မျှော်လင့်ချက်မဲ့ခြင်း အဓိကယဇ်ပလ္လင်
Vol. 66 Ch. 1068
“တစ်ခါတလေ ကိုယ့်ရဲ့ အထင် မှန်နေတာက ကောင်းတဲ့အရာတော့ မဟုတ်ဘူး။” ချန်လွေ့က အဝေးရှိ ပင်လယ်ထဲမှ ပုံမှန်မဟုတ်သည်ကို တွေ့လိုက်ရသည်။ “ပျော်ရမလား၊ သက်ပြင်းချရမလား မသိတော့ဘူး။ ဒီလိုနေရာမျိုးမှာ ‘မိတ်ဆွေဟောင်း’တစ်ယောက်နဲ့ မကြာခင် ပြန်တွေ့တော့မယ်။”
“မင်း ဒီလိုစွမ်းအားမျိုးကို အရင်က ကြုံတွေ့ဖူးတာလား။” လန်ဘို့စ်က ချန်လွေ့ကို တစ်ချက် ကြည့်လိုက်၏။
ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ဒါက ပထမဆုံး အကြိမ် မဟုတ်ဘူး။ ကျုပ် အတွက်တင် မကဘူး။ ကျုပ် အမွေ ဆက်ခံခဲ့တဲ့ အင်အားစုအတွက်လည်း အတူတူပဲ။ သူတို့ အားလုံးက ‘မိတ်ဆွေဟောင်း’တွေပဲ။ အရှင်က အသူရာချောက်နက် နဲ့ ပတ်သက်ပြီး အတော်လေး ထိလွယ် ရှလွယ် ဖြစ်နေတာကို ခံစားမိတယ်။”
လန်ဘို့စ် ရုတ်တရက် သတိရ သွားသည်။ ချန်လွေ့က ရှေးအဂ္ဂိရတ် အဖွဲ့အစည်းသည် ‘ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုကြောင့် ဖျက်ဆီးခံခဲ့’ရကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်။ သူ၏ စိတ်ထဲမှ သံသယအချို့ ပျောက်ကွယ်သွားပြီး ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ဒါက တားမြစ် အင်အားစုပဲ။ ဒါက အဲဒီစွမ်းအားကို အများဆုံး ထုတ်တဲ့ နေရာပဲ။ ဒါကို အဓိကယဇ်ပလ္လင်လို့ ခေါ်လို့ရတယ်။”
“အဓိကယဇ်ပလ္လင်!” ချန်လွေ့ လန့်သွားခဲ့သည်။ သူက လူသား လောကတွင် အမုန်းတရားနှင့် အကြောက်တရား အဓိကယဇ်ပလ္လင် နှစ်ခုသို့ ရောက်ခဲ့ဖူး၏။ နတ်ဆိုးဘုံ မှာလည်း အဓိကယဇ်ပလ္လင် ရှိမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အဓိက ယဇ်ပလ္လင် ဖြစ်တဲ့အတွက် အုပ်စိုးသူ သုံးပါးအတွက် သီးသန့် ဖြစ်ရမယ်။ ဒါက တတိယ အုပ်စိုးသူ မျှော်လင့်ချက်မဲ့ခြင်းရဲ့ အဓိက ယဇ်ပလ္လင် ဖြစ်လောက်တယ်။
“မင်း အဓိက ယဇ်ပလ္လင်အကြောင်း သိတာလား။” လန်ဘို့စ် အံ့အားသင့် သွားသည်။
