← Chapters

ချိပ်ပိတ်နယ်မြေ၏ လျှို့ဝှက်ချက်

Vol. 113 Ch. 1570

ချိပ်ပိတ်နယ်မြေ၏ လျှို့ဝှက်ချက်

Vol. 113 Ch. 1570

ထျန်းတိုက်ကျုံးက ဝူယုကို နောက်တစ်ဖန် ကြည့်လိုက်သည်။ သူ၏ ဟေဇယ်ရွှေရောင် မျက်လုံးများမှာ စိတ်ရှုပ်ထွေးသည့် အငွေ့အသက် တစ်ချို့ဖြင့် ရစ်သိုင်းနေ၏။

“ဒါပေမဲ့ မင်းရဲ့ အရှင်သာ ငါ ရည်ရွယ်ထားသလို စစ်ကြေညာခဲ့ရင်... ငါ့ နန်းတော်ကို ကျူးကျော်ခဲ့ရင် ငါ့ဘာသာလည်း လုပ်နိုင်ခဲ့မှာပဲ... အချိန် နည်းနည်းတော့ ယူရမှာပေါ့လေ... ဟူး... ငါ့ရဲ့ နှစ်ပေါင်းများစွာ အချိန်တွေကို လူငယ်လေးတစ်ယောက်ရဲ့ စိတ်မရှည်မှုကြောင့် ဆုံးရှုံးလိုက်ရသလို ခံစားရတယ်...”

ဝူယုမှာ ဖြူရော်နေသည့် မျက်နှာဖြင့်ပင် ဆက်လက်၍ မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။ သူက ထျန်းတိုက်ကျုံးကို ကြည့်ရင်း ခေါင်းခါလိုက်၏။

“အဓိပ္ပာယ် မရှိဘူး...”

“မင်းပြောတာလည်း မမှားပါဘူး... ဒါတောင်မှ...”

နတ်ဘုရား အင်ပါယာက ပြုံးရယ်ရင်း သက်ပြင်းချလိုက်သည်။ သူ၏ အင်ပါယာ တစ်ပါး၏ လွှမ်းမိုးနိုင်စွမ်းနှင့် ဆွဲဆောင်မှုတို့ကို နောက်တစ်ကြိမ် ပြန်လည် ထုတ်ဖော်လိုက်သော်လည်း ဤတစ်ကြိမ်က ပိုမို ပေါ့ပေါ့ပါးပါးကာ လွတ်လပ်သည်ဟု ခံစားရသည်။

“ဒါပေမဲ့ မင်း ဘယ်လို လုပ်လိုက်တာလဲ...”

ထျန်းတိုက်ကျုံးက မျက်ခုံးပင့်ရင်း မေးလိုက်၏။ သူ စိတ်ဝင်စားမှုကို ဆက်လက် ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ ဝူယုက ထိုမျှ ဆိုးရွားလှသည့် ပလ္လင်ကို မည်ကဲ့သို့ ဖျက်ဆီးပစ်ခဲ့ကြောင်း သူ သိလိုနေခဲ့သည်။

အဘယ်ကြောင့်နည်း။ ခွန်အားကို အစွမ်းကုန် တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အသက် အင်အားကို လောင်ကြွမ်းထားသည့် လောကရှန့်ထို တစ်ပါးသည်ပင် ၎င်းကို ဖျက်ဆီးပစ်နိုင်မှာ မဟုတ်သောကြောင့်ပင်ဓ။

“အဲဒါကို မပြောခင်....”

ဝူယုက စူးစမ်းလိုစိတ်များကို ထိန်းချုပ်လိုက်ရင်း ဝေ့ဝူယင်၏ အမိန့်အတိုင်း အလျင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ခင်ဗျား သူနဲ့ အခုချက်ချင်း ကွာရှင်းရမယ်... သင့်လျော်ပြီး လက်ခံလို့ ရတဲ့ နည်းလမ်းတစ်ခုကို ခင်ဗျားဘာသာ ရှာပါ”

ထျန်းတိုက်ကျုံး၏ မျက်ခုံးတစ်ဖက်မှာ အနည်းငယ် မြင့်တက်လာ၏။ ထို့နောက် ဖြည်းဖြည်းချင်း တွန့်ချိုးလာကာ အဆုံးသတ်တွင်တော့ စဉ်းစားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ဝူယု၏ စကားက မပြီးဆုံးသေးချေ။

“မင်း လောကဂိုဏ်းတွေ၊ နိုဘယ်ကလန်တွေ၊ နောက်ပြီး အခြား လျှို့ဝှက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတဲ့ ကတိသစ္စာအားလုံးကို အချင်းချင်း သဘောတူညီမှုနဲ့ အဆုံးသတ်ရမယ်...”

