← Chapters

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၂

Vol. 21 Ch. 291

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၂

Vol. 21 Ch. 291

ဆိုလိုသည်မှာ ဤသံသတ္တုလုပ်ငန်းသည် နှစ်စဉ်နှစ်တိုင်း သံကြွပ် ကျင်းရှစ်သောင်းပမာဏကို ထုတ်လုပ်သည်ဟူ၍ ဖြစ်သည်။

သို့သော် ချို့ယွင်းသံသတ္တုထွက်နှုန်း တိုးလာချိန်တွင် ပုံမှန်သံသတ္တုထွက်နှုန်း လျော့နည်းသွား၏။

တစ်ယောက်ယောက်က ပုံမှန်သံသတ္တုနဲ့ ချို့ယွင်းသံသတ္တုကို ရောပြီး ရောင်းနေတာလား။

အစ်ကို၄က ဒီအကြောင်းကို ရှာတွေ့သွားခဲ့တာကြောင့် အသတ်ခံခဲ့ရတာလား။

ဒါပေမဲ့ ကိုယ့်ရဲ့အကျိုးအမြတ်အတွက် သံကြွပ်ရောင်းရုံနဲ့တော့ လူတစ်ယောက်ကို သတ်ဖို့ အကြောင်းအရင်း မလုံလောက်ဘူးလေ။

မဟုတ်သေးဘူး နေဦး၊ ငါတို့ပြောနေတာက သံအကြောင်းလေ!

ဘယ်သူက သံကြွပ်ကို အဲဒီလောက်အများကြီး ဝယ်မှာလဲ။

ပြီးတော့ ဒီစာရင်းတွေအရဆို ဒီကုန်သွယ်ရေးကို လုပ်ဆောင်နေတာ တစ်နှစ်ကျော်နေပြီ။ ဘယ်သူက ဒီလောက်များတဲ့ သံကြွပ်တွေကို အမြဲမပြတ် လိုအပ်နေတာဖြစ်မလဲ။

ချန်ကျဲ့ စဉ်းစားနေရင်း ကျိုးချူကို ပြောလိုက်သည်။

“သွားစို့ လောင်ကျိုး၊ စာရင်းစာအုပ်တွေ ယူခဲ့လိုက်။ ငါတို့ မြောက်ပိုင်းတောင် သံသတ္တုတွင်းဆီ သွားကြမယ်”

“ကောင်းပြီ”

ကျိုးချူသည် ချန်ကျဲ့မှ မည်သည့်အရာကို ရှာတွေ့သွားသည်အား မသိပေ။ သို့သော် စာရင်းစာအုပ်ကိုယူ၍ ချန်ကျဲ့နှင့်အတူ ထွက်ခွာလာခဲ့သည်။

လင်းယုန်အစောင့်အရှောက်၁၂ဦးလည်း နောက်မှလိုက်ပါလာခဲ့၍ သူတို့အုပ်စုသည် မြောက်ပိုင်းတောင် သံသတ္တုတွင်းသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

…

“ဟမ်? ညီငယ်၅က စာရင်းကိုင်ဌာနကို သွားခဲ့တာလား”

ဖုန်းရွှမ်၏ အိမ်တော်၌

ဖုန်းရွှမ်သည် ထိုသတင်းကိုကြားရသည်တွင် မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်– သူ တစ်ခုခုရှာတွေ့သွားတာလား။

ကျန်းချွမ်၏ အိမ်တော်၌

“သခင်၂၊ ချန်ကျိုစစ်က ခုနကပဲ စာရင်းကိုင်ဌာနကနေ ထွက်သွားပါတယ်။ စာရင်းစာအုပ်လည်း ယူသွားပြီး မြောက်ပိုင်းတောင် သံသတ္တုတွင်းကို အလျင်စလို ဦးတည်ထွက်ခွာသွားပါတယ်”

မျက်နှာထက်တွင် အမာရွတ်ရှိသည့် လူငယ်တစ်ဦးမှ ကျန်းချွမ်ကို သတင်းပို့ခဲ့သည်။

ကျန်းချွမ်သည် မျက်နှာအမာရွတ်ဖြင့်လူငယ်ကို ကြည့်လိုက်ပြီး ပြောသည်။

“စာရင်းကိုင်ဌာနတဲ့လား။ သူ တစ်ခုခုရှာတွေ့သွားတာလား”

မျက်နှာအမာရွတ်ဖြင့်လူငယ်မှ မေးသည်။

“အဲဒါက သခင့်အပေါ် သက်ရောက်မှုရှိနိုင်လို့ပါလား။ ကျွန်တော် သူ့ကို သတ်လိုက်ရမလား”

ကျန်းချွမ်သည် မျက်နှာအမာရွတ်ဖြင့်လူငယ်ကို ပြောသည်။

“ငါ့ကို ဘယ်လိုလုပ်ပြီး သက်ရောက်နိုင်မှာလဲ။ ဟားဟား သံကြွပ်ရောင်းတဲ့သူက ငါမှ မဟုတ်ဘဲ!”

