← Chapters

အခန်း ၃၃၄-၃၃၆

Vol. 23 Ch. 334-336

အခန်း ၃၃၄-၃၃၆

Vol. 23 Ch. 334-336

အခန်း (၃၃၄)

ရှနိုင်ငံတော်ကို ဖြတ်သန်းသွားသော မုန်တိုင်း (အပိုင်း ၃)

တုန်းဖန်လုံယွဲ့၏ လုချန်းအပေါ် သစ္စာစောင့်သိမှုမှာ ရာနှုန်းပြည့်ဖြစ်သော်လည်း ထိုအချက်က လုချန်းကို သူမ အထူးသဘောကျသည်ဟု မဆိုလိုပေ။ လုချန်းသည် လှပသော အမျိုးသမီးများကို မက်မောတတ်ပြီး သူ၏အဒေါ်များကိုပင် အလွှတ်မပေးဟု ကြားဖူးနေခဲ့ရသည်။

လုချန်းသည် အရင်လို အသုံးမကျသူဟု အထင်မခံရတော့သော်လည်း ကာမဂုဏ်နှစ်သက်သူ ဖြစ်နေဆဲဟု ဆိုနိုင်သည်။

လုချန်းက သူမ၏ခန္ဓာကိုယ်ကို စွဲလမ်းသွားသောကြောင့် ဤမျှပြင်းထန်စွာ စိုက်ကြည့်နေခြင်းလားဟု တုန်းဖန်လုံယွဲ့ စဉ်းစားမိသည်။

ဆူဖုန်းမြို့တွင် ရှိစဉ်က ယောက်ျားများသည် သူမကို အနည်းငယ်မျှ ကြည့်ရုံဖြင့် လက်ထပ်လိုကြသည်။

ထိုအချိန်တွင် တုန်းဖန်လုံယွဲ့ စဉ်းစားမိသည်။ လုချန်းသည် ကံကြမ္မာ၏သားတော်ဖြစ်ပြီး အကယ်၍ လုချန်းက သူမ၏ခန္ဓာကို တကယ်ပင် တောင့်တပါက တုန်းဖန်မိသားစုတစ်ခုလုံးက သဘောတူမည်မှာ သေချာသည်။ ထိုသို့ဆိုလျှင် သူမက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် လက်ဆက်ပြီး လုချန်း၏ အမျိုးသမီးတစ်ဦး ဖြစ်လာရမှာလား။

သူမ လုချန်းကို အလွန်မနှစ်သက်ဟု မပြောနိုင်သော်လည်း ထိုကဲ့သို့သော စီစဉ်ထားသည့် လက်ထပ်ခြင်းမျိုးက သူမအား အနည်းငယ် မသက်မသာ ဖြစ်စေသည်။

ထိုအချိန်တွင် တုန်းဖန်လုံယွဲ့က လုချန်းကို ပြန်လည်ဆန်းစစ်လိုက်သည်။ သူသည် ချောမောခန့်ညားပြီး သူ၏မျက်ခုံးများက ဧကရာဇ်တစ်ပါး၏ အငွေ့အသက်များ ပြန့်နှံ့နေသကဲ့သို့ ခံစားရစေသည်။ ရုပ်ရည်အရတော့ သူနှင့်လက်ထပ်ခြင်းမှာ မဆိုးလှပေ။ သို့သော် လွတ်လပ်စွာ နေထိုင်ရသည်ကို အကျင့်ပါနေပြီဖြစ်သော သူမအနေဖြင့် နန်းတွင်းသို့ ဝင်ရောက်ရန် မလိုလားပေ။

လုချန်းကဲ့သို့သော ဧကရာဇ်ဖြစ်လာမည့်သူ၊ သာမန်ဧကရာဇ်များထက် ပိုထူးခြားသူနှင့် လက်ထပ်ပါက နန်းတွင်း အရှုပ်တော်ပုံများကြား ပါဝင်ရရုံသာမက နန်းတော်အတွင်း၌သာ သေဆုံးသည်အထိ ပိတ်မိနေမည်ကို သူမ စိုးရိမ်မိသည်။

ခဏတာ တွေးတောပြီးနောက် လုချန်းက စကားစ ပြန်စလိုက်သည်။

“တုန်းဖန်မိန်းကလေးက အိမ်ရှေ့မင်းသားနဲ့ စေ့စပ်ထားတယ်လို့ ကြားတယ်။”

တုန်းဖန်လုံယွဲ့က

“ဟုတ်ကဲ့။ ကျွန်မ မြောက်ပိုင်းပြည်နယ်ကို လာရခြင်းရဲ့ အဓိကအကြောင်းရင်းက အိမ်ရှေ့မင်းသားနဲ့ စေ့စပ်ထားမှုကို ရှောင်ရှားဖို့ပါ။”

စေ့စပ်မှုအကြောင်း ပြောဆိုလာခြင်းက လုချန်း သူမအပေါ် စိတ်ဝင်စားနေကြောင်း တုန်းဖန်လုံယွဲ့အား ပို၍သေချာစေသည်။

လုချန်းက ဆက်မေးလိုက်သည်

“တုန်းဖန်မိန်းကလေး အိမ်ရှေ့မင်းသားနဲ့လက်မထပ်ချင်တာက တခြားသူတစ်ယောက်ကို စိတ်ထဲမှာ ရှိနေလို့လား။”