ထျန်းတိုက်ကျုံးသည် မှေးမှိန်စွာ ပြုံးလိုက်၏။

“သူ့ဘာသာ သူ လုပ်လို့မရဘူးလား...”

“...”

ဝူယုမှာ တိတ်ဆိတ်နေ၏။ ထိုတောင်းဆိုမှုက မည်မျှ မလိုအပ်ကြောင်း ပြောဆိုနေသည့် အလား ထျန်းတိုက်ကျုံးက ခေါင်းခါလိုက်သည်။

တစ်ခဏ ကြာပြီးနောက် ဝူယုက ဆက်ပြောလိုက်၏။

“ကျုပ် အရာအားလုံးကို သိချင်တယ်... ဘာတစ်ခုမှ ဖုံးကွယ်ထားတာမျိုး မလိုချင်ဘူး...”

“...”

ထျန်းတိုက်ကျုံး၏ မျက်နှာ အမူအရာက တဖြည်းဖြည်း ပြန်လည်၍ ပြောင်းလဲသွား၏။ သူက ချိပ်ပိတ်နယ်မြေ တစ်ခုလုံး ကိုးကွယ်ခြင်းကို ခံရသည့် နတ်ဘုရား အင်ပါယာအဖြစ်သို့ ပြန်ရောက်သွားသည်။

“မင်းတကယ် သိချင်တာ သေချာလား...”

၎င်းက သတိပေးချက်တစ်ခုလိုပင် ဖြစ်၏။ အကယ်၍ အကြောင်းအရာ အားလုံးကို သိရှိပြီးပါက လူတစ်ဦး၏ အမှန်တရားတစ်ခုလုံး အပေါ် ရှုမြင်ပုံမှာ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

“အင်း... အမှန်တရား အားလုံးပဲ...”

ဝူယုက တုံ့ဆိုင်းခြင်းမရှိဘဲ ဆိုလိုက်လေ၏။ နတ်ဘုရား အင်ပါယာက ဝူယုကို လေးနက်သော မျက်လုံးများနှင့် စိုက်ကြည့်လိုက်လေသည်။

“ဒါဆိုလည်း နားထောင်...”

ထျန်းတိုက်ကျုံး၏ အသံထဲ၌ လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအား တစ်ချို့ ပါဝင်နေပုံ ရကာ ဝူယု၏ အာရုံများကို မသိလိုက်ခင်မှာပင် စုစည်း ရယူသွားခဲ့သည်။

အာရုဏ်ဦး မဟာ သူရဲကောင်း၏ မျက်နှာကတေ့ ဆက်လက်၍ ဖြူရော်နေဆဲ ဖြစ်သည်။ လျှို့ဝှက်‌ မြေကြီးအဆင့် ပြန်လည် အားဖြည့်ရေး ဆေးလုံးကို သူ ဖြည်းညင်းစွာ စုပ်ယူနေခဲ့သော်လည်း ၎င်းကို အာရုံစိုက် သန့်စင်ရန် သူ့အတွက် အချိန် သီးသန့် မရှိပါချေ။ သို့စေကာမူ... သူ့ မျက်နှာထက်၌ တိုးတက်မှု လက္ခဏာ တစ်ချို့တော့ ရှိလာပေသည်။

