← Chapters

ထွက်ပြေးခြင်း

Vol. 66 Ch. 1069

ထွက်ပြေးခြင်း

Vol. 66 Ch. 1069

ထိုမြင်ကွင်းကြောင့် ရေဒြပ်စင်ဘုရင် လန်ဘို့စ်တစ်ယောက် အံ့အားသင့်သွားခဲ့သည်။ နတ်ဘုရား-ယောင် အဆင့်ကို ရောက်ရှိနေသည့် ချန်လွေ့တစ်ယောက် ထိုမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဧရာမမျက်နှာကြီးက ချန်လွေ့ကို ဝါးမျိုလိုက်ပြီးနောက်တွင် ရန်သူကို တွေ့လိုက်ရသလို မျက်လုံးများက ရေဒြပ်စင်ဘုရင်ဆီ ရောက်လာခဲ့၏။ သူ၏ သတ်ဖြတ်လိုစိတ်များက ထိုးတက်လာခဲ့လေသည်။ ထိုသို့ အကြည့်တစ်ခုတည်းပင် လန်ဘို့စ်ကို မခံမရပ်နိုင်အောင် ဖြစ်စေခဲ့ပြီး သူ့ခန္ဓာကိုယ်က ပြိုလဲတော့မလို ဖြစ်နေခဲ့သည်။ သို့သော် ရေဒြပ်စင်ဘုရင်၏ အကြည့်က အလွန်တည်ငြိမ်နေခဲ့၏။ သူက သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ ထိုသွေးရောင်မျက်လုံးများကို တိုက်ရိုက် စိုက်ကြည့်နေခဲ့သည်။ ထို့အပြင် မထီမဲ့မြင်ပြုခြင်းပင် ဖော်ပြနေခဲ့သည်။

ဧရာမ မျက်နှာကြီးက လန်ဘို့စ်ကို ဖျက်ဆီးတော့မည်အချိန် ရုတ်တရက် တုန်ခါသွားခဲ့သည်။ သွေးရောင်မျက်လုံးများက ရုတ်တရက် ခရမ်းရောင် ပြောင်းသွားပြီး တောက်ပလာခဲ့သည်။ ထိုနောက် ရေတွက်မရနိုင်သော ကြယ်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ မျက်နှာတစ်ခုလုံးကို ဖန်တီးထားသည့် အသူရာချောက်နက်ပန်းများ အားလုံး ကြယ်အလင်းတန်းများအောက်တွင် ပျောက်ကွယ်သွားပြီး ချန်လွေ့၏ပုံရိပ်က လန်ဘို့စ်၏မျက်လုံးများရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

ယခုတွင် ချန်လွေ့၏ မျက်နှာ အမူအရာက သတိဖြင့် ပြည့်နှက်နေခဲ့သည်။ ဝိညာဉ်တုန်လှုပ်မှု၏ ပြင်းအားက စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။ သူ အကြီးအကျယ် ဒဏ်ရာရခဲ့ပြီး ကုသရန် အချိန်မရှိသောကြောင့် ဒဏ်ရာကို ယာယီ ဖိနှိပ်ထားခဲ့ရ၏။

အပြီးသတ်ပုံစံနှင့် နီးစပ်နေသည့် အဓိကယဇ်ပလ္လင်သည် သူ အရင်က ရင်ဆိုင်ခဲ့ရသည်ထက် အများကြီး ကွာခြားနေပုံရသည်။ ဒီလော့စ်ရို၏ စိတ်ပုံရိပ်သည် မူရင်းခန္ဓာကိုယ်၏ တည်ရှိမှုနှင့် ပို၍ နီးစပ်နေပြီး စွမ်းအားကလည်း အတော်လေး အံ့အားသင့်ဖွယ် ကောင်းလှသည်။

“ဒါက ဒီလော့စ်ရိုရဲ့ စိတ်ပုံရိပ် စွမ်းအား အစိတ်အပိုင်း တစ်ခုပဲ။ တကယ့်စိတ်ပုံရိပ်က မူရင်းကိုယ်ခန္ဓာ ဆင်းသက်လာဖို့အတွက် အဓိကယဇ်ပလ္လင် စွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်ဖို့ အိပ်စက် နေတဲ့ အခြေအနေမှာ ရှိနေတာ။ အရိုးကျွန်းတွေကို ဖျက်ဆီးပစ်ရမယ်!”

