အခန်း ၃၇၆-၃၇၈
Vol. 26 Ch. 376-378
အခန်း (၃၇၆)
ကျွန်မ မင်းသားကို အကြံဉာဏ်တောင်းမှာပါ (၂)
ထိုသို့ ကြားလိုက်ရသည်နှင့် တုန်းဖန်လုံယွဲ့ ခဏခန့် ငြိမ်သွားပြီး
“သတင်းစာတိုက်...”
ဟုရေရွတ်လိုက်သည်။
“မင်းသား။ ကျွန်မ မသိလို့ ခွင့်လွှတ်ပါ။ သတင်းစာတိုက်ဆိုတာ ဘာလဲ ရှင်းပြပေးပါလား။”
တုန်းဖန်လုံယွဲ့သည် ဤခောတ်ကမ္ဘာမှလူ ဖြစ်သည့်အတွက် သတင်းစာတိုက်အကြောင်း မကြားဖူးခြင်းမှာ သဘာဝကျသည်။
လုချန်းက ရှင်းပြလိုက်သည်။
“ဒီလိုပြောရမယ်။ နောက်ပိုင်း ကမ္ဘာပေါ်မှာ ဘာကိစ္စဖြစ်ဖြစ် ၊ဘယ်သတင်းစကားဖြစ်ဖြစ် မင်းက စုဆောင်းပြီး စာရွက်ပေါ်မှာ ရေးမှတ်ထားမယ်။ ပြီးရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ ပုံနှိပ်စက်ရုံမှာ ပုံနှိပ်ပြီး နောက်ဆုံး အဆင့်မှာ စာဖတ်တတ်သူတွေကို သင့်တင့်မျှတတဲ့ဈေးနဲ့ ရောင်းချမယ်။ မင်းစုဆောင်းထားတဲ့ သတင်းတွေကို လူပိုသိအောင် လုပ်ရမယ်။ ဒီလိုသတင်းအမျိုးမျိုးနဲ့ ပုံနှိပ်ထားတဲ့စာရွက်ကို သတင်းစာလို့ခေါ်ပြီးသတင်းစာတွေ ဖြန့်ဝေတဲ့နေရာကို သတင်းစာတိုက်လို့ ခေါ်တယ်။”
ထိုသို့ရှင်းပြလိုက်တော့မှ “စီးပွားဖြစ်သတင်းစာ” ဆိုသည့် လုချန်း၏အဓိပ္ပါယ်ကို တုန်းဖန်လုံယွဲ့ ချက်ချင်းနားလည်သွားသည်။
ယင်းသည် မင်းသားစံအိမ်မှ ကြေညာချက်များနှင့် ဆင်တူသော်လည်း ထိုကြေညာချက်များသည် မင်းသားစံအိမ်နှင့်သက်ဆိုင်သော ကိစ္စများ သို့မဟုတ် မြောက်ပိုင်းပြည်နယ်ရှိ အချို့သော ပြုပြင်ပြောင်းလဲမှုများအကြောင်းသာ ဖြစ်ပြီး ငွေကြေးဖြင့် ရောင်းချခြင်း မဟုတ်ပေ။
တကယ်တော့ သတင်းစာဆိုသောအရာ၏ အလားတူ ပုံစံမျိုးက ဤခောတ်ကမ္ဘာတွင် ရှိပြီးသားဖြစ်သည်။ အချက်အလက် စုဆောင်းရာတွင် အထူးကျွမ်းကျင်သော အချို့သော အင်အားစုများက သူတို့၏သတင်းအချက်အလက်များကို လိုချင်သော လူများထံ ရောင်းချသည့် လုပ်ငန်းနှင့် ဆင်တူသည်။
သို့သော် လုချန်းပြောနေသည့် သတင်းစာကတော့ လူတိုင်းအတွက်ဖြစ်ပြီး သာမန်ပြည်သူများအပါအဝင် စာဖတ်တတ်သူများအား ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မြန်မြန်ဆန်ဆန် သိရှိစေရန်ဖြစ်သည်။
သတင်းစာများ မိတ်ဆက်ပြီးသည်နှင့် ဈေးနှုန်းသင့်တင့်ပါက စာဖတ်တတ်သူများအလွန်စိတ်ဝင်စားကြမည်မှာ သေချာသည်။
သို့သော်...
