အခန်း ၂၄၁-၁၄၃
Vol. 17 Ch. 241-243
အခန်း (၂၄၁) မြောက်ပိုင်းမြို့တော် ပြုပြင်ပြောင်းလဲရေး (၂)
အစေခံများက ချက်ချင်းပင် သစ်သားသေတ္တာများကို ဖွင့်လိုက်ကြသည်။ ထိုသေတ္တာများထဲတွင် တောက်ပသော ငွေတုံး များ ပြည့်နှက်နေသည်။ ငွေများကို ကြည့်ရင်း လုချန်းက သူ့ကိုယ်သူ ပြောလိုက်သည်။
“ငွေခုနှစ်သောင်းကို သိန်းဂဏန်းနဲ့ လဲလိုက်တာ။ ဒီကိစ္စက လုံးဝမရှုံးဘူး။”
မြောက်ပိုင်းမြို့တော်ရှိ အရာရှိများအတွက် လစာ ခုနစ်သောင်းကို ထုတ်ပေးခဲ့ရသည်။ သို့သော် လစာများ မဖြန့်ဝေရသေးမီပင် မြောက်ပိုင်းမြို့တော်ရှိ အရာရှိများက သိန်းဂဏန်းငွေများကို လွှဲပြောင်းပေးခဲ့ကြသည်။
လုချန်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သစ်သားသေတ္တာတစ်ခုထဲမှ ငွေတုံးတစ်တုံးကို ကောက်ယူကာဆက်ပြောလိုက်သည်။
“လိယုရီက တကယ်တော့ ရိုးသားသူမဟုတ်ဘူး။ ရန်ခရိုင်က အရာရှိတွေနဲ့တင် သိန်းဂဏန်းငွေတွေ ပမာဏကို လွှဲပေးနိုင်တယ်။ ဒါတောင် သူက လစာလာတောင်းနေသေးတယ်။”
ထိုစကားနှင့်အတူ လုချန်းက အစေခံများကို ဆက်ပြောလိုက်သည်။
“ငွေဘယ်လောက်ရှိလဲ ရေကြည့်လိုက်။”
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် မင်းသားစံအိမ်ရှိ အစေခံများလည်း ချက်ချင်းပင် ငွေများကို စတင်ရေတွက်ကြည့်ကြသည်။
...
ထို့နောက် လုချန်းလည်း ခန်းမဆောင်မှ ထွက်ခွာသွား၏။ သူသည် အစေခံတစ်ဦးကို မုကျိရွှမ်းအား ခေါ်ယူပြီး ငွေများကို စီမံခန့်ခွဲရန် မှာထားခဲ့လိုက်သည်။ ထို့နောက် စာကြည့်ခန်းသို့ ပြန်သွားပြီး မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ဆက်လက်ရေးသားခဲ့သည်။
ခန်းမဆောင်ထဲတွင် သိန်းဂဏန်း ပမာဏရှိသော ငွေများကို မြင်လိုက်ရ သောအခါ မုကျိရွှမ်းအလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ ထိုငွေများ ဘယ်ကရလာတာလဲဆိုတာကို သိသွားသောအခါ သူမပို၍ပင် အံ့ဩသွားခဲ့သည်။ ဆင်းရဲသော မြောက်ပိုင်းမြို့တော်ရှိ အရာရှိများပင် ငွေလေးငါးသိန်းခန့် စားထားနိုင်သည်ကို သူမသိလိုက်ရသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ သူမ လုချန်းနှင့် နောက်ထပ်မဆွေးနွေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စသည် မြောက်ပိုင်းမြိုတော်နှင့် သက်ဆိုင်ကိစ္စဖြစ်ပြီး လုချန်း၏ အလုပ်ကိစ္စဖြစ်သည်။ ငွေများကိုတော့ သူတို့မကြာမီ ထားရှိတော့မည့် ဘဏ္ဍာတိုက်ထဲ ထည့်သွင်းထားရမည်ဖြစ်သည်။
ရက်အနည်းငယ်ကြာပြီးနောက် မြောက်ပိုင်းမြို့တော်၏ အစည်းအဝေး တရားဝင်စတင်ခဲ့သည်။ နိုင်ငံရေးရာ ခန်းမကို တည်ဆောက်မှု မပြီးသေးသည့်အတွက် မင်းသားစံအိမ်၏ အပြင်ခန်းမဆောင်ကို အစည်းအဝေးကျင်းပရန် နေရာအဖြစ် အသုံးပြုခဲ့ရသည်။
မြောက်ပိုင်းမြို့တော်မှ အရာရှိများအားလုံးသာမက စစ်ဗိုလ်ချုပ်များပါ ဤအစည်းအဝေးတွင် ပါဝင်ကြမည်ဖြစ်သည်။
မနက်ခင်းတွင် လုချန်းသည် အိပ်ရာထပြီး နံနက်စာကို ရိုးရိုးရှင်းရှင်း စားပြီးနောက် မင်းသားစံအိမ်၏ ခန်းမဆောင်သို့ သွားခဲ့သည်။ ထိုအချိန်တွင် အရာရှိများနှင့် စစ်ဗိုလ်ချုပ်များ ရောက်ရှိနေပြီး ဖြစ်သည်။
ထိုအစည်းအဝေးနှင့် ပတ်သက်၍ မြောက်ပိုင်းမြို့တော်ရှိ အရာရှိများ အလွန်စိတ်လှုပ်ရှားနေကြသည်။ စစ်ဗိုလ်ချုပ်များကမူ ဘာမှမထူးခြားသလို ရပ်နေကြပြီး အရာရှိများ အစည်းအဝေးနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်ကို ပေါ့ပေါ့ပါးပါး ကြည့်နေကြသည်။
ထိုအချိန်တွင် အထူးကိုယ်ရံတော်တစ်ဦး၏ အသံကို ခန်းမဆောင်တံခါးဝမှ ကြားလိုက်ရသည်။
“မင်းသားရောက်ရှိပါပြီ။”
ထိုအသံ ထွက်ပေါ်လာသည်နှင့် မင်းသားစံအိမ်၏ ခန်းမဆောင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ လူများ၏ စကားသံများလည်း ရပ်တန့်သွားကြသည်။
ထို့နောက် လုချန်းက လူအုပ်ကြားမှ ဖြတ်သန်းကာ ပင်မတံခါးနှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်ရှိ နေရာတွင် ထိုင်လိုက်သည်။
လိယုရီက ချက်ချင်း ဦးဆောင်ပြီး ပြောလိုက်သည်။
“မင်းသားကို ဂါရဝပြုပါတယ်။
မင်းသား နှစ်ထောင်ချီ အသက်ရှည်ပါစေ။”
လုချန်းက အေးဆေးစွာပြောလိုက်သည်။ “ထုံးစံတွေကို ရှောင်ပါ ။”
ထို့နောက် လုချန်းက ဆက်လက်ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားတို့အားလုံးကို မင်းသားစံအိမ် ခေါ်ရတဲ့ အကြောင်းက မြောက်ပိုင်းမြို့တော်ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ ကြားပြီးသား ဖြစ်မယ် ထင်ပါတယ်။”
“ကျွန်တော် မြောက်ပိုင်းမြို့တော် ရောက်နေတာ တစ်နှစ်ကျော်ခဲ့ပြီ။ ပုံမှန်အတိုင်းဆိုရင် ကျွန်တော်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး အဖွဲ့တစ်ခု ဖွဲ့စည်းထားသင့်ပြီ။ ဒါပေမဲ့ အခြား အရေးကိစ္စတွေရယ် လွင်ပြင်ဒေသ စစ်တပ်ရဲ့ နှစ်ကြိမ် ကျူးကျော်တိုက်ခိုက်မှုရယ်ကြောင့်အချိန်မရှိခဲ့ဘူး။”
