
ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်နှင့်အညီ မြောက်ပိုင်းဖရီဘုရင်သည် ချက်ချင်းပင် ခြိမ်းခြောက်လာသော အန္တရာယ်ကို သတိပြုမိခဲ့သည်။ သူ၏ခေါင်းနှင့် နီးကပ်လာနေသော သတ္တုစက်လုံးကို မြင်လိုက်ရသည်နှင့် ယခင်က ပေါက်ကွဲခဲ့သော သတ္တုလုံးများကို သူသတိရလိုက်သည်။
သူသည် အလျင်အမြန်ပင် သူ၏ခန္ဓာကိုယ်ကို ကာကွယ်မှု အတွင်းအားဖြင့် ကာကွယ်လိုက်ပြီး မြင်းပေါ်မှနေ၍ အနောက်သို့ ခုန်ဆုတ်လိုက်သည်။
တိုက်ခိုက်မှုကို ရှောင်ရှားပြီးပြီဟု သူထင်လိုက်သည့်အချိန်တွင် မိုးကြိုးပစ်သံကဲ့သို့ “ဒိုင်း” ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီးသူသည် ရင်ဘတ်တွင် အေးစက်သော ခံစားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
မြောက်ပိုင်းဖရီဘုရင်သည် မယုံကြည်နိုင်စွာဖြင့် သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သွေးထွက်နေသည့် အပေါက်တစ်ခု ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည်။
ဘာဖြစ်သွားမှန်း နားလည်နိုင်မီပင် မြောက်ပိုင်းဖရီဘုရင်သည် ကောင်းကင်မှ မြေပြင်သို့ ကျဆင်းသွားပြီး မျက်လုံးများ ပြူးထွက်ကာ သေဆုံးသွားခဲ့သည်။
.......
အခန်း (၂၀၇)
အကျအဆုံးမဲ့ စစ်ပွဲ (၁ )
မြောက်ပိုင်းဖရီဘုရင်ကို လုချန်း၏ လက်နက်က တစ်ချက်တည်းဖြင့် သတ်လိုက်သည်ကို မြင်လိုက်ရသည်နှင့် ရှောင်ပင်တိန်ရုတ်တရက် ကျောချမ်းသွားခဲ့သည်။
တကယ်ပင် သူထင်ထားသည့်အတိုင်းပင်… မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲရှိ ထူးဆန်းသော လက်နက်သည် မိုးကြိုးလက်နက်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသည်။ မြောက်ပိုင်းဖရီဘုရင်သည် အသက်အတော်ကြီးပြီးဖြစ်သော်လည်း ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်။ ထိပ်သီးပညာရှင်တစ်ဦးသည် ရန်သူ၏မျက်နှာကိုပင် မြင်ခွင့်မရပဲ ဤမျှဝေးကွာသော အကွာအဝေးမှ အသတ်ခံလိုက်ရသည်။
...
ကြောက်စရာကောင်း၏။
အလွန်အမင်း ကြောက်စရာကောင်း၏။
ထိုအချိန်တွင် ရှောင်ပင်တိန် တနည်းတစ်ဖုံ စိတ်သက်သာရာသွားမိသည်။ မြောက်ပိုင်းနယ်စားမင်းသားထံ လက်နက်ချခဲ့ မိသည့်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်မိသည်။ အကယ်၍ သူသာ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဆီသို့ ပြန်သွားကာ မျိုးနွယ်စု ဘုရင်အဖြစ် ကြေငြာပြီး မြောက်ပိုင်းမြို့တော်သို့ မလာပဲ ထွက်ပြေးရန် စဉ်းစားခဲ့ပါက....
