အခန်း ၂၅၆-၂၅၈
Vol. 18 Ch. 256-258
အခန်း (၂၅၆)
သူရဲ့ သတ္တိကို လေးစားတယ် (၁ )
ဝမ်ယုံ၏ စကားကို ကြားလိုက်ရသောအခါ လုရှုယွမ်က ပြုံးရယ်ကာ ပြောလိုက်သည်။
“ကျွန်တော့် နံပါတ်ကိုး ညီငယ်က တကယ်ပဲ ဘာကိုမဆို ထိရဲတယ်ထင်တယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ဖခင် ဆွမ်ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်။”
လုချန်းသည် နယ်ရုပ်တစ်ခုသာဖြစ်သည်။
“ကောင်းကင်အောက်ရှိ မြေအားလုံးသည် ဘုရင်၏ပိုင်ဆိုင်မှုဖြစ်သည်။ နယ်မြေအစွန်းအထိ လူအားလုံးသည် ဘုရင်၏လက်အောက်ခံများဖြစ်သည်။” ဟူသော စကားမျိုးကို လုချန်း ပြောရဲလိမ့်မည်ဟု သူမယုံကြည်ပေ။
ဝမ်ယုံက
“မင်းသား။ ဒါက မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကိုယ်ပိုင်အတွေးဖြစ်ဖြစ် ဧကရာဇ်ရဲ့ ဆန္ဒပဲဖြစ်ဖြစ် ဘယ်သူမဆို ဒီလိုစံနမူနာမျိုးကို စတင်မယ်ဆိုရင် ကျွန်တော်တို့ အာဏာရှိမိသားစုတွေက လုံးဝခွင့်လွှတ်မှာ မဟုတ်ပါဘူး။”
“ဒိီလို ပြုပြင်ပြောင်းလဲမှုကို စတင်တဲ့သူမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ အာဏာရှိမိသားစုတွေကို အပြီးတိုင် ဖယ်ရှားဖို့ ရည်ရွယ်နေတာပါ။”
ဝမ်ယုံ၏ တုံ့ပြန်မှု အလွန်ပြင်းထန်သည်မှာ အံ့သြစရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းမြို့တော်ရှိ မြေယာ ပိုင်ဆိုင်မှု ဥပဒေ ပြုပြင်ပြောင်းလဲမှုများသည် အာဏာရှိမိသားစုများ၏ အထိခိုက်မခံနိုင်ဆုံး ကိစ္စကို ထိမိခဲ့သောကြောင့်ဖြစ်သည်။
လက်ရှိ အာဏာရှိမိသားစုများသည် မြေယာပိုင်ဆိုင်ခွင့်၏ အကျိုးကျေးဇူးများကို ခံစားနေကြသူများဖြစ်ကြ၏။ ထိုစဉ် ရုတ်တရက် တစ်စုံတစ်ဦးက မြေယာပိုင်ဆိုင်ခွင့်ကို အမြင့်ဆုံးအာဏာရှင်ထံ ပြန်လည်ပေးအပ်ရန် သို့မဟုတ် နိုင်ငံတော်ထံ လွှဲပြောင်းပေးရန် အမိန့်ထုတ်လာပြီး နောက်ပိုင်းတွင် မြေယာရောင်းဝယ်မှုများကို တားမြစ်ရန် စဉ်းစားလာသည်မှာ သူတို့ အာဏာရှိမိသားစုများကို အမြစ်မှ စပြီးဖြိုဖျက်နေသလိုဖြစ်သည်။
ထိုအရာသည် မီးစတစ်ခုသာဖြစ်သေးသော်လည်း အာဏာရှိမိသားစုများသည် ထိုကဲ့သို့သော အလေ့အထတစ်ခု ပေါ်ပေါက်လာရန် လုံးဝခွင့်မပြုမည် မဟုတ်ပေ။
ထိုအချိန်တွင် လုရှုယွမ်က
“ကျွန်တော်တို့ အခုဒီသတင်းကို ရလာပြီဆိုတော့ အခြားသူတွေလည်း ရပြီလို့ ခန့်မှန်းရမယ်။ မနက်ဖြန် နန်းတွင်းမှာ အရမ်းဆူညံ နေမယ်ထင်တယ်။”
မြေယာပိုင်ဆိုင်သူများတွင် အာဏာရှိမိသားစုများသာမက ပညာတတ်အရာရှိများနှင့် ထိုအရာရှိများ၏ မိသားစုများလည်း ပါဝင်သည်။ သူတို့တစ်ဦးစီတွင် ကောင်းမွန်သောမြေများ ဧက ထောင်ပေါင်းများစွာ ရှိကြသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ခြံစည်းရိုးအတွင်းရှိ မြေယာပိုင်ဆိုင်ခွင့်ကို သူ့ထံသို့ ပြန်လည်ပေးအပ်ရန် ပွင့်လင်းစွာပြုလုပ်လာပြီဖြစ်သည်။ နယ်စားတစ်ဦးတောင် ဤသို့လုပ်ရဲပါက ဆွမ်ဧကရာဇ်သည်လည်း နောင်တွင် ထိုကဲ့သို့ပြုလုပ်လ။နိုင်သည်။ ထို့ကြောင့် အရာရှိများသည် မြောက်ပိုင်းနယ်စားမင်းသား၏ လုပ်ရပ်ကို မလွဲမသွေ ကန့်ကွက်ကြမည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ခြံစည်းရိုးအတွင်းတွင်သာ ဤသို့ပြုလုပ်သည် ဆိုလျှင်တောင်မှ ဖြစ်သည်။
နန်းတွင်းတစ်ခုလုံး လုချန်းကို ရှုတ်ချနေသည့် မြင်ကွင်းကို လုရှုယွမ် ကြိုတင်မြင်ယောင်မိပြီးသား ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင်။
ရှနိုင်ငံတော်။
နန်းတော်ဥယျာဉ်တော်အတွင်း။
ဆွမ်ဧကရာဇ်သည် သူ၏လက်ထဲရှိ အစီရင်ခံစာကို ထပ်ခါထပ်ခါ ကြည့်ရှုနေသည်။ သူ၏မျက်လုံးများသည် အစီရင်ခံစာပေါ်မှ ကြာမြင့်စွာ မရွေ့လျားပဲ နေနေခဲ့သည်။
ဆွမ်ဧကရာဇ်က သူ့ကိုယ်သူ ပြောလိုက်သည်။
“ကောင်းကင်အောက်ရှိ မြေအားလုံးသည် ဘုရင်၏ပိုင်ဆိုင်မှုဖြစ်သည်။ နယ်မြေအစွန်းအထိ လူအားလုံးသည် ဘုရင်၏လက်အောက်ခံများဖြစ်သည်။”
“ကြီးကျယ်လွန်းတယ်… တကယ်ကို ကြီးကျယ်လွန်းတယ်…”
“ဒါက တကယ်ပဲ ချန်းပြောနိုင်တဲ့ စကားလား။”
ထိုအချိန်တွင် ဆွမ်ဧကရာဇ်သည် သူ၏လက်ထဲရှိ အစီရင်ခံစာကို စစ်တူစီဆီသို့ ပစ်ပေးလိုက်သည်။ စစ်တူစီက ဆွမ်ဧကရာဇ်ပစ်လိုက်သော အစီရင်ခံစာကို အလွယ်တကူ ဖမ်းယူပြီး ကြည့်ရှုလိုက်သည်။
အစီရင်ခံစာ၏ အကြောင်းအရာများကို ဖတ်ပြီးနောက် ဆွမ်ဧကရာဇ် အဘယ်ကြောင့် အစီရင်ခံစာကို ဖတ်ပြီးနောက် မျက်လုံးများမခွာပဲ ငြိမ်နေခဲ့သည်ကိုစစ်တူစီ နားလည်သွားသည်။
“ကောင်းကင်အောက်ရှိ မြေအားလုံးသည် ဘုရင်၏ပိုင်ဆိုင်မှုဖြစ်သည်။ နယ်မြေအစွန်းအထိ လူအားလုံးသည် ဘုရင်၏လက်အောက်ခံများဖြစ်သည်။” ဆိုသော စကားစုသည် ရှနိုင်ငံတော်တွင် မလွဲမသွေ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်စေမည်မှာ သံသယ ဖြစ်စရာ မရှိချေ။
ရှနိုင်ငံတော်ကို ဆွမ်မင်းဆက်မှ တည်ထောင်ခဲ့ပြီး ကောင်းကင်အောက်ရှိ မြေအားလုံးသည် ဧကရာဇ်၏ ပိုင်ဆိုင်မှုဖြစ်သော်လည်း ယင်းသည် အမည်ခံသာဖြစ်သည်။
မည်သည့်ဧကရာဇ်မှ ရှနိုင်ငံတော်ရှိ မြေအားလုံးသည် ဧကရာဇ်၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း တိုက်ရိုက်ဥပဒေပြုရန် မဝံ့ရဲခဲ့ပေ။ အကြောင်းမှာ မည်သူမဆို ထိုသို့လုပ်ရဲကြည့်ပါက သူတို့၏ ထီးနန်းသက်တမ်း အဆုံးသတ်သွားနိုင်သောကြောင့်ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် မည်သည့်ဘုရင်မှ
