အစမ်းပစ်ခြင်း
Vol. 66 Ch. 1061
သုံးလ။ ထိုအရာက စေတန် ပေးထားသော အချိန် အကန့်အသတ် ဖြစ်သည်။
ချန်လွေ့က နတ်ဆိုးဘုံ၏ အစွမ်း အထက်ဆုံး နတ်ဘုရား-ယောင်က လိမ်ညာလိမ့်မည်ဟု မထင်ပေ။ စေတန်၏ မျက်လုံးထဲ သက်ရှိများက ကျွန်ပြုစရာ၊ အသုံးချခံထက် မပိုပေ။
အင်ပါယာတစ်ခုကို ဖျက်ဆီးခြင်းက သူ၏ ပန်းတိုင်များ ရရှိရန်အတွက် ပုံမှန်ပင် ဖြစ်သည်။ အင်ပါယာ သုံးခုက အညံ့ခံသည့်တိုင် ထိုသို့ အချိန်ဆွဲခြင်းမျိုးက ကြာကြာ ခံမည် မဟုတ်ချေ။ စေတန်က သူ၏ ရည်ရွယ်ချက်မှာ နတ်ဆိုးဘုံ တစ်ခုလုံးကို စုစည်းပြီး ယုံကြည်သူများ အသက်ရှင်ကာ မယုံကြည်သူများ သေရမည်ဟူ၍ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား ဖြစ်သည်။
အင်ပါယာသုံးခု ပျက်သုဉ်း သွားမည်မှာ အနှေးနှင့် အမြန်သာ ဖြစ်သည်။ အားလုံး အတွက် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ယုံကြည်မှု ထောက်ပံ့ ပေးရန်အတွက် အသုံးချခံ တစ်ခု ဖြစ်ရန်သာ ရှိလေသည်။ ထိုကဲ့သို့ ရုပ်သေးမျိုး မဖြစ်ချင်ပါက သေဆုံးခြင်းသာ ရရှိပေလိမ့်မည်။ ထိုသို့ နည်းလမ်းမျိုးက လူသား လောကမှ အလင်း နတ်ဘုရား ကျောင်းထက် ပို၍ပင် ရက်စက် လှသည်။
ချန်လွေ့ကို စိတ်ပူပန်စေသည်မှာ ပြီးပြည့်စုံသော ဖန်တီးခြင်း စာအုပ်နှင့် ကောင်းကင်တမန် သုံးပါး မလုပ်နိုင်သော အရာကို မည်သည့် အတွက်ကြောင့် စေတန်က မပြည့်စုံသော ပျက်စီးခြင်း စာအုပ်ဖြင့် လုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခြင်းပင်။
အချိန်က အတော်လေး အရေးကြီး နေသည့် အတွက် ထိုအကြောင်း စဉ်းစားရန် ချန်လွေ့တွင် အာရုံ မရှိပေ။ သူက စေတန်၏ စမ်းသပ်ချက်ကို ကျော်ဖြတ်ချင်လျှင် လှည့်ကွက်များ၊ နည်းဗျူဟာများ အသုံးပြုရန် မဖြစ်နိုင်ပေ။ သူက စွမ်းအား တစ်ခု အပေါ်တွင်သာ မှီခိုရပေမည်။
သူက ယခုတွင် လေးနက်သော စွမ်းရည်များကို ပြသခဲ့ပြီး စေတန်က သတိထား၍ ထွက်သွားခဲ့သည်။ သို့သော် စေတန်ကို အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်မည် ဆိုလျှင် ချန်လွေ့က ပြိုင်ဘက် တစ်ယောက် မဟုတ်ပေ။ ထို့ပြင် စေတန်၏ ပိုင်နက်ထဲသို့ ဝင်ရောက်သောအခါ တွင်လည်း သူက အန္တရာယ် ကင်းကင်းနှင့် ပြန်ထွက်နိုင်မနိုင် မသေချာသေးပေ။
