သတိပေးချက်
Vol. 66 Ch. 1067
ကြက်သွေးရောင်...
သူ၏ ခေါင်းပေါ်မှ အနက်ရောင် တိမ်တိုက်က ကြက်သွေးရောင် ပြောင်းသွားပြီး ကောင်းကင်တစ်ခုလုံး အဆုံးမဲ့ လွှမ်းနေ၏။ ကောင်းကင် သာမက ပင်လယ်ရေပင် နီရဲသွားခဲ့ပြီး ဆူပွက်နေသလို ကျစ်ကျစ်တောက် အပူများ ထုတ်လွှတ် နေခဲ့သည်။ လေထုကလည်း မွန်းကျပ်သော အငွေ့အသက်များ ပြည့်နှက်နေ၏။
“ဒါက ကျုပ်တို့ရဲ့ ပန်းတိုင်လား။”
ချန်လွေ့က အနည်းငယ် ထိတ်လန့် နေပုံရသော ရေဒြပ်စင် ဘုရင် လန်ဘို့စ်ကို မေးလိုက်သည်။
“ဟုတ်တယ်။”
လန်ဘို့စ်က သတိ ပြန်ဝင်လာပြီး သူ၏ မျက်လုံးထဲမှ အံ့အားသင့်မှုက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
“ဒါပေမဲ့ ငါ အရင်က ခန့်မှန်းတာ မှားခဲ့တယ်။ အဲဒီတုန်းက ငါ မှားခဲ့တယ်...”
လန်ဘို့စ်၏ မျက်နှာပေါ်၌ လေးနက်သော အမူအရာ တစ်ခုကို မြင်ရသည်မှာ ချန်လွေ့ အတွက် ရှားပေသည်။ သူက မေးလိုက်သည် ။
“ဘာဖြစ်လို့လဲ။”
“ရေဒြပ်စင်တွေ အပြောင်းအလဲပဲ မဟုတ်ဘူး ဒီပင်လယ်ပြင်မှာ ရှိတဲ့ အန္တရာယ် အဆင့်က အရင်တုန်းက ငါ ထင်ထားတာထက် ပိုပြီး ကြီးမား နေမယ်လို့ မထင်ထားခဲ့ဘူး။”
လန်ဘို့စ်က လေးနက်စွာ ပြောလိုက်သည်။
“မင်းရဲ့ မိတ်ဆွေတွေက ဒီမှာ တကယ်ပဲ ပိတ်မိနေတယ် ဆိုရင် သူတို့က အခြေအနေ မကောင်းဘူး။ ငါတို့ အခု ထွက်သွားမယ် ဆိုရင် သိပ်ပြီးတော့ နောက်မကျသေးဘူး။ မဟုတ်ရင် မင်းပါ ဒီမှာ ပိတ်မိ နေလိမ့်မယ်။”
“ကျုပ်က သူတို့ကို ရှာဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ တခြား ရွေးချယ်မှု လုပ်တော့မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ မိတ်ဆွေ တစ်ယောက်က အသက်ရှင်ရက် ရှိနေတယ် ဆိုတာကို အာရုံခံမိတယ်။ ပြီးတော့ ကျုပ် သူ့ကို စွန့်ပစ်မှာ မဟုတ်ဘူး။”
ချန်လွေ့က လန်ဘို့စ်ကို ကြည့်လိုက်သည်။
“စိတ်ထင်တာလား မသိဘူး။ ဒီမှာ အရှင်မင်းကြီးအတွက် အန္တရာယ်က ပိုများတယ် ။ဒါပေမဲ့ အရှင်မင်းကြီးက ထွက်သွားချင်တဲ့ပုံ မပေါ်ဘူး။”
“အခု ငါ မျှော်လင့်တာက လွန်ကဲတဲ့ မျှော်လင့်မှုပဲ။ အဲ့ဒါက စိတ်ထင်တာလား။ ငါ ခံစားမိတာ မှားပါစေလို့ မျှော်လင့်ပါတယ်။”
လန်ဘို့စ်က မငြင်းပေ။
“ဒါက ငါ မင်းကို မင်းရဲ့ မိတ်ဆွေတွေ ရှာဖို့အတွက် အဖော် လိုက်ပေးတာ မဟုတ်ဘူး။ ငါ ကိုယ်တိုင်က ဒီပင်လယ်ပြင်မှာ ရှိတဲ့ တကယ့် လျှို့ဝှက်ချက်တွေကို အဖြေ ရှာရမယ်။”
“ဒါဆိုလည်း အတူတူ သွားကြတာပေါ့။” ချန်လွေ့က ခေါင်းညိတ်လိုက်သည်။
