ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၄
Vol. 21 Ch. 293
ချန်ရွှင်းသည် ချန်ကျဲ့ကိုမြင်သည်နှင့် အမြန်အပြေးရောက်လာကာ ရွှင်ပျစွာသော မျက်နှာအမူအရာဖြင့် ပြောသည်။
“သခင်၅ ဘာကိစ္စကြောင့် ရောက်လာတာပါလဲ”
ချန်ကျဲ့ မြင်းပေါ်မှဆင်း၍ မြင်းကို သူ၏နောက်ရှိ လင်းယုန်ကို လက်လွှဲပေးလိုက်သည်။ ထို့နောက် ရယ်မောလျက် ပြောသည်။
“ဦးစီးမှူးချန် ဒါက ကျွန်တော်ရောက်လာတာကို မကြိုဆိုတဲ့သဘောများလား”
“အဲဒီလို လုံးဝ မဟုတ်ရပါဘူး။ သခင်၅ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ဗျာ”
ချန်ရွှင်းမှ ပြောသည်။
“သခင်၅ ဒီဘက်ကိုကြွပါ။ ဒီမှာက နည်းနည်း ဖုန်မှုန့်ထူတယ်။ အထဲမှာ ပြောကြရအောင်”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ချန်ရွှင်းနှင့်အတူ အလုပ်ရုံထဲ လိုက်သွားခဲ့သည်။ ထို့နောက် ချန်ရွှင်းမှ ပြောသည်။
“မြန်မြန် သခင်၅အတွက် အကောင်းဆုံးလက်ဖက်ရည် သွားပြင်ဆင်ခဲ့။ လက်ဖက်ရည်ခွက်နဲ့ပစ္စည်းတွေကိုလည်း အသစ်လဲလိုက်ကြ။ သေချာလည်း ဆေးကြောလိုက်ကြဦး”
“ဦးစီးမှူးချန် အဲဒီလိုတွေ အလုပ်ရှုပ်ခံဖို့ မလိုပါဘူး”
ချန်ကျဲ့မှ ချန်ရွှင်းကို ပြောသည်။
“လက်ဖက်ရည်သောက်ဖို့ကို ကျော်လိုက်ပြီး သတ္တုတူးဖော်တဲ့နေရာကို သွားကြည့်ရအောင်လား”
“သခင်၅ အဲဒီမှာက အရမ်းညစ်ပတ်ပေရေနေတာပါ။ သခင်၅က အဲဒီကိုသွားပြီး ဘာလုပ်မလို့ပါလဲ”
ချန်ရွှင်းမှ ချန်ကျဲ့ကို ပြောသည်။
“အို ဦးစီးမှူးချန်က သတ္တုတွင်းမှာ အလှလေးတစ်ယောက် ဖွက်ထားလို့များ ကျွန်တော့်ကို သွားကြည့်ခွင့်မပေးတာပါလား”
“သခင်၅ အထင်လွဲနေပါပြီ။ ကျွန်တော်က ဒီနေရာမှာ ဘယ်ကအလှလေးကို ဖွက်ထားနိုင်ပါ့မလဲဗျာ။ ကောင်းပါပြီ၊ သခင်၅က သွားကြည့်ချင်နေမှတော့ သွားကြတာပေါ့”
ဦးစီးမှူးချန်သည် ထိုသို့ပြောလျက် ချန်ကျဲ့ကို သတ္တုတွင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“သခင်၅ ဒါက သတ္တုတူးဖော်တဲ့နေရာပါပဲ။ တူးဖော်ရေးလုပ်သား ၈၀ရှိပါတယ်”
အနီရင့်ရောင်သံသတ္တုများကို တူဖြင့် ထုရိုက်ဖယ်ရှားနေသည့် တူးဖော်ရေးလုပ်သားတစ်စုကို ချန်ကျဲ့ မြင်တွေ့ရ၏။
