အခန်း ၂၆၅-၂၆၇
Vol. 18 Ch. 265-267
အခန်း (၂၆၅)
ဒီညပြီးရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဆိုတာ မရှိတော့ဘူး (၂)
သူတို့နှစ်ယောက် လက်ဖက်ရည်သောက်နေစဉ် ခြံဝင်ပေါက်မှ အစေခံအမျိုးသမီး၏ အသံကို ကြားလိုက်ရသည်။
“မင်းသားကို ဂါရဝပြုပါတယ်။”
အစေခံ၏ စကားကို ကြားလိုက်ရသည်နှင့် သူတို့၏ စိတ်ထဲထင်ယောင်ထင်မှား ဖြစ်နေတာလားဟု ထင်မိသွားကြသည်။ အကြောင်းမှာ လုချန်းသည် ယခင်က ဤခြံဝင်းသို့ လာခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ခြံဝင်ပေါက်တွင် လူတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရပြီး ထိုသူမှာ လုချန်းပင်ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့လည်း ချက်ချင်းပင် ကျောက်ခုံမှ ထလိုက်ကြသည်။
သူတို့ အလွန်အံ့အားသင့်သွားကြသည်။ လုချန်းသည် သူတို့၏ ခြံဝင်းထဲသို့ လာရောက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ လုချန်း ဘာကြောင့် လာရတာလဲ။
သူအခက်အခဲတစ်စုံတစ်ရာနှင့် ကြုံတွေ့နေပြီး လျှို့ဝှက်လဝန်းနန်းတော်ဆီက အကူအညီတောင်းလိုလို့လား။
ချန်ဝမ်ရွန်က ဦးဆောင်ပြီး ကြိုဆိုလိုက်သည်။
“မင်းသားကို ကြိုဆိုပါတယ်။”
...
လုချန်းက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။
“ ဓလေ့ထုံးတမ်းတွေ မလိုပါဘူး ချန် မိန်းက လေး။”
ထို့နောက် လင်ဝမ်ရွန်က မေးလိုက်သည်။
“ချန်းလေး။ နန်းတော်သခင်ကို တွေ့စရာ ကိစ္စရှိလို့လား။”
လင်ဝမ်ရွန်သည် ချန်ဝမ်ရွန်နှင့် လုချန်းကြားစကားခံပေးခဲ့ပြီးပြီ ဖြစ်သော်လည်း ဒီကြားထဲ့ သူတို့ချင်း တွေ့ဆုံခဲ့ခြင်း မရှိသေးပါ။ အမျိုးသမီးများစွာရှိသော လုချန်းသည် ချန်ဝမ်ရွန်အပေါ် အာရုံစိုက်နေပုံမရပေ။
ချန်ဝမ်ရွန်ကလည်း ယောက်ျားများကို ဖြားယောင်းရာတွင် အတွေ့အကြုံမရှိသလို လုချန်း၏ နှလုံးသားကို လှုပ်ခတ်စေရန်နည်းလမ်းကိုလည်း မသိပေ။ ထို့ကြောင့် သူတို့၏ ဆက်ဆံရေးက ရပ်တန့်နေခဲ့သည်။
ချန်ဝမ်ရွန်ကို ပြုံးရင်း ကြည့်လိုက်ကာ လုချန်းက ပြောလိုက်သည်။
“ချန်မိန်းကလေးဆီက အကူအညီတစ်ခု တောင်းခံချင်တယ်။ ဖြစ်နိုင်ရင်ပေါ့။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် အံ့အားသင့်သွားကြသည်။
မြောက်ပိုင်းပြည်နယ်တွင် ဤမျှကြာမြင့်စွာ နေထိုင်လာပြီးနောက် လုချန်းက သူတို့ထံမှ အကူအညီ တစ်ခါမျှ မတောင်းခံခဲ့ဖူးပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ မြောက်ပိုင်းပြည်နယ်၏ သာမန်လူများကို စာသင်ကြားပေးရန် တပည့်များ စေလွှတ်ပေးရသည့်ကလည်း လင်ဝမ်ရွန်က လုချန်းထံ လာရောက်ကမ်းလှမ်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့မလုပ်ခဲ့ပါက လုချန်းက သူတို့ထံမှ အကူအညီတောင်းခံမည် မဟုတ်ပေ။
မျှော်လင့်မထားပဲ ယနေ့ လုချန်းက သူတို့၏ အကူအညီကို တက်တက်ကြွကြွ တောင်းခံလာခဲ့သည်။ ဒါက သူတို့အတွက် ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်၏။ နောက်ဆုံးတွင် သူတို့သည် သူတို့အပေါ် သတိကြီးစွာ မထားတော့သော လုချန်းနှင့် ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်တော့မည်ဖြစ်သည်။
ချန်ဝမ်ရွန်က အေးဆေးစွာဖြင့် ပြောလိုက်သည်။
“မင်းသား ပြောပါ။”
လုချန်းက
“မကြာသေးမီက မြောက်ပိုင်းမြို့တော်ကို လုပ်ကြံသူအများအပြား ရောက်ရှိလာပါတယ်။ ချန်မိန်းကလေးက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို ခဏကာကွယ်ပေးထားဖို့ တောင်းဆိုချင်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်က မတွန့်မဆုတ်ပဲ ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ။”
ချန်ဝမ်ရွန်၏ အဖြေက အလွန်တိုက်ရိုက်ဖြစ်နေသဖြင့် လုချန်း နောက်ထပ် ဘာပြောရမည်ကို မသိတော့ပေ။
လုချန်းက ပြုံးရယ်ကာ
“ဒါဆို ချန်မိန်းကလေးကိုပဲ့ ဒီကိစ္စအတွက် ဒုက္ခပေးရတော့မယ်။”
“ကျွန်တော့်မှာ အခြားကိစ္စတွေရှိနေသေးလို့ ခင်ဗျားတို့ကို နောက်ထပ် အနှောင့်အယှက်မပေးတော့ဘူး။”
ထိုစကားကို ပြောပြီးနောက် လုချန်းလည်း လှည့်ထွက်သွားခဲ့သည်။ ချန်ဝမ်ရွန်ကလည်း မျက်နှာအမူအရာမပြောင်းပဲ ပြောလိုက်သည်။
“မင်းသားကို နှုတ်ဆက်ပါတယ်။”
သူတို့၏ စကားပြောဆိုမှု နေကြပုံကို မြင်ရပြီး လင်ဝမ်ရွန် အံ့သြနေခဲ့သည်။
ဒါက...
