ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ
Vol. 113 Ch. 1576
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်းတွင်တော့... ထာဝရခရီးလမ်းမှာ ဆက်လက် တည်ရှိနေခဲ့၏။ ကျောင်းရှုလင်းနှင့် လင်းမင်တို့လို ပုဂ္ဂိုလ်များ အချိန်မတိုင်မီ သေဆုံးသွားခဲ့ကြခြင်းက ခရီးလမ်းကို ရပ်တန့်စေခဲ့ခြင်း မရှိသလို၊ ခြေလှမ်းများကိုလည်း နှောင့်နှေး သွားစေခဲ့ခြင်း မရှိပါချေ။
ဝှစ်... ဝှစ်...
ရုတ်တရက် လူနှစ်ယောက်မှာ အနက်ရောင် ခါးသီးခြင်း လမ်းကြောင်းထဲမှ ထွက်ခွာ လာခဲ့ကြ၏။
“ရှင်းရီ... ထျန်းရီဝူက သူ့ကို သတ်ပစ်လိုက်ပြီလား...”
လင်းကျိရန်က ဝိညာဉ် ဆက်သွယ်မှုမှ တစ်ဆင့် မေးလိုက်သည်။ ထျန်းရှင်းယွင်၏ ကိစ္စရပ်များက သူမကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။ အထူးသဖြင့်... ထိုမိန်းကလေးကို သူမ သနားသည်။ စာနာသည်။ ချစ်သူနှင့် ပျော်ပါးခဲ့သည့် အတွက် စေ့စပ်ထားသည့် သတို့သားက လိုက်လံ သတ်ဖြတ်သည့် ကိစ္စမျိုးမှာ ပုံမှန် မျှော်လင့်ထားတာမျိုး မဟုတ်သော်လည်း ထန်ရှင်းယွင်မှာ သူမ မချစ်သည့်သူနှင့် အတူနေဖို့ အတင်းအကြပ် စေခိုင်းခံခဲ့ရခြင်း ဖြစ်သည်။
သာမန် ဇာတ်လမ်းတွေထဲကလို ဆိုလျှင် ထျန်းရီဝူ တစ်ယောက် သဘောထားကြီးစွာ လက်လျှော့ သွားသင့်သည်။ ထိုသို့ မဟုတ်ပါကလည်း သေဆုံးခြင်းနှင့် အဆုံးသတ်ကာ ချစ်သူနှစ်ဦးမှာလည်း ထာဝရ ပျော်ရွှင်စွာ နေထိုင်သွားကြလိမ့်မည် ဖြစ်သည်။
နာ့ရှင်းရီက အနက်ရောင် လမ်းကြောင်းဖက်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။
“ထန်ကလန်က အခု ပိုင်လင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နေပြီ... ထန်ရှင်းယွင်ရဲ့ ကိုယ်ပေါ်မှာ ပိုင်လင်ရဲ့ အမှတ်အသားကို ငါ ခံစားလို့ ရတယ်... ဒါကြောင့် သူ သေသွားလိမ့်မယ်လို့ ငါ မထင်ဘူး”
ထိုကဲ့သို့ ပြောလိုက်ရသော်လည်း ထျန်းရီဝူ၏ တိုင်းတာလို့ မရနိုင်သည့် စွမ်းအားများ အကြောင်းကို သိရှိထားလေရာ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူမ သိပေသည်။ သို့သော်လည်း... ပိုင်လင်တောင် မတားဆီးနိုင်လျှင် သူမလည်း တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေ... တစ်စုံတစ်ယောက်ကို ကာကွယ်ရခြင်းမှာ အလွန် ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်ပေသည်။
မည်သို့ပင် ဆိုစေ... ထိုကိစ္စများက သူမနှင့် မသက်ဆိုင်ပါချေ။ ကံကြမ္မာက အမြဲတမ်း ထူးဆန်းပေသည်။ အဓိကက သူမ အကျိုးအမြတ်များစွာကို ရရှိခဲ့သည်။ ဆန်းကြယ် မူလမှာ အလွန်ပင် အကျိုးရှိလှကာ ဝိညာဉ် အမြုတေမှာလည်း အကောင်းဆုံးသော ကောင်းကင် ဘဏ္ဍာတစ်ခု ဖြစ်သည်။ သူမ ၎င်းကို အပြည့်အဝ သန့်စင်ဖို့ အချိန်တစ်ခု ရှာဖွေရတော့မည် ဖြစ်သည်။ နာ့ရှင်းရီ ဘေးနားရှိ လူများ၏ အကြည့်များကို လျစ်လျူလိုက်ကာ လင်းကျိရန်ကို ပိုမို ဝေးကွားသည့် နေရာ တစ်ခုသို့ ခေါ်ဆောင် သွားခဲ့တော့သည်။
နားခိုရာ ဆိပ်ကမ်း အတွင်းရှိ လူများမှာ အံ့မခန်း လှပသည့် မိန်းကလေး နှစ်ယောက်ကို ချက်ချင်းပင် သတိထားမိသွားကြသည်။ ချက်ချင်းပင် နာ့ရှင်းရီမှာ သူတို့ အတွက် ဆွေးနွေးစရာ အဓိက ခေါင်းစဉ် တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့သည်။
“အဲ့ဒါ အစွန်းရောက်ယင် နတ်မိမယ် မဟုတ်ဘူးလား...”
