← Chapters

အခန်း ၂၅၉-၂၆၁

Vol. 18 Ch. 259-261

အခန်း ၂၅၉-၂၆၁

Vol. 18 Ch. 259-261

အခန်း (၂၅၉ )

မုချန်တိန်၏ သတိပေးချက်

မြောက်ပိုင်းမြို့တော်မှ မြေပိုင်ဆိုင်မှုအခွင့်အရေးကို မြောက်ပိုင်းမင်းသားစံအိမ်သို့ ပြန်လည်ရယူပြီဆိုတဲ့ သတင်းက ရှနိုင်ငံတော်တစ်ဝှမ်း ပျံ့နှံ့သွားသည်နှင့် လုချန်းလည်း ရုတ်တရက် ရန်သူများစွာကို ရရှိသွားသည်။ အင်အားစုများနှင့် အဖွဲ့အစည်းများစွာက လှုပ်ရှားလာကြပြီး အချို့က လုချန်း၏ ဦးခေါင်းကို ဆုငွေကြေးအဖြစ် ချမှတ်ထားကြသည်။

လုချန်းသည် ဆွမ်ဧကရာဇ်၏ သားတော်ဖြစ်သော်လည်း သူ၏ဦးခေါင်းကို ဆုကြေးအဖြစ်သတ်မှတ် ရဲသူများ ရှိနေသည်။ ဤအရာက လုချန်း၏ မကြာသေးမီက လုပ်ရပ်များကို မည်မျှမုန်းတီးကြောင်း ပြသနေပြီး လက်ရှိဆွမ်ဧကရာဇ်၏ အရှိန်အဝါက မည်မျှနည်းပါးကြောင်း သွယ်ဝိုက်စွာ သက်သေပြသည်။

အဓိကကတော့ နန်းတွင်းက ဘာတုံ့ပြန်မှုမှ မရှိခြင်းဖြစ်သည်။ ဆွမ်ဧကရာဇ်က လုချန်းကို ကာကွယ်ရန် မည်သည့်လုပ်ဆောင်မှုမှ မပြသသောကြောင့်လည်း ဖြစ်သည်။

ဒီပြဿနာက လုချန်းကိုယ်တိုင် ဖန်တီးခဲ့တာဖြစ်ပြီး သူကိုယ်တိုင် ဖြေရှင်းသင့်သည်။ ဧကရာဇ်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍လျှင်‌တော့ ဧကရာဇ်မင်းဖြစ်သူ ကိုယ်တိုင်ပင် အာဏာရှိမိသားစုများကို လိုက်လျောဆက်ဆံနေရသဖြင့် သူ့တွင်မည်သည့်ဂုဏ်သိက္ခာရှိသည်ဟု ဆိုနိုင်မည်နည်း။

အာဏာရှိမိသားစုများအားလုံးကို ဖယ်ရှားပစ်မှသာ သူတို့ထောက်ခံထားသော အင်အားစုများထောင်လွှားနေမှုကို ရပ်တန့်မည်ဖြစ်သည်။

တစ်လကြာပြီးနောက်။

...

မြောက်ပိုင်းမြို့တော်။

လုချန်းက သူ့စာကြည့်ခန်းထဲတွင် အုပ်ချုပ်ရေးရာများကို ကိုင်တွယ်နေစဉ် မြောက်ပိုင်းမြို့တော်ရှိ မကြာသေးမီက ပြုပြင်ပြောင်းလဲရေး အခြေအနေများကို အစီရင်ခံရန် လိယုရိီနှင့် မုချန်တိန်တို့ ရောက်ရှိလာသည်။

မြောက်ပိုင်းမြို့တော်သည် လူဦးရေအားဖြင့် အတော်လေး နည်းပါးသဖြင့် အထူးကိုယ်ရံတော်များနှင့် ဒေသတွင်းစစ်သည်များ၏ ဝါဒဖြန့်ချီမှုမှ တစ်ခုတည်းနှင့်ပင် ပြည်သူအများစုမှာ မြေပြဿနာနှင့် ပတ်သက်၍ စိတ်ချ‌နေကြပြီဖြစ်သည်။

ပြည်သူအချို့သည် စိုက်ပျိုးနိုင်သော မြေများကို ပိုမိုရရှိလာကြပြီး မြောက်ပိုင်းနယ်စားမင်းသားက သူတို့ကို လှည့်စားနေခြင်းမဟုတ်ကြောင်း ယုံကြည်လာကြသည်။

ပြုပြင်ပြောင်းလဲရေးများကလည်း ချောမွေ့စွာ ရှေ့ဆက်နေသည်။

စစ်ရေးပြုပြင်ပြောင်းလဲရေးတွင်လည်း ကြီးမားသော ပြဿနာများ မရှိပေ။ မြောက်ပိုင်းနိုင်ငံတော်၏ ဥပဒေအရ အရွယ်‌ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားသည်။ သို့သော် သူတို့သည် အရန်ဆင့်ခေါ်စစ်မှုထမ်းများဖြစ်ပြီး ပုံမှန် စစ်သည်များနှင့် ကွဲပြားသည်။

စစ်မှုထမ်းအဖြစ် နှစ်အနည်းငယ် အမှုထမ်းပြီးနောက် ပုံမှန် စစ်သည်များအဖြစ် အမှုထမ်းနိုင်သည်။ ပုံမှန် စစ်သည်များအတွက် ဆုလာဘ်များက အလွန်ကောင်းမွန်သဖြင့် ယခုအခါ မြောက်ပိုင်းမြို့တော်ရှိ အရန်စစ်သည်များစွာသည် ပုံမှန် စစ်သည်များဖြစ်လာကြသည်။

ပုံမှန် စစ်သည်များသည် မြေယာများကို ရရှိရုံသာမက ပုံမှန် စစ်သည် ဖြစ်လာသည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထောက်ပံ့ကြေးများကိုလည်း ရရှိကြသည်။ ပုံမှန်စစ်သည်များ၏ သားစဉ်မြေးဆက်များ ကျောင်းအခမဲ့တက်ရောက်နိုင်သည်ဟု လုချန်းက ပြဋ္ဌာန်းလိုက်သဖြင့် စစ်သည်များ၏ အဆင့်အတန်းကို ချက်ချင်းမြင့်တက်သွားစေသည်။

ထိုစဉ် မုချန်တိန်က လုချန်းကို ပြောသည်။

“မင်းသား။ အရန်စစ်မှုထမ်းတွေအတွက် ပုံမှန်စစ်သည်အဖြစ် တက်လှမ်းနိုင်ဖို့ လမ်းကြောင်းတွေ လိုအပ်နေသေးတယ်လို့ကျွန်တော်ထင်ပါတယ်။ လက်ရှိပြုပြင်ပြောင်းလဲရေး အစီအစဉ်များအရ အရန်စစ်မှုထမ်းတွေဟာ ပုံမှန်စစ်သည်ဖြစ်ဖို့ နှစ်အနည်းငယ် အမှုထမ်းရမှာ ဖြစ်ပါတယ်။ ဒါက အရန်စစ်မှုထမ်းတွေကို တွန်းအားမဖြစ်စေပါဘူး။ နောက်ပိုင်းမှာ တစ်ချို့က ‌သူတို့ရဲ့ အမှုထမ်းကာလကို ပြီးဆုံးအောင်ပဲ လုပ်ချင်ကြတော့မှာ ဖြစ်ပါတယ်။”

“ဒါကြောင့် ပုံမှန်စစ်မှုထမ်း ဘဝကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းတွေ တိုးမြှင့်ဖို့ အကြံပြုပါတယ်။ ဥပမာ စစ်မှုထမ်းဆောင်မှုအပေါ် အခြေခံပြီး သူတို့ရဲ့ ဆုလာဘ်တွေကို တိုးမြှင့်ပေးတာမျိုးပါ။”