“သခင်၅ ဒီနေရာကို ကျော်သွားလိုက်ရင် သံရည်ကျိုတဲ့နေရာရှိပါတယ်။ ရရှိတဲ့ သံသတ္တုတွေကို သံချောင်းတွေအဖြစ် သံရည်ကျိုသွန်းလုပ်ပြီး ဒီနေရာမှာ သိုလှောင်ပါတယ်”
“ဒါက အရည်ကျိုသွန်းလုပ်ပြီးတဲ့ သံချောင်းတွေကို သိမ်းဆည်းတဲ့နေရာပါ”
ချန်ရွှင်းမှ ပြောသည်။ ချန်ကျဲ့သည်တော့ ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာရင်း မှတ်ချက်ပြုသည်။
“အင်း ဒါနဲ့ အရည်အသွေးမပြည့်မီတဲ့ ချို့ယွင်းသံသတ္တုတွေကို ဘယ်မှာသိမ်းလဲဗျ”
ထိုစကား၌ ချန်ရွှင်းသည် တဒင်္ဂမျှ တွေဝေသွား၏။ သို့သော် ချက်ချင်း အသိစိတ်ပြန်ကပ်ကာ အတင်းလုပ်ယူထားသည့် အပြုံးဖြင့် ပြောသည်။
“အိုး အဲဒီချို့ယွင်းသံသတ္တုတွေကို သက်သက်ခွဲပြီး သိမ်းဆည်းပါတယ်”
“ကျွန်တော့်ကို ကြည့်ဖို့ ခေါ်သွားပေးပါဦး”
“သခင်၅က အဲဒါကို ဘာလို့ ကြည့်ချင်တာပါလဲ”
ချန်ရွှင်းသည် အပြုံးကို အတင်းလုပ်ယူထားဆဲပင်။ သို့သော် ချန်ကျဲ့သည်တော့ သူ့ကို စူးရဲစွာ စိုက်ကြည့်လျက် ပြောသည်။
“ချို့ယွင်းသံသတ္တုတွေ မရှိဘူးလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်”
“ဘယ်လိုလုပ်ပြီး အဲဒီလိုဖြစ်နိုင်မှာလဲဗျာ။ အဲဒီချို့ယွင်းသံသတ္တုတွေကို ဘယ်သူမှ လိုချင်ကြတာ မဟုတ်ဘူး။ သခင်၅ ဒီဘက်မှာပါ”
ချန်ရွှင်းသည် ချန်ကျဲ့ကို သိုလှောင်ခန်းအသေးလေးတစ်ခုသို့ ရုတ်ချည်း ခေါ်သွားပေးသည်။ အခန်းထဲသို့ ဝင်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် ပစ်ချထားသည့် သံချောင်းအစအန အပုံကို မြင်တွေ့ရသည်။
“သခင်၅ ဒါတွေက ချို့ယွင်းသံသတ္တုတွေပါ”
ချန်ကျဲ့ အနီးကပ်ကြည့်ရာ ဤချို့ယွင်းသံသတ္တုများသည် ပုံမှန်သံချောင်းများနှင့် ဘာမျှမကွာခြားလှကြောင်း မြင်တွေ့လိုက်ရသည်။ သို့ဖြင့် မေးလိုက်သည်။
“သူတို့ကြည့်ရတာ ပုံမှန်သံတွေလိုပါပဲ၊ ဘာလို့ ချို့ယွင်းသံသတ္တုလို့ ခေါ်ရတာလဲ”
ချန်ရွှင်းမှ ပြောသည်။
“သခင်၅ နှစ်ခုလောက် ကောက်ယူကြည့်လိုက်ပါ။ အဲဒါဆို သိသွားပါလိမ့်မယ်”
ထိုအခါ ချန်ကျဲ့သည် ချို့ယွင်းသံသတ္တုနှစ်ချောင်းကို ယူကြည့်လိုက်သည်။ လက်ထဲတွင် ကွဲပြားမှုကို မခံစားမိပေ။
သာမန်သံလိုပါပဲ။
ဂျွတ်!
