အခန်း ၂၆၈-၂၇၀
Vol. 18 Ch. 268-270
အခန်း (၂၆၈)
ရွှေချည်ထိုး သံချပ်ကာ (၂)
ထိုအချိန်တွင် လုချန်းက အေးဆေးစွာပြောလိုက်သည်။
“ ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်တန်ပြီ တပ်မှုးချင်။”
အချိန်ဆွဲခြင်းကို လုချန်း လုံးဝမနှစ်သက်ပေ။ မကြာမီ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လူသတ်သမားများ ထပ်ရောက်လာနိုင်လားဆိုတာကို မည်သူမှ မသိနိုင်ပေ။ ဤလူများကို ဖြေရှင်းပြီး ချက်ချင်းပြန်ရန် သူစီစဉ်ထားသည်။
ချင်ယူရှန်က ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့ပါ မင်းသား။”
ချင်ယူရှန်က လူငယ်လေးကို “မင်းသား” ဟု ခေါ်သည်ကို ကြားလိုက်ရသော ဆုတန် ရပ်တန့်သွားသည်။
မင်းသား။
ဆိုလိုသည်မှာ ထိုလူငယ်လေးက မြောက်ပိုင်းနယ်စားမင်းသားလား။
...
ဒါက မဖြစ်နိုင်ပါ။
မြောက်ပိုင်းနယ်စားမင်းသားသည် ယခုနှစ်တွင် အသက် (၁၇) နှစ်သာ ရှိသေးသည်။ ထိုအရွယ်တွင် ထိပ်သီးပညာရှင် ဖြစ်လာနိုင်မည်လား။သူသိထားသလောက်တော့ သိုင်းပညာ လေ့ကျင့်သူများသည် အသက် (၁၇) နှစ်တွင် အများဆုံး အဆင့် (၈) သာ ရှိကြသည်။
မဖြစ်နိုင်ပါ။ ဤလူငယ်လေးက မြောက်ပိုင်းနယ်စားမင်းသား မဟုတ်နိုင်ပါ။ ချင်ယူရှန်က သူတို့ကို လှည့်စားရန် ထိုလူငယ်လေးကို မြောက်ပိုင်းနယ်စားမင်းသားအဖြစ် ဟန်ဆောင်ခိုင်းထားခြင်းသာ ဖြစ်မည်။
ဘာပဲဖြစ်ဖြစ် သူတို့ ဤနေရာမှ ထွက်ခွာလိုပါက ထိုလူငယ်လေးကို တိုက်ခိုက်ရမည် ဖြစ်သည်။
ထိုအချိန်တွင် လက်ကောက်ဝတ်တွင် အဖြူရောင် အဝတ်စည်းထားသော အနက်ရောင် ဝတ်စုံဝတ်များ ထပ်မံပေါ်ထွက်လာသည်။ သူတို့အားလုံး၏ အင်အားသည် အဆင့် (၅) ထက် သာလွန်ပြီး အဆင့် (၉) သိုင်းပညာရှင်များလည်း ပါဝင်သည်။
လုချန်းက အေးဆေးစွာပြောလိုက်သည်။
“စတိုက်။”
သူ့စကားဆုံးသည်နှင့် လုချန်း၏ လူများသည် ချက်ချင်းပင် ဗုံးများကို ထုတ်ယူကာ ဆုတန်နှင့် သူ၏လူများဆီသို့ ပစ်လိုက်ကြသည်။ ဆုတန်ကလည်း ယခင်က ကဲ့သို့ပင် သူ၏ငွေစများဖြင့် ဗုံးများကို လေထဲတွင် အလွယ်တကူ ပေါက်ကွဲစေလိုက်သည်။
ဗုံးများ ပေါက်ကွဲသွားသော်လည်း ဝိညဉ်ရဲတိုက်မှ လူသတ်သမားများ ဒဏ်ရာ မရရှိကြပေ။
ဆုတန်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက် ပြောလိုက်သည်။
“ဒီလိုလက်နက်တွေနဲ့ ငါတို့ကို ထိခိုက်နိုင်မယ်လို့ မင်းတို့ထင်နေ ကြတာလား။ လက်နက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ ပစ်မှတ်ကို မထိရင် အသုံးမဝင်ဘူး။ ဒဏ်ရာ မပေးနိုင်တဲ့ လက်နက်ဟာ သံတိုသံစတစ်ခုသက်သက်ပဲ။”
ဆုတန်က ဗုံးများအားလုံးကို အလွယ်တကူ ပေါက်ကွဲစေသည်ကို မြင်လိုက်ရသော လုချန်းလည်း ရွေးချယ်စရာ မရှိတော့ပဲ ဝမ်ရန်လီကို ပြောလိုက်ရသည်။
“ဗိုလ်ချုပ် ဝမ်ရန်လီ။ ဒီတစ်ခါတော့ ခင်ဗျားပဲ တာဝန်ယူရတော့မယ်။”
ရန်သူက ဗုံးများကို အလွယ်တကူ ကာကွယ်နိုင်ပါက သူတို့အနေနှင့် အနီးကပ် တိုက်ခိုက်ရန် လိုအပ်သည်။
လုချန်း စကားပြောပြီးသည်နှင့် တပြိုင်နက် ဝမ်ရန်လီသည် မြင်းစီးလျက် ဆုတန်နှင့် သူ၏လူများဆီသို့ တိုက်ရိုက် ဝင်ရောက်လာသည်။
ဝမ်ရန်လီ တစ်ကိုယ်တည်း မြင်းစီးလျက် ဝင်လာသည်ကို မြင်လိုက်ရသော်လည်း ဆုတန်နှင့် သူ၏လူများက သူ့ကို လျှော့မတွက်ကြပေ။ ဝမ်ရန်လီနှင့် ယခင်က တိုက်ခိုက်ဖူးခြင်း မရှိသော်လည်း သူထုတ်လွှတ်နေသော အငွေ့အသက်အရ သူ၏ အင်အားကို ခန့်မှန်းနိုင်သည်။
ဆုတန်လည်း ချက်ချင်းပင် ဓားကို ဆုပ်ကိုင်လိုက်ပြီး ဝမ်ရန်လီကို ရင်ဆိုင်လိုက်သည်။ ထိုကြံ့ခိုင်သန်မာသော ကိုယ်န္ဓာကိုယ်နှင့်သူ၏ စွမ်းအား ဘယ်လောက် ကြီးမားနေပါစေ ယနေ့ သူတို့ ဒီနေရာမှ ထွက်ခွာလိုပါက သူ့ကို အနိုင်ယူရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့အားလုံး ဒီနေရာတွင် အဆုံးသတ်သွားမည် ဖြစ်သည်။
ဝမ်ရန်လီက ယခင်က ပစ်လွှတ်ခဲ့သော သံတူကို ပြန်ယူကာ ဆုတန်ကို ရိုက်နှက်လိုက်သည်။ ဆုတန်က မရှောင်ပဲ ဓားဖြင့်ခံပေးလိုက်၏။ လက်နက်နှစ်ခု တိုက်ရိုက်ထိမိသွားသောအခါ မီးပွားများ ထွက်လာသည်။
ဝမ်ရန်လီနှင့် ဆုတန် တိုက်ခိုက်နေစဉ် ဆုတန်၏ အနောက်မှ ထိပ်သီးပညာရှင်တစ်ဦးက
“ငါနဲ့အတူ တိုက်ကြ”
ဟု အမိန့်ပေးလိုက်သည်။
ထိပ်သီးပညာရှင် အမိန့်ပေးပြီးသည်နှင့် ဝိညဉ်ရဲတိုက်မှ လူသတ်သမားများသည် ဆုတန်နှင့် ဝမ်ရန်လီကို ကျော်လွန်ကာ လုချန်းနှင့် သူ၏လူများဆီသို့ ချီတက်လာကြသည်။