“ကျုပ် ပြောခဲ့သလိုပဲ ကျုပ်က ‘သူတို့’နဲ့ မိတ်ဆွေဟောင်းတွေပါ။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ “သိပ်မကြာခင်တုန်းက လူသား လောကမှာ အဓိက ယဇ်ပလ္လင် နှစ်ခုကို ကျုပ်က ဖျက်ဆီးခဲ့တယ်။ နတ်သူငယ်မျိုးနွယ်စုမှာ ခီလီယာနာရဲ့အကြံအစည်ကိုလည်း ဖျက်ဆီးခဲ့တယ်။ အမုန်းတရား အရှင်သခင်ဖြစ်ဖြစ်၊ အကြောက်တရား အရှင်သခင် ဖြစ်ဖြစ် သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ ကျုပ်က လတ်ဆတ်နေမှာပဲ ဆိုတာ ယုံကြည်တယ်။ ဒီနေရာကတော့ ‘မျှော်လင့်ချက်မဲ့ခြင်း’ရမယ်။”
“မင်းက အမုန်းတရား နဲ့ အကြောက်တရားရဲ့ အဓိက ယဇ်ပလ္လင် နှစ်ခုကို တကယ်ပဲ ဖျက်ဆီးခဲ့တာလား!” လန်ဘို့စ်က နောက်တစ်ကြိမ် အံ့အားသင့်သွား ပြန်သည်။ အဓိက ယဇ်ပလ္လင်က အသူရာချောက်နက် အုပ်စိုးရှင်များ အတွက် မည်သည်ကို ဆိုလိုကြောင်း သူ ကောင်းကောင်း သိလေသည်။
“ကျုပ်က အကြောက်တရား အဓိက ယဇ်ပလ္လင်ကနေ မိုးရီရဲ့ မြေဇစ်မြစ်အပိုင်းအစကို ရခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က သိဒ္ဓိကျောင်းတော်ရဲ့ ကောင်းကင်တမန်ဖြစ်တဲ့ ရာဖယ်ရယ်ရဲ့ အကူအညီ ရခဲ့တာ။ အမုန်းတရား အဓိက ယဇ်ပလ္လင်ကိုတော့… ကျုပ်ကို ပေးခဲ့တဲ့ ရေဇစ်မြစ်စွမ်းအားကို အရှင် မှတ်မိသေးလား။”
“ဒါဆို မင်း ‘စကြဝဠာပျက်သုဉ်းခြင်း’ကို သုံးခဲ့တာပေါ့။” လန်ဘို့စ်က သဘောပေါက် သွားခဲ့သည်။
“အတိအကျပြောရရင်တော့ ‘စကြဝဠာပျက်သုဉ်းခြင်း’နဲ့ ရာဖယ်ရယ်ရဲ့ ‘အလင်းမိုးကြိုး တောက်ပ’ရယ်ပါ။” ချန်လွေ့က ကျယ်ပြောလှသော ပင်လယ်ပြင်ကို ကြည့်လိုက်သည်။ “အဓိကယဇ်ပလ္လင် နှစ်ခုက မြေအောက်မှာ ရှိတယ်။ အရိုးမျှော်စင်တွေနဲ့ ယဇ်ပလ္လင်လိုမျိုး အဆောက်အအုံတွေ ရှိတယ်။ ဒီ ‘မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်’နဲ့ အတော်လေးကို ကွာခြားနေတဲ့ပုံပဲ။”
