← Chapters

အခန်း ၂၈၉-၂၉၁

Vol. 20 Ch. 289-291

အခန်း ၂၈၉-၂၉၁

Vol. 20 Ch. 289-291

အခန်း (၂၈၉)

ပူးပေါင်းဆောင်ရွက်မှု (၁)

နေဝင်ဆည်းဆာအချိန်ဖြစ်သည်။ အနောက်ဘက်မိုးကုပ်စက်ဝိုင်းတွင် မီးလျှံကဲ့သို့ နီရဲနေသော နေမင်းကြီးနှင့် အတူ ကြက်သွေးရောင် တိမ်တိုက်များက ရွေ့လျားလျက်ရှိသည်။

ထိုအချိန်တွင် နေဝင်ဆည်းဆာ၏ အလင်းရောင်သည် လူတို့၏မျက်နှာပေါ်သို့ ကျရောက်နေပြီး အဖြူဆုံးအသားရောင်များပင် လိ‌မ္မောရောင်သို့ ပြောင်းလဲသွားသည်။

ဝူကျန်းဝမ်ရှိရာ စားသောက်ဆိုင်ထဲသို့ လုချန်း ဝင်ရောက်သောအခါ ပြတင်းပေါက်နားတွင် ထိုင်နေသော ဝူကျန်းဝမ်ကို မြင်ရသည့်အခါ အနည်းငယ်အံ့အားသင့်သွားသည်။

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား ဝူကျန်းဝမ်သည် ရင့်ကျက်အေးချမ်းသော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုရှိသော ပုံသဏ္ဍန်ကို ပြသနေသည်။

သူမသည် အလွန်လှပပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က လုချန်းရပ်နေသော တံခါးဝဘက်သို့ လှည့်ကြည့်လိုက်သည်။ လုချန်း၏မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသော်လည်း လုချန်း၏ အဝတ်အစားနှင့် ပုံပန်းကိုကြည့်လျှင်အသက် ၂၀ အရွယ်ခန့်ရှိသော လူငယ်တစ်ဦးဖြစ်ကြောင်း သိသာသည်။

ဤမျှငယ်ရွယ်သော်လည်း ဖိအားတစ်ခုကို ဖြစ်စေနိုင်သော ဧည့်သည်ကို မြင်ရသောအခါ ဝူကျန်းဝမ်၏ မျက်ခုံးများ မသိမသာ တွန့်သွားသည်။ သို့သော် ထိုအပြောင်းအလဲမှာ သေးငယ်လွန်းပြီး သတိထားမိရန် ခဲယဉ်းသည်။

အခန်းအတွင်းရှိ သက်ကြီးရွယ်အိုနှစ်ဦးသည်လည်း ချက်ချင်း သတိထားလိုက်ကြသည်။ မြောက်ပိုင်းပြည်နယ်တွင် အဆင့်လွန် ပညာရှင်တစ်ဦးရှိမည်ဟု သူတို့မမျှော်လင့်ခဲ့ကြပေ။ အထူးသဖြင့် ဤမျှငယ်ရွယ်သော အဆင့်လွန် ပညာရှင်ကို လုံးဝမမျှော်လင့်ခဲ့ကြပေ။

စိတ်ကို တည်ငြိမ်အောင် စုစည်းပြီးနောက် လုချန်းသည် သူ၏စနစ်ကို အသုံးပြု၍ ဝူကျန်းဝမ်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။

ဝမ်ချင်းစီက သူ့ရှေ့မှောက်ရှိ အမျိုးသမီးသည် ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်နိုင်သည်ဟု ပြောခဲ့သော်လည်း ယင်းမှာ မှန်းဆချက်သာဖြစ်ပြီး အတည်ပြုရန်အတွက် စနစ်၏ စစ်ဆေးမှုကို လိုအပ်သည်။

နောက်ခဏတွင် ဝူကျန်းဝမ်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုချန်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။

[အမည် - ဝူကျန်းဝမ်]

[အဆင့် - ၉၈]

[နှစ်သက်မှု - ၁၀]

[အချက်အလက် - ဝူနိုင်ငံတော်၏ မင်းသမီး၊ ဝူဧကရာဇ်၏သမီး၊ ယွဲ့ဧကရာဇ်၏မိတ်ဆွေ၊ ယခုနှစ်တွင် အသက် ၃၀ ရှိပြီး အလွန်မြင့်မားသော သိုင်းပညာပါရမီရှိသူ၊ ထိပ်တန်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားအပေါ် အလွန်စိတ်ဝင်စားမှုရှိပြီး ကျူးနိုင်ငံတော်သို့ သံတမန်ခရီးစဉ်ကို အခွင့်ကောင်းယူ၍ မြောက်ပိုင်းပြည်နယ်သို့ လျှိုဝှက်ဝင်ရောက်ကာ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက်များကို သိရှိလိုသည်။ မိုးစက်ရဲတိုက်သည် မြောက်ပိုင်းနယ်စားမင်းသား၏ နောက်ကွယ်ရှိ အင်အားစု ဟုတ်မဟုတ်ကိုလည်း စုံစမ်းလိုသည်။]

မျက်မှောက်ရှိ အချက်အလက်များကို မြင်ရသောအခါ လုချန်း၏ စိတ်ထဲတွင် ပြုံးလိုက်သည်။

အင်း... သူမက တကယ်ပဲ ဝူနိုင်ငံတော်ရဲ့ မင်းသမီးဖြစ်နေပါလား။

ဝမ်ချင်းစီဆိုသော စုန်းမ၏ ခန့်မှန်းချက်က အမှန်တကယ် တိကျသည်။

သူမနေရာမှာ အခြားသူတစ်ဦးဆိုပါက ဤအမျိုးသမီးသည် ဝူနိုင်ငံတော်၏ မင်းသမီးဖြစ်ကြောင်း မှန်းဆမိမည် မဟုတ်ပေ။ ဝူကျန်းဝမ် ရန်ခရိုင်ကို လာသွားတာကိုပင် လုံးဝသတိထားမိမည် မဟုတ်ပါ။

အထူးကိုယ်ရံတော်များ ဝူကျန်းဝမ်နှင့်ပတ်သက်သော မည်သည့်အချက်အလက်ကိုများကို မဖော်ထုတ်နိုင်ခြင်းက သူမနှင့် သူမ၏အဖော်များသည် သူတို့၏ သရုပ်အမှန်များကို ကောင်းစွာဖုံးကွယ်ထားနိုင်ကြောင်း ပြသနေသည်။ မြို့တွင်းရှိ အထူးကိုယ်ရံတော်များပင် အခန်းအတွင်းရှိ လူသုံးဦး၏ ကြီးမားသောစွမ်းအားကို မခံစားမိခဲ့ကြပေ။

