← Chapters

အခန်း ၃၀၄-၃၀၆

Vol. 21 Ch. 304-306

အခန်း ၃၀၄-၃၀၆

Vol. 21 Ch. 304-306

အခန်း (၃၀၄)

စတုတ္ထမြောက်သား ဖွားမြင်ခြင်း (၂)

လုချန်း၏စကားကို ကြားလိုက်ရသော အိပ်ရာပေါ်တွင် မငြိမ်မသက်လှုပ်ရှားနေသည့် ကလေးငယ်က တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူ၏သေးငယ်သောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသကဲ့သို့ ထင်ရသည်။

မုကျိရွှမ်းက ပြုံးရယ်ကာ

“မင်းသား။၊ မင်လေးက မင်းသားပေးထားတဲ့နာမည်ကို သဘောကျနေတယ်” ဟု ပြောလိုက်သည်။

လုချန်းက လုကျိမင်၏ သေးငယ်သောမျက်နှာကို ညင်သာစွာထိလိုက်ပြီး

“ကျိမင်။ မင်းက အဖေ့ကို တကယ်ပဲ အကူအညီပေးခဲ့ပါတယ်”

ဟု ပြုံးရယ်ကာပြောလိုက်သည်။

ဤ‌နွေးထွေးသောမြင်ကွင်းကို မြင်ရသော ရဲလိနန်ရန်လည်း သူမ၏ဝမ်းဗိုက်ကို လက်ဖြင့်ပွတ်သပ်မိသည်။ သူမလည်း လုချန်းနှင့် ကလေးရလိုသော်လည်း တစ်နှစ်နီးပါးကြာသော်လည်း ဝမ်းဗိုက်မှ တုံ့ပြန်မှုမရှိသေးပေ။ သူမအသက်ကြီးပြီဖြစ်၍ ကိုယ်ဝန်ဆောင်နိုင်စွမ်း မရှိတော့ဘူးလားဟု စတင်တွေးတောမိသည်။

ထိုအတွေးဖြင့် ရဲလိနန်ရန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

လုချန်းသည် ကလေးမွေးခန်းတွင် နှစ်နာရီခန့်နေပြီး မုကျိရွှမ်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံး လုံးဝပြန်လည်ကျန်းမာလာသည့်အခါမှ ကလေးမွေးခန်းမှထွက်ကာ စာကြည့်ခန်းသို့သွားလိုက်သည်။

စာကြည့်ခန်းသို့ဝင်ရောက်ပြီး လုချန်းက စနစ်ကိုပြန်ဖွင့်ကာ သူလိုအပ်သော ပညာရှင်များ၏ တည်နေရာကို ပြန်လည်စစ်ဆေးလိုက်သည်။

[အဆင့်လွန် ပညာရှင်အဆင့် စာပေပညာရှင်၏ အချက်အလက် - ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ၏ကျောင်းအုပ်ကြီး ကျူးကဲ့ကျုံကောင်းသည် သခင့်၏ အချက်အလက်ကိုရရှိပြီးဖြစ်သည်။ သူသည် လက်ရှိတွင် ဝူနိုင်ငံတော်တွင်ရှိပြီး မကြာမီ ကျူးနိုင်ငံတော်သို့သွားရောက်မည်။ အကယ်၍ မြောက်ပိုင်းပြည်နယ်သို့ အမြန်ရောက်ရှိစေလိုပါက သခင်သည် တစ်ကြိမ်တည်းသော တိုက်ရိုက်အမိန့်ပေးနိုင်သည်။]

[အုပ်ချုပ်ရေးဝန်ထမ်းငါးထောင်၏ အချက်အလက် - သူတို့သည် လက်ရှိတွင် ချွမ် နိုင်ငံတော်ရှိ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီတွင် ဆရာများနှင့် ကျောင်းသားများဖြစ်သည်။ အကယ်၍ မြောက်ပိုင်းပြည်နယ်သို့ အမြန်ရောက်ရှိစေလိုပါက သခင်သည် တစ်ကြိမ်တည်းသော တိုက်ရိုက်အမိန့်ပေးနိုင်သည်။]

စနစ်မှ‌ပေးသော အချက်အလက်များကို မြင်လိုက်ရသော လုချန်း ခဏတာမျှ အံ့အားသင့်သွားသည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီလား။

ငယ်စဉ်ကတည်းက ဤခောတ်ကမ္ဘာသို့ ရောက်ရှိ‌နေသူဖြစ်သည့် လုချန်း ထိုကျောင်း၏အမည်ကို သိထားသည်။ ထိုကျောင်း၏ ကျောင်းသားများသည် ညီညွတ်သော ကမ္ဘာကြီးတစ်ခုကို ဖန်တီးလိုသည့် အလွန်မြင့်မားသော စိတ်ကူးများ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုအချက်ကြောင့် သူတို့သည် ပုံမှန်အုပ်ချုပ်သူလူတန်းစားနှင့် သဟဇာတ မဖြစ်ပေ။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီသည် ချွမ်နိုင်ငံတော်နယ်နိမိတ်အတွင်းတွင် တည်ရှိသော်လည်း ချွမ်နိုင်ငံတော် ဧကရာဇ်က သူတို့ကို အမြဲတမ်း သံသယဖြင့် ကြည့်ရှုပြီး သူတို့အား နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာစေလိုသည်။ အကယ်၍ ကျောင်းတွင် အဆင့်လွန် ပညာရှင်အဆင့် စာပေပညာရှင်တစ်ဦး မရှိပါက ချွမ်နိုင်ငံတော်၏ ဧကရာဇ်က စစ်တပ်အင်အားဖြင့် ကျောင်းကို ဖျက်သိမ်းပစ်မည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီတွင် ပညာရှင်များစွာရှိပြီး ပြီးခဲ့သော နှစ်များက နိုင်ငံရေးလောကတွင် ပါဝင်ခဲ့သော်လည်း မည်သည့်နိုင်ငံ၏ အုပ်ချုပ်သူလူတန်းစားကမှ သူတို့ကို မနှစ်သက်ပေ။ သူတို့သည် အစိုးရအဖွဲ့တွင် အလုပ်လုပ်နိုင်သော်လည်း အရေးပါသော ရာထူးများကို မရရှိနိုင်ပေ။

“ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှု” ဟူသော အယူအဆရှိသူများသည် လက်ရှိကမ္ဘာတွင် ပုံမှန်မဟုတ်သော လူစားမျိုးဖြစ်ပြီး အုပ်ချုပ်သူများက လက်ခံနိုင်စရာအကြောင်းမရှိပေ။

ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှု ရရှိပါက အုပ်ချုပ်သူလူတန်းစား၏ အာဏာကို မည်သူကထိန်းသိမ်းမည်နည်း။ ထို့ကြောင့်

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ၏ အတွေးအခေါ်သည် ဤခောတ်ကမ္ဘာနှင့် စိမ်းနေခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီတွင် ပညာရှင်များစွာရှိသော်လည်း သူတို့ကို ထိရောက်စွာအသုံးမချနိုင်သဖြင့် နှစ်ကာလ ကြာလာသည်နှင့်အမျှ လူကြိုက်နည်းလာသည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီတွင် ပညာသင်ကြားရန် လာရောက်သူများလည်း နည်းပါးလာသည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီသို့ ဝင်ရောက်ပြီးနောက် ကျောင်းသားများသည် အုပ်ချုပ်သူလူတန်းစား၏ အယူအဆနှင့် ဆန့်ကျင်ဘက်ဖြစ်သော အယူအဆများကို ပိုင်ဆိုင်လာသည်။ အာဏာရှိသူများက သူတို့အား အစိုးရအဖွဲ့တွင် အလုပ်လုပ်စေရန် ခွင့်ပြုမည်မဟုတ်သဖြင့် သူတို့ကို ထိရောက်စွာ အသုံးမချနိုင်ပေ။ သူတို့၏ သင်ယူမှုအားလုံးသည် အချည်းနှီးဖြစ်သွားသည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီအကြောင်း သူနားလည်ထားသည်များကို ပြန်လည်သုံးသပ်ရင်း လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာသည်။

ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှု...

ထိုစိတ်ကူးက လွန်စွာ‌ခောတ်ရှေ့ပြေးနေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ၏ ကျောင်းသားများအား အစိုးရအဖွဲ့ဝင်များထဲ မပါဝင်‌စေချင်ကြသည်မှာ အံ့အားသင့်စရာမရှိပေ။

အမှန်အားဖြင့် ဤကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ၏ ကျောင်းတော်သားများကို စနစ်မှ စီစဉ်ပေးထားခြင်းမဟုတ်ပါက လုချန်းသည်လည်း မြောက်ပိုင်းနယ်စားမင်းသားတစ်ဦးအနေဖြင့် တစ်ကမ္ဘာလုံး ညီညွတ်စေချင်သည့် စိတ်ကူးများဖြင့် ပြည့်နေသော ဤစာပေပညာရှင်များကို အလုပ်ခန့်လိုမည် မဟုတ်ပေ။

ထုတ်လုပ်မှုစွမ်းအား ဤမျှနိမ့်ကျနေသော ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ ညီညွတ်မှုကို မည်သို့အောင်မြင်စွာ ရရှိနိုင်မည်နည်း။

ထိုသို့သော ကမ္ဘာကြီးတစ်ခုကို ရရှိရန် အုပ်ချုပ်သူလူတန်းစားသည် သူတို့၏ အကျိုးစီးပွားများကို စွန့်လွှတ်ပြီး ပြည်သူလူထုနှင့် မျှဝေရမည်ဖြစ်သည်။ ထိုအခါ အုပ်ချုပ်သူလူတန်းစားသည် ဘဝကို မည်သို့ခံစားနိုင်မည်နည်း။

လုချန်းကိုယ်တိုင်သည်လည်း လက်ရှိအခြေအနေ၏ အကျိုးကျေးဇူးများကို ခံစားခွင့်ရှိသူဖြစ်သည်။ တစ်ကမ္ဘာလုံး ညီညွတ်ရေးဟူသော အယူအဆကို ဘယ်သောအခါမှ သူမထောက်ခံနိုင်ပေ။

သို့သော် သူသည် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရပ်တည်မည့် အစိုးရအရာရှိများကိုလည်း လိုအပ်နေဆဲဖြစ်သည်။ ပြည်သူလူထုဘက်က ရပ်တည်သော အစိုးရအရာရှိများ ရှိမှသာ မြောက်ပိုင်းပြည်နယ်၏ ပြည်သူများသည် မြောက်ပိုင်းနယ်စားမင်းသားဖြစ်သော သူ့ကိုယုံကြည်မည်ဖြစ်ပြီး သူ၏အုပ်ချုပ်မှုကို ပိုမိုတည်ငြိမ် စေမည်ဖြစ်သည်။

ထို့ကြောင့် အခြားအုပ်ချုပ်သူလူတန်းစားများအတွက် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီမှ လူများသည် ကင်ဆာရောဂါတစ်မျိုးဖြစ်နိုင်သော်လည်း လုချန်းအတွက်မူ သူတို့သည် ရတနာများဖြစ်သည်။

ထိုအတွေးဖြင့် လုချန်းက ချက်ချင်းပင် စနစ်အား

“ဆင့်ခေါ်အမိန့်ထုတ်ပြန်ပါ။ သူတို့အားလုံးကို ခြောက်လအတွင်း မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့ခိုင်းပါ”

ဟု ပြောလိုက်သည်။

လုချန်း၏စကားပြီးသည်နှင့် စနစ်၏အသံပြန်လည်မြည်လာသည်။

[ဆင့်ခေါ်အမိန့်ထုတ်ပြန်ပြီးဖြစ်သည်။ ကမ္ဘာ လုံးဆိုင်ရာ အကယ်ဒမီ၏ အဖွဲ့ဝင်အားလုံးသည် သခင်၏အမိန့်ကို လက်ခံရရှိပြီးဖြစ်သည်။]

ထိုအချိန်တွင်...

ဝူနိုင်ငံတော်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင်...

ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အလွန်လှပသည့် အမျိုးသမီးတစ်ဦးသည် စားပွဲတစ်ခုတွင် ထိုင်နေပြီး သူမ၏ရှေ့တွင် ဆံပင်နှင့် မုတ်ဆိတ်ရှည်များ ဖြူဖွေးနေသော အဖိုးအိုတစ်ဦး ရှိနေသည်။

အဖိုးအို၏ ဆံပင်နှင့်မုတ်ဆိတ်အားလုံးမှာ ဖြူဖွေးနေသော်လည်း သူသည် အလွန်အားအင်ပြည့်ဝနေပြီး အသက် ၁၅၀ ရှိသူတစ်ဦးနှင့် လုံးဝမတူပေ။

ထိုအချိန်တွင် အမျိုးသမီးက

“ဆရာကြီးကျူးကဲ့ကျုံကောင်း။ ချွမ်နိုင်ငံတော်က ဆရာကြီးတို့ကို လက်မခံတော့ရင် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီကို ဝူနိုင်ငံတော် ပြောင်းရွှေ့လိုက်ပါလား။”

“ဝူနိုင်ငံတော်ရဲ့ တံခါးတွေဟာ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီအတွက် အမြဲဖွင့်လှစ်ထားပါတယ်။”

ဝူကျန်းဝမ်၏စကားကို ကြားလိုက်ရသော ကျူးကဲ့ကျုံကောင်းက သူ၏ဖြူဖွေးနေသော မုတ်ဆိတ်ကို ပွတ်သပ်ယမ်းရင်း ပြုံးပြလိုက်သည်။

ဝူကျန်းဝမ်၏ ရည်ရွယ်ချက်ကို ကျူးကဲ့ကျုံကောင်း နားမလည်ပဲ မ‌နေပါ။ ဝူကျန်းဝမ်သည် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီကို စိတ်ဝင်စားခြင်းမရှိပဲ သူမအမှန်တကယ်လိုချင်သည်မှာ အဆင့်လွန် ပညာရှင်အဆင့် စာပေပညာရှင် ဖြစ်သည့် ကျူးကဲ့ကျုံကောင်း၏ထောက်ခံမှုကို ရယူရန်ဖြစ်သည်။

ကျူးကဲ့ကျုံကောင်းက

“မင်းသမီးကျန်းဝမ်ရဲ့ စေတနာကို အထူးတန်ဖိုးထားပါသည်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီဟာ ငြိမ်းချမ်းရေးကို ဦးတည်ပါတယ်။ ဝူနိုင်ငံတော်မှာ နှစ်စဉ်စစ်မက်ဖြစ်ပွားနေတာက ကျောင်းရဲ့အယူအဆနှင့် မကိုက်ညီပါဘူး။”

“ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ ဝူနိုင်ငံတော်ကို ပြောင်းရွှေ့ရင် ကျောင်းရဲ့ပညာရှင်များနှင့် ဝူနိုင်ငံတော်လူထုကြား အယူအဆမတူညီမှုများ ဖြစ်ပွားနိုင်ပါတယ်။”

ကျူးကဲ့ကျုံကောင်း၏ ယဉ်ကျေးစွာငြင်းပယ်မှုကို မြင်ရသောအခါ ဝူကျန်းဝမ်နှလုံးမသာမယာဖြစ်သွားပြီး ဆက်ပြောလိုက်သည်

“ဆရာကြီးကျူးကဲ့ကျုံကောင်း။ ကျွန်မသိရတာက ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီရဲ့ အခြေအနေက အလွန်ဆိုးရွားနေပါတယ်။

ချွမ်နိုင်ငံတော်မှာ အကယ်ဒမီဟာ ရိုးရာဓလေ့‌‌တွေကို မလိုက်နာပဲ ကောင်းကင်ဘုံကို အမျက်ထွက်စေတယ်လို့ ကောလာဟလတွေထွက်နေပြီး ပြည်သူတွေက ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။”

“ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီအနေနှင့် ချွမ်နိုင်ငံတော်မှာ ဆက်ရှိနေရင် တစ်နေ့မှာဖျက်သိမ်းခံရပါလိမ့်မယ်။ ဆရာကြီးက ဘာအတွက်ကြောင့် ချွမ်နိုင်ငံတော်မှာပဲ ဆက်လက်နေထိုင်ဖို့ ကြိုးစားနေရတာပါလဲ။”

ထိုစကားများကို ကြားလိုက်ရပြီး ကျူးကဲ့ကျုံကောင်း၏ မျက်နှာတွင် အပြုံးမပျက်သော်လည်း ရုတ်တရက် သူ၏စိတ်ထဲတွင် အရေးကြီးသောအရာတစ်ခုကို သတိရသွားသကဲ့သို့ ရပ်တန့်ငေးငိုင်သွားသည်။

ကျူးကဲ့ကျုံကောင်း၏ မျက်နှာအမူအရာပြောင်းလဲမှုကို သတိထားမိပြီး ဝူကျန်းဝမ်က “ဆရာကြီးကျူးကဲ့ကျုံကောင်း” ဟု သတိပေးလိုက်သည်။

ကျူးကဲ့ကျုံကောင်းသည် ချက်ချင်း စိတ်ငြိမ်သက်မှုပြန်ရသွားပြီး ဤတစ်ကြိမ်တွင် ပို၍ထင်ရှားသော အပြုံးတစ်ခုကို ပြန်လည်ဖော်ပြလိုက်သည်။ သူသည် တကယ်ပင် ပျော်ရွှင်ဖွယ်ရာတစ်ခုကို သတိရခဲ့ပြီဖြစ်သည်။

“မင်းသမီးရဲ့ ကမ်းလှမ်မှုကို နောက်တစ်ကြိမ် ထပ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီးပါပြီ။ အခုလောလောဆယ် ချွမ်နိုင်ငံတော်က ထွက်ခွာဖို့ အစီအစဉ်မရှိသေးပါဘူး။ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီဟာ နောင်အနာဂါိတ်မှာတွင် ချွမ်နိုင်ငံတော်က ရွှေ့ပြောင်းမှာလားဆိုတာက နောက်တစ်ခါကျမှ စဉ်းစားရမည့် ကိစ္စဖြစ်ပါတယ်။”

ထိုစကားကို ပြောပြီးနောက် ကျူးကဲ့ကျုံကောင်းက မတ်တတ်ရပ်လိုက်ကာ

“မင်းသမီး ကျန်းဝမ်။ ကျွန်တော် အခုပဲ ကျူးနိုင်ငံတော်ကို သွားတော့မယ်။ ကျွန်တော် ဝူနိုင်ငံတော်တွင်းမှာ ရောက်နေတာ အချိန်ကြာနေပါပြီ”

ဟု ဆက်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဝူကျန်းဝမ်က ချက်ချင်းပင်

“အဲ့ဒါဆို ကျွန်မက ဆက်မတိုက်တွန်း တော့ပါဘူး။ ပညာရှိကြီး ကျူးကဲ့ကျုံကောင်းရဲ့ ခရီးစဉ် ချောစွာပါစေ”

ဟု ပြောလိုက်သည်။

ထို့နောက် ကျူးကဲ့ကျုံကောင်းသည် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ၏ တပည့်များနှင့်အတူ တိုက်ရိုက် ကျူးနိုင်ငံတော် သို့ ဦးတည်သွားခဲ့သည်။

