အဆုံးမဲ့ ကောင်းကင်နှင့် အတိတ်
Vol. 113 Ch. 1573
အာရုဏ်ဦး မဟာ သူရဲကောင်း နှင့် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ တို့၏ စကားဝိုင်းမှာ တဖြည်းဖြည်းနှင့် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ အတိတ် နှင့်ပတ်သက်နေသည့် အချက်အလက်ပေါင်း များစွာကို သိရှိပြီးနောက်၌ ဝူယုမှာ သူ၏ မူလအစ၊ မျိုးရိုးတို့နှင့် ပတ်သက်နေသည့် အမှန်တရားများမှာ လောကကြီး တစ်ခုလုံးကို တုန်လှုပ်စေနိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း... ကျောင်းကိုးပါး နတ်ဆိုး အင်ပါယာ၊ အာဏာရှင် အင်ပါယာ သုံးပါးနှင့် ချိပ်ပိတ် နယ်မြေများ ဟူသော မဟာဘုတ်ကြီးနှင့် သူ၏ မျိုးရိုး တို့ကို မည်သည့်အရာက ဆက်စပ်ပေးနိုင်မည်နည်း။
သူက မည်သူနည်း။... အမှန်တကယ် မည်သူဖြစ်သည်နည်း။
နတ်ဘုရား အင်ပါယာမှာ နန်းတော်၏ တောင်ဘက်နံရံကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက အာကာသနှင့် အချိန် အလွှာပေါင်း များစွာကို ထိုးဖောက်သွားသကဲ့သို့ ထင်ရသည်။ တစ်ခဏ ကြာပြီး နောက်၌... သူက အသက်ကို ပေါ့ပေါ့ပါးပါး ရှူထုတ်လိုက်၏။ ထို့နောက်တွင်တော့... အမျိုးမျိုးသော ခံစားချက်များ ရောနှောနေသည့် မှေးမှိန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အစပိုင်းမှာတော့ မင်းရဲ့ မူလအစကို ငါ တိတိကျကျ နားမလည်ခဲ့ဘူး... ဒါပေမဲ့ မင်းရဲ့ တိုက်ခိုက်ပုံတွေရဲ့ မင်းကျင့်ကြံတဲ့ နည်းလမ်းတွေကို လေ့လာပြီးတဲ့နောက်မှာ ငါ့စိတ်ထဲ အမှန်တရား တစ်ခုကို ယုံကြည်လာခဲ့တယ်”
ထျန်းတိုက်ကျုံးက သူပြောပြမည့် အရာအားလုံးမှာ သူ ‘ယုံကြည်ထားသည့်’ အမှန်တရားများသာ ဖြစ်ကြောင်း ကြိုတင် သတိပေးလိုက်ခြင်း ဖြစ်သည်။ လက်တွေ့နှင့် သူ၏ ယုံကြည်ချက်များ ကြားတွင် ကွဲလွဲမှုများ ရှိနိုင်သော်လည်း အဓိကအကြောင်းအရာများကတော့ လုံးဝ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိသည်။
ထျန်းတိုက်ကျုံးမှာ ထိုအကြောင်းအရာကို အတည်ပြုရန် အတွက်ပင် ထျန်းဝေလုံတို့ သုံးယောက်ကို ဝူယုထံ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
နတ်ဘုရား အင်ပါယာ သည် အမျိုးမျိုးသော အကြံအစည်များ၊ လျှို့ဝှက်နည်းဗျူဟာ များဖြင့် ပြည့်နေသူ တစ်ဦး ဖြစ်သည်။ ၎င်းမှာ ဖမ်းဆီးခံရမှုကြောင့် ဖြစ်ပေါ်လာသည့် စရိုက်လက္ခဏာ တစ်ခုဖြစ်ပြီး ယခင် ဒဏ္ဍာရီများတွင် ထိုပုဂ္ဂိုလ်ကြီးမှာ လွှမ်းမိုးချုပ်ကိုင်ပြီး တည့်တိုးဆန်သည်ဟု ဖော်ပြထားသည်။ သူက မည်သူမျှ မတားဆီးနိုင်သည့် အရှိန်အဟုန်နှင့် အတူ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို သိမ်းပိုက်ခဲ့သူ ဖြစ်သည်။
