← Chapters

အခန်း ၃၁၀-၃၁၂

Vol. 21 Ch. 310-312

အခန်း ၃၁၀-၃၁၂

Vol. 21 Ch. 310-312

အခန်း (၃၁၀)

ကျူးကဲ့ကျုံကောင်း ရောက်ရှိလာခြင်း (၁)

လုချန်း နိုင်ငံရေးရာ ခန်းမဆောင်သို့ ရောက်ရှိသောအခါ လုံခြုံရေးတာဝန်ခံများမှအပ စစ်ရေးအရ အရေးပါသော ပုဂ္ဂိုလ်အများစု ရောက်ရှိနေပြီဖြစ်သည်။

လုချန်း ရောက်ရှိသည်ကို မြင်သောအခါ အားလုံးက တညီတညွတ်တည်း ဦးညွှတ်လိုက်ကာ

“မင်းသားကို ဂါရဝပြုပါတယ်။ မင်းသားကြီး အသက်ရှည်စွာ စိုးစံနိုင်ပါစေ။”

ထို့နောက် မုကျင်းဝူက ချက်ချင်းပင် စကားစလိုက်သည်။

“မင်းသား။ အမြောက်တပ်ရင်း အားလုံးစုရုံးပြီးဖြစ်ပါတယ်။”

လုချန်းက ခေါင်းညိတ်လိုက်ပြီး မုချန်တိန်ကို ကြည့်လိုက်သည်။ မုချန်တိန်က

“မင်းသား တောင်းဆိုခဲ့တဲ့ လူသစ်တစ်ထောင်လည်း အဆင်သင့်ဖြစ်နေပါပြီ။ မင်းသား ပေးခဲ့တဲ့နည်းလမ်းအတိုင်း အတိအကျ လေ့ကျင့်ထားပြီးပါပြီ”

ဟု ပြောသည်။

လုချန်းက

“အားလုံးအဆင်သင့်ဖြစ်နေပြီဆိုရင် ထွက်ခွာကြရအောင်”

ဟု ဆိုလိုက်သည်။

ထို့နောက် အထူးကိုယ်ရံတော်များ၏ ဦးဆောင်မှုဖြင့် အားလုံးသည် လက်နက်စက်ရုံအနီးရှိ စစ်မဟာဗျူဟာဇုန်သို့ ဆက်လက်ခရီးနှင်ကြသည်။

ဤနေရာသည် မုချန်တိန်တို့ ယခင်က တစ်ခါမျှ မရောက်ဖူးသော နေရာဖြစ်သည်။ လျှို့ဝှက်သော နေရာတစ်ခုအဖြစ် သိထားပြီး အနက်ရောင်မြင်းတပ်များသာ စောင့်ရှောက်ထားကာ သာမန်စစ်သားများ ဝင်ရောက်ခွင့်မရှိပေ။ မုချန်တိန်ကိုယ်တိုင်ပင် ဝင်ခွင့်မရှိပေ။

အမြောက်တပ်ရင်းနှင့် စစ်သည်အသစ်များ သတ်မှတ်ထားသောနေရာသို့ ရောက်ရှိပြီးနောက် လုချန်းက မုချန်တိန်နှင့် အခြားသူများကို ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့ကို ဒီနေ့ ဒီနေရာကို ခေါ်လာရတဲ့ အဓိကအကြောင်းရင်းက စစ်တပ်ကို လက်နက်အသစ်တွေ တပ်ဆင်ဖို့ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိပြီးသားဖြစ်မယ်။”

“ဒီလက်နက်အသစ်တွေက အမြောက်လိုမျိုးပဲ။ စွမ်းအားကတော့ အမြောက်လောက် မကောင်းပေမဲ့ အရေအတွက်ကတော့ အများကြီးပိုများတယ်။ ဒါ့အပြင် ဒီလက်နက်တွေကို မြောက်ပိုင်းပြည်နယ်က အခုအချိန်မှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်နေပြီ။”

ထိုစကားကို ကြားသောအခါ မုချန်တိန်တို့ လန့်သွားကြသည်။ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပြီလား....

ဒါဆို မြောက်ပိုင်းပြည်နယ်ရဲ့ စစ်အင်အားဟာ အခြားနိုင်ငံတော်တွေထက် မကြာခင်မှာ သာလွန်သွားနိုင်တယ်လို့ ဆိုလိုတာလား။

အရင်က အမြောက်ကို စတင်မြင်ဖူးစဉ်က ထိုလက်နက်တွေက လူတိုင်းကို တုန်လှုပ်မှုများ ခံစားရ‌စေခဲ့သည်။ ထိုအချိန်က အကယ်၍ ဤလက်နက်များကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပါက လုချန်းအနေနှင့် ထီးနန်းကို လွယ်ကူစွာ ရယူနိုင်မည်ဟု သူတို့ တွေးခဲ့ကြသည်။

သို့သော် ထိုအချိန်က ထိုလက်နက်များကို နတ်လက်နက်များအဖြစ် သူတို့ထင်မှတ်ခဲ့ကြပြီး အရေအတွက် အများအပြားမရှိပဲ တစ်ခါသုံးပြီးရင် ကုန်သွားမည်ဟု ယူဆခဲ့ကြသည်။

အမြောက်တပ်ရင်းမှ စစ်သားများ အမြောက်ကို နောက်ဆုံးထိတွေ့ခဲ့ရသည်မှာ အတန်ကြာပြီဖြစ်ကာ အမြောက်တပ်ရင်း ဖျက်သိမ်းခံရမည်ကိုပင် မုကျင်းဝူ စိုးရိမ်ခဲ့သည်။ မျှော်လင့်မထားပဲ မြောက်ပိုင်းပြည်နယ်သည် ဤကဲ့သို့သော လက်နက်များကို ထုတ်လုပ်နိုင်နေပြီဖြစ်ရာ အနာဂတ်စစ်မြေပြင်တွင် အမြောက်တပ်ရင်း၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလာမည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက မိုးရှင်းကို

“အထူးကိုယ်ရံတော်တွေကို လက်နက်တွေထုတ်ခိုင်းလိုက်ပါ”

ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

အနက်ရောင်မြင်းတပ်များ၏ အကူအညီဖြင့် မကြာမီ ယမ်းအမြောက် ၃၀၀ နှင့် မော်တာ ၁၀၀၀ ကျော်ကို စစ်သားများရှေ့တွင် ပြသလိုက်သည်။

ဤမျှများပြားသော လက်နက်ပစ္စည်းများကို မြင်ရသောအခါ မုချန်တိန်တို့ အံ့သြသွားကြသည်။ ထိုအချိန်တွင် လုချန်းက မုကျင်းဝူကို

