အခန်း ၂၈၃-၂၈၅
Vol. 19 Ch. 283-285
အခန်း (၂၈၃)
ကျွန်မတို့ရဲ့သားလေးဟာ ချန်နိုင်ငံရဲ့ အနာဂါတ်ဘုရင် ဖြစ်လာလိမ့်မယ် (၁)
ချန်ဝမ်ရွန်သည် လုချန်းအား ချစ်ခြင်းပိုးကောင်ထည့်ပြီး သူမအပေါ် ချစ်ခြင်းမေတ္တာများ ဖြစ်ပေါ်လာစေရန် စိတ်ပိုင်းဖြတ်ထားခဲ့တာ ကြာပြီဖြစ်သော်လည်း လုချန်းနှင့် နီးနီးကပ်ကပ် ရှိရန် အခွင့်အလမ်းကို မရရှိခဲ့ပေ။ လုချန်းသည် နေ့ဘက်တွင် နိုင်ငံတော်ကိစ္စများကို ကိုင်တွယ်နေပြီး ညဘက်တွင် သူ၏ မိန်းမများနှင့် အချိန်ကုန်လေ့ရှိသည်။ သူသည် အမှန်တကယ်ပင် အလုပ်များသူဖြစ်ပြီး ချန်ဝမ်ရွန်အတွက် အခွင့်အလမ်းများ လုံးဝမရှိခဲ့ပေ။
ယနေ့တော့ လုချန်းသည် သူမ၏ အဆောင်ဝင်ပေါက်သို့ ကိုယ်တိုင် ရောက်လာခဲ့ပြီဖြစ်သည်။ ဒါက ချန်ဝမ်ရွန်အတွက် လက်လွတ်မခံနိုင်သော အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။
လုချန်းက ချန်ဝမ်ရွန်၏ စကားကို ကြားပြီးနောက် ပြုံးရယ်ကာ
“ဒါကတော့ သိပ်မသင့်တော်ဘူးထင်ပါတယ်။ ကျွန်တော်က အမျိုးသားဖြစ်တယ်။ ချန်မိန်းကလေးနေတဲ့ အဆောင်ကို မကြာခဏဝင်ထွက်ရင် ချန်မိန်းကလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်” ဟု ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် လင်ဝမ်ရွန်က
“ချန်းလေး။ ဒေါ်လေးတို့က မြောက်ပိုင်းနယ်စားမင်းသားရဲ့ စံအိမ်မှာ နေနေတာ။ ပြီးတော့ ဒီလောက်ဂရုစိုက်မှုတွေ ရနေတယ်။ ချန်းလေးအတွက် တစ်ခုခုလုပ်ပေးသင့်တယ်ထင်တယ်။”
“နန်းတော်သခင်ရဲ့ တူရိယာသံဟာ စိတ်ကိုအေးချမ်းစေနိုင်စွမ်းရှိတယ်။ မင်းက အခုနိုင်ငံတော်ကိစ္စတွေနဲ့ အလုပ်များနေပြီး နေ့တိုင်းပင်ပန်းနေမှာပါ။ နန်းတော်သခင်ရဲ့ တူရိယာသံကို နေ့တိုင်းနားထောင်ရရင် ခန္ဓာနဲ့စိတ်အတွက် အကျိုးရှိမှာပါ။”
“...ပြီးတော့ နန်းတော်သခင်ရဲ့ တူရိယာသံကို နားထောင်ဖို့ အဆောင်ထဲကိုပဲ ဝင်မှာလေ။ သူရဲ့ အိပ်ခန်းထဲကို မဝင်ဘူးဆိုရင် ကဲ့ရဲ့မှုတွေ မရှိလောက်ဘူးလို့ ထင်တယ်။”
လင်ဝမ်ရွန်၏ စကားကို ကြားပြီးနောက် လုချန်းက ချန်ဝမ်ရွန်၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ သူမ၏ တုံ့ပြန်မှုကို စောင့်နေလိုက်သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်က မျက်နှာအမူအယာမပါပဲ
“မင်းသား ကျွန်မရဲ့ တူရိယာသံကို နားထောင်ချင်တယ်ဆိုရင် ကျွန်မက မင်းသားကြိုက်နှစ်သက်တဲ့ သီချင်းတွေကို နေ့တိုင်းတီးပြပါမယ်”
ဟု ပြောလိုက်သည်။
ချန်ဝမ်ရွန် သဘောတူကြောင်း မြင်တွေ့ရ တော့ လုချန်းက ပြုံးရယ်ကာ
“ချန်မိန်းကလေး သဘောတူမှတော့ ငြင်းစရာ မရှိတော့ဘူးထင်တယ်။ ကောင်းပါပြီ။ နိုင်ငံတော်ကိစ္စတွေကြောင့် အရမ်းပင်ပန်းတဲ့အခါ ဒီအဆောင်ကိုလာပြီး ချန်မိန်းကလေး ရဲ့ တူရိယာသံကို နားထောင်ပါမယ်။”
လုချန်း၏ စကားကို ကြားလိုက်ရသည့် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို စိတ်လှုပ်ရှားမှုများ သွားသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် ကြာမြင့်စွာနေထိုင်ပြီးနောက် နောက်ဆုံးတွင် လုချန်းအား ချစ်ခြင်းပိုးကောင် ထည့်သွင်းရန် အခွင့်အရေး ရရှိနိုင်တော့မည်ဖြစ်သည်။
လုချန်းသာ သူတို့နေထိုင်ရာ အဆောင်သို့ မကြာခဏ လာရောက်လည်ပတ်ရန် သဘောတူပါက ချစ်ခြင်းပိုးကောင်ကို အသုံးပြုရန် အချိန်သိပ်စောင့်စရာ မလိုတော့ပေ။
ချစ်ခြင်းပိုးကောင် ထည့်သွင်းသည့်ကိစ္စ အောင်မြင်သွားပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံးသည် လျှို့ဝှက်လဝန်းနန်းတော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ချန်ဝမ်ရွန်၏ နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များလည်း ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်က လုချန်းကို တစ်ချက်ကြည့်လိုက်၏။ သူ၏အသွင်အပြင်သည် ယခင်ထက် ပို၍ချောမောလာသည်ဟု ထင်မြင်မိသည်။ သူ၏ အငွေ့အသက်ကလည်း သိသိသာသာ ပြောင်းလဲနေသည်။ သို့သော် ဒါတွေက သူမ၏ စိတ်ထင်မှုသက်သက်လည်း ဖြစ်နိုင်သည်။
ထို့နောက် လုချန်းက
“ဒေါ်လေးလင်။ ချန်မိန်းကလေး။ ကျွန်တော့်မှာ အလုပ်တွေရှိနေသေးတော့ ဒီထက်ပိုပြီး အနှောင့်အယှက် မပေးတော့ပါဘူး။”
“နောက်မှ ပြန်လာပါမယ်”
ဟု ပြောကာ လှည့်ထွက်သွားသည်။ ချန်ဝမ်ရွန်က
“ နှုတ်ဆက်ပါတယ် မင်းသား။”
မကြာမီ လုချန်းသည် သူ၏စာကြည့်ခန်းသို့ ပြန်ရောက်ကာ နိုင်ငံတော်ကိစ္စများကို ဆက်လက်ကိုင်တွယ်သည်။
လုချန်း ထွက်ခွာသွားပြီးနောက် လင်ဝမ်ရွန်က ချန်ဝမ်ရွန်အား