တုန်းဖန်လုံယွဲ့က ပြန်ဖြေလိုက်သည်။ “လောလောဆယ်တော့ စိတ်ဝင်စားတဲ့သူ မရှိသေးပါဘူး။”

ထိုစကားကို ပြောပြီးနောက် တုန်းဖန်လုံယွဲ့က ဆက်ပြောလိုက်သည်။

“ကျွန်မကို လုံယွဲ့လို့ပဲ ခေါ်ပေးပါ မင်းသား။”

ယခု တုန်းဖန်မိသားစုတစ်ခုလုံးသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လက်အောက်ခံဖြစ်နေပြီ ဖြစ်သဖြင့် လုချန်းအနေဖြင့် သူမအား ဤမျှလောက် ရိုသေစွာဆက်ဆံရန် မလိုအပ်တော့ပေ။ သူ၏ အလွန်အကျွံ ယဉ်ကျေးမှုက သူမအတွက် ဖိအားတစ်ရပ်သာ ဖြစ်စေသည်။

လုချန်းက

“ကောင်းပါပြီ။ အခုကစပြီး မင်းကို လုံယွဲ့လို့ပဲ ခေါ်ပါမယ်။”

“လုံယွဲ့ အခုပြန်သွားတဲ့အခါ မင်းဖခင်ဆီကို စာတစ်စောင် ရေးပို့ပါ။ ကျွန်တော်က ဆူဖုန်းမြို့မှာ အထူးကိုယ်ရံတော်တွေ စီစဉ်ထားတယ်ဆိုတာ ပြောပြပေးပါ။ အကူအညီလိုရင် အထူးကိုယ်ရံတော်တွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရတယ်။ ဒါမှမဟုတ် သူတို့ကတစ်ဆင့် ကျွန်တော်နဲ့ ဆက်သွယ်နိုင်တယ်။”

ထိုစကားကို ပြောပြီးနောက် လုချန်းက အထူးကိုယ်ရံတော်အဖွဲ့၏ အမှတ်တံဆိပ်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။

“ဒါက အထူးကိုယ်ရံတော်တွေ အသုံးပြုတဲ့ သက်သေခံကဒ်ပြားပါ။ မင်းရဲ့စာနဲ့အတူ ဆူဖုန်းမြို့ကို ပို့ဆောင်ပေးပါ။”

ထိုစကားကို ကြားလိုက်ရသောအခါ တုန်းဖန်လုံယွဲ့က စားပွဲပေါ်ရှိ အမှတ်တံဆိပ်ကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့တက်ကာ တံဆိပ်ကို ကောက်ယူလိုက်သည်။

ထိုတံဆိပ်သည် အမှတ်အသား တစ်ခုသာဖြစ်ပြီး အဓိကအားဖြင့် တုန်းဖန်ယီအား အထူးကိုယ်ရံတော်များကို ခွဲခြားသိရှိနိုင်စေရန်အတွက်သာ ဖြစ်ကာ အခြားရည်ရွယ်ချက်မရှိပေ။

“ကျွန်မ နားလည်ပါပြီ”

ဟု သူမက ပြန်ပြောလိုက်သည်။

လုချန်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်

“ကောင်းပါပြီ။ တခြားအကြောင်းမရှိရင် ပြန်လို့ရပြီ။”

“ဟုတ်ကဲ့ မင်းသား။ ကျွန်မကို ခွင့်ပြုပါဦး”

ဟု သူမက ပြောလိုက်သည်။

ထို့နောက် တုန်းဖန်လုံယွဲ့လည်း ဦးညွှတ်ကာ ထွက်ခွာသွားသည်။ သူမ၏ သွယ်လျလှပသော ကိုယ်ဟန်များကို မြင်ရသည်နှင့် လုချန်း သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။

သူ ယုတ်ညံ့သွားပြီလော။ မြင်တွေ့သမျှ မိန်းမလှတိုင်းကို တောင့်တမိသော ထိုစိတ်သည် အာဏာနှင့်အတူ လာသော ပြောင်းလဲမှုတစ်ရပ်လော။

လုချန်း သူ၏ နဖူးကို ပွတ်သပ်လိုက်ပြီး ဆက်မ‌တွေးတော့ရန် ကြိုးစားလိုက်သည်။

ထိုအတောအတွင်း။

ရှနိုင်ငံတော်။

နေပြည်တော်။

အရှေ့ဆောင် နန်းတော်။

ယနေ့ အရှေ့‌ပိုင်း နန်းတော်သည် ယခင်ကကဲ့သို့ စည်ကားနေခြင်း မရှိပေ။ ယခု ခန်းမအတွင်းအရာရှိများစွာ ရောက်ရှိနေသော်လည်း ယခင်ကနှင့်ယှဉ်လျှင် သိသိသာသာ နည်းပါးသွားပြီဖြစ်သည်။

တစ်ဖက်တွင် နန်းတွင်းအရာရှိများက ဆွမ်ဧကရာဇ်၏ အိမ်ရှေ့မင်းသားအား ဖယ်ရှားရန် ရည်ရွယ်ချက်ကို ရိပ်မိလာကြပြီး အခြားတစ်ဖက်တွင်လည်း လုရှုယွမ်က ဖြစ်လာ‌တော့မည့် အရေးကိစ္စများကို သိမြင်လာသောကြောင့် သူနှင့်နီးစပ်‌သောအရာရှိများအား ‌အရှေ့ဆောင် နန်းတော်သို့ မကြာခဏ လာရောက်ခြင်း မပြုရန် အကြံပေးထားခြင်း ဖြစ်သည်။

