အခန်း ၂၀၈-၂၁၀
Vol. 14 Ch. 208-210
အခန်း (၂၀၈)
အကျအဆုံးမဲ့ စစ်ပွဲ (၂)
ဒါက လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်တော် တစ်သိန်းကျော်ပါဝင်သော စစ်တပ်ကြီးတစ်ခု ဖြစ်သည်။ ဒါတောင် မြောက်ပိုင်းမြို့တော်ဘက်က တစ်ဦးတစ်ယောက်မှ ကျဆုံးခဲ့ခြင်း မရှိပါ။ ယခုလို အဖြစ်အပျက်မျိုးသည် သမိုင်းတွင် မည်သည့်အခါကမှ မဖြစ်ပွားခဲ့ဖူးပါ။
ထိုအချိန်တွင် မုချန်တိန်က လုချန်းနားသို့ ရောက်လာပြီး
“မင်းသား။ ဒီစစ်ပွဲရဲ့ အစီရင်ခံစာကို ဘယ်လိုရေးမှာလဲ”
ဟု မေးလိုက်သည်။
အကယ်၍ ကျဆုံးမှု လုံးဝမရှိသည့် သတင်း နန်းတွင်းသို့ ရောက်ရှိသွားပါက နန်းတွင်းရှိ အရာရှိများက ဒါကို ယုံကြည်မည် မဟုတ်ဘူးဆိုတာ နှစ်ခါစဉ်းစားစရာ မလိုပါ။
သို့သော် သူတို့ ယုံကြည်သည် မယုံကြည်သည်က အရေးမကြီးပါ။ အရေးကြီးသည်ကနန်းတွင်းသည် မြောက်ပိုင်းမြို့တော်ဘက်ကအသေအပျောက် မရှိကြောင်းကို တကယ်သိရှိသွားပါက မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသသား စစ်သည် တစ်သိန်းကျော်ပါဝင်သော စစ်တပ်ကို ရင်ဆိုင်ရပြီး အသေအပျောက် မရှိအောင် မည်သို့ပြုလုပ်နိုင်ခဲ့တာလဲ ဆိုသည့် နည်းလမ်းများကို ရှာဖွေစုံစမ်းလာမည်မှာ မလွဲဧကန်ဖြစ်သည်။ ဒါက မြောက်ပိုင်းမြို့တော်အတွက် မကောင်းပါ။
...
ထို့ကြောင့် ဤစစ်ပွဲ၏ အစီရင်ခံစာကို ရေးသားရန် မလွယ်ကူပါ။
မုချန်တိန်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် လုချန်း ခဏမျှ တွေးတောသွားပြီး
“အဲ့ဒီ လွင်ပြင်ဒေသ စစ်သည်တွေရဲ့အဝတ်အစားတွေကို ချွတ်ပြီး သူတို့အားလုံးကို မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တွေရဲ့ ဝတ်စုံတွေကို ဝတ်ခိုင်းလိုက်ပါ”
ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် လုချန်းသည် သူ့ဘေးရှိ အထူးကိုယ်ရံတော် တစ်ဦးဘက်ကို လှည့်လိုက်ပြီး
“ရန်ခရိုင်ကိုသွားပြီး နန်းတွင်းက မြင်းတပ်နှစ်သောင်းကို နောက်လဝက်အကြာမှာ ထျန်းကောင်းမြို့ကို ချီတက်လာဖို့ လင်ရှုမင်ကို ပြောပါ။ စစ်ပွဲက အလွန်ပြင်းထန်ပြီး သူတို့ရဲ့ အကူအညီ လိုအပ်ကြောင်း ပြောပါ။”
“ဟုတ်ကဲ့ မင်းသား။”
ပြောပြီးချက်ချင်းပင် အထူးကိုယ်ရံတော် လည်း မြို့ရိုး ပေါ်မှ ထွက်ခွာသွားသည်။
လုချန်း၏ စကားကို ကြားလိုက်ရပြီး မုချန်တိန်နှင့် အခြားသူများ အတန်ငယ် ရှုပ်ထွေးသွားကြသည်။ မင်းသားက ဘာတွေကြံစည် နေတာလဲ။ ထိုအချိန်တွင် ဝမ်ရန်လီနှင့် ရွှမ်ယွမ်ချန်းတို့သည် မြို့ပြင်ရှိ မြင်းများပေါ်မှ တိုက်ရိုက် ခုန်တက်လာပြီး မြို့ရိုးပေါ်သို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် လုချန်းက ရွှမ်ယွမ်ချန်းနှင့် ဝမ်ရန်လီတို့အား
“ဗိုလ်ချုပ်ရွှမ်ယွမ်နှင့် ဗိုလ်ချုပ်ဝမ်။ ခင်ဗျားတို့က ဒီလွင်ပြင်ဒေသသား စစ်သုံ့ပန်းတွေကို သံချပ်ကာ မြင်းတပ်လေးသောင်းနဲ့ ရန်ခရိုင်က စစ်စခန်းကို ပို့ဆောင်ရမယ်” ဟု ပြောလိုက်သည်။
ရွှမ်ယွမ်ချန်းနှင့် ဝမ်ရန်လီတို့က
“ဟုတ်ကဲ့ပါ မင်းသား ဟု ချက်ချင်း ပြန်ကြားလိုက်သည်။
လုချန်းက ဆက်လက်၍ ပြောလိုက်သည်။
“မြောက်ပိုင်းဖရီဘုရင်ဟာ စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး တောင်ဘက် ချီတက်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ အနက်ရောင် မြင်းတပ်ငါးသောင်းဟာ လွင်ပြင်ဒေသ စစ်တပ်ကို အပြင်းအထန် တိုက်ခိုက်ရခဲ့ပြီး အနက်ရောင် မြင်းတပ်သား လေးသောင်းကျော် ကျဆုံးဒဏ်ရာရခဲ့တယ်။ အခြားစစ်သည် အမြောက်အမြားလည်း ကျဆုံးခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ဟာမြောက်ပိုင်းမြို့တော်ကို ခက်ခက်ခဲခဲ ကာကွယ်နိုင်ခဲ့ပြီး မြောက်ပိုင်းဖရီဘုရင်ရဲ့ ကျန်ရှိနေတဲ့ စစ်တပ်ဟာ လွင်ပြင်ဒေသကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်”
လုချန်း၏ စကားကို ကြားရသောအခါ အားလုံးလည်း သူ၏ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ လုချန်းသည် စစ်ရေးအခြေအနေကို ဖုံးကွယ်ရန် စီစဉ်နေခြင်းဖြစ်သည်။ အခြားသူများအတွက် စစ်သတင်းကို ဖုံးကွယ်ချင်သောအခါ သူတို့သည် လွင်ပြင်ဒေသသား စစ်သည်များစွာကို သတ်ဖြတ်ခဲ့သည်ဟု သူတို့၏စစ်အောင်ပွဲများကို ကြီးကျယ်စွာ အစီရင်ခံလိုကြမည်ဖြစ်သည်။
သို့သော် သူတို့ကတော့ သူတို့၏စစ်သည်များအမြောက်အမြား ကျဆုံးကြောင်း လုပ်ကြံဖန်တီးကာ စစ်သတင်းကို ဖုံးကွယ်နေကြသည်။
ထိုအချိန်တွင် လုချန်းသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“မြောက်ပိုင်းဒေသမှာ ရန်သူအချို့ မရှိရင် ကျွန်တော့်ရဲ့ ရှေ့လာမယ့် ရက်တွေက မလွယ်ဘူး။”
ထို့နောက် လုချန်းသည် ခပ်ဝေးဝေးမှ မြောက်ပိုင်းဖရီဘုရင်၏ လွင်ပြင်ဒေသသား စစ်သုံ့ပန်းများ ကြည့်လိုက်သည်။
မြောက်ပိုင်းဒေသမှ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုက ပျောက်ကွယ်သွားပြီဖြစ်၏။ ယခု မြောက်ပိုင်းဖရီဘုရင်၏ စစ်တပ်သည်လည်း ရှုံးနိမ့်သွားခဲ့သည်။ မြောက်ပိုင်းမြို့တော်ကို ခြိမ်းခြောက်နိုင်သည့် ရန်သူများ မရှိတော့ပါ။