အလျင်အမြန်ထွက်ခွာသွားသော လှည်းကို စားသောက်ဆိုင်ပေါ်မှ ကြည့်ရင်း ဝူကျန်းဝမ်၏ နဖူး အနည်းငယ်တွန့်သွားသည်။

သူမသည် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ ကို ဝူနိုင်ငံတော် သို့ ပြောင်းရွှေ့စေလိုသော်လည်း ပညာရှိ ကျူးကဲ့ကျုံကောင်းမှာ ဝူနိုင်ငံတော် လာရောက်နေထိုင်ရန် စိတ်မဝင်စားဟု ထင်ရသည်။

ထိုအတွေးဖြင့် ဝူကျန်းဝမ် သက်ပြင်းချလိုက်ပြီး

“ကျူးကဲ့ကျုံကောင်းက ဝူနိုင်ငံတော်အပေါ် လုံးဝစိတ်ဝင်စားမှုမရှိဘူးလို့ ယူဆရတယ်” ဟု ပြောလိုက်သည်။

ဝူကျန်းဝမ် ၏စကားကို ကြားလိုက်ရသော အနောက်မှ သူမ၏ကိုယ်ရံတော် ပေဟုန်က သတိပေးလိုက်သည်။

“မင်းသမီး။ ကျူးကဲ့ကျုံကောင်းဟာ ဆယ်စုနှစ်များစွာကတည်းက အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့တာပါ။ အခုဆိုရင် ကောင်းကင်လူသား အဆင့်နဲ့ နီးစပ်နေပါပြီ။ ဒီလိုမျိုး စွမ်းအားရှင်တွေဟာ ခေါင်းမာတတ်ပြီး အလွယ်တကူ သဘောထားမပြောင်းတတ်ပါဘူး။”

ဝူကျန်းဝမ်က အေးဆေးစွာဖြင့်

“ဟုတ်ပါသည်”

ဟု ပြန်ဖြေလိုက်သည်။

“တကယ်တော့ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီ ဝူနိုင်ငံတော်ကို ပြောင်းလာတာက အရမ်းကောင်းတယ်လို့လည်း မဆိုနိုင်ပါဘူး။ သူ့ကိုမစည်းရုံး နိုင်ရင်လည်း ဒီအတိုင်းထားလိုက်ပါမယ်။”

“သူက ကျူးနိုင်ငံတော်ကို သွားမယ်လို့ ပြောခဲ့တယ်။ ကြည့်ရတာ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီကို ကျူးနိုင်ငံတော် ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိပုံရတယ်။ ကျွန်မနဲ့ ကျူးဧကရာဇ်ရဲ့ ဆက်ဆံရေးက ကောင်းမွန်တယ်။ အကယ်၍ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီသာ ကျူးနိုင်ငံတော်ကို ပြောင်းသွားရင် နောင်ပိုင်းမှာ သူ့ကိုစည်းရုံးနိုင်မယ့် အခွင့်အလမ်းရှိနိုင်သေးတယ်။”

ထိုအတွေးများဖြင့် ဝူကျန်းဝမ် အနည်းငယ် စိတ်ပျော်သွားခဲ့သည်။

....

အခန်း (၃၀၅)

ဝမ်ချင်းစီ..... မင်းသား ပြောင်းလဲသွားပြီ

မုကျိရွှမ်း ကလေးမွေးပြီးကတည်းက လုချန်း မင်းသားစံအိမ်မှ အပြင်ကို မထွက်တော့ပေ။ မြို့သစ်တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးခြင်း လက်နက်တိုက်ကို သွားခြင်းများ မပြုတော့ပဲ အချိန်အများစုကို မင်းသားစံအိမ်တွင် နိုင်ငံတော်ကိစ္စများ ဆောင်ရွက်နေခဲ့သည်။

မြို့သစ်တည်ဆောက်ရေး လုပ်ငန်းများမှာ အစီအစဉ်အတိုင်း ရှေ့ဆက်လျက်ရှိပြီး လက်နက်တိုက်မှ ထုတ်လုပ်သည့် လက်နက်များ၏ ပထမအသုတ်မှာလည်း ပြီးစီးတော့မည် ဖြစ်သည်။ လုချန်းအနေနှင့် အဆင့်လွန် ပညာရှင် ကျူးကဲ့ကျုံကောင်း ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်မျှော်နေရုံဖြစ်သည်။

သို့သော် ကျူးကဲ့ကျုံကောင်းအပြင် လုချန်းသည် ကျောင်းယိုယို နှင့် ကျောင်းရှောင်ရှောင်တို့၏ ဗိုက်ထဲရှိ ကလေးများ မွေးဖွားလာမည့်အချိန်ကိုလည်း စောင့်နေခဲ့သည်။ ထိုကလေးနှစ်ဦးက သူ့အတွက် အံ့အားသင့်စရာ အသစ်အဆန်းများ ယူဆောင်လာနိုင်မည်လားဟု စိတ်လှုပ်ရှားစွာ မျှော်လင့်နေခဲ့သည်။

မိုးလင်းစအချိန်။

လုချန်းသည် ရဲလိနန်ရန်၏ အခန်းမှ ပြုံးရွှင်ရွှင်ဖြင့် ထွက်လာခဲ့သည်။ ညက ရဲလိနန်ရန်နှင့် အတူ ယင်ယန်ကျင့်စဉ် လေ့ကျင့်ပြီးနောက် စိတ်ကျေနပ်မှု အပြည့်အဝ ရလိုက်သည်။

နွေဦးအသံဆောင်မှ ထွက်လာပြီးနောက် ပင်မအဆောင်သို့ သွား၍ နံနက်စာစားရန် လုချန်း စဉ်းစားထားခဲ့သည်။ သို့သော် ထိုအချိန်တွင် အစေခံတစ်ဦး သူ့ဆီသို့ လာရောက်ခဲ့သည်။

“မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား

အသက်ရှည်ပါစေ။”

လုချန်းက ခေါင်းညိတ်ပြလိုက်ပြီး ပင်မဆောင်သို့ ဆက်လက်သွားရန် ပြင်လိုက်သော်လည်း အစေခံက လမ်းမဖယ်ပဲ ဆက်ပြောလိုက်သည်။

“မင်းသား။ တပ်မှူးချင်က ရှာနေပါတယ်။”

“စာကြည့်ခန်းမှာ စောင့်နေခိုင်းပါ။”