အခု လောလောဆယ် ခန်းမအတွင်း၌ တောင်ပိုင်းအာဏာရှိမိသားစုများမှ လူများသာ အများဆုံးဖြစ်နေသည်။

ခန်းမ၏ ထိပ်တွင် ထိုင်နေသော လုရှုယွမ်က လူအားလုံးကို လှမ်းကြည့်လိုက်စဉ် စစ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝမ်ချန်ရှိုက စကားစလိုက်သည်။

“အိမ်ရှေ့မင်းသား။ မင်းကြီးရဲ့ စစ်တပ်စေလွှတ်ဖို့ ဆုံးဖြတ်ချက်က အတည်ပြုပြီးပါပြီ။ ကျွန်တော်တို့ ဘယ်လိုတားတား အကျိုးမရှိပါဘူး။”

“မကြာသေးခင်က ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီနှင့် ချွမ်နိုင်ငံတော်က နိုင်ငံသားအချို့ ရှနိုင်ငံတော်ထဲ ဝင်ရောက်လာခဲ့ပြီး ချွမ်နိုင်ငံတော်က ကပ်ရောဂါကို ယူဆောင်လာခဲ့ပါတယ်။ ဒီကပ်ရောဂါ ပျံ့နှံ့သည်ဖြစ်စေ မပျံ့နှံ့သည်ဖြစ်စေ မင်းကြီးက ဒီအကြောင်းပြချက်နှင့် စစ်တပ်စေလွှတ်မှာ ဖြစ်ပါတယ်။”

“ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားရပါမယ်”

ဟု သူက ဆိုလိုက်သည်။

ဝမ်ချန်ရှို၏ စကားကို ကြားပြီးနောက် လုရှုယွမ် တိတ်ဆိတ်သွားသည်။

သူ၏ဖခင် ဆွမ်ဧကရာဇ်က တောင်ပိုင်းအာဏာရှိမိသားစုများကို ပြန်လည်တုံ့ပြန်ရန် ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း သူနားထားသည်။ သို့သော် သူ၏အနေအထားမှာ အလွန်ကြားညပ်နေသည်။ ပထမတစ်ချက်က သူသည် ဆွမ်ဧကရာဇ်၏သားဖြစ်ပြီး၊ ဒုတိယတစ်ချက်က တောင်ပိုင်းအာဏာရှိမိသားစုများနှင့် သူ၏ဆက်ဆံရေးမှာ အလွန်နီးကပ်နေခြင်းပင်ဖြစ်သည်။

အကယ်၍ သူသာ တောင်ပိုင်းအာဏာရှိမိသားစုများနှင့် ပုန်ကန်ခြင်းမပြုပါက သူတို့ဖယ်ရှားခံရပြီးနောက် သူ၏အိမ်ရှေ့မင်းသားရာထူး ရုပ်သိမ်းခံရမည်မှာ မေးစရာ မလိုအောင် သေချာသည်။

သူအိမ်ရှေ့မင်းသားဖြစ်လာခြင်းမှာ သူ၏ဖခင်က တောင်ပိုင်းအာဏာရှိမိသားစုများကို အလျှော့ပေးခဲ့ရခြင်းကြောင့်သာဖြစ်သည်။ သူတို့၏ထောက်ခံမှုမရှိပါက သူ မည်သို့မှ သူ၏ရာထူးကို ဆက်လက်ထိန်းသိမ်းနိုင်မည် မဟုတ်ပ့။

သို့သော် အကယ်၍ သူ တောင်ပိုင်းအာဏာရှိမိသားစုများနှင့် ပုန်ကန်ပါက သစ္စာဖောက်အဖြစ် မည်မျှမုန်းတီးခံရမည်ဆိုတာကို ထည့်မတွက်လျှင်ပင် သူတို့အောင်မြင်နိုင်ခြေက အလွန်နည်းပါး၏။ အကယ်၍ ရှုံးနိမ့်သွားပါက သူ၏ကံကြမ္မာ ပို၍ဆိုးရွားလာမည်သာဖြစ်သည်။

ကြာမြင့်စွာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို လုရှုယွမ် ချမှတ်လိုက်သည်။ တောင်ပိုင်းအာဏာရှိမိသားစုများသည် သူနှင့် ခွဲ၍မရသော ဆက်နွယ်မှုရှိနေပြီဖြစ်ရာ ယခုအချိန်တွင် နောက်ဆုတ်၍မရတော့ပေ။ သူနန်းတက်နိုင်ခြင်းမရှိပါက နောက်ဆုံးတွင် သူ၏ကံကြမ္မာမှာ ပို၍ပင် ဆိုးရွားလာမည်သာဖြစ်သည်။

........