ပြဿနာမရှိသည်ကို မြင်သောအခါ ချန်ကျဲ့သည် ထိုသံနှစ်ချောင်းကို ခေါက်ကြည့်လိုက်သည်။ ထိုအခါ ကျယ်လောင်သည့် ထိခတ်သံနှင့်အတူ ၎င်းသံချောင်းနှစ်ချောင်းသည် ကျိုးပဲ့ပျက်စီးသွားတော့သည်။
“ဒီလောက်တောင် ကျိုးလွယ်တာလား?!”
ချန်ကျဲ့လည်း အံ့ဩသွားခဲ့သည်။
ဤသည်မှာ သံသတ္တုမဟုတ်ဘဲ သူ၏အရင်ဘဝက အတုအယောင် သိုင်းသရုပ်ဖော်ပြပွဲများတွင် အသုံးပြုသည့် ပစ္စည်းများနှင့် တူညီနေပေသည်။
ထိုသို့တွေးလျက် ချန်ကျဲ့ နောက်ထပ်သံတစ်ချောင်း ကောက်ယူလိုက်သည်။ ထို့နောက် လက်သီးဖြင့် ထုလိုက်ရာ…
သံချောင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။
ထိုမျှ ကြွပ်ဆတ်နေသည်ကို မြင်လိုက်ရသောကြောင့် ချန်ကျဲ့သည် ၎င်းကို အဘယ်ကြောင့် ချို့ယွင်းသံသတ္တုဟု ခေါ်ဆိုကြောင်း နားလည်သွားခဲ့သည်။
ချန်ကျဲ့သည် ချန်ရွှင်းကို မော့ကြည့်လိုက်ပြီး မေးသည်။
“ဒါတွေက ဘာလို့ ဒီလောက်တောင် ကြွပ်ဆတ်နေရတာလဲ”
ထိုအခါ ချန်ရွှင်းမှ ပြောသည်။
“ကျွန်တော် မသိပါဘူး။ တူးဖော်ခြင်းနဲ့ သံရည်ကျိုခြင်းရဲ့ လုပ်ငန်းစဉ်တွေက အတူတူပါပဲ။ ဒါပေမဲ့ ဒီသံတွေက အရမ်းကြွပ်ဆတ်ပြီး ကျိုးပဲ့လွယ်သွားခဲ့ပါတယ်။ အကြောင်းအရင်းကို မသိရပါဘူး”
“အင်း သိပြီ။ အဲဒီတော့ ဒီချို့ယွင်းသံသတ္တုတွေကို အမြဲ ဒီမှာပဲ စုသိမ်းထားတာလား”
“ဟုတ်ပါတယ်၊ ဘယ်သူမှ မလိုချင်တော့ ဒီမှာပဲ စုထားတာပါ”
“လွန်ခဲ့တဲ့နှစ်တွေက ချို့ယွင်းသံသတ္တုတွေလည်း အကုန်လုံး ဒီမှာပဲထားတာလား”
ချန်ကျဲ့၏ ဖိမေးမှုတွင် ချန်ရွှင်းသည် အတည်ပြုပြောဆိုလာခဲ့သည်။
“ဟုတ်ပါတယ်၊ အကုန် ဒီမှာပါပဲ!”