ချန်လွေ့က စွမ်းအားတိုးမြှင့်မှုကို တဖြည်းဖြည်း ပြုလုပ်ရမည် ဖြစ်ကြောင်း သိသည်။ အမြန်လိုလျှင် အနှေးဖြစ်တတ်သည်ဟူ၍ ဆမ်မြူရယ်ကို သူ ဖျောင်းဖျခဲ့ သလိုမျိုးပင်။ ချန်လွေ့၏ တိုးတက်မှု အမြန်နှုန်းက အပေါ်ယံ၌ စိတ်ကူး၍ မရနိုင်သလို ဖြစ်နေသော်လည်း အမှန်တကယ်၌ လေ့ကျင့်ရေး ကွင်းပြင်တွင် သူ ဖြတ်သန်းခဲ့သော တကယ့်အချိန်က သာမန် လေ့ကျင့်သူများထက် အများကြီး သာလွန်နေသည်။
ထို့ပြင် စူပါစနစ်၏ အဆင့်တက်ခြင်းက နတ်ဆိုးဘုံရှိ သာမန် အဆင့်များနှင့် မတူညီပေ။ ယခု တစ်ခေါက်တွင် ထိုစဉ်က အရတ်စ်ကို ရင်ဆိုင်ခဲ့စဉ်ကနှင့် မတူညီပေ။ လက်ရှိ အဆင့်ကို ရောက်ပြီးနောက် လေ့ကျင့်ရေး ကွင်းပြင်၌ အဆတစ်ထောင်ဖြင့် လေ့ကျင့်မည်ဆိုလျှင်ပင် ပြဿနာကို မဖြေရှင်းနိုင်သေးပေ။ အကယ်၍ သူက ကြီးမားသော တိုးတက်မှုများ လုပ်ဆောင်ချင်လျှင် လေ့ကျင့်ရေးနှင့် ကြိုးစားအားထုတ်မှုများ လိုအပ်ရုံ သာမက အခြား ကွင်းဆက် စွမ်းအားများလည်း လိုအပ်ပေသည်။ ထိုစွမ်းအားကို ကြယ်အဆင့် တိုးမြှင့်မှုတွင် အဓိက အသုံးပြုနိုင် ပေသည်။
ဇိုလာနှင့် ကတ်သရင်းတို့က စူပါစနစ်၏ နတ်ဘုရားမ ရာထူးများ အောင်မြင်စွာ ရရှိသွားခဲ့ကြသည်။ ထို နတ်ဘုရား ချီးမြှင့်ခြင်း လျှို့ဝှက် ဆန်းကြယ်မှုကို ထပ်မံ လေ့လာရန် လိုအပ်ပေလိမ့်မည်။
လက်ရှိအခြေအနေအရ နတ်ဘုရား အဖြစ် ချီးမြှောက်ခံရသူများ ပို၍ များလေလေ နတ်ဘုရား ချီးမြှင့်သည့် ချန်လွေ့ကိုယ်တိုင်က အကျိုးကျေးဇူး ပိုမြင့်လေလေ ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေထဲ၌ စမ်းသပ်ချက်က သိပ်ပြီးမကြာသေးသော်လည်း အကျိုးသက်ရောက်မှု အတော်လေး ကြီးမားလှပေသည်။ အချိန်ပြည့် လေ့ကျင့်ခဲ့သော်လည်း သုံးလသာ ကြာမြင့်သေးသည်။ လေ့ကျင့်ရေး အစီအစဉ်များကိုလည်း တွက်ချက်ရန် လိုအပ်ပေသည်။
ရှီရာအတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးပြီးနောက် ချန်လွေ့က ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေဆီ ပြန်ပြီး ထိုအကြောင်း လူတိုင်းကို ပြောပြခဲ့သည်။ အချိန် သုံးလက လူတိုင်းကို ဖိအားများ ခံစားရစေသည်။ အထူးသဖြင့် ကတ်သရင်းကို ဖြစ်သည်။
