← Chapters

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၃

Vol. 21 Ch. 292

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၃

Vol. 21 Ch. 292

လျိုလောင်ကွေ့မှ လှောင်ရယ်၏။

“ညီနောင်နန်ရေ မိန်ဂိုဏ်းနဲ့ လျှို့ဝှက်ပူးပေါင်းနေတာက မင်းများ ဖြစ်နေမလား”

“ဟား ဟား ကျုပ်မှာ အဲဒီလိုလုပ်ရဲတဲ့သတ္တိ မရှိပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်လျို ခင်ဗျားရဲ့ချောင်ကုန်သည်အဖွဲ့က သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို စီမံခန့်ခွဲတာနော်။ ဒီကိစ္စက ခင်ဗျားနဲ့တော့ ဆက်နွယ်မနေလောက်ပါဘူးနော် ဟုတ်တယ်မလား”

“ငါတို့ချောင်ကုန်သည်အဖွဲ့က ဥပဒေကိုလိုက်နာတယ်။ ဒီလိုအသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အကြံအစည်တွေမှာ ဘယ်တော့မှ ဝင်မပါဘူး။ ဒါပေမဲ့ ငါးဖမ်းကုန်သည်အဖွဲ့ကကျ အမျိုးမျိုးအထွေထွေ ရောထွေးနေတာလေ။ မင်းတို့ပဲဆိုတာ သေချာနေပြီမဟုတ်ဘူးလား”

နန်ပါးထျန်းမှ အတိအလင်း ကြေညာ၏။

“ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့ကလည်း အဲဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး!”

သူတို့နှစ်ဦးသည် အနည်းငယ်မျှ စကားစစ်ထိုးပြီးနောက်တွင်မှ ကိုယ့်လူကိုယ်ဦးဆောင်၍ ထွက်ခွာခဲ့ကြသည်။

မည်သူမျှ ဖန်းရှစ်ကျုံးကို သံသယဝင်ပုံမရချေ။ အဆုံးသတ်‌တွင်တော့ ဖန်းရှစ်ကျုံးသည် အမြဲ ရိုးသားစစ်မှန်ခဲ့သူတစ်ဦး မဟုတ်ပါလော။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ထွက်လာပြီးနောက်၌

လျိုလောင်ကွေ့သည် ပိုင်မော့ရှန်းကို ကြည့်၍ ပြော၏။

“လူကြီးမင်းပိုင် ဒီကိစ္စက ငါတို့အဖွဲ့အစည်းက လုပ်တာ မဟုတ်ဘူးမလား”

“ခေါင်းဆောင် စိတ်ချထားပါ။ ကျွန်တော်တို့သံသတ္တုတွင်းက သံသတ္တုတွေကို ကျွန်တော် သေချာစောင့်ကြည့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ရောင်းချမှုအားလုံးက ပုံမှန်ဖောက်သည်တွေနဲ့ချည်းပါပဲ။ မိန်ဂိုဏ်းက ဝိဉာဉ်တစ်စတောင် မပါဝင်ပါဘူး”

“ကောင်းတယ်၊ ဒါဆိုရင်တော့ ငါစိတ်ချပြီ။ လက်ရှိခေတ်ကာလကြီးမှာ မိန်ဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ကိစ္စက လုံးဝ ပေါ့ပျက်ပျက်မဟုတ်ဘူး”

ထို့နောက် လျိုလောင်ကွေ့သည် မြင်းပေါ်တက်၍ ထွက်ခွာသွားတော့သည်။

နန်ပါးထျန်းလည်း ထို့နည်းတူပင်။ အပြင်ရောက်သည်နှင့် နန်ပါးထျန်းသည် သူ၏လင်းယုန်အစောင့်အရှောက် ထန်ဇီယွဲ့ကို မေး၏။

“သံသတ္တုတွင်းမှာ ပြဿနာတစ်ခုခုရှိနေလား”

“ခေါင်းဆောင် စိတ်ချထားပါ။ ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့သားတွေ မဖြစ်နိုင်ပါဘူး။ သံသတ္တုတွင်းလုပ်ငန်းကို ကျွန်တော် နေ့တိုင်း စောင့်ကြည့်နေခဲ့တာပါ။ မိန်ဂိုဏ်းကို မရောင်းချဖူးပါဘူး”

“ကောင်းတယ်၊ ဒါပေမဲ့လည်း ဂရုစိုက်ပါ။ အိုး ပြီးတော့ အချိန်တစ်ခုအထိ အေးအေးနေရအောင်လို့ မှောင်ခိုဈေးထဲ တင်သွင်းမှုကို ရပ်ထားလိုက်ပါ”

“ဟုတ်ကဲ့ပါ”

