← Chapters

အခန်း ၂၂၉-၂၃၁

Vol. 16 Ch. 229-231

အခန်း ၂၂၉-၂၃၁

Vol. 16 Ch. 229-231

အခန်း (၂၂၉ )

ဆွမ်ဧကရာဇ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်များ (၂)

ထို့ပြင် ဆွမ်ဧကရာဇ်၏ တုံ့ပြန်မှုက အရမ်းတိုက်ရိုက်ကျလွန်းနေသည်။ ထိုသံချပ်ကာမြင်းတပ် ငါးသောင်း လုံးဝပျက်စီးအောင် အလွယ်တကူ တိုက်ခိုက်နိုင်မည် မဟုတ်ပါ။ အခြားဝန်ကြီးများနှင့် အာဏာရှိမိသားစုများကလည်း ထိုသတင်းကို ယုံကြည်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

သို့သော် ထိုသတင်းက အရမ်းတိုက်ရိုက်ကျ နေသောကြောင့် လုပ်ကြံသတင်းဟုလည်း လင်ကောင်းယွမ် မထင်မှတ်‌ေချ။ ပထမ တစ်ခေါက်တုန်းက မြောက်ပိုင်းမြို့တော်က လွင်ပြင်ဒေသမျိုးနွယ်စု စစ်သည် သုံးသိန်းကို တိုက်ခိုက်ခဲ့သလိုပင်ဖြစ်သည်။ တစ်ခုခုက မှားယွင်းနေတယ်လို့ ထင်ရတဲ့အရာက ပိုပြီး မှန်ကန်နိုင်ခြေ ရှိ‌နေတတ်သည်။

သတိပြန်ဝင်လာသောအခါ ကျောင်းဝမ်ဟန်က ချက်ချင်းရှေ့တက်လာပြီး

“ ဒီသတင်းက တကယ်မှန်ကန်တယ်ဆိုတာ အတည်ပြုပြီးပြီလား မင်းကြီး။ ဒါက သံချပ်ကာမြင်းတပ် ငါးသောင်းပါ။ ဘယ်လိုလွယ်လွယ်နဲ့ ရှုံးနိမ့်သွားနိုင်မှာလဲ။”

ဆွမ်ဧကရာဇ်က အေးစက်စွာဖြင့်

“ကျုပ်ရဲ့ အရိပ်ကိုယ်ရံတော်တွေက ဒီသတင်းကို အတည်ပြုပြီးပြီ။ အစပိုင်းမှာ ကျုပ်လည်း မယုံချင်ခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံတော် ပညာရှိက မြောက်ပိုင်းမြို့တော်မှာ သံချပ်ကာမြင်းတပ် ငါးသောင်း ရှိတယ်ဆိုပေမဲ့ ဒီတပ်ဖွဲ့တွေက အသစ်ဖွဲ့စည်းထားတာဖြစ်လို့ တိုက်ခိုက်စွမ်းရည် သိပ်ကောင်းနိုင်ဘူးလို့ ကျုပ်ကို သတိပေးတယ်။”

“လွင်ပြင်ဒေသမျိုးနွယ်စုတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အကြီးမားဆုံး အားသာချက်က သံချပ်ကာတွေပဲရှိတယ်။ ဒီသံချပ်ကာမြင်းတပ် ငါးသောင်းကို မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်တပ်က ဖျက်ဆီးလိုက်တာက အရမ်းတော့ မထူးဆန်းပါဘူး။”

...

“ဒါပေမဲ့ သူတို့ ရှုံးနိမ့်သွားတယ်လို့ ပြောလို့မရဘူး။ မြောက်ဖရီးဘုရင် လွင်ပြင်ဒေသကို ပြန်ဆုတ်ခွာသွားပြီ။ မြောက်ပိုင်းမြို့တော်က အခု ဘေးကင်းနေပြီ။ ဒီတော့ သံချပ်ကာမြင်းတပ် ငါးသောင်းရဲ့ တာဝန်က ပြီးဆုံးသွားပြီလို့ ယူဆနိုင်တယ်။ နန်းတွင်းက အခု ဝူနိုင်ငံတော်နဲ့ စစ်ပွဲကိုပဲ အာရုံစိုက်နိုင်ပြီ။”

ဆွမ်ဧကရာဇ်က ထိုသို့ပြောနေသော်လည်း သူ့ရှေ့မှာရှိနေသည့် ဝန်ကြီးအားလုံးက မြောက်ပိုင်းက စစ်ပွဲတွေကို စိတ်မဝင်စားပဲ အစကတည်းက ရှနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်ကြားမှ စစ်ကိုသာ အာရုံစိုက်နေကြောင်း သူကောင်းကောင်းသိထား၏။

မြောက်ပိုင်းမြို့တော်မှာ ဖြစ်ပျက်‌နေတာတွေက သူတို့နဲ့ မဆိုင်ပါ။ မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် ငါးသောင်းက ဆွမ်ဧကရာဇ်ရဲ့ သီးသန့်တပ်ဖွဲ့များ ဖြစ်‌ သောကြောင့် ထိုတပ်၏ စွမ်း‌ရည်က မညံသင့်ဟု သူတို့မြင်ထားကြ၏။

