အခန်း ၂၈၀-၂၈၂
Vol. 19 Ch. 280-282
အခန်း (၂၈၀)
နောက်ထပ် နှစ်တစ်ရာကြာရင်တောင် မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး (၁)
ဝူနိုင်ငံတော်အတွင်း ပဋိပက္ခဖြစ်ပွားနေသည့် သတင်းသည် ရှနိုင်ငံတော်တစ်ဝှမ်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားကာ အာဏာရှိမိသားစုများအကြား ချက်ချင်းပင် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ရှနိုင်ငံတော်အပေါ် ပြင်ပဖိအား လုံးဝပျောက်ကွယ်သွားပါက ဆွမ်ဧကရာဇ်သည် သူ၏ဓားမြှောင်ကို အာဏာရှိမိသားစုများဆီသို့ လှည့်မည်မှာ အလွန်ထင်ရှားနေသည်။
ရုတ်တရက်ပင် ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိမိသားစုကြီးတိုင်းသည် အသင့်ပြင်ဆင်မှုများ စတင်လုပ်ဆောင်လာကြသည်။ အချို့က နယ်စားများနှင့် ပူးပေါင်းကြပြီး အချို့မှာ မင်းသားများနှင့် မဟာမိတ်ဖွဲ့ကာ ဆွမ်ဧကရာဇ် သူတို့အား တိုက်ခိုက်လာပါက သူ့ကိုဖြုတ်ချကာဧကရာဇ် အသစ်တစ်ဦးကို တင်မြှောက်ရန် အသင့်ပြင်ဆင်လာကြသည်။
သို့သော် မထင်မှတ်ထားပဲ နောက်ပိုင်းကာလများတွင် ရှနိုင်ငံတော်အတွင်း ဆက်လက်တည်ငြိမ် နေသည်ကို တွေ့ရသည်။ ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများကို တိုက်ခိုက်မည့် လက္ခဏာ လုံးဝမပြသခဲ့ပေ။
စစ်တပ်ကြီးများ စုစည်းမှု မရှိသည့်အပြင် သူသည် လုရှုယွမ်အား အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့ပြီး တောင်ပိုင်း အာဏာရှိမိသားစုများကို ဝမ်းမြောက်စေခဲ့သည်။ ဆွမ်ဧကရာဇ် အပြည့်အဝ အလျှော့ပေးရန် အမှန်တကယ် ဆန္ဒရှိသည်ဟု သူတို့စတင်ယုံကြည်လာကြသည်။
တစ်လကြာပြီးနောက်...
မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် လုချန်းသည် စာကြည့်ခန်းထဲ၌ နေပြည်တော်မှ ရောက်ရှိလာသော သတင်းများကို ဖတ်ရှုရင်း အနည်းငယ် စိတ်ရှုပ်ထွေးမိသည်။ သူ၏ဖခင် ဧကရာဇ်သည် ဝူနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်အတွင်းက အခြေအနေများကို သိရှိပြီးဖြစ်မည်ဆိုပါက အဘယ့်ကြောင့် ယခုအချိန်ထိ လုပ်ဆောင်မှုမရှိသေးသနည်း။
သူသည် အာဏာရှိ မိသားစုများနှင့် ရင်ဆိုင်ရန် ရှောင်ရှားရုံသာမက လုရှုယွမ်အား အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့သည်။ ဒါက တောင်ပိုင်း အာဏာရှိ မိသားစုများအား လျှော့ပေးသည့် လှုပ်ရှားမှုတစ်ခုဟု ထင်ရသည်။
သူ၏ဖခင် ဧကရာဇ်တွင် ရေရှည် စီမံကိန်းတစ်ခုရှိပြီး အိမ်ရှေ့စံ ခန့်အပ်ခြင်းက အာရုံလွှဲမှုတစ်ခု ဖြစ်နိုင်လား။
ယခုအချိန်သည် အာဏာရှိ မိသားစုများအား တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သော်လည်း သူတို့၏ဩဇာသည် ရှနိုင်ငံတော်နှင့် နက်နက်ရှိုင်းရှိုင်း ရောယှက်နေသည်။ အာဏာရှိ မိသားစုတစ်စုအား အမြစ်ဖြတ်ရန်မှာ အဆိပ်ဖြေရန် အရိုးကိုခြစ်ရသည့် ကိစ္စနှင့်တူသည်။
အာဏာရှိ မိသားစုများအား အမြစ်ဖြတ်ရန် အချိန်ကောင်းဖြစ်သော်လည်း သူတို့ကို ကိုင်တွယ်ရမည့်ကိစ္စမှာ ဖြည်းဖြည်းချင်း ဆောင်ရွက်ရမည့် အရာဖြစ်သည်။
သူ၏ဖခင် ဧကရာဇ်သည် အာဏာရှိ မိသားစုများအား ရှင်းလင်းရန် အကြံအစည်ကို အပြီးအပိုင် စွန့်လွှတ်သွားပြီဟု လုချန်းလုံးဝမယုံကြည်ခဲ့ပေ။
နေပြည်တော်မှ ရောက်ရှိလာသော ထောက်လှမ်းရေးအစီရင်ခံစာများကိုဖတ်ပြီး လုချန်း စဉ်းစားနေစဉ် စာကြည့်ခန်းတံခါးဝသို့ ဝူယွမ် ရောက်ရှိလာပြီး
“မင်းသား။ ချီမင်းသားရဲ့ သံတမန်တစ်ဦး ရန်ခရိုင်ကို ရောက်ရှိလာပါတယ်” ဟု လျှောက်ထားလိုက်သည်။
ထိုစကားကို ကြားရသည့်အခါ လုချန်း ခဏတာမျှ ငိုင်သွားပြီး လက်ထဲရှိ အစီရင်ခံစာများကို ချလိုက်ကာ
“ချီမင်းသား လား။ ဘယ်ချီမင်းသားလဲ” ဟု မေးလိုက်သည်။
ဝူယွမ်က ချက်ချင်း နားလည်သွားပြီး “မင်းသားရဲ့ ဦးလေးတော်စပ်သူ နယ်စားမင်းသားပါ” ဟု ချက်ချင်းဖြေလိုက်သည်။
ချီမင်းသားနှင့် နံပါတ်ရှစ် (ချီ) မင်းသားမှာ အသံထွက်ဆင်တူသည် ။ လုရှုယွမ်သည်လည်း နံပါတ်ရှစ် (ချီ) မင်းသားဖြစ်ပြီး အခြားချီမင်းသားမှာ လုချန်း၏ ဦးလေးတော်စပ်သူ သီးသန့်နယ်မြေရှိသော နယ်စားတစ်ဦးဖြစ်သည်။ အစပိုင်းတွင် သံတမန်မှာ လုရှုယွမ်ထံမှ ထပ်မံရောက်ရှိလာသည်ဟု လုချန်း ထင်မှတ်ခဲ့သည်။
ဝူယွမ်၏ အဖြေကို ကြားရပြီးနောက် လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“သူတို့ သံတမန်စေလွှတ်ရတဲ့ အကြောင်းရင်းက ဘာလဲ” ဟု မေးလိုက်သည်။
ချီမင်းသား၏ နယ်မြေသည် မြောက်ပိုင်းပြည်နယ်၏ တောင်ဘက်နှင့် တိုက်ရိုက်နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။
ဝူယွမ်က “ဒုက္ခသည်တွေနှင့် ပတ်သက်တဲ့ ကိစ္စဖြစ်နိုင်ပါတယ်” ဟု ဖြေကြားလိုက်သည်။
ဝူယွမ်၏ ရှင်းလင်းချက်ကို ကြားရသည့်အခါ လုချန်းလည်း နားလည်သွားသကဲ့သို့ မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး
“အဲ့ဒီ သံတမန်ကို ငါ့စာကြည့်ခန်းထဲ ခေါ်ခဲ့ပါ။”
“ဟုတ်ကဲ့ မင်းသား”
မကြာမီအတွင်း ဝူယွမ်သည် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်း ယောက်ျားတစ်ဦးကို စာကြည့်ခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
