← Chapters

သုံးလ

Vol. 66 Ch. 1060

သုံးလ

Vol. 66 Ch. 1060

ထိုအဆင့်တွင် စေတန်က ထိုပြိုင်ဘက်ကို အထင်သေး၍ မရတော့ပေ။ သူက ထိုသူ့ကို တကယ့် ပြိုင်ဘက်အနေဖြင့် မှတ်ယူရပေမည်။ သူက မည်သည့် နည်းလမ်းကို အသုံးပြုစေကာမူ ကောင်းကင်တမန် သုံးပါး မျက်စိအောက်မှ ဖန်တီးခြင်း စာအုပ်၏ ဇစ်မြစ် ဥပဒေသ စွမ်းအားကို ရယူနိုင်ခဲ့ခြင်းက ထိုကဲ့သို့ လေးစားမှုမျိုး ရရှိရန် လုံလောက်၏။ စေတန် ကိုယ်တိုင်၌ပင် ထိုကဲ့သို့ စွမ်းရည်မျိုး မရှိနိုင်ပေ။

စေတန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

“ငါ မင်းကို အထင်သေး မိသွားတယ်။ မင်းက ငါ့ရှေ့မှာ ရပ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ဒါပေမဲ့ ဒီလောက်ပဲ။ မင်းမှာ ငါ့ရဲ့ စိတ်ဆန္ဒကို လှုပ်ခတ်နိုင်တဲ့ စွမ်းရည် မရှိသေးဘူး။”

“ကျုပ်က အင်ပါယာသုံးခု နောက်ကွယ်ကဆိုတာ ဝန်ခံပါတယ်။ ပြီးတော့ ကျုပ်တို့ရဲ့ အကျိုး စီးပွားတွေက ဆန့်ကျင်နေကြတယ်။”

ချန်လွေ့က ဓူဝံကြယ် ခရမ်း အသွင်ပြောင်းခြင်းကို ပယ်ဖျက် လိုက်ပြီး ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

“ဒါပေမဲ့ အမှောင်နတ်ဘုရားကျောင်းဖြစ်ဖြစ်၊ အလင်းနတ်ဘုရားကျောင်းဖြစ်ဖြစ် သူတို့က ယုံကြည်မှုကို ခိုးယူဖို့ အသုံးချခံ သက်သက်ပဲ။ ကောင်းကင် တမန်သုံးပါး ဆိုတာကလည်း အဲဒီ ဂိတ်တံခါးမှာ ပိတ်မိနေတုန်းပဲ။ နတ်ဘုရားနဲ့ အနီးစပ်ဆုံးလို့ ကိုယ့်ကိုယ်ကို ဆိုထားတဲ့ မိုက်ကယ်လည်း အတူတူပဲ။ ဒါက မထိုက်တန်ဘူးလို့ မထင်ဘူးလား”

“မိုက်ကယ်လား...” စေတန်က မောက်မာစွာ ပြောလိုက်သည်။

“သူ မလုပ်နိုင်တာက ငါ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။”

ချန်လွေ့က မျက်မှောင်ကြုတ် လိုက်သည်။ လောက၌ နှစ်ပေါင်း များစွာကြာ အထွတ်အထိပ်တွင် ရပ်တည်ခဲ့သော နတ်ဘုရား-ယောင် အဆင့် ထိပ်သီးပိုင်း အများစုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိပြီး အတော်လေး မောက်မာကြသည်။

“ခင်ဗျားက ဘာကို ကြည့်ပြီး နှိုင်းယှဉ် နေတာလဲတော့ မသိဘူး။ ကျုပ်က ကိစ္စ တော်တော်များများကို မသိသေးတာပဲ ဖြစ်မယ်။ ဒါပေမဲ့ တစ်ခုခုတော့ သိတယ်။ ယုံကြည်မှုက နတ်ဘုရား ဖြစ်လာနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း မဟုတ်ဘူး။ နောက်ထပ် ဖြစ်နိုင်တဲ့ ဖြတ်လမ်းတစ်ခု ရှိတယ်။ အဲဒါက ပျက်စီးခြင်းနဲ့ ဖန်တီးခြင်းပဲ။”

စေတန်၏ မျက်လုံးထဲ၌ တလက်လက် ဖြစ်သွားခဲ့သည်။

“မင်းပြောတာက...”