လုချန်းက ပြန်ပြောလိုက်သည်။

“ကျွန်တော်လည်း ဒီလိုတွေးဖူးတယ်။ ဒါပေမဲ့ အခုတလော လုပ်စရာတွေ အများကြီးရှိနေလို့ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို အသေးစိတ် မရေးသားရသေးဘူး။ ခင်ဗျားလည်း ဒီလိုတွေးမိတယ်ဆိုတော့ အိမ်ပြန်ရောက်ရင် ခင်ဗျားရဲ့အတွေးအခေါ်တွေကို ရေးပြီး အစီရင်ခံစာတင်ပါ။ ကျွန်တော် ကြည့်ကြည့်ပါမယ်။”

“ဟုတ်ကဲ့ မင်းသား။”

လုချန်းက စစ်မှုထမ်းများ၏ ခံစားခွင့်ကို လျစ်လျူရှုထားခြင်း မဟုတ်ပေ။ သူက အရန် စစ်မှုထမ်းများနှင့် ပုံမှန်စစ်သည်များကြား ခံစားခွင့်ကွာဟမှုကို တမင်ဖန်တီးထားခြင်းဖြစ်၏။ အဓိကအားဖြင့် အရန်စစ်မှုထမ်းများကို ပုံမှန်စစ်သည်များဖြစ်လာရန် လှုံ့ဆော်ဖို့ဖြစ်သည်။

သို့သော် ပုံမှန်စစ်သည်ဘဝကို တက်လှမ်းရန် လမ်းကြောင်းတစ်ခုသာ ရှိပါက အရန်စစ်မှုထမ်းများကို ကျယ်ကျယ်ပြန့်ပြန့် တွန်းအားဖြစ်စေရန် မလုံလောက်သည်မှာ ထင်ရှားနေသဖြင့် လုချန်းသည်လည်း စစ်မှုထမ်းဆောင်မှုစနစ်ကို ပြည့်စုံအောင် စဉ်းစားနေရသည်။

အရန်စစ်သည်များတက်လှမ်းရန် လမ်းကြောင်းများ ဆွေးနွေးပြီးနောက် မုချန်တိန်နှင့် လိယုရီတို့က မကြာသေးမီက ပြုပြင်ပြောင်းလဲရေးတွင် ကြုံတွေ့ခဲ့ရသော ပြဿနာအချို့ကို ဆက်လက်အစီရင်ခံကြသည်။

နောက်နာရီဝက်ခန့်အကြာတွင် စာကြည့်ခန်းတံခါးဝမှ အစေခံမိန်းမတစ်ဦး၏ အသံက သူတို့၏ အစီရင်ခံမှုကို ဖြတ်တောက်လိုက်သည်။

“တပ်မှုးချင် ရောက်ရှိလာပါပြီ မင်းသား။”

လက်နက်ထုတ်လုပ်ရေးတာဝန် ပေးထားပြီးနောက်ပိုင်း လုချန်းထံ တိုက်ရိုက်အစီရင်ခံရန် ချင်ယူရှန် လာရောက်ခဲသွားသည်။ အဓိကအားဖြင့် အထူးကိုယ်ရံတော်များ၏ အခြားခေါင်းဆောင်များက ရှနိုင်ငံတော်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို လုချန်းထံ အစီရင်ခံကြသည်။

ထို့ကြောင့် သူရောက်လာသည်ဆိုသည်မှာ အရေးကြီးသော အကြောင်းအရာတစ်ခုခု ရှိသည်ဟု ဆိုလိုသည်။

လိယုရီနှင့် မုချန်တိန်တို့သည် ချက်ချင်း ဘေးဖယ်သွားပြီး စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် လုချန်းက တံခါးဝရှိ အစေခံမိန်းမကို ပြောလိုက်သည်။

“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။”

ထို့နောက် ချင်ယူရှန်သည် တံခါးကို တွန်းဖွင့်ကာ စာကြည့်ခန်းထဲသို့ ဝင်လာသည်။

“မင်းသားကို ဂါရဝ ပြုပါတယ်။”

ထို့နောက် လုချန်း၏ မျက်လုံးများသည် ချင်ယူရှန်ကိုင်ထားသော ဝါးပြွန်ပေါ်သို့ ကျရောက်သွားသည်။

“နေပြည်တော်မှာ အရေးကြီး အကြောင်းအရာတစ်ခုခု ဖြစ်ခဲ့လို့လား တပ်မှုးချင်။”

ချင်ယူရှန်က လုချန်းထံချဉ်းကပ်လာပြီး စာတစ်‌စောင်ကို ဝါးပြွန်နှင့်အတူ လုချန်းထံ ပေးလိုက်ကာ ပြောလိုက်သည်။

“မင်းသား။ အာဏာရှိ မိသားစုများစွာဟာ လူသတ်သမား အမြောက်အမြားကို မြောက်ပိုင်းမြို့တော် စေလွှတ်ပြီး မင်းသားကို လုပ်ကြံဖို့ စီစဉ်ထားပါတယ်။”

“တပ်မှုးလျှံရဲ့ သတင်းအရ သူတို့သိထားသ လောက်တော့ မြောက်ပိုင်းမြို့တော်ကို ရောက်ရှိလာတာက လူသတ်သမားအုပ်စု သုံးစုရှိပါပြီ။ အဲ့ဒီ လူသတ်သမားအားလုံးဟာ စွမ်းအားမြင့်ကြပါတယ်။ အုပ်စုတိုင်းမှာ စွမ်းရည်မြင့် သိုင်းပညာရှင်တွေ ပါဝင်ပြီး ထိပ်တန်းအဆင့်ရောက်နေတဲ့သူ တစ်ချို့တောင် ပါပါတယ်။”

ချင်ယူရှန်၏ စကားများကို ကြားလိုက်ရသောအခါ လုချန်းက ပြုံးရယ်လိုက်ကာ ဝါးပြွန်ထဲမှ စာကို ထုတ်ယူပြီး သေချာစွာ ကြည့်ရှုလိုက်သည်။

နောက်ပိုင်းတွင် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များကို အခြေခံအားဖြင့် လုချန်း မျှော်လင့်ထားပြီး ဖြစ်သည်။ သူသည် အာဏာရှိ မိသားစုများ၏ အဓိက အာရုံကြောများကို ထိမိခဲ့ပြီးဖြစ်သဖြင့် ထိုမိသားစုများက သူ အသက်ရှင်နေခြင်းကို လုံးဝလိုလားမည် မဟုတ်ပေ။ သူသည် ဝေးကွာသော မြောက်ပိုင်းမြို့တော်တွင် ရှိနေသော်လည်း သူ၏ လုပ်ရပ်များက အာဏာရှိ မိသားစုများထံတွင် သူ့ကို သတ်ပစ်လိုစိတ်များ ဖြစ်ပေါ်စေရန် လုံလောက်သည်။

ချင်ယူရှန်၏ အစီရင်ခံမှုကို ကြားလိုက်ရသောအခါ မုချန်တိန်က ချက်ချင်း ထလိုက်ပြီး ပြောလိုက်သည်။

“မင်းသား။ ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ရန်ခရိုင်ရဲ့ ကာကွယ်ရေးကို အားဖြည့်ပြီး အမည်မသိ သိုင်းပညာရှင်တွေ ရန်ခရိုင်ထဲ မဝင်ရောက်နိုင်အောင် ကြိုးစားပါ့မယ်။”

လုချန်းက ပြန်ပြောလိုက်သည်။

“မလိုအပ်ပါဘူး။”