ထိုနောက် လုချန်း ခဏတာမျှ တုန်လှုပ်သွားခဲ့သည်။

ချင်ယူရှန် နံနက်စောစောစီးစီး သူ့ကိုရှာနေတာက အရေးကြီးတဲ့ ထောက်လှမ်းရေး အချက်အလက် တစ်ခုခု ရှိနေလို့လား။

ထို့နောက် နံနက်စာမစားတော့ပဲ ချင်ယူရှန် ဘာကြောင့်လာသည် သိနိုင်ရန် စာကြည့်ခန်းသို့ တိုက်ရိုက်သွားခဲ့သည်။

စာကြည့်ခန်း အဆောင်ဝင်းသို့ ရောက်ရှိသောအခါ ချင်ယူရှန်ကို သာမက ဝမ်ချင်းစီပါ စာကြည့်ခန်းတံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လုချန်း ရောက်ရှိလာသည်ကို မြင်သောအခါ ချင်ယူရှန်က ချက်ချင်း ဦးညွှတ်ပြီး “မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား

အသက်ရှည်ပါစေ။”

လုချန်းက ခေါင်းညိတ်ပြလိုက်ပြီး စာကြည့်ခန်းအတွင်းသို့ တိုက်ရိုက်ဝင်သွားကာ

“အထဲကို ဝင်လာကြပါ”

ဟု ပြောလိုက်သည်။

ချင်ယူရှန်နှင့် ဝမ်ချင်းစီတို့လည်း နောက်မှ လိုက်ပါလာပြီး စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်လာကြသည်။

လုချန်းက

“တပ်မှူးချင်။ နံနက်စောစောကြီးမှာ ကျွန်တော့်ကိုရှာနေတာ ဘာကိစ္စလဲ” ဟု မေးလိုက်သည်။

ချင်ယူရှန်သည် သူ၏လက်မှ ထောက်လှမ်းရေးအစီရင်ခံစာတစ်ခုကို ထုတ်၍ စားပွဲပေါ်တွင် တင်လိုက်သည်။ “မင်းသား။ နေပြည်တော်မှာ အခြေအနေတွေ စတင်ပြောင်းလဲနေပါပြီ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း၏ စိတ်ထဲ လန့်သွားခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်ကတည်းက သူ၏ဖခင် ဆွမ်ဧကရာဇ် အာဏာရှိမိသားစုများကို နှိမ်နင်းမည့်အချိန်အား လုချန်း စောင့်မျှော်နေခဲ့သည်။ ရှနိုင်ငံတော်တွင် အရှုပ်တော်ပုံများ ပေါ်ပေါက်လာမှသာ နန်းတွင်း၏ အာရုံစိုက်မှု လုံးဝပြောင်း သွားမည်ဖြစ်ပြီး မြောက်ပိုင်းဒေသကို မြောက်ပိုင်းပြည်နယ်ထဲ ထည့်သွင်းနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် မြောက်ပိုင်းဒေသကို သိမ်းပိုက်ပါက နန်းတွင်း၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်ပြီး သူ့အတွက် အဆင်မပြေနိုင်ပေ။

သို့သော် လအနည်းငယ်ကြာ စောင့်နေပြီးနောက်တွင်လည်း နေပြည်တော်တွင် ဘာမှ လှုပ်ရှားမှု မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ဖခင် အာဏာရှိမိသားစုများကို အမှန်တကယ် နှိမ်နင်းရန် စိတ်ကူးရှိသေးလားဆိုတာကို လုချန်းသံသယဝင်လာခဲ့သည်။

ဝူနိုင်ငံတော်နှင့် ချွမ်နိုင်ငံတော်နှစ်ခုလုံးတွင် အတွင်းရေးပဋိပက္ခများ စတင်နေပြီဖြစ်သော်လည်း ဤမျှကြာသည်အထိ မည်သည့်လှုပ်ရှားမှုမှ မပြုခဲ့ပေ။ ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိ မိသားစုကြီးများကို အမြန်ဆုံးမဖယ်ရှားပါက ဝူနိုင်ငံတော်နှင့် ချွမ်နိုင်ငံတော်တို့တွင် အခြေအနေများ ပြန်လည်တိုးတက်လာသည့်အခါ ထိုရှားပါး အခွင့်အ‌ရေးကို လက်လွတ်ဆုံးရှုံးရမည်ဖြစ်သည်။

သို့သော် လအနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

လုချန်းသည် ချက်ချင်းပင် စားပွဲပေါ်ရှိ ထောက်လှမ်းရေးအစီရင်ခံစာကို ဖွင့်၍ အာရုံစိုက်ဖတ်ရှုလိုက်သည်။

စားပွဲပေါ်ရှိ အစီရင်ခံစာကို ဖတ်ပြီးနောက် လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ရှနိုင်ငံတော်တွင် ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်းတော့မည့်အရိပ်အယောင်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဆွမ်ဧကရာဇ်သည် နန်းတွင်းမှ အာဏာရှိမိသားစုများ၏ အရာရှိအချို့ကို ဖယ်ရှားပြီး တပ်များကို အကြီးအကျယ်စုစည်းကာ တောင်ပိုင်းရှိ ချွမ်နိုင်ငံတော်တွင် ကပ်ရောဂါကျရောက်‌နေမှုကို အကြောင်းပြ၍ တောင်ဘက်သို့ စစ်တပ်‌ စေလွတ်မည်ဟု ကြေညာခဲ့သည်။ ရောဂါကူးစက်မှု ရှနိုင်ငံတော်အတွင်း မဝင်ရောက်စေရန် တောင်ဘက်နယ်စပ်ကို ကာကွယ်မည်ဟု ဆိုသည်။

ဤသည်မှာ သူရူးတစ်ယောက်ပင် သိမြင်နိုင်သော အကြောင်းပြချက်တစ်ခု ဖြစ်သည်။

တောင်ပိုင်းအာဏာရှိမိသားစုများ၏ အရာရှိအချို့ကို ဖယ်ရှားပြီးနောက် တပ်များကို အကြီးအကျယ်စုစည်းခြင်းဖြစ်သည်။ ထိုလုပ်ရပ်က တောင်ပိုင်းအာဏာရှိမိသားစုများကို ဦးတည်နေကြောင်း ထင်ရှားနေသည်။

ချွမ်နိုင်ငံတော်တွင် ကပ်ရောဂါကျရောက်နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း နယ်စားများက နယ်စပ်များကို စောင့်ရှောက်ထားပါက ရောဂါကူးစက်မှုက ရှနိုင်ငံတော်အတွင်းသို့ အလွယ်တကူ ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။

