ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး!_၆
Vol. 21 Ch. 283
[၅၊ သင်ဒီနေ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်အကြောင်းကို များစွာ တွေးတောခဲ့တဲ့အတွက်ကြောင့် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ သူဖုန်းစားအိုကြီးက ဂိုဏ်းဌာနချုပ်ကနေ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကို ရရှိပြီးနောက်မှာ စာရွက်တစ်ရွက်မှာ ကူးရေးခဲ့ပြီး သူဖုန်းစားဂိုဏ်းနဲ့ လုံးဝ ပတ်သက်ဆက်နွယ်မှုမရှိတဲ့ နေရာတစ်ခုဆီ ပို့ဆောင်ခဲ့ပါတယ်။ အဲဒီနေရာက မျန့်ရွှေစီရင်စုထဲမှာလည်း မဟုတ်ပါဘူး]
ချန်ကျဲ့သည် နောက်ဆုံးရ သတင်းအချက်အလက်များကိုကြည့်၍ ဒီနေ့၏ အချက်အလက်များကို ဂရုတစိုက် ခွဲခြားဆန်းစစ်နေခဲ့သည်။
ဒီနေ့ရရှိသည့် အချက်အလက်များသည် နည်းပါးသည့်ပမာဏ မဟုတ်ပေ။
ပထမအချက်သည် ဒီနေ့တိုက်ပွဲ၏ နောက်ဆက်တွဲဖြစ်သည်။ သူသည် သိုင်းလောကတွင် နာမည်တစ်ခုဖြင့် အမည်ကျော်ကြားလာပြီဖြစ်သည်။
“လေလွင့်ဝိဉာဉ်လှံ”ဟူသည် ခြိမ်းခြောက်သည့် အရှိန်အဝါတစ်မျိုးရှိသော်ငြား အများကြီး ပြောပလောက်သည်မျိုး မဟုတ်နိုင်ပေ။ သိုင်းဝတ္ထုများထဲမှ အဓိကဇာတ်ဆောင်အတွက် ပေါက်ကွဲပေးရသည့် သိုင်းလောကဇာတ်ကောင်များမျှသာ ဖြစ်ပေလိမ့်မည်။
ဥပမာ ဓားသိုင်းသမားတစ်ဦး၏ အင်အားကို မီးမောင်းထိုးပြရန်အတွက် ထိုဓားသိုင်းသမားသည် “လေလွင့်ဝိဉာဉ်လှံ”အပါအဝင် သိုင်းပညာရှင်ကြီး၁၂ဦးကို အနိုင်ရခဲ့သည်ဟု ဖော်ပြလိမ့်မည်။
အင်း သိုင်းပညာမှာ ငါ့ရဲ့တာ့အိုကျင့်ကြံမှုက အခုမှ အစပဲ ရှိသေးတယ်။ ငါကြိုးစားရမယ်!
သို့သော် ဤသို့သိုင်းလောကအမည်သည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိမနေပေ။ ၎င်းသည် သိုင်းလောကသားများမှ သင့်အား သင်၏ထူးခြားေသာ ပင်ကိုလက္ခဏာတို့အပေါ် မူတည်၍ သိုင်းလောကတစ်ခွင် ပျံ့နှံ့စေသည့် အမည်နာမ ဖြစ်သည်။
ဖုန်းရွှမ်၏ မျက်နှာရှစ်ပါးဗုဒ္ဓဟူသည် အမည်ကဲ့သို့ ဖြစ်သည်။
မျက်နှာရှစ်ပါးဗုဒ္ဓဟူသည် အဘယ်နည်း။ ၎င်းမှာ လူတစ်ယောက်သည် လိုက်လျောညီထွေရှိသည့်အပြင် ကုန်သည်အဖွဲ့အတွင်း ဒုတိယအင်အားအာဏာအရှိဆုံးဖြစ်သော တည်ရှိမှု၏ ဂယက်အနက်ကို သယ်ဆောင်သည်ဟု အဓိပ္ပာယ်ဆောင်၏။
ထို့ပြင် ကျန်းချွမ်၏ သံမဏိမျက်နှာကျားသည် တိုက်ရဲခိုက်ရဲသူ၊ ပြတ်ပြတ်သားသား လုပ်ဆောင်သူဟု ရည်ညွှန်းခြင်းဖြစ်ပြီး သံမဏိမျက်နှာသည် အကြင်နာကင်းမဲ့သည့် သဘာဝကို အထူးတလည် ညွှန်းဆိုထားခြင်း ဖြစ်သည်။
ကျိုးချူ၏ မျက်လုံးမည်းဝက်ဝံသည်တော့ မပြောဘဲ ထားလိုက်သည်က ပိုကောင်းပေလိမ့်မည်… (မိန်းမက မျက်ကွင်းညိုအောင် ဆော်ပလော်တီးသောကြောင့် မျက်ကွင်းညိုပန်ဒါဝက်ဝံဟူ၍ အမည်တွင်ခဲ့ခြင်းပင် ဖြစ်ပါသည်)
