အခန်း ၃၄၃-၃၄၅
Vol. 23 Ch. 343-345
အခန်း (၃၄၃)
တုန်းဖန်မိသားစု၏ ထွက်ပြေးရန် အကြံ (၂)
လက်တွေ့တွင် အချို့မိသားစုများသည် လုရှုယွမ်မင်းသား ဝမ်မိသားစုနှင့်အတူ နေထိုင်ခြင်းကို သဘောမတွေ့ကြပေ။ ဝမ်မိသားစုသည် လုရှုယွမ်၏ မိခင်ဘက်မှ ဆွေမျိုးများ ဖြစ်သော်လည်း သူ့အား ထောက်ခံသည့် တစ်ခုတည်းသော မိသားစု မဟုတ်ပေ။ ဘာအတွက်ကြောင့် လုရှုယွမ်က ဝမ်မိသားစုနှင့်သာ နေထိုင်ရတာလဲ။
လုရှုယွမ် ဝမ်မိသားစုနှင့် နေထိုင်ခြင်းက ဝမ်မိသားစု၏ ဂုဏ်သိက္ခာကို မြင့်တက်စေခဲ့သည်။ တောင်ပိုင်းတွင် သူတို့၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်မားလာခဲ့ပြီး ယခုအခါ လုရှုယွမ် အမြဲနေထိုင်ခြင်းကြောင့် ဝမ်မိသားစု၏ ရပ်တည်မှုမှာ ပို၍ပင် ခိုင်မာလာခဲ့သည်။
လုရှုယွမ် တောင်ပိုင်းတွင် စစ်သည်များစုဆောင်းပြီးနောက် ထိုစစ်တပ်များကို ဦးဆောင်သည့် ဗိုလ်ချုပ်အများစုမှာလည်း ဝမ်မျိုးနွယ်ဝင်များသာ ဖြစ်နေသည်။
မိသားစုတိုင်းတွင် သူတို့၏ အဖွဲ့များ ရှိတတ်သည်။ တောင်ပိုင်း အာဏာရှိမိသားစုများသည် လုရှုယွမ်အား အပြင်ပန်းတွင် ထောက်ခံကြသော်လည်း စိတ်အတွင်းတွင်မှု သူ၏လုပ်ရပ်များကို မကျေနပ်ကြပေ။ သို့သော် နန်းတွင်းအား ရင်ဆိုင်ရမည့် အရေးကြီးကာလဖြစ်သဖြင့် မည်သူမှ ထုတ်ဖော်ပြောဆိုခြင်း မပြုကြပေ။
အစည်းအဝေးခန်းမ၏ အလယ်ဗဟိုတွင် လုရှုယွမ်က တံခါးဘက်သို့ မျက်နှာမူလျက် ထိုင်နေသည်။ ထို့နောက် လုရှုယွမ်က သူ့အနားတွင် ထိုင်နေကြသည့် အဓိကမိသားစုများ၏ အကြီးအကဲများကို တစ်ချက်ကြည့်ပြီးမှ စကားစလိုက်သည်။
“အရေးကြီးတဲ့အချိန်မှာ ကျွန်တော့်ကိုထောက်ခံကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် အကြီးအကဲများ။”
“ယနေ့ ခင်ဗျားတို့ကို ဒီအစည်းအဝေး ဖိတ်ကြားရခြင်းက နန်းတွင်းက အဆင့်လွန်ပညာရှင်တွေ ဂူအောင်းလေ့ကျင့်ရာက ပြန်လည်ထွက်ပေါ်လာပြီဖြစ်တဲ့အကြောင်း ထောက်လှမ်းရေးသတင်း ရရှိထားတာကြောင့်ဖြစ်ပါတယ်။ ဒီသတင်းကို ဝန်ကြီးချုပ် ကျောင်းက ပေးပို့လိုက်ခြင်းဖြစ်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် အစည်းအဝေးခန်းမ တစ်ခုလုံး ဆူညံသွားခဲ့သည်။
“အဆင့်လွန်ပညာရှင်တွေလား။ ဒီလိုဆိုရင်တော့ ပိုရှုပ်သွားပြီ။”
“တောင်ပိုင်း အာဏာရှိမိသားစုတွေမှာ အဆင့်လွန် ပညာရှင်ရှိတယ်လို့ မကြားသလိုပဲ။”
“အဲ့ဒီလိုတော့ ပြောလို့မရပါဘူး။ ဝမ်မိသားစုက သိုင်းပညာကို အထူးအလေးထားတဲ့ မိသားစုပါ။ သူတို့ဆီမှာ အဆင့်လွန်ပညာရှင် ရှိနိုင်တာမှာ သေချာတယ်။”
“လူကြီးမင်းတို့ စိုးရိမ်စရာမလိုပါဘူး။ ကျွန် တော်တို့ ချင်မိသားစုမှာ အဆင့်လွန်ပညာရှင် ရှိပါတယ်။ နန်းတွင်းက အဆင့်လွန်ပညာရှင်တွေ စစ်မြေပြင်မှာ တကယ်ပေါ်ထွက်လာရင်လည်း စိုးရိမ်စရာ မရှိပါဘူး။”
“လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးလေးခုလောက်က ကောင်းကင်လူသား အဆင့်ရှိတဲ့ စွမ်းအားရှင်တစ်ယောက်က နန်းတွင်းအဆင့်လွန်ပညာရှင်တွေကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို မေ့သွားကြပြီလား။ နန်းတွင်း အဆင့်လွန်ပညာရှင်တွေ အခုထိ တိတ်ဆိတ်နေကြတာက အဲ့ဒီကောင်းကင်လူသား စွမ်းအားရှင် ပြန်ပြီးထွက်ပေါ်လာမှာကို ကြောက်ရွံ့နေကြလို့ပဲ။ နန်းတွင်းက အဆင့်လွန်ပညာရှင်တွေကို စေလွှတ်ရင်တောင် အဲ့ဒီ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် နောက်တစ်ကြိမ် ထပ်ပြီးတိုက်ခိုက်လာမှာလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူးဆိုတော့ သူတို့ လွှတ်လွှတ်လပ်လပ် လှုပ်ရှားရဲမှာတော့ မဟုတ်ပါဘူး။”
“ကျောင်းလူကြီးမင်း ပြောတာ မှန်ပါတယ်။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ရဲ့ သက်တမ်းက နှစ်ရာချီရှည်တော့ ဒီလောက်မြန်မြန်နဲ့ သေဆုံးဦးမှာ မဟုတ်ပါဘူး။ နန်းတွင်းအဆင့်လွန်ပညာရှင်တွေ လှုပ်ရှားတာကို သူသိသွားရင် ထပ်မံပေါ်ထွက်လာနိုင်တာ သေချာပါတယ်။”
...