လန်ဘို့စ်၏ အသံကြောင့် ချန်လွေ့ ပို၍ အံ့အားသင့်သွားခဲ့သည်။ ဒါက စိတ်ပုံရိပ်ရဲ့ စွမ်းအား တံဆိပ်တစ်ပိုင်းပဲ ရှိသေးတယ်!

ပင်လယ်ပြင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်လှိုင်းလုံးများ လှုပ်ခတ်နေပြီး အသူရာချောက်နက်ပန်းများက ပြန်လည်စုစည်းကာ ဒီလော့စ်ရို၏ပုံစံအဖြစ် ပြန်လည်ပေါင်းစည်းလာခဲ့သည်။ ယခုတစ်ကြိမ် မျက်နှာတစ်ခုတည်း မဟုတ်တော့ဘဲ ခန္ဓာကိုယ် တဝက်နှင့် လက်များပါ ပါလာ၏။ သူ လက်မြှောက်လိုက်သောအခါ ဧရာမစွမ်းအားရှိသည့် သွေးလှိုင်းလုံးများက ချန်လွေ့ဆီသို့ အဘက်ဘက်မှ ရောက်လာခဲ့သည်။

လန်ဘို့စ်က ထိုသွေးလှိုင်းများတွင် ‘တိုက်စားမှု’နှင့် ဆင်တူသည့် စွမ်းအားများ ပါဝင်နေကြောင်း ခံစားမိသည်။ ထိုစွမ်းအားက ဒီလော့စ်ရို၏ အထူး စွမ်းရည်ပင် ဖြစ်ပြီး တိုင်းပြည်စွမ်းအားကို ဖျက်ဆီးပြီး ပျက်ပြယ် စေနိုင်စွမ်း ရှိသည်။

“[တောင်လိုမတုန်လှုပ်]”

ချန်လွေ့လည်း သွေးလှိုင်းများ၏ ခြိမ်းခြောက်မှုကို ခံစားမိခဲ့သည်။ သူ ညည်းတွားလိုက်ပြီး ပတ်ပတ်လည်မှ ကြယ်အလင်းတန်းများ အစိုင်အခဲ ဖြစ်သွားကာ ထိုထဲ သူ့ကိုယ်သူနှင့် လန်ဘို့စ်ကို ကာကွယ်ပေးသည့် မမြင်နိုင်သည့်စွမ်းအားကို ဖန်တီးပေးခဲ့သည်။

သွေးလှိုင်းများ၏ စွမ်းအားသည် မည်မျှပင် ထိုးတက်နေပါစေ၊ ကြယ် အလင်းတန်းက လုံးဝ မရွေ့လျားဘဲ ရှိနေခဲ့သည်။ သွေးလှိုင်းများ၏ သက်ရောက်မှုက ပို၍ အားကောင်း လာသောအခါ ခိုင်မာသွားသည့် ကြယ်အလင်းတန်းက မခံနိုင်တော့ဘဲ ပြိုလဲသွားခဲ့သည်။ ထိုအချိန်တွင် အရာအားလုံးက ဝေဝါးသွားခဲ့သည်။ လန်ဘို့စ်၏ အမြင်မှာ အရင်လို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘဲ ဒြပ်စင်နှလုံးသားဖြင့်သာ ခံစားနိုင်ခဲ့သည်။ ထိုအရှိန်ပြင်းထန်သည့် ခရမ်းရောင်အလင်းမျာက ထူးခြားသည့်စည်းချက်နှင့်အတူ တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော မျဉ်းကွေးများကို ဖန်တီးကာ စွမ်းအားများ စုပုံလာခဲ့သည်။

လေပွေ! မဟုတ်ဘူး၊ ဒီလောက် အရှိန်ရှိတဲ့ လေပွေကို မုန်တိုင်းလို့ ခေါ်ရမယ်။

[ဓူဝံကြယ်ခရမ်းမုန်တိုင်း]!