“ဟုတ်တယ်... သူက ကောလဟာလတွေ အတိုင်း လှတာပဲ... မဟုတ်ဘူး.... ကောလဟလတွေထဲက ထက်တောင် ပိုလှနေသေးတယ်...”
“အကင်ပါယာ ကလန်သားတွေတောင် သူ့ကို အနိုင် မယူနိုင်ဘူး ကြားတယ်...”
မကြာခင်မှာပင် ခေါင်းစဉ်များက အခြား အကြောင်းအရာများသို့ ပြောင်းလဲသွားကာ အာဏာရှင် အဖွဲ့များသားများ၏ ပြိုင်ဆိုင်မှုနှင့် လောင်းကြေးများ အကြောင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ကြပြန်သည်။ သူတို့က အပြာရောင် ခါးသီးခြင်း လမ်းကြောင်းကို မည်သူ အရင်ရောက်မည် ဖြစ်ကြောင်း ဆွေးနွေး နေခဲ့ကြသည်။
မကြာခင်မှာပင် မင်ယုလင်မှာ အနက်ရောင် လမ်းကြောင်းထဲမှ ပင်ပမ်း နွမ်းနယ်စွာ ထွက်ပေါ်လာခဲ့သည်။ သူမ၏ မျက်ဝန်းများက ပြင်းထန်သည့် စိတ်ခံစားမှုများနှင့် မှောင်မိုက်နေကာ မျက်နှာ အမူအရာမှာ တစ္ဆေသရဲ တစ်ကောင်ကို မြင်ခဲ့ရသလို ဖျော့တော့သည်။ အနက်ရောင် လမ်းကြောင်းမှာ ရုတ်တရက် ပြင်းထန်သွားကာ ပုံမှန်မဟုတ်သည့် ထူထဲမှုများကို ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းကြီးများ၊ သတ်ဖြတ်လိုသည့် အော်ရာများကို သူမ ခံစားခဲ့ရသည်။ ကံကောင်း ထောက်မစွာပင် မိနစ် နှစ်ဆယ်ခန့် ကြာမြင့်ပြီးနောက် အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ သူမ အပြင်သို့ ထွက်လာနိုင်ခဲ့သည်။ သို့သော်လည်း... မင်ယုလင်မှာ အတွင်း၌ ကြုံခဲ့ရသည့် အရာများကြောင့် ယခုတိုင် တုန်လှုပ် ချောက်ချားနေဆဲ ဖြစ်ပေသည်။
ထျန်းဝူရီမှာလည်း ပတ်ဝန်းကျင် ပေါင်းစပ်ခြင်း နည်းလမ်းကို အသုံးပြုကာ အနက်ရောင် ခါးသီးခြင်း လမ်းကြောင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ လူအုပ်ကြားထဲမှ တိုးလျိုးသွားနေသည့်တိုင် သူ့အား သတိထားမိသူ မရှိသလောက်ပင်။ ထျန်းရီဝူ နာ့ရှင်းရီကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူမ၏ မီးခိုးရောင် မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည်။ သူ အနည်းငယ် ပြုံးလိုက်ရင်း ပိုမို ဝေးကွာသည့် နေရာသို့ ရွေ့လျား သွားခဲ့တော့၏။ ထိုမိန်းကလေးမှာ ပုံမှန်မဟုတ် ဆိုသည့် အတွေးက သူ့စိတ်အတွင်း ပိုမို၍ ခိုင်မာ လာနေခဲ့လေသည်။
ရုတ်တရက်... လေထုမှာ သွေးရနံ့များနှင့် လွှမ်းခြုံသွားသလို ခံစားလိုက်ရ၏။ များလှစွာသော ကျင့်ကြံသူများ၏ မျက်လုံးများ အထူးသဖြင့်... အာဏာရှင် အဖွဲ့ဝင်များ၏ မျက်လုံးများမှာ အနက်ရောင် လမ်းကြောင်းထံ လှမ်းကြည့် လိုက်ကြသည်။
ဖျပ်... ဖျပ်...