“ဒါဆို မဟုတ်သေးဘူး”
ချန်ကျဲ့ အမိန့်ပေးလိုက်သည်။
“စာရင်းစာအုပ်”
ထိုအခါ ကျိုးချူမှ စာရင်းစာအုပ်ကို ကမ်းပေး၏။ ချန်ကျဲ့မှ ပြောသည်။
“ဦးစီးမှူးချန် ဒီမှတ်တမ်းအရဆို လွန်ခဲ့တဲ့တစ်နှစ်တည်းနဲ့တင် ချို့ယွင်းသံသတ္တုပမာဏ ကျင်းသုံးသောင်းရှိတယ်။ ဒီနှစ်ထဲမှာ လက်ရှိအချိန်အထိဆို ကျင်းနှစ်သောင်းရှိတယ်။ အခု ဒီနေရာမှာ ချို့ယွင်းသံသတ္တု ကျင်းငါးသောင်းရှိသလား”
ဂလု…
ချန်ကျဲ့မှ ဆက်လက်၍ ဖိအားပေး မေးမြန်းသည်။ ထို့နောက် အတင်းဖျစ်ညှစ်ပြုံးလျက် ပြန်ဖြေသည်။
“အဟဲ အင်း.. သခင်၅၊ အရင်က ရှိတဲ့ ချို့ယွင်းသံသတ္တုတွေကို ကျွန်တော်တို့ ဖြေရှင်းလိုက်ပါပြီ”
“ဘယ်နှစ်မှာ ဖြေရှင်းလိုက်တာလဲ”
ချန်ကျဲ့သည် ချန်ရွှင်းကို အသက်ရှူချိန်မပေးဘဲ ဆက်လက်ဖိစစ်သည်။
“လွန်ခဲ့တဲ့၂နှစ်ကပါ။ မဟုတ် မဟုတ်ဘူး မနှစ်ကပါ?”
“အို အဲဒီတော့ ဒီမှာရှိနေတဲ့ ချို့ယွင်းသံသတ္တုတွေက ဒီနှစ်ရဲ့ ချို့ယွင်းသံသတ္တုအသစ်တွေပေါ့? ဒါတွေက ဒီနှစ်ရဲ့ ချို့ယွင်းသံသတ္တုအသစ်တွေလားဆိုတာ စစ်ဆေးဖို့ ပန်းပဲဆရာခေါ်လာခဲ့”
“ဟုတ်ကဲ့”
ထိုအခါ လင်းယုန်အစောင့်အရှောက်မှ ရုတ်ချည်း တုံ့ပြန်သည်။ ထို့နောက် သံချောင်းတစ်စကို ကိုင်၍ ထွက်ခွာရန် ဟန်ပြင်သည်။
“ခဏနေပါဦး!”
ထိုစဉ် ချန်ရွှင်းမှ ပြောလာ၏။
“သခင်၅ ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ။ ကျွန်တော်တို့ ဒီဘက်ကိုသွားပြီး စကားပြောကြရအောင်ပါ”
“မဟုတ်တာ၊ ခင်ဗျားလည်း မြင်သားပဲ။ ကျုပ်နဲ့ လင်းယုန်အစောင့်အရှောက်တွေက ခန်းမအရှင်သခင်ရဲ့အမိန့်အရ စုံစမ်းစစ်ဆေးနေတာပါ။ ခင်ဗျား အမှန်အတိုင်း ဝန်မခံဘူးဆိုရင်တော့ ဖြစ်လာမယ့်အကျိုးဆက်တွေကို ခင်ဗျားဘာသာပဲ စဉ်းစားပါတော့”
ဂလု… ချန်ရွှင်း ထပ်မံ၍ တံတွေးမြိုချမိရသည်။
ချန်ကျဲ့သည် ဆက်လက်၍ ဖိအားပေး၏။
“ဒီသံသတ္တုတွေကို ခင်ဗျားကိုယ်တိုင် ဖြေရှင်းတာလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုဖြေရှင်းလိုက်တာလဲ”
“ဒီတိုင်း ဒီတိုင်း…”
“မြေမြှုပ်လိုက်တာလား အရည်ကျိုလိုက်တာလား ဒါမှမဟုတ် ရောင်းလိုက်တာလား?”
