ကိုယ်တိုင် ရောက်လာခြင်း
Vol. 66 Ch. 1059
ထိုသူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဝေဝါးနေသော်လည်း မျက်လုံးများက နတ်အလင်းရောင် တောက်ပနေ၏။ သူ၏ အရှေ့တွင် ရုတ်တရက် ပေါ်လာသော ချန်လွေ့ ကို မြင်သောအခါ သူက မည်သည့် ခံစားချက်မျှ မပြခဲ့ပေ။ ရေကဲ့သို့ တည်ငြိမ်နေ၏။
ချန်လွေ့က လက်ကို ဝှေ့ယမ်း လိုက်ရာ ရှီရာက ပလ္လင်ပေါ်မှ မတ်တပ်ရပ်ပြီး အရိုအသေပြုကာ နောက်ဆုတ်သွားသည်။ ချန်လွေ့ နှင့် ရှီရာက ထိုကဲ့သို့ အခြေအနေအတွက် ဟိုးအရင် ကတည်းက ဇာတ်တိုက် ထားပြီးသား ဖြစ်သည်။ သူတို့၏ ပတ်သက်မှုက ပို၍ဝေးကွာလေလေ ရှီရာက ပို၍ အန္တရာယ်ကင်းလေလေ ဖြစ်သည်။
ချန်လွေ့၏ မျက်လုံးများက စေတန်ကိုသာ အမြဲပင် ကြည့်နေ၏။ သူတို့ နှစ်ယောက်က အချင်းချင်း စိုက်ကြည့် နေကြပြီး နန်းတော်၏ နေရာလွတ်က သံမဏိနှင့် ကျောက်တုံးကဲ့သို့ အစိုင်အခဲ ဖြစ်သွားဟန်တူသည်။ ချန်လွေ့က ရုတ်တရက် ပြုံးလိုက်ရာတွင် သံမဏိနှင့် ကျောက်တုံးလို ခံစားချက် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။ သူက လက်ကို မြှောက်ပြီး ပြောလိုက်သည်။
“ထိုင်ပါဦး...”
ထိုသူက မထိုင်ခဲ့ပေ။ သူက ချန်လွေ့ကို ဂရုမထားသော အကြည့် ဖြင့်သာ ကြည့်နေခဲ့သည်။ ချန်လွေ့က ယဉ်ကျေးမနေတော့ဘဲ တစ်ယောက်တည်းထိုင်လိုက်သည်။
“ဆာ-စေတန် ကိုယ်တိုင်က ရောက်လာမယ်လို့ မထင်ထားဘူး။ ဒါက တကယ့်ကို ဂုဏ်ယူစရာပါပဲ။”
စေတန်က ရှီရာဆီသို့ ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်သည်။ ချန်လွေ့ မစိုးရိမ်နေဟု ဆိုလျှင် မဖြစ်နိုင်ပေ။ မိုက်ကယ်နှင့် ရာဖယ်ရယ် ကဲ့သို့ မဟုတ်ဘဲ သူက ဆာရီရယ်ထက် အရင် စေတန်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ ချန်လွေ့ ဆက်ခ်ရက်တောင်သို့ ပထမဆုံးရောက်ခဲ့စဉ်က ထိုပြိုင်ဘက်ကင်းပြီး စွမ်းအားကြီးသူက သူ၏ စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း ကျန်ရစ်နေခဲ့သည်။
နောက်ပိုင်း ပေါ်လာသော နဂါး ဧကရာဇ် ယောက္ခထီး အက်ဂ်လက်စ်ကလည်း စေတန်သည် အစွမ်းထက်ဆုံး နတ်ဘုရား-ယောင် တစ်ပါး ဖြစ်ကြောင်း ပြောခဲ့သည်။ သူ ကိုယ်တိုင်ကလည်း ပြိုင်ဘက် တစ်ယောက် မဟုတ်ပေ။ တိုင်းပြည်အဆင့်သို့ရောက်ရှိပြီး [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို ပိုင်ဆိုင်ကာ နတ်ဘုရား တစ်ပိုင်း အဆင့်ကို စိန်ခေါ်နိုင်ပြီးနောက် စေတန်နှင့် ဆာရီရယ်တို့၏ စွမ်းအားကို ချန်လွေ့က ပို၍ပင် ခံစားမိလာသည်။ သူက နတ်ဘုရား-ယောင် နှစ်ပါး၏ ယှဉ်ပြိုင် တိုက်ခိုက်ခြင်းကိုလည်း မြင်ခဲ့ရ၏။ ယခု သူက ထိုရန်သူကို တစ်ယောက်တည်း ရင်ဆိုင် ရပေတော့မည်။ စိုးရိမ်နေခြင်းက ကြောက်ရွံ့ခြင်းကို မဆိုလိုဘဲ တိုက်ခိုက်ခြင်းစိတ်သာ ဖြစ်သည်။ နောက်ဆုံး သူက မော့ကြည့် ခဲ့ရသော ရန်သူကို တည့်တည့် ကြည့်နိုင်ပြီ ဖြစ်သည်။