“ဗိုလ်ကြီးမိုး။ ဒီနေ့ကစပြီး အမြောက်တပ်ရင်းဟာ တကယ့်ကျည်ဆန်နဲ့ လေ့ကျင့်ရမယ်။ နှစ်လအတွင်း ဒီအမြောက်အသစ်တွေနဲ့ အရမ်းရင်းနှီးသွားအောင် လုပ်ပေးပါ”

ဟု ပြောလိုက်သည်။

မုကျင်းဝူက ချက်ချင်းပင်

“ဟုတ်ကဲ့ပါ မင်းသား”

ဟု တုံ့ပြန်လိုက်သည်။

အမြောက်တပ်ရင်းမှ စစ်သည်များသည် တကယ့်လက်နက်များကို ကိုင်တွယ်ချင် နေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ အမြောက်ကျည်ဆန်များ ကုန်သွားပြီးကတည်းက သူတို့သည် အဓိကအားဖြင့် သီအိုရီပိုင်းဆိုင်ရာ လေ့လာမှုများသာ ပြုလုပ်ခဲ့ကြရသည်။

ထိုအချိန်တွင် လိိီဖန်းသည် သစ်သားစားပွဲ ပေါ်တွင် ထားရှိထားသော တုတ်နှင့်တူသည့် လက်နက်များကို သတိပြုမိပြီး လုချန်း ဘာရတ်သေနတ်ဖြင့် အဆင့်မြင့် သိုင်းပညာရှင်တစ်ဦးကို သတ်ခဲ့သည့် အခိုက်အတန့်ကို ချက်ချင်း သတိရမိလိုက်သည်။

ဤတုတ်နှင့်တူသော လက်နက်များသည် လုချန်း အရင်က အသုံးပြုခဲ့သည့် အင်အားကြီးလက်နက်မျိုးနှင့် တူညီနိုင်မည်လားဟု လီဖန်း တွေးမိသည်။

ထိုအတွေးဖြင့် လိီဖန်းက ချက်ချင်း မေးလိုက်သည်။

“မင်းသား။ ဒီတုတ်နဲ့တူတဲ့ လက်နက်တွေကရော အမြောက်လို့ ပြောလို့ရမလား။”

လုချန်း မဖြေမီ မိုးရှင်းက ဘေးမှ

“ဗိုလ်ချုပ်လိီ။ ဒါတွေက အမြောက်မဟုတ်ပါဘူး။ ဒါတွေက သေနတ်ပါ”

ဟု ဖြေလိုက်သည်။

လုချန်းက

“အခုကစပြီး အသစ်စုဆောင်းထားတဲ့ တပ်တွေဟာ လေးတွေကို တဖြည်းဖြည်းစွန့်ပြီး သေနတ်တွေကို ပြောင်းသုံးရမယ်။ မိုးရှင်းက သူတို့ကို သေနတ်အသုံးပြုပုံ သရုပ်ပြပေးပါ”

ဟု ဆိုလိုက်သည်။

“ကောင်းပါပြီ မင်းသား။”

ပြောပြီးသည်နဲ့ မိုးရှင်းက သေနတ်တစ်လက်ကို ကောက်ယူကာ ကျည်ဆံနှင့် မီးကျည်ကို ကျွမ်းကျင်စွာ ထည့်သွင်းလိုက်သည်။

ထို့နောက် သေနတ်ကို မြှောက်ကာ ဝေးရှိသော သစ်ပင်တစ်ပင်ဆီသို့ ချိန်ပြီး မောင်းဖြုတ်လိုက်သည်။ သေနတ်သံတစ်ချက်နှင့်အတူ သံကျည်ဆန်သည် သစ်ပင်ထဲသို့ ချက်ချင်း စိုက်ဝင်သွားသည်။

ထိုအချင်းအရာကို မြင်ရသောအခါ လိီဖန်းနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ ဤလက်နက်သည် မင်းသား အရင်က အသုံးပြုခဲ့သော လျှို့ဝှက်အနက်ရောင် လက်နက်နှင့် တူသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် လုချန်း၏ ထိုလျှို့ဝှက်လက်နက်ထက် စွမ်းအားနည်းပုံရသည်။

မိုးရှင်းက သေနတ်အသုံးပြုပုံ သရုပ်ပြပြီးနောက်

“သေနတ်ရဲ့ ကျည်ဆန်နဲ့ မီးကျည်က အရွယ်အစားသေးတဲ့အတွက် မြားတွေထက် သယ်ဆောင်ရတာ ပိုလွယ်ပါတယ်”

“စစ်မြေပြင်မှာ စစ်သားတစ်ယောက်ဟာ ကျည်ဆန် ရာနဲ့ချီကို လွယ်လွယ်ကူကူ သယ်ဆောင်နိုင်ပါတယ်”

“ဒါပေမဲ့ အဲဒါက အရေးအကြီးဆုံးအချက် မဟုတ်သေးပါဘူး။ အရေးအကြီးဆုံးက သာမန်လူတစ်ယောက်တောင် ဒီသေနတ်ကို အသုံးပြုနိုင်ပြီး သေနတ်ကျည်ဆန်က သံချပ်ကာတွေကိုတောင် အလွယ်တကူ ထိုးဖောက်နိုင်တာပါပဲ။”

ထိုစကားကို ကြားရသောအခါ ထိုနေရာတွင် ရှိနေသူများ ထပ်မံ အံ့အားသင့်သွားကြသည်။

မြားများကို အသုံးပြုပါက လေ့ကျင့်မှုမရှိသော စစ်သည်များသည် လေးကိုတောင် မှန်မှန်ကန်ကန် ဆွဲနိုင်မည် မဟုတ်ပါ။ ဆွဲနိုင်သည့်တိုင် မြားကရန်သူ၏ သံချပ်ကာကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။

သို့သော် သေနတ်များ တပ်ဆင်ပြီးသည်နှင့် သာမန်လူတစ်ယောက်ပင် မြောက်ပိုင်းပြည်နယ်၏ တပ်မတော်တွင် ဝင်ရောက်အမှုထမ်းပြီး သေနတ်အသုံးပြုနည်းကို သင်ယူရန်သာ လိုအပ်မည်ဖြစ်သည်။