“သူတို့မှာ ရန်ခရိုင်ထဲကို ဝင်ရောက်ဖို့ နည်းလမ်းပေါင်းများစွာ ရှိတယ်။ နံရံတွေက သူတို့ကို မတားဆီးနိုင်ဘူး။”

“သူတို့အားလုံးကို လာခွင့်ပြုလိုက်ပါ။ ကျွန်တော် သိုင်းလေ့ကျင့်ဖို့အတွက် စိန်ခေါ်လာမယ့် သိုင်းပညာရှင်တချို့ လိုအပ်နေတယ်။”

လုချန်းသည် စွမ်းအားစုပ်ယူသည့်ကျင့်စဉ်ကို စတင်လေ့ကျင့်နေပြီဖြစ်သည်။ ထိုနည်းလမ်းကို ရရှိပြီးကတည်းက သူနေ့တိုင်း ‌နွေဦးအသံ အဆောင်သို့ သွားခဲ့သည်။ သူ၏စွမ်းအားစုပ်ယူသည့်ကျင့်စဉ်သည် ယခုအခါတွင် ပထမအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် ထိုစွမ်းအားကို သူမသုံးရသေးပေ။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် သူ့အတွက် ရန်သူများ မရှိပါ။ အခုတော့ ထိုလူသတ်သမားများသည် သူ၏ တံခါးဝသို့ ရောက်ရှိလာပြီဖြစ်ရာ စွမအားစုပ်ယူသည့် အစွမ်းကို စမ်းသပ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ မုချန်တိန် ခဏစဉ်းစားလိုက်၏။ လုချန်း အနေနှင့် ထိုလူသတ်သမားများကို ကြောက်ရွံ့ရန် မလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ လုချန်းကိုယ်တိုင်က ထိပ်သီးပညာရှင်တစ်ဦးဖြစ်ပြီး သူ့တွင် လျှို့ဝှက်ဆန်းကြယ်သော လက်နက်များစွာလည်း ရှိသည်။ ထိုလူသတ်သမားများအနေဖြင့် လုချန်းကို ပစ်မှတ်ထားခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းသာဖြစ်သည်။

သို့သော် လုချန်း မကြောက်သော်လည်း အခြားသူများမှာ ကွဲပြားသည်။

ထိုအတွေးဖြင့် မုချန်တိန်က ပြောလိုက်သည်။

“မင်းသားက အခုထိပ်သီးပညာရှင်တစ်ဦးဖြစ်တော့ သာမန်သိုင်းပညာရှင်တွေက မင်းသားကို ထိခိုက်အောင် မလုပ်နိုင်‌ပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က မင်းသားရဲ့ဇနီးများနှင့် သားသမီးများအတွက်‌တော့ ကွဲပြားပါတယ်။”

“ဒီလူသတ်သမား‌‌တွေဟာ မင်းသားကို လုပ်ကြံဖို့ ခက်ခဲမယ်ဆိုရင် မင်းသားနှင့် နီးစပ်သူများကို ပစ်မှတ်ထားနိုင်ပါတယ်။”

မုချန်တိန်၏ စကားများကို ကြားလိုက်ရသောအခါ လုချန်း စဉ်းစားသွားသည်။

ထိုပြဿနာက အမှန်တကယ် ရှိနိုင်သည်။

မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့သည် သာမန်လူများသာဖြစ်ပြီး သူ၏ သားသမီးများသည်လည်း သာမန်လူများသာဖြစ်သည်။ သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရပါက သူတို့တွင် တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

လုချန်းက ပြောလိုက်သည်

“ဗိုလ်ချုပ်ရွှမ်ယွမ်ကို နောက်ပိုင်းမှာ မင်းသားစံအိမ်ကို စောင့်ကြပ်ခိုင်းမယ်။ ဒါမှ လူသတ်သမားတွေ စံအိမ်ထဲ မဝင်ရောက်နိုင်အောင် ကာကွယ်နိုင်မယ်။”

လုချန်းသည် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ရှိ လူများကို ကာကွယ်ရန် စဉ်းစားထားပြီးဖြစ်သည်ကို တွေ့ရသောအခါ မုချန်တိန်သည် နောက်ထပ် ဘာမျှမပြောတော့ပေ။

ရွှမ်ယွမ်ချန်းနှင့် ဝမ်ရန်လီတို့သည် နှစ်ဦးစလုံးသည် အဆင့်မြင့်ပညာရှင်များဖြစ်ကြသည်။ ထိုအဆင့်သည် သေးငယ်သော အောင်မြင်မှုမဟုတ်ပေ။ သူတို့နှစ်ဦးသာ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ကို စောင့်ကြပ်နေပြီး စံအိမ်၌လည်း လျှို့ဝှက်ဆန်းကြယ်သော လက်နက်များပါ ရှိနေပါက လူသတ်သမားများ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ပြဿနာမရှိပေ။

သို့သော် ရှေ့တိုးလာသော လှံကို ရှောင်ရန် လွယ်ကူသော်လည်း ဝှက်ထားသော မြှားကို ကာကွယ်ရန် ခက်ခဲသည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ လူများ စံအိမ်အတွင်းမှ ထွက်ခွာသွားပါက အခြေအနေ ကွဲပြားသွားမည်ဖြစ်သည်။ သို့သော် လာမည့်ကာလအတွင်း လုချန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ အမျိုးသမီးများကို အပြင်ထွက်ခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ရန် တောင်းဆိုမည်ဟု မုချန်တိန် ယုံကြည်သည်။

မုကျိရွှမ်းသည် မုချန်တိန်၏ သမီးဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသား၏ ဇနီးလည်း ဖြစ်နေသည်။ ထို့ကြောင့် မုချန်တိန်က လုချန်းထက်ပင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လုံခြုံရေးကို ပို၍ စိုးရိမ်နေသည်။

အကယ်၍ သူသမီးတစ်ခုခု ဖြစ်ခဲ့ပါက မုမိသားစုနှင့် မြောက်ပိုင်းနယ်စားမင်းသားကြား ဆက်ဆံရေးသည် ယခင်ကဲ့သို့ နီးကပ်တော့မည် မဟုတ်တော့ပေ။

ထိုအချိန်တွင် ချင်ယူရှန်က ဆက်ပြောလိုက်သည်။

“မင်းသား။ နောက်ထပ် သတင်းတစ်ပုဒ် ရှိပါသေးတယ်။”

ချင်ယူရှန် စကားပြောသည်ကို ကြားလိုက်ရသောအခါ လုချန်းသည် သူ၏လက်ထဲတွင် အစီရင်ခံစာ နှစ်ခုကိုင်ထားပြီး နောက်တစ်ခုကို မစစ်ဆေးရသေးသည်ကို သတိထားမိလာသည်။

ထို့နောက် ဒုတိယအစီရင်ခံစာမှ အကြောင်းအရာကို လုချန်း စစ်ဆေးလိုက်သည်။

ချင်ယူရှန်က ဆက်ပြောလိုက်သည်။

“ဝူနိုင်ငံတော်ဟာ စစ်သားတစ်သန်းကို စုစည်းပြီး ဆီဝူခရိုင်ကို အလုံးအရင်းနှင့် တိုက်ခိုက်ခဲ့ပြီးနောက် နန်းတွင်းက မင်းသားလုရှုယွမ်ကို ဝူနိုင်ငံတော် တပ်‌တွေနှင့် တိုက်ခိုက်ဖို့ စစ်မျက်နှာကို စေလွှတ်ခဲ့ပါတယ်။”

လုချန်းက ရယ်မောလိုက်ပြီး

“စစ်ပွဲပြီးဆုံးတော့မယ်ထင်တယ်။ ကျွန်တော့်ရဲ့ နံပါတ်ရှစ် အစ်ကိုတော် လုရှုယွမ်တောင် စစ်မျက်နှာကို စစ်အောင်ပွဲတွေ စုဆောင်းဖို့ သွားနေပြီ။ သူက ကျွန်တော်တို့ဖခင် ဧကရာဇ်ဆီက အိမ်ရှေ့စံနေရာတောင်းဖို့ စီစဉ်နေတာလား။”