သတင်းစာများနှင့်ပတ်သက်၍ နောက်ထပ်ပြဿနာတစ်ခုရှိသည်။
တုန်းဖန်လုံယွဲ့သည် သတင်းစာများ၏ အားနည်းချက်တစ်ခုကို ချက်ချင်းသတိထားမိလိုက်သည်။ တစ်စုံတစ်ဦးက သတင်းစာများမှတစ်ဆင့် သတင်းမှားများကို ဖြန့်ဝေပါက ပြည်သူများအကြား မငြိမ်မသက်ဖြစ်စေနိုင်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် တုန်းဖန်လုံယွဲ့သည် ချက်ချင်းပြောလိုက်သည်။
“ကျွန်မတို့ သတိထားရမယ်မင်းသား။ သတင်းစာကိစ္စကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ထိန်းချုပ်သင့်တယ်။ သတင်းစာကို မထိန်းချုပ်ပဲထားရင် အချို့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေကသတင်းမှားတွေကို ထုတ်ဝေပြီး ပြည်သူတွေအကြား မငြိမ်မသက်ဖြစ်စေမှာပါ။”
တုန်းဖန်လုံယွဲ့က သတင်းစာများ၏ ဖြစ်နိုင်ခြေရှိသော ပြဿနာများကို ခဏအတွင်းမှာပင် သတိထားမိသည်ကို မြင်ရသည်နှင့် လုချန်း အနည်းငယ် ပြုံးလိုက်မိသည်။
“ မင်းသတင်းစာတွေရဲ့ဆိုးကျိုးတွေကို မြင်နိုင်တာကို ကျွန်တော် သဘောကျတယ် လုံယွဲ့။ ဒါပေမဲ့ စိတ်ချပါ လူတိုင်းသတင်းစာတိုက်ဖွင့်လို့ရတာ မဟုတ်ပါဘူး။”
“ ကျွန်တော်သတင်းစာတိုက် နှစ်မျိုး စတင်တည်ထောင်ဖို့ အစီအစဉ်ရှိတယ်။ တစ်ခုက ပြည်သူလူထုအတွက်၊ နောက်တစ်ခုက အစိုးရထုတ်ပါ။”
ဟု လုချန်းက ရှင်းပြလိုက်သည်။
“ အစိုးရထုတ် သတင်းစာတွေကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကပဲ ထုတ်ဝေမယ်။ ဒါပေမဲ့ ပြည်သူ့သတင်းစာတွေကိုတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က တိုက်ရိုက်စီမံလို့ မရဘူး။ သာမန်ပြည်သူတွေရဲ့ မျက်မှောက်ကာလ အဖြစ်အပျက်တွေကို ရိုးသားစွာမှတ်တမ်းတင်ရမယ်”
ဟု ဆက်လက်ရှင်းပြလိုက်သည်။
“ ဒါပေမဲ့ ဘယ်သတင်းစာမျိုးဖြစ်ဖြစ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ ကြိုတင်စိစစ်ချက်မပါပဲ ထုတ်ဝေခွင့်မရှိဘူး။ အခုအချိန်မှာလည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှလွဲပြီး မြောက်ပိုင်းပြည်နယ်မှာ ပုံနှိပ်နည်းပညာကို ပိုင်ဆိုင်တဲ့ သူမရှိသေးဘူး။”
စက္ကူထုတ်လုပ်နည်းနှင့် ပုံနှိပ်နည်းပညာများ ရရှိပြီးနောက် လုချန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် စက္ကူအလုပ်ရုံများနှင့် ပုံနှိပ်စက်ရုံများကို အမြန်ဆုံးတည်ဆောက်ခဲ့သည်။
စက္ကူထုတ်လုပ်နည်းနှင့် ပုံနှိပ်နည်းပညာများ ပြည်သူလူထုကြားတွင် မပျံ့နှံ့မီကာလအတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် မပူးပေါင်းပဲ သတင်းစာအများအပြားထုတ်ဝေရန် မဖြစ်နိုင်သေးပေ။
လုချန်း၏ ရှင်းလင်းချက်ကို ကြားပြီးနောက် တုန်းဖန်လုံယွဲ့ စဉ်းစားမိသည်။ လက်ရှိအခြေအနေတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကသာ သတင်းစာအများအပြား ထုတ်ဝေနိုင်သည်။ အခြားနိုင်ငံကြီးများ၏ အာဏာရှိ မိသားစုများပင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း မရှိသေးပေ။
ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သတင်းစာတိုက်များကို ကောင်းစွာထိန်းချုပ်နိုင်ပါက သတင်းမှားများ ဖြန့်ဝေရန် မလွယ်ကူသည်ကိုလည်း သိမြင်လာသည်။
ထိုအချိန်တွင်ပင် လုချန်း အဘယ်ကြောင့် အစိုးရထုတ် သတင်းစာတစ်မျိုးတည်းကိုသာ လုပ်ဆောင်ခြင်းမပြုပဲ ပြည်သူ့သတင်းစာနှင့် အစိုးရ သတင်းစာဟူ၍ ခွဲခြားထားရသည်ကို တုန်းဖန်လုံယွဲ့ နားလည်သွားသည်။
ပြည်သူ့သတင်းစာဟု အမည်တပ်ထားသော်လည်း အခြေခံအားဖြင့် အစိုးရက ချုပ်ကိုင်ထားသော သတင်းစာပင်ဖြစ်သည်။ အကြောင်းမှာ တုန်းဖန်မိသားစုသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဩဇာခံဖြစ်ပြီး လုချန်း၏ဘက်တွင်သာ အမြဲရပ်တည်မည်ဖြစ်သောကြောင့်ဖြစ်သည်။
