ဝူယု
Vol. 113 Ch. 1569
ဝူယု...
ဝူယုကို လွန်ခဲ့သည့် နှစ်ပေါင်း ခုနစ်ထောင်ကျော်၊ ရှစ်ထောင်ခန့်က ထာဝရ ကြယ်တာရာ နယ်မြေ အတွင်းရှိ လူသားရွာ တစ်ရွာတွင် မွေးဖွားခဲ့လေသည်။ ထိုစဉ်အခါက ထာဝရ ကြယ်တာရာ နယ်မြေကို နဂါးနှင့် နတ်ဆိုးများကသာ အုပ်စိုးထား၏။
သူ၏ ရွာမှ လူများမှာ အသက်ရှင် နေထိုင်နိုင်ရန် အတွက် အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြကာ ထိုခေတ်ဆိုးခေတ်ပျက်များ အတွင်း အသက်ရှင်သန်နိုင်ရန် လုံလောက်သည့် ခွန်အားကို ဖြည်းဖြည်းချင်း ကျင့်ကြံခဲ့ကြသည်။
ဝူယု၏ ရွာက ထူးခြားသည်။ ရွာအတွင်းရှိ မိန်းကလေး အများစုကို ရွာသူကြီးကသာ ကိုယ်ဝန်ဆောင်စေခဲ့သည်။ ထိုသူကြီးက ဝူယု၏ ဖခင်ပင် ဖြစ်သည်။ ရွာသူကြီးမှာ ဝူယုတို့ ကျေးရွာ အတွင်း၌ အမြင့်ဆုံးသော ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားကာ အကြီးမားဆုံးသော အာဏာကို ချုပ်ကိုင်၍ ရွာတစ်ခုလုံးကို အုပ်စိုးခဲ့သည်။ ဝူယုမှာ သူ၏ မရေမတွက်နိုင်သည့် သားသမီးပေါင်း များစွာထဲမှ တစ်ဦးသာ ဖြစ်သည်။
ဝူယုမှာလည်း ဖခင်နည်းတူ ရည်မှန်းချက် ကြီးမားသည်။ လှံကို ကိုင်နိုင်သည့် အရွယ်ကတည်းက ရွာခေါင်းဆောင် ဖြစ်လာရန်၊ ကျေးရွာ အတွင်းရှိ အလှဆုံးသော မိန်းကလေးများကို သိမ်းပိုက်ရန်၊ အခမ်းနားဆုံး စံအိမ်များတွင် နေထိုင်ရန် အိပ်မက်မက် ခဲ့သည်။
သို့သော်လည်း... သူ လုံလောက်သည့် ခွန်အားကို မရနိုင်မီမှာပင် ကျေးရွာတွင်း ပုန်ကန်မှု တစ်ခု ဖြစ်လာခဲ့သည်။ အကြောင်းပြချက်လား... ရွာသူကြီး၏ မိန်းမများထဲမှ တစ်ယောက်ကို စစ်သည်တော် တစ်ယောက်က ချစ်မိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုအမျိုးသမီးမှာ သူ့ကို မွေးဖွားပေးခဲ့သူဟု ဝူယု ခပ်ရေးရေး မှတ်မိသော်လည်း သေချာတော့ မသိပါချေ။ ရွာအတွင်းရှိ အမျိုးသမီးများ အားလုံးမှာ ကလေးအားလုံး၏ မိခင် ဖြစ်ကာ ယောက်ျားသားများကတော့ ဆရာများ ဖြစ်ကြသည်။ ကလေးများထဲမှ ယောက်ျားလေးတိုင်းမှာ ငယ်ရွယ်စဉ် အခါတည်းက အမဲလိုက်ရန် သင်ကြားပေးခံရသည်။
