ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?_၅
Vol. 21 Ch. 288
အဲဒီနယ်မြေတွေကို သေချာထိန်းချုပ်နိုင်ရင် ငါ့ရဲ့ကိုယ်ပိုင်အင်အားက အစ်ကိုကြီးနဲ့ အစ်ကို၂တို့ထက် အားနည်းမှာ မဟုတ်တော့ဘူး။
ပြီးတော့ ဒီတစ်လမှာ ငါ့လက်ထဲရှိတဲ့လူတွေအပေါ် မှီခိုရမယ်။ ဒါက ငါလုပ်နိုင်တာ အကုန်ပဲ။
မကြာမီ၌ ကျိုးချူသည် နယ်မြေအသီးသီးမှ ဦးစီးမှူးများနှင့်အတူ ခန်းမထဲသို့ ရောက်လာသည်။
ကျားဖြူခန်းမ၏ ဦးစီးမှူးအရေအတွက်သည် အတော်လေး များပြား၏။
ဖန်းရှစ်ကျုံး၏ မွေးစားသားလေးဦးမှ တိုက်ရိုက်အုပ်ချုပ်သည့် လမ်းမကြီးလေးခု၏ ဦးစီးမှူးများအပါအဝင် အဓိကရွာသုံးရွာ၏ ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူးများနှင့် မြောက်ပိုင်းတောင် သံသတ္တုတွင်းလုပ်ငန်း၏ ဦးစီးမှူးလည်း ပါဝင်သည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တာဝန်ယူထားသည့် ဦးစီးမှူးများလည်း ရှိသည်။
သို့ဖြစ်ရာ စုစုပေါင်း ဆယ်ဦးကျော်ခန့် ရှိ၏။
ချန်ကျဲ့သည် သူတို့အားလုံးကို အကြမ်းဖျင်း အစည်းအဝေးပြုလုပ်ရန်အတွက် စုဝေးလိုက်ခြင်းဖြစ်သည်။
ဤအစည်းအဝေးမှာ ကျားဖြူခန်းမ၏ လာမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးရန်ဖြစ်သည်။ လမ်းမကြီးလေးခုသည်တော့ ယခင်ပုံမှန်စီစဉ်မှုအတိုင်း ဆက်လုပ်သင့်သည်ဟု ချန်ကျဲ့ ဆုံးဖြတ်ချက်ချခဲ့သည်။
ချန်ကျဲ့သည် သံသတ္တုတွင်းလုပ်ငန်းကိုလည်း များများစားစား ဝင်စွက်ဖက်လိုသည့် ဆန္ဒမရှိပေ။
ရွာသုံးရွာ၏ ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူးများကို တကယ်တမ်းတွင် ဖန်းရှစ်ကျုံးမှ တိုက်ရိုက်စီမံအုပ်ချုပ်ခြင်းဖြစ်သည်။ ဝူကျုံးသည် ချန်ကျဲ့ကို သစ္စာခံကြောင်း ပြတ်ပြတ်သားသား ဖော်ပြခဲ့သည်။
ထို့နောက် ချန်ကျဲ့သည် အသီးအရွက်ဈေးလမ်းမကြီး၏ စီမံခန့်ခွဲမှုပုံစံကို အစ်ကို၄၏လူယုံဖြစ်သူ တင်းစန်း၏ ထိန်းချုပ်မှုအောက်၌ ဆက်လက်လုပ်ဆောင်ရန် တိုက်ရိုက်တာဝန်ပေးခဲ့သည်။
တင်းစန်းသည် မိမိမှာ ဖယ်ရှားခံရတော့မည်ဟု တွေးထင်နေခဲ့ခြင်းဖြစ်၏။ သို့သော် ချန်ကျဲ့မှ သူ့ကို ဆက်လက်အသုံးပြုခဲ့ရာ ကျေးဇူးတင်သဖြင့် ချန်ကျဲ့နှင့် ကောင်းမွန်စွာ လက်တွဲလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
ချန်ကျဲ့သည် နန်ရေကန်လုပ်ငန်းအား ကျိုးချူကို တိုက်ရိုက်တာဝန်ပေးခဲ့သည်။ နန်ရေကန်သည် အလွန်အကျိုးအမြတ်များသည့် နယ်မြေဖြစ်သောကြောင့် ယုံကြည်အားထားရသူကို တာဝန်ပေးရပေမည်။
နောက်ဆုံး၌ ချန်ကျဲ့သည် အားလုံးကို ပြောခဲ့သည်။