အလွန်ရိုးရှင်းပြီး တိုက်ရိုက်ကျနေသည်။ နောက်ထပ် စကားပြောစရာ မရှိပေ။ ဒီလိုနည်းနဲ့ ဆက်ဆံရေးက ဘယ်လိုတိုးတက်လာမှာလဲ။
သို့သော် ချန်ဝမ်ရွန်ကို အပြစ်တင်လို့မရပါဘူး။ သူမသည် ယခင်က ယောက်ျားများနှင့် အများကြီး ထိတွေ့ဆက်ဆံခဲ့ဖူးခြင်း မရှိသလို ထိုသို့သော အတွေ့အကြုံလည်း မရှိခဲ့ပေ။ သူမ၏ စကားပြောဟန်သည် အမြဲတမ်း ဒီအတိုင်းပင်ဖြစ်သည်။ ဒါက သူမ၏ ငယ်ငယ်ကတည်းက အကျင့်ဖြစ်သည်။
လုချန်းသည် ခြံထဲမှ ထွက်ခွာသွားပြီးနောက် လင်ဝမ်ရွန်လည်း လုချန်းနောက်ကို လိုက်သွားခဲ့သည်။ လုချန်းက ပိုင်ချင်းချင်းကို ရှာဖွေပြီး ဒီည တာဝန်ကျမည့် တပ်ဖွဲ့ကို စီစဉ်နေစဉ် လင်ဝမ်ရွန်၏ အသံကို သူ့အနောက်မှ ကြားလိုက်ရသည်။
“ချန်းလေး။ ခဏစောင့်ပါ။”
လင်ဝမ်ရွန်ဖြစ်ကြောင်း သိလိုက်ရသည်နှင့် လုချန်းက ချက်ချင်းပင် လှည့်ပြီး သူမကို ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဒေါ်လေးလင်။ နောက်ထပ် ကိစ္စတစ်ခု ရှိသေးလို့လား။”
လင်ဝမ်ရွန်က
“ဘာမှ အရေးကြီးတာ မရှိပါဘူး။ ချန်းလေးကို နန်းတော်သခင်နဲ့ နည်းနည်း စကားထပ်ပြောဖို့ သတိပေးချင်တာပါ။ မျက်နှာချင်းဆိုင် စကားပြောဖို့ အခွင့်အရေးရဖို့က မလွယ်ပါဘူး။”
ဝမ်းနည်းသွားသော ပုံစံဖြင့် လုချန်းက ပြန်ပြောလိုက်သည်။
“အင်း။ ကျွန်တော်ကလည်း ချန်မိန်းကလေး နဲ့ ပိုကြာကြာ စကားပြောချင်ပေမဲ့ ဒေါ်လေးမြင်တဲ့အတိုင်းပဲ။ ကျွန်တော်တို့ နှစ်ယောက်လုံးက တိုက်ရိုက်ပြောတတ်တဲ့သူတွေပါ။”
“ပြီးတော့ သူ့ရှေ့မှာ ကျွန်တော်က စိတ်တွေလှုပ်ရှားပြီး ဘာပြောရမှန်း မသိတော့ဘူး။”
လုချန်း၏ အဖြေကို ကြားလိုက်ရတော့ လင်ဝမ်ရွန်က စဉ်းစားကြည့်လိုက်သည်။ ဒါက အမှန်တကယ်ပင် ပြဿနာတစ်ခုဖြစ်သည်။ သူမ နန်းတော်သခင်နှင့် သေချာစကားပြောရန် လိုအပ်ပုံရသည်။ နောင်တွင် လုချန်းနှင့် စကားပြောသည့်အခါ စကားမနည်းရန် အကြံပြုရမည်ဖြစ်သည်။
သူမတွင် ယောက်ျားများနှင့် ချစ်ကြိုက်ဖူးသည့် အတွေ့အကြုံမရှိသော်လည်း ဆက်ဆံရေးတစ်ခု တိုးတက်လာရန်အတွက် ဆက်သွယ်မှု ပိုမိုရှိသင့်သည်ကို သိထားသည်။
ယခုကဲ့သို့ တိုတောင်းသော ထိတွေ့ဆက်ဆံမှုများသည် ခံစားချက်များ ဖွံ့ဖြိုးလာရန် မလုံလောက်ပေ။ အကယ်၍ ချန်ဝမ်ရွန်သာ ဒီအတိုင်း ပြုမူနေပါက လုချန်းကို ချစ်ခြင်းပိုးကောင် ထည့်သွင်းရန် အလွန်ခက်ခဲလိမ့်မည်ဟု သူမစိုးရိမ်မိသည်။
ထိုအတွေးဖြင့် လင်ဝမ်ရွန်က ပြောလိုက်သည်။
“ကောင်းပါပြီ။ နောက်ဆို မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင် စကားပြောခွင့်ရအောင် ပိုဖန်တီးပေးပါမယ်။”
“အခု မရင်းနှီးသေးတော့ စကားပြောစရာ ဘာမှမရှိပေမဲ့ တစ်ယောက်ကိုတစ်ယောက် သိလာတဲ့အခါ ပိုရှိလာမယ်လို့ ထင်တယ်။”
လုချန်းက
“ဒေါ်လေးလင်ပြောတာ မှန်ပါတယ်။”
“ဒေါ်လေးလင်။ အခု ကျွန်တော့်မှာ အခြားကိစ္စတွေ ရှိနေတာကြောင့် အရင်ထွက်သွားပါမယ်။”
လင်ဝမ်ရွန်က
“ကောင်းပါပြီ။ လုပ်စရာရှိတာ သွားလုပ်ပါ။ ဒေါ်လေး နောက်ထပ် မနှောင့်ယှက်တော့ဘူး။”
ထို့နောက် လုချန်းလည်း ထွက်ခွာသွားခဲ့သည်။
လုချန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်ဝမ်ရွန်သည် ခြံထဲသို့ ပြန်ဝင်သွားပြီး ချန်ဝမ်ရွန်၏ စိတ်ထားကို ပြုပြင်ရန် ကြိုးစားခဲ့သည်။
“ ဒီလိုမျိုးဆို အဆင်မပြေပါဘူး နန်းတော်သခင်။ မြောက်ပိုင်းနယ်စားမင်းသားက နန်းတော်သခင်ကို ချဉ်းကပ်ဖို့ ဒီလောက်ကြိုးစားခဲ့တာ။ ဒါပေမဲ့ မင်းက စကားအနည်းငယ်ပဲ ပြောခဲ့တယ်။ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် မင်းက သူ့ကို စိတ်ဝင်စားမှုမရှိဘူးလို့ သူထင်သွားပြီး နောက်ဆုံး လက်လျှော့သွားလိမ့်မယ်။”
လင်ဝမ်ရွန်၏ စကားများကို ကြားနေရသော်ချန်ဝမ်ရွန်၏ မျက်နှာတွင် မည်သည့်အမူအရာမှ မပြောင်းလဲသေးပါ။
“သူနဲ့ ဘယ်လိုဆက်သွယ်ရမှန်း ကျွန်မ မသိဘူး ဒေါ်လေးလင် ။”
ချန်နိုင်ငံတော်မှ ထွက်ခွာလာပြီးနောက် ချန်ဝမ်ရွန်သည် တိတ်ဆိတ်နေတတ်ပြီး သူမ၏ မျက်နှာအမူအရာက ပြောင်းလဲခဲသည်။ ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို ဂရုမစိုက်သကဲ့သို့ ဖြစ်နေသည်။
ချန်ဝမ်ရွန်၏ အဖြေကို ကြားလိုက်ရတော့ လင်ဝမ်ရွန် ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။
ဒါက အဓိပ္ပာယ်ရှိ၏...