ထို့ကြောင့် မြောက်ဖရီးဘုရင်ကို ရင်ဆိုင်ဖို့ ပြဿနာမရှိသင့်ပေ။ ထို့ကြောင့် ဝန်ကြီးများ၏ အာရုံက မြောက်ပိုင်းက စစ်ပွဲတွင် ရှိမနေခဲ့ပါ။ သို့သော် အခု ဆွမ်ဧကရာဇ်က မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် ငါးသောင်းလုံးဝနီးပါး ချေမှုန်းခံခဲ့ရပြီး ဒဏ်ရာရသူတချို့ပဲ ကျန်ရှိတော့ကြောင်း ပြောနေပြီဖြစ်သည်။

သို့သော် ဒီသတင်းကို ဘယ်လိုအတည်ပြုနိုင်မှာလဲ။

အကယ်၍ ဒီသတင်းသာ အမှန်ဖြစ်ပါက အာဏာရှိမိသားစုတွေများ၏ အမြင်တွင် ဆွမ်ဧကရာဇ်၏ အင်အားတစ်ခု ဆုံးရှုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်ကြား စစ်ပွဲပြီးဆုံးချိန်တွင် အာဏာရှိ မိသားစုများကို ဆန့်ကျင်ဖို့ သတ္တိဆွမ်ဧကရာဇ်တွင် မရှိနိုင်‌‌တော့ပေ။

အဓိကအချက်က ထိုသတင်း၏ စိတ်ချရမှုဖြစ်၏။ ထိုသတင်းသာ အမှန်ဖြစ်‌နေပါက အာဏာရှိမိသားစုများအားလုံး ဝမ်းသာကြလိမ့်မည်ဖြစ်သည်။

သို့သော် လုပ်ကြံသတင်းဖြစ်နေပါက ဆွမ်ဧကရာဇ်က သူ၏အင်အားကို ဖုံးကွယ်ထားလိုခြင်းသာဖြစ်ပြီး အာဏာရှိမိသားစုတွေကို ရှင်းလင်းဖို့စိတ်ကူး မစွန့်လွှတ်သေးကြောင်း သက်သေပြနေခြင်းဖြစ်သည်။ လာမည့် နှစ်များတွင် သူ့အတွက် အခွင့်အရေး မရှိနိုင်သေးတာကို ခံစားမိသဖြင့် အချိန်ဆွဲဖို့ ကြံစည်နေခြင်းလည်း ဖြစ်နိုင်သည်။

ဆွမ်ဧကရာဇ်၏ အကောင်းဆုံး အရည်အချင်းက အရှက်ရစရာ ကိစ္စများကို သည်းခံပြီး အချိန်‌ကောင်းကို စောင့်ဆိုင်းတတ်ခြင်းဖြစ်သည်။ အာဏာရှိမိသားစုများကို အကြိမ်များစွာ သူအလျှောပေးခဲ့၏။ ထိုသို့ လျှော့ပေးပြီးတိုင်းလည်း သူတို့အပေါ် မုန်းတီးမှုက ပိုနက်ရှိုင်းလာပြီး အာဏာရှိမိသားစုများကို ဖယ်ရှားလို‌သော ဆန္ဒကလည်း ပိုပြီးကြီးထွားလာတတ်သည်။ အကြိမ်ကြိမ်လျှော့ပေးပြီးခဲ့သော ဆွမ်ဧကရာဇ်က သူတို့ကို မသည်းခံနိုင်တော့ကြောင်းလည်း အာဏာရှိ မိသားစုများ ကောင်းစွာသဘောပေါက်ကြ၏။

သို့သော် ဆွမ်ဧကရာဇ်မည်မျှပင် သည်းမခံနိုင် ဖြစ်‌နေစေကာမူ သူ့တွင် အင်အားမလုံလောက်သေး‌ေပ။ အာဏာရှိ မိသားစုအားလုံးကို သူတစ်ယောက်တည်း မဖယ်ရှားနိုင်‌ေချ။ အင်အားမသုံးနိုင်လျှင် သူတို့က ကြောက်ကြမည် မဟုတ်ပါ။

ထိုအချိန်မှာ စစ်ရေးဝန်ကြီး ချူးချင်ဝူက

“မင်းကြီး။ အနောက်ဘက်က တပ်တွေမှာ ဖိအားတွေအရမ်းများနေပါတယ်။ အခု မြောက်ပိုင်းစစ်ပွဲ ပြီးသွားပြီဆိုတော့ ဗိုလ်ချုပ်လင်ကို ပြန်ခေါ်ဖို့ စဉ်းစားသင့်ပါသလား။”

ဆွမ်ဧကရာဇ်က ချူးချင်ဝူကို ကြည့်လိုက်ပြီး တစ်ခုခုပြောဖို့ စဉ်းစားနေစဉ်

လင်ကောင်းယွမ်က ရုတ်တရက် ဝင်‌ပြောလိုက်၏။

“မြောက်ပိုင်းဖရီဘုရင်ရဲ့ တပ်တွေက လွင်ပြင်ဒေသကို ဆုတ်ခွာသွားပေမယ့် မြောက်ပိုင်းဒေသက အစီရင်ခံစာအရ မြောက်ဖရီဘုရင်ရဲ့ စစ်သားတွေဟာ ထျန်းကောင်းမြို့ကို မကြာခဏ တိုက်ခိုက်နေတုန်းပါပဲ။

“အခုမြောက်ပိုင်းနယ်စားမင်းသားဆီမှာ စစ်သည်မရှိသလောက် ဖြစ်သွားပါပြီ။ နန်းတွင်းတပ် နှစ်သောင်းကပဲ ထျန်းကောင်းမြို့ကို ကာကွယ်နေရတာပါ။ အခုအချိန်မှာ ဒီတပ်တွေကို ရွှေ့ပြောင်းလိုက်မယ်ဆိုရင် မြောက်ပိုင်းကို စွန့်လွှတ်လိုက်သလိုပါပဲ။”