“ကျွန်တော်က ကျားဖြူခန်းမရဲ့ အရေးကိစ္စတွေကို ယာယီစီမံခန့်ခွဲပေးရုံပါပဲ။ အဲဒါကြောင့် အရင်အတိုင်းပဲ ဆက်လက်လုပ်ဆောင်ကြပါ။ အထူးသဖြင့် အဓိကလမ်းမကြီးသုံးခုရဲ့ ဦးစီးမှူးတွေကို ပြောချင်ပါတယ်။ ဦးစီးမှူးတို့မှာ သံသယတစ်ခုခုရှိခဲ့ရင် ဦးစီးမှူးတို့ရဲ့ အရင်အထက်လူကြီးတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ ဒါပေါ့ သေချာပေါက် ကောင်းကောင်းစီမံခန့်ခွဲပြီး ကျွန်တော့်ကို ပြဿနာမတက်အောင်လည်း ကူညီပေးကြပေါ့ဗျာ။ ဒီတစ်လပြီးသွားရင် ဦးစီးမှူးတို့က ကျွန်တော့်အစ်ကိုကြီးသုံးယောက်ရဲ့ လက်အောက်ကို ပြန်သွားရမှာပါပဲ”
“ကောင်းပြီ၊ အခု အားလုံးပဲ ပြန်လို့ရပါပြီ”
ချန်ကျဲ့ လက်ဝှေ့ယမ်း၍ အားလုံးကို ထွက်ခွာနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
လူအုပ်ကြီးမှာ ထွက်ခွာသွားကြပြီး ကျိုးချူနှင့် တင်းစန်းသာလျှင် ကျန်ရစ်ခဲ့တော့သည်။
ချန်ကျဲ့ တင်းစန်းကိုကြည့်၍ မေးလိုက်သည်။
“တင်းစန်း မင်းဘာလို့ မသွားသေးတာလဲ”
ထိုအခါ တင်းစန်းသည် ရုတ်ချည်း ဒူးထောက်ချ၍ ပြောလာ၏။
“ကျွန်တော့်ကို အသီးအရွက်ဈေးလမ်းမကြီးကို ဆက်လက်စီမံခန့်ခွဲခွင့်ပေးတဲ့အတွက် သခင်၅ကို ကျေးဇူးတင်ပါတယ်!”
တင်းစန်းသည် သူ့ကို သစ္စာခံမှုပြသနေခြင်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။
ချန်ကျဲ့မှ ပြောသည်။
“ညီနောင်တင်းစန်း ကျွန်တော်နဲ့ အစ်ကို၄နဲ့က ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ မင်းက အစ်ကို၄ရဲ့ လူယုံတော်ဆိုမှတော့ ငါ့ရဲ့လူယုံတော်ပဲပေါ့။ ကောင်းကောင်းလုပ်ဆောင်ပါ။ မင်းလိုအပ်တဲ့အခါ ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကိုလာရှာလို့ရတယ်”
ထိုအခါ တင်းစန်းမှ ချက်ချင်း တုံ့ပြန်သည်။
“ကျွန်တော် သခင်၅အတွက် အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်”
ချန်ကျဲ့မှ ပြောသည်။
“ထပါကွာ။ အဲဒီလို စကားအဝေးကြီးတွေ မပြောစမ်းပါနဲ့”
ချန်ကျဲ့ တင်းစန်းကို ထိုင်ခိုင်းလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၍ မေးလိုက်သည်။
“ဒါနဲ့ အစ်ကို၄ မသေဆုံးခင်တုန်းက တစ်ခုခု မူမမှန်တာ ရှိခဲ့သေးလား”
တင်းစန်း အံ့ဩသွားပြီး ပြောသည်။
“မရှိပါဘူး။ အဲဒီတုန်းက သခင်၄မှာ ဘာမှ မူမမှန်တာ မရှိခဲ့ပါဘူး။ အိုး ဟုတ်သား၊ အဲဒီရက်တွေတုန်းက သခင်၄က စာရင်းစစ်နေခဲ့တာ။ သခင်၄က ကျွန်တော်တို့ကျားဖြူခန်းမရဲ့ စာရင်းစစ်လည်း ဟုတ်တယ်လေ”
ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး မေးသည်။
