အဆုံးမဲ့ ကောင်းကင်နှင့် အတိတ် (၂)
Vol. 113 Ch. 1574
“...”
ဝူယု၏ မျက်ခုံးများက တွန့်ချိုးသွားကာ နက်ရှိုင်းသည့် အတွေးများ အတွင်း နစ်မြုပ် သွားခဲ့သည်။ နတ်ဘုရား အင်ပါယာ ဦးတည်နေသည့် အရာကို သူ ခပ်ရေးရေး သဘောပေါက် နေခဲ့ပြီ ဖြစ်သည်။ ၎င်းအား အမိအရ ဆုပ်ကိုင်ဖို့ တစ်ခု လိုအပ်တော့သည်။
တစ်ခဏ ကြာပြီး နောက်တွင်တော့ ဆီအိုးထဲ မီးပွားကျ သကဲ့သို့ သူ့ မျက်လုံးများမှာ တောက်ပသည့် အလင်းတန်းများနှင့် ပြည့်နှက် လာခဲ့တော့သည်။
“ချိပ်ပိတ်နယ်မြေက မဟာဘုတ် တစ်ခု ဆိုရင် အာဏာရှင် အင်ပါယာ တစ်ပါးရဲ့ ကိုယ်စားလှယ် တစ်ဦးပဲ ဖြစ်ရမယ်... မဟုတ်မှ လွဲရော အစစ်အမှန် မွေးဖွားခြင်း လား”
ဝူယုက ခန့်မှန်းလိုက်၏။
“...”
ပထမဆုံးအကြိမ်အဖြစ် ထျန်းတိုက်ကျုံး၏ မျက်လုံးများထဲတွင် စစ်မှန်သည် အံ့အားသင့်ခြင်းများ ပေါ်ပေါက် လာခဲ့သည်။
ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူက ချီးကျူးဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“မင်းမှန်တယ်... အစစ်အမှန် မွေးဖွားခြင်းဟာ ကြယ်ကြွေစစ်ပွဲ ကို စတင်ခဲ့တယ်... နောက်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ထျန်းကလန်ကို နယ်ရုပ်တစ်ခုလိုမျိုး သုံးခဲ့တယ်... ချွတ်ယွင်းချက်တွေ ရှိနေတဲ့ ထျန်းကလန်ပေါ့”
ထျန်းတိုက်ကျုံးမှာ နောက်ဆုံး ဝါကျစွာ အထင်အမြန် သေးစွာဖြင့် ရေရွတ်လိုက်ခြင်း ဖြစ်သော်လည်း သနားသည့် အရိပ်အယောင် တစ်စွန်းတစ်စလည်း ပါဝင်နေသည်။
“ထျန်းကလန်နဲ့ အစစ်အမှန် မွေးဖွားခြင်းက ဘယ် အာဏာရှင် အင်ပါယာတွေနဲ့ သက်ဆိုင်နေတာလဲ”
ဝူယုက မေးလိုက်၏။ ထိုမေးခွန်းက သူ ထျန်းတိုက်ကျုံး၏ စကားကို လက်ခံလိုက်ကြောင်း ပြသနေပေသည်။ အစစ်အမှန် မွေးဖွားခြင်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ဆက်များကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကြောင်း သူ ဝေ့ဝူယင်ထံမှ ကြားခဲ့ဖူးသည်။ သူတို့က လွတ်မြောက်ဖို့ ကြိုးစားနေကြခြင်း ဖြစ်ပေသည်။
“အဲဒီအချိန်က ထျန်းကလန်ဟာ ချုံကုန်း အင်ပါယာ နဲ့ သက်ဆိုင်တယ်... အစစ်အမှန် မွေးဖွားခြင်းနဲ့ ပတ်သက်ပြီးတော့ ငါ အတိအကျတော့ မသိဘူး... ဒါပေမဲ့ ကောင်းကင်မျိုးနွယ် အင်ပါယာ ဖြစ်မယ်လို့ သံသယရှိတယ်”