“အရိုးမျှော်စင်။ မင်း တွေ့ခဲ့ရတဲ့ အဓိက ယဇ်ပလ္လင် နှစ်ခုက မူလပုံစံမှာ ရှိနေတာကိုး။ သူတို့က အချိန် အကြာကြီး မတည်ဆောက် ရသေးတာ ဒါမှမဟုတ် ဒီပုံစံကို တိုးမြှင့်ဖို့အတွက် အထူး ဓလေ့ ထုံးတမ်း တချို့ မလုပ်ရသေးတာ ဖြစ်နိုင်တယ်။” လန်ဘို့စ်၏ အကြည့် တဖြည်းဖြည်း လေးနက်လာသည်။ “ဒီဟာက အပြီးသတ်ပုံစံ အပြည့်အဝ မရောက်သေးရင်တောင် လုံး ဝနီးပါး ပြီးဆုံးနေပြီ။ မိုင်ရိုပင်လယ်နယ်မြေရဲ့ လျို့ဝှက် ဝင်္ကပါထဲမှာ ရေမျက်နှာပြင် ဒါမှမဟုတ် ပင်လယ်အောက်ခြေမှာ သက်ရှိသတ္တဝါတွေကို မတွေ့ရတာ မထူးဆန်းတော့ဘူး။”
“အရှင် ဆိုလိုတာက…”
“သက်ရှိသတ္တဝါတွေအားလုံးကို ပူဇော်ပသခဲ့တာပဲ။ ဒါ နဂိုက ပင်လယ်ဝေးရဲ့ တိုင်းပြည် တစ်ခု ဖြစ်လောက်တယ်။ ဧရာမ အသက် စွမ်းအားရှိတဲ့ ပင်လယ်နတ်ဆိုးသားရဲ အချို့က အုပ်ချုပ်ခဲ့တာ။ ဒါပေမဲ့ အခု အဲဒါအားလုံးက အသူရာချောက်နက် စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့ပြီ။” လန်ဘို့စ်က အဝေးက သွားပုံစံ ကျွန်းနှစ်ကျွန်းကို ကြည့်လိုက်၏။ “ကျွန်း နှစ်ခုလုံးက ပူဇော်ပသခဲ့တဲ့ အရိုးတွေကနေ စုစည်းသွားတာ ဖြစ်လောက်တယ်။ ဒါက မင်းပြောတဲ့ အရိုးမျှော်စင်ရဲ့အပြီးသတ်ပုံစံပဲ။”
ချန်လွေ့၏ နှလုံးသား တုန်လှုပ် သွားခဲ့သည်။ အဲဒီ ကျွန်းနှစ်ကျွန်းက တကယ်တော့ အရိုးတွေနဲ့ လုပ်ထားတာကိုး။ ဝိညာဉ်တွေ ဘယ်လောက်တာင် သေသွားခဲ့လဲ ဆိုတာကို စိတ်ကူးကြည့်လို့ ရတယ်။ ဒါနဲ့ နှိုင်းယှဉ်ရင် အမုန်းတရား နယ်မြေမှာ သေရွာပြန် ဘုရင်က အနီးအနားက နတ်ဆိုးသားရဲတွေကို မသေမျိုးတွေအဖြစ် ပြောင်းခဲ့တာက ဘာမှမဟုတ်တော့ဘူး။
ချန်လွေ့က ပင့်သက် ရှိုက်လိုက်၏။ “အဓိက ယဇ်ပလ္လင်ရဲ့ အပြီးသတ်ပုံစံ ပြီးသွားရင် ဘာဖြစ်မှာလဲ။”
“အုပ်စိုးသူက ချိပ်ပိတ်ကို ဖျက်ဆီးပြီးတော့ အသူရာချောက်နက် အဆုံးမဲ့စွမ်းအားနဲ့ ဒီလောကထဲကို တိုက်ရိုက် ဆင်းသက် လာလိမ့်မယ်။” လန်ဘို့စ် သွေးရောင်ကောင်းကင်ကို စိုက်ကြည့်နေသည်။ သူ ထိုစကားကို ပြောနေချိန်မှာ ချန်လွေ့ အရင်က ဖောက်ထွင်းခဲ့သော အပေါက်က ပြန်လည် ကောင်းမွန်လာခဲ့သည်။