ချင်ယူရှန်က ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့နောက်မှ စစ်သားများကို ဦးဆောင်ကာ ချီတက်လာသူများကို ရင်ဆိုင်လိုက်သည်။ ထိုအချိန်တွင် ဝမ်ရန်လီ၏ သံတူနှင့် ထိမှန်သွားပြီး မြေကြီးပေါ် လဲကျသွားသော ထိပ်သီးပညာရှင်လည်း ပြန်ထလာသည်။
ထိုစဉ် အနီးနားတွင်ရပ်၍ လုချန်းကို ကြည့် နေသော ထိပ်သီးပညာရှင်ထံ၌ ရဲတင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
လုချန်းသည် ထိပ်သီးပညာရှင်ဖြစ်သည်ဟု သူ အနည်းငယ် ခံစားမိသော်လည်း လုချန်း၏ စွမ်းအားသည် အနည်းငယ် ထိန်းချုပ်ထားသကဲ့သို့ ရှိနေပြီး သိပ်ပြင်းထန်ပုံ မပေါ်ပေ။
အသက် (၁၇) နှစ်အရွယ် ထိပ်သီးပညာရှင်တစ်ဦးရှိခြင်းက မဖြစ်နိုင်ဟု ထင်ရသော်လည်း မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းမြို့တော်တွင် သူ၏လက်ရှိ အနေအထားသို့ ရောက်ရှိလာနိုင်ခဲ့သည်မှာ သူ့တွင် စွမ်းအားတစ်ချို့ရှိ သောကြောင့်သာဖြစ်သည်။
မြောက်ပိုင်းနယ်စားမင်းသားသည် တကယ်ပင် အရွယ်မရောက်သေးသော ထိပ်သီးပညာရှင်တစ်ဦး ဖြစ်နိုင်သည်။
ထို့ပြင် အခြားသူများအားလုံး လှုပ်ရှားနေပြီး ထိုလူငယ်လေးတစ်ယောက်သာ ရပ်ကြည့်နေသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်လေးသည် ခေါင်းဆောင်ဖြစ်ကြောင်း သိသာသည်။ ထိုလူငယ်လေးက မြောက်ပိုင်းနယ်စားမင်းသား ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ခေါင်းဆောင်ကို အနိုင်ယူနိုင်ပါက သူတို့သည် ထိုလူငယ်လေးကို အသုံးချ၍ ဤနေရာမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
ထိုအတွေးဖြင့် ထန်ရန်သည် မြေကြီးကို ခြေတစ်ချက်ဆောင့်လိုက်ကာ သူ၏ခန္ဓာကိုယ်ကို လုချန်းဆီသို့ အမြောက်ကျည်တစ်ခုကဲ့သို့ ပစ်လွှတ်လိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ စစ်သားများသည် ဝိညဉ်ရဲတိုက်မှ လူသတ်သမားများနှင့် တိုက်ခိုက်နေကြသော်လည်း ထန်ရန်က ထိုစစ်သားများကို လုံးဝဂရုမစိုက်ပါ။ သူ၏ပစ်မှတ်မှာ ခပ်လှမ်းလှမ်းတွင် ရှိနေသော လူငယ်လေးတစ်ယောက်တည်းကိုသာ ဖြစ်သည်။
တဒင်္ဂအတွင်း ထန်ရန်သည် လုချန်းရှေ့တွင် ပေါ်လာပြီး သူ၏ဓားကို လုချန်းဆီသို့ ထိုးသွင်းလိုက်သည်။
ထိုအချိန်တွင် လုချန်း၏ မျက်နှာက အနက်ရောင် မျက်နှာဖုံးစွပ်ထားသဖြင့် ထန်ရန် သူ၏မျက်နှာအမူအရာကို မမြင်နိုင်ပေ။ လုချန်း၏ နှုတ်ခမ်းများ ကွေးသွားပြီး အပြုံးတစ်ခု ပေါ်လာသည်။
ယခင်က အကွာအဝေးက များနေသဖြင့် ပစ်မှတ်ကို ထိမှန်ရန် မဖြစ်နိုင်ခဲ့ပေ။ ယခုတွင် သူတို့ကြားတွင် ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့၏။ ရန်သူ ရှောင်နိုင်ဦးမည်ဟု လုချန်းမယုံကြည်တော့ပေ။
လူငယ်လေး လှုပ်ရှားမှု မရှိသည်ကို မြင်လိုက်ရသော တစ်ခုခု မှားယွင်းနေသည် ထန်ရန်ဟု ခံစားမိသည်။ လူငယ်လေးတွင် လက်နက်မပါရှိသလို ရှောင်တိမ်းရန် ရည်ရွယ်ချက်လည်း မရှိပေ။ သူ့ကို လုံးဝ ဂရုမစိုက်ဟု ထင်ရသည်။
ဖြစ်နိုင်သလား…
အနီးမှာ ပိုစွမ်းအားကောင်းတဲ့ သူတစ်ဦးရှိနေလား။
ထန်ရန်သည် ထိုသို့တွေးနေစဉ် သူ့ရှေ့ရှိ လူငယ်လေး၏ လက်ထဲတွင် အနက်ရောင် တုတ်တစ်ချောင်းနှင့် တူသော အရာတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအရာက မည်သည့်လက်နက်မျိုးဖြစ်မည်ကို သူ တွေးနေစဉ် “ထုပ်” ဟူသော အသံတစ်ခု ကြားလိုက်ရသည်။ ခဏအကြာတွင် ထန်ရန်၏ ကာကွယ်ခြင်း စွမ်းအား ချက်ချင်း ပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်လည်း နောက်ပြန်လဲကျသွားသည်။
သို့သော် လုချန်းကို အံ့အားသင့်စေသည်မှာ သူမျှော်လင့်ထားသည့် အခြေအနေ ဖြစ်မလာခြင်းပင်။ ထန်ရန်၏ ရင်ဘတ်တွင် သွေးထွက်နေသော အပေါက်တစ်ခုမှ မရှိပေ။
သာမန် ထိပ်သီးပညာရှင်တစ်ဦးသည် ဘာရတ်သေနတ်ကျည်ထိမှန်ပါက သူတို့၏ ခန္ဓာကိုယ်တွင် ကြီးမားသော သွေးထွက်နေသည့် အပေါက်တစ်ခု ရှိမည်ဖြစ်ပြီး အပိုင်းပိုင်းပင် ပြတ်ထွက်သွားနိုင်သည်။
ဒါပေမဲ့ ဒီလူကတော့ ဒဏ်ရာမရပါလား။
ရန်သူက ထိပ်သီးပညာရှင်တစ်ဦးသာ မဟုတ်ပါလား။ ဤအကွာအဝေးတွင် ဘားရတ်၏ ကျည်ဆံကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။သူသည် ယခင်က ဘားရတ်သေနတ်ဖြင့် ထိပ်သီးပညာရှင်များကို ပစ်ခတ်ဖူးပြီး ထိပ်သီးပညာရှင်များတွင် ဘားရတ်ကို ကာကွယ်နိုင်စွမ်း မရှိဟု ထင်ခဲ့သည်။
လုချန်း အံ့အားသင့်နေစဉ် ထန်ရန်သည် မြေကြီးပေါ်တွင် လဲကျနေပြီး ပါးစပ်မှ သွေးများ ဆက်တိုက် အန်ထွက်နေသည်ကို သတိပြုမိသည်။ ထိုအချိန်တွင် ထန်ရန်၏ ရင်ဘတ်ရှိ အဝတ်များ စုတ်ပြဲသွားပြီး သူ၏ ရင်ဘတ်တွင် ရွှေရောင်တောက်နေသော အရာတစ်ခု ရှိနေသည်ကို လုချန်း မြင်လိုက်ရသည်။
