အခန်း ၃၁၃-၃၁၅
Vol. 21 Ch. 313-315
အခန်း (၃၁၃)
ချန်ဝမ်ရွန်၏ အထူးနည်းဗျူဟာများ (၂)
ကျူးကဲ့ကျုံကောင်းကပြောလိုက်သည်။
“ကျွန်တော်က အရင်က ရှနိုင်ငံတော်မှာ မနေခဲ့ဖူးဘူးဆိုပေမဲ့ ဆွမ်ဧကရာဇ် အာဏာရှိမိသားစုတွေကို ဖယ်ရှားဖို့ စိတ်ပိုင်းဖြတ်ထားတာကို သိခဲ့တယ်။ ကျွန်တော့်အမြင်မှာတော့ ဆွမ်ဧကရာဇ်ဟာ အာဏာရှိမိသားစုတွေကို အလျှော့ပေး ညှိနှိုင်းရတာကို အပြည့်အဝ လက်မခံနိုင်ဘူး”
လုချန်း အာရုံစိုက် နားထောင်နေစဉ် ကျူးကဲ့ကျုံကောင်းက ဆက်ပြောလိုက်သည်။
“ဆွမ်ဧကရာဇ်က အာဏာရှိမိသားစုတွေကို အလျှော့ပေး ညှိနှိုင်းရတာကို အပြည့်အဝ လက်မခံတဲ့အတွက် သူလုပ်သမျှအရာတိုင်းဟာ သူ့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် လုပ်ဆောင်တာဖြစ်မယ်။”
“ကျွန်တော်ထင်တာက ဆွမ်ဧကရာဇ်က ဆားလုပ်ငန်းစီမံခန့်ခွဲခွင့်ကို အာဏာရှိမိသားစုတွေဆီ အပ်နှင်းတဲ့အခါ အာဏာရှိမိသားစုတွေကို အလျှော့ပေးတာ မဟုတ်ပဲ တစ်ခုခုနဲ့ လဲလှယ်တာဖြစ်မယ်။”
“ဆားလုပ်ငန်းစီမံခန့်ခွဲမှု အခွင့်အရေးတွေ ဖွင့်လိုက်တဲ့အခါ အာဏာရှိမိသားစုအများစု အကျိုးရှိပေမဲ့ ဒီအထဲမှာ အများဆုံးအကျိုးရမယ့် မိသားစုတစ်ခုရှိမယ်။”
ကျူးကဲ့ကျုံကောင်း၏ ထိုစကားများကို ကြားသောအခါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရပြီး လုချန်းက
“ ဆရာကြီး ဆိုလိုတာက ကျွန်တော့်ဖခင်ဟာ အာဏာရှိမိသားစု အားလုံးကို ဖယ်ရှားဖို့ အစီအစဉ်မရှိပဲ အချို့နဲ့ မဟာမိတ်ဖွဲ့ပြီး အရင်ဆုံး ဖယ်ရှားချင်တဲ့သူတွေကို ဖယ်ရှားဖို့လား”
ဟု မေးလိုက်သည်။
ကျူးကဲ့ကျုံကောင်းက ပြုံးရယ်ကာ
“ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ယူဆချက်ပါ။ မင်းသား နားထောင်ကြည့်ရုံပါပဲ။ အမှန်တကယ် ဟုတ်မဟုတ်ကိုတော့ မသိပါဘူး။ အထူးသဖြင့် ကျွန်တော်က အရင်က ချွမ်နိုင်ငံတော်မှာပဲနေခဲ့ပြီး ရှနိုင်ငံတော်ရဲ့ အာဏာရှိမိသားစုတွေရဲ့ အတွင်းရေးကိစ္စတွေနဲ့ အထူးရင်းနှီးမှုမရှိပါဘူး”
ဟု ဖြေကြားလိုက်သည်။
လုချန်းက ပြုံးရယ်ပြီး
“ဆရာကြီးရဲ့ ယူဆချက်က ကျွန်တော့်ကို သတိပေးလိုက်တယ်။ ကျွန်တော် နားမလည်နိုင်တာက ကျွန်တော့်ဖခင်က ဘာလို့ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်တွေ လုပ်ရတာလဲဆိုတာကိုပါ။ အခုတော့ ကျွန်တော် သဘောပေါက်သွားတာက သူဟာ အစကတည်းက အကြံအစည်ရှိနေတာဖြစ်နိုင်ပါတယ်” ဟု ပြောလိုက်သည်။
စနစ်က သူ့ကို ပညာရှိဘွဲ့ပေးတာ အကြောင်းမဲ့ မဟုတ်ပါလားဟု လုချန်းစိတ်ထဲတွင် တွေးမိသည်။ မျှော်လင့်မထားပဲ သူက ရှနိုင်ငံတော်ရဲ့ လက်ရှိအခြေအနေကို တစ်ချက်ကြည့်တာနဲ့ သိသွားနိုင်သည်။
ကျူးကဲ့ကျုံကောင်း၏ ယူဆချက်မှန်ပါက သူ၏ဖခင်သည် လျှို့ဝှက်စွာဖြင့် အာဏာရှိမိသားစုတစ်ခု သို့မဟုတ် ရည်ရွယ်ချက်တူသော အင်အားစုအချို့နှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။
ထိုသို့တွေးပါက တောင်ပိုင်းအာဏာရှိမိသားစုတွေကို တစ်နှစ်နီးပါး မတိုက်ပဲ နေခဲ့တာက လူအချို့ကို လျှို့ဝှက်စုစည်းနေလို့လား။ယခု ရုတ်တရက်စစ်တပ်ကို တောင်ပိုင်းသို့စေလွှတ်ခြင်းက ထိုအဖွဲ့များနှင့် အကျိုးအမြတ်ခွဲဝေမှုကို ညှိနှိုင်းပြီးသွားလို့လား။
နားလည်သွားသကဲ့သို့ လုချန်း ပြုံးလိုက်သည်။ ကြည့်ရတာ သူဦးနောက်က ရှုထောင့်အစုံမှ မတွေးတတ်သေးပေ။ ဒီဖြစ်နိုင်ခြေကို သူလုံးဝမတွေးမိခဲ့ချေ။ သူ့ဖခင်က အာဏာရှိမိသားစုတွေကိုရှင်းလင်းဖို့ လုံးဝစိတ်မဝင်စားတော့ပဲ နန်းတွင်းမှာပဲပျော်ပျော်နေပြီး အရင်ဧကရာဇ်တွေလိုပဲ အချိန်ကုန်ဆုံးတော့မည်ဟု အရင်က သူထင်မှတ်ထားခဲ့သည်။
သမိုင်းတလျှောက် ဧကရာဇ် များစွာလည်း အလားတူပင်ဖြစ်သည်။ အစပိုင်းတွင် ကြီးမား သော ရည်မှန်းချက်များနှင့် ပြည့်နှက်နေခဲ့ကြသည်။ သို့သော် အခက်အခဲ အနည်းငယ် ကြုံတွေ့ပြီးနောက်ပိုင်း စိတ်ဓာတ်ကျသွားကြကာ နန်းတွင်းမှာပဲ ပျော်ပျော်နေကာ အိုမင်းသေဆုံးသွားတတ်ကြသည်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပြန်လာရာလမ်းတွင် လုချန်းက အခွင့်ကောင်းယူ၍ ကျူးကဲ့ကျုံကောင်းအား မေးခွန်းများစွာ မေးမြန်းခဲ့သည်။