“ကောင်းကင်အောက်ရှိ မြေအားလုံးသည် ဘုရင်၏ပိုင်ဆိုင်မှုဖြစ်သည်။ နယ်မြေအစွန်းအထိ လူအားလုံးသည် ဘုရင်၏လက်အောက်ခံများဖြစ်သည်” ဟု မည်သည့်အခါကမှ မပြောခဲ့ပေ။
ဤစကားစု၏ အဓိပ္ပာယ်မှာ ကောင်းကင်အောက်ရှိ မြေအားလုံးသည် ဘုရင်၏ ပိုင်ဆိုင်မှုဖြစ်ပြီး ပြည်သူအားလုံးသည် ဘုရင်၏ လက်အောက်များဖြစ်သည် ဟူသောသဘောဖြစ်သည်။
ဤအချက်သည် မှန်ကန်သော်လည်း ဘုရင်တစ်ပါးအနေရော အုပ်ချုပ်သူတစ်ဦးအနေဖြင့်ပါ ဤစကားကို ဘယ်သောအခါမျှ မပြောသင့်ပေ။ ကောင်းကင်အောက်ရှိ မြေအားလုံးသည် မင်းဆက်ပိုင်ဖြစ်ပါက ဆွမ်မင်းဆက်၏ ဘိုးဘေးများနှင့်အတူ တိုက်ပွဲဝင်ခဲ့သူများ၏ ပေးဆပ်မှုသည် အချည်းနှီးသာဖြစ်သည်ဟု ဆိုလိုသည်။
ဤစကားကို မည်သူမှ မပြောခဲ့ဖူးသောကြောင့် ကြီးမားသော တုန်လှုပ်မှု တစ်ခုကို ဆွမ်ဧကရာဇ် ခံစားလိုက်ရသည်။
အထူးသဖြင့် အစီရင်ခံစာအတွင်းမှ မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲမှုများကို ဖတ်ပြီးနောက် မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ဖခင်ထက် အဆပေါင်းများစွာ ပို၍ အစွန်းရောက်နေသည်ဟု သဘောပေါက်လာသည်။
လုချန်းသည် သူ၏ သားဟုတ်မဟုတ် သေချာမသိသေးသော်လည်း ထိုစကားက သူ၏ စိတ်ထဲတွင် လုချန်းအပေါ် အထင်ကြီးမှုများ ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။
ရှနိုင်ငံတော် စတင်တည်ထောင်ချိန်မှစ၍ များစွာသော ဧကရာဇ်များသည် ရှနိုင်ငံတော်အတွက် နယ်မြေများကို ချဲ့ထွင်ခဲ့ပြီး ကြီးမြတ်သော စွမ်းဆောင်မှုများ ပြုလုပ်ကာ ရှနိုင်ငံတော်ကို ကမ္ဘာ့အစွမ်းထက်ဆုံး နိုင်ငံဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ထီးနန်းကို ဆက်ခံခဲ့ကြသည်။
သို့သော် အာဏာရှိ မိသားစုများ၏ ထိန်းချုပ်ကန့်သတ်ထားခြင်းကို ခံရမှုကြောင့် ဧကရာဇ်များသည် သူတို့၏ စွမ်းရည်နှင့် ရည်မှန်းချက်များကို ဖော်ပြနိုင်စရာ နေရာမရှိပဲ နန်းတွင်း၌သာ ပျော်ရွှင်မှုများတွင် နှစ်မြှုပ်နေရင်း အိုမင်းသေဆုံးသွားကြရသည်။
လုရှင်းကျူးသည်လည်း ထီးနန်းကို ဆက်ခံစဉ်က စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး ရှနိုင်ငံတော်အတွက် နယ်မြေများ ချဲ့ထွင်ခဲ့သော ဆွမ်မင်းဆက်၏ ဘိုးဘေးများကဲ့သို့ ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဟု ယုံကြည်ခဲ့သည်။
သူသည် ချန်နိုင်ငံကို သိမ်းပိုက်ခဲ့ပြီး နယ်မြေကို ချဲ့ထွင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ အမိန့်များ လျစ်လျူရှုခံရသည်ကို သတိထားမိလာသည်။ သူလုပ်လိုသည့် အရာတိုင်းကို နန်းတွင်းရှိ အာဏာရှိ မိသားစုများက ဆန့်ကျင်နေသည်ကို ခံစားလာရသည်။
ဧကရာဇ်တစ်ပါးအနေဖြင့် နန်းတွင်းတစ်ခုလုံးကို မထိန်းချုပ်နိုင်ခြင်းသည်ကြီးမားသော အရှက်ရစရာတစ်ခုဖြစ်ပြီး နောက်ဆုံးတွင် သူ တစ်စုံတစ်ခုကို နားလည်သွားသည်။ အာဏာရှိ မိသားစုများ မပပျောက်သေးသရွေ့ ရှနိုင်ငံတော်သည် သူ၏ ပိုင်ဆိုင်မှု အစစ်အမှန် ဖြစ်လာမည်မဟုတ်ပေ။ သူသည် သူတို့ မြှောက်စားထားသော ရုပ်သေးတစ်ရုပ်သာ ဖြစ်သည်။
သူ၏ မင်းသားများက ထိုအာဏာရှိ မိသားစုများနှင့် ရောနှောနေသည်ကို မြင်သောအခါ လုရှင်းကျူး သူတို့အပေါ် စိတ်ပျက်မိသည်။ ဤသို့ဆက်သွားပါက နောက်တက်လာမည့် ဆွမ်ဧကရာဇ်တိုင်းလည်း အာဏာရှိ မိသားစုများ၏ ရုပ်သေးများသာ ဖြစ်နေဦးမည်ဟု သူယူဆသည်။
ယခုအချိန်တွင် ဆွမ်ဧကရာဇ်ထံ၌ ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။ အာဏာရှိ မိသားစုများကို တိုက်ရိုက်ရင်ဆိုင်ရန် မကြောက်ရွံ့သော ပထမဆုံး မင်းသားသည် သူယုံကြည်မှု အနည်းဆုံးနှင့် မနှစ်သက်ဆုံးသော မင်းသားဖြစ်လာမည်ဟု ဆွမ်ဧကရာဇ် ဘယ်တုန်းကမှ မျှော်လင့်ထားခြင်း မရှိပေ။
သူ၏ လက်ထဲရှိ ထောက်လှမ်းရေးအချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် စစ်တူစီသည် ထိုအချက်အလက်များကို စားပွဲပေါ်တွင် ချထားလိုက်ပြီး မေးလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားမှာ ဆွမ်မင်းဆက်ဘိုးဘေးများကဲ့သို့ ရည်မှန်းချက်ရှိတယ်လို့ ကျွန်တော်ယခင်က ပြောခဲ့ဖူးပါတယ်။ မင်းကြီး ထိုစဉ်က မယုံကြည်ခဲ့ပါဘူး။ ကျွန်တော် ပြောခဲ့တာကို အခုမင်းကြီး ယုံကြည်နိုင်ပြီလား။”
စစ်တူစီ၏စကားကို ကြားပြီးနောက် ဆွမ်ဧကရာဇ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“သူက ဒါကို ပြောရဲတဲ့အတွက် သူ့ရဲ့သတ္တိကို ကျုပ်လေးစားတယ်။ ဒါပေမဲ့ အင်အားမရှိပဲ သူ့ရဲ့ရည်ရွယ်ချက်ကို ဖော်ထုတ်တာကတော့ မိုက်မဲတဲ့အပြုအမူပဲ။ နောက်တော့ သူဟာ အာဏာရှိမိသားစုနဲ့ ပညာရှိ အမတ်တွေရဲ့ စုပေါင်းတိုင်ကြားခြင်းကို ရင်ဆိုင်ရမယ်။ ပြီးတော့ မရေမတွက်နိုင်တဲ့ လုပ်ကြံမှုတွေကိုလည်း ရင်ဆိုင်ရမယ်။”
လုချန်း၏ မြောက်ပိုင်းပြည်နယ်ရှိ ပြုပြင်ပြောင်းလဲရေးများသည် အာဏာရှိမိသားစုများနှင့် ပညာရှိအမတ် လူတန်းစားကို စိတ်ဆိုးစေပြီးဖြစ်သည်။ သူ့နောက်ကွယ်မှာ ဆွမ်ဧကရာဇ် ရှိနေနိုင်လျှင်တောင် သူ့ကို ဆက်လက်ရှင်သန်ခွင့် ပေးကြမည် မဟုတ်ပေ။
မြေယာပိုင်ဆိုင်မှုသည် သူတို့၏ အခြေခံအကျိုးစီးပွားဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ သူတို့၏အဓိကအကျိုးစီးပွားကို ထိပါးခွင့် ပြုလိမ့်မည် မဟုတ်ချေ။ မင်းသားတစ်ပါး မဆိုထားနှင့် ဆွမ်ဧကရာဇ်ကိုယ်တိုင်တောင်ကိုတောင် လုပ်ခွင့်ပြုမည် မဟုတ်ပေ။
ထိုအကြောင်းကြောင့်ပင် ဆွမ်ဧကရာဇ်က လုချန်းကို အလွန်လေးစားခြင်းဖြစ်သည်။