“နန်းတော်သခင်။ ကျွန်မတို့ ချစ်ခြင်းပိုးကောင်ကို အသုံးပြုနိုင်တော့မယ်ထင်တယ်”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော်လည်း ချန်ဝမ်ရွန်၏ မျက်နှာအမူအယာ မပြောင်းလဲသွားပဲ အဆောင်ဝင်ပေါက်ဘက်သို့ကြည့်ရင်း စဉ်းစားခန်းဝင်နေပုံရသည်။
လင်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“နန်းတော်သခင်။ ဖြစ်နိုင်ရင် နောက်ဆုံးမှာ သူ့ကို မထိခိုက်စေချင်ပါဘူး။ သူဟာ အစ်မချူးယွဲ့ရဲ့သားဖြစ်သလို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သားလည်း ဖြစ်နေပါတယ်။”
ချန်ဝမ်ရွန်လည်း ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ကာ သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သောလက်များဖြင့် ကြိုးတပ်တူရိယာကို ပြန်တီးလိုက်သည်။
“ စိတ်မပူပါနဲ့ ဒေါ်လေးလင်။ ကျွန်မ သူ့ကို သတ်မှာမဟုတ်ပါဘူး။”
ချန်ဝမ်ရွန်၏ စကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန် စိတ်သက်သာရာ ရလိုက်သည်။ လုချန်းသည် ဆွမ်ဧကရာဇ်၏ သွေးသားဖြစ်သော်လည်း ချူးယွဲ့၏ သားလည်းဖြစ်သည်။ အကယ်၍ လုချန်း တစ်ခုခုဖြစ်ပါက သူမ တစ်သက်လုံး စိတ် ကောင်းနိုင်မည် မဟုတ်ပေ။
ယခု ချန်ဝမ်ရွန်က သူ့ကိုမသတ်ဘူးဟု ပြောထားပြီဖြစ်သောကြောင့် လုချန်းကို အသုံးပြုပြီးနောက် လွှတ်ပေးလိမ့်မည်ဟု လင်ဝမ်ရွန် ယူဆလိုက်သည်။
လင်ဝမ်ရွန် ထိုသို့တွေးနေစဉ် ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“ချန်နိုင်ငံ ပြန်လည်ထူထောင်ပြီးတဲ့နောက် ကျွန်မမှာ သားတစ်ယောက် လိုအပ်လာမယ်။ သူ့ရဲ့ အရည်အချင်းတွေက မဆိုးဘူး။ ကျွန်မရဲ့ ခင်ပွန်းဖြစ်ဖို့ သင့်တော်တယ်။ သူနဲ့အတူ သားတစ်ယောက် မွေးပြီး ကျွန်မတို့ရဲ့သားက ချန်နိုင်ငံရဲ့ အနာဂါတ် ဘုရင်ဖြစ်လာလိမ့်မယ်။”
ချန်ဝမ်ရွန်၏ စကားများကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန် လုံးဝ အံ့အားသင့်သွားသည်။
ချန်ဝမ်ရွန်က ဒီလို တွေးထားခဲ့တာလား။
ပထမ လုချန်းကို အသုံးပြု၍ လျှို့ဝှက်နဂါးမန္တာန်ကို ဖန်တီးမည်။ ထို့နောက် ဆွမ်ဧကရာဇ်ကို သတ်ပြီး နိုင်ငံပြန်လည်ထူထောင်ကာ လုချန်း၏ အသုံးဝင်မှုကုန်သွားလျှင် စွန့်ပစ်မည်ဟုသာ လင်ဝမ်ရွန် ယူဆထားခဲ့သည်။ ချန်ဝမ်ရွန်က လုချန်း၏ ကိုယ်ခန္ဓာကိုပါ အသုံးချချင်နေသည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သို့သော် တစ်ဖက်က စဉ်းစားကြည့်လျှင် လုချန်းသည် ချောမောလှပပြီး လက်ရုံးရည် နှလုံးရည် ပြည့်ဝသူဖြစ်သည်။ မိန်းမများကို နှစ်သက်သည့် အလေ့အထရှိသော်လည်း အခြားအရည်အချင်းများမှာ လုံးဝမညံ့ပေ။ ထို့ပြင် ချစ်ခြင်းပိုး ကောင်၏ ထိန်းချုပ်မှုဖြင့် လုချန်းသည် ချန်ဝမ်ရွန်၏ အမိန့်ကို အပြည့်အဝ နာခံမည်ဖြစ်သည်။
နောင်တွင် ချန်ဝမ်ရွန်က လုချန်းအား သူမဆန္ဒအတိုင်း ကြိုက်ရာခိုင်းစေနိုင်ဖြစ်သည်။ သူ၏ မိန်းမများကို နှစ်သက်တတ်သော စရိုက်သည်လည်း နောက်ဆုံးတွင် ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုစဉ် လင်ဝမ်ရွန် တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် ပြောလိုက်သည်။
“နန်းတော်သခင်။ လျှို့ဝှက်လဝန်းနန်းတော်မှာ စည်းကမ်းတစ်ခုရှိပါတယ်။ နန်းတော်ရဲ့ တပည့်တွေဟာ သားသမီးမရှိစေရဘူးလို့ ပညတ်ထားပါတယ်။”
လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသားနှင့်အမျိုးသမီး ပေါင်းဖက်ခြင်းကို ခွင့်ပြုသော်လည်း လောကီပြဿနာများကို ရှောင်ရှားရန် တပည့်များအား သားသမီးမွေးဖွားခြင်းမှ တားမြစ်ထားသည်။
ချန်ဝမ်ရွန်က အေးစက်စွာဖြင့် ပြောလိုက်သည်
“ကျွန်မသားလေး ချန်နိုင်ငံရဲ့ ထီးနန်းကို ဆက်ခံပြီးတာနဲ့ ကျွန်မလည်း လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သွားပြီး လောကီကိစ္စတွေနဲ့ ကင်းကွာတဲ့ဘဝကို နေမှာပါ။”
ဒါက...
လင်ဝမ်ရွန် ခဏတွေးမိသည်။ ချန်ဝမ်ရွန်သည် လျို့ဝှက်လဝန်းနန်းတော်မှ အဆင့်မြင့် ပုဂ္ဂိုလ်၏ တပည့်ဖြစ်သည့်အတွက် အကယ်၍ သူမတကယ်ပင် သားတစ်ဦးရှိလာခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်၏ လက်ရှိအကြီးအကဲများတွင် သူမအား အပြစ်ပေးနိုင်သည့် အခွင့်အာဏာ မရှိပေ။ ထိုပုဂ္ဂိုလ်တွင်သာ ထိုအခွင့်အာဏာရှိသည်။
သို့သော် ထိုပုဂ္ဂိုလ်သည် ကျင့်စဉ်များ အားထုတ်နေဆဲဖြစ်ပြီး သူမည်သည့်အချိန် ထွက်လာမည်ကို မည်သူမှ မသိပေ။ သူတို့အားလုံး သေဆုံးပြီး အရိုးဆွေးသွားသည့် အချိန်အထိ ကျင့်စဉ်မှ မထွက်လာနိုင်တာလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ချန်ဝမ်ရွန် လုပ်လိုသည်များကို တားဆီးနိုင်မည့်သူ မည်သူမှ မရှိပေ။
......