ဤနှစ်များအတွင်း အဓိက အာဏာရှိမိသားစုများ ပို၍အတင့်ရဲလာခြင်း၏ အဓိကအကြောင်းရင်းမှာ နန်းတွင်းအဆင့်လွန်ပညာရှင်များ ပုံမှန်အားဖြင့် မလိုအပ်ပဲ မလှုပ်ရှားတတ်သည်ကို သိရှိထားကြသောကြောင့်ဖြစ်သည်။ ပို၍တိတိကျကျ ပြောရလျှင် လှုပ်ရှားရန် ဝန်လေးနေကြခြင်း ဖြစ်သည်။ ထို့ပြင် ထိုကောင်းကင်လူသား စွမ်းအားရှင်က နန်းတွင်းအဆင့်လွန်ပညာများကို ထိုအချိန်ကတည်းက အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့သည်ဟု သူတို့ယူဆထားကြတာလည်း ပါ၏။
ထိုကောင်းကင်လူသားအဆင့် စွမ်းအားရှင်က အဘယ်ကြောင့် နန်းတွင်းအဆင့်လွန်ပညာရှင်များကို သတ်ဖြတ်ချင်ခဲ့သည်ကို သူတို့မသိကြပါ။ သို့သော် ထိုကောင်းကင်လူသားအဆင့် စွမ်းအားရှင်က ရှနိုင်ငံတော် နန်းတွင်း၏ အာဏာ ပိုမိုတောင့်တင်းလာခြင်းကို မလိုလားကြောင်းကိုတော့ ကောက်ချက်ချနိုင်သည်။
နိုင်ငံတော်ပညာရှိကြီး စစ်တူစီ နှင့် ပတ်သက်၍မူ အာဏာရှိ မိသားစုများက ပို၍ပင် မကြောက်ရွံ့ကြပေ။
စစ်တူစီသည် တော်ဝင်မျိုးနွယ်ဝင်မဟုတ်ပေ။ အများဆုံးအားဖြင့် သူသည် ရှနိုင်ငံ၏ တော်ဝင်မျိုးနွယ်ဝင်များကို သစ္စာရှိသူတစ်ယောက်ဟုသာ ပြောနိုင်သည်။ ဧကရာဇ်တစ်ပါး၏ သစ္စာခံ မဟုတ်ပါ။
စစ်တူစီအတွက်ဆိုလျှင် လုမျိုးနွယ်ဝင်များထဲမှ မည်သူမဆို ထီးနန်းကို ဆက်ခံနိုင်သည်။ ဆွမ်ဧကရာဇ် နန်းမတက်ခင်က မင်းသားများ အာဏာလုရာတွင် သူမပါဝင်ပဲ နေခြင်းကို ကြည့်ခြင်းဖြင့် ထိုအချက်ကို သိမြင်နိုင်သည်။
လုရှင်းချူး ထီးနန်းလုယူစဉ်က မင်းညီမင်းသား အများအပြားကို တိတ်တဆိတ် သုတ်သင်ပစ်ခဲ့သည်။ ယခင်ဆွမ်ဧကရာဇ် လက်ထက်ကတည်းက နိုင်ငံတော် ပညာရှိ ဖြစ်နေပြီဖြစ်သော စစ်တူစီ ဝင်ရောက်ဟန့်တားခဲ့ပါက လူရှင်းချူး ဧကရာဇ်ဖြစ်လာမည် မဟုတ်ပေ။
အစည်းအဝေးခန်းမ၌ မိသားစု အကြီးအကဲများ၏ ဆွေးနွေးမှုများကို နားထောင်ပြီးနောက် လုရှုယွမ်က
“လူကြီးမင်းတို့။ ဒီအချိန်က တောင်ပိုင်း အာဏာရှိ မိသားစုတွေရဲ့ ရှင်သန်မှုအတွက် အရေးကြီးတဲ့ အချိန်ပါ။ ခင်ဗျားတို့ မိသားစုတွေမှာ အဆင့်လွန်ပညာရှင်ရှိရင် ဒီအချိန်က ဖုန်းကွယ်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။
“ကျွန်တော့်ဖခင် ဧကရာဇ်က အဆင့်လွန်ပညာရှင်တစ်ဦးကို တောင်ပိုင်း စေလွှတ်လိုက်ပြီးဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့မှာ အဲ့ဒီလူကို ထိန်းချုပ်နိုင်တဲ့ အဆင့်လွန်ပညာရှင် မရှိရင် ကျွန်တော်တို့ရဲ့ စစ်သည်အင်အား သိန်းဂဏန်းလောက်နဲ့ ‘ဆိုးယုတ်သော ဝန်ကြီးများကို ဖယ်ရှားရန်’ ဆိုတဲ့ ရည်မှန်းချက်ကို အောင်မြင်ဖို့ မပြောနဲ့နေပြည်တော်ကိုတောင် ရောက်နိုင်မှာ မဟုတ်ပါဘူး။”
“ ကျွန်တော်က ခင်ဗျားတို့အတွက် တောင်ပိုင်းကို ဆင်းလာခဲ့တာပါ။ အကယ်၍ ခင်ဗျားတို့တွေထဲမှာ အခြားရည်ရွယ်ချက်တွေ ရှိနေမယ် ဒါမှမဟုတ် အပြည့်အဝ ပါဝင်မှုတွေ မရှိဘူးဆိုတာ ရှာဖွေတွေရှိလို့ ကျွန်တော်ဘက်ပြောင်းသွားရင် ကျွန်တော့်ကို အပြစ်မတင်ကြပါနဲ့။”
ထိုစကားကို ကြားရသော်လည်း တုန်းဖန်ယီကတော့ တုန်လှုပ်မှုမရှိပဲ အစည်းအဝေးခန်းမထဲ၌ ထိုင်နေခဲ့သည်။
တုန်းဖန်မိသားစုတွင် အဆင့်လွန်ပညာရှင်ရှိသော်လည်း သူတို့၏ အဆင့်လွန်ပညာရှင်က လုံးဝထွက်ပေါ်လာမည် မဟုတ်ပေ။