ထိုနေရာမှ ပတ်ဝန်းကျင်က အပြင် နယ်မြေနှင့် လုံးဝ ကွဲပြားနေသည်။ ပင်လယ်က ထူးဆန်းသော စွမ်းအင်များနှင့် ထိန်းချုပ်မရသော သောင်းကျန်းသည့် ရေဒြပ်စင်များ ပါဝင်နေပြီး ချော်ရည်ထက်ပင် ပို၍ ကြောက်စရာ ကောင်းလှသည်။ ထို့အပြင် ပင်လယ် ကြမ်းပြင်သို့ ဆင်းသွားရန် မပြောနှင့်၊ ရေပြင် အပေါ်၌ပင် ပြင်းထန်လှသော တိုက်ခိုက်မှုများကို ခံနေရသည်။ ထိုစဉ် ကောင်းကင်က ပို၍ပင် အန္တရာယ် ရှိလာ၏။ တိမ်တိုက်များမှ ထွက်ပေါ်လာနေသော အနီရောင်က ခန့်မှန်းမရသော ကျောင်ဆောင်များ ကဲ့သို့ပင် ကြောက်စရာ စွမ်းအင်များ ထုတ်လွှတ်နေခဲ့သည်။ အနည်းငယ် သတိလွတ်သွားသည်နှင့် အန္တရာယ်များကို တစ်ဆက်တည်း ဖြစ်လာစေနိုင်သည်။ ပိုမြင့်လေလေ အန္တရာယ် ပိုများလေလေ ဖြစ်သည်။
ထို့ကြောင့် ရေသင်္ဘောက ဝန်လက်ငှက် နှင့် ငါးပုံစံသို့ မပြောင်းခဲ့ပေ။ ထိုအရာက သွယ်လျသော ပုံရိပ်တစ်ခု ဖြစ်သည်။ အထင်ရှားဆုံးမှာ ခြေထောက်ပင် ဖြစ်သည်။ ၎င်းတို့က အတော်လေး ရှည်လျားလှပြီး အထူးသဖြင့် အလယ်နှင့် အနောက်ပိုင်း ခြေထောက်များပင် ဖြစ်သည်။ ထိုအရာများက ပင့်ကူများကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းက ပင်လယ်ပေါ်သို့ ဆင်းသက်လိုက်ရာ သေးငယ်သော လှိုင်းတွန့် စက်ဝိုင်းများ ဖြစ်စေခဲ့ သော်လည်း ပင်လယ်ရေများကို ထိပုံမရပေ။ ၎င်းက ရှေ့သို့ အသာလေး သွားလိုက်သောအခါ မီတာ ဒါဇင်ခန့်သို့ လျှောတိုက် သွားခဲ့သည်။
ချန်လွေ့က ထိုကဲ့သို့ ပိုးကောင်မျိုးကို ကလေးဘဝတုန်းက ရေကန်ဘေးနားတွင် မြင်ခဲ့ကြောင်း ရုတ်တရက် သတိရလိုက်သည်။ ဒေသအခေါ်မှာ ရေပင့်ကူ ဖြစ်သည်။ သူ အသက်ကြီးလာစဉ်၌ တကယ့် ရေပင့်ကူက နောက်ထပ် ပိုးမွှား တစ်ကောင် ဖြစ်ပြီး ရေပိုးကောင်ဟု ခေါ်လေသည်။ ထိုလောကသို့ ကူးပြောင်းပြီးနောက်တွင် သူက ဆင်တူသော ပိုးကောင်များကို မြင်ခဲ့ရသော်လည်း သတိမထားမိခဲ့ပေ။
ယခု လန်ဘို့စ် အသက်သွင်း လိုက်သော ရေသင်္ဘော အသွင်ကို မြင်လိုက် ရသောအခါ သူက သက်ပြင်းချလိုက်မိသည်။
ယခုက ထိုသို့ နိယာမများကို လေ့လာရန် အချိန် မဟုတ်ပေ။ ချန်လွေ့၏ အာရုံစိုက်မှုက ကြက်သီး ထစရာ ပင်လယ်ပြင်ကိုပင် ဖြစ်သည်။ ရေသင်္ဘော ခဏတာ လျှောတိုက် သွားပြီး လေထဲမှ မွန်းကျပ်မှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူတို့က တဖြည်းဖြည်းနှင့် ပင်လယ်ပြင်ထဲရှိ စွမ်းအင်တစ်ခုဆီသို့ ချဉ်းကပ်လာ၏။