လုချန်းက ရှေ့တန်းတက်ကာ မြေယာပိုင်ဆိုင်မှုအခွင့်အရေးကို မေးခွန်းထုတ်ခြင်းသည် သူ၏အသက်ကို မထောက်ထားဘဲ ပြုမူခြင်းသာဖြစ်သည်။
ထိုကြောင့် ဆွမ်ဧကရာဇ်ထံ၌ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။ မြောက်ပိုင်းမြို့တော်၏ သံချပ်ကာ မြင်းတပ်ပျက်စီးသွားပြီးတာတောင် လုချန်းက မြောက်ပိုင်းမြို့တော်ကို ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့်ရဲရဲဝံ့ဝံ့လုပ်နိုင်တာလဲ။ ပြုပြင်ပြောင်းလဲရုံသာမက မြေယာပိုင်ဆိုင်မှုအခွင့်အရေးကိုပါ ဘာလို့မေးခွန်းထုတ်နိုင်တာလဲ။
လုချန်း၏နောက်ကွယ်မှ လျှို့ဝှက်အင်အားစုက သူသတ်ခံရမှာကို မကြောက်ဘူးလား။ ဒါမှမဟုတ် သူတို့က သူ့ကို ကာကွယ်နိုင်မယ်လို့ ယုံကြည်မှု ရှိလို့လား။ ဒါ့ကြောင့် သူ့ကို စိတ်ကြိုက်ပြုမူခွင့် ပေးထားတာလား။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က စစ်တူစီကို ကြည့်၍ မေးလိုက်သည်။
“နိုင်ငံတော် ပညာရှိကြီး။ မနက်ဖြန်မှာ အာဏာရှိမိသားစုတွေက ချန်းကို တိုင်ကြားတာနဲ့ ပတ်သက်ပြီး ကျုပ်ဘာလုပ်သင့်လဲ။ မြောက်ပိုင်းမြို့တော်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရပ်တန့်ခိုင်းသင့်လား။ ဒါမှမဟုတ် သူ့ရဲ့မင်းသားဘွဲ့ကို ဖြုတ်ချသင့်လား။”
လုချန်းသည် တားမြစ်ထားသော အရာကို ထိပါးလိုက်ပြီဖြစ်သည်။ တိုင်ကြားခြင်းက မလွဲမသွေဖြစ်လာလိမ့်မည်။ အဓိကအချက်မှာ ဧကရာဇ်ဖြစ်သော သူ့အနေနှင့် မည်သို့တုံ့ပြန်သင့်သလဲဆိုတာဖြစ်သည်။
လုချန်း၏လုပ်ရပ်များကို အပြစ်ပေးခြင်းမရှိပါက သူ့တွင်လည်း လုချန်းနှင့် တူညီသော အယူအဆများရှိသည်ဟု အမတ်များ ထင်ကြမည်မှာ သေချာသည်။ သူသည် အာဏာရှိမိသားစုများကို စိတ်ဆိုးစေပြီးဖြစ်သည်။ အကယ်၍ ပညာရှိအမတ် လူတန်းစားကိုပါ ပိုထပ်၍ စိတ်ဆိုးစေပါက ဧကရာဇ်အဖြစ် သူ၏အုပ်စိုးမှုကို ထိခိုက်လာနိုင်သည်။
ဆွမ်ဧကရာဇ်၏မေးခွန်းကို ကြားပြီးနောက် စစ်တူစီက ပြုံး၍ပြောလိုက်သည်။
“သူ့အပိုင်စားနယ်အတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတာက တရားဝင်ပါတယ်။”
စစ်တူစီ၏ တုံ့ပြန်မှုကို မကျေနပ်ပဲ ဆွမ်ဧကရာဇ်က
“နိုင်ငံတော် ပညာရှိကြီး။ ခင်ဗျားက အခြေအနေကို နားလည်နေပေမဲ့ မသိချင်ယောင်ဆောင်နေတာပဲ။”
“သူ့နယ်မြေအတွင်းမှာ ပြုပြင်ပြောင်းလဲရေးလုပ်တာက ပြဿနာမဟုတ်ပေမယ့် သူက မြေပိုင်ဆိုင်မှုပြဿနာကို သွားထိလိုက်တယ်။ အာဏာရှိမိသားစုတွေနဲ့ ပညာရှိအရာရှိတွေကို ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် ရှနိုင်ငံတော်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်။”
စစ်တူစီက ပြန်ပြောလိုက်သည်။
“ဒါဆိုရင် မင်းကြီးက မြောက်ပိုင်းမြို့တော်က နန်းတွင်းစစ်သည် နှစ်သောင်းကို ပြန်ခေါ်လိုက်ပါ။ မြောက်ပိုင်းနယ်စားမင်းသားကို မြောက်ပိုင်းမှာ တစ်ယောက်တည်း ကာကွယ်ခိုင်းပြီး သူ့ကို နောက်ထပ် အကူအညီနဲ့ ထောက်ပံ့ရေးတွေ မပေးတော့ဘူးလို့ ကြေညာလိုက်ပါ။ လုံခြုံတဲ့ ပတ်ဝန်းကျင်မရှိရင် ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက်လို့ မရတော့ပါဘူး။”
သူပြောနေသော်လည်း စစ်တူစီကိုယ်တိုင်လည်း ဒါကိုတကယ်တော့ မယုံကြည်ပေ။
မြောက်ပိုင်းနယ်စားမင်းသားက မြေပြဿနာကို မေးခွန်းထုတ်ပြီးပြီဆိုတာနဲ့ အာဏာရှိမိသားစုတွေနဲ့ ပညာရှိ အမတ်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်မည်ဟု သူမြင်သည်။
မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာမြင်းတပ်က ပျက်စီးမသွားပဲ ဒါတွေအားလုံးက မြောက်ပိုင်းမင်းသားက ထုတ်လွှင့်လိုက်တဲ့ လုပ်ကြံသတင်းများ ဖြစ်ကြောင်း ထိုအချက်က ညွှန်ပြနေသည်။ မဟုတ်ပါက သူဒီလိုလုပ်ရဲမှာ မဟုတ်ပေ။ ထို့ကြောင့် နန်းတွင်းစစ်တပ်ကို ပြန်ခေါ်လိုက်ရင်တောင် မြောက်ပိုင်းမြို့တော်ကို ဘယ်လိုမှ မထိခိုက်စေနိုင်ပါ။
စစ်တူစီ၏ စိတ်ထဲတွင် လုချန်း၏ လုပ်ရပ်ကို အလွန်သဘောကျမိသည်။ လုချန်း၏ ပြုပြင်ပြောင်းလဲရေးအစီအမံများသည် အမှားမရှိပဲ သင့်တော်သည့်အချိန်တွင် မိတ်ဆက်ခဲ့သည်ဟု သူယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော မြောက်ပိုင်းမြို့တော်တွင် လုချန်း လုပ်နေသည်များကို စွက်ဖက်ရန် နန်းတွင်း၌ လက်ရှိအနေအထားတွင် အရင်းအမြစ်များ မရှိသောကြောင့်ဖြစ်သည်။
ထိုငယ်ရွယ်သော ထိပ်သီးပညာရှင် အနေနှင့် အာဏာရှိမိသားစုများ၏ လုပ်ကြံမှုများကို ရင်ဆိုင်ဖြေရှင်းရန် ပြဿနာမရှိဟုလည်း စစ်တူစီယုံကြည်သည်။
ဆွမ်ဧကရာဇ်က စစ်တူစီ၏ စကားများကို စဉ်းစားပြီး ဤနည်းလမ်းသည် ယာယီဖြေရှင်းနည်း ဖြစ်နိုင်သည်ဟု သဘောတူလိုက်သည်။
နိုင်ငံကြီးနှစ်ခုကြား စစ်မက်ဖြစ်ပွားနေသောကာလတွင် မင်းသားရာထူးကို ရုပ်သိမ်းလိုက်ပါက မင်းသားကို ပုန်ကန်စေနိုင်သည်။ စစ်ပွဲကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး မြောက်ပိုင်းမင်းသားကို အနည်းငယ်အပြစ်ပေးရုံဖြင့် လုံလောက်သည်။ အပြစ်ပေးပြရုံသာ ဖြစ်သည်။
စစ်ပွဲကို အကြောင်းပြချက်အဖြစ် အသုံးပြုပါက ထိုအာဏာရှိမိသားစုများနှင့် ပညာရှိ အရာရှိများ မသက်မသာဖြစ်နေမည် ဖြစ်သော်လည်း ဘာမှပြောနိုင်မည်တော့ မဟုတ်ပေ။ အကယ်၍ သူတို့က မင်းသားကို ပုန်ကန်စေပြီး ရှနိုင်ငံတော်အတွက် ပိုမိုကြီးမားသော အကျပ်အတည်းဖြစ်စေပါက ထိုအရာရှိများ တာဝန်ယူနိုင်မည် မဟုတ်ပေ။
........