နီးကပ်လာသည့် သွေးလှိုင်းလုံးများက [ဓူဝံကြယ်ခရမ်းမုန်တိုင်း]ကြောင့် နောက်ပြန်တွန်းထုတ်ခံရပြီး အနီးနား ပင်လယ်ပြင်တွင် ဧရာမဝဲကတော့ တစ်ခု ဖြစ်လာသည်။ ဒီလော့စ်ရို၏ ကိုယ်ခန္ဓာက ချက်ချင်း အစိတ်အပိုင်း ပေါင်းများစွာအဖြစ် ပိုင်းခြားသွားပြီး မုန်တိုင်းက အရိုးကျွန်းဆီသို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။ အရိုးကျွန်း အပြင်ဘက်အစွန်းများက ထိုမုန်တိုင်းအောက်တွင် ဆက်တိုက် ကြေမွနေပြီး မျက်စိ တစ်မှိတ် အတွင်းမှာပင် စက်ဝိုင်းတစ်ခုစာ အရွယ်အစားအထိ ကျုံ့သွားခဲ့သည်။

မုန်တိုင်း ငြိမ်သက်သွားသောအခါ ဧရာမကျွန်းသည် သုံးပုံတစ်ပုံ အထိ ကျုံ့သွားခဲ့သည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်၏။ ယုံကြည်မှုနှင့် အသက် စားသုံးသည့် ထူးခြားသည့် စွမ်းအားက ပြန်ပေါ်လာခဲ့ပြီး ခဏအကြာတွင် မူလအခြေအနေကို ပြန်ရောက်လာခဲ့သည်။

[ကြယ်(၇)ပွင့်ပေါက်ကွဲခြင်း]နှင့် [အစစ်အမှန်အနီရောင်ပျက်သုဉ်း] နောက်တွင် [ဓူဝံကြယ်ခရမ်းမုန်တိုင်း]ကလည်း အချည်းနှီးဖြစ်ခဲ့လေပြီ!

ထိုအခြေအနေကိုကြည့်လျှင် အဆုံးသတ် တိုက်ကွက်ဖြစ်သည့် [ရှုထောင့်ဖျက်ဆီးခြင်း]ကို အသက်သွင်းလျှင်ပင် အလုပ်ဖြစ်မည် မဟုတ်တော့ပေ။

ချန်လွေ့ အနည်းငယ် မောဟိုက် နေခဲ့သည်။ [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း] သည် [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း] ထက် အများကြီးသာလွန်သော်လည်း အဆုံးမဲ့တော့ မဟုတ်ပေ။ အရင်က စဉ်ဆက်မပြတ်တိုက်ခိုက်မှုနှင့် ခုခံကာကွယ်မှုများက ကြယ်စွမ်းအား အများကြီးကို သုံးစွဲခဲ့သည်။ အရေး အကြီးဆုံးအချက်က အဓိက ယဇ်ပလ္လင်ကို တကယ့် ထိခိုက်မှု တစ်ခုမှ မလုပ်နိုင်သေးခြင်းပင်။

လန်ဘို့စ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “အရိုးကျွန်း နှစ်ကျွန်းမှာ အားဖြည့်ပေးနေတဲ့ ထူးခြားချက်တွေ ရှိနေလောက်တယ်။ အဲဒါတွေကို တစ်ချိန်တည်းမှာ ဖျက်ဆီးမှပဲ တကယ့် ထိခိုက်မှု ဖြစ်လိမ့်မယ်။”