ရှေ့မှ ပင်လယ်က အပြင်းအထန် ဆူပွက်လာပုံရသည်။ ရေငွေ့များက အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ရေစီးကြောင်းများက ဆက်မပြတ် ပေါက်ကွဲထွက်ကာ ရေသင်္ဘောသို့ အမြန် ရောက်ရှိလာခဲ့သည်။ သေချာ ကြည့်လျှင် ၎င်းက ရေစီးကြောင်း မဟုတ်ပေ။ ၎င်းက အပေါ်ယံ၌ မြူနှင်း တစ်ခုကဲ့သို့ ဖြစ်နေပြီး အတွင်းထဲ၌ သွေးရောင် အလင်းနှစ်ခု ဖြစ်နေသည်။ အမြီးကဲ့သို့ ရှည်လျားသော လမ်းကြောင်း တစ်ခုက မြူထဲမှ ဆန့်တန်း လာခဲ့သည်။ လန်ဘို့စ်က အလိုလိုပင် အန္တရာယ်ရှိသော နိမိတ် တစ်ခုကို ခံစားလိုက်ရသည်။ အထူးသဖြင့် သာမန် နတ်ဆိုး အရှင်သခင် အဆင့်ကို ကျော်လွန်နေသော အထူး စွမ်းရည်များ ရှိသည့် ရေဒြပ်စင်ဘုရင် ဖြစ်စေကာမူ ထိုစွမ်းအင်ဖြင့် ထိလိုက်ပါက ချက်ချင်း ပြိုလဲပြီး သေဆုံးသွားမည် ဖြစ်ကြောင်း ရေဒြပ်စင် နှလုံးသားက သူ့ကို ပြောနေခဲ့သည်။
မျိုးနွယ်စု - သွေးဝိညာဉ်
စွမ်းအားအကဲဖြတ်မှု - SS
ခန္ဓာအမျိုးအစား - SS
ခွန်အား - SS
စိတ်ဝိညာဉ် - SS
အမြန်နှုန်း - SS
[ဂုဏ်သတ္တိ] - မသေနိုင်ခြင်း၊ ဝိညာဉ် လုယူခြင်း
အန္တရာယ်အဆင့် - နိမ့်ကျ။
ချန်လွေ့က ထိုအချက်များကို [သရုပ်ခွဲမျက်လုံး] မှတစ်ဆင့် မြင်ခဲ့ရသည်။ သူက လက်ဖျောက် တီးလိုက်ရာ ဝင်လာသော သွေးဝိညာဉ်ကို အလွယ်တကူပင် ကြေမွသွားစေသည်။ ခဏအကြာ အချက်အလက်များက အတော်လေး ပြင်းထန်သွားခဲ့ပြီး တစ်ခုစီ ပြသရန် မဖြစ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ ရေသင်္ဘောက သွေးဝိညာဉ်များဖြင့် အဘက်ဘက်မှ ဝိုင်းရံခံလိုက်ရသည်။
သူတို့အားလုံးက တိုင်းပြည်အဆင့် မဟုတ်ကြပေ။ နတ်ဆိုး အရှင်သခင် အဆင့်နှင့် နတ်ဆိုးဧကရာဇ် အဆင့် အများအပြား ရှိနေပြီး အရေ အတွက်က အတော်လေး များပြား၏။ ထိုဝိညာဉ်လုယူသော ဂုဏ်သတ္တိက စူပါစနစ်ကို အဆက်မပြတ် သတိပေးနေခဲ့ပြီး ထိုအရာက အသေအချာပင် ဝိညာဉ်ကို ကျူးကျော်သော ထူးဆန်းသည့် စွမ်းအင်တစ်ခု ဖြစ်လေသည်။
အတော်လေး စွမ်းအားကြီးသော သွေးဝိညာဉ်များ ဖြစ်လေသည်။ သူတို့က နတ်ဆိုးဘုံရှိ သာမန် နေရာများ၌ ဖြစ်နေမည် ဆိုလျှင် စိတ်ကူး ကြည့်၍ပင် မရနိုင်ပေ။ ချန်လွေ့၏ အမြင်အရ ဆိုလျှင် ကြောက်မက်ဖွယ် မိုးပျံနယ်မြေသာ ၎င်းနှင့်ယှဉ်နိုင်၏။ ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်က မည်သို့ ဖြစ်ကြောင်းကို အတိအကျ မည်သူ သိနိုင်မည်နည်း။
သွေးဝိညာဉ် တစ်ကောင်တည်းက နတ်ဘုရား တစ်ပိုင်း အဆင့် အထွတ်အထိပ် ဖြစ်သော ချန်လွေ့ အတွက် အန္တရာယ် မရှိလှပေ။ တိုင်းပြည်အဆင့်၌ပင် အန္တရာယ် အဆင့်က မမြင့်ပေ။ သို့သော်လည်း ရှေ့တွင် သွေးဝိညာဉ် အများအပြား ရှိနေပြီး သူ့ဘေးနားတွင် ရေဒြပ်စင် ဘုရင်လည်း ရှိနေသည်။ ထို့ကြောင့် ချန်လွေ့က သတိထားရမည် ဖြစ်သည်။