ချန်လွေ့၏စိတ် တသမတ်တည်း ဖြစ်နေပြီး ပို၍ တည်ငြိမ်လာခဲ့သည်။ မျက်နှာချင်းဆိုင်မှ အစွမ်းထက် ရန်သူ ကဲ့သို့ပင် သူက တည်ငြိမ်နေသည်။
အတိအကျပြောရလျှင် သူ့အရှေ့မှ စေတန်က ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။ အမှောင် နတ်ဘုရားကျောင်းက စေတန်အတွက် အရေးကြီးသည်မှာ သိသာ ထင်ရှားပေသည်။ ယခု တစ်ခေါက် သူက ကိုယ်တိုင် ရောက်လာရန် ရွေးချယ်ခဲ့သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်၏ သရုပ်ကိုဖော်ထုတ်ရန် ဖြစ်ပေမည်။ သူက ကိုယ်ပွားကို အသုံးပြုခဲ့ခြင်းမှာ သတိထားရန်လည်း ဖြစ်နိုင်သည်။
ချန်လွေ့လည်း ခန္ဓာကိုယ် အစစ်မှန်ကို မသုံးဘဲ စိတ်ပုံရိပ် တစ်ခုကိုသာ အသုံးပြုခဲ့သည်။ ထိုစိတ်ပုံရိပ်တွင် [ဓူဝံကြယ်အသွင်ပြောင်းခြင်း] စွမ်းအား ရှိျမသည်။ စေတန်၏ ကိုယ်ပွားက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများရှိသည့်တိုင် သာမန်အခြေအနေ၌ သူ၏ ကိုယ်ပွားကို အနိုင်ယူရန် မခက်ခဲလောက်ပေ။ သို့သော်လည်း စေတန်ကို အမှန်တကယ် တိုက်ခိုက်နိုင်ရန် မလွယ်ကူလောက်ပေ။ ယခုတွင် သူက ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် စွမ်းအားမရှိသေးပေ။
“သာမန်အခြေအနေ”ဟု ပြောရခြင်းမှာ စေတန်သည် ဝါရင့် နတ်ဘုရား-ယောင်အထွတ်အထိပ် ဖြစ်နေ၍ပင်။ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း အန္တိမအသက်ကယ် တိုက်ကွက်များ ရှိနိုင်သည်။ ထို့အပြင် ဆာရီရယ်နှင့် စေတန်တို့ အကြားရှိ ကိုယ်ပွားတိုက်ပွဲတွင် နှစ်ဖက်လုံးက စိတ်ပုံရိပ်များဆီသို့ ခန္ဓာကိုယ် အစစ်အမှန်ကို ထုတ်လွှင့်သော လျှို့ဝှက်ပညာရပ်ကို အသက်သွင်း ခဲ့ခြင်းအား မြင်ခဲ့ဖူး၍ပင်။ စေတန်၏ မူလခန္ဓာကိုယ် ရောက်ရှိလာသည်နှင့် ချန်လွေ့ ထွက်ပြေးရုံသာ တတ်နိုင်မည် ဖြစ်သည်။
မူလခန္ဓာဆင်းသက်လာခြင်းဖြစ်စေ၊ ကိုယ်ပွားကို သတ်ခြင်းဖြစ်စေ ဆိုးဝါးသော ရလဒ်တစ်ခု ဖြစ်သည်။
ချန်လွေ့ အတွက် လက်ရှိ အခြေအနေက ရန်သူကို အဆင့်တူခြင်း ထားရန်သာ ဖြစ်သည်။
“ငါ့မှာ မင်းလို မိတ်ဆွေဟောင်း ရှိတာ မမှတ်မိဘူး။”
စေတန်က ပုံမှန်ပင် ပြောလိုက်၏။
“မိတ်ဆွေဆိုတဲ့ စကားကတောင် မထိုက်တန်လောက်ဘူး”
“လောကမှာ ထာဝရရန်သူနဲ့ ထာဝရမိတ်ဆွေ ဆိုတာ မရှိပါဘူး။”
ချန်လွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဆန့်ကျင်မှုတွေထက် အကျိုးအမြတ်တွေက ပိုများတဲ့အခါ မိုက်ကယ်လိုလူတွေကတောင် ကျရှုံးသူလို့ သူတို့ခေါ်တဲ့သူနဲ့ ပူးပေါင်းဖို့ ရွေးချယ်ကြမှာပဲ။”