လက်ရှိ၌ ချန်ကျဲ့သည် သိုင်းလောကတွင် စတင်၍ အမည်တည်ဆောက်ကာ သေချာပေါက်ပင် ၎င်းနှင့်အတူ သူ၏အဆင့်အတန်းလည်း ပြောင်းလဲလိမ့်မည်။ သိုင်းကျင့်ကြံမှုနှင့် အခြားအရာများတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လိမ့်ပေမည်။
ဥပမာဆိုရသော် ဖန်းရှစ်ကျုံး၏ သိုင်းလောကအမည်သည် “သံမဏိလက်ဝါး”ဖြစ်ခဲ့သော်ငြား အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင် ဖြစ်ပြီးနောက်၌ “တံငါသည်”အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ဒုတိယအချက်အလက်သည် ဖုန်းရွှမ်သည် ချန်ကျဲ့၏ ကျားဖြူခန်းမအတွင်း အဆင့်အတန်းမြင့်မားလာမှုအပေါ် မကျေမချမ်းဖြစ်နေသည်ဟူ၍ ဖြစ်၏။ ၎င်းကို ချန်ကျဲ့ နားလည်နိုင်ပါ၏။ ချန်ကျဲ့၏ အမြင့်သို့တက်လှမ်းခြင်းသည် ဖုန်းရွှမ်၏အင်အား တဖြည်းဖြည်း လျော့နည်းလာနေသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
ဖုန်းရွှမ်မှာ အဲဒီလိုအတွေး မရှိရင်မှ ထူးဆန်းနေဦးမယ်။ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူးလေ။
ဤသည်မှာ ချန်ကျဲ့ ဟိုးအရင်ကတည်းက မျှော်မှန်းထားပြီးသည့်အရာ ဖြစ်ပေသည်။ မိမိ၏ အင်အားအာဏာတိုးတက်ရန်အတွက် အခြားသူများကို အပြစ်ပြုမိရခြင်းငှာ ရှောင်လွှဲ၍ မရနိုင်ပေ။
အဆုံးသတ်ကျ အသားစက တစ်ခုပဲ ရှိနေတာပဲလေ။ ငါက ကြီးကြီးတစ်ကိုက် ကိုက်မယ်ဆိုရင် တခြားသူတွေအတွက်က အလိုအလျောက် နည်းသွားမှာပဲ။ သူတို့လည်း ဘယ်လိုလုပ်ပြီး လိုက်လျောပေးချင်ပါ့မလဲ။
ဒါပေမဲ့ သူတို့ဘက်က မလိုက်လျောပေးချင်တော့ရော ကိုယ်က ဘာလုပ်နိုင်မှာတဲ့လဲ။
ဖုန်းရွှမ်က မကျေမချမ်းဖြစ်ပြီး ရန်ငြှိုးထားတာနဲ့ပဲ ငါက အင်အားအာဏာကို စွန့်လွှတ်လိုက်ရမှာလား။ မဖြစ်နိုင်တာပဲ!
ချန်ကျဲ့သည် မိမိ၏အသက်ကို အခြားသူလက်ထဲ ဘယ်သောအခါမျှ ထားမည့်သူ မဟုတ်ချေ။
သို့ဖြစ်ရာ ဖုန်းရွှမ်ဖြစ်စေ၊ ကျန်းချွမ်ဖြစ်စေ၊ လုရုံဖြစ်စေ.. ချန်ကျဲ့သည် အလျှော့ပေးမည် မဟုတ်ပေ။ သူ ရသင့်သည့်အရာအတွက် တိုက်ခိုက်မည်ဖြစ်၏။
သေချာပေါက်ပင် သူတို့မှ သူ့ကို ဒုက္ခပေးလာမည်ကိုလည်း စိုးရိမ်သင့်ပေသည်။
ချန်ကျဲ့ သတင်းအချက်အလက်များကို ဆက်ဖတ်သည်။
နံပါတ်၄အချက်သည် ချန်ကျဲ့ ဒီနေ့တွေ့ဆုံခဲ့သည့် ချီမုကောအကြောင်း အချက်အလက်များဖြစ်သည်။ မမျှော်လင့်စွာဖြင့် ချီမုကောသည် နန်ပါးထျန်းထက် အားမနည်းသည့် သိုင်းပညာရှင်ကြီးတစ်ယောက် ဖြစ်နေခဲ့သည်။ ပို၍အရေးကြီးသည့်အချက်မှာ သူသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ အမှုထမ်းတစ်ဦးသာ ဖြစ်နေခြင်းပင်။
အိမ်တော်အမှုထမ်းတစ်ယောက်က ဒီလောက်တောင် အင်အားကြီးမားတယ်လား။
မုလန်လူမျိုးတွေက တကယ် ကြောက်ဖို့ကောင်းတာပဲ။
ထို့ပြင် မုလန်လူမျိုးများ၏ လက်အောက်၌ သံနက်တပ်ဖွဲ့ကဲ့သို့ အင်အားစုများလည်း ရှိသေးသည်။
မျန့်ရွှေစီရင်စုတစ်ခုလုံးက သူတို့ကို ရိုသေလေးမြတ်မှုထားတာ မထူးဆန်းတော့ပါဘူး!