လုချန်းကိုမြင်တွေ့သည်နှင့် ထိုသူက ချက်ချင်း ရိုသေစွာ ဦးညွှတ်လိုက်ပြီး
“ နိမ့်ကျတဲ့ အရာရှိဖြစ်တဲ့ ကျွန်ုတော်လျူကျုံး မြောက်ပိုင်းနယ်စားမင်းသားကို ဂါရဝပြုပါတယ်။”
ထိုစကားကို ကြားရသည်နှင့် လုချန်းက ပြုံးလိုက်ကာ
“နိမ့်ကျတဲ့ အရာရှိတဲ့လား။ ကျွန်တော်တို့အားလုံးက ရှနိုင်ငံတော်ရဲ့ လက်အောက်ခံများသာဖြစ်ကြပါတယ်။ ဘာလို့ ကိုယ့်ကိုယ်ကို ဒီလိုရည်ညွှန်းရတာလဲ”
ဟု မေးလိုက်သည်။
“ကျွန်တော့်ရဲ့ ဦးလေးမှာ အခြားရည်ရွယ်ချက်များ ရှိနေလို့လား”
တစ်နိုင်ငံတည်းတွင် နေထိုင်ကြသော်လည်း မတူညီသော နယ်စားပြည်နယ်များမှ အရာရှိသူတို့ကိုယ်သူတို့ “နိမ့်ကျတဲ့ အရာရှိ” ဟု ရည်ညွှန်းခေါ်ဆိုလေ့ရှိသည်။ လုချန်းက ဤအချက်ကို ကောင်းစွာသိထားပြီးဖြစ်သော်လျူကျုံး၏ တုံ့ပြန်မှုကို စမ်းသပ်ရန် မေးကြည့်လိုက်ခြင်းဖြစ်သည်။
လျူကျုံး၏ မျက်နှာတွင် ထိတ်လန့်မှုလက္ခဏာ လုံးဝမပြပဲ ရိုသေစွာဖြင့် “မင်းသား ပြောတာ မှန်ပါတယ်။ ဒီအမှားကို ကျွန်တော် ပြန်ရောက်ရင် ကျွန်တော့်သခင်ဆီမှာ ဝန်ခံပြီး အပြစ်ပေးဖို့ တောင်းဆိုပါမယ်” ဟု ခိုင်မာသော လေသံဖြင့် ပြန်ပြောလိုက်သည်။
လုချန်းက ထိုအကြောင်းအရာကို ဆက် မပြောတော့ပဲ တိုက်ရိုက်မေးလိုက်သည်။
“ပြောပါ။ ကျွန်တော့်ဦးလေးက ခင်ဗျားကို ဘာအကြောင်းနဲ့ စေလွှတ်လိုက်တာလဲ”
လျူကျုံးက
“မင်းသား။ မြောက်ပိုင်းပြည်နယ်ဟာ ကျယ်ပြန့်ပြီး မစိုက်ပျိုးရသေးတဲ့ မြေများရှိသော်လည်း ဖွံ့ဖြိုးတိုးတက်ရန်အတွက်လူအင်အားလုံးခြင်းမရှိကြောင်း ကျွန်တော့် သခင်က ကြားသိထားပါတယ်။ မင်းသားမှာ လူဦးရေနည်းပါးတဲ့ ပြဿနာရှိနေတုန်း တိုက်ဆိုင်စွာပဲ မကြာသေးခင်က ချီပြည်နယ်ကို အနောက်ဝူခရိုင်က ဒုက္ခသည် အများအပြား ရောက်ရှိလာပါတယ်။ ကျွန်တော့်ရဲ့သခင်က ဒီဒုက္ခသည်တွေကို မြောက်ပိုင်းပြည်နယ် ပို့ဆောင်ပေးပြီး မင်းသားရဲ့ မြေယာပြန်လည်ဖော်ဆောင်ခြင်း ပြဿနာကို ကူညီလိုပါတယ်။”
ထိုစကားကို ကြားရသည်နှင့် လုချန်းက ရယ်မောလိုက်ပြီး
“ ကျွန်တော့်ဦးလေးက တကယ်ပဲ လှည့်ကွက်ကောင်းတစ်ခု ဆင်နေပါလား။
‘မြေယာပြန်လည်ဖော်ဆောင်ခြင်းမှာ ကူညီမယ်’ ဆိုတာက ဘာကိုဆိုလိုတာလဲ။ ချီပြည်နယ်က ဒီဒုက္ခသည်တွေကို လက်မခံချင်ပဲ ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်နေပြီး မြောက်ပိုင်းပြည်နယ်ကို ပို့လိုက်ချင်တာပဲ ထင်တယ်”
ဟု ပြောလိုက်သည်။
လျူကျုံးက တည်ငြိမ်စွာဖြင့်
“မင်းသားရဲ့ စကားလုံးတွေ မှားယွင်းနေပါတယ်။ ယခု ချီပြည်နယ်ဟာ ချမ်းသာကြွယ်ဝပြီး အစားအစာ ပေါများပါတယ်။ ဆီဝူခရိုင်က ဒုက္ခသည်တွေကို ကျွန်တော်တို့ ပြည်နယ်က ဆက်လက်လက်ခံနိုင်ပါသေးတယ်” ဟု ဖြေကြားလိုက်သည်။
“မြောက်ပိုင်းပြည်နယ်ကို ပို့ဆောင်လိုခြင်းက ပြည်နယ်ချင်း ဆက်ဆံရေး ကောင်းမွန်စေဖို့ အားထုတ်မှုတစ်ခုသာဖြစ်ပါတယ်။ ကျွန် တော့်သခင် မင်းသားကို ကူညီဖို့ လုပ်ဆောင်တာက ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကြောင့်သာ ဖြစ်ပါတယ်”
လုချန်းက
“ချီပြည်နယ်ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်ပါပြီ။ ချီပြည်နယ်က ဒုက္ခသည်တွေကို လက်ခံနိုင်တယ်ဆိုရင် သူတို့ကို ခင်ဗျားတို့ဆီမှာပဲ ထားလိုက်ပါ”
ဟု ပြောလိုက်သည်။
“မြောက်ပိုင်းပြည်နယ်က ဆင်းရဲပြီး ကိုယ့်ပြည်နယ်က လူကိုတောင် လုံလောက်အောင်မကျွေးမွေးနိုင်ပါဘူး။ ဒုက္ခသည်တွေအတွက် အစားအစာ ဘယ်လိုပေးနိုင်မှာလဲ။”
သို့သော် လျူကျုံးက စိတ်ရှုပ်သွားခြင်း မရှိ တည်ငြိမ်စွာဖြင့်
“ စိတ်မပူပါနဲ့ မင်းသား။ ကျွန်တော့်သခင်က မင်းသား ဒုက္ခသည်တွေကို လက်ခံဖို့ သဘောတူရင် တစ်နှစ်လုံးအတွက် စားနပ်ရိက္ခာကို ချီပြည်နယ်က ထောက်ပံ့မယ်လို့ ဆိုပါတယ်” ဟု ပြောကြားလိုက်သည်။
လျူကျုံး၏စကားကို ကြားရသည့်အခါ လုချန်းက
“အိုး။ ဦးလေးက ဒီလောက်တောင် ရက်ရောလား။ ဒုက္ခသည်တွေအတွက် ရိက္ခာတောင် ပြင်ဆင်ထားတယ်ဆိုပါလား။ ချီပြည်နယ်က လူတွေကိုပို့ပြီးနောက်ပိုင်း လစ်လျူရှုသွားမှာ မဟုတ်ဘူးပေါ့”
ဟု ပြန်ပြောလိုက်သည်။
လျူကျုံးက
“ဒုက္ခသည်တွေအတွက် ရိက္ခာကို ဒုက္ခသည် တွေနဲ့အတူ တစ်ခါတည်း မြောက်ပိုင်းပြည်နယ်ကို ပို့ဆောင်မှာဖြစ်ပါတယ်။ လက်ခံရရှိမယ့် ရိက္ခာတွေကို မြောက်ပိုင်းပြည်နယ်ဘက်က အရင်စစ်ဆေးရေတွက်နိုင်ပါတယ်။”
ထိုခရိုင်သုံးခုမှ ဒုက္ခသည်များသည် ချီပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီဖြစ်သည်။ မဟုတ်ပါက သူတို့ဤမျှ နှိမ့်ချစွာ ပြုမူလိမ့်မည် မဟုတ်ကြောင်း လုချန်းသိမြင်လိုက်သည်။
ဆက်လက်၍ ဈေးကိုင်ခြင်း မပြုတော့ပဲ ထိုကမ်းလှမ်းချက်ကို လက်ခံရန် လုချန်းဆုံးဖြတ်လိုက်သည်။ ဒုက္ခသည်များအတွက် တစ်နှစ်စာ အစားအစာသည် သူတို့အား တစ်နှစ်လုံး သက်တောင့်သက်သာ နေထိုင်နိုင်ရန် ကူညီပေးလိမ့်မည်။ ပြောင်းဖူး၊ အာလူးနှင့် ကန်စွန်းဥများ ရိတ်သိမ်းပြီးသည်နှင့် လာမည့်နှစ်တွင် ဒုက္ခသည်များကို ထောက်ပံ့ရန်က ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်တော့မည်မဟုတ်ပေ။
.........