မုချန်တိန်က

“မင်းသား။ ချူးမိသားစုအကြီးအကဲ မြောက်ပိုင်းမြို့တော်ကို ရောက်ရှိလာပြီလို့ ကြားသိရပါတယ်။ မင်းသား စိတ်ဝင်စားရင် ချူးမိသားစုကို စည်းရုံးဖို့ ကြိုးစားကြည့်ပါလား။ တောင်ပိုင်း အာဏာရှိ မိသားစုတွေ စည်းလုံးနေတာကို တားဆီးနိုင်ရင် မင်းသားအတွက် ပို၍ အကျိုးရှိမှာပါ။”

လုချန်းက အစီရင်ခံစာကို ဘေးဖယ်ထားလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

“အကျိုးမရှိပါဘူး။ ကျွန်တော့်အဖိုးက ချူးမိသားစုအကြီးအကဲ မဟုတ်တော့ပါဘူး။ အခု ချူးမိသားစုထဲက လူနည်းစုကသာ သူ့ကို ထောက်ခံတော့တယ်။ ချူးမိသားစုဟာ အခြေခံအားဖြင့် ကျွန်တော့်အစ်ကို‌ မင်းသားလုရှုယွမ်ဘက်ကို ယိမ်းနေပါတယ်။”

ထိုအချိန်တွင် အစေခံမိန်းမ၏ အသံက တံခါးဝတွင် ထွက်ပေါ်လာသည်။

“မင်းသား။ ဝူခေါင်းဆောင် ရောက်ရှိလာပါပြီ။”

လုချန်းက

“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။”

ဝူယွမ်က စာကြည့်ခန်းထဲသို့ ဝင်လာပြီး “မင်းသားကို ဂါရဝ ပြုပါတယ်။”

လုချန်းက တိုက်ရိုက်မေးလိုက်သည်။

“ဘာကိစ္စလဲ။”

ဝူယွမ်က ပြန်ပြောလိုက်သည်။

“မင်းသား။ ဗိုလ်ချုပ်လင်ဟာ နန်းတွင်း စစ်သည်နှစ်သောင်းကို ဦးဆောင်ပြီး နေဝင်ချိန်မှာ ရန်ခရိုင်က ထွက်ခွာသွားမည်ဖြစ်ပါတယ်။”

နန်းတွင်း၏ အပြစ်ပေးမှုသည် မြောက်ပိုင်းမြို့တော်သို့ လွန်ခဲ့သော တစ်ပတ်ခန့်က ရောက်ရှိလာခဲ့ပြီး ထိုအပြစ်ပေးမှုမှာ နန်းတွင်းမှ စေလွှတ်ထားသော စစ်သည်နှစ်သောင်းကို ဆုတ်ခွာစေခြင်းဖြစ်သည်။ မြောက်ပိုင်းပြည်နယ်ကို လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် တစ်ယောက်တည်း ရင်ဆိုင်ရန် ချန်ထားခဲ့မည်ဖြစ်သည်။

လုချန်းအတွက် နန်းတွင်း၏ အပြစ်ပေးမှုသည် သေးငယ်ပြီး ထိုအရာကို သူအလေးအနက် မထားခဲ့ပေ။

လုချန်းက ပြောလိုက်သည်။

“သူတို့ကို ထွက်ခွာခွင့်ပြုလိုက်ပါ။ သူတို့ကို မစိတ်ပူပါနဲ့။”

ဝူယွမ်က ပြောလိုက်သည်။

“မင်းသား။ ဗိုလ်ချုပ်လင်က အဆင်ပြေမယ်ဆိုရင် မင်းသားကို သီးသန့်တွေ့ဆုံချင်တယ်လို့ ပြောပါတယ်။ ”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းစိတ်ဝင်စားသွားသည်။

“အိုး။ ကျွန်တော်နဲ့ သီးသန့်တွေ့ဆုံချင်တာလား။ စိတ်ဝင်စားစရာကောင်းတယ်။”

“ဒါဆို စီစဉ်လိုက်ပါ။ ကျွန်တော် နေဝင်ချိန်လောက်မှာ သူနဲ့ တွေ့မယ်။”

ဝူယွမ်က ချက်ချင်း ပြောလိုက်သည်။ “ဟုတ်ကဲ့။ မင်းသား။”

“ကျွန်တော်ကို ခွင့်ပြုပါ။”

လင်ရှုမင်၏ ဖခင်သည် ဘယ်လက်ရုံး ဝန်ကြီးချုပ်ဖြစ်၏။ လင်ရှုမင်က သီးသန့်တွေ့ဆုံရန် လိုလားပါက ဝန်ကြီးချုပ်လင်ကောင်းယွမ်သည် လုချန်းဘက်သို့ ပါဝင်ရန် စဉ်းစားနေသည်ဟု ဆိုလိုသည်။ မဟုတ်ပါက မြောက်ပိုင်းမြို့တော်မှ မထွက်ခွာခင်ညတွင် လင်ရှုမင် လုချန်းနှင့် သီးသန့်တွေ့ဆုံရန် မလိုအပ်ပေ။

နန်းတွင်း၏ ဗိုလ်ချုပ်တစ်ဦးအနေဖြင့် နယ်စားမင်းသားတစ်ဦးနှင့် သီးသန့်တွေ့ဆုံခြင်းသည် ကြီးမားသော တားမြစ်ချက်တစ်ခုဖြစ်သည်။ အကယ်၍ နန်းတွင်းက သိရှိသွားပါက လင်ရှုမင်နှင့် လင်ကောင်းယွမ်တို့အတွက် ပြဿနာဖြစ်လာနိုင်သည်။

ဝူယွမ်ထွက်ခွာသွားပြီးနောက် ချင်ယူရှန်သည်လည်း မကြာမီ စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။ မုချန်တိန်နှင့် လိယုရီတို့လည်း မြောက်ပိုင်းမြို့တော်ရှိ ပြုပြင်ပြောင်းလဲမှုအခြေအနေများကို ဆက်လက်အစီရင်ခံကြသည်။

နေဝင်ချိန်တွင်။

အထူးကိုယ်ရံတော်များက စီစဉ်ပေးထားသည့်အတိုင်း လုချန်းသည် စားသောက်ဆိုင်တစ်ခုသို့ သွားရောက်ခဲ့သည်။ လင်ရှုမင်အတွက် သူနှင့်တွေ့ဆုံရန် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ လာရောက်ရန် မသင့်လျော်ပေ။ ထို့ကြောင့် သူတို့သည် မိုးစက်ရဲတိုက်ပိုင် နေရာတစ်ခုရှိ လူသူကင်းသော အခန်းတစ်ခန်းကို အထူးစီစဉ်ပေးထားခဲ့သည်။

လုချန်းကို မြင်လိုက်ရသောအခါ

ကြီးမားသော ဖိအားတစ်ခုကို လင်ရှုမင် ခံစားလိုက်ရသည်။ သူအလွန် အံ့အားသင့်သွားခဲ့သည်။ တကယ်ပင် သူအရင်က ခံစားခဲ့ရသည့်အတိုင်း မြောက်ပိုင်းနယ်စားမင်းသားသည် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အနည်းဆုံး သူနှင့် မတိမ်းမယိမ်း အဆင့်တွင် ရှိနေသည်။

.......