“စွမ်းအားရဲ့ အထွတ်အထိပ်က အကြွင်းမဲ့ပဲ။ ဒါပေမဲ့ အထွတ် အထိပ်ကို ရောက်ဖို့ အတွက် ဒီလမ်းက တစ်ခုမက ရှိတယ်။ ပျက်စီးခြင်းနဲ့ ဖန်တီးခြင်းက စကြဝဠာထဲမှာ အခြေခံ အကျဆုံး စည်းမျဉ်းတွေနဲ့ အစွမ်းထက်ဆုံး အင်အားတွေပဲ။ ကျုပ်တို့က တကယ့်လျို့ဝှက်ဆန်းကြယ်မှုကို နားလည်နိုင်မယ်ဆိုရင် အကြီးမားဆုံးတစ်ဆို့မှုတွေကို ဖောက်ထွက်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။”

ထိုအရာက ဖိုင်သွန်၏ မူလ စကားများ ဖြစ်လေသည်။ ချန်လွေ့ ထိုသို့ပြောလိုက်သောအခါ စေတန်က မငြင်းဘဲ စဉ်းစားဟန် အမူအရာ ပြလိုက်သည်။

“ဒီရှုထောင့်က ကြည့်မယ်ဆိုရင် ကျုပ်တို့ရဲ့ နောက်ဆုံး ပန်းတိုင်က အတူတူပဲ။”

ချန်လွေ့က ဆွဲဆောင်မှုရှိသော အပေးအယူတစ်ခု ပြောလိုက်သည်။

“ကျုပ်က ဒီတစ်ခေါက် အလင်းနတ်ဘုရားကျောင်းကနေ ဖန်တီးခြင်း စာအုပ်ကို မရခဲ့ဘူး။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ်ကိုတော့ ခိုးယူခဲ့တယ်။ ခင်ဗျားက ယုံကြည်မှုကို ခိုးယူဖို့ အတွက် အမှောင်နတ်ဘုရားကျောင်း တည်ဆောက်ချင်တယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဖျက်ဆီးခြင်းစာအုပ်ကို လိုတယ်။ ခင်ဗျားက ကျုပ်ကို ပြီးပြည့်စုံတဲ့ ဖျက်ဆီးခြင်း ဇစ်မြစ် ပေးနိုင်မယ်ဆိုရင် ကျုပ်တို့ အပြန်အလှန် အကျိုးရှိနိုင်မယ့် ပူးပေါင်းမှု တစ်ခုကို တည်ဆောက်နိုင် မယ်လို့ ထင်တယ်။”

ထိုအပေးအယူက အတော်လေး ဆွဲဆောင်မှုရှိသော်လည်း အမှန်တကယ်၌ အလိမ်အညာသာ ဖြစ်သည်။ အကြောင်းမှာ စေတန်၌ ဖျက်ဆီးခြင်းစာအုပ်၏ သုံးပုံနှစ်ပုံသာ ရှိနေ၍ပင်။ ပြီးပြည့်စုံသော ဇစ်မြစ်ကို တည်ဆောက်ရန်အတွက် ငွေသေတ္တာသုံးခုလုံး စုစည်းရမည် ဖြစ်သည်။ ယခုတွင် စေတန်၌ ငွေသေတ္တာ နှစ်လုံး ရှိနေသော်လည်း နောက်ဆုံးတစ်ခုက ချန်လွေ့၏ လက်ထဲ၌ ရှိနေသည်။

ထိုအဓိက ကုန်းမြေက အလွန် ကြီးမားလှသည်။ အကယ်၍ ချန်လွေ့ ငွေသေတ္တာကို ဖွက်ထားခဲ့လျှင် စေတန် ကိုယ်တိုင်ကပင် လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဖိုင်သွန်က ငွေသေတ္တာကို ယခင်က ဝှက်ထားသလိုမျိုး ဖြစ်နေလိမ့်မည်။