အခန်း (၂၈၁)
နောက်ထပ် နှစ်တစ်ရာကြာရင်တောင် မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး(၂)
လုချန်း ဆက်လက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းသဘောတူရန် ဝန်လေးနေသေးသည်ဟု လျူကျုံး ထင်မှတ်သွားပြီး ဆက်ပြောလိုက်သည်။
“မင်းသား။ ကျွန်တော် ချီပြည်နယ်မှ မထွက်ခွာခင် ကျွန်တော်တို့သခင်က ချီပြည်နယ်ရဲ့ ဆန်ကုန်သည်တွေနဲ့ တိုင်ပင်ပြီးသားပါ။ မြောက်ပိုင်းပြည်နယ်က ဒီဒုက္ခသည်တွေကို လက်ခံမယ်ဆိုရင် စစ်မဖြစ်ခင်က ဆန်ဈေးနှုန်းအတိုင်း ချီပြည်နယ်ကနေ ဆန်ဝယ်ယူနိုင်ပါတယ်။ ချီပြည်နယ်ဘက်က တစ်နှစ်အတွင်း ဈေးတက်တာမျိုး မလုပ်ပါဘူး။”
လုချန်း စိတ်ထဲတွေးမိသည်။ ဒုက္ခသည်တွေက ချီပြည်နယ်ရဲ့ မြေရှင်တွေနဲ့ အာဏာရှိမိသားစုတွေကို တကယ်ထိခိုက်စေပုံရ၏။ မဟုတ်ပါက ဒီလိုရက်ရောသည့် ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် သူတို့ သဘောတူမည် မဟုတ်ပေ။
လုချန်း ဆက်တိတ်ဆိတ်နေသည်ကို မြင်သော လျူကျုံးလည်း နဖူးတွန့်လာကာ တွေး တောလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားက သဘောမတူသေးဘူးလား... သူလောဘကြီးနေတာလား။
ယခုအချိန်သည် မြောက်ပိုင်းပြည်နယ်အတွက် လူအင်အားလိုအပ်နေချိန်ဖြစ်ပြီး ချီပြည်နယ်က လူရော၊ စားနပ်ရိက္ခာပါ ပေးမည့်အပြင် ဤမျှနှိမ့်ချစွာ တောင်းဆိုနေခြင်းဖြစ်သည်။ ဤမျှလိုက်လျောနေသည်ကို ငြင်းဆိုပါက အကျိုးကျေးဇူး နားမလည်ဟု ဆိုရမည်။
ထိုအချိန်တွင် လုချန်းက
“ချီမင်းသားက ကျွန်တော့်ဦးလေးဖြစ်တာကြောင့် ဒီတစ်ခါတော့ ချီပြည်နယ်ကို မျက်နှာပေးလိုက်မယ်။ ဒုက္ခသည်တွေကို မြောက်ပိုင်းပြည်နယ်ကို ပို့လို့ရတယ်။ ဒါပေမဲ့ သူတို့အတွက် စားနပ်ရိက္ခာ ပမာဏကို နည်းနည်းတောင် လျှော့ချခွင့်မရှိဘူး။ အချိန်ရောက်ရင် စစ်တပ်ကို စီစဉ်ခိုင်းပြီး လက်ခံမယ်” ဟု ပြောလိုက်သည်။
လုချန်း သဘောတူသည်ကို မြင်တော့မှ လျူကျုံး စိတ်သက်သာရာရသွားပြီး
“ဟုတ်ကဲ့ပါ မင်းသား။ လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
...
ထို့နောက် လုချန်းက ဝူယွမ်အား
“ဝူ ခေါင်းဆောင်။ လျူအရာရှိက ခရီးဝေးကနေ လာရတာဆိုတော့ ကောင်းကောင်းဧည့်ခံလိုက်ပါ” ဟု မှာလိုက်သည်။
ဝူယွမ်က ချက်ချင်းပင်
“ဟုတ်ကဲ့ မင်းသား” ဟု ဦးညွှတ်၍ ဖြေကြားလိုက်သည်။
လျူကျုံးလည်း
“မင်းသားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ခွင့်ပြုပါ။” ဟု နှုတ်ဆက်လိုက်သည်။
ဝူယွမ်က လျူကျုံးကို စာကြည့်ခန်းမှ ခေါ်ထုတ်သွားပြီးနောက် လုချန်းလည်း ရန်ခရိုင်မှ အရာရှိများကို အမြန်ဆုံးခေါ်ယူကာ ဒုက္ခသည်များလက်ခံရေးကိစ္စကို တိုင်ပင်လိုက်သည်။
ထိုခရိုင်သုံးခုမှ ဒုက္ခသည်အရေအတွက်မှာ အနည်းဆုံး သိန်းနှင့်ချီမည်ဖြစ်ရာ ချီပြည်နယ်ဘက်က ဒီအတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးလိုက်ရခြင်းဖြစ်သည်။
မြောက်ပိုင်းပြည်နယ်သည် မြေဧရိယာ ကျယ်ပြန့်ပြီး လူမနေသော နေရာများစွာရှိသဖြင့် ဒုက္ခသည်များကို လက်ခံရန် အခက်အခဲမရှိလှသော်လည်း သူတို့ကို ကောင်းစွာစီမံနိုင်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် ဒုက္ခသည်များအား မည်သို့နေရာချထားမည် မည်သို့စီမံမည်ဆိုသည်ကို အသေးစိတ်ဆွေးနွေးရန် လိုအပ်သည်။
ထိုအတောအတွင်း ရှနိုင်ငံတော်။နေပြည်တော်ရှိ ရှေ့ပိုင်းနန်းတော်။
အိမ်ရှေ့မင်းသား လုရှုယွမ်သည် စာကြည့်ခန်းထဲတွင် နိုင်ငံတော်ဆိုင်ရာ အရေးကိစ္စများကို ဆောင်ရွက်နေစဉ် သူ၏အကြံပေးများ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြသည်။
သူတို့ရောက်ရှိလာသည်ကို မြင်သောအခါ လုရှုယွမ်က လက်ရှိလုပ်ဆောင်နေသည်များကို ရပ်တန့်ကာ
“မကြာသေးခင်က နေပြည်တော်အပြင်ဘက်မှာ ဒုက္ခသည် အမြောက်အမြားရောက်လာတယ်။ ကျွန်တော့်ကို ဒီဒုက္ခသည်တွေကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ ဖခင်မင်းကြီးက တာဝန်ပေးအပ်ထားတယ်။ ဒါပေမဲ့ ယခုထိ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကို မတွေ့သေးဘူး။”
ဒုက္ခသည်ကိစ္စသည် လုရှုယွမ် အိမ်ရှေ့စံရာထူး ဆက်ခံပြီးနောက် ပထမဆုံးကိုင်တွယ်ရသော နိုင်ငံရေးကိစ္စဖြစ်ပြီး ကောင်းစွာမဖြေရှင်းနိုင်ပါက နန်းတွင်းရှိ အခြားမင်းသားများ၏ လူများက အပြစ်တင်ကြမည်မှာ မလွဲဧကန်ဖြစ်သည်။
ထို့ကြောင့် လုရှုယွမ်က သူ၏အကြံပေးများအားလုံးကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အာဏာရှိမိသားစုများမှ အရာရှိအချို့လည်း သူ၏စာကြည့်ခန်းထဲတွင် ရှိနေကြသည်။
ထိုအချိန်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးက
“ အိမ်ရှေ့မင်းသား။ ရှနိုင်ငံတော်အတွင်းက လယ်ယာမြေများဟာ အခုဆိုရင် အပြည့်အဝခွဲဝေထားပြီးဖြစ်ပါတယ်။ ဒုက္ခသည်တွေ အတွက် လယ်ယာမြေ ထပ်မံဖော်ထုတ်ဖို့ကခက်ခဲပါတယ်။ ဒါ့ကြောင့် ဒီဒုက္ခသည်တွေ အားလုံးကို မြောက်ပိုင်းပြည်နယ် ပို့ဆောင်ခြင်းဖြင့် ပြဿနာများကို ရှောင်ရှားနိုင်မည်ဟု အကြံပြုပါတယ်။”