ထိုအခါ လူငယ်မှ ပြောသည်။

“သခင် ကျွန်တော်တော့ ကိစ္စတွေ လွဲချော်မှုရှိ၊မရှိ စစ်ဆေးဖို့အတွက် သံသတ္တုတွင်း‌ဆီ လိုက်သွားကြည့်သင့်တယ်လို့ ထင်ပါတယ်”

“အင်း မင်းပြောတာမှန်တယ်။ တစ်ချက်လိုက်သွားကြည့်လိုက်ပါ”

ကျန်းချွမ်မှ ခေါင်းညိတ်၏။ လူငယ်လေးသည် အလင်းတစ်စကဲ့သို့ အပြင်ဘက်သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

လူငယ်လေးသည် ကျန်းချွမ်၏ သစ္စာအရှိဆုံးသော လက်အောက်ငယ်သားဖြစ်ပြီး ညာလက်ရုံးအလား ကျန်းချွမ်နောက်မှ အရိပ်လို လိုက်လေ့ရှိကာ ဘယ်တုန်းကမှ ရှေ့မထွက်ခဲ့ဖူးပေ။

သူ၏ အနေအထိုင်သိုသိပ်မှုကြောင့် သူ့ကို သတိထားမိသူ နည်းပါး၏။

သူ၏အမည်မှာ ရှောင်သောက်ဖြစ်သည်။

ချန်ကျဲ့တို့ မြောက်ပိုင်းတောင် သံသတ္တုတွင်းသို့ ခရီးနှင်နေစဉ်၌ပင် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကာ လူများစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

ဖန်းရှစ်ကျုံးသည် ဖန့်ဖူ၏ တင်ပြချက်ကို နားထောင်ပြီးနောက် တစ်ဖက်လှည့်ကာ စာရင်းကိုင်ကို ခေါ်သည်။

“တကယ်ပဲ သားငယ်၅က မင်းတို့ဌာနမှာ ဘာတွေကြည့်သွားခဲ့တာလဲ”

စာရင်းကိုင်မှ ပြောသည်။

“ဘာမှ အထွေအထူးမရှိပါဘူး။ ဒီတိုင်း သခင်၅က ချို့ယွင်းသံသတ္တုအကြောင်းပဲ မေးခဲ့တာပါ”

“ချို့ယွင်းသံသတ္တုတွေလား”

ဖန်းရှစ်ကျုံး စဉ်းစားနေစဉ် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးမှ အလျင်စလိုဖြင့် ရုတ်တရက် ပြေးဝင်လာ၏။

“ခန်းမအရှင်သခင်၊ ကုန်သည်အဖွဲ့ခေါင်းဆောင်က အမိန့်ပေးလိုက်ပါတယ်။ ခန်းမအရှင်သခင်ကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆီ အခုချက်ချင်း သွားစေချင်ပါတယ်တဲ့”

“ဘာ!”

ထိုအခါ ဖန်းရှစ်ကျုံး စိုးရိမ်တကြီးဖြင့် ထရပ်လိုက်သည်။

စီရင်စုအုပ်ချုပ်ရေးမှူးကို လှုံ့ဆော်မိတဲ့အထိ ဘာတွေဖြစ်ခဲ့လို့လဲ။

ဖန့်ဖူသည်လည်း ဖန်းရှစ်ကျုံးကို စိုးရိမ်တကြီးဖြင့် ကြည့်၍ ပြောသည်။

“ခန်းမသခင်?”

ဖန်းရှစ်ကျုံးမှ လက်ကိုပင့်မြှောက်လိုက်ပြီး ပြောသည်။

“အဲဒါတွေကို ဂရုစိုက်မနေနဲ့တော့၊ အခုချက်ချင်း မြင်းပြင်လိုက်။ ဖန့်ဖူ မင်း ငါနဲ့အတူ လိုက်ခဲ့”

“ဟုတ်ကဲ့ပါ ခန်းမသခင်”

မကြာမီ၌ လူတစ်အုပ်စုသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ အလျင်စလို ဦးတည်သွားကြ၏။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ရောက်သောအခါ ဖန်းရှစ်ကျုံးသည် မိမိတစ်ဦးတည်း ရောက်လာရခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ နန်ပါးထျန်း၊ ချင်းယင်၊ ထန်ဇီယွဲ့၊ လျိုလောင်ကွေ့၊ ပိုင်မော့ရှန်းနှင့် ကုချင်းဖုန်းတို့လည်း ရောက်နေကြသည်။