နန်ပါးထျန်းနဲ့ လျိုလောင်ကွေ့တောင်မှ သူတို့ကို လေးစားမှုနဲ့ ဆက်ဆံရတယ်။
ကြည့်ရတာတော့ ငါအင်အားနည်းနေသေးတဲ့ အချိန်မှာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်နဲ့ ပဋိပက္ခမဖြစ်ဖို့ သတိထားမှပဲ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ နံပါတ်၃အချက်ကို ကြည့်လိုက်သည်။
နံပါတ်၃အချက်သည် အစ်ကို၄ တန်းကွမ်းမင်၏ သေဆုံးမှုအကြောင်း ဖော်ပြထားခြင်းဖြစ်သောကြောင့် ချန်ကျဲ့နှင့် အတော်လေး သက်ဆိုင်ပါ၏။
တန်းကွမ်းမင်က အတိအကျ ဘယ်လိုသေဆုံးခဲ့ရတာလဲ။
ယခုတွင် ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏အမိန့်ဖြင့် စုံစမ်းစစ်ဆေးရတော့မည်ဖြစ်သည်။ အရင်က ချန်ကျဲ့မှာ တိကျရှင်းလင်းသည့် ဦးတည်ချက် မရှိခဲ့သော်ငြား ယခုတွင်တော့ တိကျသည့်ဦးတည်ချက် ရှိလာလေပြီ– စာရင်းစာအုပ်။
ဟုတ်တယ်။ အစ်ကို၄ တန်းကွမ်းမင်က သူသေဆုံးတဲ့အချိန်မှာ စာရင်းစစ်နေတာ သိသာနေတာပဲ။
အစ်ကို၄ စာရင်းစစ်တာက ဘယ်သူ့ကို သက်ရောက်မှုရှိနိုင်လိမ့်မလဲ။
အစ်ကို၄က ဘာလို့ ကျိန်းသေပေါက် သေမှဖြစ်မှာလဲ။
အစ်ကို၄က သူ မသိသင့်တာ တစ်ခုခုကို ရှာတွေ့သွားခဲ့လို့များလား။
ထိုသို့တွေးတောလျက် ချန်ကျဲ့သည် မိမိမှာ တိကျရှင်းလင်းသည့် ဦးတည်ချက်တစ်ခု ရှိလာပြီဖြစ်ကြောင်း သိလိုက်၏။
ငါ မနက်ဖြန်ကျ စာရင်းစာအုပ်ကို ကြည့်ကြည့်ရမယ်။ တစ်ခုခုရှာတွေ့နိုင်လောက်တယ်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ စိတ်သက်သာရာရသွား၏။
သတင်းအချက်အလက်စနစ်က အရမ်းအသုံးဝင်တာပဲ။
ဦးတည်ရာမဲ့နေသည့် ကိစ္စမှာ ဦးတည်ချက်တစ်ခု ပေါ်ထွက်လာခဲ့ရာ ချန်ကျဲ့အား ကွေ့ပတ်သွားနေရမည့် အလုပ်ပိုများစွာကို လျော့နည်းသွားစေခဲ့သည်။
ထိုသို့ စိတ်ထဲတွင်တွေးလျက် ချန်ကျဲ့သည် နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်ဖြစ်သည့် အချက်အလက်ကို ကြည့်လိုက်သည်။
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်း၏ တည်နေရာ!
