← Chapters

ကြားညပ်ခြင်း

Vol. 020 Ch. 1972

ကြားညပ်ခြင်း

Vol. 020 Ch. 1972

တုန်းရှောင်းကုန်းမြေတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ထိပ်တန်းမြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာပြီးနောက် ဆေးအင်ပါယာက ဤနေရာ၌ စတင် သင်ကြားပို့ချပေးခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း မရေတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များက ကျင့်ကြံရန် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ရောက်လာကြ၏။

ထိုအချိန်တွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ရှိ အဆောက်အဦးများထဲမှ တစ်ခုတွင် ရပ်နေသော ရန်ဟောင်များစွာ ရှိသည်။ သူတို့က မတူညီသည့် နေရာများ၌ ရပ်နေကြသည်။

သူတို့၏ မျက်လုံးများက ရှေ့တွင်ရှိနေသော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်းရှိ ကောင်းကင်နှင့်မြေပြင်ကို ဖုံးကွယ်ထားသည့် ဝင်္ကပါအစီအရင်ကို မမှိတ်မသုန် ကြည့်နေကြသည်။ သူတို့က ဝင်္ကပါအစီအရင်အတွင်းမှ လေဟာနယ်လောကတွင် ဖြစ်ပျက်နေသမျှအရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ ရန်ဟောင်များက အစွမ်းထက် မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်ကာ အချိန်နှင့်အမျှ လေဟာနယ်ကမ္ဘာအား တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

"ဒီတစ်ခေါက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ လမ်းစဥ်ရှာဖွေဖို့ အစွမ်းထက်တန်ခိုးရှင် ဘယ်နှစ်ယောက်လောက် ရောက်လာကြမလဲ မသိဘူး။" ရန်ဟောင်တစ်ပါးက ပြုံးကာ ပြောလိုက်သည်။ သူက ပြောလိုက်ပြီး လက်ကို မြှောက်ကာ တိုက်ခိုက်လိုက်သည်။ ဝင်္ကပါအစီအရင်အတွင်းသို့ ကြီးမားသော စေတီတစ်ဆူကျဆင်းလာကာ သူနှင့်အဆင့်တူ ရန်ဟောင်တစ်ပါးကို တိုက်ခိုက်လိုက်သည်။

ထိုဝင်္ကပါအစီအရင်သည် လမ်းစဥ်ရှာဖွေသူများ၏ တိုက်ပွဲစွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်သည်။ သူတို့သည် အဆင့်တူသော လူများကို ရွေးချယ်ကာ စမ်းသပ်လိမ့်မည် ဖြစ်သည်။ သို့ပေမယ့် ဤသည်က တရားသေ သတ်မှတ်ချက် မဟုတ်ပေ။ သူတို့က အစွမ်းထက် တန်ခိုးရှင်များနှင့် ရင်ဆိုင်ကြုံတွေ့လျှင် သူတို့ ဆန္ဒရှိသရွေ့ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အစွမ်းထက်ဆုံးလူများက လမ်းစဥ်တိုက်ပွဲအတွင်း မည်သူက အားကောင်းပြီး မည်သူက သန်မာသည်ကို မြင်တွေ့နိုင်ကြပေသည်။

သူတို့သည် ဝင်္ကပါအစီအရင်အတွင်းကိုပင် ဝင်ရောက်တိုက်လိုက်နိုင်ကြသည်။ သို့သော်လည်း ပုံမှန်အားဖြင့် သူတို့ အလွန်အမင်းစိတ်ဝင်စားသူနှင့် တွေ့ဆုံခြင်းမရှိခဲ့လျှင် ထိုသို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

အရှေ့ဘက်ရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အောက်ဘက်လေဟာနယ်တွင် အမတအသွင်ရှိသည့် လူအိုကြီးတစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ ဘယ်ညာတွင် ရပ်နေသော အားကောင်းသန်မာသည့် လူတစ်စု ရှိနေသည်။ သူက အရှေ့သို့ ကြည့်ကာ ပြောလိုက်သည်။ "သူတို့ ရောက်လာကြပြီ။"

လူအိုကြီးက အဝေးသို့ ကြည့်လိုက်သည်။ ဝင်္ကပါအစီအရင်အလွန် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အပြင်ဘက်တွင် အစွမ်းထက်သည့် လူတစ်စု ထွက်ပေါ်လာသည်။ သူတို့က ထိုလူများကို သိသည်။ သူတို့က မြောက်ပိုင်းမှ ရှေးဟောင်းတော်ဝင်မိသားစုဖြစ်သော ယန်ပြည်ထောင်မှ ဦးဆောင်လာသည့် အစွမ်းထက် လူများပင် ဖြစ်သည်။

