နတ်ဘုရား အင်ပါယာ၏ နောက်ကြောင်း
Vol. 113 Ch. 1575
“အမှန်တရား နောက်တစ်ခု ကျန်နေတုန်းပဲ...”
ဝူယုက နတ်ဘုရား အင်ပါယာကို ကြည့်ရင်း ဆိုလိုက်၏။ သို့သော်လည်း ဤတစ်ကြိမ် သူ ရည်ညွှန်းလိုက်သည့် အမှန်တရားက ထျန်းကလန်း၏ အတိတ် မဟုတ်သလို သူ၏ မျိုးရိုးလည်း မဟုတ်ပါချေ။ ထျန်းတိုက်ကျုံး၏ ဒဏ္ဍာရီကိုသာ ရည်ညွှန်းလိုက်ခြင်း ဖြစ်ပေသည်။ အရေးအကြီးဆုံးက သူ ပိတ်မိ နေခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
“ဟုတ်သားပဲ...”
ထျန်းတိုက်ကျုံးက ခေါင်းကို လှည့်လိုက်ရင်း သူ ပိုင်ဆိုင်ခဲ့သည့် ရာဇပလ္လင် တစ်ဖြစ်လည်း အကျဉ်းထောင်၏ ကွဲပျက်သွားသော အပိုင်းအစများကို ကြည့်လိုက်သည်။
ဟေဇယ်ရွှေရောင် မျက်လုံးများမှာ ရှားရှားပါးပါး ရှက်ရွံ့သည့် အလင်းရောင် တစ်ချို့ကို ထုတ်ဖော်ပြသ လိုက်၏။ ငရဲပြည်မှ မီးတောင်များ သဖွယ် ပေါက်ကွဲနေသော ဒေါသများကိုတော့ ကောင်းစွာပင် ဖုံးကွယ်ထားသည်။ သို့သော်လည်း ထိုခံစားချက်များမှာ အလွန်နက်ရှိုင်းစွာ မြှုပ်နှံထားလေရာ ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
“အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုဟာ အတော်လေး ငယ်ရွယ်သေးပေမဲ့ အံ့ဩစရာကောင်းလောက်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရတယ်... သူဟာ ကောင်းကင် နန်းတော် ထဲကို ခြေတစ်လှမ်းတောင် မလှမ်းဖူးဘဲ ပလ္လင်ရဲ့ ရည်ရွယ်ချက်ကို သိနေခဲ့တယ်... ဒါ့အပြင် ရည်ရွယ်ချက်ကို အလုံးစုံ အောင်မြင်စေဖို့ အတွက် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲရဲ့ အလွှာ အမျိုးမျိုးနဲ့ ချိတ်ဆက်ထားတဲ့ လောကကိုပါ အသုံးချခဲ့တယ်.... တစ်ခါတစ်လေ ကျုပ် သူ့ကို သံသယတောင် ဝင်မိမယ်...”
ထျန်းတိုက်ကျုံး ထိုကဲ့သို့ တွေးသည်မှာ မထူးဆန်းချေ။ ဝေ့ဝူယင် အစစ်အမှန် မွေးဖွားခြင်းကို အောင်မြင်စွာ ရင်ဆိုင်ခဲ့ပုံကလည်း ချီးကျူး စရာ ကောင်းလွန်းသည်။ ထို့အပြင် ချိပ်ပိတ် နယ်မြေ၏ နောက်ဆုံးသော ချိပ်ဆက် တည်ရှိရာ နေရာတွင် ကိုယ်ပိုင် ကြယ်တာရာ နယ်မြေကို တည်ထောင်ခဲ့သည်။ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိသည့် မြေကြီး ရှန့်ထိုများစွာကိုလည်း ပိုင်ဆိုင်ထားသည်။ အဂ္ဂိရတ် ဝိညာဉ်ကို ကျင့်ကြံသည့် အပြင် တစ်ချိန်တည်း၌ တိုက်ခိုက်ရေး စွမ်းအားကိုလည်း ထိန်းသိမ်း ထားသေးသည်။