ပြည်သူလူထုက အစိုးရထုတ် သတင်းစာကို မယုံကြည်တော့သည့်အခါ တုန်းဖန်မိသားစု၏ ပြည်သူ့သတင်းစာက မြောက်ပိုင်းနယ်စားမင်းသားစံအိမှ လိုလားသော လမ်းကြောင်းအတိုင်း လူထုအမြင်ကို လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။
လုချန်း၏ ရည်ရွယ်ချက်ကို နားလည်သွားသော တုန်းဖန်လုံယွဲ့က
“မင်းသားရဲ့ အဓိပ္ပာယ်ကို နားလည်ပါပြီ။ ကျွန်မ ပြန်ရောက်တာနဲ့ သတင်းစာတိုက် တည်ထောင်ဖို့ ချက်ချင်းစတင်လုပ်ဆောင်ပါမယ်။”
“ဒါပေမဲ့ ဒါက ကျွန်မအတွက် ပထမဆုံးအတွေ့အကြုံဖြစ်လို့ နားမလည်တဲ့ အချက် တွေရှိရင် မင်းသားနဲ့ လာတိုင်ပင်ခွင့် ရှိပါလား”
ဟု မေးလိုက်သည်။
လုချန်းက
“ရှိပါတယ်။ ဘယ်အကြောင်းအရာတွေ ရေးသားရမယ်၊ ခေါင်းစဉ်ဘယ်လိုပေးရမယ်၊ ဘယ်လို စီစဉ်ရမယ်ဆိုတာကို အကုန်အစင် သင်ကြားပေးမှာပါ။ မေးစရာရှိရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တိုက်ရိုက်လာပြီး မေးနိုင်ပါတယ်”
ဟု ဖြေကြားလိုက်သည်။
ထိုနောက် လုချန်းက အလေးအနက်ထပ်၍ ပြောလိုက်သည်။
“ဒီသတင်းစာဌာနဟာ ကျွန်တော့်အတွက်၊ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွက်၊ မြောက်ပိုင်းပြည်နယ်အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် မသေချာတဲ့ အချက်တွေရှိရင် ကျွန်တော့်ကို မေးဖို့ မတွန့်ဆုတ်ပါနဲ့။”
ထိုသို့ပြောပြီးသည်နှင့် လုချန်းက သူရှေ့တွင် ရပ်နေသော ချောမောလှပသည့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။
တုန်းဖန်လုံယွဲ့က
“ကျွန်မ မင်းသားရဲ့ညွှန်ကြားမှုကို မကြာခဏ ရယူပါမယ်။”
လုချန်းက
“ဒီနေ့ပဲ ပြင်ဆင်မှုတွေ စတင်နိုင်ပါပြီ။”
“ အဲ့ဒါဆို ကျွန်မကို ခွင့်ပြုပါဦး။”
ထို့နောက် တုန်းဖန်လုံယွဲ့ စာကြည့်ခန်းမှ ထွက်ခွာသွားသည်။
တုန်းဖန်လုံယွဲ့ ထွက်ခွာပြီးမကြာမီ လုချန်းလည်း ထိုင်ခုံမှထကာ စာကြည့်ခန်းမှ ထွက်ရန် ရည်ရွယ်နေစဉ် ရုတ်တရက် စာကြည့်ခန်းတံခါးဝမှ အစေခံ၏ အသံကို ကြားလိုက်ရသည်။
“ပိုင်ခေါင်းဆောင်က တွေ့ဆုံလိုပါတယ် မင်းသား။”
လုချန်းက
“ဝင်ခွင့်ပြုလိုက်ပါ။”
ထို့နောက် ပိုင်ချင်းချင်း စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်လာသည်။ လုချန်းက သူမ၏ အေးစက်သောအလှကို ကြည့်ရင်း စူးစမ်းမေးမြန်းလိုက်သည်။
“ဘာကိစ္စလဲ ပိုင်။”
ပိုင်ချင်းချင်ကိုယ်တိုင် လာရောက်တွေ့ဆုံခြင်းက ရှားသည်။ ပုံမှန်အားဖြင့် နေပြည်တော်နှင့်ဆိုင်သော ထောက်လှမ်းရေးသတင်းရှိမှသာ လာလေ့ရှိသည်။ သို့သော် ယခုအခါ နေပြည်တော်ရှိ အရိပ်ကိုယ်ရံတော်များနှင့် သူမ၏ ဆက်သွယ်မှု လုံးဝပြတ်တောက်သွားပြီဖြစ်သည်။ သူမ၏ သစ္စာဖောက်မှုကို ဧကရာဇ် သိရှိသွားပြီး သူ့အား ယုံကြည်မှု မရှိတော့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ပိုင်ချင်းချင်းအနေနှင့် အရိပ်ကိုယ်ရံတော်များမှတစ်ဆင့် နေပြည်တော်၏ ထောက်လှမ်းရေးသတင်းများကို ရယူရန် ခက်ခဲနေပြီဖြစ်သည်။
........
အခန်း (၃၇၇)
ကျွန်မ မင်းသားကို အကြံဉာဏ်တောင်းမှာပါ (၃)
ပိုင်ချင်းချင်းက မျက်နှာအမူအယာ မပါပဲ ဖြေလိုက်သည်။
“မြောက်ပိုင်းပြည်နယ်က အရိပ်ကိုယ်ရံတော်အများစု ဖယ်ရှားခံလိုက်ရပါပြီ။ ဧကရာဇ်က မြောက်ပိုင်းပြည်နယ်က သစ္စာဖောက် တွေကို ဖယ်ရှားဖို့ လူလွှတ်ထားတယ်လို့သံသယရှိပါတယ်။”
အရိပ်ကိုယ်ရံတော်များသည် ဆွမ်ဧကရာဇ်၏ အရေးပါဆုံးတပ်ဖွဲ့ဖြစ်သည်။ အရိပ်ကိုယ်ရံတော် တပ်ဖွဲ့အတွင်း သစ္စာဖောက်မှုကို သူလုံးဝသည်းမခံနိုင်ပေ။ ပိုင်ချင်းချင်း သစ္စာဖောက်သွားသော်လည်း သတင်းပို့ရန် တာဝန်ရှိသူ အရိပ်ကိုယ်ရံတော်များစွာ မြောက်ပိုင်းပြည်နယ်တွင် ရှိနေသေးသည်။ ဆွမ်ဧကရာဇ်သည် ယခုအခါ ထိုအရိပ်ကိုယ်ရံတော်များကိုလည်း ယုံကြည်မှု မရှိတော့ပေ။
ပိုင်ချင်းချင်း၏ စကားကို ကြားလိုက်ရသည့်အခါ လုချန်း အနည်းငယ် အံ့သြသွားသည်။
သူက ဖြည်းဖြည်းချင်း ပိုင်ချင်းချင်းထံသို့ ချဉ်းကပ်သွားကာ သူမ၏ နုနယ်သောကိုယ်ကို ဖက်ထားလိုက်သည်။
“တစ်ယောက်ယောက်က မကြာခင် မင်းကို ထိပါးလာမယ်လို့ ဆိုလိုချင်တာလား။”