"စိတ်မပူနဲ့။" အဖိုးအိုက တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့" သူ့ဘေးမှ လူများက ခေါင်းညိတ်လိုက်သည်။ သူတို့က မြောက်ပိုင်းမှ သန်မာသော လူများအား ခေါင်းဆောင်လာသည့် ယန်ပြည်ထောင် တော်ဝင်မိသားစုမှ လူများကို မြင်ချင်ပေသည်။

ယခု သူတို့က မည်သို့ ဖြစ်လာမည်ကို စောင့်ဆိုင်းကြည့်ရန် လိုအပ်ပေသည်။ မည်သို့ပင်ဖြစ်စေ ယန်ပြည်ထောင်၏ ရှေးဟောင်းတော်ဝင်မိသားစုက မည်သည်တို့ လုပ်ဆောင်နိုင်မည်နည်း။

ယန်ပြည်ထောင်မှ ရှေးဟောင်းတော်ဝင်မိသားစု၏ အရှင်သခင် မလာခဲ့လျှင် ဆေးအင်ပါယာရှိနေသည့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို မည်သူက သက်ရောက်စေနိုင်မည်နည်း။

ထို့ကြောင့် သူတို့က တစ်ဖက်လူရောက်လာသည်အား သိလျှင်ပင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က မည်သည့် လှုပ်ရှားမှုမှ မလုပ်ဘဲ သည်အတိုင်းသာ ခွင့်ပြုထားလိုက်သည်။

သူတို့က ဝင်္ကပါအစီအရင်အား ချိုးဖျက်ချင်လျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က စိတ်ထဲမထားပေ။ သူတို့သည် မြောက်ပိုင်းနယ်မြေမှ ရန်ဟောင်များ မည်မျှ အားကောင်းသန်မာသည်ကို ဤအခွင့်အရေးကို အသုံးပြုကာ မြင်တွေ့လိုပေသည်။

ဝင်္ကပါအစီအရင်နှင့် အပြင်ဘက်တွင် မတူညီသော ကမ္ဘာနှစ်ခု တည်ရှိနေသည်။ ထိုအချိန်တွင် လမ်းစဥ်တိုက်ခိုက်မှုများက ဝင်္ကပါအစီအရင်နောက်၌ အဆက်မပြတ် ဖြစ်ပေါ်လာပေသည်။ သန်မာအားကောင်းသော လူများက ကောင်းကင်၌ ပျံသန်းလာကာ ဝင်္ကပါအပြင်မှ တိုက်ခိုက်လာသည်။ ရန်ဟောင်များ အားလုံးက အကောင်းဆုံး ကြိုးစားလုပ်ဆောင်ကာ အနည်းငယ်မျှပင် သတိမလစ်ဟင်းသွားရဲပေ။ တိုက်ခိုက်မှုမှ ကျဆုံးသွားသည့် ရန်ဟောင်များက ဝင်္ကပါအတွင်းမှ ချက်ချင်း ထုတ်ပယ်ခံလိုက်ရပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် လမ်းစဥ်ရှာဖွေရန် ဝင်ရောက်ခွင့် ဆုံးရှုံးသွားတော့သည်။

သူတို့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သို့ ဝင်ခွင့်ရမရ အရေးမကြီးသော်လည်း ထိုသို့ ပစ်ထုတ်ခံရခြင်းမှာ သူတို့အတွက် စော်ကားခံရခြင်းသာ ဖြစ်လေသည်။

ရီဖူရှင်းက အနည်းငယ် ကံကောင်းပုံရလေသည်။ သူ ဝင်္ကပါအတွင်း ခြေချပြီးကတည်းက ဖိနှိပ်တိုက်ခိုက်ခံရခြင်း မရှိပေ။ သူ့အနီးရှိ လင်ချိုးနှင့် ရှားရှင်းယွန်တို့က ကွဲပြားခြားနားသော အဆင့်တို့ဖြင့် တိုက်ခိုက်ခံနေရသည်။ သူသည် ထိုလမ်းစဥ်တိုက်ခိုက်မှုများ၏ အင်အားက အထဲရှိ လူများ၏ အဆင့်နှင့် ကိုက်ညီနေသည်ကို တွေ့ရှိခဲ့သည်။ ဆိုလိုသည်မှာ တစ်ဖက်လူများက သူတို့၏ တိုက်ခိုက်မှုများကို ထိန်းချုပ်ထားပြီး အရမ်းကာရော လျှောက်တိုက်ခိုက်နေခြင်းမျိုး မဟုတ်ပေ။ သို့မဟုတ်ပါက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ထိပ်တန်းပုဂ္ဂိုလ်များသာ တိုက်ခိုက်လာလျှင် လူအများက မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