ကျူးကဲ့ကျုံကောင်း၏ အဖြေများသည် သူ့အား များစွာအလင်းပြပေးခဲ့သည်။ လုချန်းတွင် နိုင်ငံရေးအသိပညာ ချို့တဲ့၏။ သူ့အရင်ဘဝတုန်းကလည်း နိုင်ငံရေးနယ်ပယ်နှင့် မသက်ဆိုင်ခဲ့သဖြင့် နိုင်ငံရေးစည်းမျဉ်းများကို နားမလည်ပေ။ ထို့ကြောင့် လှည့်ကွက်ကြွယ်သော နိုင်ငံရေးသမားကြီးများ၏ အပြုအမူအချို့ကို နားလည်ရန် ခက်ခဲခဲ့သည်။
သို့သော် ယခု ကျူးကဲ့ကျုံကောင်း ရောက်လာပြီဖြစ်သည်။ နောင်တွင် သံသယရှိသည်များကို သူ့အားတိုက်ရိုက်မေးမြန်းနိုင်မည်ဖြစ်သည်။
ကျူးကဲ့ကျုံကောင်း ရောက်ရှိလာခြင်းက လုချန်းအား အလွန်ပျော်ရွှင်စေခဲ့၏။ သူကိုယ်တိုင် မင်းသားစံအိမ်တွင် ဧည့်ခံပွဲကျင်းပကာ ကျူးကဲ့ကျုံကောင်းနှင့် အတူလိုက်ပါလာသော ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ကျောင်းတော်သားများကို ဧည့်ခံခဲ့သည်။
ဤဖြစ်ရပ်သည် လျင်မြန်စွာပင် ရန်ခရိုင်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
ရန်ခရိုင်မှ သာမန်ပြည်သူများသာမက အင်အားစု အမျိုးမျိုးမှ သူလျှိုများပါ အံ့အားသင့်ခဲ့ကြသည်။
နာမည်ကျော် စာပေပညာရှင်ကြီးသည် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီး မြောက်ပိုင်းနယ်စားမင်းသားအား အလွန်ယဉ်ကျေးစွာ ဆက်ဆံနေသည်။
မြောက်ပိုင်းပြည်နယ်မှာ စာပေပညာရှင်ကြီးကို ဆွဲဆောင်နိုင်တဲ့ အရာများ ရှိနေလို့လား။
စာပေပညာရှင်ကြီးက ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို မြောက်ပိုင်းပြည်နယ် ပြောင်းရွှေ့ဖို့ စီစဉ်နေတာလား။
မတူညီသော မှန်းဆချက်များနှင့် ကောလာဟလများ လူအများကြားတွင် ပျံ့နှံ့နေသည်။
စာပေပညာရှင်ကြီး ရန်ခရိုင်တွင် ပေါ်ထွန်းလာခြင်းကို အပြင်လူများသာမက မြောက်ပိုင်းမင်းသားစံအိမ်မှ လူများပါ အံ့အားသင့်ခဲ့ကြသည်။ စာပေပညာရှင်ကြီးသည် ပညာရှိ ကြီးတစ်ဦးဖြစ်၏။ ထိုသို့သော ပညာရှိကြီးတစ်ဦးသည် မြောက်ပိုင်းပြည်နယ်ကဲ့သို့ ဝေးလံခေါင်ဖျားသော နေရာကို ဘာလို့လာရမှာလဲ။
ထိုအချိန်တွင်။
ဝမ်ရွန်အဆောင်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ အစေခံများက ထိုအဆောင်ကို ဝမ်ရွန်အဆောင်ဟု ခေါ်ဝေါ်ကြသည်။ ယခင်က ထိုအဆောင်တွင် အမည်မရှိသော်လည်း လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့ ကြာမြင့်စွာနေထိုင်လာခဲ့သည့်အတွက် အစေခံများက ထိုအမည်ကို ပေးခဲ့ကြသည်။
နွေဦးအသံ အဆောင်တုန်းကလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ အစေခံများက ပထမဆုံး ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မုကျိရွှမ်းတို့က ထိုအမည်ကို လက်ခံသုံးစွဲခဲ့ကြသည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်သည် ရေကန်ဘေးရှိ အဆောင်ငယ် တစ်ခုတွင် ထိုင်နေပြီး သူမ၏ နုနယ်သောလက်ချောင်းများကို စောင်းကြိုးများပေါ်တင်ကာ တီးခတ်ရန် အသင့်ပြင်ဆင်နေစဉ် လင်ဝမ်ရွန်က ထိတ်လန့်တကြား အဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“အရေးကြီးသတင်းရှိတယ် နန်းသခင်။”
လင်ဝမ်ရွန်၏စကားက ချန်ဝမ်ရွန်ကိုတုန်လှုပ်သွား စေခဲ့သည်။
လင်ဝမ်ရွန်ကို ဤမျှ ထိတ်လန့်စေသည့် အရာက ဘာများလဲ။
ချန်ဝမ်ရွန်က
“ ဘာဖြစ်လို့လဲ ဒေါ်လေးလင်း” ဟု မေးလိုက်သည်။
လင်ဝမ်ရွန်က ချက်ချင်းမဖြေပဲ ချန်ဝမ်ရွန်ထံသို့ ချဉ်းကပ်လာကာ သူမ၏နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ “စာပေပညာရှင် ကျူးကဲ့ကျုံကောင်း မင်းသားစံအိမ် ရောက်လာပါပြီ။ မြောက်ပိုင်းနယ်စားမင်းသားက ဧည့်ခံပွဲကျင်းပပြီး လက်ခံထားပါတယ်”
ဟု ပြောလိုက်သည်။
ထိုအခါ ချန်ဝမ်ရွန်၏ နှလုံးလည်း တရစပ် ခုန်သွားခဲ့သည်။
စာပေပညာရှင်ကြီး....