ချန်လွေ့က ရှုံးနိမ့်ပြီး ထွက်ပြေး နိုင်လျှင်ပင် အရိပ်နက်အင်ပါယာ၏ ဧကရီ ဖြစ်သည့် အလျောက် ကတ်သရင်းက ပြည်သူများကို စွန့်ခွာမည် မဟုတ်သည်မှာ သေချာသည်။ ရှီရာ အတွက်လည်း ထိုအတိုင်းသာ ဖြစ်သည်။
နတ်ဆိုးဘုံက နောက်ဆုံးတွင် စစ်ပွဲများကို နှုတ်ဆက်ခဲ့ပြီး အဖိုးတန် ငြိမ်းချမ်းရေးနှင့် အလျင်အမြန် တိုးတက် လာနေပြီ ဖြစ်သည်။ အမှောင် နတ်ဘုရားကျောင်း၏ အကြံအစည် အောင်မြင်သွားပါက အင်ပါယာ သုံးခု ပျက်သုဉ်းသွားမည် သာမက နတ်ဆိုးဘုံရှိ လူတိုင်းက အထိန်းချုပ်ခံ ရုပ်သေးများ ဖြစ်သွားမည် ဖြစ်သည်။ ထိုအရာက ကြောက်မက်ဖွယ်ရာ ကပ်ဘေး တစ်ခုပင်။
ပြဿနာမှာ ယခုတွင် စေတန်ကို ထိပ်တိုက် ရင်ဆိုင်နိုင်သူ မရှိပေ။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချန်လွေ့သာ ဖြစ်သည်။
ကြယ်နှစ်ပွင့် တိုးမြှင့်မှုနှင့် နတ်ဘုရား အပ်နှင်းခြင်းက ကိုယ်ပိုင် စွမ်းအားများကို တိုးမြှင့်စေရုံသာမက ချန်လွေ့၏ စွမ်းအားကိုလည်း တိုးမြှင့် စေကြောင်း လူတိုင်း နားလည်ခဲ့၏။ ထို့ကြောင့် လူတိုင်းက ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်းကို အမြန်ဆုံး ပြီးရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ၎င်းက သုံးလ ကြာပြီးနောက် နတ်ဘုရား-ယောင် တိုက်ပွဲတွင် အကျိုးပြုနိုင်ရန် ဖြစ်သည်။ (ဒိုဒိုလည်း အသည်းအသန် လေ့ကျင့်နေခဲ့သည်။ သို့သော်လည်း ယုံကြည်ရသော အရင်းအမြစ်အရ ချွဲကျိကောင် အသည်းအသန် လေ့ကျင့်သည့် အကြောင်းအရင်းမှာ အရှင်မတစ်ဦး ကတိပေးထားသော ငွေကြေးများနှင့် စားစရာများကြောင့် ဖြစ်လေသည်။)
မည်သည့် အတွက်ကြောင့် နတ်မိမယ်နဂါးထံမှ ကတိစကား မဟုတ်သနည်း။ “ဝံပုလွေဟု အော်သော ကောင်လေး” ဇာတ်လမ်း အကြောင်းကို ပြန်စဉ်းစားကြည့်ပါ။ တစ်ခုတည်းသော ခြွင်းချက်မှာ ဂူရာဒန်သာ ဖြစ်သည်။
အလောင်းအောက်လမ်းပညာရှင်က အခြေခံအားဖြင့် ကြယ်တစ်ပွင့် တိုးမြှင့်ခြင်း ပြီးမြောက်သွားပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ စွမ်းအားအကုန်လုံးကို ခြေသလုံးအိမ်တိုင်ဝိညာဉ်များ အပေါ် သုတေသနပြုလုပ်ခြင်း၌သာ အာရုံစိုက်နေခဲ့သည်။
ချန်လွေ့က သူ့ကို အများကြီး မမျှော်လင့်ထားခဲ့ပေ။ သူက ဂူရာဒန်ကို အများကြီး မမျှော်လင့် ထားဘဲ ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်း စွမ်းအား ပေးခဲ့သည်။