ရီဖူရှင်းက ပေါ့ပါးသော အမူအရာနှင့် ရှေ့သို့ ဆက်လျှောက်လာခဲ့ပြီးနောက် အစွမ်းထက် စွမ်းအားတစ်ခုက ရုတ်တရက် သူ့အား လွှမ်းခြုံလာသည်။ နောက်တခဏတွင် အလွန် တောက်ပသော နတ်အလင်းဓားသွားက ကောင်းကင်မှ ကျဆင်းလာခဲ့၏။ ၎င်းသည် လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်လာပြီး လေဟာနယ်အတွင်း အလင်းတန်းတစ်ခု ကျန်ရစ်ခဲ့သည်။ ခေါင်းထိပ်မှ ခြေဖျားအထိ အလင်းဓားများက ရီဖူရှင်းအား ဝါးမြိုသွားလေသည်။

ယခင်က ထိုတိုက်ခိုက်မှုသည် အဆင့်လေးရန်ဟောင်၏ ခွန်အား ရှိသော်လည်း ယခု ထိုတိုက်ခိုက်မှုက အဆင့်လေးရန်ဟောင် ခွန်အားထက် ပိုမို အားကောင်းလာသည်။

ရီဖူရှင်းက မော့ကြည့်လိုက်ပြီး ကျဆင်းလာသည့် အလင်းတန်းများကို မော့ကြည့်လိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများက ကြယ်များကဲ့သို့ တောက်ပနေပြီး အလွန်တည်ငြိမ်နေ၏။ ထိုသူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်ပင် တူညီသော အဆင့်မှ တန်ခိုးရှင်တစ်ယောက်၏ စိန်ခေါ်မှုက သူ့အား မခြိမ်းခြောက်နိုင်ပေ။

ဘုန်း...

ရီဖူရှင်းက နေရာ၌ မလှုပ်မယှက် ရပ်နေခဲ့သည်။ အလင်းနတ်ဓားတစ်စင်းက သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာပြီး စွမ်းအင်စီးကြောင်းနှင့် ဆန့်ကျင်၍ အထက်သို့ ထိုးတက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်ကိုပင် ထက်ခြမ်းခွဲပစ်တော့မည် မဟာလမ်းစဥ်နတ်ဓားတစ်လက်ကဲ့သို့ အလွန် ထက်ရှလာခဲ့ပေသည်။

အလင်းဓားက ထိုးထွက်လာပြီး သူ့ထံသို့ တိုးဝင်လာနေသော အလင်းဓားအား စုတ်ဖြဲဖျက်ဆီးလိုက်သည်။ လမ်းစဥ်စွမ်းအား ပျက်စီးသွားပြီးနောက် သူ့ထံ ပြေးလာနေသည့် နတ်ဓားက ချက်ချင်း အားပျော့သွားတော့သည်။ ကျန်ရှိနေသေးသည့် အလင်းဓားမှာ ရီဖူရှင်းခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် အလင်းဓားသာ ဖြစ်ပေသည်။

သူက ခြေလှမ်းလိုက်ပြီး ရှေ့သို့ ဆက်လျှောက်လာ၏။ ထိုအလင်းဓားက သူ့အား နည်းနည်းလေးမှ မဟန့်တားနိုင်သကဲ့သို့ပင်။

သို့သော်လည်း သူ ခြေလှမ်းလိုက်သည့်အခါ ရုတ်တရက် ကောင်းကင်တွင် ခမ်းနားထည်ဝါသော ဓားစွမ်းရည်များ ပေါက်ကွဲထွက်လာပေသည်။ သူက ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ မရေတွက်နိုင်သော နတ်ဓားများက ကောင်းကင်ထက်မှ ကျဆင်းလာပြီး ကောင်းထက်တွင် ဆူညံသံများ ထွက်ပေါ်လာ၏။ လင်းလက်နေသော အလင်းနတ်ဓားများက ကျဆင်းလာပြီး သူ ရှိနေသည့် နေရာကို အားကောင်းလှသော ဓားစွမ်းရည်လေဟာနယ်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

သိသာစွာပင် သူ့အား ဝင်္ကပါအပြင်ဘက်မှ တိုက်ခိုက်နေသော ရန်ဟောင်သည် သူ၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကို လွယ်ကူစွာ ချိုးဖျက်နိုင်သည့်အတွက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်းမှ ထိုလူက အနည်းငယ် ရှက်ရွံ့သွားခြင်း ဖြစ်ပေလိမ့်မည်။

ဤတစ်ကြိမ်၌ ဓားစွမ်းရည် အရှိန်အဝါက သိသာစွာ ပို၍ အစွမ်းထက်လာပေသည်။

ဘုန်း..