“အခုနောက်ပိုင်း ကျွန်တော်သေချာ စဉ်းစားတွေးတောပြီးတော့ မြောက်ပိုင်းမြို့တော်မှာ ပြုပြင်ပြောင်းလဲမှု အနည်းငယ် စတင်ဖို့ ဆုံးဖြတ်ခဲ့တယ်။”
ထိုစကားနှင့်အတူ လုချန်းသည် သူ့ဘေးရှိ အထူးကိုယ်ရံတော်တစ်ဦးကို အမိန့်ပေးလိုက်သည်။
“ဖတ်ပြလိုက်ပါ။”
လုချန်း၏ အမိန့်ကို ကြားလိုက်ရသည်နှင့် အထူးကိုယ်ရံတော်သည် ရှည်လျားသော စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဖတ်ပြလိုက်သည်။
“ယခုမှစ၍ မြောက်ပိုင်းမြို့တော်ဟူသော အခေါ်အဝေါ်ကို တရားဝင် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ မြောက်ပိုင်းမြို့တော်ကို မြောက်ပိုင်းပြည်နယ်ဟု ခေါ်တွင်စေမည်။ မြောက်ပိုင်းနယ်တွင် ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ စစ်ရေး၊ တရားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးနှင့် ပညာရေးဝန်ကြီးဌာနများ ထူထောင်မည်။ မြောက်ပိုင်းနယ်တွင် စစ်ရေးနှင့် ပြည်သူ့ရေးရာကို ခွဲခြားသည့် မူဝါဒကို ကျင့်သုံးမည်။ စစ်ရေးဝန်ကြီးဌာနကို မြောက်ပိုင်းနယ်စားမင်းသားက တစ်ဦးတည်းက စီမံခန့်ခွဲမည်။ မြောက်ပိုင်းမြို့တော်၏ စစ်တပ်ကိုလည်း ပြုပြင်ပြောင်းလဲမည်။ မြောက်ပိုင်းမြို့တော်၏ စစ်ရေးပြုပြင်ပြောင်းလဲမှုများမှာ…”
အထူးကိုယ်ရံတော်များက “ပြုပြင်ပြောင်းလဲမှုများ” ကို ဖတ်ကြားနေစဉ် ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပြီး လူတိုင်းက မိမိတို့နှင့် သက်ဆိုင်သည့်အရာများကို အာရုံစိုက်နားထောင်နေကြသည်။
နာရီဝက်ခန့်ကြာပြီးနောက် အထူးကိုယ်ရံတော်၏ လက်ထဲမှ အကြောင်းအရာများကို ဖတ်ပြီးသွားခဲ့သည်။ အထူးကိုယ်ရံတော်များ ဖတ်ပြီးသွားသောအခါ လုချန်းက စကားစ ပြောလိုက်သည်။
“အခု ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်ပြီး မေးခွန်းများ သို့မဟုတ် သဘောမတူတဲ့ အရာများရှိပါက မေးမြန်းနိုင်ပါတယ်။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ အုပ်ချုပ်ရေး အရာရှိများက တစ်ဦးကိုတစ်ဦး ကြည့်နေကြသော်လည်း မည်သူမှ မထလာကြပေ။
သူတို့စိတ်ထဲတွင် မေးခွန်းများစွာရှိသော်လည်း သူတို့အများစုမှာ အရာရှိငယ်များဖြစ်ကြသည်။ ထိုသို့သော ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ထွက်ပြောရဲခြင်း မရှိကြပါ။
ထိုအချိန်တွင် လိယုရီက ရှေ့သို့တက်လာပြီး ပြောလိုက်သည်။
“မင်းသား။ ရှေးယခင်ကတည်းက နန်းတွင်းမှာ ဝန်ကြီးဌာနခြောက်ခုသာ ရှိခဲ့ပါတယ်။ မြောက်ပိုင်းမြို့တော်မှာ စီးပွားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနကို ဘာ့ကြောင့် ထပ်မံထည့်သွင်းထားတာပါလဲ။ စီးပွားရေးဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တစ်ပေါင်းတည်းထားနိုင်ပြီး ပညာရေးဝန်ကြီးဌာနကို ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပေါင်းစပ်နိုင်ပါတယ်။ ဝန်ကြီးဌာနနှစ်ခုကို ထပ်မံဖွင့်လှစ်ဖို့ မလိုအပ်ပါဘူး။ ဝန်ကြီးဌာနနှစ်ခု ထပ်မံဖွင့်လှစ်ရင် အရာရှိများ အလွန်အမင်း များပြားလာလိမ့်လို့ ယုံကြည်ပါတယ်။”
လုချန်းက ပြန်ဖြေလိုက်သည်။
“စီးပွားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနကို မြောက်ပိုင်းမြို့တော်၏ အနာဂတ်လိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ အခု လောလောဆယ်တော့ ကျွန်တော်တစ်ဦးတည်းက စီမံခန့်ခွဲမှာပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ လိယုရီလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဆက်မပြောတော့ပေ။ ၎င်းတို့သည် အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်ထားသော ဌာနများဖြစ်သည့်အတွက် သူနှင့်မသက်ဆိုင်ပါ။
သို့သော် နောက်ထပ်ကိစ္စတစ်ခုကတော့ လိယူရီကို အလွန်စိတ်ပူစေသည်။ ထို့ကြောင့် သူက အလျင်အမြန် ထပ်ပြောလိုက်သည်။
“မင်းသားရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ထဲမှာ မြောက်ပိုင်းနယ်ရှိ မြေအားလုံးဟာ တရားဝင်အားဖြင့် မင်းသားရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး မည်သူမှ ပိုင်ဆိုင်ခွင့်မရှိ အသုံးပြုခွင့်သာရှိသည်ဟု ပါရှိပါတယ်။ ဒါက ပြည်သူလူထု ကြားထဲမှာ ဝေဖန်ကန့်ကွက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။”
မြေယာပိုင်ဆိုင်မှုကိစ္စသည် မည်သည့်မင်းဆက်ကမဆို အလွန်ဂရုပြုရသည့် အရာဖြစ်၏။ မည်သည့်မင်းဆက်ကမှ နိုင်ငံတော်၏မြေပိုင်ဆိုင်မှု အားလုံးကို နန်းတွင်း သို့မဟုတ် ဧကရာဇ်ထံ ပေးအပ်ရမည်ဟု တိုက်ရိုက်ကြေညာခဲ့ခြင်း မရှိပေ။
အမည်အားဖြင့် နိုင်ငံတော်တစ်ခုလုံးသည် ဧကရာဇ်၏ပိုင်ဆိုင်မှုဖြစ်သော်လည်း ယင်းမှာ အမည်သက်သက်သာဖြစ်သည်။
မြေယာပိုင်ဆိုင်ခွင့်ကို ပြန်လည်ရယူပါက မြေရှင်များက ကျေနပ်ကြမည် မဟုတ်သလိုပြည်သူလူထုကလည်း သဘောတူမည်မဟုတ်ပေ။
.........