ထိုအချက်ကို သတိပြုမိသွားပြီးနောက် လုချန်း ချက်ချင်း နားလည်သွားသည်။
ဒီလူက သံချပ်ကာဝတ်ထားတယ်။
ထို့ပြင် ဤသံချပ်ကာ ပြုလုပ်ရာတွင် အသုံးပြုထားသော ပစ္စည်းသည် သာမန်မဟုတ်ပေ။
ဘားရတ်သည် ယာဉ်တစ်စီးကိုပင် ချက်ချင်း ဖောက်ထွင်းနိုင်သော သေနတ်ဖြစ်သော်လည်း ဤလူ၏ ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်ခဲ့ပေ။ ထို့ကြောင့် ဤပစ္စည်းကို မည်သည့်အရာဖြင့် ပြုလုပ်ထားသနည်း။
လုချန်းထံ၌ စူးစမ်းလိုစိတ်များ ချက်ချင်းပေါ်လာသည်။
ထို့နောက် လုချန်းသည် ဘားရတ်ကို ထန်ရန်၏ ခေါင်းဆီသို့ ထပ်မံ ပစ်မှတ်ထားလိုက်သည်။ ရင်ဘတ်ကို မဖောက်ထွင်းနိုင်ပါက ခေါင်းကို တိုက်ရိုက်ပစ်မည်။ ထန်ရန်၏ ခေါင်း ထိုမျှ မာကျောမည်ဟု သူ မယုံကြည်ပေ။
သို့သော် လုချန်း သေနတ်ကို မြှောက်လိုက်ချိန်တွင် ထန်ရန် လုံးဝသတိလစ်သွားသည်။
ထန်ရန်၏ ရင်ဘတ်ပေါ်ရှိ သံချပ်ကာ ဝတ်စုံသည်သည် ဘားရက်၏ ကျည်ဆံကို ခံနိုင်ရည်ရှိပြီး ကျည်ဆံသည် သူ့ကို တိုက်ရိုက်မဖောက်ထွင်းနိုင်သော်လည်း သူ၏ အတွင်းအင်္ဂါများတွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး နံရိုးအားလုံး ကျိုးသွားခဲ့သည်။
ထန်ရန် သတိလစ်သွားသည်ကို မြင်လိုက်ရသော လုချန်း၏ မျက်လုံးများ တောက်ပလာသည်။ အခုချိန်က စုပ်ယူသည့် ကျင့်စဉ်နည်းလမ်းကို စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
လုချန်းသည် ချက်ချင်းပင် ထန်ရန်ထံသို့ သွားကာ သူ၏ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး သူ၏ အတွင်းအားကို စမ်းသပ်ကြည့်သည်။
ခဏအကြာတွင် သူ၏လက်ဝါးတွင် ရေဗွေတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် နွေးထွေးသော စီးဆင်းမှုများ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကာ လုချန်းကို အလွန်လန်းဆန်းသွားစေသည်။
စွမ်းရည်ကို စုပ်ယူနေစဉ် လုချန်း၏ စိတ်ထဲတွင် ထန်ရန် သိုင်းပညာ လေ့ကျင့်နေပုံများ ပြည့်နှက်နေသည်။ လူတစ်ဦး၏ စွမ်းရည်ကို စုပ်ယူခြင်းဖြင့် သူတို့ သင်ယူထားသော ကျင့်စဉ်များနှင့် သိုင်းပညာများကိုပါ ရရှိနိုင်သည်ကို သူ အံ့အားသင့်သွားသည်။
ယခုမှစ၍ သူသည် တကယ့်တိုက်ပွဲအတွေ့အကြုံရရှိရန် မည်သည့်သိုင်းပညာသို့မဟုတ် ကျင့်စဉ်ကိုမှ ကိုယ်တိုင်သင်ယူရန် မလိုအပ်တော့ပေ။
စုပ်ယူသည့် ကျင့်စဉ်နည်းလမ်းသည် အလွန်အသုံးဝင်သည်။
ချူးချင်လီကို အနိုင်ယူပြီးနောက် စနစ်က ထိုကဲ့သို့သော အံ့အားသင့်ဖွယ် ကျင့်စဉ်ကို ဆုအဖြစ်ပေးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယနေ့ည၏ ဖြစ်ရပ်များ ပြီးဆုံးသွားပါက သူမကို သင့်တော်သလို ဆုချပေးရမည်ဖြစ်သည်။
မကြာမီ ထန်ရန်၏ မျက်နှာသည် ဂျုံမှုန့်များလိမ်းထားသကဲ့သို့ ဖြူဖွေးသွားသည်။
အစပိုင်းတွင် ထန်ရန်သည် သတိလစ်သွားခြင်းသာ ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းရည်အားလုံးကို လုချန်းက စုပ်ယူလိုက်သဖြင့် စွမ်းရည်၏ ကာကွယ်မှုမရှိတော့ပဲ ထန်ရန် မကြာမီ အသက်ထွက်သွား တော့သည်။
ထန်ရန်၏ ခန္ဓာကိုယ်မှ စုပ်ယူရန် စွမ်းရည်မရှိတော့သည်ကို မြင်လိုက်ရသော လုချန်းက သူ၏အလောင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး သူ၏ ရင်ဘတ်မှ အဝတ်များကို ချွတ်လိုက်သည်။
ထိုအချိန်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်မှ စစ်သားများနှင့် ဝိညဉ်ရဲတိုက်မှ လူသတ်သမားများ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး လုချန်း လုပ်နေသည်များကို လုံးဝမသိကြပေ။
ထန်ရန်၏ သံချပ်ကာကို ချွတ်ပြီးနောက် ထိုသံချပ်ကာသည် အလွန်ပျော့ပျောင်းပြီး ကျည်ဆံကို ခံနိုင်ရည်ရှိသော အရာတစ်ခုနှင့် မတူကြောင်း တွေ့ရှိလိုက်သည်။
ထို့နောက် လုချန်းက စနစ်ကို မေးလိုက်သည်။
“စနစ်။ ဒါဘာလဲဆိုတာ သိလား။”
[သံချပ်ကာကို ကမ္ဘာ့ပြင်ပမှ ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ အတွင်းအားသို့မဟုတ် စိတ်စွမ်းအင်နှင့် ထိတွေ့သောအခါတွင် အလွန်မာကျောလာသည်။]
စနစ်က အသေးစိတ် ရှင်းလင်းချက် မပေးသော်လည်း သူသိလိုသည်ကို သိပြီးဖြစ်သဖြင့် လုချန်းလည်း ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။ထို့နောက် သူ၏ စိတ်စွမ်းအင်ကို သံချပ်ကာထဲသို့ စီးဆင်းစေရန် ကြိုးစားလိုက်သည်။ ခဏအကြာတွင် ထိုရွှေချည်ထိုး သံချပ်ကာ အလွန်မာကျောလာသည်ကို တွေ့ရှိလိုက်ရသည်။
.........