ထျန်းတိုက်ကျုံးက ဝူယုကို ကြည့်လိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ မဟာ ဧကရာဇ် ကျမ်းစာကို ဆင့်ခေါ်လိုက်သည်။ ထူထဲ လေးလံလှသည့် ကျမ်းစာအုပ်မှာ ပြီး ထူးခြားသည့် အရှိန်အဝါ တစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်းမှာ ဧကရာဇ် နှစ်ပါး၏ ရှေ့တွင် တိတ်တဆိတ်ပင် ပျံဝဲနေ၏။
ဝူယု၏ မျက်လုံးများက လွမ်းဆွတ်မှုများဖြင့် ပြည့်နှက် သွားခဲ့သည်။ မဟာ ဧကရာဇ် ကျမ်းစာမှာ လောက၌ အကြီးကျယ် အခမ်းနားဆုံးသော ကျင့်ကြံခြင်း နည်းလမ်း ဖြစ်သည်ဟု သူ ခံစားခဲ့ရသည့် အချိန်များကိုပင် ပြန်လည် သတိရလိုက်မိသည်။ သို့သော်လည်း... ဝေ့ဝူယင်က ပိုမို ကြီးကျယ် ခမ်းနားသည့် လောကနှင့် မိုးကုပ်စက်ဝိုင်းတို့ အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး နောက်တွင်တော့ သူ၏ အမြင်များမှာ များစွာ ပြောင်းလဲ သွားခဲ့ပေသည်။
“အာဏာရှင် အင်ပါယာ သုံးပါးက အဇူး မူလ ဂလက်ဆီနယ်မြေရဲ့ အဆင့်မြင့် မျိုးနွယ်သုံးခုကို အုပ်စိုးတယ်... လူသား အင်ပါယာကို ချုံကုန်း အင်ပါယာလို့ ခေါ်တယ်.... တိုက်တန် အင်ပါယာကိုတော့ ငရဲနေမီးတောက် အင်ပါယာ လို့ခေါ်တယ်... ကောင်းကင်မျိုးနွယ် အင်ပါယာကတော့ စကြဝဠာ အင်ပါယာပေါ့လေ”
ထျန်းတိုက်ကျုံး ထိုနာမည်များကို ရေရွတ်လိုက်သော အခိုက်၌ လောက အတွင်း မမြင်နိုင်သည့် လှိုင်းများ ဖြစ်ပေါ်လာသည်ကို ဝူယု ခံစားလိုက်မိသည်။ သူ၏ လျှို့ဝှက် ဝိညာဉ် အတွင်းရှိ အထွတ်အမြတ် ကောင်းကင် လောက သင်္ကေတမှာ တုန့်ပြန်လာသည့် အလား အနည်းငယ်ပင် တုန်ခါသွားခဲ့၏။
အာဏာရှင် အင်ပါယာများ နှင့် ပြင်ပကမ္ဘာ အကြောင်း ဝေ့ဝူယင်နှင့် စကားဝိုင်းကိုပင် သူ ပြန်လည် အမှတ်ရလိုက်မိသည်။ ထိုစကားဝိုင်းတွင် သူ အာဏာရှင် အင်ပါယာ သုံးပါးနှင့် သူတို့၏ တာအို ဘွဲ့များကို မေးမြန်းခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင်က ရိုးရိုးရှင်းရှင်းပင် ခေါင်းခါကာ တည်ကြည်သည့် အမူအရာနှင့် သတိပေးခဲ့သည်။
“နာမည်တွေမှာ စွမ်းအား တွေရှိတယ်... ကျုပ်လို သေမျိုး တစ်ယောက်က ပေါ့ပေါ့ပါးပါး ပြောလို့ မရဘူး... သင့်တော်တဲ့အချိန်ကျရင် ခင်ဗျား သိလာလိမ့်မယ်...”
သို့သော်လည်း နတ်ဘုရား အင်ပါယာကတော့ သူတို့၏ နာမည်များအား ထုတ်ဖော် ပြောဆိုရခြင်းကို ဂရုမစိုက်သည့်ပုံ ရသည်။ သူက တည်ငြိမ်စွာပင် စကားဆက်လိုက်လေ၏။
“ပြောကြတဲ့ အတိုင်းသာ အမှန်ဆိုရင် ကျောင်းကိုးပါး အင်ပါယာ အပါအဝင် အာဏာရှင် အင်ပါယာ လေးပါးက ချိပ်ပိတ်နယ်မြေကို မဟာဘုတ် တစ်ခုလို သုံးပြီး နှစ်ပေါင်း သောင်းချီကြာတဲ့ ကျားကစားပွဲ တစ်ခုကို ကစားနေကြတယ်.... သူတို့ရဲ့ ရည်ရွယ်ချက်က...”
“...”