ဆွမ်ဧကရာဇ်ဘက်တွင် ရပ်တည်သည်ဖြစ်စေ အိမ်ရှေ့မင်းသားဘက်တွင် ရပ်တည်သည်ဖြစ်စေ ဤစစ်ပွဲတွင် သူတို့မိသားစု၏ အဆင့်လွန်ပညာရှင်ကို ထုတ်ပြရန် မလိုအပ်ပေ။
ထိုအချိန်တွင် လုရှုယွမ်က တိုက်ရိုက်မေးမြန်းလိုက်သည်။
“ချူးလူကြီးမင်းတို့ မိသားစုက အမြဲတမ်း တောင်ပိုင်း အာဏာရှိမိသားစုတွေထဲမှာ အစွမ်းထက်ဆုံးဖြစ်ခဲ့တယ်။ ခင်ဗျားတို့ မိသားစုဟာ လျှို့ဝှက်လဝန်းနန်းတော်နဲ့တောင် ပဋိပက္ခဖြစ်ဖူးပြီး သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲခဲ့တယ်လို့ ကျွန်တော်ကြားဖူးတယ်။ ခင်ဗျားတို့ မိသားစုမှာ အဆင့်လွန်ပညာရှင်ရှိမှာ အသေအချာပဲ မဟုတ်လား။”
လုရှုယွမ်၏ မေးခွန်းကို ကြားရသောအခါ ချူးလျှံက ရယ်မောလိုက်ကာ
“ဟုတ်ပါတယ်။ စိတ်ချပါ အိမ်ရှေ့မင်းသား။ ကျွန်တော်တို့ ချူးမိသားစုက အစကတည်းက ခင်ဗျားဘက်မှာ ရပ်တည်ခဲ့တာပါ။ ခင်ဗျားရဲ့ နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်မှ မကြံစည်ပါဘူး။ အိမ်ရှေ့မင်းသား အဆင့်လွန်ပညာရှင်ရဲ့ အကူအညီလိုအပ်ရင် ချူးမိသားစုက ခင်ဗျားကို ကာကွယ်ဖို့ အဆင့်လွန်ပညာရှင်တစ်ဦး စေလွှတ်ပေးမှာပါ။”
ချူးလျှံ၏ အဖြေကို ကြားရသောအခါ လုရှုယွမ် အလွန်ကျေနပ်သွားခဲ့သည်။
ထိုမိသားစု အကြီးအကဲများကို မစုရုံးခင်ကတည်းက တောင်ပိုင်း အာဏာရှိမိသားစု တွေမှာ အဆင့်လွန်ပညာရှင် ရှိမရှိကို တိတ်တဆိတ် စုံစမ်းစေခဲ့ပြီးဖြစ်သည်။ ဝမ်မိသားစုတွင် အဆင့်လွန်ပညာရှင်ရှိသည်မှာ သေချာသကဲ့သို့၊ ချင်မိသားစုတွင်လည်း ရှိသည်။ ယခုတွင် ချူးမိသားစုကလည်း အဆင့်လွန်ပညာရှင်တစ်ဦးကို ကူညီရန် စေလွှတ်မည်ဟု ပြောလာခဲ့သဖြင့် စုစုပေါင်း အဆင့်လွန်ပညာရှင်သုံးဦးရှိလာမည်ဖြစ်သည်။
နန်းတွင်းမှ အဆင့်လွန်ပညာရှင်များ စစ်မြေပြင်ပေါ်တွင် အမှန်တကယ်ပေါ်ထွက်လာပါက ထိုအဆင့်လွန်ပညာရှင်သုံးဦး၏ အကူအညီဖြင့် နန်းတွင်းစစ်တပ်သည် ကောင်းစွာ ရင်ဆိုင်နိုင်မည်ဖြစ်သည်။
.......
အခန်း (၃၄၄)
တုန်းဖန်မိသားစု၏ ထွက်ပြေးရန် အကြံ ( ၃)
အရေးအကြီးဆုံးအချက်မှာ သူတို့တွင် တိမ်ဖောက်လေး ရှိနေသေးခြင်းဖြစ်သည်။ အဆင့်လွန်ပညာရှင်တစ်ဦးက တိမ်ဖောက်လေးကို အသုံးပြုပြီး တော်ဝင်မျိုးနွယ်မှ အဆင့်လွန်ပညာရှင်ကို သတ်ဖြတ်နိုင်သည့် အခွင့်အလမ်းရှိသည်။ တိမ်ဖောက်လေး၏ အားသာချက်က အလွန်ကြီးမားလှသည်။
ထိုအတွေးဖြင့် လုရှုယွမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာပြီး သူ၏စိတ်ထဲတွင်
“ချစ်ရတဲ့ ဖခင် ဧကရာဇ်။ နေပြည်တော်က ကျွန်တော့်ကို ထွက်ခွာခွင့်ပြုလိုက်တဲ့အတွက် ဖခင်မကြာခင် နောင်တရ ရတော့မယ်။ ဖခင်လည်း ဒီရာထူးကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပြီးပါပြီ။ အခုတော့ ဆင်းပေးဖို့ အချိန်တန်ပြီ။ ကျွန်တော်ကို ခဏလောက် ထိုင်ခွင့်ပေးပါဦး”
ဟု တွေးလိုက်သည်။
အဆင့်လွန်ပညာရှင်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ပြီးဆုံးသွားပြီးနောက် လုရှုယွမ်က သူတို့အား တာဝန်များ ခွဲပေးလိုက်သည်။
စစ်သည်ရဲမက်သိန်းနှင့်ချီ စုဆောင်းထားပြီးဖြစ်သော်လည်း ထိုစစ်သည်များအနက် အများစုမှာ အာဏာရှိ မိသားစုများ၏ ကိုယ်ပိုင်စစ်တပ်များ ဖြစ်ကြသည်။ ထိုကိုယ်ပိုင် စစ်တပ်များမှ စစ်သည်များသည် အပြည့်အဝ ပေါင်းစည်းမှုမရှိသေးပဲ သီးခြားစီ တိုက်ခိုက်နေကြသည့် သဘော ဖြစ်သည်။