မြောက်ပိုင်းမြို့တော်တွင် ရန်သူများ မရှိတော့ပါက စစ်သည်တစ်သိန်းငါးသောင်းပါသော စစ်တပ်ကို လိုအပ်ဦးမှာလား။ မြောက်ပိုင်းဖရီဘုရင်ကို သူတို့ အနိုင်ရခဲ့ကြောင်း အစီရင်ခံပါက မြောက်ပိုင်းမြို့တော်ရှိ စစ်သည်အရေအတွက်ကို လျှော့ချရန် နန်းတွင်းမှ နည်းလမ်းရှာလာမည်မှာ သေချာသည်။
ထို့ကြောင့် ယခုစစ်အောင်ပွဲကို အမှန်အတိုင်း အစီရင်ခံ၍ မရပေ။ လုချန်း၏ စကားကို ကြားသောအခါ မုချန်တိန်နှင့် အခြားသူများသည်လည်း သူ၏ဆိုလိုရင်းကို သတိပြုမိကြသည်။
မြောက်ပိုင်းမြို့တော်အတွက် မြောက်ပိုင်းဖရီဘုရင်ဟူသော ရန်သူ မရှိတော့ပါက၊ လွင်ပြင်ဒေသမျိုးနွယ်စု၏ ခြိမ်းခြောက်မှုများ မရှိတော့ပါက မြောက်ပိုင်းမြို့တော်၏ စစ်သည်တစ်သိန်းငါးသောင်းသည် နန်းတွင်းအတွက် မျက်လုံးစူးစရာ ဖြစ်လာမည်ဖြစ်သည်။ ထိုအခါ နန်းတွင်းက မြောက်ပိုင်းမြို့တော်ရှိ စစ်သည်အရေအတွက်ကို လျှော့ချရန် နည်းလမ်းရှာကြမည်ဖြစ်သည်။
ဟုတ်ပါသည်။ သူတို့၏စစ်သည် အရေအတွက်ကို လိမ်လည်၍ တင်ပြထားနိုင်သော်လည်း ထိုသို့ခက်ခက်ခဲခဲ လုပ်ရန် လုချန်း မစဉ်းစားပါ။ သူ့လက်ထဲရှိ စစ်သည်အရေအတွက်ကို ဖုံးကွယ်ထားနိုင်သော်လည်း မြောက်ပိုင်းမြို့တော်တွင် ရန်သူများမရှိပါက နန်းတွင်း၏ အာရုံက သူတို့အပေါ်တွင် ရှိနေမည်ဖြစ်သည်။
အခြားသူများက သူ့ကို အာရုံစိုက်နေပါက သူ၏စစ်တပ်အင်အားကို မည်မျှပင် ဖုံးကွယ်ထားပါစေ အကျိုးမရှိပေ။ အကောင်းဆုံး ဖြေရှင်းနည်းမှာ နန်းတွင်းရှိ အလုပ်မရှိသော အရာရှိများ မြောက်ပိုင်းမြို့တော်၏ စစ်သည်အရေအတွက်ကို အမြဲမပြတ် စောင့်ကြည့်နေခြင်းမှ ရှောင်ရှားရန်ဖြစ်သည်။
မြောက်ပိုင်းမြို့တော်ဘက်မှ သံချပ်ကာမြင်းတပ်လေးသောင်း ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံခြင်းဖြင့် မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ် သောင်းချီရှိနေသည့် ကိစ္စကို အာဏာပိုင်များ စဉ်းစားတော့မည် မဟုတ်ပေ။
သူတို့တွင် သံချပ်ကာများ ကျန်ရှိနေသော်လည်း သံချပ်ကာမြင်းတပ်ကို လေ့ကျင့်ရန်အတွက် အချိန်များစွာ လိုအပ်သည်။ သံချပ်ကာကို ဝတ်ဆင်လိုက်ရုံဖြင့် သံချပ်ကာမြင်းတပ်၏ တိုက်ခိုက်ရေး စွမ်းအားကို အလိုလိုရလာမည် မဟုတ်ပေ။
ထို့အပြင် မြောက်ပိုင်းဒေသတွင် လွင်ပြင်ဒေသမျိုးနွယ်စုများ၏ ရန်က ရှိနေသေးသောကြောင့် နန်းတွင်းသည် မြောက်ပိုင်းမြို့တော်ကို သိပ်အာရုံမစိုက်တော့ပဲ မကြာမီ သူတို့၏အာရုံများကို အခြားနေရာသို့ ပြောင်းသွားကြမည်ဖြစ်သည်။
ထိုအချိန်တွင် မုချန်တိန်က
“မင်းသား။ ရှနိုင်ငံတော်ရဲ့ စစ်ဝတ်စုံကို ဝတ်ဆင်ထားသူတွေဟာ လွင်ပြင်ဒေသသား တွေမှန်း လင်ရှုမင် သိသွားနိုင်ပါတယ်။”
သေဆုံးသွားသော လွင်ပြင်ဒေသစစ်သည်များကို ရှစစ်သည်များ၏ အဝတ်အစားများ ဝတ်ပေးပြီး လင်ရှုမင်၏ စစ်သည်နှစ်သောင်းကို စစ်မြေပြင်ကို ရှင်းလင်းရန်နှင့် ရုပ်အလောင်းများကို စွန့်ပစ်ရန် စေခိုင်းမည်ဟု မုချန်တိန်က ထင်နေဆဲဖြစ်သည်။
ထိုသို့လုပ်ပါက လုချန်း၏ အစီအစဉ် ပေါက်ကြားသွားနိုင်သည် မဟုတ်ပါလား။
လွင်ပြင်ဒေသသားများနှင့် ရှနိုင်ငံသားတို့သည် ပုံသဏ္ဍာန်ဆင်သော်လည်း အနည်းငယ်ကွဲပြားမှုများ ရှိသည်။ လွင်ပြင်ဒေသမျိုးနွယ်စုများနှင့် တိုက်ခိုက်ခဲ့ဖူးသူများသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် လွင်ပြင်ဒေသစစ်သည် ဟုတ်မဟုတ် သိနိုင်သည်။
လင်ရှုမင်သည် အသက်ငယ်သော်လည်း မြောက်ပိုင်းဒေသရှိ လွင်ပြင်ဒေသမျိုးနွယ်စုများနှင့် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် ဝတ်စုံလဲလိုက်လျှင်လည်း ထိုသူသည် လွင်ပြင်ဒေသမျိုးနွယ်စုမှ ဟုတ်မဟုတ်ကို လင်ရှုမင် သိနိုင်သည်။
လင်ရှုမင်သည် ဤအချက်ကို သိရှိပြီး နောက်ပိုင်းတွင် တိုက်ပွဲအစီရင်ခံစာထဲ ထည့်သွင်းရေးသားကာ အထက်သို့ ပေးပို့ပါက လုချန်း၏ အစီအမံများ ပျက်ပြားသွားမည် မဟုတ်ပါလား။
မုချန်တိန်၏ စကားကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ကာ
“လင်ရှုမင်နဲ့ နန်းတွင်းစစ်တပ်နှစ်သောင်းကို ရုပ်အလောင်းတွေ ကောက်ခိုင်းဖို့ပဲ ခေါ်လိုက်တယ်လို့ မထင်နဲ့ပါနဲ့ ဗိုလ်ချုပ်မု။”
မုချန်တိန်သည် အံ့အားသင့်သွားခဲ့သည်။
မဟုတ်ဘူးလား။
နန်းတွင်းမှ စေလွှတ်လိုက်သော ဗိုလ်ချုပ်လင်ရှုမင်သည် သေဆုံးသူများကို ကိုယ်တိုင်စစ်ဆေးရခြင်း မရှိပါက သူ၏တိုက်ပွဲအစီရင်ခံစာကို မည်သူက ယုံကြည်မည်နည်း။
လင်ရှုမင်နှင့် နန်းတွင်းစစ်တပ်ကို စစ်မြေပြင်ရှင်းလင်းရန်နှင့် မြောက်ပိုင်းမြိုတော်မှ စစ်သည်များ သေဆုံးမှုများစွာရှိကြောင်း သိစေရန် အခေါ်လွှတ်လိုက်ခြင်းဖြစ်သည်ဟု မုချန်တိန် ထင်နေခဲ့သည်။
လုချန်းက မထူခြားသလို ပြောလိုက်သည်။ “ဒီလောက်ဒုက္ခမခံ မနေပါနဲ့။ အလောင်းတွေအားလုံးကို မြေမြှုပ်လိုက်ပါ။”
“ကျွန်တော် လင်ရှုမင်ကို ခေါ်လိုက်တာက မြောက်ပိုင်းမြို့တော်ရဲ့ အခြေအနေက သိပ်မကောင်းဘူးဆိုတာ နန်းတွင်းကို သိစေချင်လို့ပဲ။”