ထို့‌နောက် လင်ကောင်းယွမ်က သူကိုင်ထားသော စစ်ရေးအစီရင်ခံစာကို ကျောင်းဝမ်ဟန်အား ပေးလိုက်၏။ ကျောင်းဝမ်ဟန်လည်း အစီရင်ခံစာကို သေချာဖတ်ကြည့်လိုက်၏။ ထိုအချိန်တွင် အာဏာရှိမိသားစုများဘက်မှ အရာရှိများကလည်း ကျောင်းဝမ်ဟန်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြ၏။

စစ်ရေးအစီရင်ခံစာကို ဖတ်ရှုပြီး‌သောအခါကျောင်းဝမ်ဟန်ကမှတ်ချက်ပေးလိုက်၏။

“ဗိုလ်ချုပ်လင်ရဲ့ အစီရင်ခံစာမှာ ပြောထားတာတွေ မှန်ကန်တယ်ဆိုရင် လွင်ပြင်ဒေသမျိုးနွယ်စုတွေရဲ့ မြင်းတပ်တွေက တောင်ပိုင်းကို မကြာမကြာ တိုက်ခိုက်နေဆဲပါ။ နန်းတွင်းစစ်တပ်ရဲ့ စစ်သည်နှစ်သောင်းကို အခုချက်ချင်း ပြန်မခေါ်သင့်ပါဘူး”

ဆွမ်ဧကရာဇ်က

“မြောက်ပိုင်းက စစ်ပွဲအကြောင်း ဒီလောက်ဆို လုံလောက်ပါပြီ။ ကျုပ်ခင်ဗျားတို့ကို ဒီနေ့ခေါ်ရတာက ဝူနိုင်ငံတော်နဲ့ စစ်ပြေငြိမ်းရေး ညှိနှိုင်းဖို့ကိစ္စကို အဓိကဆွေးနွေးဖို့ပါ။”

အမည်ခံအားဖြင့်တော့ ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား စစ်ပွဲကို ရှနိုင်ငံတော်က စတင်ခဲ့ခြင်းဖြစ်သည်။ ရှနိုင်ငံတော်က စတင်ခဲ့ခြင်း ဖြစ်သောကြောင့် ရှနိုင်ငံတော်ဘက်က စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုကို စတင်ပြီး စစ်ပွဲကို အဆုံးသတ်မှသာ သဘာဝကျမည်ဖြစ်သည်။

ဆွမ်ဧကရာဇ် အနေနှင့် စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုများကို ပြုလုပ်ရန် မလိုလားသော်လည်း စစ်ပွဲက ဤကဲ့သို့ ဆက်လက်ဖြစ်ပွားနေပါက ရှနိုင်ငံတော်၏ စစ်အင်အားက ပိုမိုအားနည်းလာမည်ဖြစ်၏။ ထိုအခါ ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိ မိသားစုများကို သူမည်သို့ ကိုင်တွယ်နိုင်မည်နည်း။

အချို့သော နယ်စားများက စစ်မျက်နှာသို့ စစ်သားများ စေလွှတ်ခဲ့သော်လည်း သူတို့၏ စစ်သားများသည် တစ်ယောက်ထက် တစ်ယောက် အပြိုင်အဆိုင် ညံ့ဖျင်းနေကြပြီး တိုက်ခိုက်ရေးစွမ်းရည် မရှိသလောက် ဖြစ်သည်။ အနောက်ဘက်စစ်မျက်နှာကို လက်ရှိတွင် ရှနိုင်ငံတော်၏ နန်းတွင်းစစ်တပ်များကသာ ထိန်းထားနိုင်သည်။

အကယ်၍ နယ်စားများ၏ စစ်တပ်များသာ စစ်မျက်နှာတွင် ကျန်ရှိတော့ပါက မကြာမီပင် ဝူနိုင်ငံတော်၏ သန်းနှင့်ချီသော စစ်တပ်ကြီးက ရှနိုင်ငံတော်၏ နေပြည်တော်ဆီသို့ ချီတက်လာလိမ့်မည်ဖြစ်သည်။

လက်ရှိတွင် ရှနိုင်ငံတော်အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုများ ပြုလုပ်ရန်ပင် ဖြစ်သည်။

စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် အာဏာရှိ မိသားစုများနှင့် နောက်တစ်ကြိမ် အပေးအယူလုပ်ဖို့ လိုအပ်မည်ကို လည်း ဆွမ်ဧကရာဇ် နားလည်ထားသည်။ ဤစစ်ပွဲကို ချူးမိသားစုနှင့် ဝူနိုင်ငံတော် ပူးပေါင်းပြီး စတင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ချူးမိသားစုသည် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများထဲမှ တစ်ခုဖြစ်ပြီး ယခုအခါတွင် လုရှုယွမ်မင်းသားဘက်သို့ လုံးဝတိမ်းညွှတ်နေပြီဖြစ်သည်။ ထို့ကြောင့် ထိုအပေးအယူ၏ ရလာဒ်က လုရှုယွမ်မင်းသားကို အိမ်ရှေ့စံအဖြစ် ကြေညာပေးရခြင်း ဖြစ်သွားနိုင်သည်။

.......

