← Chapters

ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?_၃

Vol. 21 Ch. 286

ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?_၃

Vol. 21 Ch. 286

လင်းယုန်အစောင့်အရှောက်များနှင့် ဦးလေးဖူသည် စင်မြင့်၏ အဝေးဆုံးအစွန်းတွင် ရပ်ကြသည်။ သူတို့သည် စောင့်ကြပ်ရန် တာဝန်ယူထားကြခြင်းဖြစ်သည်။

ဖန်းရှစ်ကျုံးသည် နေရာရှိလူအားလုံးကို ကြည့်၍ စတင်ပြောဆိုသည်။

“အားလုံးရောက်ပြီ”

ထိုစကားတစ်ခွန်းတွင် နေရာရှိလူအားလုံးသည် တိတ်ဆိတ်သွားပြီး စင်မြင့်ပေါ်ရှိ လူတစ်စုကို အာရုံစိုက်လာကြသည်။

အားလုံး သူ့အပေါ် အာရုံစိုက်နေပြီဖြစ်ကြောင်း သေချာသည့်အခါမှ ဖန်းရှစ်ကျုံးသည် ဆက်ပြော၏။

“လူကြီးမင်းအပေါင်းတို့ ခင်ဗျားတို့လည်း ကျားဖြူခန်းမ လတ်တလောမှာ ရင်ဆိုင်ခဲ့ရတဲ့ ကပ်ဘေးအကြောင်း ကြားသိပြီးကြလောက်ပြီထင်ပါတယ်”

“အင်း ခင်ဗျားတို့ အပြင်မှာကြားခဲ့ကြတဲ့ ကောလာဟလတွေအားလုံးက အမှန်ပါပဲ။ ကျားဖြူခန်းမက တကယ်ပဲ ကျရှုံးလုနီး ဖြစ်ခဲ့ပါတယ်”

“ဒါပေမဲ့ ကျုပ်တို့တည်ထောင်သူအရှင်သခင်ရဲ့ ကောင်းချီးဂုဏ်သရေအားဖြင့် နောက်ဆုံးမှာတော့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျားဖြူခန်းမရဲ့ ဆယ်စုနှစ်ကြာ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲဒါအပြင် ခြေတစ်လှမ်းအသာရလို့ နန်ရေကန်ဆားနယ်မြေကို ထိန်းချုပ်စီမံခွင့် ရရှိခဲ့ပြီး ကျားဖြူခန်းမရဲ့အင်အားကို ပိုလို့ တိုးတက်ကြီးမားစေနိုင်ခဲ့တယ်”

“ဒါတွေအားလုံးဟာ ကျုပ်တို့ညီနောင်တွေအားလုံးရဲ့ အကူအညီမရှိဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”

“ဒီနေ့ ညီနောင်တွေအားလုံးကို ‌ဒီနေရာမှာ စုဝေးလိုက်ရတဲ့ အကြောင်းအရင်းကတော့ အမှုထမ်းပိုင်းပြင်ဆင်ချက်တချို့ ပြုလုပ်ချင်လို့ပါ”

“ညီနောင်တို့အားလုံးမြင်ကြတဲ့အတိုင်း ကျုပ်အပါအဝင် ဖုန်းရွှမ်၊ ကျန်းချွမ်၊ လုရုံတို့အားလုံး ဒဏ်ရာရထားကြတယ်။ အဲဒါကြောင့် သက်သာပျောက်ကင်းဖို့ အချိန်ယူရလိမ့်မယ်။ ဒါပေမဲ့ ခန်းမရဲ့အရေးကိစ္စတွေကတော့ ဆက်လက်လုပ်ဆောင်နေရမှာဖြစ်ပြီး ကျုပ်တို့ညီနောင်တွေအနေနဲ့လည်း စားသောက်ဖို့ လိုအပ်သေးတယ်မဟုတ်လား။ အဲဒါကြောင့် အချိန်တစ်ခုအထိ ခန်းမရဲ့အရေးကိစ္စအားလုံးကို သားငယ်၅ ချန်ကျိုစစ်က တာဝန်ယူစီမံခန့်ခွဲဖို့ ဆုံးဖြတ်လိုက်တယ်”

“လမ်းမကြီးလေးခုကို ကာကွယ်ရေးအပါအဝင် နန်ရေကန်မှာ ‌ဆားတူးဖော်ခြင်း၊ ရွာသုံးရွာရဲ့ ငါးဖမ်းကုန်သည်အဖွဲ့တွေကို စီမံခန့်ခွဲခြင်းနဲ့ မြောက်ပိုင်းတောင်က သံသတ္တုတွင်းတူးဖော်တဲ့လုပ်ငန်း အသေးလေးအထိ အားလုံးကို ကျိုစစ်က ယာယီတာဝန်ယူပြီး စီမံခန့်ခွဲလိမ့်မယ်”