“နှင်းတွေက ပိုကျလာနေပြီ။ နေရာတိုင်းမှာ စုပုံနေပြီ။ လင်ရှုမင်နဲ့ နန်းတွင်း စစ်တပ်နှစ်သောင်းဟာ ထျန်းကောင်းမြို့ကို နှစ်ပတ်အတွင်း ရောက်အောင်လာဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ကျုပ်က လင်ရှုမင်ကို ထျန်းကောင်းမြို့ကို နောက်နှစ်ပတ်ကြာမှ လာဖို့ ပြောထားတယ်။ ဒါကြောင့်သူတို့ ထျန်းကောင်းမြို့ကို ရောက်ဖို့ တစ်လကြာမယ်။”
“သူတို့တွေ ထျန်းကောင်းမြို့ကို ရောက်တဲ့အခါ ဒီလွင်ပြင်ဒေသား စစ်သည်တွေရဲ့ ရုပ်အလောင်းတွေဟာ အေးခဲသွားပြီ။ သူတို့ကို စစ်မြေပြင်ရှင်းဖို့ ကျွန်တော်ကခေါ်ရမှာလား။ သူတို့ မြောက်ပိုင်းမြို့တော်ရဲ့ တိုက်ပွဲကို အစီရင်ခံစာရေးဖို့ စစ်ဆေးချင်ရင် သူတို့ကို ဂူတွေတူးခိုင်းလိုက်ပါ။ မြှုပ်ထားတဲ့ ရုပ်အလောင်းတွေက လွင်ပြင်ဒေသစစ်သည်တွေရဲ့ ရုပ်အလောင်းတွေလို့ သူတို့ပြောနိုင်မယ်ဆိုတာ ကျုပ်မယုံဘူး။”
ဆောင်းတွင်းဖြစ်သဖြင့် ရုပ်အလောင်းများ၏ ဆွေးမြေ့မှုနှုန်းက အလွန်နှေးကွေးသွားသော်လည်း မြေကြီးထဲတွင် မြှုပ်နှံထားသော ရုပ်အလောင်းများတွင် ပြောင်းလဲမှုများ ရှိနေဦးမည်ဖြစ်သည်။
လင်ရှုမင်နှင့် သူ၏လူများသည် ဂူများကို တူးဖော်စစ်ဆေးပါကလည်း ရုပ်အလောင်းများ၏ ပုံသဏ္ဍန်များသည် မြေကြီးနှင့်ရော၍ ပျက်စီးနေပြီ ဖြစ်သည်။ လွင်ပြင်ဒေသသားများနှင့် ရှနိုင်ငံသားများ၏ အသွင်အပြင်က သိပ်မကွာပါ။ လွင်ပြင်ဒေသသားများ၏ ရုပ်အလောင်းများကို တူးဖော်မိပါကလည်း ထိုရုပ်အလောင်းများသည် မြောက်ပိုင်းမြို့တော်၏ စစ်သည်များ၏ ရုပ်အလောင်းများ မဟုတ်ဟု လင်ရှုမင် အခိုင်အမာပြောရဲမည် မဟုတ်ပါ။
ထို့အပြင် သေဆုံးသူများကို ရိုသေလေးစားမှုရှိရခြင်းက အရေးကြီးဆုံးဖြစ်သည်။ ထိုစစ်သည်များသည် ရှနိုင်ငံတော်အတွက် အသက်ပေးခဲ့ကြသူများ ဖြစ်သည်။ လင်ရှုမင်က သူတို့၏ဂူများကို တူးဖော်ရဲမှာလား။
ထို့နောက် လုချန်းက ဝမ်ရန်လီနှင့် ရွှမ်ယွမ်ချန်းတို့ကို လှည့်ပြောလိုက်သည်။
“ဗိုလ်ချုပ်တို့ နှစ်ယောက် လွင်ပြင်ဒေသသား သုံ့ပန်းတွေကို ရန်ခရိုင် ပြန်ပို့တဲ့အခါ ညဘက်မှာ ချီတက်ဖို့ ကြိုးစားပါ။ ဒါမှ ရန်ခရိုင်က ပြည်သူတွေ ခင်ဗျားတို့ရဲ့ လှုပ်ရှားမှုကို သတိမထားမိမှာ။”
ရွှမ်ယွမ်ချန်းက
“စိတ်ချပါမင်းသား။ ကျွန်တော် ဒီလွင်ပြင်ဒေသား စစ်သုံ့ပန်းတွေကို ရန်ခရိုင်မှာ ရှိပြီးသားလွင်ပြင်ဒေသသား အကျဉ်းသားတွေလိုမျိုး ပုံဖျက်ပြီး သတ္တုတွင်းတွေဆီ ပို့နေတဲ့ပုံစံ လုပ်ထားပါမယ်။”
ရွှမ်ယွမ်ချန်း၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်း စိတ်ချသွားပြီး
“ကောင်းတယ်။ ဒါပေမဲ့ ပြန်တဲ့အခါ ခင်ဗျားရဲ့ သံချပ်ကာဝတ်စုံကို ချွတ်ထားဖို့ မမေ့နဲ့ဦး။ မှတ်မိသွားမှာစိုးလို့။”
“ဟုတ်ကဲ့၊ မင်းသား” ဟု ရွှမ်ယွမ်ချန်းက ပြန်ပြောလိုက်သည်။
ထို့နောက် လုချန်းက
“ကောင်းပြီ။ ဒါဆိုရင် ဒီလောက်ပါပဲ။ အားလုံး ကိုယ်တာဝန်ကိုယ် ပြန်လုပ်ကြပါ။”
လုချန်း စကားပြောပြီးသည်နှင့် မုချန်တိန်နှင့် အခြားဗိုလ်ချုပ်များလည်း သူတို့၏ စစ်သားများထံသို့ ပြန်သွားပြီး စစ်မြေပြင်သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားခဲ့ကြသည်။
လဝက်အကြာတွင် လျှို့ဝှက်လဝန်းစားသောက်ဆိုင်။ လင်ရှုမင်သည် ဆိုင်၏ သီးသန့်ခန်းတစ်ခုထဲတွင် တစ်ယောက်တည်း ထိုင်သောက်နေကာ ပြတင်းပေါက်အပြင်ဘက်ရှိ နှင်းများကို ကြည့်နေသည်။
လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်များ တောင်ဘက်သို့ ချီတက်မှုကို ခုခံရန် မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခံရသော ဗိုလ်ချုပ်တစ်ဦးအနေနှင့် သူသည် ထျန်းကောင်းမြို့၏ လက်ရှိအခြေအနေကို လုံးဝမသိခဲ့ပေ။ သူသည် မြောက်ပိုင်းမြို့တော်၏ နှင်းများကို ရှုစားရန် ပြည်သူများ၏ အခွန်ငွေဖြင့် အားလပ်ရက် ခရီးထွက်နေသူတစ်ဦး ကဲ့သို့ ခံစားရသည်။
လင်ရှုမင် သက်ပြင်းချလိုက်သည်။ အကယ်၍ သူ ဝူနိုင်ငံတော်နှင့် တိုက်ခိုက်ရန် တပ်များကို ဦးဆောင်ခဲ့ရပါက ယခုအချိန်တွင် သူစစ်ရေးအောင်မြင်မှုများစွာကို ရရှိပြီးဖြစ်လိမ့်မည်။
မြောက်ပိုင်းမြို့တော်သို့ စေလွှတ်ခံရခြင်းက သူ၏ ပါရမီကို အလဟဿဖြစ်စေခဲ့သည်။ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာမြင်းတပ်ရှိနေသဖြင့် သူ့ကို မလိုအပ်ပါ။ လင်ရှုမင် သက်ပြင်းချနေစဉ် အရွယ်ရောက်ပြီးသော အမျိုးသမီးတစ်ဦး၏ အသံက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။
“ကြည့်ရတာ မြောက်ပိုင်းမြို့တော် စေလွှတ်ခံရပြီး စားသောက်ဆိုင်မှာ နေ့တိုင်းသောက်နေရတာကို မကျေမနပ် ဖြစ်နေတာလား။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ရှုမင် လှည့်ကြည့်လိုက်၏။ လင်ဝမ်ရွန် ဖြစ်နေကြောင်း သူတွေ့ရှိလိုက်သည်။
အံ့အားသင့်စွာဖြင့် လင်ရှုမင်က
“ရွန်။နင်က ဘာလို့ မြောက်ပိုင်းမြို့တော်မှာ ရှိနေတာလဲ။ လျှို့ဝှက်လဝန်းနန်းတော်သခင်က ပြန်သွားပြီ မဟုတ်လား။”
.......