ထို့နောက်တွင် ချန်လွေ့က ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှ ထွက်ခွာသွားခဲ့ပြီး ရေကန်ပြာ တောင်တန်းဆီသို့ သွားခဲ့သည်။ ဆက်ခ်ရက်တောင်တန်းခရီးက သိဒ္ဓိ အလင်းတောင်ထက် မသာပေ။ အင်အားအပြည့်ဖြင့် သွားရောက် လေ့လာရမည် ဖြစ်သည်။
ရှေ့တန်းတိုက်ပွဲ၌ပင် နည်းဗျူဟာများကို အထူးပြုရမည် ဖြစ်သည်။ စေတန်က ဆက်ခ်ရက်တောင်တွင် မြေနေရာ အသာစီး ရရှိထားသည်။ ထို့ကြောင့် သူက ပြိုင်ဘက်ကင်း လုနီးပါး ဖြစ်သည်။
ယခု ချန်လွေ့ လိုအပ်နေသည်မှာ စေတန်၏ အားသာချက်များကို တားဆီး၊ ရှောင်ဖယ် နိုင်ရန်ပင် ဖြစ်သည်။ ပထမမှာ မြေနေရာ၊ မြေမျက်နှာသွင်ပြင် တည်နေရာပင် ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့က ကြယ်မြို့ဆီ ရောက်လာ၏။
ကြယ်မြို့၏ အခြေခံ စွမ်းအင်က မကုန်ခမ်းနိုင်ပေ။ လိုအပ်နေသည်မှာ အဆင့်မြင့် စည်းမျဉ်း စွမ်းအင်သာ ဖြစ်သည်။ ချန်လွေ့က စမ်းသပ်ချက် အတွင်း ဥပဒေသ အပိုင်းအစများနှင့် ဥပဒေသ သလင်းကျောက်များကို စုဆောင်းခဲ့သည်။ ထိုအရာက အတော်လေး အကျိုးများခဲ့သည်။
အဆင့်(၅) အဖွဲ့အစည်း အဖြစ်သို့ အဆင့်တက်သွားခဲ့သော ကြယ်မြို့က အတော်လေး အကျိုး ရှိလှသည်။ ဥပဒေသ အပိုင်းအစများကို စည်းမျဉ်း စွမ်းအင်အဖြစ် ပြောင်းလဲရန် အချိန် သိပ်မကြာခဲ့ပေ။ ဥပဒေသ သလင်းကျောက် စက်လုံးများ၏ စွမ်းအင် ပြင်းအားက ဥပဒေသ အပိုင်းအစများထက် များစွာ သာလွန်သည့်အတွက် ကူးပြောင်း အမြန်နှုန်းက အတော်လေး နှေးကွေး နေခဲ့သည်။
ထိုအင်အားစုအသစ်အပြင် စွမ်းအင်မလုံလောက်မှုကြောင့် အနီရောင် သတိပေးချက် တစ်ခုက ပိုလျှံနေသော ခရမ်းရောင် အဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြောင်းလဲ သွားသော ဥပဒေသ သလင်းကျောက် စက်လုံးများကို မရေတွက်ခဲ့ပေ။ သို့သော် ထိုအရာက သုံးစွဲ၍ ရသော ပစ္စည်း ဖြစ်သည်။ နောက်ထပ် ပိုလျှံနေလျှင် ကုန်ဆုံးမည် ဖြစ်သည်။
လက်ရှိ ဆင့်ကဲပြောင်းလဲခြင်းကန် အထူးဆင့်ကဲပြောင်းလဲခြင်းက ဥပဒေသ စွမ်းအင် အတော်များများ သုံးစွဲရန် လိုအပ်သည်။ ယခင် တစ်ခေါက်က ချန်လွေ့သည် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၌ မလေ့ကျင့်ခင် လူသားလောကရှိ မုန်တိုင်းကျွန်းသို့ သွားခဲ့သည်။