ဓားအလင်းများက အောက်သို့ ကျဆင်းလာပြီး လေဟာနယ်ထဲရှိ မရေတွက်နိုင်သော နတ်ဓားများက အလင်းဓားစွမ်းရည်မြစ်တစ်စင်းကဲ့သို့ ပြောင်းလဲသွားကာ ကောင်းကင်မှ ကျဆင်းလာပေသည်။ ဓားတစ်လက်ချင်းစီက အလင်းတန်းများကဲ့သို့ ပြောင်းလဲသွားသည်။ နတ်ဓားများက တစ်ချိန်တည်း တိုက်ခိုက်လာခဲ့ပြီး ကြောက်မက်ဖွယ် ဓားဝင်္ကပါအဖြစ် ပြောင်းလဲသွားကာ ဓားပျံမိုးကဲ့သို့ ကျဆင်းလာပေသည်။ ထိုအချိန်တွင် ရီဖူရှင်း၏ ကမ္ဘာသည် အလင်းဓားပျံများဖြင့်သာ ဖုံးအုပ်လွှမ်းခြုံခံလိုက်ရပေသည်။

ဓားများက မိုးရွာသကဲ့သို့ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းမိုးသွားလေသည်။

ရီဖူရှင်း အဖြူရောင်ဝတ်စုံက တဖျတ်ဖျတ်လွင့်နေပြီး သူ့ငွေရောင်ဆံပင်များကလည်း လေထဲတွင် ပျံသန်းနေသည်။ သူသည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်က အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။ ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းရည် အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပေသည်။ အနန္တဓားစွမ်းအားများနှင့် ထောင်သောင်းချီသော ဓားများက သူ့အနီးတွင် မွေးဖွားလာပြီး ဓားအသံများက ပဲ့တင်ထပ်နေသည်။ ယင်းတို့သည် သူ့ခန္ဓာကိုယ် အနီး လှည့်ပတ်နေကာ ကြောက်မက်ဖွယ် ဓားချီမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်၏။

ကျဆင်းလာသည့် ဓားမိုးများက သူ့အနီးရှိ ဓားချီမုန်တိုင်းအတွင်း တိုက်ရိုက်ဝင်ရောက်သွားကာ ဓားမုန်တိုင်း၏ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရပြီး ၎င်းစွမ်းအားမုန်တိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကာ သူ့ကိုယ်ပိုင်ဓားအဖြစ်သို့ ပြောင်းလဲသွားလေသည်။

မုန်တိုင်းက ပိုမိုအားကောင်းလာပြီး ကြောက်မက်ဖွယ် မုန်တိုင်းသည် မွန်းကြပ်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားနှင့်အတူ လေဟာနယ်ကို ဖုံးလွှမ်းထားခဲ့သည်။ လူအများက ရီဖူရှင်း ရှိနေရာသို့ လှမ်းကြည့်လိုက်ကြပြီး ဝင်္ကပါအစီအရင်အပြင်ဘက်မှ လူများသည်လည်း အထဲရှိ ထိုမြင်ကွင်းကို မြင်တွေ့နိုင်ကြပေသည်။ သူတို့သည် ရီဖူရှင်း၏ ခွန်အားက အမှန်တကယ် သန်မာကြောင်း တိတ်တဆိတ်တွေးလိုက်ကြသည်။ သူက ထိုမျှ မောက်မာနေသည်မှာ အံ့သြစရာမရှိတော့ပေ။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွင်း ကျင့်ကြံနေသော အစွမ်းထက် ဓားသမားများက သူတို့၏ အဖျက်ဓားစွမ်းအားများကို ထုတ်လွှတ်လိုက်သော်လည်း ထို ဓားစွမ်းအားများမှာ ချက်ချင်း ဓားချီမုန်တိုင်းအတွင်း စုပ်ယူခံလိုက်ရကာ သူ့ပြိုင်ဘက်၏ ဓားစွမ်းအားများက ရီဖူရှင်း၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

