← Chapters

အခန်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အခန်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အခန်း (၂၄၄ )

ချူးရှုံ၏ လေ့လာမှုများ

မြောက်ပိုင်းမြို့တော်ရှိ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို မတားဆီးနိုင်တော့ပေ။ နွေဦးရာသီ မရောက်သေးသော်လည်း ပြုပြင်ပြောင်းလဲရေး ကြေညာချက်များသည် မြောက်ပိုင်းမြို့တော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့တိုင်းတွင် ကပ်ထားပြီးဖြစ်သည်။ မြောက်ပိုင်းမြို့တော်၏ စစ်တပ်ကလည်းပါဝင်‌ဆောင်ရွက်ပေးနေသည်။

ပြည်သူများသည် မြောက်ပိုင်းမြို့တော်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ကြေညာသည်ကို ကြားလိုက်ရသည်နှင့် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ကို တရားဝင်လွှဲယူလိုက်ပြီဟု ဆိုလို‌ သောကြောင့်ဖြစ်သည်။

သို့သော် သူတို့၏ ဝမ်းသာမှုများ မကြာမီ ပျောက်ကွယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်ရှိ မြေယာအားလုံးကို ပြန်လည်ရယူရန် ရည်ရွယ်ထားပြီး ပြည်သူများအား ငှားရမ်းအသုံးပြုခွင့်သာ ပေးမည်ဖြစ်ကာ ပိုင်ဆိုင်ခွင့်များ မပေးဟု ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။

ပြည်သူအများစုအတွက် မြေသည် သူတို့၏ အသက်သွေးကြောဖြစ်သည်။ ရုတ်တရက် မြေများကို သိမ်းယူလိုက်ပါက ပြည်သူများ မည်သို့ စိတ်ချရနိုင်မည်နည်း။

ပြည်သူများသည် ကြေညာချက်များကို ကပ်ထားသည့်နေရာသို့ စုရုံးလာကြပြီး အထူးကိုယ်ရံတော်များက ပြုပြင်ပြောင်းလဲရေးအစီအမံများကို ရှင်းပြနေသည်ကို အာရုံစိုက်နားထောင်နေကြသည်။

...

မြောက်ပိုင်းမြို့တော်ရှိ ပြည်သူများအား မြေအသုံးပြုခွင့်များ ရယူနိုင်ခြင်း၏ အကျိုးကျေးဇူးများကို နားလည်စေရန် လုချန်းသည် မြောက်ပိုင်းမြို့တော်၏ စစ်တပ်ကိုအများဆုံး အသုံးပြုကာ လှုံ့ဆော်ခဲ့သည်။

အနက်ရောင် မြင်းတပ်နှင့် အမြောက်တပ်စခန်းမှလွဲ၍ အထူးကိုယ်ရံတော်များ အပါအဝင် မြောက်ပိုင်းမြို့တော်၏ စစ်သည်များ ပါဝင်လှုံ့ဆော်ခဲ့သည်။

ဤပြုပြင်ပြောင်းလဲရေးသည် မြောက်ပိုင်းမြို့တော်နှင့် လုချန်းအတွက် အလွန်အရေးကြီးသော်လည်း သူသည် တန်းတူညီမျှသော ကမ္ဘာတစ်ခုကို တည်ဆောက်ရန် ကြိုးစားနေခြင်းတော့ မဟုတ်ပေ။ သူက မြောက်ပိုင်းမြို့တော်၏ စက်မှုဖွံ့ဖြိုးရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ခေတ်သစ်မှ ရောက်ရှိလာသူတစ်ဦး ဖြစ်သည်နှင့်အညီ မြေယာ၏ အရေးပါမှုကို လုချန်းကောင်းစွာသိရှိသည်။ အကယ်၍ မြေယာသိမ်းယူမှု ပြဿနာကို မဖြေရှင်းပါက မင်းဆက်တစ်ခုသည် ကြာရှည်မတည်တံ့နိုင်ပေ။ ထို့ပြင်မြေယာသိမ်းယူမှု ပြဿနာများသည် အနာဂတ်စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ကြီးမာစွာ ဟန့်တားလိမ့်မည်ဖြစ်သည်။

ဥပမာအားဖြင့် လမ်းတစ်လမ်း ဖောက်လုပ်လိုပါက ထိုလမ်းသည် ပုဂ္ဂလိကပိုင် မြေပေါ်တွင် တည်ရှိပါက လျော်ကြေးပေးရန် ငွေကြေးအမြောက်အမြား သုံးစွဲရမည်။ သို့သော် ယခု‌တော့ အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။

ဥပဒေအရ မြောက်ပိုင်းပြည်နယ်၏ မြေယာအားလုံးသည် မြောက်ပိုင်းနယ်စားမင်းသား၏ ပိုင်ဆိုင်မှုဖြစ်သည်။ ထို့ကြောင့် မည်သူမှ မြောက်ပိုင်းနယ်စားမင်းသား၏ လမ်းဖောက်လုပ်မှုကို ဟန့်တားနိုင်မည်မဟုတ်သလို မြောက်ပိုင်းနယ်စားမင်းသားက မည်သည့်စက်မှုလုပ်ငန်းကို မည်သည့်နေရာတွင် ဖွံ့ဖြိုးတိုးတက်စေမည်ဟု ဆုံးဖြတ်သည့်အခါတွင်လည်း ဘယ်သူကမှ ထိုစက်ရုံများ တည်ရှိမည့် မြေယာအပေါ် အငြင်းပွားဝံ့မည် မဟုတ်ပေ။

ရန်ခရိုင်။

ယနေ့တွင် ယခင်နေ့များကဲ့သို့ပင် ရန်ခရိုင်၏ မြို့တံခါး၌ လူများဖြင့် ပြည့်နှက်နေပြီး မြို့တွင်းသို့ သွားရောက်နိုင်သော လမ်းမကြီးတစ်ခုသာ မြောက်ပိုင်းမြို့တော်၏ စစ်သည်များ၏ ထိန်းချုပ်မှု‌ကြောင့် လူအုပ်ဖြင့် မပိတ်နေပဲ ကျန်ရှိသည်။

မြောက်ပိုင်းမြို့တော်၏ စစ်သည်များသာ ထိန်းချုပ် မထားပါက မြို့တံခါးဝသည်လည်း ပြည်သူများဖြင့် ပိတ်ဆို့သွားနိုင်သည်။

ထိုအချိန်တွင် ဆံဖြူအဖိုးအိုတစ်ဦး မြို့တံခါးသို့ ရောက်ရှိလာသည်။ သူသည် မူလက မြင်းလှည်းဖြင့် ရန်ခရိုင်သို့ လာခဲ့သော်လည်းမြို့တံခါးဝတွင် ပြည်သူများ ဤမျှစုရုံးနေသည်ကို မြင်လိုက်ရတော့ စူးစမ်းလိုစိတ်ဖြစ်ပေါ်လာပြီး မြင်းလှည်းကို ဆက်သွားရန် ပြောကာ မြို့တံခါးဝရှိ ကြေညာစာတမ်းများနားရှိ လူအုပ်ထဲသို့ ဝင်ရောက်လိုက်သည်။

ထို့နောက် အနီအနက်ဝတ်စုံ ဝတ်ဆင်ထားသော အထူးကိုယ်ရံတော်တစ်ဦးသည် ကြေညာစာတမ်းဘေးရှိ စားပွဲပေါ်တွင် ရပ်လိုက်ကာ

“မိုးကောင်းကင်အောက် မြေယာအားလုံးသည် ဘုရင်၏ပိုင်ဆိုင်မှုဖြစ်သည်။ နယ်မြေ၏ အဆုံးစွန်အထိ နေထိုင်သူအားလုံးသည် ဘုရင်၏လက်အောက်ခံများဖြစ်သည်။ ယနေ့မှစ၍ မြောက်ပိုင်းမြို့တော်အတွင်းရှိ မြေယာပိုင်ဆိုင်ခွင့်အားလုံးသည် ဥပဒေအရ မင်းသား၏ပိုင်ဆိုင်မှုဖြစ်ပြီး မည်သူမှ မြေယာပိုင်ဆိုင်ခွင့်ကို ရောင်းချခွင့်မရှိ…” ဟု အသံကျယ်ကျယ်ဖြင့် ဖတ်ကြားလိုက်သည်။

အထူးကိုယ်ရံတော်၏စကားကို ကြားလိုက်ရ‌ တော့နှင့် ချူးရှုံ တုန်လှုပ်သွား၏။

ဒီလောက်ရဲတင်းတဲ့ လုပ်ရပ်။

“မိုးကောင်းကင်အောက် မြေယာအားလုံးသည် ဘုရင်၏ပိုင်ဆိုင်မှုဖြစ်သည်။ နယ်မြေ၏အစွန်းအထိ နေထိုင်အားလုံးသည် ဘုရင်၏လက်အောက်ခံများဖြစ်သည်” ဟူသော စကားကို သူသည် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

မူလက ဆွမ်ဧကရာဇ်သာ အာဏာရှိမိသားစုများကို ဖြိုဖျက်ရန် စိတ်ကူးရှိသည်ဟု ချူးရှုံ ထင်မှတ်ခဲ့သည်။ သို့သော် မျှော်လင့်မထားသည်မှာ သူ၏မြေးက ဆွမ်ဧကရာဇ်ထက် ပို၍ရဲတင်းနေသည်။ မြေယာအားလုံးကို ပြန်လည်သိမ်းယူပြီး မြောက်ပိုင်းမြို့တော်ရှိ အာဏာရှိမိသားစုများကို အမြစ်မှကို အပြီးတိုင် ဖြတ်တောက်လိုက်သည်။

မြောက်ပိုင်းမြို့တော်တွင် ကြီးမားသော အာဏာရှိမိသားစုများ မရှိသေးသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ မူဝါဒများက ရှနိုင်ငံတော်၏ အခြားနေရာများကဲ့သို့ အာဏာမိသားစုများ ပေါ်ထွန်းလာနိုင်ခြေသည် လုံးဝမရှိသလောက် ဖြစ်သွားသည်။