“သူ သေဆုံးတဲ့နေ့က ဘာစာရင်းကို စစ်နေခဲ့တာလဲ”
တင်းစန်းမှ ပြန်ပြောသည်။
“နည်းစနစ်ကျကျပြောရရင်တော့ သံသတ္တုတွင်းနဲ့ မှောင်ခိုသွင်းကုန်၊ပို့ကုန်တွေရဲ့ စာရင်းတွေဖြစ်ပါလိမ့်မယ်”
“သံသတ္တုတွင်း”
ချန်ကျဲ့မျက်မှောင်ကြုတ်လိုက်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က တတိယသခင်မလေးဟွား အမှတ်တမဲ့ပြောခဲ့ဖူးသည့် မျန့်ရွှေစီရင်စု၏ သံကြွပ်ဈေးတက်နေသည့်အကြောင်းကို သတိရလိုက်သည်။
ယေဘုယျအားဖြင့် အစိုးရ၏ ကြားဝင်စွက်ဖက်မှုမရှိဘဲ ဈေးတက်ပါက ဈေးကွက်ထောက်ပံ့မှုနှင့် ဝယ်လိုအားတွင် ပြောင်းလဲမှုရှိသောကြောင့်သာ ဖြစ်လိမ့်မည်။
ဆိုလိုတာက သံသတ္တုထွက်နှုန်း နည်းနေတယ်ပေါ့။
ထို့ပြင် တန်းကွမ်းမင် မသေဆုံးမီက သံသတ္တုတွင်း၏ဘဏ္ဍာငွေစီးဆင်းမှုကို စစ်ဆေးနေခဲ့သည်။
ကြည့်ရတာ သံသတ္တုတွင်းမှာ ပြဿနာတစ်ခုခုရှိနေပုံပဲ။
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ ညီနောင်တင်းစန်း၊ မင်းပြန်သွားပြီး အလုပ်တာဝန်တွေကို ပုံမှန်အတိုင်း ဆက်လုပ်ပါ”
“ဟုတ်ကဲ့ပါ သခင်၅”
တင်းစန်း လှည့်ထွက်သွားခဲ့သည်။
ထိုအခါမှ ကျိုးချုသည် ဝင်ထိုင်လိုက်ပြီး သူ့ကိုယ်သူအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်လိုက်ပြီး ရေရွတ်သည်။
“ကျိုစစ် မင်းတကယ်ပဲ နန်ရေကန်လို အကျိုးအမြတ်များတဲ့နေရာမျိုးကို ငါ့ကိုတာဝန်ပေးမှာလား”
ချန်ကျဲ့မှ မေးသည်။
“မင်းက မကိုင်တွယ်နိုင်ဘူးလား”
ကျိုးချူမှ ပြန်ပြောသည်။
“မင်းက ငါ့ကို အထင်သေးတာလား။ စိတ်ချစမ်းပါ၊ ငါပြဿနာမရှာပါဘူး”
ချန်ကျဲ့မှ ပြောသည်။
“နန်ရေကန်က အရေးအကြီးဆုံးပဲ။ အဲဒါကြောင့် ငါယုံကြည်ရတဲ့သူကို အပ်နှံမှဖြစ်မှာ။ မင်း ငါဆိုလိုတာကို နားလည်တယ်မလား”
ကျိုးချူမှ စိတ်ချစေရန် ပြောသည်။
“မင်းမစိုးရိမ်ပါနဲ့။ ငါတို့က သေရေးရှင်ရေးကို အတူဖြတ်ကျော်ကြမယ့် ညီအစ်ကိုတွေပဲ။ ငါမင်းအတွက် အသက်ကိုစွန့်စားနိုင်တယ်။ နန်ရေကန်မှာ ဘာပြဿနာမှ မတက်စေရဘူး။ ဒါပေမဲ့ ကျိုစစ်၊ ငါ့တော့ မင်း ထိန်းချုပ်မှုယူပြီးေနာက်မှာ အဓိကေနရာတွေကို ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည်ဖော်သင့်တယ်လို့ ထင်မိတယ်။ ဒါပေမဲ့ မင်းက ကိစ္စတွေကို ပေါ့ပေါ့လေးပဲ လုပ်လိုက်တယ်နော်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“သူတို့က ငါတို့ရဲ့အစ်ကိုတွေပဲလေ။ ငါ အလွန်အကျွံ မလုပ်ပါဘူး”
ကျိုးချူမှ ရယ်မော၏။
“အဲဒီစကားက မင်းနဲ့ မတူလိုက်တာ”
ချန်ကျဲ့ မေးလိုက်သည်။
“အမှန်အတိုင်း သိချင်လား”
ကျိုးချူမှ ပြန်ပြောသည်။