အခန်း (၂၀၉)
အပြစ်ရှိသော လင်ဝမ်ရွန် (၁)
လင်ရှုမင်၏ မေးခွန်းကို ကြားရသောအခါ လင်ဝမ်ရွန်က နူးညံ့စွာ ပြောလိုက်သည်။ “နန်းတော်သခင် ပြန်သွားလဲ ဘာဖြစ်လဲ။ ငါက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သခင် မဟုတ်ဘူး။”
ထိုအချိန်တွင် လင်ဝမ်ရွန်က လင်ရှုမင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“မြောက်ပိုင်းနယ်စားမင်းသားက ရန်ခရိုင်မှာ နင့်ကို ကောင်းကောင်းဆက်ဆံတယ်မဟုတ်လား။ ဘာလို့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ဆိုင်ကို နေ့တိုင်းလာပြီး အရက်နဲ့ ဝမ်းနည်းပူဆွေးနေတာလဲ။”
လင်ရှုမင် ရယ်မောပြီး ပြောလိုက်သည်။
“ရွန်။ နင်က အမျိုးသမီးဆိုတော့ ယောက်ျားတစ်ယောက်ရဲ့ အတွေးကို နားမလည်နိုင်ဘူး။ ဖြစ်နိုင်ရင် ငါက မြောက်ပိုင်းမြို့တော်ကို လာချင်တာ မဟုတ်ဘူး။”
“ငါ့အကြောင်း မပြောတော့ပါဘူး။ နင်နဲ့ တိုင်ပင်စရာ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိတယ်။”
လင်ဝမ်ရွန် စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။
“ဘာကိစ္စလဲ။”
...
လင်ရှုမင် ပြုံးရယ်ကာ မေးလိုက်သည်။
“နင်က အခု မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ ရှိနေတုန်းပဲလား။”
လင်ဝမ်ရွန်သည် လင်ကောင်းယွမ်က မွေးစားသမီးတစ်ဦးသာ ဖြစ်သော်လည်း လင်ရှုမင်နှင့် လင်ဝမ်ရွန်တို့၏ ဆက်ဆံရေးမှာ အတော်လေး သဟဇာတဖြစ်သည်။ လင်ဝမ်ရွန်သည် အရင်က လင်ရှုမင်အား သိုင်းပညာများ သင်ကြားပေးခဲ့ဖူးသည်။
လင်ဝမ်ရွန်သည် လင်အိမ်တော်မှ ထွက်ခွာပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်ခဲ့သော်လည်း သူတို့နှစ်ဦးတွေ့ဆုံသောအခါ ပွင့်လင်းစွာ စကားပြောနိုင်ကြသည်။
လင်ဝမ်ရွန် ဖြေလိုက်သည်။
“ငါက အခု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အတွင်းဆောင် ဒုတိယ လုံခြုံရေးမှူးပါ။”
ထိုစကားကို ကြားရသောအခါ လင်ရှုမင် အံ့အားသင့်သွားသည်။ လျှို့ဝှက်လဝန်းနန်းတော်မှ လင်ဝမ်ရွန်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အတွင်းဆောင် ဒုတိယ လုံခြုံရေးမှူး ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားပေ။
ဤအရာက မြောက်ပိုင်းနယ်စားမင်းသားက လင်ဝမ်ရွန်ကို မည်မျှယုံကြည်ကြောင်း သက်သေပြသည်။ လင်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ ကိုယ်စားလှယ်ဖြစ်သည်။
လင်ရှုမင်က ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက လျှို့ဝှက်လဝန်းနန်းတော်ကို ဒီလောက်ယုံကြည်မယ်လို့ ငါမမျှော်လင့်ထားဘူး။ မြောက်ပိုင်းနယ်စားမင်းသားနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုခု ရှိနေတယ်မဟုတ်လား။”
လင်ဝမ်ရွန် ချက်ချင်း သတိထားမိသွားပြီး လျင်မြန်စွာ မေးလိုက်သည်။
“ရှုမင်။ နင်ဒီမေးခွန်းတွေကို မေးနေတာက မွေးစားဖခင်က နင့်ကို သတင်းစုံစမ်း ခိုင်းထားလို့ မဟုတ်လား။”
လင်ကောင်းယွမ်သည် ယခုအခါတွင် နန်းတွင်း၌ ဘယ်လက်ရုံး ဝန်ကြီးဖြစ်နေပြီး ဆွမ်ဧကရာဇ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ လင်ရှုမင်သည် သူ၏သားဖြစ်သောကြောင့် လင်ရှုမင် ရုတ်တရက် လျှို့ဝှက်လဝန်းနန်းတော်အကြောင်း မေးမြန်းလာခြင်းက သူမ၏ မွေးစားဖခင်က တစ်စုံတစ်ရာ သိလိုနေ သောကြောင့်ဟု လင်ဝမ်ရွန်အား သံသယဝင်စေသည်။
ဒါမှမဟုတ် ဆွမ်ဧကရာဇ်က တစ်စုံတစ်ရာ သိလိုနေပြီး သူမကို စမ်းသပ်ဖို့ လင်ရှုမင်ကို ခိုင်းထားတာလား။
လင်ရှုမင် ချက်ချင်းပင် ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ငါက စပ်စုချင်လို့ မေးကြည့်တာပါ။”
“ဟုတ်ပြီ။ အဖေက နင့်ကို ပြောခိုင်းထားတယ်။ နင်က အခု သုံးဆယ်ကျော်နေပြီ။ လက်ထပ်ဖို့ အချိန်တန်နေပြီ။ သူ့အမြင်မှာတော့ မြောက်ပိုင်းနယ်စားမင်းသားက ကောင်းတဲ့ရွေးချယ်မှုပဲ။”
“နင်က အတွင်းဆောင် ဒုတိယ လုံခြုံရေးမှူးဖြစ်နေတော့ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး မြောက်ပိုင်းနယ်စားမင်းသားနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်လို့ရတယ်။”
ထိုစကား ကြားရသောအခါ လင်ဝမ်ရွန်၏ လှပသော မျက်လုံးများ ကျယ်လာပြီး မျက်ခုံးများလည်း အနည်းငယ်တွန့်လာကာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ထို့နောက် သူမက
“မွေးစားဖခင်က တကယ်ပဲ ဒီလိုတွေးနေတာလား။”
“မြောက်ပိုင်းနယ်စားမင်းသားက အခု အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ငါက အခု သုံးဆယ်ကျော်နေပြီ။ ငါက မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ အမေနဲ့ ငါက သွေးသောက်ညီအစ်မတွေပါ။ ငါက သူ့ကို လက်ထပ်ရင် အမျိုးစပ်ရတာ ရှုပ်ကုန်မှာပေါ့။”