ပိုင်ချင်းချင်းသည် အသံတိုးတိုးဖြင့် “အင်း” ဟု အသိအမှတ်ပြုလိုက်ပြီး အခြားဘာမှ ထပ်ဖြည့်စွက်ခြင်း မပြုတော့ပေ။
တကယ်တော့ သူမ မနေ့ညကတည်းက ထိုကိစ္စကို လုချန်းအား ပြောပြရန် စဉ်းစား နေခဲ့ခြင်းဖြစ်သည်။ အရိပ်ကိုယ်ရံတော်များ၏ သစ္စာဖောက်သုတ်သင်ရေးသည် သူမကို ဖယ်ရှားရန်သာ ဖြစ်ပြီး လုချန်းကို မထိခိုက်နိုင်ဟု သူမသိသည်။
တစ်ညလုံး စဉ်းစားပြီးနောက် နောက်ဆုံးတွင် လုချန်းအား အသိပေးရန် ပိုင်ချင်းချင်း ဆုံးဖြတ်လိုက်သည်။ သူမဆီ ဒီတစ်ကြိမ် လာမည့်သူသည် အလွန်အားကောင်းပြီး သူမအနေဖြင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ဟု အရိပ်အမြွက် ခံစားရသည်။
ယခင်တုန်းကတော့ သူမ မည်သူ့ထံမှာမှ အကူအညီကိုမှ မတောင်းပဲ ရန်သူကို ရင်ဆိုင်ခဲ့သည်။ သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ သူမတွင် ယောက်ျားတစ်ဦး ရှိနေပြီဖြစ်ပြီး ထိုယောက်ျားသည် အလွန်စွမ်းအားကြီးမားသူဖြစ်သည့်အတွက် သူမအနေဖြင့် တစ်ယောက်တည်း ရင်ဆိုင်ရန် မလိုတော့ပေ။
လုချန်းလည်း ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ဆက်မေးလိုက်သည်။
“ရန်ခရိုင်က အရိပ်ကိုယ်ရံတော်တွေကိုရော ဖယ်ရှားပြီးပြီလား။”
ပိုင်ချင်းချင်းက
“မဖယ်ရှားရသေးဘူး။”
လုချန်း စဉ်းစားကြည့်လိုက်သည်။ ရန်ခရိုင်ရှိ အရိပ်ကိုယ်ရံတော်များ မဖယ်ရှာသေးခြင်းမှာ ရန်သူက မြွေကို မနှိုးဆွလိုသော သဘောဖြစ်နိုင်သည်။ သူ၏ဖခင် စေလွှတ်လိုက်သော လူများ ရန်ခရိုင်သို့ မရောက်သေးဟု မဆိုလိုပေ။
တစ်ဖက်တွင်လည်း ပိုင်ချင်းချင်းက အမြဲတမ်း မြောက်ပိုင်းမင်းသားစံအိမ်တွင် နေထိုင်လျက်ရှိသည်။ သူ၏ဖခင်စေလွှတ်သော လူများအနေနှင့် မင်းသားစံအိမ်သို့ ဝင်ရောက်ကာ ပိုင်ချင်းချင်းကို ဒုက္ခပေးရန် ဝန်လေးနေကြသောကြောင့်လည်း ဖြစ်နိုင်သည်။
လုချန်းက ဆက်ပြောလိုက်သည်။
“ဒီနေ့ကစပြီး မင်းအချိန်ပြည့် ကိုယ်နဲ့အတူ ရှိနေရမယ်။ ကိုယ်သွားတဲ့ နေရာတိုင်း မင်းလိုက်ရမယ်။ အိပ်ချိန်ပါ မချန်ရဘူး။ ကိုယ့်ဖခင် စေလွှတ်လိုက်တဲ့လူကို ကိုယ်ကိုယ်တိုင် ရှာတွေ့တဲ့အထိ အဲ့ဒီအတိုင်းပဲ နေရမယ်။”
လုချန်း၏စကားကို ကြားလိုက်ရသည့်အခါ ပိုင်ချင်းချင်း၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားကာ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
ပိုင်ချင်းချင်းက
“ကျွန်မ နားလည်ပါပြီ”
ဟု ပြန်ပြောလိုက်သည်။
သူ၏ဖခင်စေလွှတ်လိုက်သောသူများ မင်းသားစံအိမ်သို့ တိုက်ရိုက်ဝင်ရောက်လာပြီး ပိုင်ချင်းချင်းကို ဒုက္ခပေးရဲမှာလားဆိုသည်ကို လုချန်း မသေချာပေ။ သို့သော် သူ့လို အဆင့်လွန်ပညာရှင်တစ်ဦး ရှိသည့်အတွက် မင်းသားစံအိမ်သို့ ဝင်ရောက်လာသူများအတွက် ထောင်ချောက်တစ်ခု ဖြစ်လာမည်သာ ဖြစ်သည်။
သို့သော် ထိုအချက်က လုချန်းအား အနည်းငယ် စိုးရိမ်စိတ်ဖြစ်စေသည်။ အကယ်၍ သူမင်းသားစံအိမ်မှ ထွက်ခွာသွားချိန်တွင် တစ်စုံတစ်ဦးက သူ၏ဇနီးနှင့်သားသမီးများကို ဒုက္ခပေးရန် လူစေလွှတ်နိုင်သည်။
ယခင်က သူတို့အား ဒုက္ခပေးသူများသည် အဆင့်လွန်ပညာရှင်များ မဟုတ်ကြပေ။ အများဆုံးအားဖြင့် ထိပ်သီးအဆင့်များသာ ဖြစ်ကြသည်။ မင်းသားစံအိမ်တွင် ယခုအခါ အဆင့်လွန်ပညာရှင်များ ရှိနေပြီဖြစ်ကာ ယာယီအားဖြင့် အဆင့်လွန်ပညာရှင်တစ်ဦးကို ခံနိုင်ရည်ရှိသည်။ သို့သော် မြောက်ပိုင်းပြည်နယ် တဖြည်းဖြည်း အင်အားကြီးမားလာသည်နှင့်အမျှ တစ်နေ့တွင် အဆင့်လွန်ပညာရှင်များစွာကို စေလွှတ်မည့်သူများ ပေါ်လာမည်ဖြစ်သည်။
ချန်ဝမ်ရွန်သည် အဆင့်လွန်ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ နန်းသခင်ဖြစ်သည့်အတွက် တစ်နေ့တွင် နန်းတော်သို့ ပြန်သွားနိုင်ခြေ အလွန်များသည်။ သူတို့ကလေး အသက် ၁၅ နှစ်ပြည့်မှသာ ချန်ဝမ်ရွန်အား နန်းတော်သို့ ပြန်ခွင့်ပြုရန် သဘောတူထားသော်လည်း လုချန်း ယခုတော့ ထိုသဘောတူညီချက်ကို အလေးအနက် မထားတော့ပေ။