အခန်း (၂၄၂ )
မြောက်ပိုင်းမြို့တော် ပြုပြင်ပြောင်းလဲရေး (၃)
လုချန်း၏ လုပ်ဆောင်ချက်က အရမ်းရဲရင့်လွန်းသည်ဟု လိယုရီက ခံစားရ၏။ သာမန်ပြည်သူတွေကြားမှာ မကျေနပ်မှုများ ဖြစ်လာနိုင်၏။
လုချန်းက
“မြေယာပိုင်ဆိုင်မှုကို ပြန်လည်ရယူခြင်းက ပထမဆုံးအနေနဲ့ မြေယာသိမ်းပိုက်မှုပြဿနာကို ရှောင်ရှားဖို့နဲ့ ဒုတိယအနေနဲ့ မြောက်ပိုင်းမြို့တော်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးအတွက် ပြင်ဆင်ဖို့ပါ”
ဟု ပြောလိုက်သည်။
“ဒါကို လုပ်ရဲတာက ကျွန့တော့်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေလို့ပါ။ ပထမဆုံးအနေနဲ့ မြောက်ပိုင်းမြို့တော်မှာ အခုချိန်ထိ မြေပိုင်ရှင်ကြီးတွေ သိပ်မများသေးဘူး။ ဒီနေ့ကစပြီး မြောက်ပိုင်းမြို့တော်ရဲ့ စိုက်ပျိုးရေးအခွန်အားလုံးကို ဖျက်သိမ်းလိုက်ပြီ။ သာမန်ပြည်သူတွေက လယ်ယာလုပ်ချင်ရင် သူတို့စိုက်တာကို သူတို့ပိုင်ဆိုင်ခွင့်ရှိမယ်။ သူတို့ဟာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို မြေယာအသုံးပြုခွင့် လျှောက်ထားနိုင်တယ်။ အခကြေးငွေ အနည်းငယ်ပေးရုံနဲ့ မြေဧရိယာကြီးတစ်ခုကို ငှားရမ်းနိုင်တယ်။ ဒါက ကျွန်တော် မြေယာပြန်လည်ရယူပြီးနောက် သာမန်ပြည်သူတွေကို ပေးတဲ့ အကျိုးကျေးဇူးပါ။”
လုချန်းရဲ့ စကားက လိယုရီကို အံ့အားသင့်သွားစေ၏။
စိုက်ပျိုးရေးအခွန်အားလုံးကို ဖျက်သိမ်းလိုက်တယ်။
...
ဒါက နည်းနည်းရဲရင့်လွန်း မနေဘူးလား။ယခုခေတ်တွင် စိုက်ပျိုးရေးအခွန်သည် နိုင်ငံတစ်နိုင်ငံ၏ အဓိက ဝင်ငွေ အရင်းမြစ်ဖြစ်သည်။
ထိုအချိန်တွင် မုချန်တိန်ပင် မတ်တတ်ထလာပြီး
“မင်းသား။ စိုက်ပျိုးရေးအခွန်အားလုံးကို ဖျက်သိမ်းတဲ့ မူဝါဒက နည်းနည်းလွန်လွန်ကြူး မနေဘူးလား။ စိုက်ပျိုးရေးအခွန်မရှိရင် မြောက်ပိုင်းနိုင်ငံရဲ့ ဘဏ္ဍာတိုက်က အနာဂတ်မှာ ဘယ်လိုငွေရှာမှာလဲ” ဟု ပြောလိုက်သည်။
လုချန်းက
“မြောက်ပိုင်းမြို့တော်က ကောက်ခံတဲ့ စိုက်ပျိုးရေးအခွန်တွေက အရာရှိတွေရဲ့ လစာတွေကိုတောင် မဖြည့်ဆည်းနိုင်ဘူး။ ဒီလောက်နည်းတဲ့ အခွန်က ဘာအကျိုးရှိမှာလဲ။ နောက်ပြီး မင်းသားစံအိမ်မှာ စားနပ်ရိက္ခာစိုက်ပျိုးဖို့ မြေယာဧရိယာ အကြီးကြီးရှိတယ်။ သာမန်ပြည်သူတွေက ကျွန်တော့်ဆီ အစားအစာပို့ဖို့ မလိုဘူး။”
“မြောက်ပိုင်းပြည်နယ်ရဲ့ အသစ်တည်ထောင်တဲ့ ဘဏ္ဍာတိုက်က ဘယ်ကနေ ငွေကောက်ခံမလဲဆိုတော့ ကုန်သွယ်ရေးအခွန်တွေ တိုးမြှင့်ကောက်ခံခြင်းကနေရမယ်။ အခုကစပြီး မြောက်ပိုင်းနိုင်ငံကို ဝင်ထွက်တဲ့ ကုန်ပစ္စည်းတိုင်းကို ကုန်သွယ်ရေးအခွန် ပေးဆောင်ရမယ်။ ဒါ့အပြင် မင်းသားစံအိမ်က လုပ်ငန်းတချို့ကို ဖြုတ်ပြီး ကုန်သွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမယ်။ အဲဒီလုပ်ငန်းတွေကနေ ရတဲ့ငွေတွေက ဘဏ္ဍာတိုက်ကို ရောက်သွားမယ်။”
လုချန်း၏ စကားများက အရာရှိများအား ထပ်မံ အံ့အားသင့်သွားစေ၏။ မြောက်ပိုင်းနယ်စားမင်းသားက ဒီလောက်ရက်ရောမည်ဟု သူတို့မမျှော်လင့်ထားကြပါ။
မင်းသားစံအိမ်ရဲ့ လုပ်ငန်းတွေက အမြတ်အစွန်းများကြောာင်း သူတို့သိထားကြသည်။ အထူးသဖြင့် မကြာသေးခင်က ပေါ်ထွက်လာသော ကျောက်မီးသွေးလုပ်ငန်းဖြစ်သည်။ ချီမင်းသား နယ်မြေမှ သာမန်ပြည်သူတွေက ကျောက်မီးသွေးကို ရူးသွပ်စွာ ဝယ်ယူနေကြပြီဖြစ်ငည်။ ဒီဆောင်းရာသီမှာ မင်းသားစံအိမ်ကို ငွေတွေဘယ်လောက်တောင် ဝင်နေလဲ မသိနိုင်ပါ။
မင်းသားစံအိမ်၏ လုပ်ငန်းများကို ကုန်သွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမည်ဆိုပါက မြောက်ပိုင်းနိုင်ငံ၏ ဘဏ္ဍာတိုက်တွင် အနာဂတ်၌ ငွေကြေးမရှားနိုင်တော့ပါ။
ထိုအချက်က ကုန်သွယ်ရေးဝန်ကြီးဌာနကို အလွန်အရေးပါသွားစေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုဌာနသည် အဓိက ငွေရှာသော ဌာနဖြစ်သောကြောင့်ဖြစ်သည်။
ထိုစဉ် ရန်ခရိုင်က အရာရှိတစ်ယောက်က “မင်းသား။ ဒီလုပ်ရပ်က ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ မထင်ဘူးလား” လို့ မေးလိုက်တယ်။
ထိုမေးခွန်းနှင့်ပတ်သက်ပြီး လုချန်းဒေါသမထွက်ပါ။ ထိုနောက် သူက အေးဆေးစွာဖြင့်
“ဘယ်လိုမျိုး ပဋိပက္ခ ဖြစ်လာနိုင်မှာလဲ။ သာမန်ပြည်သူတွေက မင်းသားစံအိမ်ရဲ့ ဒီလုပ်ငန်းတွေကို ကုန်သွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမယ်။ ပြီးရင် ဒီလုပ်ငန်းတွေအတွက် အလုပ်သမားတွေကို သာမန်ပြည်သူတွေထဲက ငှားရမ်းပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်။ ဒါက သူတို့အတွက် အကျိုးကျေးဇူး အများကြီး ရှိတာပဲ။ ကျွန်တော့်ကို ပြည်သူတွေနဲ့ အကျိုးစီးပွားယှဉ်ပြိုင်တယ်လို့ ဘယ်သူစွပ်စွဲဝံ့မှာလဲ။”
“တစ်ယောက်ယောက်က ကျွန်တော့်လုပ်ငန်းတွေကို လိုချင်ပြီး ဒီလုပ်ငန်းက ငွေတွေက သူတို့အိတ်ထဲကို မရောက်သွားပဲ ဘဏ္ဍာတိုက်ထဲ ရောက်သွားလို့ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ ကျွန်တော်သိရသလောက်ဆိုရင် အာဏာရှိမိသားစုတွေပဲ ဒီလိုတွေးမှာပါ။”