မုချန်တိန်၏ စိတ်ထဲတွင် သက်ပြင်းချမိသည်။

သိုင်းပညာရှင်တို့၏ ခေတ် အမှန်တကယ်ပင် ကုန်ဆုံးနေပြီဖြစ်သည်။

မိုးရှင်းစကားပြောပြီးနောက် လုချန်းက ဘေးမှ သတိပေးလိုက်သည်။

“ဒါတွေက လေ့ကျင့်ရေးသုံး သေနတ်တွေဖြစ်ပြီး ကျည်ဆန်နဲ့မီးကျည်ကို သီးခြားစီထည့်ရသေးတယ်။ သယ်ဆောင်ရတာ အဆင်မပြေသေးဘူး။ ကျွန်တော်က သေနတ်တွေကို အဆင့်မြှင့်တင်ပြီး မီးကျည်နဲ့ကျည်ဆန်ပေါင်းစပ်ထားတဲ့ ကျည်ဆန်အသစ်တွေ ထုတ်ဖို့ လက်မှူပညာရှင်တွေကို ညွှန်ကြားထားပြီးသားပါ။”

“အဲ့ဒီလိုသေနတ်မျိုးက ပိုပြီးစွမ်းအားကြီးမယ်။ အဲ့ဒီ ဒီကျည်ဆန်မျိုးကို အဆင့်ကိုး သိုင်းပညာရှင်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”

......

အခန်း (၃၁၁)

ကျူးကဲ့ကျုံကောင်း ရောက်ရှိလာခြင်း (၂)

ဤအချိန်တွင် လုချန်းက မုချန်တိန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“အသစ်စုဆောင်းထားသော တပ်‌တွေဟာ သေနတ်အသုံးပြုနည်းကို အမြန်ဆုံး သင်ယူရမယ်။”

မုချန်တိန်လည်း လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီးဖြေလိုက်သည်။

“ဟုတ်ကဲ့ မင်းသား”

လုချန်းက ဆက်လက်၍

“နောက်ထပ်တစ်ခု ပြောစရာရှိတယ်။ ကျွန်တော်တို့ သေနတ်ခေတ်ထဲ ရောက်သွားပြီဆိုရင်တချို့သိုင်းပညာရှင်တွေက သူတို့ဟာ သာမန်လူတွေနဲ့ မထူးဘူးလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ သေနတ်တွေ ဘယ်လောက်ပဲ အားကောင်းနေပါစေ သေနတ်နဲ့ မသတ်နိုင်တဲ့ လူတွေလည်း ရှိတယ်ဆိုတာ သတိပေးချင်တယ်” ဟု ပြောသည်။

ဤသို့ပြောရင်း လုချန်းက မိုးရှင်း၏ သေနတ်တစ်လက်ကို ချက်ချင်းယူကာ ကျည်ဆန်တစ်တောင့်ထည့်ပြီး သူ့ ဦးခေါင်းကို သူပြန် ချိန်လိုက်သည်။

ထိုမြင်ကွင်းကို မြင်ရသောအခါ လူတိုင်း အံ့အားသင့်သွားပြီး မျက်နှာများ ဖြူလျော်ကုန်ကြသည်။

“မင်းသား”

“မင်းသား။ မလုပ်ပါနဲ့”

မည်သူမှ လုချန်းကို မတားဆီးနိုင်မီ သူက သူ့ကိုယ်သူ သေနတ်ဖြင့် ပစ်လိုက်ပြီးဖြစ်သည်။

ရလဒ်မှာ သံကျည်ဆန်သည် လုချန်း၏ ဦးခေါင်းနှင့် ထိမည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော အားတစ်ခု ထွက်လာကာ နောက်ခဏတွင် သံကျည်ဆန်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ဒါက...

လူတိုင်း ထပ်မံ အံ့အားသင့်သွားကြသည်။

လုချန်းဆီမှ ထွက်ပေါ်လာသော ဖိအားသည် ရှိနေသူတိုင်းအား အသက်ရှူရန် ခက်ခဲစေပြီး ထိပ်သီးပညာရှင်ဖြစ်သည့် မုချန်တိန်ပင် သူ၏ပုခုံးပေါ်တွင် တောင်တစ်ခု ဖိထားသကဲ့သို့ ခံစားရသည်။

လုချန်းက သူ အဆင့်လွန် ပညာရှင်ဖြစ်ကြောင်း သူတို့အား မည်သည့်အခါကမှ မပြောခဲ့သော်လည်း သူယခု ထုတ်လွှတ်နေသော ဖိအားမှာ အဆင့်လွန် ပညာရှင်၏ စွမ်းအားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသည်။

စနစ်မှ ခေါ်ယူထားသော သိုင်းပညာရှင်များသည် လုချန်း အဆင့်လွန် ပညာရှင်ဖြစ်ကြောင်း သဘောပေါက်နားလည်ထားသော်လည်း မုချန်တိန်နှင့် အခြားသူများကတော့ မသိရှိကြပေ။ သာမန်စစ်သည်များလည်း မသိရှိကြပေ။

ထိုစွမ်းအားကို ထုတ်ပြခြင်းဖြင့် လုချန်းသည် သိုင်းပညာ၏ အရေးပါမှုကို သရုပ်ပြရုံသာမက သူ၏ အဆင့်လွန် ပညာရှင် စွမ်းအားကိုလည်း ပြသလိုက်ခြင်း ဖြစ်သည်။

စစ်သည်များနှင့် အခြားသူများလည်း အတန်ငယ် မယုံကြည်နိုင် ဖြစ်နေကြသည်။

အဆင့်လွန် ပညာရှင်လား...

သူတို့မင်းသားက အဆင့်လွန် ပညာရှင်လား။

အသက် ၁၇ နှစ်အရွယ် အဆင့်လွန် ပညာရှင်လား။

သူတို့၏ မင်းသားသည် ထာဝရ တန်ခိုးရှင်များ၏ ချစ်ခြင်းမေတ္တာကို ခံရသော ကံကြမ္မာ၏ သားတော်ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။

သူတို့၏ မင်းသားသည် ထာဝရ တန်ခိုးရှင်များ၏ ချစ်ခြင်းမေတ္တာကို မခံရပါက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များကို မည်သို့ ထုတ်လုပ်နိုင်မည်နည်း။ ဤမျှ တိုတောင်းသော အချိန်အတွင်းမှာ အဆင့်လွန် ပညာရှင် အဆင့်သို့ မည်သို့ ရောက်ရှိနိုင်မည်နည်း။

သူတို့၏ မင်းသား၏ တိုးတက်မှုနှုန်းကို ကြည့်ပါက အသက် ၃၀ မတိုင်မီ သူတို့၏ မင်းသားသည် ကောင်းကင်လူသားအဆင့်ရှိသူတစ်ဦး ဖြစ်လာနိုင်သည်။