ငွေရောင် ဆံပင်ရှည်များနှင့် ခန္ဓာကိုယ်ပေါ်တွင် ခပ်ပွပွ ဝတ်ရုံ ဝတ်ဆင်ထားသည့် ခြေဗလာ ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။
ကျူးဟိုင်...
ရုတ်ချည်းဆိုသလိုပင် များစွာသော ပြိုင်ပွဲဝင်များမှာ သားရဲတစ်ကောင်၏ အမဲလိုက်ခံရသလို ပြင်းထန်သည့် တုန်လှုပ်မှုများကို ခံစားလိုက်ရ၏။ ထိုအထဲ၌ အာဏာရှင် အဖွဲ့ဝင်များလည်း အပါအဝင်ပင် ဖြစ်သည်။ သူတို့မှာ ဝေ့ဝူယင်၏ အမိန့်နှင့် အတူ အလွန် ပြင်းထန်သည့် စွမ်းအားများ ရှိသည့် ပတ်ဝန်းကျင်များတွင် မကြာခဏ ဆိုသလို လေ့ကျင့်ကြဖူးသည့်တိုင် ကျူးဟိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ထိုခံစားချက်က အခြား အဆင့် တစ်ခုတွင် ရှိနေခဲ့သည်။
ကျူးဟိုင်ကတော့ အလွန်ပင် အေးဆေးနေပုံ ရကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစွာပင် လှည့်ပတ် ကြည့်လိုက်သည်။ ကျူးဟိုင်မှာ သူ့ခန္ဓာကိုယ် အတွင်း ပျံ့နှံ့နေသည့် ဥပဒေသ စွမ်းအားများကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်တိုင် သာမန် လူတစ်ယောက် အဖြစ် မည်ကဲ့သို့ ပြုမူရမည်ကိုတော့ သိရှိထားပေသည်။ သို့သော်လည်း ထိုလှုပ်ရှားမှုကြောင့် သူ၏ တည်ရှိမှု တစ်ခုလုံးမှာ ယခင်ကထက်တောင် ပိုမို၍ ထင်ရှားလာခဲ့သည်။
လူအများအပြား အတွက် ကျူးဟိုင်မှာ တစ်ခါမှ မမြင်ဖူးသည့် သူစိမ်း တစ်ယောက် ဖြစ်သည်။ အာဏာရှင် အဖွဲ့ဝင်များထဲတွင်ပင် သက်တမ်းရင့် ပုဂ္ဂိုလ်များသာ ကျူးဟိုင်ကို သိကြသည်။
မကြာခင်မှာပင် အခြား အာဏာရှင် အဖွဲ့သားများမှာလည်း အာဏာရှင် အမှတ်များကို သုံးကာ ကျူးဟိုင် အကြောင်း သိရှိလာကြသည်။ သူက ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့လို ပင်မ အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း သတိထားမိသော အခါတွင်တော့ လေးစားသည့် အကြည့်များကို ဖော်ထုတ်လိုက်ကြသည်။
တစ်ချိန်တည်း၌ သူတို့ စိတ်သက်သာရာ ရသွားခဲ့ကြသည်။ သူတို့အနေဖြင့် အာဏာရှင် အဖွဲ့ဝင် အချင်းချင်း ကြောက်စရာ မလိုပါချေ။ အဖွဲ့အတွင်း၌ ဝေ့ဝူယင်က ပြိုင်ဆိုင်မှု ပုံစံဖြင့် အချင်းချင်း တိုက်ခိုက်မှုကို ခွင့်ပြုထားခဲ့သော်လည်း ထိုအရာက တိုးတက်မှု အတွက်သာ ဖြစ်သည်။ သေသည်အထိ တိုက်ခိုက်ခြင်းများကို တင်းကြပ်စွာ တားမြစ်ထားခဲ့သည်။ ထိုကဲ့သို့ အမှုမျိုး ပေါ်လာပါက အဖွဲ့အတွင်းမှ ချက်ချင်း ထွက်ခွာရသည်။ ယခင်ကလည်း ထိုကဲ့သို့ ဖြစ်ရပ်မျိုး ပေါ်လာခဲ့ဖူးသည်။ ကံဆိုးစွာပင်... အဖွဲ့အတွင်းမှ အထုတ်ခံရသူများ၏ ကံကြမ္မာမှာ သေဆုံးသည်ထက်ပင် ပိုမို၍ ဆိုးရွားခဲ့သည်။