စွမ်းအားမဲ့ခြင်း သဘောက ချန်လွေ့၏ စိတ်ထဲတွင် ထိုးတက် လာခဲ့သည်။ ငါက တစ်ခုကိုတောင် မဖျက်ဆီးနိုင်ဘူး။ နှစ်ခု ဖျက်ဆီးဖို့ဆို ဆိုတာ မပြောနဲ့တော့။ ဒီလော့စ်ရိုရဲ့ စိတ်ပုံရိပ်ယောင်က ငါ့ရှေ့မှာလည်း ရှိနေသေးတယ်။

ရုတ်တရက် လန်ဘို့စ်၏ အသံက အားနည်းနေသည်ကို ချန်လွေ့က တွေ့လိုက်ရသည်။ သူ နောက်လှည့် ကြည့်လိုက်ရာ ရေဒြပ်စင်ဘုရင်၏ ခန္ဓာကိုယ်က ပို၍ ပိန်လှီနေပြီး သူ၏ အသက်စွမ်းအားက အလျင်အမြန် အားနည်းနေကြောင်း တွေ့လိုက်၏။ သူသည် ခုနက ဒဏ်ရာများ အများကြီး ရခဲ့ပုံရသည်။

‘ဓူဝံကြယ်ခရမ်းဧကရာဇ်’သည် ခုနက စွမ်းအင် အများကြီး သုံးစွဲခဲ့ပြီး ယခင် ဝိညာဉ်တုန်လှုပ်မှုမှ ရခဲ့သည့် ဒဏ်ရာများလည်း ပြန်ထလာခဲ့သည်။ ချန်လွေ့က ယနေ့ မည်သည်မှ မလုပ်နိုင်တော့ကြောင်း သိလိုက်၏။ သူ မြန်မြန်ဆန်ဆန် စဉ်းစားပြီး ပြောလိုက်သည်။ “လန်ဘို့စ်။ ခင်ဗျား စွမ်းအားသုံးပြီး မခုခံနဲ့။ ခင်ဗျားကို ကျုပ် ကျက်သရေ မျှော်စင်နဲ့ ခေါ်သွားမယ်!”

လန်ဘို့စ်က ချက်ချင်း ဆိုသလို စွမ်းအားများ ပြန်ရုပ်သိမ်းလိုက်သည်။ အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး သူက ကျက်သရေ မျှော်စင်ထဲသို့ ရောက်ရှိနေခဲ့သည်။

လန်ဘို့စ်ကို ခေါ်ဆောင်နေချိန် [ကြယ်ဂိတ်] ချန်လွေ့၏ အရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် [ဓူဝံကြယ်ခရမ်းမုန်တိုင်း] ကြောင့် ပျက်စီးသွားခဲ့သည့် မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ စိတ်ပုံရိပ်က ပြန်စုစည်းလာသည်။ ပြင်းထန်သော ဝိညာဉ်လှိုင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ပြီး ၎င်းသည် ချန်လွေ့ကို ထိခိုက်စေခဲ့သည့် ဝိညာဉ် တုန်လှုပ်မှု စွမ်းအားပင် ဖြစ်သည်။

ချန်လွေ့၏ ပုံရိပ်က ချက်ချင်း ဆိုသလို ဖောက်ထွင်း မြင်ရသွား ခဲ့သည်။ မမြင်နိုင်သည့် ဝိညာဉ် တုန်လှုပ်မှု စွမ်းအားက စိတ်ကူး၍ မရနိုင်အောင် တန်ပြ န်ရောက်ရှိ လာခဲ့သည်။ ဒီလော့စ်ရို၏ ကိုယ်ခန္ဓာ တုန်ခါသွားပြီး ဧရာမ မျက်နှာတွင် အက်ကြောင်းများ ပေါ်လာ၏။ အက်ကြောင်းများထဲမှ သွေးရောင် ချော်ရည်များ စီးကျလာခဲ့သည်။ ကုသပြီးနောက်တွင် အလင်းတံခါးက ဖြည်းဖြည်းချင်း မှိန်ဖျော့သွားကာ ပျောက်ကွယ်သွားပြီး ရန်သူလည်း ပျောက်သွားခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် တခြားနေရာတစ်ခု၌...