အခန်း (၃၃၅)

ရှနိုင်ငံတော်ကို ဖြတ်သန်းသွားသော မုန်တိုင်း (အပိုင်း ၄)

လုရှုယွမ် အကြာကြီး တိတ်ဆိတ်စွာနေနေသည်ကို မြင်သော ဝမ်ယုံက ဘေးမှ ပြောလိုက်သည်၊

“မင်းကြီးက အိမ်ရှေ့မင်းသားကို ပုန်ကန်ဖို့ ဖိအားပေးနေတာပါ။ ကျွန်တော်တို့မှာ အခြားရွေးစရာလမ်း မရှိတော့ဘူး။ တောင်ပိုင်း အာဏာရှိမိသားစုတွေ ပျောက်ကွယ်သွားရင် မင်းရဲ့အိမ်ရှေ့မင်းသားရာထူးလည်း ရုပ်သိမ်းခံရမှာပဲ။”

ဆွမ်ဧကရာဇ်က စစ်တပ်ကို တိုက်ရိုက် မစေလွှတ်ပဲ ဖိအားတဖြည်းဖြည်းတိုးမြှင့်နေခြင်းမှာ လုရှုယွမ်အား တောင်ပိုင်းသို့ ဆင်းစေလိုခြင်းဖြစ်သည်။ မည်သူမဆို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်မှာ ဆွမ်ဧကရာဇ်သည် တောင်ပိုင်း အာဏာရှိမိသားစုများကို အကြောင်းပြချက် တစ်ခုဖြင့် အပြီးအပိုင် ဖယ်ရှားလိုခြင်းပင် ဖြစ်သည်။

ယခုအခါ ဆွမ်ဧကရာဇ်နှင့် တောင်ပိုင်း အာဏာရှိမိသားစုများ၏ ပဋိပက္ခမှာ ပွင့်ပွင့်လင်းလင်း ဖြစ်နေပြီ။ စစ်မက်ဖြစ်ပွားမည်မှာ သေချာသည်။ အာဏာရှိမိသားစုများ ပုန်ကန်ခြင်းမရှိလျှင်ပင် သူတို့အား စောင့်ဆိုင်းနေသည်မှာ ရှင်းလင်းခံရမည့်အခြေအနေသာ ဖြစ်သည်။

ချွမ်နိုင်ငံတော်မှ ကပ်ရောဂါသည် အကြောင်းပြချက်အဖြစ် အသုံးပြုရန် အကောင်းဆုံးဖြစ်သည်။ ဆွမ်ဧကရာဇ်သည် ချွမ်နိုင်ငံတော်၏ ကပ်ရောဂါကို အကြောင်းပြ၍ တောင်ပိုင်းသို့ စစ်တပ်စေလွှတ်နိုင်ပြီး ကူးစက်ရောဂါကို အကြောင်းပြ၍ တောင်ပိုင်း အာဏာရှိမိသားစုများကို အပြီးအပိုင် ဖယ်ရှားနိုင်သည်။ ထိုအာဏာရှိမိသားစုများ ကပ်ရောဂါကြောင့် ပျောက်ကွယ်သွားသည်ဟု သတင်းလွှင့်နိုင်သည်။

ကူးစက်ရောဂါကိစ္စက အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း လူများသိနိုင်သော်လည်း အာဏာရှိမိသားစုများ ပျောက်ကွယ်သွားပြီဖြစ်ပါက အကျိုးသက်ရောက်မှု မရှိတော့ပေ။ ဒါက အခြားသူများအတွက် သတိပေးချက်တစ်ရ ပ်ဖြစ်သွားမည်ဖြစ်ပြီး နောင်တွင် မည်သည့်အာဏာရှိမိသားစုမှ ဆွမ်ဧကရာဇ်ကို ဆန့်ကျင်ရဲတော့မည် မဟုတ်ပေ။

မည်သည့်အာဏာရှိမိသားစုမဆို ရှေ့သို့ထွက်လာပါက ဆွမ်ဧကရာဇ်က သူပြင်ဆင်ထားသော ဓားကို အလွယ်တကူ အသုံးပြုနိုင်သည်။ ယခုအခါ နိုင်ငံကြီးများတွင် ကိုယ်ပိုင်ပြဿနာများ ရှိနေပြီး ရှနိုင်ငံတော်တွင် ပြည်ပပဋိပက္ခများ ကင်းရှင်းနေသဖြင့် ဆွမ်ဧကရာဇ်စိတ်ကြိုက် လုပ်ဆောင်နိုင်သည်။

ဝမ်ယုံ၏စကားကို ကြားပြီးနောက် လုရှုယွမ်က ထိုင်ခုံပေါ်မှ ထလိုက်ကာ ပြောလိုက်သည်။

“မနက်ဖြန်နန်းတွင်း အစည်းအ‌ဝေးမှာ ကျွန်တော့် ဖခင်ကို တောင်ပိုင်းကို ကပ်ရောဂါထိန်းချုပ်ဖို့သွားမယ့် စစ်တပ်ကို ဦးဆောင်ခွင့် တောင်းခံမယ်။”

လုရှုယွမ်၏စကားကို ကြားလိုက်ရသောအခါ အားလုံး စိတ်သက်သာရာ ရသွားကြသည်။ အိမ်ရှေ့မင်းသားသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။ သူတို့၏ အကြီးမားဆုံးစိုးရိမ်မှုမှာ လုရှုယွမ် ယခုအချိန်တွင် နောက်ဆုတ်သွားမည်ကို ဖြစ်သည်။

လုရှုယွမ်သည် ဆွမ်ဧကရာဇ်၏သားဖြစ်သည်။ သူ့အတွက် အခြားလမ်းတစ်လမ်း ရှိသေးသည်။ အကယ်၍ သူပုန်ကန်ခြင်းမပြုပါက အများဆုံး အိမ်ရှေ့မင်းသားရာထူး ဆုံးရှုံးပြီး အိမ်တွင်းအကျယ်ချုပ် အနေဖြင့် ထိန်းသိမ်းခံရမည်သာ ဖြစ်သည်။