ချန်လွေ့က “ကျရှုံးသူ” ဟူသော စကားအသုံးအနှုန်းကို မိုက်ကယ်နှင့် ဖိုက်တွန်တို့ အချင်းချင်း တိုက်ခိုက် နေစဉ်က ကြားခဲ့ဖူးသည်။
စေတန်က မျက်ခုံးပင့်လိုက်သည်။
“မင်းက ငါ ထင်ထားတာထက် ပိုသိနေတာပဲ။ ဒါပေမဲ့ ဒါက ငါနဲ့ တန်းတူ ရပ်ဖို့ အဆင့်မမှီသေးဘူး။”
“ဒီတော့ ခင်ဗျား ပြောတာက စွမ်းအားလား။”
ချန်လွေ့ အသာလေး ပြုံးလိုက်၏။
“ဆာ-စေတန်က စမ်းကြည့်ချင်တာလား”
“ဟမ့်...”
စေတန်က သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းက ဒါတွေ အားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ တစ်ယောက်တည်းသောသူဆိုရင် ဟန်ထုတ်မနေဖို့ အကြံပေးတယ်။ အညံ့ခံရင်ခံ မခံရင် ချေမှုန်းခံရမယ်။ မင်းကြိုက်တာရွေး။”
“ကိစ္စနှစ်ခုကို ရှင်းပြချင်တယ်”
ချန်လွေ့က သဘော မတူဘဲ ခေါင်းကို အသာလေးခါလိုက်သည်။
“ပထမတစ်ခု၊ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ရှိနေတာက ကျုပ်ပဲ။ ဒါပေမဲ့ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ဒုတိယတစ်ခု၊ ခင်ဗျားမှာ ကျုပ်ကို ချေမှုန်းနိုင်တဲ့ စွမ်းရည် မရှိသလို ကျုပ်ကို အညံ့ခံအောင် လုပ်နိုင်မယ့် စွမ်းရည်လည်းမရှိဘူး။”
ထိုလေသံက ပြတ်သားပြီး စကားလုံးများက ရှင်းလင်းနေ၏။
စေတန် မျက်မှောင်ကြုတ်လိုက်ပြီး နတ်ဘုရားတစ်ပိုင်း ရှေးမှော်စာဖြင့် ကာကွယ်ထားသော ခန်းမက တုန်လှုပ်သွားခဲ့သည်။
“ခင်ဗျားရဲ့ တကယ့် ခန္ဓာကိုယ်ကို ဆင်းသက်လာစေချင်ရင် ဒီနေရာက သေချာပေါက် ပြိုလဲသွားလိမ့်မယ်။ တခြားနေရာကိုပြောင်းကြမလား။”
“တကယ့်ခန္ဓာကိုယ်ကိုဆင်းသက်ခြင်း” ဟူသော စကားလုံးကို ကြားရာ စေတန်၏ မျက်လုံးများက လက်ကနဲ ဖြစ်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။
“မင်းကိုကိုင်တွယ်ဖို့ တကယ့် ခန္ဓာကိုယ် ငါမလိုဘူး။”
“မောက်မာလွန်းတာ အားသာချက် မဟုတ်ဘူး။”
ချန်လွေ့က တည်တည်ငြိမ်ငြိမ်ပင် ပြုံးနေဆဲဖြစ်သည်။
“လူတိုင်းရဲ့ စွမ်းအားနဲ့ အဆင့်က မတူညီဘူး။ ဒါပေမဲ့ ကိုယ်ပွားချင်း ယှဉ်ရင်တော့ ခင်ဗျားက ပြိုင်ဘက် မဟုတ်ဘူး။”
“ဟုတ်လား။”
စေတန်က လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ ချန်လွေ့က ပြင်းထန်သော မတည်ငြိမ်မှု တစ်ခုကို ခံစားလိုက်ရပြီး လက်တစ်ဖက်က သူ၏ လည်ပင်းကို ချက်ချင်း ညှစ်လိုက်၏။ ထိုအရာက အမြန်နှုန်း သက်သက် မဟုတ်ဘဲ ဥပဒေသ စွမ်းအားဖြစ်၏။
စေတန်ရုတ်တရက်မျက်မှောင် ကြုတ်လိုက်သည်။ သူက အမှန် တကယ်ပင် လက်ဆန့်ထုတ်နေဆဲ နေရာကို ပြန်ရောက်သွားခဲ့သည်။
