ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?_၂
Vol. 21 Ch. 285
“တကယ်လား”
လောင်လီသည် ဝူကျုံးကို သင်္ကာမကင်း ကြည့်နေခဲ့သည်။ သူ၏မိတ်ဆွေကြီး လောင်ဝူသည် အမြဲ သူ့ကိုယ်သူ နှိမ့်ချနေတတ်သူ မဟုတ်ပါလော။
ဝူကျုံးမှ ပြောသည်။
“တကယ်ပါ၊ အကြိမ်နည်းနည်းလောက် ဆုံဖူးရုံပါပဲ”
ထိုသို့ပြောပြီးနောက် ဝူကျုံး တိတ်ဆိတ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ၏စိတ်နှလုံးမှာ အချိန်အတော်ကြာအထိ မငြိမ်သက်နိုင်ဘဲ ရှိနေခဲ့၏။ ယခုထိတိုင် အခြားသူများပြောနေသည့် သူရဲကောင်းမှာ ချန်ကျိုစစ်ဖြစ်သည်ဟု ဝူကျုံး မယုံကြည်နိုင်သေးပေ။
သို့ဖြင့် ကျားဖြူခန်းမအတွင်းရှိ အခြားလူများသည် မနေ့က တိုက်ပွဲအကြောင်း ဆွေးနွေးပြောဆိုကြ၍ ချန်ကျိုစစ်မှ ရွှေဓားဖုန်းစန်းကို လှံရှည်ဖြင့် တိုက်ခိုက်ခဲ့သည့်အကြောင်းများကို ပြောဆိုနေကြချိန်တွင် ဝူကျုံးသည် တိတ်ဆိတ်နေခဲ့သည်။
ရွှေဓားဖုန်းစန်း၏အင်အားသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီး၏ အသိအမှတ်ပြုခြင်းခံထားရခြင်းဖြစ်၏။ ဖုန်းစန်းကို လှံရှည်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ချန်ကျဲ့၏စွမ်းရည်သည် ချန်ကျဲ့သည်လည်း သံမဏိအရိုးအဆင့်ရှိသော အလားအလာရှိသည့် သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း ပြသနေပေသည်။ ထို့ပြင် ချန်ကျဲ့၏အသက်အရွယ်အရ အနာဂတ်တွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်မည့် အလားအလာသည်လည်း စိတ်ကူးတွေးတော၍ မရနိုင်ပေ။
အားလုံးသည် ချန်ကျဲ့အကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။
ဝူကျုံးသည် တိတ်တဆိတ်သာ နားထောင်နေခဲ့ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများသည်တော့ မထိန်းချုပ်နိုင်စွာ တွန့်ကွေးတက်နေခဲ့သည်။
ချန်ကျဲ့သည် အောင်မြင်မှုများ ရရှိထားသည့် သူ၏ဆွေမျိုးသားချင်းတစ်ဦးအလားပင်။ လူအများ ထိုသို့ပြောဆိုနေကြသည်တို့ကို နားထောင်နေရသည်မှာလည်း အောင်မြင်မှုကို မျှဝေခံစားရသည့် ခံစားချက်တစ်မျိုးဖြစ်ပေသည်။
လူအုပ်ကြီးမှ အားတက်သရော ဆွေးနွေးပြောဆိုနေကြစဉ် အပြင်ဘက်ရှိ လူတစ်ယောက်မှ အော်ေပြာလာသည်။
“သခင်၅ ရောက်ပါပြီ!”
အားလုံး၏အကြည့်များသည် တံခါးဆီသို့ ရောက်ရှိသွားကြ၏။ ထို့နောက် ဖြည်းဖြည်းချင်း နီးကပ်လာနေသည့် ခန်းမအရှင်သခင်၏ အထူးရထားလုံးကို မြင်တွေ့လိုက်ကြရသည်။
ကျားဖြူခန်းမ၏ အကြီးအကဲ၊ ခန်းမအရှင်သခင်၏ ကိုယ်ရံတော်ဖန့်ဖူကိုယ်တိုင် ရထားလုံးကို ဂိတ်တံခါးသို့ မောင်းနှင်လာလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ကျားဖြူခန်းမအဖွဲ့သားများသည် ထက်သန်ပြင်းပြစွာ ဆွေးနွေးပြောဆိုကြပြန်သည်။
“ဟေး မင်းတို့မြင်ကြလား။ အခု သခင်၅က အပြင်ထွက်တဲ့အခါ ခန်းမအရှင်သခင်ရဲ့ ရထားလုံးကို အသုံးပြုနေပြီ။ ဒါက ခန်းမအရှင်သခင်က သူ့ကို တန်ဖိုးထားတဲ့အကြောင်း ပြသနေတာပဲ”
“အဲဒါတင် မကသေးဘူး။ ကြည့်စမ်း၊ ရထားလုံးမောင်းတဲ့သူက ဦးလေးဖူပဲ။ သခင်ကြီးနဲ့ သခင်၂တောင်မှ ဒီလိုဆက်ဆံမှုမျိုး မရဖူးဘူး!”