“အုပ်စိုးသူရဲ့ မူလခန္ဓာကိုယ်လား။” ချန်လွေ့ လန့်သွားခဲ့သည်။ အဓိက ယဇ်ပလ္လင်ရဲ့ အဆုံးသတ် ပုံစံက ဒီလိုဖြစ်မယ်လို့ ငါ မထင်ထားခဲ့ဘူး! အိုလစ်ဖီးရက်စ်ကိစ္စ မရှိရင်တောင် ငါ လက်ပိုက် မကြည့်နေနိုင်ဘူး။
အသူရာချောက်နက်အုပ်စိုးသူ ဆင်းသက် လာတာနဲ့ ဒီပင်လယ် နယ်မြေကို ဗဟိုထားပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ဆီးမှုတွေက နတ်ဆိုးဘုံ တစ်ခုလုံးကို လွှမ်းခြုံသွားတဲ့အထိ အလျင်အမြန် ပျံ့နှံ့သွားမှာပဲ။
ထိုအခြေအနေကို စဉ်းစားမိ လိုက်သောအခါ ချန်လွေ့ မျက်နှာ၌ ချွေးအေးတွေ ထွက်လာခဲ့သည်။ “စကားများနေဖို့ အချိန်မရှိဘူး။ ဒီနေရာကို ချက်ချင်း ဖျက်ဆီး ကြတာပေါ့။ ကျုပ်ရဲ့ အတွေ့အကြုံ အရတော့ အရိုးမျှော်စင်တွေလိုမျိုး အလုပ်လုပ်တဲ့ ကျွန်း နှစ်ကျွန်းကို အရင် ဖျက်ဆီးသင့်တယ်။”
“ဟုတ်ပြီ။” လန်ဘို့စ်က မျက်မှောင် ကြုတ်လိုက်တယ်။ ရေသင်္ဘောက သရဖူအဖြစ် ပြောင်းသွားပြီး သူ၏ ခေါင်းအထက်တွင် ပေါ်လာခဲ့သည်။ “ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ မင်းကို မကူညီနိုင်ဘူး။ အကြံဉာဏ် အချို့ပဲ ပေးနိုင်မယ်။ တစ်ခုခုဖြစ်ခဲ့ရင် မင်း စိတ်ပူနေစရာမလိုဘဲ မင်းရဲ့ စွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်။ ငါ မင်းကို သတိပေးဖို့ လိုတာက ဒီလော့စ်ရိုကို ရင်ဆိုင်ဖို့ အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ အဓိကယဇ်ပလ္လင်ရဲ့ ဒီအခြေအနေမှာ သူက ကိုယ်ခန္ဓာ အပြည့်အစုံကို စိတ်ပုံရိပ် ဖော်နိုင်ခြင်း မရှိရင်တောင် မူရင်းကိုယ်ခန္ဓာရဲ့ တည်ရှိမှုနဲ့ ပိုပြီး နီးစပ်နေတယ်။ ဒါက သာမန် စိတ်ပုံရိပ်နဲ့ နှိုင်းယှဉ်လို့မရဘူး”
“မျှော်လင့်ချက်မဲ့ခြင်းအရှင်သခင်နာမည်က ဒီလော့စ်ရိုပေါ့။” ချန်လွေ့ ခေါင်းညိတ်လိုက်စာ်။ “ကျုပ်က ခီလီယာနာနဲ့ ဆိုစဘတ်ကို ပေးခဲ့တဲ့ လက်ဆောင် အတိုင်း သူ့ကို ပေးလိုက်မယ်!”