“မွေးစားဖခင်က ဘာတွေးနေတာလဲ။ ဒီလို မဖြစ်နိုင်တာတွေကို ဘာလို့တွေးနေတာလဲ။”
လင်ဝမ်ရွန်၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်ရသောအခါ လင်ရှုမင်က ရယ်မောလိုက်ပြီး
“ရွန်။ ကောင်းကင်ဝံပုလွေဘုရင်ရဲ့ မိဖုရားကလည်း အသက်အရမ်းကြီးတယ် မဟုတ်လား။ ဒါပေမယ့် သူက မြောက်ပိုင်းနယ်စားမင်းသားကို လက်ထပ်ခဲ့တယ်။”
“သုံးဆယ်ကျော် ဖြစ်နေတာ ဘာအရေးလဲ။ မြောက်ပိုင်းနယ်စားမင်းသားက ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာ ချို့တဲ့ခဲ့တော့ အသက်ကြီးတဲ့ အမျိုးသမီးတွေကို သဘောကျတယ်လို့ ဖခင်က ပြောတယ်။ ချူးယုချင်ကို ကြည့်ပါလား။ သူလည်း အသက်အတော်ကြီးပြီ။ မြောက်ပိုင်းနယ်စားမင်းသားရဲ့စံအိမ်မှာ နေတုန်းပဲ။”
လင်ဝမ်ရွန်က ချက်ချင်း ပြန်ပြောလိုက်သည်။
“မွေးစားဖခင် ဘယ်လိုယူဆယူဆ နင်ပြန်သွားရင် ဒီအဓိပ္ပာယ်မရှိတဲ့ အတွေးကို ချက်ချင်းဖျောက်ပစ်ဖို့ ပြောလိုက်ပါ။”
“ မြောက်ပိုင်းနယ်စားမင်းသားလို ငါ့ထက် အသက် ၁၀ နှစ်လောက်ငယ်တဲ့ ယောက်ျားနဲ့ လက်ထပ်ဖို့ မပြောနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို ရွေးချယ်လိုက်ကတည်းက ငါဒီဘဝမှာ လုံးဝလက်ထပ်ဖို့ အစီအစဉ် မရှိတော့ဘူး။”
လင်ရှုမင်က ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ။ ငါပြန်ရောက်ရင် ဖခင်ကို နင်က မြောက်ပိုင်းနယ်စားမင်းသားကို လက်မထပ်ချင်ဘူးလို့ ပြောပြလိုက်မယ်။”
ထိုအချိန်တွင် လင်ရှုမင်က သတိပေးလိုက်သည်။
“ရွန်။ နင်က အခု လျှို့ဝှက်လဝန်းနန်းတော်မှာ ရှိနေပေမဲ့ ငါနင့်ကို သတိပေးချင်တယ်။ ဖခင်က မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံဖို့ အစီအစဉ်ရှိနေတယ်။ လျှို့ဝှက်လဝန်းနန်းတော်က မြောက်ပိုင်းနယ်စားမင်းသားကို ထိခိုက်စေဖို့ ရည်ရွယ်နေရင်တော့ နင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန် ခဏမျှ အံ့အားသင့်သွားပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ငါမှတ်မိတာက မွေးစားဖခင်ဟာ ထီးနန်းဆက်ခံရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မပါဝင်ဘူ။ ဘာလို့ မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံမှာလဲ။”
လင်ရှုမင် အေးဆေးစွာ ပြောလိုက်သည်။
“ဒါတော့ ငါလည်း မသိဘူး။ ဖြစ်နိုင်တာက သူက မြောက်ပိုင်းနယ်စားမင်းသားကို အခြားသူတွေထက် ပိုပြီး အလားအလာရှိတယ်လို့ မြင်လို့ပဲ။ ဒါကလည်း နင့်ကို မြောက်ပိုင်းနယ်စားမင်းသားနဲ့ လက်ထပ်ခိုင်းရတဲ့ အကြောင်းရင်းထဲက တစ်ခုပဲ။”
“တကယ်တော့ နင်က လင်မိသားစုကနေ ထွက်ခွာသွားပြီဆိုတော့ နင်ဘယ်သူ့ကို လက်ထပ်ရမယ်ဆိုတာကို ဖခင်က ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး။ အများဆုံးတော့ နင်လက်ထပ်တဲ့အခါ လင်မိသားစုကို နင့်ရဲ့ မိခင်ဘက်မိသားစုလို့ သတ်မှတ်လို့ရတယ်။”
လင်ဝမ်ရွန်သည် လင်ကောင်းယွမ်၏ မွေးစားသမီးဖြစ်သော်လည်း လင်အိမ်တော်မှ ထွက်ခွာသွားပြီး ဖြစ်သည့်အတွက် သူမဘဝ၏ အဓိက အရေးကိစ္စများကို သူမကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိသည်။ လင်ကောင်းယွမ်က သူမအား လုချန်းနှင့် လက်ထပ်စေလိုသည့် ဆန္ဒမှာ သူ၏ဆန္ဒသက်သက်သာဖြစ်သည်။
လင်ဝမ်ရွန် သဘောတူမတူဆိုသည်မှာ သူမ၏ ဆုံးဖြတ်ချက်ပေါ်တွင် လုံးဝမူတည်သည်။ သို့သော် လင်ဝမ်ရွန်သာ လုချန်းနှင့် လက်ထပ်ရန် တကယ် သဘောတူပါက သူမသည် လင်အိမ်တော်မှ သမီးအဖြစ် လက်ထပ်ရမည်ဖြစ်ပြီး လင်မိသားစုအတွက်မူ နိုင်ငံရေးအရ လက်ထပ်မှုတစ်ခု ဖြစ်လာမည်။
လင်ရှုမင်၏ စကားကို ကြားရသောအခါ သူမ လင်အိမ်တော်မှ ထွက်ခွာပြီး လျှို့ဝှက်လဝန်းနန်းတော်၏ အဖွဲ့ဝင် ဖြစ်လာခြင်းကို ကံကောင်းသည်ဟု လင်ဝမ်ရွန် ခံစားလိုက်ရသည်။ သူမ လင်အိမ်တော်တွင် ရှိနေသေးပါက သူမ၏ အိမ်ထောင်ရေးဘဝကို သူမ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိနိုင်ပေ။
လင်ဝမ်ရွန် စကားဆက်ပြောမည့်အချိန်တွင် စစ်သားတစ်ဦးက တံခါးခေါက်လိုက်ပြီး ပြောလိုက်သည်။
“ဗိုလ်ချုပ်။ နယ်စားမင်းသားရဲ့စံအိမ်က တစ်ယောက်က ဗိုလ်ချုပ်ကို ရှာနေတယ်။”
ထိုအသံကို ကြားရသောအခါ လင်ရှုမင် အံ့ဩသွားသည်။ သူ မြောက်ပိုင်းမြို့တော်တွင် နေနေသည်မှာ ကြာပြီဖြစ်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ရှာဖွေရန် တစ်ခါမှ လူမစေလွှတ်ခဲ့ပေ။
မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးသွားပြီး မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို ပြန်ခိုင်းမှာလား။
.......