သို့သော် တောင်ပိုင်း အာဏာရှိမိသားစုများအတွက်မူ ကွဲပြားသည်။ အိမ်ရှေ့မင်းသား၏ အထောက်အပံ့မရှိပါက သူတို့၏ပုန်ကန်မှုတွင် မည်သူကမှ ပါဝင်မည် မဟုတ်ပေ။

အိမ်ရှေ့မင်းသားပါ ပါဝင်ပါက “ ဆိုးယုတ်သော ဝန်ကြီးများကို ဖယ်ရှားရန်” ဆိုသည့်ဆောင်ပုဒ်ဖြင့် မြောက်ဘက်သို့ ချီတက်နိုင်ပြီး ဆွမ်ဧကရာဇ်ကို နန်းဆင်းခိုင်းကာ လုရှုယွမ်အား နန်းတင်နိုင်မည်ဖြစ်သည်။

နောက်တစ်နေ့မနက် နန်းတွင်းအစည်းအ‌ဝေးတွင် လုရှုယွမ်က ဆွမ်ဧကရာဇ်အား တောင်ပိုင်းရှိ ပြည်သူများအား ကပ်ရောဂါမှ ကာကွယ်ရန် စေလွှတ်သည့် စစ်တပ်ကို ဦးဆောင်ခွင့် တောင်းခံလိုက်သည်။

ဆွမ်ဧကရာဇ်က စဉ်းပင် မစဉ်းစားပဲ ချက်ချင်းသဘောတူလိုက်သည်။

အရာရှိ အများစုကတော့ နောင်မည်သို့ဖြစ်လာမည်ကို သိပြီးဖြစ်သည်။ တောင်ပိုင်း အာဏာရှိမိသားစုများနှင့် ဆက်နွယ်နေသော အရာရှိများစွာလည်း အကြောင်းအမျိုးမျိုးပြ၍ နုတ်ထွက်စာတင်ကာ ရာထူးမှ နုတ်ထွက်သွားကြသည်။

ထိုအရာရှိများမှာ အာဏာရှိမိသားစုများ၏ ကိုယ်စားလှယ်မျှသာဖြစ်သည်။ ဆွမ်ဧကရာဇ်က သူတို့ကို တိုက်ရိုက်ဖြေရှင်းခြင်း မပြုပေ။ သူတို့က အရေးမပါသော ဇာတ်ကောင်များသာဖြစ်သည်။

လုရှုယွမ် စတင်ပုန်ကန်လာရန်သာ ဆွမ်ဧကရာဇ်က စောင့်မျှော်နေခြင်း ဖြစ်သည်။

လုရှုယွမ် ပုန်ကန်ပါက အကြောင်းပြချက်များစွာ ရှိလာမည်ဖြစ်သည်။ ထိုစစ်ပွဲကြောင့် ပြည်သူများ မည်မျှဒုက္ခရောက်မည် အိမ်ထောင်စု မည်မျှပျက်စီးမည်ဆိုသည်များကို ဆွမ်ဧကရာဇ် ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

ယခု ဆွမ်ဧကရာဇ် မျှော်လင့်နေသည်က အာဏာရှိမိသားစုများစွာ လုရှုယွမ်နှင့်အတူ ပါဝင်လာ‌စေရန်ဖြစ်သည်။ သူတို့အားလုံးကို တစ်ခါတည်း ဖြေရှင်းနိုင်ရန်သာ အခွင့်အရေးကို သူစောင့်မျှော်နေသည်။

ဆွမ်ဧကရာဇ်တောင်ပိုင်းသို့ စစ်တပ်စေလွှတ်ခြင်းက သူတို့အား ပုန်ကန်စေရန် ဖိအားပေးနေခြင်းဟု လက်ရှိအခြေအနေတွင် လုရှုယွမ် နားလည်ထားသည်။

စစ်တပ်စေလွှတ်မှုက သူတို့အား ပုန်ကန်ဖိအားပေးနေခြင်းဆိုတာ လုရှူယွမ်နှင့် အာဏာရှိ မိသားစုများ ခန့်မှန်းထားပြီးဖြစ်ကြောင်းလည်း ဆွမ်ဧကရာဇ် သိသည်။

ထို့ကြောင့် လုရှုယွမ်နှင့် တောင်ပိုင်း အာဏာရှိမိသားစုများအနေဖြင့် ပုန်ကန်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

အကယ်၍ ပုန်ကန်ခြင်းမပြုပါက ဆွမ်ဧကရာဇ်၏ ဓားက သူတို့အပေါ်သို့ တိုက်ရိုက်ကျရောက်လာမည်သာ ဖြစ်သည်။

တောင်ပိုင်း အာဏာရှိမိသားစုများမှ အရာရှိများ တစ်ဦးပြီးတစ်ဦး နန်းတွင်းမှ ထွက်ခွာသွားသည်နှင့်အမျှ ရှနိုင်ငံတော်တစ်ဝှမ်းလုံးကို ဖြတ်သန်းသွားမည့် မုန်တိုင်းကြီးလည်း နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

ဆွမ်ဧကရာဇ်အတွက် အခြားလမ်းမရှိတော့သလို လုရှုယွမ်နှင့် တောင်ပိုင်း အာဏာရှိမိသားစုများအတွက်လည်း နောက်တစ်လမ်း မရှိတော့ချေ။

နန်းတွင်းတွင် ကျန်ရှိနေသော အရာရှိအများစုက‌တော့ မည်သည့်ဘက်ကိုမှ အလျင်စလို ပါဝင်ခြင်း မရှိကြပေ။ သူတို့အတွက် လုရှုယွမ် ဧကရာဇ် ဖြစ်ဖြစ် လုရှင်းချူး ဧကရာဇ်ဖြစ်ဖြစ် ကိစ္စမရှိ‌ချေ။

........

