ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး!_၃
Vol. 21 Ch. 280
“အမှန်ပဲ! ဟား”
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက် အင်း အဲဒါက လိုချင်တပ်မက်ချင်စရာပါပဲ။ ကောင်းပြီ၊ အဲဒီလျှို့ဝှက်ချက်ကို သူဖုန်းစားအိုကြီးက အုတ်ဂူထဲ သယ်သွားလိုက်ပြီဆိုပေမဲ့ ငါ့မှာက စနစ်ရဲ့ သတင်းအချက်အလက်စနစ် ရှိနေသေးတယ်။ အဲဒီသတင်းအချက်အလက်စနစ်ကို ကောင်းကောင်းအသုံးချသ၍ အထူးသဖြင့် နံပါတ်၅အချက်ကို ကောင်းကောင်းအသုံးချသ၍ ပေါ်ထွက်လာမှာပဲ။
ချန်ကျဲ့အနေဖြင့် ၎င်းလျှို့ဝှက်ချက်ကို နည်းနည်းချင်းစီ တူးဖော်နိုင်လိမ့်မည်။
၎င်းမှာ သူ၏အားသာချက်ဖြစ်သည်။
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်!
ချန်ကျဲ့၏မျက်လုံးများထဲ အလင်းတစ်စ ဖြတ်ပြေးသွားခဲ့သည်။
မြေကျင်းလည်း အဆင်သင့်ဖြစ်ပြီ ဖြစ်သောကြောင့် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် သူဖုန်းစားအိုကြီး၏အလောင်းကို မြေကျင်းထဲ ပစ်ချလိုက်ကြသည်။ ချန်ကျဲ့သည် သတင်းအချက်အလက်စနစ်ထံမှ အချက်အလက်ရရှိရေးအတွက် တူရွင်းတစ်လက်ကို ကောက်ယူကိုင်ဆောင်၍ သူဖုန်းစားအိုကြီး၏အလောင်းကို တူရွင်းပြားဖြင့် နှစ်ကြိမ်ခန့် ကိုယ်တိုင်မြေဖို့ပေးခဲ့သည်။
နောက်ဆုံးတွင် ချန်ကျဲ့သည် သစ်သားပြားတစ်ပြားကို ရှာဖွေ၍ “သူဖုန်းစားဂိုဏ်းခေါင်းဆောင် သူဖုန်းစားအိုကြီး၏ အုတ်ဂူ” ရေးထိုးပေခဲ့သည်။
သေဆုံးသူအပေါ် လေးစားမှုထားရှိခြင်းသည် အလေ့အထကောင်း ဖြစ်ပါ၏။ ထို့ပြင် ၎င်းနဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို အရယူပြီး မျန့်ရွှေစီရင်စုကို လေပြင်းမုန်တိုင်း တိုက်ခတ်စေနိုင်ပေသည်။
မြှုပ်နှံပြီးနောက် ကျိုးချူသည် မြေပုံပေါ်တွင် ခြေနင်း၍ သစ်သားကမ္ပည်းတိုင်ကို မြေပုံထိပ်တွင် စိုက်ထူလိုက်သည်။
အားလုံးလုပ်ဆောင်ပြီးနောက်တွင် ချန်ကျဲ့တို့လူအုပ်စုလည်း မြို့ထဲသို့ ပြန်ခဲ့ကြသည်။
ဤတစ်ကြိမ်၌ သူတို့သည် တောင်မြို့ဘက်မှ မြို့ထဲသို့ ဝင်ခဲ့ကြသည်။ ထိုအခါ သူဖုန်းစားဂိုဏ်းမှ ထိန်းချုပ်စီမံသည့် လမ်းမကြီးနှစ်ခုမှာ လုံးဝ ဖရိုဖရဲဖြစ်နေကြောင်း နားလည်လိုက်ရပေသည်။ လမ်းမများတွင် ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့၏လူများ အစုလိုက်အပြုံလိုက် ရောက်ရှိနေကြကာ တစ်ဖွဲ့လျှင် လမ်းမတစ်ခုကို ယူလိုက်ကြပြီး သူဖုန်းစားဂိုဏ်းသားများကို အမဲလိုက်ကြနေကြသည်။
တစ်ပြိုင်နက်တည်း၌ ကုန်သည်အဖွဲ့နှစ်ခုစလုံးသည် သူဖုန်းစားဂိုဏ်း၏ဌာနချုပ်သို့ အပြေးနှင်ကာ သူဖုန်းစားဂိုဏ်း၏ဌာနချုပ်အား မြေလှန်၍ သူဖုန်းစားအိုကြီး၏ လျှို့ဝှက်သိုင်းကျမ်းကို
ရှာဖွေကြသည်။
သို့သော် ဘာမျှရှာမတွေ့ခဲ့ကြပေ။