ပုံမန်အားဖြင့် အထူးကိုယ်ရံတော်များသည် အဆင့်မြင့် သိုင်းပညာရှင်တစ်ဦး ရန်ခရိုင်သို့ ဝင်ရောက်သည်ကို သိရှိပါက လုချန်းမှာကြားထားသည့်အတိုင်း မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်သို့ အမြန်ဆုံးသတင်းပို့ကြသည်။

ထိုအချက်ကို တွေးမိသောအခါ အထူးကိုယ်ရံတော်များ၏ ထောက်လှမ်းနိုင်စွမ်းက ကန့်သတ်ချက်များ ရှိကြောင်း လုချန်း ရှင်းလင်းစွာ သိမြင်လာသည်။ အထူးကိုယ်ရံတော်များသည် သူတို့၏စွမ်းအားကို ကောင်းစွာဖုံးကွယ်ထားနိုင်သော သိုင်းပညာရှင်များ ရန်ခရိုင်သို့ ဝင်ရောက်လာပါက မသိရှိနိုင်ပေ။

ဤအချက်က လုချန်းအား အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ခံစားရစေသည်။

အကယ်၍ ဤသုံးဦးတောင် အထူးကိုယ်ရံတော်များ၏ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်ခဲ့ပါက ရန်ခရိုင်အတွင်း၌ အခြားသော စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များ ရှိနေနိုင်ပြီး သူတို့သတိမပြုမိတာ‌ကော ဖြစ်နိုင်လား။

ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် စစ်တပ်အတွက် ခြိမ်းခြောက်မှုမဖြစ်စေနိုင်သော်လည်း လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခြင်း၊ ရုတ်တရက်တိုက်ခိုက်ခြင်း သို့မဟုတ် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ရှာဖွေရန် အရေးကြီးသောနေရာများသို့ လျှို့ဝှက်စွာ ဝင်ရောက်ခြင်းတို့ ပြုလုပ်နိုင်သည်မှာ သေချာသည်။

သို့သော် သူတို့အ‌နေနှင့် ပိုပြီးသတိထားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပါ။

ထိုအတွေးဖြင့် လုချန်းသည် ဝူကျန်းဝမ်၏နောက်တွင် ရပ်နေသော အဖိုးအဖွားနှစ်ဦးကို ထပ်မံစစ်‌ဆေးလိုက်သည်။

[အမည် - ပေဟုန်]

[အချက်အလက် - ဝူကျန်းဝမ်၏ ကိုယ်ရံတော်၊ အသက် ၁၀၅ နှစ်]

[စွမ်းအား - အဆင့်လွန် ပညာရှင်]

[သစ္စာရှိမှု- ၀]

[အမည် - ဟူရှု]

[အချက်အလက် - ကျူးဧကရာဇ်က ဝူကျန်းဝမ်အား ကာကွယ်ရန် စေလွှတ်ထားသော သိုင်းပညာရှင်၊ အသက် ၁၂၀ နှစ်]

[စွမ်းအား - အဆင့်လွန် ပညာရှင်]

[သစ္စာရှိမှု - ၀]

လုချန်း မျက်မှောင်ကြုတ် လိုက်သည်။ ဝမ်ချင်းစီ၏ ခန့်မှန်းချက်က မှားယွင်းခြင်းမရှိပါ။ အဆင့်လွန် ပညာရှင်နှစ်ဦး အမှန်တကယ်ရှိနေသည်။ လုချန်းမသိသေးသည်မှာ သူ၏ သတိထားမှုနှင့်နှိုင်းယှဉ်လျှင် ဝူကျန်းဝမ်နှင့် သူမ၏အဖော်များသည် သူ့အား ပို၍ပင် သတိထားနေကြခြင်းဖြစ်သည်။

နယ်စားပြည်နယ်တစ်ခုတွင် အဆင့်လွန် ပညာရှင်တစ်ဦးရှိနေပြီး ထိုသူက ဤမျှငယ်ရွယ်နေသည်။ အဆင့်လွန် ပညာရှင်ရှိခြင်းက ကြီးမားသော နောက်ခံအင်အားစုတစ်ခုရှိကြောင်း ညွှန်ပြနေသည်။

နောက်ကွယ်ရှိ မဟာအင်အားကြီး အုပ်စုအတွက် အဆင့်လွန် ပညာရှင်တစ်ဦး‌ စေလွှတ်ရခြင်းက ခဲယဉ်းသော ကိစ္စတစ်ခု မဟုတ်သောကြောင့်သာ ဖြစ်နိုင်သည်။ မဟုတ်ပါက မြောက်ပိုင်းပြည်နယ်သို့ အဆင့်လွန်ပညာရှင်တစ်ဦး စေလွှတ်မည်မဟုတ်ပေ။

ထို့ပြင် လူငယ်တစ်ဦးအနေဖြင့် အဆင့်လွန် ပညာရှင်အဆင့်သို့ ဤမျှစောစောရောက်ရှိခြင်းမှာ မကြားဖူးလောက်အောင် ရှားပါးသည်။

သူသည် လူလတ်ပိုင်း အရွယ်တွင် ကောင်းကင်လူသားအဆင့်သို့ ရောက်သွားနိုင်မည်ဖြစ်သည်။ အင်ပါယာ နိုင်ငံတော်ကြီးများမှ အဆင့်လွန် ပညာရှင်အများစုသည် အသက်တစ်ရာ ဝန်းကျင်ခန့်တွင် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိတတ်ကြ၏။ အမျိုးသမီးတစ်ဦးမှလွဲ၍ဖြစ်သည်။

အပြန်အလှန် အံ့အားသင့်မှုများ ဖြစ်ပေါ်ပြီးနောက် ဝူကျန်းဝမ်က ပထမဆုံး သတိပြန်ဝင်လာပြီး ရိုးသားသော အမူအရာဖြင့် ပြုံး၍ ပြောလိုက်သည်။

“ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ။ ကျွန်မက ချွမ်ဟိုင်ကုန်သည်အုပ်စု ဥက္ကဋ္ဌရဲ့သမီး ချွမ်ဝမ်ယွမ်ဖြစ်ပါတယ်။ ကျွန်မက မိုးစက်ရဲတိုက်ကို အဓိကအားဖြင့် စီးပွားရေးမဟာမိတ်ဖွဲ့မယ့် ကိစ္စ ဆွေးနွေးဖို့ ရောက်ရှိလာတာပါ။”

လုချန်းသည် ပြုံးရယ်ကာ

“ဟုတ်ကဲ့ပါ”