ချန်လွေ့က ထိုအကြောင်းကို သိသောကြောင့် တမင်တကာပင် တွင်းတူးနေခဲ့ပြီး စေတန် ခုန်ဆင်း လာရန် စောင့်နေခဲ့သည်။ သူက တမင်တကာပင် စေတန်ကို ပြီးပြည့်စုံသော ဖျက်ဆီးခြင်းစာအုပ် အကြောင်း ထောက်ပြခဲ့ပြီး ၎င်းက နောက်ထပ် သတိပေးခြင်းလည်း ဖြစ်သည်။

စေတန်က ခဏ စဉ်းစားပြီး သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး ရယ်လိုက်သည်။

ထိုအရာက ဤနေရာသို့ ရောက်လာပြီး ပထမဆုံး ရယ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ချန်လွေ့၏ အကြည့်က လေးနက်သွားခဲ့သည်။ သူက စိတ်အေး မသွားဘဲ မကောင်းသော နိမိတ်များ ခံစားလိုက်ရသည်။

စေတန်၏ ရယ်သံက ခဏသာ ကြားခဲ့ပြီး ရုတ်တရက် ရပ်သွားသည်။ သူ၏ မျက်လုံးများက ချန်လွေ့၏ မျက်နှာကို စိုက်ကြည့်နေပြီး အပြုံးက တဖြည်းဖြည်း အေးစက်သွားခဲ့သည်။

“မင်းက မင်း၊ ငါက ငါပဲ။ ငါ သွားချင်တဲ့လမ်းကို သွားမယ်။ ငါ လုပ်ချင်တာ လုပ်မယ်။ မင်းပြောတဲ့ အတိုင်း ငါက ဘာလို့လုပ်ရမှာလဲ။”

ထိုစကားက မောက်မာမှုများ ပြည့်နှက်နေခဲ့သည်။ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ ငါးစာမျိုး ပစ်ချပြီးနောက် တစ်ဖက်က အနည်းငယ်မျှပင် မတွေဝေသွား လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိပ်သီးပုဂ္ဂိုလ်တိုင်းက စွဲလမ်းမှုများ ရှိကြပြီး သူတို့က ပြင်ပအရာများကြောင့် အာရုံပြောင်းလိမ့်မည် မဟုတ်ပေ။

ထိုအရာက သူတို့ အမှန်တကယ် အစွမ်းထက်ခြင်း၏ အကြောင်းအရင်း များထဲမှ တစ်ခု ဖြစ်လောက်သည်။

“မင်းရဲ့ အကြီးမားဆုံး အမှားက ငါ့ကို မိုက်ကယ်နဲ့ နှိုင်းယှဉ်တာပဲ။”

စေတန်၏ အသံက အေးစက် လာခဲ့ပြီး ဝိညာဉ် ဖောက်ထွင်းသော ရေခဲဓားပမာ ကြောက်မက်ဖွယ် ကောင်းလှသည်။

“မင်းရဲ့ စကားလှလှတွေကို ဘေးဖယ်ထားလိုက်။ ငါ့ရဲ့ စိတ်ဆန္ဒကို ပြောင်းလဲစေချင်ရင် တစ်ခုတည်းသော လမ်းကြောင်းက စွမ်းအားပဲ။”

“တကယ်လား..” ချန်လွေ့က စေတန်၏ မျက်လုံးကို တည့်တည့် ကြည့်လိုက်သည်။

စေတန် ရယ်လိုက်သော အချိန် မှစ၍ ထိုအရာက အေးအေးချမ်းချမ်း အဆုံးသတ်လိမ့်မည် မဟုတ်ကြောင်း ချန်လွေ့ သိသည်။ ထိုအချိန် သူ၏ ခံစားချက်က ရုတ်တရက် တည်ငြိမ် သွားခဲ့သည်။ အမှန်တကယ်၌ သူက အမြဲပင် ထိုသို့ ဖြစ်လာမည်ဟု ခံစားနေခဲ့ရသည်။ သူက စေတန် ကဲ့သို့ ထိပ်သီး ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရမည်ပင်။ နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံး နတ်ဘုရား-ယောင်။