သူမ မှတ်မိသလောက်ဆိုလျှင် ကမ္ဘာတစ်ဝှမ်းရှိ အဆင့်လွန်ပညာရှင်များအနက် စာပေပညာရှင် ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရန် အလားအလာအရှိဆုံးဟု သူမ၏ ဆရာက ပြောခဲ့ဖူးသည်။
ကျူးကဲ့ကျုံကောင်းသည် အသက်အရွယ်ကြီးရင့်သောကြောင့် ကောင်းကင်လူသားအဆင့်သို့ ပထမဆုံးရောက်နိုင်တာ မဟုတ်ပါ။ သူ၏ ကျင့်စဉ်နည်းလမ်းသည်လည်း သာမန်သိုင်းပညာမျိုးမဟုတ်သောကြောင့်ဖြစ်သည်။
သူမ၏ဆရာ၏အဆိုအရ ကျူးကဲ့ကျုံကောင်းကို သိုင်းပညာရှင်ဟုပင် မသတ်မှတ်နိုင်တော့ပါ။ အဆင့်လွန်ပညာရှင်များစွာ သူ့ကို အတူတကွ ပူးပေါင်းတိုက်ခိုက်လျှင် တောင် သူ၏ ပြိုင်ဘက်မဖြစ်နိုင် ဟုဆိုသည်။
ဤကဲ့သို့ ထူးချွန်ထက်မြက်သူသည် အဘယ်ကြောင့် ကျေးလက်ဒေသဖြစ်သော မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာရသနည်း။
ကျူးကဲ့ကျုံကောင်းက ချွမ်နိုင်ငံတော်မှာ နေနေတာ မဟုတ်လား။
ချွမ်နိုင်ငံတော်မှ အလွန်ဝေးကွာသော မြောက်ပိုင်းပြည်နယ်မှာ သူ့လိုအဆင့်လွန်ပညာရှင်ကြီးက ဘာလို့ရောက်နေရတာလဲ။ ဒီမှာသူ့အတွက် ဘာမှမကောင်းပါ။
ချန်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ်ကျုံ့သွားကာ လင်ဝမ်ရွန်က အရေးကြီးသတင်းဟု အဘယ်ကြောင့် ပြောခဲ့သည်ကို ချက်ချင်း နားလည်သွားခဲ့သည်။
ကျူးကဲ့ကျုံကောင်းသည် သာမန်လူမဟုတ်ပါ။ ယခုအချိန်တွင် လုချန်းကို ချစ်ခြင်းပိုး ကောင် သုံးပါက ကျူးကဲ့ကျုံကောင်း သတိထားမိနိုင်ခြေပြီး အလွန်များ၏။ ထိုအခါ သူတို့၏ အကြံအစည်တစ်ခုလုံး ပျက်သွားနိုင်သည်။
ဒါက တကယ့် ပြဿနာကြီးတစ်ရပ်ဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ မြောက်ပိုင်းပြည်နယ်ရှိ အင်အားမှာ အဆင့်လွန်ပညာရှင်တစ်ဦးကို မည်သို့မျှ မတုန်လှုပ်စေနိုင်ပါ။ ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရန် အလားအလာရှိသူကို ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
ချန်ဝမ်ရွန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“သူကဘာကြောင့် မြောက်ပိုင်းပြည်နယ်ကို ရောက်နေတာလဲ ဒေါ်လေးလင်”
လင်ဝမ်ရွန်က ပြန်ဖြေလိုက်သည်။
“ကျွန်မ သူနဲ့ မြောက်ပိုင်းနယ်စားမင်းသား စကားပြောနေတာကို ခိုးနားထောင်မိပါတယ်။ သူက ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်။ အခုကစပြီး ဒီမှာပဲ နေမယ်လို့ ဆိုပါတယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်၏ ကိုယ်ခန္ဓာမှ ချမ်းစိမ့်သောအအေးဓာတ်များ ထွက်လာခဲ့သည်။
ဒါက သူမ အလိုမရှိဆုံးသော အခြေအနေပင်ဖြစ်သည်။
ကျူးကဲ့ကျုံကောင်း မြောက်ပိုင်းပြည်နယ်တွင် နေထိုင်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ လုပ်ဆောင်ချက်အားလုံး အချည်းနှီးဖြစ်သွားမည်မှာ သေချာသည်။
ချွမ်နိုင်ငံတော်တွင် နေထိုင်ကာ ချီးမြှင့်ထောက်ပံ့မှုများ ခံစားနိုင်သည့် အဆင့်လွန်ပညာရှင်တစ်ဦးသည် အဘယ်ကြောင့် ဤကျေးလက်ဒေသဖြစ်သော မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိကာ ကျောင်းဖွင့်ရန် စီစဉ်နေရသနည်း။
လင်ဝမ်ရွန်က ချန်ဝမ်ရွန်ကို ကြည့်ကာ “ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ နန်းတော် သခင်မ”
ဟု မေးလိုက်သည်။
“ဒီအတိုင်း စောင့်နေမယ်ဆိုရင် တစ်နှစ်လုံး အားထုတ်ခဲ့တာ အချည်းနှီးဖြစ်သွားမှာပါ။ ကျူးကဲ့ကျုံကောင်းက သာမန်လူမဟုတ်ဘူး။ မင်းသားကို ချစ်ခြင်းပိုး ကောင်သုံးရင် သူသတိထားမိနိုင်တယ်။”
ချန်ဝမ်ရွန်က လင်ဝမ်ရွန်၏မေးခွန်းကို ချက်ချင်းမဖြေပဲ အဆောင်ငယ်ထဲတွင် ထိုင်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေခဲ့သည်။
ခဏကြာပြီးနောက် ချန်ဝမ်ရွန်က သူမ၏ အင်္ကျီလက်ထဲမှ ပုလင်းကလေးတစ်လုံးကို ထုတ်ယူကာ လင်ဝမ်ရွန်အား
“ ဒီပုလင်းထဲက အမှုန့်ကို လုချန်း သောက်တဲ့ရေထဲ ထည့်နိုင်ဖို့ နည်းလမ်းရှာပါ ဒေါ်လေးလင်း” ဟု ပြောလိုက်သည်။
ဆက်လက်စောင့်ဆိုင်း၍ မရတော့ဟု ချန်ဝမ်ရွန် ယူဆလိုက်သည်။ အစကတုန်းက ထိုနည်းလမ်းကို အသုံးမပြုလိုသော်လည်း အခုတော့ ရွေးစရာ အခြားနည်းလမ်းမရှိတော့ပေ။ ဆက်လက်ရွှေ့ဆိုင်းနေပါက သူတို့၏ အားထုတ်မှုအားလုံး အကျိုးမဲ့ ဖြစ်သွားနိုင်သည်။
လင်ဝမ်ရွန်က ချန်ဝမ်ရွန်လက်ထဲမှ ပုလင်းလေးကို ယူပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့်
“ဒီပုလင်းထဲမှာ ဘာတွေပါလို့လဲ နန်းတော်သခင်”
ဟု မေးလိုက်သည်။
ချန်ဝမ်ရွန်က မျက်နှာအပြောင်းအလဲမရှိပဲ “ဒါကအတောင်တူအဖိုအမ လိပ်ပြာတွေရဲ့ အတောင်မှုန့်တွေပါ”
ဟု ဖြေလိုက်သည်။
ထိုအဖြေကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်သည် ခဏခန့် ငေးငိုင်သွားခဲ့သည်။
အတောင်တူအဖိုအမ လိပ်ပြာသည် အလွန်ထူးခြားသော လိပ်ပြာတစ်မျိုးဖြစ်ပြီး အမတစ်ကောင်၏ အတောင်မှုန့်သည် အထီးလိပ်ပြာများကို မိတ်လိုက်ရန် ဆွဲဆောင်နိုင်စွမ်းရှိသည်။
ယောက်ျားတစ်ဦးသည် အတောင်တူအဖိုအမ လိပ်ပြာ၏ အတောင်မှုန့်များနှင့် ထိတွေ့မိပါက အဆိုပါ အတောင်မှုန့်များနှင့် ထိတွေ့ဖူးသော မိန်းမအပေါ် ပြင်းထန်သော ခံစားချက်များ ဖြစ်ပေါ်လာတတ်သည်။
ချန်ဝမ်ရွန်က ဆက်လက်၍ညွှန်ကြားလိုက်သည်။
“ဖြည်းဖြည်းချင်း ထည့်ပါ။ သူ သတိမထားမိအောင် ကြိုးစားပါ”
ထိုအတောင်မှုန့်များသည် အဆိပ်မဖြစ်စေပဲ လူ့ခန္ဓာကိုယ်ကို မထိခိုက်စေသောကြောင့် သတိထားမိရန် ခက်ခဲသည်။
သို့သော် အတောင်တူအဖိုအမ လိပ်ပြာများသည် အလွန်ရှားပါးပြီး ၎င်းတို့၏ အတောင်မှုန့်များကို စုဆောင်းရန် ပို၍ပင် ခဲယဉ်းသည်။ ပုံမှန်အားဖြင့် လျှို့ဝှက်အဖွဲ့အစည်းဝင်များပင် ဤလိပ်ပြာများကို မကောင်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုလေ့ မရှိပေ။
ချန်ဝမ်ရွန် ဤမျှများပြားသော အတောင်မှုန့်များ စုဆောင်းနိုင်ခဲ့သည်မှာ သူမ၏ဆရာက အတောင်တူအဖိုအမ လိပ်ပြာအုပ်စုတစ်စုကို မွေးမြူထားသောကြောင့် ဖြစ်သည်။
.......