အခန်း (၂၆၀)

သူစိတ်ဝင်စားတဲ့ ဒီလူငယ်လေးက ဘာလုပ်ချင်တာလဲဆိုတာ ကြည့်ရအောင် (၁)

လင်ရှုမင်နှင့် တွေ့ဆုံပြီးနောက် လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။

“ဗိုလ်ချုပ်လင်က နေပြည်တော်ကို အမြန်ပြန်မသွားပဲ ဘာကြောင့် ကျွန်တော့်ကို သီးသန့်တွေ့ဆုံချင်တာလဲ။ ကျွန်တော်ကအခု လူတော်တော်များများကို စိတ်ဆိုးစေလိုက်ပြီဆိုတာ ခင်ဗျားမသိဘူးလား။”

“တစ်ယောက်ယောက်က ဗိုလ်ချုပ်လင် ကျွန်တော်နဲ့ ဆက်သွယ်နေတယ်ဆိုတာ သိသွားရင် ခင်ဗျားနေပြည်တော်ပြန်ရင် ဒုက္ခရောက်မယ်ထင်တယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လင်ရှုမင်က အလျင်အမြန် ပြောလိုက်သည်။ “မင်းသား ပြောတာ ဟာသလိုပါပဲ။ မင်းသားက မပြောဘူးဆိုရင် ကျွန်တော် မင်းသားကို တွေ့ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိဘူး။”

လုချန်းက တိုက်ရိုက်ပြောလိုက်သည်။

“ဒါဆို ကျွန်တော် တိုက်ရိုက်ပဲပြောမယ်။ ဗိုလ်ချုပ်လင် ကျွန်တော့်ဆီက ဘာလိုချင်တာလဲ။”

လင်ရှုမင်က

“ကျွန်တော် မင်းသားကို တွေ့ချင်တဲ့ အဓိကအကြောင်းရင်းက ကျွန်တော့်ဖခင်ရဲ့ ရည်ရွယ်ချက်ကြောင့်ပါ။”

“ကျွန်တော့်ဖခင်က မင်းသားရဲ့ အနာဂတ်အစီအစဉ်တွေကို သိချင်နေတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက အနည်းငယ်ပြုံးရယ်လိုက်ပြီး

“ဝန်ကြီးချုပ်လင်က တကယ်ပဲ ကျွန်တော့်ကို စည်းအပြင်ကလူလို့ မသတ်မှတ်ဘူးပဲ။ သူက ကျွန်တော့်ရဲ့ အနာဂတ်အစီအစဉ်တွေကို မေးဖို့ ခင်ဗျားကို လွှတ်လိုက်တာလား။”

“ဝန်ကြီးချုပ်လင်နဲ့ လင်မိသားစုက ကျွန်တော် နန်းတက်နိုင်‌အောင် ထောက်ခံဖို့ စီစဉ်နေတာလား။”

လင်ရှုမင်က ဘာမျှမဖုံးကွယ်ပဲ ပြောလိုက်သည်။ ယခု တွေ့ဆုံမှုအတွက် စားသောက်ဆိုင်ကို ရှင်းလင်းထားပြီးဖြစ်သည်။ အပြင်လူများ မရှိပေ။ သူ့ စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်သည်။

“ တကယ်ပါ မင်းသား။ကျွန်တော့်ဖခင်က မင်းသား နန်းတက်နိုင်ရေးအတွက် ထောက်ခံဖို့ ရည်ရွယ်ထားတယ်။ သူက မင်းသားဟာ အချိန် စောင့်ဆိုင်းတတ်သူဖြစ်ပြီး အနာဂတ်မှာ ကြီးမားတဲ့အရာတွေ လုပ်နိုင်မယ်လို့ ယုံကြည်တယ်။”

ထိုအချိန်တွင် လုချန်းက ပြောလိုက်သည်။

“ဗိုလ်ချုပ်လင်ကို မေးခွန်းတစ်ခု မေးချင်တယ်။”

လင်ရှုမင်က ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်သည်။

“မင်းသား။ ကျေးဇူးပြုပြီး ပြောပါ။”

လုချန်းက မေးလိုက်သည်။

“ဝန်ကြီးချုပ်လင်က ခင်ဗျား မြောက်ပိုင်းပြည်နယ်ကို မထွက်ခွာခင် ဒီစကားကို ပြောဖို့ မှာထားတာလား။ ဒါမှမဟုတ် ခင်ဗျား မြောက်ပိုင်းပြည်နယ်ကနေ ပြန်ထွက်ခွာခါနီးမှ ကျွန်တော်နဲ့ သီးသန့်တွေ့ဖို့ စာပို့ပြီး မှာထားတာလား။”

ထိုနှစ်ခုကြားတွင် ကြီးမားသော ကွာခြားချက်ရှိသည်။

လင်ရှုမင် မြောက်ပိုင်းပြည်နယ်သို့ မသွားမီ လင်ကောင်းယွမ်က သူ့အား မြောက်ပိုင်းနယ်စားမင်းသားနှင့် သီးသန့်တွေ့ဆုံပြီး ယခုကိစ္စများကို ဆွေးနွေးရန် ညွှန်ကြားထားခဲ့ပါက လင်ကောင်းယွမ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ကို ထောက်ခံရန် စဉ်းစားနေကြောင်းသာ သက်သေပြမည်။ သို့သော် သူ၏ ခိုင်မာသော ကတိကဝတ်ကို ပြသခြင်း မဟုတ်ပေ။

သို့သော် လင်ကောင်းယွမ်က နောက်ပိုင်းတွင် စာတစ်စောင်ပို့ကာ လင်ရှုမင်အား မြောက်ပိုင်းပြည်နယ်မှ မထွက်ခွာခင် မြောက်ပိုင်းနယ်စားမင်းသားနှင့် သီးသန့်တွေ့ဆုံပြီး သူတို့မိသားစု၏ ထောက်ခံမှုကို ပြသရန် ညွှန်ကြားခဲ့ပါက လင်ကောင်းယွမ်သည် မြောက်ပိုင်းနယ်စားမင်းသားကို စိတ်ရင်းအမှန်ဖြင့် ထောက်ခံရန် ရည်ရွယ်နေကြောင်း ဖော်ပြလိမ့်မည်။

အကြောင်းမှာ မင်းသားသည် ရှနိုင်ငံတော်ရှိ အာဏာရှိမိသားစုများအားလုံးကို မကျေနပ်စေခဲ့သည့်အပြင် ပညာတတ်လူတန်းစားကိုပါ ဒေါသဖြစ်စေခဲ့သည်။ ထိုသို့သော အခြေအနေများတွင် လင်ကောင်းယွမ်က မင်းသားကို ထောက်ခံရန် ဆန္ဒရှိနေသေးပါက လင်ကောင်းယွမ်သည် မင်းသားကို အမှန်တကယ် တန်ဖိုးထားကြောင်း ဖော်ပြ‌နေခြင်းဖြစ်လိမ့်မည်။

လုချန်း၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် လင်ရှုမင်က သူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး ချက်ချင်းပင် ဖြေကြားလိုက်သည်။

“မင်းသား။ မြောက်ပိုင်းပြည်နယ်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီးနောက်မှသာ ကျွန်တော့်ဖခင်ရဲ့ စာကို ရရှိခဲ့ပါတယ်။ သူက မင်းသား၏ ဘက်မှာ ခိုင်မြဲစွာ ရပ်တည်နေပါတယ်။ မင်းသားမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ရှိနေပေမဲ့ သူက ဆက်လက် ထောက်ခံပေးနေပါတယ်။”

လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။

“ဟုတ်လား။ ဝန်ကြီးချုပ် လင်ကောင်းယွမ်က ကျွန်တော် နောက်ဆုံးမှာ အဲ့ဒီရာထူးကို ရမယ်လို့ တကယ် ယုံကြည်ထားတာလား။”