ဤသို့ဖြင့် ရွာသူကြီးမှာ ချုံခိုတိုက်ခိုက်ခံရပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သို့သော်လည်း... အသက်ရှင်ခဲ့သည်။ ပြန်လည် ကောင်းမွန်လာသော အခါတွင်တော့ သူ၏ ထိတ်လန့်မှုများက ရူးသွပ်ဖွယ်ရာ အဆင့် တစ်ခုသို့ ရောက်ရှိသွားခဲ့ကာ ရွာအတွင်း ရှိသမျှ လူငယ်လူရွယ်တိုင်းကို နှင်ထုတ်ခဲ့သည်။ မိန်းမငယ်လေးများကိုသာ ချန်ထားခဲ့သည်။
ထိုရွာမှာလည်း အချိန်အကြာကြီး မတည်တံ့ခဲ့ပါချေ။ အမျိုးမျိုးသော ပြည်တွင်း ပုန်ကန်မှုများ၊ ပြင်ပ အန္တရာယ်များအောက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။
သို့သော်လည်း... ဝူယုကတော့ ထိုမတိုင်ခင် အချိန်တည်းက နှင်ထုတ်ခံခဲ့ရပြီး ဖြစ်သည်။ သူ မိုင်ပေါင်း ရာနှင့်ချီ၍ ခရီးနှင်ခဲ့သည်။ မိုးသားတိမ်တိုက်များ ပေါ်တွင် ကခုန်နေသည့် ကြီးမားသော နဂါးကြီးများ၊ ကောင်းကင်တွင် ပျံသန်းကာ တိုက်ခိုက်နေသည့် နတ်ဆိုးများနှင့် လူသန်းပေါင်းများစွာ ကိုးကွယ်နေသည့် ဧရာမ သစ်ပင်ကြီးတို့ ကဲ့သို့ အံ့ဩဖွယ်ရာ အရာအမျိုးမျိုးကို တွေ့မြင်ခဲ့ရသည်။
ရေငွေ့တို့ဖြင့် စိုထိုင်းနေသည့် လှိုင်ဂူ တစ်ခုအတွင်း မိုးသက်မုန်တိုင်းထံမှ ပုန်းရှောင်နေစဉ်တွင် ဝူယု၏ ဘဝမှာ ရုတ်တရက် မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့သည်။ မိုးရေထဲမှ တစ်စုံတစ်ရာက ခေါ်ဆိုနေသကဲ့သို့ သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လာခဲ့သည်။
ဝူယု သေခြင်းတရားကို မထိတ်လန့်တော့ပဲ အအေးဒဏ်ကို အံတုကာ၊ အရိုးများ အတွင်း ရှိသမျှ ခွန်အားနှင့် စိတ်ခံစားမှု၏ ခေါ်ဆောင်ရာကို ထွက်လာခဲ့သည်။ ထို့နောက်... စိုစွတ်နေသည့် မြေကြီးထဲတွင် မြှုပ်နှံထားသော ကျမ်းစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။
တစ်နာရီမျှ ကြာအောင် လက်များကို အသုံးပြု၍ တူးဖော်ပြီးနောက် ဘာသာစကားကို နားမလည်သော်လည်း မျက်နှာဖုံးပေါ်ရှိ စာလုံးများကို ဖတ်နိုင်ခဲ့သည်။
၎င်းက“မဟာ ဧကရာဇ် ကျမ်းစာ” ဟု ရေးသားထား၏။
ထိုနေ့မှ စ၍ သူ၏ဘဝမှာ ပြောင်းလဲသွားခဲ့သည်။ ထိုနေ့မှ စ၍ ကျင့်ကြံခြင်း လောကမှာ သူ့အတွက် အမှန်တကယ် ပွင့်လာခဲ့သည်။ သူ၏ သွေးမျိုးဆက် အတွင်း ပုန်းအောင်းနေသည့် အလားအလာများကိုပါ တွေ့ရှိခဲ့ကာ အင်ပါယာ ကောင်းကင် စွမ်းအားနှင့် အတူ ဧကရာဇ် တစ်ပါး၏ ခရီးလမ်းကို စတင်ကာ လျှောက်လှမ်းခဲ့လေသည်။