အခန်း (၂၈၄)
ကျွန်မတို့ရဲ့သားလေးဟာ ချန်နိုင်ငံရဲ့ အနာဂါတ် ဘုရင် ဖြစ်လာလိမ့်မယ် (၂)
ဘာအကြောင်း ကြောင့်မှန်းမသိသော်လည်း
ချန်ဝမ်ရွန်သည် လုချန်းအား ကိရိယာတစ်ခုထက် ပိုမိုမြင်နေသည်ဟု လင်ဝမ်ရွန် အမြဲခံစားရသည်။ သူမ အမှန်တကယ်ပင် လုချန်း အပေါ် ချစ်ခြင်းမေတ္တာ ရှိနေပြီလား။
လင်ဝမ်ရွန် ထို့ထက်ပို၍ မတွေးဝံ့တော့ပေ။
လုချန်းသည် ချန်ဝမ်ရွန်၏ ရန်သူ၏သားဖြစ်သည်။ အကယ်၍ ချန်ဝမ်ရွန်သာ လုချန်းကို အမှန်တကယ်ချစ်မိသွားပါက သူမ၏နှလုံးသားထဲတွင် မည်သည့်ဝေဒနာမျိုး ခံစားရမည်ကို မည်သူမှ မသိနိုင်ပေ။
အချိန်များ ပျံ့သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း တစ်လကြာမြင့်သွားပြန်သည်။
ရှနိုင်ငံတော်။
နေပြည်တော်။
ချွန်ကျင်ခန်းမ။
ယနေ့ကျင်းပသော နန်းတွင်းအစည်းအဝေးသည် အတော်ပင် ဆူညံနေသည်။ မကြာသေးမီက ရှနိုင်ငံတော်တွင် ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီး ဝန်ကြီးများအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
...
ထိုအချိန်တွင် လုရိမင်းသား၏ လက်အောက်ခံ ဝန်ကြီးတစ်ဦး ထလာကာ “မင်းကြီး။ အိမ်ရှေ့မင်းသားဟာ တာဝန်များကို လျစ်လျူရှုခြင်း၊ အချိန်ဖြုန်းခြင်းများ ပြုလုပ်နေတယ်လို့ စွပ်စွဲလိုပါတယ်။ မင်းကြီး အပ်နှင်းထားတဲ့ တာဝန်တွေကို အိမ်ရှေ့မင်းသားဟာ အချိန်မီ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ပါဘူး။ အိမ်ရှေ့မင်းသားဟာ သူရဲ့ရာထူးနေရာအတွက် မထိုက်တန်ပါဘူး။ ရာထူးမှ ဖယ်ရှားသင့်ပါတယ်”
ဟု လျှောက်တင်လိုက်သည်။
ထိုဝန်ကြီး၏ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်သည်။ လုရှုယွမ်ကို တည့်တည့် ညွှန်ပြကာ အသုံးမကျသူဟု တိုက်ရိုက်ခေါ်ဝေါ်နေခြင်း ဖြစ်နေသည်။
ထိုဝန်ကြီး ပြောပြီးမကြာမီ အခြားအရာရှိတစ်ဦးထပ်မံထလာကာ
“မင်းကြီး။ ကျွန်တော်လည်း အိမ်ရှေ့မင်းသားကို စွပ်စွဲလိုပါတယ်။ အိမ်ရှေ့မင်းသားဟာ ဒုက္ခသည်တွေကို သွားချင်ရာ သွားလာခွင့်ပြုထားတဲ့အတွက် အခုတလော ရှနိုင်ငံတော်မှာ လူသတ်မှုများ မကြာခဏဖြစ်ပွားနေပါတယ်။”
အရာရှိနှစ်ဦး၏ စွပ်စွဲချက်အပြီးတွင် အခြားအရာရှိများလည်း ထပ်မံထွက်လာကာ လုရှုယွမ်အား စွပ်စွဲကြသည်။
ထိုအချိန်တွင် လုရှုယွမ်၏ နဖူးတွင်အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး မျက်နှာအမူအယာလည်း ပျက်နေသည်။
ဆွမ်ဧကရာဇ်သည် သူ၏နဂါးပလ္လင်ပေါ်တွင် အေးဆေးစွာထိုင်ပြီး အောက်မှ ဖြစ်ရပ်များကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။ ကြာမြင့်စွာစောင့်ပြီးနောက် နောက်ဆုံးတွင်
“အိမ်ရှေ့မင်းသား။ ငါပေးအပ်တဲ့ ပထမဆုံးတာဝန်ကိုတောင် ဒီလောက်ညံ့ညံ့ဖျင်းဖျင်း ဆောင်ရွက်တယ်ဆိုရင် နောင်အခါ ရှနိုင်ငံတော်တစ်ခုလုံးကို ဘယ်လိုယုံယုံကြည်ကြည် အပ်နှံနိုင်မှာလဲ။”
ထိုစကားကိုကြားလိုက်သည်နှင့် လုရှုယွမ်က လျင်မြန်စွာဒူးထောက်လိုက်ကာ
“ဖခင်။ ကျွန်တော့်ရဲ့ အမှားကို ဝန်ခံပါတယ်။ နောက်ထပ်အချိန် အနည်းငယ်ပေးဖို့ တောင်းဆိုပါတယ်။”
ထိုအခိုက်တွင် ညာလက်ရုံး ဝန်ကြီး ကျောင်းဝမ်ဟန် ထလာကာ
“မင်းကြီး။ အိမ်ရှေ့မင်းသား ဒုက္ခသည်ကိစ္စကို အမြန်မဖြေရှင်းနိုင်တာက သူ့ရဲ့အပြစ်မဟုတ်ပါဘူး။”
“နန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို စားနပ်ရိက္ခာမထောက်ပံ့ပဲ ဒုက္ခသည်တွေကို ပို့ဖို့စီစဉ်နေပြီး သူတို့ကို ငတ်မွတ်ပြီး သေအောင် လုပ်နေတယ်ဆိုတဲ့ အသံတွေ ဒုက္ခသည်တွေကြားမှာ ကျယ်လောင်နေပါတယ်။ ဒါက ဒုက္ခသည်တွေကို အာဏာပိုင် တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိစေပဲ မြောက်ပိုင်းပြည်နယ်သွားဖို့ငြင်းဆန်စေပါတယ်။”
“ဒီသတင်းမှား ဖြန့်ချိသူများမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေပါတယ်။ ဒါက အိမ်ရှေ့မင်းသားရဲ့ စွမ်းရည်နှင့်မဆိုင်ပဲ ဒုက္ခသည် ပြဿနာကို မဖြေရှင်းနိုင်အောင် နှောင့်ယှက်နေသူများကြောင့်သာ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”
ကျောင်းဝမ်ဟန်၏ စကားဆုံးပြီး
ဆွမ်ဧကရာဇ်ပြော တော့မည့်အချိန်တွင် လင်ကောင်းယွမ် ထလာကာ