“ဒါပေမဲ့ မြောက်ပိုင်းမြို့တော်မှာ နိုင်ငံတော်က စီမံခန့်ခွဲတဲ့ လုပ်ငန်းတွေကို ကျွန်တော့်မျက်စိအောက်တည့်တည့်က လုယူဖို့အထိ ရဲတင်းတဲ့ အာဏာရှိမိသားစုတစ်စုမှ ရှိမှာမဟုတ်ဘူးလို့ ထင်တယ်။”
လုချန်းရဲ့ စကားတွေနဲ့အတူ ခန်းမဆောင်အတွင်းမှ လူတိုင်း ငြိမ်သက်သွားကြ၏။
မှန်ပါသည်။ မင်းသားစံအိမ်က လွှဲအပ်လိုက်သော လုပ်ငန်းတွေမှ အလုပ်သမားများ ခန့်အပ်မည်ဆိုပါက မြောက်ပိုင်းမြို့တော်၏ အခြေအနေမဲ့ လူတန်းစားအတွက် အနာဂတ်တွင် စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်သည်။ ဒါက သာမန်ပြည်သူတွေအတွက် အကျိုးကျေးဇူး များစွာရှိသည်။ သူတို့နဲ့ အကျိုးစီးပွားယှဉ်ပြိုင်ခြင်း မဟုတ်ပါ။
အမှန်စင်စစ် အာဏာရှိမိသားစုများကိုလည်း သာမန်ပြည်သူတွေအဖြစ် ထည့်တွက်ရမည်ဖြစ်သည်။ အာဏာရှိမိသားစုများ မရှာနိုင် သောငွေကို ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် မင်းသားစံအိမ်က ရှာနိုင်မည်ဆိုပါက မင်းသားစံအိမ်က ပြည်သူတွေနဲ့ အကျိုးစီးပွားယှဉ်ပြိုင်တယ်လို့ ပြောကြမှာ တော့ သေချာ၏။
သို့သော် ဒီလိုအသံမျိုးတွေက မြောက်ပိုင်းမြို့တော်တွင် ပေါ်ထွက်လာမည် မဟုတ်ဟု ယူဆရသည်။
ထိုအချိန်တွင် လုချန်းက ဆက်ပြောလိုက်သည်။
“စကားမစပ် ဗိုလ်ချုပ်မိုးနှင့် လိလူကြီးမင်းတို့ကို မေးချင်တာရှိပါတယ်။ ကျွန်တော့်ရဲ့ နယ်နာမည်ကို ပြောင်းလို့ရမလား။ ခင်ဗျားတို့နှစ်ယောက်က နန်းတွင်းစည်းမျဉ်းတွေကို ပိုသိကြတာမို့ ဒါကို သိမှာပါ။”
လုချန်းသိသလောက်ဆိုရင် အပိုင်စားနယ်စားနာမည်ကို စိတ်ကြိုက်ပြောင်းလဲလို့မရပါ။ ယေဘုယျအားဖြင့် မင်းသား၏ ဘွဲ့အမည်နှင့် လိုက်လျောညီထွေစွာ ပေးလေ့ရှိသည်။ သူက မြောက်ပိုင်းနယ်စားမင်းသားဖြစ်သည့်အတွက် သူ၏ နယ်ကို မြောက်ပိုင်းနယ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
သို့သော် မြောက်ပိုင်းနယ်ဆိုသော အမည်ကို အမြဲတမ်း လုချန်း မသက်မသာဖြစ်နေသည်။ ထိုအခေါ်အဝေါ်သည် ပေါ့ပေါ့တန်တန် ဖြစ်နေသည်ဟု သူထင်သည်။
သူ၏ဖခင် ဆွမ်ဧကရာဇ်သည် သူ့ကို မထီမဲ့မြင်ပြုကာ ပေါ့ပေါ့တန်တန် မင်းသားဘွဲ့ ပေးခဲ့သည့်အတွက် အပိုင်စားနယ်အမည်ပါ ထိုနည်းတူ ပေါ့ပေါ့တန်တန် ဖြစ်နေခြင်းဖြစ်သည်။
မုချန်တိန်က ပြန်လည်ဖြေကြားလိုက်သည်။ “မင်းသား ။ကျွန်တော်သိသလောက်ဆိုရင် နာမည်က ပြောင်းလို့ရပါတယ်။ ရှနိုင်ငံတော်မှာ ယခင်က အလားတူ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မင်းသားအနေနှင့် ဧကရာဇ်ထံ ဘွဲ့အမည်ပြောင်းလဲရန် တောင်းခံသည့် စာကို ရေးသားပေးပို့ရပါမယ်။ အဲ့ဒီနောက်မှသာ နယ်မြေရဲ့ အမည်ကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။”
“ဒါပေမဲ့ ဘွဲ့အမည်ကိုတော့ ကျေးဇူးတော်ကြီးမားတဲ့ ဧကရာဇ်မင်းက ပေးအပ်ထားသည့်အတွက် ဧကရာဇ်ထံမှ ဘွဲ့အမည်ပြောင်းလဲရန် တောင်းခံပါက ဧကရာဇ်က ကျွန်တော်တို့ဆီက တစ်ခုခုကို ပြန်လည်တောင်းဆိုမှာ ဖြစ်ပါတယ်။”
“နောက်ပြီး ယခင်ဖြစ်စဉ်တွေအရ ဘွဲ့အမည်ပြောင်းလဲရန် တောင်းခံသည့် မင်းသားဟာ သူရဲ့ အပိုင်းစားနယ်ကနေ အခြားနေရာကိုပြောင်းရွှေ့ခံရနိုင်ခြေရှိပါတယ်။”
မုချန်တိန်၏စကားကို ကြားပြီးနောက် လုချန်းက ချက်ချင်းပြောလိုက်သည်။
“ဒါဆိုလဲ နေပါစေ။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရအောင်။”
ဆွမ်ဧကရာဇ်က သူ၏တောင်းဆိုချက်ကို သိပြီးနောက် နယ်မြေသစ်တစ်ခုကို ထပ်ပေးမည်ဟု လုချန်း မထင်ပါ။ ထိုအစား သူ့ထံမှ တစ်ခုခု ပြန်လည်သိမ်းယူသွားမည်ဟု သူထင်သည်။ ဥပမာ စစ်တပ်ချဲ့ထွင်ရန် အမိန့်စာကို ပြန်လည်သိမ်းယူမည်ဖြစ်သည်။
ဒီလောက် ဒုက္ခခံရမည် ဆိုပါက မပြောင်းတာက ပိုကောင်း၏။
မြောက်ပိုင်းနယ်သည် မြောက်ပိုင်းနယ်အဖြစ်ပဲ ဆက်လက်တည်ရှိမည်။
အမည်ကိုတော့ ဘာပဲဖြစ်ဖြစ် အနှေးနှင့်အမြန် ပြောင်းလဲရမည်ဖြစ်သည်။
“တခြားမေးစရာမေးခွန်းများ ရှိပါက ဆက်လက်မေးမြန်းနိုင်ပါတယ်။ ကျွန်တော်က အစေခံတွေကို နေ့လယ်စာ ပြင်ဆင်ခိုင်းထားပြီးပါပြီ။ ဒီနေ့ အချိန်လည်း အများကြီး ရှိပါတယ်။ ကျွန်တော်တင်ပြထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေကို ဆွေးနွေးနိုင်ပါတယ်။”
ထိုအချိန်တွင် လိယုရီက ဆက်လက်၍ ပြောလိုက်သည်။
“မင်းသားရဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေက ရေရှည်အတွက် ကြည့်မယ်ဆိုရင် မြောက်ပိုင်းပြည်နယ်အတွက် အကျိုးရှိပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဒီမှာ အခက်အခဲတွေ ကြုံရမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ အကြီးမားဆုံး အခက်အခဲတွေက မြောက်ပိုင်းပြည်နယ်ထဲမှာ မဟုတ်ပဲ နန်းတွင်းမှာ ရှိနေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။”
ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ထူထောင်ခြင်းသည် ဓလေ့ထုံးတမ်း စည်းမျဉ်းများကို ချိုးဖောက်သလားဆိုတာကို ဘေးဖယ်ထားလိုက်ပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က မြေယာပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းယူသည့် ကိစ္စတစ်ခုတည်းကပင် နန်းတွင်းအမတ်များ၏ ကန့်ကွက်မှုကို ဖြစ်စေနိုင်သည်။
မြေယာပြဿနာများသည် မြေရှင်ပဒေသရာဇ်ခောတ်တွင် အမြဲတမ်း ထိလွယ်ရှလွယ် ကိစ္စဖြစ်သည်။ လက်ရှိအချိန်တွင် မြောက်ပိုင်းမြို့တော်၌ လုဦးရေနည်းပါးပြီး မြေပိုင်ရှင်ကြီးများ သိပ်မရှိသည့်အတွက် ဖိအားအနည်းငယ်ဖြင့် ဤအမိန့်ကို လွယ်ကူစွာ အကောင်အထည်ဖော်နိုင်သည်။
သို့သော် ရှနိုင်ငံတော်၏ အခြားနေရာများတွင်တော့ မတူပါ။ အာဏာရှိမိသားစုများနှင့် အမတ်များက ပိုင်ဆိုင်ထားသည့် မြေယာများသည် အများဆုံးဖြစ်နေတတ်သည်။ မင်းသားတစ်ပါးက မြေယာပိုင်ဆိုင်မှုအားလုံးကို ပြန်လည်သိမ်းယူခြင်းသည် အန္တရာယ်ရှိသော နမူနာတစ်ခုကို ဖန်တီးလိုက်သလိုဖြစ်သည်။
ဤကိစ္စသည် သူတို့အား လောလောဆယ် မထိခိုက်သေးသော်လည်း သူတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဤနမူနာကို ဖန်တီးခွင့်ပြုမည်မဟုတ်ပါ။ ယနေ့တွင် မင်းသားတစ်ပါးက ထိုသို့ပြုလုပ်နိုင်ပါက နက်ဖြန်တွင် ဆွမ်ဧကရာဇ်ပင် ထိုနည်းအတိုင်း လိုက်လုပ်နိုင်သည်။
.......
အခန်း( ၂၄၃ )
ဒီလူငယ်လေးက ဘာလုပ်ချင်နေတာလဲ
လိယုရီ၏စကားကို ကြားပြီးနောက် လုချန်းသူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။ နန်းတွင်းကို အာဏာရှိမိသားစုများက ချုပ်ကိုင်ထားပြီး သူတို့သည် မြေယာအများဆုံးပိုင်ဆိုင်ထားသူများဖြစ်ကာ မြေယာပြဿနာများနှင့် ပတ်သက်၍ အထိရှလွယ်ဆုံး အုပ်စုဖြစ်သည်။
ထို့ကြောင့် မြေယာပြုပြင်ပြောင်းလဲရေးများကို မြောက်ပိုင်းပြည်နယ်တွင် အကောင်အထည်ဖော်ပါက အာဏာရှိမိသားစုများ၏ အာရုံကို တိုက်ရိုက်စွဲဆောင်သွားစေမည်ဖြစ်ပြီး သူတို့ဘက်မှ ကန့်ကွက်ရန် အမျိုးမျိုးကြိုးစားကြမည်ဖြစ်သည်။
အာဏာရှိမိသားစုများသာမက ပညာတတ် အမတ်များကလည်း လုချန်းကို ဝေဖန်ကြမည်ဖြစ်သည်။ တစ်နည်းအားဖြင့် မြေယာပိုင်ဆိုင်မှု များသူများက သူ့ကို ဒုက္ခပေးရန် ထွက် ပေါ်လာနိုင်သည်။
လုချန်းက ပြန်ပြောလိုက်သည်။
“ကျွန်တော် အခုပြုပြင်ပြောင်းလဲရေးလုပ်နေတာက နန်းတွင်းက ဝူနိုင်ငံတော်နဲ့ စစ်ပွဲကို အာရုံစိုက်နေလို့ပါ။”
...
“မြောက်ပိုင်းမြို့တော်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကို သူတို့သိသွားရင်တောင် သူတို့အနေနှင့် စိတ်မသက်မသာဖြစ်ရုံကလွဲပြီး ဒီအချိန်မှာ မြောက်ပိုင်းမြို့တော်ကို အာရုံစိုက်ဖို့ အချိန်မရှိကြပါဘူး။”
“နန်းတွင်းက လူတွေ မြောက်ပိုင်းမြို့တော်ရဲ့ ကိစ္စတွေကို အာရုံစိုက်ဖို့ အချိန်ရတဲ့အခါမှာ မြောက်ပိုင်းမြို့တော်ရဲ့ ပြုပြင်ပြောင်းလဲရေးအများစုက ပြီးစီးနေပါပြီ။ အဲ့ဒီအခါကျရင် သူတို့အနေနဲ့ ကန့်ကွက်ဖို့ နောက်ကျသွားပါပြီ။”
လုချန်း၏စကားကို ကြားပြီးနောက် လိယုရီ စဉ်းစားကြည့်ပြီး လုချန်းမှန်နေသည်ဟု သဘောပေါက်သွားသည်။ အကယ်၍ ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်တို့၏ စစ်ပွဲပြီးဆုံးပြီးမှ ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ပါက သူတို့ရင်ဆိုင်ရမည့် ခုခံမှုများသည် လက်ရှိထက် အဆမတန်များပြားလာမည်ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ရန် အကောင်းဆုံးအချိန်မှာ ယခုအချိန်ပင်ဖြစ်သည်။ နန်းတွင်းရှိ အာဏာရှိမိသားစုများမှ အရာရှိအချို့က မြောက်ပိုင်းမြို့တော်တွင် ပြုပြင်ပြောင်းလဲရေးများကို ရပ်တန့်စေလိုရင်တောင် သူတို့ဆီ၌ မြောက်ပိုင်းမြို့တော်ကို ဒုက္ခပေးရန် စွမ်းအား အများအပြား လွှဲပြောင်းပေးနိုင်မည် မဟုတ်ပေ။ ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား စစ်ပွဲမှာ အထိခိုက် အလွယ်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိတွင် နှစ်ဖက်စလုံးမှ ရှေ့တန်းသို့ အဆက်မပြတ် စစ်ကူတပ်များ ပို့နေပြီး ရှနိုင်ငံတော်ဘက်မှ ခရိုင်နှစ်ခုစာ နယ်မြေများ ဆုံးရှုံးနေပြီဖြစ်သည်။ ထို့ကြောင့် နန်းတွင်း အရာရှိများအတွက် မင်းသားတစ်ဦး၏ နယ်မြေအတွင်း ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ရန် စွမ်းအားမရှိတော့ပေ။
ရှနိုင်ငံတော်အတွက် လက်ရှိတွင် မင်းသားတစ်ဦးက ပုန်ကန်ခြင်းဖြင့် ရှနိုင်ငံတော်၏ အခြေအနေကို မီးလောင်ရာလေပင့် မလုပ်ဘူးဆိုလျှင်တောင် ထိုအရာက အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ ယခုအချိန် သူတို့ မည်သည့်ပြုပြင်ပြောင်းလဲရေးများ လုပ်လုပ် နန်းတွင်းအနေနှင့် ဝင်ရောက်စွက်ဖက်မှု မလုပ်နိုင်ပါ။