အခန်း (၂၁၀)
အပြစ်ရှိသော လင်ဝမ်ရွန် (၂)
ထိုအတွေးများဖြင့် လင်ရှုမင်က ချက်ချင်းပြောလိုက်သည်။
“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။”
လင်ဝမ်ရွန် ထွက်သွားတော့မည့်အချိန်တွင် ချင်ယူရှန်က တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ သူက လင်ဝမ်ရွန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမကို ဂရုစိုက်ဟန်မရှိပဲ လင်ရှုမင်ကို ဦးတည်ပြောလိုက်သည်။
“ဗိုလ်ချုပ်လင်။ ထျန်းကောင်းမြို့ရဲ့ အခြေအနေက သိပ်မကောင်းဘူး။ မင်းသားက ခင်ဗျားကို နန်းတွင်းစစ်တပ် နှစ်သောင်းနဲ့ မြောက်ဘက်ကို ချီတက်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတပ်တွေကို ခုခံကာကွယ်ဖို့ အမိန့်ပေးလိုက်တယ်။”
ထိုစကား ကြားရသောအခါ လင်ဝမ်ရွန်နှင့် လင်ရှုမင်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားသည်။
အခြေအနေက သိပ်မကောင်းဘူးလား။
ဒါ ဖြစ်နိုင်ရဲ့လား။
...
အရင်တုန်းက မြောက်ပိုင်းနယ်စားမင်းသားက သံချပ်ကာ မြင်းတပ် ငါးသောင်းနှင့် ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်တော် သုံးသိန်းကို ရှင်းလင်းခဲ့၏။ ဒါဆို မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်သည် နှစ်သိန်းကို ဘာလို့ မတိုက်ခိုက်နိုင်တာလဲ။
ဒါ မှန်ရဲ့လား။
လင်ရှုမင် ချက်ချင်းပင် မေးလိုက်သည်၊ “အစ်ကို ချင်။ ထျန်းကောင်းမြို့ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ။”
ချင်ယူရှန်က တိုက်ရိုက်ပြောလိုက်သည်။ “မင်းသားရဲ့ အနက်ရောင် မြင်းတပ်က စစ်သည် လေးသောင်းကျော် ကျဆုံးသွားတယ်။ မြောက်ပိုင်းဖရီဘုရင်ရဲ့ တပ်ကို ပြန်တွန်းလှန်နိုင်ခဲ့ပေမဲ့ ရန်သူ့တပ်တွေက တောင်ဘက်ကနေ မကြာခဏ တိုက်ခိုက်ပြီး ထျန်းကောင်းမြို့ကို ဒုက္ခပေးနေတယ်။”
“မြို့ရဲ့ ကာကွယ်ရေးတပ်တွေက ပင်ပန်းနွမ်းနယ်နေပြီ။ အစားထိုး စစ်တပ်တွေ အရမ်းလိုအပ်နေတယ်။”
ဤသည်က... ချင်ယူရှန်၏ စကားကို ကြားရသောအခါ လင်ရှုမင် ရှုပ်ထွေးသွားသည်။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ သံချပ်ကာ မြင်းတပ်တွေ ပျက်စီးသွားပြီလား။
ဒါက ဟာသပဲ။
သံချပ်ကာ မြင်းတပ်များသည် မြင်ခင်းလွင်ပြင်များပေါ်မှာ အပေါ့စား မြင်းတပ်များနှင့် ယှဉ်ပါက သိသာသော အားသာချက်မရှိသော်လည်း အားနည်းချက်လည်း ထူးထူးခြားခြား မရှိပါ။ မြောက်ပိုင်းဖရီဘုရင်၏ တပ်များက သံချပ်ကာ မြင်းတပ် ငါးသောင်းကို အနိုင်ယူဖို့ မဖြစ်နိုင်ပါ။
စစ်သည် လေးသောင်းကျော် ကျဆုံးသွားတယ်ဆိုတာက ဘယ်လိုလဲ။ စစ်သည် လေးသောင်းကျော် ကျဆုံးသွားတယ်ဆိုတာက အနက်ရောင် မြင်းတပ် လုံးဝပျက်စီးသွားတယ်လို့ ဆိုလိုခြင်းပင်ဖြစ်သည်။
ဒါက ဖြစ်နိုင်ရဲ့လား။
ချင်ယူရှန်၏ စကားများက ထူးဆန်းနေသော်လည်း အမှန်ဟုတ်မဟုတ် လင်ရှူမင် အတည်မပြုနိုင်ပါ။ သံချပ်ကာ မြင်းတပ်သည် အမှန်တကယ်ပင် အင်အားကြီးမားသော်လည်း စစ်ပွဲတွင် မည်သည့်အရာမဆို ဖြစ်နိုင်သည်။ အခြေအနေသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်သည်။ ဥပမာအားဖြင့် မြောက်ပိုင်းနယ်စားမင်းသားက လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် သုံးသိန်းကို အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် ထိုသတင်းမှန်ကန်မှုရှိမရှိ သိရှိရန် သူတို့ ထျန်းကောင်းမြို့သို့ သွားရမည်။ မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို မြောက်ဘက်သို့ ချီတက်ရန် အမိန့်ပေးပြီးဖြစ်သောကြောင့် ထိုသတင်းမှန်မမှန် မကြာမီ သိရမည်ဖြစ်သည်။
လင်ရှုမင် ချက်ချင်းပင် ထရပ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်ရဲ့ စစ်တပ်ကို ချက်ချင်းပဲ မြောက်ဘက်ကို ဦးဆောင်သွားမယ်။”
ထို့နောက် လင်ရှုမင်က ငွေစအနည်းငယ်ထုတ်ယူကာ စားပွဲပေါ်တွင် ထားခဲ့ပြီး သူ၏ လူများနှင့်အတူ တပ်စခန်းသို့ ပြန်သွားသည်။
လင်ရှုမင် ထွက်ခွာသွားပြီးနောက် လင်ဝမ်ရွန်သည် ထိုအရေးကြီး သတင်းကို လျှို့ဝှက်လဝန်းနန်းတော်သို့ ခပ်မြန်မြန် ပို့လိုက်သည်။ သံချပ်ကာ မြင်းတပ် ငါးသောင်းက ဤသို့ပင် ပျောက်ကွယ်သွားသည်။