အစပိုင်း၌... ဝေ့ဝူယင်မှာ ပဉ္စမမြောက် ကစားသမားက စေလွှတ်လိုက်သည့် နယ်ရုပ် တစ်ခု ဖြစ်လိမ့်မည်ဟု ထျန်းတိုက်ကျုံး ထင်ခဲ့သေးသည်။ သို့သော်လည်း... ထိုကဲ့သို့ ဆိုလျှင် လူငယ်မှာ အဇူရာ မူလ ဂလက်စီ နယ်မြေနှင့် ချိပ်ပိတ်နယ်မြေတို့၏ သမိုင်းကြောင်းကို မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ဝူယု၏ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ထည့်သွင်းစဉ်းစားရပါက... ဝေ့ဝူယင်မှာ အချို့သော ဗဟုသုတ များကို ရှင်းရှင်းလင်းလင်း သိရှိနေသည်မှာ မှန်သော်လည်း အချို့ အခြေခံကျသော အရာများကို မသိရှိခြင်းက ထူးဆန်းသည်ဟု ခံစားရသည်။ ထျန်းတိုက်ကျုံး အတွေး မမှားပါချေ။ ဝေ့ဝူယင် လက်ရှိအချိန်ထိ သိရှိထားသမျှ အကြောင်းအရာများမှာ အခြားလူများ၏ မှတ်ဉာဏ်များနှင့် သူ ကိုယ်တိုင် ဖော်ထုတ်ထားသည့် သီအိုရီများမှ ဆင်းသက်လာခြင်းသာ ဖြစ်သည်။
ဥပမာအားဖြင့်... ရာဇပလ္လင်နှင့် အကျဉ်းချ ခံထားရသည့် ထျန်းတိုက်ကျုံး အကြောင်းကို ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲမှ သူ ရရှိခဲ့ခြင်း ဖြစ်သည်။ လျူယင်လန်းမှာ အဆိုပါ ချိပ်တံဆိပ် ခိုင်မာမှုနှင့် တည်ငြိမ်မှု ရှိစေဖို့ သူ့ကိုပင် တာဝန် ပေးအပ်ခဲ့သည်။
လျူယင်လန်းက သတ်ဖြတ်ရန် လာခဲ့သော အခါတွင် ထျန်းတိုက်ကျုံးမှာ သူ ပိတ်မိနေဆဲ ဖြစ်သည်ဟု ထင်အောင် လှဲ့ဖြားခဲ့ပုံ၊ လျူယင်လန်း၏ ကြိုးပမ်းမှုက မအောင်မြင်သည့် အပြင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပုံများကိုပင် ဝေ့ဝူယင် သိရှိထားခဲ့သည်။ သူတို့နှစ်ဦးကြားရှိ ရန်ငြိုးမှာ အလွန်ပင် ထူးခြားလှသည်။
ထျန်းတိုက်ကျုံးမှာ ရိုးရှင်းသူ တစ်ယောက် မဟုတ်ချေ။ သူက အင်ပါယာ ဥပဒေ မျိုးစေ့ ၉% အထိ ပျိုးထောင်ထားနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းက လောကရှန့်ထိုများပင်လျှင် တစ်သက်တာ မအောင်မြင်နိုင်သည့် အဆင့်အတန်းမျိုး ဖြစ်သည်။
“...”
ဝူယုက ထျန်းတိုက်ကျုံး ၏ မှတ်ချက်ကို ရုပ်ပိုင်းဆိုင်ရာ အရရော၊ နှုတ်ပိုင်းဆိုင်ရာ အရပါ မတုံ့ပြန်ခဲ့ချေ။ သို့သော်လည်း... သူ၏ အတွင်းစိတ်ကတော့ ထျန်းတိုက်ကျုံး၏ ထက်မြက်သော လေ့လာ နိုင်စွမ်းနှင့် ကောက်ချက်ချနိုင်စွမ်းများကြောင့် တုန်လှုပ်နေခဲ့သည်။
ဝေ့ဝူယင် ပြောပြခဲ့သလောက် ဆိုလျှင် ရာဇပလ္လင်၏ ချိပ်စည်းမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကျင်းပရာ နက်ရှိုင်းသည့် အာကာသ အလွှာ အတွင်း၌ တည်ရှိနေသည်။ ထို့ကြောင့်ပင် သူ ပြိုင်ပွဲကျင်းပချိန် အထိ စောင့်ဆိုင်းရသည်။
ချိပ်စည်းကို ထိုနေရာတွင် ထားရှိခြင်းမှာ ရည်ရွယ်ချက် ရှိရှိ ရွေးချယ်မှု တစ်ခု ဖြစ်ပေသည်။ အဘယ်ကြောင့်နည်း။ အသက်ငါးရာအောက် ကျင့်ကြံသူများမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရှိသောကြောင့် ဖြစ်သည်။ အလွှာကြားက လောကမှ လောကရှန့်ထိုများ ပင်လျှင် အတင်းအကြပ် ဝင်ရောက်၍ မရနိုင်ပါချေ။
