← Chapters

ချိပ်ပိတ်နယ်မြေ၏ လျှို့ဝှက်ချက်(၃)

Vol. 113 Ch. 1572

ချိပ်ပိတ်နယ်မြေ၏ လျှို့ဝှက်ချက်(၃)

Vol. 113 Ch. 1572

ထျန်းတိုက်ကျုံးက ဆက်ပြောလိုက်၏။

“မှတ်တမ်းတွေကတော့ နတ်ဆိုးကို စတုတ္ထမြောက် အင်ပါယာ... ကျောင်းကိုးပါး နတ်ဆိုး အင်ပါယာ... ခေတ်ဖျက်သူ စသည်ဖြင့် ရည်ညွှန်းကြတယ်...”

“နောက်ဆုံးမှာတော့ အာဏာရှင် အင်ပါယာတွေဟာ နတ်ဆိုး အင်ပါယာကို တည်နေရာ တစ်ခုထဲမှာ ပိတ်ပစ်လိုက်နိုင်ကြတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်းကျော်လောက်မှာပေါ့... ဒါပေမဲ့ အင်ပါယာ တွေရဲ့ နယ်မြေအများအပြား... အထူးသဖြင့် တိုက်တန် အင်ပါယာရဲ့ နယ်မြေက ညက်ညက်ကြေ ကျန်ခဲ့တယ်... သူက ဘာကြောင့် ဒီလို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ရသလဲ ဆိုတာတော့ ဘယ်သူမှ မသိကြဘူး... ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါဟာ နှစ်ပေါင်း ရှစ်သောင်းကြာပြီတဲ့ အထိ ဖျောက်ဖျက်လို့ မရတဲ့ အမှတ်အသားတွေ ကျန်နေသေးတဲ့ ကပ်ဘေးကြီး တစ်ခုလို့ ဆိုကြတယ်”

ထျန်းတိုက်ကျုံးသည် အသေးစိတ်အချက်အလက်များစွာကို ကျော်လိုက်သော်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်ပါချေ။ သူ အမှန်တကယ် မသိခဲ့ခြင်း ဖြစ်ပေသည်။ ဝူယုအား ပြောပြနေသည့် အကြောင်းအရာများကိုပင် မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည့် ဘိုး‌ဘေး မှတ်တမ်းများထဲတွင် သူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဝူယု မျက်မှောင်ကြုတ်လိုက်၏။ သူ့ထံတွင် သိလိုသည့် အကြောင်းအရာများစွာ ရှိပေသေးသည်။ နတ်ဆိုး အင်ပါယာမှာ နှစ်ပေါင်း လေးသောင်းကြာအောင် မည်ကဲ့သို့ သောင်းကြမ်းခဲ့သနည်း။ တိုက်တန် အင်ပါယာနှင့် တိုက်တန် မျိုးနွယ်တို့က နှစ်ပေါင်းများစွာ ကြာအောင် နတ်ဆိုးကို မည်ကဲ့သို့ ချိပ်ပိတ် နိုင်ခဲ့သနည်း။ သူ မည်ကဲ့သို့ လွတ်မြောက်သွားခဲ့သနည်း။

ထို့အပြင်... အာဏာရှင် အင်ပါယာ သုံးပါးလုံးကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခဲ့သည့် တည်ရှိမှုမှာ အဘယ်ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်သောင်းလောက်က ရုတ်တရက် ချိပ်ပိတ်ခံခဲ့ရသနည်း။

ဝူယု မဆိုင်းမတွပင် ထိုမေးခွန်းများကို မေးခဲ့၏။ သို့သော်လည်း သူ ရရှိခဲ့သည့် အဖြေများမှာ မသေချာ မရေရာသည့် အကြောင်းအရာများသာ ဖြစ်သည်။ အတိအကျ အသေးစိတ်ကို ဖော်ပြဖို့ မလုံလောက်ခဲ့ပါ‌ချေ။

နောက်ဆုံး၌ ဝူယု၏ အမူအရာက ပြောင်းလဲသွားကာ မျက်မှောင်ကြုတ်လိုက်၏။

“နတ်ဆိုး အင်ပါယာက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်းကျော်လောက်က ချိပ်ပိတ် ခံခဲ့ရတာ ဆိုတော့... အဲဒါက...”