ကျူးဟိုင်က နားခိုရာ ဆိပ်ကမ်း အတွင်းရှိ နေရာလွတ် တစ်ခုတွင် ထိုင်ချလိုက်ကာ ကျင့်ကြံမှုကို ပြန်လည်၍ စတင်လိုက်သည်။ တစ်ခဏကြာပြီးနောက် လေထု အတွင်းရှိ သွေးရနံ့များက နိမ့်ကျလာခဲ့သည်။ သူ၏ အသိစိတ် ပင်လယ်ထဲတွင် ဝေ့ဝူယင် ကြိုတင် ပြင်ဆင်ပေးထားသည့် ဥပဒေ အကြောင်း ဝိညာဉ် စာလိပ်များ ရှိနေခဲ့ပေသည်။ အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များမှာ တစ်နေ့တစ်ချိန်တွင် ဤအဆင့် ရောက်လာမည်ကို ဝေ့ဝူယင်က ရှင်းရှင်းလင်းလင်း သိရှိထားခဲ့ပုံ ပေါ်သည်။
ယခင်က ကျူးဟိုင် ထိုစာလိပ်များကို လေ့လာခဲ့သော်လည်း ဘာမှ နားမလည်ခဲ့ချေ။ သို့သော်လည်း ယခုတွင်တော့ ၎င်းတို့က အခြေခံ စာလုံးများနှင့် ရေးသားထားသလို ရိုးရှင်း နေခဲ့ပြီ ဖြစ်သည်။
ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့မှာ သူတို့၏ နေရာများမှ နေ၍ ကျူးဟိုင်ကို လှမ်းကြည့်လိုက်ကြသည်။ အံ့အားသင့်မှုကို ဖုံးကွယ်ထားကြသည့်တိုင် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူတို့ အပြည့်အဝ နားလည်ကြပေသည်။ သို့သော်လည်း... သူတို့မှာ လင်းမင်နှင့် ရင်းနှီးကြသူများ မဟုတ်လေရာ သူ၏ သေဆုံးမှု အပေါ် ထူးထူးထွေထွေ ခံစားရခြင်းမျိုး မရှိပါချေ။
အခြားတစ်ဖက်၌ အာဏာရှင် အဖွဲ့၏ ပြိုင်ဆိုင်မှုကတော့ ဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်သည်။ မည်သည့် ရွေးချယ်ခံက အပြာရောင် ခါးသီးမှု လမ်းကြောင်းကို အလျင်ဆုံး ရောက်ရှိလိမ့်မည် ဖြစ်ကြောင်း လောင်းကြေးက ဆက်လက်၍ တည်ရှိနေလေရာ စိတ်လှုပ်ရှားဖွယ် ကောင်းနေခဲ့သည်။
အချိန်များစွာ ကြာမြင့်ပြီးနောက် အနက်ရောင် ဆံပင်များတွင် ရွှေဖြူရောင် ဖောက်သည့် လူငယ်လေး တစ်ယောက်မှာ အနက်ရောင် ခါးသီးမှု လမ်းကြောင်းထဲမှ လမ်းလျှောက်ကာ ထွက်လာခဲ့သည်။ သူ၏ အငွေ့အသက်များက ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
“ဂျူနီယာ မောင်လေးယွင်...”
***