ဖန်းရှစ်ကျုံး၏စကားတွင် အားလုံး မျက်လုံးပြူးသွားကြရသည်။

ဒါက ဘာလဲ။ အာဏာ တိုက်ရိုက်လွှဲပြောင်းနေတာလား။

အဲဒါတွေက ကျားဖြူခန်းမရဲ့ အဓိကပိုင်ဆိုင်မှုရဲ့ ၉၀ရာခိုင်နှုန်းပဲကို အခု အဲဒါတွေအားလုံးကို ချန်ကျိုစစ်က တာဝန်ယူရမှာလား။ ဒါက ချန်ကျိုစစ်ကို နောက်တက်မယ့် ခန်းမအရှင်သခင်ဖြစ်လာဖို့အတွက် ထိန်းကျောင်းပြင်ဆင်ပေးနေတာလား။

ဖုန်းရွှမ်၊ ကျန်းချွမ်နှင့် လုရုံပင်လျှင် မျက်လုံးပြူးသွားရ၏။

သူတို့မှာ ရုတ်တရက်ကြီး မိမိ၏ အင်အားအာဏာအလုံးစုံကို ဆုံးရှုံးလိုက်ရသည့်အလား ခံစားလိုက်ရပေသည်။

သူတို့သည် ဒဏ်ရာသက်သာပျောက်ကင်းရန် ကုသဖို့လိုအပ်ပြီး အလုပ်အလွန်အကျွံ မလုပ်သင့်သေးသည့်တိုင် ဤသို့ အာဏာကို တိုက်ရိုက်လွှဲပြောင်း‌ပေးလိုက်ရခြင်းသည် သူတို့ကို လုံးဝ စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ထိုအချိန်၌ သူတို့သုံးဦးသည် အပြန်အလှန် အကြည့်ချင်းဆုံလိုက်ကြ၏။ လုရုံသည် အချိန်တခဏမျှ စိတ်ရှုပ်ထွေးသွားသော်ငြား များများစားစား တုံ့ပြန်မှုမရှိပေ။ ခြုံငုံလိုက်သော် သူထိန်းချုပ်ရသည့် တစ်ခုတည်းသောနေရာမှာ ကျားခေါင်းလမ်းမကြီးသာ ဖြစ်ပေသည်။

လုရုံသည် စိတ်ထဲမထားပေ။ ဒဏ်ရာပျောက်ကင်းသွားပါက ပြန်ယူလိုက်လျှင် ရပြီဖြစ်၏။

သို့သော် အရင်က ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော အခြားနေရာများနှင့်၊ ရွာသုံးရွာ၏ ငါးဖမ်းကုန်သည်အဖွဲ့၊ မြောက်ပိုင်းတောင် သံသတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းကဲ့သို့ ဖန်းရှစ်ကျုံးကိုယ်တိုင် တိုက်ရိုက်စီမံခန့်ခွဲသည့် နေရာများ… ၎င်းတို့ကိုလည်း ချန်ကျိုစစ်ကို လက်လွှဲပေးလိုက်သည်ဖြစ်ရာ မွေးစားအဖေသည် အဘယ်သို့ တွေးတောနေခဲ့သနည်း။

ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်နေကြ၏။ ကျန်းချွမ်သည် မျက်မှောင်ကြုတ်နေသော်ငြား ဘာမျှမပြောပေ။

ထိုသို့ကြားလိုက်ရသည်တွင် ချန်ကျဲ့လည်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ ဖန်းရှစ်ကျုံးမှ သူ့ထံ ကျားဖြူခန်းမ၏ အာဏာအားလုံးနီးပါးကို လွှဲပြောင်းပေးမည့် အစီအစဉ်ကို ချန်ကျဲ့လည်း မျှော်လင့်မထားခဲ့ပေ။

ဒါက နည်းနည်း အလျင်လိုနေသလိုပဲ။

ငါလည်း အာဏာလိုချင်ပေမဲ့ ဒါကတော့…

ထိုသို့တွေးတောနေရင်း ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလိုက်သည်။

“မွေးစားအဖေ ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပါတယ်။ ကျွန်တော် တာဝန်ကို မဖြည့်ဆည်းနိုင်မှာ စိုးရွံ့မိပါတယ်!”