သို့သော် ထိုစစ်သည်များကို စုပေါင်းဖွဲ့စည်းရန် လုရှုယွမ် မရည်ရွယ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်ပါက အာဏာရှိမိသားစုများ၏ အကျိုးစီးပွားကို နှောင့်ယှက်ရာရောက်မည်ဖြစ်သည်။
ယခု ပုန်ကန်မှုအတွက် အာဏာရှိမိသားစုများ၏ အကူအညီကို လိုအပ်နေပြီး ယခုအချိန်တွင် သူတို့၏အကျိုးစီးပွားကို လုရှုယွမ် မနှောင့်ယှက်ရဲပေ။
ထို့ကြောင့် အာဏာရှိမိသားစုများ၏ ကိုယ်ပိုင်စစ်တပ်များကို ဖျက်သိမ်းပြီး ပြန်လည်ဖွဲ့စည်းရန် မဖြစ်နိုင်သောကြောင့် တာဝန်များ ခွဲဝေပေးအပ်ရန်သာ ရွေးချယ်စရာရှိတော့သည်။
ထို့ကြောင့် လက်ရှိအခြေအနေအရ အာဏာရှိမိသားစုများ၏ ကိုယ်ပိုင်စစ်တပ်များကို မြောက်ပိုင်းရှိ အရေးပါသော ခရိုင်များသို့ စေလွှတ်ကာ နန်းတွင်းစစ်တပ်၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် လုရှုယွမ် စီစဉ်လိုက်သည်။
ထိုအချိန်တွင် လုရှုယွမ်က တုန်းဖန်ယီ ထံသို့ လှည့်ကာ ပြောလိုက်သည်။
“တုန်းဖန် လူကြီးမင်းတို့ မိသားစုက မျိုးရိုးစဉ်ဆက် ကုန်သည်လုပ်ငန်းလုပ်ခဲ့ပြီး ကုန်သင်္ဘော အမြောက်အမြား ပိုင်ဆိုင်ထားတယ်။ ခင်ဗျားတို့ရဲ့ စစ်သည်အများစုက လည်း ရေကြောင်းစစ်ပွဲမှာ ကျွမ်းကျင်သူ တွေဖြစ်တယ်။ အဲ့ဒီတော့ နန်းတွင်းစစ်တပ် ပင်လယ်ဘက်က တိုက်ခိုက်လာမှာကို ကာကွယ်ဖို့ အရှေ့တောင်ကမ်းရိုးတန်းဒေသ ကာကွယ်ရေးတာဝန်ကို ခင်ဗျားဆီ အပ်လိုက်မယ်။”
တုန်းဖန်ယီက ချက်ချင်း တုံ့ပြန်လိုက်သည်။ “ စိတ်ချပါ အိမ်ရှေ့မင်းသား။ တုန်းဖန်မိသားစုက အရှေ့တောင်ကမ်းရိုးတန်းကို အပြည့်အဝကာကွယ်ပေးပါမယ်။ နန်းတွင်းစစ်သည် တစ်ဦးတစ်ယောက်မှ ကမ်းပေါ် မတက်နိုင် စေရပါဘူး။”
တုန်းဖန်ယီ၏ စကားကို ကြားလိုက်ရသောအခါ လုရှုယွမ်သည် အလွန်ကျေနပ်သွားသည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခု သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော်ကြားတာက လုံယွဲ့က မြောက်ပိုင်းပြည်နယ်ကို ပြေးသွားပြီး ပြန်မလာသေးဘူးလို့ ကြားတယ်။”
တုန်းဖန်ယီက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့်
“ဒါအားလုံးက ကျွန်တော့်အမှားပါ အိမ်ရှေ့မင်းသား။ သူ့ကို ကောင်းကောင်း မဆုံးမနိုင်ခဲ့တဲ့အတွက် ဒီလောက်ထိ စိတ်ကြီးဝင်သွားတာပါ။ သူ့ကို ပြန်ခေါ်ဖို့ အကြိမ်ကြိမ် လူလွှတ်ခဲ့ပေမဲ့ သူက အကြိမ်ကြိမ်ထွက်ပြေးခဲ့ပါတယ်။ အိမ်ပြန်ဖို့ အကြောက်အကန် ငြင်းဆန်နေပါတယ်။ ခွင့်လွှတ်ပါ အိမ်ရှေ့မင်းသား။ စစ်ပွဲပြီးသွားရင် သူ့ကို ပြန်ခေါ်ပြီး အိမ်ရှေ့မင်းသားကို တောင်းပန်စေပါမယ်။”
လုရှုယွမ်က
“ရပါတယ်။ တောင်ပိုင်းမှာလည်း စစ်ဖြစ်တော့မယ်ဆိုတော့ သူမြောက်ပိုင်းပြည်နယ်မှာ ခဏနေလို့ရပါတယ်”
ဟု ပြောလိုက်သည်။
တုန်းဖန်ယီအား သူတို့အကြား လက်ထပ်မဟာမိတ်ဖွဲ့ထားပြီးဖြစ်ကြောင်း သတိပေးလိုသဖြင့် လုရှုယွမ်က တုန်းဖန်လုံယွဲ့အကြောင်း ထည့်ပြောလိုက်ခြင်းဖြစ်သည်။ တုန်းဖန်မိသားစုက သူ့အား အပြည့်အဝထောက်ခံစေရန် ဖြစ်သည်။
ထိုနေ့ညနေခင်း။
တုန်းဖန်ယီ အိမ်ပြန်ရောက်လာသည်။
သူရောက်သည်နှင့် တုန်းဖန်မိသားစု၏ အဓိကအဖွဲ့ဝင်များ မိသားစု ခန်းမဆောင်၌ စောင့်မျှော်နေကြောင်း အစေခံများက အကြောင်းကြားလာသည်။
တုန်းဖန်ယီလည်း မိသားစု ခန်းမဆောင်သို့ ဦးတည်သွားလိုက်သည်။