ချန်ကျဲ့သည် ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီး ရုတ်တရက် အနည်းငယ် စိုးရွံ့မိလာခဲ့သည်။
သူဖုန်းစားအိုကြီးမှာ အစကတည်းက လျှို့ဝှက်သိုင်းကျမ်း မရှိခဲ့တာများလား။
အကယ်၍ သိုင်းကျမ်းမရှိခဲ့ပါက သူတို့အားလုံး အလဟသ အလုပ်ရှုပ်သွားရခြင်း မဟုတ်ပါလော။
သို့သော် ချန်ကျဲ့သည် ကံကြမ္မာဖြစ်စေ၊ အခြားသူများကိုဖြစ်စေ အပြစ်မတင်ပါချေ။ သူ့ထံ ရောက်ရှိလာသည့်အရာသည် သူ၏ကံကောင်းမှုဖြစ်ပြီး သူ လွတ်သွားရသည့်အရာသည် သူ၏ကံကြမ္မာသာ ဖြစ်သည်။
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုဖြစ်သော်ငြား သူ့လက်ထဲ ကျိန်းသေပေါက် ပိုင်ဆိုင်သင့်သည်လည်း မဟုတ်ပေ။ သေချာပေါက်ပင် သူပိုင်ဆိုင်နိုင်ပါက အကောင်းဆုံးဖြစ်ပါ၏။
သို့သော် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် ၎င်းသိုင်းကျမ်းကို အလွန်တပ်မက်နေကြောင်း ထင်ရှားလှသည်။ တောင်မြို့၏ လမ်းမကြီးနှစ်ခုတွင် ဤသို့ကသုတ်ကရက်နိုင်သည့် ရှာဖွေမှုများကိုပင် ပြုလုပ်နေခဲ့ကြပေသည်။
ထို့ပြင် စီရင်စု၏ဘုရင် စီရင်စုအုပ်ချုပ်ရေးမှူးလည်း ၎င်းသိုင်းကျမ်းကို လိုချင်နေပေသည်။
ထိုစဉ် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌
“အား~”
နီရဲနေသည့် သံပြားပူကို တောင်တက်နွယ်လျိုဖုန်း၏ကိုယ်ပေါ်သို့ အကြင်နာကင်းမဲ့စွာ ဖိကပ်လိုက်သည်။ လျိုဖုန်းသည် ပြင်းစွာသောနာကျင်မှုကြောင့် အော်ဟစ်နေခဲ့သည်။
ထိုစဉ် ဘေးဘက်၌ အကျဉ်းထောင်စောင့်နှစ်ဦးသည် တောင်တက်နွယ်လျိုဖုန်းကို ဆားစိမ်ကြာပွတ်များဖြင့် ရိုက်နှက်နေခဲ့ရာ လျိုဖုန်း၏ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်းဖြစ်ေနတော့သည်။
တစ်ချိန်တည်းတွင် သူဖုန်းစားဂိုဏ်း၏ အခြားဂိုဏ်းသားများသည်လည်း ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ခံစားနေကြရသည်။
ထိုအချိန်တွင် ချီမုကောသည်တော့ ညှဉ်းပန်းနှိပ်စက်မှုများကို စောင့်ကြည့်ရင်း စိတ်အေးသက်သာစွာဖြင့် လက်ဖက်ရည်ကို အရသာခံသောက်သုံးနေခဲ့သည်။
သူတို့သည် ဟန့်လူမျိုးများအပေါ် ဘယ်တုန်းကမှ အလျှော့ပေး မဆက်ဆံခဲ့ပေ။
ချီမုကောသည် လက်ဖက်ရည်တစ်ငုံကို သောက်သုံးလိုက်ပြီးနောက် ပြောသည်။
“အခုထိ ဘယ်သူမှ ထုတ်မပြောသေးဘူးလား။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်း ဘယ်မှာရှိနေလဲဆိုတာကိုပဲ ပြောပြလိုက်ရင် မင်းတို့ ဆက်ပြီး ခံစားနေဖို့ မလိုအပ်တော့ဘူး။ သခင်ကြီး ဆုချီးမြှင့်တာကိုတောင် ရဦးမှာ။ ငါပြောတာ နားလည်ကြလား”
ချီမုကောသည် မတ်တပ်ထရပ်ကာ လျိုဖုန်းအနီးသို့ ချဉ်းကပ်သွားသည်။
“မင်းလည်း ဒဏ်ရာအပြင်းအထန်ရနေပြီပဲ ဟမ်.. ဒီတိုင်း ပြောပြလိုက်စမ်းပါ”
“ငါမသိဘူး!”