သူသည် တစ်နေ့တွင် စစ်မြေပြင်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ စစ်တပ်နှင့် ရင်ဆိုင်ရနိုင်သည်။ ထိုအခါတွင် မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို ထိုကဲ့သို့ လက်နက်ဖြင့် စီရင်နိုင်သည်။
မြောက်ပိုင်းဖရီဘုရင်၏ ရင်ဘတ်တွင် ရှိသော ကြီးမားသည့် သွေးထွက်နေသည့် အပေါက်ကို တွေးမိသည်နှင့် သူ၏ ရင်ဘတ်တွင် စူးရှသော နာကျင်မှုတစ်ခုကို ရှောင်ပင်တိန် ခံစားလိုက်ရသည်။
သူသည် မြောက်ပိုင်းမြို့တော်၏ ထိုကြောက်မက်ဖွယ်ကောင်းသော လက်နက်များကို ထပ်မံရင်ဆိုင်ရန် မလိုလားပေ။
ထိုအချိန်တွင် လုချန်းသည် ရှောင်ပင်တိန်ဘက်သို့ လှည့်ပြီး
“ဗိုလ်ချုပ် ရှောင်။ နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်ဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။”
လုချန်း၏ အသံကို ကြားလိုက်ရသည်နှင့် ရှောင်ပင်တိန်သည် အံ့အားသင့်နေရာမှ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ သူက အလျင်အမြန်ပင် ဒူးတစ်ဖက် ထောက်လိုက်ပြီး
“ဟုတ်ကဲ့ပါ မင်းသား။”
မြောက်ပိုင်းမြို့တော်သို့ ဝင်ရောက်လာသောကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုမှ စစ်သည်အချို့ကို လုချန်း စုဆောင်းထားခဲ့သည်။ များပြားလှသည် မဟုတ်သော်လည်း ခုနှစ် ထောင် ရှစ်ထောင်ခန့်တော့ရှိသည်။
ထိုခုနှစ်ထောင် ရှစ်ထောင်ခန့်အနက် အများစုသည် ကင်းထောက်တပ်ဖွဲ့ဝင်များ ဖြစ်ပြီး အဓိကအားဖြင့် မြောက်ပိုင်းဒေသ၏ ကျယ်ပြန့်သော လွင်ပြင်မှ မျိုးနွယ်စုများ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန်ဖြစ်သည်။ သို့သော် မြင်းတပ်သား ငါးထောင်လည်း ပါဝင်သည်။
ရှောင်ပင်တိန် လက်နက်ချပြီးနောက် လုချန်းသည် သူ့ကို စစ်သည်မရှိပဲ ဗိုလ်ချုပ်အဖြစ် ထားရန် မဖြစ်နိုင်ပေ။ မဟုတ်ပါက သူ၏ သစ္စာရှိမှုကို မည်သို့ပြသမည်နည်း။ ထို့ကြောင့် လုချန်းသည် လွင်ပြင်ဒေသသား မြင်းတပ်သား ငါးထောင်ကို ရှောင်ပင်တိန်၏ ကွပ်ကဲမှုအောက်သို့ ခွဲဝေပေးခဲ့သည်။
ရှောင်ပင်တိန်နှင့် လွင်ပြင်ဒေသသား စစ်သည်ငါးထောင်သည် သူတို့၏ သစ္စာစောင့်သိမှုကို ပြသရန် အခွင့်အရေးတစ်ခုကို ရှာဖွေနေသည်ကို လုချန်း သတိထားမိသည်။
အစကတည်းက အနက်ရောင်မြင်းတပ်ကို စေလွှတ်ကာ တိုက်ပွဲကို အဆုံးသတ်နိုင်သော်လည်း ရှောင်ပင်တိန်နှင့် သူ၏စစ်သည်များကို အခွင့်အရေးပေးရန် နောက်ဆုံးတွင် လုချန်း ဆုံးဖြတ်လိုက်သည်။