ထျန်းတိုက်ကျုံးမှာ ပြင်ပကမ္ဘာမှ အကူအညီ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ၎င်းတို့က သူ့ကို လွတ်မြောက် စေနိုင်လိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်က ချိပ်တံဆိပ်ကို ဝင်ရောက် နှောက်ယှက်ခဲ့ပြီး နောက်တွင် ဝူယုကို ကောင်းကင် နန်းတော်သို့ စေလွှတ်ခဲ့သည်။ ထို့နောက် အိုမီဂါ ဓားစွမ်းနှင့် အင်ပါယာ ကောင်းကင် စွမ်းအားများကို အသုံးပြုကာ ချိပ်တံဆိပ်ကို ချိုးဖျက်နိုင်ခဲ့သည်။ ၎င်းက ထိုမျှ မရိုးရှင်းပါချေ။ အင်ပါယာ ပျက်သုဉ်းခြင်း သာမည ဥပဒေသများနှင့်လည်း ထပ်မံ မြှင့်တင်ထားပေသေးသည်။
“ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်... လွတ်လပ်ခြင်း ဆိုတဲ့ အရသာကို မခံစားရတာ အတော်ကြာပြီ... အတော့်ကို ကြာပြီ...”
ထျန်းတိုက်ကျုံက ရိုးရိုးသားသားပင် ပြောလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဝူယုနှင့် ဝေ့ဝူယင်တို့ကြောင့် သူ လွတ်မြောက်ခဲ့သည်ကတော့ အမှန်ပင်။
“အခု ကျေးဇူးဆပ်တဲ့ အနေနဲ့ ငါ့ရဲ့ ပုံပြင်ကို ပြောပြမယ်”
ထျန်းတိုက်ကျုံးက သူ၏ ပုံပြင်ကို စတင်ကာ ပြောလိုက်လေ၏။ စကားလုံးများက အရောင်အသွေး စုံလင်ကာ ရွေ့လျားနေသည့် ပုံရိပ်များ သဖွယ် သူ့ဘဝ အားလုံးကို ဖော်ပြလာခဲ့တော့သည်။
ဝူယုမှာ အာရုံစိုက်၍ နားထောင် နေခဲ့လေ၏။ အံ့ဩစရာ ကောင်းသည်မှာ ပုံပြင် ပြောပြနေစဉ် အတွင်း ဝူယု၏ မျက်နှာ အမူအရာမှာ သိသိသာသာပင် အကြိမ် အနည်းငယ် ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်သည်။ အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊ ဒေါသနှင့် ပျော်ရွှင်မှုတို့က အချိန်တစ်ခုနှင့် တစ်ခု ခြားနား၍ ပေါ်လာနေခဲ့သည်။
ထျန်းတိုက်ကျုံးမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၊ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အငြင်းပွားဖွယ် မရှိ အုပ်စိုးရှင် စသည့် ရာထူးများကို ပိုင်ဆိုင်ထားသော်လည်း ပုံပြင်ပြောခြင်းနှင့် ပတ်သက်၍လည်း ထူးခြားသော လက်ဆောင် တစ်ခုကို ပိုင်ဆိုင်ထားသည်။
သူ၏ ဇာတ်လမ်းထဲ၌ ထျန်းအင်ပါယာ၏ စဦးပိုင်း ခေတ်များ၊ အချိန်ကိုက် ပုန်ကန်မှု၊ အာကာသ ဝေဟင်ဂိုဏ်းနှင့် အလွှာအပြင်က လောကမှ နာမည်ကျော် ကလန် တစ်ခုတို့ အထိ ပါဝင်ပေသည်။ ပုံပြင်မှာ အလွန်ရှုပ်ထွေးခြင်း မရှိလှချေ။ အချိန်ကြာမြင့်ရသည့် အကြောင်းရင်းမှာ ထျန်းတိုက်ကျုံး ၏ အရောင်အသွေးစုံလင်ပြီး ထင်ရှားသည့် ဖော်ပြချက်များကြောင့်သာ ဖြစ်သည်။