အကယ်၍ စေတန်က လှုပ်ရှား၍ မရသော တောင်တစ်တော င်ဆိုလျှင် ယခု သူ၏ ပန်းတိုင်က ထိုကဲ့သို့ မဖြစ်နိုင်လုနီးပါး ပန်းတိုင်ကို အောင်မြင်ရန် ဖြစ်သည်။

ငါ တောင်ထိပ်ကို တက်ပြီးတော့ ငါ့အောက်မှာ ရှိတဲ့ အရာအားလုံးကို လွှမ်းမိုးချင်တယ်။”

ရုတ်တရက် ချန်လွေ့က လွန်ခဲ့သော အချိန်က အဖြစ်အပျက် တစ်ခုကို သတိရလိုက်၏။ ထိုစဉ်က သူသည် အစွမ်းထက်ဆုံး အမြင့်ဆင့် နတ်ဆိုး အရတ်စ်နှင့် စစ်ပွဲစာချုပ် ချုပ်နှောင်ခဲ့ပြီး ထိုအရာကလည်း မဖြစ်နိုင်လုနီးပါး တာဝန် တစ်ခု ဖြစ်ခဲ့သည်။ အဆုံးတွင် သူက အတော်လေး မျှော်လင့်နေကြသော ပြိုင်ပွဲ၌ ရှီရာအရှေ့တွင် အရတ်စ်ကို အနိုင်ယူခဲ့သည်။

ထိုစဉ်က သူ၏ စွမ်းအားမှာ ယခုနှင့် မပြောပလောက်သော်လည်း ခိုင်မာသော သူ၏ ဆန္ဒက မည်သို့ပင် ဖြစ်စေကာမူ မယုံကြည်နိုင်စရာ ကောင်းအောင် တစ်သမတ်တည်း ဖြစ်နေခဲ့သည်။

ချန်လွေ့က အတိတ်မှ အချိန်ကို ပြန်ရောက်သွားသော ခံစားချက်မျိုး ရရှိခဲ့သည်။ ထိုစဉ်က ပြတ်သားမှုနှင့် ထိုစဉ်က ယခုအချိန်၏ ပြတ်သားမှုက ပေါင်းစည်းသွားဟန်တူသည်။

သူ၏ အကြည့်က ဓားအိမ်ထဲမှ ဓားတစ်လက်ပမာ ပို၍ တည်ငြိမ် လာခဲ့သည်။

“ငါ့ရဲ့ မိတ်ဆွေဟောင်း လာလည် မယ်လို့ ငါ့ရဲ့ ငယ်သားတွေကို မင်း ပြောခဲ့တယ် မဟုတ်လား။”

ချန်လွေ့၏ စိတ်ခိုင်မာမှုနှင့် အကြောက်တရား ကင်းမဲ့မှုကို စေတန် အသေအချာ ခံစားမိခဲ့သည်။

“ငါမင်းကို ဆက်ခ်ရက်တောင်မှာ စောင့်နေမယ်။ ငါမင်းကို အချိန် မပေးတော့ မပေးဘူးလို့ မပြောနဲ့။ သုံးလ....”

ချန်လွေ့၏ လက်ထဲ၌ မြေပုံကဲ့သို့ ပုံစံကွက်မျိုး ရှိနေသော သလင်းကျောက် စက်လုံးတစ်ခု ရှိနေသည်။