လင်ရှုမင်က ပြောလိုက်သည်။

“ကျွန်တော့်ဖခင်ဟာ လူကဲခတ်ရာမှာအမြဲတမ်း တိကျမှန်ကန်ပါတယ်။ သူက မင်းသားဟာ ပုန်းအောင်းနေသော နဂါးတစ်ကောင်ဖြစ်ပြီး တစ်နေ့မှာ အမြင့်ဆုံးကို ပျံတက်မယ်လို့ ယုံကြည်ထားပါတယ်။”

လင်ရှုမင်၏ စကားကို ကြားလိုက်ရသည်နှင့် လုချန်း ရယ်မောလိုက်သည်။ ဝန်ကြီးချုပ် လင်ကောင်းယွမ်သည် မင်းသားတစ်ဦးဦးကို ထောက်ခံရန် အမြဲတမ်း ရှောင်ရှားလေ့ရှိပြီး နန်းတွင်းရှိ မည်သည့်မင်းသားကိုမှ ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့ဖူးခြင်း မရှိသော်လည်း မထင်မှတ်ပဲ သူ့ကို ထောက်ခံခဲ့သည်။ သူသည် အမှန်ပင် လူကဲခတ်တတ်သူဖြစ်သည်။

ထို့နောက် လင်ရှုမင်က စမ်းသပ်သည့် သဘောဖြင့် ပြောလိုက်သည်။

“မင်းသား။ ကျွန်တော့်ဖခင်က စကားတစ်ခု ပြန်ပြောဖို့လည်း မှာထားပါတယ်။ သူကြားသိရသလောက် ကျွန်တော့်ညီမတော် လင်ဝမ်ရွန်ဟာ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှာ အမှုထမ်းနေတယ်လို့ သိရပါတယ်။ မင်းသားက ကျွန်တော့်ညီမတော်ကို မြင်လဲဆိုတာကို ကျွန်တော့်ဖခင်က စိတ်ဝင်စားပါတယ်။ မင်းသား သူ့ကို သဘောကျရင် လင်မိသားစုဘက်က ထိမ်းမြားလက်ထပ်ခြင်းဖြင့် မဟာမိတ်ဖွဲ့ပြီး ကျွန်တော့်ညီမကို မင်းသားဆီ အပ်နှံဖို့ ဆန္ဒရှိနေပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းခဏတိတ်ဆိတ်သွားပြီး မေးလိုက်သည်။

“ညီမတော်...။ ခင်ဗျားပြောနေတာက လင်ဝမ်ရွန်ကို ဆိုလိုတာလား။”

လင်ရှုမင်က အတည်ပြုလိုက်သည်။

“ဟုတ်ပါတယ်။”

လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။

“ကျွန်တော်သိသလောက်ဆိုရင် လင်ဝမ်ရွန်ဟာ အခုတော့ လျှို့ဝှက်လဝန်းနန်းတော်မှာ ရှိနေပြီး လင်မိသားစုနဲ့ သိပ်ပြီး မဆိုင်တော့ဘူးလို့ ထင်ပါတယ်။ မဟုတ်ဘူးလား။”

လင်ရှုမင်းက ပြန်ပြောလိုက်သည်။

“မင်းသားက ဟာသပြော နေပါပြီ။ သူဟာ မင်းသားရဲ့ မိခင်ရှေ့မှောက်မှာ ကျွန်တော့်ဖခင်ရဲ့ သမီးအဖြစ် ခံယူခဲ့ပြီး လင်မိသားစုထဲမှာ ကြီးပြင်းလာခဲ့သူပါ။ အခု လင်မိသားစုထဲက ထွက်သွားပြီ ဖြစ်ပေမဲ့ သူဟာ ကျွန်တော်တို့မိသားစုထဲက သူပါပဲ။”

လုချန်းက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ သူက ဒီနှစ်မှာ သုံးဆယ်ကျော်နေပြီထင်တယ်။ ခင်ဗျားရဲ့ ညီမတော်က ကျွန်တော့်အတွက် နည်းနည်းတော့ ကြီးနေပြီလို့ ခင်ဗျားမထင်ဘူးလား ဗိုလ်ချုပ်လင်။”

လင်ရှုမင်းက မောက်မာခြင်း နှိမ့်ချခြင်း မရှိပဲ ပြောလိုက်သည်။

“မင်းသား။ အသက်အရွယ်က ပြဿနာမဟုတ်ပါဘူး။ မင်းသားက သူ့ကို သဘောကျရင် လုံလောက်ပါပြီ။”

လုချန်းက စိတ်ထဲတွင် တွေးလိုက်သည်။ လင်ကောင်းယွမ်ဟာ သူ့ကို အမှန်တကယ် ထောက်ခံဖို့ ရည်ရွယ်နေတာဖြစ်သည်။ လင်ဝမ်ရွန်ကိုတောင် သူ့နဲ့လက်ထပ်ပေးဖို့ စဉ်းစားနေပြိီဖြစ်သည်။

ဒီပုံအတိုင်းဆိုရင် လင်ဝမ်ရွန် မကြာခင်မှာ သူ့ရဲ့အမျိုးသမီး ဖြစ်လာမှာ အမှန်ပင်ဖြစ်သည်။

လင်မိသားစု၏ ထောက်ခံမှု မရှိသည့်တိုင် တစ်နေ့တွင် လင်ဝမ်ရွန်သည် သူ၏အမျိုးသမီး ဖြစ်လာမည်သာ ဖြစ်သည်။ သို့သော် သူမ၏မိသားစုက ထောက်ခံမှုပေးပါက သူမနှင့် လက်ထပ်ခြင်းသည် ပို၍ တရားဝင် ဖြစ်လာမည်။

ထို့နောက် လုချန်းက ပြောလိုက်သည်။

“ဗိုလ်ချုပ်လင်။ ဒီလိုအချိန်မှာ သူ့ရဲ့ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် လင်ကောင်းယွမ်ကို ပြောလိုက်ပါ။ ဒါပေမဲ့ အိမ်ရှေ့စံရာထူးအတွက် ကြိုးပမ်းမှုမှာတော့ ကျွန်တော်ပါဝင်မှာ မဟုတ်ပါဘူး။ ဒီရာထူးဟာ ကျွန်တော့်အတွက် သိပ်သေးလွန်းတယ်။”

ထိုစကားကို ကြားလိုက်ရတော့ လင်ရှုမင် အံ့အားသင့်သွားသည်။

မြောက်ပိုင်းနယ်စားမင်းသားက ဘာကို ဆိုလိုတာလဲ။

အိမ်ရှေ့စံရာထူးဟာ သူ့အတွက် သေးလွန်းတယ်လို့ ဆိုလိုတာလား။ မြောက်ပိုင်းနယ်စားမင်းသားဟာ အိမ်ရှေ့စံရာထူးကို ကျော်ပြီး တိုက်ရိုက် ဧကရာဇ်ဖြစ်ဖို့ ရည်ရွယ်နေတာလား။

တစ်နည်းအားဖြင့် သူက တိုက်ရိုင်ပုန်ကန်ဖို့ စီစဉ်နေတာလား။

ထိုအတွေးက လင်ရှုမင်း၏ နဖူးတွင် ချွေးစီးများ ထွက်လာစေသည်။

ဒါက သူကြားသင့်တဲ့ အရာလား။

အခုတော့ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်ရွယ်ချက်ကို သူသိသွားပြီဖြစ်သည်။ ဒါဆို နောင်တစ်ချိန်မှာ မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို နှုတ်ပိတ်မှာလား။

လုချန်းက ဆက်ပြောလိုက်သည်။

“ဗိုလ်ချုပ်လင်။ အခြားကိစ္စ မရှိရင် ကျွန်တော်သွားတော့မယ်။ ခင်ဗျားလည်း စခန်းကနေ အကြာကြီး ခွာနေရင် သံသယဝင်စရာ ဖြစ်လာနိုင်တယ်။”

.........