နယ်စားတစ်ဦး၏ စစ်အင်အားမှာ ကန့်သတ်ချက်ရှိသော်လည်း အနည်းဆုံး တစစ်သား ငါးသောင်းရှိသည်။ ငါးသောင်းသော စစ်သားများဖြင့် နယ်စပ်ကို မကာကွယ်နိုင်ဘူးလား။ ချွမ်နိုင်ငံတော်နှင့် စစ်မက်ဖြစ်ပွားနေခြင်း မဟုတ်သဖြင့် နယ်စားတပ်များ၏ တာဝန်မှာ ရောဂါကူးစက်ခံထားရသူများ ရှနိုင်ငံတော်အတွင်းသို့ ဝင်ရောက်လာခြင်း မရှိစေရန်သာ တားဆီးရန်သာ ဖြစ်သည်။

ထိုသေးငယ်သော အရေးကိစ္စအတွက် နန်းတွင်းက စစ်တပ်ကြီး စုစည်းကာ တောင်ဘက်သို့ စစ်ချီရန် လုံးဝမလိုအပ်ပေ။ ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်မှာ အလွန်ထင်ရှားနေသည်။

ယခု သူ၏ဖခင်ကို လုချန်း နားမလည်နိုင်ဖြစ်နေသည်။

အရင်က မည်သည့်လှုပ်ရှားမှုမှ မပြုပဲ နေခဲ့သည့်အပြင် လုရှုယွမ်ကဲ့သို့သောသူကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သေးသည်။ နောက်ပိုင်းတွင် ဆားလုပ်ငန်းစီမံခန့်ခွဲခွင့်များကိုပါ ဖွင့်ပေးခဲ့သည့်အတွက် ရှနိုင်ငံတော်အတွင်း ဆားဈေးနှုန်းများ ဆက်လက်မြင့်တက်လာခဲ့ပြီး တောင်ပိုင်းမှ ဆားထုတ်လုပ်သည့် အာဏာရှိမိသားစုများကို ပိုမိုချမ်းသာစေခဲ့သည်။

အချိန်အတန်ကြာပြီးမှ ထိုမင်းကြီးက အာဏာရှိမိသားစုများကို ရှင်းလင်းရမည့်ကိစ္စအား သတိရသွားခြင်းဖြစ်သည်။ ထို့ပြင် ယခုလိုမျိုး သိသာထင်ရှားသည့် လှုပ်ရှားမှုများဖြင့် လုပ်ဆောင်လျက်ရှိသည်။

တောင်ပိုင်းမှ အမြော်အမြင်အနည်းဆုံး အာဏာရှိမိသားစုများပင် ဆွမ်ဧကရာဇ်သည် တောင်ပိုင်းသို့ စစ်ချီ၍ သူတို့ကို နှိမ်နင်းရန် အကြံအစည်ရှိကြောင်း မှန်းဆနိုင်ကြသည် မဟုတ်ပါလား။

လက်ရှိအခြေအနေအရ အာဏာရှိမိသားစုများ ပုန်ကန်မည့်သတင်း မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သည်။

လက်ထဲတွင်ရှိသော ထောက်လှမ်းရေးအစီရင်ခံစာများကို သုံးသပ်ပြီးနောက် လုချန်းက

“တပ်မှူးလျံဆီ စာပြန်ပို့ပါ။ တောင်ပိုင်း အာဏာရှိမိသားစုတွေရဲ့၏ လှုပ်ရှားမှုကို ဂရုတစိုက် စောင့်ကြည့်ဖို့ပြောပါ” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

“မင်းသား။ အခြားကိစ္စမရှိရင် ခွင့်ပြုပါဦး။”

ဝမ်ချင်းစီလည်း ရပ်နေသဖြင့် သူထွက်ခွာသင့်သည်ကို ချင်ယူရှန် ကောင်းစွာသိသည်။

လုချန်းက ခေါင်းညိတ်လိုက်ကာ

“ကောင်းပါပြီ။ လုပ်စရာရှိတာ ဆက်လုပ်ပါ။” ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် တစ်ပြိုင်နက် ချင်ယူရှန်လည်း စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

ချင်ယူရှန် ထွက်ခွာပြီးနောက် လုချန်းက ရှေ့တွင် ရပ်နေသော ဝမ်ချင်းစီကို ကြည့်လိုက်သည်။

လုချန်း၏ ရေရှည်ပြုစုပျိုးထောင်မှုကြောင့် ဝမ်ချင်းစီ၏ ခန္ဓာကိုယ်သည် ပို၍ပင် ဆွဲဆောင်မှုရှိလာသည်။

လုချန်းက ပြုံးရင်းမေးလိုက်သည်။

“ဝမ်မိန်းကလေးကရော နံနက်စောစောကြီး ဘာလို့ ရောက်လာလာတာလဲ။”

ဝမ်ချင်းစီက ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်ကို ထုတ်ယူလိုက်ပြီး လုချန်း၏ စားပွဲပေါ်တွင် တင်လိုက်ကာ အေးဆေးစွာပြောလိုက်သည်။

“မင်းသား။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက အဆင့်လွန် ပညာရှင်ကြီးဟာ အခုကျူးနိုင်ငံတော်ကို သွားရောက်ပြီး ယွဲ့ဧကရာဇ်နှင့် သီးသန့်တွေ့ဆုံခဲ့တယ်လို့ သတင်းရထားပါတယ်။ သူတို့က ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို ကျူးနိုင်ငံတော် ပြောင်းရွှေ့ဖို့ အကြံရှိနေပုံ ရပါတယ်။”

......

အခန်း (၃၀၆)

ဝမ်ချင်းစီ ..... မင်းသား ပြောင်းလဲသွားပြီ (၂)

ထိုအခါ လုချန်းက ပြုံးပြီး စားပွဲပေါ်မှ ထောက်လှမ်းရေးအစီရင်ခံစာကို ကောက်ယူကာ ဖတ်ရှုလိုက်သည်။

ကျူးကဲ့ကျုံကောင်း၏ ကျူးနိုင်ငံတော်ခရီးစဉ်မှာ အပေါ်ယံအကြောင်းပြချက်သာဖြစ်ပြီး သူ၏ အမှန်တကယ်ရည်ရွယ်ချက်မှာ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိရန်ဖြစ်သည်မှာ ထင်ရှားနေသည်။

ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီတွင် ကျောင်းသားများစွာရှိပြီး အားလုံးကို တစ်ပြိုင်နက်တည်း မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်သဖြင့် ဤလုပ်ငန်းစဉ်အတွက် အချိန်အနည်းငယ် လိုအပ်မည်ဖြစ်သည်။