ချန်လွေ့၏ ပုံရိပ်က အလင်း တံခါးထဲ ပေါ်လာခဲ့သည်။ အလင်းက မှိတ်တုတ် မှိတ်တုတ်နှင့် ဖြစ်နေပြီး လန်ဘို့စ် ပြန်ပေါ်လာခဲ့ကာ ချန်လွေ့ အပေါ်မှ ခရမ်းရောင်ကြယ်အလင်းက အလျင်အမြန် မှိန်ဖျော့သွားခဲ့သည်။

“မင်းရဲ့ ဒဏ်ရာက မသေးဘူး။” လန်ဘို့စ်က ချန်လွေ့ကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။ “အဲဒါ ဒီလော့စ်ရိုရဲ့ ဝိညာဉ် စွမ်းအားပဲ။ အတော်လေးကို အစွမ်းထက်တယ်။ အဲဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်စားမှုစွမ်းအားကိုလည်း ဖြစ်စေနိုင်တယ်။ ကံကောင်းစွာနဲ့ မင်းက တိုက်စားမှု စွမ်းအားရဲ့ သက်ရောက်မှုကို မခံရဘူး။ မင်းရဲ့ ဝိညာဉ်ပဲ တော်ရုံ ထိခိုက်သွားတာ။ ဝိညာဉ် ပြန်ကောင်းမွန်ဖို့က သာမန် ဒဏ်ရာတွေနဲ့ မတူဘူး။ နည်းနည်း ခက်တယ်။ ကံဆိုးချင်တော့ ငါ့ရဲ့ စွမ်းအား ကုန်ခန်းသွားပြီ။ မဟုတ်ရင် ငါ မင်းကို အလျင်အမြန် ပြန်ပြီး ကောင်းမွန်အောင် ကူညီပေးနိုင်မှာ။”

“ကျုပ်က အဆင်ပြေပါတယ်။” ချန်လွေ့က လန်ဘို့စ် အခြေအနေ မကောင်းကြောင်းကို တွေ့လိုက်ပြီး မေးလိုက်သည်။ “ခင်ဗျားရဲ့ ဒဏ်ရာ ဘယ်လိုနေလဲ။”

“မသေသေးပါဘူး။” လန်ဘို့စ်က ခေါင်းခါလိုက်သည်။ “မင်းရဲ့ စွမ်းရည်က အံ့ဩစရာပဲ။ အဲဒီလို တိုင်းပြည်ထဲမှာ မင်း အလွယ်တကူ ထွက်ပြေးနိုင်တယ်။ အဲဒီကျွန်းက… မီရိုပင်လယ်ပြင်ပဲ!”

“အဲဒါက အထူး နေရာလွတ် စွမ်းရည် တစ်ခုပါ။” ချန်လွေ့သည် မီရိုပင်လယ်ပြင်တွင် လိုအပ်သည်များ အတွက် ကြယ်အမှတ် တစ်ခုကို ပြင်ဆင်ပြီးဖြစ်သည်။ ၎င်းမှာ သူ နောက်ဆုံးအချိန်တွင် သွေးရောင် အင်ပါယာမှ ပြန်ယူလိုက်သော ကြယ်အမှတ်ကို သုံးလိုက်ခြင်း ဖြစ်သည်။ စေတန်နှင့် အချိန် ၃လ သတ်မှတ်ပြီးနောက် အင်ပါယာ ၃ခုရှိ ကြယ်အမှတ်များက အနည်းငယ် အပိုများ ဖြစ်သွားပုံရသည်။