အခန်း (၂၅၇)
မြောက်ပိုင်းနယ်စားမင်းသား ရုတ်တရက် သေဆုံးတဲ့ သတင်း မကြာခင် ကြားရမယ် (၁)
မိုးလင်းစ။
ချွန်ကျင်ခန်းမ။
ယနေ့တွင် အရာရှိများသည် စောစောစီးစီး ရောက်ရှိလာကြပြီး ချွန်ကျင်ခန်းမထဲ ရောက်သည်နှင့် ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား စစ်ပွဲအကြောင်းကို မပြောတော့ပဲ မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲမှုများအကြောင်း ဆွေးနွေးကြသည်။
ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြား စစ်ပွဲသည် သူတို့နှင့် သက်ဆိုင်သော်လည်း စစ်မျက်နှာတွင် စစ်သားများ ရှိနေပြီး ဝူနိုင်ငံတော်၏ စစ်အား မည်မျှပင် ကြီးမားစေကာမူ နေပြည်တော်သို့ ရောက်ရှိလာနိုင်ဦးမည် မဟုတ်ပေ။
သို့သော် မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲမှုများက ကွဲပြားသည်။ မြေယာပြဿနာများသည် သူတို့တစ်ဦးချင်းစီနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ နယ်မြေအတွင်း၌သာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ထိုအစီအစဉ်များသည် သူတို့အတွက် အလွန်အန္တရာယ်ရှိသည်ဟု သူတို့ မြင်သည်။
ထိုကဲ့သို့သော အစီအစဉ်များ ရှနိုင်ငံတော်အတွင်း ပေါ်ပေါက်လာခြင်းက လုံးဝမဖြစ်သင့်ပေ။ အကြောင်းမှာ ထိုထုံစံများ ပျံ့နှံ့သွားပါက လူတိုင်း၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်သည်။ သူတို့သည် ဆွမ်ဧကရာဇ်ကိုပင် ထိုကဲ့သို့သော အတွေးအခေါ်များ ရှိခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ထိုအတွေးအခေါ်ကို အစပျိုးချိန်တွင် ဖျက်ဆီးပစ်ရမည်။
...
အရာရှိများ မြောက်ပိုင်းမြို့တော်၏ ပြုပြင်ပြောင်းလဲမှုအကြောင်း ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်ကို ကြည့်ရင်း လင်ကောင်းယွမ်ထံ၌ ရောထွေးသော ခံစားချက်များ ရှိနေသည်။
မြောက်ပိုင်းနယ်စားမင်းသားဘက်မှ ရပ်တည်ပြီး ထောက်ခံမည်ဟု လင်ကောင်းယွမ် ဆုံးဖြတ်ခဲ့ပြီးမှ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်တွင် ထိုကဲ့သို့ လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခြင်းဖြစ်သည်။
မြေယာပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေပြုရဲသည်အထိ မြောက်ပိုင်းနယ်စားမင်းသားက ရဲတင်းလာခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားထံတွင် ထိုသို့မလုပ်ဆောင်ရန် တားမြစ်မည့် အရာရှိများ သို့မဟုတ် ဗျူဟာပညာရှင်များ မရှိလို့လား။
မြောက်ပိုင်းနယ်စားမင်းသား၏ ရဲရင့်မှုသည် အကန့်အသတ်မရှိပေ။ လင်ကောင်းယွမ်ပင် စိတ်တွင်း၌ ယိမ်းယိုင်လာသည်။ မြောက်ပိုင်းနယ်စားမင်းသား နောက်နှစ်အထိ အသက်ရှင်နိုင်ပါ့မလားဟုပင် သူသံသယဝင်လာသည်။
ဆွမ်ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားကို အပြစ်မပေးခဲ့လျှင်တောင် အာဏာရှိမိသားစုများနှင့် ပညာရှိ အရာရှိများက မြောက်ပိုင်းနယ်စားမင်းသားကို တိတ်တဆိတ် လုပ်ကြံဖို့ လူစေလွှတ်ကြမည်ဖြစ်သည်။
ထိုအကြောင်းကို တွေးမိသောအခါ လင်ကောင်းယွမ် သက်ပြင်းချလိုက်မိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အချိန်ကို စောင့်ဆိုင်းတတ်သူဖြစ်ပြီး ကြီးမားသော လုပ်ဆောင်ချက်များ လုပ်နိုင်သူဖြစ်လိမ့်မည်ဟု မူလက သူထင်မှတ်ထားခဲ့သည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် မယုံနိုင်လောက်အောင် အလောကြီးတတ်သူဖြစ်နေသည်။
ထို့ပြင် မြောက်ပိုင်းမြို့တော်၏ သံချပ်ကာမြင်းတပ် တကယ်ပင် ပျက်စီးသွားပြီလားဆိုတာကိုလည်း သူမသေချာပေ။ သူ၏သား ပြန်ရောက်လာပါက မြောက်ပိုင်းမြို့တော် အခြေအနေကို သေချာစုံစမ်းမေးမြန်းရမည်ဖြစ်သည်။
လင်ကောင်းယွမ် အတွေးထဲနစ်မြောနေစဉ် နန်းတွင်းမှ မိန်းမစိုးတစ်ဦး၏ အသံက ပဲ့တင်ထပ်လိုက်သည်။
“မင်းကြီး ရောက်ရှိလာပါပြီ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဈေးပွဲ တော်ကြီးကဲ့သို့ ဆူညံနေသော နန်းတွင်းခန်းမ ချက်ချင်း တိတ်ဆိတ်သွားသည်။
မကြာမီ ဆွမ်ဧကရာဇ်သည် ရွှေနဂါးပုံဖော်ထားသော ဝတ်ရုံကို ဝတ်ဆင်လျက် နဂါးပလ္လင်ပေါ်သို့ ရောက်ရှိလာသည်။ နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် သူသည် အေးဆေးစွာဖြင့် ပြောလိုက်သည်။
“ကျုပ်ရဲ့ ချစ်ခင်ရပါသော အရာရှိများ ခုနကတည်းက ဘာကိစ္စများကို အပူတပြင်း ဆွေးနွေးနေကြတာလဲ။ စစ်မြေပြင်မှာ ကျုပ်မသိသေးတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ ရှိနေလို့လား။”
ဆွမ်ဧကရာဇ်က မသိဟန်ဆောင်နေသည်ကို မြင်သောအခါ အာဏာရှိမိသားစုမှ အရာရှိတစ်ဦးက မထိန်းနိုင်တော့ဘဲ ထရပ်လျက် ပြောလိုက်သည်။
“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားဟာ တရားဥပဒေနှင့် ဓလေ့ထုံးတမ်းများကို မလေးစားပဲ ပြည်သူများကို ဖိနှိပ်ခြင်း သူ၏ပိုင်နက်အတွင်း တရားမဲ့ လုပ်ဆောင်ခြင်းများ ပြုလုပ်နေတဲ့အကြောင်း ကျွန်တော်တို့ တိုင်တန်းလိုပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ဘွဲ့ကို ရုပ်သိမ်းပြီး သူ့ကို ဖမ်းဆီးကာ နေပြည်တော် ပြန်ခေါ်ပြီး အပြစ်ပေးရန် အကြံပြုလိုပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ဆွမ်ဧကရာဇ်သည် စိတ်ရှုပ်သွားဟန်ဖြင့် ပြောလိုက်သည်