နောက်ပိုင်းတွင် ဝူယုမှာ လူငယ်တစ်ဦး၊ ကျောက်တုံးမှ မွေးဖွားလာသည့် ကလေးပေါက်စန အရွယ် နတ်ဆိုးလေး တစ်ကောင်နှင့် မုန်းတီးမှုကို မျက်လုံးများ အတွင်းတွင် ဖုံးကွယ်ထားသည့် လူလတ်ပိုင်း တစ်ယောက်တို့ကို တွေ့ဆုံခဲ့သည်။ အစပိုင်း၌ ဝူယုမှာ သူတို့ အားလုံးကို သတ်ကာ ပိုင်ဆိုင်မှုများကို သိမ်းယူ၍ ဆက်လက် ခရီးနှင်ဖို့ ရည်ရွယ်ခဲ့သည်။
သို့သော်လည်း လူလတ်ပိုင်း၊ နတ်ဆိုးတို့နှင့် နာရီပေါင်းများစွာ ယှဉ်ပြိုင် တိုက်ခိုက်ပြီးနောက်တွင် သူ့ဘဝကို နောက်တစ်ဖန် ပြောင်းလဲစေမည့် ဖိတ်ခေါ်ချက် တစ်ခုကို လက်ခံရရှိခဲ့သည်။
နောက်ပိုင်း ဇာတ်လမ်းကတော့ လူသိများသည်။ လူငယ်မှာ ထာဝရ ဧကရာဇ်ပင် ဖြစ်ပေသည်။ ကလေးငယ် အရွယ် နတ်ဆိုးကတော့ အသူရာ နတ်ဆိုး တောင်တန်း သခင် ဖြစ်ကာ၊ အသက်လူကတော့ ဆန်းကြယ်ဘုရင် ဟန်ရှဲ့ပင် ဖြစ်လေ၏။
ဤသို့နှင့် ရာစုနှစ်များစွာ ကြာမြင့် သွားခဲ့သည်။ အကြောင်းအရာ များစွာမှာလည်း ဖြစ်ပျက် သွားခဲ့သည်။ သူတို့ လေးယောက်မှာ ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ကာ ကိုယ်ပိုင် နယ်မြေများကို တည်ထောင်ခဲ့ကြသည်။ ၎င်းကို ကာကွယ်ကာ တိုးတက် ကြီးပွားအောင် လုပ်ဆောင်ခဲ့ကြသည်။
သို့သော်လည်း... ဝူယုမှာ သူ၏ မူလဇစ်မြစ်က မည်သည့် နေရာမှ ဖြစ်သည်၊ မဟာ ဧကရာဇ် ကျမ်းစာကို မည်ကဲ့သို့ တွေ့ရှိခဲ့သည်၊ လူပေါင်းများစွာထဲကမှ သူ့အား အဘယ်ကြောင့် ရွေးချယ်ခဲ့သည်တို့ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပါချေ။ ထိုအရာ အားလုံးကို ကံကြမ္မာ၏ အလှည့်အပြောင်း တစ်ခုဟုသာ သူ လက်ခံခဲ့သည်။ မဟာ ဧကရာဇ်ဘွဲ့နှင့် ထိုက်တန်သည့် လူတစ်ယောက် ဖြစ်ရန် အတွက်သာ ကြိုးစားခဲ့သည်။ သူ ပြည်နယ် တစ်ခုကို တည်ဆောက်ခဲ့သည်။ အောင်မြင်ခဲ့သည်။
ထို့နောက် နိုင်ငံတစ်နိုင်ငံ...။
အင်ပါယာ တစ်ခု...။
ဤသို့နှင့် နှစ်ကာလများ ကြာမြင့်ပြီးနောက် ဝူယုတို့မှာ ကုန်းမြေတိုက်ကြီး ပေါ်တွင် ပုံမှန် မဟုတ်သည့် ရှားပါး မျိုးနွယ်စု တစ်ခုကို ရှာတွေ့ခဲ့သည်။
အယ်ဗန်မျိုးနွယ်...