ချန်လွေ့က လက်ကို ဖြည်းဖြည်း မြှောက်လိုက်ပြီး အေးစက်မှုများကို ထုတ်လွှတ်လိုက်သည်။ သူက [ဆောင်းပိုင်နက်]ကို တဖန် ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ သွေးဝိညာဉ်များက လေထဲ၌ အေးခဲ သွားခဲ့လေသည်။ ဆူပွက်နေသော ပင်လယ်က တဖြည်းဖြည်းချင်း တန့်သွား၏။ အေးခဲမှုက ရေသင်္ဘော ပတ်လည်တွင် စတင် ပျံ့နှံ့လာ၏။
ယခု တစ်ခေါက်တွင် ယခင် အပြင်ဘက်နှင့် မတူဘဲ ထူးခြားသော ခုခံမှုတစ်ခုကို ချန်လွေ့က သေသေ ချာချာ ခံစားလိုက်ရသည်။ [ဆောင်းပိုင်နက်]၏ အေးစက်မှု စွမ်းအားကြောင့် မီတာ ရာနှင့်ချီက အေးခဲသွားသော်လည်း ဆက်လက်၍ ဖြန့်ကျက်မရတော့ပေ။
ထိုအခြေအနေက အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတစ်ခု ရှိနေခြင်းပင်။
သောင်းကျန်းသော စွမ်းအင်က အားကောင်းသထက် ကောင်းလာပြီး ရေခဲ မျက်နှာပြင်က အက်ကွဲမှုများ ဖြစ်လာခဲ့သည်။ ချန်လွေ့က မျက်မှောင် ကြုတ်လိုက်သည်။ သူက လက်ကို ဖြန့်လိုက်ပြီး ရုတ်တရက် လက်သီး ဆုပ်လိုက်ရာ အေးခဲ နေသော သွေးဝိညာဉ်များ အပါအဝင် အားလုံး ပေါက်ကွဲထွက် ကုန်သည်။
ပင်လယ်တစ်ခုလုံးက ကွက်လပ် ဖြစ်သွားသလို ဖြစ်သွားပြီးနောက် နောက်ထပ် အခိုက်အတန့်၌ ပတ်ဝန်းကျင်မှ ပင်လယ်ရေများ ပြန်ပြည့်သွားခဲ့သည်။
သို့သော်လည်း ပင်လယ်က ဆက်လက်၍ ဆူပွက်လာပြန်သည်။ အရေတွက်နိုင်သော သွေးဝိညာဉ်များ ပြန်ပေါ်လာပြီး သူတို့ကို ဝိုင်းရံ လိုက်ပြန်သည်။ ချန်လွေ့ မျက်မှောင် ကြုတ်လိုက်သည်။ မမျှော်လင့်ဘဲနှင့် [ဆောင်းပိုင်နက်]ပင် သွေးဝိညာဉ်များကို လုံးဝ မသုတ်သင် နိုင်ခဲ့ပေ။ သူ၏ ပတ်ပတ်လည်မှ အငွေ့အသက်များက ပြောင်းလဲ သွားပြန်သည်။ ဆူပွက်နေသော ပင်လယ်ရေထဲ၌ အားကောင်းသော အသက်ဓာတ်တစ်ခု ရှိနေသည်။
လန်ဘို့စ်ပင် ဆုံးရှုံးသွားခဲ့သော စွမ်းအင်များ အလျင်မြန် ပြန်ရလာ သည်ကို ခံစားလိုက် ရသည်။ သို့သော် ကြက်သွေးရောင် ဗဟိုရှိနေသော သွေးဝိညာဉ်များက အထူးစွမ်းအား တစ်ခုဖြင့် ရောနှောနေပြီး မူလ မျှခြေ ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။
တစ်ခုလုံးက ပေါက်ကွဲထွက်ပြီး ဗလာနတ္ထိ အဖြစ် ပြောင်းလဲသွား၏။ လန်ဘို့စ် တိတ်တဆိတ် အံ့အားသင့် သွားသည်။ ရေဒြပ်စင် ဘုရင်တစ်ပါး အနေနှင့် ထိုအရာက သာမန် ရေဒြပ်စင် သို့မဟုတ် လေဒြပ်စင် ကုသမှု မဟုတ်ဘဲ နောက်ထပ် အင်အားကြီး ဥပဒေသ စွမ်းအား တစ်ခုဖြစ်ကြောင်း ကောင်းကောင်း သိသည်။
“ဖန်တီးခြင်း...” လန်ဘို့စ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ဒီချန်လွေ့က တကယ်ပဲ ဖန်တီးခြင်းနှင့် ပျက်စီးခြင်း ဥပဒေသ စွမ်းအားတွေ ရှိနေတယ်။ ဒီလို ဥပဒေသ စွမ်းအားမျိုးကို ကြည့်ရမယ် ဆိုရင် ဒါက ဇစ်မြစ်နှင့် အတော်လေး နီးစပ်တယ်။