ထိုသို့ ပြောပြီး ချန်လွေ့က ကျွန်းတစ်ခုဆီ ပြောင်းရွှေ့လိုက်၏။ သို့သော် သုံးလေးခါ ပြောင်းရွှေ့ခြင်း လုပ်နေ ခဲ့သော်လည်း သူက ထိုကျွန်းနှင့် အမြဲပင် ဝေးနေခဲ့သည်။
“ဒါက နေရာလွတ်နေရာလွဲမှားမှု စွမ်းအားပဲ။ အတင်း မပြောင်းရွှေ့နဲ့။ မဟုတ်ရင် မင်း ဒီနေရာနဲ့ ပိုပြီးတော့ ဝေးတဲ့ နေရာကို ပို့ခံရပြီးတော့ ပြန်လာဖို့ ခက်လိမ့်မယ်။” လန်ဘို့စ် စကားပြောလိုက်ပြီး သူ့လက်ထဲတွင် သလင်းကျောက်အလင်းလေးတစ်ခု ပေါ်လာခဲ့သည်။ သလင်းကျောက် အလင်း ပျံ့နှံ့သွားရာ လေထဲတွင် ကြက်ခြေခတ်ပုံစံများ ရုတ်တရက် ပေါ်လာခဲ့သည်။ ပုံစံများက အမြဲ ပြောင်းလဲနေ၏။ “ငါလုပ်နိုင်တာက အမှတ်အသားလေးတွေ လုပ်ပေးဖို့ပဲ။ ဒီနေရာလွတ်ပြောင်းလဲမှုတွေရဲ့ ပုံစံနဲ့ ကွာဟချက်တွေကို အာရုံစိုက်ပါ။”
ပတ်ဝန်းကျင်မှ စွမ်းအားများ၏ အနှောင့်အယှက်ကြောင့် သလင်းကျောက်အလင်းများက အလျင်အမြန်အားနည်းနေခဲ့တယ်။ သို့သော် ချန်လွေ့က နေရာလွဲမှား နေသော နေရာလွတ်များမှ ဖြစ်ပေါ်လာသော ကွာဟချက်များကို ရှာဖွေဖို့အတွက် အဖိုးတန်သော အခွင့်အရေးကို အသုံးပြုခဲ့သည်။ ထိုကွာဟချက်များ၏ ပြောင်းလဲမှုက အလွန် မြန်လှသည်။ ထိုအရာက ကျွန်းနားမှ နေရာလွတ်ကို အဆက် မပြတ် ပြောင်းလဲနေသော ‘တံခါး’ အလွှာများအဖြစ် ပိုင်းခြားထားခြင်း ဆိုလိုပေသည်။ ထိုအရာက လူများကို ပို၍ နီးကပ်စွာ ပြောင်းရွှေ့ရန် မဖြစ်နိုင်အောင် ဖြစ်နေစေသည်။
“[လေလိုလျင်မြန်]!”
လန်ဘို့စ်က သူ့ကို စွမ်းအား တစ်ခု ဆွဲခေါ်နေကြောင်း ခံစားလိုက်ရ လေသည်။ သူ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပဲ သူက ရှုပ်ထွေးသော ကွာဟချက်များထဲကို တစ်ချက်ထဲ ဖြတ်သန်းသွားခဲ့ပြီး ကျွန်းအရှေ့သို့ ရောက်သွားခဲ့သည်။
ထိုအရာက ဖြောင့်တန်းသော လမ်းကြောင်းတစ်ခု မဟုတ်ခဲ့ပေ။ ရွေ့လျားနေသည့် ထပ်နေသော နေရာလွတ်ပေါင်း များစွာထဲ အရှိန် ပြင်းပြင်းဖြင့် ရှောင်ရှားနေသော လှုပ်ရှားမှု တစ်ခု ဖြစ်လေသည်။ အတိအကျ ပြောရလျှင် ရေတွက် မရနိုင်သော မျဉ်းပိုင်းများနှင့် မျဉ်းကွေးများ ရှိနေပြီး ထိုအရာက မျဉ်းဖြောင့်ထက် ပိုမြန်နေခဲ့သည်။
အမြန်နှုန်းအရှိန်အဝါ! လန်ဘို့စ် တိတ်တဆိတ် အံ့သြသွားခဲ့သည်။