“သတင်းမှား ...ဟုတ်လား။ နန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို စားနပ်ရိက္ခာမထောက်ပံ့ဘူးဆိုတာ သတင်းမှားမဟုတ်ပါဘူး။ မင်းကြီးကိုယ်တိုင် မြောက်ပိုင်းပြည်နယ်ကို နောက်ထပ်ထောက်ပံ့မှုတွေ မလုပ်တော့ဘူးလို့ ပြောထားခဲ့တာ ကြာပါပြီ။ ဝန်ကြီးချုပ် ကျောင်းက ဒါကိုသတင်းမှားလို့ ဘာလို့ပြောရတာပါလဲ။”
“မြောက်ပိုင်းပြည်နယ်မှာ စားနပ်ရိက္ခာမရှိပါဘူး။ ဒုက္ခသည် အမြောက်အမြားကို မြောက်ပိုင်းပြည်နယ် အတင်းပို့ဖို့ ကြိုးစားရင် သူတို့ဟာ ခုခံကန့်ကွက်မှာပါပဲ။ သာမန်ပြည်သူတွေက အရူးတွေ မဟုတ်ပါဘူး။”
ထိုသို့ပြောပြီးနောက် လင်ကောင်းယွမ်က ဆွမ်ဧကရာဇ်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ကျွန်တော့် ထင်မြင်ချက်အရ ဒုက္ခသည်အားလုံးကို မြောက်ပိုင်းပြည်နယ် ပို့ဆောင်ဖို့ ဆုံးဖြတ်ခြင်းဟာ အစကတည်းက အမှားတစ်ခုဖြစ်ပါတယ်။ မြောက်ပိုင်းပြည်နယ်ကို စားနပ်ရိက္ခာအထောက်အပံ့ မပေးခြင်းက ပို၍ကြီးမားသော အမှား ဖြစ်ပါတယ်။ အိမ်ရှေ့မင်းသားရဲ့ ဆုံးဖြတ်ချက်က အစကတည်းက မှားယွင်းနေပါတယ်။”
“အကယ်၍ အဲ့ဒီဒုက္ခသည်တွေ မြောက်ပိုင်းပြည်နယ်ရောက်ပြီး စားနပ်ရိက္ခာမရှိပဲ စုရုံးမိသွားရင် အုံကြွမှုတွေ မလွဲမသွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဝူနိုင်ငံတော်မှာ ဖြစ်ပျက်နေတာ တွေက ကျွန်တော်တို့ ရှနိုင်ငံတော်မှာလည်းဖြစ်ပေါ်လာနိုင်ပါတယ်။”
“ အိမ်ရှေ့မင်းသားက ဒီအချက်ကို မစဉ်းစားပဲ ဒုက္ခသည်တွေကို မြောက်ပိုင်းပြည်နယ် အလျင်အမြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာက နိုင်ငံတော်ရဲ့ အကျိုးကို လျစ်လျူရှုပြီး အဆင်ပြေတဲ့ နည်းလမ်းတစ်ခု ရှာဖွေတာပဲဖြစ်ပါတယ်။”
လင်ကောင်းယွမ်၏ ဝေဖန်မှုကို ကြားလိုက်ရသောအခါ လုရှုယွမ်၏ မျက်နှာအရောင် ပြောင်းသွားသည်။
ဝန်ကြီးချုပ် လင်ကောင်းယွမ်သည် အမြဲတမ်း ဘက်မလိုက်တတ်သူဖြစ်ပြီး မည်သည့်မင်းသားကိုမှ မထောက်ခံခဲ့ပေ။ ယခုအခါ သူကိုယ်တိုင် အိမ်ရှေ့မင်းသားဖြစ်လာသောအခါ လင်ကောင်းယွမ် သူ့ကို ဆန့်ကျင်စွာ ပြောဆိုလာခြင်းက အဘယ်ကြောင့်နည်း။
ထိုအချိန်တွင် ကျောင်းဝမ်ဟန်က
“ဝန်ကြီးချုပ်လင်ရဲ့စကားတွေက စိုးရိမ်မှု လွန်ကဲနေပါတယ်။ သူတို့ဟာ လက်နက်မဲ့ဒုက္ခသည်တွေသာ ဖြစ်ပါတယ်။ အုံကြွမှုကို ဘယ်လိုဖြစ်စေမှာလဲ။”
“ နောက်ပြီး မြောက်ပိုင်းပြည်နယ်မှာပဲ မြေဧရိယာကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်။ မြောက်ပိုင်းပြည်နယ်ကလွဲပြီး ဒီဒုက္ခသည် တွေကို အခြားဘယ်နေရာ ပို့လို့ရနိုင်မလဲ။ ဝန်ကြီးချုပ်လင်ရဲ့ ကိုယ်ပိုင်မြေယာတွေကို ဒီဒုက္ခသည်တွေအတွက် ပေးမှာလား။”
နန်းတွင်း၌ ဝန်ကြီးချုပ်နှစ်ဦး အချေအတင်ငြင်းခုံနေသည်ကို မြင်ရသော အခြားအရာရှိများလည်း ဆိတ်ဆိတ်နေကာ သူတို့နှစ်ဦး၏ ငြင်းခုံမှုကို စောင့်ကြည့်နေကြသည်။
နောက်ဆုံးတွင် ဆွမ်ဧကရာဇ်က
“မြောက်ပိုင်းပြည်နယ်မှာ မြေလွတ်မြေရိုင်းများစွာရှိတာက အမှန်ပဲ ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်က မြောက်ပိုင်းပြည်နယ်ကို နောက်ထပ်ဘာအကူအညီမှ မပေးတော့ဘူးလို့ ပြောခဲ့ပြီးပြီ။”
“ဒီကိစ္စက လုရှုယွမ် အိမ်ရှေ့စံဖြစ်ပြီး ပထမဆုံးကိုင်တွယ်ရတဲ့ နိုင်ငံတော်ကိစ္စဖြစ်တယ်။ ဒါကြောင့် ကျုပ်က ဘာအကူအညီမှ မပေးတော့ဘူး။ အကယ်၍ ဒီကိစ္စကိုတောင် မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ရင် နောင်အနာဂါတ်မှာ ကျုပ်ရဲ့နေရာကို ဆက်ခံနိုင်မယ့် အရည်အချင်းမရှိဘူးလို့ အဓိပ္ပာယ်ရတယ်။”
“ရှုယွမ် မင်းကို နှစ်လပဲ အချိန်ပေးမယ်။ ဒီနှစ်လအတွင်း ဒုက္ခသည်တွေရဲ့ မငြိမ်သက်မှုကို အပြီးသတ်အောင် ဖြေရှင်းရမယ်။”
လုရှုယွမ်က ချက်ချင်းဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။
“ဖခင်ရဲ့ မိန့်မှာချက်ကို ကျေးဇူးတင်ပါတယ်။”
ဆွမ်ဧကရာဇ်က ဆက်ပြောလိုက်သည်။
“ နောက်ပြီး မကြာသေးမီက အရာရှိများစွာရဲ့ တင်ပြချက်အရ ရှနိုင်ငံတော်ရဲ့ ဝေးလံတဲ့ တောင်တန်းဒေသက ပြည်သူများစွာဟာ ဆားမဝယ်နိုင်ကြောင်း၊ အာဏာပိုင်များက ဂရုမစိုက်ကြောင်း၊ နန်းတွင်းကလည်း စုံစမ်းမေးမြန်းခြင်းမရှိကြောင်း ကြားသိရတယ်။ သူတို့က ဆားလုပ်ငန်းကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးဖို့ တောင်းဆိုနေကြတယ်...”