အဆိုအရ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်များသည် ထာဝရတန်ခိုးရှင်များနှင့် နီးစပ်သော စွမ်းအားများ ပိုင်ဆိုင်ပြီး လေကိုခေါ်၍ မိုးကိုရွာစေနိုင်သည်ဟု ဆိုကြသည်။

ထိုအရာကို တွေးမိသောအခါ စစ်သားများ၏ စိတ်ဓာတ်များ ပိုမိုတက်ကြွလာသည်။

ထိုအချိန်တွင် လုချန်းက ဆက်လက်၍ “ခင်ဗျားတို့ မြင်တဲ့အတိုင်း ကြီးမားတဲ့ စွမ်းအားရှိရင် သေနတ်ကျည်ဆံတောင် ခန္ဓာကိုယ်ကို မထိခိုက်နိုင်ဘူး။ ဒါကြောင့် စိတ်ဓာတ်မကျကြပါနဲ့။ သိုင်းပညာက အရမ်းအရေးကြီးတုန်းပဲ။ ဒါ့အပြင် သိုင်းပညာကို လေ့ကျင့်ခြင်းဖြင့် အသက်ကို ရှည်စေနိုင်တယ်။ ဒါကြောင့် သေနတ်တွေပေါ်လာလို့ သိုင်းပညာ လေ့ကျင့်တာကို မစွန့်လွှတ်ကြနဲ့” ဟု ပြောကြားလိုက်သည်။

အမြောက်များ၏ ကြီးမားသော စွမ်းဆောင်ရည်ကို စစ်မြေပြင်တွင် ပြသပြီးကတည်းက သိုင်းပညာရှင်များ စိတ်ဓာတ်ကျနေသည်ကို လုချန်း သတိထားမိခဲ့သည်။ တချို့စစ်သည်များက သိုင်းပညာ အသုံးမဝင်တော့ဟု တွေးမိလာပြီး မုချန်တိန်ပင် ထိုကဲ့သို့အတွေးများ ဝင်လာခဲ့သည်။

သေနတ်များ၏ ပေါ်ထွန်းလာမှုသည် သိုင်းပညာရှင်များအပေါ် အမှန်တကယ် သက်ရောက်မှုရှိမည်။ သာမန်လူတစ်ယောက်က အဆင့်ကိုး သိုင်းပညာရှင်ကို အလွယ်တကူ သတ်နိုင်ပါက ဆယ်စုနှစ်များစွာ အလွန်အမင်း ကြိုးစား၍ သိုင်းလေ့ကျင့်ရခြင်း၏ အဓိပ္ပါယ်က ဘာလဲဟု တွေးမိကြမည်ဖြစ်သည်။

လုချန်းသည် သေနတ်များ၏ စွမ်းအားကို သိထားသော်လည်း သိုင်းပညာ အသုံးမဝင်ဟု ဘယ်တော့မှ မပြောခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် သေနတ်များ ပေါ်ထွန်းလာခြင်းနှင့်အတူ သိုင်းပညာသည် ယခင်ထက် ပိုမိုအရေးကြီးလာနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိမှသာ ကျည်ဆန်များကို အလွယ်တကူ ရှောင်ရှားနိုင်မည်။ သေနတ်များ၏ ခြိမ်းခြောက်မှုမှ ကင်းဝေးရန် မိမိတို့၏ အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးစားကြမှ သေနတ်ကိုင်ထားသော သာမန်လူတစ်ယောက်ထံတွင် အလွယ်တကူ အရှုံးမပေးရမည်ဖြစ်သည်။

လုချန်းက စစ်သည်များကို လှမ်းကြည့်ပြီး

“ကောင်းပါပြီ။ ဒီလက်နက်တွေကို ခင်ဗျားတို့ ယူသွားကြပါ။ ရှနိုင်ငံတော် မငြိမ်မသက်ဖြစ်တော့မယ်။ ကျွန်တော်တို့ ပြင်ဆင်ထားရမယ်”

ဟု ပြောလိုက်သည်။

လုချန်း၏ ထိုစကားကို ကြားသောအခါ မုချန်တိန်နှင့် အခြားသူများ စိုးရိမ်သောကရောက်သွားကြသည်။

ရှနိုင်ငံတော် မငြိမ်သက်တော့ ဖြစ်တော့မယ်တဲ့လား။

မြောက်ပိုင်းနယ်စားမင်းသားက ဘာကြောင့် ဒီလိုစကားမျိုး ပြောရတာလဲ။ ဖြစ်နိုင်တာက...

မြောက်ပိုင်းနယ်စားမင်းသားမှာ တိုက်ရိုက် လက်နက်ကိုင် ပုန်ကန်ဖို့ အစီအစဉ်ရှိနေတာလား။

မုချန်တိန်နှင့် အခြားသူများ အတွေးများနေစဉ် လုချန်းက လက်နက်သိုလှောင်ရုံကို စစ်ဆေးရန် သွားနေပြီဖြစ်သည်။ ရောက်တုန်း‌ရောက်ခိုက် သေနတ်ပုံစံ အသစ်၏ သုတေသနအခြေအနေကိုပါ စစ်ဆေးလိုက်သည်။

သေနတ်ပုံစံအသစ်၏ သုတေသနလုပ်ငန်းမှာ ချောမွေ့စွာ လည်ပတ်နေသည်။ ကျည်ဆန်နှင့် မီးကျည်ကို ပေါင်းစပ်ထားပြီး သံလုံးကျည်ဆန်များ အသုံးမပြုတော့ဘဲ ကျည်ဆန်၏ထိပ်ပိုင်းကို ချွန်ထက်သော ပုံစံဖြင့် ပြောင်းလဲထားသည်။

မိုရှင်းနှင့် အဖွဲ့ ကျည်ဆန်များကို ဤမျှမြန်မြန် အပြီးသတ်နိုင်ခြင်းမှာ လုချန်းက သူတို့အား သဲကန္တာရသိမ်းငှက်နှင့် ဘာရတ် သေနတ်များ၏ ကျည်ဆန်များကို နမူနာအဖြစ် ပေးထားသောကြောင့် ဖြစ်သည်။

သို့သော် သူတို့ထုတ်လုပ်သော ကျည်ဆန်များတွင် ကြီးမားသော ပြဿနာတစ်ခုရှိသည်။ စက်မှုလုပ်ငန်း အခြေခံအားနည်းသော ဤခေတ်တွင် သူတို့ထုတ်လုပ်သော ကျည်ဆန်များမှာ အလွန်ကြမ်းတမ်းပြီး သေနတ်ပြောင်းအား ပေါက်ကွဲစေမည့် ဖြစ်နိုင်ခြေ များသည်။