တစ်ဖက်လူ၏ လည်ပင်းက သူ၏ လက်ထဲထဲ မရှိနေပေ။ ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ခုနက ဖြစ်ခဲ့သည်မှာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း စေတန်က သေချာ သိသည်။ သူက ချက်ချင်းပင် ထိုဥပဒေသ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားလိုက်ရပြီး အကြည့်က ရုတ်တရက် လေးနက်သွားခဲ့သည်။
စေတန်သည် ခုနက အချိန် ဥပဒေသကို အသက်သွင်းပြီး အချိန်စီး ဆင်းမှု ရုတ်တရက် မြန်သွားစေကာ ပြိုင်ဘက်က မခုခံ နိုင်စေရန် ဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် အချိန်စွမ်းအားတစ်ခု ထိုလူဆီမှ ထွက်လာပြီး အချိန်စီးကြောင်း နှေးကွေးသွားပြန်သည်။ အချိန်စွမ်းအားများက အချင်းချင်း ပယ်ဖျက်သွားကြသည့်အတွက် ခုနကကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်။ အချိန်က အမြဲ သူ၏ အကြီးမားဆုံး လျှို့ဝှက် ဆန်းကြယ်မှု တစ်ခု ဖြစ်ခဲ့သည်။ တစ်ဖက်လူတွင်လည်း တူညီသော ဥပဒေသမျိုး ရှိနေမည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
“ခင်ဗျားက အချိန်ဥပဒေသ ဒါမှမဟုတ် အချိန် အရှိန်အဝါရှိတဲ့ တစ်ယောက်တည်းသောသူ မဟုတ်ဘူး”
တစ်ဖက်လူ၏ တည်ငြိမ်သော အသံက စေတန်၏ စိတ်ကို သံသယစိတ်များပြည့်သွားစေပြီး ကြောက်မက်ဖွယ်ရာကောင်းအောင်ပြောလိုက်သည်။ “ငါ မင်းကို အထင်သေးမိသွားတယ်။ ဒါပေမဲ့ မင်းရဲ့ အချိန်ဥပဒေသက ငါ့အရှေ့မှာ ဘာမှ မပြောပလောက်ဘူး။ မင်း ပြောသလိုပဲ ငါက အချိန်စွမ်းအားရှိတဲ့ တစ်ယောက်တည်းသောသူ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ပြီးရင် ငါ တစ်ယောက်တည်း ဖြစ်လာလိမ့်မယ်”
“စမ်းကြည့်လေ”
ချန်လွေ့၏စိတ်က ပို၍ တည်ငြိမ် လာခဲ့သည်။ “ခုနက အချိန် စွမ်းအားက ကျုပ်ရဲ့ စွမ်းအားတွေ အထဲက တစ်ခုပဲ။ ကျုပ် သိရ သလောက်ဆိုရင် အချိန်က ခင်ဗျားရဲ့ လျှို့ဝှက် ဆန်းကြယ်မှု တစ်ခုတည်း မဟုတ်ဘူး။ [ပြိုလဲအဆုံးသတ်]၊ [ဆုတ်ဖြဲ] ပြီးတော့ [စော်ကားခြင်း] စွမ်းအားတွေကို ကျုပ်မြင်ရနိုင်မလား”
စေတန်က တစ်ဖက်လူသည် မိမိ၏ အသေးစိတ်များကိုသိရှိနေပုံရသည့်အတွက် သိပ်အံ့အားသင့်သွားခဲ့သည်။ သူက အော်ပြောလိုက်၏။
“[ပြိုလဲအဆုံးသတ်]”
နေရာလွတ်က ရုတ်တရက် ပြင်းထန်သော ယိုယွင်းမှုများ ဖြစ်သွားခဲ့ပြီး အမှန်တကယ်ပင် အက်ကွဲသွားခဲ့သည်။ နန်းတော် ခန်းမတစ်ခုလုံးက ရှေးမှော်စာများဖြင့် ကာကွယ်ထားသော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာဖျက်ဆီးခြင်း စွမ်းအားအောက်၌ အမှုန့် ဖြစ်သွားခဲ့သည်။ ထူးဆန်းသည်က အပြင်ဘက်အရာများ ဘာမျှမဖြစ်ဘဲ သီးခြားနေရာလွတ်တစ်ခု ဖြစ်နေသကဲ့သို့ပင်။ ၎င်းက ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာဖျက်ဆီးခြင်းအောက်တွင် မလှုပ်မယှက် တည်ရှိနေခဲ့သည်။ စေတန်က ၎င်းကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ၏အာရုံက အရှေ့မှ လူဆီ အလျင်အမြန်ပြောင်းသွားခဲ့သည်။ [ပြိုလဲအဆုံးသတ်] တည့်တည့် ထိသွားသော်လည်း ထိုသူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖောက်ထွင်း မြင်ရသွားခဲ့သည်။
[ပြိုလဲအဆုံးသတ်] စွမ်းအားက ကြေးမုံပေါ်မှ အလင်းပြန်သလိုပင် စေတန်ထံ ပြန်လာခဲ့သည်။ ထိုကဲ့သို့ ရုတ်တရက်အလှည့်အပြောင်းများက စေတန်ကို မျက်မှောင်ကြုတ် စေခဲ့သည်။ သူ၏ မျက်လုံးများက အလင်းရောင်များတောက်ပသွား ခဲ့သည်။
[ပြိုလဲအဆုံးသတ်]စွမ်းအားက ရုတ်တရက်နှေးကွေးသွားခဲ့သည်။ ထိုတိုက်ခိုက်မှုကို ပယ်ဖျက်အောင် ပြုလုပ်တော့မည့် အချိန်၌ အချိန် စီးဆင်းမှု ပြောင်းလဲသွားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများကျဉ်းသွားမိသည်။
ထိုကဲ့သို့အပြောင်းအလဲက တစ်ခဏမျှသာ ဖြစ်ပြီး နောက်ပိုင်း နောက်မှ လိုက်လာမှုများ မရှိပေ။
[ပြိုလဲအဆုံးသတ်]စွမ်းအားက အပြင်းအထန် တန်ပြန်လာခဲ့သည်။
စဉ်းစားခြင်း မရှိဘဲ စေတန်က အော်ပြောလိုက်သည်။
“[စော်ကားခြင်း]”
ထိုစကားလုံးကို ပြောလိုက်သည့် အခါတွင် စေတန်က သူ၏ [ပြိုလဲအဆုံးသတ်]စွမ်းအားဖြင့် လွှမ်းမိုးခံလိုက်ရပြီ ဖြစ်သည်။ သို့သော် ထူးခြားသော အင်အား တစ်ခုက လေထဲ၌ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ အရာအားလုံးကို ဖျက်ဆီးနိုင်သော [ပြိုလဲအဆုံးသတ်] စွမ်းအားက ကျောက်စရစ်ခဲများ ကဲ့သို့ပင် ပျက်စီး သွားခဲ့သည်။ ချန်လွေ့က အခွင့်အရေးကိုယူကာ မတိုက်ခိုက်ခဲ့ဘဲ စေတန် အရှေ့တွင် တည်ငြိမ်စွာရပ်နေခဲ့သည်။
စေတန်က သူ့ကို အေးစက်စက် ကြည့်နေပြီး စကား မပြောခဲ့ပေ။ သို့ရာတွင် စေတန်က စိတ်ထဲ၌ သံသယများ ဝင်လာသည်။
ထိုအခိုက်တွင် ရန်သူ ဖြစ်သော ချန်လွေ့က စေတန်ကို တားဆီးရန် အချိန် ဥပဒေသကို အသက်သွင်း ခဲ့သည်။ ထို့ကြောင့် သူက [ပြိုလဲအဆုံးသတ်] စွမ်းအားကို တည်တည်ငြိမ်ငြိမ် မဖြေရှင်းနိုင်ခဲ့ပေ။ သို့သော်လည်း တစ်ဖက်လူက ဘာမှ မလုပ်ခဲ့ပေ။
“ရန်သူကိုသနားတာက ကိုယ့်ကိုယ်ကို ရက်စက်တာပဲ။ ခင်ဗျားနဲ့ ကျုပ်က ဒီနေ့အထိ အသက်ရှင်လာခဲ့တာက ရူးမိုက်နေလို့ မဟုတ်ဘူး။”
ချန်လွေ့က အသာလေး ပြောလိုက်သည်။
“ကျုပ်တို့က အခုအချိန် သေခြင်း ရှင်ခြင်းကိုဆုံးဖြတ်မယ့်အဆင့်အထိ မရောက်သေးဘူးလို့ ခံစားမိရုံပါ။”
စေတန်က နှာခေါင်းရှုံ့လိုက်သည်။
“သေခြင်းရှင်ခြင်းကို ဆုံးဖြတ်တာလို့ မင်းပြောတာလား..”