လင်ဝမ်ရွန်၏စကားကို ကြားပြီးနောက် ချန်ဝမ်ရွန်အား အဓမ္မချုပ်နှောင်ထားရန် မဖြစ်နိုင်ဟု သူနားလည်သွားသည်။ အကယ်၍ ချန်ဝမ်ရွန် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်လိုပါက သူလွှတ်ပေးလိုက်မည်သာဖြစ်သည်။
အတွေးများနှင့် ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် လုချန်းက တံခါးဝရှိ အစေခံအား ပြောလိုက်သည်။
“ရှောင်ဝမ်။ ပညာတော်ရှိကြီးကို ဖိတ်ခေါ်လိုက်ပါ။ သူ့ကို တွေ့ဖို့လိုတယ်။”
“ဟုတ်ကဲ့ မင်းသား။”
ကျူးကဲ့ကျုံကောင်း နေထိုင်ရာနေရာသည် မင်းသားစံအိမ်နှင့် အတော်အတန် ဝေးကွာနေသည်။ အကယ်၍ မင်းသားစံအိမ်တွင် အရေးပေါ် အခြေအနေ တစ်စုံတစ်ရာ ဖြစ်ပွားပါက ကျူးကဲ့ကျုံကောင်း ချက်ချင်းရောက်ရှိလာနိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် ကောင်းကင်လူသားအဆင့်သို့ ရောက်ရန် နီးစပ်နေသော ကျူးကဲ့ကျုံကောင်းအား မင်းသားစံအိမ်အနီးတွင် နေထိုင်စေရန် လုချန်း စီစဉ်လိုက်သည်။
ကျူးကဲ့ကျုံကောင်း ကဲ့သို့သော ကောင်းကင်လူသားနယ်ပယ်ဝင်ရန် နီးစပ်နေသည့် အဆင့်လွန်ပညာရှင်ကြီး အနားတွင် ရှိနေသဖြင့် လုချန်း အနည်းငယ် စိတ်သက်သာရာရနိုင်ခဲ့သည်။
နှစ်ပတ်အကြာ။
မြောက်ပိုင်းပြည်နယ်။
နိုင်ငံရေးရာခန်းမ။
ပလ္လင်ပေါ်တွင် ထိုင်လျက် လုချန်းက
“အရေးကိစ္စရှိရင် ပြောပါ။ မရှိရင် အစည်းအဝေး ရုပ်သိမ်းပါမယ်။”
ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ကျောင်းသားအချို့နှင့် ချူးမိသားစုမှ လူများ အုပ်ချုပ်ရေးထဲ ဝင်ရောက်လာသည့် အချိန်မှစ၍ မြောက်ပိုင်းပြည်နယ်တွင် လုချန်း ကိုယ်တိုင် အာရုံစိုက်ရန် လိုအပ်သည့် အရေးကိစ္စ များစွာမကျန်တော့ပေ။
မကြာသေးမီက ကျင်းပခဲ့သည့် ပြည်နယ်နန်းတွင်းအစည်းအဝေးများတွင် အရေးမကြီးသည့် ကိစ္စရပ်များသာ ဆွေးနွေးခဲ့ကြသည်။ မြောက်ပိုင်းပြည်နယ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများက အားကောင်းစွာ ဆက်လက်တိုးတက်နေသည်။ ပညာရှိကြီး ကျူးကဲ့ကျုံကောင်း၏ လမ်းညွှန်မှု ကြောင့် နန်းတွင်းတွင် ဆွေးနွေးရန်အထိ ဖြစ်လာသည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးကိစ္စများ အလွန်နည်းပါးသွားခဲ့သည်။
ပြည်နယ်နန်းတွင်းအစည်းအဝေးများ မကြာခဏ ကျင်းပခြင်းကို လုချန်း အနည်းငယ် မလိုလားတော့ပေ။အစည်းအဝေးက လောလောဆယ်တွင် သုံးရက်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ဤမျှတိုတောင်းသော အချိန်ကာလအတွင်း အရေးကြီးသည့် ပြဿနာများ စုပုံလာခြင်း မရှိသလောက်ဖြစ်သည်။ အစတုန်းကတော့ မြောက်ပိုင်းပြည်နယ် ပြုပြင်ပြောင်းလဲရေးများကို စတင်ခါစဖြစ်သဖြင့် အရာရှိများ ရင်ဆိုင်နေရသည့် ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် အစည်းအဝေးများ မကြာခဏကျင်းပရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတော့ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ မြောက်ပိုင်းပြည်နယ်သည် ယေဘုယျအားဖြင့် တည်ငြိမ်လာပြီး ရှန်နိုင်ငံတွင်း ပဋိပက္ခများကြောင့် ဒုက္ခသည်များ အဆက်မပြတ် ဝင်ရောက်လာနေသော်လည်း အောက်ခြေအရာရှိများက လွယ်ကူစွာ လက်ခံထားနိုင်ပြီဖြစ်သည်။ ပြည်နယ် နန်းတွင်းအစည်းအဝေးကို ခုနစ်ရက်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ပြန်လည်သတ်မှတ်ရန် လုချန်း စဉ်းစားနေစဉ် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ အရာရှိတစ်ဦး ထရပ်လျက် ပြောလိုက်သည်။
“မင်းသား။မနေ့က လမ်းပေါ်မှာ ‘သတင်းစာ’လို့ခေါ်တဲ့ စာရွက်တွေ ရောင်းနေတာကို တွေ့ခဲ့ပါတယ်။ တစ်စောင်ဝယ်ပြီး ဖတ်ကြည့်ရှုတော့ ရှနိုင်ငံမှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သတင်းစာမှာ မှတ်တမ်းတင်ထားတာကို တွေ့ရှိရပါတယ်။”