ထိုအခါ ဖုန်းရွှမ်မှ သဘောတူကြောင်း ဝင်ပြောသည်။

“မွေးစားအဖေ ကျိုစစ်က တကယ့်ကို အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ အခုတာဝန်က အရမ်းကြီးလေးလွန်းပါတယ်။ ကျိုစစ်လည်း မနေ့က ဓားဒဏ်ရာရခဲ့ပါသေးတယ်။ အဲဒါကြောင့် အလွန်အကျွံ အပင်ပန်းခံရရင် အားအင်ကုန်ခမ်းသွားနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျိုစစ်ရဲ့ကျန်းမာရေးကိုလည်း ထည့်စဉ်းစားပေးပါဦး”

ထိုသို့ပြောရင်း ဖုန်းရွှမ်သည် ကျန်းချွမ်မှ အနည်းငယ် ဝင်ပြောပေးရန် မျှော်လင့်ချက်ဖြင့် ကျန်းချွမ်ကို မျက်လုံးဖြင့် အချက်ပြ၏။ သို့သော် ကျန်းချွမ်သည် ဖုန်းရွှမ်ကို လုံးဝ လျစ်လျူရှုကာ မလှုပ်မယှက် ငြိမ်နေခဲ့သည်။

ထိုအခါ ဖုန်းရွှမ်သည် စိတ်လောလာခဲ့၍ လုရုံကို တောင်းဆိုဟန် လှမ်းကြည့်သည်။

လုရုံသည် အချိန်ခဏမျှ တန့်နေပြီးနောက်မှ ပြောသည်။

“မွေးစားအဖေ အခုတာဝန်က တကယ့်ကို နည်းနည်းကြီးလေးလွန်းပါတယ်။ တကယ်တော့ ဦးလေးဖူလည်း တာဝန်တချို့ မျှထမ်းပေးနိုင်ပါတယ်”

ထိုအခါ ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အမ်း မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ငါသေချာဂရုတစိုက် စဉ်းစားပြီးတော့မှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာ။ ဒီတစ်ကြိမ်မှာ မင်းတို့တွေက အပြင်းအထန်ဒဏ်ရာရခဲ့ကြတာမို့လို့ သေချာအနားယူကုသဖို့ လိုအပ်တယ်။ အဲဒါကြောင့် ဒီအရေးကိစ္စတွေမှာ ဝင်မစွက်ဖက်နဲ့တော့။ ငါ့ရဲ့ခန့်မှန်းမှုအရဆို မင်းက တစ်လအတွင်း နာလန်ပြန်ထူနိုင်လောက်တယ်။ အဲဒီအခါကျ မင်း ကျိုစစ်ရဲ့ ဝန်ထုပ်တွေကို မျှဝေထမ်းပေးနိုင်ပြီ”

“အခုတော့ ကျားဖြူခန်းမက အင်အားအာဏာပြန်တည်ဖို့အတွက် အာရုံစိုက်ဖို့ လိုအပ်နေတယ်။ အဲဒါကြောင့် အခုတော့ ကျိုစစ်က အလုပ်တာဝန်တွေကို များများယူထားရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ဖန်းရှစ်ကျုံးမှ ကြေညာသည်။

“အင်း ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ မင်းတို့ ကျိုစစ်အတွက် စိုးရိမ်တယ်ဆိုရင် မြန်မြန် ‌နေကောင်းအောင်လုပ်ကြ”

သို့တိုင် ဖုန်းရွှမ်သည် တစ်ခုခု ထပ်ပြောလိုဆဲပင်။ သို့သော် ကျန်းချွမ်သည် နှုတ်ဆိတ်နေဆဲဖြစ်သောကြောင့် မျက်မှောင်ကြုတ်လျက် လက်လျှော့လိုက်ရပေသည်။

“ဒါဆို ကျွန်တော် မွေးစားအဖေရဲ့ညွှန်ကြားမှုကို လက်ခံပါ့မယ်”

ထိုအခါ ဖန်းရှစ်ကျုံးမှ အတည်ပြုသည်။

“ကောင်းပြီ၊ ဒါဆို ဆုံးဖြတ်ပြီးပြီ။ အချိန်တစ်ခုအထိ ကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးအားလုံးက ကျိုစစ်ဆီ သတင်းပို့ကြရမယ်။ ပြဿနာတစ်ခုခုရှိခဲ့ရင်လည်း ကျိုစစ်နဲ့ တိုင်ပင်ဆွေးနွေးကြပါ။ ပြောချင်တာကတော့ ဒီလောက်ပါပဲ”

ထိုသို့ပြောခဲ့ပြီး ဖန်းရှစ်ကျုံးသည် လူအုပ်ကြီး၏ အံ့ဩမင်သက်နေမှုကို လျစ်လျူရှုကာ စင်မြင့်ပေါ်မှ လှည့်ထွက်သွားတော့သည်။