ထိုအချိန်တွင် ဆံဖြူ အဖိုးအိုတစ်ဦးက ခန်းမတံခါးဝကို မျက်နှာမူကာ ထိုင်နေသည်။ တုန်းဖန်ယီ ပြန်ရောက်လာသောအခါ အဖိုးအိုက
“နောက်ထပ်ဘာ အစီအစဉ်ရှိလဲ ယီလေး” ဟု မေးလိုက်သည်။
အဖိုးအို၏ခေါ်ဝေါ်ပုံကို ကြားလိုက်ရသောအခါ တုန်းဖန်အိ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တုန်ခါသွားပြီး စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်မိသည်။
သူဒီအသက်အရွယ် ရှိနေပြီဖြစ်သော်လည်း အဖိုးအိုက သူ့အား “ယီလေး” ဟု ဆက်လက်ခေါ်ဝေါ်နေဆဲဖြစ်သည်။
သို့သော် ဒါက အသေးအဖွဲ ကိစ္စတစ်ခုသာဖြစ်သည်။ ထို့နောက် တုန်းဖန်ယီက ဆက်ပြောလိုက်သည်။
“အိမ်ရှေ့မင်းသားက ကျွန်တော်တို့ တုန်းဖန်မိသားစုကို အရှေ့တောင်ကမ်းရိုးတန်းကို စောင့်ကြပ်ဖို့ တာဝန်ပေးထားတယ်။ နန်းတွင်းစစ်တပ် ပင်လယ်ဘက်က တိုက်ခိုက်မလာနိုင်အောင် ကာကွယ်ဖို့ပါ။ ကျွန်တော်စဉ်းစားတာက အရှေ့တောင်ကမ်းရိုးတန်းကို ကာကွယ်ရတာ အခွင့်ကောင်းယူပြီး မိသားစုဝင်တစ်ချို့ကို ကုန်သင်္ဘောတွေနဲ့ မြောက်ပိုင်းပြည်နယ်ကို ပို့ရင်ကောင်းမလားလို့ပါ ။”
တုန်းဖန်မိသားစုသည် ဆွမ်ဧကရာဇ်၏ တောင်ပိုင်းမှ သူလျှိုဖြစ်သော်လည်း စစ်ပွဲ၏ ရိုက်ခတ်မှုက ကြီးမားနိုင်သည်။ တုန်းဖန်ယီ အနေနှင့် စစ်ပွဲထဲ ထဲထဲဝင်ဝင် ပါဝင်လိုခြင်းမရှိပေ။ ထို့ကြောင့် မြောက်ပိုင်းပြည်နယ်သို့ ထွက်ပြေးကာ ကံကြမ္မာ၏သားတော် မြောက်ပိုင်းနယ်စားမင်းသားထံ အကူအညီတောင်းရန် ရည်ရွယ်ထားသည်။
နန်းတွင်းနှင့်တောင်ပိုင်းအာဏာရှိမိသားစုများအကြား ဖြစ်ပွားမည့် စစ်ပွဲတွင် သူတို့ပါဝင်ရန် မလိုအပ်တော့ပေ။
တုန်းဖန်မိသားစုသည် အရှေ့တောင်ကမ်းရိုးတန်းသို့ နန်းတွင်းစစ်သည်များအား လျှို့ဝှက်စွာ ပို့ဆောင်ပေးထားပြီးဖြစ်သည်။ ကြီးကြီးမားမား အံ့အားသင့်စရာ အခြေအနေများ မဖြစ်ပေါ်ပါက စစ်ပွဲစတင်သည်နှင့် ပုန်ကန်သူများ နှစ်ဖက်ညှပ်တိုက်ခိုက်ခံရမည်ဖြစ်သည်။ လုရှုယွမ်နှင့် သူ၏တပ်များ အရှုံးကြီးရှုံးနိုင်ခြေ အလွန်မြင့်မားသည်။
တောင်ပိုင်းအာဏာရှိမိသားစုများ၏ အဆင့်လွန်ပညာရှင်များက ထိုအခြေအနေကို ပြောင်းလဲနိုင်မည်လားဆိုသည်က မသေချာပေ။ ဆွမ်ဧကရာဇ်က အချိန်ယူကာ သေချာ ပြင်ဆင်ထားပြီး ဖြစ်သည်။ အာဏာရှိမိသားစုများတွင် အဆင့်လွန်ပညာရှင်များရှိကြောင်းကိုလည်း ဆွမ်ဧကရာဇ် သိရှိထားမည်ဖြစ်သည်။ ထို့ကြောင့် အာဏာရှိမိသားစုများ၏ အဆင့်လွန်ပညာရှင်ကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားမည်မှာ သေချာသည်။
တုန်းဖန်ယီ အစီအစဉ်ကို ကြားပြီးနောက် အဖိုးအို တုန်းဖန်ချီက သူ၏ဖြူဖွေးနေသော မုတ်ဆိတ်ကို သပ်ပြီး ပြောလိုက်သည်။
“ကံကြမ္မာရဲ့ သားတော် ပေါ်ထွန်းလာပြီဆိုတော့ တို့အနေနှင့် နန်းတွင်းနဲ့ အာဏာရှိမိသားစုတွေရဲ့ ပဋိပက္ခတွေမှာ ဆက်ပြီးပါဝင်ဖို့ မလိုတော့ဘူး။”
သူတို့ အစက ဆွမ်ဧကရာဇ်နှင့် ပူးပေါင်းခဲ့ခြင်းမှာ သူတို့၏ကိုယ်ပိုင် ရည်မှန်းချက်များကြောင့်ဖြစ်သည်။
ပုန်ကန်မှုက မတည်ငြိမ်မှု များစွာကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သူတို့အတွက် အန္တရာယ်ကင်း လိုပါက တစ်ဖက်ဖက်တွင် လောင်းကြေးထပ်ရန် လိုအပ်သည်။
သို့သော် ယခုတော့ ကံကြမ္မာ၏သားတော် မြောက်ပိုင်းပြည်နယ်တွင် ပေါ်ထွန်းလာပြီဖြစ်ရာ သူတို့ အချိန်ဆွဲနေရန် မလိုအပ်တော့ပေ။ မြောက်ပိုင်းပြည်နယ်သို့ ထွက်ပြေးခြင်းက ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ နန်းတွင်းနှင့် တောင်ပိုင်းအာဏာရှိမိသားစုများအတွက် အဘယ်ကြောင့် အလုပ်လုပ်ရမည်နည်း။