“ဒီသတင်းစာတွေကို အရှေ့ဘက်သတင်းစာတိုက်လို့ခေါ်တဲ့ ဆိုင်တစ်ဆိုင်က ရောင်းချနေကြောင်း သိရှိခဲ့ပါတယ်။”
“သတင်းစာဟာ ပြည်သူတွေကို အခြားဒေသများက သတင်းတွေ လျင်လျင်မြန်မြန် သိစေနိုင်ပေမဲ့ ထိန်းချုပ်မှုမရှိရင် အချို့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေက ကောလာဟလတွေ ဖြန့်ဝေပြီး ပြည်သူ့ တွေကြား မငြိမ်မသက်ဖြစ်အောင် အသုံးချလာနိုင်ပါတယ်။”
“ဒါ့ကြောင့် အရှေ့ဘက်သတင်းစာတိုက်လို့ခေါ်တဲ့ဆိုင်ကို ပိတ်သိမ်းဖို့ အဆိုပြုပါတယ်။”
ထိုအရာရှိ ပြောပြီးနောက် လိယုရီလည်း ရှေ့သို့တက်လာကာ ပြောလိုက်သည်။
“မင်းသား။ ကျွန်ုပ်လည်း သတင်းစာကို ဝယ်ယူဖတ်ရှုခဲ့ပါတယ်။ သတင်းစာထဲမှာ မရေရာတဲ့ သတင်းအချက်အလက် အမျိုးမျိုး ပါဝင်နေပါတယ်။ သာမန်ပြည်သူ အများစုက အမှားအမှန်ကို မခွဲခြားနိုင်ကြပါဘူး။ ထိုဒါကြောင့် ကျွန်တော်လည်း သတင်းစာတိုက်ကို ပိတ်သိမ်းဖို့ အဆိုပြုပါတယ်။”
လိယုရီ ပြောဆိုပြီးနောက် ခန်းမဆောင်အတွင်းရှိ အခြားအရာရှိများစွာကလည်း ထရပ်ကာ သတင်းစာတိုက် ပိတ်သိမ်းရန် အဆိုပြုကြသည်။ ထိုကဲ့သို့ လွှမ်းမိုးမှုမျိုး မြောက်ပိုင်းပြည်နယ်တွင် ပေါ်ထွက်လာခြင်းကို ခွင့်မပြုသင့်ဟု ယုံကြည်ကြသည်။
အရာရှိများ သတင်းစာတိုက်ကို မနှစ်သက်သည်ကို မြင်တွေ့ရသော အခါ သူတို့၏ အကြောင်းပြချက်အချို့ကို လုချန်း အနည်းငယ် နားလည်သွားသည်။ အချို့အရာရှိများက သတင်းစာကြောင့် မြောက်ပိုင်းပြည်နယ် လူထုကြားထဲ မကောင်းသော အမြင်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည်မှာ အမှန်ဖြစ်သော်လည်း အချို့ကတော့ သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖြစ်သည်။
လူထု၏ အာရုံကို ဆွဲဆောင်ရန်အတွက် လုချန်းက တုန်းဖန်လုံယွဲ့အား သတင်းစာ၏ ပထမဆုံး စာပုဒ်အနည်းငယ်တွင် အရာရှိများနှင့်ပတ်သက်သည့် ထူးခြားသော ဇာတ်လမ်းများကို ထည့်သွင်းရန် ညွှန်ကြားခဲ့သည်။
အရာရှိများ အနေနှင့် ထိုအကြောင်းအရာများကို ဖတ်ရှုပြီး သဘောမတွေ့ကြသည်မှာ သဘာဝကျသည်။ သူတို့ သတင်းစာတိုက်ကို ပိတ်သိမ်းလိုကြသည်မှာလည်း အံ့သြစရာမရှိပေ။
......
အခန်း (၃၇၈)
ချူးမိသားစု၏ စေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာစာ (၁)
ခန်းအဆောင်အတွင်းရှိ အရာရှိအများစုက သတင်းစာတိုက် ပိတ်သိမ်းရန် အဆိုပြုနေသည်ကို မြင်ရသောအခါ လုချန်း ပြုံးလိုက်သည်။ သူစကားစပြောမည့်အချိန်တွင် ကျူးကဲ့ကျုံကောင်းက ဝင်ပြောလိုက်သည်။
“ကျွန်တော်သိထားသလောက်တော့ စက္ကူ၊စာအုပ်နှင့် စာရွက်စာတမ်းတွေကို အစုလိုက်အပြုံလိုက် ပုံနှိပ်နိုင်တဲ့ တစ်ခုတည်းသောနေရာက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သာ ဖြစ်ပါတယ်။”
ကျူးကဲ့ကျုံကောင်း၏ စကားများက လုချန်းအား မပြောခြင်းမဟုတ်ပဲ သတင်းစာတိုက်ပိတ်သိမ်းရန် တိုက်တွန်းနေသော ခန်းမအတွင်းရှိ အရာရှိများအား သတိပေးခြင်းဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ခွင့်ပြုချက်မရှိပဲ သတင်းစာစတင်နိုင်မည် မဟုတ်ကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။
ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားလိုက်ရသည်နှင့် အရာရှိများလည်း ဆိုလိုရင်းကို ချက်ချင်းနားလည်သွားကြသည်။ ထိုအချိန်တွင် လိယုရီက စကားစပြောလိုက်သည်။
“အချို့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေက သတင်းစာကို အသုံးပြုပြီး မြောက်ပိုင်းပြည်နယ်ကို ထိခိုက်စေမယ့် ထုတ်ပြန်ချက်တွေ ဖြန့်ဝေနိုင်တဲ့ အလားအလာရှိတယ် ဆိုပေမဲ့ ကျွန်တော်တို့ စီမံခန့်ခွဲနိုင်ရင် သတင်းစာဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းပြည်ပ ပြန်ကြားရေးအတွက် အရေးပါတဲ့ ကိရိယာတစ်ခု ဖြစ်လာနိုင်ပါတယ်။”
“ဒါ့ကြောင့် သတင်းတိုက် ပိတ်သိမ်းဖို့ မလိုအပ်ဘူးလို့ ယုံကြည်ပါတယ်။”
လိယုရီ၏ သဘောထား အလျင်အမြန် ပြောင်းလဲသွားပုံကို မြင်ရသောအခါ လုချန်းက ရယ်မောလိုက်ပြီး