ချန်ဝမ်ရွန်သည် ဤကိစ္စမျိုးနှင့် ပတ်သက်၍ အတွေ့အကြုံမရှိသလို ယောက်ျားများနှင့် ထိတွေ့ဆက်ဆံမှုလည်း နည်းပါးသည်။ သူမ ထိတွေ့ဆက်ဆံသည့် အခါတွင်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ ယောက်ျားတပည့်များကို အမိန့်ပေးရုံသာ ဖြစ်သည်။
သူမသည် လျှို့ဝှက်လဝန်းနန်းတော်တွင် အဆင့်မြင့်ရာထူးရှိသူဖြစ်သဖြင့် ယောက်ျားတပည့်များနှင့် စကားပြောသည့်အခါ အမိန့်ပေးသံဖြင့် ပြောဆိုလေ့ရှိပြီး စကားအလွန်နည်းသည်။ ယောက်ျားတစ်ယောက်နှင့် တန်းတူအဆင့်အတန်းဖြင့် စကားပြောရခြင်းက သူမအတွက် အမှန်တကယ်ပင် ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။
သို့သော် ထိုအရာကို မပြောင်းလဲပါက လုချန်းအနေနှင့် သူမ၏အပေါ် အပြည့်အဝ ချစ်ကြိုက်နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ သူမ၏ အေးစက်သော သဘောထားက မြောက်ပိုင်းနယ်စားမင်းသားကို ဝေးကွာစေနိုင်သည်။ အမှန်တော့ သူသည်လည်း ကိုယ်ပိုင်အဆင့်အတန်းနှင့် ရပ်တည်ချက်ရှိသော ယောက်ျားတစ်ယောက်ဖြစ်သည်။ သူမက ထိုကဲ့သို့ အထက်စီး သဘောထားဖြင့် ဆက်သွယ်ပါက သူ့အတွက် ခံစားချက် မကောင်းနိုင်ပါ။
လင်ဝမ်ရွန်၏ စိတ်ထဲတွင် ချန်ဝမ်ရွန်ကို လေ့ကျင့်ပေးရန် နည်းလမ်းတစ်ခု ရှာဖွေရန် လိုအပ်သည်ဟု တွေးမိသည်။
ချန်ဝမ်ရွန်သည် ဤကဲ့သို့ ဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ယောက်ျားများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမကို ခြံထဲတွင် တစ်နေကုန် မနေစေပဲ ယောက်ျားများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာစေရန် လုပ်ဆောင်သင့်သည်။
သို့သော် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်အနေဖြင့် ချန်ဝမ်ရွန်သည် ယောက်ျားတိုင်းနှင့် ထိတွေ့ဆက်ဆံနိုင်မည် မဟုတ်ပေ။
အကောင်းဆုံး လေ့ကျင့်ဖော်မှာ လုချန်းပင်ဖြစ်သည်။ သူတို့၏ ရည်မှန်းချက်မှာ လုချန်းသူမအပေါ် ချစ်ကြိုက်လာစေရန်ဖြစ်သည့်အတွက် နောင်တွင် ချန်ဝမ်ရွန်နှင့် လုချန်းတို့ နှစ်ယောက်တည်း ဖြစ်နေစေရန် အကြောင်းပြချက်များ ရှာဖွေသင့်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ချန်ဝမ်ရွန် ယောက်ျားတစ်ယောက်နှင့် ထိတွေ့ဆက်ဆံနိုင်သည့်အပြင် လုချန်း သူမ၏အပေါ် ချစ်ကြိုက်လာနိုင်ခြေလည်း ရှိသည်။
ဤအတွေးဖြင့် သူတို့နှစ်ဦးတည်း ရှိနေနိုင်မည့် အခွင့်အရေးများကို ဖန်တီးရန် လင်ဝမ်ရွန် ဆုံးဖြတ်လိုက်သည် ။
လုချန်းသည် ချန်ဝမ်ရွန်နေထိုင်သော ခြံထဲမှ ထွက်ခွာပြီးနောက် ပိုင်ချင်းချင်းကို ရှာဖွေခဲ့ပြီး သူမအား ထိုညတွင် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို စောင့်ကြပ်စေရန် စီစဉ်ခဲ့သည်။
အားလုံးကို တပြိုင်နက်တည်း တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း လွတ်သွားသူများ ရှိနိုင်သည့်အတွက် သတိထားခြင်းက ပိုကောင်းသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ကာကွယ်ရေး ခိုင်မာစွာရှိရမည်။ လုပ်ကြံသူများ အခွင့်အရေးများ ရှာဖွေတွေ့ရှိခွင့် မရှိစေရပေ။
ညနေခင်းရောက်လာပြီဖြစ်သည်။
နေလည်း အနောက်ဘက်သို့ စောင်းသွားသည်။
စားသောက်ဆိုင်ထဲတွင်။
ဆုတန်သည် ပြတင်းပေါက်ဘေးတွင် ထိုင်နေပြီး မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ဘက်သို့ ကြည့်ရင်း အရက်သောက်နေသည်။
သူက သူ့ရဲ့ရှေ့မှ ဝါးခမောက်ဆောင်းထား သောလူကို ပြုံးပြရင်း
“မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံချင်တဲ့ လူတော်တော်များများ ရှိနေပုံရတယ်။”
ဆုတန်သည် လူ့လောက အတွေ့အကြုံ ကြွယ်ဝသူဖြစ်ပြီး လမ်းပေါ်တွေ့ရသောကုန်သည်များအဖြစ် ရုပ်ဖျက်ထားသော စစ်သည်များကို အလွယ်တကူ သတိထားမိလိုက်သည်။
ထိုလူများသည် သူတို့အတွက် လာခြင်းဟု သူမထင်ခဲ့ပေ။ သူ့အမြင်တွင် သူတို့သည်လည်း မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် ရည်ရွယ်ချက်ရှိသော လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် ရှနိုင်ငံတော်၏ အာဏာရှိမိသားစုနှင့် ပညာတတ်လူတန်းစားများကို စိတ်ဆိုးစေခဲ့သည့်အတွက် သူ့ကို သတ်လိုသူများ အများအပြားရှိနေသည်။ သူတို့နှင့် ရည်မှန်းချက်တူသော အုပ်စုသုံးစုထက်မနည်း ဆုတန် သိထားသည်။
ဝါးခမောက်ဆောင်းထားသော လူက အေးဆေးစွာဖြင့် ပြောလိုက်သည်။
“ဟုတ်ပြီ။ ဒီညမှာ ကျွန်တော်တို့ မလုပ်ကြံပဲ ဒီလူတွေကို အရင်စမ်းကြည့်ခိုင်းရင် ဘယ်လိုလဲ။ သွေးလဝန်းရဲတိုက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့တာက မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ တကယ်ပဲ အင်အားတစ်ချို့ ရှိတယ်ဆိုတာ သက်သေပြနေတယ်။”
ဆုတန်က သူ့ရှေ့မှ အရက်ခွက်ကို မြှောက်ကာ အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ပြောလိုက်သည်။
“မလိုပါဘူး။ လူတိုင်းက ရည်မှန်းချက်တူနေတာကြောင့် အင်အားတွေပေါင်းစုပြီး လုပ်ကြရအောင်။”
“ဒီလူတွေ ဒီလောက် အလျင်စလို ဖြစ်နေတာကို ကြည့်ရင် သူတို့လည်း ဒီညမှာ လုပ်ကြံဖို့ စီစဉ်နေကြတာနေမယ်။”
“အုပ်စုအမြောက်အမြား ပြိုင်တူလှုပ်ရှားရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ခုခံနိုင်မှာ မဟုတ်ဘူး။ ရန်ခရိုင်အပြင်က တပ်တွေ ဝင်လာတဲ့အချိန်မှာ အရာအားလုံး ပြီးဆုံးသွားပြီ။”
ထိုအခါ ဝါးခမောက်ဆောင်းထားသော လူက
“ရဲတိုက်မှူး မှန်ပါတယ်။”
ထိုသို့ပြောပြီးနောက် ဝါးခမောက်ဆောင်းထားသော လူက ပြတင်းပေါက်အပြင်ဘက်ရှိ ဝင်ခါနီးနေကို မော့ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။
“ဒီညပြီးရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဆိုတာ မရှိတော့ပါဘူး။”
ဆုတန်က ရယ်မောကာ စားပွဲဘေးက ဓားကို ကောက်ယူပြီး ထလိုက်သည်။
“နေဝင်ပြီ။ ကျွန်တော်တို့လည်း အဆင်သင့်ဖြစ်ရမယ့် အချိန်ရောက်ပြီ။”
......