ဆိုလိုသည်မှာ ရီဖူရှင်း၏ ဓားစွမ်းရည်က သူ့ပြိုင်ဘက်အောက် အားမနည်းဟုပင် ဖြစ်သည်။ သို့သော် သူ့ပြိုင်ဘက်သည် လေဟာနယ်ကို ဖျက်ကာ ဝင်္ကပါအစီအရင်အတွင်း တိုက်ခိုက်နေရသည့်အတွက် ရီဖူရှင်းက အမှန်တကယ် သန်မာသည်လား ပြောရန် သိပ်မဖြစ်နိုင်ပေ။ သို့ဆိုလျှင်ပင် ဝင်္ကပါအစီအရင်အတွင်း ဝင်ရောက်လာသူများမှာ ခုခံကာကွယ်ခြင်းကိုသာ အသားပေးကြရပြီး ရီဖူရှင်းကဲ့သို့ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖိနှိပ်နိုင်သူက အနည်းငယ်သာ ရှိပေသည်။

ဝင်္ကပါအစီအရင်အပြင်ဘက်တွင် ဓားစွမ်းအားအသုံးပြုသော ရန်ဟောင်တစ်ပါး၏ အကြည့်က လေဟာနယ်ကို ထိုးဖောက်ကာ ဝင်္ကပါအစီအရင်အတွင်းရှိ ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းက မော့ကြည့်လို့သောအခါ ထိုအကြည့်သည် သူ့အား ထင်ယောင်ထင်မှားဖြစ်လာစေသည်။ တစ်စုံတစ်ယောက်က ဝင်္ကပါအစီအရင်အား ဖြတ်ကာ သူ့ကို ကြည့်နေသကဲ့သို့ပင်။ ထိုမျက်လုံးများတွင် အလွန်အားကောင်းသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များရှိနေပြီး သူတို့၏ တိုက်ခိုက်မှုကို မည်သည့်အခါမှ အလေးအနက် မမှတ်ယူခဲ့သလို ထင်ဟပ်နေပေသည်။

ထိုရန်ဟောင်၏ ခန္ဓာကိုယ်ကို ဓားစွမ်းအားများ လှည့်ပတ်နေသည်။ သူက ခြေလှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပေသည်။

"နေဦး။" တစ်စုံတစ်ယောက်က ဟန့်တားကာ ပြောလိုက်၏။ "မင်းက ဝင်္ကပါအစီအရင်ထဲ ဒီလောက်မြန်မြန် ဝင်တော့မလို့လား။"

"ဒီလူက အရမ်းအားကောင်းလွန်းတယ်။ ကျုပ် သူနဲ့ သွားတိုက်မလို့။" ရန်ဟောင်ဓားသမားက ပြောလိုက်သည်။

"စိတ်ဝင်စားစရာပဲ။ တစ်စုံတစ်ယောက်က မင်းကို သည်းမခံနိုင်ဘဲ ဝင်္ကပါအစီအရင်ထဲကို ဒီလောက်မြန်မြန် ဝင်အောင် လုပ်နိုင်တယ်။" ရန်ဟောင်တစ်ပါးက ပြုံးကာ မှတ်ချက်ချလိုက်သည်။ "မင်းရဲ့ ဓားက သိပ်ကောင်းပုံမရဘူးပဲ။"

ရန်ဟောင်ဓားသမားက ခေါင်းကိုမော့ကာ ထက်ရှသော အကြည့်များနှင့် ထိုအပေါင်းအဖော်ကို ကြည့်လိုက်သည်။ သူက ပြုံးကာ ပြန်ဖြေလိုက်၏။ "ဘာလို့ ကြိုးစားမကြည့်တာလဲ။"

"ကောင်းပြီ။" သူက ဝင်္ကပါအစီအရင်အတွင်းမှ ရီဖူရှင်းကို ကြည့်လိုက်သည်။ ဓားသမားတစ်ယောက်တဲ့လား။

မဟာလမ်းစဥ်နတ်ဝင်ရိုးအလင်းက သူ့ခန္ဓာကိုယ်ပေါ် တောက်ပလာသည်။ တုနှိုင်းမဲ့ မြင့်မားသော စစ်နတ်ဘုရားတစ်ပါး၏ ပုံရိပ်က သူ့လက်ကို မြှောက်ကာ အောက်ဘက်သို့ တစ်ရှိန်ထိုးကျဆင်းလာခဲ့ပေသည်။ တခဏအတွင်း ကြီးမားလှသည့် လက်ကြီးတစ်ဖက်က ဝင်္ကပါအစီအရင်အတွင်း ထိုးဆင်းသွားကာ ၎င်း၏ ထက်တွင် 'ဖိနှိပ်ခြင်း' သူသော စာလုံးတစ်လုံး ဖြစ်တည်လာ၏။

ထိုစာလုံးဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ရီဖူရှင်းအနီးမှ ဓားမုန်တိုင်းက ရပ်တန့်သွားခဲ့သည်။ ကြီးမားသော စာလုံးက အောက်ဘက်သို့ ကျဆင်းလာကာ ထိုဝန်းကျင်ရှိ လမ်းစဥ်စွမ်းအားကို ဖိနှိပ်လိုက်သည်။ ထိုနေရာတွင် ရှိနေသော သူအပြင် အထဲ၌ ရှိနေသော စွမ်းအားများအားလုံး ဖိနှိပ်ခံလိုက်ရပေသည်။ ထိုလေဟာနယ်က ပို၍ လေးလံလာသည်။

ဘုန်း....

ထိုစာလုံးသင်္ကေတက ရီဖူရှင်း၏ ခန္ဓာကိုယ်ဆီ ဆင်းသက်လာပြီး ဓားစွမ်းအား အရှိန်အဝါတို့အား ဖိနှိပ်ကာ အားနည်းသွားစေသည်။

ရီဖူရှင်းအနီးမှ ဓားစွမ်းအားများက မဟာလမ်းစဥ်အရှိန်အဝါကြောင့် ဖိနှိပ်ခံလိုက်ရသည်။ သူက သင်္ကေတစာလုံးကို ကြည့်လိုက်ပြီးနောက် လက်ကို မြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။

ချက်ချင်းပင် ဓားမုန်တိုင်းက ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထောင်သောင်းချီသော ဓားများက အော်မြည်နေပြီး ဓားတစ်လက်တည်းအဖြစ် ပြောင်းလဲသွားကာ အထက်သို့ ထိုးတက်သွားသည်။ ဓားတစ်လက် မွေးဖွားလာပြီးနောက် ထောင်သောင်းချီသော လမ်းစဥ်စွမ်းအားများ ဖျက်ဆီးခံလိုက်ရလေသည်။

ဘန်း...

ကျယ်လောင်သော အသံနှင့်အတူ သင်္ကေတစာလုံးက ဓားအောက်၌ ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ နတ်ဓားအလင်းက ဝင်္ကပါအထက်သို့ ထိုးတက်သွားပြီး ဝင်္ကပါအပြင်ဘက်မှ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ရန်ဟောင်ထံ တိုက်ရိုက် ပြေးဝင်သွားလေသည်။ သို့သော် ထိုဝင်္ကပါအစီအရင်က ထိုးဖောက်၍မရနိုင်သောကြောင့် သူ့ဓားက အပြင်သို့မထွက်နိုင်ပေ။

"ဘယ်လောက်ရဲတင်းလိုက်သလဲ။" အပြင်ဘက်မှ ရန်ဟောင်ဓားသမားက ရီဖူရှင်း၏ မျက်လုံးများနှင့် ဓားကို ကြည့်လိုက်သည်။ သူက ပြုံး၍ တိုက်ခိုက်ခံလိုက်ရသော ရန်ဟောင်ကို ကြည့်ကာ ပြောလိုက်သည်။ "ဘယ်လိုလဲ။ မင်းရဲ့ တိုက်ခိုက်မှုကလည်း ကြည့်ရတာ သိပ်မကောင်းပါဘူးကွာ။"

ထိုရန်ဟောင်က ဝင်္ကပါအတွင်းရှိ ရီဖူရှင်းကို ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။ သည်လူက တကယ့်ကို မရိုးရှင်းပေ။ သူက သူတို့၏ လမ်းစဥ်တိုက်ခိုက်မှုကို တိုက်ရိုက်ချိုးဖျက်နိုင်စွမ်း ရှိပြီး ဝင်္ကပါအစီအရင်အား ဖြတ်၍ သူ့အား ရှုံးနိမ့်အောင် လုပ်ရန်မှာ အနည်းငယ် ခက်ခဲနိုင်ပေသည်။ သူတို့က ဝင်္ကပါအစီအရင်အတွင်း ကိုယ်တိုင် ဝင်ရောက်မှ ရပေလိမ့်မည်။

***

All Chapters