ဝူယု...။
“လွတ်မြောက်ဖို့”
နတ်ဘုရား အင်ပါယာက ခိုင်မာစွာ ပြောလိုက်လေ၏။
“လွတ်မြောက်ဖို့ ဟုတ်လား”
ဝူယု မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်တယ်... လွတ်မြောက်ဖို့”
နတ်ဘုရား အင်ပါယာက ခေါင်းညိတ်ရင်း အလေးအနက် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်းလောက်က နတ်ဆိုး အင်ပါယာဟာ ငရဲနေမီးတောက် အင်ပါယာ ရဲ့ နယ်မြေမှာ ပိတ်ပစ်ခံလိုက်ရတယ်... မှတ်တမ်းတွေ အရ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံး ပျက်စီးသွားတယ်လို့ ဆိုထားပေမဲ့ တကယ်တမ်းမှာပေါ့ နေကြယ်တွေ၊ ကုန်းမြေတိုက်ကြီး တွေ၊ ဂြိုဟ် တွေနဲ့ ထူးခြားတဲ့ နေရာတွေက တစ်နည်းနည်းနဲ့ ဆက်ပြီး ရှိနေတုန်းပဲ...”
“ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုဟာ ဆက်လက်ပြီး ရှင်သန် ကြီးထွားနေခဲ့တယ်... အဲဒီလိုနဲ့ ချိပ်ပိတ်နယ်မြေရယ် ဆိုပြီး ဖြစ်လာခဲ့တယ်... ဒါပေမဲ့ ချိပ်ပိတ်နယ်မြေထဲမှာ နေထိုင်ကြတဲ့ သူတွေဟာ လူသားတွေ၊ တိုက်တန် တွေ၊ ကောင်းကင်မျိုးနွယ် တွေနဲ့ တခြား လူသားဆန်တဲ့ မျိုးနွယ် တွေရဲ့ လက္ခဏာတွေ မရှိနေခဲ့ဘူး... သူတို့တွေက သားရဲတွေ၊ နတ်ဆိုးတွေနဲ့ ဟင်းလင်းပြင်ကနေ မွေးဖွားလာတဲ့ ပုံမှန် မဟုတ်တဲ့ သက်ရှိတွေပဲ... ဖီးနစ်နဲ့ နဂါးတွေက သူတို့ထဲမှာ ထင်ရှားခဲ့တဲ့ သက်ရှိတွေပေါ့...”
“နောက်ဆုံးမှာတော့ လူသား တွေဟာ ရှင်းပြလို့မရတဲ့ နည်းလမ်းနဲ့ ရောက်ရှိလာခဲ့တယ်... သူတို့ဟာ သားရဲတွေရဲ့ ကမ္ဘာ ကို ကျင့်ကြံခြင်း နည်းလမ်းနဲ့ ယဉ်ကျေးမှု တွေ ယူဆောင်လာခဲ့တယ်... နယ်မြေ ဆယ့်ရှစ်ခုရဲ့ သမိုင်းကိုတော့ ငါ ထပ်ပြီး မပြောတော့ဘူး... ဒါပေမဲ့ ခေတ်ကာလတွေ အကြောင်းကိုတော့ မင်း သိထားသင့်တယ်...”
“လူသားတွေ ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ သားရဲတွေဟာ အတင်းအကြပ် နှင်ထုတ်ခံခဲ့ရတယ်... မျိုးတုန်းတဲ့ အထိ သတ်ဖြတ်တာတွေကိုလည်း ခံခဲ့ရတယ်... ငရဲနေမီးတောက် အင်ပါယာ ရဲ့ နယ်မြေထဲမှာ တည်ရှိခဲ့ပြီးတော့ နဂါး မျိုးနွယ်တွေရဲ့ ဇာတိ ဖြစ်တဲ့ နဂါးငွေ့တန်း ကြယ်ကွင်းပြင်ဟာ သူတို့တွေ နှင်ထုတ်ခံခဲ့ရတဲ့ နယ်မြေတွေထဲက တစ်ခုပေါ့”
“အရင်တုန်းက မဟာစက်ဝန်း ကြယ်ကွင်းပြင်က ခုလောက် မကြီးဘူး... ဒါပေမဲ့ အပြောင်းအလဲ အမျိုးမျိုး ဖြစ်ပြီးတဲ့ နောက်မှာ လူသားတွေက ဗာမီလီယန်တွေရဲ့ မူလ နယ်မြေကိုပါ သိမ်းပိုက်ခဲ့တယ်... နဂါးတွေနဲ့ မတူတာက ဗာမီလီယန်တွေရဲ့ ခန္ဓကိုယ်နဲ့ နယ်မြေတွေက မီးဓာတ် ကျင့်ကြံသူတွေ အတွက် အဖိုး မဖြတ်နိုင်လောက်တောင် တန်ဖိုးရှိတာပဲ... ဒီလိုနဲ့ ပြင်းထန်တဲ့ စစ်ပွဲ တစ်ခု ဖြစ်ပေါ်လာပြီး မျိုးတုန်းတဲ့ အထိ အမဲလိုက် ခံခဲ့ရတယ်... အဲဒီ စစ်ပွဲမှာ ဗာမီလီယန်တွေတင် မကပဲ အခြား သားရဲတွေလည်း ပါဝင်ခဲ့တယ်”