ထိုအချိန်တွင် ချူးရှုံ၏ မျက်နှာသည် မှောင်မည်းလာပြီး သူ၏စိတ်ခံစားမှုများလည်း အလွန်ရှုပ်ထွေးနေသည်။ သူသည် မူလက သူ၏မြေးအား ဧကရာဇ်ဖြစ်လာရန် ထောက်ခံခဲ့သော်လည်း သူ့မြေးက အာဏာရှိမိသားစုများအပေါ် ပို၍ကြမ်းတမ်းလိမ့်မည်ဟု မတွေးမိခဲ့ပေ။

အကယ်၍ ဆွမ်ဧကရာဇ် နန်းစွန့်ပြီး သူ့မြေးသာ နန်းတက်ပါက ဆွမ်ဧကရာဇ်ထက် ပင် အာဏာရှိ မိသားစုများကို ပိုဖယ်ရှားလိုမည်ဖြစ်သည်။

သူမှားသွားပြီလားဟု ချူးရှုံတွေးမိလိုက်သည်။ လုရှုယွမ်မင်းသားဆီမှာ သစ္စာခံမယ့် ဆုံးဖြတ်ချက်သည် မှန်‌နေတာလား။

အဘယ်ကြောင့်ဆိုသော် လုရှုယွမ်မင်းသားသည် တောင်ပိုင်းအာဏာရှိမိသားစုများ၏ ဘက်တွင် ရှိနေသည်။ အကယ်၍ လုရှုယွမ်မင်းသားသာ နန်းတက်ပါက အာဏာရှိ မိသားစုများနှင့် ဧကရာဇ်ကြား ပဋိပက္ခများ နည်းပါးမည်ဖြစ်ပြီး ဧကရာဇ်နှင့် အာဏာရှိ မိသားစုများ အတူတကွ အုပ်ချုပ်သော နိုင်ငံတစ်ခု ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

သို့သော် သူ၏မြေးဖြစ်သူကတော့ ကွဲပြားသည်။ သူ့မြေး၏ မူဝါဒများကို ကြည့်ပါက မြောက်ပိုင်းမြို့တော်တွင် မြေယာသိမ်းယူမှုသည် အာဏာရှိမိသားစုများ ပေါ်ထွက်လာခြင်းကို တားဆီးရန် ရည်ရွယ်ထားကြောင်း သိသာထင်ရှားသည်။

မြေယာပိုင်ဆိုင်ခွင့် မရှိပါက အာဏာရှိမိသားစုများသည် ရေမရှိသော ငါးများကဲ့သို့ဖြစ်သွားပြီး ကြာရှည်မတည်တံ့နိုင်ပေ။

ထိုအတွေးများဖြင့် ချူးရှုံ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။

အနည်းငယ် စိတ်မသက်မသာဖြစ်နေသော်လည်း ချူးရှုံသည် သူ၏မြေးနှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သွေးသားတော်စပ်သူများဖြစ်ပြီး သူ၏မြေးသည် ငယ်စဉ်က သူ့ကို အဖိုးဟု ခေါ်ခဲ့ဖူးသည်။

ထိုအချိန်တွင် လူအုပ်ကြီး မငြိမ်မသက်ဖြစ်လာပြီး ပြည်သူတစ်ဦးက

“မင်းသားက ဘယ်လိုလုပ်လိုက်တာလဲ။ မြေယာအားလုံးကို ပြန်သိမ်းလိုက်ရင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုရှင်သန်ကြမှာလဲ”

ဟု အော်ဟစ်လိုက်သည်။

ထိုစကားနှင့်အတူ လူအုပ်သည် ချက်ချင်းပင် ဆူညံလာပြီး စိတ်လှုပ်ရှားလာကြသည်။

“ဟုတ်တယ်။ ကျွန်တော်တို့ကိုယ်တိုင် မြေယာ‌တွေကို ရှင်းလင်းခဲ့တာ။ ဘာကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ ပိုင်ဆိုင်မှုဖြစ်ရမှာလဲ။”

“မင်းသားက လွန်လွန်းတယ်။ ကျွန်တော့်တို့ကို မြေယာပိုင်ဆိုင်ခွင့် လုံးဝမပေးဘူး။”

“ကျွန်တော့်မြေယာကို လိုချင်တဲ့သူ ရှိရင် ကျွန်တော့်ကို သတ်ပြီး ယူသွားပါ။”

စိတ်လှုပ်ရှားနေသော ပြည်သူများကို ရင်ဆိုင်ရာတွင် အထူးကိုယ်ရံတော်များ၏ မျက်နှာများတွင် တည်ငြိမ်အေးဆေးမှုများသာရှိသည်။ သူတို့သည် ထိုသတင်းများကို ရက်ပေါင်းများစွာ ဖြန့်ဝေခဲ့ဖူးပြီဖြစ်ပြီး ပြည်သူများ၏ ကနဦးတုံ့ပြန်မှုများနှင့် ကျင့်သားရနေပြီဖြစ်သည်။

ထိုအချိန်တွင် အထူးကိုယ်ရံတော်တစ်ဦးက ပြောလိုက်သည်။

“ရှနိုင်ငံတော် တည်ထောင်သည့်နေ့မှစ၍ ရှနိုင်ငံတော်၏ မြေများသည် ဧကရာဇ်၏ ပိုင်ဆိုင်မှုဖြစ်တယ်။ ယခု ဧကရာဇ်က မြောက်ပိုင်းမြို့တော်ကို မြောက်ပိုင်းနယ်စားမင်းသားထံ ပေးအပ်ခဲ့ပြီ ဖြစ်တာကြောင့် မြောက်ပိုင်းမြို့တော်၏ မြေများဟာ မင်းသား၏ ပိုင်ဆိုင်မှုဖြစ်သင့်တယ်။ မင်းသားဟာ မြေများကို စည်းကမ်းမဲ့ ရောင်းချခြင်းမှ တားဆီးရန် ဥပဒေများကို တိတိကျကျ အကောင်အထည်ဖော်နေခြင်းသာဖြစ်တယ်။”

“ခင်ဗျားတို့ မူလပိုင်ဆိုင်ထားတဲ့ မြေတွေကို ခင်ဗျားတို့ ဆက်လက်အသုံးပြုနိုင်တယ်။ မင်းသားမှာ ခင်ဗျားတို့ရဲ့ မြေယာအသုံးပြုခွင့်ကို ရယူဖို့ ရည်ရွယ်ချက်မရှိပါဘူး။”

“ နောက်ပြီး မင်းသားက ယခုချိန်ကစပြီးစိုက်ပျိုးရေးအခွန်အားလုံးကို ကင်းလွတ်ခွင့်ပြုမယ်။ ခင်ဗျားတို့ ရိတ်သိမ်းစိုက်ပျိုးသမျှဟာ ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်။”

“ နောက်ပြီး လာမယ့်နှစ်မှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က မျိုးစေ့‌တွေကို ဖြန့်ဝေပေးမှာဖြစ်တယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ တစ်ဧက အချိန်ထောင်ချီထွက်တဲ့ သီးနှံမျိုးရှိတာကို ခင်ဗျားတို့အားလုံး ကြားဖူးပြီးဖြစ်မယ်လို့ ယုံကြည်တယ်။ တစ်နှစ်လောက်ပဲ စောင့်ပါ။ ယနေ့ ဒီနေရာမှာ ရှိနေတဲ့သူအားလုံး ဆာလောင်မွတ်သိပ်ခြင်း ဒုက္ခက လုံးဝကင်းလွတ်သွားမှာပါ။”

အထူးကိုယ်ရံတော်က စိုက်ပျိုးရေးအခွန်အားလုံး ကင်းလွတ်ခွင့်ပြုမည်ဟု ပြောလိုက်ရသည့်အခါ ပြည်သူများ အလွန်တက်ကြွသွားကြသည်။

“ဒါက တကယ်လား။ မင်းသားက စိုက်ပျိုးရေးအခွန်အားလုံးကို ကင်းလွတ်ခွင့်ပြုမှာလား။”

“ဒီမူဝါဒက အမြဲတမ်းလား။”

“မင်းသားက ကျွန်တော်တို့ကို လှည့်စားနေတာမျိုး မဟုတ်ဘူးလား။”

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ မျိုးစေ့တွေကို ဘယ်မှာ လာယူရမလဲ။”

တစ်ခဏအတွင်း ရန်ခရိုင်၏ ဝင်ပေါက်တွင် အသံများစွာ ရောထွေးသွား၏။ ချူးရှုံးက တစ်ယောက်တည်း လူအုပ်ထဲမှ ထွက်လာပြီး ခပ်ဝေးဝေးမှ‌နေ၍ စိတ်လှုပ်ရှားနေကြသော ပြည်သူများကို ကြည့်နေသည်။

သူက ဒါကို အလွန်မယုံကြည်နိုင်ဖြစ်နေသည်။ စိုက်ပျိုးရေးအခွန်အားလုံး ကင်းလွတ်ခွင့်ပြုသည့် မူဝါဒသည် အလွန်ရဲတင်းလွန်းပြီး မြေပိုင်ဆိုင်မှုကို မြောက်ပိုင်းနယ်စားမင်းသား၏ လက်ထဲတွင်ရှိကြောင်း ဥပဒေအရ သတ်မှတ်ပေးလိုက်သလို ဖြစ်နေသည်။

ဒီအတွေးအခေါ်က သူ့မြေးဖြစ်သူ၏ ကိုယ်ပိုင်အတွေးအခေါ်လား ဒါမှမဟုတ် ဆွမ်ဧကရာဇ်၏ ဆန္ဒကြောင့်လား။

ဆွမ်ဧကရာဇ်သည် အာဏာရှိ မိသားစုများကို အလွန်မုန်းတီးသော်လည်း စိုက်ပျိုးရေးအခွန်အားလုံး ကင်းလွတ်ခွင့်ပြုသည့် မူဝါဒကဲ့သို့သော အကြံဉာဏ်မျိုးကို သူ စဉ်းစားမိမှာလား။