၎င်းအား အရိုးရှင်းဆုံး ပုံစံဖြင့် ဖော်ပြရလျှင် ဤကဲ့သို့ ဖြစ်လေ၏။ ထျန်းတိုက်ကျုံးမှာ မည်သူမျှ မတားဆီးနိုင်သည့် အောင်နိုင်ခြင်း တည်းဟူသော သရဖူကို ဆောင်းပြီး နောက်တွင် သူ၏ တိုင်းပြည်ကို အကန့်အသတ်မဲ့သော အာဏာ၊ လွှမ်းမိုးမှုများနှင့် အုပ်ချုပ်ခဲ့သည်။ ထိုစဉ်ကာလက ထျန်းတိုက်ကျုံးမှာ ချိပ်ပိတ်နယ်မြေ၏ တစ်ဦးတည်းသော မြေကြီးရှန့်ထို ဖြစ်သည်။ ထို့နောက်... ထိုအခါက အာကာသ ဝေဟင်းဂိုဏ်းချုပ်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းက လျူယင်လန်း အာကာသ ဝေဟင်ဂိုဏ်းချုပ် မဖြစ်ခင် အချိန်လေးတွင် ဖြစ်ပေသည်။
ထိုစဉ်အခါက အာကာသ ဝေဟင်ဂိုဏ်းချုပ်မှာ သူတို့ နှစ်ဦးကြားတွင် သဘောတူညီချက်တစ်ခု ရရှိဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ထိုသဘောတူညီချက်မှာ လုံးဝ ညီညွှတ် မျှတခြင်း မရှိသည့် တစ်ဖက်စောင်းနင်း တောင်းဆိုမှုများ ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ အလွန်ပင် မာန်မာန ထောင်လွှားကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း နေထိုင်သူများကို ပညာမဲ့ ပိုးမွှားများ ကဲ့သို့ သဘောထားပုံ ရသည်။
သူ၏ စိတ်ထဲ၌ ထျန်းတိုက်ကျုံးသည်ပင် အခြားသူများ၏ သံစဉ် အတိုင်း ကခုန်နေသည့် အနည်းငယ် ပိုကြီးသော ပညာမဲ့ ပိုးမွှား တစ်ကောင်မျှသာ ဖြစ်သည်။ ထျန်းတိုက်ကျုံးမှာ ငယ်ဂုဏ်၊ အာဏာဂုဏ်တို့နှင့် အတူ ထိုကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။ မဟာမိတ်ဖွဲ့မှုကို ပယ်ချခဲ့သည်။ သူက သူတို့နှင့် ဝေးဝေးနေခဲ့သည်။ သို့သော်လည်း ထိုအရာကပင် အာကာသ ဝေဟင်ဂိုဏ်းချုပ် အတွက် စော်ကားမှု တစ်ခု ဖြစ်ခဲ့သည်။ သူ့ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
ထျန်းတိုက်ကျုံးမှာ နတ်ဘုရား အင်ပါယာ ဖြစ်လာပြီးနောက်တွင် သူ၏ ဒဏ္ဍာရီ ကို တရားဝင် တည်ထောင်ခဲ့သည်။ ထိုအချိန်က တော်ဝန်ကလန် များနှင့် လောကဂိုဏ်းကြီးများ အားလုံးမှာ သူ၏ အုပ်ချုပ်မှုနှင့် နာမည်တို့အောက်တွင် လက်အောက်ခံ အဖြစ် ဒူးထောက်ခဲ့ကြသည်။
သို့သော်လည်း ပုန်ကန်သည့် အတွေးများမှာ ဖိနှိပ်ရန် ခက်ခဲလှသည်။ လျူကလန်၏ ခေါင်းဆောင် ဘိုးဘေးမှာ ထျန်းတိုက်ကျုံး၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် အတွက် အာကာသ ဝေဟင်ဂိုဏ်းချုပ်နှင့် မဟာမိတ် ဖွဲ့ခဲ့သည်။ ထို့နောက် သူတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
သို့သော်လည်း နောက်ဆုံးတွင် ထျန်းတိုက်ကျုံးကသာ အနိုင်ရခဲ့သည်။ ပုန်ကန်မှုကို နှိမ်နင်းခဲ့ပြီး နောက်တွင် ထျန်းတိုက်ကျုံးမှာ ဒေါသကို ဖိနှိပ်ရန် ခက်ခဲလေရာ အာကာသ ဝေဟင်ဂိုဏ်းချုပ်ကို တိုက်ရိုက်ပင် သတ်ဖြတ်ပစ်ခဲ့သည်။
ကံဆိုးစွာပင် ထိုပုဂ္ဂိုလ်မှာ အလွှာအပြင်က လောကမှ လောကရှန့်ထို တစ်ပါး၏ ဆွေမျိုး ဖြစ်နေခဲ့သည်။ သူက ကျန်းကျဲ ကလန်၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။