“ဒီစက်လုံးက မင်းနဲ့ မင်းရဲ့ မိတ်ဆွေတွေကို ဆက်ခ်ရက်တောင်ဆီ ခေါ်လာနိုင်တယ်။ မင်းက ငါ့ကို မင်းရဲ့ ပြတ်သားမှုလိုမျိုး တူညီတဲ့ စွမ်းအားမျိုး ပြသနိုင်မယ် ဆိုရင် ငါ ပူးပေါင်းဖို့ကို စဉ်းစားပေးမယ်။ တကယ်လို့ မင်းက ဒီလောကရဲ့ ယုံကြည်မှုတွေကို ကိုင်တွယ်နေဖို့ အတွက် ငါနဲ့အတူ အမှောင် နတ်ဘုရားကျောင်းနဲ့ ပူးပေါင်း ချင်တယ်ဆိုရင် ဒီသလင်းကျောက် စက်လုံးကို ဖိချေပြီးတော့ ငါ့ကို ဆက်သွယ်လိုက်။ ဒါပေမဲ့ မင်းကို ငါ သုံးလအတွင်း မတွေ့ရဘူးဆိုရင် မင်းကို ငါလိုက်ရှာမယ်။ အဲဒီအချိန် အင်ပါယာသုံးခုရော ဘုရားကျောင်းကို မယုံကြည်ချင်တဲ့ ပုရွက်ဆိတ်တွေအားလုံး ဖျက်ဆီးပစ်မယ်။”

စေတန်က ပါရမီနှင့် အကြံအစည် တို့၌ ထူးချွန်သောသူ တစ်ယောက် ဖြစ်သည်။ အချိန်သုံးလ ပေးခဲ့ခြင်းမှာ ချန်လွေ့ကို ပြင်ဆင်ရန် အချိန် ပေးလိုက်ခြင်း မဟုတ်ဘဲ သူ့တွင် ကိုယ်ပိုင်အကြံအစည်များ ရှိနေ၍ပင်။

သူက လျို့ဝှက်ဆန်းကြယ်သော ရန်သူကို ယခုတစ်ခေါက် ကြယ်ကြွေ တမန်အင်ပါယာသို့လာစဉ် ဖြေရှင်း ချင်ခဲ့သည်။ သို့သော် တစ်ဖက်လူ ပြသသော စွမ်းရည်များက ထင်ထားသည့်ထက် ကြီးကြီးမားမား ကျော်လွန်နေခဲ့သည်။ ထို့ကြောင့် သူက အလျင်စလို လုပ်ဆောင်၍ မရခဲ့ပေ။

ပို၍ အရေးကြီးသည်မှာ ခုနက ဖန်တီးခြင်း ဇစ်မြစ်ကို ချန်လွေ့ ပြခဲ့စဉ်က စေတန်၏ ဖျက်ဆီးခြင်း ဇစ်မြစ် အကြောင်း ရပ်တန့်နေခြင်းက ရုတ်တရက် ပိုမို ရှင်းလင်းသွား ခဲ့သည်။ သူက ထိုအတွေးအမြင်ကို ဆုပ်ကိုင်ချင်နေသောကြောင့် တံခါးပိတ် လေ့ကျင့်ရန် အချိန်သုံးလ ရယူရန် ဆုံးဖြတ်ခဲ့ပြီး ပျက်စီးခြင်း ဇစ်မြစ် နားလည်အောင် ပြုလုပ်မည် ဖြစ်သည်။

“အရာအားလုံးကို ဖျက်ဆီးမှာလား။အဲ ဒီ သာမန် လူတွေကို မသနားတော့ဘူးလား။ ထိပ်သီး ပုဂ္ဂိုလ် တစ်ယောက်ရဲ့ မာနက ဘယ်မှာလဲ။”

“မသိ နားမလည်တာက တကယ့် မာနပဲ။”

စေတန်က နှာခေါင်းရှုံ့လိုက်သည်။

“သာမန်လူတွေကို ထိခိုက်အောင် မလုပ်ရဘူးဆိုတဲ့ အထူး အဆင့် စည်းမျဉ်းတွေ အကြောင်း ငါ့ကို လာမပြောနဲ့။ အဲဒီ စည်းမျဉ်းကို အစွမ်းထက် ပုဂ္ဂိုလ်တွေပဲ ရေးခဲ့တာ။ အခု လက်ရှိ စည်းမျဉ်းက ငါ့ကို မကျေနပ် စေတဲ့အတွက် ဒါကို ဖျက်ဆီးပြီး အသစ် ပြန်ရေးမယ်။ အစွမ်းထက်ပုဂ္ဂိုလ်ရဲ့ မျက်လုံးထဲမှာ အဲဒီ ပုရွက်ဆိတ်တွေက အသုံးချခံ တွေထက် မပိုဘူး။ သူတို့ရဲ့ ကံကြမ္မာ ကလည်း ကျွန်ပြုခံဖို့နဲ့ ချေမှုန်း ခံရဖို့ပဲ။”