အခန်း (၂၆၉)
ရွှေချည်ထိုး သံချပ်ကာ၏ ဇစ်မြစ်
လက်ထဲရှိ ရွှေချည်ထိုး သံချပ်ကာဝတ်စုံ ကို ကြည့်ရင်း လုချန်း၏ စိတ်ခံစားမှုများ ရောထွေးနေသည်။ သူသည် ဤကဲ့သို့သော သံချပ်ကာကို ရရှိလိုက်သည့်အတွက် ဝမ်းသာနေသလို စိုးရိမ်မှုများလည်း ရှိနေသည်။
ဒီလို သံချပ်ကာကို ရရှိခဲ့သည့်အတွက် သူဝမ်းသာသည်။ ဤသံချပ်ကာက သူကို အနာဂတ်တွင် ပို၍ လုံခြုံစေမည် ဖြစ်သည်။
သူ၏ စိုးရိမ်နေသည် ၌သံချပ်ကာပြုလုပ်ရာတွင် အသုံးပြုထားသော ပစ္စည်းများဖြစ်သည်။ ထိုပစ္စည်းများကို ဤခောတ်ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါက မြောက်ပိုင်းပြည်နယ်အတွက် သတင်းကောင်း မဟုတ်ပေ။
ထိုသံချပ်ကာသည် ဘားရတ်၏ ကျည်ဆံကိုပင် ခံနိုင်ရည်ရှိသဖြင့် သာမန် သေနတ်များသည် ထိုသံချပ်ကာကို လုံးဝမဖောက်ထွင်းနိုင်ပေ။
ဤကမ္ဘာတွင် ယမ်းလက်နက်များ ပိုင်ဆိုင်ထားသဖြင့် သူ့တွင် ပြိုင်ဘက်မရှိနိုင်ဟု လုချန်း ထင်ခဲ့သည်။ သို့သော် ယနေ့တွင် ဘားရတ်၏ ကျည်ဆံကို ခံနိုင်ရည်ရှိသော သံချပ်ကာကို တွေ့ရှိခဲ့သည်။
စနစ်က ထိုသံချပ်ကာကို ကမ္ဘာ့ပြင်ပမှ ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ဟု ဖော်ပြခဲ့သည်ကို လုချန်း သတိရလိုက်သည်။ ထို့ကြောင့် ထိုပစ္စည်းများသည် အလွန်ရှားပါးပြီး ထိုကဲ့သို့သော သံချပ်ကာများလည်း အများကြီး မရှိနိုင်ဟု ထင်ရသည်။
...
ထိုအတွေးက လုချန်းကို အနည်းငယ် စိတ်သက်သာရာရသွားစေသည်။ အကယ်၍ ထိုကဲ့သို့သော သံချပ်ကာများ အများကြီး မရှိပါက မြောက်ပိုင်းပြည်နယ်၏ ယမ်းလက်နက်များအပေါ် ကြီးမားသော သက်ရောက်မှု မရှိနိုင်ပေ။
တစ်စုံတစ်ယောက်သည် ဤပစ္စည်းများဖြင့် သံချပ်ကာပြုလုပ်ခဲ့သည်တိုင်အောင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအချို့ကိုသာ ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ ထန်ရန်ကို ဘားရတ်ဖြင့် ဦးခေါင်းကို တိုက်ရိုက်ပစ်ခဲ့ပါက ထန်ရန် တစ်ခါတည်း သေဆုံးသွားမည် ဖြစ်သည်။
ဤကဲ့သို့သော ရှားပါးသည့် ကမ္ဘာ့ပြင်ပမှ ပစ္စည်းများကို အသုံးပြု၍ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်နိုင်သော သံချပ်ကာများ ပြုလုပ်မည်ဟု သူမယုံကြည်ပေ။ လူများသည် ဤကဲ့သို့သော အဖိုးတန်သည့် ပစ္စည်းများကို အလဟဿ မဖြုန်းတီးကြပဲအရေးကြီးသော နေရာများကို ကာကွယ်ရန်သာ အသုံးပြုကြမည် ဖြစ်သည်။
ထိုအကြောင်းကို လုချန်း အများကြီး မတွေးတော့ပဲ ခပ်လှမ်းလှမ်းတွင် ရှိနေသော ဝမ်ရန်လီနှင့် ဆုတန်တို့ကို ကြည့်လိုက်သည်။
ဆုတန်သည် ဝမ်ရန်လီအား ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပဲ အခြေအနေဆိုးရွားစွာ ဖိအားပေးခံနေရသည်။ အကယ်၍ ဆုတန်သာ ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါက ဝမ်ရန်လီ၏ သံတူကို အနည်းငယ် ခုခံနိုင်မည် ဖြစ်သည်။
မြေပြင်ပေါ်တွင် လဲကျနေသူများသည် ဝိညဉ်ရဲတိုက်မှ လူသတ်သမားများဖြစ်ကြောင်း ဆုတန် မြင်လိုက်ရသောအခါ ဒီအတိုင်းဆက်သွားပါက မကြာမီ သူတို့အားလုံး ပျက်စီးသွားမည်ကို သိသွားသဖြင့် ရွေးချယ်စရာ မရှိတော့ပဲ သွေးပွက်မီးလျှံ စွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်လိုက်ရသည်။
သွေးပွက်မီးလျှံ စွမ်းအားကို အသုံးပြုပြီးနောက် သူသည် အသုံးမကျတော့သူ တစ်ဦး ဖြစ်သွားနိုင်သော်လည်း ဤနေရာတွင် သေဆုံးသွားခြင်းထက် ပိုကောင်းသည်။
ခဏအကြာတွင် ဆုတန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးနံ့များ ထွက်လာသလို ထင်ရ၏။ သူ၏မျက်လုံးများလည်း သွေးနီရောင်သို့ ပြောင်းသွားကာ သူ၏ အပေါ်ပိုင်းအဝတ်အစားများသည် သူ၏ခန္ဓာကိုယ်မှ ထွက်လာသော အင်အားကြောင့် စုတ်ပြဲသွား တော့သည်။ ထို့နောက် အင်အားကြီးမားသော စွမ်းအင်တစ်ခု သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်လာသည်။