“မြောက်ပိုင်းနယ်စားမင်းသား ကိစ္စလား။ ခုနက ခင်ဗျားတို့ စစ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး မြောက်ပိုင်းနယ်စားမင်းသားဆီ ရောက်သွားတာလဲ။ မြောက်ပိုင်းနယ်စားမင်းသားက ကျုပ်မသိသေးတဲ့ ကိစ္စတစ်ခုခုကို လုပ်မိလို့ ခင်ဗျားက တိုင်တန်းနေတာလား။”
ဆွမ်ဧကရာဇ်က လုံးဝမသိသလို ဟန်ဆောင်နေသည်ကို မြင်သောအခါ နန်းတွင်းရှိ အရာရှိများ အံ့အားသင့်သွားကြသည်။
မြောက်ပိုင်းနယ်စားမင်းသားရဲ့ လုပ်ရပ်တွေက တကယ်တော့ ဆွမ်ဧကရာဇ်ရဲ့ ညွှန်ကြားချက်နှင့် လုပ်ဆောင်နေတာများလား။
ဆွမ်ဧကရာဇ်က မြေယာပိုင်ဆိုင်ခွင့်တွေကို ပြန်လည်သိမ်းပိုက်မယ့် ဥပဒေပြဋ္ဌာန်းဖို့ စဉ်းစားနေတာလား။
ထိုအချိန်တွင် ကျောင်းဝမ်ဟန်က အရှေ့တက်လာပြီး ပြောလိုက်သည်။
“မင်းကြီး။ ကျွန်တော်ကြားသိရတာက မြောက်ပိုင်းနယ်စားမင်းသားဟာ မြောက်ပိုင်းမြို့တော်ကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီး မြောက်ပိုင်းမြို့တော်ရှိ မြေယာပိုင်ဆိုင်ခွင့်အားလုံးကို သူ၏လက်ထဲသို့ သိမ်းပိုက်ဖို့ ဥပဒေပြဋ္ဌာန်းနေပါတယ်။ အခု ဘယ်သူမှ မြေယာကို စိတ်တိုင်းကျ ဝယ်ယူခြင်း၊ ရောင်းချခြင်း မပြုနိုင်တော့ပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ မြေယာ သိမ်းပိုက်မှုဟာ ရှနိုင်ငံတော်အတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားရဲ့ ပြုပြင်ပြောင်းလဲရေးကို ချက်ချင်းရပ်တန့်ခိုင်းဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ရှနိုင်ငံတော်ဟာ အန္တရာယ်ထဲ ရောက်ရှိသွားနိုင်ပါတယ်။”
ထိုအခါ ဆွမ်ဧကရာဇ်၏ မျက်လုံးများ ကျဉ်းသွားပြီး
“ကျောင်းလူကြီးမင်း။ ခင်ဗျားက တကယ်သတင်းစုံတဲ့သူပဲ။ ကျုပ်တောင် မသိသေးတဲ့ အကြောင်းအရာတွေကို ခင်ဗျားက သိနေပြီ။”
“ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းသားတစ်ပါးက သူ့ပိုင်နက်အတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး ဥပဒေတွေ ပြဋ္ဌာန်းတာက နန်းတွင်းနဲ့ သိပ်ပြီး မဆိုင်ပါဘူး။”
“နန်းတွင်းက နယ်စားမင်းသားတစ်ပါးရဲ့ ပိုင်နက်ထဲက ကိစ္စကို စိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် နယ်စားမင်းသားတွေရဲ့ မကျေနပ်မှုကို ဖြစ်စေနိုင်တယ်။”
ကျောင်းဝမ်ဟန်က မြန်မြန်ပြောလိုက်သည်။
“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ပြည်သူတွေရဲ့ဒေါသကို စတင်နှိုးဆွလာပါပြီ။ ပြည်သူတွေဟာ မြောက်ပိုင်းမြို့တော် အကြောင်းကို ပြောဆိုနေကြပြီး စစ်ရေးကိစ္စ တွေကို ဂရုစိုက်သူ နည်းသွားပါပြီ။”
“မြောက်ပိုင်းနယ်စားမင်းသားရဲ့ ပြုပြင်ပြောင်းလဲရေးကို မရပ်တန့်ဘူး၊ သူ့ကိုလည်း အပြစ်မပေးဘူးဆိုရင် မင်းကြီးကိုယ်တိုင် မြောက်ပိုင်းနယ်စားမင်းသားကို ညွှန်ကြားခဲ့တယ်လို့ ပြည်သူတွေက ထင်ကောင်းထင်ကြပါလိမ့်မယ်။ နောက်ပြီး မင်းကြီးက ရှနိုင်ငံတော်အတွင်းက မြေယာတွေကို ပြန်သိမ်းဖို့ ဥပဒေပြဋ္ဌာန်းမယ်လို့ ကြောက်နေကြပါလိမ့်မယ်။”
“အခုလို စစ်မျက်နှာပြင်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်မှုထမ်းခြင်းကြောင့် ရရှိလာတဲ့ မြေယာတွေကို ပြန်သိမ်းသွားမယ်ဆိုရင် စစ်သည်တွေဟာ ရှနိုင်ငံတော်နှင့် မင်းကြီးအတွက် တက်တက်ကြွကြွ တိုက်ပွဲဝင်ကြမှာ မဟုတ်တော့ပါဘူး။”
“ဒါ့ကြောင့် မင်းကြီးအနေနှင့် မြောက်ပိုင်းနယ်စားမင်းသားကို အပြင်းအထန် အပြစ်ပေးဖို့ ကျွန်တော် အလေးအနက် တောင်းဆိုပါတယ်။”
ထိုစကားကို ပြောပြီးနောက် ကျောင်းဝမ်ဟန် ဒူးထောက်လိုက်သည်။ ကျောင်းဝမ်ဟန် ဒူးထောက်သည်ကို မြင်သောအခါ သူ့အဖွဲ့မှ အရာရှိများလည်း တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လျက် အားလုံး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“မင်းကြီးအား မြောက်ပိုင်းနယ်စားမင်းသားကို အပြင်းအထန် အပြစ်ပေးရန် ကျွန်တော်တို့ တောင်းဆိုပါတယ်။”
ခန်းမတွင်းရှိ အရာရှိများ၏ တစ်ဝက်ကျော် ဒူးထောက်နေသည်ကို မြင်ရသော်လည်း ဆွမ်ဧကရာဇ် စိတ်လှုပ်ရှားခြင်း မရှိပါ။ ယနေ့ နန်းတွင်းအစည်းအဝေးတွင် ဤသို့ဖြစ်လာမည်ကို သူကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။
တကယ်တော့ ထိုအရာရှိများ အကြောက်ဆုံးမှာ ဧကရာဇ်ကိုယ်တိုင်က မြေယာပိုင်ဆိုင်ခွင့်များကို ပြန်သိမ်းမည်ကို ဖြစ်သည်။ ကျောင်းဝမ်ဟန်၏ စကားများသည် စမ်းသပ်မှုတစ်ခုဖြစ်သလို သတိပေးချက်လည်း ဖြစ်သည်။ သူ့အား ထိုကဲ့သို့သော အတွေးမျိုးကို မတွေးမိစေရန် သတိပေးခြင်းဖြစ်၏။ မဟုတ်ပါက သူ၏ အုပ်စိုးမှု အဆုံးသတ်သွားမည်ဖြစ်သည်။
ဆွမ်ဧကရာဇ်က အေးဆေးစွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့ ပြောသလိုပဲ မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းမြို့တော်ရဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကို ပြန်သိမ်းဖို့ ဥပဒေပြဋ္ဌာန်းမယ်ဆိုရင် သူဟာ တကယ်ပဲ သူ့ဘောင်ကျော်သွားပြီလို့ ဆိုနိုင်ပါတယ်။”
........