ထန်ဇီယွဲ့မှ သဘောတူထောက်ခံသည်။

အပြင်ဘက်ရှိ ချင်းယင်မှ ရုတ်တရက် ပြောလာ၏။

“ခေါင်းဆောင် ကျွန်တော်တို့လည်း မဟုတ်၊ ချောင်ကုန်သည်အဖွဲ့လည်း မဟုတ်ရင် ဘယ်သူဖြစ်မလဲ”

နန်ပါးထျန်း တန့်သွား၏။ ထို့နောက် နောက်တွင်ကျန်ရစ်ခဲ့သည့် ဖန်းရှစ်ကျုံးကို လှည့်ကြည့်လိုက်သည်။

နန်ပါးထျန်းသည် မျက်လုံးအိမ်တို့မှေးကျဉ်းသွားသည်အထိ ရယ်မောလိုက်သည်။

“ဟက် အဲဒီလိုဆိုရင်တော့ ကိစ္စတွေက စိတ်ဝင်စားဖို့ကောင်းသွားပြီ”

ထို့နောက် ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။

“ဆရာတူအစ်ကို”

“ပြောပါ ခေါင်းဆောင်၊ ဘာများ အမိန့်ပေးစရာရှိလို့ပါလဲ”

“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ကျုပ်ရဲ့သံသတ္တုတွင်းမှာ ပြဿနာတစ်ခုခုရှိနေလား စစ်ဆေးကြည့်ချင်လို့”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ပြဿနာမရှိပါဘူး”

နန်ပါးထျန်းမှ ပြော၏။

“ကောင်းတယ်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာရှိခဲ့ရင် အမြစ်ကနေ ဆွဲနုတ်ပစ်ရမယ်။ ကျုပ်တို့ တခြားဘယ်သူကိုမဆို လှည့်စားလို့ရနိုင်ပေမဲ့ စီရင်စုအုပ်ချုပ်ရေးမှူးကတော့ မရဘူး။ ဆရာတူအစ်ကို ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

ဖန်းရှစ်ကျုံး မျက်လုံးအိမ်တို့ မှေးကျဉ်းလိုက်သည်။

“ဆရာတူညီလေး မင်းက တရားခံကို ငါ့ရဲ့ခန်းမမှာရှိနေတယ်လို့ သံသယဝင်နေတာလား”

“ကျုပ်အနေနဲ့ နိဂုံးဆီ သေချာပေါက် ခုန်ကျော်သွားလို့ မရပေမဲ့ အကယ်၍ ဆရာတူအစ်ကိုမှာ ယုံကြည်ချက်ရှိတယ်ဆိုရင်တော့ အဲဒါကလည်း ကောင်းမွန်တဲ့အရာပါပဲ။ ဒါပေမဲ့လည်း အချိန်မီ မဖြေရှင်းဘူးဆိုရင် ဆရာတူအစ်ကိုရဲ့ ကျားဖြူခန်းမ ဒုက္ခရောက်သွားနိုင်ပါတယ်”

“ဒါပေမဲ့ သေချာ‌စဉ်းစားကြည့်မယ်ဆိုရင် အဲဒီလိုလုပ်ဆောင်ချက်မျိုးက ဆရာတူအစ်ကိုရဲ့ မွေးစားသားတစ်ယောက်ယောက်မှ ပါဝင်မနေရင် ဘယ်သူမှ သတိမထားမိအောင် လုပ်ဆောင်နိုင်ဖို့ရာ ခက်ခဲလိမ့်မယ်။ ဆရာတူအစ်ကိုမှာ မကြာသေးခင်ကမှ မွေးစားသားတစ်ယောက် ဆုံးရှုံးထားရတာကို အခုလည်း နောက်ထပ်မွေးစားသားတစ်ယောက် အန္တရာယ်ရှိနေမှာ စိုးမိပါရဲ့”

“မင်း!”

ထိုစကားတွင် ဖန်းရှစ်ကျုံးမှာ နဖူးထက် ချွေးစေးပြန်လာရသည်။

နန်ပါးထျန်းမှ ဆက်ပြောသည်။

“ဆရာတူအစ်ကိုအနေနဲ့ ကိုယ့်ခန်းမကို သေချာလေး စစ်ဆေးတာ ကောင်းပါလိမ့်မယ်။ အထက်ပုဂ္ဂိုလ်ကြီးတွေက စောင့်ကြည့်နေသလို ကျုပ်လည်း စောင့်ကြည့်နေပါတယ်။ ဒီကိစ္စကြောင့် ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့အပေါ် သက်ရောက်မှုမရှိပါစေနဲ့”

ထို့နောက် နန်ပါးထျန်းမှ ပြောခဲ့သည်။

“ဆရာတူအစ်ကို ကျုပ်သွားလိုက်ပါဦးမယ်”