ဟု ပြန်လည်ဖြေကြားလိုက်သည်။

ထို့နောက် ပြတင်းပေါက်ဘက်သို့ လျှောက်သွားလိုက်သည်။

လုချန်း နီးကပ်လာသည်နှင့်အမျှ ပေဟုန်နှင့် ဟူရှုတို့ ချက်ချင်း သတိထားသွားကြသည်။

နှစ်ဦးစလုံးသည် အဆင့်လွန် ပညာရှင်များဖြစ်ကြပြီး ရင့်မာသော ဂျင်းတက်က နုနယ်‌ သော ဂျင်းတက်ထက် ပို၍ပူသည်ဟူ‌သော အဆိုရှိသော်လည်း ဤလူငယ်သည် ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် အဆင်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ သူ၏ထူးခြားသော သိုင်းပညာပါရမီကို ဖော်ပြနေသည်။ သူ၏စွမ်းအားမည်မျှကြီးမားနိုင်သည်ကို အတိအကျမပြောနိုင်ပေ။

ထိပ်တန်း အဆင့်များကြားတွင် ကွာဟချက်များရှိသကဲ့သို့ အဆင့်လွန် ပညာရှင်များကြားတွင်လည်း ကွာဟချက်များရှိသည်။ ထိုလူငယ် ဝူကျန်းဝမ်အား ရုတ်တရက် တိုက်ခိုက်လာမှာကို ပေဟုန်နှင့် ဟူရှုတို့က စိုးရိမ်နေကြခြင်းဖြစ်သည်။

သို့သော် လုချန်းတွင် ထိုကဲ့သို့သော ရည်ရွယ်ချက်မရှိကြောင်း ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။ သူက ပြတင်းပေါက်ဘေးတွင် ထိုင်လိုက်ပြီး

“ကျွန်တော့်ကိုယ် ကျွန်တော်လည်း မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က ချန်းလုဖြစ်ပြီး မိုးစက်ရဲတိုက်ရဲ့ ရဲတိုက်သခင် အစစ် ဖြစ်ပါတယ်။”

.......

အခန်း (၂၉၀)

ပူးပေါင်းဆောင်ရွက်မှု (၂)

လုချန်း၏စကားကို ကြားရသည်နှင့် ဝူကျန်းဝမ်က ပြုံးလိုက်ကာ

“ကျွန်မ အစကတည်းက တွေးထားမိတာက မိုးစက်ရဲတိုက်သခင်ဟာ နိုင်ငံတကာမှာ လုပ်ငန်းတွေ ဖြန့်ကျက်ထားသူဖြစ်တဲ့အတွက် ထိပ်သီးပညာရှင် တစ်ဝက်အဆင့်လောက်တော့ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ပါတယ်။ ကြည့်ရတာ ကျွန်မ မှန်းထားတာ မှန်သွားပြီထင်ပါတယ်”

ဟု ပြောလိုက်သည်။

“ဆရာချန်းလိုမျိုး အဆင့်လွန် ပညာရှင်မျိုးကသာ မိုးစက်ရဲတိုက်ကို ဒီလောက်ကြီးမားတဲ့အဆင့်ထိ တည်ဆောက်နိုင်မှာပါ။”

ဝူကျန်းဝမ်က သူ၏စွမ်းအားကို တိုက်ရိုက်ထောက်ပြနေသည်ကို မြင်ရသော်လည်း လုချန်းမှာ အံ့အားသင့်ခြင်း လုံးဝမရှိပေ။ သူသည် သူ၏အငွေ့အသက်ကို ဖုံးကွယ်ရန် အားထုတ်နေသော်လည်း အဆင့်လွန် ပညာရှင်၏ အငွေ့အသက်အချို့က ကျန်ရှိနေသေးပြီး အခြားသူများအနေဖြင့် သူ၏ စွမ်းအားအစစ်ကို အလွယ်တကူ သိမြင်နိုင်သည်။

သူ၏အဆင့်ကို အပြည့်အဝဖုံးကွယ်နိုင်သည့် ကျင့်စဉ်တစ်ခုကို မကျင့်သုံးနိုင်သရွေ့သူသည် သူ၏အငွေ့အသက်ကို မည်မျှပင်ဖုံးကွယ်ပါစေ အခြားသူများက သိမြင်နိုင်ဆဲဖြစ်သည်။

အထူးသဖြင့် အဆင့်လွန် ပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါ အခြား အဆင့်လွန်ပညာရှင်တစ်ယောက်က သူ၏အဆင့်ကို အလွယ်တကူ ခံစားသိရှိနိုင်သည်။

ထို့အပြင် အထူးအာရုံခံကောင်းသည့် အဆင့်လွန် ပညာရှင်အချို့က အခြားအဆင့်ပညာရှင်များနှင့် တွေ့ဆုံသည့်အခါ အန္တရာယ် အငွေ့အသက် သို့မဟုတ် မသက်သာသော ခံစားချက်များ အလိုလိုရတတ်ပြီး သူတို့ရှေ့ရှိသူသည် အဆင့်လွန် ပညာရှင်ဖြစ်ကြောင်း အလွယ်တကူ ဆုံးဖြတ်နိုင်သည်။

ဝူကျန်းဝမ်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဘေးနားမှာ ရပ်နေသော ပေဟုန်က

“ဆရာချန်းဟာ တကယ့်ကို ထူးချွန်တဲ့ လူငယ်တစ်ဦးပါပဲ။ ဒီလိုငယ်ရွယ်တဲ့ အဆင့်လွန်ပညာရှင်ကို ကျွန်တော် အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။ ဆရာချန်းမှာ ထူးခြားတဲ့ သိုင်းပညာ ပါရမီနဲ့ ကြွယ်ဝတဲ့ ကျင့်စဉ်တွေ ရှိမှာပါ။ မိုးစက်ရဲတိုက်ဟာ ကျွန်တော်တို့ မှန်းထားတာထက် ပိုပြီး ချမ်းသာကြယ်ဝနေမယ်ဆိုတာ သိသာပါတယ်”

ဟု ပြောလိုက်သည်။

ပေဟုန်၏ စကားများသည် လုချန်းအား စကားနှိုက်ရန် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်းဖြစ်သည်။ ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် အဆင့်လွန် ပညာရှင်ဖြစ်လာခြင်းမှာ တကယ်လည်း အံ့ဩစရာကောင်းလှ၏။ ပါရမီမည်မျှ ထူးကဲနေပါစေ ကျင့်စဉ်ကောင်းများ မရှိပဲ လူငယ်ဘဝတွင် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ပေဟုန် မယုံကြည်ပေ။

သူ့အမြင်အရ မိုးစက်ရဲတိုက်သခင်၏ နောက်ကွယ်တွင် မဟာအင်အားကြီး အဖွဲ့အစည်းတစ်ခု ရှိနိုင်သည်။ ဝူကျန်းဝမ် မှန်းဆထားသည့်အတိုင်း ဖြစ်သည်။ ထိုမဟာအင်အားကြီး အဖွဲ့က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ထောက်ပံ့သူများ ဟုတ်မဟုတ်ကိုမူ သူတို့ အတည်မပြုနိုင်သေးပေ။