ကျူးကဲ့ကျုံကောင်းနှင့် ယွဲ့ဧကရာဇ်တို့ကြား တွေ့ဆုံမှုနှင့် ပတ်သက်၍မူ အံ့အားသင့်စရာ မရှိပေ။ ကျူးကဲ့ကျုံကောင်းသည် စာပေပညာရှင်ကြီးတစ်ဦးဖြစ်ပြီး မည်သည့်နိုင်ငံကမဆို ပညာရှင်ကြီးများကို လေးစားကြသည်သာ ဖြစ်သည်။

ယွဲ့ဧကရာဇ်က ကျူးကဲ့ကျုံကောင်းကို ကျူးနိုင်ငံတော်ဘက်သို့ ပါဝင်လာစေရန် ကြိုးစားချင်ပုံရ၏။ ထို့ကြောင့်ပင် သီးသန့်တွေ့ဆုံခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် ယွဲ့ဧကရာဇ်အတွက် စိတ်မကောင်းစရာမှာ ကျူးကဲ့ကျုံကောင်းသည် ကျူးနိုင်ငံတော်သို့ ဘယ်သောအခါမှ ဝင်လာမည် မဟုတ်ပေ။

ထိုအချိန်တွင် ဝမ်ချင်းစီက သတိပေးလိုက်သည်။

“အခုနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီဟာ ချွမ်နိုင်ငံတော်မှာ အခြေအနေ မကောင်းပါဘူး။ ချွမ်နိုင်ငံတော်မှာ ကပ်ရောဂါကျရောက်ရတာက ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီရဲ့ ကျောင်း‌တော်သားတွေက ဓလေ့ထုံးတမ်းတွေကို မလိုက်နာပဲ နတ်ဘုရား‌တွေကို မရိုသေတာကြောင့် ကောင်းကင်ဘုံက ချွမ်နိုင်ငံတော်အား အပြစ်ပေးတာလို့ ကောလာဟာလတွေ ထွက်ပေါ်‌နေပါတယ်။”

“ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီရဲ့ ခေါင်းဆောင် ကျူးကဲ့ကျုံကောင်း အခုအခြားနိုင်ငံတွေကို သွားနေတာက အကယ်ဒမီအတွက် နေရာသစ်ရှာဖွေနေတာ ဖြစ်နိုင်ပါတယ်။ ဒါကမင်းသားအတွက် အခွင့်အရေးတစ်ရပ် မဟုတ်လား။”

ဝမ်ချင်းစီလည်း မြောက်ပိုင်းပြည်နယ်တွင် အဓိကလိုအပ်နေသည်များကို မြင်နေသည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း လုချန်းသည် စာကြည့်ခန်းအတွင်း၌ သူမနှင့်အတူ ထိုသို့သော အပြုအမူမျိုးကို မကြာခဏ မပြုလုပ်တော့ပေ။ အကြောင်းမှာ လုချန်း အလွန် အလုပ်များနေသောကြောင့် ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်တွင် အရာရှိများ အလုံအလောက် မရှိသဖြင့် ကိစ္စအများအပြားကို လုချန်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေရသည်။ ထို့ကြောင့် စာကြည့်ခန်းသို့ဝင်သည်နှင့် အလုပ်တာဝန်များကို အပြင်းအထန် လုပ်ကိုင်နေရသဖြင့် ဝမ်ချင်းစီနှင့် အနားယူချိန်ပင် မရှိတော့ပေ။

ယခင်က စာကြည့်ခန်းအတွင်း၌ လုချန်း ဝမ်ချင်းစီကို ကိုင်တွယ်လေ့ရှိသော်လည်း လုချန်း၏ အလုပ်ဝန်ထုပ်များ တိုးလာသည်နှင့်အမျှ ဝမ်ချင်းစီလည်း အတွင်းဆောင်ကို ဘာမှမလုပ်ပဲ ပြန်သွားနေရတတ်ပြီး ညဘက် သူနွေဦးအသံဆောင်သို့ သွားရာလမ်းတွင် လုချန်းကို သူမ၏အခန်းသို့ ဆွဲဆောင်နေရသည်။

မင်းသားလေးနှင့် ခံစားချက်များ မဖလှယ်ပဲ ကြာမြင့်စွာနေခဲ့ရသဖြင့် ဝမ်ချင်းစီ လုချန်းကို တမ်းတနေခဲ့သည်။ ထို့ကြောင့် အခါအားလျော်စွာ အတွင်းဆောင်သို့ ပြန်လာပြီး လုချန်းနှင့်အတူ အချိန်ဖြုန်းလေ့ရှိသည်။ သို့သော် အကြိမ်တိုင်းတွင် နောက်တစ်နေ့၌ သူမ၏ခေါင်းကို မကြည်မလင်ဖြစ်စေတတ်သော်လည်း နေ့တိုင်းမဟုတ်သရွေ့ ပြဿနာမရှိလှပေ။

ဝမ်ချင်းစီ ယခုတွေးနေသည်မှာ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီသည် ဤမျှအထီးကျန်နေပါက ထိုအခွင့်အရေးကို အသုံးချ၍ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို မြောက်ပိုင်းပြည်နယ်သို့ ဆွဲဆောင်ရန် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ၏ ကျောင်း တော်သားများအားလုံးမှာ အရာရှိဖြစ်ရန် သင့်တော်သည်ဟူသော အချက်ကို ဘေးဖယ်ထားလျှင်ပင် ပညာရှိကြီး ကျူးကဲ့ကျုံကောင်း တစ်ဦးတည်းအတွက်ပင် လုချန်းအနေဖြင့် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို ကြိုဆိုသင့်သည်။

ကျူးကဲ့ကျုံကောင်း ကဲ့သို့သော အဆင့်လွန် ပညာရှင်ကြီးရှိပါက မြောက်ပိုင်းပြည်နယ်၏ အင်အားကို သိသိသာသာ တိုးပွားစေမည်ဖြစ်ပြီး နောင်တွင် မြောက်ပိုင်းပြည်နယ် လွတ်လပ်ရေး ကြေညာသည့်တိုင် နန်းတွင်းမှ ရဲရဲတင်းတင်း ဝင်ရောက်စွက်ဖက်ရဲတော့မည် မဟုတ်ပေ။