တုန်းဖန်မိသားစုသည် ကုန်သည်မိသားစုတစ်ခုဖြစ်၏။ ကုန်သည်မိသားစု၏ တာဝန်မှာ ကံကြမ္မာ၏ သားတော်အတွက် ငွေရှာရန်ဖြစ်သည်။ ဆူဖုန်းမြို့တွင် နေထိုင်ကာ နန်းတွင်းနှင့် တောင်ပိုင်းအာဏာရှိမိသားစုများအကြား ပဋိပက္ခတွင် ပါဝင်နေခြင်းက မိသားစု၏တာဝန်ကို နှောင့်နှေးစေမည်သာဖြစ်သည်။
အဖိုးအို ပြောပြီးနောက် တုန်းဖန်ယီက ဆက်ပြောလိုက်သည်။
“ဖခင်လည်း သဘောတူတယ်ဆိုတော့ ဒီအတိုင်းပဲ ဆုံးဖြတ်မယ်။ ကျွန်တော်တို့ အဆင်သင့်ပြင်ထားမယ်။ ရှေ့တန်းစစ်မြေပြင်မှာ စစ်ပွဲစဖြစ်တာနဲ့ ကျွန်တော်တို့ရဲ့ ကုန်သင်္ဘောတွေနဲ့ မြောက်ပိုင်းပြည်နယ်ကို ရေကြောင်းကနေ ထွက်မယ်။”
ယခုခောတ်က ကုန်းတွင်းအင်အားကို အလေးထားသောခေတ် ဖြစ်သောကြောင့် လူအများစုက ပင်လယ်ကို အလေးမထားကြပေ။ တုန်းဖန်မိသားစုသာ ကြီးမားသော ကုန်သင်္ဘောများစွာ တည်ဆောက်ထားခြင်းဖြစ်သည်။ အဆက်မပြတ် စောင့်ကြည့်ခံနေရခြင်း မရှိပါက ပင်လယ် ရေကြောင်းခရီးဖြင့် မြောက်ပိုင်းပြည်နယ်ကို သူတို့ထွက်သွားလျှင် တောင်ပိုင်းအာဏာရှိမိသားစုများ သတိထားမိမည် မဟုတ်ပေ။ ။
သို့သော် မြောက်ပိုင်းပြည်နယ်၏ အထူးကိုယ်ရံတော်များသည် တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ရာ အထူးကိုယ်ရံတော်များမှတစ်ဆင့် အာဏာရှိမိသားစုများ၏ လှုပ်ရှားမှုကို သူတို့အချိန်မီသိရှိနိုင်မည် ဖြစ်သဖြင့် သူတို့၏ အကြံအစည် လူသိသွားမည်ကို အလွန်စိုးရိမ်စရာမလိုပေ။
မြောက်ပိုင်းပြည်နယ်သို့ ခရီးစဉ်အတွင်း ကုန်သင်္ဘောများအား ရိက္ခာဖြည့်တင်းဖို့ကလည်း ပို၍ပင် စိုးရိမ်စရာမရှိပေ။ တုန်းဖန်မိသားစုနှင့် ဆွမ်ဧကရာဇ်ကြား သဘောတူညီချက်ရရှိထားပြီးဖြစ်ရာ ခရီးစဉ်အတွင်း နန်းတွင်းမှ ထိန်းချုပ်ထားသော ဆိပ်ကမ်းများတွင် ရပ်နားခွင့်ရှိသည်။
........
အခန်း (၃၄၅)
ဆဋ္ဌမမြောက်ကလေး မွေးဖွားခြင်း (၁)
ချွမ်မိသားစု။
သီးသန့်အဆောင်ဝင်း တစ်ခုတွင်။
ရောင်စုံပန်းများ ဝေဆာနေသော အဆောင်အတွင်း၌ ကျေးငှက်များ တေးဆိုနေကြ၏။ ရေကန်အတွင်း၌လည်း ရောင်စုံငါးများ ကူးခတ်နေကြ၏။
အနီရောင် သားမွှေးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အဆောင်ငယ်တစ်ခုထဲတွင် ရပ်နေပြီး ကန်အတွင်းရှိ ငါးများကို တိတ်ဆိတ်စွာ ငေးမောနေသည်။
ထိုအချိန်တွင် ဝဖိုင့်ဖိုင့် ယောက်ျားတစ်ဦး အဆောင်ဝင်းအတွင်းသို့ဝင်ရောက်လာ၏။ အဆောင်ငယ် အပြင်ဘက်သို့ရောက်သည်နှင့် ထိုလူက ချက်ချင်း ဦးညွှတ်လိုက်ကာ
“ ကျန်းဝမ် မင်းသမီးကို ဂါရဝ ပြုပါတယ်”
ဝူကျန်းဝမ်က အေးဆေးစွာဖြင့်
“ထပါ”
ဟု ပြန်ပြောလိုက်သည်။
ချွမ်တဟိုင်က ချက်ချင်းထလိုက်သည်။
ထို့နောက် ဝူကျန်းဝမ်က
“ ဒီတစ်ခေါက် ကျွန်မ ကိုယ်တိုင် ဥက္ကဋ္ဌချွမ်ကို လာတွေ့ရတဲ့ အကြောင်းရင်းကို သိမှာပေါ့”
ဟု မေးလိုက်သည်။
ချွမ်တဟိုင်က ချက်ချင်းပြန်ဖြေလိုက်သည်။
“မင်းသမီးတော် ကိုယ်တိုင် ရောက်လာရတာက မြောက်ပိုင်းပြည်နယ် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ကျွန်တော့်ကို ခန့်အပ်လိုလို့ ဖြစ်မယ်လို့ ယူဆပါတယ်”
ဝူကျန်းဝမ်က လှည့်မကြည့်ပဲ ရေကန်အတွင်းရှိ ငါးများ ကူးခတ်နေသည်ကိုသာ ဆက်လက်ကြည့်ရှုနေသည်။