သေနတ်ပြောင်းပေါက်ကွဲမှုများကို ကာကွယ်ရန် မိုးရှင်းက သေနတ်ပြောင်းကို ထူအောင်လုပ်ထားသည်။ ကျည်ဆန်ပေါက်ကွဲသည့်တိုင် သေနတ်ပျက်စီးမည်မဟုတ်ပဲ အသုံးပြုသူကိုလည်း မထိခိုက်စေရန် ဖြစ်သည်။

သို့သော် ဒါကလည်း အဓိကပြဿနာတစ်ခုကို ဖြစ်ပေါ်စေသည်။ သေနတ်ပြောင်း ထူလာသည်နှင့်အမျှ အလေးချိန်လည်း တိုးလာသည်။

သာမန်သေနတ်တစ်လက်၏ အလေးချိန်သည် လုချန်း၏ ဘာရတ်သေနတ်နီးပါးတူညီနေပြီဖြစ်သည်။

သာမန်လူများအတွက် ဤသေနတ်သည် အတော်လေး လေးလံသော်လည်း ဤကမ္ဘာရှိ သိုင်းပညာရှင်များအတွက်မူ ထိုအလေးချိန်မှာ ပြဿနာမဟုတ်ပေ။

လုချန်း ပြောခဲ့သည့်အတိုင်း သိုင်းပညာရှင်များသည် မြောက်ပိုင်းပြည်နယ်တွင် အရေးပါဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

ဥပမာအားဖြင့် သူတို့ထုတ်လုပ်သည့် သေနတ်အသစ်များကို အနည်းဆုံး အဆင့်ကိုးသိုင်းပညာရှင် အဆင့်ရောက်မှသာ အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်၏။ နောင်တွင် ဤသေနတ်အသစ်များကို အဆင့် ကိုးနှင့်အထက် သိုင်းပညာရှင်များအား အသုံးပြုခွင့် ကြိုပေးထားမည်ဖြစ်သည်။

သို့သော် ဒါက ယာယီဖြေရှင်းချက်သာဖြစ်သည်။ လက်ရှိတွင် စက်မှုလုပ်ငန်း အခြေခံအားနည်းပြီး ကုန်ကြမ်းများ မလုံလောက်သောကြောင့်သာ သေနတ်ပြောင်းများကို ထူအောင်လုပ်ရခြင်းဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏ စက်မှုလုပ်ငန်း အခြေခံတည်ဆောက်ပြီးသည့်အခါတွင် ထုတ်လုပ်သည့် သေနတ်ပြောင်းများသည် အလွယ်တကူ ပေါက်ကွဲမည်မဟုတ်ပဲ သာမန်လူများပင် အသစ်ထုတ်လုပ်သော သေနတ်များကို အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

လက်နက်သိုလှောင်ရုံကို စစ်ဆေးပြီး နာရီဝက်ခန့်အကြာတွင် လုချန်းလည်း မင်းသားစံအိမ်သို့ ပြန်လာခဲ့သည်။

မင်းသားစံအိမ်သို့ ရောက်ရှိသည်နှင့် အထူးကိုယ်ရံတော်တပ်မှူးတစ်ဦး အလျင်အမြန် လုချန်းထံသို့ ချဉ်းကပ်လာသည်။

“မင်းသား။အရေးကြီး အခြေအနေတစ်ခု ဖြစ်ပေါ်နေပါတယ်။”

အထူးကိုယ်ရံတော်တပ်မှူး၏ စိုးရိမ်သောမျက်နှာကို မြင်သောအခါ လုချန်းက

“ဘာဖြစ်သွားတာလဲ”

ဟု ချက်ချင်းမေးလိုက်သည်။

အထူးကိုယ်ရံတော်တပ်မှူးက

“ရန်ခရိုင်ရဲ့ တောင်ဘက်တံခါးဝမှာ အဆင့်လွန် ပညာရှင်တစ်ဦး ရောက်ရှိနေပါတယ်။ လူအမြောက်အမြားကလည်း မြို့ပြင်ဘက်မှာ စုရုံးပြီး ကြည့်ရှုနေကြပါတယ်။ ဒီ အဆင့်လွန် ပညာရှင်က ချွမ်နိုင်ငံတော်က စာပေပညာရှင်ဖြစ်တယ်လို့ ဆိုကြပါတယ်”

ဟု ဖြေကြားလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်း ခဏတာမျှ ငေးငိုင်သွားသည်။

သူ ဒီလောက်မြန်မြန် ရန်ခရိုင်ကို ရောက်လာပြီလား။ ကျူးကဲ့ကျုံကောင်းက ကျူးနိုင်ငံတော်မှာ ခဏနေထိုင်ပြီးမှ လူတွေ သတိမပြုမိအောင် တိတ်တဆိတ် ရန်ခရိုင်ကို လာမည်ဟု လုချန်းထင်မှတ်ထားခဲ့သည်။

အထူးကိုယ်ရံတော်တပ်မှူးက ဆက်လက်၍ “အဆင့်လွန် ပညာရှင် ရန်ခရိုင် တံခါးဝကို ရောက်လာတာနဲ့ လူတွေက သူ့ကိုမှတ်မိသွားကြပါတယ်။ အခု တောင်ဘက်တံခါးဝမှာ လူတွေအုံနေပြီး အဆင့်လွန် ပညာရှင်ကို ဝိုင်းကြည့်နေကြပါတယ်”

ဟု ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်း နဖူးတွန့်သွားသည်။

ကျူးကဲ့ကျုံကောင်းက ဒီလောက် နာမည်ကြီးလား။

သို့သော် တွေးကြည့်ရင်တော့ အဓိပ္ပါယ်ရှိသည်။ ကျူးကဲ့ကျုံကောင်းသည် စာပေပညာရှင်ကြီးအဖြစ် လူသိများပြီး လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရန် အဖြစ်နိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ကို ဤမျှ လူသိများခြင်းက မဆန်းပါ။

လုချန်းက ပြောလိုက်သည်။

“ကျွန်တော့်ကို အဲဒီကို ခေါ်သွားပါ။ သွားကြည့်ချင်တယ်”

ထို့နောက် လုချန်းသည် မြင်းစီးလျက် တောင်ဘက်မြို့ရိုးဆီသို့ တိုက်ရိုက်ခရီးနှင်လိုက်သည်။