“ခင်ဗျားရဲ့ အခြေအနေက မကောင်းတာကို မြင်နေရတယ်။ ကျုပ်တို့ရဲ့ ဒဏ်ရာတွေကို အရင်ဆုံး ကုသကြတာပေါ့။” ချန်လွေ့၏ ခေါင်းပေါ်မှာ သလင်းကျောက် သရဖူ တစ်ခု ပေါ်လာခဲ့ပြီး နူးညံ့ပြီး မြင့်မြတ်သော အလင်းကို ထုတ်လွှတ် နေခဲ့သည်။ ထိုအလင်း၏ တောက်ပမှု အောက်တွင် လန်ဘို့စ်၏ ပိန်လှီသည့် ခန္ဓာကိုယ်က ပြန်လည်ပြည့်ဝလာပြီး ချန်လွေ့ ကိုယ်ပိုင် ဒဏ်ရာများလည်း အလျင်အမြန် ပြန်လည် ကောင်းမွန် လာခဲ့သည်။

သရဖူ၏ [ကောင်းကင်ကုသ] က ဝိညာဉ်နှင့် ခန္ဓာကိုယ် ဒဏ်ရာများကို အခြေခံအားဖြင့် ကုသနိုင်ခဲ့သည်။ သက်တမ်းကို အလွန်အကျွံသုံးစွဲသည့် ကိစ္စများ မရှိချေ။ ထိုစွမ်းရည်ကို အစွမ်း အထက်ဆုံး ကုသမှုဟူ၍ပင် ခေါ်ဆိုနိုင်ပေသည်။

“အလင်းဒြပ်စင် စွမ်းအား။ ဒါက ငါ့ရဲ့ ဝိညာဉ်ကိုတောင် ပြန်လည် ကောင်းမွန်အောင် လုပ်နိုင်တဲ့အထိ တကယ်ကို အစွမ်းထက်တာပဲ။” လန်ဘို့စ်က အံ့အားသင့်သွားခဲ့သည်။ “မဟုတ်ဘူး။ မင်းမှာ အလင်းဒြပ်စင် လှုပ်ရှားမှု မရှိဘူး။ ဒါက ပစ္စည်းရဲ့ အာနိသင်ပဲ။ ဒီသရဖူက…”

“ဒါကို ဆူးသရဖူလို့ ခေါ်တယ်။ ဒါပေမဲ့ ခင်ဗျားက တခြားနာမည်နဲ့ ပိုပြီး ရင်းနှီးလိမ့်မယ်။ ဖန်တီးခြင်း ကိုယ်ထည်...”

“ဖန်တီးခြင်းကိုယ်ထည်! ဖန်တီးခြင်းဇစ်မြစ်ရဲ့ ထည့်စရာလား!” ရေဒြပ်စင်ဘုရင်က ချန်လွေ့ကို အနည်းငယ် ပို၍ အံ့အားသင့်စွာ ကြည့်လိုက်သည်။ “မင်း ဖန်တီးခြင်း ကိုယ်ထည်ကို ဒီလောက် လွယ်လွယ် အသက်သွင်းနိုင်တာလား။”

“အဲဒါတင် မကဘူး။ ထည့်စရာ ၃ခုလုံးက အွန်း. ကျုပ်ကို အသိအမှတ် ပြုခဲ့တယ်။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ ဖန်ခွက် တစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာပြီး ၎င်းသည် သိဒ္ဓိခွက်ပင်။

“မင်းက တော်ဝင်မိသားစု ၇ခုရဲ့ အဆောင်ပစ္စည်းနှစ်ခုကို တစ်ချိန်တည်း အသက်သွင်းနိုင် ခဲ့တာကို ငါ မှတ်မိသေးတယ်…” လန်ဘို့စ်က နောက်ဆုံး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “မင်းက ဘယ်သူလဲ ဆိုတာကို ငါ အခု အခြေခံအားဖြင့်တော့ သိသွားပြီ...”