ဖန်တီးခြင်း စွမ်းအားနှင့် ပေါင်းစပ် ထားသော [နွေဦးပိုင်နက်]က ပို၍ အားကောင်းသော သွေးဝိညာဉ်များ အပေါ် ပိုအားကောင်းသော ပျက်စီးမှု စွမ်းအားများ သက်ရောက်စေနိုင်၏။ ထို့နောက် [နွေဦးပိုင်နက်]ဖြင့် နီးကပ် နေသော သွေးဝိညာဉ်များ တစ်ကောင်ပြီး တစ်ကောင် ပျောက်ကွယ်သွားကြသည်။
သို့သော်လည်း ထိုသွေးဝိညာဉ်များ၏ စွမ်းအားက အဆုံးမဲ့သလို ဖြစ်နေပြီး ပင်လယ်ထဲမှ အဆက်မပြတ် ပြန်မွေးဖွားနေကာ သူတို့ထံ အပြေး လာကြသည်။ ချန်လွေ့၏ [နွေဦးပိုင်နက်]က ကြီးစိုး လွန်းလှသော်လည်း ပြိုင်ဘက်၏ အထိခိုက်ကို ဂရုမစိုက်ဘဲ အရူးအမူး တိုက်ခိုက်မှုများက သူ၏ စွမ်းအားကို တဖြည်းဖြည်းချင်း ကုန်ဆုံးစေသည်။ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူက နောက်ဆုံးတွင် အားအင် ကုန်ခမ်းသွားမည် ဖြစ်သည်။
“ငါတို့တွေ ထူးခြားတဲ့ တိုင်းပြည် တစ်ခုခုထဲ ရောက်သွားတာ ဖြစ်မယ်။ အရင်းအမြစ်ကို အနိုင်မယူနိုင်ဘူး ဆိုရင် ဒီကောင်တွေက အဆုံးမရှိ ဆက်ပြီးတော့ မွေးဖွားနေဦးမှာပဲ။”
လန်ဘို့စ်က အဓိက သော့ချက်ကို မြင်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ငါထင်တာ မမှားဘူး ဆိုရင် အရင်းအမြစ်က အဲဒီမှာ ရှိတာပဲ။”
ချန်လွေ့က ရေဒြပ်စင်ဘုရင် အကြည့် နောက်ကို လိုက်ကြည့် လိုက်သည်။ သူက အဆုံးမဲ့ အနီရောင် တိမ်တိုက်ကို ကြည့်ပြီး ပင့်သက်ရှိုက် လိုက်သည်။ “သဘောပေါက်ပြီ။”
ထိုသို့ ပြောပြီးနောက် သူ၏ ပုံရိပ်က လေထဲ၌ ပေါ်ထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်က ပြင်းထန်သော အငွေ့အသက် လွှမ်းခြုံနေခဲ့သည်။ ထို့နောက် မရေမတွက် နိုင်သော လေများနှင့် အလွန်ကြီးမားသော မီးသင့်နဂါးများ ပျံသန်းလာခဲ့သည်။ စုစည်းထားသော စွမ်းအင်များက နဂါးဟိန်းသံနှင့် ထွက်ပေါ်လာပြီး ကြက်သွေးရောင် တိမ်တိုက်များသို့ ပျံတက်သွားခဲ့သည်။
[မီးသင့်နဂါးဟိန်းသံ]
ထို[မီးသင့်နဂါးဟိန်းသံ] တိုက်ကွက်က သန့်စင်ပြီး အင်အားကြီးသော ပျက်စီးခြင်း ဥပဒေသ စွမ်းအားကို သယ်ဆောင် ထားသည်။ ၎င်းက အကွာအဝေးနှင့် နေရာလွတ်ကို ဖြတ်သွားပြီး တိမ်တိုက်နီများဆီသို့ တည့်တည့် ရောက်ရှိသွားသည်။
ချန်လွေ့ မျက်မှောင်ကြုတ် လိုက်သည်။ မီးသင့်နဂါးများက ကြက်သွေးရောင် တိမ်တိုက်များကို ချဉ်းကပ်သွားသောအခါ ကြီးမားသော ထိခိုက်မှုက ကြက်သွေးရောင်များကို အနည်းငယ်မျှပင် မလှုပ်စေခဲ့ပေ။ ထိုအရာက ကျောက်ပြား တစ်ခု ဖြစ်နေသကဲ့သို့ပင်။
ထို့နောက်တွင် မီးသင့်နဂါးများက မျက်စိတစ်မှိတ်အတွင်း အလျင်အမြန် မှိန်ပျပြီး ပျောက်ကွယ်သွားခဲ့သည်။