စိုက်ပျိုးရေးအခွန်သည် နိုင်ငံတော်ဘဏ္ဍာရေး၏ အရေးကြီးသော အရင်းအမြစ်ဖြစ်သည်။ ထိုအခွန်မရှိပါက ရှနိုင်ငံတော်သည် အရာရှိများ၏ လစာများကိုပင် ပေးနိုင်တော့မည် မဟုတ်ပေ။

အစပိုင်းတွင် သူ့မြေးဖြစ်သူသည် ဆွမ်ဧကရာဇ်၏ ရုပ်သေးတစ်ဦးဖြစ်နိုင်လားဟု ချူးရှုံတွေးမိခဲ့သော်လည်း ထိုမူဝါဒထုတ်ပြန်လိုက်တာကို ကြားလိုက်ရသည်နှင့် သူ့မြေးဖြစ်သူသည် ဆွမ်ဧကရာဇ်နှင့် လုံးဝမသက်ဆိုင်ကြောင်း ခံစားလိုက်ရသည်။

စိုက်ပျိုးရေးအခွန် ကင်းလွတ်ခွင့်ပြုခြင်းသည် ရှနိုင်ငံတော်၏ အခြားနယ်မြေများအပေါ် အလွန်ဆိုးရွားသော သက်ရောက်မှုရှိမည်ဖြစ်သည်။ နောင်တွင် ရှနိုင်ငံ အခြားဒေသမှ ပြည်သူများက မြောက်ပိုင်းမြို့တော်မှာ စိုက်ပျိုးရေးအခွန် ကင်းလွတ်ခွင့်ပြုတာကို သိသွားလျှင် သူတို့ကျတော့ အဘယ်ကြောင့် ကင်းလွတ်ခွင့် မရသနည်းဟူသော မေးခွန်းများ ထွက်ပေါ်လာမည်ဖြစ်သည်။

ဤအရာသည် ရှနိုင်ငံတော်အတွင်း မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများကြား မကျေနပ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ဆွမ်ဧကရာဇ်က ထိုမူဝါဒကို အတည်ပြုခွင့်ပြုမည် မဟုတ်ပေ။

ထိုအချိန်တွင် ချူးရှုံး၏ စိတ်ထဲတွင် မေးခွန်းများစွာ ပြည့်နှက်နေသည်။ သူ့မြေးဖြစ်သူကို တွေ့မြင်ပြီးမှသာ သူ့စိတ်ထဲမှ သံသယများကို ဖြေရှင်းနိုင်မည်ဟုလည်း ခံစားလိုက်ရသည်။

နောက်ထပ်မနေတော့ပဲ မြို့တံခါးဆီသို့ ချူးရှုံ ဦးတည်သွားလိုက်သည်။

ထိုအချိန်တွင် အလှဆင်ထားသော လှည်းတစ်စီး ချူးရှုံ၏ နံဘေးမှ ဖြတ်သန်းသွားသည်။ လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး လှည်း၏ လိုက်ကာကို ပင့်တင်သွားသည်။ ထိုအခါ ချူးရှုံ၏ မျက်လုံးများသည် လှည်းအတွင်းရှိ အမျိုးသမီး၏ မျက်လုံးများနှင့် ဆုံမိသွားသည်။

လှည်းအတွင်းရှိ အမျိုးသမီးကို သူမှတ်မိခြင်းမရှိသော်လည်း သူမ၏ အငွေ့အသက်မှ သူမသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။ လှည်းက သူ့ကို ဖြတ်သွားပြီးနောက်လှည်း၏ အနောက်ဘက်ရှိ အမှတ်တံဆိပ်ကို ကြည့်ရင်း ချူးရှုံ မျက်ခုံးတွန့်လိုက်သည်။

“လျှို့ဝှက်လဝန်းနန်းတော်လား။ လှည်းထဲက အမျိုးသမီးက လျှို့ဝှက်လဝန်းနန်းတော်သခင် ဖြစ်နိုင်လား။”

“မြောက်ပိုင်းမြို့တော်ရဲ့ အခြေအနေက ငါမျှော်လင့်ထားတာထက် ပိုပြီး ရှုပ်ထွေးနေသလိုပဲ။”

.......

အခန်း (၂၄၅ )

လျှို့ဝှက်လဝန်းနန်းတော်မှ ထာဝရတန်ခိုးရှင်၏ ပစ္စည်း

ရန်ခရိုင်သို့ ဝင်ရောက်ပြီးနောက် ချူးရှုံသည် မြောက်ပိုင်းမင်းသားစံအိမ်သို့ ချက်ချင်းမသွားပဲ ရန်ခရိုင်တစ်ဝှမ်း လှည့်လည်ပြီး လတ်တလောဖြစ်ပေါ်နေသည့်က အခြေအနေများကို သိရှိရန် ကြိုးစားလိုက်သည်။

ဆူဖုန်းမြို့တွင် နေစဉ်က၊ မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ်များ ပျက်သုဉ်းသွားကြောင်း ကြားသိခဲ့ရသဖြင့်ထိုသတင်းနှင့် ပတ်သက်၍ သူအလွန်စိတ်ဝင်စားနေသည်။ အနက်ရောင်မြင်းတပ်များ တကယ်ပျက်သုဉ်းသွားပြီလားဆိုတာ သူသိလိုသဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော် သူ၏မေးမြန်းမှုများက ရန်ခရိုင်ရှိ အထူးကိုယ်ရံတော်များကို အာရုံကို စိုက်မိသွား‌စေ၏။

ထို့ကြောင့် ချူးရှုံ ရန်ခရိုင်တွင် ရောက်ရှိနေသည့် သတင်းက လုချန်းထံ မြန်မြန်ဆန်ဆန် ရောက်ရှိသွားတော့သည်။

သူ့အဖိုးဖြစ်သူ ရောက်ရှိလာကြောင်း ကြားရသည့်အခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ မိသားစုအကြီးအကဲရာထူးကို ဆုံးရှုံးပြီးနောက် ချူးရှုံမြောက်ပိုင်းမြို့တော်သို့ လာရောက်ပြီး သူ့ကို ရှာဖွေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

...

စာကြည့်ခန်းထဲတွင် လုချန်းသည် ခဏခန့် တွေးပြီးနောက် သူ့ဘေးမှ အထူးကိုယ်ရံ‌တော်ကို ပြောလိုက်သည်။

“စီစဉ်ပေးပါ။ ကျွန်တော် အဖိုးကို တွေ့ချင်တယ်။”

“ဟုတ်ကဲ့ မင်းသား။”

ထိုအတောအတွင်း။ ချူးရှုံသည် လျှို့ဝှက်လဝန်းနန်းတော်မှ ဖွင့်လှစ်ထားသော တည်းခိုခန်းတွင် ဝင်ရောက်နေထိုင်ပြီးဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ သွားရောက်ပြီး သူ့မြေးဖြစ်သူကို တွေ့ဆုံခြင်းမပြုမီ ရက်အနည်းငယ် မြို့ထဲတွင် လှည့်လည်ရန် စီစဉ်ထားသည်။

ရန်ခရိုင်သည် ဆူဖုန်းမြို့၏ စည်ကားသိုက်မြိုက်မှုကို မမီသော်လည်း မြို့၏ တိုးတက်ဖွံ့ဖြိုးနိုင်ခြေများမှာ အလွန်ကြီးမားသည်။ ရန်ခရိုင်တွင် ကုန်သည်များ အများအပြားရှိပြီး ဆူဖုန်းမြို့၏ ကုန်သည်အရေအတွက်လောက်ပင် မတိမ်းမယိမ်းရှိကြောင်း သူတွေ့ရှိခဲ့သည်။

ဤခေတ်တွင် စီးပွားရေးထက် စိုက်ပျိုးရေးကို အလေးထား၏။ အာဏာရှိမိသားစုများ စုဝေးရာမြို့များတွင်သာ ထိုကဲ့သို့ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ စည်ကားသိုက်မြိုက်စွာ ပေါ်ထွက်လေ့ရှိသည်။

ရန်ခရိုင်တွင် ကုန်သည်လှည်းတန်းများ အသွားအလာများနေတာကို မြင်ရမည်ဟု ချူးရှုံမမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် ရန်ခရိုင်၏ စီးပွားရေး လည်ပတ်မှု အနေအထား ဘယ်လိုလဲ ဆိုတာကို သူစိတ်ဝင်စားနေသည်။ တည်းခိုခန်းတွင် နေရာယူပြီးနောက် ချူးရှုံသည် သူ့အခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း အနားယူနေလိုက်၏။ ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ တည်းခိုခန်း ဝန်ထမ်းဖြစ်မည်ဟု တွေးကာ

“ဘာကိစ္စလဲ”

ဟု မေးလိုက်သည်။

ချက်ချင်းပင် အခန်းအပြင်ဘက်မှ ယောက်ျားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“ချူးသခင်ကြီးကို ကျွန်တော်ရဲ့ သခင်က တွေ့ဆုံလိုပါတယ်။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချူးရှုံး၏ လက်ထဲရှိ လက်ဖက်ရည်ခွက်က ရုတ်တရက် လေထဲတွင် တန့်သွားသည်။

ချူးသခင်ကြီး။

ငါ့ကို သိပြီးသားလား။

ငါ ရန်ခရိုင်ကို ရောက်ပြီးတာ‌တောင် မကြာသေးဘူး။ ငါ့ကို သိသွားကြပြီလား။

ချူးရှုံက လက်ဖက်ရည်ခွက်ကို ချပြီး

“ခင်ဗျားရဲ့ သခင်က ဘယ်သူလဲ” ဟု မေးလိုက်သည်။

အပြင်ဘက်မှ လူက ပြန်ဖြေလိုက်သည်။

“ချူးသခင်ကြီး ကျွန်တော့်နောက်ကို လိုက်လာခဲ့ရင် သိသွားပါလိမ့်မယ်။ စိတ်ချပါ ချူးသခင်ကြီး ကျွန်တော့်သခင်က ချူးသခင်ကြီး သိပြီးသားသူပါ။”