အခန်း (၂၆၆)
တစ်ခုခု မှားနေပြီ။ အရမ်းမှားနေပြီ
ညအချိန်ရောက်သောအခါ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူများသည် လမ်းများပေါ်တွင် အဆက်မပြတ် ပြေးလွှားနေကြသည်။ သူတို့၏ ပြေးနှုန်းသည် အလွန်မြန်ဆန်ပြီး လူတိုင်းသည် အဆင့်ကိုးနှင့် အထက် စွမ်းအားရှိသူများဖြစ်သည်။
လုချန်းသည် အခန်းထဲတွင် ရပ်နေပြီး သူ၏ အနက်ရောင်ဝတ်စုံကို ငုံ့ကြည့်လိုက်ကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော့်လို မင်းသားတစ်ယောက်က သူခိုးတွေ ဝတ်တဲ့ အဝတ်အစားမျိုး ဝတ်ရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်က မေးလိုက်သည်။
“ချန်းလေး။ မင်းတကယ်ပဲ အပြင်ထွက်မှာလား။”
ချူးယုချင်သည်လည်း ယနေ့ည ဖြစ်ပွားမည့် စစ်ဆင်ရေးကို သိရှိပြီးဖြစ်၍ သူမ၏စိတ်အတွင်းတွင် အနည်းငယ် စိုးရိမ်နေသည်။ အကြောင်းမှာ လုချန်းကို လုပ်ကြံရန် လာကြသူများထဲတွင် အဆင့်လွန် ပညာရှင်တစ်ဦး ပါဝင်နိုင်သည်ဟု သူမ ကြားသိထားသောကြောင့် ဖြစ်သည်။
အဆင့်လွန် ပညာရှင်အဆင့်သည် ထိပ်သီးပညာရှင် အဆင့်နှင့် အနီးဆုံးဖြစ်ပြီး သူတို့ လှုပ်ရှားလာပါက ထိပ်သီးပညာရှင်များပင် အခါအားလျော်စွာ သူတို့လက်ထဲတွင် ဒုက္ခရောက်တတ်သည်။
လုချန်းက ချူးယုချင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“စိတ်ချပါ ဒေါ်လေးချူး။ ကျွန်တော်က အရင်မစပါဘူး။ ရွှမ်ယွမ်ချန်းနဲ့ ဝမ်ရန်လီတို့က အချိန်ကျရင် လှုပ်ရှားကြမှာပါ။”
...
“ပြီးတော့ သူတို့ဘက်မှာ အဆင့်လွန်ပညာရှင်အဆင့် တစ်ယောက်ပဲ ရှိတယ်ဆိုတော့ ပြဿနာမရှိပါဘူး။”
ချူးယုချင်က အနည်းငယ် သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ။ သူမ၏ အင်အားသည် လုချန်းကို ကာကွယ်နိုင်ရန် လုံလောက်သည်အထိ မကြီးမားသည့်အတွက် ချူးယုချင် စိတ်မကောင်းဖြစ်မိသည်။
ထိုအချိန်တွင် ချူးယုချင်က ပိုင်ချင်းချင်းကို သတိရသွားပြီး ပြောလိုက်သည်။
“ချန်းလေး။ ပိုင့်ကို မင်းနဲ့အတူ ခေါ်သွားပါလား။ ဘယ်လိုအန္တရာယ်မျိုးဖြစ်ဖြစ် ပိုင်က မင်းကိုတော့ ကာကွယ်ပေးနိုင်သေးတယ်။”
လုချန်းက သူ၏အင်္ကျီလက်စကို ခေါက်လိုက်ရင်း ပြောလိုက်သည်။
“မလိုပါဘူး။ ပိုင်က မင်းသားစံအိမ်မှာ ကျိရွှမ်းတို့ကို ကာကွယ်ဖို့ နေတာက ပိုကောင်းပါတယ်။ ကျွန်တော် အကြောက်ဆုံးက လုပ်ကြံသူတစ်ယောက်က ဝင်ရောက်လာနိုင်ခြေပါ။”
ထိုသို့ ပြောပြီးနောက် လုချန်းက ချူးယုချင်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒေါ်လေးချူး မင်းသားစံအိမ်က အရေးအရာအားလုံးကို ဒေါ်လေးလက်ထဲ အပ်လိုက်ပြီး။ ကျွန်တော်အခုသွားတော့မယ်။”
ချူးယုချင်က
“ကောင်းပါပြီ။ စိတ်ချပါ။ ကျိရွှမ်းတို့ကို ဒေါ်လေး ကာကွယ်ပေးပါမယ်။”
လုချန်းက နောက်ထပ် ဘာမှမပြောတော့ပဲ ချက်ချင်းပင် သူ၏မျက်နှာကို အနက်ရောင်အဝတ်စတစ်ခုဖြင့် ဖုံးလိုက်ပြီး ခဏအတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် လုပ်ကြံသူတစ်ယောက်၏ ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။
...
ယနေ့ည စစ်ဆင်ရေးသည် မင်းသား စံအိမ်အတွင်းတွင် မဟုတ်ဘဲ လမ်းမပေါ်တွင် ဖြစ်သည့်အတွက် သူ့ကို မှတ်မိသွားနိုင်မှာ လုချန်းကို စိုးရိမ်၏။ ထို့ကြောင့် သူတို့အားလုံးသည် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံများကို တစ်ညီတစ်ညွတ်တည်း ဝတ်ဆင်ထားကြသည်။
သို့သော် သူတို့၏ လက်ကောက်ဝတ်တွင် အဖြူရောင်အဝတ်စများ စည်းထားသဖြင့် အဖွဲ့ဝင်အချင်းချင်း အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။
ယနေ့ညတွင် လသည် အလွန်လင်းထိန်နေပြီး မီးအိမ်များ၏ အလင်းရောင်မပါပဲနှင့်ပင် လမ်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုအချိန်တွင် အရိပ်အချို့သည် သာမန်ပြည်သူများ၏ နေအိမ် ခေါင်မိုးများပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေကြပြီး ထိုအရိပ်များ မြောက်ပိုင်းနယ်စားမင်းသာ စံအိမ်သို့ ရောက်ခါနီးတွင် ရုတ်တရက် အခြားအနက်ရောင်ဝတ်စုံ ဝတ်ထားသော လူများက ထိုအရိပ်များ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
အုပ်စုနှစ်စုသည် ခေါင်မိုးများပေါ်မှ ဆင်းလာပြီး လမ်းပေါ်တွင် ရင်ဆိုင်လိုက်ကြသည်။
ခပ်လှမ်းလှမ်းမှ အနက်ရောင်ဝတ်စုံဝတ်ထားသော ထိုလူများကို မြင်လိုက်ရသည်နှင့် ဆုတန်က လှမ်းပြောလိုက်သည်။
“ကိုယ့်လူတို့။ ကျုပ်တို့ရဲ့ ရည်မှန်းချက်က တူနေပုံရတယ်။ ပူးပေါင်းပြီး လုပ်ကြရအောင်။”
“ကျုပ်တို့လိုချင်တာက မြောက်ပိုင်းနယ်စားမင်းသား သေဖို့ပဲ။ သူ့အလောင်းကို ဘယ်လိုစွန့်ပစ်မယ် ဆိုတာကိုတော့ ခင်ဗျားတို့ စိတ်ကြိုက်လုပ်လို့ရတယ်။”
လုပ်ကြံသူအများစုသည် သူတို့၏ ပစ်မှတ်များ၏ ဦးခေါင်းကို ပြန်ယူလာရန် လိုအပ်သော်လည်း ဝိဉာဉ်ရဲတိုက်အတွက် မြောက်ပိုင်းနယ်စားမင်းသား၏ ဦးခေါင်းကို မလိုအပ်ပေ။ သူတို့လိုအပ်တာက သူသေဖို့ပင်ဖြစ်သည်။ ထို့ကြောင့် ထိုလူများနှင့် ပဋိပက္ခဖြစ်မှုကို ရှောင်ရှားရန် ဆုတန်က အခွင့်အရေး ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် ဆုတန်က ထိုသို့ပြောလိုက်သော်လည်း အနက်ရောင်ဝတ်စုံဝတ်ထားသော လူများက လှုပ်ရှားခြင်းမရှိပဲ ငြိမ်သက်နေကြသည်။