သို့သော် သူတို့သည် သတင်းရယူရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သဖြင့် တစ်ဖက်လူအား စုံစမ်းမေးမြန်းလိုသည်မှာ သဘာဝပင်ဖြစ်သည်။

လုချန်းက ပြုံးလိုက်ပြီး

“အဖိုးက ချီးကျူးလွန်းနေပါပြီ။ မိုးစက်ရဲတိုက်ဆိုတာ ကုန်သည်အုပ်စုငယ်လေး တစ်ခုပါပဲ။ တည်ထောင်ထားတာကလည်း မကြာသေးပါဘူး။ ဘယ်လိုလုပ် ချမ်းသာနိုင်မှာလဲ” ဟု ပြောလိုက်သည်။

“ချမ်းသာမှုအကြောင်းပြောရရင် ချွမ်ဟိုင် ကုန်သည်အဖွဲ့က ပိုပြီးချမ်းသာပါတယ်။ ဥက္ကဋ္ဌရဲ့သမီးက အဆင့်မြင့်သိုင်းပညာရှင်ဖြစ်ရုံသာမက ဘေးမှာလည်း အဆင့်လွန် ပညာရှင်နှစ်ဦး ရှိ‌နေတယ်။ ကျွန်တော်သိသလောက်ဆို ရှနိုင်ငံတော်မှာ အဆင့်လွန် ပညာရှင်တစ်ဦးပဲရှိတာပါ။ ချွမ်ဟိုင်အဖွဲ့ တစ်ခုတည်းမှာတင် အဆင့်လွန်ပညာရှင်နှစ်ဦး ရှိနေတယ်။ ချမ်းသာမှုနဲ့ပတ်သက်ရင် ဘယ်အင်အားစုကမှ ချွမ်ဟိုင်အဖွဲ့နဲ့ ယှဉ်ဖို့ အရည်အချင်းမမီပါဘူး”

ထိုအချိန်တွင် ဝူကျန်းဝမ်က ပြုံးရယ်ကာ

“ဟုတ်ပါပြီ ဆရာချန်း။ အပြန်အလှန် ချီးမွမ်းစကားတွေကို ဒီမှာပဲ ရပ်လိုက်ကြပြီး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးကြရအောင်” ဟု ပြောလိုက်သည်။

လုချန်းက

“ဟုတ်ကဲ့ပါ။ ချွမ်သခင်မက ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုချင်ပါလဲ” ဟု မေးလိုက်သည်။

ဝူကျန်းဝမ်က

“ကျွန်မနားလည်သလောက်ဆို ဆရာချန်းက ဝူနိုင်ငံတော်မှာ စီးပွားရေးလုပ်ဖို့ အရမ်းစိတ်ဝင်စားနေတာပါ။ ဒါပေမဲ့ အခက်အခဲတချို့ကြောင့် မိုးစက်ရဲတိုက်က ဝူနိုင်ငံတော်ထဲကို ဝင်ရောက်နိုင်ခြင်း မရှိသေးဘူး” ဟု ပြန်ဖြေလိုက်သည်။

လုချန်းက ပြုံးပြီး

“မှန်ပါတယ်။ ကျွန်တော့်လူတွေ ပြန်ပြောပြတာက ဝူနိုင်ငံတော်ရဲ့ မင်းသမီးက အရမ်းအာဏာရှင်ဆန်တယ်တဲ့။ ကျွန်တော်တို့ ဝူနိုင်ငံတော်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို မင်းသမီးက နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုပြီး ရက်ပိုင်းအတွင်း ပိတ်ချလိုက်ပါတယ်။”

“ကျွန်တော်တို့ မိုးစက်ရဲတိုက်ရဲ့ ကုန်သည်တွေလည်း ဝူနိုင်ငံတော်ထဲကို ဝင်လို့မရပါဘူး။ ဝူနိုင်ငံတော်စစ်သားတွေရဲ့ အလွန်အကျွံ စစ်ဆေးမှုတွေကို ခံနေရတယ်။”

ထိုအချိန်တွင် လုချန်း၏ မျက်လုံးများက စူးရှနေပြီး ဝူကျန်းဝမ်ကို ပြုံး၍ စိုက်ကြည့်လိုက်သည်။

တဒင်္ဂအကြာတွင် အခန်းတွင်းရှိ စိတ်ခံစားမှု လေထု ဖိအားများလာသည်။

ပေဟုန့်နှင့် ဟူရှူတို့သည် လှုပ်ရှားရမည့်အခြေအနေအတွက် အသင့်ပြင်ဆင်ထားကြသည်။

ယခုအချိန်တွင် ဝူနိုင်ငံတော်၏ မင်းသမီးအကြောင်းကို ဖော်ပြနေခြင်းက လုချန်း ဝူကျန်းဝမ်၏ သရုပ်မှန်ကို သိရှိသွားပြီလားဟု သူတို့ သံသယဝင်မိကြသည်။

ဒါက ကောင်းမွန်‌သော အခြေအနေတစ်ခု မဟုတ်ပေ။

သူတို့သည် နိုင်ငံရပ်ခြားတွင် ရှိနေပြီး မြောက်ပိုင်းပြည်နယ်သို့ တိတ်တဆိတ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူတို့၏ သရုပ်မှန်များ ပေါက်ကြားပါက နိုင်ငံတော်ကြီးနှစ်ခုအကြား ပဋိပက္ခပြန်လည်ဖြစ်ပွားနိုင်သည့်အပြင် ဝူကျန်းဝမ်လည်း အန္တရာယ်ရှိနိုင်သည်။

မြောက်ပိုင်းပြည်နယ်သို့ မရောက်မီက မြောက်ပိုင်းပြည်နယ်တွင် ဝူကျန်းဝမ်၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အင်အားစုတစ်စုရှိမည်ဟု သူတို့မထင်ခဲ့ပေ။ မိုးစက်ရဲတိုက်၏ အကြီးအကဲနှင့် တွေ့ဆုံပြီးမှသာ ဤအတွေးဝင်လာခဲ့ခြင်းဖြစ်သည်။

လူငယ်တစ်ဦးကို အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိအောင် လေ့ကျင့်ပေးနိုင်ခြင်းက မိုးစက်ရဲတိုက်၏ စွမ်းအား မည်မျှကြီးမား‌ ကြောင်း သက်သေပြနေသည်။ မိုးစက်ရဲတိုက်၏နောက်ကွယ်တွင် အဆင့်လွန် ပညာရှင်များ ပိုမိုရှိနေနိုင်သဖြင့် လုချန်းအား သတိထားရန် လိုအပ်လာသည်။