“မြောက်ပိုင်းပြည်နယ်မှာ လူမနေတဲ့ မြေလွတ်မြေရိုင်း အများအပြားရှိပြီး လူအင်အား အလွန်လိုအပ်နေပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားဟာ ဒီဒုက္ခသည်တွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံမယ်လို့ယုံကြည်ပါတယ်။ ဒီနည်းနဲ့ ပြဿနာကို အဆင်ပြေစွာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။”
ထိုစကားကို ကြားရသောအခါ လုရှုယွမ် မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။
မြောက်ပိုင်းနယ်စားမင်းသားအကြောင်း စဉ်းစားသည့်အခါတိုင်း မကြာသေးမီက ဝမ်ယုံပြောခဲ့သည့် အကြောင်းအရာကို သတိရမိသည်။ ဝမ်မိသားစုက ဝိညာဉ်ရဲတိုက်မှ လူသတ်သမားတစ်ဦးကို မြောက်ပိုင်းမင်းသားကို သတ်ရန် စေလွှတ်ခဲ့ပြီး ယခုချိန်ထိတိုင်အောင် သတင်းမရရှိသေးပေ။
ထိုအချိန်တွင် လုရှုယွမ်က ဝမ်ယုံအား လှည့်မေးလိုက်သည်
“ဝမ်ယုံ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာသတင်းအသစ်တွေရှိလဲ”
ဝမ်ယုံက-
“ အိမ်ရှေ့မင်းသား။ အခုထိ သတင်းမရသေးပါဘူး။ ဝိညဉ်ရဲတိုက်ကိုလည်း မေးမြန်းကြည့်ပါတယ်။ သူတို့လူတွေလည်း မြောက်ပိုင်းပြည်နယ်က သတင်းကို မရရှိသေးပါဘူး။ ဆုတန်နှင့် အဖွဲ့ဟာ ရန်ခရိုင်ရောက်ပြီးနောက်ပိုင်း ပျောက်ဆုံးသွားပါတယ်” ဟု ဖြေကြားလိုက်သည်။
လုရှုယွမ်စဉ်းစားမိသည်။ ဆုတန်သည် အဆင့်လွန် သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်း မြောက်ပိုင်းပြည်နယ်သို့ရောက်သည်နှင့် ပျောက်ဆုံးသွားတာလား။
ထို့ပြင် ဤကာလအတွင်း မြောက်ပိုင်းပြည်နယ်သို့ အာဏာရှိမိသားစုများစွာမှ လူသတ်သမားများ စေလွှတ်ခဲ့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားမှာ အသက်ရှင်နေဆဲဖြစ်ပြီး ထိုလူသတ်သမားအားလုံး ၏ သတင်းများ ပျောက်ကွယ်သွားကြသည်။
မြောက်ပိုင်းမင်းသားဆီမှာ အဆင့်မြင့်သိုင်းပညာရှင် ဘယ်နှစ်ယောက်တောင် ရှိနေလို့လဲ။
ထိုအချိန်တွင် စာကြည့်ခန်းအတွင်းရှိ အကြံပေးတစ်ဦးက
“ ကျွန်တော်ကတော့ အိမ်ရှေ့မင်းသား အနေနှင့် ဒုက္ခသည်တွေကို မြောက်ပိုင်းပြည်နယ်ပို့ဖို့ အကြံမပေးလိုပါဘူး။ မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးလာရင် အိမ်ရှေ့မင်းသားအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။”
ထိုခရိုင်သုံးခုမှ ဒုက္ခသည်များသည် တကယ်ပင် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်သော်လည်း ထိုဒုက္ခသည်အားလုံးကို မြောက်ပိုင်းပြည်နယ်သို့ ပို့လိုက်ပါက နောင်တွင် ပိုမိုကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။
ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိမိသားစုများစွာမှ လူသတ်သမားများ စေလွှတ်ခဲ့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားအား မည်သူမှ မသတ်နိုင်ခြင်းမှာ မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းပြည်နယ်တွင် ခိုင်မာစွာ အခြေစိုက်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။ အကယ်၍ ထိုမင်းသားထံသို့ လူအင်အားများ ထပ်မံရောက်ရှိသွားပါက မြောက်ပိုင်းပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်သည်။
အကြံပေး၏ စကားကိုကြားပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက
“လိီလူကြီးမင်းရဲ့ အကြောင်းပြချက်က အခြေအမြစ်မရှိဘူးလို့ မဆိုနိုင်ပေမဲ့ လက်ရှိအချိန်မှာ မြောက်ပိုင်းပြည်နယ်ဟာ အဝတ်အစားနှင့် စားနပ်ရိက္ခာ ချို့တဲ့နေပြီး ဒီလောက် များပြားတဲ့ လူဦးရေကို ထောက်ပံ့နိုင်စွမ်း မရှိသေးပါဘူး။ ဒီဒုက္ခသည်တွေ မြောက်ပိုင်းကို ရွှေ့ပြောင်းသွားရင်အခြေအနေ ပိုမိုရှုပ်ထွေး လာမှာသာဖြစ်ပါတယ်။ မြောက်ပိုင်းမင်းသား အနေနှင့် ဒီဒုက္ခသည်တွေကို ကောင်းစွာစီမံခန့်ခွဲနိုင်မယ်လို့ မထင်ပါဘူး။”
“နောက်ပြီး ဒီကိစ္စဟာ အိမ်ရှေ့မင်းသား ရာထူးကို ဆက်ခံပြီး ပထမဆုံးကိုင်တွယ်ရတဲ့ နိုင်ငံရေးကိစ္စဖြစ်ပါတယ်။ အရေးအကြီးဆုံးက ဒုက္ခသည် ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ဖြစ်ပါသည်။ ကျွန်တော့်အမြင်အရတော့ လက်ရှိအချိန်မှာ မြောက်ပိုင်းပြည်နယ်ရဲ့ ပြဿနာကို စိုးရိမ်စရာ မလိုသေးပါဘူး။”
“နောက်ပြီး မြောက်ပိုင်းပြည်နယ်မှာ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးအားလုံးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ပြန်လည်ရယူထားပြီးဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေ မြောက်ပိုင်းပြည်နယ် ရောက်ရင် ဘယ်မြေယာကိုမှ ရရှိမှာ မဟုတ်ပါဘူး။ အချိန်ကြာလာတာနှင့်အမျှ ဒီဒုက္ခသည်တွေ ပုန်ကန်လာမှာ မလွဲပါဘူး။ ဒီအချက်က နောက်ပိုင်း နန်းတွင်းက မြောက်ပိုင်းပြည်နယ်ဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။”