တစ်ခုခု မှားယွင်းနေသည်ဟု ဆုတန်ချက်ချင်း ခံစားမိလိုက်သည်။ ထိုလူများ က သူ၏ ကမ်းလှမ်းချက်ကို သဘောမတူရင်တောင် ဘာမှမပြောပဲ ငြိမ်နေသည်က အဓိပ္ပာယ်မရှိပေ။ တစ်ခုခု အမှန်တကယ် မှားယွင်းနေသည်။
ပြဿနာတစ်ခု စပြီဖြစ်သည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ ခေါင်မိုးများပေါ်တွင် လေးနှင့်မြားကိုင်ဆောင်ထားသော အနက်ရောင်ဝတ်စုံဝတ် လူများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဆုတန် ဘာမှမပြောနိုင်မီတွင် အနက်ရောင်ဝတ်စုံဝတ်ထားသော ထိုလူများက မြားများကို ပစ်လွှတ်လိုက်သည်။
မြားမိုးရွာကျလာသော ကောင်းကင်ကို မြင်လိုက်ပြီးနောက် ထိုအနက်ရောင်ဝတ်စုံဝတ် များသည် မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံရန် လာကြသူများ မဟုတ်ပဲ သူ့ကို ကာကွယ်သူများ ဖြစ်နိုင်သည်ဟု ဆုတန်ချက်ချင်း သဘောပေါက်လိုက်သည်။
ဆုတန်က သူ့လူများကို ချက်ချင်း အော်ပြောလိုက်သည်။
“ကျုပ်တို့ကို သတိထားမိသွားပြီ။ တိုက်ကြ တော့။”
ဆုတန်၏ စကားကို ကြားလိုက်ရသည်နှင့် ဝိဉာဉ်ရဲတိုက်၏ လုပ်ကြံသူများသည် ချက်ချင်းပင် အနက်ရောင်ဝတ်စုံဝတ်များဆီသို့ ပြေးသွားကြသည်။ သို့သော် အနက်ရောင်ဝတ်စုံဝတ်များသည် ချက်ချင်း ပြန်လည်တိုက်ခိုက်ခြင်း မပြုပဲ သံလုံးအချို့ကို ထုတ်ယူကာ ဝိဉာဉ်ရဲတိုက်၏ လုပ်ကြံသူများဆီသို့ ပစ်လိုက်ကြသည်။
ဝိဉာဉ်ရဲတိုက်၏ လုပ်ကြံသူများက ထိုသံလုံးများသည် လက်နက်တစ်မျိုးဖြစ်နိုင်သည်ဟု ထင်မှတ်ကာ သူတို့၏ ဓားများဖြင့် သံလုံးများကို ခုတ်ဖြတ်ခြင်း ကန်ထုတ်ခြင်းများ ပြုလုပ်ရန် ကြိုးစားနေစဉ်တွင် သံလုံးများသည် မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ဝိဉာဉ်ရဲတိုက်၏ လုပ်ကြံသူများစွာကို ချက်ချင်းပင် ရှင်းလင်းလိုက်သည်။ အဆင့်ကိုး သိုင်းပညာရှင်များပင် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြသည်။
ထိုအချင်းအရာကို မြင်လိုက်ရတော့ ဆုတန်၏ မျက်ခုံးများ တွန့်သွားခဲ့သည်။ ထိုသံလုံးများ ဤမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
တစ်ခုခု မှားယွင်းနေသည်။
အလွန်မှားယွင်းနေသည်။
ဆုတန်သည် ဝိဉာဉ်ရဲတိုက်၏ ရဲတိုက်မှူး ဖြစ်ပြီး ထိုရာထူးကို သိုင်းပညာစွမ်းအားတစ်ခုတည်းကြောင့် ရရှိလာခြင်း မဟုတ်ပေ။
ဆုတိန်က ချက်ချင်း ပြောလိုက်သည်။
“ဆုတ်ခွာကြ။”
ဆုတိန်၏ အမိန့်ကို ကြားလိုက်ရသည်နှင့် ဝိဉာဉ်ရဲတိုက်၏ လုပ်ကြံသူများသည် ချက်ချင်းပင် စတင်ဆုတ်ခွာလာကြသည်။ သူ့တို့မှာ ရှေ့ဆက်တိုးရန် ရည်ရွယ်ချက် မရှိတော့ပေ။
မြောက်ပိုင်းမြို့တော်သည် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည်သုံးသိန်းကို မည်သို့ အနိုင်ရခဲ့ပုံနှင့် သွေးလဝန်းရဲတိုက် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ဒုက္ခရောက်ခဲ့ပုံတို့ကို အခြေခံအားဖြင့် ဆုတန် ခန့်မှန်းထားမိသည်။
မြောက်ပိုင်းမြို့တော်တွင် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ရှိနေပြီး ထိုလက်နက်သည် အဆင့်ကိုး သိုင်းပညာရှင်ကိုပင် အလွယ်တကူ သတ်နိုင်သည်။ လူသား၏ စွမ်းအားနှင့် ဆိုပါက ထိပ်သီးပညာရှင်တစ်ယောက်ပင် အဆင့်ကိုး သိုင်းပညာရှင်များကို အလွယ်တကူ သတ်နိုင်မည် မဟုတ်ပေ။
သူတို့ဘက်မှ သာမန်လူများပင် ထိုလက်နက်ကို အသုံးပြုနိုင်ပုံရသည်။ ထိုလက်နက်၏ သတ်ဖြတ်နိုင်စွမ်းနှင့် အကျိုးသက်ရောက်မှုသည် ထိပ်သီးပညာရှင်အဆင့် တစ်ယောက်ထက်ပင် သာလွန်သည်။
ဆုတန်၏ စိတ်ထဲတွင် ကျိန်ဆဲချင်နေသည်။ သူသည် ဤတာဝန်ကို အလွန်ရိုးရှင်းသော တာဝန်တစ်ခု ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း မြောက်ပိုင်းမြို့တော်၏ လျှို့ဝှက်ချက်နှင့် ကြုံတွေ့လိုက်ရသည်။
ယခု သူဒုက္ခရောက်နေပြီဖြစ်သည်။ မြောက်ပိုင်းမြို့တော်၏ လျှို့ဝှက်လက်နက်ကို မြင်လိုက်ပြီးဖြစ်သည့်အတွက် သူတို့ကို အလွယ်တကူ ထွက်သွားခွင့် ပေးတော့မည်မဟုတ်ပေ။
ဒုက္ခရောက်ပြီဟု အနည်းငယ် ခံစားရသော်လည်း ဆုတန်၏ စိတ်ထဲတွင်တော့ အလွန်အမင်း စိုးရိမ်နေခြင်း မရှိသေးပေ။ သူသည် အဆင့်လွန်အဆင့် ပညာရှင်တစ်ယောက်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားကို လုပ်ကြံနိုင်ခြင်း မရှိပါကလည်း ယခုလို အခြေအနေမျိုးတွင် သူအလွယ်တကူ ထွက်ပြေးနိုင်သေးသည်။
ဆုတန်နှင့် ဝိဉာဉ်ရဲတိုက်မှ လုပ်ကြံသူများ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်နှင့် မြောက်ပိုင်းပြည်နယ်မှ စစ်သားများက သူတို့နောက်ကို လိုက်လာကြပြီး ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လာကြသည်။
ဒီအတိုင်းသာ ဆက်သွားပါက သူခေါ်ဆောင်လာသော လုပ်ကြံသူအားလုံး မြို့တံခါးသို့ မရောက်မီ ထိုလျှို့ဝှက်လက်နက်ကြောင့် သေဆုံးသွားနိုင်သည်ဟု ဆုတန် ခံစားမိသည်။
ချက်ချင်းပင် အနီးနားမှ သူ့လူများကို ပြောလိုက်သည်။
“ခင်ဗျားတို့ဆီမှာ ရှိတဲ့ ငွေစတွေအားလုံး ကျုပ်ကို ပေးလိုက်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ လူကြံသူများသည် ချက်ချင်းပင် သူတို့၏ ငွေကြေးစများကို ထုတ်ယူကာ ဆုတန်ကို ပေးလိုက်ကြသည်။