အခန်း (၂၃၀)

ဆွမ်ဧကရာဇ်၏ နောက်ကွယ်မှ ရည်ရွယ်ချက်များ (၃)

ထိုသို့လုပ်ရန် ဆွမ်ဧကရာဇ် မလိုလားပါ။ သို့သော် စစ်ပွဲကို ရပ်တန့်ရန် အခြားရွေးချယ်စရာ မရှိတော့‌ေပ။ စစ်ဆက်တိုက်နေပါက သူခက်ခက်ခဲခဲ စုဆောင်းထားသော အင်အားများ ကုန်ခမ်းသွားမည်ဖြစ်သည်။

နောက်ထပ် နှစ်နာရီကြာသည်အထိ သူတို့သည် စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ကျောင်းဝမ်ဟန်နှင့် အချို့သော အရာရှိများကတော့ အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်သည်။ စစ်ပြေငြိမ်းရေး ညှိနှိုင်းမည့်ကိစ္စကို ဆွေးနွေးမည်ဆိုပါက နန်းတွင်းအစည်းအဝေးပွဲတွင် ဆွေးနွေးသင့်သည်။

ဆွမ်ဧကရာဇ်က ဒီနေ့မှာ ဘာ့ကြောင့် စစ်ရေးနှင့် သက်ဆိုင်တဲ့ အရာရှိတွေကိုပဲ ခေါ်ယူပြီး ဒီကိစ္စကို ဆွေးနွေးစေရတာလဲ။ အခြားအရာရှိတွေကို ဒီဆွေးနွေးပွဲမှာပါဝင်ခွင့် ဘာလို့မပေးရတာလဲ။

ဆွေးနွေးပွဲ မပြီးမီပင် ကျောင်းဝမ်ဟန် အချက်တစ်ခုကို သတိထားမိလာသည်။ စာကြည့်ခန်းထဲရှိ အရာရှိအားလုံးနီးပါးသည် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများမှ ဖြစ်သည်။

စစ်ဗိုလ်ချုပ်များနှင့် တောင်ပိုင်းရှိ အရာရှိများတွင် စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုနှင့်ပတ်သက်၍ လုံးဝကွဲပြားသော သဘောထားများ ရှိကြသည်။

...

စာကြည့်ခန်းထဲရှိ စစ်ဗိုလ်ချုပ်များသည် စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုကို အပြင်းအထန် ကန့်ကွက်နေကြပြီး တောင်ပိုင်း အာဏာရှိ မိသားစုများ၏ အရာရှိများကမူ လိုလိုလားလား ထောက်ခံနေကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မှသာ သူတို့သည် ဆွမ်ဧကရာဇ်နှင့် အပေးအယူ လုပ်နိုင်ပြီး အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

တောင်ပိုင်းရှိ အာဏာရှိ မိသားစုများမှ အရာရှိများက စစ်‌၏ မရေရာသော သဘာဝနှင့် ပက်သက်သော အကြောင်းပြချက်များကို ရှာဖွေပြောဆိုကြပြီး ပြည်သူများကို ဦးစားပေးရန်နှင့် စစ်ဗိုလ်ချုပ်များကို စစ်ရေးအောင်မြင်မှုများ ရရှိရန်သာ ကြိုးစားနေသည်ဟု တိုက်ခိုက်ကြသည်။

စစ်ပြေငြိမ်းရေး ညှိနှိုင်းမှု စတင်ရန် အဆိုမှာ တောင်ပိုင်းရှိ အာဏာရှိ မိသားစုများမှ အရာရှိများ၏ ဖိအားကြောင့် ဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်ထားကြသည်။ ဤအရာက စစ်ဗိုလ်ချုပ်များနှင့် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများကြား ဘဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေသည်။

စစ်ဗိုလ်ချုပ်များက စစ်ရေးအောင်မြင်မှုများ ရရှိရန် လိုလားကြသည်။ ဗိုလ်ချုပ်များထဲတွင် မည်သူက စစ်ရေးအောင်မြင်မှုများ မလိုလားဘဲ နေမည်နည်း။ အထူးသဖြင့် ရှနိုင်ငံတော်၏ ဗိုလ်ချုပ်အများစုသည် မကြာသေးမီက ရာထူးတိုးမြှင့်ခံရသူများဖြစ်ပြီး စစ်ရေးအောင်မြင်မှု အနည်းငယ်သာ ရှိကြသည်။

ထို့ကြောင့် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများသည် စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုကို အပြင်းအထန် ထောက်ခံနေကြပြီး စစ်ဗိုလ်ချုပ်များက‌တော့ ကျေနပ်ခြင်း မရှိကြပါ။

နောက်ဆုံးတွင် စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုနှင့်ပတ်သက်သော အကြောင်းအရာကို ကြာမြင့်စွာ ဆွေးနွေးခဲ့သော်လည်း မည်သည့်တိကျသော ရလဒ်မှ မရရှိခဲ့ပေ။ ထို့နောက် ဆွမ်ဧကရာဇ်က နန်းတွင်းအစည်းအဝေးပွဲတွင် ထပ်မံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

စာကြည့်ခန်းမှ ထွက်လာပြီးနောက် အာဏာရှိ မိသားစုများမှ အရာရှိများက ကျောင်းဝမ်ဟန်ကို ဝိုင်းရံလိုက်ကြသည်။ ချူးချင်ဝူက အရင်ဆုံး စ‌မေးလိုက်သည်