ဘဏ္ဍာရေးဝန်ကြီး၏စကားကို ကြားပြီးနောက် လုရှုယွမ်စဉ်းစားလိုက်သည်။
ခရိုင်သုံးခုမှ ဒုက္ခသည်များသည် မြောက်ပိုင်းပြည်နယ်၏ လူဦးရေကို သိသိသာသာ ဖြည့်တင်းပေးနိုင်သော်လည်း လူဦးရေ အလွန်များပြားလှသဖြင့် မြောက်ပိုင်းပြည်နယ်အနေနှင့် စီမံခန့်ခွဲနိုင်မည် မဟုတ်ပဲ ပြဿနာ အစပျိုးရန်သာ အလားအလာရှိသည်။
အလွန်ဆင်းရဲသော နယ်စားပြည်နယ်တစ်ခုအနေဖြင့် ဤမျှလောက်များပြားသော လူဦးရေကို ထောက်ပံ့နိုင်စွမ်း မရှိပေ။ ထို့ပြင် နန်းတွင်းက မြောက်ပိုင်းပြည်နယ်၏ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ဆုံးဖြတ်ပြီးဖြစ်သည်။ မည်သည့်အခက်အခဲကိုမဆို နန်းတွင်းက ကူညီမည် မဟုတ်ပေ။ ထိုဒုက္ခသည်များ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပါက အနှေးနှင့်အမြန်ဆိုသလို အတွင်းရေးပဋိပက္ခများ ဖြစ်ပွားစေမည်ဖြစ်သည်။
ထိုအတွေးများဖြင့် လုရှုယွမ်က
“ချင်းလူကြီးမင်းရဲ့ စကားက မှန်ကန်ပါတယ်။ အကယ်၍ ကျွန်တော်သာ ဒုက္ခသည်ပြဿနာကို အမြန်ဆုံးမဖြေရှင်းနိုင်ရင်ဝန်ကြီးများရဲ့ အပြစ်တင်ကဲ့ရဲ့တာတွေ ခံရမှာ မလွဲဘူး။ ဒါကကျွန်တော် အိမ်ရှေ့စံရာထူး ဆက်ခံပြီးနောက်ပိုင်း ပထမဆုံးကိုင်တွယ်တဲ့ နိုင်ငံရေးကိစ္စဖြစ်တယ်။ ဒါ့ကြောင့် အမြန်ဆုံးဖြေရှင်းရမယ်။”
“မြောက်ပိုင်းပြည်နယ်နှင့် ပတ်သက်ရင်တော့ ဆင်းရဲမွဲတေမှုသာမက ဆောင်းရာသီကလည်း ရှည်လျားတယ်။ စားနပ်ရိက္ခာနှင့် ရာသီဥတု ပြဿနာကို မဖြေရှင်းနိုင်ရင် မြောက်ပိုင်းပြည်နယ်ဟာ နောင်နှစ်ပေါင်းတစ်ရာကြာတဲ့တိုင် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး။”
လုရှုယွမ် စိတ်ပိုင်းဖြတ်ပြီးသည်ကို မြင်တော့ စာကြည့်ခန်းအတွင်းရှိ မည်သူမှ ဘာမှထပ်မပြောကြတော့ပေ။
အားလုံးနားလည်သွားကြသည်။ သူတို့အုပ်စုအတွက် မြောက်ပိုင်းပြည်နယ်ကို ဘယ်လိုကိုင်တွယ်ရမည်ဆိုတာကို စဉ်းစားဖို့ အချိန်မဟုတ်သေးပါ။ အိမ်ရှေ့မင်းသား အသစ်စက်စက်ဖြစ်သော လုရှုယွမ် အနေနှင့် အောင်မြင်မှုတစ်ခုခု ပြသဖို့လိုနေသည်။ မဟုတ်ပါက ဝန်ကြီးများ၏ ပါးစပ်ကို ပိတ်နိုင်မည်မဟုတ်ပေ။
ဒုက္ခသည် ပြဿနာတစ်ခုကိုတောင် အမြန်ဖြေရှင်းနိုင်ခြင်းမရှိပါက သူသည် ဘယ်လိုအိမ်ရှေ့မင်းသားမျိုး ဖြစ်သွားမည်နည်း။
အချိန်က လျင်မြန်စွာ ကုန်လွန်သွား၏။ မျက်စိတစ်မှိတ်အတွင်းပင် နောက်ထပ်လဝက် ကုန်လွန်သွားပြီဖြစ်သည်...
မြောက်ပိုင်းပြည်နယ်။
နိုင်ငံရေးရာခန်းမ။
ယနေ့အစည်းအဝေး၏ အဓိကအကြောင်းအရာမှာ မကြာသေးမီက မြောက်ပိုင်းပြည်နယ်မှ လက်ခံထားသော ဒုက္ခသည်များနှင့် ပတ်သက်သည့် ကိစ္စဖြစ်သည်။ ချီမင်းသားသည် သူ၏ကတိကိုဖြည့်ဆည်းခဲ့ပြီး ဒုက္ခသည်များကိုသာမက ပမာဏ မနည်းသော ဆန်များကိုပါ ပို့ဆောင်ပေးခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ်ပတ်ကာလအတွင်း လုချန်းက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အား ချီပြည်နယ်မှ ဆန်စပါးများ အလျင်အမြန်ဝယ်ယူရန် ညွှန်ကြားခဲ့သည်။
ရှနိုင်ငံတော်တွင် ပြည်တွင်းစစ်မီးလောင်တော့မည်ဟု လုချန်း ကြိုတင်ခန့်မှန်းထား၏။ ယင်းက ဆန်ဈေးနှုန်းများကို မြင့်တက်စေမည်ဖြစ်သည်။ စစ်မဖြစ်မီဈေးနှုန်းဖြင့် ဆန်ဝယ်ယူနိုင်သည့် အခွင့်အရေးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လက်လွတ်မခံနိုင်ပေ။ ယခုအခါ ရန်ခရိုင်တွင် ဆန်သိုလှောင်ရန် အထူးပြုလုပ်ထားသော သိုလှောင်ရုံများစွာ တည်ဆောက်ပြီးဖြစ်သည်။
အစည်းအဝေးပြီးဆုံးခါနီးတွင် အထူးကိုယ်ရံတော်တစ်ဦး ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး
“မင်းသား။ နေပြည်တော်မှ အရေးပေါ်သတင်း။”
ထိုစကားကိုကြားရပြီးနောက် ခန်းမတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။
ပလ္လင်ပေါ်တွင် ထိုင်နေသော လုချန်းက
“ ပေးပါ။”
အထူးကိုယ်ရံတော်က အစီရင်ခံစာကို လုချန်းအား ပေးအပ်လိုက်သည်။ လုချန်းကအစီရင်ခံစာကို ချက်ချင်းဖတ်ရှုလိုက်သည်။
အနည်းငယ်ကြာပြီးနောက် သူက အစီရင်ခံစာကိုချထားကာ ခန်းမအတွင်းရှိ အရာရှိများအား
“နန်းတွင်းက ခရိုင်သုံးခုမှ ဒုက္ခသည်အားလုံးကို မြောက်ပိုင်းပြည်နယ်ပို့ဖို့ ဆုံးဖြတ်လိုက်ပြီ။ နန်းတွင်းအမိန့်စာက ရက်အနည်းငယ်အတွင်း ရန်ခရိုင်သို့ ရောက်ရှိလာမယ်”
ဟု ပြောကြားလိုက်သည်။
ထိုစကားကိုကြားလိုက်ရသောအခါ ခန်းမတစ်ခုလုံး ချက်ချင်းဆူညံသွားသည်။
ထိုအချိန်တွင် လိယုရီက
“မင်းသား။ နန်းတွင်းက မြောက်ပိုင်းပြည်နယ်အတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးမှာလား” ဟု မေးမြန်းလိုက်သည်။
လုချန်းက ရယ်လိုက်ပြီးနောက်
“စားနပ်ရိက္ခာလား... လိလူကြီးမင်းက တကယ်ကို ရယ်စရာ ပြောတတ်တဲ့ လူပါလား။ လင်ရှုမင်ရဲ့ စစ်သည်နှစ်သောင်းကို ပြန်ခေါ်တုန်းကတည်းကစပြီး နန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို ဘာမှထောက်ပံ့မှာမဟုတ်ဘူးလို့ ကြေညာထားပြီးပြီ။ စားနပ်ရိက္ခာတွေလည်း အပါအဝင်ပေါ့။”
.......