သူတို့က အမြဲတမ်း ကြွက်များ ကဲ့သို့ ပုန်းအောင်းနေကာ မထင်မရှား ဘဝကို နှစ်ခြိုက်ကြပုံ ရသည်။ သို့သော်လည်း ထာဝရ ဧကရာဇ်မှာ သူတို့၏ တည်ရှိမှုကို စိတ်ဝင်စားခဲ့သည်။ ဤသည်ကပင် သူတို့ အတွက် အကြီးမားဆုံးသော ကံကောင်းခြင်း ဖြစ်လာခဲ့သည်။
ထိုမျိုးနွယ်စုတွင် မင်းသမီးလေး တစ်ပါး ရှိသည်။ သူမက အမျိုးမျိုးသော နယ်ပယ်များ အထူးသဖြင့် ကျင့်ကြံခြင်းနှင့် တီထွင်မှုတို့တွင် မွေးရာပါ ပြိုင်စံရှား အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ မကြာခင်မှာပင် သူမမှာလည်း သူတို့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့သည်။
ဤသို့နှင့် သူတို့ အဖွဲ့မှာ ပိုမို ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံခြင်း တာအိုနှင့် အဂ္ဂိ တာအို၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ဖို့ ပူးပေါင်းခဲ့သည်။ တစ်ဦးတည်း လုပ်ဆောင်ရန် ခက်ခဲမည့် အရာများကို အတူတကွ ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။
နှစ်ပေါင်းတစ်ထောင် ခန့်ကြာပြီးနောက် ဝူယု၊ အသူရာ နတ်ဆိုး တောင်တန်း သခင်၊ ဟန်ရှဲ့နှင့် အထွတ်အမြတ် အယ်ဗန် ဧကရီတို့မှာ လျှို့ဝှက် တာအို အတွင်း ခြေချနိုင်ခဲ့ပြီး ဖြစ်သည်။ ထာဝရ ဧကရာဇ် တစ်ယောက်သာလျှင် ကြယ်တာရာ အမြုတေ အဆင့်ရှစ်တွင် သောင်တင် နေခဲ့သည်။ သက်တမ်းက ကုန်ဆုံးရန် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်လေရာ နည်းလမ်း တစ်ခု ရှာဖွေရန် ပိုမို အဆင့်မြင့်သည့် ကျင့်ကြံခြင်း လောက တစ်ခုကို ထွက်ခွာဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ ဝူယုကတော့ ကျန်နေခဲ့ရန်သာ ရွေးချယ်ခဲ့သည်။
အခြားလူများနှင့် ခြားနားစွာပင် ဝူယုမှာ ကိုယ့်ရေ၊ ကိုယ့်မြေနှင့် နောက်လိုက်နောက်ပါများကို အလွန် တွယ်တာသူ ဖြစ်သည်။ ဤသို့နှင့် ထာဝရ ကြယ်တာရာ နယ်မြေတွင် အင်ပါယာ တစ်ခုကို သူ ထူထောင်ခဲ့သည်။ သို့သော်လည်း ကြာရှည် မစံမြန်းရလိုက်။ တတိယမြောက် ခြေချခြင်းတွင် ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရသည်။ ပြီးပြည့်စုံခြင်း မရှိသည့် ဝိညာဉ် တစ်ကောင် အနေဖြင့် ဆက်လက် ရှင်သန်ခဲ့ရသည်။
နှစ်ထောင်ပေါင်းများစွာသော ကာလများ အတွင်း၌ ဝူယုမှာ သူ့ကိုယ်သူ ပြန်လည် အသက်သွင်းရန် အတွက် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း လက်ကျန် စွမ်းအင် မြောက်များစွာ ကုန်ဆုံး သွားခဲ့သည်သာ အဖတ်တင်ခဲ့ပေသည်။ ဤသို့နှင့် ခြေကုန်လက်ပမ်း ကျကာ နှစ်ပေါင်း မရေမတွက်နိုင်အောင် အိပ်မောကျ သွားခဲ့သည်။
လူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည် အထိ...။
.....