သူက အစွမ်းထက်ဆုံး တိုင်တန် တစ်ဖွဲ့ကို မုန်တိုင်းကျွန်းမှ ကြယ်မြို့ဆီ ပြန်ခေါ်လာခဲ့ပြီး အမျိုးမျိုးသော တိုးမြှင့်မှုများကို လက်ခံစေခဲ့သည်။ လူသားလောကရှိ တိုင်တန်များက မူလ ပထမ မျိုးဆက် အဖြစ် သတ်မှတ်၍ ရနိုင်ပြီး နတ်ဆိုးဘုံရှိ တိုင်တန်များက အရူး သိပ္ပံပညာရှင် ဒိုရိုဒါ၏ ပုံကြမ်းများကို အခြေခံ၍ ချန်လွေ့ ပြုလုပ်ထားခြင်း ဖြစ်သည်။
အခြေခံတွင် ပထမ မျိုးဆက် တိုက်တန်များ၏ စွမ်းအားနှင့် ဉာဏ်ပညာတို့က အနည်းငယ် ပိုသာ၏။ အထူးသဖြင့် အိုးရှင်းနက်စ် ကဲ့သို့ ခေါင်းဆောင် အဆင့် တိုင်တန်များပင် ဖြစ်သည်။
တပ်မှူးစိတ်ဆန္ဒက ချန်လွေ့ကို နတ်ဆိုးဘုံရှိ တိုင်တန်များအား ဖန်တီးရာတွင် အကူအညီ ဖြစ်စေခဲ့ပြီး ယခင်ကဲ့သို့ မတော်တဆမှုများကို မဖြစ်ခဲ့ပေ။ လက်ရှိတွင် မုန်တိုင်းကျွန်းမှ လက်ရွေးစင် တိုင်တန် (၁၂)ကောင် ပျိုးထောင်ကန် ထဲသို့ ဝင်ရောက်လာခဲ့ပြီး အထူး ဆင့်ကဲပြောင်းလဲခြင်းများ လုပ်ဆောင်နေခဲ့သည်။
ယခင်က စွမ်းအင်ကြောင့် လုပ်ငန်းစဉ်က နှေးကွေးခဲ့သော်လည်း ယခုတွင် စွမ်းအင်များ ပြန်ဖြည့်ပြီး ဖြစ်ရာ လုပ်ငန်းစဉ်က အဆင်ပြေလာ တော့၏။ သလင်းကျောက်ဇာမဏီ အရဆိုလျှင် ၎င်းတို့ အားလုံးကို တစ်ပတ် အတွင်း ပြီးစီးမည် ဖြစ်သည်။ စွမ်းအင် လုံလောက်ပါက မြို့ပြထဲရှိ ကျန်ရှိသော အဂ္ဂိရတ် သက်ရှိများပင် အထူး ဆင့်ကဲ ပြောင်းလဲခြင်းများ ဖြစ်ပွားနိုင်ပြီး စွမ်းအား အဆင့်များ တိုးလာနိုင် ပေသည်။
အဂ္ဂိရတ်အဖွဲ့အစည်း၏ မဟာ ဆင့်ကဲ ပြောင်းလဲခြင်း နည်းလမ်း စတင်လေပြီ။
ထိုအထူး ဆင့်ကဲပြောင်းလဲခြင်းက အနှိုင်းမဲ့ မဟုတ်ပေ။ အဆင့်(၅) အဂ္ဂိရတ်အဖွဲ့အစည်း၏ အထူးဆင့်ကဲ ပြောင်းလဲခြင်းက ထိန်းချုပ်သော အင်အားစု အရေအတွက်၏ ၁%သာ ဖြစ်သည်။
ဥပမာ သူက ယခုတွင် ဧရာမ သလင်းကျောက်သားရဲ ၁၅၀၀၀ကို ထိန်းချုပ်နိုင်သည်။ ထို့နောက် အထူး ဆင့်ကဲပြောင်းလဲခြင်း အမြင့်ဆုံး အရေအတွက်က ၃၀၀သာ ဖြစ်သည်။ မီးအိမ်ဝိညာဉ်က ၇၅၀၀၀၀ ဖြစ်ပြီး အထူးဆင့်ကဲပြောင်းလဲရန် အမြင့်ဆုံး အရေအတွက်က ၁၅၀၀၀ ဖြစ်သည်။
ခြွင်းချက် တစ်ခုမှာ ချန်လွေ့ တစ်ယောက်တည်း ထိန်းချုပ်သော တိုင်တန်များပင် ဖြစ်သည်။ သူတို့က ထိုစာရင်းတွင် မပါဝင်ပေ။ သို့သော် တိုင်တန်ထုတ်လုပ်သော အမြန်နှုန်း အတော်လေး နှေးကွေးပြီး အဆင့် တက်ရန် ခက်ခဲမှုက သာမန် ဧရာမ သလင်းကျောက် သားရဲများထက် ပိုမို ခက်ခဲပေသည်။