“ကျောင်းလူကြီးမင်း။ မင်းကြီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အကြောင်းကို ဘာလို့ စစ်ဗိုလ်ချုပ်တစ်စုရယ် ကျွန်တော်တို့ရယ်နဲ့ပဲ ဆွေးနွေးတာလဲ။ ဒါကို နန်းတွင်း အစည်းအ‌ဝေးမှာ ဆွေးနွေးသင့်တာ မဟုတ်လား။”

မုတ်ဆိတ်ကို ပွတ်သပ်နေရင်း ကျောင်းဝမ်ဟန်၏ မျက်လုံးများတွင် အရာရာကို သိမြင်နေသကဲ့သို့ အလင်းရောင်များ ပေါ်လာသည်။

“ကျွန်‌တော့်အမြင်ကတော့ မင်းကြီးက တောင်ပိုင်းအာဏာရှိ မိသားစုတွေနဲ့ စစ်ဗိုလ်ချုပ်တွေကြား ပဋိပက္ခတွေ ဖြစ်စေဖို့ စီစဉ်နေတာပဲ။”

ထိုသို့ပြောပြီးနောက် ကျောင်းဝမ်ဟန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး သူ့နောက်ကို လိုက်နေသော အရာရှိများကို ဆက်ပြောလိုက်သည်။

“ကြည့်ပါဦး။ ဒီနေ့ လင်ကောင်းယွမ်ကလွဲလို့ အရာရှိတွေထဲမှာ ဘယ်သူတွေ ပါကြသလဲ။ ကျွန်တော်တို့အဖွဲ့ကလွဲလို့ အခြားအဖွဲ့က ဘယ်နှစ်‌ယောက် ရှိလို့လဲ။ ခင်ဗျားတို့အများစုက တောင်ပိုင်းအာဏာရှိ မိသားစုတွေကနေလာတဲ့ အရာရှိတွေပဲ မဟုတ်လား။”

ကျောင်းဝမ်ဟန်၏ စကားကို ကြားလိုက်ရသည့်အခါ အားလုံး ချက်ချင်း သဘောပေါက်သွားကြသည်။ ဆွမ်ဧကရာဇ်သည် စစ်ပွဲကို ဆက်လက်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း သိထားသည့်အတွက် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများအတွက် ကြိုတင်ပြီး ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။

မကြာသေးမီက စာကြည့်ခန်းထဲတွင် သူတို့သည် စစ်ဗိုလ်ချုပ်များနှင့် အငြင်းပွားနေခဲ့ပြီး စစ်ပွဲကို အဆုံးသတ်ရန် ပြောဆိုခဲ့ကြသည်။

သူတို့၏ အမြင်တွင် စစ်ပွဲသည် လုံလောက်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ စစ်ပွဲဆက်လက်ဖြစ်ပွားနေပါက ဆွမ်ဧကရာဇ်ကို ကျပ်တည်းသော အခြေအနေတစ်ခုသို့ ရောက်ရှိစေနိုင်ပြီး တောင်ပိုင်းအာဏာရှိ မိသားစုများ၏ အကျိုးစီးပွားများကိုလည်း ထိခိုက်စေနိုင်သည်။

စစ်ပွဲသည် နိုင်ငံရေး ကစားမှုကွက်တစ်ခုသာဖြစ်သည်။ စစ်ပွဲ ကြာမြင့်စွာ ဖြစ်ပွားပါက သူတို့အတွက် အမြဲတမ်း အကျိုးကျေးဇူးများ မရရှိနိုင်ပေ။ ချူးချင်ဝူထပ် ပြောဖို့ပြင်လိုက်စဉ် ကျောင်းဝမ်ဟန်က သူ၏ မုတ်ဆိတ်ကိုပွတ်သပ်ရင်း ဆက်ပြောလိုက်သည်။

“ဒီကိစ္စကို အခုချိန်မှာ မဆွေးနွေးတော့ပါနဲ့။ မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ်ငါးသောင်း တကယ်ပဲ ပျက်စီးသွားပြီလားဆိုတာ ခင်းဗျားတို့ရဲ့လူတွေကို စုံစမ်းခိုင်းပါ။”

“မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ်တွေ တကယ်ပဲ ပျောက်ကွယ်သွားပြီဆိုရင် မင်းကြီးရဲ့ ဒီနေ့ လုပ်ဆောင်ချက်က သိပ်အကျိုးသက်ရောက်မှု မရှိတော့ဘူး။”

မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ်ငါးသောင်း မရှိပါက တောင်ပိုင်းအာဏာရှိ မိသားစုများနှင့် စစ်ဗိုလ်ချုပ်များကြား ပဋိပက္ခ ဖြစ်ပေါ်စေရန် ကြိုးစားခြင်းသည်လည်း အချည်းနှီးပင်ဖြစ်သည်။

ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်ကြား စစ်ပွဲပြီးသွားလျှင် တောင်ပိုင်းအာဏာရှိ မိသားစုတွေကို ပြန်လည်တိုက်ခိုက်ဖို့ ဆွမ်ဧကရာဇ်က စီစဉ်နေတာလား။

ဆွမ်ဧကရာဇ်သည် ထိုသို့လုပ်ဝံ့မည်ဟု ကျောင်းဝမ်ဟန် မယုံကြည်ပါ။ ဆွမ်ဧကရာဇ် သေးသေးမွှားမွှား အပြုအမူများ ပိုမိုလုပ်ဆောင်လေလေ သူ၏ မလုံခြုံမှုနှင့် အာဏာရှိ မိသားစုများကို တိုက်ရိုက်ရင်ဆိုင်ရန် မလိုလားမှုကို ပြသလေဖြစ်သည်။