“မူလ ခေါင်းစဉ်ကို ပြန်သွားရရင် ချိပ်ပိတ်နယ်မြေထဲကို လူသား တွေ ရောက်ရှိလာခဲ့တယ်... သူတို့ထဲမှာ အုပ်စိုးသူ မျိုးနွယ် ဖြစ်တဲ့ ထျန်းကလန်ရဲ့ မျိုးဆက်တွေပါ ပါလာခဲ့တယ်”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။
ထျန်းကလန် လား...။
သူက နတ်ဘုရား အင်ပါယာကို သံသယဖြင့် ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်က ကြယ်ကွင်းပြင်၏ သမိုင်းကြောင်းကို ဝါဒဖြန့်ချိရေး ဇာတ်လမ်းများဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းနေသည်လား။
ထျန်းတိုက်ကျုံးမှာ ဝူယု၏ သံသယစိတ်ကို သတိထားမိလေရာ အနည်းငယ် ပြုံးလိုက်သည်။
“မင်းကို မပြောခဲ့ဘူးလား... ငါတို့က နယ်ရုပ်လေးတွေလို့...”
ဝူယု၏ သံသယများမှာ ပိုမို၍ တိုးပွားလာခဲ့၏။ ထျန်းတိုက်ကျုံးက အပြုံးမပျက်ပဲ မေးခွန်းထုတ်သကဲ့သို့ မေးလိုက်သည်။
“မင်း လျှို့ဝှက် ဉာဏ်အလင်း ရရှိခြင်းခေတ် အကြောင်းကို သိလား”
ဝူယု၏ မျက်လုံးများက တစ်စုံတစ်ခုကို သတိထားမိသွားဟန်ဖြင့် အနည်းငယ် ပြူးကျယ် သွားခဲ့သည်။ ထျန်းတိုက်ကျုံးက ဆက်လက်၍ ရှင်းပြလိုက်၏။
“ပထမဆုံး အင်ပါယာကလန် ဟာ နာမည်မဲ့ပဲ... သူတို့မှာ ‘အင်ပါယာကလန်’ လို့ပဲ ခေါ်တဲ့ ဘွဲ့ တစ်ခုပဲ ရှိတယ်... သူတို့ကို ချိပ်ပိတ်နယ်မြေရဲ့ ပထမဆုံး အုပ်စိုးရှင် တွေလို့ မကြာခဏ ရည်ညွှန်းကြတယ်... အဲဒီ အင်ပါယာ ကလန်ဟာ ဒီနေ့ခေတ်မှာ ငါတို့တွေ စံထားကြတဲ့ အစဉ်အလာတွေနဲ့ ယဉ်ကျေးမှုတွေရဲ့ အခြေခံအုတ်မြစ်ကို တည်ထောင်ခဲ့တယ်... ကံမကောင်းစွာနဲ့ပဲ အဲဒီ အချိန်တုန်းက ထျန်းကလန်ဟာ တာဝန်တစ်ခု ရှိပေမဲ့ ဖျက်ဆီးခံခဲ့ရတယ်”
“တာဝန် ဟုတ်လား...”
နတ်ဘုရား အင်ပါယာက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... လောကကို စုစည်းဖို့... လူ့အဖွဲ့အစည်းရဲ့ ကျင့်ကြံခြင်းကို ကဏ္ဍပေါင်းစုံက မြှင့်တင်ဖို့... လွတ်မြောက်ဖို့ လုံလောက်တဲ့ ခွန်အားကို စုစည်းဖို့ တာဝန်ပဲ... တိုက်ရိုက်ပြောရရင် သူတို့ဟာ အာဏာရှင် အင်ပါယာတစ်ယောက်ရဲ့ ကိုယ်စားလှယ် တွေပဲ”
အာဏာရှင် အင်ပါယာ တစ်ယောက်ရဲ့ ကိုယ်စားလှယ်...။
“ထျန်းကလန်ကို ဘယ်အရာက ဖျက်ဆီးခဲ့တာလဲ မင်းသိလား...”
ထျန်းတိုက်ကျုံးက မေးလိုက်လေ၏။
***