သူက အကြိမ်များစွာ စမ်းသပ်ခဲ့ပြီး တိုင်တန် ၁၂ကောင် အောင်မြင်ခဲ့၏။ အထူးဆင့်ကဲပြောင်းလဲခြင်းက အဆင့်(၄) အဖွဲ့အစည်းမြို့၏ လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။
ဆင့်ကဲပြောင်းလဲခြင်း ကျဆုံးသွားသည်နှင့် ဧရာမ သလင်းကျောက်သားရဲကဲ့သို့ အဂ္ဂိရတ်သက်ရှိက စွမ်းအားများ ဆုံးရှုံးနိုင်ချေကြီးမားသည်။ အချို့က တိုက်ရိုက်ပင် ပျက်စီးသွားနိုင်သည်။
ဥပမာ ပြောရလျှင် မီးအိမ် ဝိညာဉ်များ၏ မီးအိမ်နှလုံးသားပင် ဖြစ်သည်။ ယခုလက်ရှိ အဆင့်(၅) အဂ္ဂိရတ်အဖွဲ့အစည်း မြို့ပြကလည်း မယုံနိုင်စရာကောင်းသော ပျိုးထောင်ကန် ရှိလေသည်။
သူတို့က ဒုတိယ ဆင့်ကဲ ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်ပြီး နတ်ဘုရားတစ်ပါးအဆင့် အဂ္ဂိရတ်သက်ရှိများကို ဖန်တီးနိုင်သည်။ ထိုအရာက ပို၍ ခက်ခဲပြီး စွန့်စားရပေသည်။ ဆင့်ကဲ ပြောင်းလဲခြင်း ကျဆုံးသွားပါက တစ်ခါတည်း ချေမှုန်းခံရမည် ဖြစ်၏။
မသိလိုက်ဘဲနှင့် ညအချိန်သို့ ရောက်ရှိလာခဲ့သည်။ ရေကန်ပြာ တောင်တန်းက လှပသော ရှုခင်း တစ်ခုကို ပြသနေခဲ့သည်။
ပြိဿ တစ်ဦးက ကျောင်းတော်၌ ညနေခင်း ဝတ်ပြု ပြီးနောက်တွင် အနီးနားရှိ တောင်တန်း၌ လမ်းလျှောက်နေစဉ် ကောင်းကင်ရှိ ခရမ်းရောင်လကို တစ်ခုခု ဖုံးကွယ် သွားကြောင်း ခံစားလိုက်ရသည်။
သူ မော့ကြည့်လိုက်ရာ အလွန် ကြီးမားသော အနက်ရောင် ပုံရိပ် တစ်ခုက လေထဲတွင် ပေါ်ထွက် လာပြီး လနှစ်စင်း၏ တည်ရှိမှုကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအနက်ရောင် ပုံရိပ်က အလွန် ကြီးမား လွန်းလှသဖြင့် လှစ်ခနဲ ကြည့်ပါက ခန့်ညား ထည်ဝါသော ဧရာမ သားရဲကြီးလိုမျိုး ဖြစ်သည်။
ဧရာမ နဂါးမျိုးနွယ်စုများပင် ၎င်း၏ အရှေ့၌ နိမ့်ကျပေသည်။
အမြဲပင် သတ္တိရှိလှသော ပြိဿက အံ့အားသင့် သွားခဲ့သည်။ သူက စက္ကန့် အနည်းငယ်ကြာ အော်ဟစ်မိသည်။
ထိုကဲ့သို့ ကြောက်လန့်နေသော အော်သံက ညပိုင်းတွင် စူးရှလှသည်။ အနီးနားမှ ပြိဿများက အန္တရာယ် တစ်ခုခု ရှိကြောင်း တွေးလိုက်ပြီး လက်နက်များ ထုတ်ကာ ချက်ချင်းပင် ပြေးလာကြသည်။
“ဘာဖြစ်တာလဲ..”