ဆုတန်က သူတို့၏ ငွေစများကို လက်ချောင်းများကြားညှပ်လိုက်ကာ ပေါ့ပါးစွာဖြင့် ပစ်လွှတ်လိုက်သည်။ ခဏအကြာတွင် သူတို့ဆီသို့ ပျံသန်းလာသော ဗုံးများအားလုံး လေထဲတွင် ပေါက်ကွဲသွားကြသည်။
ထိုအခြေအနေကို မြင်လိုက်ရတော့ လုချန်းအံ့အားသင့်သွားသည်။ ဒါက အဆင့်လွန်အဆင့် ပညာရှင်တစ်ယောက်ရဲ့အစွမ်းလား။ ထိတ်လန့်ချင်စရာပင်ဖြစ်သည်။
သူကိုယ်တိုင် ပညာရှင်အဆင့်ကို ရောက်ရှိထားပြီး ဖြစ်သော်လည်း သူ့မှာ ထိုကဲ့သို့လုပ်နိုင်သည့် စွမ်းအား မရှိတာ ဘာ့ကြောင့်လဲ။
တကယ်တော့ သူ့နေရာမှာ လုချန်းဆိုလျှင်လည်း ထိုပျံသန်းလာသော ဗုံးများကို ဆုတန်ကဲ့သို့ပင် အလွယ်တကူ တားဆီးနိုင်သည်။ သို့သော် လုချန်းသည် သူ၏ကိုယ်ခန္ဓာစွမ်းအားကို သူ၏ဇနီးမယားများ အပေါ် သုံးစွဲနေသည့်အပြင် တကယ့်တိုက်ပွဲကိုလည်း မကြုံဖူးသဖြင့် သူ၏စွမ်းအားကို သူကိုယ်တိုင်အပြည့်အဝ နားမလည်ပေ။
ထိုလူများ ဝေးရာသို့ ရောက်သွားသည်ကို မြင်လိုက်ရသော လုချန်း အနည်းငယ် မျက်မှောက်ကြုတ်သွားသည်။ ဒီအတိုင်းဆက်သွား၍ မရနိုင်တော့ချေ။
ထိုလူသည် ငွေစများဖြင့် ဗုံးများကို တားဆီးနိုင်ရင် သူ၏ သေနတ်ကျည်ဆံများကိုလည်း ရှောင်နိုင်မှာလား။
ထိုအကြံ ပေါ်လာပြီးနောက် ဝိညဉ်ရဲတိုက်မှ လူသတ်သမားများကို လုချန်း ကြည့်လိုက်သည်။ ဆုတန်နှင့်အတူ စုစုပေါင်း ထိပ်သီးပညာရှင် သုံးဦးရှိသည်။ အာဏာရှိ မိသားစုသည် ဒီအကြိမ်တွင် တကယ်ပင် ရင်းနှီးမြှုပ်နှံထားသည်ဟု ထင်ရသည်။
ထို့နောက် လုချန်းက သူ၏ ဘားရတ်သေနတ်ကို ထုတ်ယူလိုက်သည်။ ဆုတန်သည် အဆင့်လွန်အဆင့် ပညာရှင်ဖြစ်သောကြောင့် သေနတ်ကျည်ဆံများကို ရှောင်နိုင်မည်မှာ သေချာသည်။ သို့သော် အခြား သာမန်ထိပ်သီးပညာရှင်နှစ်ဦးကတော့ ရှောင်နိုင်မည် မဟုတ်ပေ။
အခြားထိပ်သီးပညာရှင် နှစ်ဦးကို အရင်ကိုင်တွယ်ပြီးမှ ဆုတန်ကို ဖြေရှင်းရန် လုချန်း စဉ်းစားလိုက်သည်။
လုချန်းက ဘာရတ်သေနတ်ကို ထုတ်ယူလိုက်ဆုတန်ဘေးနားမှ ထိပ်သီးပညာရှင်တစ်ဦးကို ချိန်လိုက်ကာ ခလုတ်ကို ဆွဲလိုက်သည်။
ထိပ်သီးပညာရှင်များတွင် အလွန်စူးရှသောအမြင်အာရုံရှိသည်။ ဗုံးများ၏ တန်ခိုးကို ခံစားပြီးဖြစ်သည့်အတွက် အန္တရာယ်ကို သတိပြုမိပြီး ထိုထိပ်သီးပညာရှင်က ချက်ချင်းပင် ရှောင်တိမ်းလိုက်သည်။ သူ၏လက်ဖြင့် သို့မဟုတ် ဓားဖြင့် ကျည်ဆံကို ဖမ်းယူခြင်း ခုတ်ချခြင်းများ ပြုလုပ်ရန် မကြိုးစားခဲ့ပေ။
ခဏအကြာတွင် ဘားရတ်ကျည်ဆံသည် မြေကြီးကို ထိမှန်ကာ ကြီးမားသော ကျင်းတစ်ခုကို ဖြစ်ပေါ်သွားစေသည်။
မြေကြီးပေါ်ရှိ ကျင်းကို မြင်လိုက်ရသော ဆုတန်ကအေးစက်စွာဖြင့် ပြောလိုက်သည်။
“အဝေးကနေ လျှို့ဝှက်လက်နက် သုံးနေတဲ့သူတစ်ဦး ရှိမယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူတို့က ကျုပ်တို့ လာမှာကို ခန့်မှန်းမိပြီး ဒီနေရာမှာ ချုံခိုတိုက်ဖို့ စောင့်နေပုံရတယ်။”
ပထမဆုံး ထိပ်သီးပညာရှင် ရှောင်တိမ်းသွားသည်ကို မြင်လိုက်ရသော်လည်း လုချန်းက မလောပဲ ထိုထိပ်သီးပညာရှင်ကို ဆက်လက် ပစ်မှတ်ထားလိုက်သည်။
စူးရှသော အမြင်အာရုံရှိသည့် ထိပ်သီးပညာရှင်တစ်ဦးအနေနှင့် ကျည်ဆံကို ရှောင်နိုင်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
ထိပ်သီးပညာရှင်တစ်ဦးကို ကျဉ်ဆံထိမှန်စေရန် ထိုထိပ်သီးပညာရှင်သည် ကိုယ့်ကိုယ်ကို အထင်ကြီးသူ သို့မဟုတ် ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို သတိမပြုနိုင်သည်အထိ အာရုံစိုက်ကာ အခြားသူတစ်ဦးနှင့် တိုက်ခိုက်နေရခြင်းကဲ့သို့သော အခြေအနေမျိုးတွင် ရှိနေရမည်ဖြစ်သည်။
ဝိညဉ်ရဲတိုက်မှ လူသတ်သမားများသည် ကိုယ့်ကိုယ်ကို အထင်ကြီးကြသူများ မဟုတ်ကြသည်မှာ ထင်ရှားသည်။ အကယ်၍ သူတို့သာ ကိုယ့်ကိုယ်ကို အထင်ကြီးသူများ ဖြစ်ခဲ့ပါက ဗုံးများဖြင့် တိုက်ခိုက်မှုခံရချိန်တွင် ချက်ချင်း ဆုတ်ခွာသွားမည် မဟုတ်ပေ။
ဗုံးများနှင့် ဘားရက်ကျည်ဆံများ သူတို့ကို မထိခိုက်နိုင်တော့သည့်အခါ ချင်ယူရှန်နှင့် သူ၏လူများ ပါဝင်ရန် အချိန်တန်ပြီ ဖြစ်သည်။
ဝိညဉ်ရဲတိုက်မှ လူသတ်သမားများ သူတို့ရှိနေသော လမ်းပေါ်မှ ထွက်ပြေးတော့မည့် အချိန်တွင် ရုတ်တရက် ထိုလမ်းနှင့်ဆက်နေသော လမ်းဆုံနေရာမှ ဓားကြီးတစ်လက်ကို ကိုင်ဆွဲထားသော လူတစ်ဦး ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ထိုလူသည် လုချန်းကဲ့သို့ အနက်ရောင်ဝတ်စုံကို မဝတ်ဆင်ထားပေ။ လပြည့်ညတွင် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ခပ်ဝေးဝေးမှ ထိုလူကို မြင်လိုက်ရသော ဆုတန် တုန်လှုပ်သွားပြီး ချက်ချင်းပင် အားလုံးကို ရပ်ခိုင်းလိုက်သည်။
ထိုအချိန်တွင် ချင်ယူရှန်က ပြောလိုက်သည်။
“ဆုတန်။ မင်း ဘယ်တုန်းကတည်းက ပုန်းရတာကို စကြိုက်လာတာလဲ။ မင်းမျက်နှာပေါ်က အမာရွတ်က သိသာလွန်းလို့ လူတွေမြင်သွားမှာ ကြောက်နေတာလား။”
ထိုရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ ဆုတန်က သူ၏မျက်နှာပေါ်မှ အဝတ်မျက်နှာဖုံးကို ဆွဲချွတ်ပစ်လိုက်ပြီး ချင်ယူရှန်ကို ကြည့်ကာ ပြက်ရယ်ပြုလိုက်သည်။
“သွေးနတ်ရူးဓားပါလား။ စိတ်ဝင်စားစရာပဲ။ မင်းတော်တော် အသက်ပြင်းပုံရတယ်။ ချောက်ထဲကျပြီးတာတောင် ရှင်နေသေးတယ်။”