“ဟုတ်တယ်မလား။ ငါ့အထင်တော့ ကျားဖြူခန်းမမှာ ငါတို့ရဲ့အနာဂတ်က သခင်၅ရဲ့လက်ထဲ မူတည်တော့မယ်ထင်တယ်။ ခန်းမအရှင်သခင်က သခင်၅ကို သံမဏိလက်ဝါးသိုင်းကို အမွေဆက်ခံခွင့်ပေးခဲ့တဲ့အကြောင်းကိုလည်း မမေ့လိုက်နဲ့ဦး”
“အမှန်ပဲ။ သံမဏိလက်ဝါးသိုင်းကို သင်ယူခွင့်ရတဲ့သူက ကျားဖြူခန်းမကို ဆက်ခံရမှာပဲ!”
အားလုံးသည် တက်ကြွစွာ ဆွေးနွေးပြောဆိုနေကြသည်။ ထို့နောက် လူတစ်ယောက်မှ ပြော၏
“အမြန်ကြည့်ကြ၊ သခင်၅ ဆင်းလာပြီ”
ဖန့်ဖူသည် ခြေနင်းခုံကို ယူလိုက်ပြီးနောက် ချန်ကျဲ့အတွက် ရထားလုံးလိုက်ကာကိုလည်း ကိုယ်တိုင်ဖွင့်ပေးသည်။
“ဦးလေးဖူ ဒါက ကျွန်တော့်ကို အရမ်းဂရုစိုက်လွန်းနေပြီ”
ဖန့်ဖူမှ ပြောသည်။
“ခန်းမအရှင်သခင် ညွှန်ကြားထားတာပါ။ သခင်၅ရဲ့ အဆင့်အတန်းက ဒီလိုဆက်ဆံမှုနဲ့ ထိုက်တန်ပါတယ်၊ ဒါကြောင့် ဒီတိုင်းလက်ခံလိုက်ပါ”
ချန်ကျဲ့မှ ပြောသည်။
“ဒါကတော့ မွေးစားအဖေက ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတာပဲဗျာ”
ဖုန့်ဖူ ပြုံးလိုက်သည်။
“အောင်မြင်မှုကြီးကြီးမားမား ရယူနိုင်ဖို့ဆို အဲဒါနဲ့အတူ လိုက်လာတဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ခံယူနိုင်ရပါမယ်။ ခန်းမအရှင်သခင်က သခင်၅ကို တန်ဖိုးထားတာပါ”
ထိုသို့ပြောလျက် ဖန့်ဖူမှ ရထားလုံးလိုက်ကာကို ဖွင့်လိုက်သည်။ ချန်ကျဲ့လည်း ထွက်လာခဲ့၏။
အားလုံးသည် ချန်ကျဲ့ကို ကြည့်နေကြကာ ချန်ကျဲ့လည်း လက်သီးယှက်အရိုအသေပြု၍ အားလုံးကို နှုတ်ဆက်ခဲ့သည်။
“ညီနောင်တို့အားလုံးကို နှုတ်ဆက်ပါတယ်”
ထို့နောက် ချန်ကျဲ့သည် ရထားလုံးပေါ်မှ ဆင်းကာ လူအုပ်ကြီးကို ဖြတ်လျှောက်ခဲ့သည်။ သူဖြတ်လျှောက်သွားသည်နှင့် လူအားလုံးတို့သည် နှုတ်ဆက်၏။
“သခင်၅”
“သခင်၅”
“သခင်၅”
ချန်ကျဲ့သည် တစ်ယောက်ချင်းစီတိုင်းကို ခေါင်းညိတ်တုံ့ပြန်ခဲ့သည်။
ထိုအချိန်၌ လူအုပ်ထဲ ရပ်နေသည့် ဝူကျုံးသည် ချန်ကျဲ့အနီးသို့ ချဉ်းကပ်မသွားခဲ့ပေ။ ပြောင်းလဲသွားဟန်ရသော ချန်ကျဲ့ကို တိတ်တဆိတ်ကြည့်နေလျက် တစ်ဦးတည်း ခေါင်းတညိတ်ညိတ် ကျေနပ်နေပေသည်။
သူက တကယ့်ကို မြို့ထဲမှာ ထင်ရှားကျော်ကြားတဲ့လူတစ်ယောက် ဖြစ်နေပြီပဲ။
ထိုစဉ် လောင်လီမှ ပြောသည်။
“ဟေး လောင်ဝူ၊ သခင်၅ လာနေပြီ။ မင်းတို့က တစ်မြို့တည်းကပဲ။ အမြန် ရှေ့တိုးနှုတ်ဆက်ပြီး နေရာယူလိုက်တော့လေ”
သို့သော် ဝူကျုံးသည် ခေါင်းခါငြင်းဆန်၍ ခြေတစ်လှမ်းပင် နောက်ဆုတ်လိုက်သေး၏။
သို့သော်ငြား ချန်ကျဲ့သည် ဝူကျုံးရှိသည့်နေရာကို သတိထားမိသဖြင့် ရပ်တန့်လိုက်သည်။ ထို့နောက် အနီးသို့ အမြန် လျှောက်သွားလိုက်သည်။