ထို့နောက် ဆုတန်၏ဓားက ဝမ်ရန်လီဆီသို့ ဦးတည်လာလိုက်သည်။
“အလင်းတစ်သောင်းဓားကွက်။”
ဝမ်ရန်လီသည် မရေမတွက်နိုင်သော ဓားချက်များကို ရှောင်တိန်းခြင်း မပြုပဲ သူ၏သံတူကို ဆန့်ကျင်ဘက် လားရာသို့ လွှဲလိုက်သည်။ ထိုအခါ အားလှိုင်းများ ထွက်လာပြီး ကောင်းကင်တစ်ခွင်လုံး လွှမ်းခြုံသွားကာ ဓားအလင်းရောင်များကို ဖြိုခွဲလိုက်သည်။ ဆုတန်လည်း ဝမ်ရန်လီ၏ သံတူဖြင့် အရိုက်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ် လွင့်စင်သွားကာ အနီးနားရှိ ပြည်သူတစ်ဦးအိမ်မှ ခြံစည်းရိုးကို ကျိုးပျက်သွားစေသည်။
အိမ်များအတွင်း၌ ပုန်းအောင်းနေသော လူများလည်း ထိုအဖြစ်အပျက်ကို တွေ့မြင်ပြီးနောက် အိမ်နံရံထောင့်များတွင်ကပ်ကာ တုန်လှုပ်နေကြသည်။
ဝမ်ရန်လီသည် ဆုတန်ကို ထွက်ပြေးခွင့် မပေးတော့ဘဲ ခြေတစ်ချက်ဆောင့်ကာ ခုန်တက်လိုက်၏။ ဝမ်ရန်လီ၏ ခန္ဓာကိုယ်လည်း ဆယ်မီတာကျော်မြင့်တက်သွားပြီး ချက်ချင်းပင် ဆုတန်ရှေ့တွင် ရောက်လာကာ သံတူဖြင့် ထပ်မံရိုက်နှက်လိုက်သည်။ မြေပြင်ပေါ်တွင် လဲကျနေသော ဆုတန်သည် ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့ရှေ့မှ ဝမ်ရန်လီ၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်သည်။
သို့သော် ဝမ်ရန်လီ၏ အင်အားသည် အလွန်ကြီးမားနေပြီး သွေးပွက်မီးလျှံစွမ်းအားထုတ်သုံးနေသော အခြေအနေတွင်ပင် ဆုတန် သူ့ကို မယှဉ်နိုင်ပေ။
ဝမ်ရန်လီ၏ သံတူရိုက်နှက်မှုနှင့်အတူ အားလှိုင်းများထပ်မံပေါ်ထွက်လာပြီး ဆုတန်လည်း ချက်ချင်း သတိလစ်သွားတော့သည်။
အိမ်ခေါင်မိုးပေါ်မှနေ၍ ထိုအဖြစ်အပျက်များကို ကြည့်ရှုနေသော လုချန်းပင် ဝမ်ရန်လီကို အနည်းငယ် ချီးကျူးမိသည်။ ဝမ်ရန်လီသည် ထိပ်သီးပညာရှင်တစ်ဦးဖြစ်ရုံသာမက အဆင့်လွန် ပညာရှင်၏ စွမ်းအားကိုပါ ပိုင်ဆိုင်ထားသည်။
သူသာ ဝမ်ရန်လီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မြင်နိုင်ခြင်း မရှိပါက ဝမ်ရန်လီအား အဆင့်လွန် ပညာရှင်တစ်ဦး ဖြစ်သည်ဟု သူ တကယ်ပင် ယုံကြည်သွားမည် ဖြစ်သည်။
စနစ်သည် တကယ်ပင် စွမ်းအားကြီးမားသော စစ်သူကြီးများကို တစ်ယောက်ပြီးတစ်ယောက် ပေးနေသည်။
ဆုတန်ကို သတိလစ်စေပြီးနောက် ဝမ်ရန်လီသည် သူ၏ခေါင်းကို လက်ဝါးဖြင့် အုပ်လိုက်ပြီး လင်းယုန်ငှက်က ကြက်တစ်ကောင်ကို ဆုပ်ကိုင်သကဲ့သို့ သူ၏ခန္ဓာကိုယ်ကို မြှောက်ကာ လမ်းပေါ်သို့ တိုက်ရိုက်ခုန်လာလိုက်သည်။
ဝမ်ရန်လီ၏ လက်ထဲတွင် ဆုတန်ကို မြင်လိုက်ရသော ဝိညဉ်ရဲတိုက်မှ လူသတ်သမားများ ချက်ချင်းထိတ်လန့်သွားကြသည်။ သူတို့၏ ခေါင်းဆောင်သည် အဆင့်လွန်အဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုခဲ့သော်လည်း အချိန်တိုအတွင်း ရှုံးနိမ့်သွားခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တွေ ရှိနေပါလား။
ချင်ယူရှန်နှင့် တိုက်ပွဲဝင်နေသော ထိပ်သီးပညာရှင်သည် ဆုတန် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရပြီးနောက် သူတို့လည်းလွတ်မြောက်နိုင်မည် မဟုတ်တော့ကြောင်း သိသွားသဖြင့် ချက်ချင်းပင် တိုက်ပွဲကို ရပ်လိုက်ပြီး
“ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော် အညံ့ခံပါမယ်” ဟု ပြောလိုက်သည်။
အကောင်းပကတိရှိနေသော တစ်ဦးတည်းသာကျန်သည့် ထိပ်သီးပညာရှင် အညံ့ခံသွားကို မြင်လိုက်ရသော ဝိညဉ်ရဲတိုက်မှ အခြားလူသတ်သမားများလည်း လက်နက်များကို ပစ်ချကာ အညံ့ခံလိုက်ကြသည်။
လုချန်းသည် အိမ်မိုးပေါ်မှ ခုန်ဆင်းလာပြီး ဝမ်ရန်လီနှင့် ဆုတန်နားသို့ ချဉ်းကပ်လာသည်။ သတိလစ်နေသော ဆုတန်၏ ရင်ဘတ်ကို ကြည့်လိုက်တော့ ရွှေချည်ထိုးသံချပ်ကာကို တွေ့လိုက်ရသည်။
ထန်ရန်တွင် ရွှေချည်ထိုး သံချပ်ကာ ရှိ နေသဖြင့် ဝိညည်ရဲတိုက်၏ ခေါင်းဆောင်ဖြစ်သော ဆုတန်တွင် ရွှေချည်ထိုး သံချပ်ကာ မရှိပဲ နေမည်မဟုတ်ဟု လုချန်း ယူဆသည်။