ထျန်းတိုက်ကျုံးက ထိုအခိုက်အတန့်၊ ဝူယုထံမှ ထိုမေးခွန်းကို စောင့်ဆိုင်းနေပုံရသည်။ သူက ခေါင်းညိတ်လိုက်ရင်း...

“ဟုတ်တယ်... ငါတို့ နေထိုင်နေတဲ့ ချိပ်ပိတ်ခံ နယ်မြေက သူ အပိတ်ခံထားရတဲ့ နေရာပဲ”

“...”

ဝူယု၏ နှလုံးသားမှာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ ခုန်လာခဲ့၏။ ဝေ့ဝူယင်က ချိပ်ပိတ်နယ်မြေများ အတွင်း တစ်စုံတစ်ရာမှာ လှည့်လည်နေကြောင်း၊ ၎င်းနှင့် ထိတွေ့ခဲ့ပြီး နောက်ကွယ်တွင် အစီအစဉ်အမျိုးမျိုးကိုပင် ချမှတ်ခဲ့ရကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ သို့သော်လည်း... ၎င်းမှာ အာဏာရှင် အင်ပါယာသုံးပါးနှင့် တန်းတူသည့် တည်ရှိမှု တစ်ခု၊ ကောင်းကင်နှင့် ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့ပြီး မအောင်မြင်ခဲ့သည့် ကျောင်း၏ အကြေးခွံ များမှ မွေးဖွားလာခဲ့သော မဟာ နတ်ဆိုး တစ်ပါးဖြစ်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။

“ချိပ်ပိတ်နယ်မြေက အကျဉ်းထောင်...”

ဝူယုက သူ သဘောပေါက်လိုက်သည့် အမှတ်တရားကို ပြောတော့မလို ပြင်လိုက်သော်လည်း ထျန်းတိုက်ကျုံးက ကြားဖြတ် ဝင်ပြောလိုက်သည်။

“အကျဉ်းထောင် မဟုတ်ဘူး”

“ဟမ်...”

ဝူယု အံ့အားသင့်သွားခဲ့၏။ ၎င်းက မည်ကဲ့သို့ အကျဉ်းထောင် တစ်ခု မဟုတ်မည်နည်း။ ထျန်းတိုက်ကျုံး၏ တွေဝေမှုက နောက်တစ်ဖန် ပြန်လည် ပေါ်လာခဲ့၏။

“ငါတို့ အခု သိထားကြတဲ့ ချိပ်ပိတ်နယ်မြေ၊ မေ့လျော့ခံ နယ်မြေ ဆယ့်ရှစ်ခု အကြောင်း ရေးသားထားတဲ့ ဘိုးဘေး မှတ်တမ်းတွေထဲမှာ စာကြောင်း တစ်ခုကို ထပ်တလဲလဲ ရေးသားထားတယ်... အဲဒါက...”

ထျန်းတိုက်ကျုံးက ခဏမျှ ရပ်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။

“အဲဒီနေ့မှာ ဘုတ်တစ်ခုကို လေးယောက်က ဖန်တီးပြီး ကစားခဲ့တယ်... သော့ကိုတော့ ကံကြမ္မာ ဆယ့်နှစ်ပါး ရဲ့ ချန်ပီယံတွေ ပိုင်တယ် တဲ့”

၎င်းမှာ နိမိတ်တဘောင် သဘောကို ဆောင်သည့် ကောက်နုတ်ချက်တစ်ခု ကဲ့သို့ ဖော်ပြထားသည့် စာကြောင်း တစ်ကြောင်း ဖြစ်သည်။

“ဟမ်...”

ဝူယု တစ်ယောက် စိတ်ရှုပ်ထွေး သွားခဲ့၏။

ဘုတ်တစ်ခု...

လူလေးယောက်က စကားတယ်...

ကံကြမ္မာ ဆယ့်နှစ်ပါး

သူ ထိုစကားလုံးများကို လျှင်မြန်စွာ ချိတ်ဆက်လိုက်သည်။ ထို့နောက် တုန့်ဆိုင်းစွာပင် မေးလိုက်၏။

“ချိပ်ပိတ်နယ်မြေက ကျားခုံ တစ်ခုလို့ ခင်ဗျား ပြောချင်တာလား... လူလေးယောက်က ကစားနေတဲ့ ကစားပွဲ တစ်ခု...”

“...”