အခန်း (၂၅၈)
မြောက်ပိုင်းနယ်စားမင်းသား ရုတ်တရက် သေဆုံးတဲ့ သတင်း မကြာခင် ကြားရမယ် (၂)
“ကျုပ်သူ့ကို ပေးခဲ့တဲ့ နယ်မြေဟာ သူ့ပိုင်ဆိုင်မှုဖြစ်သင့်ပေမဲ့ မြေယာတွေအားလုံးကို ပြန်သိမ်းလိုက်ရင် ပြည်သူတွေ ဘယ်လိုရှင်သန်ကြမလဲ။”
“အမှန်ပါပဲ။ အပြစ်ပေးဖို့ လိုပါတယ်။”
ထိုအချိန်တွင် ဆွမ်ဧကရာဇ်၏ မျက်လုံးများသည် လင်ကောင်းယွမ်အပေါ်သို့ ကျရောက်သွားသည်။
ဆွမ်ဧကရာဇ်က မေးလိုက်သည်။
“လင်လူကြီးမင်း။ မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်လိုအပြစ်ပေးသင့်သလဲ။ သူ့ရဲ့ နယ်စားမင်းသားဘွဲ့ကို ပယ်ဖျက်သင့်သလား။ ဒါမှမဟုတ် ဘာလုပ်သင့်သလဲ။”
လင်ကောင်းယွမ် ခဏမျှ ငေးငိုင်သွားသည်။
ဒါက ပြဿနာရှိနိုင်သော မေးခွန်းတစ်ခုဖြစ်သည်။ အကယ်၍ သူ၏ အဖြေသည် ကောင်းစွာ စဉ်းစားတွေးခေါ်ထားခြင်း မရှိပါက ဆွမ်ဧကရာဇ်ကို မကျေနပ်စေရုံသာမက နန်းတွင်းရှိ ဝန်ကြီးများနှင့် စစ်သူကြီးများကိုပါ မကျေနပ်စေနိုင်ပေ။
...
ခဏစဉ်းစားပြီးနောက် လင်ကောင်းယွမ်က နောက်ဆုံးတွင် ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားဟာ ပြည်သူများကို စိတ်ဆင်းရဲစေခဲ့ပြီး သူတို့၏ ရှင်သန်မှုကို လျစ်လျူရှုခဲ့ပါတယ်။ သူ့ကို အပြစ်ပေးသင့်ပါတယ်။ ဒါပေမဲ့...”
“ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်ကြားက စစ်ပွဲဟာ မပြီးဆုံးသေးပါဘူး။ အကယ်၍ ဒီအချိန်မှာ နယ်စားမင်းသားဘွဲ့ကို ပယ်ဖျက်ပါက မြောက်ပိုင်းနယ်စားမင်းသားကို ပုန်ကန်မှုသို့ ဦးတည်စေနိုင်ပါတယ်။”
“မြောက်ပိုင်းမြို့တော်ရဲ့ သံချပ်ကာ မြင်းတပ်ပျက်စီးသွားပြီဟု ကြားသိရသော်လည်း မြောက်ပိုင်းနယ်စားမင်းသားဟာ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကို ရင်ဆိုင်အနိုင်ယူဖို့ မြောက်ပိုင်းမြို့တော်ရဲ့ စစ်သည်တွေကို ကွပ်ကဲနိုင်ခဲ့တာကို မမေ့သင့်ပါဘူး။ ထိုအချက်က မြောက်ပိုင်းမြို့တော်ဟာ စစ်ရေးစွမ်းရည် ကောင်းမွန်ကြောင်း ပြသနေပါတယ်။”
“သံချပ်ကာ မြင်းတပ် မရှိတော့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားဟာ စစ်ရေးစွမ်းရည်ပြည့်ဝတဲ့ စစ်သည်များကို အလျင်အမြန်စုဆောင်းနိုင်ပါတယ်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသား ပုန်ကန်ပါက ရှနိုင်ငံတော်ဟာ နှစ်ဖက်ညှပ်တိုက်ခိုက်ခံရမည့် အခြေအနေသို့ ရောက်ရှိသွားမှာဖြစ်ပါတယ်။”
လင်ကောင်းယွမ်က စကားပြီးဆုံးအောင် ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း ဆွမ်ဧကရာဇ်က ဖြတ်ပြောလိုက်သည်။
“လင်လူကြီးမင်းရဲ့ စကားတွေဟာ အလွန်အဓိပ္ပာယ်ရှိပါတယ်။ စစ်မျက်နှာမှာ တိုက်ပွဲတွေ မပြီးဆုံးမီ နယ်စားမင်းသားဘွဲ့ကို ပယ်ဖျက်ခြင်းက မသင့်တော်ဘူး။”
“ဒါပေမဲ့ ဒီပြစ်မှုကို အပြစ်မပေးပဲ ထားလို့မရနိုင်ဘူး။ ရှနိုင်ငံတော်ရှိ ပြည်သူတွေအတွက် ရှင်းလင်းချက် ပေးရမှာဖြစ်တယ်။ ဒါ့ကြောင့် ထျန်းကောင်းမြို့ကို ကာကွယ်ဖို့ နန်းတွင်းမှ စေလွှတ်ထားတဲ့ စစ်သည်များအားလုံးကို ပြန်ခေါ်လိုက်ပါ။”
“ဒီနေ့ကစပြီး နန်းတွင်းက မြောက်ပိုင်းမြို့တော်ကို ဘာအကူအညီမှ ပေးမှာမဟုတ်တော့ဘူး။ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ တောင်ဘက်ကို တိုက်ခိုက်လာခဲ့ရင်လည်း မြောက်ပိုင်းမြို့တော်ဟာ သူတို့ရဲ့ တိုက်ခိုက်မှုကို သူ့တို့ဘာသာသူတို့ ကာကွယ်ရမယ်။”
ဆွမ်ဧကရာဇ်၏ စကားများကို ကြားလိုက်ရသောအခါ ကျောင်းဝမ်ဟန်သည် နဖူးတွန့်လိုက်သည်။ ဒါကဘယ်လို အပြစ်ပေးမှုမျိုးလဲ။ ထိုအပြစ်ပေးမှုက မြောက်ပိုင်းနယ်စားမင်းသားအတွက် ဘာမှမထိခိုက်နိုင်ဟုထင်ရသည်။
သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် စစ်ပွဲကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့် အချိန်ကို အကောင်းဆုံး ရွေးချယ်ခဲ့သည်။ စစ်ရေးအခြေအနေကို ထည့်သွင်းစဉ်းစားပါက နန်းတွင်းသည် နယ်စားတစ်ဦး၏ ရာထူးကို စိတ်ကူးရှိတိုင်း ပယ်ဖျက်နိုင်မည် မဟုတ်ပေ။
အကယ်၍ မြောက်ပိုင်းနယ်စားမင်းသား ပုန်ကန်ပါက မြောက်ပိုင်းနယ်စားမင်းသားဘွဲ့ကို ပယ်ဖျက်ရန် ပထမဆုံး အဆိုပြုခဲ့သူသာ အပြစ်တင်ခံရမည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က ပြောလိုက်သည်။
“ကောင်းပြီ။ ချစ်ခင်ရပါသော ဝန်ကြီးများ ကျေးဇူးပြုပြီး ထကြပါ။ ခင်ဗျားတို့ စိုးရိမ်နေတာကို ကျုပ်နားလည်ပါတယ်။”
“ဒါပေမဲ့ ခင်ဗျားတို့ စိတ်ချနိုင်ပါတယ်။ မြောက်ပိုင်းမြို့တော်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးဟာ ကျုပ်နဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိဘူး။ ချန်းက သူ့ဘာသာသူ ပြဿနာဖန်တီးခဲ့ခြင်းသာ ဖြစ်တယ်။ ကျုပ်က နိုင်ငံတစ်ဝှမ်းက မြေယာတွေကို ပြန်လည်သိမ်းယူဖို့ ဥပဒေပြုမှာ မဟုတ်ပါဘူး။”
“ရှနိုင်ငံတော်ကို ဆွမ်ဘိုးဘေးတွေက တည်ထောင်ခဲ့ပြီး တရားဝင် အားဖြင့်တော့ မြေယာအားလုံးဟာ ဆွမ်မင်းဆက်က ပိုင်ဆိုင်တယ်။ မြေယာတွေဟာ ကျုပ်ရဲ့ပိုင်ဆိုင်မှုဖြစ်ပေမဲ့ ကျုပ်က အဲ့ဒီမြေယာတွေကို ပေးအပ်ခဲ့ပြီးဖြစ်တယ်။ ဒါ့ကြောင့် မြေယာတွေကို ကျုပ်က ပြန်လည်သိမ်းယူမှာမဟုတ်ပါဘူး။”