သာမည အာဏာ အဆင့် ရှိသည့် ဖျက်ဆီးခြင်း စွမ်းအားနှင့် မူလ အော်ရာတို့ကို ကိုင်တွယ်ရခြင်းမှာ မြေကြီး ရှန့်ထို တစ်ယောက်၏ အကန့်အသတ်ထက် များစွာ ကျော်လွန်နေပေသည်။ မည်မျှ ပင်ပန်း နွမ်းနယ်ရသည်ကို သူ တစ်ဦးတည်းသာ သိပေသည်။

ထျန်းတိုက်ကျုံးက စတင်၍ ပြောလိုက်၏။

“ငါ မင်းကို ဘာမှ မသိသေးတဲ့ လူတစ်ယောက် လို့ သတ်မှတ်ထားတယ်... ဒါကြောင့် ဘယ်လိုမေးခွန်းမျိုးကိုမှ မေးဖို့ တွန့်ဆုတ် မနေနဲ့... ကဲ အစကနေ စလိုက်ရအောင်”

ဝူယု ခေါင်းညိတ်လိုက်သည်။ သူက တကယ့်ကို ဘာမှ မသိသေးသည့်သူ တစ်ယောက် ဖြစ်သည်။ ဝေ့ဝူယင်က သူ့ကို ထိုတာဝန် ပေးအပ်ခြင်း မပြုမီ နတ်ဘုရား အင်ပါယာမှာ မြင်ရသလောက် ရိုးရှင်းသူ တစ်ယောက် မဟုတ်ကြောင်း၊ ကမ္ဘာလောကနှင့် ပတ်သက်၍ သူ သိရှိရန် ကြိုးပမ်းခဲ့သည့် အချက်အလက်များ၊ သူ တွေ့ဆုံခဲ့သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နောက်ကွယ်မှ လျှို့ဝှက် အင်အားစုများ အရ အမှန်တရားက အားလုံး သိရှိထားကြသည်နှင့် ဝေးကွာကြောင်း သတိပေးခဲ့ဖူးသည်။ သို့သော်လည်း နတ်ဘုရား အင်ပါယာမှာ အခြား မည်သူထက် မဆို ပိုမို၍ သိရှိနိုင်သူ ဖြစ်ပေသည်။

အဘယ်ကြောင့်နည်း။ သူက သတ်ဖြတ်ခြင်း မခံခဲ့ရပဲ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသောကြောင့်ပင်။ ထိုအချက်က များစွာ စကားပြောပေသည်။

“ငါတို့ အားလုံးက အဇူရာမူလ လို့ ခေါ်တဲ့ ကြယ်စင်စုမှာ တည်ရှိကြတယ်... အဇူရာ မူလ ဂလက်စီ နယ်မြေလို့လည်း ခေါ်ဆိုကြတယ်... ဂလက်စီ နယ်မြေ ဆိုတာက မရေမတွက်နိုင်လေက်အောင် များပြားလှတဲ့ နေကြယ်တွေ၊ သန်းပေါင်း ထောင်နဲ့သောင်းနဲ့ချီတဲ့ ကြယ်ကွင်းပြင်တွေ စုပေါင်းထားတဲ့ အရမ်းကို အပြောကျယ်လွန်းတဲ့ နေရာကြီး တစ်ခုပေါ့”

“ဂလက်စီ နယ်မြေ တစ်ခုရဲ့ အရွယ်အစားကို သာမန် စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ခဲတယ်... ဒါပေမဲ့ ငါတို့ရဲ့ မဟာစက်ဝန်း ကြယ်ကွင်းပြင်က အဲဒီ နယ်မြေကြီးရဲ့ ယှဉ်ရင် ဂြိုဟ်ကြီး တစ်ခုပေါ်က ပုရွက်ဆိတ် တစ်ကောင်လောက်ပဲ အရွယ်အစား ရှိတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီလောက်တုန်းက အဇူရာ ဂလက်စီ နယ်မြေကို နဂါးမျိုးနွယ်ရဲ့ ကျောင်းတစ်ပါးက အုပ်စိုးခဲ့တယ်... အဲဒီသတ္တဝါကြီးရဲ့ အဇူရာ အကြေးခွံ တစ်ခုချင်းစီမှာ ကြယ်တာရာ နယ်မြေတွေ ရှိတယ်လို့တောင် ဆိုခဲ့ကြတယ်... အဲဒီ သတ္တဝါကြီးဟာ အရမ်းကို ဘုန်းတန်ခိုး ကြီးမားပြီး အစစ်အမှန် တန်ခိုးရှင် ဘဝကိုတောင် ရောက်လုနီးပါးပဲ တဲ့”