ကျွန်ပြုခံရပြီးတော့ ချေမှုန်း ခံရမယ့် ပုရွက်ဆိတ်တွေတဲ့လား။

ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။

“ကျုပ်က အရင်က အရင်တုန်းက စကားတစ်ခွန်း ကြားဖူးတယ်။ နတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာ သက်ရှိအားလုံးက ကစားစရာတွေပဲ။ ခင်ဗျားက နတ်ဘုရား တစ်ပါး မဟုတ်သေးဘူး။”

စေတန်က ချန်လွေ့ကို နက်ရှိုင်းစွာဖြင့် ကြည့်လိုက်သည်။

“ဒါဆိုရင် ငါ နတ်ဘုရားတစ်ပါး ဖြစ်လာမယ်။”

သူတို့ နှစ်ယောက်၏ မျက်လုံးများ ဆုံသွားပြီး လေထုထဲ၌ အချင်းချင်း ရိုက်ခတ်သွားပုံရသည်။

“အင်ပါယာ သုံးခုက ယာယီ အသုံးချခံတွေပဲ။ အနှေးနဲ့ အမြန် ဖျက်ဆီးခံရမှာ။ အဲဒီ အချိန်ကျရင် ငါက အမှောင်နတ်ဘုရားကျောင်းကို ဗဟိုချက် အနေနဲ့ ထားပြီးတော့ လောကကို စည်းလုံးတဲ့ ယုံကြည်မှု တိုင်းပြည်အနေနဲ့ ပြန်ပြီးတော့ တည်ဆောက်မယ်။ ပုရွက်ဆိတ်တွေ အားလုံးက အမှောင်နတ်ဘုရားကျောင်းက ထိန်းချုပ်တဲ့ ရုပ်သေးတွေ ဖြစ်လာမယ်။ ငါ့ကိုယုံကြည်တဲ့သူတွေ အသက်ရှင်မယ်။ မယုံကြည်တဲ့သူတွေ သေရမယ်။”

စေတန်၏ လေသံက ပြင်းပြသော ယုံကြည်ချက်များ ပြည့်နှက်နေ၏။

သူက အကြံအစည်များ အားလုံးကို ပြောပြရန် ဂရုမစိုက်နေပေ။

ငါ့မှာ အကြွင်းမဲ့စွမ်းအား ရှိတယ်။ ဒါက မှန်ကန်တဲ့ အကြံအစည်ပဲ။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ။”

ထိုစဉ်က တဲရစ်ကို ဝင်ပူးခဲ့သော သန်းခေါင်နေအရှင်၏ စကားများနှင့် တူညီနေခဲ့သည်။

“ငါ့ကိုလိုက်နာရင် အသက်ရှင်မယ်။ မလိုက်နာရင် သေမယ်။”

ယခုတွင် ချန်လွေ့က တုံ့ဆိုင်း မနေတော့ပေ။ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ သုံးလ အတွင်း အချိန်မရွေး ကျုပ် ခင်ဗျားဆီကို လာလည်မယ်။”

အချိန်မရွေး ဟုတ်လား။

စေတန်က မျက်မှောင်ကြုတ်ပြီး ထွက်သွားလိုက်သည်။

ဆက်ခ်ရက်တောင်က သူ၏ အခြေစိုက် စခန်း ဖြစ်သည်။ ထို့ကြောင့် တံခါးပိတ် လေ့ကျင့် နေစဉ်အတွင်း အရေးပေါ်များ ရှိလာသည့်တိုင် အန္တရာယ်များမရှိဘဲ ကိုင်တွယ်နိုင်ပေသည်။