ကုန်သည်အဖွဲ့ကြီးနှစ်ဖွဲ့၏ အဓိကအဖွဲ့ဝင်များ အားလုံးနီးပါး ရောက်ရှိနေပေသည်။

သူတို့သည် ဘေးခန်းမတစ်ခုတွင် စောင့်ဆိုင်းနေခဲ့ကြသည်။ ထို့နောက် ချီမုကောသည် မျက်နှာအမူအရာ တင်းမာစွာဖြင့် ရောက်လာခဲ့သည်။

ချီမုကောသည် လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြော၏။

“လူကြီးမင်းတို့ကို ကျုပ် အရေးတကြီး ဆင့်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ကိစ္စတစ်ခုခုဖြစ်ခဲ့လို့ပါပဲ။ အတော်လေးဆိုးရွားတဲ့ ကိစ္စတစ်ခုပါ”

“ကျုပ်တို့သခင်ကြီးက အရမ်းဒေါသထွက်နေပါတယ်”

ချီမုကောသည် စီရင်စုအုပ်ချုပ်ရေးမှူး၏ စိတ်အခြေအနေကို ဦးစွာ အလေးပေးဖော်ပြခဲ့သည်။ ထိုအခါ အားလုံး ကြက်သီးမွေးညင်းထသွားရ၏။ စီရင်စုအုပ်ချုပ်ရေးမှူး ဒေါသထွက်ရသည့် အကြောင်းအရင်းကိုလည်း သိချင်နေခဲ့ကြသည်။

အားလုံး၏ အမူအရာများ တည်ကြည်လေးနက်သွားသည်ကို မြင်သောအခါ ချီမုကောမှ ပြောသည်။

“တစ်ယောက်ယောက်က အလင်းတမန်တော်ဂိုဏ်း(မိန်ဂိုဏ်း)ကို သံထည်ပစ္စည်းတွေ လျှို့ဝှက်ရောင်းချနေတယ်!”

ဘာ!

ထိုအခါ အားလုံး မျက်လုံးပြူးသွားကြသည်။

ဒါက အရမ်းကြီးလေးတဲ့ ကိစ္စကြီးပဲ။

မိန်ဂိုဏ်းကို သံထည်ပစ္စည်းရောင်းချတာ..

မိန်ဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးမို့လို့လဲ။ သိုင်းလောကရဲ့ နံပါတ်တစ်နတ်ဆိုးဂိုဏ်း၊ သူပုန်အင်အားစုကြီးလေ!

မိန်ဂိုဏ်းက မြောက်ပိုင်းဒေသတွေမှာ အုတ်အော်သောင်းတင်းဖြစ်စေပြီး သာ့ချန်စစ်တပ်နဲ့လည်း အကြိမ်ပေါင်းများစွာ ‌တိုက်ခိုက်ခဲ့တယ်။

အဲဒီလိုဂိုဏ်းကို သံထည်ပစ္စည်းရောင်းရဲတဲ့သူ ရှိတယ်ပေါ့လေ။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ။

အဲဒီလိုလုပ်တာက ပုန်ကန်တာနဲ့ ထပ်တူညီတယ်– မျိုးရိုးကိုးဆက် ကွပ်မျက်ဖို့ ပြစ်ဒဏ်စီရင်နိုင်တဲ့ ပြစ်မှုကြီးပဲ!

ထိုအခိုက်အတန့်၌ အားလုံးသည် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေကြ၏။ ထိုသို့လုပ်ဆောင်ရဲသူကိုလည်း သိချင်နေကြသည်။

အဲဒီလူကတော့ ကယ်မရအောင် ရူးနေပြီပဲ!

ချီမုကော၏စကားကို နားထောင်ပြီးနောက် သူတို့အားလုံး ချီမုကောကို ကြည့်နေကြသည်။ သူတို့သည် စီရင်စုအုပ်ချုပ်ရေးမှူး၏ စိတ်မှာ အဘယ်သို့ဖြစ်ကြောင်း အလွန်တရာ သိချင်နေကြပေသည်။

အားလုံး၏တုံ့ပြန်မှုကို ကြည့်ပြီးနောက် ချီမုကောမှ ဆက်ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နောက်ကွယ်က ချုပ်ကိုင်သူကိုပဲ ရှာဖွေလိုတယ်လို့ သခင်ကြီးက ပြောခဲ့တယ်။ မျန့်ရွှေစီရင်စုမှာ ‌ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ကပဲ သံသတ္တုတူးဖော်ခွင့်ရှိတာ။ အဲဒါကြောင့် တရားခံက ခင်ဗျားတို့ ကုန်သည်အဖွဲ့နှစ်ဖွဲ့ထဲကပဲ ဖြစ်လိမ့်မယ်”

“တပ်မှူး ကျုပ်တို့ တကယ်ပဲ ဘာမှမသိထားပါဘူး!”