ကျူးကဲ့ကျုံကောင်းသည် စာပေပညာရှင်ဖြစ်ပြီး အဆင့်လွန် ပညာရှင်လည်းဖြစ်သည်။ နိုင်ငံကြီးအသီးသီး၏ ဧကရာဇ်များပင် သူ့အား ရိုသေလေးစားကြရသည်။ ထို့ကြောင့် မင်းသားတစ်ပါးဖြစ်‌သော လုချန်းအနေဖြင့် ကိုယ်တိုင် ကြိုဆိုမှ သင့်တော်ပေမည်။

မကြာမီ လုချန်း တောင်ဘက်တံခါးဝသို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် မြို့တံခါး၏ အတွင်းအပြင်တွင် လူများ ပြည့်ကျပ်နေပြီး အဆင့်လွန် ပညာရှင်အဆင့် စာပေပညာရှင်ကြီးကို မြင်ဖူးလိုစိတ်ဖြင့် စုရုံးနေကြသည်။

ထိုအချိန်တွင် မင်းသားစံအိမ်မှ ကိုယ်ရံတော်များက “မင်းသား ရောက်ရှိပါပြီ” ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြွေးကြော်လိုက်သည်။

ဤအသံကို ကြားလိုက်ရသောအခါ ပရိသတ်များက မနှစ်မြို့စွာဖြင့် လမ်းဖွင့်ပေးခဲ့ကြသည်။

မြောက်ပိုင်းနယ်စားမင်းသား ကိုယ်တိုင် ရောက်လာသဖြင့် ပရိသတ်များသည် ပို၍ငြိမ်သွားကြသည်။

မကြာမီ လုချန်းသည် မြင်းစီးလျက် မြင်းလေးကောင်တပ်ထားသော လှည်းတစ်စီးရှေ့သို့ ရောက်ရှိလာခဲ့သည်။နောက်တစ်မိနစ်တွင် လူအုပ်ကြီး၏ စောင့်ကြည့်မှုအောက်၌ ဆံဖြူဖြူအဖိုးအိုတစ်ဦး လှည်းထဲမှ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

ယခုအခါ ရန်ခရိုင်သည် စီးပွားရေးဗဟိုချက်တစ်ခုဖြစ်လာပြီး နိုင်ငံအသီးသီးမှ ကုန်သည်များ ရောက်ရှိနေကြသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ကုန်ပစ္စည်းများသည် သူတို့အတွက် အရေးအပါဆုံး ကုန်သွယ်မှုပစ္စည်းများဖြစ်နေသည်။

ကုန်သည်များသည် ဗဟုသုတ ပိုများကြပြီး အထူးသဖြင့် ချွမ်နိုင်ငံတော်မှ ကုန်သည်များက ကျူးကဲ့ကျုံကောင်းကို မြင်ဖူးကြသည်။

“ စာပေပညာရှင်ကြီး အစစ်ပါပဲ။”

“စာပေပညာရှင်ကြီးက ဘာလို့မြောက်ပိုင်းပြည်နယ်ကို ရောက်နေတာလဲ။”

“သူက ရန်ခရိုင်ကို ဘာလုပ်ဖို့လာတာလဲ။ ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီကို ကျူးနိုင်ငံတော်ကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလား။”

“မြောက်ပိုင်းပြည်နယ်မှာ သူ့ကိုဆွဲဆောင်နိုင်တဲ့ အရာတစ်ခုခုရှိလား။”

“ကျူးနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်က နီးတယ်။ သူက မြောက်ပိုင်းပြည်နယ်ကို လာကြည့်တာ ဖြစ်မယ်”

လူများ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြစဉ် ကျူးကဲ့ကျုံကောင်းက လုချန်းထံသို့ ချဉ်းကပ်လာခဲ့သည်။

ထိုအချိန်တွင် လုချန်းသည်လည်း မြင်းပေါ်မှ ဆင်းလာခဲ့သည်။

ထို့နောက် ကျူးကဲ့ကျုံကောင်းက ဦးညွှတ်လိုက်ကာ

“ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီရဲ့ ကျောင်းအုပ် ကျူးကဲ့ကျုံကောင်း မင်းသားကို ဂါရဝ ပြုပါတယ်။”

.......

အခန်း (၃၁၂)

ချန်ဝမ်ရွန်၏ အထူးနည်းဗျူဟာ (၁)

ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြားထဲတွင် ဆူညံသံများဖြင့် ပြည့်လျှံသွားခဲ့သည်။

“ဂါရဝပြုတာလား။ ငါနားကြားများမှားနေတာလား။

“စာပေပညာရှင်ကြီးက မြောက်ပိုင်းနယ်စားမင်းသားကို ဘာလို့ ဂါရဝပြုရမှာလဲ”

“စာပေပညာရှင်ကြီး စကားမှားသွားတာလား”

“ဂါရဝပြုခြင်း” ဆိုသည့် စကားလုံးကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ပေ။ ယေဘုယျအားဖြင့် အဆင့်နိမ့်သူက သူ့ထက်အဆင့်မြင့်သူအား လေးစားမှုဖော်ပြရာတွင် သုံးလေ့ရှိသော စကားလုံး ဖြစ်သည်။ ကျူးကဲ့ကျုံကောင်းသည် စာပေပညာရှင်ကြီးဖြစ်သည်။ သူသွားရာနေရာတိုင်းတွင် ဧကရာဇ်များကိုယ်တိုင် ဧည့်ခံကြိုဆိုလေ့ရှိသည်။

အဆင့်အတန်းအားဖြင့် မြောက်ပိုင်းနယ်စားမင်းသား၏ အဆင့်သည် ကျူးကဲ့ကျုံကောင်းထက် မြင့်မားနိုင်စရာအကြောင်းမရှိပေ။

မြောက်ပိုင်းမင်းသားသည် မင်းသားတစ်ပါးဖြစ်သော်လည်း အများဆုံး နယ်စားတစ်ဦးသာဖြစ်သည်။ ကျူးကဲ့ကျုံကောင်းသည် နိုင်ငံတော်ဧကရာဇ်များရှေ့တွင်ပင် ဂါရဝပြုရန် မလိုအပ်ကြောင်း လူသိများသည်။

သို့သော် ယနေ့တွင် ကျူးကဲ့ကျုံကောင်းသည် နယ်စားတစ်ဦးအား ဂါရဝပြုနေသည်။

ဘာတွေဖြစ်နေတာလဲ။

ဒီအဖိုးအိုက တကယ်ပဲ ကျူးကဲ့ကျုံကောင်းလား။

လူများ အံ့အားသင့်နေစဉ် လုချန်းက ချက်ချင်းရှေ့သို့တက်လာပြီး ကျူးကဲ့ကျုံကောင်း၏ လက်မောင်းကို ကိုင်ကာပြောလိုက်သည်။