အပူချိန် မြင့်မားလှသော ချော်ရည်များက ပတ်ပတ်လည်တွင် ဆူပွက်နေပြီး ဖန်လိုကြည်လင်သော အသူရာ ချောက်နက် ပန်းများက ပျံဝဲနေကာ လှပပြီး စိတ်ညို့နိုင်သော အလင်းကို ထုတ်လွှတ် နေခဲ့သည်။ လေထဲ၌ အလွန်အမင်း ဖိနှိပ်မှု ရှိသော အငွေ့အသက်များ ထွက်ပေါ် နေခဲ့သည်။ သာမန် စွမ်းအားကို ထိုနေရာ၌ လုံးဝအသုံးချ၍ မရပေ။
မူလက မှုန်ဝါးနေသော ကျွန်းက နောက်ဆုံးတွင် ရှင်းလင်းလာခဲ့ပြီး အလွန် ကြီးမားပုံရသည်။ ၎င်းက အဝေးမှ တခြား ကျွန်းတစ်ကျွန်းနှင့် မျက်နှာချင်းဆိုင် ရှိနေလေသည်။ လန်ဘို့စ် ပြောသည်မှာ မှန်ပေ၏။ ထိုကျွန်းကို ရေတွက်၍ မရနိုင်သော အရိုးများဖြင့် ပြုလုပ်ထားခြင်းပင်။ ဝိညာဉ် ဘယ်လောက်တောင် ပူဇော် ပသခံခဲ့ရလဲဆိုတာ ငါမသိဘူး။ ဒါက အရင်က မြင်ခဲ့ဖူးတဲ့ အဓိက ယဇ်ပလ္လင်တွေ အားလုံးထက် ဖိအား ပိုပြီး ထုတ်လွှတ်နေတယ်။
ချန်လွေ့ အစိုးရိမ်ဆုံးက အိုလစ်ဖီးရက်စ်တို့၏ အန္တရာယ် ကင်းရှင်းရေးပင်။ သူတို့ ဘယ်မှာလဲ ဆိုတာ မသိဘူး။ ဝိညာဉ် ကွင်းဆက်ရဲ့ ထူးခြားတဲ့ အားသာချက်ကြောင့် သူတို့က နီးနီးလေးမှာ ရှိနေရင် ချိတ်ဆက်သူရဲ့ တည်ရှိမှုကို ငါ ခံစားနိုင်တယ်။ ပြီးတော့ ကြယ်အပ်နှင်းခံရသူက သက်ဆိုင်ရာ အကွာအဝေးအတွင်းက လူတွေကို ကြယ်အပ်နှင်းစင်မြင့်ထဲ တိုက်ရိုက် ခေါ်သွားလို့ရတယ်။
ဒါပေမဲ့ နေရာလွတ် စွမ်းအားက ရှုပ်ထွေးပြီးတော့ ခက်ခဲနေတယ်။ အကွာအဝေးကြောင့် ဖြစ်မယ်။ အိုလစ်ဖီးရက်စ်ရဲ့ တည်ရှိမှုကို ငါ မခံစားနိုင်ဘူး။ ကောင်းတဲ့အရာ တစ်ခုတည်းက သူရဲ့ ကွင်းဆက်က အခုအထိ အလုပ်လုပ် နေတုန်းပဲ။ ဒါက သူ မသေသေးဘူးလို့ ဆိုလို တာပဲ။ ဒါပေမဲ့ အယ်ဒီလိုင်း၊ ဟယ်လင်နဲ့ လာလာရီယာအတွက် ကတော့ ခန့်မှန်းလို့ မရနိုင်ဘူး။
ချန်လွေ့၏ စိတ်အခြေအနေက ရုတ်တရက် လေးနက်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် အရိုးကျွန်း နှစ်ကျွန်းကို အရင်ဖျက်ဆီးရမယ်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ကြယ်အလင်းများ တောက်ပနေပြီး လေထဲ ကြယ်များစွာ ပေါ်လာ၏။ ဧရာမ အလင်းဖြူလုံး ၇လုံးက အရိုးကျွန်းကို ပစ်ခတ် သွားခဲ့သည်။ အလင်းစက်လုံးများက မမြင်နိုင်သော ကြိုး တစ်ချောင်းဖြင့် ချိတ်ဆက် ထားပုံရပြီး အရိုးကျွန်း ထိသွားသော အချိန်မှာ ပေါက်ကွဲသွားခဲ့သည်။
ထိုကဲ့သို့ ချိတ်ဆက်မှုမျိုးသည် နှစ်ထပ် ဖွဲ့စည်းပုံနှင့် ဆင်တူသည်။ ထိုစွမ်းအားက တစ်ခုတည်း ပေါက်ကွဲသော စွမ်းအားထက် အကြိမ်ပေါင်းများစွာ ပိုပြင်းထန်၏။
[ကြယ်(၇)ပွင့် ပေါက်ကွဲခြင်း]!