ထျန်းတိုက်ကျုံးက ခဏမျှ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ကျင့်ကြံခြင်း လောက ဆက်လက် တိုးတက်လာတာနဲ့အမျှ ငါတို့ ကျင့်ကြံသူ တွေရဲ့ နည်းလမ်းတွေဟာ တိုးတက်လာသလို အစီအစဉ်တွေနဲ့ လှုပ်ရှားမှုတွေရဲ့ နယ်ပယ်လည်း တိုးတက်လာခဲ့တယ်”
ထျန်းတိုက်ကျုံး ဆက်ပြောတော့မလို့ ဟန်ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်က ကြားဖြတ် ဝင်ရောက်ကာ မေးလိုက်၏။
“ခဏလေး... ‘အဲဒီ’ အချိန်က ထျန်းကလန်ဟာ ချုံကုန်း အင်ပါယာ နဲ့ သက်ဆိုင်တယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်... ဒီနေ့ရဲ့ ထျန်းကလန်ကရော... နောက်ပြီး ခင်ဗျားကရော”
ထျန်းတိုက်ကျုံးက ခပ်ဖျော့ဖျော့သာ ပြုံးပြလိုက်၏။ သူက ထိုမေးခွန်းကို ဖြေဆိုမှာ မဟုတ်ကြောင်း ရှင်းလင်း နေပေသည်။
“မင်း အနေနဲ့ ခု ငါပြောမယ့် သမိုင်းကိုပဲ အာရုံစိုက်သင့်တယ်... ဝူကလန်ပေါ့လေ”
ဝူကလန်...
ထိုနာမည်ကို ကြားလိုက်ရသော အခိုက်၌ ဝူယု၏ နှလုံးသားက ရည်ရွယ်ချက် မရှိပဲ ကျုံ့သွားသလို ခံစား လိုက်ရသည်။
ဝူကလန်မှာ တစ်ချိန်တစ်ခါတုန်းက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို စုစည်းခဲ့သော အင်ပါယာ ကလန် တစ်ခုဖြစ်ကာ နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သို့သော်လည်း သူတို့မှာ အဆုံးမဲ့ ကောင်းကင် နေကြယ်ကြီးကို ဖန်တီးခဲ့သလို ယနေ့ခေတ်ထိ တည်မြဲသည့် ယဉ်ကျေးမှု အစဉ်အလာများနှင့် ကျင့်ဝတ်များကိုပါ ချမှတ်ခဲ့ကြသည်။
အဆုံးမဲ့ ကောင်းကင် ကြယ် ကို ဖန်တီးရန် အစီအစဉ်ကြီး အတွက် အသက်များစွာ စတေးခဲ့သည့် သူတို့၏ လုပ်ရပ်များကြောင့် နောက်ဆုံး၌ ပုန်ကန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် အချို့ကတော့ သူတို့ကို လေးစားခဲ့ပေသည်။ သူတို့က ချိပ်ပိတ်နယ်မြေ အတွင်း လျှို့ဝှက် လမ်းစဉ်ကို ယူဆောင်လာခဲ့သည့် ရှေ့ဆောင်လမ်းပြများ ဖြစ်ကြသည်။ တစ်ချို့သော သမိုင်းဆရာများက ဝူကလန်ကို ရဲရင့်ပြီး ကိုယ်ကျိုး မဖက်သည့် အင်အားစုဟု သတ်မှတ်ခဲ့ကြသည်။
“မူရင်းက မင်းရဲ့ မဟာ ဧကရာဇ် ကျမ်းစာလား ဒါမှမဟုတ် ငါ့ ထျန်းကလန် ရဲ့ အဆုံးမဲ့ ကောင်းကင် ကျမ်းစာ လား... မင်း ဘယ်လိုထင်လဲ...”