“လိလူကြီးမင်းရဲ့ မျက်နှာပြောင်းလဲနိုင်နှုန်းက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။”
ထို့နောက် လုချန်းက အဆောင်အတွင်းရှိ အခြားအရာရှိများကို ကြည့်လိုက်ကာ
“တုန်းဖန်မိသားစုဟာ သတင်းစာတိုက် မတည်ထောင်ခင် ကျွန်တော်နဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့ပါတယ်။ သူတို့ရဲ့ သတင်းစာတိုက်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ ခွင့်ပြုချက်နဲ့ ထူထောင်ခဲ့တာပါ။ ခင်ဗျားတို့ ခုနကပြောတဲ့ အပျက်သဘောဆောင်နိုင်တဲ့ အချက်တွေကို ကျွန်တော် ကြိုတင်စဉ်းစားထားပြီးပါတယ်။ ဒါပေမဲ့ သတင်းစာတိုက် ထူထောင်ခြင်းရဲ့ ကောင်းကျိုးက ဆိုးကျိုးထက် ပိုတယ်လို့ ကျွန်တော်ယုံကြည်တယ်။”
“ နောက်ပြီး ပုဂ္ဂလိက သတင်းစာတိုက်တွေ လူထုအမြင်ကို လွှမ်းမိုးမှာကာကွယ်ဖို့ အစိုးရသတင်းစာတိုက်တစ်ခု တည်ထောင်ဖို့ ကျွန်တော် ရည်ရွယ်ထားတယ်။ အခုချိန်ကစပြီး မြောက်ပိုင်းပြည်နယ်မှာ ဖြစ်ပျက်တဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တွေကို အဲ့ဒီအစိုးရ သတင်းစာမှာ ဖော်ပြသွားမယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ကြေညာချက်တွေကိုလည်း အဲ့ဒီသတင်းစာကနေ ထုတ်သွားမယ်။”
လုချန်းက ဆက်ပြောလိုက်သည်။
“အစိုးရသတင်းစာတိုက်အပြင် ယဉ်ကျေးမှုဌာနတစ်ခုကိုလည်း ဖွဲ့စည်းဖို့ ကျွန်တော် စီစဉ်ထားတယ်။ စာအုပ်နှင့် စာစောင်တွေကို စီစစ်သုံးသပ်ရတဲ့ တာဝန်က ယဉ်ကျေးမှုဌာနရဲ့ တာဝန်ဖြစ်လာမယ်။”
ထိုအချိန်တွင် လုချန်းက ကျူးကဲ့ကျုံကောင်းဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“ပညာရှိကြီးကို ယဉ်ကျေးမှုဌာန ဖွဲ့စည်းဖို့ ဒုက္ခပေးရတော့မယ်။”
ကျူးကဲ့ကျုံကောင်းက ချက်ချင်းပြန်လည်ဖြေကြားလိုက်သည်။
“မင်းသားရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါမယ်။”
ထို့နောက် လုချန်းက ဆက်မေးလိုက်သည်။
“ယနေ့အတွက် အခြားအရေးကိစ္စတွေများ ရှိသေးသလား။”
လုချန်း၏ စကားဆုံးသွားသောအခါ ခန်းမဆောင်အတွင်းရှိ အရာရှိများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ထပ်စကား ပြောမည့်သူ မရှိတော့ပေ။
လုချန်းက
“အခြားအရေးကိစ္စတွေ မရှိတော့ရင် ကျွန်တော် ကြေညာစရာ ကိစ္စတစ်ခု ရှိပါတယ်။ ယခုကစပြီး ပြည်နယ် နန်းတွင်းအစည်းအဝေးကို ခုနစ်ရက်တစ်ကြိမ်ပဲ ကျင်းပသွားမှာဖြစ်ပါတယ်။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ အရာရှိများ အလွန်ကျေနပ်သွားကြသည်။ ဆွေးနွေးစရာများ နည်းပါးနေသည့်အချိန်တွင် သုံးရက်တစ်ကြိမ် ပြည်နယ်နန်းတွင်းအစည်းအဝေး ကျင်းပခြင်းသည် မလိုအပ်သော အလုပ်တစ်ခုဖြစ်သည်။ ရှနိုင်ငံတော်၏ နန်းတွင်းတွင်တော့ နေ့စဉ်အစည်းအဝေးများ ကျင်းပလေ့ရှိပြီး ဝန်ကြီးများသည် အခြားဆွေးနွေးစရာမရှိပါက အသေးအဖွဲကိစ္စများနှင့် အချိန်အကြာကြီး အငြင်းပွားလေ့ရှိသည်။
မြောက်ပိုင်းပြည်နယ်၏ နန်းတွင်းအစည်းအဝေးများတွင် ဝန်ကြီးများ အဆက်မပြတ် တစ်ဦးနှင့်တစ်ဦး ပဋိပက္ခဖြစ်နေသည့် အခြေအနေမျိုး လုံးဝမရှိပေ။
လုချန်းသည် လက်တွေ့ကျသော လူတစ်ဦးဖြစ်ပြီး သူတို့၏ အဓိပ္ပာယ်မရှိသော စကားများကို နားမထောင်လိုကြောင်း အရာရှိများ ကောင်းစွာသိထားကြသည်။
ပြည်နယ် နန်းတွင်းငယ် အစည်းအဝေးများတွင် အဓိပ္ပာယ်မရှိသော စကားများ မပြောပါက အများအားဖြင့် ဆွေးနွေးစရာ ကိစ္စမရှိဟု ဆိုလိုသည်။ ထို့ကြောင့် သုံးရက်တစ်ကြိမ် အစည်းအဝေးကျင်းပခြင်းက တကယ်တော့ များလွန်းနေသည်။ ခုနစ်ရက်တစ်ကြိမ်သို့ ပြောင်းလဲခြင်းက အတော်ပင်ဖြစ်သည်။
အကယ်၍ အလွန်အရေးကြီးသော အရေးကိစ္စတစ်ခုခု ပေါ်ပေါက်ပါက သူတို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ စာကြည့်ခန်းသို့သွား၍ မင်းသားကို တွေ့ဆုံနိုင်သည်။