လုချန်းက ဆက်လက်ပြောလိုက်သည်။
“မြောက်ပိုင်းနယ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို နန်းတွင်းက ဟန့်တားလာနိုင်မှာလား ဆိုတာကို လုံးဝ စိုးရိမ်စရာမလိုပါဘူး။”
“ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအမံများနှင့် ပတ်သက်ပြီး မေးစရာရှိလျှင် အခုတစ်ခါတည်း မေးပါ။ အကောင်အထည်ဖော်တဲ့အဆင့်သို့ ရောက်မှ ဘယ်လိုလုပ်ရမှန်း မသိတော့တဲ့ အခြေအနေမျိုး မဖြစ်ပါစေနှင့်။”
ထိုအချိန်တွင် ခန်းမထဲရှိ အရာရှိများလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ ဘယ်သူမှ စကားထပ်မပြောကြတော့ပေ။
သူတို့၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်မှာ လုချန်း၏ ပြုပြင်ပြောင်းလဲရေးအစီအမံများက ဆက်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ပြောသည့် အရာများက တကယ်တော့ သိပ်အရေးမပါပေ။
တကယ်တော့ သူတို့၏ စိတ်ထဲတွင် ပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ မေးစရာများ အများအပြားရှိသည်။ ဥပမာ စစ်ရေးနှင့် အရပ်သားအုပ်ချုပ်ရေး ခွဲခြားခြင်းကဲ့သို့သော အချက်များဖြစ်သည်။
ထိုသို့ခွဲခြားခြင်းဖြင့် ယခုအချိန်မှစ၍ မြောက်ပိုင်းမြို့တော်၏ စစ်အာဏာက မြောက်ပိုင်းမင်းသား၏ လက်ထဲတွင် လုံးဝ ရှိနေမည်ဖြစ်သည်။ သူတို့က အရပ်သားအရာရှိများဖြစ်သည့်အတွက် လက်နက်မဲ့နေမည်ဖြစ်သည်။ အကယ်၍ မြောက်ပိုင်းမင်းသားက သူတို့ကို ရှင်းပစ်လိုပါက အလွယ်တကူ လုပ်နိုင်သည်။
ဒါက ဆွမ်ဧကရာဇ် စစ်အာဏာကို ရယူသိမ်းပိုက်ခြင်းထက် ပို၍ ကြောက်စရာကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ဆွမ်ဧကရာဇ်၏ စစ်အာဏာ ရယူခြင်းသည် အမည်ခံသာဖြစ်ပြီး တကယ်တမ်း စစ်အတွင်းကာလ၌ စစ်ရေးကိစ္စများကို စစ်တပ်အရာရှိအချို့နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သေးသည်။
ထို့ပြင် လက်ရှိ ရှနိုင်ငံတော်၏ စစ်ရေးဝန်ကြီးဌာနသည် ဆွမ်ဧကရာဇ်၏ လက်ထဲတွင် လုံးဝမရှိပေ။
သို့သော် မြောက်ပိုင်းမြို့တော်မှာမူ ကွဲပြားသည်။ စစ်နှင့် အရပ်သားအရာရှိ ခွဲခြားခြင်းဆိုသည်မှာ စစ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများသည် လုပ်ငန်းခွင်တွင် ဆက်သွယ်မှုမရှိပဲ ယခုချိန်မှစ၍ စစ် ရေးဝန်ကြီးဌာန၏ လုပ်ငန်းများသည် မြောက်ပိုင်းမင်းသားနှင့်သာ ဆက်သွယ်မည်ဖြစ်ပြီး အခြားဌာနများအနေဖြင့် စစ်ရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နိုင်သည့် အခွင့်အလမ်းမှာ မရှိသလောက်ပင် ဖြစ်သည်။
အဓိကအချက်မှာ မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲရေးတွင် ဝန်ကြီးချုပ်ကဲ့သို့သော ရာထူးများ မရှိပဲ ယခင်က ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ လိယုရီ၏ အာဏာပင် အလွန်အမင်း အားနည်းသွားခြင်းဖြစ်သည်။
ဤအရာက လိယုရီ၏ အနေအထားကို အနည်းငယ် ရှုပ်ထွေးစေသည်။ သူသည် ယခင်က မြောက်ပိုင်းမြို့တော်ရှိ အရာရှိအားလုံး၏ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပြီး ယခု ပြုပြင်ပြောင်းလဲရေးပြီးနောက် သူ့ကိုယ်သူ မည်သည့်နေရာတွင် ရှိသင့်သည်ကိုပင် မသိတော့ပေ။
လုချန်း သူ့အတွက် စီစဉ်ထားသည်များကို လိယုရီ မေးမြန်းခြင်း မပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ဘက်ကစပြီး ထိုအကြောင်းကို ထုတ်ပြောရန် မသင့်တော်ဟု ယူဆသောကြောင့်ဖြစ်သည်။ သူ့အတွက် သင့်တော်သော ရာထူးတစ်ခုကို လုချန်းစဉ်းစားထားပြီးဖြစ်မည်ဟု ယုံကြည်ကာ မေးမြန်းခြင်းမပြုပဲ နေခြင်းက ပိုကောင်းမည်ဟု လိယုရီ ယူဆသည်။
ထိုအချိန်တွင် လုချန်းက ဆက်ပြောလိုက်သည်။
“ယခုချိန်ကစပြီး စစ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ကို ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်မှာဖြစ်ပြီး ကျန်ဝန်ကြီးဌာနငါးခုကို လိလူကြီးမင်းက ယာယီအုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနငါးခုအပေါ်တွင် ပြည်နယ်ဝန်ကြီးတစ်ဦးကို ခန့်အပ်မှာဖြစ်ပြီး ပထမဆုံး ပြည်နယ်ဝန်ကြီးအဖြစ် လိလူကြီးမင်းကို ယာယီတာဝန်ပေးမှာဖြစ်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လိယုရီလည်း စိတ်သက်သာရာရသွား၏။ ပြည်နယ်ဝန်ကြီးဆိုသည့် ရာထူးအမည်ကို ယခင်က မကြားဖူးသော်လည်း ဤရာထူးသည် ဝန်ကြီးဌာနငါးခုအပေါ်တွင် ရှိနေ၏။ ထို့ပြင် ဌာနငါးခုကို အုပ်ချုပ်ရမည်ဖြစ်သောကြောင့် ဤရာထူးသည် ဝန်ကြီးချုပ်သို့မဟုတ် သူ၏ယခင်ရာထူးဖြစ်သော ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သိပ်ကွာခြားမှုမရှိပေ။