ထို့နောက် လုချန်းက တစ်ဖက်သို့လှည့်ကာ ခပ်လှမ်းလှမ်းတွင် ရှိနေသော ထိပ်သီးပညာရှင်ကို ကြည့်လိုက်ပြီး တိုက်ရိုက်မေးလိုက်သည်။
“ခင်ဗျားတို့ဝတ်ထားတဲ့ ရွှေချည်ထိုး သံချပ်ကာကို ဘယ်လိုရခဲ့တာလဲ။”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ထိပ်သီးပညာရှင်လည်း အလျင်အမြန် ဒူးထောက်လိုက်ကာ ချက်ချင်းပြန်ဖြေလိုက်သည်။
“မင်းသား ကျွန်တော်တို့ ဝတ်ဆင်ထားတဲ့ ရွှေချည်ထိုး သံချပ်ကာတွေကို ကျွန်တော်တို့ရဲ့ ဝိညဉ်ရဲတိုက်မှာ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။”
ကိုယ်တိုင် ပြုလုပ်ထားတာလား။
လုချန်းသည် မျက်မှောင်ကြုတ်လိုက်ကာ ဆက်လက်မေးမြန်းလိုက်သည်။
“ဝိညဉ်ရဲတိုက်က ဒီရွှေချည်ထိုး သံချပ်ကာ တွေ ပြုလုပ်တဲ့ ပစ္စည်းတွေကို ဘယ်နေရာက ရလာတာလဲ။”
တုန်လှုပ်နေသော်လည်း ထိုထိပ်သီးပညာရှင်ပြန်ဖြေလိုက်သည်။
“မင်းသား။ ဒီရွှေချည်ထိုးသံချပ်ကာ ပြုလုပ်တဲ့ ပစ္စည်းတွေကို ကောင်းကင်က ကျလာတဲ့ဥက္ကာခဲတွေက ရပါတယ်။”
လုချန်းက ထပ်မေးလိုက်သည်။
“ဝိညဉ်ရဲတိုက်မှာ အဲ့ဒီ ဥက္ကာခဲတွေ ရှိသေးသလား။”
“မရှိတော့ပါဘူး။ ကျွန်တော်တို့ဟာ ရွှေချည်ထိုးသံချပ်ကာ သုံးခုပဲ ပြုလုပ်ခဲ့ပြီး အဲ့ဒီသံချပ်ကာတွေကို ကျွန်ုပ်တို့ ထိပ်သီးပညာရှင် သုံးယောက်ပဲ ဝတ်ဆင်ထားပါတယ်။”
ထိပ်သီးပညာရှင်၏ စကားကို ကြားလိုက်ရသော လုချန်း စိတ်သက်သာရာရသွားပြီး မျက်မှောင်ကြုတ်ထားခြင်းလည်း တဖြည်းဖြည်း ပြေလျော့သွားသည်။
ထိုအချိန်တွင် ဆုတန် ရုတ်တရက် သတိပြန်ရလာပြီး လုချန်းကို သူ့ရှေ့တွင် မြင်လိုက်ရသောအခါ သူ၏မျက်နှာတင်းမာသွားပြီး
“ကောင်လေး။ မင်းငါ့နဲ့အတူ သေရမယ်”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော တစ်ခုခု မှားယွင်းနေသည်ကို ဝမ်ရန်လီ ချက်ချင်းသတိပြုမိသွားပြီး လုချန်းကို
“ပြေးပါမင်းသား။ သူက သူ့ရဲ့အတွင်းအား ချက္ကရကို ဖျက်ဆီးတော့မယ်” ဟု ပြောလိုက်သည်။
ဝမ်ရန်လီက သူ၏စကားမဆုံးမီပင် ဆုတန်ကို လွှတ်ချလိုက်၏။ ထိုစဉ် လုချန်းက ရုတ်တရက် သူ၏လက်ကို ဆန့်ကာ ဆုတန်၏ မျက်နှာကို ဆုပ်ကိုင်လိုက်သည်ကို သူတို့ မြင်လိုက်ရသည်။
ခဏအကြာတွင် ဆုတန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ လုချန်းဆီသို့ ပြင်းထန်စွာ စီးဝင်လာသည်။ ဆုတန်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ အလျင်အမြန် ကုန်ခန်းသွားသည်ကို ခံစားလိုက်ရပြီး အတွင်းအားချက္ကရအတွင်း စွမ်းအင်များ စုစည်းကာ ဖျက်ဆီးရန် မတတ်နိုင်တော့ပေ။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော လူအားလုံး အံ့အားသင့်သွားကြသည်။ ဆုတန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်လှုပ်ရှားမှုသည် အလွန်ထင်ရှားပြီး မည်သည့်သိုင်းပညာရှင်မဆို ခံစားနိုင်သည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ လူများပင် လုချန်းကို ကြောက်ရွံ့သွားကြသည်။
မြောက်ပိုင်းနယ်စားမင်းသားတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များ ရှိနေလား။
ရန်သူ၏ စွမ်းအင်ကိုပင်တိုက်ရိုက် စုပ်ယူနိုင်တာလား။
မိုးနတ်မင်း။ ဒါကဘယ်လိုနည်းလမ်းမျိုးလဲ။
အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
မကြာမီပင် ဆုတန်၏ စွမ်းအားအားလုံးကို လုချန်းက စုပ်ယူလိုက်သည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော အညံ့ခံခဲ့သည့် ထိပ်သီးပညာရှင်လည်း အလွန်ထိတ်လန့်သွား၏။ မြောက်ပိုင်းနယ်စားမင်းသားတွင် ထိုကဲ့သို့သော စွမ်းရည်များ ရှိနေမည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။
သူသည်လည်း ထိပ်သီးပညာရှင်တစ်ဦး ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူ၏ ခန္ဓာကိုယ်ကိုပါ စိတ်မဝင်စားပဲ
နေမည် မဟုတ်ပေ။
ထိုအတွေးက ထိုထိပ်သီးပညာရှင်ကို ဇောချွေးများပြန်သွားစေပြီး ကျောချမ်းသွားစေသည်။
..........