အခန်း (၂၆၁ )

သူစိတ်ဝင်စားတဲ့ ဒီလူငယ်လေးက ဘာလုပ်ချင်တာလဲဆိုတာ ကြည့်ရအောင် (၂)

လင်ရှုမင်က ဦးညွှတ်ကာ ပြောလိုက်သည်။ “မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းက ချက်ချင်းပြန်လှည့်ပြီး ထွက်ခွာသွားသည်။ သို့သော် တံခါးဝသို့ ရောက်သောအခါ သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး လင်ရှုမင်ဆီ ပြန်လှည့်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ ဗိုလ်ချုပ်လင်။ ခင်ဗျားပြန်တဲ့အခါ ဝန်ကြီးချုပ် လင်ကို ပြောပေးပါ။ ကျွန်တော် ဝမ်ရွန်ကို အရမ်းသဘောကျတယ်။ မြောက်ပိုင်းပြည်နယ်မှာ အရာရာ ငြိမ်သက်သွားရင် သူ့ကို လက်ထပ်မယ်လို့ ပြောပေးပါ။”

လင်ရှုမင် အနည်းငယ် အံ့အားသင့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားက လင်ဝမ်ရွန်ကို လက်ထပ်မယ်လို့ ကြေညာလိုက်တာက သူတို့ လင်မိသားစုရဲ့ သစ္စာခံမှုကို လက်ခံလိုက်ခြင်းဖြစ်သည်။

“ဟုတ်ကဲ့ မင်းသား။ ကျွန်တော် ပြန်ရောက်တာနဲ့ ကျွန်တော့်ဖခင်ကို ပြောပြပါမယ်။”

လုချန်းက နောက်ထပ် ဘာမှ မပြောတော့ပဲ ပြန်လှည့်ကာ အခန်းထဲမှ ထွက်ခွာသွားသည်။

လင်ရှုမင်က သူ့နောက်ကနေ လှမ်းအော်လိုက်သည်။

“မင်းသားရဲ့ လမ်းခရီး ‌ချောမွေ့ပါစေ။”

...

လုချန်း အခန်းထဲမှ ထွက်ခွာသွားပြီးနောက် လင်ရှုမင်လည်း စစ်စခန်းကို ပြန်သွား၏။ ထို့နောက် ရန်ခရိုင်မှာ တစ်ညအိပ်ပြီး နောက်နေ့တွင် နန်းတွင်းစစ်တပ် နှစ်သောင်းကို ခေါ်ကာ နေပြည်တော်ကို ပြန်လာခဲ့သည်။

ဝူနိုင်ငံတော်။

စိမ်းလန်းသောမိုးတိမ်ခန်းမ။

ဝူကျန်းဝမ်သည် ခမ်းနားသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန်းမထဲတွင် ရပ်နေသည်။ လေတိုက်ခတ်လိုက်သည့်အခါ သူမ၏ ဝတ်စုံက လွင့်ခါသွားပြီး ဖြူဖွေးသော ခြေသလုံးများကို ပေါ်သွားစေသည်။သူမ၏ လှုပ်ရှားမှုတိုင်းသည် ခမ်းနားကြီးကျယ်သော အနေအထားကို ဖော်ဆောင်နေသည်။

ထောက်လှမ်းရေး အစီရင်ခံစာကို ကိုင်ထားသော ဝူကျန်းဝမ်၏ မျက်နှာတွင် အတွေးများကြောင့် အမျိုးမျိုး ပြောင်းလဲနေသည်။

ထိုအချိန်တွင် သူမက ပြုံးရယ်ကာ ပြောလိုက်သည်။

“ကောင်းကင်အောက်ရှိ မြေအားလုံးသည် ဘုရင်၏ပိုင်ဆိုင်မှုဖြစ်သည်။ နယ်မြေအစွန်းအထိ လူအားလုံးသည် ဘုရင်၏ လက်အောက်ခံများဖြစ်သည်.... တဲ့။ ကြီးကျယ်လွန်းတဲ့ စကားပဲ။ ဒီလူငယ်လေးက သေခြင်းကို လုံးဝ မကြောက်ဘူးလား။”

ဝူကျန်းဝမ် ကိုင်ထားသော ထောက်လှမ်းရေး အစီရင်ခံစာတွင် မြောက်ပိုင်းမြို့တော်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များ အထူးသဖြင့် ပြုပြင်ပြောင်းလဲမှုများအကြောင်း ပါဝင်နေသည်မှာ ထင်ရှားသည်။

အာဏာရှိမိသားစုနှင့် ပညာတတ်လူတန်းစားကို စိန်ခေါ်ရန် မင်းသားတစ်ဦးက ရဲရဲဝံ့ဝံ့ လုပ်နိုင်မည်ဟု ဝူကျန်းဝမ် ယုံကြည်ရန် ခက်ခဲနေသည်။

ထိုအချိန်တွင် သူမ၏ ဘေးနားမှ အမျိုးသမီး ကိုယ်ရံတော်တစ်ဦးက မေးလိုက်သည်။

“မြောက်ပိုင်းပြည်နယ်ကို လူလွှတ်ဖို့ လိုသေးလား မင်းသမီး ကျန်းဝမ်။”

ဝူကျန်းဝမ်က ကိုယ်ရံတော်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“ဘာလို့ မလွှတ်ရမှာလဲ။”

အမျိုးသမီး ကိုယ်ရံတော်က ဖြေလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ လုပ်ရပ်‌တွေက ရှနိုင်ငံတော်ရဲ့ အာဏာရှိမိသားစုတွေ နှင့် ပညာတတ်လူတန်းစားကို ဒေါသဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် ဝူနိုင်ငံတော်နဲ့ ရှနိုင်ငံတော်ကြား စစ်ပွဲဟာ ပြီးဆုံးတော့မယ့် အခြေအနေပါ။ စစ်ပွဲပြီးဆုံးတာနဲ့ ဒီအာဏာရှိမိသားစုတွေက မြောက်ပိုင်းနယ်စားမင်းသားကို သတ်ဖို့ ကြိုးစားကြမှာပါ။”

ဝူကျန်းဝမ်က ကိုယ်ရံတော်၏ စကားကို ကြားလိုက်ရသည်နှင့် အနည်းငယ် ပြုံးရယ်ကာ ပြောလိုက်သည်။

“မင်းလည်း စစ်ပွဲပြီးဆုံးတော့မယ်ဆိုတာ ခန့်မှန်းမိတာ အံ့အားသင့်စရာပါပဲ။”

ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်နှစ်ခုစလုံးသည် ဆီဝူခရိုင်တွင် စစ်တပ်ကြီးများ စုစည်းထားပြီး စစ်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည့် အခြေအနေဖြစ်သည်။ သာမန်လူများက ဤစစ်ပွဲသည် အသေ‌အကြေ တိုက်ခိုက်ကြမည့် စစ်ပွဲဖြစ်မည်ဟု ယုံကြည်နေကြသည်။

သို့သော် နှစ်နိုင်ငံစလုံး၏ အထက်တန်းလွှာများက ဆီဝူခရိုင်တွင် ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ဆုံးစစ်ပွဲဖြစ်ကြောင်း နားလည်ထားကြသည်။ ဝူနိုင်ငံတော်က ဆီဝူခရိုင်ကို သိမ်းပိုက်လိုက်သည်နှင့် စစ်ပွဲပြီးဆုံးသွားမည်ဖြစ်သည်။

ဝူကျန်းဝမ်၏ စကားကို ကြားလိုက်ရသည်နှင့် ကိုယ်ရံတော်က ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