ကျောင်းဝမ်ဟန်၏ သတိပေးချက်ကို နားထောင်ပြီးနောက် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများမှ အရာရှိများလည်း ချက်ချင်းပင် သူတို့၏ မိသားစုများထံသို့ ပြန်သွားပြီး ယနေ့ဖြစ်ပျက်ခဲ့သော သတင်းများကို ပြန်လည်ပြောပြကြသည်။ ထို့နောက် သူတို့၏ အရင်းအမြစ်များကို အသုံးပြုကာ မြောက်ပိုင်းမြို့တော်၏ အနက်ရောင် မြင်းတပ် တကယ်ပဲ ပျက်စီးသွားပြီလားဆိုတာကို စုံစမ်းကြသည်။

......

အခန်း (၂၃၁)

ချန်ဝမ်ရွန်၏ ဆရာ။.

လုချန်း၏ ပြဿနာများ (၁)

တိတ်ဆိတ်ငြိမ်သက်၍ သာယာလှပနေသာ ခြံဝင်းထဲတွင် အဖြူရောင် နှင်းမြူများ လွင့်ပျံနေသည်။

ခြံဝင်းထဲရှိ စမ်းချောင်းငယ်မှ ရေများ စီးဆင်းနေသံများ ထွက်ပေါ်နေသည်။ ထိုအချိန်တွင် ခြံဝင်းထဲရှိ အခန်းတစ်ခန်းမှ အရိုးထိစိမ့်အောင် အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး ခဏအတွင်း ခြံဝင်းထဲရှိ အရာအားလုံး ဝင်ရိုးစွန်း ဒေသကဲ့သို့ အေးခဲသွားသည်။

ထို့နောက် ခြံဝင်းတံခါးဝတွင် ကျက်သရေရှိသော ပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်။ ရိုးရှင်းသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ချန်ဝမ်ရွန်သည် ရေခဲဖုံးနေသော ကျောက်လမ်းအတိုင်း ဖြတ်သန်းကာ အခန်းတံခါးဝတွင် ခြေစုံရပ်လိုက်သည်။

...

ချန်ဝမ်ရွန်က တိုက်ရိုက်မဝင်ပဲ တံခါးဝတွင် ဦးညွှတ်ကာ ပြောလိုက်သည်။

“တပည့် ဆရာ့ကို ဂါရဝပြုပါတယ်။”

ထိုအချိန်တွင် အခန်းအတွင်းမှ အမျိုးသမီးတစ်ဦး၏ အေးစက်သော အသံထွက်ပေါ်လာသည်။

“ဝင်လာခဲ့။”

အသံပျောက်သွားသည်နှင့် သစ်သားတံခါးချက်ချင်းပွင့်သွားပြီး အခန်းအတွင်းမှ အေးစက်သော လေထုတစ်ခု ထွက်ပေါ်လာကာ ချန်ဝမ်ရွန်၏ ရှည်လျားသော ဝတ်စုံကိုတိုက်ခတ်‌‌လိုက်သည်။

အေးစက်သော လေများရပ်တန့်သွားပြီးနောက် ချန်ဝမ်ရွန် အခန်းအတွင်းသို့ ဝင်လိုက်သည်။ အခန်းအတွင်းသည် နှစ်ပေါင်းထောင်ချီသော ရေခဲဂူကဲ့သို့ ဖြစ်နေပြီး အရာအားလုံးက ရေခဲများဖြင့် ဖုံးလွှမ်းနေသည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်၏ မျက်လုံးများသည် အနီးရှိ ကုတင်ပေါ်မှ ရှည်လျား‌သော ငွေရောင်ဆံပင်များဖြင့် လှပသောမျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာသော အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဍာန်ကို စိုက်ကြည့်နေသည်။

ထိုအမျိုးသမီးသည် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူမ၏ အလှသည် လက်တွေ့ကမ္ဘာတွင် မရှိသလောက် ဖြစ်သည်။ သူမ၏ ဆံပင်သည် အဖြူရောင်ဖြစ်နေသော်လည်း သူမ၏ အသားအရေသည် အလွန်နူးညံ့ပြီး ချောမွေ့နေသည်။ အရေးအကြောင်းတစ်ခုမျှ မရှိပဲ အရွယ်ရောက်ပြီးစ အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေသည်။

သူမ၏ မျက်လုံးများက ချန်ဝမ်ရွန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး

“အခုတ‌လော အကြီးအကဲ အတော်များများက မင်းက ကျင့်စဉ်လေ့ကျင့်မှုကို စိတ်မပါပဲ မြောက်ပိုင်းမြို့တော်ကို တပည့်တွေ အများကြီး စေလွှတ်ထားတယ်လို့ ပြောဆိုနေကြတယ်။”

ထိုအမျိုးသမီး၏ အသံသည် သန့်စင်ပြီး သိမ်မွေ့ကာ ဦးနှောက်ထဲသို့ တိုက်ရိုက်ထိုး‌‌ဖောက် ဝင်ရောက်သကဲ့ ဖြစ်နေ ‌သည်။ မျက်နှာအပြောင်းအလဲမရှိပဲ ချန်ဝမ်ရွန်က ပြန်ဖြေလိုက်သည်။