“အဲဒါ ဝက်ထ် မဟုတ်လား..”
“မင်း ရန်သူတွေ တွေ့လို့လား..”
မျိုးနွယ်တူများ ရောက်လာကြောင်း မြင်သောအခါ သူက စိတ်သက်သာရာ ရသွားပြီး လေထဲမှ အနက်ရောင် ပုံရိပ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
သို့သော်လည်း ထိုနေရာတွင် ဘာမှ မရှိကြောင်း တွေ့လိုက်ရာ သူက အံ့ဩသွားခဲ့သည်။ လနှစ်စင်းက အေးစက်သော အလင်းရောင်များ တောက်ပနေဆဲ ဖြစ်ပြီး ခုနက သူ မြင်ခဲ့သည်မှာ ပုံရိပ်ယောင် တစ်ခု ကဲ့သို့ ဖြစ်နေခဲ့သည်။
ကြယ်မြို့ ဗဟိုထိန်းချုပ်ခန်းထဲရှိ ချန်လေ့က ကြယ်မြို့ကို ကောင်းကင် အပေါ်သို့ မတင်ခဲ့စဉ်က ပြိဿ မိတ်ဆွေဟောင်း တစ်ယောက်ကို ထိတ်လန့်စေခဲ့ကြောင်း မသိခဲ့ပေ။
လက်ရှိတွင် သူက အထူး ခံစားချက် တစ်ခု၌ နစ်မြော နေခဲ့သည်။
ကပ္ပတိန်...
စစ်သင်္ဘော ကပ္ပတိန်...
ထိုအချိန် ချန်လွေ့က သိပ္ပံ စိတ်ကူးယဉ် လောက ထဲသို့ ရောက်သွားသလို ခံစားနေခဲ့ရသည်။
ကြယ်မြို့တစ်ခုလုံးက အသွင် ပြောင်းလဲခြင်း တစ်ခု ဖြစ်ပြီးနောက် ဧရာမ မိုးပျံသင်္ဘော တစ်စင်း ဖြစ်လာခဲ့ပြီး ပျံသန်းရန်အတွက် ပို၍ သင့်တော်လာခဲ့သည်။
အထူးခြားဆုံးမှာ အတွင်းထဲမှ နေရာလွတ် လုပ်ဆောင်ချက် ဖြစ်ပြီး သာမန် မြေပြန့်တွင် ရှိနေသလိုပင် တိမ်းစောင်းခြင်းမရှိပေ။ ကြယ်မြို့၏ ပျံသန်းနှုန်းက ထင်ထားသည်ထက် ပိုမြန်နေသည်။ သာမန် စွမ်းအင် အခြေအနေ အောက်တွင် ၎င်းက သာမန် တိုင်းပြည် အဆင့် ပုဂ္ဂိုလ် တစ်ယောက်ထက် ပိုမြန်သည်။
ထိုကဲ့သို့ ကြီးမားလှသော ပုံစံက ထိုသို့ အမြန်နှုန်းမျိုး ရှိနေသည်မှာ ယုံရခက်ခဲပေ။
ထိုအမြန်နှုန်းက ရွေ့ပြောင်းခြင်းလို မမြန်သော်လည်း ကြယ်မြို့က ပို၍ အစွမ်းထက်သော စွမ်းအား တစ်ခု ရှိနေခဲ့သည်။ ထိုအရာက နေရာလွတ် ခုန်ကူးခြင်းပင်။
ချန်လွေ့က ယာယီ ရေးထားသော ဂြိုဟ်တုမြေပုံ၊ ကြယ်မြေပုံကို ကြည့်လိုက်လေသည်။ ၎င်းတွင် အကွာအဝေး ခန့်မှန်းနိုင်ရန်အတွက် ထိန်းချုပ်ခန်းထဲ၌ ပြသထားသည်။ သူက နေရာလွတ် ခုန်ကူးခြင်းကို တောင်ဘက်သို့ ရွှေ့လိုက်သည်။