ဆွမ်ဧကရာဇ်၏ စကားများကို ကြားလိုက်ရသောအခါ တစ်ခုခု မှားယွင်းနေသည်ဟု နန်းတွင်းရှိ ဝန်ကြီးများ ခံစားလိုက်ရသည်။ ဆွမ်ဧကရာဇ်က ရှနိုင်ငံတော်သည် သူ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း သူတို့ကို သတိပေးနေသည်ဟု ထင်ရသည်။
ဆက်လက်၍ ဒူးထောက်နေခြင်းက အကျိုးမရှိဟု ကျောင်းဝမ်ဟန် ခံစားရပြီးနောက် ထလိုက်သည်။ ကျောင်းဝမ်ဟန် ထပြီးနောက် နန်းတွင်းရှိ အခြားအရာရှိများလည်း ထလာကြသည်။
ထိုအချိန်တွင် ကျောင်းဝမ်ဟန်က ပြောလိုက်သည်။
“ဝန်ကြီးချုပ်လင်နှင့် မင်းကြီးပြောတာတွေက မှန်ကန်ပါတယ်။ ဒီအချိန်မှာ နယ်စားတစ်ဦးရဲ့ ရာထူးကို ပယ်ဖျက်ခြင်းကြောင့် ရှနိုင်ငံတော်အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို မစဉ်းစားမိခဲ့တာက ကျွန်တော်၏ မဆင်ခြင်မှု ဖြစ်ပါတယ်။”
ကျောင်းဝမ်ဟန် ဆက်လက်တောင်းဆိုမှု မပြုသည်ကို မြင်သောအခါ နန်းတွင်းရှိ အရာရှိအများစုလည်း မသက်မသာ ဖြစ်သွားကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျောင်းဝမ်ဟန်အပေါ် မကျေနပ်သောကြောင့် မဟုတ်ပဲ မြောက်ပိုင်းနယ်စားမင်းသားကို ဤသို့ အပြစ်လွတ်သွားခွင့် ပေးရသည်ကို မကျေမချမ်းဖြစ်သောကြောင့် ဖြစ်သည်။
အကယ်၍ နိုင်ငံကြီး နှစ်နိုင်ငံကြား စစ်ပွဲ မဖြစ်ပွားခဲ့ပါက မြောက်ပိုင်းနယ်စားမင်းသား၏ လုပ်ရပ်များသည် ပြင်းထန်သော အပြစ်ဒဏ်နှင့် ကြုံတွေ့ရမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အတွေးအခေါ်များသည် နန်းတွင်းဝန်ကြီးများအတွက် လက်ခံနိုင်စရာ မဟုတ်သောကြောင့် ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ လုပ်ရပ်များက ဆွမ်ဧကရာဇ်က လှုံ့ဆော်ခဲ့တာ ဖြစ်နေရင်တောင် လက်ခံနိုင်စရာ မဟုတ်ပေ။
ထိုအချိန်တွင် အနီရောင် ဖဲကြိုးတပ် သတင်းပို့သူတစ်ဦး၏ အသံကို ခန်းမအပြင်မှ ကြားလာရသည်။
“ဆီဝူခရိုင်မှ အရေးပေါ်သတင်း။ ဝူနိုင်ငံတော်ဟာ စစ်သားတစ်သန်းကို စုစည်းကာ အပြည့်အဝ ထိုးစစ်လာပါပြီ။”
အနီရောင် ဖဲကြိုးတပ် သတင်းပို့သူ၏ စကားကို ကြားလိုက်ရသောအခါ ဝန်ကြီးများသည် စစ်မျက်နှာရှိ တိုက်ပွဲများအကြောာင်းကို အာရုံပြန်စိုက်ရတော့သည်။ ဝူနိုင်ငံတော်၏ တိုက်ခိုက်မှုကို မည်သို့ကိုင်တွယ်ရမည်ကို စတင် ဆွေးနွေးလာကြသည်။
ထိုအချိန်တွင် စစ်ရေးဝန်ကြီး ချူးချင်ဝူက ရှေ့သို့တက်လာကာ ပြောလိုက်သည်။
“မင်းကြီး။ ကျွန်တော်တို့ဟာ ဝူနိုင်ငံတော်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ သံတမန်များ စေလွှတ်ခဲ့ပြီးပေမဲ့ ဝူနိုင်ငံတော်ဘက်ကတော့ ဆီဝူခရိုင်ကို တိုက်ခိုက်ဖို့ စစ်သားအမြောက်အမြား ဆက်လက်ပို့ဆောင်နေပါတယ်။ ဒီအချက်က ဝူနိုင်ငံတော်ရဲ့ အမြင်မှာရှနိုင်ငံတော်ရဲ့ အင်အားက သိသိသာသာ အားနည်းလာပြီလို့ သက်သေပြနေပါတယ်။ ဒါကြောင့်လည်း ရှနိုင်ငံတော်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ စဉ်းစားနေတယ်လို့ သူတိုဘက်က ထင်နေနိုင်ပါတယ်။”
“ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ဝူနိုင်ငံတော်ရဲ့ တိုက်ခိုက်မှုကို ပြန်လည်တွန်းလှန်ပြီး အတိုင်းအတာ တစ်ခုအထိ ပြန်လည်ထိုးစစ်ဆင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါမှသာ ဝူနိုင်ငံတော်ကို ခြောက်လှန့်နိုင်ပြီး ရှနိုင်ငံတော်ဟာ အားနည်းခြင်းမရှိကြောင်း သိစေနိုင်မှာဖြစ်ပါတယ်။”
“စစ်မျက်နှာပြင်က စစ်သားများရဲ့ စိတ်ဓာတ်ကို မြှင့်တင်ဖို့အတွက် မင်းသားလုရှုယွမ်အား စစ်တပ်သုံးတပ်ကို ဦးဆောင်စေပြီး ဝူနိုင်ငံတော်ကို ပြန်လည်ထိုးစစ်ဆင်ရန် အဆိုပြုလိုပါတယ်။”
ချူးချင်ဝူ၏ စကားကို ကြားလိုက်ရသောအခါ ဆွမ်ဧကရာဇ်၏ မျက်ခုံးများအနည်းငယ် ကွေးသွားသည်။
တောင်ပိုင်းမှ အာဏာရှိမိသားစုများ၏ ရည်ရွယ်ချက်ကို သူ နီးနီးစပ်စပ် မှန်းဆနိုင်ပြီဖြစ်သည်။ မင်းသားလုရှုယွမ်အား စစ်မူထမ်း ဂုဏ်ဆောင်စေခြင်းဖြင့် အိမ်ရှေ့စံရာထူး ခံယူနိုင်မည့် အနေအထားကို ပြင်ဆင်ပေးလိုကြခြင်းဖြစ်သည်။
သို့သော် သူကလည်း အလျှော့ပေးညှိနှိုင်းရန် ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် သူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။ သို့သော် စစ်တက်သုံးတပ်ကို ကွပ်ကဲခွင့်ပေးရန်မှာမူ လုံးဝမဖြစ်နိုင်ပါ။
ဆွမ်ဧကရာဇ်က
“နံပါရှစ် မင်းသားဂာ စာပေနှင့် စစ်ရေးနှစ်ခုစလုံးမှာ ကျွမ်းကျင်ပေမဲ့ စစ်တပ်ကြီးတွေကို ကွပ်ကဲခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိသေးပါဘူး။ သူ့အနေနှင့် စစ်မျက်နှာပြင်ကို သွားရောက်ပြီး စစ်သားတွေကို အားပေးနိုင်ပေမဲ့ စစ်မျက်နှာရှေ့တန်းက တပ်မှူးတွေရဲ့ ဆုံးဖြတ်ချက်တွေကို စိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်ခွင့်တော့ မရှိရဘူး။”
ဆွမ်ဧကရာဇ် အမြင့်ဆုံးတန်ဖိုးထားသည်မှာ စစ်အာဏာဖြစ်သည်။ ထိုအာဏာကို အလွယ်တကူ လက်လွှတ်ရန် မဖြစ်နိုင်ပေ။ လုရှုယွမ်မင်းသားအား စစ်တပ်သုံးတပ်ကို ကွပ်ကဲခွင့်ပေးလိုက်၍ မရပါ။ ထိုစစ်အာဏာကို လွယ်လွယ်ကူကူ ပေးနိုင်သော်လည်း ပြန်လည်သိမ်းယူရန်က မလွယ်ကူ ဖြစ်သွားနိုင်၏။
ဆွမ်ဧကရာဇ်၏ စကားကို ကြားလိုက်ရသောအခါ လုရှုယွမ် ချက်ချင်းထရပ်လျက် ပြောလိုက်သည်။
“ ဒီအခွင့်အရေးကို ပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဖခင်မင်းကြီး။”