“ထုံးတမ်းတွေ မလိုပါဘူး ဆရာကြီး”

ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်းက “မင်းသား အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့မြင်းရထားတစ်စီးတည်း အတူစီးပြီး ပြန်လိုက်ရအောင်လား”

ဟု ပြောလိုက်သည်။

လုချန်းသည် မြင်းစီးလာသော်လည်း မင်းသားတစ်ပါးအနေနှင့် မြင်းပေါ်တွင် ပြန်စီးပြီး ကျူးကဲ့ကျုံကောင်းက မြင်းရထားဖြင့် ပြန်လျှင် မယဉ်ကျေးရာကျနိုင်သည်။

လုချန်းက ပြုံးရယ်လျက်

“ ဆရာကြီးရဲ့ အကြံကို ရိုသေစွာ လက်ခံပါတယ်”

ဟု ပြောလိုက်သည်။

ထို့နောက် လုချန်းသည် ကျူးကဲ့ကျုံကောင်းနှင့်အတူ ရထားပေါ်သို့ တက်သွားခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ ချက်ချင်း အံ့သြသွားခဲ့ကြသည်။

စာပေပညာရှင်ကြီးက မြောက်ပိုင်းမင်းသားအား ဂါရဝပြုရုံသာမက ဒီလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာလား။

သူတို့ မျက်လုံးများကိုတောင် ယုံကြည်ရပါ့မလား။

စာပေပညာရှင်ကြီးသည် ပညာရှိကြီးတစ်ဦးဖြစ်၏။ ထို့ပြင် ကောင်းကင်လူသားအဆင့်သို့ ချဉ်းကပ်နေသူဖြစ်သည်။ မြောက်ပိုင်းမင်းသားအပေါ် ဤမျှလောက် ယဉ်ကျေးဖို့ လိုအပ်လို့လား။

သူက ရထားအတူစီးဖို့တောင် ဖိတ်ကြားခဲ့သေးသည်။

လူအုပ်ကြီး၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် လုချန်းလည်း ကျူးကဲ့ကျုံကောင်း၏ ရထားပေါ်သို့ တက်သွားခဲ့၏။ ထို့နောက် ရထားသည် ဖြည်းဖြည်းချင်း မြို့တွင်းသို့ ဝင်ရောက်သွားခဲ့ကာ အံ့အားသင့်နေသော လူအုပ်ကြီးကို ချန်ထားခဲ့သည်။

လူအုပ်ထဲတွင် ရွှေချည်မျှင်ထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် ခပ်ဝဝလူ တစ်ဦးက အဝေးမှ ပျောက်ကွယ်သွား‌သော ရထားကို ကြည့်ရှုနေပြီး

“ မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ ငါ့အနာဂတ်သခင်ဖြစ်လာနိုင်တယ်”

ဟု သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ထိုသူသည် မည်သူ့ထံ သစ္စာခံရမည်ကို မဆုံးဖြတ်နိုင်သေးသော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ထည့်သွင်းစဉ်းစားကြည့်လျှင် မြောက်ပိုင်းမင်းသားသာလျှင် ဤကမ္ဘာတွင် မတူညီသော ခြွင်းချက်တစ်ခုအဖြစ် ထင်ရှားနေသည်။ သူသည် ဤကမ္ဘာနှင့် မသက်ဆိုင်သူအလား ဖြစ်နေသည်။

မြောက်ပိုင်းမင်းသား၏ တည်ရှိမှု ပို၍ထူးခြားလာလေ ထိုသူသခင်အဖြစ် တင်မြှောက်ရမည့် ကံကြမ္မာ၏သားတော်ဖြစ်နိုင်ခြေ ပိုများလာလေဖြစ်သည်။ကံကြမ္မာ၏သားတော်သည် သာမန်လူများနှင့် မတူညီနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

ဤအတွေးဖြင့် သက်လတ်ပိုင်း ပုဂ္ဂိုလ်သည် အနည်းငယ်ပြုံးရယ်လိုက်ပြီး သူ၏ ဝဖြိုးသော ပါးပြင်များတွန့်ကာ မျက်လုံးများ ကျဉ်းသွားသည်။ မြောက်ပိုင်းပြည်နယ်သို့ လာရောက်ခြင်းမှာ မှန်ကန်သောဆုံးဖြတ်ချက်ပင်ဖြစ်သည်။

သူလုပ်ရမည့်အရာမှာ မြောက်ပိုင်းပြည်နယ်တွင် စောင့်ဆိုင်းနေရန်သာဖြစ်၏။ ကံကြမ္မာ၏သားတော်က သူ့အား အမိန့်များပေးမည့်အချိန်မှာ မကြာတော့ကြောင်း သူယုံကြည်သည်။

ထိုအချိန်တွင် ရထားအတွင်း၌ ကျူးကဲ့ကျုံကောင်းက

“မင်းသား။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီရဲ့ ကျောင်းတော်သားအချို့ဟာ မြောက်ပိုင်းပြည်နယ်ကိုလာတဲ့ လမ်းခရီးမှာ ရှိနေပြီဖြစ်ပါတယ်။ အခုလောက်ဆိုရင် ရှနိုင်ငံတော်နယ်နိမိတ်ထဲ ရောက်ရှိနေလောက်ပါပြီ။ သူတို့အတွက် ဘယ်လိုစီစဉ်ပေးမယ် ဆိုတာကို သိပါရစေ”

ဟု ပြောကြားလိုက်သည်။

“မြောက်ပိုင်းပြည်နယ်မှာ အရာရှိတွေ အလွန်လိုအပ်နေပါတယ်။ ပညာတတ်ကျောင်းသားအချို့ကို အရာရှိ ရာထူးခန့်အပ်ဖို့ စီစဉ်ထားပါတယ်” လုချန်းက ပြန်လည်ဖြေကြားလိုက်သည်။

“ နောက်ပြီး မြို့တွင်းမှာ အကယ်ဒမီအသစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ မြောက်ပိုင်းပြည်နယ် ပြောင်းရွှေ့လာတာနဲ့ ပညာရေးလုပ်ငန်းတွေကို ချက်ချင်း စတင်နိုင်ပါတယ်” ဟု ဆက်လက်ပြောကြားလိုက်သည်။