အခန်း (၂၇၀)
ကူညီရတာ ဝမ်းသာပါတယ် (၁)
လုချန်းက သူ၏ စွမ်းရည်အားလုံးကို စုပ်ယူပြီးနောက် စွမ်းအင်မရှိတော့သဖြင့် နာကျင်မှုကို မခံနိုင်တော့ပဲ ဆုတန်ထပ်မံသတိလစ်သွားသည်။
ထိုအချိန်တွင် လုချန်း၏ မျက်လုံးသည် ခုနက အညံ့ခံခဲ့သော ထိပ်သီးပညာရှင်ပေါ်သို့ ကျရောက်သွားသည်။ လုချန်းက သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသော ထိပ်သီးပညာရှင်က ချက်ချင်းပင်
“ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ မင်းသား။ ကျွန်တော် အရာအားလုံးကို ဝန်ခံပါမယ်။ ဒါတွေအားလုံးကို ဝမ်မိသားစုက စီစဉ်ခဲ့တာဖြစ်ပြီး ကျွန်တော့်ကိုလည်း ဆုတန်က မြောက်ပိုင်းပြည်နယ်ကိုအတင်းအကျပ် ခေါ်လာတာပါ။ ကျွန်တော် မင်းသားကို လုပ်ကြံဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး။”
ခုနက ဖြစ်ရပ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အဆင့်လွန် ပညာရှင်ဖြစ်သော ဆုတန်၏ စွမ်းရည်အားလုံးကို လုချန်းက စုပ်ယူလိုက်သည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထိပ်သီးပညာရှင်သည် သူလည်း နောက်ထပ်ဆုတန်တစ်ယောက် ဖြစ်လာမည်ကို ကြောက်ရွံ့နေသည်။
သူ၏စွမ်းရည်ကို ဆုံးရှုံးသွားပါက သူသည် သာမန်လူတစ်ဦးသာ ဖြစ်သွားမည်။ မြောက်ပိုင်းနယ်စားမင်းသားအတွက် အညံ့ခံထားသော သာမန်လူတစ်ဦးက ပို၍ပင် အသုံးမကျပါ။ ဆိုလိုသည်မှာ သူမလွဲမသွေ ရှင်းပစ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် သူလုပ်ရမည့် ပထမဆုံးအရာမှာ မြောက်ပိုင်းနယ်စားမင်းသား သူ၏စွမ်းရည်ကို မစုပ်ယူစေရန် ဖြစ်သည်။
မြေကြီးပေါ်တွင် ဒူးထောက်နေသော ထိပ်သီးပညရှင် ကြည့်လိုက်ပြီး ချင်ယူရှန်က လုချန်းထံသို့ ချဉ်းကပ်လာကာ
“မင်းသား။ ဒီလူဟာ ဝိညဉ်ရဲတိုက်မှာ အရေးပါတဲ့ ရာထူးရှိတဲ့လူပါ။ ကျွန်တော်တို့ သူ့ကို ထိန်းချုပ်နိုင်ရင် အနာဂတ်မှာ ဝိညဉ်ရဲ့တိုက်တစ်ခုလုံးကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဝိညဉ်ရဲတိုက်မှာ လက်မှုပညာသည် အများအပြားရှိပါတယ်။ အဲ့ဒီလက်မှုပညာသည် တွေဟာ ကျွန်တော်တို့ မြောက်ပိုင်းပြည်နယ်အတွက် အလွန်တန်ဖိုးရှိပါတယ်”
ဟု တိုးတိုးကပ်ပြောလိုက်သည်။
လက်မှုပညာသည်များကို လုချန်း မည်မျှတန်ဖိုးထားသည်ကို မြောက်ပိုင်းပြည်နယ်ရှိ လူတိုင်းသိကြသည်။ ဝိညဉ်ရဲတိုက်သည် လက်နက်နှင့် ပစ္စည်းကိရိယာများ ပြုလုပ်ရာတွင် အထူးပြုသော အင်အားစုတစ်ခုဖြစ်ပြီး ထိုပစ္စည်းများကို ရောင်းဝယ်ခြင်းဖြင့် သူတို့၏ လုပ်ငန်းများကို စတင်ခဲ့သည်။ ထို့ပြင် သူတို့သည် လက်မှုပညာသည်များ အထူးသဖြင့် ပန်းပဲဆရာများကို အများအပြား လေ့ကျင့်ပေးခဲ့သည်။
...
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် လက်ရှိတွင် လက်မှုပညာသည်ပေါင်း နှစ်ထောင်ကျော် ရှိနေသော်လည်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်အတွက် ဤအရေအတွက်က မလုံလောက်သေးပေ။
မြောက်ပိုင်းပြည်နယ်သည် ဆောက်ရေး လုပ်ငန်းကြီးများကို လုပ်ဆောင်တော့မည်ဖြစ်သည်။ ထို့ကြောင့် လက်မှုပညာသည် အရေအတွက် များလေကောင်းလေဖြစ်သည်။
ချင်ယူရှန်၏ စကားကို ကြားလိုက်ရသော လုချန်းလည်း ခဏခန့်တွေးတောပြီးနောက် ချင်ယူရှန်ကို
“ဒါဆို ဒီလူကို ခင်ဗျားလက်ထဲ အပ်လိုက်မယ်။ သူ မထွက်ပြေးအောင် သတိထားပါ” ဟု ပြောလိုက်သည်။
ချင်ယူရှန်က ချက်ချင်းပြန်ဖြေလိုက်သည်။ “စိတ်ချပါမင်းသား။ ကျွန်တော် နောက်ကျရင် သူ့ကို စွမ်းရည်ပိတ်ဆို့တဲ့ဆေး တိုက်လိုက်ပါမယ်။”
ထိုအချိန်တွင် လုချန်းက ထိပ်သီးပညာရှင်ကို
“ခင်ဗျားဝတ်ထားတဲ့ ရွှေချည်ထိုး သံချပ်ကာကို ချွတ်လိုက်” ဟု ပြောလိုက်သည်။
ထိုအမိန့်ကို ကြားလိုက်ရသောအခါ ထိပ်သီးပညာရှင်လည်း အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိပဲ ရွှေချည်ထိုး သံချပ်ကာကို ချွတ်ကာ မြေကြီးပေါ်တွင် ထားလိုက်သည်။
ထို့နောက် လုချန်းက တစ်ယောက်ကို ဆုတန်၏ ရွှေချည်ထိုး သံချပ်ကာကိုပါ ချွတ်ခိုင်းလိုက်သည်။ သံချပ်ကာနှစ်ခုကို ကောက်ယူကာ စစ်ဆေးကြည့်ရာတွင် ထိုသံချပ်ကာများသည် တကယ်ပင် တူညီသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး စွမ်းအင်နှင့် ထိတွေ့သောအခါတွင် မဖျက်ဆီးနိုင်အောင် မာကျောသွားသည်ကို တွေ့ရှိလိုက်သည်။
ထိုပစ္စည်းက တကယ်ပင် စိတ်ဝင်စားစရာကောင်းသည်။
ထိုအချိန်တွင် လမ်းဆုံ၏ နှစ်ဖက်မှ လူနှစ်စုထွက်လာသည်။ တစ်စုကို မုချန်တိန်က ဦးဆောင်ပြီး အခြားတစ်စုကို ရွှမ်ယွမ်ချန်းက ဦးဆောင်သည်။