အခန်း (၃၁၄)
ဝူကျန်းဝမ်၏ စူးစမ်းလိုစိတ် (၁)
လျှို့ဝှက်လဝန်းနန်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် လင်ဝမ်ရွန်သည် အတောင်တူအဖိုအမ လိပ်ပြာ ၏ အကျိုးသက်ရောက်မှုကို ကောင်းစွာသိရှိထားသူဖြစ်သော်လည်း ချန်ဝမ်ရွန်က ထိုနည်းလမ်းကို တကယ်အသုံးပြုလာမည်ဟု မမျှော်လင့်ခဲ့ပေ။
ဒါက ရန်သူကိုသာမက မိမိကိုယ်ကိုလည်း ထိခိုက်စေသည့် နောက်ဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။ အမ လိပ်ပြာ၏ အမှုန့်ကို စားသုံးမိသော အမျိုးသမီးသည်လည်း အဖိုလိပ်ပြာ အမှုန့်ကို စားသုံးထား အမျိုးသားအပေါ် ပြင်းထန်သော စိတ်ဝင်စားမှုဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် အစကတည်းက ထိုနည်းလမ်းကို ရှောင်ရှားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယခင်က ထိုနည်းလမ်းကို မသုံးစွဲခဲ့သည့် အဓိကအကြောင်းရင်းတစ်ခုမှာ လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များ အနှေနှင့် အတောင်တူအဖိုအမ လိပ်ပြာမှုန့်များကို စုဆောင်းရန် အချိန်အတော်ကြာယူရသည်။ မကြာသေးမီကမှသာ စုဆောင်းထားသည့် လိပ်ပြာမှုန့်များကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပို့ဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
အတောင်တူအဖိုအမ လိပ်ပြာမှုန့်သည် သာမန်လူတို့အား လွှမ်းမိုးနိုင်သော်လည်း ချန်ဝမ်ရွန်၏ စွမ်းရည်ဖြင့်ဆိုလျှင် စားသုံးထားသည့် လိပ်ပြာမှုန့်များကို ခန္ဓာကိုယ်မှ ဖယ်ရှားနိုင်စွမ်းရှိသည်။ သို့သော် ထိုသို့ပြုလုပ်ပါက လုချန်းအပေါ် ဆွဲဆောင်မှုစွမ်းအား ဆုံးရှုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် အတောင်တူအဖိုအမ လိပ်ပြာမှုန့်၏ အကျိုးသက်ရောက်မှု ရှိစေရန်အတွက် သူမသည် မိမိခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်လာမည့် ထူးဆန်းသော ခံစားချက်များကို သည်းခံရမည့်အပြင် လိပ်ပြာမှုန့်များ ခန္ဓာကိုယ်တွင်း၌ ရှိနေစေရန် သေချာစွာ ထိန်းသိမ်းထားရမည်။
လုချန်း မခံမရပ်နိုင်တော့ပဲ သူမထံလာရောက်သည့်အခါ ထိုအခွင့်အရေးကို အသုံးချကာ ချစ်ခြင်ပိုးကောင်ကို လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းမည်ဖြစ်သည်။
လင်ဝမ်ရွန်သည် လက်ထဲရှိ ပုလင်းကလေးကို တစ်ချက်ကြည့်ပြီးနောက် ချန်ဝမ်ရွန်ကို ပြန်လည်ကြည့်ကာ သေချာစွာမေးမြန်းလိုက်သည်။
“နန်းတော်သခင်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုတာ သေချာပါသလား။ အတောင်တူအဖိုအမ လိပ်ပြာမှုန့်ကို အသုံးပြုပြီးတာနဲ့ မင်းလည်း မြောက်ပိုင်းနယ်စားမင်းသားအပေါ် ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်တယ်။”
ချန်ဝမ်ရွန်က မျက်နှာအပြောင်းအလဲမရှိပဲ ဖြေကြားလိုက်သည်။
“အချိန်မရှိတော့ပါဘူး။ သူ့ကို အကြာကြီး မထိန်းချုပ်နိုင်ရင်တောင် လျှို့ဝှက်နဂါးမန္တာန်ကို ကျူးကဲ့ကျုံကောင်း မသိခင်မီ ပြီးအောင် လုပ်ရမယ်။ ရှနိုင်ငံတော်မှာ ပရမ်းပတာဖြစ်တော့မယ်။ ဒါက ကျွန်မတို့အတွက် နောက်ဆုံးအခွင့်အရေးပဲ။”
လင်ဝမ်ရွန်က သက်ပြင်းချလိုက်ပြီး
“ကောင်းပါပြီ။ ကျွန်မ သူသောက်မယ့်လက်ဖက်ရည် ဒါမှမဟုတ် ရေတို့ထဲအတောင်တူအဖိုအမ လိပ်ပြာမှုန့်ခပ်ဖို့ အခွင့်အရေး ရှာပါမယ်”
ဟု ပြောကာ အဆောင်ထဲမှ ထွက်ခွာသွားခဲ့သည်။
လင်ဝမ်ရွန် ထွက်ခွာသွားပြီးနောက် ချန်ဝမ်ရွန်သည် အခြား ပုလင်းတစ်လုံးကို ထုတ်ယူကာ လက်ထဲရှိ အမ လိပ်ပြာ၏ အတောင်မှုန့်ကို ကြည့်ရှုလိုက်သည်။ ချန်ဝမ်ရွန်၏ အေးစက်သော မျက်နှာတွင် ပြောင်းလဲမှု အနည်းငယ် ဖြစ်ပေါ်လာပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။
ရှနိုင်ငံတော်၏ နန်းတွင်းစစ်တပ်သည် တောင်ဘက်သို့ ချီတက်တော့မည်ဖြစ်ပြီး ပြည်တွင်းစစ်မီး စတော့မည်ဖြစ်သည်။ ချန်ဝမ်ရွန်သည် လျို့ဝှက်နဂါး မန္တာန်ကို အမြန်ဆုံးပြီးမြောက်အောင် လုပ်ပြီး ရှနိုင်ငံတွင်းရှိ ပဋိပက္ခနှင့် နေပြည်တော်၏ အားနည်းနေသော ကာကွယ်ရေးစနစ်ကို အခွင့်ကောင်းယူကာ တိုက်ရိုက်လှုပ်ရှားပြီး ဆွမ်ဧကရာဇ်ကို သတ်ဖြတ်ကာ သူမ၏ မိဘများအတွက် လက်စားချေရန် စီစဉ်နေသည်။
ဆွမ်ဧကရာဇ် သေဆုံးပြီးပါက ယခင်က ချန်နိုင်ငံတော်၏ နယ်မြေများမှ ပြည်သူများလည်း အားတက်သရော ပါဝင်လာကြမည်ဖြစ်၏။ ထိုအခါမှ ချန်ဝမ်ရွန်သည် ချန်နိုင်ငံတော်၏ မင်းသမီး အဖြစ် သူမ၏ သရုပ်မှန်ကို ထုတ်ဖော်ကာ ချန်နိုင်ငံတော်၏ အရာရှိဟောင်းများနှင့်အတူ နိုင်ငံကို ပြန်လည်ထူထောင်ရန် စီစဉ်ထားသည်။