ထိုစကားကို ကြားပြီးနောက် ကျူးကဲ့ကျုံကောင်းက

“မင်းသားကို ကျေးဇူးတင်ပါတယ်” ဟု ကျေးဇူးတင်စကား ပြောလိုက်သည်။

ကျူးကဲ့ကျုံကောင်းသည် စာပေပညာရှင်ကြီးတစ်ဦးဖြစ်ပြီး စနစ်မှ ပေးအပ်သော ပညာရှိကြီးတစ်ဦးဖြစ်ကာ ဤမျှနှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သူဖြစ်သည့်အတွက် အလွန်တော်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု လုချန်း တွေးမိသည်။ သူ့တွင် မကြာသေးမီက စိတ်ရှုပ်စရာ သံသယများ ရှိနေသည်။ ကျူးကဲ့ကျုံကောင်း ဒီလောက် ဉာဏ်ကောင်းရင် သူ့ကို စိတ်ရှုပ်စေတဲ့ ကိစ္စတွေကို ဖြေရှင်းပေးနိုင်မှာလား။

ထိုအတွေးဖြင့် လုချန်းက တိုက်ရိုက်မေးလိုက်သည်။

“ကျွန်တော့်စိတ်ထဲမှာ မေးခွန်းအချို့ရှိနေပါတယ်။ ဆရာကြီး ဖြေရှင်းပေးနိုင်ပါလား”

ကျူးကဲ့ကျုံကောင်းကတုံ့ပြန်လိုက်သည်။

“ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းမေးပါ မင်းသား။ ကျွန်တော်သိသလောက် အကောင်းဆုံးဖြေကြားပါမယ်”

လုချန်းက ချက်ချင်းမေးလိုက်သည်။

“မကြာသေးခင်က ရှနိုင်ငံတော်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အချို့ု့ကို ဆရာကြီး သိပြီးဖြစ်မယ် ထင်ပါတယ်။”

ကျူးကဲ့ကျုံကောင်းက

“အနည်းငယ် ကြားသိထားပါတယ်” ဟု ဖြေကြားလိုက်သည်။

လုချန်းက ဆက်လက်၍ မေးမြန်းလိုက်သည်။

“အစပိုင်းတုန်းက ကျွန်တော့်ဖခင် ဧကရာဇ်ဟာ တောင်ပိုင်းက အာဏာရှိမိသားစုတွေကို ချက်ချင်းမတိုက်ပဲ အခုမှ စစ်တပ်တွေကို တောင်ဘက်ကို စေလွှတ်လိုက်ပါတယ်။ ဆရာကြီးအမြင်အရ စစ်တပ်စေလွှတ်တာက တောင်ပိုင်းအာဏာရှိမိသားစုတွေကို နှိမ်နင်းဖို့လား။ ဒါမှမဟုတ် ချွမ်နိုင်ငံတော်ကနေ ဝူနိုင်ငံတော်ကို ကူးစက်မယ့် ကပ်ရောဂါကို တားဆီးဖို့လား”

ကျူးကဲ့ကျုံကောင်းက

“ကျွန်တော့်အမြင်မှာတော့ ဆွမ်ဧကရာဇ်ဟာ တောင်ပိုင်းအာဏာရှိမိသားစုတွေကို နှိမ်နင်းဖို့ ရည်ရွယ်နေတာ ဖြစ်နိုင်ခြေများပါတယ်”ဟု ဖြေလိုက်သည်။

လုချန်းက

“ယုတ္တိဗေဒအရဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ်က အကောင်းဆုံးအချိန်ဖြစ်ခဲ့တယ်။ ဘာလို့ အဲဒီတုန်းက မလုပ်ပဲ အခုမှ စလုပ်တာလဲ။ နည်းနည်းနောက်ကျနေပြီ မဟုတ်လား”

ဟု ပြန်မေးလိုက်သည်။

ကျူးကဲ့ကျုံကောင်းက

“ရှနိုင်ငံတော်က ဆားကုန်သွယ်ခွင့်တွေကို ဖွင့်လှစ်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ကို မင်းသားသိမှာပါ”

ဟု ပြန်လည်မေးမြန်းလိုက်သည်။

ကျူးကဲ့ကျုံကောင်းသည် ချွမ်နိုင်ငံတော်တွင်နေထိုင်သော်လည်း ရှနိုင်ငံတော်၏ ဆားကုန်သွယ်ခွင့် ဖွင့်လှစ်သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတကာအတွက် အရေးပါသော သတင်းတစ်ရပ်ဖြစ်သည်။ ထိုခေတ်ကာလတွင် ဆားသည် အလွန်အရေးပါပြီး နိုင်ငံအစိုးရ အားလုံးက တိုက်ရိုက်စီမံခန့်ခွဲကြသည်။ ရှနိုင်ငံတော်သည် ဆားကုန်သွယ်ခွင့်ကို ဖွင့်လှစ်သည်အထိ ရဲရင့်စွာ ဆုံးဖြတ်ခဲ့သော ပထမဆုံး နိုင်ငံဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း ကျူးကဲ့ကျုံကောင်းသည် ရှနိုင်ငံတော်၏ ဆားကုန်သွယ်ခွင့်ဖွင့်လှစ်မှုနှင့်ဆိုင်‌သော ဆွေးနွေးမှုများကို မကြာခဏကြားခဲ့ရသည်။

လုချန်း က

“ဒါကတော့ အမှန်ပါပဲ။ ကျွန်တော်လည်း ဒီကိစ္စကို အရမ်းစိတ်ဝင်စားနေမိတယ်။ ဆားကုန်သွယ်ခွင့်တွေကို ဖွင့်ပေးလိုက်တာဟာ ရှနိုင်ငံတော်ရဲ့ အသက်သွေးကြောကို အာဏာရှိမိသားစုတွေလက်ထဲ အပ်နှင်းလိုက်သလိုပါပဲ။ အကယ်၍ နောင်တစ်ချိန်မှာ အာဏာရှိမိသားစုတွေက အားလုံးကို စီမံခန့်ခွဲသွားမယ်ဆိုရင် သူတို့ဟာ ရှနိုင်ငံတော်ရဲ့ စီးပွားရေးတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သွားမှာပါ။ အဲဒီအချိန်ကျမှ ကျွန်တော့်ဖခင်က အာဏာရှိမိသားစုတွေကို ဖယ်ရှားဖို့ ကြိုးစားမယ်ဆိုရင် ရလဒ်ကတော့ ရှနိုင်ငံတော်ရဲ့ စီးပွားရေးပြိုလဲသွားမှာပါ။ ကျွန်တော့်ဖခင်အနေနဲ့ ဒီလိုအကျိုးဆက်တွေကို မခံနိုင်ပါဘူး...”

ဟု ပြန်လည်ဖြေကြားလိုက်သည်။

......

All Chapters