သူနှစ်ဦးသည် ယခင်က တိုက်ခိုက်ခဲ့ဖူးပြီး ဆုတန်၏ မျက်နှာပေါ်ရှိ အမာရွတ်သည် ချင်ယူရှန်၏ လက်ချက်ကြောင့် ဖြစ်သည်။ ထိုတိုက်ပွဲတွင် ချင်ယူရှန် ချောက်ထဲသို့ ပြုတ်ကျသွားကာ သိုင်းလောကမှ ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းက ချင်ယူရှန် သေဆုံးသွားပြီဟု ထင်ခဲ့ကြပြီး ဆုတန်လည်း ထိုသို့ ယုံကြည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒဏ်ရာအများအပြား ရထားပြီး မြင့်မားသော ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် အသက်ရှင်နိုင်စရာ မရှိပေ။ မြောက်ပိုင်းပြည်နယ်တွင် ချင်ယူရှန်ကို ထပ်မံတွေ့ရမည်ဟု ဆုတန် လုံးဝ မမျှော်လင့်ခဲ့ပေ။
ချင်ယူရှန်က သူ၏ဓားကြီးကို ပခုံးပေါ်တင်ရင်း ပြောလိုက်သည်။
“မိုးနတ်မင်းကမှ ငါ့ကို မသေခိုင်းတာ။ ငါ ဘာလုပ်နိုင်မှာလဲ။”
ဆုတန်က အေးစက်စွာဖြင့် ပြောလိုက်သည်။
“အရင်တုန်းက ငါမင်းကို မသတ်ခဲ့ဘူး။ ဒီတစ်ခါတော့ မင်းကို တမလွန်ရောက်အောင် ပို့ပေးမယ်။”
သူပြောနေရင်းပင် ဆုတန်၏ လက်ထဲမှ ဓားသည် တရွှီရွှီမြည်လာပြီး ချင်ယူရှန်၏ ပခုံးပေါ်က ဓားကြီးသည်လည်း ထိုအသံကို ခံစားမိသကဲ့သို့ ဆက်တိုက်တုန်ခါနေသည်။
ထိုအခြေအနေကို မြင်လိုက်ရသော လုချန်းလည်း ရုတ်တရက် စိတ်ဝင်စားသွားကာ သေနတ်ဖြင့်ပစ်ရန် မလိုတော့ပဲ အိမ်မိုးပေါ်တွင် ထိုင်ကာ ကြည့်နေလိုက်သည်။
......
အခန်း (၂၆၇)
ရွှေချည်ထိုး သံချပ်ကာ (၁)
ဆူတန်နှင့် ချင်ယူရှန်တို့ ချက်ချင်း မတိုက်ခိုက်ကြသေးပေ။ ပညာရှင်များကြားတိုက်ပွဲတွင် အရှုံးအနိုင် ရလာဒ်က စက္ကန့်ပိုင်းအတွင်း ပေါ်ပေါက်လာတတ်သည်။
သူတို့၏ ဓားများသည် သူတို့၏ လက်များထဲတွင် မရပ်မနား တုန်ခါနေသကဲ့သို့ ထင်ရပြီး သူတို့၏ လက်များမှ ပျံထွက်သွားတော့မည့်အလား ထင်ရသည်။ ထိုအချိန်တွင် လေအေးတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး သူတို့၏ အဝတ်များကို လှုပ်ခတ်သွားစေသည်။
ထို့နောက် ခဏခန့်အကြာတွင် သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားသွားပြီး မြေကြီးပေါ်တွင် ချိုင့်ဝှမ်းများဖြစ်ပေါ်စေကာ သူတို့၏ ခန္ဓာကိုယ်များသည် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ဦးကို တစ်ဦး တိုက်စစ်ဆင်လာကြသည်။
နောက်တစ်မိနစ်တွင် အရိပ်နှစ်ခု ဖြတ်သန်းသွားသော နေရာတွင် မီးပွင့်များ ပျံထွက်သွားကာ သူတို့၏ ဓားများသည် အေးစက်သော လရောင်အောက်တွင် လင်းလက်နေကြပြီး ကြည့်နေသူများ၏ မျက်လုံးများကို ကျိန်းစက်သွားစေသည်။
ဓားများ၏ အလင်းရောင်များ လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသောအခါ လုချန်းက
“မြန်လိုက်တဲ့ စားချက်” ဟု အော်ဟစ်လိုက်သည်။
...
သူတို့နှစ်ဦး၏ ဓားများသည် အလွန်လျင်မြန်စွာ လှုပ်ရှားနေသည်။ အကယ်၍ လုချန်းသာ ထိပ်တန်းအဆင့်သို့ မရောက်ရှိခဲ့ပါက သူတို့၏ ဓားကွက်များကို မြင်နိုင်မည် မဟုတ်ပေ။
တစ်ခဏအတွင်း သူတို့နှစ်ဦးသည် ဓားကွက်ပေါင်း တစ်ရာကျော် ထုတ်သုံးခဲ့ပြီးဖြစ်သည်။ ထို့နောက် သူတို့နှစ်ဦးစလုံးသည် သူတို့၏ အကောင်းဆုံး ဓားကွက်များကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်ကြသည်။
ထောင်ချီသော ဓားလှိုင်းများ။
သောင်းချီသော ဓားချက်များ။
ချင်ယူရှန်၏ ဓားလှိုင်းများသည် ဆုတန်ဘက်သို့ ကန့်လန့်ဖြတ် လှိမ့်ဝင်နေပြီး ဆုတန်၏ ဓားချက်များက ချင်ယူရှန်ကို ဒေါင်လိုက်ပစ်နေသော ဓားပျံများကဲ့သို့ ဖြစ်နေသည်။
သူတို့၏ ဓားလှိုင်းများ တိုက်မိသောအခါ မမြင်ရသော လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး သူတို့နှစ်ဦးစလုံးကို နောက်ဆုတ်သွားစေသည်။သူတို့နှစ်ဦးစလုံး ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်ကာ ဓားများကို မြေပေါ်သို့ထောက်၍ သူတို့၏ ခန္ဓာကိုယ်များကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
တစ်မိနစ်မပြည့်မီတွင် သူတို့နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ထိုအချိန်တွင် ဆုတန်က သွေးတစ်ချက် အန်ထုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါတကယ်မထင်ခဲ့ဘူး။ ချောက်ထဲကျသွားတာက မင်းကို မသေစေနိုင်တဲ့အပြင် မင်းရဲ့ စွမ်းအားကို မြင့်စေခဲ့တယ်။”
“ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို တားဆီးနိုင်မယ်လို့ တကယ်ထင်နေတာလား။”
ဆုတန် စကားပြောပြီးသည်နှင့် သူ့နောက်က ထိပ်တန်းအဆင့်ရှိ လူနှစ်ဦး ချက်ချင်း လှုပ်ရှားလာပြီး ချင်ယူရှန်ဘက်သို့ ပြေးလာကာ နှစ်ယောက်ပေါင်း တစ်ပြိုင်တည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ရုတ်တရက် ဆိတ်ငြိမ်သွားပြီး အေးစက်သော လေထုတစ်ခုက ဖြတ်သန်းသွားကာ လမ်းပေါ်ရှိ လူများ၏ မွေးညှင်းများကို ထောင်သွားစေသည်။
ထိပ်သီးအဆင့်ရှိ လူသတ်သမားနှစ်ဦးလည်း ချက်ချင်း ရပ်တန့်သွား၏။ ကြီးမားသော အန္တရာယ်တစ်ခုကို သူတို့ခံစားမိလိုက်သောကြောင့်ဖြစ်သည်။
အနီးအဝိုက်တွင် စွမ်းအားကြီးသော ပုဂ္ဂိုလ်နောက်တစ်ဦး ရှိနေသည်က ထင်ရှားသည်။ ထိုအချိန်တွင် လမ်း၏အဆုံးမှ မြင်းခွာသံများ ကြားလာသည်။ အသံက နီးကပ်လာနေသော်လည်း လမ်း၏အဆုံးတွင် မည်သူ့ကိုမှ မတွေ့ရပေ။