ယခုအချိန်ထိ ရှနိုင်ငံတော်ရှိ မည်သည့်မင်းသား၏ နယ်မြေတွင်မှ အဆင့်လွန် ပညာရှင် မရှိသေးပေ။ လျှို့ဝှက်စွာ ရှိနိုင်သော်လည်း အနည်းဆုံးတော့ မသိနိုင်‌သေးပေ။

မြောက်ပိုင်းပြည်နယ်တွင် လုချန်း ဆိုသော အဆင့်လွန် ပညာရှင်တစ်ဦးရှိပြီးဖြစ်ရာ အခြား အဆင့်လွန် ပညာရှင်တစ်ဦး ထပ်မံရရှိပါက စုစုပေါင်း အဆင့်လွန် ပညာရှင် နှစ်ဦးဖြစ်သွားမည်။ အဆင့်လွန် ပညာရှင် နှစ်ဦးရှိသော နယ်မြေတစ်ခုသည် နန်းတွင်း၏ အမိန့်များကို လုံးဝအလေးထားစရာ မလိုတော့ပေ။

သို့သော် ဒါတွေက ဝမ်ချင်းစီ၏ ကိုယ်ပိုင်အတွေးသာဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ပညာတတ်များ၏ ဦးနှောက်ထဲတွင် လက်တွေ့မကျသော အယူအဆများဖြင့် ပြည့်နှက်နေသည်ကို သူမလည်း သိသည်။ ထို့ကြောင့် အုပ်ချုပ်သူလုချန်းက ထိုပညာတတ်များကို လက်ခံရန် သဘောတူမည်လားဆိုသည်မှာ စောင့်ကြည့်ရမည့်ကိစ္စဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုထိတိုင် မည်သည့်အုပ်ချုပ်သူမှ ကမ္ဘာလုံးဆိုင်ရာ ညီညွတ်‌ရေး အယူအဆ စွဲကိုင်ထားသော ပညာတတ်များကို လက်ခံလိုစိတ် မရှိခဲ့ကြပေ။

“အခွင့်အလမ်းလား။ ဘယ်လို အခွင့်အလမ်းလဲ။”

“ ဒီကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက ပညာတတ်တွေက တကယ်ပဲ မြောက်ပိုင်းပြည်နယ်အတွက် အသုံးဝင်မယ်လို့ မင်းမြင်လား ချင်းစီ။”

လုချန်း၏ စကားကို ကြားလိုက်ရတော့

သူလည်း အခြားအုပ်ချုပ်သူများကဲ့သို့ပင် ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီမှ ပညာတတ်များကို အထင်မကြီးဟု ဝမ်ချင်းစီ ယူဆလိုက်ကာ

“ဟုတ်ပါတယ်။ ဒီပညာတတ်တွေက စိတ်ကူးယဉ်ဆန်တဲ့ အ‌တွေးအခေါ်တွေနဲ့ ပြည့်နေကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ အယူအဆတွေက တကယ်တော့ ပြည်သူတွေအတွက် ကောင်းပါတယ်။”

“ဒီကျောင်းတော်သားတွေ မြောက်ပိုင်းကို ရောက်လာပြီး အရာရှိဖြစ်လာရင်... သူတို့ဟာ တကယ်ပဲ ပြည်သူတွေအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ကြမယ်လို့ ကျွန်မယုံကြည်တယ်။”

“အရာရှိတွေက စစ်စ်မှန်မှန်နဲ့ ပြည်သူတွေအတွက် အပြည့်အဝကြိုးစားလုပ်ဆောင်မယ်ဆိုရင်... ပြည်သူတွေက မင်းသားကိုကျေးဇူးတင်ကြမှာပါ။ ဒါဆို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အပေါ် ပြည်သူတွေရဲ့ယုံကြည်မှု တိုးလာပြီး မင်းသားရဲ့အုပ်ချုပ်မှုလည်း ပိုခိုင်မာလာမှာပေါ့။”

ဝမ်ချင်းစီ၏ အမြင်ကို နားထောင်ပြီး လုချန်းက ပြုံးလိုက်ကာ မေးခွန်းထုတ်လိုက်၏။

“ဒီလူတွေအားလုံး မြောက်ပိုင်းကိုရောက်လာပြီး တစ်နေ့မှာ ကိုယ့်ကိုဘေးဖယ်ထားပြီး မြောက်ပိုင်းပြည်နယ် ကိစ္စတွေကို သူတို့ဘာသာဆုံးဖြတ်မယ်... ပြီးတော့မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ပိုင်ဆိုင်မှုတွေကိုတောင် လွှဲပြောင်းပေးဖို့တောင်းဆိုလာနိုင်တယ်ဆိုတာ... မင်းတွေးမိလား။”

ဒါက....

လုချန်း၏ စကားကို ကြားပြီးနောက် ဝမ်ချင်းစီက တွေးမိသည်။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ လူများဆိုလျှင် အုပ်ချုပ်သူတန်းစား၏ အကျိုးအမြတ်များကို သာမန်ပြည်သူများအား ပေးအပ်ရန် တကယ်ပင် ကြိုးစားနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် ထိုသူများသည် မင်းသားလုချန်းအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပြီး သူ မလိုလားခြင်းမှာ မဆန်းပေ။

ထိုအခါ ဝမ်ချင်းစီက

“မင်းသား မှန်ပါတယ်။ ကျွန်မ အလွန်အမင်း စိတ်ကူးယဉ်မိပါတယ်”

ဟု ပြောလိုက်သည်။

လုချန်း ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို စိတ်မဝင်စားဟု ဝမ်ချင်းစီ ယူဆလိုက်ချိန်တွင် လုချန်းက ရုတ်တရက် ပြောလိုက်သည်။

“မဟုတ်ပါဘူး။ မင်းရဲ့ စိတ်ကူးက မမှားပါဘူး။ သာမန်မင်းသားတစ်ဦးဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက ပညာတတ်တွေကို လိုလားမှာ မဟုတ်ဘူး။ ဒီလူတွေ သူ့နယ်မြေထဲ ရောက်လာပြီး နောက်ဆုံး သူ့ကိုဘေးဖယ်ထားမှာကို စိုးရိမ်မှာပဲ။”

“ဒါပေမဲ့ ကိုယ်က အခြားမင်းသားတွေနဲ့ မတူဘူး။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ချင်းစီအံ့အားသင့်သွားပြီး

“မင်းသားဆိုလိုတာက ကျူးကဲ့ကျုံကောင်းနှင့် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက ကျောင်းသားတွေကို စည်းရုံးဖို့ ရည်ရွယ်တယ်ပေါ့” ဟု မေးလိုက်သည်။

......

All Chapters