လျိုဖုန်းမှ အံ့တင်းတင်းကြိတ်လျက် ပြောသည်။
ထိုအခါ ချီမုကောမှ လက်ဟန်ပြအချက်ပေးလိုက်ရာ အကျဉ်းထောင်စောင့်တစ်ဦးသည် နီရဲပူပြင်းသည့်သံပူတစ်ချောင်းကို ယူဆောင်လာသည်။ ချီမုကောသည် ၎င်းသံပူကို ယူလိုက်ပြီး လျိုဖုန်း၏ရှေ့တွင် ဝှေ့ရမ်းနေခဲ့သည်။
“ပြောလေ”
“ငါတကယ်မသိဘူး”
“မင်းက အမှန်အတိုင်းမပြောဘူးပဲ ဟမ်!”
ထိုသို့ပြောလျက် ချီမုကောသည် လျိုဖုန်း၏မျက်နှာကို သံပူဖြင့် အကြင်နာကင်းစွာ ဖိကပ်လိုက်သည်။ လျိုဖုန်း၏ နာကျင်စွာသော အော်ဟစ်သံနှင့်အတူ လေထုထဲတွင် အသားကင်အနံ့ဖျော့ဖျော့လည်း ရောယှက်သွားခဲ့သည်။
…
ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တွင်လည်း ထိုသို့တစ်ပုံစံတည်း ဖြစ်ပျက်နေပေသည်။ ကုန်သည်အဖွဲ့နှစ်ဖွဲ့သည်လည်း သူဖုန်းစားဂိုဏ်းသားအချို့ကို ဖမ်းဆီး၍ အလွန်ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုများဖြင့် စစ်မေးနေကြ၏။ သူတို့သည်လည်း နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ထားကြပေသည်။
ပြင်းထန်သည့် စစ်မေးမှုများအောက်၌ သူတို့သည် အမှန်တကယ်ပင် အသုံးဝင်သည့် သတင်းအချက်အလက်တစ်ခုကို ရရှိလိုက်ပါ၏။
၎င်းမှာ သူတို့သည် သူဖုန်းစားအိုကြီးမှ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို မှတ်တမ်းတင်ထားဟန်ရှိသော စာရွက်ဖြူတစ်ရွက်ကို မြင်တွေ့ခဲ့ဖူးပြီး နောက်ပိုင်းတွင် ပျောက်သွားခဲ့သည်ဟူ၍ ဖြစ်သည်။ သို့သော် သူဖုန်းစားအိုကြီးမှ ၎င်းကို ဖွက်ထားခဲ့ခြင်း ဟုတ်၊မဟုတ်ကိုမူ သူတို့လည်း မသိပေ။
၎င်းသတင်းအချက်အလက်တွင် ကုန်သည်အဖွဲ့နှစ်ဖွဲ့နှင့် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်တို့သည် ပို၍ စိတ်အားထက်သန်လာကြသည်။
မျန့်ရွှေစီရင်စု သိုင်းလောကတစ်ခွင်တွင်လည်း သူဖုန်းစားအိုကြီးသည် သူမသေခင်က သိုင်းကျမ်းကို အလွန်လျှို့ဝှက်သည့်နေရာတစ်ခုတွင် ဖွက်ထားခဲ့သည်ဟု ကောလာဟလများ ပျံ့နှံ့နေခဲ့သည်။
ထို့ပြင် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ရရှိသူသည် မျန့်ရွှေစီရင်စု၏ နောက်တက်မည့်ဘုရင်ဟုလည်း ပြောဆိုကြသေး၏။
ရုတ်တရက် ပို၍များပြားသော သိုင်းလောကသားများသည် ၎င်းသိုင်းကျမ်းကို ရှာဖွေခြင်းအမှုတွင် ပါဝင်လာကြသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၌လည်း မျန့်ရွှေစီရင်စုတစ်ခွင်တွင် အကြောင်းအရာခေါင်းစဉ်နှစ်ခုဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်နေတော့သည်။