အခန်း (၂၈၂ )
ရှုခင်းကလည်း လှပ၏။ လူက ပို၍ပင် လှပ၏။ လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် နိုင်ငံရေးရာအစည်းအဝေးခန်းမသည် ချက်ချင်းပင် ဈေးပွဲတော်ကြီးကဲ့သို့ ဆူညံသွား၏။
“မင်းသား။ နန်းတွင်းက ရိက္ခာမထောက်ပံ့ရင် ကျွန်တော်တို့ ဒီဒုက္ခသည်တွေကို လုံးဝမလက်ခံသင့်ပါဘူး။”
“နန်းတွင်းက တရားလွန်နေပြီ။ ခရိုင်သုံးခုက ဒုက္ခသည်တွေက တစ်သန်းနီးပါးရှိမယ်။ သူတို့ ရိက္ခာ မထောက်ပံ့ရင် မြောက်ပိုင်းပြည်နယ်က ဘယ်လိုထောက်ပံ့နိုင်မှာလဲ။”
“မှန်ပါတယ်။ မြောက်ပိုင်းပြည်နယ်က အခုတောင် ဒီလောက်ဆင်းရဲနေတာ ဒီလောက်များတဲ့ ဒုက္ခသည်တွေကို ထပ်ပို့မယ်ဆိုရင် နောက်ဆုံးမှာ မြောက်ပိုင်းပြည်နယ်က ပိုဆင်းရဲလာမှာပဲ။ နန်းတွင်းက ဒုက္ခသည်တွေနဲ့ မြောက်ပိုင်းပြည်နယ်ကို ရည်ရွယ်ချက်ရှိရှိ အားနည်းအောင်လုပ်နေတယ်လို့ ထင်ရပါတယ်။”
ခန်းမအတွင်းရှိ အရာရှိများ ဒေါသထွက်နေသည်ကို မြင်ရသောအခါ လုချန်းသည် အနည်းငယ်ပြုံးလိုက်သည်။ မြောက်ပိုင်းပြည်နယ်၏ အရာရှိများသည် အကူးအပြောင်းကာလကို အခြေခံအားဖြင့် ကျော်ဖြတ်ပြီးသွားပြီဖြစ်သည်။ ယခင်က ရှနိုင်ငံတော်၏ရှုထောင့်မှ ပြဿနာများကို ကြည့်ရှုခဲ့ကြသော်လည်း ယခုအခါတွင် မြောက်ပိုင်းပြည်နယ်၏ အကျိုးစီးပွားကို ဦးစားပေးသော ရှုထောင့်မှ ပြဿနာများကို စဉ်းစားလာကြသည်။
ခန်းမအတွင်းရှိ အရာရှိများ အနည်းငယ်ဆွေးနွေးပြီးနောက် လိယုရီက ထပ်မံမေးမြန်းလိုက်သည်။
“မင်းသား။ မြောက်ပိုင်းပြည်နယ်က ဒီဒုက္ခသည်တွေကို တကယ်လက်ခံရမှာလား။”
...
လုချန်းက
“ကျွန်တော်ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းအရ နန်းတွင်းရဲ့သဘောထားက ဒီဒုက္ခသည်တွေကို လက်ခံဖို့ဟာ မြောက်ပိုင်းပြည်နယ်ရဲ့တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြောက်ပိုင်းပြည်နယ်က ငြင်းဆိုခွင့်မရှိဘူး” ဟု ပြောကြားလိုက်သည်။
ဒါက...
ခန်းမအတွင်းရှိ အရာရှိများ အံ့အားသင့်သွားကြသည်။ ငြင်းဆိုခွင့်မရှိတဲ့ အခြေအနေလား။ ဒါက မြောက်ပိုင်းပြည်နယ်ကို အနိုင်ကျင့်တာပဲ။
နန်းတွင်းက စားနပ်ရိက္ခာ မပေးပဲ ဒုက္ခသည်အားလုံးကို မြောက်ပိုင်းပြည်နယ်အပေါ် တွန်းပို့လိုက်မည်ဆိုပါက ဒုက္ခသည်တွေ ရောက်လာပြီး စားစရာမရှိလျှင် မကြာခင် ပုန်ကန်မှုများ ဖြစ်လာမှာ မလွဲပေ။
ထိုအချိန်တွင် လုချန်းက
“ကျွန်တော် နောက်မှ နန်းတွင်းကို စာတစ်စောင်ရေးပြီး ပို့မယ်။ နန်းတွင်းက ရိက္ခာမထောက်ပံ့ဘူးဆိုရင် ဒီဒုက္ခသည်တွေ မြောက်ပိုင်းပြည်နယ်ကိုရောက်ပြီး နေချင်စိတ်မရှိရင် မြောက်ပိုင်းပြည်နယ်ရဲ့ တာဝန်မဟုတ်တော့ဘူး။ ဒီဒုက္ခသည်တွေဟာ ရှနိုင်ငံတော်ရဲ့နိုင်ငံသားတွေဖြစ်တယ်။ ကျွန်တော်က သူတို့ရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်လို့မရဘူး။”
“နန်းတွင်းက ဒါကိုထပ်ပြီး ဇွတ်အတင်းဆုံးဖြတ်မယ်ဆိုရင် ဝူနိုင်ငံတော်မှာဖြစ်သလို လယ်သမားပုန်ကန်မှုတွေပေါ်ပေါက်လာခဲ့ရင် နန်းတွင်းကပဲ အဖြေရှာရမှာပါ။”
မြောက်ပိုင်းပြည်နယ် အလွန်ဆင်းရဲတာကို ရှနိုင်ငံတော်ရဲ့ ပြည်သူအားလုံးသိကြ၏။ ဒုက္ခသည်တွေကို ရိက္ခာမထောက်ပံ့ပဲ မြောက်ပိုင်းပြည်နယ် ပို့မယ်ဆိုရင် ဒုက္ခသည်တွေ အငတ်ဘေးဆိုက်ပြီး သေအောင်ကြိုးစားနေတာနဲ့ အတူတူပင်ဖြစ်သည်။ ပြည်သူများကြားသိပါက နန်းတွင်းအပေါ် အလွန်စိတ်ပျက်ကြမှာ သေချာသည်။
ထိုအချိန်တွင် လုချန်းသည် သူ၏ပလ္လင်မှ ထလာကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး
“ယနေ့အစည်းအဝေးကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်။ တပ်မှူးချင်က ကျွန်တော့်စာကြည့်ခန်းကို လိုက်ခဲ့ပါ။”
“ဟုတ်ကဲ့ မင်းသား။”
မကြာမီ လုချန်းသည် စာကြည့်ခန်းသို့သွားလိုက်ပြီး ချင်ယူရှန်လည်း နောက်မှလိုက်ပါသည်။
“မင်းသား။ ကျွန်တော့်ကို တာဝန်ပေးစရာတစ်ခုခု ရှိလို့လား။”
လုချန်းက
“စာတစ်စောင်ရေးပြီး တပ်မှူးလျှံကို အသိပေးပါ။ ရှနိုင်ငံတော်အတွင်းက အထူးကိုယ်ရံတော်အားလုံးက နန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို စားနပ်ရိက္ခာ မထောက်ပံ့ကြောင်း သတင်းဖြန့်ပါ။ အထူးသဖြင့် ဒုက္ခသည်တွေ သိအောင်ပေါ့”
ဟု ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်သည်နှင့် ချင်ယူရှန် လုချန်း၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး
“နားလည်ပါပြီ မင်းသား။ ကျွန်တော် တပ်မှူးလျှံကို ချက်ချင်းသတင်းပို့ပါမယ်” ဟု ဖြေကြားလိုက်သည်။
ချင်ယူရှန် စာကြည့်ခန်းမှထွက်ရန် ပြင်လိုက်စဉ် လုချန်းက