အခန်း (၃၃၆)

အိမ်ရှေ့မင်းသား ပုန်ကန်ခြင်း (၁)

လျှို့ဝှက်အကြံအစည်များသည် များသောအားဖြင့် လူတစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုငယ်တစ်ခုကိုသာ ပစ်မှတ်ထားနိုင်သည်။ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးရန် သို့မဟုတ် ခိုင်မာသည့်အာဏာကို ချိုးနှိမ်ရန် ရိုးရိုးရှင်းရှင်း အကြံအစည်လောက်ဖြင့် မလုံလောက်ပေ။

ဆွမ်ဧကရာဇ်သည် သူနန်းတက်သည့်နေ့မှစ၍ တောင်ပိုင်း အာဏာရှိမိသားစုများကို နှိမ်နင်းရန် အစဉ်အမြဲ အကြံအစည်များ ထုတ်နေခဲ့သည်။ သူတို့ကြားတွင် သွေးကွဲမှုများ ဖန်တီးရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ဖူးသည်။ သို့သော် မည်မျှပင် အကြံအစည်များ ထုတ်ခဲ့စေကာမူ ထိုမိသားစုများသည် ခိုင်မြဲစွာ စည်းလုံးနေဆဲဖြစ်ပြီး မည်သူ့ကိုမှ သွေးခွဲ၍ မရခဲ့ပေ။

ဝမ်မိသားစုလိုမျိုး အာဏာရှိ မိသားစုများကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကိုယ်ထိလက်‌ရောက် အပြီးအပိုင် ဖျက်ဆီးခြင်းမပြုလျှင် သူတို့ကို အမြစ်ဖြတ် နှိမ်နင်းဖို့က မဖြစ်နိုင်ပေ။ အာဏာရှိမိသားစုများကို ဖိနှိပ်သည့် မည်သည့်မူဝါဒမဆို သူတို့အတွက် အနှောင့်အယှက် အနည်းငယ်သာ ဖြစ်သည်။ သူတို့သည် ဧကရာဇ်၏ မူဝါဒများကို လက်တစ်လုံးခြား လှည့်စားနိုင်သည့်အပြင် အခြားမူဝါဒအသစ်များကို အသုံးချကာ သူတို့အတွက် အကျိုးအမြတ်များ ပိုရှာနိုင်သည်။

ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများ၏ နည်းဗျူဟာများကို သိမြင်နားလည်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ထိုလူများ၏ ဦးခေါင်းများကို တိုက်ရိုက်ခုတ်ချခြင်းထက် ပိုထိရောက်သော နည်းလမ်းမရှိကြောင်း ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

နန်းတွင်းတွင် အာဏာရှိမိသားစုများနှင့် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ရသည့် အတွေ့အကြုံများက ဆွမ်ဧကရာဇ်၏ စိတ်ထဲတွင် အတွေးအခေါ်တစ်ခုကို ခိုင်မာစွာ စွဲမြဲစေခဲ့သည်။ စစ်ရေးနည်းလမ်းဖြင့်သာ အရာအားလုံးကို ဖြေရှင်းနိုင်သည်ဟူသော အတွေးအခေါ် ဖြစ်သည်။

အိမ်ရှေ့မင်းသား လုရှုယွမ် တောင်ပိုင်းသို့ ထွက်ခွာသွားစဉ် နန်းတွင်းစစ်တပ်သည်လည်း တောင်ဘက်သို့ ချီတက်ရန် အသင့်ပြင်ဆင်နေခဲ့သည်။ ကပ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် စီမံချက်ဟု အမည်တပ်ထားသော်လည်း သူတို့၏ တောင်ဘက်ချီတက်မှုသည် ကပ်ရောဂါထိန်းချုပ်ရေးနှင့် မသက်ဆိုင်ကြောင်း စစ်ဗိုလ်ချုပ်များ သိရှိထားကြသည်။ ဆွမ်ဧကရာဇ်၏ အမြင်တွင် ထိုအာဏာရှိမိသားစုများကသာ ကပ်ရောဂါတစ်ခု ဖြစ်နေတာ ဖြစ်နိုင်သည်။

.......