သူ၏ ပန်းတိုင်က စည်းမျဉ်း စွမ်းအင် လက်နက်ကို စမ်းသပ်ရန် အသင့်တော်ဆုံး နေရာဖြစ်သော ပင်လယ်သေပင်။ နေရာလွတ် ခုန်ကူးစဉ် အတွင်း ကြယ်မြို့ထဲ၌ ထူးဆန်းသော တုန်ခါမှု တစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း ထိုတုန်ခါမှုက ကြီးကြီးမားမား သက်ရောက်မှုမျိုး မဖြစ်ခဲ့ပေ။
ခဏကြာ ပြသမှုမျက်နှာပြင်တွင် လရောင်အောက် ကျယ်ပြောလှသော ပင်လယ်ပြင်ကို မြင်ခဲ့ရသည်။ ပင်လယ်ရေက ကမ်းစပ်ကို ရိုက်ခတ် နေပြီး ထူးဆန်းသော စည်းချက်တစ်ခု ထွက်ပေါ်နေခဲ့သည်။
သူက ပင်လယ်သေ၏ အစွန်းသို့ ရောက်ရှိခဲ့သည်မှာ အသေအချာပင်။
နေရာလွတ် ခုန်ကူးခြင်းက အတော်လေးကို အံ့ဩဖွယ်ရာ ကောင်းလှသည်။ ၎င်းက အန္တရာယ်လည်း ရှိပေသည်။ အဟန့်အတားများ စွန့်စားမှုများ မရှိလျှင်ပင် အထူး တစ်နေရာကို ရရှိရန် လိုအပ်ပြီး ထိုသို့ ကြီးမားသော စစ်သသေင်္ဘာ၏ စွမ်းအင်သုံးစွဲမှုက အတော်လေးကို ကြီးမားလှပေသည်။
ချန်လွေ့က ကြယ်မြို့ကို ထိန်းချုပ်ကာ ကျတ်တီးပြီး လူသူ ကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်ကို ချိန်လိုက်ကာ အမြှောက်ကြီး သုံးလက်ထဲမှ တစ်ခု ဖြစ်သော [ချေမှုန်းခြင်း]ကို ပစ်လွှတ်လိုက်၏။
အလင်းရောင် ဖျော့ဖျော့လေး တစ်ခု တောက်ပသွား၏။ ထိုကျွန်းက ထင်ထားသလို မကွဲကြေ သွားခဲ့ပေ။ သို့သော်လည်း အလင်းအဆုံးနားတွင် အလွန်ကြီးမားသော တွင်းနက်တစ်ခု ပေါ်လာပြီး ပတ်ပတ်လည်မှ အရာ အားလုံးကို ဝါးမျိုလိုက်လေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စုပ်ယူမှုကြောင့် ကျွန်းနှင့် ပင်လယ်ရေ တို့က စုတ်ပြဲသွားခဲ့သည်။
ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ ဒါက ဒီလို တိုက်ခိုက်မှုမျိုး ရှိနေတာပဲ။ ဒါက [ကြယ်ဝါးမြိုခြင်း]ရဲ့ အဆင့်မြင့် ဗားရှင်းပဲ။