ခန်းမဆောင်အတွင်းရှိ အရာရှိများ ကန့်ကွက်မှု မရှိသည်ကို မြင်တွေ့ရသောအခါ လုချန်းက ပလ္လင်ပေါ်မှ ထလိုက်ပြီး ကြေညာလိုက်သည်။
“အဲ့ဒါဆိုရင် ဒီနေ့ အစည်းအဝေးကို ဒီနေရာမှာပဲ ရုပ်သိမ်းလိုက်ပါတယ်။”
ထို့နောက် လုချန်းလည်း နိုင်ငံရေးရာ ခန်းမဆောင်မှ ထွက်ခွာသွားခဲ့သည်။
နန်းတွင်းအစည်းအဝေး ပြီးဆုံးသွားသောအခါ အခြားနိုင်ငံတော်ဆိုင်ရာ အရေးကိစ္စများ ဆောင်ရွက်ရန်ရှိသေးသဖြင့် သူ၏ စာကြည့်ခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
စာကြည့်ခန်းသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ချင်ယူရှန် ရောက်လာခဲ့သည်။
“ချူးမိသားစု အကြီးအကဲက ဒီ စေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာချက်စာကို မင်းသားဆီပို့ဖို့ ကျွန်တော့်ကို ပေးထားပါတယ်။”
ချင်ယူရှန်၏ စကားကို ကြားလိုက်ရသောအခါ လုချန်းက သူ၏လက်ထဲရှိ စေ့စပ်မှု ဖျက်သိမ်းခြင်း ကြေညာချက်စာကို တစ်ချက်ကြည့်လိုက်ပြီး လက်ခံလိုက်ကာ အမြန်ဖတ်ရှုလိုက်သည်။
စာ၏ အကြောင်းအရာမှာ အလွန်ရိုးရှင်းပါသည်။ အဓိကအားဖြင့် ဝမ်မိသားစုသည် သစ္စာဖောက်သူများ ဖြစ်လာသည့်အတွက် မြောက်ပိုင်းပြည်နယ်ရှိ ချူးမိသားစုသည်က သူတို့နှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်ပြီး ချူးယုချင်နှင့် ဝမ်ဟန်တို့၏ လက်ထပ်မည့်သဘောတူညီချက်ကိုလည်း ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။
ထိုကြေညာချက်ဖြင့် ချူးယုချင်သည် တရားဝင်အားဖြင့် လွတ်လပ်သော အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။
လုချန်းသည် ပြုံးရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒီကြေညာချက်စာကို တုန်းဖန်လုံယွဲ့ဆီ ယူသွားပြီး မနက်ဖြန်သတင်းစာရဲ့ ရှေ့စာမျက်နှာမှာ ဒီအကြောင်းအရာကို ဖော်ပြခိုင်းလိုက်ပါ။”
ချင်ယူရှန်က စာကိုပြန်လည်လက်ခံယူပြီး
“ဟုတ်ကဲ့ မင်းသား။ ကျွန်တော် အခုပဲ သွားပါမယ်။”
ချင်ယူရှန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လုချန်းသည် စိတ်ထဲတွင် ချူးယုချင်အား မယားအဖြစ် ရယူရန် အချိန်တန်ပြီဟု တွေးမိသည်။
အစပိုင်းတွင် လုချန်းသည် ချူးယုချင်၏ ကိုယ်ခန္ဓာကိုသာ ပိုင်ဆိုင်လိုခဲ့သော်လည်း အခြားမိန်းမများ သူ့ဘဝထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူ၏အာရုံများ များပြားသွားကာ ချူးယုချင်၏ ကိုယ်ခန္ဓာအပေါ် တပ်မက်မှုလည်း လျော့နည်းသွားခဲ့သည်။ ထိုသို့ဖြင့် သူ အနည်းငယ် အေးဆေးတည်ငြိမ်လာခဲ့သည်။ ယခုတော့ ချူးယုချင်၏ ကိုယ်ခန္ဓာကို တက်မက်ရုံသာမဟုတ်တော့ပဲ သူမအား တရားဝင်အဆင့်အတန်းတစ်ခုကိုလည်း ပေးချင်လာသည်။ သူ၏သားသမီးများကို လျှို့ဝှက်စရာမလိုပဲ တရားဝင်မွေးဖွားနိုင်ရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။
...
နောက်တစ်နေ့။
နံနက်စောစော။
ချူးယုချင် အိပ်ရာမှ နိုးထလာကာ သူမ၏ သွယ်လျလှပသော ကိုယ်ခန္ဓာကို ဆန့်လိုက်စဉ် တံခါးအပြင်ဘက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။
“အစ်မ။ သတင်းကောင်းရှိတယ်!”
ချူးယုချင် မတုံ့ပြန်ဖို့နိုင်မီ တံခါးကို တွန်းဖွင့်လာသည်။ ချူးချင်လီသည် စက္ကူတစ်ရွက်ကို ကိုင်ဆောင်လျက် အတော်လေး စိတ်လှုပ်ရှားနေပုံဖြင့် ဝင်လာသည်။
ချူးယုချင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဘာသတင်းလဲ။ ဒီလောက်တောင်ဝမ်းသာနေတာ။”
ချူးချင်လီက
“ဒီမနက် အပြင်ထွက်တုန်း လမ်းပေါ်က သတင်းစာတစ်စောင်ဝယ်မိတယ်။ အဲ့ဒီမှာ ကျွန်မတို့မိသားစုရဲ့ ကြေညာချက်စာ ဖော်ပြထားတာ တွေ့လိုက်ရတယ်”
ဟု ဖြေကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ချူးယုချင် အနည်းငယ် အံ့အားသင့်သွားသည်။
ကြေညာချက်စာ။
ဘာကြေညာချက်စာလဲ။
ချူးချင်လီကို မေးဖို့ စဉ်းစားနေစဉ် ချူးချင်လီက သတင်းစာနှင့်အတူ ချဉ်းကပ်လာပြီး သူမ၏ရှေ့တွင် ဖွင့်ပြလိုက်သည်။
..........