ဆွမ်ဧကရာဇ် စကားမပြီးမီ လင်ကောင်းယွမ်က အလျင်အမြန်ပြောလိုက်သည်။
“ မသင့်တော်ပါဘူး မင်းကြီး။ ဆားဟာ နိုင်ငံတော်ရဲ့ စီးပွားရေးနှင့် ပြည်သူများရဲ့ အသက်မွေးမှုအတွက် အရေးပါပြီး အစဉ်အဆက် နန်းတွင်းကပဲ ထိန်းချုပ်ခဲ့ပါတယ်။ ဆားလုပ်ငန်း စီမံခန့်ခွဲခွင့်ကို ဘယ်လိုလုပ် လွှဲပြောင်းနိုင်မှာလဲ။”
“စီမံခန့်ခွဲခွင့်တွေ လွှဲပြောင်းလိုက်ရင် ကုန်သည်တွေက ဆားဈေးကို မြှင့်တင်ကြမမှာ မလွဲပါဘူး။ အဲ့ဒီအချိန်ကျရင် ဝေးလံတဲ့ တောင်တန်းဒေသများက ပြည်သူတွေတင် မဟုတ်ပဲ ဖွံ့ဖြိုးပြီးဒေသများက သာမန်ပြည်သူများပါ ဆားဝယ်နိုင်တော့မှာ မဟုတ်ပါဘူး။”
ဆားလုပ်ငန်းကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပါက နိုင်ငံတော်၏ အခြေခံ အုတ်မြစ်ကို လှုပ်ခတ်စေနိုင်သည့်အပြင် ဘဏ္ဍာတိုက်၏ဝင်ငွေကိုလည်း သိသိသာသာ လျော့ကျသွားစေမည်ဖြစ်သည်။
ဆွမ်ဧကရာဇ်က နန်းတွင်းမှာ ထိုကဲ့သို့သော အကြောင်းအရာကို ဘာလို့တင်ပြရတာလဲဆိုတာ လင်ကောင်းယွမ်သည် နားမလည်နိုင်ခဲ့ပေ။
လင်ကောင်းယွမ်၏ စကားဆုံးသည်နှင့် အာဏာရှိမိသားစုမှ အရာရှိတစ်ဦးက ထပြောလိုက်သည်၊
“ ဆားလုပ်ငန်း စီမံခန့်ခွဲခွင့် ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းရေးကို ကျွန်တော်ထောက်ခံပါတယ်။ လက်ရှိမှာ ဆားဈေးနှုန်းတွေ အလွန်မြင့်မားနေပါတယ်။ နန်းတွင်းကပဲ ဆားလုပ်ငန်းကို ထိန်းချုပ်ထားတာကြောင့် ဆားထုတ်လုပ်မှုပမာဏ နည်းပါးနေပါတယ်။”
“ဆားလုပ်ငန်း စီမံခန့်ခွဲခွင့်တွေ လွှဲပြောင်းလိုက်မယ်ဆိုရင် ကုန်သည်များစွာက ဆားထုတ်လုပ်လာကြမှာဖြစ်ပြီး ဆားဈေးနှုန်းများ ကျဆင်းကာ ပြည်သူတွေ ဈေးချိုချိုနဲ့ ဆားဝယ်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။”
ထိုအာဏာရှိမိသားစုမှ အရာရှိ၏စကားပြီးဆုံးသည်နှင့် အခြားအာဏာရှိမိသားစုမှ အရာရှိတစ်ဦးကလည်း ထလိုက်ပြီး
“ကျွန်တော်လည်း ဆားလုပ်ငန်း စီမံခန့်ခွင့် လွှဲပြောင်းရေးကို ထောက်ခံပါတယ်....”
ထို့နောက် အခြားအရာရှိများစွာကလည်း ဆားလုပ်ငန်း လွှဲပြောင်းရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
ထိုအခြေအနေကို မြင်ရသောအခါ လင်ကောင်းယွမ် နဖူးတွန့်သွားသည်။ ဆားလုပ်ငန်း ပုဂ္ဂလိကပိုင်အဖြစ် ဖွင့်လှစ်ပါက
အကျိုးအမြတ်အများဆုံး ရရှိမည့်သူများမှာ အာဏာရှိမိသားစုများဖြစ်သည်။ သူတို့အနေဖြင့် ဆားလုပ်ငန်း စီမံခန့်ခွဲခွင့် လွှဲပြောင်းယူရန် စိတ်အားထက်သန်နေကြမည်မှာ အမှန်ပင်ဖြစ်သည်။
ဤအချိန်တွင် အရေးကြီးဆုံးမှာ ဆွမ်ဧကရာဇ်၏ သဘောထားပင်ဖြစ်သည်။ သူသည် အမြဲပင် အာဏာရှိမိသားစုများကို မနှစ်မြို့ဖွယ်ရာအဖြစ် မြင်လေ့ရှိသူဖြစ်၏။ အခုတော့ အာဏာရှိ မိသားစုများမှ အရာရှိများ၏ စကားကို နားထောင်ကာ ဆားလုပ်ငန်းကို အမှန်တကယ်ပင်
ပုဂ္ဂလိပိုင် လုပ်ငန်းအဖြစ် လွှတ်ပေးလိုက်မှာလား။
ဆွမ်ဧကရာဇ်သည် ဆားလုပ်ငန်းကို ပုဂ္ဂလိပိုင်အဖြစ် ထားရှိပေးရန် ဘယ်သောအခါမှ သဘောတူမည်မဟုတ်ဟု လင်ကောင်းယွမ် ထင်မြင်နေစဉ် ဧကရာဇ်က အမိန့်ထုတ်လိုက်သည်
“ကျုပ်ရဲ့ ချစ်ခင်လေးစားရသော မှူးမတ်များရဲ့ အကြံဉာဏ်များက အကျိုးရှိပါတယ်။ ကုန်သည်တွေဟာ အမြတ်အစွန်းရရှိ ရေးကိုဦးစား ပေးကြတယ်။ ဆားလုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် ဖွင့်လှစ်လိုက်ရင် ကုန်သည်များစွာဟာ ဆားထုတ်လုပ်ရေးလုပ်ငန်းကို ဝင်ရောက်လာမှာဖြစ်ပြီး ဆားဈေးနှုန်း ကျဆင်းကာ ရှနိုင်ငံတော်ရဲ့ ပြည်သူတွေ ဆားဝယ်ယူနိုင်ကြလိမ့်မယ်။”
“ကျုပ်ဆုံးဖြတ်ပြီးပြီ။ ယနေ့ကစပြီး ဆားလုပ်ငန်း၏ စီမံခန့်ခွဲခွင့်ကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးမယ်။”
ထိုစကားများကို ကြားလိုက်ရသော လင်ကောင်းယွမ် လုံးဝအံ့အားသင့်သွားသည်။
ဆွမ်ဧကရာဇ် ဘယ်အချိန်ကတည်းက ဒီ လောက်မိုက်မဲသွားတာလဲ။
သူကတကယ်ပဲ ဆားလုပ်ငန်း စီမံခန့်ခွဲခွင့်ကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးမှာလား။
သူက အာဏာရှိမိသားစုတွေကို အမုန်းဆုံးသူ မဟုတ်လား။ နောက်ပြီး ဆွမ်ဧကရာဇ်က အာဏာရှိမိသားစုတွေကို ရှင်းလင်းဖို့ လျှို့ဝှက်ပြင်ဆင်နေတာ အချိန်အတန်ကြာပြီ မဟုတ်ပါလား။ ဒီလိုအချိန်မှာ ဘာ့ကြောင့် သူတို့အတွက် ဒီလောက် လိုက်လျောပေးရတာလဲ။