ဤအစီအစဉ်အားလုံးသည် ချန်ဝမ်ရွန်၏ နှလုံးသားထဲတွင် တစ်နှစ်နီးပါးကြာမြင့်စွာ ရှိနေခဲ့ပြီး ယခု အကောင်အထည်ဖော်ရမည့် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။
ရန်ခရိုင်တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်သည် အခြားနိုင်ငံများသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အခြားနိုင်ငံများမှ လူများလည်းထိုသတင်းကို ကြားသိရသည့်အခါ အလွန်အံ့သြကြသည်။
မြောက်ပိုင်းပြည်နယ်သည် မဖွံ့ဖြိုးသော ကျေးလက်ဒေသမျှသာဖြစ်ပြီး စာပေပညာရှင် ကျူးကဲ့ကျုံကောင်းက အဘယ်ကြောင့် ထိုနေရာသို့ သွားရောက်ပြီး မင်းသားတစ်ဦးအား ဤမျှလေးစားစွာ ဆက်ဆံရသနည်း။ သူက ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို မြောက်ပိုင်းပြည်နယ် ပြောင်းရွှေ့ဖို့ စီစဉ်နေတာလား။
ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီသည် လူကြိုက်များသည့် ကျောင်းတစ်ခု မဟုတ်သော်လည်း ကျူးကဲ့ကျုံကောင်းသည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏သစ္စာခံမှုကို ရယူနိုင်ပါက အင်အားကြီးမားသော အထောက်အပံ့ကို ရရှိမည်ဖြစ်သည်။
ယခု ကျူးကဲ့ကျုံကောင်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိသွားခြင်းက ချွမ်နိုင်ငံတော်၏ အုပ်ချုပ်သူများကို မသက်မသာ ဖြစ်စေခဲ့သည်။
ချွမ်ဧကရာဇ်သည် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ၏ စာပေပညာရှင်များကို မနှစ်သက်သော်လည်း ကျူးကဲ့ကျုံကောင်း၏ မျက်နှာကြောင့် ထိုကျောင်းကို ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ကို ယခုထိ မချမှတ်ခဲ့ပေ။
သို့သော် ယခုအခါ ကျူးကဲ့ကျုံကောင်းသည် ရှနိုင်ငံတော်သို့ ပြောင်းရွှေ့သွားပြီး ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကိုပါ ယူဆောင်သွားရန် စဉ်းစားနေသည်ကို သိရှိရသောအခါ ချွမ်ဧကရာဇ်၏ စိတ်ထဲတွင် မသက်မသာ ဖြစ်လာခဲ့သည်။
ဤအရာအားလုံးသည် နေ့စဉ်ပြည်သူများအကြား ကောလာဟလမျာ ဖြန့်ဝေနေသော ဝန်ကြီးများ၏ အပြစ်ပင်ဖြစ်သည်။
ကျူးကဲ့ကျုံကောင်းကို ပြန်လည်ရရှိရန် ချွမ်ဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်သို့ သံတမန်များစေလွှတ်ကာ ကျူးကဲ့ကျုံကောင်းအား ချွမ်နိုင်ငံတော်တွင် ဆက်လက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့ပြင် နောင်တွင် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ၏ ပညာရှင်များအား အစိုးရရာထူးများ ပေးအပ်ရန် ကတိပြုခဲ့သည်။
ဤအချိန်အထိ ချွမ်ဧကရာဇ်သည် ကျူးကဲ့ကျုံကောင်း စိတ်ဆိုးပြီး ထွက်ခွာသွားသည်ဟုသာ ထင်နေဆဲဖြစ်ပြီ သူလုချန်းထံသို့ သစ္စာခံနေပြီဖြစ်ကြောင်း လုံးဝမသိရှိသေးပေ။
ဝူနိုင်ငံတော်
စိမ်းလန်းသောမိုးတိမ်ခန်းမ
ရွှေခြည်ထိုး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မယုံနိုင်လောက်အောင် လှပသည့် ဝူကျန်းဝမ်သည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေသည်။
ကြီးကျယ်ခမ်းနားသော ခန်းမကြီးအတွင်း သက်လတ်ပိုင်း လူတစ်ဦး စကားပြောနေသည်။ ထိုသူ၏စကားကို နားထောင်ပြီးနောက် ဝူကျန်းဝမ်က ပျင်းရိစွာ သမ်းဝေလိုက်ကာ ပြောလိုက်သည်
“ဝန်ကြီးချုပ် ချိုင်။ ရှင်ဟာ ဝန်ကြီးတစ်ဦး အနေနှင့် သိပ်မစွမ်းလှဘူးထင်တယ်။ တစ်နှစ်နီးပါးကြာသွားတာတောင် အရှေ့တောင်ပိုင်းက အရေးအခင်းကို မဖြေရှင်းနိုင်သေးဘူး။”
“ကျွန်မဖခင်က ရှင့်ကို အခွင့်အရေး ပေးထားတယ်။ ဒါပေမဲ့ မကြာခင်အချိန်အတွင်း မဖြေရှင်းနိုင်ဘူးဆိုရင် သူက စစ်တပ်စေလွှတ်ပြီး အင်အား နှိမ်နင်းလိမ့်မယ်။”
“ကျွန်မ ကြားတာက ရှနိုင်ငံတော် နန်းတွင်းက တောင်ပိုင်းရှိ အာဏာရှိမိသားစုတွေဆီ ဦးတည်ဖို့ စစ်တပ်တွေ တောင်ဘက် စေလွှတ်ထားပြီ။ အခုလောလောဆယ် ရှနိုင်ငံတော်က ဝူနိုင်ငံတော်ကို အနှောင့်အယှက်ပေးဖို့ မအားတော့ဘူး။”
ဝူနိုင်ငံတော်တွင် အရေးအခင်းပေါ်ပေါက်ပြီး မကြာမီ ဝူဧကရာဇ်သည် ကြီးမားသော စစ်တပ်ကြီးတစ်တပ်ကို စေလွှတ်ကာ နှိမ်နင်းခဲ့သည်။ အစပိုင်းတွင် ဝူဧကရာဇ်နှင့် နန်းတွင်းဝန်ကြီးအားလုံးက ပုန်ကန်သူများသည် သာမန်လယ်သမားများသာဖြစ်ပြီး ဝူတပ်များ ရောက်ရှိလာပါက ကြောက်ရွံ့ပြီး ပြေးကြလိမ့်မည်ဟု ထင်မြင်ခဲ့ကြသည်။ တစ်လအတွင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်မည်ဟုလည်း ယုံကြည်ခဲ့ကြသည်။
သို့သော် အံ့သြစရာကောင်းသည်မှာ ယခုအချိန်ထိ ဝူနိုင်ငံတော်သည် အရှေ့တောင်ပိုင်းရှိ အရေးအခင်းကို အပြီးမသတ်နိုင်သေးပဲ နန်းတွင်းစစ်တပ်သည် ပုန်ကန်သူများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
......