ဝူကျန်းဝမ်က လုချန်း၏စကားကို အလေးမထားပဲ အေးစက်စွာဖြင့် ပြောလိုက်သည်။

“တကယ်လို့ ကျွန်မက မိုးစက်ရဲတိုက်ကို အနီးကပ် စောင့်ကြည့်မှုတွေတောင် မခံရပဲ ဝူနိုင်ငံတော်မှာ အခြေစိုက်နိုင်ဖို့ ကူညီနိုင်တယ်ဆိုရင်ကော။”

လုချန်းက အံ့အားသင့်သွား ဟန်ဆောင်လိုက်ကာ

“အဟုတ်လား ချွမ်သခင်မ။ ခင်ဗျားမှာ နည်းလမ်းရှိနေလို့လား။”

“ဝူနိုင်ငံတော်ရဲ့ မင်းသမီးက အလွန် ခေါင်းမာတတ်တယ်လို့ ကြားသိရပါတယ်။ သူတစ်ခုခု ဆုံးဖြတ်ပြီးသားကို ဘယ်သူမှ စိတ်ပြောင်းအောင် မလုပ်နိုင်ဘူးလို့ သိရပါတယ်။ ပြီးတော့သူက ဩဇာအာဏာလည်း အရမ်းကြီးတယ်။ ဝူနိုင်ငံတော် နန်းတွင်းမှာ သူ့ကို စိန်ခေါ်ရဲတဲ့သူက မများဘူး။”

ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ်မြင့်တက်သွားပြီး မကျေမနပ် ဖြစ်သွားသည့် အရိပ်အယောင် ပေါ်သွားသော်လည်း ပြုံးရယ်လျက်

“ဆရာချန်း မသိသေးတာက ကျွန်မတို့ ချွမ်မိသားစုနဲ့ မင်းသမီးကြားမှာ အထူးဆက်ဆံရေးရှိတယ်ဆိုတာကိုပဲ။”

“ချွမ်ဟိုင်ကုန်သည်အဖွဲ့ ဒီလောက်ကြီးမားလာနိုင်တာဟာ မင်းသမီးရဲ့ ထောက်ပံ့မှုကြောင့်ပါ။ မိုးစက်ရဲတိုက်နဲ့ ချွမ်ဟိုင်ကုန်သည်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် မင်းသမီးက မိုးစက်ရဲတိုက်ကို နောက်ထပ်ဒုက္ခမပေးတော့မှာ မဟုတ်ပါဘူး။”

လုချန်းက ဝူကျန်းဝမ်၏ ရင့်ကျက်သော မျက်နှာကို သံသယဖြင့်ကြည့်ရင်း

“ဟုတ်လား။ ဒါပေမဲ့ ကျွန်တော်ကြားသိရသလောက်က ဝူနိုင်ငံတော်ရဲ့ မင်းသမီးက နိုင်ငံတော်ရဲ့ ထောက်လှမ်းရေးကို ထိန်းချုပ်ထားတဲ့ အဓိကပုဂ္ဂိုလ်ပါ။ ဝူနိုင်ငံတော်ရဲ့ ဧကရာဇ်ပြီးလျှင် ဒုတိယအရေးပါဆုံးသူလို့‌ တောင် ဆိုကြတယ်။ အကယ်၍ သူက မိုးစက်ရဲတိုက်ဟာ ဝူနိုင်ငံတော်အတွက် ခြိမ်းခြောက်မှုတစ်ရပ်လို့ ယူဆထားရင် ကျွန်‌ တော်တို့ ကို ချွမ်ဟိုင်အဖွဲ့နဲ့ ပူးပေါင်းခွင့်ပြုပါ့မလား။”

ဝူကျန်းဝမ်က-

“အဓိက အချက်က အဲ့ဒါပါပဲ။ ကျွန်မတို့ရဲ့ မင်းသမီးက ဝူနိုင်ငံတော်မှာ အရမ်းအရေးပါပြီး အာဏာရှိနေတဲ့ လူတစ်ယောက် ဖြစ်နေတဲ့အတွက် မိုးစက်ရဲတိုက်ဟာ ဝူနိုင်ငံတော်အတွက် ခြိမ်းခြောက်မှု ဟုတ်မဟုတ်ဆိုတာ သူ့ရဲ့ ဆုံးဖြတ်ချက် တစ်ခုတည်းပေါ်မှာပဲ မူတည်နေတာပါ။”

“မိုးစက်ရဲတိုက်ကသာ အကျိုးအမြတ် လုံလုံလောက်လောက်ပေးနိုင်ခဲ့ရင် ကျွန်မတို့ရဲ့မင်းသမီးက မိုးစက်ရဲတိုက်ကို ဝူနိုင်ငံတော်မှာ စီးပွားရေးလုပ်ခွင့်ပြုမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”

ဆက်လက်၍ ဝူကျန်းဝမ်က

“ နောက်ပြီး ချွမ်ဟိုင်အဖွဲ့ရဲ့ အာမခံချက်နဲ့ဆိုရင် ဆရာချန်း လုံးဝစိတ်ချနိုင်ပါတယ်။”

ဝူကျန်းဝမ်၏စကားကို ကြားလိုက်ရပြိီး‌ နောက် လုချန်းက အတွေးနယ်ချဲ့နေဟန်ဖြင့် ခဏတိတ်ဆိတ်နေပြီးနောက်

“မိုးစက်ရဲတိုက်ကိုသာ ဝူနိုင်ငံတော်မှာ အခြေစိုက်ခွင့်ပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပေးသင့်ပေးထိုက်တဲ့အကျိုးအမြတ်တွေကို မုချပေးမှာပါ။ ဒါပေမဲ့ချွမ်သခင်မက မိုးစက်ရဲတိုက်နှင့် ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားလဲ ဆိုတာကို မသိရသေးပါဘူး။”

လုချန်းသဘောတူကြောင်းတွေ့ရသည့်အခါ ဝူကျန်းဝမ်က ပြုံးရယ်ကာ

“ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ရိုးရှင်းပါတယ်။ နောက်ပိုင်းမှာ မိုးစက်ရဲတိုက်နှင့် ချွမ်ဟိုင်အုပ်စုတို့ပေါင်းပြီး ကုန်သည်အဖွဲ့ အသစ်တစ်ခုတည်ထောင်ပါမယ်။ မိုးစက်ရဲတိုက်ရဲ့ ဝူနိုင်ငံတော်မှာရှိတဲ့ လုပ်ငန်းအားလုံးကို အဲ့ဒီအဖွဲ့အသစ်က စီမံခန့်ခွဲပါမယ်။ အဖွဲ့ကို နှစ်ဖက်စလုံးမှ ငါးဆယ်ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပါမယ်။”