ထျန်းတိုက်ကျုံးက ဝူယုကို မေးလိုက်ရင်း လက်တစ်ဖက် ဝှေ့ယမ်းကာ မျက်နှာပြင်ထက်တွင် မန္တန်များ ထွင်းထုထားသည့် နောက်ထပ် ကျမ်းစာလိပ် တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ မဟာ ဧကရာဇ် ကျမ်းစာထက် အဆပေါင်း များစွာ သာလွန်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေကာ ပိုမို အဆင့်အတန်း မြင့်မားသည့် ပစ္စည်းတစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။
မဟာ သူရဲကောင်းမှာ ရုတ်တရက် တိတ်ဆိတ်သွား၏။ မူရင်း လား။ အရှိန်အဝါနှင့် ကွာခြားချက်များ အရဆိုလျှင် ထျန်းကလန်မှာ ပထမ ဖြစ်နိုင်သည်။ သို့သော်လည်း ၎င်းက မှန်ကန်မှု မရှိနိုင်ဟု သူ စိတ်ထဲမှ ဇွတ်ခံငြင်း နေမိသည်။
ထျန်းတိုက်ကျုံး၏ မျက်လုံးများမှာ တလက်လက် တောက်ပနေခဲ့၏။
“ငါတို့ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေကြားက ကွာခြားချက်ကို မင်းသိလား”
ယခုတစ်ကြိမ်တွင်တော့ ဝူယုက ခေါင်းညိတ်လိုက်၏။ ထျန်းဝေလုံနှင့် တိုက်ခိုက်ပြီးနောက်တွင် ကွာခြားချက် တစ်ချို့ကို သူ နားလည်ခဲ့ပြီး ဖြစ်သည်။
“ကျုပ်ရဲ့ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းက သွေးမျိုးဆက် စွမ်းအားကနေ ကျင့်ကြံတယ်... ခင်ဗျားတို့ ထျန်းကလန် နည်းလမ်းက ဝိညာဉ်ကနေ....”
ရုတ်တရက် ဝူယု ရပ်တန့် သွားခဲ့၏။ သူ့စိတ်အတွင်း အချက်အလက်ပေါင်း များစွာ စုစည်းလာသယောင် ခံစားလိုက်ရကာ အပိုင်းအစပေါင်း များစွာမှာ ပေါင်းစပ် သွားခဲ့၏။ မယုံကြည်နိုင်သည့် အငွေ့အသက်များက သူ့ မျက်ဝန်းများ အတွင်း လွှမ်းခြုံ လာခဲ့သည်။
“ဒါက... မဖြစ်နိုင်တာ...”
ဝူယု တစ်ယောက် စကားလုံးများပင် ထစ်အ နေခဲ့၏။ ထျန်းတိုက်ကျုံးက ဘာမှ ဝင်မပြောပဲ တိတ်တဆိတ်သာ စောင့်ဆိုင်း နေခဲ့သည်။ ဝူယု အရာအားလုံးကို ဆုပ်ကိုင်နိုင်ပြီဟု ထင်ရသော အခါတွင်မှ သူက ထိုသံသယများကို အတည်ပြုလိုက်လေသည်။
“မင်းရဲ့ ဝူကလန်... အတိတ်တုန်းက ထျန်းကလန် ဟာ...”
“နတ်ဆိုး အင်ပါယာ ဆီကို ကူးပြောင်းသွားခဲ့တယ်...”
ဝူယုက နတ်ဘုရား အင်ပါယာ စတင်ခဲ့သည့် စကားကို အဆုံးသတ်လိုက်၏။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ချုံကုန်း အင်ပါယာနှင့် တန်းတူ သို့မဟုတ် ထိုထက် ပိုမို၍ အဆင့်မြင့်သည့် ကျင့်ကြံသူ တစ်ဦးက ပြုပြင်မွမ်းမံခဲ့သည်။
ချိပ်ပိတ် နယ်မြေများ အတွင်းတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် တည်ရှိမှုက တစ်ခုတည်းသာ ရှိပေသည်။
ကျောင်းကိုးပါး နတ်ဆိုး အင်ပါယာ...