နံပါတ်၅အချက်အလက်တွင် အများကြီး အသုံးဝင်လှသည့် အချက်အလက်မျိုး မပါဝင်ပေ။ သို့သော် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ကူးယူထားသည့်စာတစ်လွှာ အမှန်တကယ် ရှိနေကြောင်း သိလိုက်ရရာ ၎င်းသည် ချန်ကျဲ့အား အဆုံးမဲ့ယုံကြည်ချက်များ ဖြစ်ပေါ်လာစေခဲ့သည်။
ချန်ကျဲ့သည် သိုင်းကျမ်းအား သေချာဖွက်ထားလိမ့်မည်ကို မကြောက်ရွံ့ပါချေ။
သူကြောက်သည်မှာ သူဖုန်းစားအိုကြီးသည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကို ကူးမရေးခဲ့ဘဲ သူ၏စိတ်ထဲတွင်သာ မှတ်သားထားမည်ကို ဖြစ်၏။ သို့ဖြစ်ပါက သူအဘယ်သို့ သွားရှာရပါမည်နည်း။ သတင်းအချက်အလက်စနစ်မှ အချိန်တိုင်း ဖော်ပြနေခဲ့လျှင်ပင် သွားရှာရနိုင်တော့မည် မဟုတ်ပေ။
သို့သော် ယခုတွင်တော့ သတင်းအချက်အလက်စနစ်သည် သိုင်းကျမ်းကို ကူးရေးထားသည့်စာလွှာရှိကြောင်း ဖော်ပြခဲ့သည်။
သို့သော် ၎င်းကို မျန့်ရွှေစီရင်စုမြို့အပြင်ဘက် သူဖုန်းစားဂိုဏ်းနှင့် မသက်ဆိုင်သည့် နေရာတစ်ခုတွင် ဖွက်ထားခြင်းဖြစ်သည်။
ဒီလောက်ဆို လုံလောက်တယ်။
ချန်ကျဲ့သည် နံပါတ်၅အချက်အလက်ကို အဆက်မပြတ် အာရုံစိုက် ဆန်းစစ်နေခဲ့သည်။
အချက်အလက်တစ်ခုက နေရာတစ်ခု သတ်မှတ်မပေးနိုင်ပေမဲ့ အချက်အလက်၁၀ခု ဒါမှမဟုတ် အခု၂၀ကတော့ နေရာတစ်ခု သတ်မှတ်ပေးနိုင်လောက်မှာပဲ။
ချန်ကျဲ့မှ စောင့်ဆိုင်းကြည့်ရန် ဆန္ဒရှိနေသ၍ နောက်ဆုံးတွင်တော့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ရရှိနိုင်ပေလိမ့်မည်။
သိုင်းကျမ်းက အနှေးနဲ့အမြန် ငါ့အပိုင်ဖြစ်လာမှာပဲ။
ထို့ပြင် ဖွက်ထားသည့်နေရာသည် ပို၍လျှို့ဝှက်ပြီး မမျှော်လင့်သည့်နေရာဖြစ်လေလေ ပိုကောင်းလေဖြစ်၏။
အဲဒီလိုဆို တခြားသူတွေ ရှာမတွေ့နိုင်ဘဲ နောက်ဆုံးမှာ ငါ့အပိုင်ဖြစ်လာမယ်လို့ ဆိုလိုတာပဲ မဟုတ်လား။
ထိုအတွေးဖြင့် ချန်ကျဲ့ ကျေနပ်နေခဲ့သည်။
ချန်ကျဲ့အနေဖြင့် နောက်ထပ်သုံးချက်သာ ပြုလုပ်ရန် လိုအပ်၏။ တစ်အချက်၊ အချက်အလက်များကို ဆန်းစစ်ရှာဖွေပြီး နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်း၏ တည်နေရာကို အတိအကျဖော်ထုတ်ရန်။
နှစ်အချက်၊ စာရင်းစာအုပ်တွေကို စစ်ဆေးပြီး အစ်ကို၄ရဲ့ သေဆုံးမှုနောက်ကွယ်က တရားခံအစစ်ကို ရှာဖွေရန်။
သုံးအချက်၊ ကျားဖြူခန်းမမှာ အင်အားအာဏာရဖို့အတွက် ကျားဖြူခန်းမ မနက်ခင်းအစည်းအဝေးကို တက်ရောက်၍ မိမိ၏ ရည်မှန်းချက်ကို နားလည်သိရှိရန်တို့ဖြစ်သည်။
တိကျပြတ်သားသည့် ရည်မှန်းချက်နှင့်အတူ အောင်မြင်ရန် အချိန်ကျလေပြီ။
သို့ဖြင့် မနက်ခင်းသည် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ မနက်စာစားပြီးချိန်တွင် ဖုန့်ဖူမှ တံခါးလာခေါက်သောကြောင့် ချန်ကျဲ့ အံ့ဩသွားခဲ့သည်။
ဖန့်ဖူမှ ပြော၏။
“သခင်၅၊ ခန်းမအရှင်သခင်က သခင်၅ကို ကျားဖြူခန်းမဆီ ပို့ဆောင်ပေးဖို့အတွက် ကျွန်တော့်ကို လွှတ်လိုက်တာပါ”
ချန်ကျဲ့ ဖန့်ဖူကိုကြည့်၍ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေးဖူ”