← Chapters

ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?_၄

Vol. 21 Ch. 287

ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?_၄

Vol. 21 Ch. 287

ဖန်းရှစ်ကျုံးသည် အခန်းထဲသို့ ဝင်ပြီးသည်နှင့် မထိန်းချုပ်နိုင်စွာ ချောင်းဆိုးမိရသည်။

“အဟွတ် အဟွတ် အဟွတ်…”

ဦးလေးဖူသည် လင်းယုန်အစောင့်အရှောက်၁၂ဦးကို အခန်းဝန်းကျင်တွင် သတိကပ်ထားရန် ချက်ချင်း သတိပေးလိုက်သည်။ သူကိုယ်တိုင်သည်တော့ အခန်းထဲဝင်၍ ဖန်းရှစ်ကျုံးအတွက် ရေခပ်ပေးရင်း ပြောသည်။

“ခန်းမအရှင်သခင် အဆင်ပြေရဲ့လား”

“အဟွတ် အဟွတ်… ဘာမှမဖြစ်ဘူး။ သူဖုန်းစားအိုကြီးရဲ့ အဲဒီလက်ဝါးရိုက်ချက်က အဆုတ်သွေးကြောကို ထိခိုက်စေခဲ့တာ။ ငါ အားပြန်ဖြည့်ဖို့လိုတယ်”

ထိုအခါ ဦးလေးဖူသည် လက်ဖက်ရည်ခွက်ကို ကမ်းပေးရင်း ပြောသည်။

“ခန်းမအရှင်သခင် ဒီနေ့ သခင်၅ကို ကျားဖြူခန်းမရဲ့ အခြေခံအုတ်မြစ်တစ်ခုလုံးကို စီမံခန့်ခွဲခွင့်လွှဲပြောင်းပေးဖို့ ကြေညာခဲ့တာ.. အရမ်းကြီး အမြစ်လှန်ပြောင်းလဲလိုက်သလို ဖြစ်မနေဘူးလား”

ထိုအခါ ဖန်းရှစ်ကျုံးမှ မေးသည်။

“ဘာဖြစ်လို့လဲ”

“သခင်ကြီးနဲ့ သခင်၂တို့က သိပ်ပြီး ကျေနပ်ပုံမရလို့ပါ”

ဖန်းရှစ်ကျုံး အကြိမ်ရေအနည်းငယ် ချောင်းထပ်ဆိုးလိုက်သည်။

“အဟွတ် အဟွတ်… အဲဒါက သူတို့စိတ်ပျက်သွားတာကြောင့်ပါ”

“အခု မျန့်ရွှေစီရင်စုမှာက ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ တိမ်တွေလှိုင်းတွေချည်းပဲ။ နန်ပါးထျန်း၊ လျိုလောင်ကွေ့နဲ့ အဲဒီအမှောင်ထဲမှာ ပုန်းလျှိုးနေတဲ့လူတွေအားလုံးက အမြဲလှုပ်ရှားနေတာ။ သူဖုန်းစားဂိုဏ်းနဲ့ ဒီအဖြစ်အပျက်က ငါ့ကို သတိပေးလိုက်တာပဲ”

“ဘယ်လို‌မျိုးလဲ”

“အားဖူ မင်း ကျိုစစ်ကို ဘယ်လိုထင်လဲ”

ဖန်းရှစ်ကျုံးသည် အဖြေ‌မပေးဘဲ ဖန့်ဖူကို မေးခွန်းပြန်ထုတ်ခဲ့သည်။

“သခင်၅က လုပ်ဆောင်မှုတွေမှာ တိကျပြတ်သားပြီး အပြုအမူလည်း အတိုင်းအဆရှိတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အပြုအမူအကျင့်စရိုက်မျိုး ရှိတယ်”

ဖန့်ဖူမှ ဖန်းရှစ်ကျုံးကို ပြောသည်။ ဖန်းရှစ်ကျုံးမှ ခေါင်းညိတ်၍ ပြောသည်။

“အမှန်ပဲ။ ကျိုစစ်က အရည်အချင်းရှိတယ်။ ငါလည်း သူ့အပေါ် အများကြီး မျှော်လင့်ထားတယ်”

“ကျားဖြူခန်းမရဲ့ လက်ရှိအခြေအနေကို မင်းကြည့်ဦး၊ သားကြီးနဲ့ သားငယ်၂က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်နေကြတာ။ ငါ ကျားဖြူခန်းမကို သားကြီးနဲ့ သားငယ်၂ကို လက်လွှဲပေးမယ်ဆိုရင် သူတို့နှစ်ယောက် သေချာပေါက် အပြန်အလှန် ပုန်ကန်တိုက်ခိုက်ကြလိမ့်မယ်။ ငါက သူတို့နှစ်ယောက်ကို အလိုက်အထိုက်ကြိုးပမ်းပေးနိုင်မယ့် လူတစ်ယောက်ရှိနိုင်မလားလို့ စဉ်းစားနေတာ.. အဲဒီလိုဆို အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပြီ”

“အဲဒါဆို ခန်းမအရှင်သခင်က ကျိုစစ်ကို ရွေးချယ်ချင်တာလား”

“အမ်း”

“ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် သခင်ကြီးနဲ့ သခင်၂တို့ ဘယ်လိုဖြစ်သွားမလဲ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အဲဒါကြောင့်ပဲ ငါ ကျိုစစ်ရဲ့လုပ်ကိုင်ပုံနည်းလမ်းကို စစ်ဆေးကြည့်ချင်တာ။ သူသာ တာဝန်ကို မထမ်းနိုင်ခဲ့ရင် ငါတို့ တခြားနည်းလမ်း စဉ်းစားရမှာပေါ့။ သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေနိုင်စေမယ့် နည်းလမ်းရှိလိမ့်မှာပါ။ ခြုံငုံလိုက်ရင် သူတို့အားလုံးက ငါ့ရဲ့သားတွေပဲလေ”

ဖန့်ဖူသည် ဖန်းရှစ်ကျုံး၏အတွေးများကို နားလည်၏။

ထို့နောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ပြီးတော့ သူဖုန်းစားဂိုဏ်းနဲ့ အဖြစ်အပျက်က ဆက်ခံသူတစ်ယောက်ပဲ ရွေးချယ်တာက အရမ်းစွန့်စားလွန်းရာကျတဲ့အကြောင်း ငါ့ကို နားလည်သွားစေခဲ့တယ်။ သားငယ်၄လိုလူမျိုးက မမျှော်လင့်ဘဲ ရုတ်တရက်သေဆုံးသွားနိုင်တယ်ဆိုရင် ကျားဖြူခန်းမရဲ့ ဆယ်စုနှစ်ကြာ အခြေခံအုတ်မြစ်က ဘယ်လိုဖြစ်လာလိမ့်မလဲ”

“အဲဒါကြောင့် ဒုတိယအချက်က ကျိုစစ်က သားကြီးနဲ့ သားငယ်၂ကြား ဟန်ချက်ညီအောင် မပြုလုပ်နိုင်ခဲ့ရင်တောင်မှ သူ့ရဲ့အရည်အချင်းကိုတော့ လေ့ကျင့်ပျိုးထောင်ပေးရမှာပဲလေ။ အဲဒီလိုနည်းလမ်းနဲ့ ‌နောက်ထပ်ကံကြမ္မာအလှည့်အပြောင်းတစ်ခု ပေါ်လာနိုင်တယ်။ ငါတို့မှာလည်း အရည်အချင်းရှိတဲ့ဆက်ခံသူ မရှိဘဲ မဖြစ်နိုင်တော့ဘူး”

ဖန့်ဖူသည် ဖန်းရှစ်ကျုံး၏ ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိပါ၏။

အဖေတစ်ယောက်အနေဖြင့် ဖန်းရှစ်ကျုံးသည် သူ၏မွေးစားသားများကို ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်စေချင်သည်။

ဒါပေမဲ့ သားကြီးနှင့် သားငယ်၂တို့က သဟဇာတမဖြစ်ကြဘူး။ တစ်ယောက်က အာဏာကြီးမားသွားရင် သေချာပေါက် နောက်တစ်ယောက်ကို သတ်လိုက်လိမ့်မယ်။

ထို့ကြောင့် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့အား သူတို့နှစ်ဦးကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးနိုင်မည့်လူ ဖြစ်လာစေလိုခြင်း ဖြစ်သည်။

ထို့ပြင် ချန်ကျဲ့မှ ထိုသို့ပြုလုပ်ရန် ကျရှုံးခဲ့ပါကလည်း ချန်ကျဲ့၏အရည်အချင်းကို သားကြီးနှင့် သားငယ်၂ကဲ့သို့ ဆက်ခံသူအလောင်းအလျာတစ်ဦးဖြစ်ရန် ‌လေ့ကျင့်ပျိုးထောင်ပေးနိုင်လိမ့်မည်။

ဤနည်းဖြင့် အကျိုးနှစ်ခုရှိနိုင်သည်။

တစ်အချက်၊ တြိဂံသည် တည်ငြိမ်သည်။ သုံးဦးသုံးဖက်မှ တစ်ဦးကိုတစ်ဦး စစ်ဆေးပြီး အချင်းချင်း ဟန်ချက်ထိန်းနိုင်မည်ဆိုလျှင် အပြန်အလှန် စိုးရိမ်ပူပန်နေရမည့်စား ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည်။

ဒုတိယအချက်၊ အကယ်၍ သူဖုန်းစားအိုကြီး၏ နဂါးနိုင်လက်ဝါးသိုင်းကဲ့သို့ ပြင်ပအကြောင်းအရာ တစ်ခုခုကြောင့် ဆက်ခံသူမှ အချိန်မတိုင်ဘဲ သေဆုံးသွားခဲ့ပါက၊ ကျန်းချွမ် သို့မဟုတ် ဖုန်းရွှမ်တို့ သေဆုံးသွားခဲ့ပါက၊ အရည်အချင်းပြည့်မီသည့် ဆက်ခံသူတစ်ဦး အဆင်သင့်ရှိနေနိုင်ပေသည်။

လုရုံသည် စိတ်လောကြီးတတ်သူ ဖြစ်သည်။ တိုက်ခိုက်ရန် သင့်တော်သော်ငြား ခန်းမအရှင်သခင်ဖြစ်ရန် မသင့်တော်ပေ။

ကျိုးချူသည် အားလုံးလက်ခံရန်အတွက် ခက်ခဲသူဖြစ်သည်။ သူ၏အင်အားနှင့် အရည်အချင်းသည် အားနည်း၏။

အချိန်တစ်ခုအထိတော့ ဖန်းရှစ်ကျုံးသည် အလားအလာရှိသူအားလုံးကို ထင်ရှားကျော်ကြားသူအဖြစ် ခြေလှမ်းလျှောက်နိုင်ရန် ထောက်ပံ့ပေးရလိမ့်မည်။ ထိုကြောင့်ပင် ဖန်းရှစ်ကျုံးသည် ကျားဖြူခန်းမ၏ လုပ်ငန်းအားလုံးကို ချန်ကျဲ့ကို အပ်နှံခဲ့ခြင်းဖြစ်သည်။

အားလုံး ပြန်လည်အားဖြည့်နေသည့် အချိန်တစ်လတာသည် ချန်ကျဲ့၏စွမ်းဆောင်ရည်ကို စောင့်ကြည့်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။

ဤသည်မှာလည်း ဖန်းရှစ်ကျုံး၏ ရည်ရွယ်ချက်ဖြစ်သည်။

မင်းအတွက် စင်မြင့်ကို ပြင်ဆင်ပေးထားပြီ၊ မင်းကိုင်တွယ်နိုင်မလား ကြည့်ကြတာပေါ့။

ဤသည်မှာ သူ၏ တကယ့်ရည်ရွယ်ချက်ဖြစ်သည်။

အရည်အချင်းဟူသည် တိုးတက်မှုရှိရန် လိုအပ်သည်။ လက်ဖြောင့်တပ်သားဟူသည် ကျည်ဆံပစ်ခတ်ခြင်းဖြင့် ဖြစ်တည်လာရခြင်းဖြစ်သည်။ ဆန်အချို့ ဝေမျှရန် ဆန္ဒမရှိဘဲနှင့်တော့ မိမိလက်အောက်ငယ်သားကို အောင်မြင်စေချင်မည် မဟုတ်ချေ။

အရည်အချင်းရှိသော ခေါင်းဆောင်တစ်ယောက်အနေဖြင့် မိမိ၏ငယ်သားကို စင်မြင့်တစ်ခု ထောက်ပံ့ပေးရပမည်။

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့၌ သားကြီးနှင့် သားငယ်၂တို့ကို ဟန်ချက်ထိန်းပေးနိုင်မည့် အရည်အချင်းရှိ၊မရှိ စောင့်ကြည့်လိုသောကြောင့် ဤသို့သင့်လျော်သည့်စင်မြင့်ကို ချန်ကျဲ့အတွက် ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

“အမ်း အားဖူ၊ ကျိုစစ် အလုပ်တွေပြီးသွားရင် ငါ့ဆီ လာတွေ့ဖို့ ပြောလိုက်ပါ”

ဖန်းရှစ်ကျုံး၏ အမိန့်အဆုံး၌ ဖန့်ဖူမှ ရုတ်ချည်း တုံ့ပြန်သည်။

“ဟုတ်ကဲ့ပါ ခန်းမသခင်”

…

ကျားဖြူခန်းမ၏ အရန်ခန်းမ၌

ချန်ကျဲ့သည် စားပွဲခုံကို ခေါက်နေရင်း သူ၏ရှေ့ရှိ လက်ဖက်ရည်ခွက်ကို ကြည့်နေသည်။

လက်အောက်ငယ်သားနှစ်ဦးသည် ချန့်ကျဲ့၏ဘေးတွင် ရပ်၍ အမိန့်ကို စောင့်‌ဆိုင်းနေ၏။

ချန်ကျဲ့သည် အ‌ချက်တစ်ချက်ကိုသာ စဉ်းစားနေခဲ့ခြင်းဖြစ်၏– ဖန်းရှစ်ကျုံး သူ့ထံ လွှဲပြောင်းပေးလိုက်သည့် လုပ်ငန်းအားလုံးကို သူ အပြည့်အဝ ထိန်းချုပ်နိုင်ပါမည်လော။ မဖြစ်နိုင်ပေ။

အစ်ကိုကြီးနှင့် အစ်ကို၂တို့သည် ဒဏ်ရာရထားရုံသာဖြစ်၏။ သေဆုံးသွားခြင်း မဟုတ်ပေ။ သူတို့ဆယ်စုနှစ်တစ်ခုစာ တည်ဆောက်ထားသည့် အခြေခံအုတ်မြစ်၊ သူတို့ ပြုစုပျိုးထောင်ထားခဲ့သည့် ယုံကြည်မှုတို့ကို မိမိမှာ အလွယ်တကူဖြင့် အပြည့်အဝ ထိန်းချုပ်နိုင်ပါမည်လော။