အခန်း (၃၁၅)
ဝူကျန်းဝမ်၏ စူးစမ်းလိုစိတ် (၂)
ဤအခြေအနေက ပြဿနာများကို အင်အားဖြင့်သာ အလျင်အမြန်ဖြေရှင်းလေ့ရှိသော ဝူဧကရာဇ်အား အလွန်ဒေါသထွက်စေခဲ့သည်။ သူပုန်တပ်သည် လယ်သမားစစ်တပ် မျှသာဖြစ်ပြီး သိုင်းပညာရှင်များ မပါဝင်သလောက်နည်းပါးသော်လည်း ထိုလယ်သမားအုပ်စုက နန်းတွင်းစစ်တပ်နှင့် ဤမျှကြာမြင့်စွာ ရင်ဆိုင်နေနိုင်ခဲ့သည်။
ရှနိုင်ငံတော်က ဝူနိုင်ငံတော်အား ပြန်လည်တုံ့ပြန်မည်ကို စိုးရိမ်နေရခြင်းမရှိပါက ဝူဧကရာဇ်သည် ရှနယ်စပ်မှ စွမ်းရည်ကောင်းသောတပ်များကို ပြောင်းရွှေ့ကာ အရှေ့တောင်ပိုင်းရှိ ပုန်ကန်သူများကို တိုက်ခိုက်မည်ဖြစ်သည်။
ချိုင်ကျိလျှံသည် နန်းတွင်းရှိ ငြိမ်းချမ်းရေးလိုလားသော အုပ်စုတွင် ပါဝင်သူဖြစ်ပြီး အရှေ့တောင်ပိုင်းရှိ အရေးအခင်းကို အကျအဆုံး အနည်းဆုံးဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းလိုသူဖြစ်သည်။
သူ၏အမြင်တွင် လယ်သမားများ ပုန်ကန်ရခြင်း၏ အကြောင်းရင်းမှာ ဝူဧကရာဇ်က နှစ်ပေါင်းများစွာ ပြည်ပစစ်ပွဲများကို ဆင်နွှဲခဲ့ပြီး ပြည်သူများ၏ ဘဝနေထိုင်မှုကို ခက်ခဲစေခဲ့သောကြောင့်ဖြစ်သည်။ ဤအခြေအနေကို အခွင့်ကောင်းယူကာ အချို့သော အကောက်ကြံချင်သူများက အစိုးရအပေါ် အမုန်းတရားများ ပွားများစေခဲ့သည်။
ထို့ကြောင့် ဝူဧကရာဇ် အနေနှင့် ပြည်တွင်းရှုပ်ထွေးမှုကို ဖြေရှင်းလိုပါက အကောင်းဆုံးနည်းလမ်းမှာ ပထမဦးစွာ သူ့ကိုယ်သူ အပြစ်တင်သည့် ဘုရင့်အမိန့်တော်ကို ထုတ်ပြန်ကာ ပြည်သူများအား ကတိအချို့ပေးခြင်းဖြစ်သည်။ ထိုအခါ ပုန်ကန်သူများအနက် အချို့ကို ကျေနပ်စေမည်ဖြစ်ပြီး ပုန်ကန်သူများဘက် ပါချင်နေသူများကိုလည်း သူတို့၏ အစီအစဉ်များကို စွန့်လွှတ်စေနိုင်သည်။
သို့သော် ဝူဧကရာဇ်ကေတာ့ သူ့ကိုယ်သူ အပြစ်တင်သည့် အမိန့်တော်ကို လုံးဝထုတ်ပြန်မည် မဟုတ်ပေ။ ဝူဧကရာဇ်သည် သူ့ထံ၌ အပြစ်မရှိဟု အမြဲယုံကြည်နေသူဖြစ်ပြီး ဘုရင်တစ်ပါးအနေနှင့် အပြစ်ကို ဤမျှလွယ်ကူစွာ ဝန်ခံမည် မဟုတ်ပေ။
သို့သော် အရှေ့တောင်ပိုင်းရှိ အရေးအခင်းကို ဖြေရှင်းရန် ဝူဧကရာဇ်သည် ချိုင်ကျိလျှံ၏ အကြံပြုချက်အချို့ကို လိုက်နာကာ ငြိမ်းချမ်းရေး သံတမန်များကို စေလွှတ်ခဲ့သည်။
ဝူဧကရာဇ်၏ သံတမန်များက ပုန်ကန်သူများအား အကယ်၍ လက်နက်ချပြီး ပုန်ကန်မှုကို ရပ်တန့်ပါက သူတို့၏ အပြစ်အားလုံးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ပြီး ပုန်ကန်သူများ၏ ခေါင်းဆောင်များကိုပင် ဗိုလ်ချုပ်ရာထူးများ ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့သည်။
ပုန်ကန်မှုများကို ငြိမ်သက်စေရာတွင် ပုန်ကန်သူများ၏ ခေါင်းဆောင်များကို အကျိုးအမြတ်ဖြင့် ဖြားယောင်းကာ လက်နက်ချစေရန် ဆွဲဆောင်ခြင်းသည် အသုံးပြုလေ့ရှိသော နည်းလမ်းဟောင်းတစ်ခုပင်ဖြစ်သည်။
သို့သော် ပုန်ကန်သူများ၏ ခေါင်းဆောင်များသည် ဝူဧကရာဇ်၏ ကမ်းလှမ်းချက်ကို လက်မခံပဲ ပိုမိုများပြားသော အကျိုးအမြတ်များကို တောင်းဆိုလာခဲ့ကြသည်။ ဤသို့ဖြင့် များစွာသော သံတမန်များ စေလွှတ်ခဲ့သော်လည်း နှစ်ဖက်လုံးအတွက် ကျေနပ်ဖွယ်ရာ ရလဒ်များ မရရှိခဲ့ပေ။
ဤအခြေအနေက ဝူဧကရာဇ်အား အတိုင်းအတာတစ်ခုအထိ စိတ်မရှည်ဖြစ်စေခဲ့သည်။ ဧကရာဇ်မင်းတစ်ပါးအနေနှင့် ဤမျှကြီးမားသော လျှော့ပေးမှုများ ပြုလုပ်ပြီးသည့်တိုင် ထိုသူများက မကျေနပ်နိုင်သေးပဲ ပိုမိုတောင်းဆိုနေဆဲဖြစ်သည်။
အကယ်၍ ညှိနှိုင်းဆွေးနွေးမှုများ မအောင်မြင်ပါက စစ်တိုက်ရုံသာ ကျန်တော့သည်။
ထိုအချိန်တွင် ရှနိုင်ငံတော် နန်းတွင်းက တောင်ပိုင်းသို့ စစ်တပ်များ စေလွှတ်လိုက်သည့် သတင်းကို ရရှိခဲ့ကြသည်။