“ဥက္ကဋ္ဌချွမ်က အလွန်တော်ပါတယ်။ ရှင့်ရဲ့ဉာဏ်ရည်ကြောင့်ပဲ ချွမ်မိသားစု ဒီအဆင့်ကို ရောက်လာပြီး ချွမ်ဟိုင် ကုန်သည်အသင်းလည်း ဝူနိုင်ငံတော်ရဲ့ အချမ်းသာဆုံး ကုန်သည်အသင်း ဖြစ်လာရတာ။”
ထိုစကားကို ကြားလိုက်ရသောအခါ ချွမ်တဟိုင်လည်း ဝူကျန်းဝမ် ကိုယ်တိုင်လာရောက်ရသည့် အကြောင်းရင်းကို အလုံးစုံနီးပါးနားလည်သွားသည်။ ဒါက သတိပေးချက်တစ်ခုဖြစ်သော်လည်း သူအတွက် စိုးရိမ်စရာမရှိပေ။
“မင်းသမီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”
ထို့နောက် ဝူကျန်းဝမ်က
“ရှင့်ရဲ့စာမှာ မြောက်ပိုင်းနယ်စားမင်းသားနှင့် နှစ်ဦးတည်း တွေ့ဆုံပြီး သူကရှင့်ကို ဘယ်လိုအကျိုးအမြတ်တွေ ပေးမယ့်အကြောင်း ရေးထားတယ်။ သူကရှင့်ကို ဘယ်လိုအကျိုးခံစားခွင့်တွေပေးမယ်လို့ ကတိပေးထားလဲဆိုတာ ကျွန်မအရမ်း စိတ်ဝင်စားမိတယ်”
ဟု မေးမြန်းလိုက်သည်။
ချွမ်တဟိုင်က
“မြောက်ပိုင်းပြည်နယ်ဟာ အခြားဘယ်နိုင်ငံနှင့်မှ မတူပဲ ကုန်သွယ်ရေးကို အလေးထားတဲ့ ပြည်နယ်ဖြစ်တဲ့အကြောင်း၊ မြောက်ပိုင်းပြည်နယ်မှာ ကုန်သည်တွေရဲ့ အဆင့်အတန်းမြင့်မားလာမယ် ဆိုတဲ့အကြောင်း မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ လူတိုင်းက အရေးပါပြီး ပညာတတ်၊ လယ်သမား၊ လက်မှုပညာရှင်၊ ကုန်သည် ဆိုတဲ့ လူတန်းစား အဆင့်အတန်း ခွဲခြားမှုများ မရှိဘူးလို့ သူကဆိုပါတယ်။”
“ကျွန်တော်သာ မြောက်ပိုင်းပြည်နယ်နဲ့ ပူးပေါင်းမယ်ဆိုရင် အနာဂတ်မှာ မြောက်ပိုင်းပြည်နယ်က ကျွန်တော့်ကြောင့် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ကျွန်တော့် နာမည်ကလည်း မြောက်ပိုင်းပြည်နယ်ရဲ့ သမိုင်းမှာ ထင်ကျန်နေမယ်လို့ ပြောပါတယ်။ နောက်ပြီး ချွမ်မိသားစု မြောက်ပိုင်းပြည်နယ်ပြောင်းရွှေ့ပြီးရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ လုပ်ငန်းအချို့ကို ချွမ်မိသားစုလက်ထဲ လွှဲပြောင်းပေးမယ်လို့လည်း သူကကတိပေးထားပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ဝူကျန်းဝမ်က ရယ်မောလိုက်ပြီး
“ဒီလူငယ်လေးက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်မ မျက်စီအောက်မှာပဲ လူကောင်းတွေကို ခိုးယူဖို့ ကြိုးစားနေတယ်”
ဟု ပြောလိုက်သည်။
ဝူကျန်းဝမ်၏ မျက်နှာပေါ်ရှိ အပြုံးမှာ သဘာဝကျပြီး ဒေါသအရိပ်လက္ခဏာ လုံးဝမပါဝင်ပေ။
ထိုစဉ် ချွမ်တဟိုင်က
“မင်းသမီး။ ချွမ်မိသားစု ယနေ့ဒီအဆင့်ရောက်ရှိလာရတာက မင်းသမီးရဲ့ စောင့်ရှောက်မှုကြောင့်ပါ။ ကျွန်တော် မင်းသမီးကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ဒါကြောင့် မြောက်ပိုင်းနယ်စားမင်းသားနှင့် တွေ့ဆုံပြီးနောက် စတုတ္ထမြောက်နေ့မှာပဲ ကျွန်တော် ဝူနိုင်ငံတော်ကို ချက်ချင်းပြန်လာခဲ့ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသား ပေးထားတဲ့ အကျိုးအမြတ် အနည်းငယ် အတွက်နဲ့ ဝူနိုင်ငံတော်က ထွက်ခွာသွားမှာ မဟုတ်ပါဘူး။”
ချွမ်တဟိုင်၏ စကားကို ကြားလိုက်ရသော ဝူကျန်းဝမ်က
“သစ္စာဖောက်တာ ဟုတ်လား။ ချွမ်မိသားစု မြောက်ပိုင်းပြည်နယ်နဲ့ ပူးပေါင်းတာက ကျွန်မအတွက် အကျိုးရှိတယ်လေ။ ဒါကို သစ္စာဖောက်တာလို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ”
ဟု အေးဆေးစွာ ပြောလိုက်သည်။
“ဒါက...”