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ ဘယ်သူလဲ။ လောက ကူးပြောင်း လာတဲ့သူ ဆိုတာကိုလား။ စူပါစနစ် ကိုလား။ မဖြစ်နိုင်ဘူး မဟုတ်လား။

“မင်း ငါ့အသက်ကို ကယ်ခဲ့တယ်။ ဒါကြောင့် ငါ မင်းရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်မှာ မဟုတ်ဘူး။ မင်း စိတ်ပူ နေတယ်ဆိုရင် ငါ့ကို သတ်လိုက်ပါ။” လန်ဘို့စ် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

လျှို့ဝှက်ချက်။ ရေဒြပ်စင်ဘုရင် ပိုသေချာလေလေ ချန်လွေ့ ပိုပြီး စိုးရိမ်လာလေလေ ဖြစ်လေသည်။ ဖိုက်သွန် ပြောခဲ့သည်ကို စဉ်းစားပြီး ထိုအရာက ‘အံ့ဩစရာကောင်းတဲ့’ အထင်လွဲခြင်း တစ်ခု ဖြစ်နေကြောင်း သူ မရေမရာ နားလည်လိုက်သည်။

ရေဒြပ်စင်ဘုရင်၏ နောက်ဆုံး စကားက သူ့ကို ရယ်မောစေခဲ့သည်။ “ကျုပ် အခု ရေဒြပ်စင်ကောင်တွေရဲ့ နောက်ဆုံး နာမည်က ‘သံသယ ဖြစ်တာ’ ပဲ ဆိုတာ ယုံကြည်သွားပြီ။ မိတ်ဆွေ လန်ဘို့စ်...”

‘မိတ်ဆွေ’ဟူသော အသုံးအနှုန်းက လန်ဘို့စ်ကို ခဏတာ ငြိမ်သက်သွား စေခဲ့သည်။ “မိတ်ဆွေ တစ်ယောက် အနေနဲ့ မင်းကို ပါးနပ်တယ်လို့ ပြောရမယ်။”

“ဒါ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ဉာဏ်ပညာရှိပြီး သံသယဖြစ်တတ်တဲ့ ရေဒြပ်စင်ဘုရင် လန်ဘို့စ်..”

လန်ဘို့စ် ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ “အတူတူပဲ ဂုဏ်ယူ ပါတယ်။ လျှို့ဝှက် ဆန်းကြယ်တဲ့ မျိုးဆက်/အမွေဆက်ခံသူ။”

လျှို့ဝှက်ဆန်းကြယ်တာ ဘာလဲ။ ချန်လွေ့က လန်ဘို့စ်၏ အေးစက်စက်မျက်နှာပေါ်မှာ ‘ဟန်မဆောင်နဲ့တော့’ ဟူ၍ ရေးထားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ မတတ်နိုင်တော့ဘဲ ခေါင်းခါလိုက်သည်။ “စကားလမ်းကြောင်း ပြောင်းတာပေါ့။ ခင်ဗျားက ကျုပ်ထက် အသူရာချောက်နက် အကြောင်း အများကြီး ပိုသိတဲ့ပုံပဲ။ ‘သူတို့’က ဒြပ်စင်ဘုရင်ရဲ့ အဆုံးသတ် ရန်သူလား။”

“‘သူတို့’က တားမြစ်ချက် တစ်ခုပဲ။” လန်ဘို့စ် မငြင်းခဲ့ပေ။ “တည်ရှိမှု သဘောတရား အရတော့ သူတို့က လောက တစ်ခုလုံးရဲ့ အဆုံးသတ် ရန်သူ ဖြစ်လောက်တယ်။”

“ဒါဆို ဒြပ်စင်စစ်ပွဲက…”