“ခဏလေး။ ကျွန်တော့်မှာ နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်” ဟု ထပ်ပြောလိုက်သည်။
ချင်ယူရှန်က ရပ်လိုက်ပြီး
“ ပြောပါမင်းသား။”
လုချန်းက
“ဝိညာဉ်ရဲတိုက်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ဘယ်လိုရှိလဲ” ဟု မေးမြန်းလိုက်သည်။
ချင်ယူရှန်က
“မကြာသေးမီက ဝိညာဉ်ရဲတိုက်က သူတို့ရဲ့ ရဲတိုက်မှူးကိုရှာဖွေဖို့ ရန်ခရိုင်ကို သူလျှိုအတော်များများ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသူလျှိုအများစုကို ကျွန်တော်တို့ဖမ်းမိထားပါပြီ။ ကျွန်တော်တို့က ဝိညာဉ်ရဲတိုက်ရဲ့ လက်မှုပညာရှင်တွေကို မြောက်ပိုင်းပြည်နယ်ကို ဆွဲဆောင်ဖို့ ကြိုးစားနေပေမဲ့ သူတို့က အလွန်သတိကြီးပြီး ဘယ်သူမှ မြောက်ပိုင်းပြည်နယ်ကိုလာဖို့ မလိုလားကြပါဘူး” ဟု အစီရင်ခံလိုက်သည်။
လုချန်းက
“ အဲဒီထိပ်သီးပညာရှင်ကို ထိန်းချုပ်နိုင်အောင် နည်းလမ်းရှာပါ။ ပြီးရင် သူ့ကိုပြန်လွှတ်ပေးပြီး အထူးကိုယ်ရံတော်ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်လာအောင် ပျိုးထောင်ပေးပါ” ဟု အမိန့်ပေးလိုက်သည်။
ချင်ယူရှန်က
“မင်းသား။ ထိပ်သီးပညာရှင်တစ်ဦးကို နာခံအောင် လုပ်ဖို့က သိပ်မလွယ်ကူပါဘူး။ မင်းသားကိုယ်တိုင် ထိပ်သီးပညာရှင်နဲ့ တွေ့ဆုံဖို့ လိုကောင်းလိုပါလိမ့်မယ်” ဟု ဖြေကြားလိုက်သည်။
ထိပ်သီးပညာရှင်တစ်ဦးကို ထိန်းချုပ်ရန် အချို့သောဆေးဝါးများကို အသုံးပြုနိုင်သော်လည်း အဆင့်မြင့်သိုင်းပညာရှင်များသည် သာမန်အားဖြင့် အလွယ်တကူ အညံ့မခံကြပေ။ အပေါ်ယံအားဖြင့် နာခံပုံ ရသော်လည်း အန္တရာယ်မှ လွတ်မြောက်ပြီးသည်နှင့် သူတို့သည် ထိန်းချုပ်မှုမှ လွတ်မြောက်ရန် နည်းလမ်းများကို ရှာဖွေကြမည်ဖြစ်သည်။
ထိပ်သီးပညာရှင်တစ်ဦးကို အကြွင်းမဲ့ နာခံစေလိုပါက ထိုသူ၏ စိတ်နှလုံးကိုပါ နှိုးဆော်နိုင်ရမည်ဖြစ်သည်။ မဟုတ်ပါက ထိပ်သီးပညာရှင်သည် သူ့ကိုထိန်းချုပ်ထားသော ဆေးဝါး၏အာနိသင် ပျက်ပြယ်စေသောနည်းကို သိလာသည်နှင့် သစ္စာဖောက်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ပုံမှန်အားဖြင့် အဆိပ်ရှိလျှင် ဖြေဆေးလည်းရှိတတ်သည်။ ထို့ကြောင့် အဆိပ်ဖြင့် အမြဲတစေ ထိမ်းချုပ်ထားရန် မဖြစ်နိုင်ပေ။
ချင်ယူရှန်က ဝိညာဉ်ရဲတိုက်မှ ထိပ်သီးပညာရှင်ကို အဆိပ်ဖြင့် ထိန်းချုပ်ထားနိုင်သည့်တိုင် ထိုပညာရှင် သူ၏အဖွဲ့သို့ ပြန်ရောက်သွားပါက အဆိပ်ဖြေဆေးကို ရှာဖွေရန် ကြိုးစားမည်သာဖြစ်သည်။ ထို့ကြောင့် ချင်ယူရှန်၏ အကြံပြုချက်မှာ လုချန်းကိုယ်တိုင် ထိပ်သီးပညာရှင်နှင့် တွေ့ဆုံကာ သူ၏ စွမ်းအားအစစ်ကို ပြသရန်ဖြစ်သည်။
ဝမ်ချင်းစီမှလွဲ၍ လုချန်းသည် အခြားသူများအား သူအဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း ဖွင့်ဟပြောဆိုခြင်းမရှိသေးပေ။ သို့သော် စနစ်မှခေါ်ယူထားသော နောက်လိုက်များသည် လုချန်းဆီမှ ထွက်ပေါ်လာသော အငွေ့အသက်ပြောင်းလဲမှုများကို အလွယ်တကူ ခံစားသိရှိနိုင်ကြသည်။ သူတို့သည် လုချန်း အဆင့်လွန် ပညာရှင်ဖြစ်လာပြီဖြစ်ကြောင်း ကောင်းစွာသိရှိထားကြသည်။
ထိုအချိန်တွင် ချင်ယူရှန်လည်း လုချန်း အဆင့်လွန် ပညာရှင်အဆင့် ရောက်ရှိသွားကြောင်း သိရှိထားသည်။ အသက် ၁၇ နှစ်အရွယ် အဆင့်လွန် ပညာရှင်တစ်ဦးသည်
ဝိညာဉ်ရဲတိုက်မှ ထိပ်သီးပညာရှင်ကို ရှိန်သွားစေပြီး လုချန်းအား သူ၏ ဆန္ဒအလျောက် နာခံစေနိုင်မည်ဟု ချင်ယူရှန် ယုံကြည်သည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းဖြင့် လုချန်း၏ တကယ့် စွမ်းအားကို ဖော်ထုတ်မိသွားနိုင်သည်ကိုလည်း သတိပြုရမည်။ သို့သော် ဒါက လုချန်းကိုယ်တိုင် မည်သို့ဆုံးဖြတ်မည် ဆိုတာပေါ်တွင် မူတည်လိမ့်မည်။
အနည်းငယ်စဉ်းစားပြီးနောက် လုချန်းက “ကောင်းပါပြီ။ ကျွန်တော်နောက်မှ အဲဒီပညာရှင်နဲ့ တွေ့မယ်” ဟု ပြောလိုက်သည်။
“ခင်ဗျားကိစ္စကို ဆက်လုပ်ပါ။”
ချင်ယူရှန်က ချက်ချင်း ဦးညွှတ်လိုက်ကာ
“ကျွန်တော့်ကို ခွင့်ပြုပါ။”
ထို့နောက် ချင်ယူရှန်သည် စာကြည့်ခန်းမှ ထွက်ခွာသွားသည်။
ချင်ယူရှန် ထွက်သွားပြီးနောက် လုချန်းသည် စာရေးစားပွဲသို့သွားကာ မြောက်ပိုင်းပြည်နယ်ရေးရာကိစ္စများကို စတင်ဆောင်ရွက်သည်။ မကြာသေးမီကာလများအတွင်း မြောက်ပိုင်းပြည်နယ်တွင် လုချန်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော ကိစ္စရပ်များ တိုးပွားလာခဲ့သဖြင့် သူ အလွန်အလုပ်များနေခဲ့သည်။