ရှနိုင်ငံတော်၏ တောင်ဘက်သို့ စစ်တပ်စေလွှတ်မှုကို မည်သူမဆို အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ရှနိုင်ငံတော်သည် မကြာမီကာလတွင် ကြီးမားသော ပြည်တွင်းရေး ရှုပ်ထွေးမှုများနှင့် ကြုံတွေ့ရတော့မည်ဖြစ်ပြီး ထိုအချိန်တွင် ဝူနိုင်ငံတော်အတွက် ရှနိုင်ငံတော်၏ အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ပေ။ ထို့ပြင် ချွမ်နိုင်ငံတော်သည်လည်း ကပ်ရောဂါဘေးဒဏ်ကို ခံစားနေရပြီး ဝူနိုင်ငံတော်ကို အနှောင့်အယှက်ပေးရန် အချိန်မရှိပေ။
ကျူးနိုင်ငံတော်နှင့် ပတ်သက်လျှင်တော့ ကျူးဧကရာဇ်နှင့် ဝူကျန်းဝမ်တို့၏ ဆက်ဆံရေးမှာ ညီအစ်မအရင်းကဲ့သို့ ရင်းနှီးလှသည်။ ထို့အပြင် လွင်ပြင်ဒေသမျိုးနွယ်စုများက မြောက်ဘက်မှ ဖိအားပေးနေသည့်အတွက် ကျူးနိုင်ငံတော်သည် ဤအချိန်တွင် အခြားသူများ၏ အခက်အခဲကို အခွင့်ကောင်းယူမည် မဟုတ်ပေ။
ပြင်ပအန္တရာယ်မရှိသည့်အတွက် ဝူဧကရာဇ် အနေနှင့် စိုးရိမ်စရာမလိုတော့ပဲ ရှနယ်စပ်တွင် စောင့်ကြပ်နေသော စွမ်းရည်ကောင်းသည့် တပ်များကို ပြန်လည်ခေါ်ယူကာ အရှေ့တောင်ပိုင်းရှိ ပုန်ကန်မှုကို နှစ်လအတွင်း အပြီးသတ် နှိမ်နင်းရန် စီစဉ်လိုက်သည်။
ဝူဧကရာဇ်၏ ဤဆုံးဖြတ်ချက်က ဝန်ကြီးချုပ် ချိုင်ကျိလျှံအား အလွန်လှုပ်ရှားရခက်သော အခြေအနေကို ကြုံတွေ့စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစကတည်းက သူသည် အရှေ့တောင်ပိုင်းရှိ ပုန်ကန်မှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းခဲ့သူဖြစ်သည်။ နှစ်ဝက်ခန့် ကြိုးစားပြီးနောက် နောက်ဆုံးတွင် စစ်ရေးဖြင့် ဖြေရှင်းရန်သာ ကျန်တော့သည်။
ဝူကျန်းဝမ်၏စကားကို ကြားပြီးနောက် ချိုင်ကျိလျှံက
“ မင်းကြီးက အင်အားသုံးပြီး ပုန်ကန်မှုကို နှိမ်နင်းမယ်ဆိုရင် ဝူနိုင်ငံတော်အတွင်းက နယ်စားတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးရာ ရောက်ပါတယ်။ အမှန်တကယ် ပုန်ကန်လိုသူတွေကပြည်သူတွေမဟုတ်ပါဘူး။ အင်အားကြီးမားတဲ့ တပ်တွေကို ထိန်းချုပ်ထားတဲ့ နယ်စား တွေပါ။ အရှေ့တောင်ပိုင်းက အရှုပ်အထွေး မပြေလည်ရတဲ့ အကြောင်းရင်းက နောက်ကွယ်မှာ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေတာကြောင့်ပါ။”
“မင်းကြီးက စိတ်မထိန်းနိုင်ပဲ အခုအချိန်မှာ စစ်တပ်စေလွှတ်မယ်ဆိုရင် အဲ့ဒီနယ်စားတွေကလည်း ဒီအချိန်ကို အခွင့်ကောင်းယူပြီး ပုန်ကန်ကြမှာက အလွန်ဖြစ်နိုင်ပါတယ်။”
ဝူကျန်းဝမ်သည် ပြုံးရယ်လိုက်ရင်း
“ကျွန်မဖခင်ကတော့ ဝန်ကြီးချုပ်လို စိုးရိမ် သောကတွေ ရှိမှာမဟုတ်ဘူး။ ဆန့်ကျင်ရဲတဲ့ ဘယ်သူ့အတွက်မဆို သူတို့ရဲ့အဆုံးသတ်က ခေါင်းပြုတ်ရခြင်းပဲ” ဟု ပြောလိုက်သည်။
ချိုင်ကျိလျှံက တစ်ခုခုပြန်ပြောဖို့ ပါးစပ်ဖွင့်လိုက်သည့်အချိန်တွင် အစေခံမိန်းကလေးတစ်ဦး ခန်းမတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“မြောက်ပိုင်းပြည်နယ်က ထောက်လှမ်းရေးသတင်းများ ရောက်ရှိပါပြီ မင်းသမီး”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝူကျန်းဝမ်က ချက်ချင်းထရပ်လိုက်ကာ
“ယူခဲ့ပါ”
ဟု အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် အစေခံမိန်းကလေးက မြောက်ပိုင်းပြည်နယ်မှ ထောက်လှမ်းရေး အစီရင်ခံစာကို ဝူကျန်းဝမ်ထံ ပေးလိုက်သည်။ ဝူကျန်းဝမ်လည်း စာကိုယူကာ သတင်းကို မြန်မြန်ဖတ်ရှုလိုက်သည်။
ခဏအကြာတွင် သူမ၏ မျက်ခုံးများ အနည်းငယ်တွန့်သွားပြီး
“ကျူးကဲ့ကျုံကောင်းကို ကျူးနိုင်ငံတော်သို့ သွားမယ်လို့ ထင်ခဲ့တာ။ မထင်မှတ်ပဲ သူက မြောက်ပိုင်းပြည်နယ် ရောက်သွားပြီ”
ဟု သူမကိုယ်သူမ ပြောလိုက်သည်။
ဝူကျန်းဝမ်၏ မျက်နှာအမူအရာ မှောင်မိုက်လာသည်ကို မြင်သောအခါ ချိုင်ကျိလျှံက
“ဘာကိစ္စဖြစ်လို့လဲ မင်းသမီး။ ဘာလို ဒီလောက် စိတ်ညစ်နေရတာပါလဲ”
ဟု မေးလိုက်သည်။