“ကျုပ် ပြောခဲ့ပြီးပြီလေ။ လူတိုင်းရဲ့ စွမ်းရည်က မတူကြဘူး။ ကိုယ်ပွား အချင်းချင်းပဲ ပြောမယ်ဆိုရင် ကျုပ်ရဲ့ စွမ်းရည်တွေက ထူးခြားတယ်။ ခင်ဗျားကို သတ်ပစ်ဖို့က မခက်ခဲဘူး”
ထိုစကားများဆုံးသွားသည်နှင့် ခန်းမ တစ်ခုလုံးကို ခရမ်းရောင် အလင်းတစ်ခုပျံ့နှံ့သွားခဲ့ပြီး ထိုအလင်းက ကြယ်ကဲ့သို့ တောက်ပ နေကာ အစွမ်းထက် အင်အား တစ်ခု ပျံ့လွင့်သွားခဲ့လေသည်။
စေတန် အံ့အားသင့်သွားခဲ့သည်။ ဒီလို အရှိန်အဟုန်နဲ့ စွမ်းအားက သေချာပေါက်ကို နတ်ဘုရားတစ်ပိုင်း အဆင့်ထက် ကျော်လွန်နေပြီ။ ဒါက တကယ့် စိတ်ပုံရိပ်လား။ မဟုတ်ဘူး။ ပုံရိပ်က ဒီလို လက္ခဏာမျိုး မရှိဘူး။ ပုံမှန် ဆိုရင်တော့ စိတ်ပုံရိပ်က မူလခန္ဓာထက် တစ်ဆင့်နိမ့်တယ်။ နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်တွေတောင် နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်ကိုယ်ပွားကိုပဲ ထုတ်နိုင်တယ်။ ဒီရန်သူရဲ့ ကိုယ်ပွားက တကယ်ပဲ နတ်ဘုရား-ယောင်အဆင့်ကို ရောက်နေပြီ။
အစောပိုင်းနတ်ဘုရား-ယောင် အဆင့် ဆိုရင်တောင် နတ်ဘုရား-ယောင် အဆင့်ပဲ။ ဒါက သေချာပေါက် နတ်ဘုရားတစ်ပိုင်းအဆင့် ရင်ဆိုင်နိုင်တဲ့ရန်သူမျိုးမဟုတ်ဘူး။
ခရမ်းရောင် တောက်ပမှုထဲ၌ ကြယ်ကဲ့သို့ မျက်လုံးတစ်စုံက စေတန်ကို ကြည့်နေခဲ့သည်။
“ကျုပ်က ချဲ့ကားတာ မကြိုက်ဘူး။ လူတိုင်းရဲ့ စွမ်းရည်က မတူကြဘူးလို့ ကျုပ်ပြောပြီးပြီ။ ကျုပ်ရဲ့ ကိုယ်ပွား ပါရမီက နည်းနည်းလေး ထူးခြား နေရုံပါ။”
“ဒီလို ဂုဏ်သတ္တိရှိတဲ့ ချပ်ကာနဲ့ စွမ်းအားကို ငါ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ..”