လောင်လီသည် ချန်ကျဲ့ကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်သည်။
“သခင်၅”
ချန်ကျဲ့ အသိအမှတ်ပြု ခေါင်းညိတ်လိုက်ပြီးနောက် ဝူကျုံးဆီသို့ ပြုံးရယ်လျက် အမြန်ချဉ်းကပ်သွားခဲ့သည်။
“ဦးလေးကျုံးလည်း ရောက်နေတာပဲ”
“ဦးလေးကျုံး”ဟူသည့် အခေါ်အဝေါ်သည် လောင်လီနှင့် လောင်လျို့တို့ကို အံ့ဩမင်သက်သွားစေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။ သူတို့ အရမ်းမရင်းနှီးဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။
ဝူကျုံးလည်း အံ့ဩသွားခဲ့၏။ ချန်ကျဲ့သည် လက်ရှိအဆင့်အတန်းသို့ ရောက်ရှိသွားပြီဖြစ်ရာ သူ့ကဲ့သို့ ဆင်းရဲပြီး အသုံးမဝင်သည့် ကျေးလက်မှ ဦးလေးတစ်ယောက်ကို ဤသို့အသိအမှတ်ပြုလိမ့်ဦးမည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့သော် ချန်ကျဲ့၏ စိတ်ရင်းအမှန်ဖြင့် အပြုံးကို မြင်လိုက်သောအခါ ဝူကျုံး ရယ်မောလိုက်သည်။
“ကျိုစစ် တစ်လကျော်ပဲ ရှိသေးတယ်၊ မင်းက ဒီလိုအဆင့်အတန်းမျိုး ပိုင်ဆိုင်နေပြီ။ ငါ့မှာ မင်းကို မမှတ်မိဘဲ ဖြစ်တော့မလို့ပဲ”
ချန်ကျဲ့ ရှေ့တိုးသွားလိုက်သည်။
“အားလုံးက ဦးလေးရဲ့ ကူညီထောက်ပံ့မှုကြောင့်ပါပဲ။ ဒါနဲ့ ဦးလေး၊ ကျွန်တော့်ဆရာရော နေကောင်းကျန်းမာရဲ့လားဗျ”
“မင်းဆရာက အရမ်းကိုမှ ကျန်းမာပါတယ်။ သူက အမြဲ မင်းအကြောင်းပြောနေတာ”
“အာ ကျွန်တော် လတ်တလောမှာ အရမ်းအလုပ်များနေလို့ပါ။ ကျွန်တော် အချိန်ရတဲ့အခါ ဆရာ့ဆီ အလည်လာမယ်လို့ ကတိပေးပါတယ်”
“အဒေါ်ရော နေကောင်းလား”
“သူလည်း နေကောင်းပါတယ်။ အရင်ထက်ပိုပြီး ပူညံပူညံပြောလာရုံပဲ။ ငါအခု မြို့တက်လာတော့ သူဘာပြောလဲဆို ဒီခရီးစဉ်ကို အချည်းနှီး မဖြစ်စေနဲ့၊ ယီးဟုန်ဂေဟာကို ဝင်ခဲ့လိုက်ဦးတဲ့လေ အိုင်း…”
ချန်ကျဲ့ တမင်ပြုံးလိုက်ပြီး ပြောသည်။
“ဦးလေး အခုထိ အစ်ကိုဟုန်နဲ့ မတွေ့ရသေးဘူးမလား”
“အင်း မတွေ့ရသေးဘူး”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဦးေလး ဒီနေ့ အလျင်စလို ပြန်မသွားလိုက်ပါနဲ့ဦး။ ကိစ္စအားလုံးပြီးသွားရင် ဒီနေ့ည ကျွန်တော့်အိမ်ကို လာခဲ့ပါ။ အစ်ကိုဟုန်ကိုလည်း ခေါ်ပြီး ကျွန်တော်တို့ အတူတူသောက်ကြတာပေါ့။ ရွေ့ရွေ့လည်း ဦးလေးကို လွမ်းနေလောက်တယ်ဗျ”
“ဟုတ်လား။ ဟားဟား ငါလည်း အဲဒီကလေးမလေးကို လွမ်းမိသား”
ဝူကျုံး ခပ်ဖျော့ဖျော့ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်မှာ မည်သူမျှ ရှိမနေသည့်အလား အေးအေးဆေးဆေး စကားပြောနေခဲ့ကြသည်။ ထို့နောက် ရုတ်တရက် လူတစ်ယောက်မှ ကြေညာသည်။
“ခန်းမအရှင်သခင် ရောက်ပါပြီ!”