လွင်ပြင်ဒေသမှ အခြားမျိုးနွယ်စုများ၏ သွေးဖြင့်သာ သူတို့ စိတ်ချမ်းသာနိုင်မည် ဖြစ်၏။ ထိုအခါမှသာ မြောက်ပိုင်းမြို့တော်ရှိ လူများကလည်း ကျေနပ်မှုရှိမည်ဖြစ်ပြီး ရှောင်ပင်တိန်၏ မြင်းတပ်ကို မြောက်ပိုင်းမြို့တော်၏ စစ်တပ်ထဲသို့ ပေါင်းစည်းရာတွင် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
လုချန်းထံမှ အမိန့်ကို ရရှိပြီးနောက် ရှောင်ပင်တိန်သည် မြို့ရိုးပေါ်မှ တိုက်ရိုက်ခုန်ချလိုက်ပြီး သူ၏မြင်းတပ်သားငါးထောင်ကို ဦးဆောင်ကာ မြောက်ပိုင်းဖရီဘုရင်၏ စစ်တပ်ဆီသို့ တိုက်ရိုက်သွားလိုက်သည်။
ထိုအချိန်တွင် မြို့ရိုးပေါ်ရှိ စစ်သည်များကလည်း မိုးကြိုးလက်နက်များ ပစ်ချခြင်းကို ရပ်တန့်လိုက်သည်။ မြောက်ပိုင်းမြို့တော်၏ ခြေလျင်တပ်ဖွဲ့များကလည်း လှုပ်ရှားလာသည်။ ဝမ်ရန်လီနှင့် ရွှမ်ယွမ်ချန်းတို့၏ အနက်ရောင်မြင်းတပ်ကတော့ စစ်ပွဲထဲသို့ မဝင်ရောက်ကြပေ။
သူတို့ဦးဆောင်သော အနက်ရောင်မြင်းတပ်သည် မြို့တံခါးဝတွင် ရပ်နေပြီး သူတို့ရှေ့တွင် ဖြစ်ပျက်နေသော အရာများကို အေးစက်စွာ ကြည့်ရှုနေသည်။ မြောက်ပိုင်းဖရီဘုရင်၏ စစ်သည်များသည် သူတို့၏ဘုရင်သေဆုံးပြီး မြောက်ပိုင်းမြို့တော်၏ စစ်သည်များက ဝိုင်းရံထားသည်ကို တွေ့မြင်သောအခါ ကြောက်ရွံ့ပြီး ဘာလုပ်ရမှန်း မသိတော့ပေ။
ထိုအချိန်တွင် မြင်းတပ်တစ်ခုက အဝေးမှ ဒုန်းစိုင်းလာသည်ကို တွေ့မြင်သောအခါ မြောက်ပိုင်းဖရီဘုရင်၏ စစ်သည်များလည်း သူတို့လွတ်မြောက်ရန် လမ်းမရှိတော့ကြောင်း သိလိုက်ရသည်။
ရှောင်ပင်တိန်ဦးဆောင်သော လွင်ပြင်ဒေသမြင်းတပ်ငါးထောင်သည် မြောက်ပိုင်းဖရီဘုရင်၏ လွင်ပြင်ဒေသစစ်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်တော့မည့်အချိန်တွင် မြောက်ပိုင်းဖရီဘုရင်၏ ဗိုလ်ချုပ်တစ်ဦးက ရုတ်တရက် အော်လိုက်သည်။
“ကျွန်တော်တို့ အညံ့ခံတယ်။ ကျွန်တော်တို့ကို မသတ်ပါနဲ့။”
ထိုစကားကို ကြားသော်လည်း ရှောင်ပင်တိန်က သူ၏မြင်းကို မရပ်တန့်နိုင်သေးပေ။ သူဓားကို ဆွဲထုတ်တော့မည့်အချိန်တွင် တစ်ဖက်က အညံ့ခံလိုက်ခြင်း ဖြစ်သည်။
လွင်ပြင်ဒေသ ဗိုလ်ချုပ်၏ စကားကို ကြားသောအခါ အခြားလွင်ပြင်ဒေသ စစ်သည်များလည်း ဖြစ်ပျက်နေများကို မြန်မြန်ဆန်ဆန် နားလည်သွားကြသည်။ သူတို့သည် လက်နက်များကို ပစ်ချကာ မြင်းပေါ်မှ ဆင်းလာပြီး မြေပေါ်တွင် ဒူးထောက်လိုက်ကြသည်။
ဒါကရှောင်ပင်တိန် အလွန်ဒေါသထွက်သွားသည်။ ယုတ္တိဗေဒအရ မြောက်ပိုင်းဖရီဘုရင်၏ တပ်များ အညံ့ခံခြင်းသည် မြောက်ပိုင်းမြို့တော်အတွက် သတင်းကောင်းဖြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းဖြင့် အကျအဆုံးများ မရှိနိုင်တော့ပါ။