မင်းသားလုရှုယွမ်အား အိမ်ရှေ့စံအဖြစ် ခန့်အပ်ခြင်းက အာဏာရှိမိသားစုများကို ငြိမ်သက်စေရန်နှင့် ဆွမ်ဧကရာဇ်၏ နောက်လှမ်းမည့်အစီအမံများကို သူတို့ မသိနိုင်စေရန် ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ် ရှင်းပြနိုင်သေးသည်။
သို့သော် ဆားလုပ်ငန်း စီမံခန့်ခွဲခွင့် လွှဲပြောင်းပေးခြင်းကတော့ ဆွမ်ဧကရာဇ်အတွက် မည်သည့်အကျိုးကျေးဇူးမှ မရှိစေနိုင်ပါ။
စိတ်ရှုပ်ထွေးနေသော်လည်း လင်ကောင်းယွမ်သည် နောက်ထပ်မပြောတော့ပေ။
နိုင်ငံတွင်း ပဋိပက္ခများ ဖြစ်ပေါ်တော့မည်။ အာဏာရှိမိသားစုများ မကြာခင် ဒုက္ခရောက်ကြမည်။ ဆွမ်ဧကရာဇ်ကို စိတ်ကြိုက်လုပ်ခွင့်ပြုလိုက်တာကောင်းသည်။
နန်းတွင်းအစည်းအဝေးပြီးဆုံးသွားသောအခါ လုရှုယွမ်သည် သူ၏အဖွဲ့ဝင် အရာရှိများစွာနှင့်အတူ အရှေ့ဘက်နန်းတော်သို့ ရောက်ရှိလာခဲ့သည်။
သူ၏ဖခင်က သူ့အား နှစ်လသာအချိန်ပေးထားသည်။ ထိုဒုက္ခသည်များကို ကိုင်တွယ်ဖြေရှင်းရန် အမြန်ဆုံးလုပ်ဆောင်ရမည်။ မဟုတ်ပါက သူ၏ဂုဏ်သတင်းကို အလွန်အမင်း ထိခိုက်သွားမည်။
အရှေ့ဘက်နန်းတော်၏ ခန်းမကြီးတွင် စိတ်ခံစားမှုလေထုက လေးလံဖိစီးနေသကဲ့သို့ ခံစားရသည်။ လုရှုယွမ်သည် နန်းတွင်းအစည်းအဝေးတွင် ဝန်ကြီးများ၏ အပြစ်တင် ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရပြီး စိတ်အလွန်ဆိုးနေသည်။
ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် လုရှုယွမ်က
“ဆွေးနွေးကြပါစို့။ ဒုက္ခသည်တွေကိစ္စ ဘယ်လိုဖြေရှင်းမလဲ။ နန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို စားနာရိက္ခာ မပေးတော့ဘူးဆိုတာ သူတို့သိပြီးကြပြီ။ နောက်ပြီး မြောက်ပိုင်းပြည်နယ်က မြေအားလုံးဟာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ပိုင်ဖြစ်တဲ့အတွက် သူတို့သွားရင် မြေယာလည်း ရမှာမဟုတ်ဘူး။ သူတို့က မြောက်ပိုင်းပြည်နယ်ကို လိုလိုလားလား သွားကြမှာတော့ မဟုတ်ဘူး။”
.........
အခန်း (၂၈၅)
အိမ်ရှေ့ မင်းသား၏ အကူအညီ (၁)
လုရှုယွမ်၏ စကားကို ခန်းမတွင်း၌ရှိသူများ ချက်ချင်းမတုံ့ပြန်ကြပေ။ အများစုမှာ ဒုက္ခသည်များကို မြောက်ပိုင်းပြည်နယ်သို့ မောင်းထုတ်ရန် အစပိုင်းတွင် သဘောတူထားကြသူများဖြစ်သည်။ ယခုလို ပြဿနာတစ်ရပ် ဖြစ်လာမည်ဟု သူတို့ မျှော်လင့်မထားကြပေ။
ခဏကြာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက စကားလိုက်သည်။
“မင်းကြီးရဲ့ သဘောထားက ရှင်းနေပါပြီ။ နန်းတွင်းအနေဖြင့် မြောက်ပိုင်းပြည်နယ်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှာ မဟုတ်ပါဘူး။ အခု တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ ကျွန်တော်တို့ကိုယ်တိုင် စားနပ်ရိက္ခာတွေ စုဆောင်းပြီး မြောက်ပိုင်းကို ပို့ဆောင် ပေးဖို့ပါပဲ။ ဒါမှ ဒုက္ခသည်တွေကို သူတို့သွားရောက်တဲ့အခါ စားစရာရှိမယ်လို့ အာမခံနိုင်မှာပါ။”
“ဒီလိုလုပ်နိုင်ဖို့ကလည်း တောင်ပိုင်းက အဓိကအာဏာရှိမိသားစုကြီးများရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မှာ ဖြစ်ပါတယ်။”
ဒုက္ခသည်ကိစ္စကို ကိုင်တွယ်ဖြေရှင်းရမည်မှာ နန်းတွင်း၏ တာဝန်ဖြစ်သော်လည်း ယခုအခါ ဆွမ်ဧကရာဇ်က ထိုတာဝန်ကို အိမ်ရှေ့စံ လုရှုယွမ်အပေါ် အပြည့်အဝ လွှဲအပ်ထားလိုက်သည်။ အကယ်၍ လုရှုယွမ်သာ ဒုက္ခသည်ပြဿနာကို ကောင်းစွာမဖြေရှင်းနိုင်ပါက သူ၏ အိမ်ရှေ့စံသက်တမ်း တိုတောင်းသွားမည် ဖြစ်သည်။
ပထမဆုံးသော နိုင်ငံတော်ကိစ္စကိုပင် အောင်မြင်စွာ မကိုင်တွယ်နိုင်ခဲ့ပါက အခြားမင်းသားအုပ်စုများမှ အရာရှိများက သူ့အား တိုက်ခိုက်ရန်အတွက် ထိုအခွင့်အရေးကို လက်လွတ်ခံကြမည် မဟုတ်ပေ။ အစကတည်းက သူ၏ အိမ်ရှေ့စံရာထူးသည် မခိုင်မာခဲ့ပေ။ တောင်ပိုင်း အာဏာရှိမိသားစုကြီးများနှင့် ဆွမ်ဧကရာဇ်၏ ညှိနှိုင်းမှု
ကြောင့်သာ သူအိမ်ရှေ့စံဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဝူနိုင်ငံတော်နှင့် ချွမ်နိုင်ငံတော်တို့တွင် အတွင်းရေးမငြိမ်သက်မှုများ ဖြစ်ပွားနေသဖြင့် ရှနိုင်ငံတော်သည် ပြင်ပဖိအားများမှ လွတ်ကင်းနေသည်။ ထို့ကြောင့် ဆွမ်ဧရာဇ်အတွက် အိမ်ရှေ့စံကို ဖယ်ရှားရန် လွယ်ကူနေပြီ ဖြစ်သည်။
...