မြောက်ပိုင်းမြို့တော်သည် အင်အားကြီးလာခဲ့ပြီးမှ ယခုတော့ ယခင်အတိုင်း ပြန်ဖြစ်သွားသည်။ ဤအရာသည် မြောက်ပိုင်းမြို့တော်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်နိုင်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်အတွက်၊ ချန်ဝမ်ရွန်နှင့် အခြားသူများအတွက် ဤအရာသည် အံ့အားသင့်ဖွယ် သတင်းကောင်းတစ်ခုဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်အတွက် မြောက်ပိုင်းနယ်စားမင်းသားကို ကူညီရန် အခွင့်အရေးတစ်ခု ရရှိနိုင်ပြီဖြစ်သည်။
ယခင်က မြောက်ပိုင်းနယ်စားမင်းသားက လျှို့ဝှက်လဝန်းနန်းတော်ကို လျစ်လျူရှုခဲ့သည်။ မြောက်ပိုင်းမြို့တော်တွင် သံချပ်ကာ မြင်းတပ် ငါးသောင်းရှိပြီး ခိုင်မာသော စစ်အင်အားရှိနေသောကြောင့် လျှို့ဝှက်လဝန်းနန်းတော်ကို အားကိုးရန် မလိုအပ်ပေ။
လုချန်းတွင် ထီးနန်းဆက်ခံရေးအတွက် ပြိုင်ဆိုင်နိုင်သည့် အင်အားရှိသည်။
သို့သော် ယခုအခါတွင် အခြေအနေများကပြောင်းလဲသွားပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ သံချပ်ကာ မြင်းတပ်ကို ဆုံးရှုံးလိုက်ရသည်။ သံချပ်ကာ မြင်းတပ်အတွက် သံချပ်ကာများ ကျန်ရှိနေနိုင်သော်လည်း အင်အားကောင်းသော သံချပ်ကာ မြင်းတပ်အသစ်တစ်ခုကို လေ့ကျင့်ရန် အချိန်အတော်ကြာမည်ဖြစ်သည်။ တစ်လနှစ်လ မဟုတ်ပါ။ တစ်နှစ်နှစ်နှစ်တောင် မလုံလောက်ပေ။
အနက်ရောင် မြင်းတပ်ကို ပြန်လည်တည်ဆောက်နေစဉ်ကာလအတွင်း မြောက်ပိုင်းမြို့တော် အတော်လေး အားနည်းနေမည်။ ရှနန်းတွင်းနှင့် အခြားနယ်စားမင်းသားများက မြောက်ပိုင်းနယ်စားမင်းသားအား အနက်ရောင် မြင်းတပ်ကို ပြန်လည်တည်ဆောက်ခွင့် ပြုမည်မဟုတ်ပေ။
ဖိအားများအောက်တွင် မြောက်ပိုင်းနယ်စားမင်းသားသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် မဖြစ်မနေ ရွေးချယ်ရလိမ့်မည်။ ထိုသို့ဆိုလျှင် ချန်ဝမ်ရွန်သည် လုချန်းနှင့် နီးစပ်ရန် အခွင့်အရေးရလာမည်ဖြစ်ပြီး ချစ်ခြင်းပိုးကောင် ထိုးသွင်းနိုင်မည်ဖြစ်သည်။
သို့သော် သတင်းပို့ပြီးနောက် ဘာ့ကြောင့်မှန်းမသိ လင်ဝမ်ရွန်၏ စိတ်သည် သူမမျှော်လင့်ထားသည့်အတိုင်း ဝမ်းမသာခဲ့ပေ။
ထိုအချိန်တွင် လင်ဝမ်ရွန်သည် အပြင်ဘက်မှ ဆီးနှင်းများ ကျဆင်းနေပုံကို ကြည့်ရင်း လုချန်းနှင့်ပတ်သက်သော မှတ်ဉာဏ်များကို ပြန်လည်တွေးတောကြည့်နေသည်။ မကြာသေးမီက သူမ စဉ်းစားနေသော မေးခွန်းတစ်ခုရှိသည်။ ချန်ဝမ်ရွန်ကို နိုင်ငံပြန်လည်ထူထောင်ရာတွင် ကူညီရာ၌ သူမ၏ ချစ်ခင်ရသော အစ်မ၏ သားကို တစ်ကယ် ထိခိုက်စေလိုပါသလား။
လုချန်းသည် ချန်ဝမ်ရွန်လောက် သူမအတွက် အရေးမကြီးသော်လည်း လုချန်းတစ်ခုခု ဖြစ်ခဲ့ပါက သူမ သေဆုံးပြီးနောက် တမလွန်မှာ ချူးယွဲ့ကို ဘယ်လိုရင်ဆိုင်မှာလဲ။ လွန်ခဲ့သော နှစ်များစွာက ချူးယွဲ့ ကြောင့်သာ မဟုတ်ခဲ့လျှင် သူမ သေဆုံးသွားနိုင်သည်။ သူမ လင်ကောင်းယွမ်၏ မွေးစားသမီး မဖြစ်လာနိုင်ပေ။
သူမ၏ နောက်ခံဇာတ်လမ်းသည် ပိုင်ချင်းချင်းနှင့် အလွန်ဆင်တူသည်။ နှစ်ဦးစလုံးကို ချူးယွဲ့က လမ်းပေါ်မှ ကောက်ယူခဲ့ခြင်းဖြစ်သည်။ ပိုမိုတိကျစွာပြောရလျှင် ပိုင်ချင်းချင်းထက် သူမက ချူးယွဲ့နှင့် ပို၍ စောစော တွေ့ဆုံခဲ့သည်။
သူမနှင့် ပိုင်ချင်းချင်းကြားမှ တစ်ခုတည်းသော ကွာခြားချက်မှာ သူမကို လင်အိမ် တော်သို့ ပို့ဆောင်ကာ လင်ကောင်းယွမ်၏ မွေးစားသမီးဖြစ်လာစေခဲ့ပြီး ပိုင်ချင်းချင်းကိုတော့ နန်းတော်ကို ခေါ်ဆောင်ကာ လုချန်း၏ အစေခံအဖြစ် ထားရှိခဲ့သည်။
သူမနှင့် ပိုင်ချင်းချင်းသည် မတူညီသော နေရာများသို့ ရောက်ရှိသွားသော်လည်း ချူးယွဲ့၏ သူမအား ဆက်ဆံပုံသည် ပိုင်ချင်းချင်းနှင့် သိပ်မကွာခြားပေ။ လင်အိမ်တော်တွင် နေထိုင်စဉ် ချူးယွဲ့က သူမဆီကို မကြာခဏ လာရောက်ကြလည်ပတ်တတ်ပြီး သူတို့နှစ်ဦးတွင် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။
ချူးယွဲ့သည် သူမ၏ အသက်ကို ကယ်တင်ခဲ့ပြီး ညီမရင်း တစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်။ သို့သော် အခုတော့ ချူးယွဲ့၏ သားကို ထိခိုက်စေမည့် ကိစ္စမှာ သူမပါဝင် ရပ်တည်နေရသည်။ ထိုသို့တွေးမိသည်နှင့် လင်ဝမ်ရွန်၏ စိတ်ထဲ့တွင် အပြစ်ရှိသလို ခံစားချက်များဖြင့် ပြည့်နှက်သွား၏။
ထိုအချိန်တွင် နှင်းမှုံများ ကြားထဲ၌ ချူးယွဲ့၏ ပုံရိပ်ကို မြင်လိုက်ပြီး သူမအား တစ်စုံတစ်ခု ပြောနေဟန်ရှိသည်ဟု လင်ဝမ်ရွန် ထင်မှတ်လိုက်သည်။ ထို့နောက် လင်ဝမ်ရွန် မတ်တပ်ရပ်လိုက်ပြီး ချူးယွဲ့ ပြောနေသည်ကို ကြားနိုင်ရန် ကြိုးစားလိုက်သည်။
မိန်းမောနေသော အခြေအနေတွင် ချူးယွဲ့၏ အသံကို သူမတကယ်ပင် ကြားနေရသည်။
“ဝမ်ရွန်... ငါ့ကို... ကူညီပါ... ချန်းလေးကို... ဂရုစိုက်ပါ...”