လုချန်းက အခွင့်အာဏာများကို ခွဲဝေပေးလိုသော်လည်း မြောက်ပိုင်းပြည်နယ်၏ အရာရှိများသည် ဤခောတ်ကမ္ဘာမှ လူများဖြစ်သည့်အတွက် သူ၏ မူဝါဒအချို့ကို နားမလည်နိုင်ပဲ သူ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်ဟု ထင်မြင်မိသည်။ ထို့ကြောင့် တစ်ချို့ကိစ္စရပ်များကို သူကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု လုချန်းခံစားရသည်။
သို့သော် အလုပ်များနေသည့်တိုင် လုချန်း အနားယူဖို့ မမေ့ပါ။ မကြာသေးမီက သူသည် ချူးချင်လီ၏ အခန်းသို့ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိပြီး ထိုအချိန်များက သူ့အား စိတ်လန်းစေသည်။
ထိုအချိန်တွင် လုချန်းသည် ကြိုးတပ်တူရိယာတစ်ခု၏ အသံကို သဲ့သဲ့ကြားလိုက်ရသည်။ အနည်းငယ် ကွာဝေးသော်လည်း အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်သည့်အတွက် သာမန်လူထက် အကြားအာရုံပိုမိုကောင်းမွန်ပြီး အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
သူ၏လက်ထဲမှ စာရေးတံကိုချထားလိုက်ကာ အာရုံစိုက်နားထောင်လိုက်သည်။ ကြိုးတပ်တူရိယာ၏ အသံသည် စီးဆင်းနေသော စမ်းချောင်းတစ်ခုကဲ့သို့ သာယာနာပျော်ဖွယ်ဖြစ်ပြီး စိတ်ကို အလွန်အေးချမ်းသွားစေသည်။
ထို့နောက် လုချန်းလည်း ကြိုးတပ်တူရိယာတီးနေသူကို စိတ်ဝင်စားမိပြီး အသံလာရာဘက်သို့ ခြေလှမ်းများလှမ်းလိုက်သည်။
ခဏအတွင်းမှာပင် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ နေထိုင်ရာ အဆောင်ဝင်ပေါက်တွင် လုချန်း ရပ်တန့်သွားသည်။
ဆောင်ဝင်ပေါက်သို့ ရောက်သည်နှင့် သူ့မျက်စိရှေ့တွင် စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။
အဖြူရောင်ရှည်လျားသော အင်္ကျီကို ဝတ်ဆင်ထားသည့် ချန်ဝမ်ရွန်သည် သူမ၏ သေးငယ်သော လက်ချောင်းများဖြင့် ကြိုးတပ်တူရိယာတစ်ခုကို ညင်သာစွာ တီးခတ်နေသည်။ သူမ၏ နူးညံ့သော လက်ချောင်းများ ကြိုးများပေါ်တွင် ကခုန်နေစဉ် သာယာသောအသံများက လုချန်း၏ နားထဲသို့ စီးဝင်လာသည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်သည် ဤကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ဖြစ်နေပြီး အရောင်အဝါများ သူမထံမှ ထွက်ပေါ်နေသည်ဟု ထင်ရသည်။ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖူးမျှော်ခံရန် သင့်တော်သော ပုံရိပ်တစ်ခုဖြစ်နေသည်။
တူရိယာသံက လှပ၏။ ရှုခင်းကလည်း လှပ၏။ လူကလည်း ပို၍ပင် လှပ၏။
လုချန်းသည် မိန်းမလှများနှင့် မစိမ်းပါ။ သူ၏ အတွင်းဆောင်တွင် အမျိုးမျိုးသော မိန်းမလှများနှင့် ပြည့်နှက်နေသည်။
သို့သော် ချန်ဝမ်ရွန်ကဲ့သို့ အလှတရားကို ယခုလို ပုံစံဖြင့် ခံစားရစေနိုင်သော အမျိုးသမီးမှာ ရှားပါးသည်။ ထို့အပြင် သူ၏ စိတ်ထဲတွင် မသင့်လျော်သော အတွေးများ မပေါ်ပေါက်မိချေ။
ဝမ်ချင်းစီနှင့် ချူးချင်လီတို့သာ ဤသို့ တူရိယာတီးပြပါက လုချန်း ချက်ချင်းပင် သူတို့ကို ဖမ်းချုပ်ကာ ပွေ့ဖက်မိနိုင်သည်။
သို့သော် ချန်ဝမ်ရွန်မှာမူ ကွဲပြားခြားနားသည်။ သူမ၏ တူရိယာသံကို နားထောင်ရင်း သူမ၏ အလှကို ခံစားရသည့်အခါ လုချန်း၏ စိတ်များ အလွန်အေးချမ်းသွားသည်။
သူ့မျက်စိရှေ့ရှိ မြင်ကွင်းသည် လှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေသည်။
လုချန်းသည် အဆောင်ခြံဝင်းပေါက်ဝတွင် အတော်ကြာကြာ ရပ်နေခဲ့ပြီး တူရိယာသံ ပြီးဆုံးသွားမှသာ သတိပြန်ဝင်လာသည်။
ထိုအချိန်တွင် လင်ဝမ်ရွန် အပြင်မှ ဝင်လာပြီး အဆောင်ဝင်းပေါက်ဝတွင် ရပ်တန့်ကာ အတွင်းရှိ ချန်ဝမ်ရွန်ကို ငေးမောနေသော လုချန်းကို မြင်လိုက်ရသည်။ သူမ၏ ရင်ထဲတွင် ဝမ်းသာသောစိတ်များ ဖြစ်ပေါ်လာပြီး ချက်ချင်းပင်
“ချန်းလေး နန်းတော်သခင်ရဲ့ တူရိယာသံကို နားထောင်ရတာ နှစ်သက်လား” ဟု မေးလိုက်သည်။
အနောက်မှ လင်ဝမ်ရွန်၏ အသံကို ကြားလိုက်ရသည့် လုချန်း အနည်းငယ် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ကာ
“ဟုတ်ပါတယ်။ ဒီတူရိယာသံက ကျွန်တော့်စိတ်ကို အေးချမ်းစေတယ်”
ဟု ပြုံး၍ပြန်ပြောလိုက်သည်။
“ချန်မိန်းကလေးရဲ့ တူရိယာသံက ဒီလိုအကျိုးသက်ရောက်မှုမျိုး ရှိမယ်လို့ မထင်မိဘူး။”
ထိုအချိန်တွင် အဆောင်အတွင်းရှိ ချန်ဝမ်ရွန်လည်း ဝင်ပေါက်ရှိ လုချန်းကို သတိထားမိသွားပြီး ထလာကာ
“မင်းသားကို ဂါရဝပြုပါတယ်” ဟုပြောလိုက်၏။
ထို့နောက် ချန်ဝမ်ရွန်က
“မင်းသား ကျွန်မရဲ့ တူရိယာသံကို နှစ်သက်ရင် မကြာခဏ လာရောက်နားဆင်နိုင်ပါတယ်” ဟု ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့် လင်ဝမ်ရွန် ပျော်ရွှင်သွားသည်။
နောက်ဆုံးတွင် သူတို့၏ နန်းတော်သခင်လည်း ပညာရှိလာပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားကို သူမကိုယ်တိုင် စတင်ဖိတ်ကြားလိုက်သည်။
.........