“ကျွန်မ နန်းတွင်း အ‌ရေးကိစ္စကို မဆိုင်ပဲ မှတ်ချက်ပေးမိတာ မှားယွင်းပါတယ်။ အပြစ်ပေးဖို့ တောင်းဆိုပါတယ် မင်းသမီး ကျန်းဝမ်။”

ဝူကျန်းဝမ်က အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒါတွေက သေးသေးမွှားမွှားကိစ္စတွေပါ။ ပြီးတော့ မင်းပြောတာ မှန်တယ်။ စစ်ပွဲဟာ တကယ်ပဲ ပြီးတော့မှာပါ။ မကြာသေးခင်က ချူးမိသားစုရဲ့ မြင်းလှည်းတွေဟာ နေပြည်တော်ထဲကို တစ်စီးပြီး တစ်စီး ဝင်လာနေတာ သတိထားမိလား။ ဒါက စစ်ပွဲပြီးဆုံးတော့မယ့် အခြေအနေကို ပြင်ဆင်နေတာပါ။”

“ထပါ။”

ကိုယ်ရံတော်က ထလိုက်ပြီး ပြောလိုက်သည်။

“ ခွင့်လွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်မင်းသမီး ကျန်းဝမ်၊။”

ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။ “မြောက်ပိုင်းပြည်နယ်ကို ထောက်လှမ်းရေးတွေ ထပ်လွှတ်ဖို့ လိုသေးတယ်။ မြောက်ပိုင်းနယ်စားမင်းသားက ဒီလောက် ရိုးရိုးစင်းစင်းမဟုတ်ဘူး။”

“မြောက်ပိုင်းနယ်စားမင်းသားက ဒီလိုအချိန်မျိုးမှာ မြေယာပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်ရဲတာက သူ့မှာ ပြင်ဆင်ထားမှုတွေ ရှိနေတယ်ဆိုတာ ပြသနေတာပဲ။”

“သူ အလွယ်တကူ လုပ်ကြံခံရမယ်လို့ ကျွန်မ မယုံဘူး။ အကယ်၍ သူ အလွယ်တကူ သေဆုံးသွားခဲ့ရင် သူလုပ်ခဲ့သမျှဟာ ရယ်စရာသက်သက်ပဲ ဖြစ်သွားမှာ။”

ဟု သူမက ဆိုလိုက်သည်။

ထိုစကားကို ပြောပြီးနောက် ဝူကျန်းဝမ်သည် ခန်းမအပြင်ဘက်ရှိ ကောင်းကင်ကို မော့ကြည့်ကာ ပြုံးရယ်လျက် ဆက်ပြောလိုက်သည်။

“ဒီလူငယ်လေးကို ကျွန်မ ပိုပြီး စိတ်ဝင်စားလာပြီ။”

မင်းသားတစ်ဦးအနေဖြင့် သူ၏နိုင်ငံရှိ အာဏာရှိမိသားစုများနှင့် ပညာတတ် လူတန်းစားအားလုံးကို စိန်ခေါ်ရဲခြင်းသည် သာမန်မင်းသားတစ်ဦး လုပ်နိုင်စွမ်းရှိသော အရာမဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားကို ရဲရင့်စေသော သူက မည်သူဆိုတာကို စူးစမ်းလိုစိတ်များ ဝူကျန်းဝမ်ထံ၌ ဖြစ်ပေါ်လာသည်။ အဲ့ဒါက သူ့ကို ထောက်ခံနေတဲ့ လျှို့ဝှက်အင်အားစုကြောင့်လား။

ထိုအင်အားစုက သူတို့၏ လူဖြစ်သော မြောက်ပိုင်းနယ်စားမင်းသားကို အာဏာရှိမိသားစုများနှင့် ပညာတတ်လူတန်းစားများက ဖယ်ရှားပစ်မည်ကို မစိုးရိမ်ဘူးလား။ သို့မဟုတ် ရှနိုင်ငံတော်ရဲ့ အာဏာရှိမိသားစု တွေနှင့် ပညာတတ်လူတန်းတွေကို ဒေါသဖြစ်အောင် ရည်ရွယ်ချက် ရှိရှိနဲ့ မြောက်ပိုင်းနယ်စားမင်းသားကို ထိုသို့ လုပ်ဆောက်စေခြင်းလား။

ဝူကျန်းဝမ် ထိုအရာများကို စဉ်းစားနေစဉ် အစေခံအမျိုးသမီးတစ်ဦး စိမ်းလန်းသောမိုးတိမ်ခန်းမထဲသို့ လျင်မြန်စွာ ဝင်လာခဲ့သည်။

“မင်းသမီး ကျန်းဝမ်ကို ဂါရဝပြုပါတယ်။”

အစေခံ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်လိုက်ရသည်နှင့် ဝူကျန်းဝမ်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

“ရှောင်တိ။ ဘာတွေဖြစ်နေတာလဲ။”

အစေခံက လျင်မြန်စွာ ပြောလိုက်သည်။ “မင်းသမီးကြီး ကျန်းဝမ်။ သတင်းကောင်းပါ။ ချိုင်လူကြီးမင်းကို ရာထူးပြန်လည်ခန့်အပ်လိုက်ပြီး ဧကရာဇ်က သူ့ကို ရှနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ပေးလိုက်ပါတယ်။”

ချိုင်ကျိလျှံသည် ဝူကျန်းဝမ်နှင့် အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး စိမ်းလန်း‌သောမိုးတိမ်ခန်းမ‌ဆောင် အတွင်းရှိ အစေခံများပင် သူထံ၌ မင်းသမီးကျန်းဝမ်အား ခံစားချက်များ ရှိနေကြောင်း သိရှိကြသည်။ ထို့ကြောင့် သူ အိမ်ထောင်မပြုပဲ နေခဲ့ခြင်းဖြစ်သည်။

အစေခံ၏ စကားကို ကြားလိုက်ရသည်နှင့် ဝူကျန်းဝမ်က အနည်းငယ် ပြုံးရယ်ကာ ပြောလိုက်သည်။

“စစ်ပွဲဟာ တကယ်ပဲ ပြီးဆုံးတော့မယ်ဆိုတာ ထင်ရှားနေပြီ။ ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်က သံချပ်ကာမြင်းတပ်တွေ ဘယ်ရောက်သွားလဲဆိုတာ မသိရသေးဘူး။ သူတို့အကြောင်း သတင်းမထွက်သေးဘူး။”

ဝူကျန်းဝမ်သည် မြောက်ပိုင်းပြည်နယ်၏ လှုပ်ရှားမှုများ ၊အထူးသဖြင့် သံချပ်ကာမြင်းတပ်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့သည်။ သတင်းရယူရန် ထောက်လှမ်းရေးများစွာ စေလွှတ်ခဲ့သော်လည်း ယခုအချိန်ထိ သံချပ်ကာမြင်းတပ်သည် မြောက်ပိုင်းပြည်နယ်တွင် ထပ်မံမပေါ်ထွက်သေးပေ။ ထို့ကြောင့် ထိုမြင်းတပ် ရုတ်တရက် စစ်မြေပြင်ပေါ်တွင် ပေါ်ထွက်လာပြီး ဝူနိုင်ငံတော်၏ စစ်တပ်ကို အံ့အားသင့်စေမည်ကို ဝူကျန်းဝမ် စိုးရိမ်နေခဲ့သည်။ သို့သော် စစ်ပွဲက ပြီးဆုံးခါနီးပြီဖြစ်ပြီး ထိုတပ်များ နှစ်နိုင်ငံစစ်မျက်နှာ၏ ရှေ့တန်းသို့ မရောက်ရှိသေးသည်မှာ ထင်ရှားနေသည်။

.......

All Chapters