“ဒါပေမဲ့ မသေမျိုး ဘဝကို ရှာဖွေရင်း... ကောင်းကင်တွေလို ထာဝရ တည်မြဲအောင် ကြိုးပမ်းရင်း အဲဒီ ကောင်ကြီးဟာ ဂလက်စီ တစ်ခုလုံးကို တုန်လှုပ်စေတဲ့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်...”

ဒုန်း...ဒုန်း... ဒုန်း...

ဝူယု၏ နှလုံးသားမှာ ထိုအပိုင်းလေးမျှကို ကြားရုံဖြင့်ပင် အရှိန်ပြင်းစွာဖြင့် တုန်ရီနေခဲ့ပြီ ဖြစ်သည်။ သူ ဝေ့ဝူယင်ထံမှ အဇူရာ မူလ ကြယ်စင်စု အကြောင်းကို ကြားဖူးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ကြီးမြတ်သော သမိုင်းကြောင်းကိုတော့ လုံးဝမသိခဲ့ချေ။

ကျောင်းလုံ...

ထိုအရာက အဘယ်နည်း။ ထန်ဂူလို သတ္တဝါကြီးလော။ ပုံမှန် သားရဲ တစ်ကောင်လော။ သို့မဟုတ် ပုံမှန် ကျင့်ကြံသူများ နှင့်မတူသည့် တည်ရှိမှု တစ်ခုလား။

ထျန်းတိုက်ကျုံးမှာ ဝူယုထံမှ အံ့ဩမှုကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ထိုအကြောင်းအရာ အားလုံးကို ပထမဆုံးအကြိမ် ကြားသိခဲ့ရတုန်းက သူ ခံစားခဲ့ရသည့် တုန်လှုပ်မှုများကို ယခုတိုင် မှတ်မိနေဆဲ ဖြစ်သည်။

“ဒါပေမဲ့ ကပ်ဘေးကို ရင်ဆိုင်ဖို့ ကျရှုံးခဲ့ပြီး သူ သေဆုံးသွားခဲ့တယ်... သူ့ရဲ့ နောက်ဆုံး ထွက်သက်မှာ အဇူရာ မူလ ကြယ်စင်စု တစ်လျှောက်လုံး ရောင်ခြည်နဲ့ ထွန်းလင်းစေမယ့် ဘုရားသခင်လို ကြယ်တစ်စင်းကို မွေးဖွားပေးခဲ့တယ်... အဲဒီ ကြယ်ကြီးဟာ တခြား ကြယ်တာရာတွေ အားလုံးကို မှေးမှိန်စေပြီး အဆုံးမရှိ ခမ်းနားထည်ဝါတဲ့ ရောင်ခြည်တွေကို ထုတ်လွှတ်ပေးခဲ့တယ်.... အဲဒီခေတ်က ကျင့်ကြံသူ တွေက သူတို့ နေထိုင်နေတဲ့ ခေတ်ကို ကြယ်တစ်လုံး ကြယ်တာရာခေတ် လို့ နာမည်ပေးခဲ့ကြတယ်”

“...”

ဝူယု၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ ကြယ်တစ်လုံး ကြယ်တာရာခေတ်... ဝေ့ဝူယင်သည်လည်း ထိုအကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ ထိုကြီးကျယ် ခမ်းနားသည့် ခေတ်တွင် ကောင်းကင်ဘုံကို ဆန့်ကျင်သည့် အဂ္ဂိရတ် ထုတ်ကုန်တစ်ခု မွေးဖွားလာခဲ့ဖူးသည်ဟု ဆိုသည်။ သို့သော်လည်း... ဝေ့ဝူယင်က သူ့ကို အများကြီး မတွေးစေလိုသည့်ပုံစံဖြင့် အသေးစိတ်တော့ ပြောပြခြင်း မရှိပါချေ။