ဆက်တိုက် ပေါက်ကွဲမှုများထဲတွင် အရိုးကျွန်းက ဧရာမအပေါက်ကြီး တစ်ခုနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ အစအနများ ပျံ့နှံ့နေပြီး သူ၏ရှေ့တွင် အချင်း ၂၀၀မီတာခန့် ရှိသော ချိုင့်ခွက် တစ်ခု ပေါ်လာခဲ့သည်။ သို့သော် ထိုအကွာအဝေးက ချန်လွေ့ မျှော်လင့်ထားသည်ထက် အများကြီး ပိုနည်းနေခဲ့သည်။ ကျွန်းတစ်ခုလုံး အတွက် ထိုအရာက ရေခဲတောင် ထိပ်ဖျားတစ်ခုသာ ရှိသေးသည်။
သာမန်အရိုးမျှော်စင်မျိုးသာဆိုရင် ချန်လွေ့၏နတ်ဘုရား-ယောင်အဆင့် တိုက်ခိုက်မှုကြောင့် သေချာပေါက် ကွဲကြေသွား ပေလိမ့်မည်။ ဒီလိုမျိုး အရိုးကျွန်းက အရိုးမျှော်စင်ထက်ကို အများကြီး ပိုအားကောင်းတဲ့ပုံပဲ။
ချန်လွေ့က နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ် ဧရာမ စုပ်ယူမှုစွမ်းအားတစ်ခု အပေါက်ထဲမှ ထွက်လာကြောင်း ခံစားလိုက်ရ၏။ ဓူဝံကြယ်တိုင်းပြည်စွမ်းအားက မထိန်းနိုင်ဘဲ အပြင်သို့ ထွက်လာပြီး အပေါက်က ၎င်းကို အလျင်အမြန် စုပ်ယူသွားခဲ့သည်။ ပို၍ တိတိကျကျ ပြောရလျှင် တိုင်းပြည် အထဲမှ ယုံကြည်မှု စွမ်းအားနှင့် အသက် စွမ်းအားကိုပင် ဖြစ်သည်။ နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များက ပိုပြီးပင် အံ့သြဖွယ်ရာ ကောင်းလှပေသည်။ ယုံကြည်မှု နှင့် အသက်စွမ်းအားကို ဝါးမျိုလိုက်ခြင်းကြောင့် ပြိုသွားသော အစအနများက ပြန်စုစည်းသွားပြီး အရိုးကျွန်းဆီကို ပျံသန်းလာခဲ့၏။ ယခင် အပေါက်က မျက်စိတစ်မှိတ် အတွင်းမှာပင် မူလ အခြေအနေကို ပြန်ရောက်သွားခဲ့သည်။
ထိုဝါးမျိုခြင်းကို ထိန်းချုပ်၍ မရတော့ကြောင်း တွေ့လိုက်ရာ ချန်လွေ့က အံ့အားသင့်သွားခဲ့၏။ ထိုအချိန် ချော်ရည်ထဲမှ အသူရာ ချောက်နက်ပန်းများ ပျံတက်လာပြီး လေထဲ အလျင်အမြန် ပေါင်းစည်း လာခဲ့သည်။ သူ၏အရှေ့၌ ဧရာမ ‘မျက်နှာ’တစ်ခု ပေါ်လာခဲ့သည်။ သူ၏မျက်လုံးများက သွေးရောင် တောက်နေပြီး ချော်ရည် ပင်လယ် တစ်ခုလုံး ဆူပွက်လာခဲ့သည်။
“မြန်မြန်နောက်ဆုတ်တော့!” လန်ဘို့စ်၏ စိုးရိမ်တကြီး အသံက နောက်မှ ထွက်ပေါ် လာခဲ့သည်။ “အဲဒါ ဒေလော့စ်ရိုပဲ!”