နန်ပါးထျန်းသည် လက်ဝှေ့ရမ်းလိုက်ပြီး သူ့လူတွေကို ခေါ်ဆောင်ထွက်ခွာသွားခဲ့သည်။

ဖန်းရှစ်ကျုံး၏မျက်နှာမှာ မည်းမှောင်နေတော့သည်။

တကယ်ပဲ ငါ့ရဲ့မွေးစားသားတစ်ယောက်ဖြစ်နေမလား။

အဟွတ် အဟွတ် အဟွတ်…

ထိုသို့အတွေးဖြင့် ဖန်းရှစ်ကျုံးမှာ ရုတ်ချည်း အပြင်းအထန် ချောင်းဆိုးလာခဲ့တော့သည်။ စိတ်ခံစားချက်သည် သူ၏ဒဏ်ရာများကို ပိုမိုးဆိုးရွားဗြောင်းဆန်စေ၏။ ချောင်းဆိုးခြင်းနှင့်အတူ သွေးများလည်း အန်ထွက်လာခဲ့သည်။

“ခန်းမသခင် ခန်းမသခင်”

ဖန့်ဖူ အလျင်စလို ချဉ်းကပ်လာ၏။ သို့သော် ဖန်းရှစ်ကျုံးမှ ရပ်ရန် လက်အမူအရာပြသည်။

“ခန်းမကိုပြန်မယ်။ သားကြီး၊ သားငယ်၂နဲ့ သားငယ်၃တို့ကို ချက်ချင်း အစည်းအ‌ေဝးဆင့်ခေါ်လိုက်!”

“ဟုတ်ကဲ့!”

ဖန့်ဖူသည် ချက်ချင်းအမိန့်နာခံ၍ နောက်ဘက်ရှိ သာမန်အစောင့်များကို ညွှန်ကြားလိုက်သည်။

“သခင်ကြီး၊ သခင်၂နဲ့ သခင်၃တို့ကို သွားခေါ်ချည်”

ထိုအခါ အစောင့်သည် ဖုန်းရွှမ်တို့သုံးဦးကို ဆင့်ခေါ်ရန်အတွက် ချက်ချင်း ထွက်ခွာသွားခဲ့သည်။

အဟွတ် အဟွတ် အဟွတ်…

အစောင့်ထွက်သွားပြီးနောက် ဖန်းရှစ်ကျုံးမှာ ပို၍အပြင်းအထန် ချောင်းဆိုးလာတော့သည်။

ထိုစဉ် ဖန့်ဖူမှ ပြောသည်။

“ကျွန်တော်တို့ သခင်၅ကို အကြောင်းကြားဦးမလား”

ဖန်းရှစ်ကျုံးမှ လက်ခါယမ်းသည်။

“မလိုဘူး။ သူ့ကို ပုံမှန်အတိုင်း စုံစမ်းစစ်ဆေးပါစေ”

ဖန်းရှစ်ကျုံးသည် နှုတ်ခမ်းထောင့်မှ သွေးစကို သုတ်လိုက်ပြီး ရှေ့သို့လျှောက်သွား၏။ သူ၏ခန္ဓာကိုယ်မှာ နှစ်ပေါင်းများစွာသော အချိန်ကာလ၏ တိုက်စားမှုကြောင့် ကိုင်းညွှတ်နေဟန်ရပေသည်။

ကျားဖြူခန်းမအတွင်း၌ ဤသို့ကိစ္စရပ်ကြီးကို သတိမထားမိအောင် လုပ်ဆောင်နိုင်သူသည် သားကြီး သို့မဟုတ် သားငယ်၂ဖြစ်ကြောင်း သံသယဝင်လာခဲ့သည်။

သူတို့အနေဖြင့် မိန်ဂိုဏ်းနှင့် ပူးပေါင်းပြီး မိန်ဂိုဏ်းကို သံကြွပ်ရောင်းချခြင်းကို ဖန်းရှစ်ကျုံး ဂရုမစိုက်ပါ။ သေဒဏ်စီရင်နိုင်သည့် ပြစ်မှုကြီးဖြစ်လျှင်သော်မှလည်း ဖန်းရှစ်ကျုံး ဂရုမထားပေ။ သို့သော် သူတို့၏ကိုယ်ပိုင်အကျိုးအမြတ်အတွက် လူသတ်ခြင်းတွင် သားငယ်၄ကို သတ်ခဲ့ခြင်း၊ သူတို့၏ညီငယ်ကို သတ်ဖြတ်ခဲ့ခြင်းကိုတော့ ဖန်းရှစ်ကျုံး မည်သို့မျှ ခံနိုင်ရည်မရှိပေ။

“ဟက် သိုင်းလောက ဒါက သိုင်းလောကပဲ!”