ဦးလေးဖူနှင့် လင်းယုန်အစောင့်‌အရှောက်၁၂ဦးသည်လည်း နောက်မှလိုက်သွား၏။

ထိုအခါ စင်မြင့်ပေါ်၌ ဖုန်းရွှမ်သည် ကျန်းချွမ်ကို စူးစူးရဲရဲစိုက်ကြည့်နေ၏။

မင်းဘာလုပ်နေတာလဲ။ မင်းလိုလူက အာဏာကို အလွယ်တကူ လက်လွှတ်ပေးတတ်တဲ့သူမို့လို့လား။

သို့သော်ငြား ကျန်းချွမ်သည် တည်ငြိမ်အေးဆေးနေဆဲပင်။ ကျန်းချွမ်သည် စင်မြင့်ပေါ်မှ လှည့်ထွက်သွားပြီး သူ၏ဝေါယာဉ်ဆီသို့ ပြန်သွားခဲ့သည်။

ဖုန်းရွှမ်သည် မျက်မှောင်ကြုတ်လျက် ချန်ကျဲ့ကို လှည့်ကြည့်သည်။

“အစ်ကိုကြီး”

ချန်ကျဲ့မှ သူ့ကို အရိုအသေပြုနှုတ်ဆက်သည်ကို မြင်သောအခါ ဖုန်းရွှမ်သည် အပြုံးဖြင့် ပြန်လည်တုံ့ပြန်သည်။

“အင်အားအာဏာကြီးမားလာတဲ့အတွက် ညီငယ်၅ကို ဂုဏ်ပြုပါတယ်!”

ချန်ကျဲ့ ရုတ်ချည်း လက်သီးယှက်အရိုအသေပြုလိုက်သည်။

“အစ်ကိုကြီး ကျွန်တော် စိုးရိမ်နေမိပါတယ်”

ဖုန်းရွှမ်မှ ပြန်ပြောသည်။

“ညီငယ်၅ မင်း ဘာမှစိုးရိမ်နေဖို့ မလိုပါဘူး။ မင်းမှာ တစ်ခုခု မသေချာမရေရာဖြစ်တာမျိုး ရှိခဲ့ရင် ငါ့ဆီ လာခဲ့လို့ရတယ်”

ချန်ကျဲ့ ကျေးဇူးတင်စကားဆိုလိုက်သည်။

“အစ်ကိုကြီးရဲ့ တန်ဖိုးကြီးမားတဲ့ အားပေးထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်”

ဖုန်းရွှမ်မှ ရယ်မော၏။

“စကားပြောတာ တော်လောက်ပြီ။ ငါ ဒဏ်ရာတွေ ပျောက်ကင်းဖို့အတွက် ဒီလောက်နဲ့ ပြန်လိုက်ဦးမယ်”

ထိုသို့ပြောလျက် ဖုန်းရွှမ် ထွက်သွားခဲ့သည်။

လုရုံ‌မှ ပြောသည်။

“ကျိုစစ် မင်းဒီရက်တွေအ‌တွင်း ပင်ပန်းရတော့မယ်။ ငါ့လမ်းမကိုလည်း သေချာဂရုစိုက်ပေးဖို့ အပ်ပါတယ်။ ငါလည်း သွားနှင့်ပြီ”

ထိုသို့ပြော၍ လုရုံလည်း စင်မြင့်ပေါ်မှ ဆင်းသွားခဲ့သည်။

ချန်ကျဲ့သည် ထွက်ခွာသွားသည့်ပုံရိပ်များ ရပ်ကြည့်နေရင်း မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။ ကျိုးချူမှ ပြောလာ၏။

“ကျိုစစ်၊ ငါဘာလို့ သူတို့တွေ မကျေနပ်ဘူးလို့ ခံစားနေရတာလဲ”

ထိုအခါ ချန်ကျဲ့ တုံ့ပြန်ပြော၏။

“သူတို့ကျေနပ်‌နေရင်မှသာ ထူးဆန်းနေမှာပေါ့”

“အားလုံးကို အကြောင်းကြားလိုက်ပါ။ ဦးစီးမှူးတွေအားလုံး ဘေးခန်းမထဲမှာ ငါနဲ့တွေ့ဖို့ စုဝေးကြပါလို့”

ချန်ကျဲ့ ဘေးခန်းမဆီသို့ လှည့်ထွက်သွားခဲ့သည်။ ဖန်းရှစ်ကျုံးသည်တော့ သူ၏အခန်းဆီသို့ ပြန်လာခဲ့သည်။

All Chapters