“ဆရာချန်း နားလည်မှု မလွဲပါနဲ့။ ချွမ်ဟိုင်အဖွဲ့ရဲ့ ၅၀% ရှယ်ယာထဲက ၄၀% က မင်းသမီးဆီ ရောက်မှာပါ။ အဲ့ဒါမှပဲ မင်းသမီးက မိုးစက်ရဲတိုက်ကို ဝူနိုင်ငံတော်ထဲ ဝင်ရောက်ခွင့်ပြုမှာပါ။”

ဝူကျန်းဝမ်၏စကားကို ကြားလိုက်ရသည့် လုချန်း ပြုံးရယ်မိလိုက်သည်။

ဝူကျန်းဝမ်က တန်ပြန်‌ ထောက်လှမ်း‌ရေးလုပ်ဖို့ စဉ်းစားနေတာလား။

ကုန်သည်အဖွဲ့အသစ် ဖွဲ့စည်းခြင်းဖြင့် မိုးစက်ရဲတိုက်၏ လှုပ်ရှားမှုများသည် ဝူနိုင်ငံတော်တွင် အမြဲတစေ စောင့်ကြည့်ခံရမည်ဖြစ်သည်။ ထို့ပြင် ဝူနိုင်ငံတော်မှ လူများအနေဖြင့် မိုးစက်ရဲတိုက်၏ အတွင်းသတင်းအချို့ကို ပြန်လည်ရယူနိုင်ရှိသည်။

ဝူနိုင်ငံတော်၏ မင်းသမီးက သိမ်မွေ့ကျွမ်းကျင်စွာ ကစားတတ်သူ တစ်ယောက်ဖြစ်သည်။

ဝူကျန်းဝမ်အတွက် အလွန်အကျိုးရှိသည့် အခြေအနေ ဖြစ်‌သော်လည်း လုချန်း သဘောတူရန် ဆုံးဖြတ်လိုက်သည်။

ဝူနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်များနှင့် ဆက်သွယ်ရန် သူစိတ်ဝင်စား၏။ နောင်တွင် ထိုဆက်သွယ်မှုကို မဖြစ်မနေလိုအပ်လာမည်ဖြစ်သည်။

ထို့နောက် လုချန်းက

“ကောင်းပါပြီ၊ ပြဿနာမရှိပါဘူး။ ဝူနိုင်ငံတော်မင်းသမီးနှင့်ပတ်သက်တဲ့ အရေးကိစ္စကို ချွမ်မိသားစုကိုပဲ အားကိုးလိုက်ပါမယ်။”

လုချန်း သဘောတူတာကို မြင်လိုက်ရတော့ ဝူကျန်းဝမ် ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ လုချန်းက သူတို့အား အဘယ်ကြောင့်ပူးပေါင်းလိုကြောင်း မေးမြန်းမည် သို့မဟုတ် အခြားတောင်းဆိုချက်များ ပြုလုပ်မည်ဟု သူမထင်ခဲ့သည်။ သို့သော် ထိုလူက ဘာမျှမေးမြန်းခဲ့ခြင်းမရှိပေ။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“ ချွမ်ဟိုင်အဖွဲ့က ဘာကြောင့် မိုးစက်ရဲတိုက်နှင့် ပူးပေါင်းချင်တယ်ဆိုတာ ဆရာချန်းက မသိချင်ဘူးလား” ဟု မေးလိုက်သည်။

လုချန်းက ပြုံးရယ်ကာ

“ခင်ဗျားရဲ့ အကြောင်းပြချက်က အလွန်ထင်ရှားနေပါတယ်။

ချွမ်ဟိုင်အဖွဲ့က ဝူနိုင်ငံတော်ရဲ့ စီးပွားရေးအဖွဲ့တစ်ခုဖြစ်ပြီး ဝူနိုင်ငံတော်မင်းသမီးနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ အခု ချွမ်ဟိုင်အဖွဲ့က မြောက်ပိုင်းပြည်နယ်ကို စီးပွားရေးလုပ်ဖို့ ဝင်ရောက်ချင်တယ်။ အဲ့ဒီလိုလုပ်ချင်ရင် ဒေသခံ အဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးလုပ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ချွမ်ဟိုင်အဖွဲ့လည်း မိုးစက်ရဲတိုက် ဝူနိုင်ငံတော်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲမျိုးတွေကို ရင်ဆိုင်ရနိုင်တယ်။”

“နောက်ပြီး ချွမ်ဟိုင်အဖွဲ့က မြောက်ပိုင်းပြည်နယ်မှာ ကြီးမားတဲ့ စီးပွားရေးအလားအလာတွေ ရှိတာကို သိမြင်ထားတယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေက အမြတ်အစွန်းများနိုင်တာက်ို သိတော့ ခင်ဗျားတို့လည်း အမြတ်အစွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို လိုချင်တယ်။”

“ကျွန်တော်ပြောတာ မှန်ပါလား ချွမ်သခင်မ။”

ထိုသို့ပြောရင်း လုချန်းက ဝူကျန်းဝမ်၏ လှပသောမျက်လုံးများကို စူးစိုက်ကြည့်လိုက်၏။

.......

အခန်း (၂၉၁)

ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်မှ အလျင်အမြန် ထွက်ခွာခြင်း (၁)

လုချန်း၏စကားကို ကြားရသည်နှင့် ဝူကျန်းဝမ်၏ နှုတ်ခမ်းထောင့်များ ကွေးသွားပြီးအပြုံးရိပ်တစ်ခု ပေါ်လာသည်။

လုချန်းက သူမ၏ရည်ရွယ်ချက်ကို ထိထိရောက်‌ရောက် ခန့်မှန်းနိုင်ခဲ့သည်။ လုချန်း ပြောခဲ့သည်များကို အကြောင်းပြချက်အဖြစ် သူမအသုံးပြုရန် အမှန်တကယ် စီစဉ်ထားခဲ့သည်။

ဝူကျန်းဝမ်က ဆက်လက်၍ ပြောလိုက်သည်။

“ ဆရာချန်း မှန်ပါတယ်။ ကျွန်မတို့ ချွမ်ဟိုင်ကုန်သည်အဖွဲ့ဟာ မြောက်ပိုင်းပြည်နယ်မှာ ကြီးမားတဲ့ စီးပွားရေးအလားအလာတွေကို တွေ့မြင်ပါတယ်။ မြောက်ပိုင်းနယ်စားစံအိမ်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေမှာလည်း ကြီးမားတဲ့ စီးပွားရေးတန်ဖိုးရှိတာကို သတိထားမိပါတယ်”

“ဒါတွေက အရေးအကြီးဆုံးအချက်တွေ မဟုတ်သေးပါဘူး။ အရေးအကြီးဆုံးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ကျွန်မတို့ရဲ့ မင်းသမီးကျန်းဝမ်ကိုယ်တိုင် အသုံးပြုနေပြီး အလွန်ကြိုက်နှစ်သက်နေတာပါပဲ။”

“ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ မိုးစက်ရဲတိုက်နဲ့ ပူးပေါင်းပြီး မြောက်ပိုင်းပြည်နယ်ရဲ့ ကုန်ပစ္စည်းတွေကို ဝူနိုင်ငံတော်မှာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။”

လုချန်းက

“ဒါဆိုရင်တော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်”

ဟု ပြောလိုက်သည်။

“ပူးပေါင်းဆောင်ရွက်မှုရဲ့ အသေးစိတ်အချက်တွေကိုတော့ ကျွန်တော်တို့ မိုးစက်ရဲတိုက်ရဲ့ ဒုတိယ ရဲတိုက်သခင်နဲ့ ဆွေးနွေးဖို့ ထားခဲ့ပါမယ်။ ကျွန်တော့်မှာ အခု တခြားကိစ္စတွေရှိနေလို့ ခွင့်ပြုပါဦး။”

“ချွမ်သခင်မ မြောက်ပိုင်းပြည်နယ်မှာ နေထိုင်စဉ် ဘာပြဿနာမျိုး တွေ့တွေ့ မိုးစက်ရဲတိုက်ကို ဆက်သွယ်ပါ။ ကျွန်တော်တို့ အကောင်းဆုံး ကူညီဖြေရှင်းပေးပါမယ်။”

ဝူကျန်းဝမ်က အနည်းငယ်ပြုံးရယ်ကာ

“ဆရာချန်းကို ကျေးဇူးတင်ပါတယ်”

ဟု ကျေးဇူးတင်စကား ပြောလိုက်သည်။

လုချန်းက

“မလိုအပ်ပါဘူး။ နောင်ဆို ကျွန်တော်တို့က မိတ်ဆွေတွေဖြစ်လာမှာဆို‌တော့ မိုးစက်ရဲတိုက်အနေနဲ့ ချွမ်သခင်မ ရှနိုင်ငံတော်မှာ နေထိုင်တုန်း အကောင်းဆုံးဂရုစိုက်ပေးမှာပါ။”

ထိုစကားများ ပြောဆိုပြီးနောက် လုချန်းက ထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်။

“ဒါဆိုရင် ဒီနေ့အတွက် ဒီလောက်ပါပဲ ချွမ်သခင်မ။”

ဝူကျန်းဝမ်လည်း ချက်ချင်းထလိုက်ပြီး

“ဂရုစိုက်သွားပါ ဆရာချန်း” ဟု ပြောလိုက်သည်။

လုချန်းက အနည်းငယ်ခေါင်းညိတ်ကာ ဘာမှထပ်မပြောတော့ပဲ အခန်းထဲမှ ထွက်သွားလိုက်သည်။

လုချန်းထွက်သွားသော်လည်း ဝမ်ချင်းစီ‌ ကတော့ ချန်နေရစ်ခဲ့သည်။ လုချန်း ပြန်ထွက်သွားခြင်းက အစဉ်အလာတစ်ခုသာဖြစ်၏။ မိုးစက်ရဲတိုက်၏ သခင်အနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကိစ္စများတွင် ပါဝင်ရန် မလိုအပ်ပေ။ အထူးသဖြင့် ချွမ်ဟိုင်အဖွဲ့ကို ကိုယ်စားပြုသူသည်လည်း သူတို့၏ဥက္ကဋ္ဌမဟုတ်သောကြောင့်ဖြစ်သည်။

အမည်ခံအားဖြင့် ဝူကျန်းဝမ်မှာ ချွမ်ဟိုင်အဖွဲ့ ဥက္ကဋ္ဌ၏သမီးသာဖြစ်ပြီး ဥက္ကဋ္ဌကိုယ်တိုင်မဟုတ်သောကြောင့် သူမ၏အဆင့်အတန်းမှာ တစ်ဖက်က မိုးစက်ရဲတိုက်၏ ရဲတိုက်သခင်ထက် အဆင့်နိမ့်သည်။ ထို့ကြောင့် ဝမ်ချင်းစီကဲ့သို့ ဒုတိယ ရဲတိုက်သခင်နှင့်သာ ဝူကျန်းဝမ်နှင့် ဆွေးနွေးခြင်းက လုံလောက်၏။ လုချန်းအနေဖြင့် သူ၏သဘောထားကိုသာ ပြသရန် လိုအပ်သည်။

လုချန်းထွက်သွားပြီးနောက် ဝူကျန်းဝမ်နှင့် သူမ၏အဖွဲ့သည် ဝမ်ချင်းစီနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသေးစိတ်များကို အပြီးသတ် ဆွေးနွေးခဲ့ကြသည်။

“တင်ဟိုင်” အမည်ရှိ ကုန်သည်အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ထိုအသင်းက ဝူနိုင်ငံတော်နယ်မြေအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိကတာဝန်ယူမည်ဖြစ်ကာ အခြားနိုင်ငံများမှ လုပ်ငန်းများကိုလည်း ဤအသင်းအဖွဲ့က လွှဲယူမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု တရားဝင်ဖွဲ့စည်းပြီးနောက် နှစ်ဖက်စလုံးမှ တန်ဟိုင်ကုန်သည်အဖွဲ့ကို စီမံခန့်ခွဲမည့် ပုဂ္ဂိုလ်နှစ်ဦးကို ဆုံးဖြတ်ခဲ့ကြသည်။ အသင်းစီမံခန့်ခွဲမှုတွင် ဝူကျန်းဝမ်မှ အနည်းငယ်လျှော့ပေးကာ မိုးစက်ရဲတိုက်မှ ခန့်အပ်သူအား တရားဝင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး ချွမ်ဟိုင်အဖွဲ့မှ ကိုယ်စားလှယ်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အရာအားလုံး ညှိနှိုင်းပြီးစီးသောအခါ မိုးကောင်းကင်သည် လုံးဝမှောင်မိုက်သွားပြီဖြစ်သည်။

ညအချိန်။

ဝူကျန်းဝမ်သည် စားသောက်ဆိုင် တစ်ခုရှိ သီးသန့်အခန်းထဲတွင် ထိုင်နေပြီး အတွင်းအားကို ထိန်းညှိနေသည်။ ခဏအကြာတွင် သူမ၏လှပသောမျက်လုံးများ ပွင့်လာကာ ရှေ့တွင်ရှိသော အဖိုးအဖွားနှစ်ဦးကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ဟူရှုက

“မင်းသမီးကျန်းဝမ်။ ကျွန်မတို့ မြောက်ပိုင်းပြည်နယ်က အမြန်ဆုံးထွက်ခွာသင့်ပါပြီ။ ဒီနေရာဟာ ကျွန်မတို့မျှော်မှန်းထားတာထက် ပိုပြီးအန္တရာယ်များနေပါပြီ” ဟု ပြောလိုက်သည်။

ကျူးနိုင်ငံတော်၏ ဧကရာဇ်မှ ဝူကျန်းဝမ်အား ကာကွယ်ရန် စေလွှတ်ထားသူဖြစ်သည့်အတွက် သူမသည် ဝူကျန်းဝမ်၏ လုံခြုံရေးကို အလွန်စိုးရိမ်နေသည်။ အကယ်၍ ဝူကျန်းဝမ် တစ်စုံတစ်ခုဖြစ်ပါက ယွဲ့ဧကရာဇ်အား မည်သို့ရှင်းပြရမည်ကို သူမမသိပေ။

ဟူရှု၏စကားကို ကြားရသည့်အခါ ဝူကျန်းဝမ်က

“မနက်ဖြန်မနက် ကျွန်မတို့ မြောက်ပိုင်းပြည်နယ်က ထွက်မယ်”

ဟု အေးဆေးစွာ ပြောလိုက်သည်။

မြောက်ပိုင်းပြည်နယ်တွင် ကြာရှည်စွာနေထိုင်ရန် ဝူကျန်းဝမ် မရည်ရွယ်တော့ပေ။ မြောက်ပိုင်းပြည်နယ်၏ အခြေအနေများက အနည်းငယ် နက်ရှိုင်းလွန်းသည်ဟု သူမခံစားမိသည်။ လျှို့ဝှက်လဝန်းနန်းတော် သခင်ကလည်း မြောက်ပိုင်းပြည်နယ်တွင် လအတန်ကြာ နေထိုင်ပြီး မထွက်ခွာသေးသည့်အပြင် ယခုတွင် ဤမျှငယ်ရွယ်သော အဆင့်လွန် ပညာရှင်တစ်ဦးလည်း ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ်များလည်း ရှိနေသေးသည်။ ဤအချက်များက ဝူကျန်းဝမ်အား မြောက်ပိုင်းပြည်နယ်သည် ပဋိပက္ခများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်ဟု ခံစားစေခဲ့သည်။

ဝူနိုင်ငံတော်၏ မင်းသမီးတစ်ပါးအနေဖြင့် ဤပဋိပက္ခဒေသမှ အမြန်ဆုံးထွက်ခွာသည်က ပိုကောင်းသည်ဟု သူမယုံကြည်သည်။

အစပိုင်းတွင် မြောက်ပိုင်းပြည်နယ်တွင် ခဏတာနေထိုင်ကာ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက်များနှင့် သံချပ်ကာမြင်းတပ်များ၏ အခြေအနေကို စုံစမ်းရန် ဝူကျန်းဝမ် စီစဉ်ထားခဲ့သည်။ သို့သော် ယခုတော့ မြောက်ပိုင်းပြည်နယ်မှ အမြန်ဆုံးထွက်ခွာခြင်းသည်သာ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သည်ဟု ထင်မြင်လာသည်။

ဝူကျန်းဝမ်၏ စကားများကို ကြားရသည့်အခါ ဟူရှုနှင့် ပေဟုန်တို့ သက်သောင့်သက်သာ ဖြစ်သွားကြသည်။ ဝူကျန်းဝမ် ထွက်ခွာရန် သဘောတူသည်မှာ ကောင်းသောအရာဖြစ်သည်။ သူမကိုယ်သူမ အလွန်အမင်းယုံကြည်မှုရှိပြီး မြောက်ပိုင်းပြည်နယ်မှ အလျင်အမြန်မထွက်ခွာလိုခြင်းကသာ စိုးရိမ်စရာ ကောင်းသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“အဖွားဟူ၊ အဖိုးပေ။ အကယ်၍ ရှင့်တို့သာ အဲ့ဒီ ချန်းလုနှင့် ရင်ဆိုင်ရမယ်ဆိုရင် သူ့ကို အနိုင်ရနိုင်မယ်လို့ ယုံကြည်မှုရှိလား”

ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကို ကြားရသည့်အခါ ဟူရှုနှင့် ပေဟုန်တို့သည် ခဏတာမျှ တုန်လှုပ်သွားကြသည်။ ပေဟုန်က ပထမဆုံး ဖြေကြားလိုက်သည်။

“တိုက်ခိုက်မှုမပြုမီခင် သူရဲ့ စွမ်းအားကို အတိအကျ အကဲဖြတ်ဖို့က အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိတဲ့သူတစ်ယောက်ရဲ့ သိုင်းပညာက အလွန်နက်နဲမှုရှိမှာ သေချာပါတယ်။”

“ နောက်ပြီး သူ့ဆီမှာ အလွန်ပြင်းထန်တဲ့ အငွေ့အသက်ကို ကျွန်တော်ခံစားရတယ်။ သူသူနှင့်ရင်ဆိုင်ဖို့က မလွယ်ကူပါဘူး။”

ပေဟုန်သည် ယခင်က စစ်တူစီနှင့် တိုက်ခိုက်ဖူးသော်လည်း ယခုကဲ့သို့ အန္တရာယ်ရှိသောခံစားရမှုမျိုးကို မကြုံတွေ့ဖူးပေ။

ချန်းလု၏အဆင့်သည် သူနှင့်သိပ်မကွာသော်လည်း သူ၏စိတ်ထဲတွင် ခြိမ်းခြောက်မှုတစ်ခု ခံနေရသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ချန်းလု၏ စွမ်းအားက သူ့ထက် သာလွန်နိုင်သည်ဟု ပေဟုန်ယူဆ၏။ သူက ထိုလူငယ်၏ ပြိုင်ဘက်မဟုတ်‌နိုင်လောက်ပါ။ နာရီဝက်ခန့်ပင် ခံမတိုက်နိုင်ဟု သူယူဆသည်။

ပေဟုန်၏စကားကို ကြားရသည့်အခါ ဝူကျန်းဝမ်သည် အံ့အားသင့်သွားသည်။ ပေဟုန်ပင် ချန်းလုကို အနိုင်ရရန် ယုံကြည်မှုမရှိဖြစ်‌နေမည်ဟု သူမ မမျှော်လင့်မထားပေ။

သူမ၏မျက်လုံးများ ဟူရှုဘက်သို့ လှည့်သွား‌တော့ ဟူရှုက

“ကျွန်မလည်း အဖိုးကြီးပေနဲ့ အမြင်တူပါတယ်။ အကယ်၍ ကျွန်မသာ ချန်းလုနဲ့ နှစ်ယောက်ချင်း ရင်ဆိုင်ရမယ်ဆိုရင် သူ့ကိုယှဉ်နိုင်ချင်မှ ယှဉ်နိုင်မှာပါ။

.......

All Chapters