မူရင်း ထျန်းကလန်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်သောင်းနီးပါးက ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။ သူတို့ ပျောက်ကွယ်သွားခဲ့ပြီနောက် နှစ်သောင်းဂဏန်းမျှ အကြာတွင် ဝူကလန် အဖြစ် ပြန်လည် ထွန်းကားလာခဲ့သည်။ ပျောက်ဆုံးနေသည့် ကြားကာလများတွင် သူတို့မှာ နတ်ဆိုး အင်ပါယာထံသို့ ကူးပြောင်းသွားခဲ့ကာ သူ၏ နယ်ရုပ်များ ဖြစ်လာခဲ့သည်။
“မင်း အခု အမှန်တရား ကို သိသွားပြီ”
ထျန်းတိုက်ကျုံးက ပြောလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဝူယု ပိုင်ဆိုင်သည့် မဟာ ဧကရာဇ် ကျမ်းစာမှ လွဲ၍ ကျန်အရာ အားလုံးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက် ဝှေ့ယမ်းကာ ဝူယုဆီသို့ ပြန်လည် ပို့ဆောင်လိုက်၏။
ဝူယုက စဉ်းစားခြင်း မပြုပဲ မဟာ ဧကရာဇ် ကျမ်းစာကို ယူဆောင်လိုက်သည်။ သူ၏ အတွေးများကတော့ ရှုပ်ထွေးသည့် ခံစားချက်အမျိုးမျိုးဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ ကံကောင်းထောက်မစွာပင်... ဝူယုမှာ ဝေ့ဝူယင်ထံမှ များစွာသော အကြောင်းအရာများကို သိရှိထားခဲ့လေရာ ချိပ်ပိတ်နယ်မြေနှင့် ပတ်သက်၍ သူ့ ဗဟုသုတများက အခြားလူများထက် အဆပေါင်းများစွာ သာလွန်ပေသည်။
မည်သို့ပင် ဆိုစေ... နတ်ဘုရား အင်ပါယာထံမှ ရရှိလိုက်သည့် အချက်အလက်များမှာ လူတစ်ဦး၏ လောက အပေါ် အမြင်ကို ပြောင်းလဲပစ်နိုင်ရန်၊ ရည်ရွယ်ချက် အသစ်များ ထပ်မံ ဖြစ်တည်လာရန် လုံလောက်ပေသည်။ သို့သော်လည်း... ဝူယုမှာ သူ့ ရည်ရွယ်ချက် သူ သိသည်။ သူ့ တည်ရှိမှုကိုသူ သိပေသည်။
အာရုဏ်ဦး မဟာ သူရဲကောင်း...
ထိုအရာက သူ လျှောက်လှမ်းရမည့် လမ်းစဉ်ပင်။
မဟာဘုတ် အတွက်လား...
ဝေ့ဝူယင်မှာ မည်သူ တစ်ဦးတစ်ယောက်၏ နယ်ရုပ်မှ မဟုတ်သည်မှာ သေချာသည်။ နှစ်ပေါင်းများစွာ အတူတူ ရှိခဲ့ကြလေရာ ထိုအချက်ကို သူ အတည်ပြုနိုင်သည်။
ကျောင်းကိုးပါး နတ်ဆိုး အင်ပါယာနှင့် ပတ်သက်၍လည်း သူ့တွင် ထင်မြင်ချက် တစ်ခု ရှိသည်။ အကယ်၍ ထိုထင်မြင်ချက်သာ မှန်ကန်ပါက ဝေ့ဝူယင်မှာ ၎င်းနှင့် တိုက်ရိုက်ခဲ့ပြီးရုံမျှသာ မကပဲ အကျိုးအမြတ် အချို့ကိုပင် ယူဆောင်ခဲ့သည်။
မည်သိုပင် ဆိုစေ... သူ ထိုအချက်အလက်များကို ဝေ့ဝူယင်အား သတိပေးရဦးမည်။ အကယ်၍ သူ့ သွေးမျိုးဆက်ထဲတွင်သာ ကျောင်းကိုးပါး နတ်ဆိုး အင်ပါယာ၏ လွှမ်းမိုးမှုများ ရှိနေခဲ့ပါက ကျင့်ကြံခြင်း အဆင့်အတန်း တစ်ခုသို့ ရောက်ရှိပြီးနောက်တွင် နယ်ရုပ်တစ်ရုပ် အဖြစ် ခိုင်းစေခံရနိုင်ချေများ ရှိပေသည်။