လုချန်း မြောက်ပိုင်းမြို့တော်သို့ ရောက်ရှိပြီးနောက် သူသည် မြောက်ပိုင်းမြို့တော်၏ စစ်အာဏာကို လုချန်းထံ လွှဲပြောင်းပေးခဲ့ပြီး ထိုအချိန်မှစ၍ ပြည်နယ်အုပ်ချုပ်ရေးရာများကိုသာ တာဝန်ယူခဲ့သည်။ မြောက်ပိုင်းမြို့တော် ပြုပြင်ပြောင်းလဲမှု ထုတ်ပြန်ပြီးလည်း ပြည်နယ်ရေးရာများသည် သူ၏တာဝန်ဖြစ်နေဆဲဖြစ်ပြီး ယခင်ကကဲ့သို့ပင် ဖြစ်သည်။
ထိုအချိန်တွင် လိယုရီက မေးလိုက်သည်။ “မင်းသား။ ဘဏ္ဍာရေးဝန်ကြီးဌာနကို ဘယ်သူ့ကို တာဝန်ပေးဖို့ စဉ်းစားထားပါလဲ။”
ကုန်သွယ်ရေးဝန်ကြီးဌာနကို လုချန်းက တိုက်ရိုက်စီမံခန့်ခွဲသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနကို သူမကိုင်ပါ။ ထို့ကြောင့် လိယုရီက ဘဏ္ဍာရေးဝန်ကြီးဌာနကို စီမံခန့်ခွဲ့မည့်သူကို အလွန်စိတ်ဝင်စားသည်။
ထိုဌာနသည် ငွေအိတ်ဖြစ်ပြီး လူတိုင်းက သူတို့၏လက်ထဲတွင် ထားလိုကြသည်။ လိယုရီ၏ မေးခွန်းကို ကြားလိုက်ရပြီး လုချန်းက အနည်းငယ်ပြုံးလိုက်ကာ
“ယခုမှစ၍ ဘဏ္ဍာရေးဝန်ကြီးဌာနကို မြောက်ပိုင်းပြည်နယ်ဘဏ်လို့ အမည်ပြောင်းမယ်။ ဘဏ်ရဲ့အကြီးအကဲကို ဥက္ကဋ္ဌလို့ ခေါ်ဆိုမယ်။ ကျွန်တော်ကိုယ်တိုင် ရာထူး ခန့်အပ်ခြင်း မှ ဖယ်ရှားခြင်း ပြုလုပ်မယ်” ဟု ပြောလိုက်သည်။
လိယုရီသည် အံ့အားသင့်သွားခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားက ဘဏ္ဍာရေးဝန်ကြီးဌာနကို အခြားသူတစ်ဦးဦးထံ လွှဲပြောင်းပေးရန် မလိုလားဟု သူစဉ်းစားမိသည်။
သူတို့သည် ဘဏ္ဍာရေးဝန်ကြီးဌာနကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ သီးခြားခွဲထုတ်ခြင်းအား လိုလားသော်လည်း လက်ရှိအချိန်တွင် မြောက်ပိုင်းမြို့တော်၏ အုပ်ချုပ်ရေး အရာရှိများတွင် ထိုငွေအိတ်ကို မြောက်ပိုင်းနယ်စားမင်းသား၏ လက်မှ လုယူနိုင်သည့် စွမ်းရည်မရှိကြပေ။
လုချန်းက ဆက်ပြောလိုက်သည်။
“မြောက်ပိုင်းနယ်ဘဏ်၏ ပထမဆုံးဥက္ကဋ္ဌအဖြစ် ကျွန်တော်က ရဲလိနန်ရန်ကို ခန့်အပ်ဖို့ စီစဉ်ထားတယ်။”
ထိုစကားထွက်ပေါ်လာသည် နှင့် ခန်းမကြီးတစ်ခုလုံး ချက်ချင်း ဆူညံသွားခဲ့သည်။ လိယုရီက အလျင်အမြန်ပြောလိုက်သည်။
“မင်းသား။ ဒါကို မလုပ်သင့်ပါဘူး။”
လုချန်းက အေးဆေးစွာပြောလိုက်သည်။ “သူက အမျိုးသမီးဖြစ်နေလို့ အမျိုးသမီးတစ်ယောက်က ဒီရာထူးမှာ မထိုက်တန်ဘူးလို့ ပြောချင်တာလား။”
“ကျွန်တော်က ငွေကြေးကို စီမံခန့်ခွဲနိုင်မယ့်သူကို ရှာနေတာပါ။ သူက ငွေကြေးကို ကိုင်တွယ်နိုင်ပြီး ကျွန်တော့်ကို အပြည့်အဝ သစ္စာရှိမယ်ဆိုရင် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး။”
“သူ့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်ရင်တော့ ကျွန်တော်၏ သူ့ကိုအားကိုးတာက မြောက်ပိုင်းပြည်နယ်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေကိုနှစ်သိမ့်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်တယ်။ ကျွန်တော်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ခွဲခြားဆက်ဆံခြင်း မရှိကြောင်း သိစေဖို့လည်း ဖြစ်တယ်။”
လုချန်းက ဆက်ပြောလိုက်၏။
“ဟုတ်ပါတယ်။ ရဲလိနန်ရန်ကို ဒီနေရာ ခန့်ဖို့ကျွန်တော့် မိဖုရားက ကျွန်တော့်ကို အကြံပေးခဲ့တာပါ။”
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် လိယုရီနှင့် အခြားသူများသည် အံ့အားသင့်သွားခဲ့ကြသည်။ အကယ်၍ မိဖုရားကတောင် ရဲလိနန်ရန်ကို ဘဏ္ဍာရေးဝန်ကြီးဌာနအား စီမံခန့်ခွဲစေရန် အကြံပေးခဲ့ပါက သူတို့တွင် ထပ်ပြောစရာမရှိတော့ပါ။
ထို့ပြင် ရဲလိနန်ရန်သည် ယခု မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီးတစ်ဦးဖြစ်နေပြီဖြစ်သည်။ သူတို့ ဆက်လက်ကန့်ကွက်ပါက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှ ဘဏ္ဍာရေးဝန်ကြီးဌာနကို စီမံခန့်ခွဲခြင်းအား ကန့်ကွက်နေသည်ဟု အထင်ခံနိုင်၏။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်နှင့် အပြိုင် ဘဏ္ဍာရေးကို ထိန်းချုပ် နေချင်သလို ဖြစ်သွားလိမ့်မည်။ ထိုအတွေးကို လိယုရီသည် ဆက်မတွေးဝံ့တော့သဖြင့် နောက်ထပ်စကားမပြောတော့ပါ။
ထိုအချိန်တွင် လုချန်းက မုချန်တိန်ကို လှည့်ကြည့်လိုက်၏။
“ဗိုလ်ချုပ်မိုး။ ခင်ဗျားဟာ ထျန်းကောင်းမြို့ကနေ အခက်အခဲတွေကြားက ရအောင်ပြန်လာခဲ့ရတယ်။ မြောက်ပိုင်းမြို့တော်ရဲ့ စစ်ရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး တကယ်ပဲ ခင်ဗျားမှာ ကန့်ကွက်စရာ မရှိဘူးလား။”
မုချန်တိန်သည် မူလက ထျန်းကောင်းမြို့အနီးတွင် အထူးတာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့သော်လည်း လုချန်းက ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကြောင့် သူ့ကို ကြိုတင်ပြန်လာရန် အကြောင်းကြားခဲ့သည်။ အမိန့်ကို လက်ခံရရှိသည်နှင့် မုချန်တိန်သည် နှင်းမုန်တိုင်းများကြားတွင် နေ့ညမပြတ် ခရီးနှင်ကာ မနေ့ညကမှသာ ရန်ခရိုင်သို့ ပြန်ရောက်ခဲ့သည်။