ငါသိပြီးသားသူလား။ ချူးရှုံးက စိတ်ဝင်စားသွားသည်။ သူ့မှာ ရန်ခရိုင်တွင် သိကျွမ်းသူများ မရှိသလောက်ဖြစ်သည်။

သူသိသူများက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ရှိနေသည်။ ဥပမာ ချူးယုချင်နှင့် ချူးချင်လီတို့ဖြစ်သည်။သို့သော် သူတို့နှစ်‌ယောက်က အဖွဲ့အစည်းတစ်ခု၏ သခင်ဖြစ်သွားတယ်လို့ သူသိမထားပါ။

အပြင်ဘက်မှလူက အခြားတစ်ယောက်ကို ရည်ညွှန်းနေတာ ထင်ရှားသည်။

နောက်ထပ် မစဉ်းစားတော့ပဲ ချူးရှုံ ထလိုက်သည်။ သူ့ကို တစ်ယောက်ယောက်က သိပြီးသားဖြစ်နေပြီဆိုလျှင် ပုန်းအောင်းနေစရာ မလိုတော့ပေ။ သူသိကျွမ်းထားသူ မည်သူက ရန်ခရိုင် ရောက်နေတာလဲဆိုတာကို သူကိုယ်တိုင်လည်း သိချင်နေသည်။

ချူးရှုံး တံခါးဖွင့်လိုက်‌တော့ အနီအနက်ဝတ် စုံဝတ် အထူးကိုယ်ရံ‌တော်တစ်ဦး တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ‌တော့ သူ ခဏခန့် အံ့အားသင့်သွားသည်။

ချူးရှုံသည် အထူးကိုယ်ရံတော်အဖွဲ့အစည်းအကြောင်းကို မသိသော်လည်း မြို့တံခါးဝတွင် အလားတူ ဝတ်စားဆင်ယင်ထားသော လူများ ပြုပြင်ပြောင်းလဲရေးကို ကြေညာနေသည်ကို မြင်ဖူးပြီးဖြစ်သည်။ ထို့ကြောင့် ဤလူသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ဖြစ်နိုင်သည်ဟု ညွှန်ပြနေသည်။

အကယ်၍ မြောက်ပိုင်းမင်းသားစံအိမ်မှ ဖြစ်ပါက သူ၏သခင်က အခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ထိုအရာကို သိမြင်လိုက်ရသည့်အခါ ချူးရှုံသည် ရုတ်တရက် ရှင်းလင်းသွားသည်။ သူက ရက်အနည်းငယ်အကြာတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ သွားရောက်ရန် ရည်ရွယ်ထားသော်လည်း သူ့မြေးဖြစ်သူက သူမြို့ထဲသို့ ဝင်ရောက်ပြီးမကြာမီ သူ့ကို ရှာဖွေတွေ့ရှိလိုက်ပြီဖြစ်သည်။

ကောင်းပြီ။ စီစဉ်ထားသည်ထက်စောပြီး သူ့မြေးဖြစ်သူနှင့် တွေ့ဆုံရန် အချိန်တန်ပြီဖြစ်သည်။

ထိုအတွေးဖြင့် ချူးရှုံသည် အထူးကိုယ်ရံတော်နောက်သို့ လိုက်သွားပြီး ဘေးမှ လျှို့ဝှက်လဝန်းနန်းတော်၏ စားသောက်ဆိုင်သို့ ရောက်သွားကာ သီးသန့်အခန်းတစ်ခုထဲသို့ ဝင်ရောက်လိုက်သည်။

သီးသန့်အခန်းထဲသို့ ဝင်ရောက်သည်နှင့် ချူးရှုံသည် မမြင်ရတာ ကြာသော်လည်း ရင်းနှီးနေသော မျက်နှာတစ်ခုကို ချက်ချင်းမြင်လိုက်ရသည်။

ချူးရှုံကို တွေ့မြင်လိုက်ရသည့်အခါ လုချန်းက ပြုံးရင်း

“အဖိုး။ မ‌‌တွေ့ရတာ ကြာပြီနော်။ ရန်ခရိုင်ကို လာမယ်ဆိုတာ ကျွန်တော့်ကို ဘာလို့မပြောတာလဲ။”

ချူးရှုံ ခဏခန့် တုန့်ဆိုင်းသွားပြီး‌နောက် ခပ်မြန်မြန်ပင် ဦးညွှတ်လိုက်ကာ

“မင်းသားကို ဂါရဝပြုပါတယ်” ဟု ပြောလိုက်သည်။

လုချန်းက ရှေ့သို့တိုးလာပြီး ချူးရှုံ၏ လက်မောင်းများကို ကိုင်လိုက်ကာ

“အဖိုး။ ဒါက ဘာကိုဆိုလိုတာလဲ။ ကျွန်တော်တို့က သီးသန့်တွေ့ဆုံနေတာ။ ကျွန်တော်တို့ကြားမှာ ဒီလို ပုံစံမျိုး မလိုအပ်ပါဘူး” ဟု ပြောလိုက်သည်။

ချူးရှုံက

“ဓလေ့ထုံးတမ်းကို စွန့်ပစ်လို့ မရပါဘူး မင်းသား။”

လုချန်းက ထိုအကြောင်းအရာကို မဆွေးနွေးတော့ဘဲ ပြုံးရင်း စနစ်ကို အသုံးပြု၍ ချူးရှုံ၏ အချက်အလက်များကို ဖော်ထုတ်လိုက်သည်။

[အမည် - ချူးရှုံ]

[အချက်အလက် - ယခင်က ချူးမိသားစုအကြီးအကဲ။အသက် ၈၆ နှစ်။သမီးကို အလွန်ချစ်သည်။ ချူးယွဲ့ သေဆုံးပြီးနောက် သု၏မေတ္တာကို မြောက်ပိုင်းနယ်စားမင်းသားထံ လွှဲပြောင်းပေးခဲ့သည်။ မိသားစုအကြီးအကဲရာထူးမှ ဖယ်ရှားခံရပြီးနောက် သူ့မြေးဖြစ်သူ ဘယ်လိုရှိနေသလဲဆိုတာ သိရန်နှင့် သူ့မြေးဖြစ်သူသည် တကယ်ပင် ဆွမ်ဧကရာဇ်၏ ရုပ်သေးတစ်ဦးဖြစ်မဖြစ် စစ်ဆေးရန် ရန်ခရိုင်သို့ လာရောက်ခဲ့သည်။]

[စွမ်းအား - ထိပ်သီးပညာရှင်အဆင့်]

[သစ္စာစောင့်သိမှု - ၉၅]

ချူးရှုံ၏ အချက်အလက်များကို မြင်လိုက်ရသည့်အခါ လုချန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ မိသားစုပြင်ပမှ မြေးဖြစ်သူကို ချူးရှုံက ဤမျှမြင့်မားစွာ တန်ဖိုးထားမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ဤအရာက ချူးရှုံသည် သူ၏မိခင်ကို အမှန်တကယ် ချစ်ခင်ကြောင်း သက်သေပြ နေသည်။ မဟုတ်ပါက လုချန်းအပေါ် သူ၏ခံစားချက်များက ဤမျှနက်ရှိုင်းမည် မဟုတ်ပေ။

သားများကို သမီးများထက် ပိုမိုဦးစားပေးသော ခေတ်တစ်ခုတွင် သူ့လိုလူတစ်ဦးရှိနေမည်ကို လုချန်းက မျှော်လင့်မထားခဲ့ပေ။ ချူးရှုံ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကြည့်ရှုပြီးနောက် လုချန်းက ချူးရှုံကို နောက်တစ်ကြိမ် အကဲခတ် ကြည့်လိုက်သည်။

ချူးရှုံ၏ ဆံပင်များသည် မီးခိုးရောင်ဖြစ်ပြီးသူ၏မုတ်ဆိတ်ဖြူများက ရှည်လျား၏။ သူ၏မျက်နှာတွင် အရေးအကြောင်းများစွာ ရှိနေသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် အလွန်ကြံ့ခိုင်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် သူဝတ်ဆင်ထားသော မီးခိုးရောင်ဝတ်ရုံကို တင်းကျပ်စွာ ဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေသည်။ဤအရာက သူသည် ပုံမှန်သိုင်းပညာလေ့ကျင့်သူတစ်ဦးဖြစ်ကြောင်း သက်သေပြသည်။

ချူးရှုံသည် သူ့အဖိုးဖြစ်သော်လည်း လုချန်းအနေဖြင့် သူ့ကို မည်သို့ဆက်ဆံရမည်ကို တကယ်တော့ မသိပါ။ သူသည်လည်း ဆွမ်ဧကရာဇ်ကဲ့သို့ပင် အာဏာရှိမိသားစုများကို မနှစ်သက်သူဖြစ်သည်။

သို့သော် ချူးရှုံသည် သူ့အဖိုးဖြစ်ပြီး လုချန်းကို အတော်လေး ကောင်းကောင်းဆက်ဆံခဲ့သည်။ လုချန်းက ချူးရှုံကို ကြည့်နေစဉ် ချူးရှုံကလည်း လုချန်းကို ကြည့်နေ၏။ ထိုအချိန်တွင် ချူးရှုံ၏ စိတ်ထဲတွင် ခံစားချက် လှိုင်းတံပိုးများ ဖြတ်သန်းသွားသည်။

သူက သူမနှင့် အလွန်တူနေသည်။

သူ့မြေးဖြစ်သူသည် သူ့သမီးနှင့် အလွန်ဆင်တူပြီး သူတို့၏ စရိုက်လက္ခဏာများသည်လည်း အလွန်ဆင်တူသည်။ သူ့သမီးက ယောက်ျားဆန်သော စရိုက်လက္ခဏာရှိပြီး တက်ကြွသွက်လက်သော သွင်ပြင်ရှိသည်။ လုချန်းက ယောက်ျားလေး ဖြစ်သည့်အတွက် ချူးယွဲ့နှင့် ပို၍တူသည်။