ဆူဖုန်းမြို့သို့ ရောက်ရှိပြီးနောက် တောင်ပိုင်း မိသားစုများ၏ အကူအညီဖြင့် လုရှုယွမ်သည် ဒေသအတွင်းရှိ ခရိုင်များကို အလျင်အမြန် ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

တောင်ပိုင်းဒေသသည် အစဉ်အဆက် ဒေသခံ အာဏာရှိမိသားစုများ၏ လက်အောက်ခံ နယ်မြေဖြစ်ခဲ့သည်။ နန်းတွင်းမှ ခန့်အပ်ထားသော နယ်စားမင်းသားများ လုံးဝမရှိပဲ အနီးအနားရှိ ခရိုင်များတွင် အာဏာရှိမိသားစုများမှ အရာရှိများသာ တာဝန်ထမ်းဆောင်နေသဖြင့် လုရှုယွမ်အတွက် ထိန်းချုပ်ရန် အလွန်လွယ်ကူပြီး အားစိုက်ထုတ်စရာပင် မလိုအပ်ခဲ့ပေ။

သို့သော် ခရိုင်များကို ထိန်းချုပ်နိုင်ခြင်းနှင့် ဒေသခံတပ်များကို အုပ်ချုပ်နိုင်ခြင်းက ကွဲပြားခြားနားသော အရာဖြစ်သည်။ နန်းတွင်းတပ်များကို ခုခံနိုင်သည့် စစ်တပ်မရှိပဲ ဒေသခံခရိုင်များကို ထိန်းချုပ်ခြင်းက အရာမရောက်ပေ။

လုရှုယွမ်သည် တစ်ဖက်တွင် တောင်ပိုင်း အာဏာရှိမိသားစုများ၏ ကိုယ်ပိုင်တပ်များကို စုစည်းနေစဉ် အခြားတစ်ဖက်တွင်လည်း နန်းတွင်းဗိုလ်ချုပ်များကို စည်းရုံးရန် လူများ စေလွှတ်ခဲ့သည်။ ပုန်ကန်မှုတစ်ခု အောင်မြင်ရန်အတွက် အာဏာရှိမိသားစုများကိုသာ အားကိုးခြင်းက မလုံလောက်ပေ။

သူ့ဘက်တွင် ပိုမိုများပြားသော အင်အားစုများနှင့် လူများရှိမှသာ အောင်မြင်နိုင်ခြေ ရှိမည်ဖြစ်သည်။

၆လပိုင်း ၇ ရက်

အိမ်ရှေ့မင်းသား ပုန်ကန်ပြီဟူသော သတင်းသည် ရှနိုင်ငံတော်တစ်ဝှမ်း ပျံ့နှံ့သွားခဲ့သည်။ လုရှုယွမ်သည် စစ်သည်အင်အား သိန်းနှင့်ချီ စုစည်းပြီး

“ဆိုးယုတ်သော ဝန်ကြီးများကို ဖယ်ရှာပြီး ဧကရာဇ်ကိုကယ်တင်ရန်” ဟု ကြွေးကြော်ကာ မြောက်ဘက်သို့ ချီတက်ရန် ပြင်ဆင်လာခဲ့သည်။

လုရှုယွမ်က လင်ကောင်းယွမ်အား ဝူနိုင်ငံတော်ထံ စစ်ရှုံးနိမ့်စေပြီး နယ်မြေများ လျော်ကြေးများ ပေးဆောင်ရစေသည့် ဆိုးယုတ်သော အမတ်ဟု စွပ်စွဲခဲ့သည်။

နေပြည်တော်။

ရှနိုင်ငံတော်။

လင်အိမ်တော်။

လင်ကောင်းယွမ်သည် စာကြည့်ခန်းတွင် လက်ဖက်ရည်သောက်ရင်း လုချန်းထံ စာရေးနေစဉ် လင်ရှုမင်က တံခါးမခေါက်ပဲ ရုတ်တရက် ဝင်ရောက်လာကာ

“အရေးကြီးပြီ ဖခင်”

ဟု အော်ဟစ်လိုက်သည်။

လင်ရှုမင်၏ ဂနာမငြိမ်ဖြစ်နေသော အမူအရာကို မြင်လိုက်ရသော လင်

ကောင်းယွမ်က နဖူးတွန့်လိုက်ကာ စာရေးခြင်းကို ရပ်လိုက်သည်။

“မင်းကလူကြီးဖြစ်နေပြီ။ ဘာကြောင့် ဒီလောက်တုန်လှုပ်နေရတာလဲ။”

လင်ရှုမင်က လင်ကောင်းယွမ်၏ ဆူပူမှုကို လျစ်လျူရှုကာ အဝါရောင်စက္ကူတစ်ရွက်ကို ကမ်းပေးလိုက်သည်။

“အိမ်ရှေ့မင်းသား ပုန်ကန်ပြီ ဖခင်။ သူက “ဆိုးယုတ်သော ဝန်ကြီးများကို ဖယ်ရှားပြီး ဧကရာဇ်ကိုကယ်တင်ရန်” လို့ကြွေးကြော်ထားတယ်။ ရှနိုင်ငံတော် ဝူနိုင်ငံတော်ကို စစ်ရှုံးရတဲ့ အဓိကအကြောင်းရင်းကလည်း ဖခင်‌ကြောင့်လို့ ပြောထားတယ်။”

ထိုသို့ကြားလိုက်ရသော်လည်း လင်ကောင်းယွမ်၏ မျက်နှာတွင် အံ့ဩနေသော လက္ခဏာများ မတွေ့ရပေ။ သူက ရယ်မောလိုက်ပြီး မုတ်ဆိတ်ကို သပ်လိုက်ကာ

“ငါမှန်းထားတဲ့အတိုင်းပဲ။ အိမ်ရှေ့မင်းသားက ငါ့ကို ပစ်မှတ်ထားမယ်ဆိုတာ ငါသိတယ်။”