ဤမျှဝေးကွာသော ခရီးကို လာခဲ့ပြီး ဆွေးနွေးမှုများ မပြုပဲနေပါက အကျိုးရှိမည် မဟုတ်ပေ။
လုချန်း၏ စကားကို ကြားလိုက်ရသည်နှင့် မုချန်တိန်က ချက်ချင်းပြန်ပြောလိုက်သည်။
“မင်းသားရဲ့ စစ်ရေး ပြုပြင်ပြောင်းလဲမှုများဟာ စစ်သည်တွေရဲ့ တိုက်ခိုက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။ ကျွန်တော်ထင်တာက မင်းသားရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ပြည့်စုံနေပါပြီ။ အားနည်းချက်မရှိပါဘူး။”
ထိုစကားကို ကြားလိုက်ရပြီးနောက် လုချန်းက ပြုံးပြလိုက်သည်။
ထို့နောက် သူက ဆက်လက်ပြောလိုက်သည်။
“ဖြစ်နိုင်တာက မြောက်ပိုင်းမြို့တော်အတွက် ပြုပြင်ပြောင်းလဲရေးအစီအမံတွေကို ခုနကဖတ်တဲ့အခါ မြန်လွန်းတာကြောင့် ခင်ဗျားတို့ မှတ်မိမသွားတာတွေ ရှိနိုင်တယ်။”
“နောက်တော့ အစီအမံတစ်ခုချင်းစီကို တစ်ခုပြီးတစ်ခု ဆွေးနွေးကြမယ်။ ခင်ဗျားတို့မှာ ပြဿနာတစ်ခုခုရှိရင် ထုတ်ပြောပါ။”
ထို့နောက် လုချန်းက အထူးကိုယ်ရံတော်ကို ပြုပြင်ပြောင်းလဲရေးအစီအမံများကို ဆက်ဖတ်ရန် အချက်ပြလိုက်သည်။ သူတို့သည် နောက်တစ်နေ့တစ်နေ့လုံး သူ၏ပြုပြင်ပြောင်းလဲမှုများအကြောင်း ဆွေးနွေးခဲ့ကြသည်။
ထိုအတောအတွင်း။
ဝူနိုင်ငံတော် နန်းတော်။
စိမ်းလန်းသေား မိုးတိမ်ခန်းမ။
မင်းသမီးကျန်းဝမ်သည် ထိုင်ခုံကြီး တစ်ခုပေါ်တွင် ဘေးတစောင်းလှဲနေ၏။ သူမ၏လက်ထဲတွင် ထောက်လှမ်းရေးသတင်းတစ်ခုကို ကိုင်ထားပြီး အလွန်အာရုံစိုက်စွာဖြင့် ထပ်ခါထပ်ခါ ဖတ်နေသည်။
ထို့နောက် သူမသည် ခန်းမထဲတွင် ဒူးထောက်နေသော ထောက်လှမ်းရေးသတင်းကို ယူဆောင်လာသူကို လှည့်ပြီး ပြောလိုက်သည်။
“မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ်ဟာ တကယ်ပဲ ပျက်စီးသွားပြီလို့ အတည်ပြုပြီးပြီလား။”
ခန်းမအလယ်တွင် ဒူးထောက်နေသော လူက ချက်ချင်းပြန်ပြောလိုက်သည်။
“မင်းသမီးကျန်းဝမ်။ မြောက်ပိုင်းမြို့တော်မှာ စစ်တပ်က ကန့်သတ်ထားတဲ့ နေရာများစွာရှိတာကြောင့် ကျွန်တော်တို့ရဲ့လူတွေထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲပါတယ်။ လက်ရှိအချိန်မှာတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။”
“ဒါပေမဲ့ ကျွန်တော်ကြားသိရတာက ရှနိုင်ငံတော် နန်းတွင်းဟာ နန်းတွင်းစစ်တပ်ကို ပြန်မခေါ်ပဲ လင်ရှုမင်ကို ထျန်းကောင်းမြို့ကာကွယ်ဖို့ ဆက်လက်ထားရှိထားပါတယ်။ ဒါ့ကြောင့် ရှနိုင်ငံတော်က တကယ်သံချပ်ကာ မြင်းတပ်ပျက်စီးသွားကြောင်း အတည်ပြုပြီးဖြစ်လို့ လင်ရှုမင်ကို ပြန်မခေါ်ပဲ မြောက်ပိုင်းမှာ ဆက်နေစေခဲ့တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။”
ထိုလူ၏ စကားကို ကြားလိုက်ပြီး မင်းသမီးကျန်းဝမ်က အနည်းငယ်ပြုံးလိုက်ကာ
“ဒါက မသေချာနိုင်ဘူး”
ဟု ပြောလိုက်သည်။
မြောက်ပိုင်းမြို့တော်ရှိ သံချပ်ကာ မြင်းတပ်၏ ပျက်စီးမှုသည် အနည်းငယ် ထူးဆန်းနေပြီး မင်းသမီးကျန်းဝမ်ကို သတိထားစေခဲ့သည်။
ကောင်းကင်ဝံပုလွေဘုရင်၏ စစ်သည်သုံးသိန်းပင် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ်ကို မနိုင်ခဲ့ပေ။ သို့သော် မြောက်ပိုင်းဖရီဘုရင်၏ စစ်တပ်နှစ်သိန်းသည် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ်ငါးသောင်းကို ပျက်စီးစေခဲ့သည်ဟုဆိုသည်။
ဒါက ဖြစ်နိုင်ရဲ့လား။
ဝူနိုင်ငံတော်၏ သူလျှိုများသည် မြောက်ပိုင်းဖရီဘုရင် တကယ်ပဲ တောင်ဘက်ကို ချီတက်ခဲ့လားဆိုတာကိုပင် အတည်မပြုနိုင်သေးပေ။ ထို့နောက် မြောက်ပိုင်းမြို့တော်မှ သံချပ်ကာ မြင်းတပ်ပျက်စီးသွားပြီဟု သတင်းထွက်ပေါ်လာသည်။
မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ်ပျက်စီးသွားတာက မြန်ဆန်လွန်းသည် မဟုတ်ပါလား။မြောက်ပိုင်းမြို့တော်က အခြေအနေမှန်ကို တမင်ဖုံးကွယ်ထားပြီး ထိုတပ်ဖွဲ့ကို အထူးတာဝန်တစ်ခုအတွက် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ခံစားရစေသည်။
ယခုအခါ ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား စစ်ပွဲများ ပြင်းထန်လာနေပြီး ရှနိုင်ငံတော်မှ သံချပ်ကာ မြင်းတပ်တစ်ခု ရုတ်တရက် ပျောက်ဆုံးသွားခြင်းသည် ဝူနိုင်ငံတော်၏ အာရုံကို အလွန်ဆွဲဆောင်သွားမည်ဖြစ်သည်။
မင်းသမီးကျန်းဝမ်က ဆက်ပြောလိုက်သည်။
“သူလျှိုတွေကို မြောက်ပိုင်းမြို့တော် ချက်ချင်း ပို့ပါ။ သံချပ်ကာ မြင်းတပ်နှင့်ပတ်သက်တဲ့ တိကျတဲ့သတင်းအချက်အလက်ကို ကျွန်မလိုချင်တယ်။”
“ဟုတ်ကဲ့ပါ မင်းသမီးကျန်းဝမ်။”
“ကျွန်တော့်ကို ခွင့်ပြုပါ။”
ထိုလူသည် ခန်းမမှ ထွက်ခွာသွားပြီးနောက် မင်းသမီးကျန်းဝမ်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ်မြင့်တက်လာပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်ထွက်လာ၏။
“ဒီလူငယ်လေးက ဘာလုပ်နေလဲဆိုတာ ငါသိပ်စိတ်ဝင်စားတယ်” ဟု သူမကိုယ်သူမ ပြောလိုက်သည်။
. ......