လန်ဘို့စ် သက်ပြင်းချလိုက်သည်။ ခုန မီးသင့်နဂါးဟိန်းသံက နတ်ဘုရား တစ်ပိုင်းအဆင့်၌ အစွမ်းထက်ဆုံး တိုက်ခိုက်မှုနှင့် ညီမျှသော်လည်း ကြက်သွေးရောင် တိမ်တိုက်များကို မလှုပ်ရှားနိုင်စေခဲ့ပေ။
“ကံဆိုးချင်တော့ ငါ့ရဲ့ အထင်က မှန်တဲ့ပုံပဲ။ ဒီကနေ ဖောက်ထွက်ဖို့က မဖြစ်နိုင်ဘူး။ ရေသင်္ဘောနောက်ကို လိုက်ပြီးတော့ ပြေးတော့။ ငါမင်းကို ကာကွယ်ထားပေးမယ်။ “
ချန်လွေ့က လန်ဘို့စ်ကို မထင်ထားဘဲ ကြည့်လိုက်သည်။ ရေဒြပ်စင်ဘုရင်က ခေါင်းခါပြီး ပြုံးလိုက်သည်။
“ငါက မိုးရီ မဟုတ်ဘူး။ ငါတို့ရဲ့ ရင်းနှီးမှုက သေခြင်းရှင်ခြင်း အဆင့် အထိ မရောက်သေးဘူး။ ဒါပေမဲ့ ဒီအခြေအနေက အတော်လေး အရေးကြီးတယ်။ တစ်ယောက်တည်း ငါက ကိုယ့်ကိုယ်ကို အားကိုးပြီးတော့ မထွက်ပြေးနိုင်ဘူး။ ဒီနေ့ ဒီနေရာကို ရှာတွေ့တာက အတော်လေးကို အရေးပါတယ်။ မင်း လွတ်နိုင်မယ် ဆိုရင် ဒီအကြောင်း မိုးရီကို ချက်ချင်း ပြောပြလိုက်။ သူ နားလည်လိမ့်မယ်။”
ချန်လွေ့က လက်ကို ဝှေ့ယမ်းပြီး လန်ဘို့စ် အနား ချဉ်းကပ်လာသော သွေးဝိညာဉ်များကို အနိုင်ယူကာ ခေါင်းခါလိုက်သည်။
“မျှော်လင့်ချက် မဲ့ရမယ့် အချိန် မရောက်သေးပါဘူး။
“ရန်သူရဲ့ စွမ်းအားက နတ်ဘုရား တစ်ပိုင်း အဆင့်ထက်ကို ကျော်နေပြီ။”
လန်ဘို့စ်က တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်း လေပေါ်သို့ တက်သွားခဲ့သည်။
“ဒြပ်စင်တွေ အတွက် သေခြင်းက တည်ရှိမှု နောက်ထပ်ပုံစံတစ်ခုမျိုးပဲ ဆိုတာကို မင်း သိလောက်မှာပါ။ ပြီးတော့ ဒြပ်စင်ဘုရင်က တကယ်မှ မသေတာ။ ၃၊ ၄နှစ် ကြာပြီးရင် ဒြပ်စင်ဘုရင် တစ်ပါး အသစ် ဖြစ်လာမှာပဲ။ သေခြင်း ရှင်ခြင်းနှင့် ယှဉ်မယ်ဆို ဒီနေ့ မြင်ခဲ့ ကြားခဲ့တာကို ပြောပြနိုင်ဖို့က အရေးကြီးတယ်။ ဖြစ်နိုင်မယ် ဆိုရင် ရေဒြပ်စင် ဇစ်မြစ်ကို နောက်ထပ် ရေဒြပ်စင် ဘုရင်ဆီပေးဖို့ မျှော်လင့်တယ်။”
“နတ်ဘုရား တစ်ပိုင်း အဆင့် စွမ်းအားက ဒီမှာ တကယ် သက်ရောက်မှု မရှိတော့ဘူးပဲ။”
ချန်လွေ့က ခြေထောက်အောက်မှ ရေသင်္ဘောကို မကြည့်ခဲ့ပေ။ သူက ကောင်းကင်ကိုသာ မော့ကြည့်နေ၏။
“လန်ဘို့စ်... ခင်ဗျားက ဘယ်လို ထင်သလဲ မသိဘူး။ ကျုပ်မှာလည်း အထင်တစ်ခု ရှိတယ်။ ကျုပ်က အသိဟောင်း တစ်ယောက်နှင့် ပြန်ဆုံမယ်လို့ ခံစား နေရတယ်။ ဒီလောက် မြန်မြန် ပြန်ဆုံရမယ်လို့ မထင်ထားခဲ့ဘူး။ အသိဟောင်း နှစ်ယောက်လား၊ တတိယမြောက် မိတ်ဆွေအသစ်လား ဆိုတာကို ကြည့်ရတာပေါ့။”