မဖြစ်နိုင်ပေ။ ထို့ပြင် သူ့အနေဖြင့် မျက်နှာဖုံးကို တိုက်ရိုက်ကြီး ဆွဲချွတ်ပစ်လိုက်ရန်လည်း မဖြစ်ချေ။ သို့မဟုတ်ပါက သူ၏အစ်ကိုကြီးနှင့် အစ်ကို၂တို့သည် ဘာမျှမလုပ်ဘဲ ရပ်ကြည့်နေကြလိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ ဖန်းရှစ်ကျုံးမှ သူ့(ချန်ကျဲ့)အား ကျားဖြူခန်းမ၏ လုပ်ငန်းအားလုံးကို တိုက်ရိုက်လက်လွှဲပေးခဲ့ခြင်းမှာ သူ့ကို လူထောင်သောင်းများစွာ၏ အထက်တွင်ရှိသူဖြစ်စေရင်း ပထမအင်အားအကြီးဆုံးသူ၏ နောက်တွင် ရှိစေလို၍ ဖြစ်ပေလိမ့်မည်။

ချန်ကျဲ့ ကောင်းစွာသိထားပါ၏။

အတွင်းရှိ အသေးစိတ် အရှုပ်အထွေးများမှာ အလွယ်တကူ စီမံထိန်းချုပ်၍ ရနိုင်လိမ့်မည် မဟုတ်ပေ။

ဆယ်စုနှစ်တစ်ခုကြာ ယုံကြည်မှုတွေက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ စကားနည်းနည်းလေးကြောင့်နဲ့ ဘေးရောက်သွားနိုင်မှာတဲ့လဲ။

ထို့ပြင် သူတို့အားလုံး ဒဏ်ရာပြန်ကောင်းမွန်သည်နှင့် အာဏာပြန်ပေးရမည်ဟု ဖန်းရှစ်ကျုံးမှ ပြောခဲ့သည်။ ဆိုလိုသည်မှာ သူ၏အာဏာသည် ရေရှည်အတွက် မဟုတ်ပေ။

ထို့ကြောင် ချန်ကျဲ့အနေဖြင့် အောင်မြင်မှုကို အမြန်ရရှိရန် အလျင်မလိုသင့်ပေ။ တစ်နည်း‌‌ဆိုရသော် သူ လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ သူတို့၏ဩဇာလွှမ်းမိုးမှုကို ဖြည်းဖြည်းချင်း တိုက်စား၍ ရန်သူအား အားနည်းချက်ကို ပြသကာ မိမိကိုယ်ကိုယ်ယုံကြည်မှု အရမ်းမလွန်ကဲရန်ဖြစ်သည်။

ချန်ကျဲ့မှာ အချိန်တစ်လသာ ရရှိပြီး ကျားဖြူခန်းမတွင် လူယုံများများစားစားမရှိသည့် လူသစ်တစ်ယောက်ဖြစ်ရာ အင်အားအာဏာ အလုံအလောက်ရှိလျှင်သော်မှ အပြည့်အဝ ထိန်းချုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့ဖြစ်ရာ ချန်ကျဲ့၏ လက်ရှိရည်မှန်းချက်သည် ကျားဖြူခန်းမကြီးတစ်ခုလုံး မဟုတ်ပေ။

ထိုအစား သူ၏အစ်ကိုကြီးနှင့် အစ်ကို၂တို့နှင့် ညီမျှသည့် အရင်းအမြစ်များကို ရရှိရန်အတွက် ကျားဖြူခန်းမ၏ အခြားသော လုပ်ငန်းနယ်မြေအချို့ကို သိမ်းယူရန် အာရုံစိုက်ရပေမည်။

ရည်မှန်းချက်ကို ရှင်းလင်းပြတ်သားစွာ ချမှတ်ပြီးသည်နှင့် ချန်ကျဲ့ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

အသီးအရွက်ဈေးလမ်းမကြီး၊ ရွာသုံးရွာ၏ ငါးဖမ်းကုန်သည်အဖွဲ့များနှင့် နန်ရေကန်ကို စီမံအုပ်ချုပ်ခွင့်တို့သည် ဤတစ်ကြိမ်အတွက် ချန်ကျဲ့၏ရည်မှန်းချက်များ ဖြစ်သည်။

All Chapters