ဖန်းရှစ်ကျုံးသည် သူနှင့် နန်ပါးထျန်းတို့ ညီအစ်ကိုများဖြစ်ကြပြီး ကုန်သည်အဖွဲ့ခေါင်း‌ဆောင်နေရာအတွက် အသေအကြေတိုက်ခိုက်ခဲ့သည့် အတိတ်ကို ပြန်သတိရမိ၏။

သို့သော် သူ၏စိတ်နှလုံး၏ နက်ရှိုင်းသည့်တစ်နေရာတွင်တော့ ဖန်းရှစ်ကျုံးသည် ညီအစ်ကိုဆက်ဆံရေးကို တန်ဖိုးထားသည်။ ထို့ကြောင့် ဖန်းရှစ်ကျုံးသည် သူ၏မွေးစားသားများလည်း သဟဇာတဖြစ်စွာ နေထိုင်‌နိုင်ပြီး တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ပေးရန် အမြဲမျှော်လင့်ခဲ့သည်။

သို့သော် ကြည့်ရသည်မှာ သူ၏သင်ကြားပြသမှုများသည် ကျ‌ရှုံးခဲ့ပုံရပေသည်။ သူတို့သည် သူလျှောက်ခဲ့ဖူးသည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြ၏။

ညီအစ်ကိုများ တစ်ဦးကိုတစ်ဦး တိုက်ခိုက်၍ သေရေးရှင်ရေးအတွက် ရုန်းကန်ကြသည်– ‌ဒါက ကံကြမ္မာပဲ ဖြစ်ပါလိမ့်မယ်။

ဒါက ကိုယ်ပိုင်အကျိုးအမြတ်အတွက် ညီအစ်ကိုကို သတ်ဖြတ်တဲ့လုပ်ရပ်အတွက် ကောင်းကင်ဘုံက ငါတို့ကိုပေးတဲ့ ပြစ်ဒဏ်ပဲ။

ထိုသို့အတွေးများဖြင့် ဖန်းရှစ်ကျုံးသည် ရင်ဘတ်ထဲမှ ‌‌လောင်ကျွမ်းနေသည့် နာကျင်မှုကို ခံစားနေရသည်။

ချောင်းဆိုးခြင်းမှာလည်း ပို၍ဆိုးရွားလာခဲ့သည်…

မြောက်ပိုင်းတောင် သံသတ္တုတွင်း‌၌

“ဒါက မြောက်ပိုင်းတောင် သံသတ္တုတွင်း‌လား”

ချန်ကျဲ့သည် ရှေ့တူရူရှိ ကျက်တီးမြေတောင်လုံးကို ကြည့်၍ လင်းယုန်အစောင့်အရှောက်ခေါင်းဆောင် လင်းယုန်ကို မေးလိုက်သည်။ လင်းယုန်မှ ပြန်ဖြေသည်။

“ဟုတ်ပါတယ် ဒါက မြောက်ပိုင်းတောင် သံသတ္တုတွင်း‌ပါ။ ကျွန်တော်တို့ရဲ့ တူးဖော်ရေးလုပ်ငန်းနယ်မြေက တောင်ဘက်ခြမ်းမှာပါ”

“ပြီးတော့ ဒီနယ်မြေတွေကရော?”

ချန်ကျဲ့ တခြားနယ်မြေများကို ညွှန်ပြလိုက်ခြင်းဖြစ်သည်။

“နန်ပါးထျန်းနဲ့ တခြားသူတွေ ပိုင်ဆိုင်တာပါ”

ချန်ကျဲ့ခေါင်းညိတ်လိုက်ပြီး ကျားဖြူခန်းမ၏ မြောက်ပိုင်းတောင် သံသတ္တုတွင်းနယ်မြေသို့ ဦးတည်လိုက်သည်။

သတ္တုတွင်းနယ်မြေသို့ ရောက်သောအခါ လက်ဖက်ရည်သောက်သုံးရာမှ ပြန်လာသည့် ဦးစီးမှူးချန်ရွှင်းသည် သတင်းကြားသည်နှင့် ရုတ်ချည်း ထရပ်လိုက်သည်။

“ဘာ သခင်၅ ရောက်လာတယ်လား”

လက်အောက်ငယ်သားမှ အတည်ပြုသည်။

“တကယ်ပဲ သခင်၅ မှန်ပါတယ်”

ထိုအခါ ချန်ရွှင်းသည် အလျင်စလိုပြော၏။

“အမြန် ငါနဲ့လိုက်ပြီး သခင်၅ကို ကြိုဆိုမယ်”

All Chapters