စစ်ပွဲသည် စစ်ပွဲပင်ဖြစ်သည်။ စစ်မြေပြင်တွင် ကိုယ့်ဘက်က မည်မျှပင် အသာစီးရနေပါစေ အနီးကပ် တိုက်ပွဲတွင်တော့ သေဆုံးမှုများ ဖြစ်ပွားမည်မှာ မလွဲဧကန်ဖြစ်သည်။ ဝန်နင်းတောင်ကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြောက်ပိုင်းမြို့တော်ဘက်မှ အားသာချက်များ ကြီးကြီးမားမား ရှိနေခဲ့သော်လည်း ကျဆုံးသူ သောင်းနှင့်ချီ ရှိခဲ့သည်။
မြောက်ပိုင်းဖရီဘုရင်၏ စစ်တပ်သာ အညံ့မခံပါက ထောင်ဂဏန်းလောက်ပင် မဟုတ်ပါ။ ကျဆုံးသူ သောင်းနှင့်ချီရှိမည်မှာ သေချာသည်။ ထိုသို့ အကျအဆုံးများကို လုံးဝရှောင်ရှားနိုင်ခြင်းက ခေါင်းဆောင်ဖြစ်သူ လုချန်းအတွက် သတင်းကောင်းဖြစ်သော်လည်း ရှောင်ပင်တိန်နှင့် သူ၏မြင်းတပ်ငါးထောင်ကတော့ ကျေနပ်မှုမရှိပေ။
မြောက်ပိုင်းနယ်စားမင်းသားအား သစ္စာစောင့်သိမှုကို ပြသရန် မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စု စစ်သည်များကို သတ်ဖြတ်တော့မည့်အချိန်တွင် ထိုလူစုက အညံ့ခံလိုက်သည်။
သူတို့သည် အညံ့ခံလိုက်ပါက မြောက်ပိုင်းနယ်စားမင်းသားအား သစ္စာစောင့်သိမှုကို မည်သို့ ပြသတော့မည်နည်း။မျက်နှာမည်းနေသော ရှောင်ပင်တိန်သည် သူ့အရှေ့တွင် ရှိနေသော လွင်ပြင်ဒေသဗိုလ်ချုပ်ကို ကြည့်လိုက်သည်။ ကျေနပ်မှု မရှိသော်လည်း သူက ပြောလိုက်သည်။
“ခင်ဗျား မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တယ်။”
ထို့နောက် ရှောင်ပင်တိန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ သူ့နောက်မှ စစ်သည်များကို
“စစ်မြေပြင်ကို ရှင်းလင်းလိုက်ပါ။” ဟု ပြောလိုက်သည်။
လွင်ပြင်ဒေသ စစ်သည်များ လက်နက်ချသည်ကို တွေ့မြင်သောအခါ မြို့ရိုးပေါ်ရှိ မုချန်တိန်နှင့် အခြားသူများလည်း သက်ပြင်းချလိုက်ကြသည်။
ဤသည်မှာ ယမ်းလက်နက်ကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုဖြစ်သည်။
ယခင်က အနေအထားမျိုး ဖြစ်ခဲ့ပါက မြောက်ပိုင်းဖရီဘုရင်၏ စစ်သည်တစ်သိန်းသည် ဝိုင်းရံခံရသည့်တိုင် သေသည်အထိ တိုက်ခိုက်ကြမည်ဖြစ်ပြီး ဝိုင်းရံခံရခြင်းမှ လွတ်မြောက်ရန် ကြိုးစားမည်ဖြစ်သည်။
သို့သော် ယခုအခါ အရာရာ ပြောင်းလဲသွားပြီဖြစ်သည်။ မိုးကြိုးလက်နက်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ခံရပြီးနောက် သူတို့၏ စိတ်များကို အကြောက်တရားက ဖုံးလွှမ်းသွားပြီးတိုက်ခိုက်လိုစိတ် မရှိတော့ပေ။
ထိုကြီးကျယ်လှသော တိုက်ပွဲသည် မြောက်ပိုင်းမြို့တော်ဘက်မှ ကျဆုံးသူ တစ်ဦးတစ် လေမှ မရှိပဲ အဆုံးသတ်သွားခဲ့သည်။ ထိုရလဒ်ကို အစီရင်ခံပါက နန်းတွင်းကယုံကြည်မည် မဟုတ်ပေ။ နန်းတွင်းသာ မဟုတ်ပါ။ မြို့ရိုးပေါ်တွင် ရပ်နေကြသော မြောက်ပိုင်းမြို့တော်၏ စစ်သည်များသည်လည်း အိပ်မက်ထဲ ရောက်နေသလို ခံစားနေကြရသည်။
..........