ထိုသို့ ပြောပြီးနောက် ချန်လွေ့က ခေါင်းထဲ၌ နာကျင်မှု ခံစားလိုက်ရပြီး သူ၏ ဝိညာဉ်က ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားတစ်ခုဖြင့် အပြင်းအထန် ထိခိုက်သွားကြောင်း ခံစားလိုက်ရသည်။ သူက နောက်သို့ ပြန်ဆုတ်သွားခဲ့ရသည်။
[ဓူဝံကြယ်ခရမ်းအသွင်ပြောင်း] ကို အသက်သွင်းပြီးနောက် ချန်လွေ့၏ လက်ရှိ ဝိညာဉ် စွမ်းအားက နတ်ဘုရား-ယောင် အလတ်ပိုင်း ဒါမှမဟုတ် ထိုထက်ပင် ပိုမို၍ အစွမ်းထက်နေသည်။ သို့သော်လည်း သူက ထိုတိုက်ခိုက်မှု စွမ်းအားကို လုံးဝ မခံနိုင်ခဲ့ပေ။ သူက ပြင်းထန်သော ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရပြီး ဒဏ်ရာရခဲ့သည်။ ၎င်းက စူပါစနစ်မှ တံဆိပ်တစ်ပိုင်း လျော့ပါးပေးခဲ့ပြီး နောက်တွင်ပင် ဖြစ်လေသည်။
ထိုတိုက်ခိုက်မှု၏ စွမ်းအားက အဆက်မပြတ် ဖြစ်နေလေသည်။ ထူးဆန်းသော ဝိညာဉ်စွမ်းအားက လက်တံကဲ့သို့ ချန်လွေ့၏ ဝိညာဉ်ထဲ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ သို့သော် ချန်လွေ့က ဝိညာဉ် ထိခိုက်မှုကို ခံနိုင်ရည်ရှိတဲ့ အမျက် ဘုရင်ချပ်ကာ ဝတ်ထားရာ ၎င်းက ချက်ချင်းပင် ပျောက်ကွယ်သွား၏။
စိတ်ဝိညာဉ် တိုက်စားခြင်း နှင့် ဝိညာဉ် တုန်လှုပ်ခြင်းက အယူအဆ နှစ်ခု ဖြစ်သည်။ နောက်ပိုင်း တိုက်စားသော စွမ်းအားကို ခုခံနိုင် ခဲ့လျှင်ပင် သူသည် အစောပိုင်းက ဝိညာဉ် တုန်လှုပ်ခြင်းကို ခံခဲ့သည်။ ချန်လွေ့က ခေါင်းကိုက်နေရာမှ ပြန်မကောင်း လာသေးပေ။ သူ၏ ခြေဖဝါးအောက်က ပင်လယ်ရေ မျက်နှာပြင်ပေါ်မှ အသူရာ ချောက်နက်ပန်းများ ထပ်မံထွက်ပေါ် လာခဲ့သည်။ မျက်မိတစ်မှိတ် အတွင်း ထိုအရာက ဧရာမလက်ဝါး တစ်ခုကို ဖန်တီးပြီး ချန်လွေ့၏ ကိုယ်ကို ဆွဲကိုင်ကာ အလျင်အမြန် နောက်ကို ပြန်ဆွဲသွားခဲ့လေသည်။
တစ်ချိန်တည်း နီးပါးမှာပင် မျက်နှာက ပါးစပ်ကို ဖြဲဟလိုက်ပြီး အတွင်းထဲမှ ချန်လွေ့နှင့် အတူ လက်ဝါးတစ်ခုလုံးကို မျိုချလိုက်၏။