လုရှုယွမ်အား စစ်မျက်နှာသို့ သွားရောက်ခွင့်ပြုရန် ဆွမ်ဧကရာဇ်က လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို မြင်သောအခါ အခြားမင်းသားများ ချက်ချင်း မကျေမနပ်ဖြစ်သွားကြသည်။
လုရှုယွမ်အား စစ်မျက်နှာသို့ သွားခွင့်ပြုပါက သူတို့လည်း သွားခွင့်ရှိသည်။ ထို့ကြောင့် အခြားမင်းသားများလည်း တစ်ယောက်ပြီး တစ်ယောက် ထရပ်လျက် ဝူနိုင်ငံတော်နှင့် တိုက်ခိုက်ရန်အတွက် စစ်မျက်နှာသို့ သွားခွင့်ပြုရန် ဆွမ်ဧကရာဇ်အား တောင်းဆိုကြ တော့သည်။
သို့သော် ဆွမ်ဧကရာဇ်က သဘောမတူနိုင်ပေ။ စစ်ပွဲက ပြီးဆုံးတော့မည်ဖြစ်ပြီး အခြားမင်းသားများအား စစ်မျက်နှာသို့ သွားခွင့်ပြုပါက ပြဿနာများ ဖြစ်လာနိုင်သည်ဟု သူထင်သည်။
ဆွမ်ဧကရာဇ်သည် လုရှုယွမ်မင်းသားအား အခွင့်အရေးပေးခြင်းဖြင့် တောင်ပိုင်းအာဏာရှိမိသားစုများအား သူ၏စိတ်သဘောထားကို ပြသလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အခြားမင်းသားများအား စစ်မျက်နှာသို့ သွားခွင့်ပြုမည် မဟုတ်ပါ။
နန်းတွင်းတွင် နောက်ပိုင်းဖြစ်လာမည်မှာ အုပ်စုအသီးသီးကြား အာဏာရယူရေး ပြိုင်ဆိုင်မှုများဖြစ်သည်။ မူလက ယနေ့ ဆွေးနွေးမှုသည် မြောက်ပိုင်းနယ်စားမင်းသားအား ဒုက္ခပေးရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါတွင် ဝန်ကြီးအားလုံးသည် စစ်မျက်နှာဆီသို့ အာရုံစိုက်လာကြသည်။
ဒါက လုချန်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။ မြောက်ပိုင်းမြို့တော်တွင် သူပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲရေးများကို နန်းတွင်းဝန်ကြီးများ သိရှိသွားလျှင်တောင် ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် နန်းတွင်းသည် သူ့အား ဒုက္ခပေးရန် အာရုံစိုက်နိုင်မည် မဟုတ်ပေ။
ထို့ပြင် နန်းတွင်းသည် ဤအချိန်တွင် မင်းသားတစ်ပါးနှင့် ပြဿနာဖြစ်ရန် ဝန်လေးမည်ဖြစ်သည်။ ပြင်ပရန်ကို မနှိမ်နင်းနိုင်ခင် အတွင်းရေးပြဿနာများ ဖြစ်ပွားပါက ရှနိုင်ငံတော်အတွက် ပို၍ပင် အန္တရာယ်ရှိလာနိုင်သည်။
သို့သော် ထိုကိစ္စက နန်းတွင်းဝန်ကြီးများကို စိတ်မသက်မသာ ဖြစ်စေသည်။ ယခု သူတို့အနေနှင့် မြောက်ပိုင်းနယ်စားမင်းသားအား ဒုက္ခပေးနိုင်ခြင်း မရှိသလို တားဆီးနိုင်ခြင်းလည်း မရှိကြပေ။ မြောက်ပိုင်းမြို့တော်တွင် သူ လွတ်လပ်စွာ လုပ်ကိုင်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဒါက လုံးဝမဖြစ်သင့်ချေ။
မြောက်ပိုင်းမြို့တော်ရှိ မြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို မြောက်ပိုင်းနယ်စားမင်းသားက ပွင့်ပွင့်လင်းလင်း ချမှတ်ထားပြီ ဖြစ်သည့်အတွက် ထိုပြဿနာကို ဖြေရှင်းရန် မြောက်ပိုင်းနယ်စားမင်းသားအား ဖယ်ရှားရန်သာ ရှိတော့သည်။ ဤနည်းဖြင့်သာ မြောက်ပိုင်းမြို့တော်ရှိ ပြုပြင်ပြောင်းလဲရေးများသည်လည်း သူ့အလိုလို ရပ်တန့်သွားမည်ဖြစ်သည်။
ထိုအတောအတွင်း။
လက်နက်ရောင်းဝယ်ရေး ဆိုင်တစ်ခုတွင် ဝမ်ယုံသည် သက်လတ်ပိုင်း လူတစ်ဦးနှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေသည်။
ထိုလူ၏ ခန္ဓာကိုယ်တွင် ကြံ့ခိုင်သော ကြွက်သားများဖြင့် ဖုံးလွှမ်းနေပြီး မျက်နှာပေါ်တွင် ဓားဒဏ်ရာကြောင့် ရရှိခဲ့သော ရှည်လျားသော အမာရွတ်တစ်ခု ရှိနေသည်။ သူ၏ပုံသဏ္ဍန်က ကြောက်စရာကောင်းပြီး သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားသည်။
ဝမ်ယုံ၏ စကားကို နားထောင်ပြီးနောက် ထိုလူက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဝမ်ညီအစ်ကို။ ခင်ဗျားသာ ကျုပ်တို့ဆီကို စောစောက လာခဲ့ရင် မြောက်ပိုင်းက ဒီအန္တရယ်က ဒီလောက်ထိ ကြီးလာမှာ မဟုတ်ဘူး။”
“ သွေးလဝန်းရဲတိုက်ကလူတွေက တကယ့်ကို အရည်အချင်း မရှိတာပဲ။ မြောက်ပိုင်းနယ်စားမင်းသားလက်ထဲမှာ ရှုံးနိမ့်သွားတယ်ဆိုတာ မယုံနိုင်စရာပဲ။”
ဝမ်ယုံက ပြုံးရယ်လျက် ပြောလိုက်သည်။
“ဆုတန်ဆရာကြီး။ ခင်ဗျားပြောတာ အမှန်ပဲ။ အခု ဒီကိစ္စကို ဝိညဉ်ရဲတိုက်လက်ထဲ စိတ်ချလက်ချ အပ်ပါမယ်။ အောင်မြင်ရင် ငွေငါးသန်းပေးမယ်။”
ဆုတန်က ယုံကြည်ချက် ပြည့်ဝစွာဖြင့် ပြောလိုက်သည်။
“စိတ်ချလက်ချသာနေပါ ဝမ်ညီအစ်ကို။ မြောက်ပိုင်းနယ်စားမင်းသား ရုတ်တရက် သေဆုံးသွားတဲ့သတင်းကို မကြာခင်မှာ ကြားရတော့မှာပါ။”
“နန်းတွင်းက အဲ့ဒီလူတစ်ယောက်ကလွဲလို့
ဝိညဉ်ရဲတိုက်က သတ်ချင်တဲ့သူကို ဘယ်သူမှ ကာကွယ်ပေးလို့ မရဘူး။ ထိပ်သီးပညာရှင်တစ်ယောက်တောင် မရဘူး။”
ဆုတန်၏ ယုံကြည်မှုကို မြင်သောအခါ ဝမ်ယုံ စိတ်သက်သာရာရသွားသည်။
ဝိညဉ်ရဲတိုက်သည် ကြေးစား လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခု မဟုတ်သော်လည်း သူတို့၏ မကောင်းမှု လုပ်ရပ်များသည် သွေးလဝန်းရဲတိုက်ကဲ့သို့ ကြေးစား လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များထက် မနည်းပါ။
အရေးအကြီးဆုံးအချက်မှာ ဝိညဉ်ရဲတိုက်သည် သွေးလဝန်းရဲတိုက်ကဲ့သို့ နာမည်ဆိုးဖြင့် မကျော်ကြားခြင်းဖြစ်သည်။
ဝိညဉ်ရဲတိုက်သည် အပေါ်ယံအားဖြင့် လက်နက်ရောင်းသည့် ဆိုင်တစ်ခုသာဖြစ်သော်လည်း တကယ်တော့ သူတို့တွင် ငွေရှာသည့် နည်းများစွာရှိပြီး လူသတ်ခြင်းလုပ်ငန်းများကိုပါ လုပ်ကိုင်ကြသည်။
.......