အကယ်၍ အခြားမင်းသားအဖွဲ့များမှ အရာရှိများက ဖိအားပေးလာပါက ဆွမ်ဧကရာဇ်သည် အလွယ်တကူပင် အိမ်ရှေ့စံကို ဖယ်ရှားလိုက်နိုင်သည်။ ထိုအချိန်တွင် တောင်ပိုင်း အာဏာရှိမိသားစုကြီးများလည်း ဘာမှပြောဆိုနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လုရှုယွမ်သည် ဒုက္ခသည်အရေးကို ကောင်းစွာ မကိုင်တွယ်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သောကြောင့် ဖြစ်သည်။
ဒုတိယဝန်ကြီး၏ စကားကိုကြားပြီးနောက် ဝမ်မိသားစုမှ ကိုယ်စားလှယ် ဝမ်ယုံက
“စိတ်မပူပါနဲ့ အိမ်ရှေ့မင်းသား။ တောင်ပိုင်း အာဏာရှိမိသားစုကြီးဟာ အိမ်ရှေ့မင်းသားကို အပြည့်အဝ ထောက်ခံပါတယ်။ ကျွန်တော်တို့ မိသားစုတွေက ဒုက္ခသည် တွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းပေးပြီး နန်းတွင်းရဲ့ ဒုက္ခသည်ပြဿနာ ဖြေရှင်းဖို့ ကူညီပါမယ်” ဟု ပြောလိုက်သည်။
ဝမ်မိသားစုကိုယ်စားလှယ် ပြောပြီးသည်နှင့် တပြိုင်နက် အိမ်ထောင်စုဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးက
“တောင်ပိုင်း မိသားစုကြီးတွေသာ ဒုက္ခသည် တွေအတွက် စားနပ်ရိက္ခာလှူဒါန်း ပေးမယ်ဆိုရင် မြောက်ပိုင်းပြည်နယ်သွားရင် တစ်နှစ်စာ စားနပ်ရိက္ခာရမယ်လို့ ဒုက္ခသည်တွေကို အာမခံပေးလို့ ရပါပြီ”
ဟု ပြောလိုက်သည်။
လုရှုယွမ် အနည်းငယ်စဉ်းစားလိုက်ပြီး
“ဒီနည်းလမ်းက အဆင်ပြေနိုင်တယ်”
ဟု ပြောလိုက်သည်။
တောင်ပိုင်း အာဏာရှိ မိသားစုကြီးများက ဒုက္ခသည်များအား စားနပ်ရိက္ခာလှူဒါန်းပါက သူတို့အတွက် နာမည်ကောင်းရစေမည်။ လုရှုယွမ်အနေနှင့်လည်း ဒုက္ခသည်ပြဿနာ ဖြေရှင်းနိုင်မည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဖြစ်သည်။
သို့သော် လုရှုယွမ်က နောက်ထပ်စဉ်းစားလိုက်ပြီး
“တောင်ပိုင်း အာဏာရှိ မိသားစုကြီးတွေရဲ့ လှူဒါန်းမှုကိုပဲ အားကိုးနေရင် မလုံလောက်နိုင်ပါဘူး။ ဒုက္ခသည်တွေ အခြားနယ်စားပြည်နယ်တွေကို သွားချင်အောင်လုပ်ဖို့ နည်းလမ်းရှာသင့်တယ်။ ဒါမှ နယ်စားတွေက ဒုက္ခသည်ပြဿနာ ဖြေရှင်းဖို့ ဝင်ကူညီကြမှာ။”
ထိုစကားကို ကြားလိုက်ရသည့် အိမ်ထောင်စုဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးက
“အိမ်ရှေ့မင်းသားရဲ့ နည်းလမ်းက ကောင်းပါတယ်။ ကျွန်တော်ကြားသိရတာက ချီမင်းသားဟာ သူရဲ့နယ်မြေထဲက ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ မြောက်ပိုင်းပြည်နယ်ကို ဒုက္ခသည်တွေ စေလွှတ်ရာမှာ စပါးဈေးနှုန်းချိုသာစွာနဲ့ ရောင်းပေးရုံသာမက တစ်နှစ်စာ စားနပ်ရိက္ခာပါ ထောက်ပံ့ပေးကြောင်း သိရပါတယ်” ဟု ပြောလိုက်သည်။
“ဒီဒုက္ခသည်တွေ မြောက်ပိုင်းပြည်နယ် မသွားချင်ဘူးဆိုရင် အခြားနယ်စားပြည်နယ် တွေကိုပဲ ပို့လိုက်ပါ။ သူတို့ အခြားနယ်စားပြည်နယ်တွေ ရောက်သွားရင် နယ်စားတွေကက သူတို့ဘာသာ နည်းလမ်းရှာပြီး မြောက်ပိုင်းပြည်နယ်ကို ဒုက္ခသည်တွေ ပို့ဖို့လုပ်ဆောင်ကြမှာပါ။”
“ဒီနည်းနဲ့ဆို အိမ်ရှေ့မင်းသားအပေါ်က ဖိအားတွေလည်း သိသိသာသာ လျော့ပါးသွားမှာ ဖြစ်ပါတယ်။”
အိမ်ထောင်စုဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး၏ စကားများကို ကြားပြီးနောက် လုရှုယွမ်၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်သော အမူအရာများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
အခုဆိုလျှင် အစီအစဉ်ရှိပြီ ဖြစ်သဖြင့် အကောင်အထည်ဖော်ရန်သာ လိုတော့သည်။
နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အတွင်း လုရှုယွမ်တို့လည်း ဆွေးနွေးခဲ့သည့်အတိုင်း ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။ တစ်ဖက်တွင် တောင်ပိုင်း အာဏာရှိ မိသားစုကြီးများက ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာလှူဒါန်းကြောင်း အများသိအောင် ကြေညာခဲ့သည်။ အခြားတစ်ဖက်တွင် နယ်စားများ၏ တာဝန်အဖြစ် ခွဲဝေသတ်မှတ်လိုက်ပြီး ဒုက္ခသည်အချို့ကို အခြားနယ်စားပြည်နယ်များသို့ ပို့ဆောင်ခဲ့သည်။
ထိုနယ်စားပြည်များက ဒုက္ခသည်များကို လက်ခံပြီးသည်နှင့် ပထမဆုံးလုပ်ဆောင်ကြသည်မှာ ဒုက္ခသည်များအား ရွှေပြောင်းရေးအတွက် ညှိနှိုင်းရန် မြောက်ပိုင်းပြည်နယ်သို့ သံတမန်များစေလွှတ်ခြင်းဖြစ်သည်။
အစပိုင်းတွင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အနည်းငယ်သာ လုချန်း တောင်းခံခဲ့သော်လည်း နယ်စားများ သူ့ထံချဉ်းကပ်လာသည်ကို တွေ့ရှိရသောအခါ ပိုမိုများပြားသော သတ်မှတ်ချက်များကို တောင်းဆိုလာခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းပြည်နယ်၏ ကုန်သွယ်ရေးအခြေအနေများနှင့် သက်ဆိုင်သော အချက်များကို ပိုမိုထည့်သွင်းတောင်းဆိုခဲ့သည်။
လုရှုယွမ်၏ နည်းဗျူဟာသည် မမျှော်လင့်ပဲ မြောက်ပိုင်းပြည်နယ်အတွက် အကြီးအကျယ် အထောက်အကူဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် လုချန်းသည် လုရှုယွမ်၏ ကစားကွက်များကို သတိရမိသည့်အခါတိုင်း မထိန်းနိုင်ပဲ ရယ်မောမိနေသည်။
မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုရှုယွမ်၏ ကြီးမားသော ပါဝင်မှုကို ကျေးဇူးတင်ရမည်ဖြစ်သည်။