အဖြေမပေးပဲ ဝူကျန်းဝမ်က လက်ထဲရှိ ထောက်လှမ်းရေးစာကို ခေါက်ကာ ချိုင်ကျိလျှံထံသို့ ပစ်လိုက်သည်။
ချိုင်ကျိလျှံက ပျံဝဲလာသော စာကို ဖမ်းယူပြီး ခပ်မြန်မြန်ဖတ်ကြည့်လိုက်ပြီးနောက် သူလည်း အတွေးထဲနစ်မြုပ်သွားခဲ့သည်။
ဝူကျန်းဝမ်က ပြုံးလျက်
“ဝန်ကြီးချုပ်က အရာရာကိုသိတယ်ဆိုတော့ ဘာလို့ ကျူးကဲ့ကျုံကောင်းက ကျွန်မကို ငြင်းပြီး ကျူးနိုင်ငံတော်မှာလည်း မနေပဲ မြောက်ပိုင်းပြည်နယ် ရောက်သွားရတာလဲ ဆိုတာကို ရှင်းပြပါဦး”
ဟု မေးမြန်းလိုက်သည်။
ဝူကျန်းဝမ်၏ မေးခွန်းကို ကြားပြီးနောက် ချိုင်ကျိလျှံ သတိပြန်ဝင် လာကာ
“ဒီကိစ္စကို ကျွန်တော်မသိပါဘူး”
ဟု တိုက်ရိုက်ဖြေလိုက်သည်။
မြောက်ပိုင်းပြည်နယ်၏ လက်ရှိအခြေအနေမှာ အလွန်ထူးဆန်းနေ၏။ လျှို့ဝှက် မဟာအင်အင်အားကြီး အဖွဲ့အစည်း ရှိနေ နိုင်သည့်အပြင် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်လည်း မြေက်ပိုင်းပြည်နယ်ကို ရောက်နေတာ မည်မျှကြာနေပြီပင် မသိပေ။ ယခုအခါ စာပေပညာရှင် ကျူးကဲ့ကျုံကောင်းပါ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူတို့ မြောက်ပိုင်းပြည်နယ်မှ ဘာကိုလိုချင်နေကြတာလဲဆိုတာကို မည်သူမှ မသိနိုင်ပေ။
ဝူကျန်းဝမ်က ရယ်မောလိုက်ပြီး
“ဝန်ကြီးချုပ် မသိနိုင်တဲ့ အရာတစ်ခု ဒီကမ္ဘာပေါ်မှာ ရှိနေတာက တကယ့်ကို အံ့အားသင့်စရာပဲ။”
ထိုသို့ပြောဆိုပြီးနောက် ဝူကျန်းဝမ်က ထရပ်လိုက်ပြီး ခန်းမ၏အလယ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထို့နောက် ခန်းမအပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်ရှုရင်း
“ကျူးကဲ့ကျုံကောင်းပါ ရောက်လာပြီဆိုရင် မြောက်ပိုင်းပြည်နယ်မှာ အဆင့်လွန်ပညာရှင် နှစ်ဦးရှိသွားပြီ။ မြောက်ပိုင်းနယ်စားမင်းသား လွတ်လပ်ရေးကြေညာမယ် ဆိုရင်တောင် အံ့အားသင့်စရာ မဟုတ်တော့ဘူး။ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် မြောက်ပိုင်းပြည်နယ်ကို ဘာလို့ရောက်လာကြတာလဲဆိုတာ ကျွန်မသိချင်တယ်။
ထိုသို့ပြောဆိုပြီးနောက် ဝူကျန်းဝမ်က အစေခံမိန်းကလေးအား
“ချွမ်ဟိုင်အုပ်စုကို ချက်ချင်းစာရေးပါ။ သူတို့ ပိုပြီး နည်းနည်းတက်တက်ကြွကြွ လှုပ်ရှားနိုင်တယ်လို့ပြောပါ”
ဟု အမိန့်ပေးလိုက်သည်။
ဝူကျန်းဝမ်၏စကားကို ကြားပြီးနောက် ချိုင်ကျိလျှံက မကျေနပ်သည့်အမူအရာဖြင့် “မင်းသမီး။ ဝူနိုင်ငံတော်တွင်း ပုန်ကန်မှုတွေ မပြေလည်သေးချိန်မှာ မြောက်ပိုင်းပြည်နယ်ရဲ့ ကိစ္စတွေကို စိတ်ပူဖို့ လိုပါသလား။”
ဝူကျန်းဝမ်က ရယ်မောလျက်
“ဝန်ကြီးချုပ်က မြောက်ပိုင်းပြည်နယ်ရဲ့ အခြေအနေကို နည်းနည်းလေးတောင် စူးစမ်းလိုစိတ် မရှိဘူးလား” ဟု ပြန်လည်မေးမြန်းလိုက်သည်။
ချိုင်ကျိလျှံက
“မြောက်ပိုင်းပြည်နယ်မှာ အင်းအားကြီး
အုပ်စုတွေကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုခု နေတယ်ဆိုရင် မကြာခင် သတင်းတွေ ထွက်ပေါ်လာမှာပါ။ ဝူနိုင်ငံတော်အတွက် လောလောဆယ် အရေးကြီးဆုံး ကိစ္စက ပုန်ကန်မှုကို ဖြေရှင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။”
“မင်းသမီး အဲ့ဒီရာထူးကို လိုချင်တယ်ဆိုရင် ပုန်ကန်မှုကို ဖြေရှင်းနိုင်ခြင်းက အကောင်းဆုံးသော အခွင့်အရေး ဖြစ်ပါတယ်။ အခြားနိုင်ငံတွေက ဝူနိုင်ငံတော်ကို မကျူးကျော် သေးသရွေ့ လက်ရှိအချိန် အခြားနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက အရေးမကြီးပါဘူး။”
ချိုင်ကျိလျှံ၏စကားများကို နားထောင်ပြီးနောက် ဝူကျန်းဝမ်က
“ဝန်ကြီးချုပ်ပြောတာ မှန်ပါတယ်။ ဒါ့ကြောင့် ပုန်ကန်မှု ကိစ္စမှာ ကျွန်မပါဝင်နိုင်ဖို့ နည်းလမ်းတစ်ခုကို ရှာဖွေပေးပါ”
ဟု အေးဆေးစွာ ပြောလိုက်သည်။
ချိုင်ကျိလျှံက
“စိတ်မပူပါနှင့် မင်းသမီး။ အခွင့်အရေးက မကြာခင် ရောက်လာမှာပါ။”
..........