ပထမခေါင်းစဉ်မှာ သူဖုန်းစားအိုကြီး၏ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို မည်သည့်နေရာတွင် ဖွက်ထားသနည်း ဖြစ်ပြီး
ဒုတိယခေါင်းစဉ်မှာ ချန်ကျဲ့သည် ကျားဖြူခန်းမ၏ အနာဂတ်ဆက်ခံသူဖြစ်လာမည်လောဟူ၍ ဖြစ်သည်။
အချိန်တစ်ခုကြာအထိ မျန့်ရွှေစီရင်စုတစ်ခွင်၌ ၎င်းခေါင်းစဉ်နှစ်ခုကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။
ချန်ကျဲ့သည်တော့ ၎င်းအကြောင်းအရာများတွင် မပါဝင်ချေ။ သူ့တွင် ပြီးမြောက်အောင်မြင်ရမည့် ကိစ္စရပ်ကြီးသုံးခု ရှိနေသေးသည်။
ပထမကိစ္စရပ်မှာ ဖန်းရှစ်ကျုံး၏ လေးယောက်မြောက်မွေးစားသား၊ သူ၏အစ်ကို၄ တန်းကွမ်းမင်၏ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန်ဖြစ်သည်။ ဖန်းရှစ်ကျုံးပြောခဲ့သည်မှာ မှန်ကန်၏။ ကျားဖြူခန်းမနှင့် သူဖုန်းစားဂိုဏ်းကြား ရန်ငြိုးရန်စမှာ အလွန်ပြင်းထန်နေခဲ့ပြီးဖြစ်ရာ အသက်တစ်ချောင်း၊နှစ်ချောင်းမျှ လျှော့ပြောလို့လည်း ဘာမျှမထူးခြားတော့ပေ။ သူဖုန်းစားအိုကြီးမှ တန်းကွမ်းမင်ကို မသတ်ခဲ့ကြောင်း ငြင်းဆိုချက်သည် သူတို့မလုပ်သည့်ကိစ္စအတွက် ချောက်ချမခံလိုဟုသာ အဓိပ္ပာယ်ရပေသည်။
သို့ဖြစ်ရာ တန်းကွမ်းမင်ကိုသတ်ခဲ့သည် လူသတ်သမားအစစ်သည် အခြားတစ်ယောက်ဖြစ်၏။
ဒါပေမဲ့ အဲဒီလူက ဘယ်သူလဲ။
တန်းကွမ်းမင်သည် ကုန်သည်အဖွဲ့ဆိုင်ရာ အကြောင်းကိစ္စများတွင်ဖြစ်စေ၊ လူတစ်ယောက်၏ ဘဝနေထိုင်မှုကိစ္စရပ်များတွင်ဖြစ်စေ ချန်ကျဲ့အပေါ် ကောင်းပေးခဲ့သည်။ စိတ်ခံစားချက်နှင့် အကျိုးအကြောင်းနှစ်ခုစလုံးအရ ချန်ကျဲ့အနေဖြင့် တန်းကွမ်းမင်ကိုသတ်သည့် လူသတ်သမားကို ရှာဖွေ၍ လက်စားချေပေးရပေမည်။
ဒုတိယကိစ္စရပ်မှာ သူဖုန်းစားအိုကြီး သိုင်းကျမ်းဖွက်ထားခဲ့သည့် နေရာကို သိရှိနိုင်မည့် နည်းလမ်းရှာဖွေရန်ဖြစ်သည်။ ထိုနဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် အလွန်တရာ လိုချင်တပ်မက်ဖွယ်ဖြစ်ပေသည်။
တတိယကိစ္စရပ်မှာ ကျားဖြူခန်းမ၏ လုပ်ငန်းများကို သိမ်းပိုက်ရန်အတွက် စတင်ကြိုးစားရန် ဖြစ်သည်။ ဖန်းရှစ်ကျုံး၏ မွေးစားသားသုံးဦးသည် အပြင်းအထန်ဒဏ်ရာရထားပြီး ဤသည်မှာ ကျားဖြူခန်းမ၏ အရေးကိစ္စများတွင် သူပါဝင်ပတ်သက်ရန်အတွက် အချိန်ကောင်းဖြစ်ပေသည်။