“ဟား... ဟား... ဟား...”
ထျန်းတိုက်ကျုံးက နန်းမြို့တော် တစ်ခုလုံး တုန်ခါသွားသည် အထိ အားရပါးရပင် အော်ဟစ် ရယ်မောလိုက်လေ၏။
“သူက တော်တော် တည့်တိုးဆန်တာပဲ... ဟုတ်တယ်မလား...”
နတ်ဘုရား အင်ပါယာက သူ၏ ပင်ပန်း နွမ်းနယ်နေသော အရိုးများကို ဆန့်လိုက်သည်။ နှစ်ထောင်ပေါင်းများစွာ မလှုပ်ရှားခဲ့ရသကဲ့သို့ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာ၏။ ထိုအသုံးများမှာ မိုးကြိုးများ ထစ်ချုန်း သကဲ့သို့ ကျယ်လောင်လွန်းလှကာ ပတ်ဝန်းကျင်ရှိ အမတေ၊ စွမ်းအင်နှင့် မန်နာများကိုပင် ဖျက်ဆီး ချေမှုန်း ပစ်လိုက်သည်။
ဝူယုမှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ အတွင်း အနက်ရှိုင်းဆုံး နေရာမှ အားနည်းမှုကို ခံစားလိုက်ရသည်။ သူ၏ ဖြူရော်နေသော မျက်နှာမှာ ပို၍ ဖြူဖျော့ လာခဲ့၏။ သို့သော်လည်း သူက ဆက်လက် ပြုံးနေဆဲ ဖြစ်သည်။
“ကျုပ်ရဲ့ အရှင်က ခင်ဗျားလို မဟုတ်ဘူး... သူက တစ်ခုခုကို လုပ်ဖို့ ဘယ်တော့မှ သူရဲဘောကြောင် မနေဘူး... သူ ကျုပ်ကို ပြောဖူးတာ တစ်ခု ရှိတယ်... ဆန္ဒရှိရင် လုပ်လိုက်... ဒါပဲ”
ထျန်းတိုက်ကျုံး၏ မျက်ခုံးများက အံ့အားသင့်စွာ မြင့်တက်သွား၏။ ၎င်းက နှစ်ထောင်ပေါင်း များစွာ နတ်ဘုရား အင်ပါယာ တစ်ခါမှ မဖော်ပြခဲ့ဖူးသည့် အမူရာ တစ်ခု ဖြစ်သည်။ ထို့နောက် သူက ဝူယု စကားထဲမှ စော်ကားမော်ကား ပြုမှုကို လုံးဝ ဂရုမစိုက်ပဲ ရယ်မောလိုက်သည်။
“ငါ အဲဒါကို သဘောမကျဘူးလို့တော့ မပြောနိုင်ပါဘူးလေ...”
ထို့နောက် သူ၏ ပျက်စီးသွားသည့် ရာဇပလ္လင်၏ အပိုင်းအစများကို ငုံ့ကြည့်လိုက်သည်။ ထိုပလ္လင်မှာ လောကတစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် ပြိုင်စံရှား ဘုန်းတန်ခိုး အာနုဘော်ကို ကိုယ်စားပြုခဲ့ပေသည်။
ကုဋေကုဋာပေါင်း များစွာသော လူများ၏ မနာလိုမှုကို ခံကောင်း ခံခဲ့ရနိုင်သည်။
သို့သော်လည်း... အဆိုပါ အထွတ်အထိပ် နေရာ၌ သူ ခံစားခဲ့ရသော ဆင်းရဲဒုက္ခကို မည်သူ သိနိုင်ပါမည်နည်း။ ၎င်းမှ ယူဆောင်လာသည့် ကျိန်စာကို မည်သူ နားလည်နိုင်မည်နည်း။
ကြီးကျယ် ခမ်းနားလှသည့် ကောင်းကင် နန်းတော် ဟုတ်သလော...
ဘာအဓိပ္ပာယ် ရှိလို့နည်း။
***