စေတန်က ခန်းမ ဝင်ပေါက်သို့ ရောက်ရှိသွားသောအခါ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“မင်း ခုနက ပြောတာတွေကို တစ်ယောက်ယောက် ပြောခဲ့တာ ငါ ကြားဖူးတယ်။ ပျက်စီးခြင်းနဲ့ ဖန်တီးခြင်းကို နားလည်အောင် လုပ်တာလေ။ အဲဒီ ပုဂ္ဂိုလ်က ငါ့ရဲ့ တကယ့် မိတ်ဆွေဟောင်းပဲ။”

စေတန်၏ အေးစက်သော မျက်လုံး က ထူးဆန်းသော အလင်းရောင်များ လက်ခနဲ ဖြစ်သွားခဲ့သည်။

“မင်း သူနဲ့ ပတ်သက်မှု တစ်ခုခု ရှိရင် ငါ့ကို အဲဒီအချိန် ကြီးမားတဲ့ အံ့အားသင့်မှု ဖြစ်စေမယ် ထင်တယ်။”

ထိုစကားကြောင့် ချန်လွေ့၏ နှလုံးသား တုန်လှုပ် သွားခဲ့သည်။ ထိုအရာကြောင့် စေတန်က ဖိုက်သွန် အကြောင်း တွေးမိသွားလိမ့်မည်ဟု ချန်လွေ့ မထင်ခဲ့ပေ။ သို့သော်လည်း သူက တည်ငြိမ်နေဆဲ ဖြစ်သည်။

“ခင်ဗျား ဘယ်သူ့ကို ပြောနေတာပဲ ဖြစ်ဖြစ် အဲဒါက စောင့်ကြည့်ဖို့ ထိုက်တဲ့ တွေ့ဆုံပွဲ တစ်ခု ဖြစ်မယ်လို့ ယုံကြည်တယ်။”

ချန်လွေ့ကို စေတန်က စကား တစ်လုံးမှ မပြောခဲ့ပေ။ သူက အခြားတစ်ဖက်သို့ လှည့်ကြည့် နေပြီး ခန်းမထဲမှ တည့်တည့်ထွက်သွားကာ လေထဲသို့ပျောက်ကွယ်သွားခဲ့သည်။

ကြယ်ကြွေတမန် အင်ပါယာ အဓိကခန်းမမှ စေတန် လုံးဝ ပျောက်ကွယ်သွားပြီးနောက် [ပြိုလဲအဆုံးသတ်]ဖြင့် ပျက်စီးသွားသော အဓိကခန်းမက တဖြည်းဖြည်း မူလအတိုင်း ပြန်ဖြစ်သွားသည်။

ခုနက ပျက်စီးသွားခဲ့သည်မှာ အဓိက ခန်းမ၏ စိတ်ပုံရိပ်သာ ဖြစ်သည်။ ထိုအရာက အထူး နေရာလွတ် ဖြစ်သည်။

စေတန် သို့မဟုတ် ထိုကိုယ်ပွား၏ စွမ်းအားက ထိုနေရာလွတ်ကို အမှန်တကယ် မလှုပ်ခတ်နိုင်ခဲ့ပေ။

၎င်းက ကျက်သရေမျှော်စင်ပင်။

နောက်ထပ် ချန်လွေ့၏ ပုံရိပ်က စေတန်မသွားခင် ကြည့်နေသော ဘက်တွင် တဖြည်းဖြည်း ပေါ်ထွက် လာခဲ့သည်။

ချန်လွေ့ နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး တစ်ယောက်က အသာလေး ခေါင်းညိတ်ကာ ပျောက်သွားသည်။

ပျောက်ကွယ်သွားသော တစ်ယောက်က သိဒ္ဓိအလင်းဝတ်ရုံ၏ စိတ်ပုံရိပ် ဖြစ်ပြီး နောက်မှ ပေါ်လာသော တစ်ယောက်က ကြောက်မက်ဖွယ်ရာ မိုးပျံနေပြည်မှ အမြန် ပြေးလာသော ချန်လွေ့၏ မူလ ခန္ဓာကိုယ်ပင်။