ထိုအချိန်တွင် လုချန်းက စမေးလိုက်သည်။

“အဖိုး။ ဒီတစ်ခါ ရန်ခရိုင်ကို လာတာက ကျွန်တော့်ကို တွေ့ဖို့လား။”

လုချန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ချူးရှုံ သတိပြန်ဝင်လာပြီး ချက်ချင်းပြန် ပြောလိုက်သည်။

“ကျွန်တော်က ချူးမိသားစုအကြီးအကဲ မဟုတ်တော့ပါဘူး။ အရေးတကြီး လုပ်စရာမရှိတော့တဲ့အတွက် မြောက်ပိုင်းမြို့တော်ကို လာပြီး မင်းသားဆီကို လာလည်ချင်တာပါ။”

“အိုး။ မြောက်ပိုင်းမြို့တော်လို့ မခေါ်တော့ပဲ မြောက်ပိုင်းပြည်နယ်လို့ ခေါ်ရမှာပါ။”

လုချန်းက

“အဖိုးနှင့် ချူးမိသားစု ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် ကြားပြီးသားပါ။ တကယ်တော့ မင်းသား လုရှုယွမ်ဘက်ကို အဖိုးရပ်တည်နိုင်ပါတယ်။ ကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်က နယ်စပ်ကို ပြည်နှင်ဒဏ်ပေးခံထားရတဲ့ မင်းသားတစ်ယောက်ပါ။ နေပြည်တော်ကို ပြန်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ အိမ်ရှေ့စံရာထူးနဲ့ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချူးရှုံသက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။

“ ဒါက မင်းသားနဲ့ သိပ်မဆိုင်ပါဘူး။ ကျွန်တော်က မင်းသား လုရှုယွမ်ဘက်ကို ရပ်တည်ခဲ့ရင်တောင် ကျွန်တော့်ညီနှစ်ယောက်က ကျွန်တော့်ကို ချူးမိသားစုကနေ ဖယ်ထုတ်ဖို့ နည်းလမ်းရှာကြမှာပါ။ ဒါက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချူးမိသားစုကြားက ပဋိပက္ခနဲ့ ဆက်စပ်နေတာပါ။”

ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်း အမှန်တကယ် အံ့အားသင့်သွား၏။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဆက်စပ်နေတာလား။

ချူးရှုံသည် လုချန်း၏ အဖိုးဖြစ်ပြီး လုချန်းထီးနန်းဆက်ခံနိုင်ရန် ထောက်ခံသည့်အတွက် ချူးမိသားစုမှ ဖယ်ထုတ်ခံရသည်ဟု လုချန်းက အမြဲထင်ခဲ့သည်။ ဒါက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဘာဆိုင်လို့လဲ။

စိတ်ဝင်စားသွားပြီး လုချန်းက မေးလိုက်သည်။

“အဖိုးက မင်းသား လုရှုယွမ်ကို မထောက်ခံတဲ့အတွက် အခြားသူတွေက အဖိုးကို ပူးပေါင်းတိုက်ခိုက်ကြတယ်ဆိုတာ ကျွန်တော် ကြားဖူးတယ်။ ဒါက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဘယ်လိုဆိုင်လို့လဲ။”

ချူးရှုံက

“မင်းသားရဲ့ အမေက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးဖြစ်လာခဲ့တယ်။ သူက လျှို့ဝှက်လဝန်းနန်းတော်ကနေ အလွန်အစွမ်းထက်တဲ့ လက်နက်တစ်ခုကို ယူလာခဲ့တယ်။ အဲဒါက ထာဝရတန်ခိုးရှင်တွေ အသုံးပြုတဲ့ ပစ္စည်းတစ်ခုလို့ သတင်းထွက်ခဲ့တယ်။ ချူးမိသားစုထဲက အချို့လူတွေက ဒီလက်နက်ကို ပိုင်ဆိုင်ချင်ကြတယ်။ လျှို့ဝှက်လဝန်းနန်းတော်ကိုလည်း မထင်မရှားတဲ့ ဂိုဏ်းတစ်ခုလို့ ထင်ကြပြီး ကြောက်စရာမလိုဘူးလို့ ယုံကြည်ကြတယ်။”

“အဲဒီအချိန်တုန်းက ကျွန်တော် သဘောမတူခဲ့ဘူး။ နောက်ပြီးတော့ ဒီလက်နက်က ချူးမိသားစုအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် မင်းသားရဲ့ အမေကို ဒီလက်နက်ကို ယာယီပြန်ပေးအပ်ထားဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းသားအမေက လျှို့ဝှက်လဝန်းနန်းတော်က တစ်ယောက်ဆီ လက်နက်ကို ပြန်ပေးနေတုန်း ချူးမိသားစုထဲက တချို့လူတွေက ကျွန်တော့်ကို သစ္စာဖောက်ပြီး လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေကို ချုံခိုတိုက်ခိုက်ခဲ့ကြတယ်။”

“အကျိုးဆက်ကတော့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေက သူတို့ကို ချုံခိုတိုက်ခိုက်ခဲ့တဲ့ ချူးမိသားစုထဲက သူတွေကို ရှင်းပစ်လိုက်တယ်။ မင်သားရဲ့အမေက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးဖြစ်လို့ မိသားစုအကြီးအကဲဖြစ်တဲ့ ကျွန်တော်က သူတို့ကို သစ္စာဖောက်ခဲ့ပြီး သူတို့ရဲ့ အစီအစဉ်ကို ပျက်ပြားစေခဲ့တယ်လို့ ချူးမိသားစုထဲက တချို့လူတွေကထင်ခဲ့ကြတယ်။”

“အဲဒီအချိန်ကစပြီး မသင့်မြတ်မှုတွေ စတင်ခဲ့တယ်။ သူတို့ဟာ ကျွန်တော့်ကို မိသားစုအကြီးအကဲရာထူးကနေ ဖယ်ရှားချင်နေခဲ့ကြတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က သူတို့ဟာ မိသားစုထဲက သက်ကြီးဝါကြီးတွေနဲ့ ပူးပေါင်းပြီး ကျွန်တော့်နေရာကို ယူဖို့ ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူတို့ ရှုံးနိမ့်ခဲ့ကြတယ်။”

“ဒီတစ်ခါမှာတော့ သူတို့ရဲ့ နည်းဗျူဟာကို ပြောင်းသုံးပြီး အကြောင်းပြချက်အသစ်တစ်ခုနှင့် ကြိုးစားလာပြီး နောက်ဆုံးသူတို့ အောင်မြင်သွားခဲ့တယ်။ ဒါက ချူးမိသားစုအတွင်းက အာဏာလုပွဲပါ။ ကျွန်တော် ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။”

ချူးရှုံ၏ စကားတွေများက လုချန်းကို တွေးတောငေးငိုင်သွားစေ၏။

ထာဝရ တန်ခိုးရှင်တွေ အသုံးပြုတဲ့ နတ်လက်နက်လား။

ဒါက ဘယ်လိုလက်နက်မျိုးလဲ။ ဒီကမ္ဘာမှာ ထာဝရတန်ခိုးရှင်တွေ ပေါ်ထွန်းဖို့ ခက်ခဲကြောင်း စနစ်က ပြောခဲ့တာ သူမှတ်မိသည်။ ထာဝရတန်ခိုးရှင်ရဲ့ လက်နက်ကဒီကမ္ဘာကို ဘယ်လိုရောက်နေတာလဲ။

ဒါက သေနတ်တစ်မျိုး ဖြစ်နိုင်လား။ သူ့ဆီမှာရှိတဲ့ ဘားရတ်နဲ့ သဲကန္တာရသိမ်းငှကက် သေနတ်တွေကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ စစ်သားတွေက ထာဝရတန်ခိုးရှင်လက်နက်တွေလို့ ရည်ညွှန်းကြတယ်။

ဤခောတ်ကမ္ဘာက လူတွေက သေနတ်တွေရဲ့ အခြေခံသဘောတရားတွေကို နားမလည်ကြပါ။ သေနတ်တွေက အရမ်းစွမ်းအားကြီးတယ်ဆိုတာသာ သိကြ၏။ ဒါကြောင့် သူတို့က ဒါကို ထာဝရတန်ခိုးရှင် လက်နက်တွေလို့ ယူဆကြခြင်းဖြစ်သည်။

သူ့အမေ လျှို့ဝှက်လဝန်းနန်းတော်ကနေ ယူလာတဲ့ ထာဝရတန်ခိုးရှင် လက်နက်လို့ဆိုတာက သေနတ်တစ်မျိုး ဖြစ်နိုင်လား။ သူ့အပြင် ဒီခောတ်ကမ္ဘာမှာ သေနတ်တွေ ပိုင်ဆိုင်ထားတဲ့ တခြားသူတွေလည်း ရှိနိုင်သလား။

ထိုအတွေးနဲ့အတူ လုချန်း နဖူးတွန့်သွားပြီး မေးလိုက်၏။

“အဖိုး။ အမေရဲ့ လျှို့ဝှက်လဝန်းနန်းတော်က တန်ခိုးရှင် လက်နက်ဆိုတာက ဘယ်လိုပုံစံလဲဆိုတာ ပြောပြနိုင်မလား။”

ချူးရှုံက ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“အဲ့ဒီတန်ခိုးရှင် နတ်လက်နက်က ရှည်လျားတဲ့ သေတ္တာတစ်လုံးလိုပုံစံရှိပြီး သေတ္တာထဲကနေ ထွက်လာတဲ့ အလင်းတန်းက တောင်ငယ်တစ်ခုကို ချက်ချင်း ဖောက်ထွင်းနိုင်တယ်။”