ဝူယု၏ တုန့်ပြန်မှုများကို အကဲခတ်လိုက်ရင်း ထျန်းတိုက်ကျုံး၏ အတွေးများမှာ လှုပ်ရှားလာခဲ့၏။ သူ၏ ထင်မြင်ယူဆချက် တစ်ချို့က ထိုအခိုက်အတန့်တွင် ခိုင်မာသွားသကဲ့သို့ပင်။

“ဒီခေတ်ကနေ ထူးခြားတဲ့ မျိုးနွယ်တွေ အနန္တ တိုင်အောင် မွေးဖွားလာခဲ့တယ်... ဒါပေမဲ့ အများစုကတော့ အရေးမပါဘူး... သုံးယောက်ပဲ၊ သုံးယောက်တည်းပဲ... သူတို့က တည်ရှိမှုတွေ အားလုံးထက် ထူးခြားထင်ရှားခဲ့တယ်”

“အာဏာရှင် အင်ပါယာကြီး သုံးပါးလား...”

ဝူယုက ရုတ်တရက် မေးလိုက်၏။ ထျန်းတိုက်ကျုံးက ဝူယုကို ကြည့်လိုက်ရင်း တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်သည်။

“အင်း... လူသား အင်ပါယာ၊ တိုက်တန် အင်ပါယာ နဲ့ ကောင်းကင်မျိုးနွယ် အင်ပါယာတို့ပဲ... သူတို့ဟာ သာမန်မြေမှုန့်တွေကနေ သူ့တို့ကိုယ် သူတို့ ထွင်းထုရင်း ခေတ်ကာလ သမိုင်းတစ်လျှောက် တစ်ခါမှ မကြာဖူးခဲ့တဲ့ အဆင့်တွေ အထိ ရောက်ခဲ့ကြတယ်”

“အာဏာရှင် အင်ပါယာတွေက ဘယ်ကျင့်ကြံခြင်း အဆင့်တွေ အထိ ရောက်ခဲ့ကြတာလဲ”

ဝူယုက တည့်တိုးပင် မေးလိုက်၏။ ကြယ်ကွင်းပြင် တစ်ခု၏ ခေတ်တစ်ခေတ်ကို အောင်နိုင်ခဲ့သည့် မဟာ သူရဲကောင်း တစ်ဦးအနေဖြင့် သူ၏ စူးစမ်းလိုစိတ်မှာ အလွန်ပင် ပြင်းထန် နေခဲ့ပြီ ဖြစ်သည်။ ၎င်းက ခရီးဆက်ရန် ပန်းတိုင် တစ်ခုကို တွေ့လိုက်ရသလိုပင်။

သို့သော်လည်း... ထျန်းတိုက်ကျုံးမှာ ထိုမေးခွန်းကို မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။

“အဲဒီတုန်းက သူတို့ဟာ လျှို့ဝှက် အာဏာရှင် အဆင့်ရဲ့ အာဏာရှင် ရှန့်ထို အဆင့် မှာ ရှိခဲ့ကြတယ်... ဒါကြောင့် အဲဒီခေတ်သူ ခေတ်သားတွေဟာ သူတို့ကို အာဏာရှင် အင်ပါယာတွေလို့ ရည်ညွှန်းခဲ့ကြတာ... အာဏာရှင် ရှန့်ထိုတွေဟာ သူတို့လက်ထဲမှာ လျှို့ဝှက် တာအို ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ကိုင်စွဲထားနိုင်တယ်လို့ ဆိုကြတယ်... ဒါကြောင့် သူတို့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုဟာ အလွန် ကျယ်ပြန့်ပြီး ဘယ်သူမှ မယှဉ်နိုင်ခဲ့ဘူး... မဟာ စက်ဝန်းကြယ်ကွင်းပြင်မှာ ငါ ထျန်းတိုက်ကျုံး စပေါ်ထွန်းလာခဲ့တုန်းကလိုပဲ”

နတ်ဘုရား အင်ပါယာ၏ လေသံက ဂုဏ်ယူမှု၊ မာနတရားတို့နှင့် လွှမ်းခြုံနေခဲ့လေသည်။

***

All Chapters