သူတို့သည် ခပ်မြန်မြန်ပင် စုရုံးလာကြပြီး လုချန်းဘေးသို့ ရောက်လာပြီးနောက် မုချန်တိန်က
“မင်းသား။ ကျွန်တော် သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ထိပ်သီးပညာရှင်ကို မတော်တဆ သတ်မိသွားပါတယ်” ဟု ပြောလိုက်သည်။
ယနေ့ညအတွက် တာဝန်များကို ခွဲဝေထားသည်။ မုချန်တိန်နှင့် ရွှမ်ယွမ်ချန်းတို့အား အခြားလူသတ်သမားအဖွဲ့နှစ်ဖွဲ့ကို ကိုင်တွယ်ရန် စေလွှတ်ခဲ့သည်။
မူလက ခေါင်းဆောင်ဖြစ်သော ထိပ်သီးပညာရှင်ကို အရှင်ဖမ်းရန် လုချန်း ရည်ရွယ်ခဲ့သော်လည်း ပညာရှင်အဆင့် သိုင်းပညာရှင်များ တိုက်ခိုက်သောအခါတွင် တစ်ခါတစ်ရံ၌ အင်အားကို ထိန်းချုပ်ရန် ခက်ခဲပြီး မတော်တဆ ရန်သူကို သတ်မိခြင်းမှာ ပုံမှန်ဖြစ်သည်။
လုချန်းက
“သေသွားပြီဆိုရင်လည်း ထားလိုက်ပါ။” ဟု ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် လုချန်းသည် သွေးများပေကျံနေသော လူတစ်ဦးကို ဖမ်းထားသည့် ရွှမ်ယွမ်ချန်းကို ကြည့်လိုက်သည်။ ထိုလူသည်လည်း ထိပ်သီးပညာရှင်တစ်ဦးဖြစ်၏။ ထိုအချိန်တွင် သူသည်အသက်ရှူရန် ခဲယဉ်းနေပြီး သေဆုံးတော့မည့် ပုံရသည်။
ထို့နောက် ရွှမ်ယွမ်ချန်းက ထိုလူကို မြေပြင်ပေါ်သို့ ချလိုက်ကာ လုချန်းကို
“မင်းသား။ ကျွန်တော်သူ့ကို နည်းနည်းစစ်ဆေးမေးမြန်းခဲ့ပြီးပါပြီ။ သူက ချူးမိသားစုက စေလွှတ်လိုက်တဲ့ လူသတ်သမားတစ်ဦးဖြစ်ကြောင်း သိခဲ့ရပါတယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော လုချန်း ခဏတာမျှ အံ့အားသင့်သွားသည်။
ချူးမိသားစုလား။
သူသည် လူသတ်သမားများနောက်ကွယ်ရှိ အင်အားစုများကို သိသော်လည်း သူတို့ကိုမည်သူက စေလွှတ်ခဲ့သည်ကိုတော့ အထူးကိုယ်ရံတော်များ မဖော်ထုတ်နိုင်ခဲ့ပေ။ ချူးမိသားစုကလည်း သူ့ကို လုပ်ကြံရန် လူစေလွှတ်မည်ဟု လုချန်းမမျှော်လင့်ခဲ့ချေ။
မျက်မှောက်တစ်ချက် ကြုတ်လိုက်ပြီးနောက် လုချန်းက ဒူးထောက်လိုက်ကာ သူ၏လက်ဝါးကို ထိုလူ၏ ခေါင်းပေါ်တွင် ထားလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးကို တိုက်ရိုက် စုပ်ယူလိုက်သည်။
လုချန်း အခြားတစ်ဦး၏ စွမ်းရည်ကို စုပ်ယူနေသည်ကို မုချန်တိန် မြင်ခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ သူအလွန် အံ့အားသင့်သွားသည်။
မြောက်ပိုင်းနယ်စားမင်းသား ဘယ်လိုကျင့်စဉ်တွေကို ကျင့်သုံးနေတာလဲ။
မုချန်တိန် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ဤမျှတိုတောင်းသော အချိန်အတွင်းတွင် မြောက်ပိုင်းနယ်စားမင်းသား ထိပ်သီးပညာရှင်ဖြစ်လာနိုင်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ သူသည် အခြားသူများ၏ စွမ်းရည်ကို စုပ်ယူကာ သူ၏ကိုယ်ပိုင်စွမ်းရည်အဖြစ် ပြောင်းလဲနိုင်သည်။
ဒါက မကောင်းသော လေ့ကျင့်ရေးနည်းလမ်းတစ်ခုနှင့် ဘာမှမကွာပါ။
လုချန်းက ထိုလူ၏ စွမ်းရည်အားလုံးကို စုပ်ယူလိုက်ပြီးဖြစ်သော်လည်း ထိုလူသေဆုံးသွားခြင်း မရှိသေးပေ။ ထို့နောက် လုချန်းက
ရွှမ်ယွမ်ချန်းကို
“ဒီလူကို ကျွန်တော့်အဖိုးဆီ ခေါ်သွားပြီး ဒီညဖြစ်ပျက်ခဲ့တာတွေကို ပြောပြခိုင်းလိုက်ပါ” ဟု ညွှန်ကြားလိုက်သည်။
ရွှမ်ယွမ်ချန်းက ချက်ချင်းပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းသား။”
ထို့နောက် ချင်ယူရှန်က
“ဗိုလ်ချုပ်ရွှမ်ယွမ်။ ခင်ဗျား မင်းသားအဖိုးနေတဲ့ နေရာကို သိချင်မှသိမယ်။ လမ်းပြပေးမယ့် လူတစ်ဦးကို ကျွန်တော်လွှတ်လိုက်ပါမယ်” ဟု ပြောလိုက်သည်။
ရွှမ်ယွမ်ချန်းက
“ကောင်းပါပြီ။ ဒါဆို တပ်မှုးချင်ကိုပဲ ဒုက္ခပေးရတော့မယ်” ဟု ပြန်ဖြေလိုက်သည်။
ချင်ယူရှန်သည် ချက်ချင်းပင် အထူးကိုယ်ရံတော်များကို ခေါ်ယူကာ ချူးရှုံ လက်ရှိနေထိုင်ရာ နေရာသို့ရွှမ်ယွမ်ချန်းအား ခေါ်ဆောင်သွားစေခဲ့သည်။
ရွှမ်ယွမ်ချန်း ထွက်ခွာသွားပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော ဝိညဉ်ရဲတိုက်မှ လူသတ်သမားများကို လုချန်း စစ်ဆေးကြည့်လိုက်သည်။ ထိုလူသတ်သမားများအားလုံး အညံ့ခံခဲ့ကြသော်လည်း သူတို့၏ အင်အားက မနည်းလှပေ။ ချင်ယူရှန်တို့ သူတို့ကို ထိန်းချုပ်နိုင်ပါ့မလားဟု လုချန်းအနည်းငယ် စိုးရိမ်နေသည်။
ထိုအချိန်တွင် ချင်ယူရှန်က အထူးကိုယ်ရံတော်များအား အညံ့ခံထားသော ဝိညဉ်ရဲတိုက်မှ လူသတ်သမားများကို ဆေးတစ်မျိုး တိုက်ခိုင်းလိုက်သည်။ ထိုအရာကို သတိပြုမိသွားသော လုချန်းက
“တပ်မှူးချင် သူတို့ကို ဘာတွေ တိုက်နေတာလဲ” ဟု မေးလိုက်သည်။
.........