ချန်ကျဲ့မှ ပြောသည်။
“ဦးလေး ကျွန်တော် တက်သွားလိုက်ဦးမယ်”
ဝူကျုံးမှ ပြောသည်။
“အင်း သွား သွား။ အရေးကြီးကိစ္စတွေကို မနှောင့်နှေးစေနဲ့”
ချန်ကျဲ့ ပြန်လှည့်ထွက်ရင်း ကုန်သည်အဖွဲ့ဦးစီးမှူးနှစ်ဦးဖြစ်သည့် လောင်လျို့နှင့် လောင်လီတို့ကို ခေါင်းညိတ်နှုတ်ဆက်ခဲ့သည်။ ထို့နောက်တွင်မှ အဝေးရှိ စင်မြင့်ပေါ်သို့ ဦးတည်သွားခဲ့သည်။
ထိုအချိန်၌ လောင်လျို့နှင့် လောင်လီတို့နှစ်ဦးသည် ဝူကျုံးကို ကြည့်လျက် ပြော၏။
“လောင်ဝူ မင်းပြောတော့ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန်ပါပဲဆို?”
ဝူကျုံးမှ ပြောသည်။
“ဟုတ်တယ်လေ။ အတော်လေး သာမန်ပါပဲ”
“အဲဒါဆို သူက ဘာလို့ မင်းကို ဦးလေးလို့ခေါ်ပြီး သူ့အိမ်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ရတာလဲ”
လောင်လျို့နှင့် လောင်လီတို့နှစ်ဦးသည် မေးခွန်းထုတ်ရင်း အံတင်းတင်းကြိတ်ထားကြ၏။
ဝူကျုံး ရယ်မောလိုက်သည်။
“ဟား ညီနောင်တို့ရယ် ငါတို့ရဲ့ဆက်ဆံရေးက တကယ့်ကို သာမန်ပါပဲ။ ဒီတိုင်း ငါ့ရဲ့ယောက္ခထီးက သူ့ရဲ့ဆရာမို့လို့ သူက ငါ့ကို ဦးလေးလို့ ခေါ်ပြီး ငါ့ဇနီးကို အဒေါ်လို့ခေါ်တယ်။ သူ ငါတို့အိမ်မှာ အချိန်ခဏနေတော့ အတူစား၊ အတူသောက်ပြီး အတူနေခဲ့ဖူးတယ်။ အဲဒါအကုန်ပါပဲ”
“ဒါက… ဒါက နည်းနည်းများနေတယ် မဟုတ်ဘူးလား! အဲဒါဆို မင်းရဲ့တူလိုပဲဖြစ်နေပြီလေ”
လောင်လျို့မှ ပါးစောင်ကိုဖိကိုက်ထားရင်း ပြော၏။
ဝူကျုံးမှ ပြောလိုက်သည်။
“တူထက် ပိုတယ်၊ ငါ့သားအရင်းထက် နည်းနည်းလေး လျော့ရုံပဲ”
“ငါ…”
လောင်လျို့နှင့် လောင်လီတို့သည် တိုးညှင်းစွာ ဆဲရေးလိုက်ပြီး တစ်ဖက်သို့ လှည့်သွားကြ၏။ သူတို့နှစ်ဦးသည်
ဒီသောက်ကျိုးနဲ လူတတ်ကြီးဝူကျုံးသည် သူတို့ကို လှည့်စားနေပြန်ပြီဟု တွေးထင်သွားကြလေသည်။
ထိုအချိန်၌ ဖန်းရှစ်ကျုံးသည် မွေးစားသားသုံးဦးကို ဦးဆောင်၍ လင်းယုန်အစောင့်အရှောက်၁၂ဦး၊ ဦးလေးဖူနှင့် အခြားအရေးပါသော ကိုယ်ရေးအမှုထမ်းများနှင့်အတူ စင်မြင့်ပေါ်တွင် နေရာယူသည်။
လူအုပ်ကြီးသည် ဖန်းရှစ်ကျုံး၏ ဦးဆောင်မှုနောက်မှ စင်မြင့်ပေါ်သို့ လျှောက်ခဲ့ကြ၏။
ဖုန်းရှစ်ကျုံး၏နောက်တွင် ဖုန်းရွှမ်၊ ကျန်းချွမ်၊ လုရုံ၊ ချန်ကျဲ့နှင့် ကျိုးချူတို့ ရပ်နေကြသည်။