စေတန်၏ မျက်လုံးများက တောက်ပ နေသော ချပ်ကာကို စိုက်ကြည့်နေခဲ့သည်။
“မင်းက ဘယ်သူလဲ”
“ယုံကြည်မှုအရှိဆုံးကိုးကွယ်သူတွေကပဲ ကျုပ်ပေးတဲ့ လက်နက် ချီးမြှင့်မှုကို ရရှိတာ” ချန်လွေ့၏ အသံက ပုံမှန် ဖြစ်နေဆဲ ဖြစ်သည်။
“ကျုပ်က ဆာ-စေတန်ရဲ့ မိတ်ဆွေဟောင်း မဟုတ်ဘူးလား။”
“ဟမ့်။ မိတ်ဆွေဟောင်း ဟုတ်လား”
စေတန်က နှာခေါင်းရှုံ့လိုက်သည်။
“မင်းက နတ်ဆိုးဘုံရဲ့ အင်ပါယာ နောက်ကွယ်က ကြိုးကိုင်တဲ့သူလား။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။”
“ကျုပ်ရဲ့ရည်ရွယ်ချက်က ခင်ဗျားနဲ့ အတူတူ ဖြစ်လောက်တယ်။ ဒါပေမဲ့ ယုံကြည်မှုစွမ်းအားက အဲဒီလမ်းကြောင်းအတွက် တခုတည်းသော ဖြတ်လမ်းမဟုတ်ဘူး။ မိုက်ကယ်၊ ရာဖယ်ရယ်နှင့် ဂေဘရီရယ်တို့က ဖန်တီးခြင်းစာအုပ်ကို သုံးပြီးတော့ လူသားတွေကို အကြာကြီး အရူးလုပ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။”
“သူတို့ မအောင်မြင်ခဲ့တာကို မင်း ဘယ်လိုသိတာလဲ။”
“သိပ်မကြာခင်တုန်းက ကျုပ် သိဒ္ဓိအလင်းတောင်ကို သွားပြီးတော့ မိုက်ကယ်နှင့် ရာဖယ်ရယ်ဆီကနေ အထူး အပြုအစု ရခဲ့တယ်။ ကံဆိုးချင်တော့ အဲဒီမှာ ဂေဘရီရယ် ရှိမနေခဲ့ဘူး။”
ချန်လွေ့ခေါင်းခါလိုက်သည်။
“မိုက်ကယ်ရဲ့ စွမ်းအားက ခင်ဗျားထက် နည်းနည်းတော့ သာလောက်တယ်။ ဒါပေမဲ့ သူသေ ကိုယ်သေ တိုက်ခိုက်ရင် ဘယ်သူ နိုင်မလဲ ဆိုတာကို ဆုံးဖြတ်ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူက နတ်ဘုရား မဟုတ်သေးဘူး။”
စေတန်၏ မျက်လုံးထဲ၌ ကွဲပြားသော အမူအရာ တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“မင်းက မိုက်ကယ်နဲ့ ရာဖယ်ရယ် တို့နဲ့တောင် တိုက်ခိုက်ပြီးပြီလား။”
“ကျုပ်က ဖန်တီးခြင်းစာအုပ်ကို ကြည့်ချင်ရုံပါ။ ဒါပေမဲ့ သိဒ္ဓိ အလင်းတောင်လိုမျိုးနေရာနဲ့ မပတ်သက်ချင်ခဲ့ဘူး။ အဲဒါကြောင့် ကျုပ် ထွက်ပြေးလာခဲ့တယ်။ ကံကောင်းချင်တော့ ကျုပ် သွားတာ အလကားမဖြစ်ခဲ့ဘူး။”
ထိုသို့ ပြောပြီးနောက် ချန်လွေ့၏ လက်ထဲ၌ အလင်းရော င်ဖျော့ဖျော့ တစ်ခုရှိနေခဲ့သည်။
“ဖန်တီးခြင်းစွမ်းအားပဲ။” ပျက်စီးခြင်း အငွေ့အသက် အာရုံထဲ၌ အပြောင်းအလဲကို စေတန်က ခံစားလိုက်ရ၏။ သူက ထိတ်လန့်စွာ ပြောလိုက်သည်။
“မဟုတ်ဘူး။ ဒါ ဇစ်မြစ် ဥပဒေသ စွမ်းအားပဲ။”