လန်ဘို့စ်က စကားဖြတ်ပြော လိုက်သည်။ “တောင်းပန်ပါတယ်။ ငါ ဒီလို မေးခွန်းမျိုးကို ဒြပ်စင်ဘုရင် အနေနဲ့ရော မိတ်ဆွေ အနေနဲ့ပါ မဖြေနိုင်ဘူး။ မင်းမှာ ပြီးပြည့်စုံတဲ့ အမွေဆက်ခံခြင်း ဒါမှမဟုတ် မှတ်ဉာဏ်တွေ ရှိတဲ့အခါ မင်း နားလည်လာလိမ့်မယ်။”

“ကောင်းပြီ။ ကျုပ် အတော်လေး အတင့်ရဲမိသွားတယ်။” ချန်လွေ့က ထိုအထင်လွဲခြင်း အကြောင်းအရာကို ဆက်မပြောတော့ပေ။ “ကျုပ်က တော်ဝင် အဆောင်ပစ္စည်း ၇ခုရဲ့ အသိအမှတ် ပြုတာကို အပြည့်အဝ ရရှိခဲ့ရင် ဒါမှမဟုတ် အဆောင်ပစ္စည်း ၇ခုလုံးကို ထိန်းချုပ် နိုင်ခဲ့ရင် ဘာဖြစ်မှာလဲ။”

“ငါလည်း မသိဘူး။” လန်ဘို့စ်က ခေါင်းခါလိုက်သည်။ “ဖြစ်နိုင်တာက ဒါ အဆုံးသတ်တစ်ခု ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အစတစ်ခု ဖြစ်နိုင်တယ်။”

“ဒါက ကျုပ် ကြားနေကျ အဖြေပဲ။” ချန်လွေ့က နွမ်းလျစွာ ပြုံးလိုက်၏။ သူက အမှောင် ဒြပ်စင်ဘုရင်နှင့် ဖိုက်သွန်တို့ဆီမှ အလားတူ အဖြေများ ကြားခဲ့ဖူးသည်။ သို့သော် အခုတော့ နတ်ဆိုးဒိုင်း၊ အရိပ်နက် ဝတ်ရုံနှင့် အရိပ်လေပြေဘွတ်ဖိနပ် အားလုံးက စူပါစနစ်၏ ခွဲခြမ်း စိတ်ဖြာခြင်းကို စတင်လက်ခံခဲ့ကြပြီး ဖြစ်သည်။ သူ လိုအပ်နေသည့် အရာ တစ်ခုတည်းက အချိန်ပင်။ အဆောင် ပစ္စည်း ၇ခုလုံးကို ပေါင်းစည်းပြီး နောက်တွင် အဖြေတစ်ခု ရရှိနိုင် ပေလိမ့်မည်။

“ကောင်းပြီလေ။ အခု ရှေးဟောင်း သုတေသနတွေ စူးစမ်းရှာဖွေတာတွေ လုပ်နေဖို့ အချိန် မဟုတ်ဘူး။ အခု တစ်ခေါက် ကျုပ်တို့ ရှုံးနိမ့်ခဲ့ရတယ်။ အဲဒီ မျှော်လင့်ချက်မဲ့ခြင်းရဲ့ အဓိက ယဇ်ပလ္လင်ကို ဖြေရှင်းဖို့အတွက် ဘယ်နည်းလမ်းမှ မရှိတော့ဘူးလား။”

ထိုအကြောင်းပြောနေစဉ်တွင် လန်ဘို့စ်၏မျက်နှာအမူအရာက ချက်ချင်းဆိုသလို လေးနက်သွားခဲ့သည်။ “အရိုးကျွန်း နှစ်ကျွန်းကို တစ်ခါတည်း ဖျက်ဆီး။ ပြီးရင် ဒီလော့စ်ရိုရဲ့ စိတ်ပုံရိပ်ကို ရှင်းပစ်။ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ!”

ချန်လွေ့၏ မျက်ခုံးများက စကား မပြောနိုင်အောင် တွန့်သွား၏။ ဒါက မဖြစ်နိုင်တဲ့ တာဝန် တစ်ခုနဲ့ အတူတူပဲ။

All Chapters