“ဒါက တကယ်ပါပဲ ဆရာ ။”

ချန်ဝမ်ရွန်၏ အဖြေကို ကြားလိုက်ရသည့်အခါ ငွေရောင်ဆံပင်နှင့် အမျိုးသမီးက

“ဒီကမ္ဘာမှာ ထာဝရတန်ခိုးရှင်လမ်းစဉ်အတွက် ကံကြမ္မာရှိသူတွေက အလွန်နည်းပါးတယ်။ မရေမတွက်နိုင်တဲ့ လူတွေဟာ သူတို့မရရှိနိုင်တဲ့ ထာဝရတန်ခိုးရှင် ဖြစ်ဖို့အခွင့်အလမ်းအတွက် သွေးထွက်သံယို အဖြစ်ခံပြီး တိုက်ခိုက်နေကြတယ်။ မင်းလို ကံကြမ္မာရှိသူကကျတော့ တန်ဖိုးမထားဘူး။”

ချန်ဝမ်ရွန်က နှိမ့်ချစွာဖြင့် ပြန်ဖြေလိုက်သည်။

“တပည့်ရဲ့ လောကီဆန်စွဲလမ်းမှုတွေ မပျက်ပြယ် သေးတာကြောင့် လေ့ကျင့်မှုကို စိတ်မပါဘဲ ဖြစ်နေပါတယ်။ ဆရာ့ကို စိတ်ပျက်စေပါတယ်။”

အမျိုးသမီးက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“အင်း။ လူတိုင်းမှာ သူ့ရွေးချယ်မှုနှင့်သူ ရှိကြတာပဲ။”

“ငါ မင်းကို ဒီတစ်ခါ ခေါ်လိုက်တာက ငါဂူအောင်း ကျင့်စဉ်စလုပ်တော့မယ်ဆိုတာ ပြောဖို့ပါ။ ဒီကျင့်စဉ်က နှစ်ပေါင်းတစ်ရာ လောက်ကြာမယ်။ ဒါမှမဟုတ် ငါးရာလောက်လည်း ကြာနိုင်တယ်။”

“ငါကျင့်စဉ်စတာနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို မင်းနဲ့ အကြီးအကဲတွေလက်ထဲ အပ်ထားမယ်။”

“ငါ မင်းကို သတိပေးချင်တာက ဒီကမ္ဘာမှာ ထာဝရတန်ခိုးရှင်တွေ တည်ရှိရှင်သန်နိုင်ခြင်းမရှိပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို ဘယ်သူမှ မနိုင်ဘူးဆိုတာ မဟုတ်ဘူး။ ကောင်းကင်လူသားအဆင့်ကို ကျော်လွန်နိုင်တဲ့ စွမ်းအားတွေက ဒီကမ္ဘာမှာ ရှိနေတယ်။ အကယ်၍ ကောင်းကင်လူသားအဆင့်ကို ကျော်လွန်တဲ့ သက်ရှိတစ်ယောက် ပေါ်ထွက်လာခဲ့ရင် မင်းနဲ့ အကြီးအကဲတွေ သူ့ကိုမနိုင်နိုင်ဘူး။”

“ဒါကြောင့် ငါ မင်းကို မျှော်လင့်တာက မင်းရဲ့ လောကီကိစ္စတွေ ပြီးဆုံးသွားပြီဆိုရင် နောက်ထပ် ပြဿနာတွေ မဖန်တီးပဲ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်လာပြီးလေ့ကျင့်မှုတွေလုပ်ပါ။ ကောင်းကင်လူသားအဆင့်ကို အမြန်ဆုံး ကျော်လွန်နိုင်အောင် ကြိုးစားပါ။ ငါ ကျင့်စဉ်ကနေ ပြန်ထွက်လာတဲ့အခါ မင်းရဲ့ အုတ်ဂူကို မတွေ့ချင်ဘူး။”

“ငါ တပည့်တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီ။ နောက်ထပ် တစ်ယောက်ကို ထပ်မဆုံးရှုံးချင် တော့ဘူး။”

ချန်ဝမ်ရွန်က ထပ်မံဦးညွှတ်ပြီး ပြောလိုက်သည်။

“တပည့် နားလည်ပါတယ်။”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက

“ဒါဆို ဒီလောက်ပါပဲ။”

ထိုစကားများ ပြောပြီးနောက် အမျိုးသမီး၏ ခန္ဓာကိုယ်သည် အံ့အားသင့် စရာကောင်းစွာပင် မရေမတွက်နိုင်‌သော အပိုင်းအစများအဖြစ် ကွဲထွက်သွားပြီး နောက်လုံးဝပျောက်ကွယ်သွားသည်။ ငွေရောင်ဆံပင်နှင့် အမျိုးသမီး ပျောက်ကွယ်သွားသည်နှင့် အခန်းထဲရှိ ရေခဲများ ချက်ချင်း အရည်ပျော်သွားကာ ခြံဝင်းအပြင်ဘက်မှ စီးဆင်းနေသော ရေသံကိုလည်း ပြန်ကြားလာရသည်။

ငွေရောင်ဆံပင်နှင့် အမျိုးသမီး ပျောက်ကွယ်သွားပြီးနောက် ချန်ဝမ်ရွန်လည်း ခြံဝင်းထဲမှ ထွက်လာခဲ့သည်။