“ငါတို့က ညီအစ်ကိုတွေပဲလေ။ ဘာမပြောနိုင်စရာရှိလို့လဲ။ တကယ်တော့ ငါလည်းသိပါတယ်၊ မင်းရဲ့အာဏာကြီးမားလာပြီဆိုရင် အစ်ကိုကြီးနဲ့ အစ်ကို၂တို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့က မလွဲမသေကြုံရမှာပဲဆိုတာကိုပေါ့”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“မင်းက ရှင်းရှင်းလင်းလင်းကြီးကို သိမြင်နေတာပဲ ဟမ်? အဲ့တော့ ဘယ်သူ့ဘက်မှာ နေဖို့စီစဉ်ထားလဲ”
ချန်ကျဲ့၏ အမေးစကားတွင် ကျိုးချူသည် ချက်ချင်း ရယ်မောတော့သည်။
“ဟားဟား အဲဒါက မေးနေဖို့ လိုသေးလို့လား။ ကျားဖြူခန်းမတစ်ခုလုံးကို မင်းလိုက်မေးကြည့်စမ်းပါ၊ ကျိုးချူက သခင်၅ရဲ့လူဆိုတာကို မသိတဲ့သူရှိသလားလို့။ ညီနောင်ရ မင်းကြီးပွားတဲ့အခါ ငါ့ကိုကျွေးမွေးပြုစုပေါ့လေ။ မင်းဒုက္ခရောက်ခဲ့ရင်တော့ ညီနောင်ရေ ငါက…”
“ဘာလဲ ငါနဲ့အတူ သေအတူရှင်မကွာ ကျော်ဖြတ်မှာလား”
“ဟက် ညီနောင်ရ၊ ငါက ကိုယ်ရံတော်အဖွဲ့အစည်းဆီ ပြန်သွားပြီး အသုံးမကျတဲ့ခင်ပွန်းသည်အဖြစ်နဲ့ သူရဲဘောကြောင်တဲ့ဘဝကို ရှင်သန်သွားရမှာပေါ့”
ချန်ကျဲ့ စိတ်ချစေရန် ပြောဆိုသည်။
“မစိုးရိမ်ပါနဲ့။ အားလုံးက မင်းကို အသုံးမကျတဲ့သားမက်လေးလို့ ထင်ကြပေမဲ့ ညီနောင်ကျိုး မင်းက တစ်နေ့မှာ ကြီးကြီးမားမားအောင်မြင်လိမ့်မယ်ဆိုတာ ငါသိတယ်”
ကျိုးချူမှ ရယ်မောလိုက်သည်။
“မင်းလို ညီနောင်မျိုးပဲ ငါ့ကိုယုံကြည်တာ။ မင်းရဲ့ယုံကြည်မှုအတွက် ညီနောင်ချန် ငါ့အသက်ကို မင်းအတွက် ရောင်းပေးနိုင်တယ်”
ထိုသို့ပြောဆိုနေရင်း ချန်ကျဲ့မှ ပြောသည်။
“လောင်ကျိုး ဒါနဲ့ တခြားကိစ္စအကြောင်း ပြောကြရအောင်။ မင်းရဲ့ လျိုကျင့်အဆင့်ကျင့်ကြံမှုက ဘယ်လိုအခြေအနေရှိလဲ”
ကျိုးချူမှ ပြောသည်။
“တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမဲ့ နောက်တစ်ဆင့်တက်ဖို့တော့ နည်းနည်းခက်တယ်”
ချန်ကျဲ့မှ ပြောသည်။
“ငါ မင်းအတွက် အရိုးသန်မာဆေးလုံး ရှာကြည့်ပေးမယ်။ မင်းငါ့ကို ကူညီချင်တယ်ဆိုရင် အားနည်းနေလို့ မရဘူးလေ”
“ဒါဆိုရင်တော့ မင်းရှာနေလိုက်တာ ကောင်းလိမ့်မယ် ညီနောင်ရေ။ ငါ ကျားဖြူခန်းမမှာ နေရာရပြီး ငါ့ဇနီးက ငါ့ကိုခြေဆေးပေးလာမယ့် နေ့ရက်က မင်းအပေါ် မူတည်သွားပြီနော်”
ကျိုးချူသည် ကျေးဇူးတင်စကား မဆိုခဲ့ပေ။ ညီနောင်ဆက်ဆံရေးတွင် ကျေးဇူးတင်စကားများ မလိုအပ်ချေ။
ထိုစဉ် ကျိုးချူသည် တစ်စုံတစ်ခုကို မှတ်မိသွားဟန်ဖြင့် အိတ်ကပ်အား ဟိုစမ်းသည်စမ်းလုပ်လျက် ပြောလာ၏။
“ဒါနဲ့ ကျိုစစ်၊ မင်း အချိန်အားတဲ့အခါ ဒီဟာလေး ရှောင်ဟူကို ပေးလိုက်ပါ”