ထိုစကားက လုချန်းကို အံ့အားသင့်သွား သေသည်။

ဒါက လေဆာလက်နက်တစ်ခုလို့ ထင်ရ၏။

လုချန်းက ထပ်မေးလိုက်၏။

“ဒီလောက်စွမ်းအားကြီးတဲ့ လက်နက်ကို ဘာလို့ အဖိုးက အမေ့ကို ချူးမိသားစုမှာ သိမ်းထားခိုင်းတာမျိုး မလုပ်ခဲ့တာလဲ။”

ချူးရှုံ၏ ရှုထောင့်မှ ကြည့်ပါက သူသည် ချူးမိသားစုကို တတ်နိုင်သမျှ အင်အားကြီးမားစေလိုမည်မှာ သေချာသည်။ သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားသော လက်နက်ကို လိုချင်စိတ်မရှိပဲ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ပို့ခိုင်းခြင်းက လုချန်းကို အနည်းငယ် နားမလည်နိုင် ဖြစ်စေသည်။

ချူးရှုံက ပြောလိုက်သည်။

“အပြစ်မရှိသူဟာ အပြစ်မရှိ‌ပေမဲ့ ရတနာပိုင်ဆိုင်မှုက သူ့ကို အပြစ်ရှိစေတယ်ဆိုတဲ့ သဘောတရားကို ကျွန်တော်နားလည်ပါတယ်။ မင်းသားရဲ့အမေက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးဖြစ်တော့ လျှို့ဝှက်လဝန်းနန်းတော်အကြောင်း ကျွန်တော် အနည်းငယ် သိထားပါတယ်။ ကျွန်တော်သိသလောက်ဆိုရင် လျှို့ဝှက်လဝန်းနန်းတော်မှာ ကောင်းကင်လူသားနယ်ပယ် ရောက်ရှိ

‌ နေတဲ့ စွမ်းအားတစ်မျိုး ရှိနိုင်ပါတယ်။”

“လျှို့ဝှက်လဝန်းနန်းတော်က အဲ့ဒီလက်နက်ကို မင်းသားရဲ့အမေဆီမှာ ထားရဲတာက သူတို့မှာ ပြန်လည်ရယူနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို သက်သေပြနေတာပါ။”

.......

အခန်း( ၂၄၆ )

လုချန်း လူစုဆောင်းခြင်း

ချူးရှုံ၏စကားကို ကြားပြီးနောက် လုချန်း ပြန်လည်သုံးသပ်ကြည့်လိုက်၏။ သူ့အဖိုးကြီး၏ စဉ်းစားပုံက လုံးဝမမှားဟု ထင်ရသည်။

ဤမျှ စွမ်းအားကြီးမားသည့် လက်နက်ကို သူ၏မိခင်အား ပေးအပ်လိုက်ခြင်းက လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် ထိုလက်နက် သာမန်လူတွေလက်ထဲ ရောက်သွားမှာကို မကြောက်ဟု ဖော်ပြနေသည်။

သူကိုယ်တိုင်လည်း သူ၏လက်ထဲရှိ ဘားရတ် သို့မဟုတ် သဲကန္တာရသိမ်းငှက်ကဲ့သို့ လက်နက်များကို အခြားသူများကို အသုံးပြုခွင့်မပေးရဲပါ။ တစ်စုံတစ်ယောက်က လက်လွတ်စပယ် ထားရင်း ပျောက်ဆုံးသွားပါက ပြန်လည်မရယူနိုင်မှာကို စိုးရိမ်ရသည်။

ထိုရှုထောင့်က တွေးကြည့်ပါက ထိုကြောက်မက်ဖွယ်လက်နက်အား ချူးရှုံ ပြန်ပို့ခိုင်းခြင်းသည် မှန်ကန်သောရွေးချယ်မှုဖြစ်သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်လက်နက်သည် ချူးမိသားစုထံတွင် ရှိနေပါက သိုင်းလောကရှိ အင်အားစုများစွာ၏ မျက်စိကျခြင်းကို ခံနိုင်ပြီး နေပြည်တော်ရှိ ထိုပုဂ္ဂိုလ်ပင် စိတ်ဝင်စားလာနိုင်သည်။ ထိုအခါတွင် ချူးမိသားစုသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာပြီးအ‌နှေးနှင့်အမြန်ဆိုသလို ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားနိုင်သည်။

...

သို့သော် ထိုဆုံးဖြတ်ချက်က ချူးမိသားစုအတွင်း အချို့သောအဖွဲ့ဝင်များ၏ မကျေနပ်မှုကို ဖြစ်စေမည်မှာ သေချာသည်။

အချို့သူများ၏ အမြင်တွင် ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် လက်နက်ကို ရရှိခြင်းသည် သူတို့ကို ပိုမိုအင်အားကြီးစေမည်ဖြစ်ပြီး ချူးရှုံက လက်နက်ကို မသိမ်းထားပဲ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ပို့ခြင်းသည် ချူးမိသားစု ပိုမိုအင်အားကြီးလာနိုင်မည့် အခွင့်အရေးကို လက်လွတ်စေသည်ဟု မြင်နိုင်သည်။

ထိုအချိန်တွင် လုချန်းက စကားပြန်စလိုက်သည်။

“အဖိုး။ ကျွန်တော့်မှာ နောက်မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်တော့်အမေ ဘယ်လိုသေဆုံးခဲ့တာလဲ။”

သူ့၏အမေနှင့်ပတ်သက်သည့် အရာများစွာကို အထူးကိုယ်ရံတော်များကို စုံစမ်းစေခဲ့ပြီး သူမ၏သေဆုံးမှုသည် သူ၏ဖခင် ဆွမ်ဧကရာဇ်နှင့် ဆက်စပ်နေနိုင်သည်ဟု ယေဘုယျအားဖြင့် သိရှိထားသော်လည်း သူမ မည်သို့သေဆုံးခဲ့သည်ကို လုချန်း အတိအကျ မသိရှိသေးပါ။ အဆိပ်ခတ်ခံရခြင်းလား၊ သတ်ဖြတ်ခံရခြင်းလား။ အထူးကိုယ်ရံတော်များသည် ထိုအသေးစိတ်အချက်များကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း မရှိပေ။

သူသိသည်မှာ မနက်ခင်းတစ်ခုတွင် သူအိပ်ရာထသောအခါ အဆောင်ထဲရှိ အစေခံမိန်းကလေးများအားလုံး ငိုကြွေးနေကြသော မြင်ကွင်းသာဖြစ်သည်။ ထို့နောက် သူ၏အမေ လောကကြီးမှ ပျောက်ကွယ်သွားခဲ့သည်။

ချူးရှုံက

“ကျွန်တော်လည်း မင်းသားအမေရဲ့ သေဆုံးမှုအကြောင်းကို သေချာမသိဘူး။ ဒါပေမဲ့ မင်းသားရဲ့ဖခင် ဆွမ်ဧကရာဇ်နဲ့ ဆက်စပ်နေနိုင်ခြေရှိတယ်။”

သူပြောနေစဉ် ချူးရှုံသည် ခဏရပ်လိုက်ပြီး လုချန်း၏ တုံ့ပြန်မှုကို စောင့်ကြည့်လိုက်သည်။

အကယ်၍ လုချန်းသည် တကယ်ပင် ဆွမ်ဧကရာဇ်၏ ရုပ်သေးတစ်ခုဖြစ်ပါက သူ၏စကားက လုချန်းကို မကျေနပ်ဖြစ်စေမှာ သေချာသည်။

အဘယ်ကြောင့်ဆိုသော်၊ ဆွမ်ဧကရာဇ်သည် လုချန်းကို ရုပ်သေးတစ်ခုအဖြစ် ထားလိုပါက သူသည် လုချန်းနှင့် လျှို့ဝှက်ဆက်ဆံရေးတစ်ခု မွေးမြူထားမည်ဖြစ်သည်။ ထို့ကြောင့် သူ၏ဖခင် ဆွမ်ဧကရာဇ်၏ မကောင်းပြောသည်ကို ကြားရပါက လုချန်းက သူ့ကို ကာကွယ်မည်ဖြစ်သည်။

သို့သော် လုချန်းက သူပြောခဲ့သည့်အရာကို လုံးဝဂရုမစိုက်ဟန်ရှိသည်ကို ချူးရှုံသတိထားမိသည်။

ထိုစဉ် လုချန်းက

“ကျွန်တော်လည်း ဒါက ကျွန်တော့်ဖခင် ဆွမ်ဧကရာဇ်နဲ့ ဆက်စပ်နေတယ်ဆိုတာ သိထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို ပိုသိချင်တယ်။”

ထို့နောက် ချူးရှုံက ထပ်ပြောလိုက်သည်။

“မင်းသား။ အတိတ်က အတိတ်ပါပဲ။ မင်းသားရဲ့ အမေလည်း မင်းသားကို အတိတ်က အဖြစ်အပျက်တွေကြားမှာ ပိတ်မိနေစေချင်မှာ မဟုတ်ဘူး။”

“အခု မင်းသားက ပြည်နယ်တစ်ခုကို အုပ်စိုးသူဖြစ်နေပါပြီ။ မင်းသားအနေဖြင့် အနာဂါတ်ကို ရှေးရှုတာ ပိုကောင်းပါတယ်။”

လုချန်းက

“ဟုတ်ပါတယ်။”

ထို့နောက် လုချန်းက ပြုံးလိုက်ပြီး

“အဖိုး။ ဒီတစ်ခါ မြောက်ပိုင်းမြို့တော်မှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားလဲ။ ကျွန်တော်က ဒီမှာ နေစရာနေအိမ်တစ်လုံး ပေးမယ်ဆိုရင် ဘယ်လိုလဲ။ အဖိုး မြောက်ပိုင်းမြို့တော်မှာ အိုမင်းတဲ့အထိ တစ်သက်လုံး နေနိုင်တယ်။ ချူးမိသားစုက အဖိုးကို မိသားစုအကြီးအကဲရာထူးကနေ ဖယ်ရှားလိုက်ပြီဆို‌တော့ ပြန်စရာ မလိုတော့ဘူး။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချူးရှုံသည် သူ၏မြေးက သူ့ကို စည်းရုံးနေသည်ကို သတိထားမိလိုက်သည်။ ချူးရှုံသည် တကယ်ပင် မြောက်ပိုင်းမြို့တော်တွင် ခဏတာ နေထိုင်ရန် စီစဉ်ထားသော်လည်း ပြန်သွားရန် ရည်ရွယ်ထားဆဲဖြစ်သည်။