ထျန်းတိုက်ကျုံးမှာ ခဏမျှ တိတ်ဆိတ်သွားကာ စဉ်းစားနေခဲ့၏။ လေထု အတွင်း၌ ဖိအားများက ပိုမို၍ တိုးလာသယောင် ထင်ရသည်။

“ဟုတ်တယ်... အဲဒါက သေချာတယ်”

နောက်ဆုံး၌ သူက ဆိုလိုက်၏။ နတ်ဘုရား အင်ပါယာ၏ လေသံက အကြွင်းမဲ့ ခိုင်မာခြင်းများနှင့် ပြည့်နှက်လို့ နေသည်။

“သေချာတယ်...”

ဝူယု မျက်မှောင်ကြုတ် လိုက်မိသည်။ ထျန်းတိုက်ကျုံးက အဘယ်ကြောင့် ထိုမျှ သေချာနေခဲ့ရသည်ကို သူ နားမလည်နိုင်ချေ။

“အကြောင်းပြချက် လိုချင်တာလား... တိတိကျကျ အကြောင်းပြချက် တစ်ခု...”

ထျန်းတိုက်ကျုံးက ရယ်မောလိုက်၏။ နတ်ဘုရား အင်ပါယာ တစ်ပါး၏ အရှိန်အဝါက သိသိသာသာပင် လျော့ကျသွားကာ ထိုနေရာတွင် အကူအညီ ကင်းမဲ့မှုများက အစားထိုးလာခဲ့သည်။

“ဘာလို့လဲဆိုတော့ ငါ ထျန်းတိုက်ကျုံးဟာ အဲဒီဘုတ်ပေါ်က အကွက် တစ်ခု... နယ်ရုပ် တစ်ခု ဖြစ်နေလို့ပဲ”

“...”

“မင်းလည်း အတူတူပဲ”

ထျန်းတိုက်ကျုံးက ဝူယု၏ မျက်လုံးများကို စိုက်ကြည့်လိုက်ကာ ဖော်ပြလို့ မရနိုင်သည့် ရိုးသားမှ် ရောင်ခြည်များကို ထုတ်လွှတ်လိုက်သည်။ ထိုအချိန်၌ ထျန်းတိုက်ကျုံး၏ ဝိညာဉ်ကို ဖတ်ရှုရမည်ဆိုလျှင်ပင် သူက အကြွင်းမဲ့၊ မငြင်းပယ် နိုင်သည့် အမှန်တရားကို ပြောပြနေကြောင်း သံသယ ဖြစ်ဖွယ် မရှိပါချေ။

“...”

ဝူယု တစ်ယောက် အနည်းငယ် တုန်လှုပ် သွားခဲ့၏။ သို့သော်လည်း... ထျန်းတိုက်ကျုံးက တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလိုက်သည်။

“အခု မင်းမှာ အခြေခံ အသိတစ်ခု ရှိပြီဆိုတော့ မင်းသိချင်တာကို ငါပြောပြနိုင်ပြီ”

ဝူယု၏ အတွေးများ အားလုံးမှာ လုံးဝ ရှုပ်ထွေး နေခဲ့သည်။ ဥက္ကာခဲများက စိတ်ကို အဆက်မပြတ် ပစ်ခတ်နေ သကဲ့သို့ ခံစားရကာ အချက်အလက်သစ်များ အားလုံးကို နားလည်ရန် တဖြည်းဖြည်း ကြိုးစား နေရသည်။ သို့သော်လည်း... နတ်ဘုရား အင်ပါယာ၏ နောက်ထပ် စကားလုံးများက သူ၏ ရှုပ်ထွေးနေသည့် စိတ်အစဉ် တစ်ခုလုံးကို နောက်တစ်ဖန် ပြန်လည် အာရုံစိုက် လာစေခဲ့သည်။

“ငါတို့ နှစ်ယောက်ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေနဲ့ စွမ်းအားတွေက ဘာကြောင့် ဆင်တူနေရသလဲ ဆိုတာ ငါ မင်းကို ပြောပြနိုင်တယ်... မင်းနဲ့ ငါက ဘယ်သူတွေလဲ... ကစားသမား လေးယောက်ရဲ့ ဒီမဟာဘုတ်ပေါ်မှာ ငါတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောပြနိုင်တယ်... အရာအားလုံးရဲ့ အမှန်တရား ကို ငါပြောပြနိုင်တယ်”

***

All Chapters