လျူကလန် ဘိုးဘေးကို ဖိနှိပ်ပြီးနောက်တွင် လက်စားချေခြင်းမှာ အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ကျန်းကျဲ ကလန်မှာ အလွန် ထူးဆန်းသည့် ကောင်းကင် ရတနာ တစ်ခုကို အသုံးပြုကာ အာကာသ အလွှာများကို ထိုးဖောက် ဝင်ရောက်လာပြီး သူ့ကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် ရာဇပလ္လင်တွင်ပင် ချိပ်ပိတ် ပစ်ခဲ့သည်။ သူ၏ လွတ်လပ်မှုကို ဖိနှိပ်ခဲ့သည်။ အုပ်ချုပ်ရေး ယန္တရားကို ဖိအားပေးခဲ့သည်။ ထျန်းတိုက်ကျုံး ဆိုသည့် နာမည်ကို အရှက်ရစေခဲ့သည်။ ဤသို့ဖြင့် နတ်ဘုရား အင်ပါယာ၏ မည်သူမျှ မတားဆီးနိုင်သော အုပ်ချုပ်မှု ခေတ်တစ်ခေတ်မှာ အဆုံးသတ်သို့ ဦးတည်ခဲ့သည်။
“...”
အားလုံးကို ကြားသိပြီးနောက် ဝူယု၏ မျက်လုံးများမှာ လျှို့ဝှက်ဆန်းကြယ် စွာ လင်းလက်သွားသည်။ သူက ထျန်းတိုက်ကျုံးကို ကြည့်လိုက်ရင်း ခေါင်းခါလိုက်၏။
ထျန်းတိုက်ကျုံးကတော့ သူ၏ ပုံပြင် အဆုံးသတ်နှင့် ပတ်သက်ပြီး ပျော်ရွှင် နေခဲ့သည်။ အထူးသဖြင့်... သူက လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့သောကြောင့် ဖြစ်သည်။
ဝူယုက ထျန်းတိုက်ကျုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ကာ ထွက်ခွာသွားခဲ့၏။ အပေါက်များ ပြည့်နေသည့် တံခါး အနီးသို့ အရောက်တွင် သူက ရပ်တန့်လိုက်သည်။
“သူက ခင်ဗျား အမှန်တရား အားလုံးကို ပြောမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်... ဒါကြောင့် ကျုပ် အဲဒီကိစ္စကို မပြောတော့ဘူး... ဒါပေမဲ့ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အပြီးမှာ သူက ခင်ဗျားကို လာရှာဖို့ ရည်ရွယ်ထားတယ်... အဲဒီမှာ ခင်ဗျား ထပ်လိမ်ရင်တော့ ကျုပ် သတိမပေးခဲ့ဘူးလို့ မပြောပါနဲ့”
ထို့ကဲ့သို့ ဆိုပြီးနောက် သူက ထွက်ခွာသွားခဲ့တော့၏။ ထျန်းတိုက်ကျုံး၏ အပြုံးကတော့ တဖြည်းဖြည်း မှေးမှိန်လာကာ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့သည်။
“နောက်ပြီးတော့....”
ဝူယု၏ အသံက နန်းတော်ခန်းမ အတွင်း ပဲ့တင်ထပ် လာခဲ့၏။
“ခင်ဗျား သူ့ရဲ့ တောင်းဆိုချက် တွေကို အဲဒီ အချိန်အထိ မပြီးမသတ်ရသေးရင်တော့ နောက်ထပ် အလိမ်အညာ တစ်ခုကို ဖန်တီးဖို့ စိတ်ပူစရာမလိုတော့ဘူး”
ထျန်းတိုက်ကျုံးမှာ စောစောပိုင်းက ဝူယု၏ တောင်းဆိုချက် တစ်ခုကိုမှ နှုတ်ဖြင့် သဘောတူညီခဲ့ခြင်း မရှိခဲ့ချေ။ သူ့ သဘောထားက ရှင်းသည်။ လုပ်ချင်လုပ်မည်။ မလုပ်ချင်လျှင်လည်း လုပ်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း... ဝူယု၏ သတိပေးချက်က ပိုမို၍ ရှင်းလင်းပေသည်။ မလုပ်လျှင် သူ သေကို သေရလိမ့်မည် ဖြစ်ပေသည်။
***