ထို့နောက် ချူးရှုံက

“ကျွန်တော် မြောက်ပိုင်းမြို့တော်ကို လာရတာ အဓိကအားဖြင့် မင်းသားကို တွေ့ဖို့ပါ။ တစ်လနှစ်လအတွင်း ချူးမိသားစုဆီ ပြန်သွားရမယ်။ ကျွန်တော်က ချူးမိသားစုအကြီးအကဲ မဟုတ်တော့ပေမဲ့ ချူးမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ ချူးမိသားစုမှာ ပြဿနာတစ်ခုခုဖြစ်ရင် ကျွန်တော် ဘေးကနေ ကြည့်နေလို့ မရဘူး။”

ချူးရှုံ၏ အဖြေကို ကြားလိုက်ရသောအခါ လုချန်းသည် မျက်ခုံးများ အနည်းငယ်တွန့်သွားခဲ့သည်။ သူ၏အဖိုးသည် အာဏာရှိမိသားစုများဘက်တွင် ရပ်တည်နေဆဲဟု ထင်ရသည်။ ထိုအရာက သူ၏ အာဏာရှိမိသားစုများနှင့်ပတ်သက်သော သဘောထားနှင့် ဆန့်ကျင်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏အဖိုးသည် အာဏာရှိမိသားစုတစ်ခု၏ အဖွဲ့ဝင်ဖြစ်ပြီး သူကိုယ်တိုင်သည်း ဆွမ်ဧကရာဇ်နှင့် ဆင်တူသော နေရာကို ရယူထားခဲ့ဖူးသည်။ ထို့ကြောင့် သူတို့၏ ရပ်တည်ချက်များက တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်နေသည်။

လုချန်းက

“ချူးမိသားစုရဲ့ လက်ရှိအခက်အခဲကို အဖိုး အလွန်ရှင်းရှင်းလင်းလင်း သိမှာပါ။ အကယ်၍ အဖိုးက ချူးမိသားစုဆီပြန်သွားရင် ကျွန်တော့်အဖေ ဆွမ်ဧကရာဇ်က ချူးမိသားစုကို ကိုင်တွယ်တဲ့အခါ အဖိုးလည်း ပါသွားနိုင်တယ်။ ဘာလို့ ဒီလိုအခြေအနေထဲ ကျရောက်ခံမှာလဲ။”

ချူးရှုံက လုချန်း၏ မေးခွန်းကို မပြန်ပဲ

“မင်းသားကို မေးခွန်းတစ်ခု မေးချင်တယ်။” ဟု ပြောလိုက်သည်။

လုချန်းက

“မေးပါ။”

ချူးရှုံက တိုက်ရိုက်မေးလိုက်သည်။

“အာဏာရှိမိသားစုတွေက မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ် ငါးသောင်းကို ဆွမ်ဧကရာဇ်ရဲ့ ကိုယ်ပိုင်တပ်တွေလို့ မြင်ကြတယ်။ သူတို့က မင်းသားကို ဆွမ်ဧကရာဇ်ရဲ့ နယ်ရုပ်လို့ မြင်ကြတယ်။ ဒါက တကယ်ပဲလား သိချင်တယ်။”

လှည့်ပတ်မပြောပဲ လုချန်းက ပြန်လည်ဖြေကြားလိုက်သည်။

“စိတ်ချပါ အဖိုး။ ကျွန်တော်က ကျွန်တော့်ဖခင် ဆွမ်ဧကရာဇ်ရဲ့ နယ်ရုပ်မဟုတ်ပါဘူး။ ဒီသံချပ်ကာ မြင်းတပ် ငါးသောင်း ဘယ်လိုဖြစ်လာတယ်ဆိုတာကိုတော့ အခုပြောလို့မရသေးပါဘူး။ ကျွန်တော်ပြောနိုင်တာကကျွန်တော့်နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ အင်အားစုတစ်ခုက ကျွန်တော့်ကို ထောက်ခံပေးနေတယ်။ အဲ့ဒီအင်အားစုက အလွန်ကြီးမားလွန်းလို့ လျှို့ဝှက်လဝန်းနန်းတော်တောင် သူနဲ့နှိုင်းယှဉ်လိုက်ရင် အသေးအဖွဲ ဖြစ်သွားမှာပါ။”

ထိုစကားကို ကြားပြီးနောက် ချူးရှုံသည် ခဏခန့် ထိတ်လန့်သွားသည်။

သူ၏မြေးကို စွမ်းအားကြီးတဲ့ အင်အားစုတစ်ခုက ထောက်ခံနေတာလား။

ဒါက တကယ်ဖြစ်နိုင်လား။

သို့သော် သူ့မြေး၏ စကားပြောဟန်နှင့် မျက်နှာအမူအရာကို ကြည့်ပါက လိမ်နေခြင်းမဟုတ်ဟု ထင်ရသည်။

သူ၏နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခု အမှန်တကယ် ရှိနေနိုင်လား။ သို့သော် ဤကမ္ဘာတွင် လျှို့ဝှက်လဝန်းနန်းတော်ထက် ပိုမိုအားကောင်းသော အင်အားစုများ မရှိသလောက်ဖြစ်သည်။

လုချန်းက သူ၏နောက်ကွယ်ရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားစုနှင့် နှိုင်းယှဉ်လျှင် လျှို့ဝှက်လဝန်းနန်းတော်ပင် အသေးအဖွဲဟု ဆိုနေ၏။

ချူးရှုံ သတိပြန်ဝင်ပြီးနောက် သေချာအောင်ထပ်မေးလိုက်သည်။

“မင်းသား ကျွန်တော့်ကို လှည့်စားနေတာမဟုတ်ပါဘူးနော်။”

လုချန်းက ပြန်ဖြေကြားလိုက်၏။

“မဟုတ်ပါဘူး။ ကျွန်တော့်အဖေ ဆွမ်ဧကရာဇ်အတွက် အာဏာရှိမိသားစုတွေရဲ့ မျက်စိအောက်မှာ သံချပ်ကာဝတ်စုံ ငါးသောင်းကို ဖန်တီးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ မြောက်ပိုင်းမြို့တော်မှာရှိတဲ့ သံချပ်ကာ မြင်းတပ် ငါးသောင်းက ကျွန်တော့်အဖေရဲ့ ကိုယ်ပိုင်တပ်တွေလို့ သူတို့ယုံနေကြတာက ရယ်စရာပါပဲ။”

လုချန်း၏ ရှင်းလင်းချက်ကို ကြားပြီးနောက်ချူးရှုံက စဉ်းစားကြည့်ပြီး အတော်လေး အကျိုးအကြောင်း ဆီလျော်သည်ဟု ထင်လာသည်။

ယခုအခါတွင် ရှနိုင်ငံတော်တစ်ခုလုံးသည် အာဏာရှိမိသားစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ လက်ရှိအချိန်တွင် ဆွမ်ဧကရာဇ်သည် စစ်တပ်အာဏာကိုသာ ထိန်းချုပ်ထားပြီး နန်းတွင်းနှင့် ရှနိုင်ငံတော်၏ စီးပွားရေးသည် အဓိကအားဖြင့် အာဏာရှိမိသားစုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

အကယ်၍ ဆွမ်ဧကရာဇ်သာ သံချပ်ကာဝတ်စုံများ ဖန်တီးပါက သူတို့ ဘာမှမကြားရပဲ နေလိမ့်မည်မဟုတ်ပါ။ အထူးသဖြင့် ဝတ်စုံငါးရာမဟုတ်ဘဲ ငါးသောင်းဖြစ်နေလျှင်ဖြစ်သည်။

ငါးရာလောက်ကို ဖုံးကွယ်နိုင်သော်လည်း ထောင်ဂဏန်း ရောက်သွားပါက လုံးဝဖုံးကွယ်နိုင်မည်မဟုတ်ပါ။

ထို့ပြင် သံချပ်ကာဝတ်စုံ ငါးသောင်းကို ဖန်တီးရန်ဆိုသည်မှာ တစ်ညတည်းနှင့် ပြီးမြောက်နိုင်သည့် အရာမဟုတ်ပါ။ အာဏာရှိမိသားစုများက အမြဲတမ်း စောင့်ကြည့်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆွမ်ဧကရာဇ်က သံချပ်ကာဝတ်စုံ ငါးသောင်းကို သတင်းတစ်ပုဒ်မှ မထွက်ပေါ်ပဲ ပြုလုပ်နိုင်ခြင်းကယုတ္တိ‌‌ဗေဒနှင့် ဆန့်ကျင်နေသည်။

ထိုစဉ် ချူးရှုံက မျက်ခုံးတွန့်ကာ ပြောလိုက်သည်။

“ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက မင်းသားကို သံချပ်ကာ မြင်းတပ် ငါးသောင်းပေးခဲ့တာဆိုရင် သူတို့မှာ အခြားရည်ရွယ်ချက်တွေ ရှိနေနိုင်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်။”

ရှနိုင်ငံတော်တစ်ခုလုံးတွင်ပင် သံချပ်ကာ မြင်းတပ် နှစ်သောင်းသာရှိ၏။ သို့သော် သူတို့က သံချပ်ကာမြင်းတပ် ငါးသောင်းတောင် ပေးခဲ့ခြင်းဖြစ်သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားစုက အမည်ခံ အဖြစ်သာရှိသော မင်းသားတစ်ပါးကို အလွန်အမင်း လိုက်လိုက်လျောလျော ဆက်ဆံနေခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။ သူတို့မှာ အခြားရည်ရွယ်ချက် မရှိနိုင်ဘူးဆိုတာကို ဘယ်သူမှ ယုံကြည်နိုင်မည် မဟုတ်ပါ။