သူမ၏ ဆရာ ကျင့်စဉ်ဝင်သွားပြီဖြစ်သဖြင့် သူမ၏ အကြီးမားဆုံး စိုးရိမ်မှု လည်း ပြေလည်သွားပြီဖြစ်သည်။ ယခုအခါ သူမ၏ နိုင်ငံ ပြန်လည်ထူထောင်ရန် အစီအစဉ်ကို မည်သူမှ မတားဆီးနိုင်တော့ပေ။

မြောက်ပိုင်းမြို့တော်သို့ ပြန်ရန် အချိန်တန်ပြီဖြစ်သည်။ ထိုအချိန်တွင် လုချန်း၏ ပုံရိပ်သည် သူမ၏ စိတ်တွင်း၌ မရည်ရွယ်ပဲ ပေါ်လာခဲ့သည်။ ဘာကြောင့်မှန်းမသိ အခုတလော လုချန်း၏ ပုံရိပ်များက သူမ၏ စိတ်ထဲတွင် အခါအားလျော်စွာ ပေါ်လာနေတတ်သည်။

သို့သော် ချန်ဝမ်ရွန် ထိုအကြောင်းကို အများကြီး မတွေးပါ။ လုချန်းထဲသို့ ချစ်ခြင်းပိုးကောင်ကို စိုက်ထည့်ရန် သူမအမြဲတွေးနေသည့်အတွက် သူ့ကို စိတ်ထဲတွင် မကြာခဏ တွေးမိနေသည်ဟု ယူဆသည်။

မြောက်ပိုင်းမြို့တော်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် နွေဦးအသံအဆောင်။

“ဟပ်ချိုး”

“ဟပ်ချိုး”

“ထူးဆန်းလိုက်တာ။ ငါက ထိပ်သီးပညာရှင်အဆင့်ရောက်နေပြီ မဟုတ်လား။ ဘာလို့ နှာချေနေရတာလဲ။ အမျိုးသမီးတစ်ယောက်ယောက်က ငါ့ အကြောင်းတွေးနေလို့လား။”

လေ့ကျင့်ခန်းလုပ်ပြီးစ အိပ်ရာဘေးတွင် ထိုင်နားနေစဉ် လုချန်း နှာချေလာခြင်းဖြစ်သည်။ ထိုအချိန်တွင် အိပ်ရာပေါ်တွင် မျက်ရည်များနှင့် လဲလျောင်းနေသော ရှောင်ဝမ်ယောင်ကို သူလှည့်ကြည့်လိုက်သည်။ ရှောင်ဝမ်ယောင်က မကျေနပ်စွာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ လုချန်းသည် ပြုံးရင်း ပြောလိုက်သည်။

“မြင်းပုလေး။ ဒီအမူအရာက ဘာလဲ။ ခုနက စိတ်ထဲမှာ ကိုယ့်ကို ကျိန်ဆဲနေတာလား။”

ရှောင်ဝမ်ယောင်က ညင်သာစွာ ပြောလိုက်သည်။

“ကျွန်မ မကျိန်ဆဲပါဘူး။”

လုချန်းသည် ရယ်မောလိုက်ပြီး သူမ၏ တင်ပါးကို ရိုက်လိုက်ကာ

“မကျိန်ဆဲဘူးလား။ ကိုယ့်ကို မြင်းလိုစီးချင်တဲ့ မင်းက ဘာလုပ်ဖို့မှ မဝံ့မရဲ ဖြစ်နေမှာ မဟုတ်ဘူး။”

“မင်းအခုနောက်ပိုင်း ပိုပိုရဲတင်းလာနေတယ်ထင်တယ်။”

ရှောင်ဝမ်ယောင် စကားမပြောဝံ့ပဲ စိတ်ထဲတွင် ညည်းညူနေသည်။ သူမ စီးချင်တာက တကယ့်မြင်းတစ်ကောင်ဖြစ်သည်။ မြက်ခင်းလွင်ပြင်များကို ဖြတ်ပြေးနိုင်သော မြင်းတစ်ကောင်ဖြစ်သည်။ လုချန်းက သူမ၏ စကားလုံးများကို ပြောင်းပြောကာ သူမကို မြင်းတစ်ကောင်ကဲ့သို့ ဆက်ဆံနေသည်။

ပြတင်းပေါက်မှ အပြင်သို့ လုချန်း ကြည့်လိုက်၏။ နှင်းများ ရပ်သွားပြီဖြစ်ကြောင်း သူသတိထားမိသည်။ ထို့နောက် သူကထထိုင်လိုက်ပြီး ပြောလိုက်သည်။

“မင်း နားနားနေနေ နေပါ။ ကိုယ့်မှာ လုပ်စရာတွေ ရှိတယ်။ အခု ထွက်သွားရမယ်။”

လုချန်း ထလိုက်သည်ကို မြင်ရသည့်အခါ ရှောင်ဝမ်ယောင်သည်လည်း မြန်မြန်ထထိုင်လိုက်ပြီး သူ့ကို အဝတ်အစားများ ဝတ်ဆင်ပေးလိုက်သည်။

ယခုအချိန်တွင် ရှောင်ဝမ်ယောင်သည်လည်း အခြားသူများကို ပြုစုဖို့ သင်ယူပြီးဖြစ်သည်။ အကြောင်းမှာ သူမသည် လုချန်း၏ အစေခံမ ဖြစ်ပြီး ဒါကသူမ တတ်မြောက်ထားရမည့်အရာဖြစ်သည်။

......

All Chapters