ရေဒြပ်စင်ဘုရင်က စကားပြောရန် ပြင်လိုက်စဉ် ချန်လွေ့၏ ခန္ဓာကိုယ်မှ ထိတ်လန့် ဖွယ်ရာ အငွေ့အသက် တစ်ခုကို ထုတ်လွှတ်လိုက်ကြောင်း ဒြပ်စင်နှလုံးသားက ရုတ်တရက် ခံစားလိုက်ရသည်။ ထိုအရာက မူလ နတ်ဘုရား တစ်ပိုင်း အဆင့်ကို ချက်ချင်း ကျော်လွန်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ အမြင်က တောက်ပသော ခရမ်းရောင် အလင်းများ ပြည့်နှက်သွားခဲ့သည်။
ထိုကြယ်ရောင်များ ရှိနေသော ပုံရိပ်ထဲမှ အသံတိုးတိုးလေး တစ်သံ ထွက်လာခဲ့သည်။
“[မီးလိုကျူးကျော်]”
ဒြပ်စင်နှလုံးသား၏ အမြင်အာရုံ၌ ပျက်စီးခြင်း ဥပဒေသ စွမ်းအားက ဖော်ပြ၍ မရသော ပေါင်းစည်းမှု တစ်ခုအဖြစ် အသွင်ပြောင်းသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက ဒြပ်စင်နှလုံးသား လိုက်မှီနိုင်သော အဆင့်ထက်ကို ကျော်သွားသည်။
မဟုတ်ဘူး။ ဒါက ဥပဒေသ မဟုတ်တော့ဘူး။
လန်ဘို့စ် သိမ့်သိမ့်တုန်သွား၏။ “ဒါက အရှိန်အဟုန်ပဲ။”
ကြယ်အလင်းထဲ ကြက်သွေးရောင် အလင်းတစ်ခုက ကောင်းကင်ဆီသို့ တည့်တည့် တက်သွားခဲ့သည်။
အံ့အားဖွယ်ရာ အရှိန်အဟုန်နှင့် ထူးခြားဆန်းပြားသော အရှိန်များ မရှိနေခဲ့ပေ။ ထိုအရာက ရိုးရိုးရှင်းရှင်း တိုက်ခိုက်မှု တစ်ခုသာ ဖြစ်ပြီး အနားမကပ်ခင်မှာပင် ဖယ်ရှား၍ မရနိုင်သော ကျောက်တုံး ကဲ့သို့ ကြက်သွေးရောင် တိမ်တိုက်များက အလျင်အမြန်ပင် လှိမ့်သွားခဲ့သည်။
အနီရောင်အလင်းက ကြက်သွေးရောင် တိမ်တိုက်များကို ဖောက်ထွင်းသွားခဲ့သည်။ လန်ဘို့စ်က ကောင်းကင်မှ တစ်ခုခု ကွဲကြေ သွားသော အသံကို ကြားလိုက်၏။ ပေါက်ကွဲမှုများနှင့် ဝဲဂတော့များက ဆူပွက်နေသော ပင်လယ်ရေထဲ၌ အဆက်မပြတ် ထွက်ပေါ်လာသည်။ သွေးဝိညာဉ်များက အချင်းချင်း ခေါင်းမပါသော ယင်ကောင်များကဲ့သို့ အချင်းချင်း တိုက်မိကုန်ပြီးနောက် ပင်လယ်ပြင် တစ်ခုလုံး တုန်ခါ သွားသည်။
ပင်လယ်ပြင် တုန်ခါ သွားခြင်းက သာမန် ဆူနာမီ တစ်ခုထက် ကျော်လွန် နေခဲ့သည်။ ရေဒြပ်စင် ဘုရင်က သူ၏ အမြင်က ယိုယွင်းသွားခဲ့ပြီး အရာအားလုံး ဝေဝါးသွားသလို ခံစားလိုက်ရသည်။ နေရာလွတ်ထဲ၌ နေရာရွှေ့မှုတစ်ခုခု ဖြစ်ခဲ့ကြောင်းကို သူ၏ ဒြပ်စင် နှလုံးသားကသာ အာရုံခံနိုင်ခဲ့သည်။
လန်ဘို့စ်၏ အမြင် ပြန်ရလာ သောအခါ ပတ်ဝန်းကျင် မြင်ကွင်းက ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ မွန်းကျပ်ခြင်းနှင့် ဖိနှိပ်သော အားအင်တို့က သူ၏ မျက်နှာဆီသို့ အမြန် ရောက်လာ၏။
အဆုံးမဲ့ ပင်လယ်နှင့် ကောင်းကင် မရှိတော့ပေ။ သွားပုံစံ ကျွန်းနှစ်ခုကို အဝေးတွင် တွေ့နေရပြီး ၎င်းတို့က တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် ဖြစ်နေခဲ့သည်။
ကောင်းကင်တွင် ကြက်သွေးရောင် တိမ်တိုက်များ ထူထပ်နေဆဲ ဖြစ်သော်လည်း အတော်ကြာ မပိတ်နိုင်တော့သော အပေါက် တစ်ခု ရှိနေသည်။ ၎င်းကို ခုနက တိုက်ခိုက်မှုက ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