လုချန်းက အေးဆေးတည်ငြိမ်စွာနဲ့ ပြောလိုက်၏။

“တချို့အရာတွေကို ကျွန်တော် အသေးစိတ်မပြောနိုင်ပါဘူး အဖိုး။ ဒါပေမဲ့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက ကျွန်တော့်အပေါ် ဘာအကြံအစည်မှ မရှိဘူးဆိုတာကိုတော့ အနည်းဆုံး ပြောနိုင်ပါတယ်။ ပြီးတော့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုကို ကျွန်တော် အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုတာ သေချာပါတယ်။”

လုချန်းရဲ့ စကားက ချူးရှုံကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေခဲ့၏။ သူ့မြေးက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုကို အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုတာ တကယ်လား။

ဒါက အမှန်ဖြစ်နိုင်လား။

သူတို့က သံချပ်ကာမြင်းတပ် ငါးသောင်းထောက်ပံ့နိုင်အောင် ကြီးမားတဲ့ အင်အားစုတစ်စုဖြစ်သည်။

လုချန်းက တကယ်ပဲ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုကို အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုရင် သူကိုယ်တိုင်က အဲ့ဒီအင်အားစုထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာလား။

ဒါပေမဲ့ လုချန်းက ဒီနှစ်မှာ အသက်ဆယ့်ခုနစ်နှစ်ပဲ ရှိသေး၏။

နှစ်အနည်းငယ်အတွင်းမှာ ဒီလို ကြီးမားတဲ့ အင်အားစုနဲ့ သူကဘယ်လိုလုပ် ဆက်သွယ်မိသွားတာလဲ။

ချူးရှုံ ယုံကြည်ဖို့ ခက်ခဲနေ၏။ သို့သော် လုချန်းက သူ့ကို လှည့်စားဖို့ မရည်ရွယ်ဘူးဆိုတာကိုတော့ သူခံစားရသည်။ သူက ချူးမိသားစုရဲ့ အကြီးအကဲ မဟုတ်တော့ပါ။ သူ့ကို လှည့်စားစရာ ဘာမှမလိုပါ။

လုချန်းက ဆက်ပြောလိုက်သည်။

“အဖိုး။ ချူးမိသားစုဝင် အတော်များများက အဖိုးကို ထောက်ခံတယ်ဆိုတာ ကျွန်တော် ကြားဖူးတယ်။ ဒါဆို အဲ့ဒီလူတွေကို မြောက်ပိုင်းပြည်နယ်ကို လာခိုင်းလိုက်ရင် ဘယ်လိုလဲ။”

“ရှနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်ကြား စစ်ပွဲပြီးသွားရင် ရှနိုင်ငံတော်မှာ ပြည်တွင်းစစ်ဖြစ်လာမယ်လို့ ကျွန်တော်ထင်နေတယ်။ ကျွန်တော့်အဖေက ဒီလောက်ကြာအောင် သည်းခံခဲ့တာက စစ်အာဏာမရှိလို့ပါ။

ဒါပေမဲ့ အခုဆိုရင် သူ့မှာ စစ်အာဏာရှိနေပြီ။ အာဏာရှိမိသားစုတွေက ဒီစစ်ပွဲကို နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တာကို ထည့်သွင်းစဉ်းစားရင် သူ့သည်းခံနိုင်စွမ်းက အဆုံးစွန်ကို ရောက်နေပြီ။ နောက်ထပ် သည်းခံနိုင်မှာ မဟုတ်တော့ဘူး။”

ချူးမိသားစု ကွဲပြားနေပါက လုချန်းအတွက် ခြိမ်းခြောက်မှု မရှိနိုင်ပါ။ ထို့ပြင် ချူးမိသားစု မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့လာပါက ချူးယုချင်နှင့် ချူးချင်လီတို့ကို လုချန်း တရားဝင် လက်ထပ်နိုင်မည်ဖြစ်သည်။

ချူးယုချင်နှင့် ချူးချင်လီတို့သည် ချူးမိသားစုဝင်များဖြစ်ပြီး ချူးယုချင်၏ ဝမ်မိသားစုနှင့် စီစဉ်ထားသော လက်ထပ်မှုကို ချူးရှုံက လူသိရှင်ကြား ပယ်ဖျက်လိုက်ရုံဖြင့် လုံလောက်သည်။ ဝမ်မိသားစုက လက်ခံသည်ဖြစ်စေ မလက်ခံသည်ဖြစ်စေ သူတို့အတွက် အရေးမကြီးပါ။ ထိုအချိန်က သူမနှင့် လက်ထပ်ရမည့်သူ၏ မျက်နှာကိုပင် ချူးယုချင် မြင်ဖူးခဲ့ခြင်းမရှိပေ။ ဒါဆို ဒီလိုလက်ထပ်မှုကို တရားဝင်လို့ ဘယ်လိုမှတ်ယူနိုင်မှာလဲ။

ချူးရှုံက ချူးမိသားစု၏ အဖွဲ့ဝင်တစ်ချို့ကို ခေါ်ဆောင်လာပါက ထိုလက်ထပ်မှုကို ပယ်ဖျက်ရန် လွယ်ကူသွားမည်ဖြစ်သည်။ ထို့ပြင် ချူးယုချင်နှင့် ချူးချင်လီတို့သည် ချူးရှုံ၏ မွေးစားသမီးများ ဖြစ်ကြသည်။

လုချန်း၏ စကားကို ကြားလိုက်ရသည့်အခါ ချူးရှုံက ခဏခန့် တွေးပြီးနောက်

“ကျွန်တော့်ကို စဉ်းစားခွင့်ပေးပါ မင်းသား။ နှစ်ပတ်အတွင်း ကျွန်တော် အဖြေပေးပါမယ်။”

ချူးရှုံ၏ စိတ်များ မတည်မငြိမ်ဖြစ်နေသည်။ ဆွမ်ဧကရာဇ်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် သူမလိုလားပေ။ ပြည်တွင်းစစ်သည် ချူးမိသားစုအတွက်ရော ရှနိုင်ငံတော်အတွက်ပါ မကောင်းနိုင်ပေ။

သူ့ဘက်ကို ထောက်ခံသူများစွာသည် အစကတည်းက စစ်ပွဲစတင်ရန် ဆန့်ကျင်ခဲ့ကြသော်လည်း သူ့ညီနှစ်ယောက်က ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား စစ်ပွဲကို နောက်ကွယ်မှ လှုံ့ဆော်ခဲ့ကြသည်။

သူတို့၏ တကယ့်ရည်ရွယ်ချက်သည် စစ်ပွဲကို လှုံ့ဆော်ရန်သာမက ဆွမ်ဧကရာဇ်ကို နန်းစွန့်ခိုင်းရန်ပါ ဖြစ်နိုင်သည်ဟု ချူးရှုံ ယူဆသည်။ ဝမ်မိသားစု၏ အသုံးမကျသော အစီအစဉ်များကို လိုက်နာခြင်းသည် တစ်နေ့တွင် ပျက်စီးခြင်းသို့ ဦးတည်သွားစေမည်သာ ဖြစ်သည်။

သို့သော် သူ၏မြေးကို ချူးရှုံ အပြည့်အဝယုံကြည်နိုင်ခြင်းမရှိ‌သေးပေ။ မြောက်ပိုင်းပြည်နယ်ရှိ အခြေအနေများကို ထပ်မံလေ့လာပြီးမှသာ ဆုံးဖြတ်ရန် သူစဉ်းစားလိုက်သည်။ အကယ်၍ မြောက်ပိုင်းပြည်နယ်တွင် အလားအလာမရှိပါက ချူးမိသားစုအနေနှင့် ဝူနိုင်ငံတော် သို့မဟုတ် ကျူးနိုင်ငံတော်သို့ ပြောင်းရွှေ့ခြင်းက ပိုကောင်းမည်ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းက ရှနိုင်ငံတော်တွင် ဆက်လက်နေထိုင်ခြင်းထက် ပိုမိုကောင်းမွန်မည်ဖြစ်သည်။

ထိုအတွေးများက ချူးရှုံ၏ စိတ်ခံစားမှုများကို ပို၍ရှုပ်ထွေးလာစေသည်။ သူ၏ကိုယ်ပိုင်အတွေးများက မည်သည့်အချိန်က သူ၏သားဖြစ်သူနှင့် မတော်တဆ သွားတူသွားခဲ့တာလဲ။

သူ၏သားလည်း ယခင်က ထိုကဲ့သို့ တွေးခဲ့ဖူးသည်။ အကယ်၍ ရှနိုင်ငံတော်တွင် ပြည်တွင်းစစ်ဖြစ်ပွားပါက သူက ချက်ချင်းပင် ချူးယုချင်ကို ခေါ်ဆောင်ကာ ဝူနိုင်ငံတော် သို့မဟုတ် အခြားအင်ပါယာနိုင်ငံကြီး တစ်ခုသို့ ထွက်ပြေးမည်ဖြစ်သည်။

ယခု ချူံးရှုံလည်း ရှနိုင်ငံတော်မှ ထွက်ပြေးရန် တွေးနေရပြီဖြစ်သည်။

ချူးရှုံ မဆုံးဖြတ်နိုင်ဖြစ်‌နေသည်ကို မြင်လိုက်ရတော့ လုချန်းက

“ပြဿနာမရှိပါဘူး။ အဖိုး မြောက်ပိုင်းပြည်နယ်မှာ အခြေချဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော့်ကို အချိန်မရွေး ပြောပြနိုင်ပါတယ်။ မြောက်ပိုင်းပြည်နယ်က အမြဲတမ်း အဖိုးအတွက် တံခါးဖွင့်ထားမှာပါ” ဟု ပြုံးရင်း ပြောလိုက်သည်။

......

All Chapters