နွေဦးရာသီကို ဖြတ်သန်းပြီး နွေရာသီ ရောက်ခါနီးအချိန်တွင် မြောက်ပိုင်းပြည်နယ်၏ လူဦးရေမှာ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ နွေဦးတစ်ရာသီ တစ်ခုလုံးနီးပါး ဒုက္ခသည်များ၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။
မြောက်ပိုင်းနယ်စားမင်းသား စံအိမ်။
စာကြည့်ခန်း။
လုချန်းသည် ရွှေ့ပြောင်းဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆိုင်ရာ စာရွက်စာတမ်းများကို ကိုင်တွယ်နေစဉ် တံခါးဝရှိ အထူးကိုယ်ရံတော်တစ်ဦးက
“မင်းသား။ ဆူဖုန်းမြို့က ထောက်လှမ်းရေးသတင်းရောက်ရှိပါပြီ။”
လုချန်းက အေးဆေးစွာဖြင့်
“အထဲကို ယူလာခဲ့ပါ”
ဟု ပြောလိုက်သည်။
အထူးကိုယ်ရံတော်သည် စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်လာပြီး ထောက်လှမ်းရေးသတင်းကို လုချန်းအား ပေးအပ်လိုက်သည်။ လုချန်းလည်း ချက်ချင်း ဖွင့်ဖတ်ကြည့်လိုက်၏။
ချက်ချင်းဆိုသလိုပင် လုချန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ချူးမိသားစုသည် ချူးရှုံနှင့် အခြားသူများကို ဤမျှလွယ်ကူစွာ ထွက်ခွာခွင့်ပြုလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ချူးမိသားစုသည် သူတို့၏ အင်အားလျော့နည်းသွားမှာကို စိုးရိမ်ကာ အစွမ်းကုန် ဟန့်တားမည်ဟု လုချန်းထင်မှတ်ထားခဲ့သည်။
သို့သော် ချူးမိသားစုက ဟန့်တားခြင်းမပြုပဲ ချူးရှုံအား မြောက်ပိုင်းသို့ လှူဒါန်းထားသော စားနပ်ရိက္ခာများကိုပါ ယူဆောင်ခွင့်ပြုခဲ့သည်။
ဒုတိယအကြိမ် စဉ်းစားကြည့်သောအခါ ဤလုပ်ရပ်သည် ချူးမိသားစုအတွက် အကျိုးရှိသည်ဟု နားလည်လာသည်။ တစ်ဖက်တွင် ချူးမိသားစုအတွင်း ဆန့်ကျင်ဘက်အင်အားစုများ ပျောက်ကွယ်သွားပြီဖြစ်ကာ ယခုအခါ တစ်သံတစ်မိန့်သာ ကျန်ရှိတော့သည်။ ဤအရာသည် ချူးမိသားစု၏ နောက်အကြီးအကဲအတွက် အကောင်းဆုံးသော အခြေအနေပင်ဖြစ်သည်။
နောက်တစ်ဖက်တွင် ချူးရှုံအား မြောက်ပိုင်းသို့ လှူဒါန်းထားသော စားနပ်ရိက္ခာများ ယူဆောင်ခွင့်ပြုခြင်းဖြင့် ချူးမိသားစုအတွက် နာမည်ကောင်းရယူရန် အခွင့်အရေးကိုပါ ရရှိခဲ့သည်။ ချူးရှုံသည် ယခင်က မိသားစု၏ အကြီးအကဲ ဖြစ်ခဲ့သည် မဟုတ်ပါလား။
ချူးမိသားစု၏ ယခင်အကြီးအကဲ ကိုယ်တိုင် လိုအပ်နေသူများအတွက် စားနပ်ရိက္ခာများကို မြောက်ပိုင်းပြည်နယ်သို့ ဦးဆောင်လှူဒါန်းသည့် ထိုလုပ်ရပ်သည် ချူးမိသားစုအား ပြည်သူလူထု၏ အာရုံစိုက်မှုကို အများဆုံးရရှိ စေခဲ့သည်။
ထိုအချိန်တွင် စာကြည့်ခန်းအပြင်ဘက်မှ အခြားအသံတစ်ခုကို ကြားလိုက်ရသည်။
“မင်းသား စာကြည့်ခန်းထဲမှာလား။ မင်းသား စိတ်ဝင်စားလောက်တဲ့ ထောက်လှမ်းရေးသတင်းတစ်ခု ရလာပါတယ်။”
ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော အသံကိုကြားလိုက်ရသည်နှင့် လုချန်းက အနီးရှိ အထူးကိုယ်ရံတော်အား
“ထွက်သွားနိုင်ပါပြီ။”
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် အထူးကိုယ်ရံတော်လည်း စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။ တံခါးပွင့်သွားသည်ကို မြင်သောအခါ ဝမ်ချင်းစီသည် ချက်ချင်း စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်လာကာ တံခါးကို ပြန်ပိတ်လိုက်သည်။
လုချန်းက စာရွက်စာတမ်းများကို တံဆိပ်တုံး ထုနေရင်း
“ပြောပါ။ ကိုယ့်ကို စိတ်ဝင်စားစေမယ့် ဘယ်လိုထောက်လှမ်းရေးသတင်းတွေရှိလို့လဲ” ဟု မေးလိုက်ပါသည်။
ဝမ်ချင်းစီက ပြုံးလိုက်ပြီး
“ဝူနိုင်ငံတော်က ကျန်းဝမ်မင်းသမီးအကြောင်းပါ။ မင်းသား စိတ်ဝင်စားလား” ဟု ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည်နှင့် လုချန်းခဏခန့် အံ့အားသင့်သွားပြီး တံဆိပ်တုံးကိုင်ထားသော လက်သည် လေထဲတွင် ရပ်တန့်သွားပြီး ဝမ်ချင်းစီဘက်သို့ လှည့်ကြည့်လိုက်သည်။
ယနေ့ ဝမ်ချင်းစီသည် သူမ၏ ကိုယ်ခန္ဓာကောက်ကြောင်းကို ဖော်ထားသော အနီရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်ကူးယဉ်ချင်စရာ အနေအထားကို ဖော်ပြနေသည်။
လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“ဝူနိုင်ငံတော်က ကျန်းဝမ်မင်းသမီးလား။ သူအခု တလော ဘာတွေလုပ်နေတာလဲ။ ကိုယ်မှတ်မိတာက သူကျူးနိုင်ငံတော်ကို သွားခဲ့တယ်ဆိုတာပဲ” ဟု မေးလိုက်ပါသည်။
ဝမ်ချင်းစီက
“လွန်ခဲ့တဲ့ တစ်လတုန်းက သူကျူးနိုင်ငံတော်မှာ တကယ်ရှိနေခဲ့ပေမဲ့...” ဟု ပြန်ဖြေကာ စကားကို တမင်တကာ ချန်လှပ်ထားလိုက်သည်။
ဝမ်ချင်းစီ၏ ဒွိဟဖြစ်နေပုံကိုမြင်သော လုချန်းက
“ဒါပေမဲ့ ဘာလဲ။ စကားကို ဆုံးအောင်ပြောပါ။ ကိုယ်မဆုံးမတာကြတော့ အငြိမ်မနေနိုင်တော့ဘူးလား။”
လုချန်း အဆင့်လွန် ပညာရှင်ဖြစ်လာပြီးကတည်းက ဝမ်ချင်းစီသည် ထောက်လှမ်းရေးသတင်းများကို လာရောက်အစီရင်ခံရန် လိုအပ်သည့်အခါမှလွဲ၍ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ ပြန်မလာခဲ့ပေ။
ထို့ပြင် လုချန်း၏ အာရုံစိုက်မှုသည် ချူးချင်းလီနှင့် ရဲလိနန်ယန်တို့အပေါ်တွင် ရှိနေခဲ့သဖြင့် လုချန်း အဆင့်လွန် ပညာရှင်ဖြစ်လာပြီးနောက် မည်မျှအစွမ်းထက်လာသည်ကို ဝမ်ချင်းစီ မခံစားရသေးပေ။
...........