သို့သော် မြင်းခွာသံများ ပိုမိုထင်ရှားလာသောအခါ အဝေးတစ်နေရာမှ မြင့်မားသော အရိပ်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ကြီးမားသော သံတူတစ်ခုသည် မည်သည့်နေရာမှ ပျံသန်းလာမှန်း မသိပဲထိပ်တန်းအဆင့် လူသတ်သမားတစ်ဦး၏ ရင်ဘတ်ကို ထိမှန်ကာ သူ့ကို လွင့်ထွက်သွားစေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ဝမ်ရန်လီ၏ သံတူက ထိပ်တန်းအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးပင် ရှောင်တိမ်းနိုင်ခြင်း မရှိသည်အထိ အင်အားကြီးမားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ဝိဉာဉ်ရဲတိုက်မှ လူသတ်သမား လွင့်ထွက်သွားပြီးနောက် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော ဝမ်ရန်လီသည် ကြီးမားသော မြင်းနက်ကြီးတစ်ကောင်ကိုစီးလျက် လူအားလုံးရှေ့တွင် ပေါ်ထွက်လာသည်။
ဝမ်ရန်လီကို မြင်လိုက်ရသောအခါ ဆုတန် အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်သွားသည်။ သူ့ရှေ့တွင် ရှိနေသော ကြီးမားသည့် လူကို မသိသော်လည်း ထိုသူ့ထံမှ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို သူခံစားလိုက်ရသည်။
ထိုလူတွင် သူထက် ပို၍ ကြီးမားသော ကြွက်သားများရှိပြီး သူ၏ သံချပ်ကာဝတ်စုံသည် ကြွက်သားများကြောင့် ဖောင်းကြွနေကာ ဆုတန်၏ အရွယ်အစားထက် နှစ်ဆခန့် ကြီးမားပုံ ပေါက်နေသည်။
ထိုလူ၏ အငွေ့အသက်က ဆုတန်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထိုလူသည် ထိပ်သီးပညာရှင် တစ်ဦးသာဖြစ်ကြောင်းကို ဆုတန်သိသော်လည်း သူ၏ စွမ်းအားက သူ့ထက် ပို၍ ကြီးမားနေသည်ဟု ထင်ရသည်။
နောက်ထပ် သွေးတစ်ချက် အန်ထုတ်လိုက်ပြီးနောက် ဆုတန် မတ်တတ်ထလိုက်သည်။ သူတို့ ယနေ့ည ဤနေရာတွင် အဆုံးသတ်ရမည်ကို သူသိလိုက်ရသည်။ သူတို့အစွမ်းကုန် တိုက်ခိုက်မှသာ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း ဆုတန် သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် လုချန်းလည်း အိမ်ခေါင်မိုးပေါ်မှ ဆင်းလာသည်။ ဘာရတ်ဖြင့် အဝေးမှ ပစ်ခတ်နိုင်ခြင်းမရှိပါက အကွာအဝေး လျှော့ချရမည်ဖြစ်သည်။
လမ်းပေါ်တွင် လုံးဝတိတ်ဆိတ်နေပြီး နှစ်ဖက်စလုံးက ရပ်တန့်နေသည့်ပုံစံ ဖြစ်နေသည်။ ထို့နောက် မဝေးလှသောနေရာမှ လက်ခုပ်သံတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
မကြာမီ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ် ဆင်ထားသော လူငယ်တစ်ဦး ဆုတန်တို့၏ အရှေ့သို့ ရောက်ရှိလာသည်။
လူငယ်က လက်ခုပ်တီးရင်း ပြောလိုက်သည်။
“အံ့ဩစရာကောင်းတယ်။ တကယ့်ကို အံ့ဩစရာကောင်းတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လူအားလုံး၏ အာရုံက လူငယ်ဘက်သို့ ရောက်သွားသည်။ လူငယ်ကို မြင်လိုက်ရသောအခါ ဆုတန်၏ မျက်ခုံးများ တွန့်သွားသည်။နောက်ထပ် ထိပ်သီးပညာရှင်တစ်ဦး ပါလား။
ထိပ်သီးပညာရှင် သုံးဦးသည် တစ်ပြိုင်နက် တည်း ပေါ်ထွက်လာသည်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ထိပ်သီးပညာရှင် နှစ်ဦးသာ ရှိသည်ဟု သူတို့အစက ထင်ခဲ့ကြသည်။ ဆူတန်သည် သူ၏ အဆင့်လွန်အဆင့်ရှိ စွမ်းအားဖြင့် ထိုထိပ်သီးပညာရှင် နှစ်ဦးကို အလွယ်တကူ တားဆီးနိုင်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ပဲ ချင်ယူရှန် တစ်ဦးတည်းကပင် သူနှင့် လက်ရည်တူနေခဲ့သည်။
ဒါက ပြဿနာကြီး တစ်ခုဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သူတို့၏ စွမ်းအားကို နက်ရှိုင်းစွာ လျှို့ဝှက်ထားသည်။
နေပါဦး။ ဒီလူတွေက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လူတွေရော ဟုတ်ရဲ့လား။
ထိုအတွေးဖြင့် ဆုတန်က ပြောလိုက်သည်။
“သွေးနတ်ရူးဓား။ မင်းလိုမာနကြီးတဲ့လူက မြောက်ပိုင်းနယ်စားမင်းသားလို အသုံးမကျတဲ့ မင်းသားတစ်ယောက်ရဲ့ နောက်လိုက် ခွေးတစ်ကောင် ဘယ်လိုဖြစ်သွားလဲဆိုတာ ငါသိချင်တယ်။”
“မင်းသိသင့်တာက မြောက်ပိုင်းနယ်စားမင်းသားက ရှနိုင်ငံတော်ရဲ့ အာဏာရှိ မိသားစုတွေနဲ့ ပညာတတ်တွေ အားလုံးကို ဒေါသထွက်စေခဲ့တယ်။ သူ့ရဲ့ အဆုံးသတ်ရမဲ့ နေ့ရက်က နီးနေပြီ။”
ဆုတန်၏ စကားများကို ကြားလိုက်ရသောအခါ ချင်ယူရှန်က အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
“မြောက်ပိုင်းနယ်စားမင်းသားက ငါ့ရဲ့ သခင်ပဲ။ မင်းတို့လို သူခိုးဓားပြတစ်စုက စိတ်တိုင်းကျ စော်ကားနေကြပါလား။”
သူစကားပြောနေစဉ်တွင် ချင်ယူရှန်သည် သူ၏ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဆုတန်နှင့် နောက်ဆုံးတိုက်ပွဲဝင်ရန် အသင့်ရှိနေသည်။ ချင်ယူရှန်၏ စကားက ဆုတန်ကို အံ့အားသင့်သွားစေသည်။ သူတို့က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လူတွေလား။
ချင်ယူရှန်က လက်စားချေရန် ရောက်လာခြင်းဖြစ်ပြီး ထိုလူများသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် မည်သို့မျှ ဆက်စပ်မှုမရှိဟု အစက သူထင်ခဲ့သည်။ သို့သော် ချင်ယူရှန်၏ တုံ့ပြန်မှုက သူတို့သည် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ လူများဖြစ်ကြောင်း အတော်အတန် အတည်ပြုလိုက်သည်။
......