ချွမ်တဟိုင်က အံ့သြသွား ဟန်ဆောင်လိုက်သည်။
ထိုစဉ် ဝူကျန်းဝမ်က ချွမ်တဟိုင်ဘက်သို့ လှည့်ကြည့်လိုက်ကာ
“ဒီနေ့ကစပြီး ရှင်က မြောက်ပိုင်းပြည်နယ်သား တစ်ယောက်ဖြစ်သွားပြီ”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ချွမ်တဟိုင်က ချက်ချင်း ဒူးထောက်ချလိုက်ပြီး ကြောက်ရွံ့နေသောမျက်နှာဖြင့်
“ ကျွန်တော် မြောက်ပိုင်းပြည်နယ်ကို မသွားလိုပါဘူး မင်းသမီး။ ချွမ်မိသားစုဟာ ဝူနိုင်ငံတော်မှာ နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ နေရာက ဝူနိုင်ငံတော်ပါ။ ချွမ်မိသားစုက ဘယ်လိုလုပ် မြောက်ပိုင်းပြည်နယ် ပြောင်းရွှေ့နိုင်မှာပါလဲ။ မင်းသမီး မကျေနပ်တာ တစ်ခုခု လုပ်မိလို့ မင်းသမီးက ချွမ်မိသားစုကို ဝူနိုင်ငံတော်က နှင်ထုတ်လိုလို့လား။”
ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။
“စိတ်မလှုပ်ရှားပါနဲ့ ဥက္ကဋ္ဌချွမ်။ ကျွန်မက အဲ့ဒီလို မဆိုလိုပါဘူး။ ချွမ်မိသားစုဟာ အရင်အတိုင်းပဲ ဝူနိုင်ငံတော်ရဲ့ ချွမ်မိသားစုအဖြစ် ဆက်ရှိနေမှာပါ။ ဒါပေမဲ့ ကျွန်မအတွက် မြောက်ပိုင်းပြည်နယ်အကြောင်း ထောက်လှမ်းရေး အချက်အလက်တွေ ပိုမိုရရှိဖို့ ရှင်တို့ မြောက်ပိုင်းပြည်နယ်ကို သွားဖို့လိုတယ်။ ဥက္ကဋ္ဌချွမ်က မလုပ်ချင်ဘူးလား။”
ချွမ်တဟိုင်က မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်သည်၊
“မင်းသမီး အလိုရှိရင် ကျွန်တော် နာခံမှာပါ။”
ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။
“စိတ်ချပါ ဥက္ကဋ္ဌချွမ်။ ချွမ်မိသားစု မြောက်ပိုင်းပြည်နယ်ကို ပြောင်းသွားရင်တောင် ကျွန်မက ရှင့်ကို မစွန့်ပစ်ပါဘူး။ ရှင်စိုးရိမ်နေရင် ရှင့်ရဲ့သားကြီးနဲ့ ဒုတိယသားကို ဝူနိုင်ငံတော်မှာ ချန်ထားပြီး ချွမ်ဟိုင် ကုန်သည်အသင်းကို ဆက်လက်အုပ်ချုပ်စေလို့ရပါတယ်။”
ထိုစကားကို ကြားရတော့ ချွမ်တဟိုင် လုံးဝမအံ့သြခဲ့ပေ။ ဤရလဒ်ကို သူကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ ဝူကျန်းဝမ်က နှုတ်ဖြင့်သူ့အား ယုံကြည်သည်ဟု ပြောသော်လည်း စိတ်ထဲတွင် ချွမ်မိသားစု သစ္စာဖောက်သွားမည်ကို စိုးရိမ်နေသည်မှာ သေချာပေသည်။
သို့သော် ချွမ်တဟိုင်က ထိုအချက်ကို ဂရုမစိုက်ပါ။ သူ၏သားကြီးနှင့် ဒုတိယသားကို ဝူနိုင်ငံတော်တွင် ချန်ထားခြင်းဖြင့် လုချန်းအတွက် ဝူနိုင်ငံတော်မှ ထောက်လှမ်းရေးအချက်အလက်များ ပိုမိုရရှိစေနိုင်သည့်အတွက် မြောက်ပိုင်းပြည်နယ်နှင့် မြောက်ပိုင်းနယ်စားမင်းသားအတွက် ကောင်းသည့်အရာပင်ဖြစ်သည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။
“ဥက္ကဋ္ဌချွမ်။ ရှင်အမြန်ပြင်ဆင်ပြီး မြောက်ပိုင်းပြည်နယ်ကို ချင်ချင်းထွက်ပါ။ နောက်ပိုင်းမှာ တစ်ခုခုလိုရင် ကျွန်မ ရှင့်ကိုတစ်ယောက်ယောက်နဲ့ အကြောင်းကြားလိုက်မယ်။”
“ဟုတ်ကဲ့ပါ မင်းသမီး။”
ဝူကျန်းဝမ်လည်း နောက်ထပ်စကားမပြောတော့ပဲ ချွမ်မိသားစု အိမ်တော်မှ ထွက်ခွာသွားခဲ့သည်။
“မင်းသမီးရဲ့ လမ်းခရီး ချောမွေ့ပါစေ။”
ဝူကျန်းဝမ် ချွမ်မိသားစု အိမ်တော်မှ ထွက်ခွာပြီးနောက် သူမ၏အနားတွင် ရှိသော စစ်သည်တစ်ဦးအား မှာလိုက်သည်။
“ချွမ်မိသားစုရဲ့ သားနှစ်ယောက်ကို နှင်းမုန်တိုင်း စားသောက်ဆိုင် ဖိတ်လိုက်ပါ။”
“ ဟုတ်ကဲ့ မင်းသမီး”
ဟု စစ်သည်က ဖြေကြားပြီး ချက်ချင်းမြင်းစီးကာ ချွမ်ဟိုင် ကုန်သည်အသင်းဆီသို့ ဦးတည်သွားခဲ့သည်။
ဝူကျန်းဝမ်သည် ချွမ်မိသားစု၏ သားနှစ်ယောက်ကို ဝူနိုင်ငံတော်တွင် အကျယ်ချုပ်အဖြစ် ထားရန် စီစဉ်ထားသော်လည်း ချွမ်မိသားစုအပေါ် သံသယများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ချွမ်တဟိုင် သူမ၏အမိန့်ကို နာခံမှာ သေချာစေရန် ချွမ်မိသားစုမှ ညီအစ်ကိုနှစ်ယောက်ကို တိုက်ရိုက်သိမ်းသွင်းရန် ရည်ရွယ်ထားသည်။
ချွမ်မိသားစု၏ ညီအစ်ကိုနှစ်ယောက်ကို သူမဘက်ပါအောင် လုပ်နိုင်မှသာ ချွမ်မိသားစုကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော် ဝူကျန်းဝမ် မသိသေးသည်မှာ ချွမ်မိသားစု၏ လုချန်းအပေါ် သစ္စာစောင့်သိမှုသည် ရာနှုန်းပြည့်ဖြစ်ပြီး ထိုအထဲတွင် ထိုညီအစ်ကိုနှစ်ယောက်စလုံးပါဝင်နေသည့်အတွက် သူမ၏ကြိုးပမ်းမှုအားလုံး အချည်းနှီးဖြစ်သွားမည်ကိုဖြစ်သည်။
ချွမ်မိသားစု၏ ညီအစ်ကိုနှစ်ယောက်ကို မည်သို့ပင် ကြိုးစားသိမ်းသွင်းစေကာမူ သူတို့၏စစ်မှန်သောသစ္စာခံမှုကို ရရှိမည်မဟုတ်ပေ။
....