အားလုံးမှ စောဒကတက် ပြောဆိုကြသည်။ သို့သော် ချီမုကောမှ ပြောသည်။

“ခင်ဗျားတို့ မသိတာလည်း ဖြစ်နိုင်တယ်ဆိုတာကို ကျုပ်နားလည်တယ်။ အစောင့်အရှောက်ကြီး၁၃ဦးက ငွေလေးနည်းနည်းအတွက်နဲ့ အဲဒီလိုရွှံ့ရေထဲ ဆင်းမှာ မဟုတ်တာလည်း သိတယ်။ ဒါပေမဲ့ ခင်ဗျားတို့လက်အောက်က လူတွေကရော?”

“သခင်ကြီးက ခင်ဗျားတို့ကို အချိန်သုံးရက်ပေးလိုက်တယ်။ သုံးရက်အတွင်း တရားခံက ဘယ်သူဖြစ်ဖြစ် ရှာပြီး ဒီကိုခေါ်လာခဲ့ပါ”

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကလည်း သီးသန့်စုံစမ်းစစ်ဆေးသွားမှာပါ။ ကျုပ်တို့ဘက်က တစ်ခုခုရှာတွေ့ပြီး ခင်ဗျားတို့က ရှာမတွေ့ခဲ့ရင်၊ တရားခံကို တစ်ယောက်ယောက်က ဖွက်ထားပေးခဲ့ရင်၊ အဲဒီလူကိုလည်း တရားခံနဲ့အတူ ပြစ်ဒဏ်စီရင်မယ်လို့ သခင်ကြီးက ပြောလိုက်တယ်”

“ဒါဆို လူကြီးမင်းတို့၊ တရားခံကို သုံးရက်အတွင်း ကျုပ််တို့ဆီ လက်လွှဲပေးပါ။ အဲ့လိုဆို ဒီပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ လူကြီးမင်းတို့ ပြန်လို့ရပါပြီ”

ချီမုကောသည် ထိုသို့ပြောခဲ့ပြီး လှည့်ထွက်သွား၏။

ချီမုကော ထွက်သွားသောအခါ ကျန်လူများသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ပရိယာယ်ကြွယ်ဝသည့် အခြေအနေကို သူတို့အားလုံး နားလည်‌ထားကြပေသည်။

ချီမုကော၏ ဆိုလိုရင်းမှာ ရှင်းလင်းပြတ်သား၏; စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က စုံစမ်းစစ်ဆေးမည်။ သူတို့လည်း ကိုယ့်‌ဌာနကို ပြန်၍ မိမိဘာသာ စုံစမ်းစစ်ဆေးရမည်။ အဆုံးတွင် ရှာဖွေတွေ့ရှိသည့် တရားခံကို နှိုင်းယှဉ်မည်။ အကယ်၍ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ သူတို့ရှာမတွေ့ခဲ့သည့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့ပါက စီရင်စုအုပ်ချုပ်ရေးမှူးသည် ကုန်သည်အဖွဲ့ကိုယ်စားလှယ်များအပါအဝင် သူတို့ကိုလည်း ပြစ်ဒဏ်စီရင်လိမ့်မည် ဟူ၏။

သူတို့သည် အပြန်အလှန် အကဲခတ်ကြည့်နေကြရင်း စိတ်ထဲမှ တွေးနေကြသည်။

ဘယ်သူက မိန်ဂိုဏ်းနဲ့ လျှို့ဝှက်ပူးပေါင်းခဲ့တာလဲ။

ဘယ်သူက မိန်ဂိုဏ်းကို သံထည်တွေ လျှို့ဝှက်ပြီး ရောင်းချခဲ့တာလဲ။

‌ဒါက မျိုးဆက်ကိုးဆက် ကွပ်မျက်ခံရနိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးလေ– ဘယ်သူက ဒီလောက်တောင် သတ္တိကောင်းရတာလဲ။

ကျန်လူများအားလုံးမှ သင်္ကာမကင်းဖြင့် မှန်းဆနေကြစဉ် ဖန်းရှစ်ကျုံးတစ်ဦးတည်းသာလျှင် စိတ်နှလုံးအတွင်း၌ ကြောက်ရွံ့မှုကို ခံစားနေရ‌၏။ ချန်ကျိုစစ်မှ စာရင်းစစ်ဆေးရင်း ရှာဖွေတွေ့ရှိခဲ့သည်နှင့် ပေါင်းစပ်လိုက်သော် ၎င်းသတ္တိကောင်းသည့် တရားခံမှာ ကျားဖြူခန်းမ၏လူဖြစ်သည်ဟု ခံစားလိုက်ရပေသည်။

အခြားသူများသည်တော့ အပြန်အလှန် အကဲခတ်နေကြဆဲပင်။

All Chapters