သူတို့ နှစ်ယောက်ကို တကယ့် ပန်းတိုင်သို့ ရောက်ရှိ ခေါ်ဆောင် လာခဲ့ခြင်းက ထိုတိုက်ခိုက်မှုသာ ဖြစ်လေသည်။
လန်ဘို့စ်က ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးချေ။ သူက ကျွန်း နှစ်ကျွန်း၏ တည်ရှိမှုကို ရေဒြပ်စင် များထံမှ အာရုံခံမိခဲ့ခြင်းသာ ဖြစ်၏။
လေထဲမှ တလက်လက်ဖြစ်သော အလင်းရောင်များက အရောင် ဖျော့ဖျော့ တောက်ပနေသော ချပ်ကာ တစ်ခုအဖြစ် စုစည်း သွားခဲ့သည်။ ချပ်ကာ ပိုင်ရှင်က သူ့ဘေးနားသို့ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။
ချန်လွေ့ အပေါ် လန်ဘို့စ်၏ အကြည့်က ပြောင်းလဲသွားခဲ့သည်။
ခုနက အခြေအနေမှာ နတ်ဘုရား တစ်ပိုင်း စွမ်းအားက သေချာပေါက် နေရာလွတ်ကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။ ဒါက တကယ့် အရှိန်အဝါပဲ။ ချန်လွေ့က နတ်ဘုရား တစ်ပိုင်း မဟုတ်ဘဲနှင့် နတ်ဘုရား-ယောင်အဆင့် ရောက်နေတာကိုး။
နတ်ဘုရား-ယောင်က ဒီလောကမှာ အထွတ်အထိပ် တည်ရှိမှုပဲ။ အရည်အချင်းအရ ဆိုရင် နတ်ဘုရား-ယောင်က နတ်ဘုရား အဆင့်ကို ချဉ်းကပ်ဖို့ အတွက် စွမ်းရည် ရှိတယ်။
မြေဒြပ်စင် ဘုရင် ပြောခဲ့တဲ့ အတိုင်းပဲ။ ဒါက နတ်ဘုရား-ယောင် တစ်ပါးရဲ့ ဆက်ခံသူပဲ။ အမွေအနှစ် ဆက်ခံတဲ့ အမြန်နှုန်းက ဒီလောက် မြန်မယ်လို့ ငါ မထင်ထားခဲ့ဘူး။
ပြီးတော့ သူက နတ်ဘုရား-ယောင်အဆင့် ကနဦးပိုင်းတောင် မဟုတ်ဘူး။ ကြက်သွေးရောင် တိမ်တိုက်တွေကို ဖောက်ထွင်း လိုက်တဲ့ တိုက်ခိုက်မှုကို ကြည့်ရတာ သူက နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်းကို ရောက်နေပြီ။
သို့သော်လည်း ယခု လန်ဘို့စ်က ချန်လွေ့၏ စွမ်းအား အကြောင်းကို တွေးရန် စိတ်ကူးမရှိပေ။ သူက ခြေထောက်ကို ကြည့်နေခဲ့သည်။
အောက်ဘက်တွင် ပင်လယ်ရေ ရှိနေလေသည်။ ဆူပွက်နေသော ပင်လယ်ရေပင်။
သို့သော်လည်း ထိုအရာက သာမန် ရေမဟုတ်ဘဲ အပူချိန် မြင့်မား လှသော ချော်ရည်များ ဖြစ်နေသည်။ ချစ်ချစ်တောက် နီရဲ နေသော ရေစီးကြောင်းများက အန္တရာယ် များသော ပျက်စီးခြင်း အငွေ့အသက်များ ပြည့်နှက်နေ၏။
ကျွန်းနှင့် နီးကပ်သော ရေစီးကြောင်းများ ထဲတွင် ရောင်ပြန် ဟပ်နေသော သလင်းကျောက်များ ရှိနေခဲ့သည်။ အနီးကပ် ကြည့်မည် ဆိုလျှင် ထိုအရာများက ပန်းပွင့် ကဲ့သို့သော အရာများ ဖြစ်လေသည်။ ၎င်းတို့က သတ္တုကိုပင် အရည်ပျော် စေနိုင်သော ကြောက်မက်ဖွယ်ရာ ရေစီးကြောင်းထဲ၌ ပေါလောပေါ် နေခဲ့သည်။ ၎င်းတို့က ထိုနေရာ၌ ရှင်သန်ကြီးထွား နေသကဲ့သို့ပင်။