လင်ဝမ်ရွန်၏ နှလုံးသား တုန်ခါခုန်သည်။ ထို့နောက် သူမ ရုတ်တရက် လက်တွေ့ဘဝသို့ ပြန်ရောက်သွားသည်။ ပြတင်းပေါက် အပြင်ဘက်တွင် ဆီးနှင်းများ ဆက်လက်ကျဆင်း နေသော်လည်း ချူးယွဲ့၏ ပုံရိပ်က မရှိတော့ပေ။ လင်ဝမ်ရွန် ညင်သာစွာ သက်ပြင်းချလိုက်ပြီး နဖူးကို ပွတ်သပ်လိုက်သည်။
မကြာသေးမီက စိတ်ဖိစီးမှုများ အလွန်များပြားနေခဲ့သဖြင့် သူမအား ထင်ယောင်ထင်မှားဖြစ်မှုများ ဖြစ်စေခြင်းဖြစ်သည်။ စစ်စခန်းသို့ ပြန်ရောက်ပြီးနောက် လင်ရှုမင်သည် ချက်ချင်းပင် စစ်သည်များကို စုရုံးလိုက်သည်။ နာမည်စာရင်း ခေါ်ပြီးနောက် ညတွင်းချင်းပင် မြောက်ဘက်သို့ ချီတက်လိုက်သည်။
ထျန်းကောင်းမြို့တွင် ဖြစ်ပျက်နေသည်များကို သူအတိအကျ မသိသော်လည်း မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို မြောက်ဘက်သို့ ချီတက်ရန် အမိန့်ပေးထားသောကြောင့် ထိုနေရာတွင် အခြေအနေများ တကယ်ပင် ဆိုးရွားနေမည်ဟု ဆိုလိုသည်။
သူသည် နန်းတွင်း၏ ကိုယ်စားလှယ်ဖြစ်ပြီး နန်းတွင်းကို ကိုယ်စားပြုသည်။ မြောက်ပိုင်းမြို့တော်တွင် လျှို့ဝှက်ချက်များစွာရှိပြီး သူ မြောက်ဘက်သို့ ချီတက်ခြင်းဖြင့် ထိုလျှို့ဝှက်ချက်များက သူနှင့် နန်းတွင်းစစ်တပ်တို့ထံ ပေါက်ကြားနိုင်သည်။
ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို ရန်ခရိုင်တွင် နေထိုင်စေခဲ့ခြင်းဖြစ်သည်။ အထူးအရေးပေါ် အခြေအနေမျိုးမဟုတ်ပါက မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို မြောက်ဘက်သို့ ချီလာရန် အမိန့်ပေးကာ မြောက်ပိုင်းမြို့တော်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခံရနိုင်သည့် အခြေအနေ အရောက်ခံမည် မဟုတ်ပေ။
ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ သံချပ်ကာ မြင်းတပ် ငါးသောင်းက တကယ်ပဲ ပျက်စီးသွားပြီလားဟု လင်ရှုမင် စဉ်းစားနေသည်။ အကယ်၍ ပျက်စီးသွားပါက သူချက်ချင်းပင် မြောက်ဘက်သို့ ချီတက်ရမည်။ ဤအရာက သူ့အတွက် တိုက်ပွဲတွင် ဂုဏ်ထူး ဆောင်နိုင်ရန် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်။
အရင်က သူ မြောက်ပိုင်းမြို့တော်သို့ ရောက်လာပြီး မြောက်ပိုင်းနယ်စားမင်းသားအတွက် အလောင်းကောက်ပေးပြီး ပြန်ခဲ့သည်။ နေပြည်တော်သို့ ပြန်ရောက်သောအခါ သူ့သူငယ်ချင်းများက သူ့ကို လှောင်ပြောင်ကာ‘အလောင်းကောက်သူ’ ဟု ခေါ်ခဲ့ကြသည်။
ယခုအကြိမ်တွင် မြောက်ပိုင်းမြို့တော်သို့ ရောက်လာပြီး စစ်ရေးစွမ်းဆောင်မှုအချို့ ရယူရန် သူလိုအပ်သည်။ အကယ်၍ သူသည် နေပြည်တော်သို့လက်ချည်းသက်သက် ပြန်သွားပါက
‘အလောင်းကောက်သူ’ ဟု ပြန်လည်လှောင်ပြောင်ခံရမည် မဟုတ်ပါလား။
ထျန်းကောင်းမြို့တွင် အန္တရာယ်ရှိ နိုင်လားဆိုသည့်ကိစ္စကိုတော့ လင်ရှုမင် မစိုးရိမ်ပါ။ အန္တရာယ်မရှိသော စစ်ပွဲဆိုတာ မရှိပါ။ ယောက်ျားစစ်စစ် တစ်ယောက်က အန္တရာယ်နည်းနည်းရှိနိုင်တာနဲ့ တိုက်ပွဲဆီကို မသွားပဲ နေမှာလား။
စစ်မှုထမ်းဆောင်မှု ဂုဏ်သိက္ခာရရှိဖို့ မြောက်ဘက်သို့ ချီတက်ရန် လင်ရှုမင် စိတ်အားထက်သန်နေစဉ် မြောက်ဘက်သို့ သွားရာလမ်းများတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေသည်ကို သူ သတိထားမိလိုက်သည်။
သူတို့သည် မြင်းတပ်ဖြစ်သော်လည်း ရှေ့သို့ချီတက်ရန် ခက်ခဲနေသည်။ တပ်များ၏ နှေးကွေးသော ချီတက်နှုန်းကို ကြည့်ရင်း လင်ရှုမင် အံ့အားသင့်မိသည်။ ဆဲဆိုချင်လိုစိတ်များလည်း ဖြစ်လာသည်။ ဆောင်းတွင်းအလယ်မှာ တောင်ဘက်သို့ချီလာပြီး မြောက်ပိုင်းမြို့တော်ကို တိုက်ခိုက်ရန် စဉ်းစားမိသည်အထိ မြောက်ပိုင်းဖရီဘုရင်၏ ဦးနှောက်ထဲတွင် အညစ်အကြေးတွေ ဘယ်လောက်တောင် များနေလို့လဲ။
အခုလို ထူထပ်သော ဆီးနှင်းတွေကြားမှာ မြောက်ပိုင်းဖရီဘုရင်ရဲ့ တပ်တွေကော ရွေ့လျားနိုင်ပါ့မလား။
ထိုအချိန်တွင် လင်ရှုမင်၏ ယုံကြည်ရသော စစ်သားတစ်ဦးက ချဉ်းကပ်လာပြီး ပြောလိုက်သည်။
“ဗိုလ်ချုပ်။ ကျွန်တော်တို့ လက်ရှိသွားနှုန်းနဲ့ဆိုရင် တစ်လအတွင်း ထျန်းကောင်းမြို့ကို ရောက်ဖို့ ခက်ခဲနိုင်ပါတယ်။ ထျန်းကောင်းမြို့ အခြေအနေက တကယ်အရေးတကြီးနေလား။”
လင်ရှုမင် မျက်ခုံးတွန့်လိုက်ကာ ပြန်ပြောသည်။
“အရှိန်မြှင့်ရမယ်။ မြန်နိုင်သမျှ မြန်မြန်ချီတက်ပါ။ ထျန်းကောင်းမြို့တကယ် ဒုက္ခရောက်နေနိုင်တယ်။”
ရွေးချယ်စရာမရှိပါ။ အခုလို အခြေအနေများအောက်တွင် သူတို့သည် ထျန်းကောင်းမြို့သို့ ရောက်ရှိရန် အကောင်းဆုံးကြိုးစားရမည်သာ ဖြစ်သည်။
ထိုအချိန်တွင် ကင်းထောက် စစ်သားတစ်ဦးက လင်ရှုမင်ထံသို့ လာရောက်ပြီး
“ဗိုလ်ချုပ်။ အရှေ့မှာ ထူးခြားတဲ့ အခြေအနေတစ်ခုရှိနေပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လင်ရှုမင်က ချက်ချင်းပင်
“ကျုပ်ကို ခေါ်သွားပါ။”
ကင်းထောက်စစ်သားသည် လင်ရှုမင်ကို အခြေအနေ ထူးခြားနေသည့် နေရာသို့ ခေါ်ဆောင်သွားသည်။
ကင်းထောက်စစ်သား ရည်ညွှန်းသည့် ‘ထူးခြားသော အခြေအနေ’ ဆိုသည်မှာ နှင်းများမှ ခြေရာများနှင့် လှည်းလမ်း ကြောင်းများ ဖြစ်သည်။ နှင်းထူထပ်စွာ ကျနေသော်လည်း ထိုမြင်းခြေရာများကို မထင်မရှားမြင်နိုင်ပြီး လွန်ခဲ့သော နှစ်ရက်အတွင်းက ဖြစ်နိုင်သည်။
သူ့ရှေ့တွင် ဆီးနှင်းများ ဖုံးလွှမ်းနေသော အဆုံးမရှိသည့် မြင်းခြေရာများကို ကြည့်ရင်း လင်ရှုမင်၏ မျက်နှာအမူအရာများ အဆက်မပြတ် ပြောင်းလဲနေသည်။
.......