ခုနက စေတန်က ကိုယ်ပွား တစ်ခုသာ ဖြစ်သော်လည်း ချန်လွေ့ ချောင်းကြည့် ခံနေရသလို တကယ် ခံစားခဲ့ရသည်။

ထိုနေရာလွတ်၌ ပြင်းထန်သော အတက်အကျများ ပြသခဲ့သော်လည်း စေတန်က နန်းတော်၏ နက်နဲမှုကို အတွင်းကျကျ မမြင်နိုင်ခဲ့ပေ။

သူက တခါတည်း ရန်မလိုဘဲ သုံးလ ကြာပြီးမှ တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့သည်။

ယခုတစ်ခေါက် သူက စေတန်၏ စမ်းသပ်ချက်ကို ကျော်လွှားနိုင်ရုံသာ ရှိခဲ့ပြီး ကိစ္စများကို အချိန် သုံးလ ဆွဲနိုင်ခဲ့သည်။

သို့သော် ထိုသုံးလ ပြီးနောက် မည်သို့ကြီးမားသော စမ်းသပ်ချက် တစ်ခု ရလာမည် ဖြစ်ကြောင်း ချန်လွေ့ ကောင်းကောင်းသိသည်။

စေတန်၏ ရည်မှန်းချက်မှာ လက်တလောမှ ဖြစ်လာခြင်း မဟုတ်ကြောင်း ဖိုက်သွန်ထံမှ ချန်လွေ့ သိခဲ့ရသည်။

သူက နတ်ဆိုးဘုံ တစ်ခုလုံးကို အမြဲတမ်း ထိန်းချုပ်ချင်နေခဲ့သည်။

သူက စည်းမျဉ်းများကို ကိုယ်တိုင် ဦးဆောင်ပြီး လူတိုင်းကို ထိန်းချုပ်ခံ ရုပ်သေးများ အဖြစ် ပြုလုပ်လိုခြင်း ဖြစ်သည်။

ထိုကဲ့သို့ လျှို့ဝှက်ထားသော ရည်မှန်းချက်က ယခုတွင် ဖော်ပြ၍ မရသော အဆင့်အထိ ရောက်ရှိ လာခဲ့သည်။

စေတန်က ထိုပေါင်းစည်းခြင်းကို အသုံးချပြီး ပျက်စီးခြင်း စာအုပ်၏ နောက်ဆုံးအပိုင်းကို ရှာဖွေနေခြင်း ဖြစ်နိုင်သည်။

ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်စေကာမူ ထိုအရာက နတ်ဆိုးဘုံ အတွက် ကြောက်မက်ဖွယ် ကပ်ဘေး တစ်ခု ဖြစ်ပြီး တော်တော်လေး ဆိုးဝါးပေလိမ့်မည်။

ထိုအရာက သိဒ္ဓိအလင်းတောင်၌ ကောင်းကင်တမန်များကို ရင်ဆိုင်ခြင်းနှင့် မတူပေ။

ချန်လွေ့က ရှောင်တိမ်း၍ မရသလို

ထွက်ပြေး၍ မရပေ။ အကြောင်းမှာ သူ့နောက်တွင် ကတ်သလင်း၊ ရှီရာ၊ တစ်ဖနီနှင့် နတ်ဆိုးဘုံ တစ်ခုလုံး ရှိနေခြင်းကြောင့်ပင်။

နတ်ဘုရားရဲ့ မျက်လုံးထဲမှာ သက်ရှိ အားလုံးက ကစားစရာတွေပဲ။

“နတ်ဘုရား” ဟုတ်လား။

ချန်လွေ့က မျက်လုံးပိတ်လိုက်ပြီး သူ့၏ စိတ်ထဲ အဆုံးမဲ့ ကြယ်စင်စု တစ်ခု ရှိနေခဲ့သည်။

ကြယ်စင်စုထဲတွင် မရေမတွက် နိုင်သော သက်ရှိများ ရှိနေသည်။ အချိန် တစ်ခုအထိ ချန်လွေ့က အတွေးထဲ နစ်မြောနေခဲ့လေသည်။

All Chapters