နန်းတွင်းရှိ အရာရှိ အများစုသည် လုရှုယွမ် ဘက်သို့ ပါနိုင်သူများဖြစ်ပြီး လုရှုယွမ် အောင်မြင်ပါက ထိုအရာရှိများကို ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

သို့သော် လင်ကောင်းယွမ်မှာမူ ကွဲပြားခြားနားသည်။ လုရှုယွမ် အိမ်ရှေ့မင်းသားဖြစ်လာသည့်အချိန်မှစ၍ လင်ကောင်းယွမ်က သူ့ကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့သည်။ သူသည် လုရှုယွမ်၏ ဘက်တော်သား မဟုတ်ဟုတ်မှန်း ထင်ရှားနေခဲ့သည်။ အရေးအကြီးဆုံးမှာ လုရှုယွမ်သည် သာမန်ပြည်သူများကြား လူသိများသော အရာရှိတစ်ဦးကို ရွေးချယ်ရန် လိုအပ်နေခြင်း ဖြစ်သည်။

သာမန်အရာရှိများကို ပြည်သူများ အလွယ်တကူ မှတ်မိလေ့ မရှိသလို ဝန်ကြီးအဆင့်ရှိသူများပင် ပြည်သူများအကြား မထင်ရှားပေ။

သို့သော် ဝန်ကြီးချုပ် တစ်ယောက်ကတော့ မတူပေ။

လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့သည် နှစ်ပေါင်းများစွာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် ပြည်သူများက သူတို့၏ အမည်များကို အကျွမ်းဝင်နေပြီး ဖြစ်သည်။

သို့သော် ကျောင်းဝမ်ဟန်က လုရှုယွမ်ဘက်သို့ တိမ်းညွတ်နေသူဖြစ်ရာ လုရှုယွမ်အနေဖြင့် ကျောင်းဝမ်ဟန်ကို “ဆိုးယုတ်သော ဝန်ကြီး” အဖြစ် ရွေးချယ်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်ရှိသည်မှာ လင်ကောင်းယွမ်တစ်ဦးတည်းသာ ဖြစ်သည်။

လုရှုယွမ် နေပြည်တော်မှ ထွက်ခွာသွားသည့် အချိန်မှစ၍ သူ့အား “ဆိုးယုတ်သော ဝန်ကြီး” အဖြစ် စွပ်စွဲလာမည့် အ‌ခြေအတွက် လင်ကောင်းယွမ် အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

လင်ကောင်းယွမ် မတုန်မလှုပ် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လင်ရှုမင်က

“ဖခင်။ ဒီလိုအချိန်မှာ ဘာလို့ ပြုံးနေတာလဲ။ မင်းကြီးက နောက်ပိုင်း ဖခင်ကို သူတို့လက်ထဲ အပ်နှံဖို့ ဆုံးဖြတ်ရင် ဘယ်လိုလုပ်မလဲ” ဟု မေးလိုက်သည်။

လင်ဂေါ်ယွမ်သည် ရယ်မောပြီးနောက် ပြောလိုက်သည်။

“ငါ့ကို အပ်နှံမယ်။ ငါမင်းကို စာပိုဖတ်ဖို့ ပြောတာ မင်းက နားမထောင်ခဲ့ဘူး။ မင်းကြီးက ငါ့ကို သူတို့လက်ထဲအပ်မှာ မဟုတ်ဘူး။ စဉ်းစားကြည့်လေ။”

“အိမ်ရှေ့မင်းသား ပြောတဲ့ ‘ဆိုးယုတ်သော ဝန်ကြီးများ’ ဖယ်ရှားရေးဟာ တကယ်တော့ ငါတို့ လင်မိသားစုကို ဖျက်ဆီးဖို့ မဟုတ်ဘူးဆိုတာ မင်းလည်း သိမှာပဲ။ အိမ်ရှေ့မင်းသား ဖယ်ရှားချင်တာက မင်းကြီးကိုယ်တိုင်ကိုပါ။ ငါ့ကိုက ပစ်မှတ် အနေနဲ့ပဲ ထားတာပါ။”

“အိမ်ရှေ့မင်းသားက မင်းကြီးကို ဖယ်ရှားမယ်လို့ ပြောရင် သားက အဖေကို ပုန်ကန်တာနဲ့ အတူတူပဲလေ။ အောင်မြင်ရင်တောင် ပြည်သူတွေက ကဲ့ရဲ့မှာပဲ။ မင်းကြီးကိုယ်တိုင်ကို တိုက်ရိုက်ပစ်မှတ်ထားရင် ပြည်သူတွေရဲ့ ထောက်ခံမှုကို ဘယ်လိုရနိုင်မလဲ။”

လင်ရှုမင်က

“ဖခင်။ အိမ်ရှေ့မင်းသား ပုန်ကန်တာက မင်းကြီးကို ဖယ်ရှားဖို့ပဲဆိုတာ ကျွန်တော်လည်း သိပါတယ်။ ဒါပေမဲ့ နန်းတွင်းတပ်တွေ တောင့်မခံနိုင်ခဲ့ရင် မင်းကြီးက ကျွန်တော်တို့ လင်မိသားစုကို အချိန်ဆွဲဖို့ အသုံးချနိုင်တယ်ဆိုတာ စိုးရိမ်တာပါ”

ဟု ဖြေလိုက်သည်။

.......

All Chapters