ရုတ်တရက် ဝူယု၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ ထျန်းတိုက်ကျုံးကို စူးစမ်းဟန်ဖြင့် ကြည့်လိုက်သည်။ နတ်ဘုရား အင်ပါယာက ဝူယု ပြောလာမည့် အကြောင်းအရာကို ကြိုတင် ရိပ်စားမိသည့် အလား ပါးနပ် လိမ္မာစွာဖြင့် ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ငါတို့က အနေဝေးနေတဲ့ ဆွေမျိုး တွေလို့ ယူဆလို့ရတယ်... ဝေးတာမှ တော်တော့်ကို ဝေးတယ်... ဘယ်လောက်တောင် ဝေးသလဲ ဆိုရင် မင်းရဲ့ သွေးမျိုးဆက်က သိသိသာသာ ပြောင်းလဲ သွားပြီး မူလ ထျန်းကလန်ရဲ့ အဓိက စရိုက်လက္ခဏာ အချို့တောင် ပျောက်ဆုံးနေတယ်”
ထျန်းတိုက်ကျုံးက သူ၏ ဟေဇယ်ရွှေရောင် မျက်လုံးများကို လက်ညှိုးထိုးပြလိုက်သည်။ ထျန်းတို့၏ မျိုးရိုး သင်္ကေတကို ကိုယ်စားပြုနေသည့် ထိုအရောင်အဆင်းမှာ ကျင့်ကြံခြင်း နည်းလမ်း တစ်ခု၏ ဘေးထွက် ဆိုးကျိုးကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါချေ။ သွေးမျိုးဆက် သို့မဟုတ် ဝိညာဉ်ကို မပြောင်းလဲပဲ မျက်လုံး အရောင်ကို ပြောင်းလဲလို့ မရချေ။ ၎င်းက မွေးရာပါအမှတ်အသား၊ မျိုးရိုး ကို ကိုယ်စားပြုသည်ဟု ယူဆနိုင်သည်။
“မင်းရဲ့ အဆုံးမဲ့ ကောင်းကင် ကျမ်းစာ မှာ ချုံကုန်း အသွင်ပြောင်းလဲခြင်း ပါရှိတယ်... နောက်ပြီး ချုံကုန်း အင်ပါယာက…”
ဝူယုက ထျန်းတိုက်ကျုံးနှင့် ဆွေမျိုး တော်စပ်နေခြင်းကို လုံးဝဂရုမစိုက်ဘဲ အခြားအပိုင်းတစ်ခုကိုသာ အာရုံစိုက်လိုက်သည်။
၎င်းက မျိုးရိုးပင်။ နတ်ဘုရား အင်ပါယာမှာ ချုံကုန်း အင်ပါယာ နှင့် ဆက်စပ်မှုရှိနေသလော။
“မင်း မဟာဘုတ်ကနေ လွတ်မြောက်မှပဲ အဲဒါက အရေးပါလာလိမ့်မယ်...”
ထျန်းတိုက်ကျုံးသည် အဖြေကို ဖြေဆိုဖို့ ငြင်းဆန်လိုက်၏။ ဝူယု ဆက်လက် တွန်းအား မပေးပါချေ။ ကြည့်ရသည်က အဖြေမှ သူ မျှော်လင့်ထားသည်ထက် ရှုပ်ထွေးဖွယ်ရာ ရှိသည်။ ထို့အပြင်... ထျန်းတိုက်ကျုံး ရည်ညွှန်း ပြောဆိုခဲ့သည့် ‘အဲဒီ အချိန်က ထျန်းကလန်’ ဟုသော အသုံးအနှုန်းမှာ အလွန် နက်နဲသည့် အရာ တစ်ခု၏ အရိပ်အယောင် ဖြစ်နိုင်သည်ဟု ခံစားရသည်။
“အမှန်တရား နောက်တစ်ခု ကျန်နေတုန်းပဲ...”
ဝူယုက အတွေးများကို ခပ်မြန်မြန် ရုတ်သိမ်းရင်း ဆိုလိုက်၏။
***