“မြေမြှုပ်တယ်ဆိုရင် ဘယ်နေရာမှာလဲ။ အရည်ကျိုတယ်ဆိုရင် အရည်ကျိုပြီးနောက် အကြွင်းအကျန်တွေ ဘယ်မှာလဲ။ ရောင်းတာဆိုရင် ဘယ်သူ့ကို ရောင်းလိုက်တာလဲ။ ပြောစမ်း!”
“ဒါက ဒါက သခင်၅ အသက်ချမ်းသာပေးပါ!”
ချန်ရွှင်းသည် ဒုန်းခနဲ အသံမြည်သည်အထိ ဒူးထောက်ချလိုက်သည်။ ထိတ်ထိတ်ပျာပျာဖြင့် ဦးခေါင်းနှင့်ကြမ်းနှင့် ဦးတိုက်၍ တောင်းပန်သည်။ ချန်ကျဲ့သည် ချန်ရွှင်းကို ရပ်ကြည့်နေခဲ့ရင်း ပြောသည်။
“ခင်ဗျားကို အသက်ချမ်းသာပေးဖို့က ကျွန်တော့်အပေါ် မူတည်နေတာ မဟုတ်ဘူး။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ကယ်တင်ချင်စိတ်ရှိလားဆိုတဲ့အပေါ်ပဲ မူတည်တယ်”
“ကျွန်တော် ကျွန်တော် အသက်ရှင်ချင်ပါတယ်!”
“ကောင်းပြီ၊ ဒါဆို ပြောပြလိုက်။ ဒီချို့ယွင်းသံသတ္တုတွေအားလုံးကို ဘယ်ကို ဖြေရှင်းလိုက်လဲဆိုတာ”
ချန်ကျဲ့ ချန်ရွှင်းကို ကြည့်နေခဲ့သည်။ ချန်ရွှင်းမှာ တံတွေးမြိုချမိရပြန်သည်။
“ရောင်း ရောင်းလိုက်တာပါ”
“ဘယ်သူ့ကိုရောင်းတာလဲ”
ချန်ကျဲ့ ဆက်လက်မေးမြန်းသည်။
ထိုအခါ ချန်ရွှင်းသည် အလွန်တရာ စိတ်မသက်မသာဖြစ်နေဟန်ဖြင့် ပြောသည်။
“ကျွန်တော် သူတို့ကို မသိပါဘူး။ သူတို့က ဒီကို ပုံမှန်ရောက်လာပြီး သံတွေကို ဝယ်ပါတယ်။ ကျွန်တော်က သူတို့ကို သံပေးပြီး သူတို့က ငွေပြန်ပေးခဲ့တာပါပဲ”
“ခင်ဗျားကို ဒီလိုလုပ်ဖို့ ဘယ်သူအမိန့်ပေးခဲ့တာလဲ”
ချန်ကျဲ့၏ထိုအမေးတွင် ချန်ရွှင်း၏မျက်နှာသည် မည်းမှောင်သွားခဲ့၏။ ထို့နောက် ဦးတိုက်၍ ပြောလာခဲ့သည်။
“သခင်၅ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ကျွန်တော် မပြောပြနိုင်ပါဘူး။ ကျွန်တော် ပြောလိုက်ရင် သေချာပေါက် သေရလိမ့်မယ်”
“မပြောရင်လည်း သေရမှာပဲ”
ချန်ကျဲ့သည် စူးရဲထက်ရှစွာ ပြောလိုက်၏။
ချန်ရွှင်းမှာ သိသိသာသာ ကြောက်ရွံ့လာခဲ့သည်။ ချန်ကျဲ့သည် လေသံကို အနည်းငယ် နူးညံ့စေလိုက်ပြီး ထပ်ပြောသည်။
“ဒါပေါ့လေ၊ ခင်ဗျား ပြောပြခဲ့ရင်တော့ ကျုပ် ခင်ဗျားအတွက် ခန်းမအရှင်သခင်ကို စကားပြောပေးပါ့မယ်။ အဲ့လိုဆို ခင်ဗျား လုံခြုံမှာပါ”